အခန်း (၉၁-၉၂)
Vol. 10 Ch. 91-92
အခန်း (၉၁) ဂျူနီယာညီမလေး၊ မီးတောက် ယူလာခဲ့
နင်းဖန်သည် ယခင်က အကြိမ်ပေါင်းများစွာ သေဘေးကို ဖိတ်ခေါ်ခဲ့ဖူးသော်လည်း ဤတစ်ကြိမ်၏ ပြင်းထန်မှုမှာ ယခင်ကနှင့် မတူပေ။
ပထမအကြောင်းရင်းမှာ အရည်ပျော်နေသော သွေးမီးတောက်သစ္စာ နည်းလမ်းသည် ၎င်း၏ သဘာ ဝအရပင်အလွန် အန္တရာယ်များသော ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း နည်းလမ်းဖြစ်ပြီး ကြီးမားသော စွန့်စားမှု များကို သယ်ဆောင်ထားသောကြောင့် ဖြစ်သည်။
သမိုင်းတစ်လျှောက်တွင် မောက်မာသော ပါရမီရှင်များ မီးတောက်ကို မှားယွင်းစွာ ရွေးချယ်မိသော ကြောင့် အရှင်လတ်လတ် မီးလောင်ကျွမ်းသေဆုံးခဲ့ရသည့် ဥပမာများ မကြာခဏ ရှိခဲ့ဖူးပေသည်။ ထို့ကြောင့် ဤနည်းလမ်းဖြင့် ခန္ဓာကိုယ်ကို သန့်စင်သောအခါ တည်ငြိမ်မှုကိုသာ ဦးစားပေးသင့်သည်။
ဒုတိယအကြောင်းရင်းမှာ နင်းဖန်သည် သေမျိုးခန္ဓာကိုယ်နှင့် သေမျိုးသွေးကိုသာ ပိုင်ဆိုင်ထားခြင်း ဖြစ် သည်။ သူသည် အမြင့်ဆုံး အခြေခံအုတ်မြစ် ကို ရရှိထားပြီး ဖြစ်သော်လည်း သူ လေ့ကျင့်ခဲ့သည်မှာ ကြွက်သားများနှင့် သွေးကြောများသာ ဖြစ်ပြီး သွေးကို မဟုတ်ပေ။
တစ်နည်းအားဖြင့် ပြောရလျှင် နင်းဖန်၏ ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော သွေးများသည် ထိုနေရာ တွင် ရှိနေသော သေမျိုးခန္ဓာကိုယ် တပည့်များနှင့် ဘာမှ မခြားနားပေ။ ထိုကဲ့သို့သော အခြေအနေမျိုး တွင် သူသည် ထိပ်တန်းအဆင့် ထူးဆန်းသည့် မီးတောက် ၏ သန့်စင်မှုကို မည်သို့ ခံနိုင်ရည်ရှိမည်ကို စဉ်းစားစရာပင်။
ထို့ကြောင့် ဂိုဏ်းအတွင်းရှိ တပည့်တိုင်း စိုးရိမ်နေကြလေသည်။ ဂိုဏ်း၏ အဆင့်မြင့် အဖွဲ့ဝင်များကိုမူ ပြောနေစရာပင် မလိုတော့ပေ။ နင်းဖန်သည် ရွှေရောင်ဧကရာဇ် ကောင်းကင်လောင်ကျွမ်းခြင်းမီးလျှံ ကို ဝင်္ကပါ မီးတောက်အဖြစ် ရွေးချယ်လိုက်ကတည်းက သူတို့ တစ်ခုခု မှားနေပြီဟု ခံစားခဲ့ရသည်။
ယခု နင်းဖန် ဝင်္ကပါထဲသို့ အမှန်တကယ် ဝင်သွားသည်ကို မြင်ရသောအခါ သူတို့ အားလုံး မျက်စိရှေ့တွင် မှောင်အတိ ကျသွားခဲ့လေတော့သည်။
အကြီးအကဲ တစ်အုပ်သည် ဆီပူအိုင်ထဲက ပုရွက်ဆိတ်များကဲ့သို့ စိုးရိမ်တကြီး တတွတ်တွတ် ပြောနေ ကြလေသည်...၊
"သူတော့ သွားပြီ...။"
"နင်းဖန်... နင်းဖန်...၊ မင်း ဘာလို့ ဒီလောက်တောင် မဆင်မခြင် ဖြစ်နေရတာလဲ...။"
"ရွှေရောင်ဧကရာဇ် ကောင်းကင်လောင်ကျွမ်းခြင်းမီးလျှံ ဆိုတာ မင်း ထိလို့ရတဲ့ အရာမို့လို့လား...။"
"သွေးမီးတောက်သစ္စာ အတွက် ဒီမီးတောက်ကို သုံးတာက အားကောင်းတဲ့ သွေးရှိတယ်လို့ နာမည်ကြီး တဲ့ အရှင်သခင် ခန္ဓာကိုယ် တောင်မှ သေဆုံးနိုင်တဲ့ အန္တရာယ် ရှိတယ်၊ မင်းအတွက်ဆိုရင်တော့ ပြောမနေ နဲ့တော့...။"
"စီနီယာနဲ့ ဂျူနီယာညီအစ်ကိုတို့...။ ဒါကို ကုစားဖို့ နည်းလမ်း တစ်ခုခု ရှိမလား...။"
"ဒီအဆင့်မှာတော့ ဘာလုပ်နိုင်ဦးမှာလဲ...၊ နင်းဖန်ရဲ့ ကံကြမ္မာအတိုင်းပဲ လွှတ်ထားရတော့မှာပေါ့...၊"
"ဖြစ်နိုင်တာက နင်းဖန် မဟာစက်ဝန်း တစ်ခုလောက် ခံနိုင်ရည်ရှိပြီး တစ်ခုခု မှားနေပြီလို့ သိသွားရင် အချိန်မီ ပြန်ထွက်လာမှာပါ...။"
လီချန်မင် လည်း မှင်တက်နေခဲ့သည်။ နင်းဖန်သည် သူ၏ ထျန်းကုန်းတောင်ထိပ် သို့ လာခြင်းက ဒဏ္ဍာရီ လာ ပုံပြင်တစ်ပုဒ် ကျန်ရစ်လိမ့်မည်ဟု သူ မူလက ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ ယင်းအစား နင်းဖန်က မီးတောက် ထုတ်ယူရာ အခန်း ထဲမှ ရွှေရောင်ဧကရာဇ် ကောင်းကင်လောင်ကျွမ်းခြင်းမီးလျှံ ကို ထုတ်ယူ ကာ ကြီးမားသော လှုပ်ရှားမှုကြီးဖြင့် စတင်လိုက်သည်တကား။
ထျန်းကုန်းတောင်ထိပ်ရှိ ဤမီးတောက်မှာ သွေးမီးတောက်သစ္စာ အတွက် လုံးဝ ရည်ရွယ်ထားခြင်း မဟုတ်ကြောင်း ကောင်းကင်ဘုံသာ သိပေလိမ့်မည်။ ၎င်းကို ကောင်းကင်ဘုံအဆင့် နတ်ဘုရား လက်နက်များကို သွန်းလုပ်သောအခါမှသာ ထည့်သွင်းစဉ်းစားခြင်း ဖြစ်လေသည်။
နင်းဖန်က သူ၏ သွေးများသည် ကောင်းကင်ဘုံအဆင့် နတ်ဘုရား လက်နက် ပစ္စည်းများကဲ့သို့ မီးလောင် ကျွမ်းမှုကို ခံနိုင်ရည်ရှိမည်ဟု ထင်နေသလားဆိုသည်ပင်။ နောက်ဆုံးရလဒ်ကတော့ အကောင်းမြင်စရာ မရှိနိုင်ပေ။ ဤသည်က လီချန်မင် ကို အလွန် စိတ်မသက်မသာ ဖြစ်စေသည်။ သူ၏ ထျန်းကုန်းတောင် ထိပ် မှာ သမိုင်းတွင် မှတ်တမ်းတင်ခံရမည့်အစား ပါရမီရှင် တစ်ယောက် ကျဆုံးသည့် နေရာအဖြစ် ပြောင်းလဲတော့မည် ဖြစ်သောကြောင့်ပင်။
နောင်နှစ်ပေါင်း များစွာ ကြာသောအခါ ဂိုဏ်း၏ အနာဂတ် တပည့်များက ဤတောင်ထိပ်အကြောင်း ပြောကြလျှင် 'အဲဒီတုန်းက ငါတို့ ဂိုဏ်းရဲ့ အမြင့်ဆုံး အခြေခံအုတ်မြစ် ရှိတဲ့ သေမျိုးခန္ဓာကိုယ် ပါရမီရှင် က ဒီတောင်ထိပ်မှာ သေဆုံးခဲ့တာပဲ' ဟု သက်ပြင်းချကာ ပြောဆိုကြပေလိမ့်မည်။
တာဝန်က သူ၏ အပေါ်တွင် မရှိနေပါသော်လည်း ထျန်းကုန်းတောင်ထိပ် ၏ ပုံပြင်သည် ပါရမီရှင် တစ်ယောက် ကျဆုံးခြင်းနှင့်အတူ တွဲလျက် ပါသွားမည်ဆိုပါက နားထောင်လို့ ကောင်းမည် မဟုတ်ပေ။
ဂိုဏ်းချုပ် ဖေ့ချင်းယွီ နှင့် စီနီယာအစ်မတော် ယွီရူရွှမ်း တို့သည်လည်း ယခုအခါ မျက်မှောင်ကြုတ်ကာ အာရုံစိုက်နေကြသည်။ အောက်ဘက်ရှိ မြင်ကွင်းကို စူးစိုက်စွာ ကြည့်နေကြသည်။ သူတို့ ပတ်ဝန်းကျင်ရှိ အဆက်မပြတ် လှုပ်ခတ်နေသော ချီ အရှိန်အဝါများက သူတို့၏ နှလုံးသားများ မတည်ငြိမ်ကြောင်း ပြသနေပေသည်။
အားလုံးထဲတွင် သူတော်စင်၏ အမူအရာ တစ်ခုတည်းသာ ပုံမှန်အတိုင်း ရှိနေခဲ့သည်။ အမှန်တကယ်တွင် တစ်စုံတစ်ဦးက သေချာစွာ ကြည့်မည်ဆိုပါက သူ၏ ထျန်းကုန်းတောင်ထိပ် ဘက်သို့ ကြည့်နေသော အကြည့်များမှာ ဖော်မပြနိုင်သော ယုံကြည်ချက်များဖြင့် ပြည့်နှက်နေသည်ကို တွေ့ရပေလိမ့်မည်။
သူတော်စင်က စိတ်ထဲမှ ရေရွတ်လိုက်လေသည်...၊
"ဟွန့်... နင်းဖန်က ပြိုင်ဘက်ကင်းပဲ၊ သူက ဘယ်လိုလုပ် သေနိုင်မှာလဲ...။"
"ဒီ သွေးမီးတောက်သစ္စာ ကလည်း အရင်တုန်းကလိုပဲ ငါတို့ကို နောက်ပြောင်ပြီး အဆုံးသတ်ကျမှ ကမ္ဘာကြီးကို တုန်လှုပ်စေမယ့် အလှည့်အပြောင်း ဖြစ်လာမှာ သေချာတယ်...။"
"နင်းဖန်... ငါ မင်းကို မြင်ဖူးပြီးသားပဲ...၊ ဒီဘဝမှာ မင်း တာအိုကို သက်သေပြဖို့ ဆိုတာက မှန်ကန်တဲ့ ကိစ္စပဲ...။"
သူ၏ တာအို နှလုံးသား အတက်အကျ အကြိမ်ပေါင်းများစွာ ကြုံတွေ့ပြီးနောက် သူတော်စင် ဇူယွင်ကျယ် မှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ယခု အချိန်တွင် သူသည် အခြားသူများထက် နင်းဖန်ကို ပို၍ပင် ယုံကြည်နေခဲ့သည်။ ထို စိတ်အားထက်သန်မှုမှာ အကြီးအကဲများ အားလုံးထက်ပင် သာလွန်နေခဲ့သည်။
တစ်ချိန်တည်းမှာပင်။
အောက်ဘက်ရှိ နင်းဖန်သည် မီး ဝင်္ကပါ ထဲသို့ လှမ်းဝင်ပြီးနောက် အလယ်ဗဟိုရှိ ဝင်္ကပါ မျက်စိ ဆီသို့ တည့်တည့် သွားခဲ့လေသည်။ ခြေနှစ်ဖက်ကို ခိုင်မြဲစွာ ချလိုက်သည်နှင့် ဝင်္ကပါ သည် အလိုအလျောက် စတင် လည်ပတ်တော့သည်။
မြေပြင်ပေါ်ရှိ ဝင်္ကပါ လိုင်းများမှာ တောက်ပလာပြီး အလွန် သိပ်သည်းသော ချီ များ ယှက်နွယ်လာခဲ့ သည်။ ဝင်္ကပါထဲသို့ ဝင်ရောက်သွားသော ရွှေရောင်ဧကရာဇ် ကောင်းကင်လောင်ကျွမ်းခြင်းမီးလျှံ မူလ အစ သည်လည်း ဤအခိုက်အတန့်တွင် စတင် တောက်ပလာပုံရလေသည်။
တိုးညင်းသော ဝုန်း ဟူသည့် အသံနှင့်အတူ မီးတောက်များသည် ကောင်းကင်သို့ ချက်ချင်း ပျံတက်သွား ခဲ့ပြီး ဝင်္ကပါ လမ်းကြောင်းအတိုင်း အဆက်မပြတ် လည်ပတ်နေသော ဧရာမ ရွှေရောင် မီးတောက်ကြီး အဖြစ် ပြောင်းလဲသွားခဲ့လေသည်။
အဝေးမှ ကြည့်လျှင် မီးဖြင့် ပြုလုပ်ထားသော လေဆင်နှာမောင်း တစ်ခု ဤနေရာတွင် ဖြစ်ပေါ်နေသကဲ့ သို့ပင်။ ပြီးတော့ ထို မုန်တိုင်း၏ ဗဟိုချက်တွင် ရှိနေသူမှာ နင်းဖန် ဖြစ်သည်။ သူသည် ယခု မျက်လုံးများ ကို ပိတ်ထားပြီး ဝင်္ကပါ ၏ လမ်းညွှန်မှု စွမ်းအားအတိုင်း သူ၏ စိတ်ကို ဖွင့်ထားလိုက်သည်။ မကြာမီ သူ၏ တစ်ကိုယ်လုံး လေထဲသို့ လွင့်မျောသွားခဲ့လေတော့သည်။
အတိအကျ အမြင့်တစ်ခုသို့ ရောက်ရှိသွားသောအခါ ဝင်္ကပါ ထဲမှ ချီ ဓားချက်တစ်ခု ပျံထွက်လာပြီး နင်းဖန်၏ ရင်ဘတ်ကို ထိမှန်သွားခဲ့သည်။ ထိုအင်အားမှာ အသင့်အတင့်သာ ဖြစ်ပြီး အသက်အန္တရာယ် မရှိသော်လည်း ဒဏ်ရာတစ်ခုကို ရှင်းလင်းစွာ ဖြစ်ပေါ်စေခဲ့သည်။
ထို့နောက် ချက်ချင်းပင် ထိုနေရာမှ စီးထွက်လာသော သွေးများ အားလုံးသည် ၎င်းတို့ဘာသာ ကခုန် လာပြီး လေထဲတွင် သွေးချီ နဂါး တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ နင်းဖန်၏ ခန္ဓာကိုယ်မှာ သွေးများ ထွက်ခွာသွားသည်နှင့်အမျှ လျင်မြန်စွာ ပိန်ချုံးသွားခဲ့လေသည်။
အသက်ရှူ အနည်းငယ်အတွင်းမှာပင် သူသည် ပြည့်ဖြိုးစိုပြေရာမှ အရိုးနှင့် အရေပြားသာ ကျန်ရှိသော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ ပထမဆုံး မြင်တွေ့ရလျှင် ၎င်းမှာ ခြောက်သွေ့နေသော အလောင်း တစ်ခုကဲ့သို့ အလွန် ကြောက်စရာကောင်းလှပေသည်။
သို့သော် သူ မည်သည့် ထူးခြားသော တုံ့ပြန်မှုမျှ မရှိပေ။ သူသည် ခန္ဓာကိုယ်အပြင်သို့ ထွက်သွားသော သွေးများကို ပတ်ဝန်းကျင်ရှိ မီး မုန်တိုင်းထဲသို့ ထိုးဖောက်ဝင်ရောက်ရန် ထိန်းချုပ်နေခြင်းကိုသာ အာရုံ စိုက်နေခဲ့လေသည်။
ရှူး...
ထို သွေးချီ နဂါး ထံမှ တိုးညင်းသော နဂါး ဟိန်းဟောက်သံကို ကြားလိုက်ရသည်။ ပင်လယ်ထဲသို့ ဝင်ရောက်သွားသော ဒေါသထွက်နေသော နဂါးတစ်ကောင်ကဲ့သို့ ၎င်းသည် မီး မုန်တိုင်းအတွင်းသို့ မရပ်မနား ဖြတ်သန်းသွားခဲ့သည်။ လှုပ်ရှားမှု တိုင်းတွင် ၎င်းသည် ထူးဆန်းသည့် မီးတောက် များနှင့် စွန်းထင်းသွားပေလိမ့်မည်။
သန့်စင်မှုအောက်တွင် သွေးများသည် ပိုမို သိပ်သည်းပြီး လေးလံလာခဲ့သည်။ ၎င်းသည် ဝင်္ကပါ က လမ်းညွှန်သော လမ်းကြောင်းအတိုင်း တစ်ဆယ့်ငါးမိနစ်တိတိ လှည့်ပတ်ပြီးနောက် နင်းဖန်၏ ဦးခေါင်း ထက်သို့ ပြန်လည် ရောက်ရှိလာခဲ့ချေသည်။
ထိုသို့ဖြင့် မဟာစက်ဝန်း တစ်ခု ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ နင်းဖန်၏ ပိန်ချုံးနေသော မျက်နှာတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့ပြီး ရေရွတ်လိုက်လေသည်...၊
"ဘာလို့ ငါ ဘယ်လို ဖိအားမျိုးမှ မခံစားရတာလဲ...။"
ရွှေရောင်ဧကရာဇ် ကောင်းကင်လောင်ကျွမ်းခြင်းမီးလျှံ ကဲ့သို့သော ထိပ်တန်းအဆင့် ထူးဆန်းသည့် မီးတောက် ကို သွေးမီးတောက်သစ္စာ အတွက် သုံးခြင်းက ဘယ်လိုပဲဖြစ်ဖြစ် ဖိအား အချို့ ရှိလာလိမ့် မည်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် အမှန်တကယ်တွင် ဤတစ်ချီပြီးနောက် မည်သည့် စိတ်မသက်မသာ ဖြစ်မှုမျှပင် မရှိခဲ့ပေ။
ထို မီး မုန်တိုင်းကို ဖြတ်သန်းသွားသောအခါ သွေးများက သူ၏ ခန္ဓာကိုယ်သို့ ပြန်လည် ပေးပို့သော ခံစားချက်မှာ (၃၈) ဒီဂရီ ရှိသော ရေကန်ထဲတွင် စိမ်နေရသကဲ့သို့ပင် ဖြစ်သည်။ ပူသည်ဟု မခံစားရရုံ သာမက အချိန်အကြာကြီး စိမ်ပြီးနောက်တွင် အနည်းငယ်ပင် အေးမြသည်ဟု ခံစားရသေးသည်။
နင်းဖန်သည် သံသယများဖြင့် ပြည့်နှက်နေပြီး သူ၏ မဟာစက်ဝန်း လည်ပတ်ပုံ နည်းလမ်း မှားနေသ လားဟုပင် တွေးတောမိကာ ပြောလိုက်လေသည်...၊
"ရွှေရောင်ဧကရာဇ် ကောင်းကင်လောင်ကျွမ်းခြင်းမီးလျှံ က ဒီလောက်ပဲလား...။"
ထို့ကြောင့် သူ၏ စိတ်ကို နောက်တစ်ကြိမ် ဖွင့်ထားလိုက်ပြီး ဝင်္ကပါ က ဦးဆောင်သည့်အတိုင်း နောက် ထပ် စက်ဝန်းအသစ် တစ်ခုကို စတင်လိုက်ပြန်သည်။ တစ်နာရီ ကြာပြီးနောက် ပဉ္စမမြောက် မဟာစက် ဝန်း ပြီးဆုံးသွားခဲ့လေ သည်။ နင်းဖန် ယခု လုံးဝ သေချာသွားခဲ့ပြီ ဖြစ်သည်၊ မည်သည့် ဖိအားမှ မရှိပေ။
ရွှေရောင်ဧကရာဇ် ကောင်းကင်လောင်ကျွမ်းခြင်းမီးလျှံ ဟု ခေါ်သော အရာမှာ သူ့အတွက် ယားယံရုံသာ ရှိသည်။ အကယ်၍ ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက စက်ဝန်း တစ်ရာ သို့မဟုတ် တစ်ထောင် လည်ပတ်ရန်မှာပင် ပြဿနာ မရှိပေ။
စနစ် မှ ဆုလာဘ်ပေးခဲ့သော နဂါးကဲ့သို့ သွေးချီစွမ်းအား ပါရမီမှာ အနည်းငယ် အားကောင်းလွန်းနေ သည်ဟုသာ ဆိုရပေမည်။ သွေး အင်အားကို အဆတစ်ရာ တိုးမြင့်ပေးမည်ဟု ဆိုထားသော်လည်း အမှန်တကယ် အကျိုးသက်ရောက်မှုမှာ ထိုထက်ပင် သာလွန်နေခဲ့သည်ပင်။
နင်းဖန် အကြောင်းစုံကို နားလည်သွားပြီးနောက် မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်...၊
"ဒါတော့ မဖြစ်ဘူး... မင်းနဲ့ အချိန်ဖြုန်းနေဖို့ ငါ့မှာ အချိန်မရှိဘူး...။"
မဟာစက်ဝန်း တစ်ခု လည်ပတ်ရန် တစ်ဆယ့်ငါးမိနစ် ကြာမြင့်သည်။ အကယ်၍ သူက စက်ဝန်း ရာပေါင်းများစွာ လုပ်မည်ဆိုပါက ရက်အတော်ကြာ အချိန်ယူရမည် မဟုတ်ပါလား။ သူကတော့ ထိုမျှလောက် စောင့်နိုင်သော်လည်း သူ၏ ခန္ဓာကိုယ်ကတော့ မစောင့်နိုင်ပေ။
အဘယ်ကြောင့်ဆိုသော် အရည်ပျော်နေသော သွေးမီးတောက်သစ္စာ နည်းလမ်း၏ အကြီးမားဆုံး အန္တရာယ်မှာ သွေးများ ခန္ဓာကိုယ်ပြင်ပတွင် အချိန်အကြာကြီး ရှိနေခြင်းကြောင့် ဖြစ်သည်။ ခန္ဓာကိုယ်သည် သွေးချီ ၏ အာဟာရကို ဆုံးရှုံးသွားရသည်၊ ရက်ပေါင်းများစွာ အပြင်တွင် ထားရှိမည် ဆိုပါက လူတစ်ယောက်၏ ခန္ဓာကိုယ်က မည်မျှပင် ကောင်းကင်ဘုံကို အံတုနိုင်စေကာမူ ၎င်းကို ခံနိုင် ရည်ရှိမည် မဟုတ်ပေ။
ထို့ကြောင့် နင်းဖန်အနေဖြင့် အင်အားများ ပိုလျှံနေသော်လည်း သွေးမီးတောက်သစ္စာ နည်းလမ်းကို စောစီးစွာ ရပ်တန့်ရမည် သို့မဟုတ် ပြင်းထန်မှုကို တိုးမြှင့်ရမည် ဖြစ်သည်။ လက်နက်များ သွန်းလုပ် သကဲ့သို့ပင် အပူရှိန် မလုံလောက်ပါက နောက်ထပ် ထူးဆန်းသည့် မီးတောက် အသစ်တစ်ခုကို ထပ်ပေါင်းထည့်ရုံသာ ရှိတော့သည်။
ဤသည်ကို တွေးမိသောအခါ နင်းဖန်၏ မျက်လုံးများတွင် ပြတ်သားသော အမူအရာတစ်ခု ပေါ်လာပြီး မလှမ်းမကမ်းရှိ မီးတောက် ထုတ်ယူရာ အခန်း ဘက်သို့ ကြည့်ကာ အော်ပြောလိုက်လေသည်...၊
"ဂျူနီယာညီမလေး၊ မီးတောက် ယူလာခဲ့...။"
အခန်း (၉၂) မတူညီတဲ့ မီးတောက်တွေကို ထပ်ပေါင်းနေတုန်းပဲလား
နင်းဖန်၏ အော်ဟစ်သံ ထွက်ပေါ်လာသောအခါ မီးတောက် ထုတ်ယူရာ အခန်း ရှေ့တွင် သိချင်စိတ် ပြင်းပြသော မျက်နှာဖြင့် ရပ်နေသည့် ကျန်းထန် မှာ အေးခဲသွားခဲ့သည်။ မီးတောက် လာတော့မည် ဟုတ်ပါသလား။ မီးတောက်က ဝင်္ကပါထဲမှာ ရှိနေနှင့်ပြီ မဟုတ်ပါလားဟု သူမ တွေးတောနေမိသည်။
ကျန်းထန် ၏ မျက်လုံးများရှိ ဇဝေဇဝါဖြစ်မှုကို မြင်သောအခါ နင်းဖန်သည် မိန်းကလေး နားမလည် ကြောင်း သိလိုက်ပေသည်။ ထို့ကြောင့် သူက ထပ်မံ အော်ပြောလိုက်သည်...၊
"ဂျူနီယာညီမလေး... အခန်းထဲကို ဝင်ပြီး ပံ့ပိုးမှုအမှတ် နှစ်သောင်းကျော် တန်တဲ့ နောက်ထပ် ထူးဆန်း တဲ့ မီးတောက် တစ်ခုကို ရွေးလိုက်၊ ပြီးရင် အဲဒါကို ဒီ ဝင်္ကပါထဲကို ပစ်ထည့်လိုက်စမ်း...။"
ထိုစကားများ ထွက်လာသည်နှင့် ကျန်းထန် ၏ လှပသော မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ် သွားခဲ့ရလေသည်။
"စီနီယာအစ်ကို... ရှင်က... ရှင်က ထူးဆန်းတဲ့ မီးတောက် နှစ်မျိုးနဲ့ သွေးမီးတောက်သစ္စာ ပြုလုပ်ချင်တာ လား...။"
နင်းဖန်က ပြတ်သားစွာ ပြန်ဖြေလိုက်သည်...
"မှန်တာပေါ့...။"
ဤသည်ကို ကြားပြီးနောက် ကျန်းထန် သူမ၏ ခေါင်းများ မူးနောက်သွားသလို ခံစားလိုက်ရသည်။ သူမ မှတ်ဉာဏ် ဆုံးရှုံးနေသော်လည်း လုံးဝ မအပေ။ ကျင့်ကြံခြင်းဆိုင်ရာ သာမန် အသိတရားများစွာမှာ သူမ ၏ စိတ်ထဲတွင် သဘာဝကျကျ ပေါ်လာဆဲ ဖြစ်သည်။
ထို့ကြောင့် ထူးဆန်းသည့် မီးတောက် နှစ်မျိုးဖြင့် သွေးမီးတောက်သစ္စာ ပြုလုပ်ခြင်းက မည်မျှ အဓိပ္ပာယ် မရှိကြောင်း သူမ ကောင်းကောင်း သိထားသည်။ သမိုင်းတစ်လျှောက်တွင် မည်သူမျှ မအောင်မြင်ခဲ့ဖူး ပေ၊ သီအိုရီအရတော့ ၎င်းမှာ လုံးဝ ဖြစ်နိုင်ပေသည်။
မည်သို့ပင်ဆိုစေ ဤ သွေးမီးတောက် ဝင်္ကပါ ဟု ခေါ်သော အရာမှာ လက်နက်သွန်းလုပ်ခြင်း အနုပညာမှ ဆင်းသက်လာခြင်း ဖြစ်သည်။ မှော်လက်နက်ဖန်တီးသူ များသည် လက်နက်များ သွန်းလုပ်သောအခါ တစ်ခါတစ်ရံတွင် အပူရှိန် မလုံလောက်ကြောင်း တွေ့ရှိရပြီး လမ်းခုလတ်တွင် ထူးဆန်းသည့် မီးတောက် အသစ်တစ်ခုကို ထပ်ပေါင်းထည့်လေ့ ရှိကြသည်။
အချို့သော နတ်ဘုရား လက်နက်များမှာမူ ထူးဆန်းသည့် မီးတောက် အများအပြားဖြင့် သွန်းလုပ်ရန်ပင် လိုအပ်သည်။ လက်ရှိ သွေးမီးတောက် ဝင်္ကပါ သည်လည်း ဤလက္ခဏာကို သဘာဝကျကျ ဆက်ခံထား ခြင်း ဖြစ်လေသည်။ လမ်းခုလတ်တွင် ထူးဆန်းသည့် မီးတောက် အသစ်တစ်ခု ထပ်ပေါင်းထည့်ခြင်းမှာ လုံးဝ ဖြစ်နိုင်ပေသည်။
သဘာဝကျစွာပင် စွမ်းအားမှာလည်း အဆမတန် မြင့်တက်သွားမည်ဖြစ်ပြီး ကျင့်ကြံသူအတွက် ခံနိုင် ရည်ရှိရန် ခက်ခဲစေကာ သူတို့၏ သွေးများကို မျက်စိတစ်မှိတ်အတွင်း ခမ်းခြောက်သွားစေမည်မှာ သေချာပေသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤအပြုအမူမှာ သေမင်းကို ဖိတ်ခေါ်နေခြင်းနှင့် ဘာမှ မခြားနားပေ။
ဝင်္ကပါ ကျောက်စာတိုင်တွင် သူမ၏ တပည့် တိုကင် ကို အသုံးပြုကာ ပံ့ပိုးမှုအမှတ် နှစ်သောင်းတန်သော ထူးဆန်းသည့် မီးတောက် မူလအစ တစ်ခုကို ရွေးချယ်ပြီးနောက် ကျန်းထန် က တုံ့ဆိုင်းစွာ စကားပြော လိုက်လေသည်...၊
"စီနီယာအစ်ကို... ကျွန်မ နာရေး ထမင်းဝိုင်းအတွက် စတင် ပြင်ဆင်လိုက်ရတော့မလား...။"
ဤမီးတောက်ကိုသာ ထည့်လိုက်မည်ဆိုပါက သူမ၏ စီနီယာအစ်ကို၏ အလောင်းမှာ အနည်းဆုံးတော့ နွေးနေဦးမည်ဟု သူမ ခံစားနေရသည်။ နင်းဖန် သူ၏ ပိန်ချုံးနေသော မျက်နှာဖြင့် မျက်လုံးလှန်ပြလိုက် လေသည်။ ဤမိန်းကလေးက သူ့အတွက် ကောင်းတာ ဆုတောင်းပေးမည့်အစား အဆိုးဆုံးကိုသာ မျှော်လင့်နေသည်မဟုတ်ပါတကား။
"ဘာ နာရေး ထမင်းဝိုင်းလဲ...၊ မင်းရဲ့ စီနီယာအစ်ကို ရဲ့ နတ်ဘုရား စွမ်းအားက တစ်ကမ္ဘာလုံးကို လွှမ်းခြုံထားတာ၊ ထူးဆန်းသည့် မီးတောက် နှစ်မျိုး မပြောနဲ့၊ နောက်ထပ် ဆယ်မျိုးဆိုရင်တောင် ငါ့အတွက် ဘာမှ မဟုတ်သေးဘူး...။"
သူမကို ဆူပူနေရင်းပင် သူမ စိတ်အေးသွားစေရန် သူ၏ အင်အားကို ကြွားလုံးထုတ်လိုက်သည်။ နင်းဖန် ဤမျှ ယုံကြည်မှု ရှိနေသည်ကို မြင်သောအခါ ကျန်းထန် နောက်ဆုံးတွင် မတုံ့ဆိုင်းတော့ပေ။
"စီနီယာအစ်ကို က ကိုယ့်ကိုယ်ကိုယ် မီးသင်္ဂြိုဟ်ဖို့ ဒီလောက်တောင် ဇွတ်လုပ်နေမှတော့ ဂျူနီယာ ညီမလေး ဖြစ်တဲ့ ကျွန်မအနေနဲ့လည်း ကူညီပေးရုံပဲ ရှိတော့တာပေါ့...။ စီနီယာအစ်ကို၊ မီးတောက်ကို ဖမ်းလိုက်တော့...။ေ"
မိန်းကလေး၏ ချိုသာသော အသံ ဆုံးသွားသည်နှင့် သူမလက်ထဲရှိ အနီရင့်ရောင် ထူးဆန်းသည့် မီးတောက် မူလအစ သည် ပျံထွက်သွားခလေသည်။ ဤမီးတောက်မှာ ချီလင်ကြက်သွေးနီ ကောင်းကင် မီးတောက် ဟု အမည်ရပြီး ပံ့ပိုးမှုအမှတ် နှစ်သောင်း ကျသင့်ကာ ရှေးဦး ချီလင် ဘိုးဘေး ၏ သွေးမျိုး ဆက် မှ မွေးဖွားလာခြင်း ဖြစ်ပေသည်။
၎င်းသည် လျှပ်စီး စွမ်းအားကို သယ်ဆောင်ထားပြီး နတ်ဘုရားသားရဲ ၏ ဖိအားနှင့် ဖျက်ဆီးနိုင်သော အပူရှိန်တို့ကို ပေါင်းစပ်ထားရာ ကမ္ဘာပေါ်ရှိ အားအကောင်းဆုံး ထူးဆန်းသည့် မီးတောက် များထဲမှ တစ်ခု ဖြစ်ပေသည်။ ရွှေရောင်ဧကရာဇ် ကောင်းကင်လောင်ကျွမ်းခြင်းမီးလျှံ ထက် အနည်းငယ် နိမ့်ကျ သော်လည်း ကွာခြားချက်မှာ အလွန် နည်းပါးလှပေသည်။
၎င်းသည် ဝင်္ကပါထဲသို့ ရောက်သွားသည်နှင့် ဝင်္ကပါ ၏ လမ်းညွှန်မှုကို ချက်ချင်း ခံလိုက်ရသည်။ အလွန် လျင်မြန်စွာပင် လက်မအရွယ်အစားရှိသော မူလအစ မီးတောက်သည် ဟိန်းဟောက်နေသော မီး မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေသည်။
အနီရင့်ရောင်နှင့် ရွှေရောင် မီးတောက်များ ယှက်နွယ်နေခြင်းက အမြင့်ဆုံး ထူးဆန်းသည့် မီးတောက် နှစ်မျိုး၏ ပေါင်းစပ်မှုကို ဖော်ပြနေခြင်းပင်။ အရှိန်အဟုန်ဖြင့် လည်ပတ်နေရင်း ထို မီး မုန်တိုင်းအတွင်း၌ ပြင်းထန်ပြီး ဖျက်ဆီးနိုင်စွမ်းရှိသော အရှိန်အဝါတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဝင်္ကပါ မျက်စိ တွင် ရပ်နေသော နင်းဖန်သည် အရှင်လတ်လတ် ကင်ခံနေရသကဲ့သို့ အပူရှိန် လှိုင်းများကို ခံစားလိုက်ရသည်။ သို့သော် သူ မည်သည့် အကြောက်တရားမျှ မပြသဘဲ စိတ်အားထက်သန်မှုသာ ရှိနေ ခဲ့သည်။ သူသည် သူ၏ ကိုယ်ပိုင် သွေးများဖြင့် ဖွဲ့စည်းထားသော သွေးနဂါးကို ထိန်းချုပ်ကာ ထို မီး မုန်တိုင်း အတွင်းသို့ ကြွေးကြော်ရင်း စေလွှတ်လိုက်တော့သည်။
တစ်ချိန်တည်းမှာပင် အထက်ရှိ ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်း၌ နင်းဖန်သည် ရွှေရောင် ဧကရာဇ် ကောင်းကင်လောင်ကျွမ်းခြင်းမီးလျှံ အောက်တွင် ခံနိုင်ရည်ရှိရုံသာမက နောက်ထပ် မီးတောက် တစ်ခုကိုပင် တက်ကြွစွာ ထပ်ပေါင်းထည့်လိုက်သည်ကို မြင်ရသောအခါ ဤ လူသား မဆန်သော မြင်ကွင်းကြောင့် အားလုံး မှင်တက်သွားကြလေသည်။ အတွင်းစည်းနှင့် အပြင်စည်း တပည့်များမှာ ပါးစပ်အဟောင်းသား ဖြစ်နေကြပြီး သူတို့၏ စိတ်များပင် ပြိုလဲသွားပုံရလေသည်။
"ငါ အမြင်မှားနေတာလား...၊ ထူးဆန်းသည့် မီးတောက် နှစ်မျိုးတဲ့လား...။"
"နင်းဖန်က သေမျိုးခန္ဓာကိုယ်နဲ့ သေမျိုးသွေး ရှိတာ မဟုတ်ဘူးလား...။ သူက ရွှေရောင်ဧကရာဇ် ကောင်းကင် လောင်ကျွမ်းခြင်းမီးလျှံ ကို ဘယ်လိုလုပ် ခံနိုင်ရည်ရှိနေရတာလဲ...။"
"တစ်ခုခုတော့ မှားနေပြီ...။ သေမျိုးသွေး က ဘယ်တုန်းက ဒီလောက်တောင် အားကောင်းသွားရတာ လဲ...။"
"နင်းဖန်က တကယ်ကို လူမဟုတ်တော့ဘူး...။"
"ငါကတော့ သူ့အတွက် စိုးရိမ်နေလိုက်တာ၊ တကယ်တမ်းကျတော့ သူက ဘယ်လို အန္တရာယ်မျိုးမှ မရှိနေဘူးပဲ...။"
"ကောင်းပြီလေ...၊ ဒါဆို မင်းက ငါတို့ ညီအစ်ကို တပည့်တွေကို နောက်ပြောင်နေတာပေါ့ ဟုတ်လား...၊ ပျော်နေလား...။"
"ပွင့်ပွင့်လင်းလင်း ပြောရရင် စိတ်ခံစားချက်တွေက အရမ်း ပြင်းထန်နေပြီ...။ နင်းဖန်၊ မင်း တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် သန့်စင်ကြည့်ပါလား...။"
"နင်းဖန် အဆင်ပြေနေမှတော့ သူတော်စင်မိန်းမပျိုနဲ့ သူ့ရဲ့ လက်ထပ်မှုကို ငါ အရင်က သဘောတူခဲ့တာ တွေ အကုန်လုံးကို အဓိပ္ပာယ်မရှိတဲ့ စကားတွေအဖြစ် ပြန်ရုပ်သိမ်းလိုက်ပြီ...။ အဲဒါကို မေ့လိုက်ကြ တော့...။"
"မှန်တယ်... ဆဲချင်သလောက် ဆဲလိုက်စမ်းပါ၊ ပိုပြီး ရိုင်းလေ ပိုကောင်းလေပဲ...။ အဲဒါကို နင်းဖန် အတွက် ငါတို့ရဲ့ ကောင်းချီးပေးမှုလို့ပဲ သတ်မှတ်လိုက်ပါ...။"
တပည့် တစ်သိန်းကျော်ကြားတွင် ဆူညံသံများ ကောင်းကင်သို့ လွှမ်းမိုးသွားခဲ့သည်။ လျှို့ဝှက်နယ်မြေ ၏ အဓိက စက်ဝိုင်းတွင် ဂိုဏ်း၏ အဆင့်မြင့် အရာရှိများသည်လည်း ဆွံ့အနေကြသည်။
နင်းဖန်သည် ရွှေရောင်ဧကရာဇ် ကောင်းကင်လောင်ကျွမ်းခြင်းမီးလျှံ အောက်တွင် တောင့်ခံနိုင်လိမ့်မည် ဟု အကြီးအကဲ တစ်ဦးမျှ မမျှော်လင့်ထားခဲ့ကြသလို၊ နောက်ထပ် မီးတောက်တစ်ခုကို ထပ်ပေါင်းထည့် ရန် အင်အား ရှိနေသေးလိမ့်မည်ဟုလည်း မထင်ထားခဲ့ကြပေ။
ထို့အပြင် ဤ ဒုတိယ မီးတောက်မှာလည်း မီးခိုးစိမ်း နွေးထွေးသော ကျောက်စိမ်းမီးတောက် ကဲ့သို့ နူးညံ့ သောအရာ မဟုတ်ဘဲ ထိပ်တန်းအဆင့် တစ်ခု ဖြစ်နေပြန်လေသည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အကြီးအကဲများ အားလုံး ဝမ်းသာအားရ လက်ခုပ်တီးလိုက် ကြလေသည်။
"အောင်မြင်သွားပြီ...။"
"နင်းဖန်... နင်းဖန်...၊ မင်း ဘာလို့ ဒီလောက်တောင် ထူးချွန်နေရတာလဲ...။"
"ရွှေရောင်ဧကရာဇ် ကောင်းကင်လောင်ကျွမ်းခြင်းမီးလျှံ ဆိုတာ မင်း ပိုင်ဆိုင်ဖို့အတွက် ဖန်တီးထား တာပဲ...။"
"ဒီမီးတောက်နဲ့ သွေးမီးတောက်သစ္စာ ပြုလုပ်တာ...၊ သေဘေးကို ရင်ဆိုင်ရတဲ့ အဲဒီ ဘုရင် ခန္ဓာကိုယ် တွေက အရည်အချင်း မရှိလို့ပဲ၊ မင်းကတော့ သူတို့နဲ့ မတူဘူး...။"
"ဝင်္ကပါထဲမှာ မီးတောက် နှစ်မျိုးနဲ့ဆိုတော့ မင်း မကြုံစဖူး အောင်မြင်မှုတစ်ခုကို ဖန်တီးလိုက်ပြီပဲ...။ တကယ်ကို ရင်သပ်ရှုမောစရာပဲ...။"
"ညီအစ်ကိုတို့...၊ နင်းဖန်က မီးတောက် နှစ်မျိုး သန့်စင်မှုအောက်မှာ မဟာစက်ဝန်း ဘယ်နှစ်ကြိမ် လည်ပတ်နိုင်မယ်လို့ ခင်ဗျားတို့ ထင်ကြသလဲ...။"
"သူ့ရဲ့ ပေါ့ပေါ့ပါးပါး အနေအထားအရဆိုရင် အနည်းဆုံး ဆယ်ကြိမ်ပေါ့...။"
"အဲဒီထက်မကဘူး...၊ ငါကတော့ အကြိမ်နှစ်ဆယ်လို့ လောင်းကြေးထပ်တယ်...။"
ချီးကျူးစကားများ ထွက်ပေါ်လာသည်နှင့်အမျှ ထိုနေရာ တစ်ခုလုံးမှာ ပျော်ရွှင်စရာ လေထုများဖြင့် ပြည့် နှက်သွားခဲ့လေနော့သည်။ ဂိုဏ်းချုပ်နှင့် ယွီရူရွှမ်း တို့သည်လည်း စိတ်အေးသွားကြသည်။ နင်းဖန်သည် သူ၏ ကိုယ်ပိုင် အသက်နှင့် နောက်ပြောင်မည့်သူ မဟုတ်ကြောင်း ရှင်းလင်းပေသည်၊ သူက သူတို့ကို နောက်တစ်ကြိမ် အံ့သြသွားအောင် လုပ်နိုင်ခဲ့ပြန်ပြီဖြစ်၏။
သူ၏ သေမျိုးသွေး က ဘာကြောင့် ဤမျှ အားကောင်းနေရသနည်း ဆိုသည်ကို သူတို့ နားမလည်နိုင် သော်လည်း ၎င်းကို နင်းဖန်၏ ထူးခြားသော သဘောသဘာဝကြောင့်ဟုသာ သတ်မှတ်လိုက်ကြသည်။
မည်သို့ပင်ဆိုစေ သူသည် သမိုင်းတွင် ကျမ်းစာဆောင် ၏ နဝမထပ်သို့ ရောက်ရှိခဲ့သော ပထမဆုံး သေမျိုးခန္ဓာကိုယ် မဟုတ်ပါလား။ သာမန် သေမျိုးခန္ဓာကိုယ် များနှင့် မတူညီခြင်းက ကျိုးကြောင်း ဆီလျော်ပုံ ရပေသည်။
သူတို့ ပတ်ဝန်းကျင်ရှိ အစစ်အမှန်တပည့် များစွာသည်လည်း ဤမြင်ကွင်းကြောင့် အံ့သြတကြီး အော်ဟစ် နေကြလေသည်။ သူတော်စင်သည် မျှော်လင့်ထားသည့်အတိုင်းဖြစ်သည်ဟူသော အမူ အရာကို ပြသထားပြီး သူ၏ နှုတ်ခမ်းထောင့်တွင် ဂုဏ်ယူနေသော အပြုံးတစ်ခု ရှိနေခဲ့သည်။
သူသည် သူ၏ ထက်မြက်သော အကဲဖြတ်မှုကို စိတ်ထဲမှနေ၍ ချီးကျူးနေခဲ့သည်။ ဤ နင်းဖန်သည် နတ်ဘုရားကူးဖြတ်ခြင်း အဆင့် ၏ အသွင်အပြင်၊ ပြိုင်ဘက်ကင်းသော အရှိန်အဝါကို အမှန်တကယ် ပိုင်ဆိုင်ထားသည်။
အကယ်၍ သူသာ ထူးဆန်းသည့် မီးတောက် နှစ်မျိုးဖြင့် သွေးမီးတောက်သစ္စာ ပြုလုပ်ခြင်း ဆိုသည့် အဓိပ္ပာယ်မရှိသော အောင်မြင်မှုကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့လျှင် သူသည် ဤခေတ်၏ ရွေးချယ်ခံ ရသော ဇာတ်လိုက် မဟုတ်ကြောင်း မည်သူက ယုံကြည်မည်နည်းဟု သူ တွေးလိုက်မိလေသည်။
သူတော်စင်သည် အကြိမ်နှစ်ဆယ် ဟူသော အကြီးအကဲများ၏ ခန့်မှန်းချက်ကိုပင် လှောင်ပြောင်လိုက် သေးသည်။ ထိုအရေအတွက်မှာ နည်းလွန်းလှပြီး သူတို့၏ အမြင်မှာ အလွန် ကျဉ်းမြောင်းလွန်းလှ သည်ဟု သူ တွေးလိုက်သည်။
သူ၏ အမြင်တွင်မူ နင်းဖန်သည် ထို အတိတ်က ပါရမီရှင်၏ မဟာစက်ဝန်း ငါးဆယ့်ရှစ်ကြိမ် ဆိုသည့် ဂိုဏ်း၏ စံချိန်ကို သေချာပေါက် ချိုးဖျက်နိုင်လိမ့်မည် ဖြစ်သည်။ ထို့အပြင် အကြိမ် ခြောက်ဆယ် ကိုပါ ကျော်ဖြတ်သွားလိမ့်မည် ဖြစ်ရာ ဆက်လက် စောင့်ကြည့်နေလိုက်ရန်သာ ရှိတော့သည်။
သူတော်စင်၏ 'ငါတစ်ယောက်တည်းပဲ အမှန်တရားကို သိတယ်' ဆိုသည့် အပြုံးမှာ ပိုမို ကျယ်ပြန့်လာခဲ့ လေသည်။ ဤသည်က သူတော်စင်ကို တိတ်တဆိတ် စောင့်ကြည့်နေလေ့ရှိသော ကျူးကော့မင် ကို လုံးဝ ဇဝေဇဝါ ဖြစ်သွားစေခဲ့သည်။
ထိုကလေး ရူးသွားလေပြီလား၊ နင်းဖန်၏ စွမ်းဆောင်ရည်အတွက် သူက အဘယ်ကြောင့် ဤမျှလောက် ပျော်ရွှင်နေရသနည်းဟု သူ တွေးတောနေမိသည်။ အလယ်ပြည်နယ် ၏ နတ်ဘုရား တွက်ချက်သူလေး သည် အချိန်အတော်ကြာအောင် လက်ချောင်းများကို ချိုး၍ တွက်ချက်နေခဲ့သော်လည်း သူတော်စင်၏ စိတ်ပိုင်းဆိုင်ရာ ခရီးစဉ်ကိုမူ နားမလည်နိုင်ခဲ့ပေ။
သူ သိချင်နေစဉ်မှာပင် အံ့သြတကြီး အော်ဟစ်သံများ သူ၏ နားထဲသို့ ရောက်ရှိလာခဲ့သည်။ လီချန်မင် က ကြည်လင်သော အသံဖြင့် အော်ပြောလိုက်သည်ကို သူ ကြားလိုက်ရလေသည်။
"နင်းဖန်က တတိယမြောက် ထူးဆန်းသည့် မီးတောက် ကို ထပ်ပေါင်းထည့်လိုက်ပြီ...။"