← Chapters

အခန်း (၁၆၁-၁၆၂)

Vol. 17 Ch. 161-162

အခန်း (၁၆၁-၁၆၂)

Vol. 17 Ch. 161-162

Chapter 161

~

အခန်း ၁၆၁ : နတ်ဘုရားတက်လှမ်းခြင်းအဆင့် အထွတ်အထိပ်...

~

​[သင့်အတွက် ကျင့်ကြံရန် ပြင်ဆင်နေပါသည်... ]

​[ အိမ်ရှင်သည် S-အဆင့် အာရုံပုံဖော်ခြင်းကျင့်စဉ် အဆုံးမဲ့စစ်မှန်သော ယန်ကျင့်စဉ် ကို ပြီးပြည့်စုံခြင်းအဆင့်အထိ ကျင့်ကြံထားသည်ကို စစ်ဆေးတွေ့ရှိရပါသည် ၊ ကျင့်ကြံမှု အရှိန်၁၀၀ ရာခိုင်နှုန်း တိုးတက်လာပါသည် ။ ]

​[ သင်သည် အဆင့်7 ကောင်းကင်နှင့်မြေကြီးရတနာ ဝိညာဉ်သရဲပန်း ကို သုံးစွဲထားသည် ။ သင်၏ ဝိညာဉ်စွမ်းအားမှာ အရှိန်မပြတ် စီးဆင်းနေသော မြစ်ကြီးတစ်စင်းကဲ့သို့ ဖြစ်နေသည် ။ ကျင့်ကြံမှု အရှိန် ၃၀ ရာခိုင်နှုန်း တိုးတက်လာပါပြီ ။ ]

​[ သင်သည် အဆင့်၆ ကောင်းကင်နှင့်မြေကြီးရတနာ ဝိညာဉ်စောင့်ရှောက်ဆေးလုံး ကို သုံးစွဲထားပါသည်... ]

​[ ကျင့်ကြံခြင်း စတင်ပါပြီ ]

​[ ပြီးပြည့်စုံခြင်းအဆင့်ရှိ S-အဆင့် အာရုံပုံဖော်ခြင်းကျင့်စဉ်၏ ကောင်းချီးကြောင့် သင်၏ နတ်ဘုရားအာရုံမှာ မူလကတည်းကပင် တစ်သောင်းတွင် တစ်ယောက်သာ ရှိနိုင်သော အဆင့်အတန်းနှင့် အင်အားကို ပိုင်ဆိုင်ထားသည် ။ နတ်ဘုရားတက်လှမ်းခြင်းအဆင့်တွင် သင်၏ တိုးတက်မှုနှုန်းမှာ ယှဉ်နိုင်သူ ရှိလိမ့်မည် မဟုတ်ချေ ။ ]

​[ စေတနာရမှတ် ၅,၀၀၀ အသုံးပြုလိုက်ပါပြီ ။ တောက်လောင်နေသော နေမင်းတစ်စင်းက သင်၏ နှလုံးသားကို ဝန်းရံထားပြီး သင်၏ စိတ်ဝိညာဉ်မှာ ပင်လယ်လေးစင်းအထိ ပြန့်ကားသွားကာ နတ်ဘုရားအာရုံမှာ ပုံသဏ္ဌာန်တစ်ခုအဖြစ် စတင် ပေါ်ပေါက်လာသည် ။ သင်၏ ရှေးဦးစိတ်ဝိညာဥ် မှာ မမြင်ရသော အချုပ်အနှောင်တစ်ခုကို ဖောက်ထွက်လိုက်သည်ကို ရှင်းလင်းစွာ ခံစားလိုက်ရသည်... ]

​[ ဂုဏ်ယူပါသည် ၊ သင်၏ နယ်ပယ်မှာ နတ်ဘုရားတက်လှမ်းခြင်းအဆင့် ၃ သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပါပြီ ။ ]

​[ ဟောင်းနွမ်းနေသော နတ်ဘုရားအာရုံ တည်ဆောက်ပုံမှာ ရိုက်ခတ်မှုကြောင့် တဖြည်းဖြည်း ပြိုကွဲသွားပြီး ပိုမို အစွမ်းထက်သော နတ်ဘုရားအာရုံ တည်ဆောက်ပုံသစ်မှာ ပျက်စီးခြင်းများအပေါ်တွင် ပြန်လည် တည်ဆောက်လာသည် ။ ]

​[ စေတနာရမှတ် ၁၄,၆၀၀ အသုံးပြုလိုက်ပါပြီ ။ သင်သည် ကောင်းကင်နှင့် မြေကြီးကြားရှိ ဝိညာဉ်စွမ်းအင်များ၏ စီးဆင်းမှုနှင့် ပြောင်းလဲမှုများကို ပိုမို စူးရှစွာ အာရုံခံနိုင်လာပြီး ၎င်းတို့ကို သင်၏ ခန္ဓာကိုယ်အတွင်းသို့ ဆွဲယူကာ စစ်မှန်သော ယန်စွမ်းအင်အဖြစ် လွယ်ကူစွာ ပြောင်းလဲနိုင်ပြီ ဖြစ်သည် ။ ]

​[ ထို့အပြင် သိုင်းပညာနှင့် ကျင့်စဉ်များကို ထုတ်ဖော်ရာတွင် သင်၏ ကျွမ်းကျင်မှုနှင့် တိကျမှုမှာ သိသိသာသာ တိုးတက်လာသည် ။ ခန္ဓာကိုယ်၏ ပေါင်းစပ်လှုပ်ရှားမှုနှင့် အသုံးဝင်မှုမှာ ပိုမို အားကောင်းလာပြီး စွမ်းအင် သုံးစွဲမှုမှာ များစွာ လျော့နည်းသွားသည် ။ ]

​[ဂုဏ်ယူပါသည် ၊ သင်၏ နယ်ပယ်မှာ နတ်ဘုရားတက်လှမ်းခြင်းအဆင့် ၃ သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပါပြီ ။ ]

​[ စေတနာရမှတ် ၂၃,၅၀၀ အသုံးပြုလိုက်ပါပြီ ။ သင်၏ ခန္ဓာကိုယ်အတွင်းရှိ ခမ်းနားလှသော ယန်စွမ်းအင်များမှာ နတ်ဘုရားအာရုံနှင့် ပေါင်းစပ်သွားကာ အင်အားကြီးမားသော ဖိအားနှင့် လောင်ကျွမ်းစေလိုသော အသိစိတ်ကို ရရှိစေသည် ။ ]

​[ အတွေးတစ်ချက်ဖြင့် ကောင်းကင်နှင့် မြေကြီးကြားရှိ စွမ်းအင်များကို လှုံ့ဆော်ပြီး မိမိ၏ ကိုယ်ပိုင်အစွမ်းအဖြစ် အသုံးပြုနိုင်ပြီ ဖြစ်သည် ။ တောင်တန်းများနှင့် မြစ်ချောင်းများကိုပင် တုန်လှုပ်စေနိုင်ပြီ ဖြစ်သည် ။ ]

​[ ဤအခိုက်အတန့်တွင် သင်သည် အတွေးတစ်ချက်ဖြင့် သတ်ဖြတ်နိုင်သည့် အဆင့်သို့ အမှန်တကယ် ရောက်ရှိသွားပါပြီ ။ ]

​[ ဂုဏ်ယူပါသည် ၊ သင်၏ နယ်ပယ်မှာ နတ်ဘုရားတက်လှမ်းခြင်းအဆင့်၏ အထွတ်အထိပ် သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပါပြီ ။ ]

​ကျန်းမြို့ ၊ စတားရစ်ဟိုတယ် ။

​ဒုန်း.. ဒုန်း.. ဒုန်း..

​လက်နက် အပြည့်အစုံ တပ်ဆင်ထားသော လူရာပေါင်းများစွာမှာ ဟိုတယ်အောက်သို့ ရောက်ရှိလာကြသည် ။ ထိုလူများထဲတွင် အရှိန်အဝါ ထူးခြားလှသော နတ်ဘုရားတက်လှမ်းခြင်းအဆင့် ကျွမ်းကျင်သူ အများအပြားလည်း ပါဝင်နေလေသည် ။

​သူတို့၏ အမူအရာများမှာ အေးစက်နေပြီး ဟိုတယ်တစ်ခုလုံးကို စကားတစ်ခွန်းမှ မပြောဘဲ ပိတ်ဆို့လိုက်ကာ မည်သူမျှ အဝင်အထွက် မပြုလုပ်ရန် တားမြစ်လိုက်သည် ။

​ခရမ်းရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦးသည် ဟိုတယ်အတွင်းသို့ ဝင်ရောက်လာပြီး သူ၏ ရင်ဘတ်ထဲမှ သက်သေခံကတ်ပြားကို ထုတ်ကာ မန်နေဂျာကို ပြသလိုက်သည် ။ ထို့နောက်တွင် မန်နေဂျာကို ကျော်ဖြတ်ကာ ဟိုတယ်အတွင်းပိုင်းသို့ တိုက်ရိုက် ဝင်သွားတော့သည် ။

​တစ်ချိန်တည်းမှာပင် အေးစက်သော အသံတစ်ခုမှာ ဟိုတယ်အဆောက်အအုံ တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည် ။

​"စောင့်ကြည့်ရေးကောင်စီက ဖမ်းဆီးမှုတွေ ပြုလုပ်နေတယ် ။ ခုခံသူမှန်သမျှကို နေရာတင် ကွပ်မျက်မယ် .."

​မန်နေဂျာနှင့် ဝန်ထမ်းများမှာ ထိုစကားကို ကြားလိုက်ရပြီးနောက် အပြင်ဘက်ရှိ အရှိန်အဝါ ပြင်းထန်လှသော သိုင်းပညာရှင် အများအပြားကို မြင်လိုက်ရသောအခါ စကားတစ်ခွန်းမှ မပြောရဲတော့ဘဲ ဘေးသို့ ကပ်ကာ လမ်းဖယ်ပေးလိုက်ကြတော့သည် ။

​ထိုစဉ် ခရမ်းရောင်ဝတ်ရုံနှင့် လူသည် အခြားသော နတ်ဘုရားတက်လှမ်းခြင်းအဆင့် ကျွမ်းကျင်သူ နှစ်ဦးကို ဦးဆောင်ကာ သူ၏ နတ်ဘုရားအာရုံကို တိုက်ရိုက် ဖြန့်ကျက်လိုက်သည် ။ ရရှိထားသော သတင်းများအရ သူသည် နဂါးဘုရင်ကုန်သည်ကြီးများအသင်းမှ လူများ ရှိနေသော အခန်းများကို လျင်မြန်စွာ ရှာဖွေတွေ့ရှိသွားသည် ။

​သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ သိုင်းပညာရှင် ဆယ်ဂဏန်းခန့်မှာ အပေါ်ထပ်သို့ တက်သွားပြီး တံခါးများကို ကန်ဖွင့်ကာ စကားတစ်ခွန်းမှ နားမထောင်ဘဲ အတင်းအကျပ် ဖမ်းဆီးတော့သည် ။

​"မင်းတို့ ဘာလုပ်တာလဲ ။ ငါက နဂါးဘုရင်ကုန်သည်ကြီးများအသင်းကကွ.. "

​"နေ့ခင်းကြောင်တောင်ကြီးမှာ ဒီလိုမျိုး လုပ်ရဲတာလား ။ ငါ စောင့်ကြည့်ရေးကောင်စီကို တိုင်မယ်.. "

​"အား.. နာတယ်.. နာတယ် ။ ကျွန်မက မိန်းကလေးလေ ၊ အသာလေး မလုပ်တတ်ဘူးလား .."

​ဖြန်း.. ဖြန်း.. ဖြန်း..

​စကားဖြင့် ဆူပူအော်ဟစ်နေသူများကို စောင့်ကြည့်ရေးကောင်စီဝင်များက ပါးရိုက်ကာ အသံတိတ်စေပြီး မည်သည့်ကိုမှ ကရုဏာမျှ မပြချေ ။

​ဥက္ကဋ္ဌက သူတို့ကို အချိန်ကန့်သတ်ချက် ပေးထားသည် ။ အကယ်၍ အချိန်ကျော်လွန်သွားသဖြင့် သူတို့ အပြစ်ပေးခံရမည်ဆိုလျှင် ပြဿနာကြီးပေလိမ့်မည် ။

​ထို့ကြောင့် သူတို့မှာ သည်းခံနိုင်စွမ်း မရှိတော့ဘဲ လှုပ်ရှားမှုတိုင်းမှာ ပြတ်သားပြီး ထိရောက်လှသည် ။

​ဆယ်မိနစ်ပင် မပြည့်သေးသော အချိန်အတွင်းမှာပင် နဂါးဘုရင်ကုန်သည်ကြီးများအသင်းမှ လူတစ်ရာကျော်မှာ အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံလိုက်ရသည် ။

​အချို့မှာ အိပ်ရာနိုးကာစကဲ့သို့ ကြောင်တောင်တောင် ဖြစ်နေကြသည် ။

​အချို့မှာမူ ဒေါသကြောင့် မျက်နှာများ နီရဲနေပြီး မကျေမနပ် ရုန်းကန်နေကြရာ ပါးပေါ်တွင် လက်ဝါးရာများပင် ထင်ကျန်နေခဲ့သည် ။

​အချို့ကမူ အလွန်ပင် လိမ္မာလှပြီး အသာတကြည်ပင် အဖမ်းခံကြ​၏ ။

​ကုန်သည်ကြီးများအသင်းနှင့်အတူ လိုက်ပါလာသော နတ်ဘုရားတက်လှမ်းခြင်းအဆင့် အစောင့်အရှောက်မှာ ခုခံရန် ပြင်လိုက်သော်လည်း ယွမ်ရှန်းက ချက်ချင်းပင် တားဆီးလိုက်သည် ။

​အစောင့်အရှောက်မှာ သူ၏ သခင်လေးကို နားမလည်နိုင်စွာ ကြည့်လိုက်ရာ သခင်လေးမှာ တရားမျှတမှုနှင့် ကျိုးကြောင်းဆီလျော်မှု ရှိလှသော အမူအရာဖြင့် ..

​"အစောင့်အရှောက်စုန့်.. ဒီလို လုပ်ဖို့ မလိုပါဘူး ။ ကျွန်တော်တို့ နဂါးဘုရင်ကုန်သည်ကြီးများအသင်းက တရားမျှတစွာ လုပ်ကိုင်နေတာလေ ။ ကျွန်တော်တို့ ဘာပြစ်မှုမှ မကျူးလွန်ထားဘူး ။ စောင့်ကြည့်ရေးကောင်စီက ကျွန်တော်တို့ကို ဘာမှ မလုပ်ဘူးလို့ ယုံကြည်တယ်.. "

​"သူတို့ရဲ့ အလုပ်ကို ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ပေးရအောင် ။ စောင့်ကြည့်ရေးကောင်စီဘက်က ဒါဟာ အထင်လွဲမှုဆိုတာ ရှင်းလင်းသွားရင် ကျွန်တော်တို့ကို ပြန်လွှတ်ပေးမှာပါ ။ စိတ်မပူပါနဲ့.. "

​ယွမ်ရှန်းက သူ့ကို ဖျောင်းဖျနေစဉ်မှာပင် သူ၏ မျက်လုံးများဖြင့် စောင့်ကြည့်ရေးကောင်စီဝင်များကို အမြန်ဆုံး လာရောက် လက်ထိတ်ခတ်ရန် အချက်ပြလိုက်သည် ။

​ဤလုပ်ဆောင်ချက်များမှာ စောင့်ကြည့်ရေးကောင်စီဝင်များကိုပင် ဆွံ့အသွားစေ၏ ။

​သူတို့၏ ဖမ်းဆီးမှု သမိုင်းတစ်လျှောက်တွင် ဤမျှလောက် လိမ္မာလှသော သံသယရှိသူမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည် ။

' ​ဒါလည်း ကောင်းပါတယ် ၊ ငါတို့အတွက် အလုပ်ရှုပ် သက်သာတာပေါ့ ..'

​ထိုစကားကို ကြားလျှင် အစောင့်အရှောက်၏ မျက်လုံးမှာ ပြူးကျယ်သွားသည် ။ သူ သိထားသော ၊ အလိုလိုက်ခံထားရပြီး အဆင့်အတန်းကို အသုံးချကာ သူတစ်ပါးကို နှိပ်စက်လေ့ရှိသော ယွမ်ရှန်းမှာ မည်သို့သော အကြောင်းကြောင့် ညဏ်ကောင်းသွားပါသနည်း ။

' ဒီနေ့ ဘာလို့ ဒီလောက်တောင် အလျှော့ပေးနေရတာလဲ ..'

​သို့သော်လည်း သခင်လေးက ပြောလာပြီဖြစ်ရာ သူလည်း ဆက်မခုခံတော့ဘဲ စောင့်ကြည့်ရေးကောင်စီဝင်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်သည် ။

​လျိုလုံတက္ကသိုလ် ပျက်စီးသွားသည်ကို သူတို့ သိသော်လည်း သူတို့ လုပ်ခဲ့ခြင်း မဟုတ်သဖြင့် စိုးရိမ်စရာ မရှိဟု သူတို့ ယူဆထားကြသည် ။

​သူတို့မှာ အပြစ်မရှိသဖြင့် မကြာမီ ပြန်လွှတ်ပေးလိမ့်မည်ဟု ထင်နေကြသည် ။

​ကျန်းမြို့ ၊ ဂူမိသားစု နေအိမ် အပြင်ဘက် ။

​အလားတူပင် နတ်ဘုရားတက်လှမ်းခြင်းအဆင့် ကျွမ်းကျင်သူ သုံးဦး ဦးဆောင်သော လူရာပေါင်းများစွာပါသည့် စောင့်ကြည့်ရေးအဖွဲ့မှာ အချိန်တိုအတွင်း၌ ထွက်ပေါက်အားလုံးကို ပိတ်ဆို့လိုက်သည် ။

​သို့သော်လည်း စစ်သေနာပတိချုပ်ကြီးနှင့် ဂူမိသားစု၏ ဂုဏ်ဒြပ်မှာ ရှိနေသေးရာ နတ်ဘုရားတက်လှမ်းခြင်းအဆင့်သိုင်းပညာရှင်များမှာ အိမ်အတွင်းသို့ အတင်းအကျပ် မဝင်ရဲကြဘဲ တံခါးဝမှနေ၍ အော်ပြောလိုက်ကြသည် ။

​"စောင့်ကြည့်ရေးကောင်စီက လာတာပါ ။ သခင်လေးဂူကို စောင့်ကြည့်ရေးကောင်စီမှာ စကားခဏပြောဖို့ ဖိတ်ကြားအပ်ပါတယ်.. "

​သို့သော်လည်း သုံးကြိမ်တိုင်တိုင် ခေါ်သော်လည်း အိမ်အတွင်းမှ မည်သည့် လှုပ်ရှားမှုမျှ မရှိချေ ။

​ခဏတာ စောင့်ဆိုင်းပြီးနောက် နတ်ဘုရားတက်လှမ်းခြင်းအဆင့် သိုင်းပညာရှင်များမှာ တံခါးကို တွန်းဖွင့်ပြီး ဝင်ရန် ပြင်လိုက်ကြသည် ။

​ဝုန်း..

​ရုတ်တရက် ၊ မမြင်ရသော လှိုင်းတစ်ခုမှာ မြေပြင်ကို ဖြတ်သန်းသွားကာ စောင့်ကြည့်ရေးကောင်စီဝင် အားလုံး၏ လှုပ်ရှားမှုများကို ချက်ချင်း တန့်သွားစေသည် ။

​ထို့နောက်တွင် ပြင်းထန်သော အသံကြီးတစ်ခုမှာ ဂူမိသားစုနေအိမ် ပတ်ဝန်းကျင်၌ ပဲ့တင်ထပ်သွားတော့သည် ။

​ပြင်းထန်သော လေပြင်းများ ရုတ်တရက် တိုက်ခတ်လာပြီး ဖုန်မှုန့်များ လွင့်ပျံသွားကာ လေထဲတွင် ကြီးမားလှသော ပုံရိပ်ယောင်တစ်ခု ဝေဝါးစွာ ပေါ်ထွက်လာသည် ။

​လေနှင့် တိမ်တိုက်များမှာ အရောင်ပြောင်းသွားပြီး မြေပြင်မှာလည်း တုန်လှုပ်သွားသည် ။

​အလွန်တရာ ဖိနှိပ်လှသော အရှိန်အဝါတစ်ခုမှာ ဂူမိသားစုနေအိမ် အလယ်ဗဟိုမှ ပေါက်ကွဲထွက်လာပြီး ကြောက်မက်ဖွယ် သားရဲကြီးတစ်ကောင်ကဲ့သို့ စောင့်ကြည့်ရေးကောင်စီဝင် အားလုံးအပေါ်သို့ ချက်ချင်း ကျရောက်လာသည် ။

​ဤဖိအားအောက်တွင် သူတို့၏ မျက်လုံးများမှာ ပြူးသွားပြီး နှုတ်ခမ်းများ တုန်ရီကာ မျက်နှာများမှာ ဖြူလျော့သွားကြသည် ။

​အဆင့်နိမ့်သိုင်းပညာရှင်များမှာမူ ဒူးများပင် တုန်ယင်လာပြီး နောက်တစ်စက္ကန့်တွင် ဖိအားကို မခံနိုင်တော့ဘဲ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားတော့မည့်အတိုင်းပင် ။

​ကျွီ...

​အနီရောင် တံခါးကြီးမှာ ဖြည်းဖြည်းချင်း ပွင့်လာပြီး အကုန်လုံး၏မျက်လုံးများမှာ ထိုနေရာသို့ စိုက်ကြည့်လိုက်ကြ၏ ။

​အားလုံး၏ အကြည့်အောက်တွင် လူရိပ်တစ်ခုမှာ ဖြည်းဖြည်းချင်း ထွက်ပေါ်လာလေသည် ။

​ဂူချန်၏ အနက်ရောင်ဝတ်ရုံမှာ လေပြင်းထဲတွင် တဖျတ်ဖျတ် လွင့်နေပြီး သူ၏ ဖရိုဖရဲ ဖြစ်နေသော ဆံပင်အနက်ရောင်များမှာလည်း လွင့်ပျံနေသည် ။ သူ၏ ထူးဆန်းသော ခရမ်းရောင် မျက်ဝန်းများအတွင်း၌ ဝိညာဉ်ကို လှုပ်ခတ်စေသော အလင်းတန်းများ လင်းလက်နေသည် ။

​သူသည် နေအိမ်အတွင်းမှ အေးအေးလူလူ လမ်းလျှောက် ထွက်လာသော်လည်း စောင့်ကြည့်ရေးကောင်စီဝင်များ၏ မျက်စိထဲမှာမူ သူသည် နတ်ဘုရား သို့မဟုတ် မိစ္ဆာတစ်ပါးကဲ့သို့ ခမ်းနားကြီးကျယ်လာသည်ဟု ထင်မှတ်နေကြလေ၏ ။

​သူ့ထံမှ ထွက်ပေါ်လာသော အရှိန်အဝါ အနည်းငယ်မှာပင် အားလုံးကို အသက်ရှူရ ခက်ခဲစေသည် ။

​နတ်ဘုရားတက်လှမ်းခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော စောင့်ကြည့်ရေးကောင်စီမှ အဆင့်မြင့် အရာရှိ သုံးဦးပင်လျှင် အံကြိတ်ထားရပြီး ချွေးပြန်ကာ သူတို့ရှေ့မှ တည်ငြိမ်ပြီး ချောမောလှသော လူငယ်လေးကို တုန်လှုပ်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည် ။

​' သူ..သူက... ဂူချန်လား ..'

​အကယ်၍ အခု ဖြစ်ပျက်သွားသမျှမှာ အမြင်လွဲမှားမှု မဟုတ်လျှင် ဤလူငယ်လေး၏ ကျင့်ကြံမှုသည် သူတို့ထက် အများကြီး သာလွန်နေလေပြီ ။

​သိုင်းပညာဝင်ခွင့် စာမေးပွဲ ဖြေဆိုပြီးစ ကျောင်းသားတစ်ယောက်က အသက်တစ်ရာနီးပါး ရှိနေပြီဖြစ်သော လူကြီးတွေထက် ကျင့်ကြံမှု ပိုမြင့်နေသည်လော ။

​သူတို့၏ ကမ္ဘာကြီးအပေါ် ရှုမြင်ပုံမှာ ယခုအခိုက်အတန့်တွင် ပြောင်းပြန်လှန်ခြင်း ခံလိုက်ရသည် ။

​ဂူချန်သည် သူတို့ စီးလာသော ကားရှိရာသို့ အေးအေးဆေးဆေး လမ်းလျှောက်သွားပြီး သူတို့ကို တိုက်တွန်းရန်လည်း မမေ့ချေ ။

​"သွားရအောင် ။ ငါ့ဘဝမှာ စောင့်ကြည့်ရေးကောင်စီကို တစ်ခါမှ မရောက်ဖူးသေးဘူး .."

​ စောင့်ကြည့်ရေးကောင်စီဝင်များမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အံကြိတ်ကာ ကားအတွင်းသို့ လိုက်ဝင်သွားကြတော့သည် ။

​သူတို့သည် မိမိတို့ကိုယ်တိုင်ပင် စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်ခြင်း ခံနေရသကဲ့သို့ ခံစားနေကြရတော့၏ ။

Chapter 162

~

အခန်း ၁၆၂ : မဖြစ်နိုင်လိုက်တာ ညီအကိုရာ..မင်းက တကယ်ကြီးလား..

~

​ကျန်းနန်ပြည်နယ်၊ ကျန်းမြို့၊ စောင့်ကြည့်ရေးကောင်စီ ဗဟိုဌာနခွဲ။

​နံပါတ် ၄ ခန်းမအတွင်း၌ အသက်အရွယ်စုံ အမျိုးသား၊ အမျိုးသမီး ခြောက်ယောက်မှာ ဘာလုပ်ရမှန်းမသိဘဲ ထိတ်လန့်တကြား ရပ်နေကြလေသည်။

​သူတို့အားလုံးမှာ လောလောဆယ် ရှာဖွေတွေ့ရှိထားသည့် ကျောင်းအုပ်ကြီး လီချန်း၏ ဆွေမျိုးများဖြစ်ပြီး ၎င်းတို့အား လီချန်းနှင့် တော်စပ်မှုအလိုက် နံပါတ်စဉ်များ တပ်ထားသည်။ လီချန်းအနေဖြင့် သံသယရှိသူ စာရင်းမှ အဖျက်မခံရမချင်း သူတို့၏ဘဝမှာ ခါးသီးနေဦးမည်ဖြစ်သည်။

​ဘုတ်.. ဘုတ်..

​ရုတ်တရက် ခန်းမအပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာပြီးနေက် နဂါးဘုရင်ကုန်သည်ကြီးများအသင်းမှ လူများ ဝင်ရောက်လာကြသည်။

​သူတို့အားလုံးမှာ ကျင့်ကြံသူများ ဖြစ်ကြသည့်အတွက် သူတို့၏ ဝိညာဥ်ချီစွမ်းအားများကို ကန့်သတ်ရန် အထူးပြုလုပ်ထားသော ဝိညာဉ်စွမ်းအင်ပိတ် လက်ထိတ်များ ကို ခတ်ထား၏။

​နတ်ဘုရားတက်လှမ်းခြင်းအဆင့် အစောင့်အရှောက်ကိုမူ မည်သည့်ပြဿနာမျှ မတက်စေရန် စောင့်ကြည့်ရေးကောင်စီမှ နတ်ဘုရားတင်လှမ်းခြင်းအဆင့် အများအပြားက ဝိုင်းရံစောင့်ကြပ်နေကြသည်။

​လူအားလုံး ခန်းမထဲသို့ ရောက်ရှိလာသည်ကို မြင်သောအခါ ဆုန့်ကျန်း က တည်ကြည်သော အမူအရာဖြင့် လူအုပ်ရှေ့ရှိ မြင့်မားသောနေရာသို့ လျှောက်လှမ်းသွားပြီး သူ၏အကြည့်မှာ မီးရှူးတိုင်တစ်ခုကဲ့သို့ အခန်းတစ်ခုလုံးကို တစ်ချက်ကြည့်လိုက်သည်။

သူ၏အရှိန်အဝါကို ဖုံးကွယ်ထားခြင်းမရှိဘဲ နတ်ဘုရားတက်လှမ်းခြင်းအဆင့်၏ ဖိအားကို ခန်းမတစ်ခုလုံး လွှမ်းခြုံစေလျက် အေးစက်သောလေသံဖြင့် ...

​"မင်းတို့ကို ဘာလို့ဖမ်းတာလဲဆိုတာ တွေးမနေကြနဲ့တော့၊ စောင့်ကြည့်ရေးကောင်စီမှာ ခိုင်လုံတဲ့ သတင်းအချက်အလက်တွေ ရှိပြီးသားပဲ.."

​"မင်းတို့ထဲမှာ လျိုလုံတက္ကသိုလ်ကို တိုက်ခိုက်ခဲ့တဲ့ တရားခံရဲ့ သဲလွန်စကို သိတဲ့သူ ဒါမှမဟုတ် မြင့်မြတ်မီးလျှံဂိုဏ်း နဲ့ ပတ်သက်တဲ့သတင်း ရှိတဲ့သူရှိရင် အခုပဲ ပြောလို့ရတယ်.."

​"သတင်းက မှန်ကန်မယ်ဆိုရင် မင်းတို့ရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြရာရောက်သလို စောင့်ကြည့်ရေးကောင်စီကလည်း မင်းတို့ကို ပြန်လွှတ်ပေးမှာပါ.."

​"အကယ်၍ မင်းက တရားခံထဲက တစ်ယောက်ဖြစ်နေရင်တောင် အခုလက်နက်ချရင် စောင့်ကြည့်ရေးကောင်စီက သက်ညှာပေးလိမ့်မယ်။ အမှုကို စစ်ဆေးရာမှာ အထောက်အကူပြုနိုင်ရင် အသက်ချမ်းသာခွင့်တောင် ရနိုင်တယ်.."

​"ဘာမှ ဖုံးကွယ်မထားကြတာ အကောင်းဆုံးပဲ၊ တကယ်လို့ ငါတို့က စစ်ဆေးရေးကိရိယာတွေ ထုတ်သုံးရပြီဆိုရင်တော့... ဟင်းဟင်း..."

​ဤစကားများမှာ သဘာဝကျကျပင် အလကားအပိုစကားများသာ ဖြစ်သည်။

​တရားခံသာ အမှန်တကယ် လက်နက်ချခဲ့လျှင် အစပိုင်းတွင် အစားအသောက် ကောင်းကောင်းကျွေးပြီး လိုချင်သော သတင်းအချက်အလက်အားလုံး ရသွားသည်နှင့် ချက်ချင်းပင် အရိုးပြာကို လေထဲလွင့်ပစ်လိုက်မည်သာ ဖြစ်၏။

နားထောင်နေသူများ....

​' ချီးပဲ... မဟာမိတ်အဖွဲ့ကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းထဲ ဝင်ထားတဲ့သူကို ဖမ်းမိပြီးမှ အသက်ရှင်ခွင့်ပေးမယ်လို့ တကယ် ယုံပေးရမှာလား..ငါတို့ကို ငါးနှစ်သား ကလေးမှတ်နေတာလား ..'

​လျိုလုံတက္ကသိုလ်တစ်ခုလုံးကို အမြစ်ပြတ်အောင် သုတ်သင်နိုင်စွမ်းရှိသော တရားခံမှာလည်း လူအ မဟုတ်သည့်အတွက် ထိုစကားများကို ယုံကြည်လိမ့်မည်မဟုတ်ချေ။

​သို့သော်လည်း ဆုန့်ကျန်းသည် သူတို့ကို ဖိအားပေးရန်နှင့် စိတ်လှုပ်ရှားစေရန်အတွက် လုပ်ရိုးလုပ်စဉ်အတိုင်း ခြိမ်းခြောက်နေခြင်းသာ ဖြစ်သည်။ အမှန်တကယ်တွင်မူ တရားခံက လက်နက်ချလိမ့်မည်ဟု သူ ကိုယ်တိုင်ပင် မယုံကြည်ပေ။

​အကြောင်းမှာ ထိုသို့သောစကားမျိုးမှာ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများထဲမှ ငတုံးများသာ ယုံကြည်ကြသောကြောင့် ဖြစ်သည်။

​"ကျွန်တော် လက်နက်ချပါတယ်.."

​သို့သော် ဆုန့်ကျန်း သူ၏ယုံကြည်ချက်ကို အတည်ပြုနေစဉ်မှာပင် နံပါတ် ၄ ခန်းမအတွင်း၌ ကြောက်လန့်တကြားအော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

​သူ အံ့အားသင့်သွားကာ အော်လိုက်သူထံသို့ အမြန်ကြည့်လိုက်၏။

​ခမ်းနားသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောက်ကပ်အားနည်းနေသူကဲ့သို့ မျက်နှာဖြူလျော့ကာ ချွေးပြန်နေသော အမျိုးသားတစ်ဦးသည် မြေပြင်ပေါ်တွင် ခြေပစ်လက်ပစ်ထိုင်လျက် အော်ဟစ်နေသည် ။

"ကျွန်တော် လက်နက်ချပါတယ်.. ကျွန်တော် လက်နက်ချပါတယ်.."

​"သခင်လေး.. ဘာတွေလုပ်နေတာလဲ.."

သူ၏ဘေးတွင် ရပ်နေသော နဂါးဘုရင်ကုန်သည်ကြီးများအသင်းမှ နတ်ဘုရားတက်လှမ်းခြင်းအဆင့်မှာ မိမိ၏သခင်လေး ဖြစ်ပျက်နေသည်ကို မြင်သောအခါ ဆွံ့အသွားတော့သည်။

​"ဟုတ်တယ် သခင်လေးယွမ်၊ ကျွန်တော်တို့က ဒီလျိုလုံတက္ကသိုလ်ကိစ္စနဲ့ ဘာမှမပတ်သက်တာ ရှင်းနေတာပဲလေ.."

​"နေပါဦး... မနေ့ညက သခင်လေး ဟိုတယ်မှာ ကောင်မလေးတွေနဲ့ ပျော်ပါးနေတာ မဟုတ်ဘူးလား.. လျိုလုံတက္ကသိုလ်ကို ဘယ်တုန်းက ပျံသွားလိုက်တာလဲ.."

​"လျှောက်မလုပ်ပါနဲ့ သခင်လေးယွမ်ရာ၊ ကျွန်တော် မသေချင်သေးဘူး.."

​လိုက်ပါလာသော အခြား ကုန်သည်ကြီးများအသင်းဝင်များမှာလည်း ကြောင်တောင်တောင် ဖြစ်ကုန်ကြ၏။ သူတို့၏သခင်လေးကို သူတို့ ကောင်းကောင်းသိသည်။ ထိုသို့သော အသုံးမကျသည့် သခင်လေးက လျိုလုံတက္ကသိုလ်ကို အမြစ်ပြတ်သုတ်သင်ဖို့ နေနေသာသာ၊ ကျောင်းထဲက ကျောင်းသားတစ်ယောက်ကိုပင် နိုင်အောင် တိုက်နိုင်မည် မဟုတ်ပေ ။

​သို့သော်လည်း ယွမ်ရှန်း က တမင်တကာ ဟန်ဆောင်ထားခြင်းဖြစ်သည်။ သူသည် အမှန်တကယ်တွင် ထိပ်တန်းပါရမီရှင်တစ်ဦးဖြစ်ပြီး မိမိ၏ ဝိသေသလက္ခဏာကို ဖုံးကွယ်ရန်အတွက် ကာမဂုဏ်လိုက်စားသူတစ်ဦးအဖြစ် ဟန်ဆောင်ထားခြင်းသာ ဖြစ်၏။

​သို့ရာတွင် သူ၏ ယခုလုပ်ရပ်ကြောင့် နဂါးဘုရင်ကုန်သည်ကြီးများအသင်းမှ လူအားလုံး ထိတ်လန့်သွားကြသည်။ သူတို့မျက်စိထဲတွင် သခင်လေးမှာ ပျင်းရိ၊ လောဘကြီးပြီး ကာမဂုဏ်လိုက်စားသော ကောင်လေးတစ်ယောက်သာ ဖြစ်ရာ မည်သို့ တရားခံဖြစ်နိုင်ပါမည်နည်း ။

' သခင်လေးရဲ့ ခေါင်းထဲ သုတ်ပိုးတွေ ရောက်သွားတာလား.. '

​' ဒါက မြင့်မြတ်မီးလျှံဂိုဏ်းနဲ့ ပတ်သက်နေတဲ့ကိစ္စလေ.. ခြေတစ်လှမ်းမှားတာနဲ့ အားလုံး သောက်ကျိုးနည်းကုန်တော့မှာ.. '

'​သခင်လေးက သေချင်ရင် ကိုယ့်ကိုကိုယ် သတ်သေလိုက်ပါ၊ ကျုပ်တို့ မသေချင်သေးဘူး..'

​စောင့်ကြည့်ရေးကောင်စီမှ လူများမှာလည်း ထိုစကားကို ကြားသောအခါ ထူးဆန်းသော မျက်နှာထားများ ဖြစ်ကုန်ကြသည်။ အမှန်တကယ်ပင် ရှားပါးလှသော မြင်ကွင်းဖြစ်ပြီး ငတုံးတစ်ယောက်က အမှန်တကယ် လက်နက်ချလာခြင်းပင်။ ဤသူသည် ကျပ်မပြည့်သည်လော ။

​ကုန်သည်ကြီးများအသင်းမှ လူများက ထပ်ပြောချင်သော်လည်း ပြင်းထန်သော စစ်မှန်သောချီ စွမ်းအင် တစ်ခုကြောင့် ဘေးသို့ လွင့်စင်သွားကြသည်။

​ဆုန့်ကျန်းသည် ကျောက်ကပ်အားနည်းနေပုံရသော အမျိုးသားရှေ့သို့ လျှောက်သွားပြီး သူ၏လက်အင်္ကျီများကို ဝှေ့ယမ်းကာ အေးစက်စွာဖြင့်...

"မင်း ဘာလို့ လက်နက်ချတာလဲ.."

​သူ အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း သေချာစဉ်းစားကြည့်သောအခါ ဤလူသည် အာရုံစားအောင် လာလုပ်ခြင်းဖြစ်သည်ဟု ခံစားလိုက်ရသည်။ တရားခံတစ်ယောက်က စစ်ဆေးမေးမြန်းခြင်း မစခင်မှာပင် မိမိဘာသာ အပြစ်ဝန်ခံဖို့ ဆိုသည်က တော်ရုံ တုံးအရုံဖြင့် မဖြစ်နိုင်ချေ ။

​သူ၏မျက်လုံးထဲတွင် ဉာဏ်အလင်းများ လက်သွားပြီး အရာအားလုံးကို ထွင်းဖောက်မြင်လိုက်သကဲ့သို့ ရှိသည်။ မြင့်မြတ်မီးလျှံဂိုဏ်းတွင် လူကြီးလူကောင်းဝါး ကဲ့သို့သော ပစ္စည်းများ၏ အာနိသင်ကို ပိတ်ဆို့နိုင်သည့် အထူးပစ္စည်းများ ရှိသော်လည်း သူကတော့ ရာနှုန်းပြည့် အတည်ပြုနိုင်သည်။

'​ဒီကောင် လိမ်နေတာ သေချာတယ်..'

'​ငါ..ဆုန့်ကျန်း.. လုံးဝမယုံဘူး..'

​သို့သော် ဆုန့်ကျန်း၏ မေးခွန်းကို ယွမ်ရှန်းက ရိုးသားဟန်ဖြင့် ဖြေလိုက်သည် ။

"ကျွန်တော် ကြောက်လို့ပါ.."

​"မင်းက ကြောက်လို့ ဟုတ်လား.."

​ထိုစကားကိုကြားလျှင် ဆုန့်ကျန်းက ချက်ချင်းပင် လှောင်ပြုံးပြုံးလိုက်ပြီး ကဲ့ရဲ့သောလေသံဖြင့် ...

"မင်းသာ လျိုလုံတက္ကသိုလ်က လူပေါင်း တစ်သောင်းကျော်ကို သတ်ဖြတ်နိုင်တဲ့ တရားခံဆိုရင် မင်း ကြောက်နေဦးမလား.."

​"ငါ့ကို အာရုံနောက်အောင်လုပ်ပြီး ဒီအမှုကို ရှုပ်ထွေးအောင် လုပ်မလို့လား.. မင်းက ငယ်ပါသေးတယ်..ဟင်းဟင်းဟင်း.."

​ပြောပြီးနောက် သူသည် လက်ဝှေ့ယမ်းကာ ဘေးတစ်ဖက်တစ်ချက်ရှိ စောင့်ကြည့်ရေးကောင်စီဝင်များကို ရှေ့သို့တက်ရန် အမိန့်ပေးလိုက်ပြီး ယွမ်ရှန်းကို အကျဉ်းခန်းထဲသို့ ထည့်ကာ ဆုလာဘ် အနည်းငယ်ပေးရန် ပြင်ဆင်လိုက်သည်။

​တစ်ဖက်လူက မိမိကို မယုံကြည်သည်ကို မြင်သောအခါ ယွမ်ရှန်းသည် ဒေါသမထွက်ဘဲ ချက်ချင်းပင် အော်ဟစ်လိုက်၏ ။

​"နေဦး..ငါ့မှာ သက်သေရှိတယ်.."

​ထို့နောက် မည်သူမျှ တုံ့ပြန်ခြင်းမပြုနိုင်မီ သူ၏မျက်လုံးများ ပြူးထွက်လာကာ ခြေထောက်များ ဆန့်ထုတ်လိုက်ပြီး ပါးစပ်ကို O ပုံသဏ္ဌာန် ပြုလုပ်ကာ သူ၏ဝမ်းဗိုက်အတွင်းမှ တိုကင် တစ်ခုကို ထွေးထုတ်လိုက်သည်။

​တိုကင်မှာ အနက်ရောင်ဖြစ်ပြီး ၎င်း၏ပတ်လည်တွင် အနက်ရောင် စွမ်းအင်များ ဝေ့ဝဲနေသည်။

​ဆုန့်ကျန်းသည် ထိုတိုကင်ကို မြင်သောအခါ မယုံကြည်နိုင်မှုများဖြင့် မျက်လုံးများ ချက်ချင်း ပြူးသွားတော့သည်။ အကြောင်းမှာ ထိုစဉ်က မဟာမိတ်အဖွဲ့သည် မြင့်မြတ်မီးလျှံဂိုဏ်းကို နှိမ်နင်းစဉ်တွင် ဂိုဏ်းနှင့်ပတ်သက်သော သတင်းအချက်အလက်များစွာ ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။

​မြင့်မြတ်မီးလျှံဂိုဏ်းအတွင်း၌ အဆင့် ၆ ဆင့် ရှိပြီး အနိမ့်ဆုံးမှ အမြင့်ဆုံးသို့ - သာမန်ဂိုဏ်းသား၊ ခန်းမသခင် ၊ သူတော်စင်လောင်း ၊ နတ်ဘုရားတမန် ၊ အစောင့်အရှောက် နှင့် သူတော်စင် တို့ ဖြစ်ကြသည်။

​လက်ရှိတွင် အစောင့်အရှောက်နှင့် သူတော်စင်တို့နှင့် ပတ်သက်သော သတင်းမှာ နည်းပါးသော်လည်း သာမန်ဂိုဏ်းသားများမှာ အဖြူရောင်တိုကင်၊ ခန်းမသခင်များမှာ အပြာရောင်နှင့် နတ်ဘုရားတမန်များမှာ အနီရောင် ရှိကြသည်မှာ သေချာသည်။

​သူတော်စင်လောင်း တစ်ဦး၏ တိုကင်မှာမူ ယခုမြင်နေရသည့်အတိုင်း အနက်ရောင်နှင့် ပုံသဏ္ဌာန်တူသည်။

​ထို့အပြင် မြင့်မြတ်မီးလျှံဂိုဏ်းကို အလွန်အမင်း နာကျည်းသော ဥက္ကဋ္ဌ ယဲ့ရှူး ၏ လွှမ်းမိုးမှုကြောင့် သူသည် ထိုဂိုဏ်း၏ အရှိန်အဝါကို ကောင်းစွာ သိရှိနေပြီး ဤတိုကင်မှာ အစစ်အမှန်ဖြစ်သည်ကို ဆုံးဖြတ်နိုင်သည်။

​တစ်နည်းအားဖြင့် ပြောရလျှင် သူ၏ရှေ့မှ ကျောက်ကပ်အားနည်းပုံရသော အမျိုးသားမှာ မြင့်မြတ်မီးလျှံဂိုဏ်း၏ သူတော်စင်လောင်း တစ်ဦး အမှန်တကယ်ပင် ဖြစ်နေပေသည် ။

​ဆုန့်ကျန်းမှာ လုံးဝ ဆွံ့အသွားတော့သည်။ ဤမျှလောက် ဦးနှောက်ချောင်နေသော သူတော်စင်လောင်းမျိုး အမှန်တကယ်ရှိနေသည်လော ။

​နဂါးဘုရင်ကုန်သည်ကြီးများအသင်းမှ လူများ၏ နှလုံးသားမှာလည်း စိတ်ပျက်မှုများ ဖုံးလွှမ်းသွားတော့သည် ။

သူတို့ အလိုလိုက်ထားသည့် အသုံးမကျသော သခင်လေးမှာ အမှန်တကယ်ပင် မိစ္ဆာဂိုဏ်းဝင် တစ်ယောက် ဖြစ်နေချေသည် ။

​ပို၍ ဆိုးသည်က သူတော်စင်လောင်း တစ်ဦးပင် ဖြစ်နေလေ၏ ။

​' ပြီးပြီ... အားလုံး ပြီးပြီ..'

ဤသည်က နဂါးဘုရင်ကုန်သည်ကြီးများအသင်းမှ လူများ၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေသော နောက်ဆုံးအတွေးပင် ။

မြင့်မြတ်မီးလျှံဂိုဏ်းနှင့် ပတ်သက်သွားပြီဆိုလျှင် မည်သို့ပင် ရှင်းပြရှင်းပြ၊ သေခြင်းတရားမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ကြောင်း သူတို့ သိကြသည်။

​ခေတ္တမျှ ကြောင်အသွားပြီးနောက် ဆုန့်ကျန်းသည် ယွမ်ရှန်းကို ချက်ချင်း ချည်နှောင်စေပြီး ယဲ့ရှူး ထံသို့ ဖုန်းဆက်လိုက်သည်။

​"ဟယ်လို ဥက္ကဋ္ဌယဲ့၊ တရားခံက လက်နက်ချလာပါပြီ. ."

​"ဟုတ်ပါတယ်၊ သူ အမှန်တကယ် လက်နက်ချလာတာပါ .."

​"ဟုတ်ကဲ့၊ သူတော်စင်လောင်း တစ်ယောက်ပါ.."

​"ဘာလို့ သူတော်စင်လောင်းက ဒီလောက် ခေါင်းချောင်နေရတာလဲဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး၊ ဒါပေမဲ့ သူက တကယ့် သူတော်စင်လောင်း အစစ်ပါ..."

​တစ်ချိန်တည်းမှာပင်၊ နံပါတ် ၃ ဧရိယာ၌။

​ယဲ့ရှူးသည် အားလပ်ရက် အနားယူနေသကဲ့သို့ ထိုင်ခုံပေါ်တွင် လှဲနေသော လူငယ်လေးကို ကြည့်ရင်း ဒေါသများ တလိပ်လိပ် ထွက်နေသည်။

​သို့သော်လည်း ဆုန့်ကျန်း ပေးပို့လာသော သတင်းကို တွေးမိရင်း သူမ၏ စိတ်ထဲမှ ဒေါသကို ဖိနှိပ်ကာ နှာခေါင်းတစ်ချက် ရှုံ့ပြီး ထွက်ခွာသွားတော့သည်။ တရားခံက လက်နက်ချလာပြီ ဖြစ်သည့်အတွက် ထပ်မံ စစ်ဆေးမေးမြန်းနေရန် မလိုအပ်တော့ပေ။

​သူတော်စင်လောင်း တစ်ဦး၏ နောက်ကွယ်တွင် သိုင်းဘုရင်အဆင့်ရှိသော နတ်ဘုရားတမန် ရှိနေမည်ဖြစ်ရာ ၎င်းမှာ လျိုလုံတက္ကသိုလ်ကို အချိန်တိုအတွင်း အမြစ်ပြတ်သုတ်သင်ရန် လုံလောက်သော စွမ်းအား ရှိသည်။ အရာအားလုံးက ကိုက်ညီသွားပြီ ဖြစ်သည်။

​မြင့်မြတ်မီးလျှံဂိုဏ်း၏ ခြိမ်းခြောက်မှုနှင့် နှိုင်းယှဉ်လျှင် သူမရှေ့မှ မာန်တက်နေသော လူငယ်လေးမှာ အရေးမပါတော့ပေ။

​ယဲ့ရှူး ထွက်သွားပြီး မကြာမီမှာပင် ဂူချန်သည် သူ၏ နောက်ဆုံး လက်ဖက်ရည်တစ်ငုံကို သောက်လိုက်ပြီး ဖြည်းဖြည်းချင်း ထရပ်ကာ တံခါးဝကို လှောင်ပြောင်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

​သူ၏ နှုတ်ခမ်းများ လှုပ်ရှားသွားပြီး သူကိုယ်တိုင်သာ ကြားနိုင်သော အသံတစ်ခု ထွက်ပေါ်လာသည် ။

​"ပွဲက... စပြီ.."

All Chapters