အခန်း (၁၆၃-၁၆၄)
Vol. 17 Ch. 163-164
Chapter 163
~
အခန်း ၁၆၃ : ဒီနေ့တော့ မင်း ဘယ်မှ သွားလို့ မရတော့ဘူး..
~
မျက်တောင်တစ်ခတ်အတွင်းမှာပင် ယဲ့ရှူး သည် နံပါတ် ၃ ခန်းမမှ နံပါတ် ၄ ခန်းမသို့ ရောက်ရှိသွားသည်။
သူမသည် ဆုန့်ကျန်း ၏ဘေးတွင် တယ်လီပို့လုပ်လိုက်သကဲ့သို့ ရုတ်တရက် ပေါ်လာပြီး မြေပြင်ပေါ်ရှိ အနက်ရောင်တိုကင်ကို စူးစိုက်ကြည့်နေသည်။ သူမ၏ မျက်ဝန်းအစုံတွင် လူသတ်လိုစိတ်များ တဖြည်းဖြည်း ပေါ်လာတော့သည်။
တစ်ချိန်က ပျော်ရွှင်ခဲ့သော မိသားစုဘဝနှင့် ထို့နောက်တွင် ကြုံတွေ့ခဲ့ရသော မိသားစုတစ်ခုလုံး အသတ်ခံရသည့် မှတ်ဉာဏ်များမှာ သူမ၏ ဦးနှောက်ထဲတွင် ပြန်လည် ပေါ်ပေါက်လာပြီး သူမ၏ ကောင်းကင်ပြိုမတတ် နာကျည်းမှုများမှာ အတိုင်းအဆမရှိ ပေါက်ကွဲထွက်လာသည်။
သူမသည် ယွမ်ရှန်း ဘက်သို့ လှည့်ကြည့်လိုက်ပြီး သူ့ကို အပိုင်းပိုင်း ဆွဲဖြတ်ပစ်ချင်သည့် စိတ်ကို မနဲထိန်းချုပ်ကာ အေးစက်စွာ ပြောလိုက်သည် ။
"ဒီနေရာကို ရှင်းလိုက်တော့။ နဂါးဘုရင်ကုန်သည်ကြီးများအသင်းက လူအားလုံးကို သီးသန့်စီ ခွဲပြီး ချုပ်နှောင်ထားလိုက်.."
"ဟုတ်ကဲ့.."
ဆုန့်ကျန်းက တည်ကြည်စွာ ခေါင်းညိတ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ စောင့်ကြည့်ရေးကောင်စီ သိုင်းပညာရှင်များကို ချက်ချင်း အမိန့်ပေးလိုက်သည်။
နဂါးဘုရင်ကုန်သည်ကြီးများအသင်းဝင်များမှာ မျက်နှာများ ဖြူလျော့သွားပြီး မျက်လုံးများမှာ အသက်မဲ့ကုန်ကြကာ တုန်ရီနေကြသော ခန္ဓာကိုယ်များဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံလိုက်ရသည်။
သူတို့ အချိန်အတော်ကြာ အလိုလိုက်လာခဲ့သော သခင်လေးမှာ မြင့်မြတ်မီးလျှံဂိုဏ်း ၏ သူတော်စင်လောင်း တစ်ဦး ဖြစ်နေလိမ့်မည်ဟု သူတို့ အိပ်မက်ပင် မမက်ခဲ့ဖူးချေ။
ယခုအချိန်တွင် သူတို့ မည်သို့ပင် ရှင်းပြစေကာမူ အသက်ရှင်ဖို့ လမ်းမရှိတော့ ။
မိုင်ပေါင်း သောင်းချီဝေးသော အရှေ့ဘက်မဟာမိတ်အဖွဲ့တွင် ရှိသည့် နဂါးဘုရင်ကုန်သည်ကြီးများအသင်း ဌာနချုပ်ပင်လျှင် ဤကိစ္စကြောင့် အပြင်းအထန် ထိခိုက်ရပေတော့မည်။
လူအားလုံးကို ခေါ်ဆောင်သွားပြီးနောက် နံပါတ် ၃ ခန်းမအတွင်း၌ ယဲ့ရှူး၊ ဆုန့်ကျန်း နှင့် ယွမ်ရှန်း တို့ သုံးဦးသာ ကျန်ရှိတော့သည်။
ယဲ့ရှူးသည် ပတ်ဝန်းကျင်ကို အသံလုံစေရန်နှင့် ကာကွယ်ရန်အတွက် အာရုံခံပိတ်ဆို့ ရတနာ တစ်ခုကို ထုတ်သုံးလိုက်ပြီး ကျောက်ကပ်အားနည်းနေပုံရသော ကောင်လေးကို အေးစက်စွာ စိုက်ကြည့်လိုက်သည် ။
"မင်း လက်နက်ချပြီးပြီဆိုတော့ မြန်မြန်ပြောစမ်း။ မင်းရဲ့နောက်ကွယ်က နတ်ဘုရားတမန် က ဘယ်သူလဲ.. သူ အခု ကျန်းမြို့ရဲ့ ဘယ်နေရာမှာလဲ.."
ကောင်းကင်နှင့် မြေကြီးကို ထိန်းချုပ်နိုင်စွမ်းရှိသော သိုင်းဘုရင်အဆင့် တစ်ဦးအနေဖြင့် သူမရှေ့မှ ကောင်လေးမှာ ကျင့်ကြံမှုအဆင့် နိမ့်ပါးပြီး အလွန်ဆုံးရှိလှ ဗာဂျရာအဆင့် သာ ရှိသည်ကို အလွယ်တကူ သိမြင်နိုင်သည်။
ဤမျှအင်အားဖြင့် လျိုလုံတက္ကသိုလ်ကို အမြစ်ပြတ်သုတ်သင်နိုင်ရန်မှာ သူတော်စင်လောင်းဆိုသည့် အဆင့်အတန်းကို အသုံးချကာ နတ်ဘုရားတမန်တစ်ဦး၏ အကူအညီကို ရယူခဲ့ခြင်းကြောင့်သာ ဖြစ်ရမည်။
ထို့ကြောင့် ယွမ်ရှန်းမှာ ငါးစာမျှသာဖြစ်ပြီး၊ သူ၏နောက်ကွယ်မှ နတ်ဘုရားတမန်မှာသာ တကယ့်ပစ်မှတ်ကြီး ဖြစ်သည် ။
အကယ်၍ သူမသာ မြင့်မြတ်မီးလျှံဂိုဏ်း၏ နတ်ဘုရားတမန်တစ်ဦးကို သတ်ဖြတ်နိုင်လျှင် သူမ၏ နာကျည်းမှုကို ဖြေဖျောက်နိုင်ရုံသာမက သူမ၏ ရာထူးမှာလည်း နောက်တစ်ဆင့် တက်လှမ်းသွားနိုင်ပေလိမ့်မည်။
သို့မဟုတ်ပါက ယဲ့ရှူးအနေဖြင့် ဤသူတော်စင်လောင်းကို သတ်ပစ်သည်မှာ ကြာလှပြီဖြစ်သည်။
ယွမ်ရှန်း၏ မျက်နှာမှာ ဖြူဖျော့သွားပြီး ထိတ်လန့်နေပုံဖြင့် ..
"ကျွန်တော် ပြောပြရင် ခင်ဗျားတို့ စောင့်ကြည့်ရေးကောင်စီက လူတွေက ကျွန်တော့်ကို မသတ်ဘူးလား.."
ယဲ့ရှူးက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည် ။
"သေချာတာပေါ့.."
"မင်းသာ နတ်ဘုရားတမန်နဲ့ မြို့ထဲမှာရှိတဲ့ တခြား မြင့်မြတ်မီးလျှံဂိုဏ်းဝင်တွေရဲ့ သတင်းကို ပြောပြမယ်ဆိုရင် ဒါဟာ အပြစ်ကို ကုသိုလ်နဲ့ ဆေးတာပဲ။ မဟာမိတ်အဖွဲ့ကလည်း နောက်မှ မင်းကို သက်ညှာပေးလိမ့်မယ်.."
ဆုန့်ကျန်းကလည်း ဘေးမှနေ၍ ခေါင်းတငြိမ့်ငြိမ့်နှင့် ယွမ်ရှန်းကို စိတ်ချလက်ချ ပြောရန် အချက်ပြလိုက်သည်။
' ဒါက နှုတ်ကတိ သက်သက်ပဲလေ။ နောက်မှ ဘာလုပ်မလဲဆိုတာကတော့ ငါတို့အပေါ်မှာပဲ မူတည်တယ်..'
ထိုသည်ကို မြင်လျှင် ယွမ်ရှန်းက စိတ်အေးသွားပုံရပြီး ရိုးသားသော လေသံဖြင့် ဖြည်းဖြည်းချင်း စတင်ပြောပြတော့သည် ။
"ပထမဆုံးအနေနဲ့ ကျွန်တော်တို့နဲ့အတူ လိုက်ပါလာတဲ့ နဂါးဘုရင်ကုန်သည်ကြီးများအသင်း အဖွဲ့ထဲမှာ ခန်းမသခင် အချို့နဲ့ ဂိုဏ်းသား ဒါဇင်ကျော် ပါဝင်နေတယ်။ သူတို့ကို စစ်ဆေးနေဖို့ မလိုပါဘူး၊ သူတို့ကတော့ သေချာပေါက် ပြောမှာမဟုတ်ဘူး.."
"ဒုတိယအချက်က လျိုလုံတက္ကသိုလ် ပျက်စီးသွားတာက ကျွန်တော့်နောက်ကွယ်က လျှို့ဝှက်အမည် ၁၁ လို့ခေါ်တဲ့ နတ်ဘုရားတမန်က ကျောင်းအုပ်ကြီး လီချန်းနဲ့ အရင်က ရန်ငြိုးရှိလို့ပဲ။ အသေးစိတ်ကိုတော့ ကျွန်တော် သိပ်မသိဘူး.."
"သူ့ကို တွေ့ရင်ပဲ မေးကြည့်လိုက်တော့.."
ဒါကို ကြားတော့ ဆုန့်ကျန်းက အမြန်မေးလိုက်သည် ။
"အဲ့ဒီ နတ်ဘုရားတမန်က အခု ဘယ်မှာလဲ.."
ယွမ်ရှန်းက ခဏတာစဉ်းစားပြီးနောက်...
" တိတိကျကျတော့ မသိဘူး သူ အခု မြို့အနောက်ဘက်က ယွန်းဟိုင်းဟိုတယ် မှာ ရှိနေမယ်ထင်တယ်.."
"ဒါပေမဲ့ သူ့မှာ ကျန်းမြို့ထဲ လုံခြုံစိတ်ချရတဲ့ အိမ်လေးလုံး ရှိတယ်၊ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်မျက်နှာ တစ်ခုစီမှာ တစ်လုံးစီပေါ့။ အားလုံးကို စစ်ဆေးကြည့်တာ အကောင်းဆုံးပဲ.."
ထို့နောက်တွင် ယွမ်ရှန်းသည် အသေးစိတ် အခြေအနေအားလုံးကို ဖုံးကွယ်ထားခြင်းမရှိဘဲ အကြာကြီး ဖောက်သည်ချတော့သည်။
လူတိုင်း၏ လျှို့ဝှက်အမည်နှင့် အင်အားကို တစ်ယောက်ချင်းစီ စာရင်းပြုစုပေးရုံသာမက၊ နတ်ဘုရားတမန် ၁၁ ၏ သိုင်းပညာ အားနည်းချက်နှင့် သူ၏ သိုင်းပါရမီ ခန့်မှန်းခြေကိုပါ ပြောပြခဲ့သည်။
အသေးစိတ်အချက်အလက်များ ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ သူသည် အထူးသတိထားရမည့် အချက်များကိုပါ အလေးပေး ပြောကြားနေရာ၊ ကွင်းထဲဆင်းတော့မည့် ကစားသမားများကို လမ်းညွှန်နေသည့် နည်းပြတစ်ဦးနှင့်ပင် တူနေပေတော့သည်။
ဤမျှလောက် များပြားလွန်းလှသော သတင်းအချက်အလက်များကြောင့် နာကျည်းမှုဖြင့် မျက်စိကန်းနေသော ယဲ့ရှူးပင်လျှင် ကြောင်အသွားရသည်။
သူမ၏ မိသားစု အသတ်ခံရပြီးကတည်းက သူမသည် မြင့်မြတ်မီးလျှံဂိုဏ်းဝင် မည်မျှကို သတ်ဖြတ်ခဲ့သည် မသိသော်လည်း ဤမျှလောက် ထူးဆန်းသော သူတော်စင်လောင်းမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။
သူမသည် သူမရှေ့မှ လူမှာ မဟာမိတ်အဖွဲ့က မြင့်မြတ်မီးလျှံဂိုဏ်းအတွင်း ထည့်သွင်းထားသော သူလျှိုတစ်ယောက်လားဟုပင် သံသယဝင်သွားမိ၏။
သို့မဟုတ်လျှင်လည်း မြင့်မြတ်မီးလျှံဂိုဏ်းမှာ အဆင့်နိမ့်လွန်းသွားပြီဖြစ်၍ ဤမျှ အဆင့်မရှိသော လူမျိုးကပင် သူတော်စင်လောင်း ဖြစ်နေရခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် ယဲ့ရှူးအနေဖြင့် ဒါတွေကို အလေးထားမနေတော့ချေ၊ ပေးလာသော သတင်းများ မှန်ကန်နေလျှင် လုံလောက်လေပြီ ။
ကျန်တာတွေကိုတော့ သတ်ဖြတ်ခြင်းဖြင့် အဆုံးသတ်လိုက်ရုံသာ ရှိတော့သည် ။
အဆက်အသွယ်များကို ရှင်းလင်းပြီးနောက် ယဲ့ရှူးသည် ခေါင်းငြိမ့်ပြလိုက်ပြီး သူမ၏ လက်ဝါးမှ စစ်မှန်သော ချီစွမ်းအင် တစ်ခုကို ထုတ်လွှတ်ကာ ယွမ်ရှန်းကို သတိမေ့သွားအောင် လုပ်လိုက်သည်။ ထို့နောက် ဆုန့်ကျန်းကို အမြန် ညွှန်ကြားလိုက်သည် ။
"သူပြောတဲ့ နေရာအားလုံးကို ချက်ချင်း လူလွှတ်ပြီး ရှာဖွေခိုင်းလိုက်၊ ပြီးတော့ မြို့စောင့် မဟာအစီအရင်ကို အခုချက်ချင်း အပြည့်အဝ အသက်သွင်းလိုက်.."
ပြောပြီးသည်နှင့် သူမသည် တစ်စက္ကန့်မျှ မဆိုင်းဘဲ နေရာမှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
"အ..."
ဆုန့်ကျန်းသည် တစ်ခုခုပြောရန် လက်လှမ်းလိုက်သော်လည်း သူမက မရှိတော့ချေ။
သူမသည် မြို့အနောက်ဘက်သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားသည်ကို ကျန်ရစ်ခဲ့သော ပုံရိပ်ယောင်အရ သူ ခန့်မှန်းလိုက်မိသည်။
"ဟူး..."
ဆုန့်ကျန်းမှာ သက်ပြင်းသာ ချနိုင်တော့သည်။ သူသည် ရှာဖွေရေးအတွက် ချက်ချင်း မစီစဉ်သေးဘဲ နံပါတ် ၄ ခန်းမအတွင်းသို့ အပြေးအလွှား ဝင်သွားလိုက်သည်။
ခန်းမထဲသို့ လျှောက်ဝင်သွားပြီး ရင်းနှီးနေသော လူငယ်ပုံရိပ်လေး မရှိတော့သည်ကို မြင်လိုက်ရသောအခါ သူ၏စိတ်ထဲတွင် ထိတ်လန့်မှု အနည်းငယ် ပေါ်လာပြီး အနီးနားရှိ စောင့်ကြည့်ရေးကောင်စီဝင်တစ်ဦးကို အမြန်မေးလိုက်၏ ။
"အဲ့ဒီ ဂူချန် ဘယ်သွားပြီလဲ.."
ယခုအခါ တရားခံကို ရှာတွေ့ပြီဖြစ်၍ ဂူချန်ကို သူတို့ အထင်လွဲခဲ့သည်မှာ ထင်ရှားနေပြီဖြစ်သည်။
အကယ်၍ သူသာ ဤသခင်လေးကို အမြန်ဆုံး သွားရောက် တောင်းပန်ခြင်း မပြုခဲ့လျှင် သူ၏အဖေ ပြန်ရောက်လာသောအခါ စောင့်ကြည့်ရေးကောင်စီကို မြေလှန်ပစ်မည်ကို သူ စိုးရိမ်နေမိသည်။
စောင့်ကြည့်ရေးကောင်စီဝင်သည် ဆုန့်ကျန်းက မေးမြန်းနေသည်ကို မြင်သောအခါ သူ၏ စာရွက်စာတမ်းများကို ချက်ချင်း ချထားလိုက်သည် ။
"ဂူချန်လာ... သူ ခုနလေးတင်ကပဲ ထွက်သွားပါပြီ။ သူက အရမ်း ကျေနပ်မိပါတယ်တဲ့၊ စောင့်ကြည့်ရေးကောင်စီရဲ့ ဧည့်ဝတ်ကျေပွန်မှုအတွက်လည်း ကျေးဇူးတင်ပါတယ်တဲ့.."
"ပြီးတော့ စောင့်ကြည့်ရေးကောင်စီအတွက် အပြန်အလှန် လက်ဆောင်တစ်ခုလည်း ပို့ပေးမယ်လို့ ပြောသွားပါသေးတယ်။"
ထိုစကားကို ကြားလျှင် ဆုကျန်း၏ နှလုံးသားမှာ အေးစက်သွားတော့သည်။
' ဥက္ကဋ္ဌယဲ့... ခင်ဗျားကတော့ တရားခံမိလို့ ပျော်နေမှာပေါ့၊ ဒါပေမဲ့ ခင်ဗျား စော်ကားလိုက်တဲ့ လူက... ကျွန်တော်တို့ ကျန်းနန်ပြည်နယ် စောင့်ကြည့်ရေးကောင်စီ တစ်ခုလုံးက စော်ကားလိုက်သလို ဖြစ်သွားပြီဗျ..'
မြို့အနောက်ဘက်၊ ယွန်းဟိုင်းဟိုတယ်..အခန်း ၄၄ ။
တစ်ယောက်တည်း နေထိုင်သော်လည်း မျက်နှာဖုံးကို ဝတ်ဆင်ထားဆဲဖြစ်သော လူတစ်ဦးသည် သစ်သားထိုင်ခုံပေါ်တွင် ထိုင်လျက် စာအုပ်တစ်အုပ်ကို ကိုင်ကာ အသေးစိတ် ဖတ်ရှုနေသည်။
ယခုအခါ မြို့စောင့်မဟာအစီအရင်ကို အသက်သွင်းထားပြီဖြစ်ရာ မြို့ပြင်သို့ အတင်းအကျပ် ထွက်ခွာရန် ကြိုးစားခြင်းမှာ အလုပ်မဖြစ်နိုင်သလို အလွယ်တကူလည်း အမိခံရနိုင်ပေသည်။
ထိုသို့ လုပ်မည့်အစား အေးအေးဆေးဆေး ပုန်းအောင်းနေပြီး ထိုပြဿနာရှာသူများ အဖမ်းခံရသည်အထိ စောင့်ဆိုင်းကာ မြို့ပြင်သို့ ထွက်ခွာခြင်းက ပို၍ ကောင်းပေလိမ့်မည်။
"ခုနစ်... မင်း သိပ်ပြီး သနားစရာကောင်းအောင် မသေစေဖို့ ငါ မျှော်လင့်ပါတယ်.."
၁၁ ၏ မျက်လုံးထောင့်တွင် အပြုံးတစ်ခု လက်သွားပြီး သူ၏ စာအုပ်ကိုသာ ဆက်လက် အာရုံစိုက်နေလိုက်သည်။
ဟမ်..
ရုတ်တရက်၊ ငြိမ်သက်စွာ စာဖတ်နေသော ၁၁ သည် အန္တရာယ်ကို အနံ့ခံမိသော ကျားသစ်တစ်ကောင်ကဲ့သို့ တစ်ခုခု မှားယွင်းနေသည်ကို စူးရှစွာ အာရုံခံမိလိုက်သည်။
သူ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားပြီး သတိထားသော အကြည့်တစ်ခု လက်သွားကာ ချက်ချင်းပင် သူ၏ လက်ထဲမှ ထူထဲသော စာအုပ်ကို ပိတ်လိုက်၏။
၁၁ ၏ ပုံရိပ်မှာ နေရာမှ တစ္ဆေတစ်ကောင်ကဲ့သို့ ပျောက်ကွယ်သွားပြီး စားပွဲပေါ်တွင် လေပြေအေးလေး တစ်ချက်သာ ကျန်ရစ်ခဲ့သည်။
ဝုန်း...
နောက်တစ်စက္ကန့်တွင်၊ သမုဒ္ဒရာလှိုင်းလုံးကြီး တစ်ခုကဲ့သို့ ပြင်းထန်သော စွမ်းအားတစ်ခုမှာ လေထဲတွင် ဝေါခနဲ မြည်ဟည်းသွားပြီး ယွန်းဟိုင်းဟိုတယ်ကို လျှပ်စီးလက်သကဲ့သို့ အဟုန်ဖြင့် ရိုက်ခတ်လိုက်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဤခမ်းနားသော အဆောက်အအုံကြီးမှာ မမြင်ရသော ဧရာမ လက်ကြီးတစ်ဖက်၏ ချေမွခြင်းကို ခံလိုက်ရသော စာရွက်စုတ်တစ်ခုကဲ့သို့ ခဏချင်းအတွင်း ပြိုကျသွားတော့သည်။
ကြီးမားလှသော ရိုက်ခတ်မှုကြောင့် အဆောက်အအုံတစ်ခုလုံးမှာ အပိုင်းပိုင်း ပြတ်ထွက်သွားပြီး အပျက်အစီးပုံကြီးအဖြစ် ပြောင်းလဲသွားသည်။
ဖုန်မှုန့်များမှာ နေကို ကွယ်သွားသည်အထိ လွင့်ပျံလာပြီး ဟိုတယ်အတွင်းမှ လူရိပ်တစ်ခုမှာ မြို့တံခါးရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားသည်။
ယဲ့ရှူးသည် သူမ၏ လက်ကို မြှောက်၍ ဝှေ့ယမ်းလိုက်ရာ ကောင်းကင်နှင့် မြေကြီး၏ ခမ်းနားလှသော စွမ်းအားများမှာ သူမ၏ ပတ်ဝန်းကျင်တွင် လျင်မြန်စွာ စုစည်းလာသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူမသည် တစ်ဖက်လူကို မှီသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည် ။
"ဒီနေ့တော့ မင်း ဘယ်မှ သွားလို့မရတော့ဘူး.."
Chapter 164
~
အခန်း ၁၆၄ : သူတော်စင်လောင်း ပြိုင်ပွဲဆိုတာ အမြဲတမ်း ဒီလိုပါပဲ
~
"ချီးပဲ... ဒီအရူးမက ငါ့နောက်ကို ဘာလို့ လိုက်နေတာလဲ.."
နတ်ဘုရားတမန် ၁၁ သည် တုန်လှုပ်ချောက်ချားပြီး ဒေါသထွက်နေကာ လျင်မြန်စွာ ထွက်ပြေးနိုင်ရန် အနက်ရောင် မြူခိုးတန်းတစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။
' လျိုလုံတက္ကသိုလ်ကိစ္စကို ငါမှ မလုပ်ခဲ့တာ ၊ ဘာလို့ ငါ့ဆီကို ဦးတည်ပြီး ရောက်လာရတာလဲ.. ပြီးတော့ ဘယ်လိုလုပ်ပြီး ဒီလောက် တိတိကျကျ ရှာတွေ့သွားတာလဲ..'
'ငါ့ရဲ့ တည်နေရာကို ငါကိုယ်တိုင် ထောက်ခံပေးထားတဲ့ သူတော်စင်လောင်း ကလွဲရင် ဘယ်သူမှ မသိနိုင်ဘူး..'
'ငါတို့နှစ်ယောက်က တစ်လှေတည်းစီးနေတာ၊ အဲ့ဒီကလေး အဖမ်းခံရရင်တောင် ငါ့ကို သစ္စာဖောက်ဖို့ မသင့်ဘူး မလား..'
သူ ထပ်မံ မစဉ်းစားနိုင်ခင်မှာတင် ယဲ့ရှူး က သူ့အနားကို ရောက်ရှိလာပြီး အေးစက်လှသော အလင်းတန်းတစ်ခု ချက်ချင်း ပေါ်ထွက်လာသည်။
"ဝိညာဉ်ကမ္ဘာကိုးခုရဲ့ နတ်ဘုရားဖီးနစ်.."
သူမက ဒေါသတကြီး အော်ဟစ်လိုက်ရာ အပြာရောင်ရင့်ရင့် ဖီးနစ်ငှက် တစ်ကောင် ရုတ်တရက် ထွက်ပေါ်လာပြီး အနက်ရောင် မြူခိုးတန်းဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။
ဝုန်း...
နတ်ဘုရားဖီးနစ် ပေါက်ကွဲသွားပြီး လေထုထဲတွင် ပြင်းထန်သော လှိုင်းလုံးကြီးတစ်ခု ဖြတ်သန်းသွားသည်။ ထိတ်လန့်ဖွယ်ရာ ရိုက်ခတ်မှုမှာ ဆယ်မိုင်ပတ်လည်အတွင်းသို့ ချက်ချင်း ပျံ့နှံ့သွားပြီး အဆောက်အအုံများစွာ ပြိုကျပျက်စီးကုန်သည်။
လူဦးရေ ကျဲပါးသော မြို့ပြင်တွင် ရောက်ရှိနေသော်လည်း ဤတိုက်ကွက်တစ်ခုကပင် အရပ်သားများစွာကို ထိခိုက်စေခဲ့သည်။ အော်ဟစ်ငိုယိုသံများမှာ ပဲ့တင်ထပ်သွားတော့သည်။
သို့ရာတွင် မျက်လုံးများ နီရဲနေသော ယဲ့ရှူးအတွက်မူ မြင့်မြတ်မီးလျှံဂိုဏ်းဝင်ကို သတ်နိုင်ဖို့ကသာ အဓိကဖြစ်ပြီး ကျန်သူများ၏ အသက်ကို ဂရုမစိုက်တော့ချေ ။
ဒုန်း...
အနက်ရောင် မြူခိုးတန်းမှာ မူလပုံသဏ္ဌာန်သို့ ပြန်ရောက်သွားသည်။ ၁၁ ၏ အနက်ရောင် ဝတ်ရုံမှာ စုတ်ပြတ်နေပြီး သူ၏ မျက်နှာဖုံးမှာလည်း ထောင့်တစ်ဖက် ပဲ့သွားသည်။
သူသည် အနက်ရောင် အဝတ်စတစ်စကို အမြန်ထုတ်ယူလိုက်ရာ အနက်ရောင် မီးခိုးများမှာ ကောင်းကင်ဝက်ခန့်ကို ချက်ချင်း ဖုံးလွှမ်းသွားသည်။ ၎င်းအတွင်းမှ စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။
"ယဲ့ရှူး.. မင်း လူမှားနေပြီ..လျိုလုံတက္ကသိုလ်ကိစ္စက ငါလုပ်တာ မဟုတ်ဘူး.."
၁၁ သည် တစ်စက္ကန့်မျှ မနားဘဲ အနက်ရောင် မြူခိုးတန်းအဖြစ် ထပ်မံပြောင်းလဲကာ မြို့ပြင်သို့ ဆက်လက် ထွက်ပြေးသည်။ နှစ်ယောက်လုံးမှာ အဆင့် ၇ များ ဖြစ်ကြ၏။ ယဲ့ရှူးတွင် မိစ္ဆာသတ်ဖြတ်ရေးစက် ဆိုသည့် နာမည်ပြောင်ရှိသော်လည်း သူ၏ အင်အားမှာ သူမထက် မနိမ့်ပါးဟု သူ ယုံကြည်သည်။
သို့သော်လည်း မြို့၏ ကာကွယ်ရေးစမဟာအစီအရင်က အပြည့်အဝ လည်ပတ်နေသဖြင့် သူ့ကို ဖိအားပေးနေသည်။ ထို့အပြင် သူ၏ အစစ်အမှန်ပုံရိပ်ပေါ်သွားပြီဖြစ်ရာ စောင့်ကြည့်ရေးကောင်စီက လူပိုလွှတ်မည်မှာ သေချာလှသည်။ သူသာ အချိန်ဆွဲခံလိုက်ရလျှင် ထွက်သွားနိုင်တော့မည် မဟုတ်ပေ ။
"ဟွန်း.."
ယဲ့ရှူးက အလျှော့မပေးချေ။ သူမ၏ ပတ်ဝန်းကျင်ရှိ ဝိညာဥ်ချီများမှာ လက်တွေ့ပုံသဏ္ဌာန်အဖြစ် စုစည်းလာပြီး ခဏချင်းအတွင်းမှာပင် အပြာရောင်ရင့်ရင့် ဖီးနစ်ငှက် ဒါဇင်ပေါင်းများစွာမှာ ကောင်းကင်ယံ၌ ကြယ်တာရာများကဲ့သို့ ပေါ်ထွက်လာသည်။
ဖီးနစ်ငှက်များ၏ အော်ဟစ်သံမှာ တိမ်တိုက်များကြားတွင် ပဲ့တင်ထပ်သွားသည်။ ယဲ့ရှူးသည် ဒေါသအလွန်အမင်း ထွက်နေပုံရပြီး ထိုဖီးနစ်ငှက် ဒါဇင်ပေါင်းများစွာကို ချက်ချင်းပင် ပစ်လွှတ်လိုက်သည် ။
"မြင့်မြတ်မီးလျှံဂိုဏ်းက လူတိုင်း သေသင့်တယ်.."
ဒုန်း.. ဒုန်း.. ဒုန်း..
စကားအဆုံးတွင် ဖီးနစ်ငှက်များမှာ အနက်ရောင် မီးခိုးများကို ဖောက်ထွက်ပြီး အနက်ရောင် အဝတ်စကို ဆွဲဖြတ်ကာ ထွက်ပြေးနေသော မြူခိုးတန်းနောက်သို့ အရှိန်ဖြင့် လိုက်ပါသွားသည်။
ဝုန်း ..ဝုန်း..
ကောင်းကင်ယံ၌ နားကွဲလုမတတ် ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ အနီးနားရှိ အသက်ရှင်ကျန်ရစ်သူများအတွက်မူ ကောင်းကင်ယံ၌ မီးရှူးမီးပန်းများ ဖောက်နေသကဲ့သို့ အပြာရောင် အလင်းတန်းများ နေရာအနှံ့ လက်နေသည်ကို မြင်နေရ၏ ။
ထိုစဉ်အတွင်း နတ်ဘုရားတမန် ၁၁ မှာမူ ဖီးနစ်ငှက်များ၏ ပေါက်ကွဲမှုကို အသည်းအသန် ရှောင်ရှားရင်း အလွန်ပင် သနားစရာကောင်းသော အခြေအနေဖြင့် ထွက်ပြေးနေရသည်။ သို့သော်လည်း မြင့်မြတ်မီးလျှံဂိုဏ်း၏ နတ်ဘုရားတမန်တစ်ဦးအနေဖြင့် ထွက်ပြေးသည့်နေရာတွင် ပြိုက်ဘက်မရှိချေ။
လေထဲတွင် ပေါက်ကွဲနေသော စစ်မှန်သော ချီစွမ်းအင်များမှာ အမြောက်ဖြင့်ထုနေသလို ဖြစ်နေသော်လည်း သူ့ကိုမူ အပေါ်ယံ ဒဏ်ရာအချို့သာ ရရှိစေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် ကျန်းမြို့၏ အစွန်းသို့ ရောက်ရှိသွားပြီး မြို့စောင့်မဟာအစီအရင်၏ အကာအကွယ်ကို တိုက်မိသွားသည်။
ယဲ့ရှူးက နောက်မှ အမှီလိုက်လာသည်ကို မြင်သောအခါ ၁၁ သည် အံကြိတ်ကာ အနက်ရောင် ကျောက်တုံးတစ်တုံးကို ထုတ်ယူပြီး အစီအရင်ပေါ်သို့ ပစ်ပေါက်လိုက်သည်။
၎င်းမှာ တစ်ကြိမ်သုံး အဆင့်၇ မိစ္ဆာပစ္စည်း မိစ္ဆာချုပ်နှောင်ကျောက်တုံးဖြစ်သည်။ မြင့်မြတ်မီးလျှံဂိုဏ်းတွင်သာ ရှိပြီး အစောင့်အရှောက် တစ်ဦးထံမှ ကြယ်မီးရမှတ် များစွာဖြင့် လဲလှယ်ရယူရခြင်းပင် ။ မည်သည့် အစီအရင်ကိုမဆို ဖောက်ထွက်နိုင်သည်ဟု သိကြ၏။
အမှန်တကယ်တွင်မူ ၎င်းက အစီအရင်ပေါ်၌ လမ်းကြောင်းတစ်ခုကိုသာ ဖန်တီးပေးခြင်း ဖြစ်သည်။ သို့သော်လည်း ထွက်ပြေးရန်အတွက် နတ်ဘုရားရတနာ တစ်ခု ဖြစ်သည်။ နတ်ဘုရားတမန်တိုင်းမှာ တာဝန်တစ်ခု သွားသည့်အခါ ၎င်းကို တစ်ပါတည်း ဆောင်ထားရလေ့ရှိကြသည်။
ဝုန်း...
ကျောက်တုံးနှင့် ထိတွေ့လိုက်သည်နှင့် အကာအကွယ်ပေါ်တွင် ပန်းကန်လုံးအဝခန့်ရှိသော အပေါက်ငယ်တစ်ခု ချက်ချင်း ပွင့်သွားသည်။ သူက အနက်ရောင် မြူခိုးတန်းအဖြစ် ပြောင်းလဲကာ ချက်ချင်းပင် ကျန်းမြို့ပြင်သို့ လွတ်မြောက်သွားတော့သည်။
ယဲ့ရှူးကလည်း အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကျန်းမြို့ပြင်သို့ အမီလိုက်တော့၏။ နတ်ဘုရားတမန်က သူမ၏ မျက်စိရှေ့မှာတင် ရှိနေပြီဖြစ်ရာ မည်သို့ပင်ဖြစ်စေကာမူ လွတ်မြောက်ခွင့် ပေးမည် မဟုတ်ပေ။
"သေစမ်း.."
ယဲ့ရှူးက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူမ၏ မျက်ခုံးနှစ်ခုကြားမှ ဝိညာဉ်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထက်မြက်လှသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာသည်။ နတ်ဘုရားအလင်းတန်းများ တောက်ပနေသော ဆီးနှင်းကဲ့သို့ ဖြူဖွေးသည့် လှံရှည်တစ်စင်းမှာ သူမ၏လက်ထဲတွင် ပေါ်လာ၏။ သူမ၏ ပုံရိပ်မှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အနက်ရောင် မြူခိုးတန်းဆီသို့ တိုးဝင်သွားလေသည်။
"မြန်လိုက်တာ.."
၁၁ သည် မြို့ပြင်ရောက်၍ စိတ်အနည်းငယ် လျှော့လိုက်စဉ်မှာပင် နောက်ဘက်မှ အသံကို ကြားလိုက်ရသည်။ ရှောင်တိမ်းရန် နောက်ကျသွားပြီဖြစ်ရာ ပြင်းထန်လှသော ထိုးနှက်ချက်မှာ သူ၏ ခန္ဓာကိုယ်ပေါ်သို့ တည့်တည့် ကျရောက်လာတော့သည်။
ဝုန်း..
အနက်ရောင် မြူခိုးတန်းမှာ မြေပြင်ပေါ်သို့ ရိုက်ချခြင်းခံလိုက်ရပြီး မီတာထောင်ချီ ကျယ်ဝန်းသော ကျင်းကြီးတစ်ခု ဖြစ်သွားသည်။ ယဲ့ရှူးက ထပ်မံ တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် ထိတ်လန့်ဖွယ်ရာ တစ္ဆေအော်သံတစ်ခုကို သူမ ကြားလိုက်ရပေသည်။
သူမ လှည့်ကြည့်လိုက်ရာ အဆင့် ၇ တွင်ရှိသော အခြား အနက်ရောင် မြူခိုးတန်းတစ်ခုကို တွေ့လိုက်ရသည်။ ထို မြူခိုးတန်းက သူမကို ဝင်တိုက်လိုက်ရာ သူမသည် မီတာ ရာဂဏန်းခန့် နောက်သို့ လွင့်ထွက်သွားသည်။
နတ်ဘုရားတမန် ချီ သည် ယဲ့ရှူးကို တစ်ချက်ကြည့်ပြီးနောက် ကျင်းထဲမှ တွားထွက်လာသော ၁၁ ကို ကြည့်ကာ အေးအေးဆေးဆေးပင် ပြောလိုက်သည် ။
"၁၁... ဒီမိန်းမကို ငါတို့ နှစ်ယောက်ပေါင်း သတ်ကြစို့။ ရလာမယ့် ကြယ်မီးအမှတ် တွေကို ငါးဆယ်စီ ခွဲယူမယ်.."
နတ်ဘုရားမီးတောက်ဂိုဏ်းတွင် ကြယ်မီးအမှတ် များမှာ ရှားပါးအရင်းအမြစ်များ လဲလှယ်ရန် အသုံးပြုသော ငွေကြေးဖြစ်သည်။ အဓိကကျသော မဟာမိတ်အဖွဲ့ဝင်များကို သတ်ဖြတ်ခြင်းမှာ ထိုရမှတ်များ ရရှိရန် အမြန်ဆုံးနည်းလမ်း ဖြစ်သည်။ မိစ္ဆာသတ်ဖြတ်ရေးစက် ဟု လူသိများသော ယဲ့ရှူးမှာ ရမှတ် အများအပြား တန်ကြေးရှိပေသည်။
အရူးမတစ်ယောက်ကဲ့သို့ အချိန်အတော်ကြာ လိုက်လံတိုက်ခိုက်ခံရသဖြင့် ၁၁ လည်း ဒေါသထွက်နေပြီဖြစ်သည်။ သူက မျက်မှောင်ကြုတ်ကာ...
"သဘောတူတယ်.."
အနက်ရောင် မြူခိုးတန်း နှစ်ခုမှာ နဂါးများကဲ့သို့ ယဲ့ရှူးဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြသည်။ သူတို့ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ဝိညာဉ်များနှင့် မိစ္ဆာတစ္ဆေများ၏ အော်ဟစ်သံများ ပဲ့တင်ထပ်နေပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကိုပင် သက်ရောက်မှု ရှိနေ၏။
ယဲ့ရှူးသည် လေထဲတွင် သူမ၏ ကိုယ်ဟန်ကို ပြန်လည် ထိန်းညှိလိုက်သည်။ နှစ်ယောက်ပေါင်း တိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း သူမက နောက်မဆုတ်ဘဲ ရှေ့သို့ တိုးသွားကာ သူမ၏ လှံကို ဝှေ့ယမ်းရင်း လှောင်ပြုံး ပြုံးလိုက်၏ ။
"ကောင်းတယ်.. ဒီနေ့ မင်းတို့ နှစ်ယောက်လုံးကို ငါ သတ်မယ်.."
"နတ်ဘုရား ဝိညာဥ်လောက ကောင်းကင် ကိုးခု.."
လှံဖျားမှ အပြာရောင်ရင့်ရင့် အလင်းတန်းများ ပွင့်ထွက်လာပြီး ထိတ်လန့်ဖွယ်ရာ ဝိညာဥ်အအေးဓာတ်ကို ထုတ်လွှတ်လိုက်သည်။ ဖီးနစ်ငှက်၏ ပုံရိပ်ယောင်မှာ လေထဲတွင် ပေါ်လာပြီး သူမ၏ လှံတစ်ချက် ဝှေ့ယမ်းလိုက်မှုမှာ ဟင်းလင်းပြင်နယ်ပယ် ကိုပင် ဆွဲဖြဲနိုင်မည့်အလားပင်။
ဝုန်း.. ဒုန်း..ဒုန်း ..ဒုန်း.. ဒုန်း..
သူတို့ သုံးဦးမှာ မျက်တောင်တစ်ခတ်အတွင်း အကြိမ်ကြိမ်တိုက်ခိုက်လိုက်ကြသည်။ သူတို့၏ အရှိန်မှာ သာမန်မျက်စိနှင့် ကြည့်လျှင် မမြင်နိုင်လောက်အောင် မြန်ဆန်လွန်းလှ၏။ အကယ်၍ ဆုန့်ကျန်း သာ ဤနေရာတွင် ရှိနေလျှင်ပင် တိုက်ပွဲအလယ်ဗဟိုတွင် ဘာဖြစ်နေလဲဆိုသည်ကို ရှင်းရှင်းလင်းလင်း မြင်ရဖို့ရန် ခက်ခဲပေလိမ့်မည်။
သို့သော် သေချာ စောင့်ကြည့်လျှင် အပြာရောင် အလင်းတန်းက ပိုမို သာလွန်နေသည်ကို တွေ့ရလိမ့်မည်။ ယဲ့ရှူးသည် နတ်ဘုရားတမန် နှစ်ဦးကို တစ်ယောက်တည်းနှင့် ဖိအားပေးထားနိုင်ခြင်း ဖြစ်သည် ။
" ယဥပဲ... မိစ္ဆာ သတ်ဖြတ်ရေးစက်ဆိုတဲ့အတိုင်း သူရဲ့ အင်အားက တကယ်ကို အထင်ကြီးစရာပဲ.."
ထိုအချိန်တွင် ဝေးကွာသော တောင်ကုန်းတစ်ခုပေါ်၌ ဂူချန် သည် တိုက်ပွဲအခြေအနေကို အေးအေးဆေးဆေးစွာ စောင့်ကြည့်နေသည်။ သူ၏ မျက်လုံးများက အသေးစိတ် အချက်အလက်တိုင်းကို လက်လွတ်မခံဘဲ မှတ်သားထား၏။
တိုက်ပွဲမှာ အရှိန်အမြင့်ဆုံးသို့ ရောက်နေပြီး သုံးဦးလုံးမှာ သူတို့၏ အင်အားများကို အပြည့်အဝ ထုတ်သုံးနေကြသည်။ သို့သော်လည်း နတ်ဘုရားတမန် နှစ်ဦးပေါင်းနေသော်လည်း ယဲ့ရှူးကို မယှဉ်နိုင်ခြင်းမှာ တကယ့်ကို အံ့ဩစရာပင်။
"နှစ်ယောက်ပေါင်းလို့ မနိုင်ရင် သုံးယောက်ပေါင်းရင်ကော ဘယ်လိုလဲ.."
ဂူချန်က အသာအယာ ပြုံးလိုက်ပြီး သူ၏လက်ထဲတွင် အဖြူအမဲ စစ်တုရင်ခုံ တစ်ခု ပေါ်လာသည်။ သူသည် ဟင်းလင်းပြင်ထဲမှ အဖြူရုပ်တစ်ရုပ်နှင့် အမဲရုပ်တစ်ရုပ်ကို ယူလိုက်ပြီး စစ်တုရင်ခုံပေါ်သို့ တင်လိုက်သည်။
ဒေါက်...
စစ်တုရင်ရုပ်ကို တင်လိုက်သည်နှင့် မမြင်ရသော လှိုင်းတစ်ခုမှာ လေထဲမှတစ်ဆင့် မိုင်ပေါင်းများစွာ ဝေးသော တိုက်ပွဲမြေပြင်သို့ လျင်မြန်စွာ ပြန့်နှံ့သွားသည်။
ယဲ့ရှူးသည် လှံဖြင့် တိုက်ခိုက်ပြီး ဖီးနစ်ငှက်ကို ထပ်မံ စုစည်းရန် ပြင်လိုက်စဉ်မှာပင် မမြင်ရသော ဟင်းလင်းပြင် စွမ်းအားတစ်ခုက သူမ၏ ခန္ဓာကိုယ်ကို ထိမှန်သွားကာ သူမ၏ လှုပ်ရှားမှုမှာ ခေတ္တ တောင့်တင်းသွားသည်။
နောက်တစ်စက္ကန့်မှာတင် သူမက ပြန်လွတ်မြောက်သွားသော်လည်း အဆင့် ၇ တိုက်ပွဲများတွင် အမှားအယွင်း အသေးအဖွဲလေးကပင် ကြီးမားသော ဘေးဒုက္ခကို ဖြစ်စေနိုင်သည်။
၁၁ က သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင် ကျည်ဆန်များမှာ ကြယ်တံခွန်များကဲ့သို့ ထွက်ပေါ်လာပြီး ယဲ့ရှူး၏ ဘေးနားတွင် ချက်ချင်း ပေါက်ကွဲသွားသည်။ တိုက်စားတတ်သော စစ်မှန်သော ချီစွမ်းအင်များမှာ မီးတောင်ပေါက်ကွဲသကဲ့သို့ ထွက်ပေါ်လာပြီး ယဲ့ရှူးကို ထိမှန်သွားသည်။
အခြားတစ်ဖက်တွင် ချီကလည်း လက်နှေးမနေဘဲ သူ၏ လက်ထဲမှ ဝိညာဉ်တစ်သောင်းပန်းကန် ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ဂါထာမန္တန်များကို ရွတ်ဖတ်လိုက်သည်။ မရေမတွက်နိုင်သော ဝိညာဉ်များနှင့် မိစ္ဆာတစ္ဆေများမှာ ယဲ့ရှူးကို ဝိုင်းရံလိုက်ပြီး သူမ၏ စိတ်ဝိညာဉ်ကို တိုက်ခိုက်တော့သည်။
"အ..."
ယဲ့ရှူးက ညည်းတွားသံ ထွက်သွားသည်။
လှံကို မြဲမြံစွာ ဆုပ်ကိုင်ထားသော သူမ၏လက်မှာ အားအင်ကုန်ခမ်းသွားသကဲ့သို့ ဖြစ်သွားပြီး သူမသည် မသိစိတ်ဖြင့် လှံကို လွှတ်ချလိုက်မိသည်။ လှံမှာ မြေပြင်ပေါ်သို့ စိုက်ဝင်သွားပြီး ယဲ့ရှူးမှာမူ သွေးများ အန်ထုတ်လိုက်ရကာ နောက်သို့ လွင့်ထွက်သွားတော့သည်။
ဝုန်း...
ယဲ့ရှူး၏ ခန္ဓာကိုယ်မှာ မနီးမဝေးရှိ တောင်ကြီးတစ်လုံးကို ဝင်တိုက်မိသွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် တောင်မှာ ပြိုကျပျက်စီးသွားပြီး ယဲ့ရှူးမှာ အပျက်အစီးများအောက်တွင် မြုပ်သွားတော့သည်။
၁၁ နှင့် ချီ တို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ကြောင်အသွားကြသည်။
"ခုနက ဘယ်သူလဲ.."
အကယ်၍ ထိုရုတ်တရက် ဟင်းလင်းပြင် စွမ်းအားသာ မရှိခဲ့လျှင် သူတို့နှစ်ယောက်ပေါင်းသော်လည်း အသတ်ခံရနိုင်ချေ ရှိသည်။
"ငါလည်း မသိဘူး.."
ချီ က ပြန်မဖြေဘဲ ပြိုကျသွားသော တောင်ဆီသို့သာ စိုက်ကြည့်နေသည် ။
"သူ သေမသေ သွားကြည့်ဦး။ လွတ်မသွားစေနဲ့.."
၁၁ သည် ယဲ့ရှူး မြုပ်နေသော တောင်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားသည်။ သူသည် ကြေးစားလူသတ်သမား မဟုတ်သော်လည်း နောက်ဆုံးသတ်ချက် ကို သေသေချာချာ လုပ်ရမည်မှာ သူ၏ အခြေခံဗီဇ ဖြစ်သည်။ ထို့အပြင် ကြယ်မီးအမှတ် ရရန်အတွက် ပြိုင်ဘက်၏ ခန္ဓာကိုယ် အစိတ်အပိုင်းအချို့ကို ယူသွားရဦးပေမည်။
သို့သော်လည်း သူ အာရုံစူးစိုက်နေစဉ်မှာပင် နောက်ဘက်မှ လေခွဲသံတစ်ခု ထွက်ပေါ်လာသည်။ သူ မတုံ့ပြန်နိုင်ခင်မှာပင် အနက်ရောင် စွမ်းအင်များ ထွက်ပေါ်နေသော ဧရာမ လက်ကြီးတစ်ဖက်က သူ၏ ရင်ဘတ်ကို လျှပ်စီးကဲ့သို့ ဖောက်ထွက်သွားသည် ။
သူ၏ မျက်လုံးများမှာ ထိတ်လန့်တကြား ပြူးထွက်သွားသည်။ အနက်ရောင် လက်ကြီးက သူ၏ ခန္ဓာကိုယ်ကို အလွယ်တကူ ဖောက်ထွက်ပြီး သူ၏ တလှပ်လှပ် ခုန်နေသော နှလုံးသားအနီရောင်ကို သူ့မျက်စိရှေ့မှာတင် ဆွဲထုတ်လိုက်သည်ကို သူ ကြည့်နေရသည်။
လက်ကြီးက သူ၏ နှလုံးသားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး အသာအယာ ညှစ်လိုက်ရာ သွေးများမှာ လေထဲသို့ ပန်းထွက်သွားတော့သည်။ ၁၁ က ခက်ခဲစွာ လှည့်ကြည့်လိုက်ရာ မျက်နှာဖုံးဝတ်ထားသော နတ်ဘုရားတမန် ချီက သူ့ကို ပြုံးပြုံးကြီး ကြည့်နေသည်ကို တွေ့လိုက်ရပေ၏။
သူ၏ အသံမှာ တုန်ရီနေသည် ။
"မင်း..."
ဒုန်း...
နှလုံးသား ပေါက်ကွဲသွားသည်။ ၁၁ သည် စကားမဆုံးခင်မှာတင် အသက်ပျောက်သွားတော့သည်။ ချီ သည် အလောင်းကို အေးစက်စွာ ကြည့်ကာ ပြောလိုက်၏ ။
"၁၁ ရေ... ငါ့ကို အပြစ်မတင်ပါနဲ့.."
"သူတော်စင်လောင်း နေရာလုပွဲဆိုတာ အမြဲတမ်း ဒီလိုပဲကွ.."
နတ်ဘုရားမီးတောက်ဂိုဏ်းတွင် အစောင့်အရှောက်ကြီး ၅ ဦးသာလျှင် တကယ့် အဓိက အုတ်မြစ်များ ဖြစ်ကြသည်။ သူတို့ကဲ့သို့ နတ်ဘုရားတမန်များမှာ သူတော်စင် ကို ရွေးချယ်ရန် အသုံးချခံရသော ကိရိယာများသာ ဖြစ်ပြီး အစားထိုး၍ ရလေသည်။
ချီ သည် သူ၏ အနေအထားကို ကောင်းစွာ သိ၏။ သူသည် ဂူချန်၏ ယုတ်မာမှုကို ကြောက်ရွံ့သော်လည်း သူရွေးချယ်ထားသော သူတော်စင်လောင်းမှာ ဤမျှ ပါရမီထူးချွန်နေသည့်အတွက် အလွန်ပင် ဝမ်းသာနေမိသည်။ ၁၁ ၏ အလောင်းကို သိမ်းဆည်းပြီးနောက် သူသည်လည်း တောင်ပြိုရာနေရာသို့ လျင်မြန်စွာ ပြေးသွားတော့သည်။
တစ်ချိန်တည်းမှာပင်။
အပျက်အစီးများအောက်တွင် မြုပ်နေသော ယဲ့ရှူးမှာလည်း ကျင်းထဲမှ ခက်ခဲစွာ တွားထွက်လာသည်။ ယခုအခါ သူမတွင် အရင်ကကဲ့သို့ ခမ်းနားတောက်ပသော အရှိန်အဝါများ မရှိတော့ဘဲ အလွန်ပင် သနားစရာကောင်းသော အခြေအနေသို့ ရောက်နေသည်။
သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာပေါင်းစုံ ရှိနေပြီး သွေးများ စီးကျနေကာ ဖြူဖွေးသော အဝတ်အစားများမှာ ရဲရဲနီနေသည်။ သူမ၏ မျက်နှာမှာ စက္ကူကဲ့သို့ ဖြူလျော့နေပြီး မျက်လုံးများတွင် အလွန်အမင်း မောပန်းနွမ်းနယ်မှုများ ရှိနေသည်။
အဆိပ်ငွေ့များက ခန္ဓာကိုယ်ကို တိုက်စားနေပြီး ဝိညာဉ်တစ်သောင်းက စိတ်ဝိညာဥ်ကို ကျူးကျော်နေသည်။ ချီ နှင့် ၁၁ တို့၏ တိုက်ကွက်နှစ်ခုကြောင့် သူမ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်မှာ အပြင်းအထန် ပျက်စီးသွားပြီး သူမ၏ အင်အားမှာ တစ်ရာခိုင်နှုန်းပင် မရှိတော့ချေ ။
ယဲ့ရှူး၏ လှပသော မျက်နှာမှာ ဖုန်များ ပေကျံနေပြီး သူမ အံကို တင်းတင်းကြိတ်ထားမိ၏။ နောက်ဆုံးတွင် သူမသည် တယ်လီပို့ အဆောင် တစ်ခုကိုသာ ထုတ်ယူလိုက်ရတော့သည်။
ယခုအချိန်တွင် သူမ ဆက်လက် တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။ အကယ်၍ ထိုနတ်ဘုရားတမန် နှစ်ယောက်သာ အမီလိုက်လာလျှင် သူမ သေဖို့ရန်သာ ရှိတော့သည်။
"ငါ ယဲ့ရှူး... ဒီအကြွေးကို မှတ်ထားမယ်.. နောက်တစ်ခါ တွေ့ရင် မင်းတို့ကို သေချာပေါက် သတ်မယ်.."
"ပြီးတော့ အမှောင်ထဲကနေ ငါ့ကို တိုက်ခိုက်တဲ့ ကောင်ကိုလည်း.."
ယဲ့ရှူးက တယ်လီပို့ရန် ပြင်လိုက်သည်။ သို့သော်...
သူမ အဆောင်ကို အသက်သွင်းလိုက်သည်နှင့် အနက်ရောင် အရိပ်တစ်ခုမှာ သူမ၏ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး တယ်လီပို့အဆောင်ကို ကိုင်ထားသော သူမ၏ လက်ကို ချက်ချင်း နင်းခြေလိုက်သည်။
"ဂျွတ်.."
လက်ကောက်ဝတ်အရိုး ကျိုးသွားပြီး အဆောင်စာရွက်မှာ လွတ်ကျသွားသည်။
ယဲ့ရှူး၏ ထိတ်လန့်နေသော အကြည့်အောက်တွင် ရင်းနှီးနေသော လူငယ်မျက်နှာလေးတစ်ခု ပေါ်ထွက်လာသည်။ သူက မျက်လုံးလေးများ မှေးသွားသည်အထိ ပြုံးလျက် ညင်သာစွာ ပြောလိုက်သည် ။
"ငါတို့ ဒီလောက် မြန်မြန် ပြန်တွေ့ကြလိမ့်မယ်လို့ မထင်ထားဘူးနော်.."
"ဥက္ကဋ္ဌယဲ့.."