အခန်း (၈၇-၈၈)
Vol. 9 Ch. 87-88
အခန်း (၈၇) ကံစမ်းမဲမှ ခရမ်းရောင်အဆင့် ပါရမီ
[ဂုဏ်ယူပါတယ် ပိုင်ရှင်။ မဲလှည့်ခွင့် သုံးကြိမ် ရရှိခဲ့ပါတယ်။ ဆုလာဘ်တွေထဲမှာ ပါရမီတွေ၊ အမျိုးမျိုး သော ပစ္စည်းတွေ၊ သိုင်းနည်းစနစ်တွေနဲ့ နတ်ဘုရားစွမ်းရည်တွေ ပါဝင်ပါတယ်။]
[မဲတစ်ကြိမ် ချက်ချင်း အသုံးပြုမလား…။]
နားထဲတွင် ပဲ့တင်ထပ်နေသော အချက်ပေးသံကို ကြားလိုက်ရသဖြင့် နင်းဖန်၏ လောင်းကစား စိတ်ဓာတ်လည်း နိုးကြားလာခဲ့လေသည်။
သူသည် လက်ဝါးချင်း ပွတ်သပ်ကာ သူ၏ စိတ်ထဲမှနေ၍ သဘောတူလိုက်၏။ ထို့နောက် သူ၏ ရှေ့မှ ဧရာမ ကံစမ်းမဲလှည့်ပြားကြီး အရှိန်အဟုန်ဖြင့် စတင်လည်ပတ်နေသည်ကို မြင်လိုက်ရလေသည်။
"အသုံးဝင်မယ့် ဆုလာဘ်ပဲ ဖြစ်ပါစေ...။"
နင်းဖန် တိတ်တဆိတ် ဆုတောင်းနေခဲ့သည်။ သူသည် အရည်ပျော်နေသော သွေးမီးတောက်သစ္စာ ကို ဖြတ်သန်းတော့မည် ဖြစ်၏။ ဤနည်းလမ်းသည် အေးစက်ရေ အရိုးထိန်းညှိခြင်း ကဲ့သို့ပင် သာမန် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း နည်းလမ်းများ အမျိုးအစားထဲတွင် ပါဝင်သည်။
၎င်း၏ အကျိုးသက်ရောက်မှုများမှာ ဆေးရေချိုး သွေးကြောများ နွေးထွေးစေခြင်းနှင့် ဆေးလုံး အသား အာဟာရဖြစ်စေခြင်းတို့ထက် များစွာ နိမ့်ကျပေသည်။ အကယ်၍ ၎င်းကို ပိုမိုမကောင်းမွန်အောင် မပြု ပြင်နိုင်ပါက သူ၏ ရုပ်ခန္ဓာကိုယ်အတွက် တိုးတက်မှုမှာ အလွန်နည်းပါးမည်ကို သူ စိုးရိမ်နေခဲ့လေ၏။
ထို့ကြောင့် ယခု သူနှိုက်လိုက်သော ဆုလာဘ်သည် ရှေ့ဆက်မည့် ကိစ္စများအတွက် အထောက်အကူ ဖြစ်စေရန် နင်းဖန် မျှော်လင့်နေမိခြင်းဖြစ်လေသည်။
[ဒင်…။ ဂုဏ်ယူပါတယ် ပိုင်ရှင်။ ခရမ်းရောင်ပါရမီ 'နဂါးကဲ့သို့ သွေးချီစွမ်းအား' ကို ရရှိခဲ့ပါတယ်။]
[နဂါးကဲ့သို့ သွေးချီစွမ်းအား - ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်အတွက် သီးသန့် ပါရမီ ဖြစ်သည်။ ၎င်းသည် သွေး၏ မီးတောက်အပေါ် ခံနိုင်ရည်ကို အဆတစ်ရာ တိုးမြင့်ပေးသည်။ သန့်စင်ပြီးနောက် အထူးအဆင့်မြင့် အကျိုးသက်ရောက်မှုဖြစ်သော 'နဂါးဆင် အသွင်ပြောင်းခြင်း' ကို အစပျိုးရန် အခွင့်အရေး အချို့ ရှိပါသည်။]
[နဂါးဆင် အသွင်ပြောင်းခြင်း- ရွှေရောင်အဆင့် ပါရမီ ဖြစ်သည်။ ခန္ဓာကိုယ်အတွင်းရှိ သွေးမျိုးဆက် တွင် နဂါးဆင် နတ်ဘုရားအင်အား ပါဝင်လာမည် ဖြစ်သည်။ အစပိုင်းတွင် အားနည်းသော်လည်း နဂါး ဟိန်းသံနှင့် ဆင်အော်သံများကိုသာ ထွက်ပေါ်စေမည်ဖြစ်ပြီး ကြီးမားသော အောင်မြင်မှု အဆင့်သို့ ရောက်ရှိပါက သွေးတစ်စက်တည်းကပင် နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းနိုင်သည်။]
သူနှိုက်လိုက်သော ဆုလာဘ်ကို ကြည့်ရင်း နင်းဖန် အသက်ပြင်းပြင်း ရှူလိုက်ကာ သူ၏ မျက်လုံးများ တွင် စူးရှသော အလင်းရောင်များ လင်းလက်သွားခဲ့သည်။
"တကယ်ပဲ ပေါ်လာတာပဲ…။"
'အသန်မာဆုံး ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရေး စနစ်' နှင့် ထိုက်တန်ပေသည်။ ခြေလှမ်းတိုင်းသည် သူ၏ ကျင့်ကြံခြင်းအတွက် အမှန်တကယ် လမ်းခင်းပေးနေခြင်းပင်။ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်အ တွက် အထူးရည်ရွယ်ထားသော ခရမ်းရောင် ပါရမီ။
၎င်း၏ အကျိုးသက်ရောက်မှုမှာ အရည်ပျော်နေသော သွေးမီးတောက်သစ္စာ နည်းလမ်းအတွက် ကွက်တိ ဖြစ်နေခဲ့လေသည်။
နင်းဖန်၏ နားလည်မှုအရ ဤနည်းလမ်း၏ အခြေခံသဘောတရားမှာ နေရာလွတ်တစ်ခုကို သဘာဝ ဆေးမီးဖိုတစ်ခုအဖြစ် ပြောင်းလဲရန် အထူး ဝင်္ကပါတစ်ခုကို အသုံးပြု၍ မီးတောက်များကို မွှေးမြူခြင်း ဖြစ်သည်။
ကျင့်ကြံသူသည် ဝင်္ကပါ၏ ဗဟိုချက်တွင် ရပ်ကာ အနှစ်သာရသွေးတစ်စက်ကို ဝင်္ကပါအတွင်းသို့ လှုံ့ဆော်စာအဖြစ် ပစ်ထည့်ရမည် ဖြစ်သည်။ ထို့နောက် သူတို့၏ ရင်ဘတ်တွင် အနာတစ်ခု ဖန်တီးကာ ဝင်္ကပါ၏ လမ်းညွှန်မှု စွမ်းအားအတိုင်း တစ်ကိုယ်လုံးရှိ သွေးများကို ခန္ဓာကိုယ်အပြင်သို့ ထုတ်လွှတ်ပြီး မီး ဝင်္ကပါ ဆေးမီးဖိုထဲတွင် လည်ပတ်စေရမည် ဖြစ်၏။
မီးတောက်များ၏ စွမ်းအားကို အသုံးပြု၍ သွေးများကို မဟာစက်ဝန်း တစ်ခုစာ အပြည့်အဝ သန့်စင် ပြီးမှသာ သွေးများကို ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဆွဲသွင်းရခြင်း ဖြစ်သည်။ လုပ်ငန်းစဉ် တစ်ခုလုံးမှာ အလွန် ဆန်းကြယ်လှပေသည်။
ဤနည်းလမ်းဖြင့် ခန္ဓာကိုယ်ကို သန့်စင်ခြင်းက သွေးကို ပိုမို ဖြူစင်စေပြီး သိပ်သည်းစေရုံသာမက သွေး၏ အလေးချိန်ကိုလည်း များစွာ တိုးမြင့်စေသည်ဟု ဆိုကြလေသည်။ အကယ်၍ တစ်စုံတစ်ဦးက ပါရမီ ထူးခြားပါက သာမန် မြေကြီးမီးအစား ထူးဆန်းသည့် မီးတောက်ဖြင့် အစားထိုးနိုင်ပြီး အကျိုး သက်ရောက်မှုကို မြှင့်တင်ရန် နောက်ထပ် စက်ဝန်းများစွာ ပိုမို လည်ပတ်နိုင်ပေသည်။
ရှေးဟောင်း မှတ်တမ်းများအရ ရှေးဦးခေတ်က ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦးသည် နက်နဲသော ငရဲ တစ္ဆေမီးတောက် ဝင်္ကပါကို အသုံးပြုကာ သူ၏ သွေးများကို မဟာစက်ဝန်း ငါးဆယ့်ရှစ်ခု တိုင်အောင် တစ်နေ့နှင့် တစ်ညလုံး သန့်စင်ခဲ့ဖူးလေသည်။
ထို့နောက် ထိုပါရမီရှင်၏ ရုပ်ပိုင်းဆိုင်ရာ အင်အားမှာ ခြောက်ဆယ်ရာခိုင်နှုန်းခန့်သာ တိုးမြင့်လာခဲ့သော် လည်း သူ၏ တစ်ကိုယ်လုံးရှိ သွေးများမှာ တောင်ငယ်တစ်လုံးကဲ့သို့ လေးလံသွားခဲ့သည်။ သွေးစက် တစ်စက် ကျရုံနှင့်ပင် မာကျောသော ကျောက်တုံးကို ကြေမွသွားစေနိုင်၏။
ဤသည်မှာ အရည်ပျော်နေသော သွေးမီးတောက်သစ္စာ ပြီးနောက် ရရှိနိုင်သော အမြင့်ဆုံး နယ်ပယ်၊ တောင်ကဲ့သို့ လေးလံသော သွေး ပင် ဖြစ်လေသည်။
သဘာဝကျစွာပင် ထိုပါရမီရှင်သည် အပေါ်ယံမျှသာ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ အလေးချိန်မှာ တောင်ကုန်းငယ်တစ်ခုနှင့်သာ နှိုင်းယှဉ်နိုင်သေးသည်။
အကယ်၍ မိမိ၏ သွေးကို ဧရာမ တောင်ကြီးတစ်လုံးကဲ့သို့ အမှန်တကယ် လေးလံစေလိုပါက မီးတောက်များအတွက် လိုအပ်ချက်များ ရှိရုံသာမက လည်ပတ်ရမည့် စက်ဝန်းအရေအတွက်မှာလည်း အမြောက်အမြား ရှိရမည် ဖြစ်သည်။
ဤသည်မှာ တောင့်ခံရန် အလွန် ခက်ခဲသော အရာ ဖြစ်၏။ မည်သို့ပင်ဆိုစေ သွေးသည် အသက်၏ အရင်းအမြစ် ဖြစ်သည်။ ခန္ဓာကိုယ်အပြင်ဘက်တွင် အချိန်အကြာကြီး နေရခြင်းနှင့် ဆေးမီးဖို မီးတောက် များကြားတွင် လည်ပတ်နေရခြင်းမှာ ဝင်္ကပါစွမ်းအား၏ အကူအညီ ရှိလျှင်ပင် အလွန် နာကျင်ရသော လုပ်ငန်းစဉ်တစ်ခု ဖြစ်ပေသည်။
ထိုက်ရီအစစ်အမှန်ဂိုဏ်း ကို ဥပမာထားကြည့်လျှင် သာမန် တပည့်များအတွက် မဟာစက်ဝန်း တစ်ခု လည်ပတ်နိုင်ခြင်းကိုပင် အောင်မြင်သည်ဟု သတ်မှတ်သည်။ ပါရမီ အနည်းငယ် ရှိသူများမှာ ခုနစ်ကြိမ် သို့မဟုတ် ရှစ်ကြိမ် လည်ပတ်နိုင်ပေလိမ့်မည်။
အတွင်းစည်း ဂုဏ်ထူးဆောင်များမှာ ပျမ်းမျှ တစ်ဆယ့်ငါးကြိမ်ခန့် ဖြစ်၏။ တောင်ထိပ်တစ်ခုချင်းစီ၏ အစစ်အမှန်တပည့်များအတွက်မူ မဟာစက်ဝန်း သုံးဆယ်မှာ အနိမ့်ဆုံး စံနှုန်း ဖြစ်သည်။ ထိုထက် ပိုမိုနိုင်ရန်မှာ သူတို့၏ ကိုယ်ပိုင် စွမ်းဆောင်ရည်အပေါ်တွင်သာ လုံးဝ မူတည်ပေသည်။
မဟာစက်ဝန်း ငါးဆယ့်ရှစ်ခု ဆိုသည်မှာ ဂုဏ်ထူးဆောင်အဆင့် အောင်မြင်မှု ဖြစ်နေပြီဖြစ်ကာ ဂိုဏ်း၏ သမိုင်းကြောင်းတွင် မှတ်တမ်းတင်ခံရရန် လုံလောက်ပေသည်။
နင်းဖန်သည် မူလက ဤ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းနည်းလမ်းအတွက် စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သွေးသည် မွေးရာပါ ပါရှိလာသောအရာ ဖြစ်သောကြောင့်ပင်။
အရည်ပျော်နေသော သွေးမီးတောက်သစ္စာ နည်းလမ်းကို မလုပ်ဆောင်မီ ၎င်းကို ရုပ်ခန္ဓာကိုယ်ကဲ့သို့ နောက်မှရရှိသော နည်းလမ်းများဖြင့် ကျင့်ကြံ၍ မရနိုင်ချေ။ ဤသည်က မျိုးကွဲ ခန္ဓာကိုယ်များ ရှိသော ပါရမီရှင်များကို ပိုမို အခွင့်အသာ ရစေခဲ့သည်။
ဥပမာအားဖြင့် ပြင်ပ ကျင့်ကြံခြင်းတွင် အထူးပြုသော ဘုရင် ခန္ဓာကိုယ်၊ အရှင်သခင် ခန္ဓာကိုယ်များနှင့် သူတော်စင် ခန္ဓာကိုယ်များပင် ဖြစ်သည်။ သူတို့၏ သွေး အင်အားမှာ သဘာဝကျစွာပင် အခြားသူများ ထက် များစွာ သာလွန်နေခဲ့ပေသည်။
နင်းဖန်ကို ကြည့်လိုက်လျှင် သူ၏ ပါရမီမှာ မြင့်မားပြီး နားလည်နိုင်စွမ်းမှာ ထူးခြားသော်လည်း သူ၏ သွေးမှာမူ အသာမန်ဆုံး သေမျိုးသွေးသာ ဖြစ်သည်။ ၎င်းတွင် မည်သည့် ထူးခြားသော လက္ခဏာ သို့မဟုတ် အားသာချက်မျှ မရှိချေ။
ထို့ကြောင့် ကံစမ်းမဲ မနှိုက်မီက အရည်ပျော်နေသော သွေးမီးတောက်သစ္စာ နည်းလမ်းသည် နင်းဖန် အတွက် အမှန်တကယ်ပင် ခက်ခဲသော အတားအဆီးတစ်ခု ဖြစ်ခဲ့သည်ပင်။
ယခုမူ အရာအားလုံး ပြောင်းလဲသွားပြီ ဖြစ်သည်။ 'နဂါးကဲ့သို့ သွေးချီစွမ်းအား' ပါရမီသည် သူ၏ သွေး ၏ မီးတောက်အပေါ် ခံနိုင်ရည်ကို အဆတစ်ရာ တိုးမြင့်ပေးလိုက်ရာ ၎င်းကို မျိုးကွဲ ခန္ဓာကိုယ်များနှင့် ယှဉ်နိုင်သော၊ သို့မဟုတ် သာလွန်သော အဆင့်သို့ တိုက်ရိုက် မြှင့်တင်ပေးလိုက်ပြီ ဖြစ်သည်။
ဤနည်းဖြင့် အရည်ပျော်နေသော သွေးမီးတောက်သစ္စာ ၏ ကျင့်ကြံခြင်းမှာ သဘာဝကျစွာပင် ပြဿနာ မဟုတ်တော့ချေ။
"ဒီနည်းလမ်းနဲ့ ခန္ဓာကိုယ်ကို သန့်စင်ဖို့ဆိုရင် ငါ ထျန်းကုန်းတောင်ထိပ် ကို သွားဖို့ လိုအပ်မယ် ထင် တယ်...။"
နင်းဖန် သူ၏ မေးစေ့ကို ပွတ်သပ်ရင်း ကျမ်းစာဆောင်တွင် သူ ဖတ်ခဲ့ရသော တောင်ထိပ်တစ်ခုချင်းစီ၏ တာဝန်ဝတ္တရားများ ဖော်ပြချက်ကို ပြန်လည် သတိရလိုက်သည်။ ၎င်းတို့အနက် ထျန်းကုန်းတောင်ထိပ် သည် မှော်လက်နက်ဖန်တီးခြင်းကို အဓိကထားပြီး ဆေးဖော်စပ်ခြင်းကို တာဝန်ယူရသော ဆေးဖက်ဝင် အပင်တစ်ရာတောင်ထိပ်နှင့်အတူ ဂိုဏ်း၏ အဓိက ထောက်ပံ့ရေး ဌာနကြီး နှစ်ခုအဖြစ် သိကြလေ သည်။
မှော်လက်နက်ဖန်တီးခြင်းသည် အမျိုးမျိုးသော မီးတောက်များနှင့် နေ့စဉ် ထိတွေ့နေရသဖြင့် ထိုတောင် ထိပ်တွင် မီး ဝင်္ကပါများစွာ ရှိနေခဲ့သည်။ အကျိုးဆက်အနေဖြင့် အရည်ပျော်နေသော သွေးမီးတောက် သစ္စာ ဝင်္ကပါများကိုလည်း ထိုနေရာတွင်ပင် အဆင်ပြေအောင် တည်ဆောက်ထားခဲ့ကြပေသည်။
ဤအတွေးဖြင့် နင်းဖန် ဆုံးဖြတ်ချက် ချလိုက်သည်။ သူသည် ထျန်းကုန်းတောင်ထိပ်သို့ ချက်ချင်း သွားရောက် စုံစမ်းရန် ဆုံးဖြတ်လိုက်၏။ သူသည် ကျားခေါင်းကို ပွတ်သပ်နေသော ကျန်းထန် ကို ငုံ့ကြည့်ကာ ပြောလိုက်သည်...၊
"ဂျူနီယာညီမလေး။ ငါ ထျန်းကုန်းတောင်ထိပ်ကို တစ်ခေါက် သွားဖို့ လိုတယ်။"
"စီနီယာအစ်ကိုက အရည်ပျော်နေသော သွေးမီးတောက်သစ္စာ အတွက် သွားမှာလား။"
ဤသည်ကို ကြားသောအခါ ကျန်းထန်က သူမ၏ မျက်လုံးကြီးများကို ပုတ်ခတ်ရင်း မေးလိုက်သည်။ ဤစကားများက နင်းဖန်ကို အမှန်တကယ် အံ့အားသင့်စေခဲ့၏။ သူ၏ ထူးဆန်းသော အကြည့်အောက် တွင် ကျန်းထန်၏ မျက်နှာလေးမှာ နီရဲသွားပြီး ကြောက်ရွံ့စွာ ပြောလိုက်လေသည်...၊
"ဘာလို့လဲဆိုတာ ကျွန်မ မသိဘူး။ ဒါပေမယ့် 'ထျန်းကုန်းတောင်ထိပ်' ဆိုတဲ့ စကားလုံးကို ကြားလိုက် ရတဲ့အခါ အချို့သော အရာတွေက ကျွန်မရဲ့ စိတ်ထဲမှာ အလိုအလျောက် ပေါ်လာလို့ပါ….။"
ဤရှင်းပြချက်ကို ကြားရသဖြင့် နင်းဖန် တွေးတောလိုက်မိသည်။ မှတ်ဉာဏ်ဆုံးရှုံးနေသူ တစ်ဦးအ တွက် ရင်းနှီးသောအရာများကို ကြားရခြင်း သို့မဟုတ် မြင်တွေ့ရခြင်းက မှတ်ဉာဏ် ပြန်လည်ရရှိရန် အထောက်အကူ ဖြစ်စေသလား။
ဤသို့တွေးရင်း သူက ပြောလိုက်သည်...
"ဒါဆိုရင် ငါနဲ့အတူ လိုက်ခဲ့ပါ။"
တကယ်လို့ ကျန်းထန်သာ မှတ်ဉာဏ် ပြန်ရနိုင်ပါက ၎င်းမှာ ကောင်းသော ကိစ္စပင်။ ဖြစ်နိုင်သည်မှာ ဂိုဏ်းတွင် မည်သို့သော အပြောင်းအလဲများ ဖြစ်ပွားခဲ့သည်ကို သူမ သူ့အား အတိအကျ ပြောပြနိုင် ပေလိမ့်မည်။
မကြာမီ သူတို့နှစ်ဦး ပျံသန်းသည့်လှေကို မောင်းနှင်ကာ သားရဲတစ်သောင်းတောင်ထိပ်မှ ထွက်ခွာ ခဲ့ကြ လေသည်။ ရှေးဟောင်း အစက်အပြောက် ဘုရင်မှာမူ လီဖုန်း တောင်ကြားတွင် ကျန်ရစ်ခဲ့၏။
ထို ကြောက်မက်ဖွယ်ကောင်းသော လူသား ကျင့်ကြံသူ နောက်ဆုံးတွင် ထွက်ခွာသွားသည်ကို ကြည့်ရင်း သူ နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့သည်။ သူ၏ မောပန်းနေသော ကျားခန္ဓာကိုယ်ကို တောင်ကြား အနက်ရှိုင်းဆုံးနေရာသို့ ဆွဲခေါ်သွားရင်း ၎င်း၏ စိုးရိမ်မှုများကို ပြေပျောက်စေရန် အိပ်စက်ရန် ရည်ရွယ်လိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် သူ၏ ကျားမျက်နှာမှာ အေးခဲသွားခဲ့၏။ သူ နှစ်ပေါင်းများစွာ ခွေအိပ် ခဲ့သော ကျောက်တုံးကြီးများဖြင့် ပြုလုပ်ထားသည့် အသိုက်လေးမှာ လုံးဝ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွား သည်ကို မြင်လိုက်ရသောကြောင့်ပင်။ ယခု အိပ်စက်ရန် နေရာမရှိတော့ရုံသာမက သင့်တင့်လျောက် ပတ်သော နေရာတစ်ခုပင် မကျန်တော့ချေ။
ဤသည်က ရှေးဟောင်း အစက်အပြောက် ဘုရင်ကို ယနေ့ ကြုံတွေ့ခဲ့ရသော ဆင်းရဲဒုက္ခများကို ပြန် လည် သတိရစေခဲ့ပြီး ဝမ်းနည်းမှုများ လွှမ်းမိုးကာ ညည်းတွားသံ "အာဝူး" ဟု ထွက်ပေါ်လာခဲ့သည်။
မနက်နိုးနိုးချင်း အကြောင်းပြချက်မရှိဘဲ အရိုက်ခံရသည်၊ ထို့နောက် ဝိညာဉ် သားရဲအဖြစ် အတင်း အဓမ္မ ခေါ်ဆောင်ခံရသည်၊ ယခုမူ ၎င်း၏ အိမ်ပင် ပျောက်ကွယ်သွားခဲ့ပြီ။ ဒါ ဘယ်လို ကံဆိုးမှုမျိုးလဲ။
ခမ်းနားလှသော ရှေးဟောင်း အကြွင်းအကျန် မျိုးစိတ်တစ်ကောင်မှာ အမှန်တကယ်ပင် ငိုကြွေးတော့ မည့်ဆဲဆဲ ဖြစ်နေခဲ့လေသည်။
အခန်း (၈၈) ဘာလို့ သူတို့က ထပ်ပြီး ဖက်ထားကြပြန်တာလဲ
ရေတွက်မရနိုင်သော တောင်တန်းများနှင့် နက်ရှိုင်းသော တောင်ကြားများကြားတွင် လွင့်မျောနေသော တိမ်တိုက်များသည် ဝါဂွမ်းစိုင်လေးများကဲ့သို့ ရှိနေခဲ့သည်။
နင်းဖန်သည် သူ၏ လက်များကို နောက်ပစ်ကာ ပျံသန်းသည့်လှေပေါ်တွင် ရပ်နေရင်း သူ၏ ပါးပြင်ကို လာရောက် ထိတွေ့နေသော တောင်ပေါ် လေတိုက်ခတ်သံကို ခံစားနေခဲ့သည်။ သူ၏ နှလုံးသားမှာ လှုပ်ရှားသွားပြီး သူ၏ နောက်ကွယ်မှ ကျန်းထန်ကို ပြောလိုက်သည်...၊
"ဂျူနီယာညီမလေး။ ဒီအပေါ်မှာ လေက အရမ်း ပြင်းတယ်။ မင်းရဲ့ စီနီယာအစ်ကိုကို တင်းတင်းကြပ် ကြပ် ဆုပ်ကိုင်ထားပါ၊ ပြုတ်မကျစေနဲ့ဦး…။"
"ဟုတ်ကဲ့...။ "
ကျန်းထန်က သူ၏ စကားကို တိုးညင်းစွာ ပြန်ဖြေပြီး သူမ၏ သွယ်လျသော လက်ချောင်းလေးများကို ဆန့်ထုတ်လိုက်သည်။ ခဏတာ တုံ့ဆိုင်းပြီးနောက် နင်းဖန်၏ ဝတ်ရုံအောက်ဘက်မှ ထောင့်စွန်းလေး ကိုသာ သူမ အနည်းငယ် ဆွဲကိုင်လိုက်လေ၏။
"ဒါက ဘယ်လိုလုပ် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်တာ ဖြစ်မှာလဲ။ မင်းလို မိန်းကလေးကြီး တစ်ယောက်က တကယ်ပဲ ဒီလောက်တောင် ရှက်နေတာလား။"
ဤသည်ကို မြင်သောအခါ နင်းဖန် ခေါင်းခါလိုက်သည်။ ထို့နောက် သူက ကိုယ်တိုင် အစပြုကာ ကျန်းထန်၏ လက်ကောက်ဝတ်ကို ဆွဲယူလိုက်၏။ ညင်သာစွာ ရှေ့သို့ ဆွဲယူလိုက်ပြီးနောက် ထို သွယ်လျသော လက်မောင်းကို သူ၏ ခါးတွင် ရစ်ပတ်စေလိုက်လေသည်။
မိန်းကလေး၏ ခန္ဓာကိုယ် ရုတ်တရက် တောင့်တင်းသွားသည်ကို သူ ရှင်းလင်းစွာ ခံစားလိုက်ရ၏။ သူမ ၏ ပခုံးနှင့် ကျောပြင် လိုင်းများမှာ ရုတ်တရက် တင်းမာသွားပြီး သူမ၏ တစ်ကိုယ်လုံးမှာ သိသိသာသာ ပူနွေးလာကာ နားရွက်ဖျားများမှာ အနီရင့်ရောင်သို့ ပြောင်းသွားခဲ့သည်။
သူမ၏ ခြေထောက်များမှာလည်း နေရာတွင် အသေတပ်ထားသကဲ့သို့ ဖြစ်သွားပြီး လုံးဝ မရွေ့လျားနိုင် တော့ချေ။ သူမ၏ နဖူးကို နင်းဖန်၏ ဖြောင့်တန်းသော ကျောပြင်ပေါ်တွင် တင်ထားရင်း ပုံစံတစ်ခုတည်း ဖြင့် ငေးကြောင်ကာ ရပ်နေခဲ့သည်။
အေးစက်သော လေက သူတို့၏ နက်မှောင်သော ဆံပင်ဖျားများကို တိုက်ခတ်သွားပြီး လေထဲတွင် ရှုပ်ယှက်ခတ်နေစေကာ ရိုမန့်တစ်ဆန်သော အရိပ်အယောင်တစ်ခုကို ထည့်သွင်းပေးလိုက်သည်။
နင်းဖန်သည် သူ၏ ကျောပြင်ပေါ်သို့ ရုတ်တရက် ကျရောက်လာသော နွေးထွေးမှုကို ခံစားလိုက်ရသ ဖြင့် သူ၏ နှလုံးသားထဲတွင် ဂုဏ်ယူမှုများ မြင့်တက်လာပြီး သီချင်းတစ်ပုဒ်ကို မညည်းဘဲ မနေနိုင်ခဲ့ ချေ...
"Indulging in wine once more, when will it numb my depression..."
မိန်းကလေးတစ်ဦးကို ဆိုင်ကယ်ဖြင့် တင်ဆောင်သွားသည့် ဤနတ်ဘုရား သီချင်းသည် ဤမြင်ကွင်းနှင့် ကွက်တိပင် ဖြစ်သည်။ သူက ဆိုင်ကယ်အစား ပျံသန်းသည့်လှေကို မောင်းနှင်နေခြင်း ဖြစ်သော်လည်း ၎င်းမှာ အခြေခံအားဖြင့်တော့ အတူတူပင် ဖြစ်၏။
လေထုမှာ ခဏတာ တိတ်ဆိတ်သွားပြီး နင်းဖန်၏ သီချင်းဆိုသံသာ လွင့်မျောနေခဲ့သည်။
မိနစ်အနည်းငယ်ကြာအောင် တိတ်တဆိတ် နားထောင်ပြီးနောက် နောက်ဆုံးတွင် ကျန်းထန်သည် ထို ကျယ်ပြန့်သော ကျောပြင်ပေါ်မှ သူမ၏ ပါးပြင်ကို ကြောက်ရွံ့စွာဖြင့် ခွါလိုက်လေသည်။ သူမ၏ မေးစေ့လေးကို နင်းဖန်၏ ပခုံးပေါ်တွင် ညင်သာစွာ တင်ထားရင်း အသံတိုးတိုးဖြင့် မေးလိုက်သည်...
"စီနီယာအစ်ကို။ ရှင် ဘာသီချင်း ဆိုနေတာလဲ။ အရမ်း ထူးဆန်းတာပဲ...။"
စီနီယာအစ်ကိုက အမြဲတမ်း ထူးဆန်းသော စကားလုံးအချို့ကို ပြောလေ့ရှိပြီး ယခုမူ သူမ နားမလည် နိုင်သော သီချင်းတစ်ပုဒ်ကို ဆိုနေပြန်၏။ အသံထွက်တိုင်းက မရင်းနှီးသော်လည်း ရင်းနှီးမှု အရိပ် အယောင်လေး တစ်ခု ပါဝင်နေသဖြင့် သူမကို သိချင်စိတ် ပြင်းပြစေကာ ဇဝေဇဝါ ဖြစ်စေခဲ့သည်။
နင်းဖန်သည် သူမ၏ စကားကြောင့် ပြုံးလိုက်ပြီး ခေါင်းကို လှည့်ကာ ပြောလိုက်သည်...၊
"ဒါက ငါ့ရဲ့ ဇာတိမြေက ဒေသစကားဖြစ်တဲ့ ကွမ်တုံစကားပါ။ တကယ်လို့ မင်းက ဒါကို အသစ်အ ဆန်းလို့ ထင်ရင် ဂျူနီယာညီမလေး၊ နောင်ကျရင် မင်းကို ငါ သင်ပေးနိုင်ပါတယ်…။"
"တကယ်လား…။"
ကျန်းထန်၏ မျက်လုံးများထဲတွင် တောက်ပမှုများ ချက်ချင်း ထွက်ပေါ်လာပြီး သူမ၏ နှုတ်ခမ်းထောင့် များက တောက်ပသော အကွေးတစ်ခုအဖြစ် ကွေးတက်သွားခဲ့သည်။ သူမသည် ကွမ်တုံစကားကို အမှန်တကယ် စိတ်ဝင်စားနေကြောင်း သိသာပေသည်။
"စိတ်ချပါ၊ စီနီယာအစ်ကိုက ဘယ်တော့မှ လိမ်မပြောဘူး…။"
နင်းဖန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ပြီး သူ၏ ခြေအောက်ရှိ ပျံသန်းသည့်လှေမှာ ရုတ်တရက် အရှိန် မြင့်သွားခဲ့လေသည်။ ရုတ်တရက် လှုပ်ရှားမှုကြောင့် လက်လွှတ်တော့မည့်ဆဲဆဲ ဖြစ်နေသော ကျန်းထန် မှာ အံ့အားသင့်စွာ အော်ဟစ်လိုက်မိပြီး သူမ၏ တစ်ကိုယ်လုံးမှာ သူ့အား နောက်တစ်ကြိမ် တင်းတင်း ကြပ်ကြပ် ဖက်ထားလိုက်မိတော့သည်။
ပျံသန်းသည့်လှေသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ကို ခွင်းကာ ထျန်းကုန်းတောင်ထိပ်ဆီသို့ တည့်တည့် ဦးတည်သွားခဲ့လေသည်...။ ထိုအခိုက်အတန့်မှာပင်။
ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်း၌။ တပည့်များ အားလုံးသည် ရုတ်တရက် ရင်းနှီးသွားကြသော ထိုနှစ်ဦးကို မျက်လုံးပြူးကာ စိုက်ကြည့်နေကြသည်။ ထို့နောက် ချက်ချင်းပင် ဆူညံသံတစ်ခု ပေါက်ကွဲ ထွက်လာခဲ့ပြီး ရေတွက်မရနိုင်သော ယောက်ျားလေး တပည့်များ၏ နှလုံးကွဲသံများလည်း ပါဝင်နေခဲ့ သည်။
"နင်းဖန်….။ သူ ဘာလုပ်နေတာလဲ…။"
"အဲဒီ သစ္စာဖောက်။ အဲဒီ လူယုတ်မာ။ သူက သူတော်စင်မိန်းမပျိုရဲ့ မှတ်ဉာဏ်ဆုံးရှုံးမှုကို အခွင့်ကောင်း ယူပြီး အနားကို ကပ်နေတာပဲ…။"
"ပျံသန်းသည့်လှေ တစ်စီးတည်း အတူတူ စီးတာကို ငါ ဘာမှ မပြောတော့ဘူး၊ သူမက သူ့အဝတ်အ စားတွေကို ဆွဲထားတာကိုတောင် ငါ သည်းခံနိုင်သေးတယ်၊ ဒါပေမယ့် သူမရဲ့ ခါးကို ဖက်ခိုင်းတာက ဘာအဓိပ္ပာယ်လဲ…။"
"ဟုတ်တယ်။ ခရီးသွားရင် ခရီးပဲ သွားပါလား။ ဘာလို့ တစ်ယောက်နဲ့တစ်ယောက် ပူးကပ်နေရတာ လဲ…။"
"ငါ ဂိုဏ်းချုပ်ကို တွေ့ချင်တယ်။ ငါ သူ့ကို တိုင်ချင်တယ်။ နင်းဖန်ရဲ့ စရိုက်ကို ငါ အပြင်းအထန် သံသယ ရှိတယ်…။"
"ကျစ်။ ငါသာ ဂိုဏ်းထဲမှာ ရှိနေရင် ဒီသူခိုးကို ငါ့စိတ်ကြိုက် လွှတ်ထားမှာ မဟုတ်ဘူး…။"
"ဂျူနီယာညီလေး၊ စိတ်လျှော့ပါဦး။ နင်းဖန်က ဂိုဏ်းရဲ့ တပည့်ခေါင်းဆောင် ဖြစ်ပြီး အမြင့်ဆုံး အခြေ ခံအုတ်မြစ် ရှိတဲ့သူလေ။ မင်းက သူ့ရဲ့ စိတ်ခံစားချက်ကောင်းတွေကို ဖျက်ဆီးလိုက်ရင် သူ မင်းကို ထိုးကြိတ်မှာကို သတိထားဦး…။"
"ဘာကို ကြောက်နေရမှာလဲ။ နင်းဖန်က ယောက်ျားပဲ၊ ငါလည်း ယောက်ျားပဲ။ နင်းဖန်မှာ လက်သီးရှိ တယ်၊ ငါ့မှာလည်း လက်သီးရှိတယ်။ ဘာကို ကြောက်စရာ ရှိလို့လဲ။ စီနီယာအစ်ကိုက အဲဒီ နင်းဖန်က ငါ့ကို ကြောက်သလားဆိုတာကို ဘာလို့ မမေးတာလဲ…။"
"ဂျူနီယာညီလေးက သတ္တိရှိတာပဲ။ ငါလည်း ပါမယ်…။"
"အကြီးအကဲတွေ ဘယ်မှာလဲ။ ငါ့ကို မြန်မြန် အပြင်ထုတ်ပေးပါ၊ နင်းဖန်ကို ငါ စိန်ခေါ်ချင်လို့…။"
စိတ်ခံစားမှုများမှာ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သည်။ လူတိုင်း ဒေါသများဖြင့် ဆူပွက်နေကြ၏။ သူတော်စင်မိန်းမပျို ကျန်းချင်းဟန်သည် အလယ်ပိုင်းပြည်နယ်၏ နံပါတ်တစ် နတ်ဘုရားမ ဖြစ်ပြီး လူပေါင်းများစွာ၏ နှလုံးသားထဲမှ ဖြူစင်သော လရောင်လေး ဖြစ်သည်။
အပြင်ဘက်ရှိ ဂုဏ်ထူးဆောင် အင်အားစု အများအပြားမှ တာအို သားတော်များနှင့် နတ်ဘုရား သားတော်များပင်လျှင် ထိုက်ရီ သူတော်စင်မိန်းမပျိုအပေါ် သူတို့၏ အံ့သြလေးစားမှုများကို လူသိ ရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ဖူးလေသည်။
ဥပမာအားဖြင့် လမ်းစဉ်ခြောက်သွယ် ဗြဟ္မာဂိုဏ်း၏ ခေတ်ပြိုင် နတ်ဆိုး သားတော်သည် လက်ထပ်ခွင့် တောင်းရန် တန်ဖိုးကြီး လက်ဆောင်များ တစ်ခါက ယူဆောင်လာခဲ့ဖူးသည်။ ကံမကောင်းစွာဖြင့် အဆုံး တွင် သူသည် သူတော်စင်မိန်းမပျို၏ အရိပ်ကိုပင် မမြင်တွေ့ခဲ့ရဘဲ ဂိုဏ်းချုပ် ဖေ့ချင်းယွီ၏ ယဉ်ကျေး စွာ ငြင်းပယ်ခြင်းကို ခံခဲ့ရသည်။
ဤကိစ္စသည် အလယ်ပိုင်းပြည်နယ်၏ ပါရမီရှင်များကြားတွင် ရယ်စရာတစ်ခု ဖြစ်ခဲ့ဖူး၏။ ငယ်ရွယ် သော ပါရမီရှင်များစွာက လမ်းစဉ်ခြောက်သွယ် နတ်ဆိုး သားတော်၏ လူပြက်ကဲ့သို့ အပြုအမူကို လှောင်ပြောင်ခဲ့ကြပြီး သူသည် တံခါးဝမှပင် ပြန်လှည့်သွားရသူသာ ဖြစ်သည်ဟု ဆိုခဲ့ကြသည်။
လမ်းစဉ်ခြောက်သွယ် နတ်ဆိုး သားတော်သည် သဘာဝကျစွာပင် သည်းမခံနိုင်တော့ဘဲ မျက်နှာပူပူဖြင့် "ငါ့ရဲ့ ဆွဲဆောင်မှုက မလုံလောက်လို့ မဟုတ်ဘူး၊ ထိုက်ရီ သူတော်စင်မိန်းမပျိုက အရမ်း အေးစက်ပြီး မာနကြီးလွန်းလို့ပဲ။ အလယ်ပိုင်းပြည်နယ် တစ်ခုလုံးမှာ ဒီအမျိုးသမီးကို ဘယ်သူမှ အောင်နိုင်မှာ မဟုတ်ဘူး" ဟု လူသိရှင်ကြား ကြေညာခဲ့လေသည်။
ဤစကားများ ပြောပြီးနောက် ၎င်းသည် အမျိုးမျိုးသော အဓိက အင်အားစုများမှ ပါရမီရှင်များအကြား မကျေနပ်မှုများကို သေချာပေါက် ဖြစ်ပေါ်စေခဲ့သည်။ ထိုကာလအတွင်း လမ်းစဉ်ခြောက်သွယ် နတ်ဆိုး သားတော်၏ ကောလာဟလကို ချိုးဖျက်ရန်အတွက် သူတော်စင်မိန်းမပျိုကို တွေ့ဆုံရန် ထိုက်ရီအစစ် အမှန်ဂိုဏ်းသို့ ငယ်ရွယ်သော ပါရမီရှင် မည်မျှ ရောက်ရှိလာခဲ့သည်ကို မည်သူမျှ မသိချေ။
ပြီးတော့ နောက်ဆုံးရလဒ်မှာမူ သဘာဝကျစွာပင် သူတို့အားလုံး လက်ဗလာဖြင့် ပြန်လှည့်သွားခဲ့ရခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ ကမ္ဘာပေါ်တွင် မည်သူကမျှ နတ်ဆိုး သားတော်ကို ထပ်မံ မလှောင်ပြောင်ရဲ တော့ချေ။
ထိုက်ရီ သူတော်စင်မိန်းမပျို ကျန်းချင်းဟန်၏ ကျော်ကြားမှုသည်လည်း အဓိက ပါရမီရှင် အားလုံး လက်လှမ်းမမီနိုင်သော ဤပုံပြင်ကြောင့် ပိုမို မြင့်တက်လာခဲ့သည်။ သူမသည် များပြားလှသော နတ်ဘုရား မိန်းမပျိုများနှင့် တာအို မိန်းမပျိုများကြားတွင် ထင်ရှားနေခဲ့၏။
သူမကို ဝင်ရောက် စွက်ဖက်လိုသူများက "အလယ်ပိုင်းပြည်နယ်၏ နံပါတ်တစ် အလှပိုင်ရှင်" အဖြစ် သတ်မှတ်ခဲ့ကြသည်။ ထိုက်ရီအစစ်အမှန်ဂိုဏ်းမှ တပည့်များသည် ဤအချက်အပေါ် ပို၍ပင် ဂုဏ်ယူ ခဲ့ကြလေသည်။
ဒါပေမယ့် အခုကရော။ အလွန် မြင့်မားသော တောင်ပေါ်မှ ပန်းတစ်ပွင့်ကဲ့သို့ အေးစက်ပြီး မာနကြီးကာ စော်ကား၍မရသော ဤ သူတော်စင်မိန်းမပျိုမှာ မှတ်ဉာဏ်ဆုံးရှုံးမှုနှင့် ပြန်လည် ကျင့်ကြံခြင်းတို့ ကြောင့် နင်းဖန်၏ လှည့်ဖြားခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။
သူသည် သမိုင်းတွင် သူတော်စင်မိန်းမပျိုကို သူ၏ ရင်ခွင်ထဲသို့ ရောက်ရှိစေခဲ့သော ပထမဆုံးလူ ဖြစ်လာခဲ့၏။ တပည့်များစွာ မရူးသွပ်ဘဲ မည်သို့ နေနိုင်မည်နည်း။ သူတို့ တစ်ဦးစီတိုင်းမှာ နာကျည်းမှု များဖြင့် အံကြိတ်နေခဲ့ကြလေသည်။
အခြားတစ်ဖက်တွင်။ လျှို့ဝှက်နယ်မြေ တစ်ခုလုံးတွင် ပျံ့နှံ့နေသော ဆူညံသံများကို နားထောင်ရင်း အကြီးအကဲများစွာမှာလည်း အကူအညီမဲ့သော အမူအရာများ ပြသနေကြသည်။
သူတို့သည် သူတော်စင်မိန်းမပျိုနှင့် နင်းဖန်တို့ ရင်းနှီးမှုကို အမှန်တကယ် မကန့်ကွက်ကြချေ။ သူတို့ နှစ်ဦးစလုံးမှာ ဂိုဏ်း၏ ပါရမီရှင် တပည့်များ ဖြစ်ကြပြီး သူတို့သည် ရုပ်ရည်နှင့် ပါရမီတွင် လိုက်ဖက် သော စုံတွဲတစ်တွဲပင် ဖြစ်လေသည်။
အကယ်၍ ဤထူးခြားသော အတွေ့အကြုံကြောင့် သူတို့ကြားတွင် ချစ်ခြင်းမေတ္တာ အရိပ်အယောင်များ အမှန်တကယ် ပေါက်ဖွားလာပြီး တာအို အဖော်များ ဖြစ်လာခဲ့ပါက ၎င်းမှာ လှပသော ပုံပြင်တစ်ပုဒ် ဖြစ်လာပေလိမ့်မည်။ မည်သို့ပင်ဆိုစေ သူတော်စင်မိန်းမပျို၏ မွေးရာပါ ပါရမီဖြင့် ဤပြန်လည် ကျင့်ကြံခြင်းသည် အမြင့်ဆုံး အခြေခံအုတ်မြစ်ကို ရည်ရွယ်ထားခြင်း ဖြစ်သည်။
၎င်းကို ဖန်တီးပြီးသည်နှင့် ထိုနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ထောက်ပံ့ပေးကြမည်ဖြစ်ကာ သူတို့၏ အနာဂတ်မှာ ပိုမို ကျယ်ပြန့်လာမည်သာ ဖြစ်၏။ ၎င်းသည် ယခင်က ရှိခဲ့သော သူတော်စင် နှစ်ဦး အာဏာလုသည့် အခြေအနေကိုလည်း အဆုံးသတ်ပေးနိုင်ပေလိမ့်မည်။
"ဒီကလေးမလေး ချင်းဟန်က တော်တော် ကံကောင်းတာပဲ။ သူမသာ နင်းဖန်နဲ့ တကယ် တာအို အဖော် တွေ ဖြစ်လာရင် အဲဒါက နတ်ဘုရားကူးဖြတ်ခြင်း အဆင့်ရှိတဲ့ ခင်ပွန်းတစ်ယောက်ကို ကြိုတင် လက်ရ ယူထားတာနဲ့ အတူတူပဲ…။"
ရွှီယိုဝေသည် ဤအချိန်တွင် သူ၏ မေးစေ့ကို ပွတ်သပ်နေခဲ့သည်။ ဤတစ်ကြိမ်တွင် သူသည် လျှာသွက်နေခြင်း သို့မဟုတ် သရော်နေခြင်း မရှိဘဲ မနာလိုမှုများ ပြည့်နှက်နေသော မျက်နှာဖြင့် စကားပြောလိုက်လေ၏။
ဤသည်ကို ကြားသောအခါ ဖေ့ချင်းယွီကလည်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်...၊
"ဒီတစ်ကြိမ်က ကံကြမ္မာရဲ့ တိုက်ဆိုင်ဆုံတွေ့မှု တစ်ခုလည်း ဖြစ်ပါတယ်။ တကယ်လို့ အဲဒီ နဂါးမျိုးနွယ် စု နတ်ဘုရားစွမ်းရည် အခွင့်အရေးသာ မရှိခဲ့ရင် ချင်းဟန်က ပြန်လည် ကျင့်ကြံဖို့ သူမရဲ့ ကျင့်ကြံမှုကို ဖြုန်းတီးမှာ မဟုတ်ဘူး။ ဒါဆိုရင် အခု မြင်တွေ့နေရတဲ့ မြင်ကွင်းက တခြား တစ်မျိုး ဖြစ်သွားနိုင်ပါ တယ်….။"
အခြားသူများ အားလုံး သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။ သူတော်စင်မိန်းမပျို ကျန်းချင်းဟန်၏ နှလုံးသားမှာ မဟာတာအိုပေါ်တွင်သာ ရှိခဲ့သည်။ သူမသည် အထီးကျန်စွာ နေထိုင်ပြီး လူများကို အလှမ်းဝေးစေခဲ့၏။
အကယ်၍ သူမသာ မှတ်ဉာဏ် မဆုံးရှုံးခဲ့ပါက ယခုကဲ့သို့ အိမ်နီးချင်း မိန်းကလေး တစ်ဦးကဲ့သို့ နာခံမှု ရှိနေမည် မဟုတ်ချေ။ နင်းဖန်သည် သူမအနားကိုပင် ကပ်နိုင်မည် မဟုတ်ကြောင်း စိုးရိမ်ရပြီး အခြား ပါရမီရှင်များကဲ့သို့ပင် မည်မျှပင် ချိုသာသော စကားများ ပြောဆိုပါစေ သူတော်စင်မိန်းမပျိုက သူ့ကို တစ်မျိုးတစ်ဖုံ ကြည့်လာရန်မှာ ခက်ခဲပေလိမ့်မည်။
"ဒါဟာ အချိန်အခါနဲ့ ကံကြမ္မာရဲ့ ကိစ္စပဲ…။"
လီချန်မင်က သူ၏ မုတ်ဆိတ်မွေးကို ပွတ်သပ်လိုက်သည်။ ချက်ချင်းပင် သူ၏ အကြည့်များမှာ အနည်း ငယ် အေးခဲသွားပြီး အချို့သော စိတ်လှုပ်ရှားမှုများဖြင့် ပြောလိုက်သည်...၊
"သူတို့ ငါ့ရဲ့ ထျန်းကုန်းတောင်ထိပ်ကို ရောက်လာကြပြီ…။"
ထိုက်ရီအစစ်အမှန်ဂိုဏ်း၏ ပင်မ တောင်ထိပ် ဆယ့်နှစ်ခုအနက် နင်းဖန်သည် ကျွမ်းကျင်မှုသင်ကြားရေး တောင်ထိပ်၊ ဆေးဖက်ဝင်အပင်တစ်ရာတောင်ထိပ်နှင့် သားရဲတစ်သောင်းတောင်ထိပ်တို့သို့ သွားရောက် ခဲ့ပြီး ဖြစ်လေသည်။
ထို့အပြင် သူသည် ၎င်းတို့အားလုံးနှင့် နက်ရှိုင်းသော ဆက်ဆံရေးများကို ဖန်တီးခဲ့၏။ ဤသည်က လီချန်မင်ကို နင်းဖန် မည်သည့်အချိန်တွင် ထျန်းကုန်းတောင်ထိပ်သို့ ရောက်လာမလဲဆိုသည်ကို အမြဲတမ်း မျှော်လင့်နေစေခဲ့သည်။
ထိုအခိုက်အတန့်မှာပင်။ အောက်ဘက်ရှိ ပျံသန်းသည့်လှေသည် တိမ်တိုက်များနှင့် နေရာလွတ်များကို နောက်ဆုံးတွင် ဖြတ်သန်းသွားခဲ့ပြီး ထျန်းကုန်းတောင်ထိပ်သို့ ဆင်းသက်လိုက်ပြီ ဖြစ်သည်။