← Chapters

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း (၈၉) စီနီယာအစ်ကို၊ ရှင် အရမ်းလောနေတာပဲ

"နင်းဖန်က ငါ့ရဲ့ ထျန်းကုန်းတောင်ထိပ် ကို အရည်ပျော်နေသော သွေးမီးတောက်သစ္စာ အတွက် လာပြီး တဲ့နောက် သူ့ရဲ့ အင်အား ဘယ်လောက်တောင် တိုးတက်လာမလဲဆိုတာ ငါ သိချင်မိတယ်...။"

"တကယ်လို့ သူက ဂိုဏ်းအားလုံးရဲ့ စံချိန်တွေကို တစ်ချက်တည်းနဲ့ ချိုးဖျက်လိုက်ရင် ငါတို့ ဘာလုပ်သင့် သလဲ...။"

"တောင်ထိပ်အရှင်သခင် ဖြစ်တဲ့ ငါလည်း သူနဲ့အတူ နာမည်ကြီးလာမှာ မဟုတ်ဘူးလား...။"

လီချန်မင် က မျက်နှာပေါ်တွင် အပြုံးများဖြင့် စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်သည်။ ဤသည်ကို မြင်ရ သောအခါ အားလုံးက တစ်ယောက်ပြီးတစ်ယောက် မျက်လုံးလှန်ပြလိုက်ကြ၏။

ရွှီယိုဝေက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်...၊

"စီနီယာအစ်ကိုလီ၊ ခင်ဗျား အနေနဲ့ ထျန်းကုန်းတောင်ထိပ် မှာ အရည်ပျော်နေသော သွေးမီးတောက် သစ္စာ ဝင်္ကပါ ကို တည်ဆောက်ခဲ့တဲ့ ဘိုးဘေး ကိုပဲ ကျေးဇူးတင်သင့်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင် အဲဒီလို စုတ်ပြတ်သတ်နေတဲ့ နေရာကို နင်းဖန် တစ်သက်လုံး ခြေချမှာ မဟုတ်ဘူး...။"

"ဘာတွေ ပြောနေတာလဲ….။"

လီချန်မင် ချက်ချင်းပင် မကျေမနပ် ဖြစ်သွားပြီး သူ၏ မျက်ခုံးများ ပင့်တက်သွားသည်။

သူ၏ ထျန်းကုန်းတောင်ထိပ် သည် ပင်မ တောင်ထိပ် ဆယ့်နှစ်ခု ထဲတွင် တပည့်များကြား၌ တကယ်ပင် ရေပန်းမစားသည်မှာ မှန်သော်လည်း လူပုံအလယ်တွင် အပြောခံရခြင်းက တစ်မျိုးပင် ဖြစ်သည်။

ထိုက်ရီအစစ်အမှန်ဂိုဏ်း တွင် ထျန်းကုန်းတောင်ထိပ် နှင့် ဆေးဖက်ဝင်အပင်တစ်ရာတောင်ထိပ် တို့မှာ အရေးကြီးသော ထောက်ပံ့ရေး ဌာနကြီးများ ဖြစ်ကြောင်း လူတိုင်း သိကြသည်။

သို့သော် အမှန်တကယ်တွင် ဆေးဆရာ အသက်မွေးဝမ်းကျောင်း၏ ထူးခြားသော သဘောသဘာဝနှင့် ဆေးဖက်ဝင်အပင်တစ်ရာတောင်ထိပ် ၏ ကြွယ်ဝသော ဝိညာဉ်ချီ များကြောင့် တပည့်များသည် ထိုနေ ရာသို့သာ သွားရန် ပိုမို နှစ်သက်ကြလေ၏။

ဆန့်ကျင်ဘက်အားဖြင့် ထျန်းကုန်းတောင်ထိပ် မှာမူ...

တောင်ထိပ် ဆယ့်နှစ်ခု၏ အစွန်အဖျားတွင် တည်ရှိပြီး မိုင်းတွင်းတစ်ခုပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ အဝေးမှ ကြည့်လျှင် မီးခိုးများနှင့် ဖုန်မှုန့်များကြောင့် ညစ်ပတ်နေပုံရ၏။

တောင်ထိပ် တစ်ခုလုံးတွင် အဆုံးမရှိသော သံပန်းထုသံများ၊ ရေတွက်မရနိုင်သော မှော်လက်နက် ဖန်တီးခြင်း အခန်း များ နှင့် အမျိုးမျိုးသော မီးအခြေပြု ဝင်္ကပါ များသာ ရှိသည်။ သာမန် ကျင့်ကြံခြင်း အခြေအနေအောက်တွင် လက်နက် လိုအပ်သည်မှလွဲ၍ မည်သည့် တပည့်မှ ဤနေရာသို့ လာလိုကြ မည် မဟုတ်ချေ။

ယခုအခါ နင်းဖန်သည် နောက်ဆုံးတွင် ထိုတောင်ထိပ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ရာ ရွှီယိုဝေ၏ လှောင်ပြောင်မှုကို ခံလိုက်ရသဖြင့် လီချန်မင် သဘာဝကျစွာပင် မပျော်မရွှင် ဖြစ်သွားသည်။ သူ၏ အမြင်တွင်မူ အကြီးအကဲများ အားလုံးသည် တစ်နေ့တွင် နင်းဖန်နှင့် တွေ့ဆုံရမည့် နေ့ ရှိလာမည် ဖြစ်သည်။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် နင်းဖန်သည် သူ၏ ကျင့်ကြံခြင်းကို ကူညီပေးခဲ့သော တောင်ထိပ် အပေါ် ပိုမို ရင်းနှီးမှု ရှိလာမည်မှာ သေချာပေသည်။

ဖြစ်နိုင်သည်မှာ ဤသံယောဇဉ်ကို အားကိုး၍ သူသည် အခြားသူများကို ကျော်တက်နိုင်ပေလိမ့်မည်။ ဂိုဏ်းချုပ် နှင့် အကြီးဆုံး စီနီယာအစ်မတော် ထံမှ တပည့်လက်ခံခွင့်ကို လုယူပြီး နင်းဖန်ကို သူ၏ တိုက်ရိုက်တပည့် အဖြစ် လက်ခံနိုင်ကောင်း ခံနိုင်လိမ့်မည်။

ထိုသို့ဆိုလျှင် သူ အမှန်တကယ်ပင် အောင်မြင်သွားပေလိမ့်မည်။ အမြင့်ဆုံး အခြေခံအုတ်မြစ် ရှိသော တပည့်တစ်ယောက်နှင့်ဆိုလျှင် သူ၏ ဘဝလက်ကျန် အချိန်များကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပေသည်။ သူ၏ နာမည်ကြီးမှာလည်း ဂိုဏ်းတစ်ခုလုံး၏ သမိုင်းမှတ်တမ်းများတွင် မှတ်တမ်းတင်ခံရမည် ဖြစ်၏။

လီချန်မင် တစ်ယောက် စိတ်ကူးယဉ်နေချိန်တွင် ပတ်ဝန်းကျင်ရှိ အကြီးအကဲများသည် သူ့ကို ဂရုမစိုက် တော့ဘဲ အောက်ဘက်သို့ ငုံ့ကြည့်ကာ မြင်ကွင်းကို အာရုံစိုက်နေခဲ့ကြလေသည်။

"နင်းဖန်က ဝင်္ကပါ အတွက် ဘယ်လို မီးတောက်မျိုးကို ရွေးချယ်မလဲဆိုတာ ငါ သိချင်မိတယ်...။"

"သာမန်မီးကတော့ သူ့အတွက် မထိုက်တန်တာ သေချာပါတယ်။ ထူးဆန်းသည့် မီးတောက် တွေထဲမှာ ဆိုရင် မီးခိုးစိမ်း နွေးထွေးသော ကျောက်စိမ်းမီးတောက် ဒါမှမဟုတ် ကြာဖြူ သန့်စင်သောမီးတောက် တို့ဆိုရင် ကောင်းလိမ့်မယ်...။"

"မှန်တယ်…၊ ဒီမီးတောက် နှစ်မျိုးက စွမ်းအား သိပ်မပြင်းထန်ဘူး၊ ပြီးတော့ ကြာဖြူ သန့်စင်သော မီးတောက် က မြင့်မြတ်တဲ့ ကုသခြင်း မီးတောက် တစ်မျိုးတောင် ဖြစ်သေးတယ်၊ ဒါကြောင့် သွေးမီး တောက်သစ္စာ နည်းလမ်း အတွက် အသင့်တော်ဆုံးပဲ...။"

"အဲဒီတုန်းက မဟာစက်ဝန်း ငါးဆယ့်ရှစ်ကြိမ်ကို ပြီးမြောက်ခဲ့တဲ့ ငါတို့ဂိုဏ်းရဲ့ ပါရမီရှင်ကလည်း ကြာဖြူ သန့်စင်သောမီးတောက် ကိုပဲ သုံးခဲ့တာလေ...။"

"ဒါပေမယ့်... နင်းဖန်က မတူညီတဲ့ မီးတောက်တွေကြားက ကွာခြားချက်ကို သိပါ့မလား...။"

"တကယ်ပဲ…။ ငါတို့ ဒီမှာ ဆွေးနွေးနေကြတာ ကြာလှပြီ၊ နင်းဖန်က ပြင်းထန်တဲ့ ထူးဆန်းသည့် မီးတောက် တစ်ခုကိုများ ရွေးလိုက်ရင် ငါတို့ ဒီအတိုင်း စိုးရိမ်တကြီးနဲ့ ကြည့်နေရရုံပဲ ရှိမှာလား...။"

"ဟင်း... ဆရာတစ်ယောက်ရဲ့ လမ်းညွှန်မှု မပါဘဲနဲ့တော့ မဖြစ်ဘူးပဲ...။"

"မှတ်ဉာဏ်ဆုံးရှုံးနေတဲ့ သူတော်စင်မိန်းမပျိုက နင်းဖန်ကို နည်းနည်းလောက် ကူညီပေးနိုင်မလား...။"

အကြီးအကဲများစွာက စိတ်ဝင်တစား ဆွေးနွေးနေကြသော်လည်း အဆုံးတွင် သက်ပြင်းသာ ချလိုက်ကြ လေသည်။ သူတို့၏ နှလုံးသားထဲတွင် စိုးရိမ်ပူပန်မှု လှိုင်းများ မြင့်တက်လာခဲ့၏။ အရည်ပျော်နေသော သွေးမီးတောက်သစ္စာ နည်းလမ်းသည် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း နည်းလမ်းများထဲတွင် အန္တရာယ်ရှိမှု အဆင့်၌ ကောင်းကင်မိုးကြိုး ကိုယ်တွင်းအင်္ဂါငါးခု သန့်စင်ခြင်း ပြီးလျှင် ဒုတိယ နေရာတွင် ရှိသည်။

အဘယ်ကြောင့်ဆိုသော် ဤနည်းလမ်းသည် ခန္ဓာကိုယ်အတွင်းရှိ သွေးများအားလုံးကို ခန္ဓာကိုယ်အပြင် သို့ ထုတ်ယူရန် ထူးဆန်းသည့် မီးတောက် တစ်ခုကို အသုံးပြုရသောကြောင့်ပင်။ ၎င်းမှာ အလွန် ကြောက်မက်ဖွယ်ကောင်းသော လုပ်ငန်းစဉ် ဖြစ်သည်။

သေမျိုး တစ်ဦးအတွက်မူ သွေးများအားလုံး ခန္ဓာကိုယ်ထဲက ထွက်သွားသည်နှင့် သူတို့ သေဆုံးသွား မည် ဖြစ်လေသည်။ ကျင့်ကြံသူများမှာမူ ကွဲပြားသော်လည်း ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် မှာ ရှိနေသူများသည် လူသားနယ်ပယ် အတွင်းမှာသာ ရှိနေသေးပြီး မသေမျိုး သို့မဟုတ် ဖျက်ဆီး၍မရ သော အဆင့်သို့ မရောက်သေးချေ။

ဤသည်မှာလည်း ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် ကျင့်ကြံသူ အများစုအတွက် မဟာစက်ဝန်း တစ်ခု ကိုသာ ပြီးမြောက်ခြင်းကပင် ကောင်းမွန်သော ရလဒ်ဟု သတ်မှတ်ရခြင်း၏ အကြောင်းရင်းပင်။ သွေး သည် ခန္ဓာကိုယ်ပြင်ပတွင် ကြာရှည်စွာ ရှိနေလေလေ၊ ကိုယ်ပိုင် အသက်အတွက် အန္တရာယ် ပိုမို ကြီးမားလေလေ ဖြစ်သောကြောင့်ပင်။

ထို့အပြင် မီးတောက်ကို ရွေးချယ်ခြင်းမှာလည်း ကြီးမားသော အတားအဆီး တစ်ခု ဖြစ်သည်။ သာမန် ကျင့်ကြံသူများအတွက် သာမန်မီးသည် လုံလောက်သော်လည်း ပါရမီရှင်များမှာမူ သဘာဝကျစွာပင် အကောင်းဆုံးကိုသာ လိုက်စားကြပြီး ထူးဆန်းသည့် မီးတောက် များကို အသုံးပြုကြသည်။

မဟာ ကမ္ဘာတစ်ထောင် တွင် ထူးဆန်းသည့် မီးတောက် များစွာ ရှိပြီး တစ်ခုစီတွင် မတူညီသော အကျိုး သက်ရောက်မှုများ ရှိကြ၏။ အများစုမှာ ဖျက်ဆီးခြင်း၏ ပြယုဂ်များအဖြစ် ပြင်းထန်ပြီး အားကောင်း ကြသော်လည်း ကမ္ဘာပေါ်တွင် အတော်အတန် နူးညံ့သော ထူးဆန်းသည့် မီးတောက် များလည်း ရှိပေ သည်။

ထို့ကြောင့် သွေးမီးတောက်သစ္စာ အတွက် မီး ဝင်္ကပါ ကို အသုံးပြုသောအခါ ထိုကဲ့သို့သော မီးတောက် အမျိုးအစားများကို ဦးစားပေးကြသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ပိုင် သွေးအပေါ် ပျက်စီးစေမှုမှာ ထိုမျှလောက် မကြီးမားသောကြောင့်ပင်။

ဆိုလိုသည်မှာ ကျင့်ကြံသူသည် နောက်ထပ် စက်ဝန်းအနည်းငယ်ကိုသာ ပိုမို၍ သည်းခံနိုင်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေ ကျင့်ကြံခြင်းတွင် ကျင့်ကြံသူများသည် တည်ငြိမ်မှုကိုသာ ဦးစားပေးကြသည်။

ဆန့်ကျင်ဘက်အားဖြင့် စွမ်းအားပြင်းသော ထူးဆန်းသည့် မီးတောက် များကို မစဉ်းစားမဆင်ခြင်ဘဲ ရွေးချယ်သူများသည် အရူးများ သို့မဟုတ် စစ်မှန်သော ဆရာကြီးများသာ ဖြစ်ကြပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော ပျက်စီးစေမှု များပြားသည့် ထူးဆန်းသည့် မီးတောက် များသည် သွေးကို သန့်စင်ပေးရာတွင် များစွာ ပိုမို အစွမ်းထက်သောကြောင့်ပင်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက အလယ်ပိုင်းပြည်နယ် တွင် 'ကိုးနဂါး လျှပ်စီး ဝိညာဉ်မီးတောက်' ဖြင့် သွေးမီးတောက်သစ္စာ ပြုလုပ်ခဲ့ သော ရက်စက်သည့် လူတစ်ယောက် ရှိခဲ့ဖူးသည်။

သူသည် မဟာစက်ဝန်း (၃၉) ကြိမ်သာ သည်းခံနိုင်ခဲ့သော်လည်း ၎င်း၏ အကျိုးသက်ရောက်မှုမှာ အခြားသူများ 'မီးခိုးစိမ်း နွေးထွေးသော ကျောက်စိမ်းမီးတောက်' ဖြင့် (၄၈) ကြိမ် လည်ပတ်ခြင်းနှင့် နှိုင်းယှဉ်နိုင်သည်ဟု ဆိုကြသည်။ သို့သော် ထိုလူသည် နောက်ဆုံးတွင် အလွန် လောဘကြီးသွားခဲ့ပြီး မရပ်တန့်ခဲ့ချေ။

သူ၏ ခန္ဓာကိုယ်က ဆက်လက် မတောင့်ခံနိုင်တော့သည့် အချိန်တွင် (၄၀) ကြိမ်မြောက် စက်ဝန်းအ တွက် သူ ကြိုးစားခဲ့သည်။ ရလဒ်အနေဖြင့် သူသည် မီးလောင်ကျွမ်းခဲ့ရပြီး သူ၏ သွေးများ ခမ်းခြောက် ကာ နေရာမှာတင် ရက်ရက်စက်စက် သေဆုံးသွားခဲ့ရလေ၏။

ထိုအချိန်မှစ၍ အဓိက အင်အားစုများမှ ပါရမီရှင်များသည် တည်ငြိမ်မှုကိုသာ ရှာဖွေကြတော့သည်။ မည်သူကမျှ သူတို့၏ အသက်ဖြင့် နောက်ပြောင်ခြင်း မပြုရဲတော့ချေ။ မည်သို့ပင်ဆိုစေ အရည်ပျော် နေသော သွေးမီးတောက်သစ္စာ နည်းလမ်းသည် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် ကျင့်ကြံခြင်းတွင် သေးငယ်သော အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပြီး အသက်ကို စွန့်စားရန် မလိုအပ်ချေ။

ထိုသို့ မဟုတ်လျင် တစ်ခုခု မှားယွင်းသွားတာနဲ့ မင်းမှာ ဘယ်လောက်ပဲ မြင့်မြတ်တဲ့ ပါရမီ သို့မဟုတ် ဂုဏ်ထူးဆောင်အဆင့် မျိုးကွဲ ခန္ဓာကိုယ် ရှိရှိ အရာအားလုံးက ဘာမှမဟုတ်တော့တဲ့ အရာတွေအဖြစ် ပြောင်းလဲသွားပေလိမ့်မည်ဖြစ်၏။

ယခု အကြီးအကဲများစွာ စိုးရိမ်နေကြသည်မှာ နင်းဖန်အနေဖြင့် ထူးဆန်းသည့် မီးတောက် ကို ရွေးချယ် ရာတွင် မစဉ်းစားမဆင်ခြင်ဘဲ လုပ်ဆောင်မည်လား ဆိုသည်ပင်။

သူသည် ဘာပဲဖြစ်ဖြစ် အားနည်းသော သွေးမျိုးဆက် ရှိသည့် သေမျိုးခန္ဓာကိုယ် သက်သက်သာ ဖြစ် သည်။ 'မီးခိုးစိမ်း နွေးထွေးသော ကျောက်စိမ်းမီးတောက်' သို့မဟုတ် 'ကြာဖြူ သန့်စင်သောမီးတောက်' ကဲ့သို့သော နူးညံ့သည့် မီးတောက်များကို ရွေးချယ်ခြင်းက အသင့်တော်ဆုံး ဖြစ်သည်။

အကယ်၍ အကျိုးသက်ရောက်မှုက မလုံလောက်ပါက နောက်ထပ် စက်ဝန်းအနည်းငယ်ကိုသာ သူ ထပ်မံ လည်ပတ်နိုင်ပေသည်။ အသက်ဆုံးရှုံးရခြင်းထက်စာလျှင် အမြဲတမ်း ပိုကောင်းပေသည်။

လူတိုင်း၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှု အမျိုးမျိုး ဖြတ်သန်းသွားချိန်မှာပင်။

အောက်ဘက်တွင်။

ထျန်းကုန်းတောင်ထိပ်။

နင်းဖန် နှင့် ကျန်းထန် တို့သည် ပျံသန်းသည့်လှေ ပေါ်မှ ဆင်းသက်လိုက်ကြသည်။ မိန်းကလေးနှင့် ပိုးပန်းနေသော သူ၏ လုပ်ရပ်များသည် ဂိုဏ်းတစ်ခုလုံးကို လှုပ်ခတ်စေခဲ့ကြောင်း သူ မသိသေးချေ။ ယခုအချိန်တွင် သူသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

ဤတောင်ထိပ်၏ ဝိညာဉ်ချီ များမှာ အခြားသော ပင်မ တောင်ထိပ်များနှင့် နှိုင်းယှဉ်လျှင် တကယ်ပင် ပိုမို နည်းပါးနေသည်ကို သူ တွေ့ရှိခဲ့ရ၏။ စိမ်းလန်းစိုပြေမှုများကို မမြင်ရဘဲ အရာအားလုံးမှာ မီးခိုး ရောင်နှင့် မှိန်ဖျော့နေပြီး ၎င်းမှာ မိုင်းတွင်းတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။

ပင်မတောင်ထိပ်၏ ခန်းမရင်ပြင် နှစ်ဖက်စလုံးတွင် မှော်လက်နက်ဖန်တီးခြင်း အခန်း များ တစ်ခုပြီး တစ်ခု တည်ရှိနေပြီး နေရာအနှံ့တွင်လည်း သံထုသည့် ခုံများကို မြင်တွေ့နိုင်ပေသည်။ နင်းဖန် ပင်မ ခန်းမထဲသို့ လျှောက်လှမ်းဝင်သွားသောအခါ ၎င်းမှာ လက်နက်ဆိုင် တစ်ခုထဲသို့ ဝင်သွားရသကဲ့သို့ပင်။ အမျိုးမျိုးသော နတ်ဘုရား လက်နက်များနှင့် ချပ်ဝတ်တန်ဆာများမှာ ပေါများလှပေသည်။

"ဂျူနီယာညီမလေး... မင်း တစ်ခုခု မှတ်မိသေးလား...။"

လှည့်လည်ကြည့်ရှုပြီးနောက် နင်းဖန်က သူ့ဘေးရှိ ကျန်းထန် ကို မေးလိုက်သည်။ နောက်ဆုံးလူက ခေါင်းခါလိုက်၏။ သူမ မှတ်ဉာဏ် မဆုံးရှုံးမီကပင် ဤနေရာသို့ ရှားရှားပါးပါးသာ လာခဲ့ဖူးကြောင်း ထင်ရှားပေသည်။

ဤသည်ကို မြင်သောအခါ နင်းဖန် ဂရုမစိုက်တော့ချေ။ သူ၏ အကြည့်များသည် အမျိုးမျိုးသော လက်နက်များပေါ်တွင် ရပ်တန့်မနေဘဲ မီး ဝင်္ကပါ ရှိရာ နေရာသို့သာ တည့်တည့် ဦးတည်သွားခဲ့လေ တော့သည်။

မကြာမီ ဟင်းလင်းပြင် နေရာတစ်ခု မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့သည်။ မြေပြင်ပေါ်တွင် ရှစ်ကွက် ပုံစံ ဝင်္ကပါ ပုံစံများ ထွင်းထုထားသည်ကို မြင်တွေ့နိုင်၏။ ၎င်း၏ ဘေးတွင် ရှင်းလင်းသော မိတ်ဆက် စာများ ရေးသားထားသည့် ကျောက်စာတိုင် တစ်ခု ရှိနေခဲ့သည်။

"ထူးဆန်းသည့် မီးတောက် သွေးမီးတောက်သစ္စာ ပြုလုပ်ရာနေရာ။ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် ကျင့်ကြံသူများ ဝင်ရောက်နိုင်သည်။ သာမန်မီးဖြင့် ဝင်္ကပါထဲသို့ ဝင်ရောက်ပါက ပံ့ပိုးမှုအမှတ် သုံးထောင် တစ်ကြိမ် ကျသင့်မည်။ ထူးဆန်းသည့် မီးတောက် များအတွက် စျေးနှုန်းများမှာ ကွဲပြား ပေသည်...။"

နင်းဖန် ဖတ်ပြီးနောက် ကျောက်စာတိုင်၏ အနောက်ဘက်သို့ ကြည့်လိုက်လေသည်။ ဤနေရာတွင် 'မီးတောက် ထုတ်ယူရာ အခန်း' ဟု ကမ္ပည်းတပ်ထားသော အခန်းတစ်ခန်း ရှိ၏။ အတွင်း၌ အမျိုးမျိုး သော အရောင်အသွေးစုံသည့် မီးတောက်များမှာ လေထဲတွင် လွင့်မျောနေပြီး မီးတောက်တစ်ခုချင်း စီ၏ အောက်တွင် ၎င်း၏ စျေးနှုန်းနှင့် ဇာစ်မြစ်ကို မိတ်ဆက်ထားသော စာလုံးအသေးလေးများ ရှိနေ ခဲ့လေသည်။

"မီးခိုးစိမ်း နွေးထွေးသော ကျောက်စိမ်းမီးတောက်၊ ပံ့ပိုးမှုအမှတ် ကိုးထောင်၊ ကြာဖြူ သန့်စင်သောမီး တောက်၊ ပံ့ပိုးမှုအမှတ် တစ်သောင်းနှစ်ထောင်၊ သားရဲတစ်သောင်း ကောင်းကင်မီးတောက်၊ ပံ့ပိုးမှု အမှတ် တစ်သောင်းလေးထောင်...။"

နင်းဖန်သည် မျက်စိကျိန်းသွားပြီး ခဏတာ မည်သို့ ရွေးချယ်ရမည်ကို မသိဖြစ်သွားခဲ့သည်။ သူက သူ့ဘေးရှိ ကျန်းထန် ကို ကြည့်ကာ မမေးဘဲ မနေနိုင်တော့ချေ...၊

"ဂျူနီယာညီမလေး... မင်းရဲ့ အရည်ပျော်နေသော သွေးမီးတောက်သစ္စာ တုန်းက ဘယ်လို မီးတောက် မျိုးကို သုံးခဲ့တာလဲ...။"

"အင်း..."

ဤသည်ကို ကြားသောအခါ ကျန်းထန် သည် အမှတ်ရရန် အပြင်းအထန် ကြိုးစားရင်း အတွေးနက်သွား ခဲ့လေသည်။

"ရွှေရောင်၊ ရွှေရောင်...၊ ဖြစ်မယ် ထင်တယ်...။"

"ရွှေရောင်လား...။"

နင်းဖန် ချက်ချင်း စတင် ရှာဖွေတော့သည်။ သူ၏ မျက်လုံးများက ဝေ့ကြည့်လိုက်သည်နှင့် သူ၏ မျက်လုံးများ လင်းလက်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် အခန်း၏ အမြင့်ဆုံးနေရာတွင် ရွှေရောင် မီးတောက် တစ်ခုသည် အလွန် သိသာထင်ရှားနေပြီး အခြားသော ထူးဆန်းသည့် မီးတောက် များကို ဧကရာဇ် တစ်ပါးကဲ့သို့ ဖိနှိပ်ထားသောကြောင့်ပင်။

၎င်း၏ နာမည်မှာ 'ရွှေရောင်ဧကရာဇ် ကောင်းကင်လောင်ကျွမ်းခြင်းမီးလျှံ' ဖြစ်သည်။ ဤမီးကို အသုံး ပြု၍ ဝင်္ကပါထဲသို့ ဝင်ရောက်ရန် ပံ့ပိုးမှုအမှတ် နှစ်သောင်းငါးထောင် လိုအပ်သည်။ ဤမျှ ကြီးမားသော စျေးနှုန်းနှင့် ကျန်းထန် ၏ အကြံပြုချက်အရ ၎င်း၏ ထူးခြားမှုမှာ ထင်ရှားလှပေသည်။

နင်းဖန် ဆက်လက် မတုံ့ဆိုင်းတော့ဘဲ မီးတောက်ကို ထုတ်ယူရန် သူ၏ တပည့် တိုကင် ကို တိုက်ရိုက် အသုံးပြုလိုက်သည်။ မကြာမီ ဝင်္ကပါ ၏ လည်ပတ်မှုအောက်တွင် ထို မီးတောက်သည် ဝင်္ကပါထဲသို့ ဝင်ရောက်သွားခဲ့၏။

ထိုအခိုက်အတန့်တွင် ကျန်းထန် က ရုတ်တရက် လက်ခုပ်တီးကာ အော်ပြောလိုက်သည်...၊

"စီနီယာအစ်ကို၊ ကျွန်မ မှတ်မိပြီ! အဲဒါ ရွှေကျောက်စိမ်း ကြာပလ္လင်မီးတောက် ပါ….။"

နင်းဖန်: "..."

သူ နောက်တစ်ကြိမ် ပြန်လည် ရှာဖွေလိုက်သည်။ နောက်ဆုံးတွင် ဘေးဘက် ထောင့်တစ်နေရာ၌ 'ရွှေကျောက်စိမ်း ကြာပလ္လင်မီးတောက်' ဟု အမည်ရသော ဤ ထူးဆန်းသည့် မီးတောက် ကို သူ မြင်တွေ့လိုက်ရ၏။

ဤမီးတောက်သည် ကြာပန်းပုံသဏ္ဌာန် ရှိသည်။ ၎င်းမှာ သတ္တုဓာတ်တွင် ပါဝင်သော်လည်း အနူးညံ့ဆုံး သော နေမင်း အနှစ်သာရနှင့် လမင်း ဆီးနှင်းများ ပေါင်းစပ်မှုမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ၎င်းဖြင့် ဝင်္ကပါထဲသို့ ဝင်ရောက်ရန် ပံ့ပိုးမှုအမှတ် တစ်သောင်းငါးထောင်သာ လိုအပ်လေသည်။

"အာ... ငါ အရမ်းလောသွားတာပဲ…။"

အခန်း (၉၀) သူမက ငါ့ကို ကျေးဇူးတောင် တင်ရဦးမယ်

မီးတောက် ထုတ်ယူရာ အခန်း အတွင်း၌။

နင်းဖန်၏ မျက်နှာပေါ်တွင် ရှက်ရွံ့သော အမူအရာတစ်ခု ရှိနေခဲ့သည်။ သူ ရွေးချယ်ပြီးသား ဖြစ်သော "ရွှေရောင်ဧကရာဇ် ကောင်းကင်လောင်ကျွမ်းခြင်းမီးလျှံ" ကို ကြည့်လိုက်ပြီးနောက် သူ့ဘေးတွင် ရပ်ကာ သူ့ကို လျှာထုတ်ပြနေသော ကျန်းထန် ကို ကြည့်လိုက်သည်။

သူ၏ မျက်နှာမှာ အကူအညီမဲ့မှုများဖြင့် ပြည့်နှက်နေ၏။ သူ ကျန်းထန် ကို အပြစ်မတင်နိုင်ချေ၊ သူ၏ လက်များကသာ အလွန် မြန်ဆန်သွားခဲ့သည်ဟု ဆိုရပေမည်။ ယခုအချိန်တွင် ပြင်ဆင်ရန် နည်းလမ်း မရှိတော့သဖြင့် ထိုနှစ်ခုကြားရှိ ကွာခြားချက်ကို အရင်ဆုံး သိရှိရန်သာ ကြိုးစားလိုက်တော့သည်။

ထို့ကြောင့် သူ ကျန်းထန် ကို ကြည့်ကာ မေးလိုက်သည်...၊

"ဂျူနီယာညီမလေး... မတူညီတဲ့ အနှစ်သာရမီး တွေက သွေးမီးတောက်သစ္စာ အတွက် ဘယ်လို ကူညီပေးလဲဆိုတာ မင်း မှတ်မိသလောက် ပြောပြပါဦး...။"

အရည်ပျော်နေသော သွေးမီးတောက်သစ္စာ နည်းလမ်း နှင့် ပတ်သက်၍ နင်းဖန် အမှန်တကယ်တွင် အများကြီး မသိချေ။ သံတုံးလေး ပေးခဲ့သော စာလိပ်ထဲတွင် ယေဘုယျ မိတ်ဆက်မှုကိုသာ သူ မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။

တပည့်တစ်ဦးအနေဖြင့် ထျန်းကုန်းတောင်ထိပ် သို့ လာရောက်ပြီး ၎င်းတို့ လိုချင်သော အနှစ်သာရမီး ကို ရွေးချယ်ကာ ဝင်္ကပါထဲသို့ ဝင်ရောက်ရုံသာ လိုအပ်ကြောင်း ထိုနေရာတွင် ရေးသားထားသည်။ ထို့ကြောင့် နင်းဖန်သည် ဤမီးတောက် အမျိုးမျိုးကြားရှိ ကွာခြားချက်ကို အမှန်တကယ် မသိခဲ့ချေ။

ပုံမှန်အားဖြင့် စွမ်းအားကို စျေးနှုန်းဖြင့် ဆုံးဖြတ်လေ့ရှိသည်။ သူ ရွေးချယ်ခဲ့သော "ရွှေရောင်ဧကရာဇ် ကောင်းကင်လောင်ကျွမ်းခြင်းမီးလျှံ" မှာ ပံ့ပိုးမှုအမှတ် နှစ်သောင်းငါးထောင်တိတိ ကျသင့်ပြီး မီးတောက် ထုတ်ယူရာ အခန်း ထဲတွင် ဧကရာဇ် တစ်ပါးကဲ့သို့ နံပါတ်တစ် နေရာတွင် ရှိနေခဲ့သည်။

ထိုကဲ့သို့သော အားကောင်းသည့် မီးတောက်နှင့်ဆိုလျှင် သူ အမှားလုပ်ခဲ့စရာ မရှိချေ။ သို့သော် ကျန်းထန် အသုံးပြုခဲ့သော အနှစ်သာရမီး မှာ ဘာကြောင့် ပံ့ပိုးမှုအမှတ် တစ်သောင်းငါးထောင်သာ တန်ဖိုးရှိသည့် "ရွှေကျောက်စိမ်း ကြာပလ္လင်မီးတောက်" ဖြစ်နေရသနည်း။

ဂျူနီယာညီမလေး ကျန်း သည် နေဝင်ဆည်းဆာ သောင်းချီ နံနက်ခင်း မူလအစ တာအို ခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားပြီး ဂိုဏ်းအတွင်း၌ သေချာပေါက် အစစ်အမှန်တပည့် တစ်ယောက် ဖြစ်ကြောင်း သင် သိထားရမည် ဖြစ်သည်။ သူမကဲ့သို့သော အဆင့်အတန်းရှိသူ တစ်ဦးသည် ပံ့ပိုးမှုအမှတ် နှစ်သောင်း ငါးထောင် မတတ်နိုင်ရန်မှာ မဖြစ်နိုင်ချေ။

ထို့ကြောင့် နင်းဖန် အလွန် ဇဝေဇဝါ ဖြစ်နေခဲ့သည်။ အားကောင်းသော အနှစ်သာရမီး ကို ရွေးချယ်ခြင်း က အမှားတစ်ခုများလား။ သူ၏ မေးခွန်းကို ကြားသောအခါ ကျန်းထန် သည် သူမ၏ ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး အပြင်းအထန် စဉ်းစားနေပုံရ၏။

သူမ၏ စိတ်ထဲရှိ မှတ်ဉာဏ်များမှာ ရှုပ်ထွေးနေသော ကမ္ဘာဦး ဖရိုဖရဲ အခြေအနေတွင်သာ ရှိနေခဲ့ သည်။ အချို့သော ရင်းနှီးသည့် မြင်ကွင်းများကို မြင်တွေ့ရသောအခါမှသာ သက်ဆိုင်ရာ ပုံရိပ် အစိတ် အပိုင်းများက ကျပန်း ဖြတ်သန်းသွားလေ့ ရှိသည်။ သို့သော် အသုံးဝင်သော သတင်းအချက်အလက် များကို ရရှိရန်အတွက် သူမ အမှတ်ရရန် အပြင်းအထန် ကြိုးစားရပေသည်။

အချိန်အတော်ကြာ တွေးတောပြီးနောက် သူမက နောက်ဆုံးတွင် ပြောလိုက်သည်...၊

"စီနီယာအစ်ကို... အနှစ်သာရမီး က ပိုပြီး အားကောင်းလေ ပိုကောင်းလေ မဟုတ်ပါဘူး။ လူတစ် ယောက်က ကိုယ်ပိုင် သွေးမျိုးဆက် ရဲ့ ခံနိုင်ရည်အပေါ် မူတည်ပြီး သင့်တော်တဲ့ မီးတောက်ကို ရွေးချယ်ရမှာပါ...။"

ဤသည်ကို ကြားသောအခါ နင်းဖန် တိတ်တဆိတ် သက်ပြင်းချလိုက်နိုင်သည်။

"ဒါကြောင့်ကိုး…။"

ကိုယ်ပိုင် သွေး၏ ခံနိုင်ရည်အပေါ် မူတည်၍ အနှစ်သာရမီး ကို ရွေးချယ်ရခြင်း ဖြစ်သည်။ ထို့ကြောင့် လူတိုင်းက အားအသန်ဆုံး မီးတောက်ကို မစဉ်းစားမဆင်ခြင်ဘဲ သွား၍ မရနိုင်ချေ။ သို့သော် ထိုအချက် က အဆတစ်ရာ သန်မာနေသော သူ၏ သွေးနှင့် ဘာသက်ဆိုင်သနည်း။

အခြားသူများက "ရွှေရောင်ဧကရာဇ် ကောင်းကင်လောင်ကျွမ်းခြင်းမီးလျှံ" သည် ဖျက်ဆီးနိုင်စွမ်း အလွန် မြင့်မားသဖြင့် မဟာစက်ဝန်း တစ်ခုကို မပြီးမြောက်မီမှာပင် သူတို့ သေဆုံးသွားမည်ကို ကြောက်ရွံ့နေကြသော်လည်း သူ နင်းဖန် ကမူ မကြောက်ချေ။ ဂုဏ်ထူးဆောင်အဆင့် အနှစ်သာရမီး သည် သူ အတိအကျ လိုချင်နေသော အရာပင် ဖြစ်၏။

နင်းဖန် ယခု စိတ်အေးသွားပြီ ဖြစ်သော်လည်း သူ့ဘေးရှိ ကျန်းထန် က စိတ်ဝိညာဉ်ကို ထိုးဖောက်သွား သော မေးခွန်းတစ်ခုကို မေးလိုက်လေသည်...၊

"စီနီယာအစ်ကို... ရှင်က ကျွန်မရဲ့ ကျင့်ကြံခြင်းကို ဦးဆောင်ပေးရမယ့်သူ မဟုတ်ဘူးလား...။ ဘာလို့ ကျွန်မကို ပြန်ပြီး အကြံဉာဏ် တောင်းနေရတာလဲ...။ ရှင်က တစ်ချိန်လုံး ကျွန်မကို လိမ်နေခဲ့တာတော့ မဟုတ်ပါဘူးနော်...။"

နောက်ကျမှ သဘောပေါက်သွားသော မိန်းကလေးသည် နင်းဖန်ကို သံသယဖြင့် စိုက်ကြည့်လိုက်လေ သည်။ သူမ၏ စီနီယာအစ်ကို သည် အရာအားလုံးကို သိရှိပြီး ကောင်းမွန်သော ဆရာနှင့် သူငယ်ချင်း ကောင်း ဖြစ်သည်ဟု သူမ ထင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခု ကြည့်ရသည်မှာ စီနီယာအစ်ကို သည် မှတ်ဉာဏ်ဆုံးရှုံးနေသည့် သူမထက်ပင် ပို၍ အတွေ့အကြုံမရှိသေးသူ ဖြစ်နေသလား။

"ဒုက္ခပဲ….။ ဒီကောင်မလေးက မအဘူးပဲ...။"

နင်းဖန်၏ နှလုံးသားမှာ လှုပ်ရှားသွားသော်လည်း သူ၏ အမူအရာမှာမူ ပုံမှန်အတိုင်းသာ ရှိနေခဲ့သည်။ သူက အနည်းငယ် ချောင်းဟန့်လိုက်ပြီး တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်...၊

"ဂျူနီယာညီမလေး၊ မင်း မှားနေပြီ….။ ငါက ဘာမှ နားမလည်ဘူးလို့ မင်း တကယ် ထင်နေတာလား...။ ငါက မင်းကို စမ်းသပ်နေတာပါ..။ မင်းရဲ့ စီနီယာအစ်ကို ရဲ့ ပန်းတိုင်က အစကတည်းက ရွှေရောင် ဧကရာဇ် ကောင်းကင်လောင်ကျွမ်းခြင်းမီးလျှံ ပဲလေ…။

"ပြီးတော့ ငါ မင်းကို မေးရတဲ့ အကြောင်းရင်းက တကယ်တော့ မင်းရဲ့ မှတ်ဉာဏ်တွေ ပြန်ရလာအောင် ကူညီပေးဖို့ပါပဲ။ ငါ့ကို မယုံရင် သေချာ ခံစားကြည့်လိုက်ပါဦး။ အခု မင်း အများကြီး မှတ်မိနေပြီ မဟုတ်လား...။"

နင်းဖန်သည် သူ၏ အဖြူရောင် ဝတ်ရုံဖြင့် ထိုနေရာတွင် ရပ်နေပြီး သူ၏ အမူအရာမှာ လိမ်လည်မှု တစ်ခုကို ထုတ်ဖော်ပြသခံရသူ၏ ရှက်ရွံ့မှု အနည်းငယ်မျှပင် မရှိဘဲ ပုံမှန်အတိုင်းသာ ရှိနေခဲ့သည်။ ဤသည်က ကျန်းထန် ကို ငေးကြောင်သွားစေခဲ့၏။

သူမသည် သူမ၏ ခေါင်းကို စောင်းကာ ထပ်မံ စဉ်းစားလိုက်ပြန်သည်။ နောက်ဆုံးတွင် နင်းဖန် ပြောသ ကဲ့သို့ပင် ဖြစ်နေသည်ကို သူမ တွေ့ရှိခဲ့ရသည်။ သူ၏ မေးမြန်းမှုများသာ မရှိခဲ့လျှင် ဤ အနှစ်သာရမီး များ၏ အကျိုးသက်ရောက်မှုများကို သူမ မှတ်မိနေမည် မဟုတ်ချေ။ သူမ၏ မှတ်ဉာဏ်မှာ အမှန်တ ကယ်ပင် အနည်းငယ် ပြန်လည် ကောင်းမွန်လာခဲ့ပြီ ဖြစ်၏။

"ဒါဆို စီနီယာအစ်ကို က ကျွန်မ ကောင်းဖို့အတွက် တစ်ချိန်လုံး လုပ်ပေးနေတာပဲ...။ ကျွန်မ ရှင့်ကို အထင်လွဲခဲ့မိတယ်…။"

ကျန်းထန် ၏ နှာခေါင်းလေးမှာ စပ်ဖျဉ်းဖျဉ်း ဖြစ်လာခဲ့သည်။ သူမ၏ နှလုံးသားထဲတွင် နက်ရှိုင်းသော ကျေးဇူးတင်ရှိမှုများ မြင့်တက်လာပြီးနောက် အပြစ်ရှိစိတ်များ ဝင်လာခဲ့၏။ သူမသည် ဘာလုပ်ရမှန်း မသိဖြစ်နေကာ ကြောက်ရွံ့စွာဖြင့် ပြောလိုက်သည်...၊

"တောင်းပန်ပါတယ် စီနီယာအစ်ကို…။ ကျန်းထန် ရဲ့ အမှားပါ။ ကျန်းထန် အနေနဲ့ စီနီယာအစ်ကို ကို သံသယ မဝင်ခဲ့သင့်ဘူး….။"

မိန်းကလေး၏ စစ်မှန်သော တောင်းပန်မှုကို ကြားသောအခါ နင်းဖန် တိတ်တဆိတ် သက်ပြင်းချ လိုက်နိုင်သည်။ ဤမိန်းကလေးမှာ မအသော်လည်း သူမ၏ ဉာဏ်ရည်မှာ ကန့်သတ်ချက် ရှိနေသေး သည်။ သူမကို ကိုင်တွယ်ရန် သူ အနည်းငယ်မျှသာ အားထုတ်ရန် လိုအပ်သည်။

သူက အနည်းငယ် ချောင်းဟန့်လိုက်ပြီး ရက်ရက်ရောရောပင် ပြောလိုက်သည်...၊

"ရပါတယ်... ဒါတွေက စီနီယာအစ်ကို တစ်ယောက် လုပ်သင့်တဲ့ အရာတွေပါပဲ...။"

သူ စကားပြောလိုက်သည်နှင့် မိန်းကလေးမှာ နောက်တစ်ကြိမ် စိတ်လှုပ်ရှားသွားပြန်သည်။ သူမ မနေနိုင်တော့ဘဲ နက်နက်ရှိုင်းရှိုင်း ဦးညွှတ်လိုက်လေ၏...၊

"စီနီယာအစ်ကို ကို ကျန်းထန် ကျေးဇူးတင်ပါတယ်…။"

"မြင်လား...၊ သူမက ငါ့ကို ကျေးဇူးတောင် တင်ရဦးမယ်။"

နင်းဖန်၏ နှုတ်ခမ်းထောင့်များတွင် အပြုံးတစ်ခု ပေါ်လာပြီး သူမကို ထူပေးရန် လက်ကမ်းလိုက်သည်...

"ငါတို့က မိသားစုဝင်တွေပဲလေ၊ အားနာစရာ မလိုပါဘူး။ စီနီယာအစ်ကို အခု ဝင်္ကပါထဲကို ဝင်တော့ မယ်။ ဂျူနီယာညီမလေး အနေနဲ့ ငါ့အတွက် အစောင့်အရှောက် အဖြစ် လုပ်ပေးလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်...။"

"ဟုတ်ကဲ့….။"

ကျန်းထန် က မူလအစ ချီ များ ပြည့်နှက်နေသော မျက်နှာဖြင့် ပြတ်သားစွာ ပြန်ဖြေလိုက်သည်...၊

"အစောင့်အရှောက် လာလုပ်ပေးရအောင်...၊ ဂိုဏ်းထဲမှာ ဘယ်လို အန္တရာယ်မျိုး ရှိနိုင်မှာမို့လို့လဲ...။ သောက်ကျိုးနည်း နင်းဖန်၊ သူတော်စင်မိန်းမပျို ကို ဒီလိုမျိုး လှည့်စားရဲတယ်ပေါ့...။ ဒီလူယုတ်မာ သေသင့်တယ်….။"

"သူ့ကို အကြိမ်တစ်ထောင်၊ တစ်သောင်း သတ်ရင်တောင် ငါ့ရဲ့ နာကျည်းမှုကို ဖြေဖျောက်နိုင်မှာ မဟုတ်ဘူး...၊ သူတော်စင်မိန်းမပျိုက အရမ်း ဖြူစင်လွန်းသေးတယ်...၊ ဘယ်လိုလုပ် ဒီလောက် အလွယ်တကူ အလိမ်ခံလိုက်ရတာလဲ...။"

"ယောက်ျားတစ်ယောက်ရဲ့ ပါးစပ်က လိမ်ညာတတ်တဲ့ တစ္ဆေတစ်ကောင်ပဲ၊ သူတော်စင်မိန်းမပျိုကို မလိမ်ဘူးလို့ သူ ကတိပေးခဲ့တာလေ...။ နင်းဖန်...စီနီယာအစ်ကိုက မင်းကို တောင်းပန်ပါတယ်၊ ရပ်လိုက်ပါတော့…။"

"ငါ အပြင်ထွက်လာတာနဲ့ တစ်ပြိုင်နက် နာရေး ထမင်းဝိုင်းကို မတက်ချင်ဘူး...။ ထမင်းဝိုင်းလား... ဘာထမင်းဝိုင်းလဲ... မင်္ဂလာဆောင် ထမင်းဝိုင်းလေ။ နင်းဖန်ရဲ့ ဂုဏ်ယူနေတဲ့ မျက်နှာကို ကြည့်စမ်း... သူက သူတော်စင်မိန်းမပျို ရဲ့ ဘေးမှာ သေချာ နေနိုင်ပါ့မလား...။"

"ဖြစ်နိုင်တာက ငါတို့ လျှို့ဝှက်နယ်မြေ ကနေ ထွက်လာတဲ့ အချိန်ကျရင် သူတို့ရဲ့ ကလေးက တစ်လ တောင် ပြည့်နေလောက်ပြီ...။ ဘာ... အဲဒါကို ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ... လူမိုက်နင်း၊ မင်းမှာ သတ္တိရှိရင် လာပြီး အသေအလဲ တိုက်ခိုက်ကြရအောင်…။ "

ထိုက်ရီအကြွင်းအကျန်နယ်မြေ တစ်ခုလုံး ဆူညံသွားခဲ့သည်။ နင်းဖန်က သူတော်စင်မိန်းမပျိုကို သူ၏ ခါးအား ဖက်ခွင့်ပြုလိုက်သော မြင်ကွင်းကပင် ယောက်ျားလေး တပည့်များစွာအကြား မကျေနပ်မှု များကို ဖြစ်ပေါ်စေခဲ့ပြီး ဖြစ်သည်။

ယခု သူက ဒီလောက်အထိ ပြောင်ပြောင်တင်းတင်း လိမ်ညာနေပြန်ပြီ။ သူ မသိတာကို သိသလို ဟန်ဆောင်ရုံသာမက သူတော်စင်မိန်းမပျိုကို ထပ်ခါတလဲလဲ ကျေးဇူးတင်အောင်ပါ လှည့်စားခဲ့၏။ တပည့်များသည် ဤသည်ကို ဘယ်လိုလုပ် ကြည့်နေနိုင်မည်နည်း။ လူတိုင်းမှာ ဖြောင့်မတ်သော ဒေါသ များဖြင့် ပြည့်နှက်နေပြီး သူတို့၏ ရင်ဘတ်အတွင်းရှိ မီးတောက်များမှာ ပေါက်ကွဲထွက်တော့မည့်ဆဲဆဲ ဖြစ်နေခဲ့သည်။

ထိုအချိန်မှာပင် အောက်ဘက်တွင် နင်းဖန်သည် သွေးမီးတောက် ဝင်္ကပါ ထဲသို့ ယုံကြည်မှုရှိစွာဖြင့် လှမ်းဝင်သွားခဲ့သည်။ ဤမြင်ကွင်းကြောင့် ကျိန်ဆဲသံများ အားလုံး ချက်ချင်း ရပ်တန့်သွားခဲ့၏။ ထို့နောက် မယုံကြည်နိုင်သော အာမေဍိတ်သံများ ထွက်ပေါ်လာခဲ့သည်။

"သူက ရွှေရောင်ဧကရာဇ် ကောင်းကင်လောင်ကျွမ်းခြင်းမီးလျှံ ရဲ့ သွေးမီးတောက်သစ္စာ ဝင်္ကပါ ထဲကို တကယ်ပဲ ဝင်သွားတာလား...။"

"နင်းဖန် ရူးနေတာလား….။ သူတော်စင်မိန်းမပျိုက ရှင်းပြပြီးသားကို ဘာလို့ အနှစ်သာရမီး ကို မပြောင်းရတာလဲ...။"

"ရွှေရောင်ဧကရာဇ် ကောင်းကင်လောင်ကျွမ်းခြင်းမီးလျှံ ဟာ အနှစ်သာရမီး အားလုံးကြားမှာ အကောင်းဆုံးတွေထဲက တစ်ခုပဲ၊ ၎င်းရဲ့ ဖျက်ဆီးနိုင်စွမ်း မြင့်မားမှုကြောင့် နာမည်ကြီးပြီး ကောင်းကင် ကို လောင်ကျွမ်းစေနိုင်ကာ ပင်လယ်ကို ပွက်ပွက်ဆူစေနိုင်တယ်လို့တောင် ဆိုကြတယ်….။"

"ထျန်းကုန်းတောင်ထိပ် မှာ ၎င်းရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က ကောင်းကင်ဘုံအဆင့် နတ်ဘုရား လက်နက်တွေကို သွန်းလုပ်ဖို့ပဲ...၊ ဘယ်သူကများ အဲဒါကို သွေးမီးတောက်သစ္စာ အတွက် ဝင်္ကပါ မီးအဖြစ် သုံးမှာလဲ...။"

"နင်းဖန် သူ့ကိုယ်သူ အရှင်လတ်လတ် မီးလောင်မသေလောက်ဘူး မဟုတ်လား...။"

"နင်းအိုကြီး၊ မြန်မြန် ထွက်လာခဲ့ပါ…။ ငါတို့ မင်းကို နောက်ပြီး မဆဲတော့ဘူး ဟုတ်ပြီလား...။"

"တကယ်လို့ မင်းသာ တကယ် မီးလောင်သေသွားရင် သူတော်စင်မိန်းမပျိုနဲ့ မင်းရဲ့ မင်္ဂလာ ထမင်းဝိုင်း ကို ငါတို့ ဘယ်လို တက်ရမှာလဲ...။"

နင်းဖန် ဟန်ဆောင်နေခြင်း မဟုတ်ဘဲ မီး ဝင်္ကပါ ထဲသို့ တကယ် လှမ်းဝင်သွားသည်ကို မြင်ရသောအခါ တပည့်များ အားလုံး မှင်တက်သွားကြသည်။ သူတို့သည် အပြင်ပန်းတွင် နင်းဖန်ကို ဝိုင်းပြီး တိုက်ခိုက် ချင်နေသကဲ့သို့ စကားလုံးများဖြင့် တိုက်ခိုက်နေကြသော်လည်း ၎င်းမှာ စကားသက်သက်သာ ဖြစ်၏။

မည်သို့ပင်ဆိုစေ ထိုက်ရီအကြွင်းအကျန်နယ်မြေ ထဲမှာ ပိတ်မိနေရခြင်းက တကယ်ကို ပျင်းစရာ ကောင်းလှပြီး သူတို့အတွက် ထွက်ပေါက်တစ်ခု လိုအပ်နေခဲ့သည်။ ပြီးတော့ နင်းဖန်သည် ဤအခြေ အနေတွင် တစ်ဦးတည်းသော "ဧည့်သည်တော် သရုပ်ဆောင်" နှင့် "ဂိုဏ်း၏ ဇာတ်လိုက်" ဖြစ်သည်။ တစ်လကျော် ကာလအတွင်း ဂိုဏ်းတစ်ခုလုံးရှိ တပည့်များသည် သူ့အပေါ် သံယောဇဉ်များ ရှိနေခဲ့ကြပြီ ဖြစ်၏။

ထို့ကြောင့် မည်သူကမျှ နင်းဖန်ကို အမှန်တကယ် မမုန်းကြချေ။ ယခု သူသည် ထိုကဲ့သို့ မစဉ်းစားမဆင် ခြင်ဘဲ မီး ဝင်္ကပါ ထဲသို့ ထိုးဝင်သွားသည်ကို မြင်ရသောအခါ သူတို့ အားလုံး ထိတ်လန့်သွားကြလေ တော့သည်။

All Chapters