အခန်း (၉၉-၁၀၀)
Vol. 10 Ch. 99-100
အခန်း (၉၉) နောက်ထပ် ကံစမ်းမဲ တစ်ကြိမ်၊ ရွှေရောင်အဆင့် ပါရမီ၊ ဖျက်ဆီး၍မရသော နတ်ဘုရား အရိုး
ကမ္ဘာပေါ်တွင် ထူးဆန်းသည့် မီးတောက် များ ရှိသလို ထူးဆန်းသော ရေ များလည်း ရှိကြလေသည်။ ၎င်းတို့ကို အန္တရာယ်များသော နယ်မြေများတွင် မွေးဖွားလာခြင်း သို့မဟုတ် လျှို့ဝှက်နယ်မြေ လိုဏ်ဂူ များအတွင်း စုစည်းဖြစ်ပေါ်လာခြင်း ဖြစ်၏။
သို့သော် မည်သည့် အမျိုးအစားပင် ဖြစ်ပါစေ ၎င်းတို့ကို ရယူရန်မှာ အန္တရာယ်များကို ရင်ဆိုင်ရမည် ဖြစ်သည်။ သားရဲများကို တိုက်ခိုက်ရမည် သို့မဟုတ် အခြားသူများနှင့် ယှဉ်ပြိုင်ရမည် ဖြစ်၏။ ထိုက်ရီ အစစ်အမှန်ဂိုဏ်း သည် နှစ်ပေါင်း သန်းချီကြာအောင် တိုက်ကြီးကို လွှမ်းမိုးထားခဲ့သည်။
အပြင်လူများက ၎င်း၏ နက်ရှိုင်းသော အခြေခံအုတ်မြစ်များကိုသာ သိကြသော်လည်း ဤ ကမ္ဘာ့ အံ့ဖွယ် အရာများကို ဂိုဏ်း၏ ယခင် ဘိုးဘေး အဆက်ဆက်က သူတို့၏ အသက်များကို ပေးဆပ်ကာ တိုက်ခိုက်ရယူခဲ့ရခြင်း ဖြစ်ကြောင်းကိုမူ သူတို့ မသိကြပေ။
ယခုအချိန်တွင် ရွှီယိုဝေ၏ မိတ်ဆက်စကားကို ကြားသောအခါ တပည့်တိုင်း၏ နှလုံးသားထဲတွင် လေးနက်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
ရွှီယိုဝေ၏ ကြည်လင်သော အသံက ကောင်းကင်နှင့်မြေကြီး အနှံ့ ပဲ့တင်ထပ်သွားကာ ပြောလိုက် လေသည်...
"ထူးဆန်းတဲ့ မီးတောက် တွေကို ဆေးဖက်ဝင်အပင်တစ်ရာတောင်ထိပ် နဲ့ ထျန်းကုန်းတောင်ထိပ် တွေမှာ သိမ်းဆည်းထားတယ်၊ ဘာလို့လဲဆိုတော့ မီးဟာ ယဉ်ကျေးမှုရဲ့ အရင်းအမြစ်ဖြစ်ပြီး ငါတို့ လူသားမျိုးနွယ် ကို အရိုင်းအစိုင်း ဘဝကနေ လမ်းပြခေါ်ဆောင်လာခဲ့လို့ပဲ...။"
"မီးကို မှော်လက်နက်ဖန်တီးခြင်း နဲ့ ဆေးဖော်စပ်ခြင်း အတွက် သုံးနိုင်တယ်၊ ဒါကြောင့် အဲဒီ တောင် ထိပ် နှစ်ခုကို စီမံခန့်ခွဲဖို့ ပေးအပ်ထားတာ...။ ထူးဆန်းသော ရေ တွေကတော့ ကွာခြားတယ်၊ အဲဒါတွေ ကို ဒီလို ကိစ္စတွေအတွက် သုံးခဲတယ်...။ အဲဒီရဲ့ အဓိက အသုံးဝင်မှုက အရိုး သန့်စင်ဖို့ ဖြစ်တယ်...။"
" ဒါကြောင့် အခြေခံအားဖြင့် အဲဒါတွေ အားလုံးကို အစွန်းနှစ်ဖက် တောင်ထိပ် မှာ သိမ်းဆည်းထား တာပဲ...။"
ကျမ်းစာများကို ရှင်းပြပြီး တပည့်များ၏ သံသယများကို ဖြေရှင်းပေးသောအခါ သူသည် အလွန် ရှားရှားပါးပါး လေးနက်နေပြီး သူ၏ ပုံမှန် လျှာသွက်ပြီး စကားများသော ပုံစံနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေခဲ့၏။
ဖေ့ချင်းယွီ ကလည်း ဤအချိန်တွင် တည်ငြိမ်စွာ စကားပြောလိုက်လေသည်...
"ထူးဆန်းသော ရေ အများအပြားမှာ မတူညီတဲ့ အကျိုးသက်ရောက်မှုတွေ ရှိကြတယ်... ဒါပေမယ့် ချွင်းချက်မရှိ ရေစိမ်နေချိန်မှာ ခံစားရတဲ့ နာကျင်မှုက သည်းမခံနိုင်လောက်အောင်ပဲ... ဒါကြောင့် ကျင့်ကြံသူရဲ့ ခန္ဓာကိုယ် နဲ့ ပါရမီ အပေါ်မှာတင် မဟုတ်ဘဲ သူတို့ရဲ့ ခံနိုင်ရည်နဲ့ ဇွဲလုံ့လ အပေါ်မှာ ပိုပြီး မူတည်တယ်....။"
အေးစက်ရေ အရိုးထိန်းညှိခြင်း သည် အရည်ပျော်နေသော သွေးမီးတောက်သစ္စာ နှင့် ကွာခြားပေသည်။ ဒုတိယတစ်ခုသည် ခန္ဓာကိုယ် ကိုယ်တိုင်ကို မထိခိုက်ဘဲ သွေးများကို ခန္ဓာကိုယ်အပြင်သို့ ထွက်ကာ မီး ကို ဖြတ်သန်းရန်သာ ထိန်းချုပ်ထားသဖြင့် နာကျင်မှု ခံစားရမှုမှာ သိသာထင်ရှားခြင်း မရှိပေ။
ပထမတစ်ခုမှာမူ ထူးဆန်းသော ရေ အတွင်းရှိ စွမ်းအင်များကို စုပ်ယူရန်အတွက် ရေပူစမ်းကန် အတွင်း လုံးဝ စိမ်နေရန် လိုအပ်သည်။ 'ရိုးတွင်းခြင်ဆီအထိ နာကျင်ခြင်း' ဟူသော စကားစုတစ်ခု ရှိသည်၊ ဤ ကျင့်စဉ်မှာ မည်မျှ မသက်မသာ ဖြစ်စေမည်ကို စိတ်ကူးကြည့်နိုင်ပေသည်။
အစစ်အမှန်တပည့် တစ်ယောက်က တုန်ယင်သော အသံဖြင့် စကားပြောလိုက်ပြီး သူ၏ မျက်နှာမှာ ဆိုးရွားသော မှတ်ဉာဏ်များ အစပျိုးခံလိုက်ရသကဲ့သို့ ဖြူဖျော့နေကာ ပြောလိုက်လေသည်...
"ငါ အေးစက်ရေ အရိုးထိန်းညှိခြင်း ကို လုပ်တုန်းက နှင်းခဲ ရေလေး ထဲမှာ ဆယ့်ငါးမိနစ်ပဲ ခံနိုင်ရည်ရှိ ခဲ့တယ်...။ နင်းဖန်က ဘယ်လို ရလဒ်မျိုး ရမလဲဆိုတာ ငါ သိချင်နေမိတယ်...။"
"ငါတို့ ခေတ်မှာ အေးစက်ရေ အရိုးထိန်းညှိခြင်း ကို အကြာဆုံး ခံနိုင်ရည်ရှိခဲ့တာက စီနီယာအစ်ကိုဇူ မဟုတ်ဘူးလား...။"
"မှန်တယ်...၊ ထိုက်ယင် သူတော်စင် ခန္ဓာကိုယ် နဲ့ ထိုက်ယင် လမင်း အနှစ်သာရ ဆီးနှင်း တို့ကြားက လိုက်ဖက် ညီမှု ကို အားကိုးပြီး စီနီယာအစ်ကိုဇူ က အဲဒီ ရေပူစမ်းကန် ထဲမှာ ခြောက်နာရီကျော်ကြာ အောင် စိမ်နိုင်ခဲ့တာ....။"
အနီးအနားရှိ အခြား အစစ်အမှန်တပည့် အနည်းငယ်ကလည်း ဆွေးနွေးမှုတွင် ပါဝင်လာခဲ့ကြလေ သည်။ သူတို့ စကားပြောနေစဉ် အရှေ့ဆုံးတွင်ရှိသော သူတော်စင်ထံသို့ သူတို့၏ အကြည့်များကို ညွှန်ပြလိုက်ကြလေ၏။
ဇူယွင်ကျယ် သည် ဤစကားများကို ကြားသောအခါ သူ၏ အမူအရာတွင် ဂုဏ်ယူမှု အရိပ်အယောင် တစ်ခု ပေါ်လာပြီး သူ၏ ကျောကို အနည်းငယ် ပိုမို မတ်မတ် ထားလိုက်မိလေသည်။
ယခု နင်းဖန်သည် ဘယ်ကမှန်းမသိ ရုတ်တရက် ပေါ်လာပြီး ကျန်းချင်းဟန် သည်လည်း အမြင့်ဆုံး အခြေခံအုတ်မြစ် ကို ဖန်တီးတော့မည် ဖြစ်သည်။ ထိုနှစ်ဦး၏ တောက်ပမှုက သူ့ကို လုံးဝ လွှမ်းမိုးသွား ခဲ့ပြီး လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူတော်စင်၏ ဂုဏ်သတင်းကို သိသိသာသာ ကျဆင်းသွား စေခဲ့သည်ပင်။
ယခု သူ၏ အကြောင်းကို လူများ ဆွေးနွေးနေကြသည်ကို နောက်ဆုံးတွင် ကြားလိုက်ရသဖြင့် သဘာဝ ကျစွာပင် သူ ဝမ်းသာမနေဘဲ မနေနိုင်တော့ပေ။
သို့သော် ဂိုဏ်းတစ်ခု၏ သူတော်စင် အနေဖြင့် သူ၏ စိတ်ခံစားမှုများကို အလွန်အမင်း ပေါ်လွင်ခွင့် မပေးနိုင်ချေ။
ထို့ကြောင့် သူတော်စင်သည် သူ၏ နှလုံးသားထဲရှိ ပျော်ရွှင်မှုကို ဖိနှိပ်ကာ ပါရမီရှင် တစ်ဦးအတွက် သီးသန့်ဖြစ်သော မာနကြီးသည့် အမူအရာကို ပြသလိုက်ပြီး သူ၏ မျက်နှာတွင် 'ဒါက သဘာဝပဲလေ' ဆိုသည့် အဓိပ္ပာယ်မျိုး ရေးသားထားသကဲ့သို့ပင်။
သူတော်စင်သည် ပတ်ဝန်းကျင်ရှိ မြှောက်ပင့်စကားများကို နားထောင်ရင်း သူ၏ နှလုံးသားထဲတွင် ပေါ့ပေါ့ပါးပါး တွေးတောနေမိလေသည်...၊
"အေးစက်ရေ အရိုးထိန်းညှိခြင်း ဆိုတာ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေတာနဲ့ တူတယ်၊ ထူးဆန်းသော ရေ က ရိုးတွင်းခြင်ဆီကို အဆက်မပြတ် ဖျက်ဆီးနေလိမ့်မယ်... နင်းဖန်က ပြိုင်ဘက်ကင်းပေမယ့် ဒီလို ညှဉ်းပန်းနှိပ်စက်မှုကို သူ ခံနိုင်ရည်ရှိချင်မှ ရှိမှာပါ...။ ဒီကိစ္စမှာ ငါ တကယ်ပဲ တစ်ပွဲ ပြန်နိုင်သွားလောက် တယ်...။"
ထို့နောက် အချက်အလက်များကို မမြင်ရမီ စိတ်ကူးယဉ်နေခြင်းက မသင့်တော်ဟု ခံစားရသဖြင့် နောက်ထပ် ဝါကျတစ်ကြောင်း ထပ်ပေါင်းထည့်လိုက်လေသည်...၊
"ဒါပေမယ့် အမြင့်ဆုံး ပါရမီရှင် နဲ့ ဒီကမ္ဘာရဲ့ ဇာတ်လိုက် တစ်ယောက်အနေနဲ့ နင်းဖန်က သာမန်လူတွေ သည်းမခံနိုင်တဲ့အရာကိုလည်း သည်းခံနိုင်ကောင်း ခံနိုင်လိမ့်မယ်...။ သူက ငါ့ရဲ့ စံချိန်ကို ကျော်သွားရင် တောင် အဲဒါက သဘာဝကျပါတယ်၊ ပြီးတော့ ငါ စိတ်ပျက်နေစရာ ဘာမှ မရှိပါဘူးလေ....။"
ဤသို့ ကိုယ့်ကိုယ်ကိုယ် စိတ်သက်သာရာရစေမည့် စကားများ ပြောပြီးနောက် သူတော်စင်သည် သူ၏ တာအို နှလုံးသား ရုတ်တရက် ရှင်းလင်းသွားသည်ကို ခံစားလိုက်ရသည်။ ဤနည်းဖြင့် နင်းဖန် မည်မျှ ပင် ကောင်းမွန်သော ရလဒ်များ ရရှိစေကာမူ သူ့အပေါ် သက်ရောက်မှု ရှိတော့မည် မဟုတ်ပေ။
ဘေးမှ တိတ်တဆိတ် စောင့်ကြည့်နေသော ကျူးကော့မင် သည် မျက်ခုံးပင့်ကာ တွေးတောလိုက်လေ သည်...၊
"ဟင်... သူတော်စင်က အသိတရား ရသွားတာလား...။"
ရက်အနည်းငယ် အတွင်းမှာပင် သူတော်စင်၏ တာအို နှလုံးသား အဆက်မပြတ် ကျိုးပဲ့ပြီး ပြန်လည် ပေါင်းစပ်သွားသည့် လုပ်ငန်းစဉ်ကို သူ မြင်တွေ့ခဲ့ရပြီး ထိုကာလအတွင်း သူသည် အကြိမ်အနည်းငယ် မျှ စိတ်ဓာတ်ကျသွားခဲ့သေးသည်။
ယခုမူ သူသည် နောက်ဆုံးတွင် အရာအားလုံးကို မြင်တွေ့သွားပြီဖြစ်ကာ နင်းဖန်နှင့် နှိုင်းယှဉ်ရန် စွဲလမ်း မနေတော့ဘဲ သူ၏ ကိုယ်ပိုင် လမ်းကြောင်းကို လျှောက်လှမ်းနေပြီ ဖြစ်သည်။ ဤသည်က ကျူးကော့မင် ကို အံ့သြသွားစေပြီး ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်မိလေသည်။
ရွှီယိုဝေ၏ အသံ ထွက်ပေါ်လာပြီး လူတိုင်း၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားကာ ပြောလိုက်သည်...
"နင်းဖန် အစွန်းနှစ်ဖက် တောင်ထိပ် ကို ရောက်ပြီ....။"
အားလုံး အောက်ဘက်သို့ ကြည့်လိုက်ရာ နင်းဖန်နှင့် သူတော်စင်မိန်းမပျိုတို့ကို တင်ဆောင်လာသော ပျံသန်းသည့်လှေ လေးသည် အစွန်းနှစ်ဖက် တောင်ထိပ် ၏ ထိပ်ဝသို့ ဆင်းသက်လာသည်ကို မြင်တွေ့ လိုက်ရလေသည်...။
တောင်ထိပ်ရှိ ဗဟို တာအို ကွင်းပြင် တွင် နင်းဖန်သည် သူ၏ ရှေ့ရှိ ခမ်းနားကြီးကျယ်သော အဆောက် အအုံကို မော့ကြည့်ရင်း အံ့သြချီးကျူးကာ ပြောလိုက်လေသည်...။
"ဒါက ဂိုဏ်းရဲ့ ပင်မ ခန်းမ ပဲ....။"
၎င်းမှာ အလွန် ခမ်းနားလှသည်၊ ဤအဆောက်အအုံ အစုအဝေးသည် အရွယ်အစားနှင့် အလှတရား နှစ်ခုစလုံးတွင် သူ ယခင်က မြင်တွေ့ခဲ့ဖူးသမျှ အရာအားလုံးထက် သာလွန်နေပေသည်။
ဧရာမ တာအို ကွင်းပြင် သည် လုံးဝ ဖြူဖွေးနေပြီး တစ်ကြိမ်တည်းတွင် တပည့် တစ်သိန်းကျော်ကို ဆံ့ နိုင်ပေ၏။
အရှေ့ဆုံးတွင် ရှေးဟောင်း ဧကရာဇ် နန်းတော် တစ်ခုကဲ့သို့ အလွှာလိုက် အလွှာလိုက် ရှိသော ကျောက်စိမ်းဖြူ လှေကားထစ်များမှာ စုစုပေါင်း တစ်ထောင်ကျော် ရှိပြီး ဧကရာဇ်ကို တွေ့မြင်ရန် ခက်ခဲစွာ တက်ရမည့် မှုးမတ် တစ်ဦးကဲ့သို့ ဖြစ်နေခဲ့သည်။
'ထိုက်ရီအစစ်အမှန်ဂိုဏ်း' ဟူသော စာလုံးကြီး လေးလုံးကို ပင်မ ခန်းမရှေ့တွင် မြင့်မားစွာ ချိတ်ဆွဲ ထားပြီး စာလုံးတစ်လုံးစီမှာ လူတစ်ယောက်ထက်ပင် ကြီးမားနေပေသည်။
နှစ်တစ်သောင်း သက်တမ်းရှိ ဂိုဏ်းတစ်ခု၊ ထိပ်တန်းအဆင့် အင်အားစုတစ်ခု။ ၎င်းမှာ တကယ်ကို ခမ်းနားကြီးကျယ်လှပေသည်...။
သူတို့ နှစ်ဦးသည် ရှေ့သို့ လျှောက်သွားကာ ပင်မ ခန်းမ တစ်ခုလုံးကို ဖြတ်သန်းသွားခဲ့ကြလေသည်။ ထိုအတောအတွင်း နင်းဖန်သည် လမ်းလျှောက်ရင်း ဟိုဟိုဒီဒီ ကြည့်ရှုကာ ကျန်းထန် ကို မေးခွန်းများ မကြာခဏ မေး၍ သတင်းအချက်အလက်များ ရယူနေခဲ့၏။
ကျန်းထန် ကမူ ဤအရာအားလုံးသည် သူမ၏ မှတ်ဉာဏ်များ ပြန်လည်ရရှိရန် ကူညီပေးနေသည် ဟုသာ ထင်မှတ်ထားသဖြင့် အတန်ကြာ စဉ်းစားပြီးနောက် တော်တော်များများကို ထုတ်ဖော်ပြောဆို ခဲ့လေသည်။
နင်းဖန်သည် သူရရှိထားသော သတင်းအချက်အလက် အပိုင်းအစများကို စုစည်းကာ ပြုံးလျက် ပြော လိုက်လေသည်...၊
"ဒါဆို ထိုက်ရီအစစ်အမှန်ဂိုဏ်း မှာ ကမ္ဘာ့ ထူးဆန်းသော ရေ စုစုပေါင်း ဆယ့်နှစ်မျိုး ရှိတယ်၊ အဲဒါတွေ အားလုံးကို သီးခြား ရေပူစမ်းကန် လေးတွေအဖြစ် တူးဖော်ပြီး အစွန်းနှစ်ဖက် တောင်ထိပ် ရဲ့ နောက် ဘက်တောင်က ရေတစ်သောင်း သစ်တော ထဲမှာ ထားထားတယ်ပေါ့လေ...။"
ဤသည်ကို ကြားသောအခါ ကျန်းထန် ၏ မျက်နှာမှာ ချက်ချင်း လေးနက်သွားပြီး ကြက်တစ်ကောင် ဆန်စေ့ကို ကောက်ယူနေသကဲ့သို့ ခေါင်းညိတ်ကာ ပြောလိုက်လေသည်...၊
"စီနီယာအစ်ကို...၊ ရှင်ပြောတာ အတိအကျ မှန်တယ်...။"
ကမ္ဘာ့ ထူးဆန်းသော ရေ စုစုပေါင်း ဆယ့်နှစ်မျိုး၊ တစ်ခုစီတွင် မတူညီသော အကျိုးသက်ရောက်မှုများ ရှိကြသည်။ ခဏတာမျှ နင်းဖန် မည်သို့ ရွေးချယ်ရမည်ကို မသိဖြစ်သွားခဲ့၏။ သူ လမ်းလျှောက်ရင်း တွေးတောမနေဘဲ မနေနိုင်တော့ပေ။
သွေးမီးတောက်သစ္စာ အတွင်း သူသည် ထူးဆန်းသည့် မီးတောက် များစွာကို အသုံးပြုခဲ့ပြီးဖြစ်ရာ ယခု အရိုးသန့်စင်ခြင်း အတွက် သူသည် ရေပူစမ်းကန် များစွာကြားတွင် ကူးပြောင်းနိုင်မည်လား။
ဤကိစ္စမှာ စိတ်ကူးယဉ်ဆန်သော်လည်း နင်းဖန်သည် စနစ် ရှိသော လူတစ်ယောက် ဖြစ်သည်။ သူ့တွင် အသုံးမပြုရသေးသော ကံစမ်းမဲ လှည့်ခွင့် နှစ်ကြိမ် ကျန်ရှိနေသေးကြောင်း မမေ့ပါနှင့်....၊
ဤသည်ကို တွေးမိသောအခါ နင်းဖန်သည် အဓိက ဆုလာဘ်တစ်ခု ရနိုင်မလားဆိုသည်ကို ကြည့်ရန် ပထမဆုံး တစ်ကြိမ် လှည့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အတွေးတစ်ခုနှင့်အတူ စနစ် ၏ ကံစမ်းမဲ လှည့်ပြား သည် သူ၏ စိတ်ထဲတွင် ချက်ချင်း ပွင့်လာခဲ့လေ၏။ ထို့နောက် သူ၏ အသိစိတ်အတိုင်း ၎င်း သည် အရိုင်းဆန်စွာ စတင် လည်ပတ်လေတော့သည်။
"တစ်ပတ်... "
"နှစ်ပတ်... "
"သုံးပတ်... "
နင်းဖန်၏ စိတ်လှုပ်ရှားနေသော အကြည့်အောက်တွင် အမြန်နှုန်းမှာ တဖြည်းဖြည်း လျော့ကျသွားပြီး နောက်ဆုံးတွင် ရပ်တန့်သွားခဲ့လေသည်။
[ဒင်...၊ ပိုင်္ငရှင်သည် ခရမ်းရောင်အဆင့် 'မြစ်တစ်သောင်း မူလအစသို့ ပြန်လည်ရောက်ရှိခြင်း' ကို ရရှိ သည့်အတွက် ဂုဏ်ယူပါတယ်။]
[မြစ်တစ်သောင်း မူလအစသို့ ပြန်လည်ရောက်ရှိခြင်း- ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် သီးသန့် အရာ ဖြစ်ပြီး တစ်စုံတစ်ယောက်၏ အရိုးများ၏ လိုက်လျောညီထွေဖြစ်မှုကို များစွာ တိုးမြင့်ပေးနိုင်ကာ ထူးဆန်းသော ရေ အမျိုးအစား များစွာ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာခြင်းကို ခံနိုင်ရည်ရှိစေပြီး နာကျင်မှုကို လုံးဝ ခံစားရခြင်းမရှိအောင် ပြုလုပ်ပေးသည်။]
[အကယ်၍ မတူညီသော ထူးဆန်းသော ရေ အမျိုးအစား ဆယ်မျိုးကို အရိုးသန့်စင်ခြင်း အတွက် ဆက်တိုက် အသုံးပြုပါက အဆင့်မြင့် အကျိုးသက်ရောက်မှုဖြစ်သော 'ဖျက်ဆီး၍မရသော နတ်ဘုရား အရိုး' ကို အစပျိုးပေးမည် ဖြစ်သည်။]
[ဖျက်ဆီး၍မရသော နတ်ဘုရားအရိုး- ရွှေရောင်အဆင့် ပါရမီ တစ်ခုဖြစ်ပြီး အရိုးစု တစ်ခုလုံးကို နတ်ဘုရားစွမ်းအင်များဖြင့် ဖုံးအုပ်ပေးကာ နတ်ဘုရားအရိုး အဖြစ်သို့ ပြောင်းလဲပေးသည်။ ၎င်းကို ကောင်းကင်နှင့်မြေကြီးက ဖျက်ဆီး၍မရနိုင်ဘဲ ဥပဒေသ အားလုံးကိုလည်း ခံနိုင်ရည်ရှိသည်...။]
"ပြီးပြီ..."
"နောက်ထပ် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် သီးသန့် အရာတစ်ခု ပေါ်လာပြန်ပြီ....။"
နင်းဖန်၏ မျက်လုံးများတွင် ပြင်းထန်သော ဝမ်းသာမှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။ ယခင်က "နဂါး ကဲ့သို့ သွေးချီစွမ်းအား" ကဲ့သို့ပင် ၎င်းသည် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း နည်းလမ်းကို ကိုင်တွယ်ရန် တည်ရှိနေသောကြောင့် ၎င်း၏ အဆင့်မှာ ခရမ်းရောင်သာ ဖြစ်နိုင်ပေသည်။
သို့သော် စနစ် သည် နောက်ဆက်တွဲ ဖော်ပြချက်တွင် အဆင့်မြင့် ဆုလာဘ်တစ်ခုကို ထည့်သွင်းထားဆဲ ဖြစ်၏။ စိန်ခေါ်မှု တစ်ခုခုကို ပြီးမြောက်သကဲ့သို့ပင် အောင်မြင်သွားသည်နှင့်တပြိုင်နက် မူလ ကန့်သတ် ချက်များကို ချိုးဖျက်နိုင်ပေသည်။ ထိုမှတစ်ဆင့် အားကောင်းသော ရွှေရောင်အဆင့် ပါရမီ တစ်ခုကို ရရှိမည်ပင် ဖြစ်သည်။
အခန်း (၁၀၀) နင်းဖန်ရဲ့ တာအို နှလုံးသားက တကယ်ကို ခိုင်မာတာပဲ
နင်းဖန်သည် "နဂါးဆင် အသွင်ပြောင်းခြင်း" ကို ရရှိပြီး ဖြစ်ပေသည်။
ထို့ကြောင့် စနစ် မှ ဆုလာဘ်ပေးသော ရွှေရောင်အဆင့် ပါရမီများ ၏ စွမ်းအားကို သူ ကောင်းကောင်း သိကျွမ်းပေသည်။
ယခု "ဖျက်ဆီး၍မရသော နတ်ဘုရားအရိုး" အထူး အကျိုးသက်ရောက်မှုကို ကြည့်လိုက်လျှင် ဖော်ပြ ချက်ကို ဖတ်ရုံဖြင့်ပင် ၎င်း၏ ထူးခြားသော သဘောသဘာဝကို ခံစားသိရှိနိုင်ပေသည်။
သဘာဝကျစွာပင် နင်းဖန်သည် ၎င်းကို ရယူရန် စိတ်ပိုင်းဖြတ်ထားခဲ့သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ငါ့ဆီမှာ လှည့်ကွက် ရှိတာပဲ...၊ ထူးဆန်းသော ရေ ဆယ်မျိုးလောက်ကို သုံးရမှာက ရိုးရိုး ရေချိုးတာနဲ့ ဘာကွာလို့လဲ...။"
နင်းဖန်သည် နှုတ်ခမ်းတွင် ယုံကြည်မှုရှိသော အပြုံးတစ်ခုဖြင့် ကျန်းထန် နှင့်အတူ အစွန်းနှစ်ဖက် တောင်ထိပ် ၏ နောက်ဘက်တောင်ရှိ သစ်တောတစ်ခုရှေ့သို့ ရောက်ရှိလာခဲ့လေသည်။
ဤသစ်တောအတွင်းရှိ ရှုခင်းမှာ အလွန် လှပပေသည်။ ထို့အပြင် ကောင်းကင်နှင့်မြေကြီး ထူးဆန်း သော ရေ များဖြင့် ပြည့်နေသော ရေပူစမ်းကန် ဆယ့်နှစ်ခုကို ထိုနေရာတွင် တည်ဆောက်ထားခဲ့၏။
"စီနီယာအစ်ကို...၊ အေးစက်ရေ အရိုးထိန်းညှိခြင်း က အရမ်း နာကျင်ရတယ်၊ လုံးဝကို နာကျင်ရတယ် ဆိုတာကို ကျွန်မ ရုတ်တရက် သတိရသွားတယ်။ တကယ်လို့ ရှင် မခံနိုင်ဘူးဆိုရင်...၊ အာ... စီနီယာ အစ်ကို၊ ဘာလို့ အဝတ်အစားတွေ ချွတ်နေတာလဲ...။"
ကျန်းထန် စကားပြောနေစဉ် သူမသည် မရည်ရွယ်ဘဲ နင်းဖန်ကို လှည့်ကြည့်မိသွားပြီး လန့်သွားခဲ့လေ သည်။
နင်းဖန်သည် သွက်လက်စွာ လှုပ်ရှားနေပြီး အဝင်ဝတွင် သူ၏ တာအို ဝတ်ရုံကို ချွတ်ကာ အတွင်းခံ ဘောင်းဘီ တစ်ထည်သာ ကျန်သည်အထိ ချွတ်နေသည်ကို သူမ မြင်တွေ့လိုက်ရခြင်းဖြစ်၏။
သူ၏ ဖြူဖွေးပြီး အပြစ်အနာအဆာကင်းသော ခန္ဓာကိုယ်နှင့် သေချာစွာ ဖွဲ့စည်းထားသော ကြွက်သား များမှာ နေရောင်အောက်တွင် တောက်ပနေခဲ့သည်။ ၎င်းမှာ အနုပညာ လက်ရာတစ်ခုကဲ့သို့ပင်။
ကျန်းထန် သည် သူမ၏ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကာ အော်ဟစ်လိုက်လေသည်။
သို့သော် သူမသည် ထိုသို့လုပ်ဆောင်ရာတွင် အလွန် ရိုးသားမှု မရှိချေ၊ သူမ၏ လက်ချောင်းဆယ် ချောင်းလုံးမှာ ကားနေပြီး သူမ၏ မျက်လုံးကြီး နှစ်လုံးက လက်ချောင်းများကြားမှတစ်ဆင့် နင်းဖန်ကို စိုက်ကြည့်နေခဲ့လေ၏။
"ဘာဖြစ်လို့လဲ...၊ ရေချိုးနေတုန်း အဝတ်အစား ဝတ်ထားလို့မှ မရတာ...။"
နင်းဖန်က ကျန်းထန် ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်ကာ မေးလိုက်လေသည်။
သူမ ထိုနေရာတွင် ရှိနေသောကြောင့်သာ သူ ဤမျှလောက်သာ လုပ်ခြင်းဖြစ်ကြောင်း သူ တွေးလိုက်မိ သည်၊ အကယ်၍ သူသာ ဂိုဏ်းတစ်ခုလုံးတွင် တစ်ဦးတည်း ကျန်ရစ်သူဖြစ်ပါက သူ ဘာကိုမှ ဂရုမစိုက် ဘဲ အဝတ်မပါဘဲ ပြေးလွှားနေမည်သာ ဖြစ်၏။
ထိုသို့ပြောပြီးနောက် သူသည် ရှေ့မှ ဦးဆောင်ကာ သစ်တောထဲသို့ ဝင်သွားခဲ့လေသည်...။
အထက်ရှိ "ထိုက်ရီအကြွင်းအကျန်နယ်မြေ" အတွင်း၌မူ။
ဤမြင်ကွင်းကို မြင်လိုက်ရသော အမျိုးသမီး တပည့်များ အားလုံး အံ့သြတကြီး အော်ဟစ်လိုက်ကြပြီး သူတို့၏ မျက်နှာများမှာ ရှက်ရွံ့မှုကြောင့် နီရဲသွားကြသည်။ ရှက်သွေးဖြာနေသော အသံလှိုင်းများက နေရာတစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့လေ၏။
ယောက်ျားလေး တပည့်များကမူ သူတို့၏ ပေါင်များကို ရိုက်ကာ ပြောဆိုလိုက်ကြလေသည်...။
"ဘာလို့ သူ ဆက်မချွတ်တော့တာလဲ...။"
"နည်းနည်းလေးပဲ၊ နည်းနည်းလေးပဲ ကျန်တော့တာကို....။"
"နှမြောစရာပဲ....၊ သူတော်စင်မိန်းမပျို သာ အဲဒီမှာ မရှိရင် လူမိုက် နင်း ဟာ ဒီနေ့ တကယ်ပဲ အရှက်ကွဲ သွားလောက်ပြီ...။"
"မှန်တယ်....၊ သူက ခုနက လုံးဝ ချွတ်ပစ်ချင်နေတာ သေချာတယ်၊ သူက သူတော်စင်မိန်းမပျို အရှင် မြတ် ကို အားနာလို့သာ...။"
"ဟီးဟီး...၊ ထိုက်ရီအစစ်အမှန်ဂိုဏ်း ရဲ့ နံပါတ်တစ် ပါရမီရှင် နဲ့ လက်ရှိ ခေတ်ရဲ့ တစ်ဦးတည်းသော တပည့်ခေါင်းဆောင် ၊ အကယ်၍ သူသာ အဝတ်မပါဘဲ ဂိုဏ်းရဲ့ တပည့်တွေ အားလုံးရှေ့မှာ ပြေးလွှား နေမယ်ဆိုရင် အဲဒါက ကြီးမားတဲ့ ရယ်စရာတစ်ခု ဖြစ်သွားမှာပဲ...။"
"မင်း ပြောတာ မှန်တယ်...၊ ငါတို့ နောက်ဆုံးမှာ လျှို့ဝှက်နယ်မြေ ကနေ လွတ်မြောက်လာပြီး နင်းဖန်က အမှန်တရား အားလုံးကို သိသွားတဲ့အခါ၊ သူ့ရဲ့ လုပ်ရပ်တွေကို လူတစ်သိန်းကျော်က ကြည့်နေခဲ့တယ် ဆိုတာကို တွေးမိရင် သူ အရမ်း ရှက်သွားပြီး ပုန်းဖို့ အပေါက်တစ်ခုကို ရှာချင်သွားလိမ့်မယ်....။"
"သူတော်စင်မိန်းမပျိုက သူ့အသက်ကို ကယ်လိုက်တာပဲ...။ ဒီလောက် ကြီးမားတဲ့ ကျေးဇူးအတွက် ငါသာဆိုရင် ဒူးထောက်ပြီး သူမကို 'မေမေ' လို့တောင် ခေါ်လိုက်ဦးမယ်....။"
"ငါထင်တာ မင်းက ရိုးရိုးလေးပဲ သူမကို 'မေမေ' လို့ ခေါ်ချင်နေတာ မဟုတ်လား...။"
"ဒါပေမယ့် နင်းဖန်က တကယ်ကို မာနကြီးတာပဲ၊ အေးစက်ရေ အရိုးထိန်းညှိခြင်း ကို ရေချိုးတာလိုမျိုး သဘောထားရဲတယ်ပေါ့...။"
"ဟုတ်တယ်....၊ အကြီးအကဲရွှီ ခုနက ပြောခဲ့သလိုပဲ၊ ဒီ စိမ်နေတဲ့ လုပ်ငန်းစဉ်က သည်းမခံနိုင်လောက် အောင် နာကျင်ရတယ်...။ ထိုက်ယင် လမင်း အနှစ်သာရ ဆီးနှင်း နဲ့ လိုက်ဖက်တဲ့ ခန္ဓာကိုယ် ရှိတဲ့ သူတော်စင်တောင် သုံးနာရီပဲ ခံနိုင်ရည်ရှိခဲ့တာလေ...။ နင်းဖန်က ကောင်းကင်နဲ့မြေကြီး ထူးဆန်းသော ရေတွေကို အရမ်း အထင်သေးနေတာမလား...။"
"ဟီးဟီး...၊ နာကျင်မှုက နင်းဖန်ကို ထိမှန်သွားတာနဲ့ သူက 'ရေချိုးတာ' အကြောင်း ပြောနေတော့မှာ မဟုတ်ဘူး....။"
အတွင်းစည်းနှင့် အပြင်စည်း တို့မှာ ဆူညံနေခဲ့လေသည်။
အချို့က နင်းဖန် လုံးဝ အရှက်ကွဲရန် ခြေတစ်လှမ်းသာ လိုတော့သည့်အတွက် နောင်တရနေကြ၏။
အခြားသူများကမူ သူတို့၏ အာရုံစိုက်မှု အားလုံးကို နင်းဖန်၏ စကားများအပေါ်တွင် ထားရှိခဲ့ကြသည်။
အေးစက်ရေ အရိုးထိန်းညှိခြင်း ကို "ရေချိုးခြင်း" ဟု ခေါ်ဆိုခြင်းက အမှန်တကယ်ပင် အနည်းငယ် မာန ကြီးလွန်းနေပေသည်။
မည်သို့ပင်ဆိုစေ ဤ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း နည်းလမ်းသည် ခံနိုင်ရည်နှင့် စိတ်ဆန္ဒကို စမ်းသပ်ခြင်း ဖြစ်၏။
နာကျင်မှုက နာကျင်မှုသာ ဖြစ်သည်။
"မင်းက ထိပ်တန်း ပါရမီရှင် တစ်ယောက် ဖြစ်ရင်တောင် နာကျင်မှု ကို ခံနိုင်ရည် ရှိနိုင်လို့လား...။"
ဤသည်မှာ နတ်ဘုရားစွမ်းရည် နည်းစနစ်များကို အသုံးပြု၍ ခွဲထုတ်ပစ်နိုင်သော ပြင်ပ ဒဏ်ရာမျိုး မဟုတ်ကြောင်း သင် သိထားသင့်ပေသည်။
ကောင်းကင်နဲ့မြေကြီး ထူးဆန်းသော ရေ များက မည်မျှ အားကောင်းသနည်း။ ရိုးတွင်းခြင်ဆီ အတွင်း ပိုင်းအထိ ထိုးဖောက်ဝင်ရောက်ပြီးနောက် နာကျင်မှုသည် စိတ်ဝိညာဉ် ကို တိုက်ရိုက် ထိတွေ့သွားမည် ဖြစ်၏။
ထို့ကြောင့် လူအများအပြားက နင်းဖန်သည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲလွန်းနေသည်ဟု ခံစားခဲ့ကြရသည်...။ တစ်ချိန်တည်းမှာပင်။
အောက်ဘက်တွင် နင်းဖန်သည် သစ်တောထဲသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ပထမဆုံး ရေပူစမ်းကန် သည် သူ၏ ရှေ့တွင် ပေါ်လာခဲ့၏။
ကန်မှာ မကြီးမားချေ၊ စတုရန်းမီတာ ဆယ်မီတာခန့်သာ ရှိလေသည်။
စမ်းရေမှာ ကြည်လင်နေပြီး တောင်ပေါ် စမ်းချောင်းတစ်ခုကဲ့သို့ ပုံပေါ်ကာ ထူးခြားသောအရာ ဘာမှ မရှိပေ။
သို့သော် ၎င်း၏ ဘေးတွင် ရပ်နေသော ကျောက်စာတိုင်က ရေ၏ ကြီးကျယ်ခမ်းနားသော ဇာစ်မြစ်များ ကို အသေးစိတ် ဖော်ပြထားခဲ့လေ၏။
ဤသည်မှာ ရွှမ်မင် အစစ်အမှန်ရေ ဖြစ်သည်၊ ရေတစ်စက်စီတိုင်းသည် ဂျင် တစ်ထောင်ကဲ့သို့ လေးလံ သည်။ ၎င်း၏ အေးစက်သော ချီ ကို ထိန်းချုပ်ထားပြီး သာမန် အရိုးများကို ကြေမွသွားစေနိုင်သော် လည်း အောင်မြင်စွာ သန့်စင်ပြီးနောက် ၎င်းသည် ခန္ဓာကိုယ်ကို လေးလံပြီး တည်ငြိမ်သော တာအို သံစဉ် တစ်ခုကို ပေးစွမ်းမည် ဖြစ်၏။
အောက်ခြေဆုံးတွင် သေးငယ်သော စာလုံးလေး တစ်ကြောင်း ရှိသည် "အမြင့်ဆုံး အခြေခံအုတ်မြစ် မရှိသူ မည်သူမျှ မဝင်ရ....။"
"လိုအပ်ချက်တွေက အဲဒီလောက်တောင် မြင့်တာလား...။"
နင်းဖန် အံ့အားသင့်မသွားဘဲ မနေနိုင်ခဲ့ချေ။
အမြင့်ဆုံး အခြေခံအုတ်မြစ် ရှိသူများမှာ ကမ္ဘာပေါ်တွင် အလွန် ရှားပါးလှပေသည်။
ဤ ရွှမ်မင် အစစ်အမှန်ရေ သည် ၎င်းအတွင်း စိမ်မည့်သူအတွက် ဤမျှ မြင့်မားသော လိုအပ်ချက်များ ရှိနေသဖြင့် ၎င်းကို အနည်းဆုံး နှစ်တစ်သန်းခန့် အလွတ်ထားခဲ့ရသည်ဟု ဆိုလိုခြင်းပင်မဟုတ်ပါလား။
"တစ်စက်စီက ဂျင် တစ်ထောင်လို လေးလံတယ်...။ ငါ့ကို ခြောက်လှန့်နေတာလား...။"
"မင်း ဘယ်လောက် စွမ်းသလဲ ဆိုတာ ငါ ကြည့်ရသေးတာပေါ့...။"
နင်းဖန် သူ၏ ခြေလက်များကို ဆန့်ထုတ်လိုက်ပြီးနောက် ဒူးကို ကွေးကာ ရေထဲသို့ တိုက်ရိုက် ခုန်ချ လိုက်လေတော့၏။
"ဗွမ်း..."
ရေလှိုင်းလေးများ ပျံ့နှံ့သွားခဲ့လေသည်။
မျက်နှာသစ်ရန် ရေအနည်းငယ်ကို လက်ဖဝါးဖြင့် ကော်ယူပြီးနောက် နင်းဖန်သည် တပျဉ်ခွေကာ ထိုင်လိုက်လေ၏။
သူ၏ အမူအရာမှာ ပုံမှန်အတိုင်းသာ ရှိနေပြီး မည်သည့် မူမမှန်မှု အရိပ်အယောင်မျှ မပြသချေ။
ခေါင်းသေးသေးလေး တစ်ခု ရေပူစမ်းကန် ဘေးမှ ထွက်လာပြီး မေးလိုက်လေသည်...၊
"စီနီယာအစ်ကို...၊ မနာဘူးလား...။"
ကျန်းထန် သည် သိချင်စိတ်များဖြင့် ပြည့်နှက်နေခဲ့လေသည်။
ဤ ရွှမ်မင် အစစ်အမှန်ရေ သည် ကောင်းကင်နဲ့မြေကြီး ထူးဆန်းသော ရေ အများအပြားကြားတွင် နာမည်ကြီးသော တည်ရှိမှုတစ်ခု ဖြစ်ပေ၏။
သာမန်လူတစ်ယောက် ၎င်းနှင့် တွေ့ဆုံပါက ရေတစ်စက်တည်းကပင် သူတို့ကို အမှုန့်ဖြစ်အောင် ကြိတ်ချေပစ်နိုင်ပေသည်။
အရိုးသန့်စင်ခြင်း နည်းလမ်းကို ကျင့်ကြံ ဖို့ ဤရေထဲတွင် စိမ်နေရန် ဆိုသည်ကိုမူ ပြောနေစရာပင် မလိုတော့ချေ။
သမိုင်းတစ်လျှောက် အမြင့်ဆုံး အခြေခံအုတ်မြစ် ရှိသော ထို ပါရမီရှင် များကြားတွင်ပင် ရေကန်ထဲ၌ အလွန် နာကျင်ရသဖြင့် အသက်ရှင်လျက်နှင့် သေဆုံးခြင်းကြားတွင် ပိတ်မိနေခဲ့သူ မည်မျှရှိမည်ကို မည်သူ သိနိုင်ပါမည်နည်း။
ဒါပေမယ့် နင်းဖန်ကရော။
သူက တကယ်ပဲ ရေချိုးနေသကဲ့သို့ ပေါ့ပေါ့ပါးပါး ပုံပေါ်နေခဲ့၏။
ကျန်းထန် ၏ စကားကို ကြားသောအခါ သူက ပြုံးရုံသာ ပြုံးပြီး ပြောလိုက်သည်...၊
"ဂျူနီယာညီမလေး...၊ ဒါက ရွှမ်မင် အစစ်အမှန်ရေ လေ...။ ဘယ်လိုလုပ် မနာဘဲ နေမှာလဲ...။"
"ဒါပေမယ့် မင်းရဲ့ စီနီယာအစ်ကို ဆီမှာ အရည်အချင်းတွေ အများကြီး မရှိဘူး၊ အဲဒီထဲက တစ်ခုက တော့ ခိုင်မာတဲ့ ဇွဲလုံ့လနဲ့ တည်ငြိမ်တဲ့ တာအို နှလုံးသား ပဲ...။"
"အခု ငါ့စိတ်တွေ ပြိုကွဲမတတ် အရမ်း နာကျင်နေရပေမယ့် မဟာတာအို ကို ရှာဖွေဖို့အတွက် ငါ တောင့် ခံထားရတုန်းပဲ...။"
"လာစမ်းပါ....၊ မုန်တိုင်းက ဒီထက်ပိုပြီး ပြင်းထန်ပါစေ...။"
"ငါ နင်းဖန်က ဘယ်လို နာကျင်မှုမျိုးကိုမဆို ရင်ဆိုင်ရရင်တောင် မျက်မှောင်တစ်ချက် ကုတ်မှာ မဟုတ် ဘူး....။"
သူ၏ အသံ ဆုံးသွားသည်နှင့်။
နင်းဖန်၏ အကြည့်များမှာ ပြတ်သားသွားပြီး သူ၏ တစ်ကိုယ်လုံးကို ရေကန်ထဲသို့ ရုတ်တရက် နှစ်မြုပ် လိုက်လေတော့၏။
အနီးအနားရှိ ကျန်းထန် မှာ မှင်တက်သွားခဲ့ပြီ ဖြစ်သည်။
သူမ၏ ချယ်ရီသီးလေးကဲ့သို့ ပါးစပ်မှာ အံ့ဩလွန်းသဖြင့် ဟနေခဲ့၏။
သူမ၏ နှလုံးသားထဲတွင် ကြီးမားသော တုန်လှုပ်မှုများ ပြည့်နှက်နေခဲ့လေသည်။
"ရွှမ်မင် အစစ်အမှန်ရေ ရေတစ်စက်က ဂျင် တစ်သောင်းကဲ့သို့ လေးလံသည်...။"
"ဒါတောင် စီနီယာအစ်ကို က တည့်တည့် ခုန်ချသွားတာပဲ...။"
"သူ့ရဲ့ မျက်နှာမှာ တုံ့ဆိုင်းမှု အရိပ်အယောင်လေး တစ်ခုတောင် မရှိခဲ့ဘူး....။"
"ဒါက စီနီယာအစ်ကို ရဲ့ တာအို နှလုံးသား လား....။"
"အရမ်း နာကျင်နေတာ သေချာနေပေမယ့် သူ့နှလုံးသားထဲက မဟာတာအို အတွက် သေမင်းကို ဖိတ်ခေါ်တဲ့ ဒီလို လုပ်ရပ်မျိုးကို လုပ်ရဲသေးတယ်...။ စီနီယာအစ်ကို က တကယ်ကို အံ့သြစရာပဲ...။"
ကျန်းထန် ၏ မျက်လုံးများမှာ ကြယ်များ ပါဝင်နေသကဲ့သို့ တောက်ပနေပြီး နင်းဖန်ကို အံ့သြလေးစား စွာ ကြည့်နေခဲ့လေ၏။
ဤအခိုက်အတန့်တွင် စီနီယာအစ်ကို ၏ တစ်ကိုယ်လုံးမှာ လောင်ကျွမ်းနေသော နေမင်းကြီးကဲ့သို့ တောက်ပနေသည်ဟု သူမ ခံစားလိုက်ရလေသည်။
"လုံးဝ မနာပါဘူး...၊ ရေချိုးတာနဲ့ ဘာမှ မကွာဘူးလို့ ငါ မင်းကို ပြောခဲ့သားပဲ...။"
ရေမျက်နှာပြင် အောက်တွင် နင်းဖန်သည် ပေါ့ပေါ့ပါးပါး ကိုယ်ဟန်အမူအရာဖြင့် ရေငုပ်နေခဲ့၏။
ရေပူစမ်းကန် ၏ အစွန်းများမှာ မြင့်မားသဖြင့် ရေပူစမ်း တစ်ခုကဲ့သို့ ထိုင်နိုင်သော်လည်း အလယ်ဗဟို မှာမူ အနည်းဆုံး သုံးမီတာမှ လေးမီတာအထိ အလွန် နက်ရှိုင်းကြောင်း သူ တွေ့ရှိခဲ့ရလေသည်။
ပြီးတော့ ပိုနက်လေ အရိုးသန့်စင်ခြင်း အကျိုးသက်ရောက်မှု ပိုကောင်းလေ ဖြစ်ပုံရ၏။
ဤသည်ကို တွေးမိသောအခါ နင်းဖန်သည် ရေမျက်နှာပြင်ပေါ်သို့ ပြန်တက်ရန် မရည်ရွယ်တော့ချေ။
သူသည် အနက်ရှိုင်းဆုံး အပိုင်းသို့ တိုက်ရိုက် ရေငုပ်သွားပြီး တိတ်ဆိတ်စွာ တပျဉ်ခွေ ထိုင်နေလိုက် ၏။
ဘယ်လိုပဲဖြစ်ဖြစ် သူ၏ အဆုတ်ထဲရှိ ဝိညာဉ်ချီ တစ်ရှိုက်ဖြင့် အသက်ရှူရန် မလိုအပ်ဘဲ နာရီပေါင်း များစွာ သူ့ကို ထောက်ပံ့ပေးရန် လုံလောက်ပေသည်...။
"နင်းဖန်က ရွှမ်မင် အစစ်အမှန်ရေ ထဲမှာ သူ့ကိုယ်သူ လုံးဝ နှစ်မြုပ်လိုက်တာလား...။"
"သူက သာမန် အရိုးလေး တစ်ခုပဲလေ...၊ ဒီလို နာကျင်မှုနဲ့ ဖိအားကို သူ တကယ်ပဲ ခံနိုင်ရည်ရှိပါ့ မလား...။"
"နင်းဖန်ရဲ့ တာအို နှလုံးသား က ဒီလောက်တောင် ခိုင်မာလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ခဲ့ဘူး...။"
"ဒီလောက် နာကျင်မှုကို ခံနိုင်ရည်ရှိဖို့ဆိုတာ...၊ အရင်က သူ ကြွားနေတာ မဟုတ်ဘူးပဲ...။"
"တကယ်တော့ နင်းဖန်က ကောင်းကင်နဲ့မြေကြီး ထူးဆန်းသော ရေ တွေကို အထင်သေးနေတာ မဟုတ် ဘဲ ငါတို့က သူ့ကို အထင်သေးနေခဲ့တာပဲ...။"
"..."
အောက်ဘက်ရှိ မြင်ကွင်းကို ကြည့်ရင်း တပည့်များစွာသည်လည်း အလွန် တုန်လှုပ်သွားခဲ့ကြလေ၏။
အထူးသဖြင့် ထို အစစ်အမှန်တပည့် များ၊ အခြားသူများနှင့် မတူဘဲ သူတို့သည် အေးစက်ရေ အရိုး ထိန်းညှိခြင်း အဆင့်ကို အမှန်တကယ် ကိုယ်တိုင် တွေ့ကြုံခဲ့ဖူးသူများ ဖြစ်ကြပေသည်။
ထို့ကြောင့် ၎င်း၏ ခံစားချက်ကို သူတို့ အားလုံး သိကြပေ၏။
ထို့ကြောင့် နင်းဖန်၏ လုပ်ရပ်များကို မြင်ရသောအခါ သူတို့သည် ပို၍ပင် လှုပ်ရှားသွားကြလေသည်။
ဂိုဏ်းချုပ် ပင်လျှင် သက်ပြင်းချကာ ပြောလိုက်သည်...၊
"တစ်ချိန်က တာအို ကို ရှာဖွေဖို့ နယ်နိမိတ်မဲ့ သစ်တော ပင်လယ် ကို ဖြတ်သန်းခဲ့တဲ့သူနဲ့ ထိုက်တန်ပါ တယ်...။ နင်းဖန်ရဲ့ တာအို နှလုံးသား က တကယ်ကို ခိုင်မာတာပဲ....။"