← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

Chapter 1+2

~

အခန်း ၁ + ၂ : ကမ္ဘာမြေပေါ်မှ ကြိုဆိုပါတယ် အင်မော်တယ်ဧကရီ

~

" တီ..တီ..တီးးး... "

အိပ်တဝက်နိုးတဝက် ဖြစ်နေစဉ်အတွင်း လင်းဖန်၏ နားထဲတွင် ကားဟွန်းတီးသံများကို သဲ့သဲ့လေးမျှ ကြားလိုက်ရ၏ ။

သို့ပေသည့် ဤသည်က မဖြစ်နိုင်သောအရာပင် ။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော နှစ်ပေါင်းရာချီကတည်းက သူသည် ကားဟွန်းသံများ လုံးဝမရှိနိုင်သည့် ရှန်းမိုတိုက်ကြီးသို့ ကူးပြောင်းရောက်ရှိသွားခဲ့သောကြောင့် ဖြစ်သည် ။

လင်းဖန် ထိုသို့တွေးနေမိသော်လည်း ကားဟွန်းသံများမှာ မပြတ်ထွက်ပေါ်နေဆဲဖြစ်ပြီး ကားများ အရှိန်ဖြင့် မောင်းနှင်သွားသည့် အသံများကိုလည်း ရံဖန်ရံခါ ကြားနေရသည် ။

သူ သံသယဖြင့် မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး မှောင်မည်းနေသော လမ်းကြားလေးထဲမှ ထကာ အဆုံးသတ်ရှိ အလင်းရောင်ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားခဲ့သည် ။

လမ်းကြားလေးထဲမှ ထွက်လိုက်သည့် ခဏချင်းမှာပင် သူ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဆွံ့အသွားကာ မျက်လုံးများ ပြူးကျယ်သွား၏ ။

သူ့ရှေ့တွင် မြင်တွေ့နေရသည်က သူရင်းနှီးနေသည့် မြင့်မားလှသော မိစ္ဆာနန်းတော် သို့မဟုတ် နတ်ဘုရားနန်းတော်များ မဟုတ်တော့ဘဲ အထပ်မြင့် အဆောက်အအုံကြီးများ အစီအရီ ဖြစ်နေသည် ။

ညကောင်းကင်ယံအောက်တွင် မီးရောင်စုံများ လင်းထိန်နေပြီး လမ်းမပေါ်တွင် သွားလာလှုပ်ရှားနေကြသော လူအုပ်ကြီးနှင့် အရှိန်ပြင်းစွာ မောင်းနှင်နေသော ကားများက စည်ကားလှသည့် ခေတ်မီမြို့တော်ကြီးဖြစ်ကြောင်း သက်သေပြနေ၏ ။

'ငါ ပြန်ရောက်လာပြီလား..'

နှစ်ပေါင်းရာချီ ကြာပြီးနောက် သူရင်းနှီးနေသော မွေးရပ်မြေ ၊ ဤကမ္ဘာမြေထံသို့ သူ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည် ။

သူ၏မှတ်ဉာဏ်ထဲတွင် အင်မော်တယ်ဧကရီနှင့် အဆုံးအဖြတ်တိုက်ပွဲ ဆင်နွှဲခဲ့စဉ်အတွင်း ဟင်းလင်းပြင် ကျိုးပျက်သွားပြီး နှစ်ဦးသား ဟင်းလင်းပြင်အက်ကွဲကြောင်းထဲသို့ ပြုတ်ကျကာ သတိလစ်သွားခဲ့ခြင်း ဖြစ်သည် ။

ယခုကြည့်ရသည်မှာ ထိုအက်ကွဲကြောင်းမှတစ်ဆင့် ကမ္ဘာမြေသို့ မှားယွင်းစွာရောက်ရှိလာခဲ့ပုံရ၏ ။

' ငါ ကမ္ဘာမြေ ရောက်လာတာဆိုတော့ သူလည်း ပါလာမှာလား.. '

ထိုသို့တွေးမိသည်နှင့် လင်းဖန်သည် သူထွက်လာခဲ့သည့် မှောင်မည်းသော လမ်းကြားလေးဆီသို့ ပြန်လှည့်ကြည့်လိုက်သည် ။

ထိုအချိန်တွင် မည်းမှောင်နေသော တိမ်တိုက်များနောက်မှ လမင်းကြီး ထွက်ပေါ်လာပြီး လမင်း၏ ငွေရောင်အလင်းက မှောင်မည်းနေသော လမ်းကြားလေးကို လင်းထိန်သွားစေသည် ။

ကျဉ်းမြောင်းသော လမ်းကြားလေးထဲတွင် ပိုးသားနတ်သမီးဝတ်စုံ ဝတ်ဆင်ထားပြီး အလွန်လှပချောမောလွန်းသည့် အမျိုးသမီးတစ်ဦး မြေပြင်ပေါ်၌ ငြိမ်သက်စွာ လဲလျောင်းနေလေသည် ။

သူမ၏ အသားအရေမှာ နှင်းပမာ ဖြူဖွေးနေပြီး မျက်နှာသွင်ပြင်မှာလည်း အပြစ်ပြောစရာမရှိအောင်ပင် လှပနေကာ မည်းနက်သော ဆံနွယ်ရှည်များက ရေတံခွန်ကဲ့သို့ ကျောပြင်ထက်ဝယ် ဖြန့်ကျက်နေသည် ။ သူမ၏ မျက်ခုံးနှစ်ခုကြားတွင် လောကီလောကနှင့် မသက်ဆိုင်သည့် နတ်ဘုရားဆန်သော အငွေ့အသက်နှင့် ရဲရင့်သော အမူအရာလေးများ ရှိနေသည် ။ ငွေဆန္ဒါလမင်း၏ လင်းရောင်ခြည်အောက်ရှိ သူမ၏ တည်ငြိမ်သော ပုံစံမှာ ရှေးဟောင်းပန်းချီကားတစ်ချပ်ထဲမှ နတ်သမီးတစ်ပါး ကမ္ဘာမြေသို့ ကြွေကျဆင်းသက် လာသကဲ့သို့ပင် ။

ဤအမျိုးသမီးမှာ တခြားသူမဟုတ်ဘဲ သူ၏ ကမ္ဘာ့ရန်ဘက်ဖြစ်သော အင်မော်တယ်ဧကရီ လုံယွဲ့ ပင် ဖြစ်ပေသည် ။

အိပ်မောကျနေစဉ်အတွင်း လုံယွဲ့၏ လှပသော မျက်ခုံးလေးများ အနည်းငယ် တွန့်ချိုးသွားပြီး မျက်တောင်လေးများ လှုပ်ခတ်လာကာ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည် ။ သူမ မော့ကြည့်လိုက်သောအခါ ရှေ့တွင် ရပ်နေသော လင်းဖန်ကို မြင်လိုက်ရလေ၏ ။

" ဟေ့.. နိုးပြီလား.. "

လင်းဖန်က ရှက်ရွံ့ဟန်ဖြင့် ပြုံးပြလိုက်ပြီး လက်မြှောက်ကာ နှုတ်ဆက်လိုက်သည် ။

လုံယွဲ့သည် ခဏတာမျှ ကြောင်အသွားသော်လည်း အခြေအနေကို ရိပ်မိသည်နှင့် ချက်ချင်းပင် ခုန်ထလိုက်ပြီး လက်ချောင်းများဖြင့် ဂါထာမန္တန်များကို အလျင်အမြန် ဖော်ဆောင်လိုက်သည် ။

" မိစ္ဆာအရှင် သေဖို့သာ ပြင်ထားတော့.. "

" နေဦး..နေဦး.. အခုချက်ချင်း လက်မပါဖို့ ငါအကြံပေးချင်တယ် ..အရင်ဆုံး ငါတို့ ဘယ်ရောက်နေတာလဲဆိုတာ ကြည့်လိုက်ပါဦး.. "

လင်းဖန်က သူမကို အလျင်အမြန် တားဆီးလိုက်ပြီး သူ့နောက်ကွယ်ရှိ စည်ကားလှသော မြို့တော်ကြီးကို လက်ညှိုးထိုးပြလိုက်သည် ။

လုံယွဲ့က လင်းဖန်ညွှန်ပြရာသို့ ကြည့်လိုက်ရာ သူမ၏ လှပသော မျက်နှာထက်တွင် ထိတ်လန့်မှုများ ချက်ချင်း ပေါ်လာ၏ ။

သူမ တစ်ခါမျှ မမြင်ဖူးသော အဆောက်အအုံများမှာ စီတန်းနေပြီး အချို့မှာ အင်မော်တယ်နယ်ပယ်ရှိ သူမ၏ နန်းတော်ထက်ပင် ပို၍ မြင့်မားနေသည် ။ မည်သို့သောအရာမှန်း မသိရသည့် သံခွံများက လမ်းပေါ်တွင် အရှိန်ဖြင့် ပြေးလွှားနေကြပြီး လမ်းသွားလမ်းလာများကလည်း ဆန်းပြားသော အဝတ်အစားများကို ဝတ်ဆင်ထားကြ၏ ။

" ဒါ.. ဒါ ..ဘယ်နေရာလဲ.. "

" ဧကရီအရှင်မ.. ဒါက မင်းရင်းနှီးခဲ့တဲ့ ရှန်းမိုတိုက်ကြီး မဟုတ်တော့ဘူး .. ကမ္ဘာမြေလို့ ခေါ်တဲ့ ကမ္ဘာသစ်တစ်ခုပဲ.. "

လင်းဖန်သည် စည်ကားလှသော မြို့ပြကြီးကို ကျောပေးကာ လမ်းကြားအဆုံးတွင် ရပ်နေပြီး လက်နှစ်ဖက်ကို ဆန့်တန်းကာ ကြိုဆိုသည့်အနေဖြင့် ရွှတ်နောက်နောက် ပြုံးလိုက်သည် ။

" နောက်ထပ် ကမ္ဘာသစ်တစ်ခုလား ..ကမ္ဘာမြေလား.. "

လုံယွဲ့က မယုံကြည်နိုင်သော အမူအရာဖြင့် ကြည့်နေပြီးနောက် သူမ၏ မျက်ခုံးများ ထိလုနီးပါး တွန့်ကွေးသွားကာ သတ်ဖြတ်လိုသော အမူအရာဖြင့်...

" ကမ္ဘာသစ်တစ်ခုကို ရောက်လာတာနဲ့ ဘာထူးမှာလဲ .. ငါ့ရဲ့ တာဝန်က ပြောင်းလဲသွားမှာ မဟုတ်ဘူး .."

" မိစ္ဆာအရှင် .. ဒီနေရာမှာဆိုရင်လည်း ငါ့အသက်နဲ့ရင်းပြီး နင့်ကို သတ်ပစ်မယ်.. "

ထိုသို့ ပြောပြီးနောက် လုံယွဲ့သည် လက်နှစ်ဖက်ဖြင့် ဂါထာမန္တန်များ ဖော်ဆောင်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည် ။

" အင်မော်တယ်ကျင့်စဥ် .. လင်းလက်သောလမင်း ငွေနဂါး .."

" . . . "

လေပြေလေညှင်းလေး တစ်ချက်က ဖြတ်သန်း တိုက်ခတ်သွားသည် ။

သူမ၏ အော်ဟစ်သံနောက်တွင် လမ်းကြားလေးမှာ တိတ်ဆိတ်နေဆဲဖြစ်ပြီး ဘာမှ ဖြစ်မလာခဲ့ပေ ။ လုံယွဲ့၏ လက်များမှာ ဂါထာဖော်ဆောင်သည့် အနေအထားဖြင့် လေထဲတွင် တောင့်တင်းသွားပြီး လေထုကြီးမှာလည်း ရပ်တန့်နေသကဲ့သို့ ခံစားရသည် ။

လင်းဖန်က လုံယွဲ့ရှေ့တွင် တည်ငြိမ်စွာ ရပ်နေသော်လည်း ရယ်ချင်စိတ်ကို မနည်းအောင့်အီး ထားရ၏ ။

လမ်းသွားလမ်းလာများက ထိုဆူညံသံကို ကြားပြီးနောက် လှမ်းကြည့်ကာ ပါးစပ်ကို လက်ဖြင့်ပိတ်၍ ခိုးရယ်နေကြပေသည် ။

" ဟေ့ ကြည့်လိုက်အုံး.. ဟိုနှစ်ယောက် လမ်းကြားထဲမှာ ပုန်းပြီး ဘာတွေ လုပ်နေကြတာလဲ မသိဘူး .."

" ဝတ်ထားတဲ့ အဝတ်အစားတွေကလည်း အရမ်း ထူးဆန်းလိုက်တာ.. "

" ငါ သိတယ် ..အဲ့ဒါ cosplay လို့ ခေါ်တာ .. အခုခေတ် လူငယ်တွေက အဲ့လို ကစားရတာ တော်တော် ဝါသနာပါကြတယ်.. "

" သြော်.. ဒါဆို အဲ့နှစ်ယောက်က ဇာတ်ကောင်လုပ်တန်း ကစားနေကြတာပေါ့.. "

" ဟမ့်.. ညသန်းခေါင်ယံမှာ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်က လမ်းကြားထဲမှာ ပုန်းပြီး ဒီလိုဝတ်စုံတွေနဲ့ ဆိုတော့ တကယ်ပဲ ကိုယ်ကျင့်တရားတွေ ပျက်ပြားကုန်ကြပြီ.. ကြည့်ရတာ ကျတ်သရေကို မရှိဘူး.. "

" . . . "

လုံယွဲ့သည် ဝိုင်းကြည့်နေသော လူအုပ်ကို အာရုံမစိုက်နိုင်ဘဲ သူမ၏ လက်များကိုသာ ထိတ်လန့်တကြား ကြည့်နေမိ၏ ။

" ဘ..ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ .. ငါ့ရဲ့ အင်မော်တယ်ကျင့်စဥ်တွေကို ဘာလို့ သုံးလို့မရတာလဲ.. "

သူမ၏ စကားအဆုံးတွင် တုန့်ပြန်ချိန် မရလိုက်ဘဲ သူမ၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအားများ ချက်ချင်း ခမ်းခြောက်သွားပြီး နွမ်းလျစွာဖြင့် မြေပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည် ။

သူမ၏ ခန္ဓာကိုယ်ကို သေချာစွာ စစ်ဆေးကြည့်ပြီးနောက် ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအားများမှာ လုံးဝနီးပါး ခမ်းခြောက်နေပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် အလွန်အမင်း တုန်လှုပ်သွားလေသည် ။

ကျင့်ကြံသူတစ်ဦးအတွက် ဝိညာဉ်စွမ်းအားဆိုသည်မှာ အခြေခံအကျဆုံး အရာဖြစ်ကြောင်း လူတိုင်း သိကြသည် ။ ကျင့်ကြံသူတစ်ဦး အသုံးပြုသမျှသော အင်မော်တယ်ကျင့်စဥ်များ၊ မှော်ရတနာများ သုံးစွဲခြင်းနှင့် ခန္ဓာကိုယ် ကြံ့ခိုင်မှုကို ထိန်းသိမ်းခြင်းတို့မှာ ခန္ဓာကိုယ်တွင်းရှိ ဝိညာဉ်ကြောများမှတစ်ဆင့် စီးဆင်းနေသော ဝိညာဉ်စွမ်းအားပေါ်တွင်သာ မူတည်နေသည် ။

ဝိညာဉ်စွမ်းအား မရှိလျှင် အင်မော်တယ်ကျင့်စဥ်များကို အသုံးပြုရန်ပင် မပြောနှင့် အခြေခံအကျဆုံးဖြစ်သော လေထဲပျံသန်းခြင်းကိုပင် မပြုလုပ်နိုင်ဘဲ သာမန်လူသားတစ်ဦးနှင့် ဘာမှ ခြားနားတော့မည် မဟုတ်ပေ ။

" မိစ္ဆာအရှင်.. နင် ငါ့ကို ဘာလုပ်လိုက်တာလဲ.. "

လုံယွဲ့က အံကိုတင်းတင်းကြိတ်ကာ နာကျည်းမှုများဖြင့် လင်းဖန်ကို မော့ကြည့်လိုက်သည် ။

သူမ အမြင်တွင်တော့ သူမ သတိလစ်နေစဉ်အတွင်း မိစ္ဆာအရှင်က တစ်ခုခု ပြုလုပ်လိုက်သောကြောင့် သူမ၏ ဝိညာဉ်စွမ်းအားများအားလုံး ပျောက်ကွယ်သွားရခြင်း ဖြစ်သည်ဟု ယူဆထားသည် ။

" ဧကရီအရှင်မ ..မင်း ငါ့ကို စွတ်စွဲနေတာ နည်းနည်းတော့ များသွားပြီ.. "

" ငါ မင်းကို ဘာမှ မလုပ်ရသေးဘူး .."

လင်းဖန်က အပြစ်ကင်းဟန်ဖြင့် လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သည် ။

လုံယွဲ့၏ မျက်ခုံးများမှာ အေးစက်စွာ တောင့်တင်းသွားပြီး ...

" ဒါဆို ဘာလို့ ငါ့ရဲ့ ဝိညာဉ်စွမ်းအားတွေ မရှိတော့တာလဲ .. ပြီးတော့ ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်စွမ်းအားတွေကိုတောင် ငါ မခံစားမိတော့ဘူး .."

" မင်းရဲ့ ဝိညာဉ်စွမ်းအားတွေ ပျောက်သွားတဲ့ အကြောင်းရင်းက မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ မူလကတည်းက ဝိညာဥ်စွမ်းအား သိပ်မကျန်တော့လို့ပဲ .. အခုနက မင်းက အင်မော်တယ်ကျင့်စဥ်ကို အတင်းထုတ်သုံးလိုက်တော့ ကျန်နေတဲ့ ဝိညာဉ်စွမ်းအားတွေ ခမ်းခြောက်သွားတာ သဘာဝပဲ .."

" ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်စွမ်းအားကို မခံစားရတဲ့ အကြောင်းရင်းကတော့ ပိုပြီး ရိုးရှင်းပါတယ်.. "

" ဘာလို့လဲဆိုတော့ ဒီကမ္ဘာမှာ ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်စွမ်းအားတွေက အရမ်းကို နည်းပါးလွန်းလို့ပဲ ..မရှိသလောက်ကို နည်းနေတာမို့ ငါကိုယ်တိုင်တောင် မခံစားရဘူး .."

လင်းဖန်က ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအားကို စုစည်းရန် ကြိုးစားကြည့်သော်လည်း လောကကြီးအတွင်း၌ ဝိညာဉ်စွမ်းအား လှုပ်ခတ်မှု တစ်စုံတစ်ရာကိုမျှ မခံစားရပေ ။ ဤလောကကြီးမှာ ရေသေအိုင်ကဲ့သို့ ငြိမ်သက်နေ၏ ။

သူ ကမ္ဘာမြေသို့ ပြန်ရောက်လာကြောင်း အတည်ပြုပြီးနောက် ပထမဆုံး လုပ်ဆောင်သည့်အရာမှာ ဝိညာဉ်စွမ်းအားကို စုပ်ယူရန် ကြိုးစားခြင်း ဖြစ်သော်လည်း ရလဒ်မှာ မည်သို့မျှ မခံစားရခြင်းပင် ဖြစ်သည် ။

ကမ္ဘာမြေပေါ်ရှိ ဝိညာဉ်စွမ်းအားမှာ အသုံးမဝင်လောက်အောင် နည်းပါးနေကြောင်း သူ ချက်ချင်း နားလည်လိုက်သည် ။

ဤသည်မှာ သူ မျှော်လင့်ထားသည့်အတိုင်းပင် ။ အကယ်၍ ကမ္ဘာမြေမှာ ဝိညာဉ်စွမ်းအားများ ကြွယ်ဝနေပါက နှစ်ပေါင်းတစ်သောင်းကျော်အတွင်း ကျင့်ကြံသူ တစ်ဦးတစ်ယောက်မျှ ပေါ်ထွက်မလာဘဲ ရှိနေမည် မဟုတ်ပေ ။

" ဝိညာဉ်စွမ်းအား မရှိတဲ့ ကမ္ဘာတစ်ခု .. ဒါ ..ဒါ ..ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. "

လုံယွဲ့မှာ အလွန်အမင်း ထိတ်လန့်သွားပြီး မျက်နှာမှာ ဖြူဖျော့သွားကာ သူမ၏ မျက်ဝန်းအိမ်ထဲတွင် ကြောက်ရွံ့မှုများ အရိပ်အယောင် ပေါ်လာသည် ။

သူမသည် မိစ္ဆာအရှင်က သူမကို တမင်တကာ လှည့်ဖြားနေသည်ဟု ယုံကြည်ချင်သော်လည်း ဤနေရာမှာ ဝိညာဉ်စွမ်းအား မရှိသည့် ကမ္ဘာတစ်ခု ဖြစ်နေသည်ဆိုသည်ကိုတော့ လက်မခံချင်ဘဲ ရှိနေ၏ ။

သို့သော်လည်း အမှန်တရားမှာ သူမ၏ ခန္ဓာကိုယ်အတွင်း၌ မည်သည့် ပိတ်ပင်တားဆီးမှုမျိုးကိုမျှ မခံစားရဘဲ ကမ္ဘာကြီးကို အကြိမ်ကြိမ် အာရုံခံကြည့်သော်လည်း ဝိညာဉ်စွမ်းအား အစအနကိုမျှ မတွေ့ရှိရခြင်းပင် ဖြစ်သည် ။

ထို့အပြင် သူမတွင် ကျန်ရှိနေသော ဝိညာဉ်စွမ်းအား အနည်းငယ်မှာလည်း သူမ၏ အဆင်အခြင်မဲ့သော လုပ်ဆောင်ချက်ကြောင့် ခမ်းခြောက်သွားခဲ့ပြီ ဖြစ်သည် ။

ဝိညာဉ်စွမ်းအား မရှိလျှင် ယခု သူမသည် သာမန်လူတစ်ယောက်နှင့် မခြားတော့ဘဲ အသတ်ခံရန် စောင့်နေရသည့် သိုးသူငယ်တစ်ကောင်ကဲ့သို့ ဖြစ်နေလေပြီ ။

ပို၍ ကံဆိုးသည်က သူမသည် ယခုအခါ မိစ္ဆာအရှင်၏ လက်ထဲသို့ ကျရောက်နေခြင်းပင် ။

ထိုသို့တွေးမိသည်နှင့် လုံယွဲ့သည် တုန်ရီနေသော မျက်ဝန်းများဖြင့် ရှေ့တွင်ရှိသော လင်းဖန်ကို မော့ကြည့်လိုက်သည် ။

လင်းဖန်၏ နှုတ်ခမ်းများက အနည်းငယ် ကွေးညွတ်သွားပြီး အဓိပ္ပါယ်အပြည့်ဖြင့် ပြန်လည် ပြုံးပြလိုက်လေ၏ ။

" ကမ္ဘာမြေကနေ ကြိုဆိုပါတယ် အင်မော်တယ်ဧကရီ.."

လုံယွဲ့ .... " . . . "

All Chapters