အခန်း (၉၇-၉၈)
Vol. 10 Ch. 97-98
အခန်း (၉၇) ဂိုဏ်းတစ်ခုလုံး ပျောက်ကွယ်သွားတယ်၊ သူက ဘယ်လိုလုပ် သူတော်စင်မိန်းမပျို နဲ့ ကုတင်တစ်လုံးတည်းမှာ အိပ်နေရတာလဲ
ညဉ့်နက်လာခဲ့ပြီ ဖြစ်သည်။
ပျံသန်းသည့်လှေ တစ်စင်းသည် သူတော်စင်မိန်းမပျို နန်းတော် တွင် ဆင်းသက်လာခဲ့၏။ နင်းဖန်သည် နန်းတော်ထဲသို့ ပေါ့ပေါ့ပါးပါး လျှောက်သွားပြီး သူ့နောက်တွင် ရှက်ရွံ့နေသော ကျန်းထန် က လိုက်ပါ လာခဲ့လေသည်။
"စီနီယာအစ်ကို...၊ ရှင်က ဘာလို့ သူတော်စင်မိန်းမပျို နန်းတော် မှာ အိပ်နေရတာလဲ...။ သူတော်စင် မိန်းမပျို သိသွားရင် စိတ်မဆိုးသွားနိုင်ဘူးလား...။"
မနက်နိုးလာစဉ်က သူမသည် ခန်းမထဲတွင် တိုက်ရိုက် ပေါ်လာခဲ့သဖြင့် ယခုအချိန်အထိ များများစားစား သတိမထားမိခဲ့ပေ။ ကမ္ပည်းပြားပေါ်ရှိ "သူတော်စင်မိန်းမပျို နန်းတော်" ဟူသော တောက်ပသည့် စာလုံးများကို ကြည့်ရင်း စိတ်ဝိညာဉ်ကို ထိုးဖောက်သွားသော မေးခွန်းတစ်ခုကို သူမ မမေးဘဲ မနေနိုင် ခဲ့ပေ။
ဤနေရာသည် ဂိုဏ်း၏ အမျိုးသမီး ကျင့်ကြံသူများအတွက် အိပ်ဆောင်သက်သက် မဟုတ်ပေ၊ ၎င်း သည် ထို အမြင့်မြတ်ဆုံး သူတော်စင်မိန်းမပျို အရှင်မြတ် နှင့် သက်ဆိုင်သော နေရာ ဖြစ်သည်။ ယခု ဂိုဏ်းမှာ အလွတ်ဖြစ်နေပြီး အရင်းအမြစ်များ အားလုံးကို စိတ်ကြိုက် အသုံးပြုနိုင်သော်လည်း စီနီယာ အစ်ကို က ယောက်ျားတစ်ယောက်အနေဖြင့် သူတော်စင် နန်းဆောင် တွင် မနေဘဲ သူတော်စင် မိန်းမပျို နန်းတော် သို့ ပြေးလာခြင်းက ဘယ်လိုပဲ တွေးတွေး ထူးဆန်းနေသည်ဟု သူမ ခံစားရလေသည်။
နင်းဖန် ဤစကားများကို ကြားလိုက်ရသည်။ သူ၏ မျက်နှာတွင် မူမမှန်မှု အရိပ်အယောင်မျှ မရှိဘဲ ပုံမှန် အတိုင်း တည်ငြိမ်နေခဲ့၏။ သူ၏ လက်များကို နောက်ပစ်ကာ ရှေ့မှ လျှောက်သွားရင်း နောက်လှည့် မကြည့်ဘဲ ပြောလိုက်လေသည်...။
"ဂျူနီယာညီမလေး၊ မင်း မသိတာတွေ ရှိတယ်...၊ ငါနဲ့ အဲဒီ သူတော်စင်မိန်းမပျို ကျန်းချင်းဟန် က အရမ်း ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ပြီး နှစ်ပေါင်းများစွာ သံယောဇဉ် ရှိခဲ့ကြတာ...။ ဘယ်ယောက်ျား မှ သူမရဲ့ အိပ်ဆောင်ထဲကို ခြေမချဖူးဘူးလို့ အပြင်လူတွေက ပြောကြပေမယ့် တကယ်တော့ အဲဒါက မှားတယ်...။ ဒီမှာ ငါ ညအိပ်ဖူးတာ တစ်ကြိမ်မကတော့ဘူး...။"
"ဒါကြောင့် ဂိုဏ်းမှာ အပြောင်းအလဲတွေ ဖြစ်ပြီးတဲ့နောက် သူတော်စင် နန်းဆောင် ဒါမှမဟုတ် ဂိုဏ်းချုပ် ရဲ့ အစွန်းနှစ်ဖက် တောင်ထိပ် ကို မသွားဘဲ ဒီနေရာမှာ နေဖို့ ငါ ဘာလို့ အထူးတလည် ရွေးချယ်ခဲ့လဲဆိုတာကို မင်း နားလည်နိုင်မယ် ထင်ပါတယ်...။"
"ဘာလို့လဲဆိုတော့ မင်းရဲ့ စီနီယာအစ်ကို ဖြစ်တဲ့ ငါက အတိတ်ကို လွမ်းဆွတ်ပြီး သံယောဇဉ် ကြီး လို့ပဲ...။ ဂိုဏ်းရဲ့ ဒီလို ကမောက်ကမ အချိန်မှာ သူတော်စင်မိန်းမပျို နန်းတော် ရဲ့ နွေးထွေးတဲ့ ကျောက်စိမ်းအေး ရတနာ ကုတင် တစ်ခုတည်းကပဲ ငါ့ရဲ့ အားနည်းနေတဲ့ စိတ်ဝိညာဉ် ကို နှစ်သိမ့်မှု အနည်းငယ် ပေးနိုင်မှာပါ...။"
နင်းဖန်၏ စကားများကို ကြားသောအခါ ကျန်းထန် ၏ ပါးစပ်လေးမှာ ရုတ်တရက် ဟသွားခဲ့လေသည်။ သူမ အလွန် အံ့အားသင့်သွားပြီး လေးနက်သော အမူအရာဖြင့် မေးလိုက်လေသည်...၊
"ဒါ... ဒါဆို စီနီယာအစ်ကို နဲ့ သူတော်စင်မိန်းမပျို အရှင်မြတ် က တကယ်ပဲ အဲဒီလောက် ရင်းနှီးတာ ပေါ့...။"
"ရင်းနှီးရုံတင်မကဘူး...၊ ငါတို့က သူငယ်ချင်းထက် ပိုတယ်၊ ဒါပေမယ့် တာအို အဖော် တွေတော့ မဖြစ် သေးဘူး လို့ သတ်မှတ်လို့ရတယ်...။"
နင်းဖန် သူ၏ ခေါင်းကို အနည်းငယ် လှည့်လိုက်ရာ သူ၏ ချောမောသော မျက်နှာပေါ်တွင် ဝမ်းနည်းမှု များ ပြည့်နှက်နေပြီး သက်ပြင်းချလိုက်လေသည်။
ကျန်းထန် ဇဝေဇဝါဖြစ်သွားပြီး အလျင်အမြန် မေးလိုက်လေသည်...၊
"စီနီယာအစ်ကို၊ အဲဒါက ဘာအဓိပ္ပာယ်လဲ...။"
"အဲဒါက သူတော်စင်မိန်းမပျို နဲ့ ငါ့ကြားက ခံစားချက်တွေဟာ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ် ယောက် ကြားက သူငယ်ချင်း သံယောဇဉ်ထက် ကျော်လွန်နေပြီ၊ ဒါပေမယ့် တာအို အဖော် တွေ ဖြစ်လာဖို့ မီးပွားလေး တစ်ခု လိုနေသေးတယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ...။"
နင်းဖန်က လမင်းကို မော့ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် နက်ရှိုင်းသော ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေခဲ့သည်။ ထို ဂိုဏ်း၏ နတ်ဘုရားမ ကို သူ လွမ်းဆွတ်နေသကဲ့သို့ မျက်ရည်အချို့ပင် ဝဲနေ ခဲ့လေ၏။
သူ့ဘေးရှိ မိန်းကလေးမှာ သူ့ကို သံသယ မဝင်ဘဲ အလွန် အံ့အားသင့်မှုကိုသာ ခံစားခဲ့ရသည်။
"သူငယ်ချင်းထက် ပိုတယ်၊ ဒါပေမယ့် တာအို အဖော် တွေတော့ မဖြစ်သေးဘူး။ ဒါကြောင့် ဒီကမ္ဘာမှာ ယောက်ျားတွေနဲ့ မိန်းမတွေကြားမှာ အဲဒီလို အံ့သြစရာကောင်းတဲ့ အခြေအနေမျိုး ရှိနေတာကိုး...။"
"စဉ်းစားကြည့်ရတာ စီနီယာအစ်ကို နဲ့ သူတော်စင်မိန်းမပျို အရှင်မြတ် တို့ကြားမှာ ကမ္ဘာက မသိတဲ့ လျှို့ဝှက် ပုံပြင်တစ်ပုဒ် တကယ်ပဲ ရှိနေခဲ့တာပဲ...။"
"အခု ဂိုဏ်းတစ်ခုလုံး ပျောက်ကွယ်သွားပြီး သူတော်စင်မိန်းမပျိုလည်း ပျောက်ဆုံးနေပြီဆိုတော့ စီနီယာအစ်ကို က သူ့စိတ်ထဲမှာ သူမအတွက် အရမ်း စိုးရိမ်နေမှာ သေချာတယ်။ အဲဒီလိုဆိုရင် သူတော် စင်မိန်းမပျို နန်းတော် မှာ နေဖို့ ရွေးချယ်တာက အဓိပ္ပာယ်ရှိပုံ ရပါတယ်လေ...။"
"ဆိုရိုးစကားရှိသလို မိုင်တစ်သောင်းအကွာက တူညီတဲ့ လရောင်ကို မျှဝေခံစားကြတယ်တဲ့...။ ချင်းဟန် သာ ဒီကမ္ဘာပေါ်မှာ ရှိနေသေးရင် အခု ငါကြည့်နေတဲ့ လရောင်ကိုပဲ သူမ ကြည့်နေမလား ငါ သိချင်မိ တယ်...။"
နင်းဖန်သည် သူတော်စင်မိန်းမပျို ၏ အိပ်ဆောင် ပြတင်းပေါက်ဘေးတွင် လက်များကို နောက်ပစ်ကာ ရပ်နေရင်း အထီးကျန်မှုနှင့် ဝမ်းနည်းမှုများ ပြည့်နှက်နေသော မျက်နှာဖြင့် လပြည့်ဝန်းကို ကြည့်နေခဲ့ လေသည်။
"သူမ ကြည့်နေမှာပါ...၊ စီနီယာအစ်ကို...။ သူတော်စင်မိန်းမပျို အရှင်မြတ် က သေချာပေါက် အဆင်ပြေ မှာပါ...။ အခုချိန်မှာ သူမလည်း ရှင်ကို တိတ်တဆိတ် လွမ်းနေမှာ သေချာပါတယ်...။"
ကျန်းထန် သည် ဤစိတ်ခံစားမှုကြောင့် လှုပ်ရှားသွားပြီး နက်နက်ရှိုင်းရှိုင်း ထိမိသွားခဲ့သည်။ သူမသည် နင်းဖန်၏ ဘေးသို့ အလျင်အမြန် လျှောက်သွားကာ အားပေးသည့် အမူအရာဖြင့် သူမ၏ ရင်ဘတ်ရှေ့ တွင် လက်သေးသေးလေးများကို ဆုပ်ထားလိုက်လေသည်။
"ဂျူနီယာညီမလေး...၊ ငါ မင်းကို ကျင့်ကြံခြင်း မှာ ဘာလို့ လမ်းညွှန်ပေးချင်လဲဆိုတာ မင်း သိလား...၊ ဘာလို့လဲဆိုတော့ မင်းဆီမှာ ချင်းဟန် ရဲ့ အရိပ်ကို ငါ အမြဲတမ်း မြင်နေရလို့ပဲ...။ သူတော်စင်မိန်းမပျို က တောင်တစ်တောင်လို အေးစက်တယ်ဆိုတာကိုပဲ အပြင်လူတွေက သိကြပေမယ့် ငါ့ရှေ့မှာတော့ တစ်ခါတလေ သူမရဲ့ မိန်းမဆန်တဲ့ဘက်ကို ပြတတ်တယ်...။"
"တစ်ခါတလေ သူမက မင်းလိုပဲ ချစ်စရာကောင်းတယ်...။ မင်းတို့ နှစ်ယောက်စလုံးက မျိုးရိုးနာမည် ကျန်း ဆိုတော့ သူမရဲ့ နာမည်ကတစ်ဆင့် သူမကို ငါ မြင်နေရတာလို့ ငါ ထင်ပါတယ်...။"
နင်းဖန် လှည့်လိုက်ပြီး ကျန်းထန် ၏ အပြစ်ကင်းစင်သော မျက်လုံးများထဲသို့ မြေခွေးတစ်ကောင်၏ နှလုံးသားကိုပင် အရည်ပျော်သွားစေနိုင်သည့် ချစ်ခင်ယုယမှု အပြည့်ရှိသော အကြည့်ဖြင့် ကြည့်လိုက် လေသည်။ သူ၏ စကားများကို ဆွဲဆောင်မှုရှိစေရန်အတွက် သူသည် ရည်ရွယ်ချက်ရှိရှိ နက်ရှိုင်းပြီး အသက်ရှူသံများသည့် အသံကိုပင် အသုံးပြုခဲ့သေး၏။
မိန်းကလေး၏ နှလုံးသားမှာ မြန်ဆန်စွာ ခုန်ပေါက်လာပြီး သူမ၏ မျက်နှာမှာ နီရဲလာကာ တစ်ကိုယ်လုံး မူးဝေနေသကဲ့သို့ ခံစားလိုက်ရလေသည်။
"ဂျူနီယာညီမလေး၊ မင်း ငါ့နောက်ကို လိုက်ပြီး ကျင့်ကြံ နေတာ တစ်ရက်ရှိပြီဆိုတော့ အနားယူဖို့ အချိန်တန်ပြီ...၊ ကုတင်ပေါ် တက်တော့...။"
အချိန်ကိုက်ဖြစ်နေပြီဟု မြင်သောအခါ နင်းဖန်သည် ကျောက်စိမ်းအေး ကုတင် ဘက်သို့ လှည့်ကာ စောင်ထဲသို့ ဝင်သွားပြီး သူ့ဘေးရှိ နေရာလွတ်ကို ပုတ်ပြလိုက်လေသည်။
ဤသည်ကို မြင်သောအခါ ကျန်းထန် ပြာယာခတ်သွားခဲ့၏။ သူမက စကားများပင်ထစ်ကာ ပြောလိုက် လေသည်...
"ကျွန်မ...၊ ကျွန်မလည်း ဒီမှာ အိပ်ရမှာလား...။"
"ဒါပေါ့...၊ သူတော်စင်မိန်းမပျို ရဲ့ အေးစက်တဲ့ ကုတင်က အထူး ပစ္စည်းနဲ့ လုပ်ထားတာဖြစ်ပြီး သွေး ကြောတွေ ကို အာဟာရဖြစ်စေတာနဲ့ အရိုးတွေကို သန့်စင်ပေးတဲ့ အာနိသင် ရှိတယ်...။ ဒီကုတင်ပေါ်မှာ အချိန်အကြာကြီး အိပ်တာက ကောင်းကောင်း အနားယူနိုင်ရုံသာမက သွေးချီ ကိုလည်း တိုးစေတယ်..။"
နင်းဖန်က လေးနက်သော မျက်နှာထားဖြင့် ရှင်းပြလိုက်လေသည်။ အခြား မည်သည့် ရည်ရွယ်ချက်ကို မျှ လုံးဝ မတွေ့ရပေ။
ဤသည်ကို ကြားသောအခါ ကျန်းထန် သည် အနည်းငယ် တုံ့ဆိုင်းနေဆဲ ဖြစ်သည်။ သူမက ပြတင်း ပေါက် အပြင်ဘက်ရှိ ဝင်းခြံကို လက်ညှိုးထိုးပြကာ ပြောလိုက်လေသည်...
"စီနီယာအစ်ကို၊ အစေခံ အခန်း ထဲမှာ ကျွန်မ သွားအိပ်ရင်ရော ဘယ်လိုလဲ...။"
"မိုက်မဲလိုက်တာ...။"
နင်းဖန်က ရုတ်တရက် အသံကို မြှင့်လိုက်ပြီး သူမ မျှော်လင့်ထားသလို မဖြစ်လာသည့်အတွက် စိတ်ပျက်သွားသကဲ့သို့ အမူအရာဖြင့် ဆူပူလိုက်လေသည်...၊
"ကြီးကျယ်တဲ့ အရာတွေ လုပ်ဖို့ ဖန်တီးခံထားရတဲ့ သူတစ်ယောက်က ဒီလို အသေးအမွှား ကိစ္စလေး တွေနဲ့ ဘယ်လိုလုပ် အကန့်အသတ် ခံနေရမှာလဲ.... ပြီးတော့ ငါ့ရင်ခွင်ထဲမှာ အိပ်ခိုင်းနေတာမှ မဟုတ် တာ...။"
"ဒီ ကျောက်စိမ်းအေး ကုတင် က အရမ်း ကြီးတယ်၊ မင်းက ဘယ်ဘက်မှာ အိပ်၊ ငါက ညာဘက်မှာ အိပ်မယ်၊ အလယ်မှာ အနည်းဆုံး လူနှစ်ယောက်စာလောက် နေရာလွတ် ရှိသေးတယ်...။ ဒီအခြေအ နေမှာတောင် မင်းက တုံ့ဆိုင်းနေတုန်းပဲလား...။ မင်းရဲ့ စီနီယာအစ်ကို က မင်းကို စားပစ်မှာ စိုးရိမ်နေ တာလား၊ ဒါမှမဟုတ် အမြင့်ဆုံး အခြေခံအုတ်မြစ် ကို မတည်ဆောက်ချင်တော့ဘူးလား...။"
နင်းဖန် အနည်းငယ် ဒေါသထွက်သွားသည်ကို မြင်သောအခါ ကျန်းထန် ချက်ချင်း ပြာယာခတ်သွားခဲ့ လေသည်။ သူ၏ စကားများကို စဉ်းစားကြည့်ရာ ၎င်းတို့မှာ အဓိပ္ပာယ်ရှိပုံ ရပေသည်။ ဤသည်က သူမကို အပြစ်ရှိသလို ခံစားရစေခဲ့၏။
"စီနီယာအစ်ကို က ရှင်းရှင်းလင်းလင်းကို ကျွန်မ ကောင်းဖို့အတွက် လုပ်ပေးနေတာ၊ ကျွန်မက အသေး အမွှား ကိစ္စလေးတွေအတွက် အငြင်းပွားနေတယ်...၊ ကျန်းထန်၊ အို ကျန်းထန်၊ နင်က ဘယ်လိုလုပ်ပြီး အမှားအမှန်ကိုတောင် မခွဲခြားနိုင်ရတာလဲဟု အတွင်းစိတ်မှ ကိုယ့်ကိုယ်ကိုယ် ဆူပူလိုက်လေသည်။"
ရှက်တတ်သော မိန်းကလေးသည် နောက်ဆုံးတွင် ငြင်းဆန်ခြင်းကို ရပ်တန့်လိုက်သည်။ သူမသည် ကုတင်ဘေးသို့ ခြေလှမ်းကျဲလေးများဖြင့် လျှောက်သွားကာ သူမ၏ သတ္တိကို မွေးလိုက်လေသည်...၊
"ဒါဆို... စီနီယာအစ်ကို...၊ ကျွန်မ လာပြီနော်...။"
ထိုသို့ပြောပြီးနောက် ကျန်းထန် ၏ မျက်နှာမှာ နီရဲသွားပြီး အလင်းအမြန်နှုန်းဖြင့် ကုတင်ပေါ်သို့ တက် ကာ စောင်ထဲသို့ တိုးဝင်သွားခဲ့လေသည်။ ထို့နောက် သူမသည် စောင်ကို ခေါင်းပေါ်အထိ ဆွဲခြုံလိုက်ပြီး နင်းဖန်ကို မကြည့်ရဲတော့ချေ။
သူတော်စင်မိန်းမပျို ၏ ကုတင်သည် ကြီးမားပြီး စောင်သည်လည်း ကြီးမားပေသည်။ သူတို့ နှစ်ဦးစလုံး ဆန့်ကျင်ဘက် အစွန်းများတွင် လဲလျောင်းနေကြပါသော်လည်း အမှန်တကယ်တွင် စောင်တစ်ထည် တည်းအောက်တွင် ရှိနေကြခြင်း ဖြစ်ပေ၏။
သို့သော် ကျောက်စိမ်း ခေါင်းအုံး တစ်လုံးတည်းသာ ရှိသည်။ ကျန်းထန် သည် ယခုအချိန်တွင် ပြားပြား ဝပ်ဝပ် လဲလျောင်းနေ၏။ ဤသည်ကို မြင်သောအခါ နင်းဖန်သည် အကူအညီမဲ့စွာ ပြုံးမနေဘဲ မနေနိုင် ခဲ့ချေ။
တစ်ခုတည်းသော ကျောက်စိမ်း ခေါင်းအုံးကို သူ ကမ်းပေးလိုက်ပြီး ကျန်းထန် ၏ လည်ပင်းအောက်သို့ ထိုးသွင်းပေးလိုက်လေသည်။ ထို့နောက် သူ လှည့်လိုက်ပြီး သူ၏ ခေါင်းကို လက်မောင်းပေါ် တင်ကာ နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့လေတော့၏။
တိတ်ဆိတ်နေသော အခန်းထဲတွင် စောင်အောက်၌ ပုန်းနေသော ကျန်းထန် သည် သူမ၏ နှလုံးသား အဆက်မပြတ် ခုန်ပေါက်နေသည်ကို ခံစားနေရသည်။ အမှောင်ထဲတွင် သူမ မျက်လုံးဖွင့်လိုက်ပြီး တောက်ပသော မျက်လုံးတစ်စုံ ပေါ်လာစေရန် စောင်ကို တိတ်တဆိတ် အောက်သို့ ဆွဲချကာ သူမဘေး တွင် အိပ်ပျော်နေပြီဖြစ်သော နင်းဖန်ကို သူခိုးတစ်ယောက်ကဲ့သို့ ချောင်းကြည့်လိုက်လေ၏။
စောစောက သူ တိတ်တဆိတ် ကမ်းပေးခဲ့သော ကျောက်စိမ်း ခေါင်းအုံး အကြောင်း တွေးမိသောအခါ အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ သူမ၏ နှုတ်ခမ်းထောင့်များ အလိုအလျောက် ကွေးတက်သွား ခဲ့လေတော့သည်။
"စီနီယာအစ်ကို...၊ သူက တကယ်တော့ တော်တော် ကောင်းတဲ့လူပဲ...။ ပြီးတော့ ဒီ သူတော်စင်မိန်းမပျို ကုတင်က ထူးခြားလောက်အောင် သက်သောင့်သက်သာ ရှိတယ်၊ ငါ အရင်က အိပ်ဖူးနေသလိုမျိုးပဲ...။"
ကျန်းထန် သည် နင်းဖန်နှင့်အတူ ဖြတ်သန်းခဲ့ရသော သူမ၏ နေ့ရက်အကြောင်းကို တွေးတောရင်း၊ သူမ လဲလျောင်းနေသော ကျောက်စိမ်းအေး ကုတင် ကို ခံစားရင်း မျက်နှာကြက်ကို ငေးကြောင်ကြည့်နေခဲ့ လေသည်။ အရာအားလုံးက အထူးတလည် အံ့သြစရာကောင်းသည်ဟု သူမ ခံစားရ၏။ မသိမသာဖြင့် ပင် မောပန်းနေသော မိန်းကလေးသည်လည်း အိပ်မက်ကမ္ဘာထဲသို့ ဝင်ရောက်သွားခဲ့လေတော့သည်။
သို့သော် တိတ်ဆိတ်နေသော သူတော်စင်မိန်းမပျို နန်းတော် နှင့် မတူဘဲ၊ ထိုက်ရီအကြွင်းအကျန်နယ် မြေ အတွင်း၌မူ အရာအားလုံး ပေါက်ကွဲထွက်သွားခဲ့သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
"နင်းဖန်....၊ သူခိုး နင်း....၊ မင်းက ကိုယ့်ကိုယ်ကိုယ် လူကောင်းလို့ ပြောနေတုန်းပဲလား...။ မင်းက သူတော်စင်မိန်းမပျို အပေါ် တခြား ရည်ရွယ်ချက် မရှိဘူးလို့ ပြောနေတုန်းပဲလား...။ မင်းတို့ နှစ်ယောက် က ကုတင်တစ်လုံးတည်းမှာ အိပ်နေကြပြီလေ...။"
"သူတော်စင်မိန်းမပျိုက သူမရဲ့ ကိုယ်ပိုင် အိပ်ဆောင် ကို ပြန်ရောက်လာတာတောင် မှတ်ဉာဏ် တစ်ခု လေးတောင် မနိုးထလာဘူးလား...၊ ဒါ ဟုတ်ရဲ့လား...။"
"သူတော်စင်မိန်းမပျိုကို ပျံသန်းသည့်လှေ ပေါ်မှာ မင်းရဲ့ ခါးကို ဖက်ခိုင်းအောင် လှည့်စားတာကနေ အခု ကျောက်စိမ်းအေး ရတနာ ကုတင် ပေါ်မှာ အိပ်တဲ့အထိ၊ ကြီးကျယ်တဲ့ တပည့်ခေါင်းဆောင် နင်း...။ မင်းမှာ တကယ်ပဲ လှည့်ကွက်တချို့ ရှိနေတာပဲ....။"
"အဲဒါက မူလက သူတော်စင်မိန်းမပျို အရှင်မြတ် ရဲ့ ကိုယ်ပိုင် ကုတင်ပဲ...။ အခု သူတော်စင်မိန်းမပျိုက အဲဒီပေါ်မှာ အိပ်နိုင်တာက နင်းဖန်ရဲ့ စေတနာကြောင့်လို့ ဘယ်လိုလုပ် ထင်ရတာလဲ...။"
"ရယ်စရာအကောင်းဆုံးကတော့ ဒီကလေးက သူတော်စင်မိန်းမပျို နဲ့ ဆက်ဆံရေးကို လေထဲကနေ အမှန်တကယ် ဖန်တီးခဲ့တာပဲ....။"
"မှန်တယ်....။ မျက်နှာတောင် မနီဘဲ သူ လိမ်ပြောနေတယ်...၊ မင်းက အတွင်းစည်း တောင်ထိပ် ကို တောင် မရောက်သေးတဲ့ အပြင်စည်း အစမ်းခန့်တပည့် သက်သက်ပဲလေ...။ မင်းက ဘယ်တုန်းက သူတော်စင်မိန်းမပျို ရဲ့ အိပ်ဆောင် မှာ နေဖူးလို့လဲ...။"
"ဒီလောက် အရှက်အကြောက်ကင်းမဲ့ပြီး မျက်နှာပြောင်တိုက်တဲ့ သူမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး...။"
အပြင်စည်းနှင့် အတွင်းစည်း နှစ်ခုစလုံးမှ ယောက်ျားလေး တပည့်များသည် အောက်ဘက်ရှိ စောင်တစ် ထည်တည်းအောက်တွင် အိပ်ပျော်နေသော လူနှစ်ယောက်ကို ကြည့်ရင်း အားလုံး ဒေါသများဖြင့် ပြည့် နှက်နေကြလေတော့၏။ သူတော်စင်မိန်းမပျိုကို အလွန် လေးစားသူ အချို့မှာ ဒေါသကြောင့် သတိလစ် မတတ် ပင် ဖြစ်သွားခဲ့လေသည်။
အခြားတစ်ဖက်တွင်မူ အမျိုးသမီး တပည့်များမှာ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။ နင်းဖန်နှင့် ကျန်းထန် တို့ကြားရှိ အံ့သြဖွယ်ကောင်းသော အပြန်အလှန် ဆက်ဆံမှုများနှင့် သူတို့ကြားရှိ ခပ်ရေးရေး မီးပွားလေးများကို ကြည့်ရင်း သူတို့၏ နှလုံးသားများ လှုပ်ရှားသွားခဲ့၏။ သူတို့ အားလုံး၏ မျက်နှာတွင် အဒေါ်ကြီးများ၏ အပြုံးမျိုး ရှိနေခဲ့ကြလေသည်။
"သူတော်စင်မိန်းမပျို အရှင်မြတ် က ပုံမှန်အားဖြင့် လူတွေကို အလှမ်းဝေးစေတယ်...။ သူမက ကျင့်ကြံ ဖို့ပဲ သိပြီး အချစ်ရေးကို နားမလည်ဘူး...။ ဒီတစ်ကြိမ် သူမရဲ့ မှတ်ဉာဏ်တွေ ဆုံးရှုံးသွားပြီး ပြန်လည် ကျင့်ကြံ ပြီးတဲ့နောက် သူမရဲ့ ကိုယ်ရည်ကိုယ်သွေးက တက်ကြွပြီး ချစ်စရာကောင်းလာတယ်...။"
"အကယ်၍ သူမသာ ဒီလိုကြောင့် တပည့်ခေါင်းဆောင် နင်း နဲ့ တာအို အဖော် တွေ ဖြစ်လာခဲ့ရင် အဲဒါ က လှပတဲ့ ပုံပြင်တစ်ပုဒ် ဖြစ်လာမှာပဲ...။"
အမျိုးသမီး တပည့်များစွာသည် သူတို့၏ နှလုံးသားထဲတွင် ဤသို့ တွေးတောနေကြပြီး သူတို့၏ အပြုံး များ ပိုမို ကျယ်ပြန့်လာခဲ့လေ၏။ အခြား ဂိုဏ်း၏ အဆင့်မြင့် အရာရှိများမှာ ဤမြင်ကွင်းကြောင့် စကား မပြောနိုင် ဖြစ်သွားကြလေသည်။
ရွှီယိုဝေ တစ်ယောက်တည်းသာ ခဏတာ တွေးတောပြီးနောက် စကားပြောလိုက်လေသည်...၊
"ကောင်းတယ်....၊ ငါတို့ရဲ့ တပည့်ခေါင်းဆောင် နင်း ရဲ့ စကားပြောစွမ်းရည်က တကယ်ကို ထိပ်တန်း အဆင့်ပဲ...။ သာမန်လူတွေ လိမ်ပြောတဲ့အခါ တစ်စက်ချင်း ကျနေတဲ့ ရေစီးကြောင်းလိုပဲ၊ ဒါပေမယ့် သူ စကားပြောတဲ့အခါ အရှိန်အဟုန်နဲ့ စီးဆင်းနေတဲ့ မြစ်တစ်စင်းလိုပဲ...။"
"စကားလုံးတိုင်းက စီးဆင်းနေတဲ့ ရေတံခွန်လိုပဲ၊ ပြီးတော့ ဝါကျတိုင်းက ကောင်းကင် ပိုးသား လိုပဲ...၊ သူ အရာတွေကို ခွဲခြမ်းစိတ်ဖြာနေတာကို နားထောင်ရတာက ကျွမ်းကျင်တဲ့ သားသတ်သမား တစ် ယောက် နွားတစ်ကောင်ကို ခုတ်ထစ်နေတာကို ကြည့်ရသလိုပဲ ဓားလှုပ်ရှားတာကိုတောင် မင်း မမြင်ရ ခင် ဖွဲ့စည်းပုံက ရှင်းလင်းနေပြီလေ...။ အံ့သြစရာပဲ.....၊ တကယ်ကို အံ့သြစရာကောင်းတာပဲ...။"
ဤသည်ကို ကြားသောအခါ အားလုံး၏ နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့လေ၏။
လီချန်မင် က ပွင့်ပွင့်လင်းလင်းပင် မေးလိုက်လေသည်...၊
"ဂျူနီယာညီလေး...၊ မင်းက တကယ်ပဲ အတင်းအဓမ္မ ချီးကျူးနေတာလား...။"
"ကိုယ့်အလုပ် ကိုယ်လုပ်ပါ...။"
ရွှီယိုဝေက သူ့ကို စိုက်ကြည့်ကာ သူ၏ ခေါင်းကို ယိမ်းနွဲ့ရင်း ပြောလိုက်လေသည်...
"ဒီနေ့ ငါပြောသမျှ အရာအားလုံးက ကံတရား တွေချည်းပဲ...၊ အနာဂတ်မှာ နင်းဖန်က တာအိုကို ရရှိပြီး အချိန်ရဲ့ ရှည်လျားတဲ့ မြစ်ကြီးကို မြင်တွေ့ရတဲ့အခါ သူက အဲဒါတွေ အားလုံးကို ကြားနိုင်လိမ့်မယ်...။ အဲဒီအချိန်ကျရင် ငါ့အတွက်တော့ အဲဒါက ကြီးမားတဲ့ ကံကောင်းခြင်း တစ်ခု ဖြစ်လာလိမ့်မယ်...။"
ခင်ဗျား အဲဒီလိုတောင် ကစားလို့ရတာလားဟု လီချန်မင် မှင်တက်သွားခဲ့၏။ တစ်စုံတစ်ယောက်က ဤမျှ အဆင့်မြင့်၊ အမြော်အမြင်ရှိပြီး စိတ်ဝိညာဉ်ကို လှုပ်ခတ်စေသော နည်းလမ်းဖြင့် ဖားယားနေ သည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
"ဂျူနီယာညီလေးရွှီ၊ မင်းပဲ ဖြစ်ရမယ်လို့ပဲ ပြောရတော့မယ်...။"
အခန်း (၉၈) နင်းဖန်... နင်းဖန်... မင်းက ဘယ်လိုလုပ် အလှအပမှာ သာယာမူးယစ်နေရတာလဲ
နူးညံ့သော နံနက်ခင်း လေညင်းလေး ပြတင်းပေါက်မှ ဝင်ရောက်လာပြီး တွဲလောင်းကျနေသော ပါးလွှာသည့် ပိတ်ပါးစများကို ညင်သာစွာ လွင့်မျောနေစေခဲ့သည်။
နင်းဖန်သည် သူ၏ ခန္ဓာကိုယ်ပေါ်တွင် အလေးချိန် တစ်ခုကို ခံစားလိုက်ရပြီး အသက်ရှူရ အနည်းငယ် ခက်ခဲနေသကဲ့သို့ ဖြစ်ကာ လေးလံသောအရာ တစ်ခုက သူ့ကို ဖိချထားသကဲ့သို့ ခံစားလိုက်ရ၏။ သူ မျက်လုံးဖွင့်လိုက်ရာ သူ၏ ရင်ဘတ်ပေါ်တွင် တင်နေသော ခေါင်းသေးသေးလေး တစ်ခုကို ချက်ချင်း မြင်တွေ့လိုက်ရလေသည်။ ဤသည်က နင်းဖန်ကို မှင်တက်သွားစေခဲ့လေ၏။
"ကျန်းထန် ဘယ်အချိန်က သူ့ဘေးကို ပြေးလာတာလဲ...။"
သူ ခေါင်းကို လှည့်ကြည့်လိုက်ရာ မနေ့က သူ၏ အူကြောင်ကြောင် ဂျူနီယာညီမလေး ကို ပေးခဲ့သော ကျောက်စိမ်း ခေါင်းအုံးသည် ကုတင်၏ အခြားတစ်ဖက်တွင် အထီးကျန်စွာ တည်ရှိနေသည်ကို တွေ့ လိုက်ရလေသည်။
ညဘက်တွင် အကြိမ်ပေါင်းများစွာ လူးလှိမ့်နေခဲ့ပုံရသော ကျန်းထန် သည် ယခုအခါ စောင်ထဲတွင် ရလုံးထွေးနေပြီး သူ့ကို ရေဘဝဲ တစ်ကောင်ကဲ့သို့ တွယ်ကပ်နေခဲ့၏။ သူမ၏ ပေါင်တစ်ဖက်ကို အထက် သို့ မြှောက်ထားပြီး သူ့အပေါ်သို့ ပေါ့ပေါ့ပါးပါး တင်ထားခဲ့လေသည်။
သူတို့ နှစ်ဦးမှာ အလွန် နီးကပ်နေသဖြင့် နူးညံ့သော နံနက်ခင်း လေညင်းလေး နောက်တစ်ကြိမ် တိုက်ခတ်လာသောအခါ သင်းပျံ့သော၊ ချိုမြိန်သော ရနံ့တစ်ခု သူ့ထံသို့ ချက်ချင်း လွင့်ပျံလာခဲ့လေ၏။ နင်းဖန် တုန်လှုပ်သွားပြီး သူ၏ တစ်ကိုယ်လုံး ချက်ချင်း သတိဝင်လာခဲ့လေသည်။
"အင်း..."
ဤအချိန်တွင် သူ၏ ရင်ခွင်ထဲရှိ ကျန်းထန် သည်လည်း နိုးလာမည့် လက္ခဏာများ ပြသလာခဲ့လေသည်။ သူမ မျက်လုံးများကို မှုန်ကုပ်ကုပ် ဖွင့်လိုက်ပြီးနောက် နေရာမှာတင် ချက်ချင်း အေးခဲသွားခဲ့လေ၏။ သူတို့သည် စောင်တစ်ထည်ဖြင့် ဖုံးလွှမ်းနေသောကြောင့် အတိအကျ အခြေအနေကို သူမ မမြင်နိုင် သော်လည်း ရုပ်ပိုင်းဆိုင်ရာ ခံစားမှုများမှာမူ မယုံနိုင်လောက်အောင် ရှင်းလင်းနေခဲ့သည်။
သူမ၏ လက်ဖဝါးတစ်ဖက်သည် သူ၏ သေချာစွာ ဖွဲ့စည်းထားသော ဝမ်းဗိုက် ကြွက်သားများပေါ်တွင် အတိအကျ တင်နေခဲ့ခြင်းဖြစ်၏။
"ဟင်... ကျွန်မက ဘာလို့ ဒီဘက်ကို ရောက်လာတာလဲ...။"
ကျန်းထန် သည် သူမ၏ မျက်လုံးကြီးများကို ပုတ်ခတ်ရင်း နင်းဖန်၏ အကြည့်နှင့် ဆုံရန် သူမ၏ ခေါင်း ကို ဖြည်းညင်းစွာ မော့လိုက်ရာ သူမ၏ မျက်နှာတွင် အပြစ်ကင်းစင်မှုများ ပြည့်နှက်နေခဲလေသည်။
"ဂျူနီယာညီမလေး...၊ မင်း ကိုင်လို့ မဝသေးဘူးလား။" ဟု နင်းဖန်က ပြုံးတစ်ဝက်ဖြင့် မေးလိုက်သည်။
ကျန်းထန် ၏ နားရွက်များ နီရဲသွားပြီး သူ၏ ဝမ်းဗိုက် ကြွက်သားများပေါ်မှ အလျင်အမြန် လှိမ့်ဆင်း သွားကာ တိုးညင်းစွာ ပြောလိုက်လေသည်...၊
"ကိုင်...၊ ကိုင်လို့ ဝပါပြီ...။"
သူမသည် သူမ၏ လွင့်မျောနေသော မသေမျိုး ဂါဝန် ကို သေသပ်အောင် လုပ်ကာ ကုတင်ပေါ်တွင် တပျဉ်ခွေ ထိုင်လိုက်ပြီး သူမ၏ လက်များကို ပေါင်ပေါ်တွင် ဆုပ်ထားလိုက်၏။ သူမ၏ ဆံပင်များမှာ တစ်ညတာ အိပ်စက်ပြီးနောက် အနည်းငယ် ပွစိစိနှင့် ရှုပ်ပွနေကာ မှိုင်းဝေဝေ အလှတရား တစ်ခုကို ထည့်သွင်းပေးနေခဲ့ပေသည်။
သူမသည် နင်းဖန်ကို မကြည့်ရဲသကဲ့သို့ ခေါင်းကို ငုံ့ထားသော်လည်း အမှန်တကယ်တွင် သူမ၏ မျက်လုံးများက အမြဲတမ်း ခိုးကြည့်နေခဲ့၏။ တိတ်ဆိတ်သော အချစ်ရေး အရိပ်အယောင်များ ကျောက်စိမ်းအေး ကုတင် ပေါ်တွင် ပြည့်နှက်နေခဲ့လေတော့သည်။
နင်းဖန်သည် ပထမဆုံး သတိပြန်ဝင်လာသူဖြစ်ပြီး အနည်းငယ် ချောင်းဟန့်လိုက်လေသည်...၊
"ဂျူနီယာညီမလေး၊ ကျင့်ကြံ ဖို့ အချိန်တန်ပြီ...။"
ထိုသို့ပြောပြီးနောက် သူသည် ပထမဆုံး ထကာ အောက်ထပ်သို့ အရင်ဆင်းသွားခဲ့လေ၏။
နင်းဖန် ထွက်သွားပြီဖြစ်ကြောင်း မြင်သောအခါ ကျန်းထန် သည် သူမ၏ ပါးပြင်များကို လက်နှစ်ဖက် ဖြင့် အုပ်ကာ အားပြင်းပြင်းဖြင့် သက်ပြင်းချလိုက်သည်။ ဤသို့ လုပ်ဆောင်ခြင်းကသာ သူမကို မြန်မြန် အေးသွားစေနိုင်ပုံ ရ၏။ သို့သော် သူမ၏ စိတ်များ မူးဝေနေဆဲဖြစ်ပြီး သူမ၏ မျက်နှာတစ်ခုလုံး မှည့်နေ သော ပန်းသီးတစ်လုံးကဲ့သို့ နီရဲနေခဲ့လေသည်။
ခန်းမ အပြင်ဘက်တွင် နင်းဖန် ဝင်းခြံထဲ၌ မျက်နှာသစ်နေခဲ့သည်။ ကြည်လင်ပြီး ရေခဲလို အေးစက် သော စမ်းရေ တစ်ဇလုံကို ခေါင်းမှ ခြေဖျားအထိ လောင်းချလိုက်သဖြင့် သူ့ကို များစွာ ပိုမို လန်းဆန်း သွားစေခဲ့၏။ သူသည် အလှအပတွင် ဘယ်သောအခါမျှ သာယာမူးယစ်မနေဘဲ သူ၏ ကျင့်ကြံခြင်း တွင်သာ အာရုံစိုက်ရမည်ဟု ကိုယ့်ကိုယ်ကိုယ် တိတ်တဆိတ် သတိပေးနေလိုက်သည်။
"ကောင်းကင်နဲ့မြေကြီး ရဲ့ မဟာ ကပ်ဘေး ကြီးကနေ ငါ အသက်ရှင်ကျန်ရစ်ပြီးမှပဲ ရိုမန်တစ်ဆန်တဲ့ ခံစားချက်တွေကို ထားလို့ရမယ်...။ လောလောဆယ်တော့ ကောင်းကင်အရှင်သခင် အဆင့်ကို ချိုးဖျက် ဖို့ ငါ ဦးစားပေးရမယ်...။"
နင်းဖန် ခေါင်းခါလိုက်ပြီး စွမ်းအင်များ နောက်တစ်ကြိမ် ပြည့်ဝလာသည်ကို ခံစားလိုက်ရလေ၏။
ကျန်းထန် သည်လည်း ဤအချိန်တွင် ခန်းမထဲမှ ထွက်လာခဲ့သည်။ သူမ အပြင်ထွက်လာသည်နှင့်တ ပြိုင်နက် လွန်ခဲ့သော ခဏက ပွစိစိနှင့် ရှုပ်ပွနေသော သူမ၏ ဆံပင်ရှည်များမှာ ချက်ချင်း ပြေပြစ်သွား ပြီး သူမ၏ အသားအရေမှာ ချောမွေ့ကာ ဖြူဖွေးလာခဲ့သည်။
နင်းဖန် လှည့်ကြည့်လိုက်ရာ စမ်းရေဖြင့် အခက်အခဲဖြင့် ဆေးကြောနေရဆဲဖြစ်သော သူ့ကိုယ်သူ မြင်လိုက်ရသဖြင့် မအံ့သြဘဲ မနေနိုင်ခဲ့ချေ...၊
"ဂျူနီယာညီမလေး...၊ ဒါက ဘယ်လို နတ်ဘုရားစွမ်းရည် လဲ...။"
"သန့်စင်ခြင်း နည်းစနစ် လေ...၊ ကျမ်းစာဆောင် ရဲ့ တတိယထပ်မှာ ရှိတယ်ထင်တယ်...။ စီနီယာအစ်ကို အဲဒါကို မသိဘူးလား...။"
ကျန်းထန် က ခေါင်းကို စောင်းကာ စဉ်းစားရင်း ပြန်ဖြေလိုက်လေသည်။
သန့်စင်ခြင်း နည်းစနစ်...၊ ဤဝေါဟာရကို ကြားသောအခါ နင်းဖန်၏ ပါးစပ် တွန့်ကွေးမသွားဘဲ မနေနိုင် ခဲ့ချေ။ ထိုစဉ်က ကျမ်းစာဆောင် ထဲတွင် လှည့်လည်သွားလာနေစဉ် ထို နတ်ဘုရားစွမ်းရည် စာလိပ်ကို သူ တကယ်ပဲ မြင်ခဲ့ဖူးလေသည်။
၎င်း၏ နာမည်က အရမ်း ကြောက်စရာကောင်းလွန်းသဖြင့် ၎င်းကို နာကျင်မှုမရှိသော သင်းကွပ်ခြင်း နည်းစနစ်တစ်ခုဟု သူ ထင်မှတ်မှားခဲ့ပြီး ၎င်းကို အသုံးပြုခြင်းက သူ၏ 'ဟာ့ဒ်ဝဲကို ဖြုတ်ပစ်လိမ့်မည်' ဟု ထင်ခဲ့သောကြောင့် ၎င်းကို သူ အလိုအလျောက် လျစ်လျူရှုခဲ့ခြင်း ဖြစ်လေသည်။
"ဒီ သန့်စင်ခြင်း လို့ခေါ်တဲ့ အရာက ရုပ်ခန္ဓာကိုယ် ကို သန့်ရှင်းရေးလုပ်တာလို့ ဘယ်သူက ထင်မှာလဲ...။"
"ဂျူနီယာညီမလေး...၊ ငါ မင်းကို စမ်းသပ်ကြည့်မယ်...။ အကယ်၍ ငါက ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အတွက် အေးစက်ရေ အရိုးထိန်းညှိခြင်း နည်းလမ်း ကို သုံးဖို့ စီစဉ်ထားရင် ဂိုဏ်းထဲက ဘယ်တောင် ထိပ်ကို ငါ နောက်ထပ် သွားသင့်လဲ၊ ပြီးတော့ ငါ ဘယ်လို ဆက်လုပ်သင့်လဲ...။"
နင်းဖန်သည် သန့်စင်ခြင်း နည်းစနစ် အကြောင်းအရာအပေါ် ဆက်မပြောတော့ချေ။ သူ၏ အစစ်အမှန် တပည့် တာအို ဝတ်ရုံကို ဝတ်ဆင်ရင်း သူ မေးလိုက်၏။
စီနီယာအစ်ကို က ကျွန်မရဲ့ မှတ်ဉာဏ်တွေ ပြန်ရလာအောင် ထပ်ပြီး ကူညီပေးနေတာပဲဟု ကျန်းထန် တွေးလိုက်မိသည်။ ဤစကားများကို ကြားသောအခါ ကျန်းထန် ၏ နှလုံးသားထဲတွင် ကျေးဇူးတင်ရှိမှု များ မြင့်တက်လာပြီး သူမ အပြင်းအထန် စဉ်းစားလေတော့သည်။
မပီပြင်သော မှတ်ဉာဏ် အပိုင်းအစများ သူမ၏ စိတ်အနက်ရှိုင်းဆုံးနေရာမှ အချိန်နှင့်အမျှ ဖြတ်သန်း သွားခဲ့လေ၏။ သူမ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း နည်းလမ်းများကို အသုံးပြုခဲ့သည့် အချို့သော မြင်ကွင်း များသည် တဖြည်းဖြည်း ပိုမို ရှင်းလင်းလာခဲ့သည်။ မိနစ်အနည်းငယ် ကြာပြီးနောက် နောက်ဆုံးတွင် သူမ စကားပြောလိုက်လေသည်...။
"စီနီယာအစ်ကို...၊ အေးစက်ရေ အရိုးထိန်းညှိခြင်း က တစ်ကိုယ်လုံးကို ထူးဆန်းသော ရေ ထဲမှာ စိမ်ဖို့ လိုအပ်တယ်...။ ဂိုဏ်းအတွင်းမှာ ဒီလိုနေရာမျိုးက ဂိုဏ်းချုပ် နေထိုင်တဲ့ အစွန်းနှစ်ဖက် တောင်ထိပ် မှာပဲ ရှိတာ...။"
ထိုက်ရီ ပင်မ တောင်ထိပ် ဆယ့်နှစ်ခု တွင် မတူညီသော တာဝန်ဝတ္တရားများ အသီးသီး ရှိကြပေသည်။ ၎င်းတို့အနက် အစွန်းနှစ်ဖက် တောင်ထိပ် သည် ဂိုဏ်း၏ ပင်မ ခန်းမ တည်ရှိရာ နေရာဖြစ်ပြီး ဂိုဏ်းချုပ် ၏ နေအိမ်လည်း ဖြစ်သည်။ ဖေ့ချင်းယွီ သည် ပုံမှန်အားဖြင့် ကိစ္စရပ်အားလုံးကို ထိုနေရာမှ ကိုင်တွယ် ဖြေရှင်းပြီး ဂိုဏ်းတစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်ခဲ့လေ၏။
"မှန်တယ်....၊ ဂျူနီယာညီမလေး၊ မင်း ငါ့ရဲ့ စမ်းသပ်မှုကို အောင်မြင်သွားပြီ....။"
နင်းဖန်သည် ကျေနပ်အားရနေသော မျက်နှာဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် ပျံသန်းသည့်လှေ ပေါ်သို့ တက်ကာ ပြောလိုက်လေသည်...၊
"လာ...၊ အစွန်းနှစ်ဖက် တောင်ထိပ် ကို သွားကြစို့...။ ငါတို့ အဲဒီကို ရောက်တာနဲ့ ရင်းနှီးတဲ့ မြင်ကွင်းတွေ ကို မြင်ရတာက မင်းရဲ့ မှတ်ဉာဏ်တွေကို ပြန်ရဖို့ ပိုပြီး အထောက်အကူ ဖြစ်စေလိမ့်မယ်....။"
ဤသည်ကို ကြားသောအခါ ကျန်းထန် သည် နောက်တစ်ကြိမ် လှုပ်ရှားသွားခြင်းမှ မကင်းနိုင်ခဲ့ချေ။ သူမသည် ပျံသန်းသည့်လှေ ပေါ်သို့ ပျော်ရွှင်စွာ ခုန်တက်သွားပြီး နင်းဖန်ကို အနောက်မှ အကျင့်ပါနေ သကဲ့သို့ ဖက်ကာ ပျော်ရွှင်စွာ ပြောလိုက်လေသည်...။
"စီနီယာအစ်ကို...၊ ရှင်က အများကြီး သိတာပဲနော်...။"
နင်းဖန်သည် ဘာမှမပြောဘဲ ပြုံးလိုက်လေသည်။
သူက ဘာမှ မသိပါဘူးကွာဟု ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်း၌ နင်းဖန်၏ ယခု မနက်စော စောပိုင်း လုပ်ရပ်များကို ကြည့်နေသူ အားလုံး မျက်လုံးလှန်မပြဘဲ မနေနိုင်ကြတော့ချေ။
သူတော်စင်မိန်းမပျို သည် အိပ်မပျော်ဘဲ လူးလှိမ့်နေခဲ့ပြီး ညသန်းခေါင်တွင် သူမသည် စောင်အောက်မှ နေ၍ နင်းဖန်၏ ဘေးသို့ တိုးဝင်သွားခဲ့သည်။ တပည့်များစွာသည် စောင်ကို ဖောက်၍ မမြင်နိုင်သော် လည်း ထိုအချိန်က အနေအထားမှာ သူတော်စင်မိန်းမပျိုက နင်းဖန်အပေါ် ခြေထောက်တစ်ဖက် တင် ထားခြင်းမျိုး ဖြစ်ရမည်ဟု စိတ်ကူးကြည့်ရန် မခက်ခဲချေ။
ထို့အပြင် ထို ရင်းနှီးနီးကပ်မှု အသွင်အပြင်က မနေ့ညက ရေတွက်မရနိုင်သော နှလုံးသားများကို ခွဲကြေ သွားစေခဲ့၏။ ဒီမနက် နိုးလာတော့ သူတို့နှစ်ယောက်ကြားက အချစ်ရေး အရိပ်အယောင်တွေက တစ်ပိုင်း။
သို့ပေမယ့် နင်းဖန်က လှည့်ပြီး သူတော်စင်မိန်းမပျိုကို ထပ်ပြီး ကစားနေပြန်ပြီ။ သူကိုယ်တိုင် ဘာမှ မသိတာ ရှင်းနေလျက်နဲ့ သူမရဲ့ မှတ်ဉာဏ်တွေ ပြန်ရလာအောင် ကူညီပေးတယ်ဆိုတဲ့ အကြောင်းပြ ချက်ကို သုံးပြီး သူတော်စင်မိန်းမပျိုဆီကနေ သတင်းအချက်အလက်တွေကို ရယူခဲ့၏။
ပြီးနောက် အဆုံး၌ သူတော်စင်မိန်းမပျို အရှင်မြတ် ကိုတောင် နက်နက်ရှိုင်းရှိုင်း လှုပ်ရှားသွားစေခဲ့သေး ၏။ ဤ ချောမွေ့သော လှည့်ကွက် အစီအစဉ်က တပည့်များအား စိတ်လှုပ်ရှားစွာ သက်ပြင်းချစေခဲ့ သည်။ ဒီလောက် မျက်နှာပြောင်တိုက်ပြီး အရှက်အကြောက်ကင်းမဲ့တဲ့ လူမျိုး သူတို့ တကယ်ကို တစ်ခါ မှ မမြင်ဖူးဘူးဟု တွေးလိုက်ကြလေသည်။
"ဒါနဲ့...၊ အေးစက်ရေ အရိုးထိန်းညှိခြင်း နည်းလမ်း က အတိအကျ ဘာလဲ...။"
"ဟုတ်တယ်...။ ပွင့်ပွင့်လင်းလင်း ပြောရရင် နင်းဖန် နားမလည်တာတင် မကဘူး၊ ငါလည်း နားမလည် ဘူး...။"
"ဂျူနီယာညီလေး...၊ အားငယ်နေစရာ မလိုပါဘူး... ငါတို့ အပြင်စည်းတပည့် တွေ မသိတာက ပုံမှန်ပါပဲ၊ ဘာလို့လဲဆိုတော့ အဓိက ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း နည်းလမ်း ငါးခုက သာမန်လူတွေနဲ့ ဘာမှ မဆိုင် လို့လေ...။"
"ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း နည်းလမ်းတွေက ပါရမီရှင် တွေအတွက် သီးသန့်ပဲ...။ သာမန် တပည့်တစ် ယောက်အနေနဲ့ နည်းလမ်း တစ်ခုကိုတောင် သုံးဖို့ ကံကောင်းတယ်ဆိုရင်ပဲ အဲဒါက နက်ရှိုင်းတဲ့ ကောင်းချီး တစ်ခုလို့ သတ်မှတ်လို့ရပြီ...။"
"မှန်တယ်...။ ဒီတစ်ကြိမ် နင်းဖန်က အေးစက်ရေ အရိုးထိန်းညှိခြင်း ကို သုံးနေတာဆိုတော့ နောက်ဆုံး တော့ ငါတို့ရဲ့ အမြင်တွေကို ကျယ်ပြန့်စေနိုင်ပြီ...။"
နင်းဖန်ကို သူတို့၏ နှလုံးသားထဲတွင် ကျိန်ဆဲပြီးနောက် လူအုပ်ကြီးသည် တိုးညင်းသော အသံဖြင့် မဆွေးနွေးဘဲ မနေနိုင်ကြတော့ချေ။ အပြင်စည်းတပည့် အများအပြားသည်လည်း အေးစက်ရေ အရိုးထိန်းညှိခြင်း နှင့် ပတ်သက်၍ လုံးဝ ဇဝေဇဝါ ဖြစ်နေကြ၏။
ဆေးရေချိုး သွေးကြောများ နွေးထွေးစေခြင်း၊ ဆေးလုံး အသား အာဟာရဖြစ်စေခြင်း နည်းလမ်း၊ အရည်ပျော်နေသော သွေးမီးတောက်သစ္စာ နည်းလမ်း၊ အေးစက်ရေ အရိုးထိန်းညှိခြင်း နည်းလမ်း နှင့် ကောင်းကင်မိုးကြိုး ကိုယ်တွင်းအင်္ဂါငါးခု သန့်စင်ခြင်း နည်းစနစ်...။
ဤ မဟာ နည်းလမ်း ငါးခုမှာ သာမန်လူများ ဘယ်သောအခါမျှ မတွေ့ကြုံနိုင်သော အရာများ ဖြစ်သည် ။ ထိုက်ရီအစစ်အမှန်ဂိုဏ်း ကဲ့သို့သော ထိပ်တန်းအဆင့် ဂိုဏ်းတွင်ပင် အစစ်အမှန်တပည့် များသာ ၎င်းတို့အားလုံးကို ပြီးမြောက်ရန် အရည်အချင်း ပြည့်မီကြလေ၏။
ပြီးတော့ ဤအခိုက်အတန့်တွင် အဓိက စက်ဝိုင်း အတွင်း၌ အကြီးအကဲ များစွာသည်လည်း စကားပြော နေကြလေသည်။
"အေးစက်ရေ အရိုးထိန်းညှိခြင်း လို့ခေါ်တာက တစ်ကိုယ်လုံးကို ထူးဆန်းသော ရေ ထဲမှာ စိမ်တာ ပါဝင် တယ်...။ ပိုကြာကြာ စိမ်နိုင်လေလေ စွမ်းအင်တွေ ပိုစုပ်ယူနိုင်လေလေဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ အရိုးတွေ အတွက် ပိုပြီး အကျိုးကျေးဇူး ရှိလေလေပဲ...။"
"ပြီးတော့ နှစ်ပေါင်း သန်းချီကြာ အမွေအနှစ် တွေပြီးနောက်မှာ မရေမတွက်နိုင်တဲ့ ဘိုးဘေးတွေဟာ အန္တရာယ်များတဲ့ နေရာတွေရဲ့ အနက်ရှိုင်းဆုံးကို သွားဖို့ သူတို့ရဲ့ အသက်တွေကို စွန့်စားခဲ့ကြပြီး ထိုက်ရီ အစစ်အမှန်ဂိုဏ်း ဟာ ယခုအခါ ရွှမ်မင် အစစ်အမှန်ရေ၊ နှစ်တစ်သောင်း အပြာရောင်လေဟာပြင်၊ ကျောက်စိမ်းအသွင်ပြောင်း ဝိညာဉ် ရိုးတွင်းခြင်ဆီ၊ ဝူရှန် အားပျော့ရေ၊ ထိုက်ယင် လမင်း အနှစ်သာရ ဆီးနှင်း နဲ့ ရေခဲဝိညာဉ် သက်ရှည် အရည် အပါအဝင် ထူးဆန်းသော ရေ စမ်းပေါက် အမျိုးမျိုးကို လုံခြုံ စွာ ရရှိထားပြီ ဖြစ်တယ်...။"
ရွှီယိုဝေ က ကျယ်လောင်စွာ စကားပြောလိုက်လေသည်။ ၎င်းမှာ ပေါ့ပေါ့ပါးပါး စကားပြောနေသကဲ့သို့ ထင်ရသော်လည်း အမှန်တကယ်တွင် ပတ်ဝန်းကျင်ရှိ အတွင်းစည်းတပည့် များကို ရှင်းပြနေခဲ့ခြင်းပင် ဖြစ်၏။