အခန်း (၃-၄)
Vol. 1 Ch. 3-4
Chapter 3+4
~
အခန်း ၃+၄ : ဒါပေါ့ ဧကရီအရှင်မကို အိမ်ခေါ်သွားရမှာပေါ့
~
" ဟိုမိန်းကလေး သတိလစ်သွားပြီ ထင်တယ်.. "
" ဘယ်လိုလုပ်ကြမလဲ.. လူနာတင်ကား ခေါ်ပေးရမလား.. "
" ကိစ္စမရှိလောက်ပါဘူး .. သူ့ရည်းစားက ဘေးမှာတင် ရှိနေတာပဲဥစ္စာ .."
လူအုပ်ကြီးမှာ တဖြည်းဖြည်း ပိုမိုများပြားလာပြီး အချို့က ဖုန်းများကိုယ်စီကိုင်ကာ ဗီဒီယိုရိုက်ခြင်းနှင့် တိုက်ရိုက်လွှင့်ခြင်းများ ပြုလုပ်နေကြသည် ။
လင်းဖန် ခဏတာ စဉ်းစားလိုက်ပြီးနောက် မြေပြင်ပေါ်တွင် လဲကျနေသည့် လုံယွဲ့ကို ချက်ချင်းပင် ပွေ့ချီလိုက်ကာ အားနာနေသည့် အပြုံးဖြင့် ...
" အားလုံးပဲ .. ကျွန်တော့်ရည်းစားက သွေးတွင်းသကြားဓာတ် နည်းသွားလို့ ခဏလေး သတိလစ်သွားတာပါ .. ဘာမှ စိုးရိမ်စရာမရှိပါဘူး .. လမ်းလေး နည်းနည်းလောက် ဖယ်ပေးကြပါဦး.. "
" ရည်း . . . ရည်းစား ဟုတ်လား.. "
လုံယွဲ့မှာ ဆွံ့အသွားပြီး ဒေါသတကြီးဖြင့် လင်းဖန်၏ ရင်ခွင်ထဲတွင် အသည်းအသန် ရုန်းကန်တော့သည် ။
" မိစ္ဆာအရှင်..သေလိုက်.. လဲသေလိုက်.. "
" ငါက အင်မော်တယ်နယ်မြေရဲ့ ကျီရှန့်ထျန်းကုန်းက ဧကရီပဲ .. နင့်လို မိစ္ဆာမျိုးနွယ်တွေနဲ့ ငါတို့က ရန်ဘက်တွေ ..ငါက ဘယ်လိုလုပ် နင့်မိန်းမ ဖြစ်ရမှာလဲ ..လွှတ်စမ်း.. အခုချက်ချင်း ငါ့ကို လွှတ်စမ်း .."
" လိမ်လိမ်မာမာ နေပါဦး မိန်းမရယ်..လူတွေ အများကြီး ကြည့်နေကြတယ်လေ မရှက်ဘူးလား ..အရမ်း မဆိုးနဲ့ကွာ .."
လင်းဖန်က ချစ်စနိုးဖြင့် ပြုံးကာ ရုန်းကန်နေသော လုံယွဲ့ကို အတင်းဖိထိန်းထားလိုက်သည် ။ သို့သော်လည်း သူမကတော့ လက်လျှော့မည့်ပုံမပေါ်ပေ ။
ဝိညာဉ်စွမ်းအားများ ကုန်ခမ်းပြီး နွမ်းလျနေသည့်တိုင်အောင် ဤဧကရီမှာ အားအင် အတော်အတန် ရှိနေသေး၏ ။ သူမကို ထိန်းရသည်မှာ နှစ်သစ်ကူး ဝက်တစ်ကောင်ကို ဖမ်းရသည်ထက်ပင် ပို၍ ခက်ခဲနေသေးသည် ။
လွတ်မြောက်ရန် မျှော်လင့်ချက် မရှိတော့သည့်အဆုံး လုံယွဲ့သည် ဘေးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးထံသို့ အမြန် အကူအညီ တောင်းလိုက်သည် ။
" အားလုံးပဲ .. ဒီဧကရီကို အမြန် ကယ်ကြပါဦး.. "
" ငါက ကျီရှန့်ထျန်းကုန်းရဲ့ ဧကရီပဲ .. ဒီယုတ်မာတဲ့ မိစ္ဆာအရှင်ကို ဖမ်းဆီးဖို့ နင်တို့ ကူညီပေးမယ်ဆိုရင် ငါ့ရဲ့ နတ်ဘုရားနန်းတော်က နင်တို့အားလုံးကို ကျေးဇူးဆပ်မှာ.. နင်တို့ကို သူတော်စင်တွေအဖြစ် ဘွဲ့ ပေးအပ်ပြီး ထာဝရအသက်ကိုလည်း ပေးသနားမယ်.. "
လူအုပ်ကြီး ... " . . . "
အားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ကြောင်တောင်တောင် ဖြစ်သွားကြသည် ။
အနှီမိန်းကလေး ဘာတွေ လျှောက်ပြောနေပါသနည်း ။
" အားလုံးပဲ တောင်းပန်ပါတယ်ဗျ ..ကျွန်တော့်ကောင်မလေးက တကယ်တော့ ဦးနှောက်နည်းနည်း ထိခိုက်ထားလို့ပါ.. "
လင်းဖန်က သူ၏ နားထင်ကို လက်ညှိုးထိုးပြကာ ဝမ်းနည်းပူဆွေးနေသော မျက်နှာဖြင့်..
" ဒါကြောင့် သူက ခဏခဏ အဓိပ္ပါယ်မရှိတဲ့ စကားတွေ ပြောတတ်တယ်.. စိတ်ထဲ မထားကြပါနဲ့ .."
ထိုအခါမှ လူအုပ်ကြီးမှာ ရုတ်တရက် နားလည်သွားကြပြီး မျက်နှာများမှာ သနားကရုဏာသက်သွားသော အမူအရာများဖြင့် ပြည့်နှက်သွားတော့သည် ။
" အော် ဒါကြောင့်ကိုး.. "
" ငါလည်း ထင်တော့ ထင်သားပဲ .. တကယ်ပဲ ဦးနှောက်မှာ ပြဿနာ ရှိနေတာကိုး.. "
" နှမြောစရာကောင်းလိုက်တာ .. ဒီလောက် လှတပတလေးနဲ့ အရွယ်ကောင်းတုန်းမှာ အရူးမလေး ဖြစ်နေရှာတယ်.. "
" သူ့ကို အမြဲတမ်း ပြုစုစောင့်ရှောက်ပေးနေရတာ မင်း တော်တော် ပင်ပန်းမှာပဲ.. "
" လိုင်းပေါ်က ညီအစ်ကိုတို့ ကြည့်ကြစမ်း .. တကယ့်ကို စိတ်မကောင်းစရာပဲ ..သူ့ရည်းစားက စိတ်ရောဂါ အပြင်းအထန် ခံစားနေရတာတောင် သူကတော့ ယောကျ်ားကောင်းပီပီ ဘယ်တော့မှ ပစ်မသွားဘဲ ဘေးမှာ ရှိနေပေးတယ်.. "
" ဒါက ငါတို့မျိုးဆက်အတွက် စံပြပဲ .. တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းလိုက်တာ.. "
" ညီအစ်ကိုရေ ငါ့မှာ ပိုက်ဆံ အများကြီး မရှိပေမဲ့ ဒီမှာ ယွမ်နှစ်ရာ ယူထားလိုက် .. မင်းအတွက် တခုခုတော့ အသုံးဝင်မှာပါ.. "
လုံယွဲ့ .. " . . . "
သူမအပေါ် သနားသော အကြည့်များဖြင့် ကြည့်နေကြသည့် လူအုပ်ကြီးကို မြင်လိုက်ရပြီး မိစ္ဆာအရှင်အပေါ်မှာတော့ အလွန် နွေးထွေးစွာ ဆက်ဆံနေကြသည်ကို မြင်သောအခါ လုံယွဲ့သည် သတိလစ်လုနီးပါး ဖြစ်သွားပြီး မျက်နှာမှာ ပြာနှမ်းသွားတော့သည် ။
'ဘာလို့လဲ..'
' ဘာလို့ သူတို့တွေက ဖြောင့်မတ်တဲ့ လမ်းစဉ်ကို လျှောက်လှမ်းနေတဲ့ ငါ့စကားထက် မိစ္ဆာအရှင်ရဲ့ စကားကိုမှ ယုံကြည်နေကြရတာလဲ..'
" ကျေးဇူးတင်ပါတယ်ဗျ.. အားလုံးပဲ ကျေးဇူးတင်ပါတယ်ဗျ.. "
လင်းဖန်က လူအုပ်ကြီးပေးသော လက်ဆောင်များနှင့် ငွေများကို မျက်ရည်ဝဲနေသော ဝမ်းသာဝမ်းနည်းဟန်ဖြင့် လက်ခံလိုက်ပြီးနောက် လုံယွဲ့ကို ပွေ့ချီကာ လူအုပ်ထဲမှ ထွက်လာခဲ့သည် ။
လူအုပ်ကြီးက သူတို့ ထွက်ခွာသွားသည်ကို ကြည့်ကာ ကြည်နူးဝမ်းသာသည့် မျက်ရည်များကို သုတ်နေကြ၏ ။
"ဒီနေ့တော့ ငါတို့ ကုသိုလ်ကောင်းမှုတစ်ခု လုပ်လိုက်ရပြီပေါ့.."
" မိစ္ဆာအရှင် .. နင့်ကို ငါ သတ်မယ် ..ငါ နင့်ကို သတ်ပစ်မယ်.. "
" နင် ဘယ်လိုတောင် သတ္တိရှိလို့ ငါ့ကို ဒီလောက် အရှက်ခွဲရဲတာလဲ .."
လုံယွဲ့သည် လင်းဖန်၏ ရင်ခွင်ထဲတွင် အသည်းအသန် ရုန်းကန်နေပြီး အရှက်နှင့် ဒေါသတို့ ပေါင်းကာ သူမ၏ လက်သီးလေးများဖြင့် သူ့ရင်ဘတ်ကို တရစပ် ထုနှက်နေသည် ။ သို့သော်လည်း သူမ အားအင်ကုန်ခမ်းနေသဖြင့် ထိုလက်သီးချက်များမှာ နာကျင်ခြင်းမရှိဘဲ ကလိထိုးနေသကဲ့သို့ပင် ။
သူမကဲ့သို့ ဂုဏ်သိက္ခာကြီးမားလှသည့် ကျိရှန်းထျန်းကုန်း၏ ဧကရီ ၊ အင်မော်တယ်နယ်မြေ၏ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်တစ်ဦးမှာ မိစ္ဆာအရှင်၏ ရည်းစားအဖြစ် အထင်ခံရရုံသာမက စိတ်မနှံ့သူအဖြစ်ပါ အပုပ်ချခံလိုက်ရသည်လော ။ ဤသည်က လုံးဝကို အရှက်တကွဲ ဖြစ်ရခြင်းပင် ။ မည်သည့်နည်းနှင့်မျှ ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိချေ ။
" ဧကရီ .. တိတ်တိတ်နေစမ်း .. ထပ်ပြီး ဆူညံနေရင် မလိုလားအပ်တဲ့ ပြဿနာတွေ တက်လာလိမ့်မယ်.. "
လင်းဖန်က သူ့ရင်ခွင်ထဲမှ လုံယွဲ့ကို စိတ်ပျက်လက်ပျက် တစ်ချက် ကြည့်လိုက်သည် ။
သူမ၏ ထူးဆန်းသော ဝတ်စုံက လမ်းမပေါ်တွင် လူအာရုံစိုက်ခံရရန် လုံလောက်နေပြီဖြစ်ကာ ယခု သူမက ထပ်ပြီး အော်ဟစ်နေသဖြင့် လမ်းသွားလမ်းလာများက သူတို့ကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေကြလေ၏ ။ အကယ်၍ ဒီအတိုင်းသာ ဆက်သွားနေမည်ဆိုပါက မသင်္ကာစရာ ဖြစ်လာရန်မှာ သေချာသလောက်ပင် ။
ထင်သည့်အတိုင်းပင် ခဏအကြာတွင် ရဲကားတစ်စီးက လင်းဖန်၏ ရှေ့တွင် ရပ်လိုက်ပြီး ယူနီဖောင်းဝတ် ရဲအရာရှိနှစ်ဦး ဆင်းလာသည် ။
" မင်္ဂလာပါ ရဲဘော် .. လမ်းသွားလမ်းလာတစ်ယောက်က လမ်းပေါ်မှာ မိန်းကလေးတစ်ယောက်ကို အတင်းအဓမ္မ ဖမ်းခေါ်သွားတယ်ဆိုပြီး သတင်းပို့လာလို့ပါ .. အခြေအနေကို ရှင်းပြပေးလို့ ရမလား .."
" အရာရှိခင်ဗျာ.. ဒါက အထင်လွဲတာပါ .. ကျွန်တော့်ရည်းစားနဲ့ ကျွန်တော် စကားများထားလို့ သူ စိတ်ကောက်နေတာပါဗျာ .."
လင်းဖန်က အေးအေးဆေးဆေးပင် ရှင်းပြလိုက်သည် ။
လုံယွဲ့၏ မျက်နှာမှာ စိုးရိမ်စိတ်များ ပြည့်နှက်သွားပြီး သူမက ရုန်းကန်ရင်း အော်ပြောလိုက်သည် ။
" ငါက ဒီလူရဲ့ မိန်းမ မဟုတ်ဘူး .."
" သူက မိစ္ဆာအရှင် .. မိစ္ဆာနယ်မြေရဲ့ ယုတ်မာတဲ့ အကြီးအကဲပဲ ..သူ့ရဲ့ ချိုသာတဲ့ စကားလုံးတွေကို မယုံကြပါနဲ့.."
ရဲအရာရှိက လုံယွဲ့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် လင်းဖန်ကို အပေါ်အောက် မသင်္ကာသလို စစ်ဆေးကြည့်လိုက်သည် ။
" ဆိုးမနေပါနဲ့ ယွဲ့အာရယ် .. အဲ့လိုပြောလိုက်ရင် အရာရှိကြီးက အထင်လွဲကုန်ကြပါဦးမယ်.. "
လင်းဖန်က သူ့ရင်ခွင်ထဲက လုံယွဲ့ကို အင်မတန့် အင်မတန် ကြင်နာသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ရဲအရာရှိများကို ဝမ်းနည်းသော အမူအရာဖြင့် ဆက်လက် ရှင်းပြလိုက်သည် ။
" အရာရှိကြီး .. တောင်းပန်ပါတယ် ..ကျွန်တော့်ရည်းစားက စိတ်တိုနေလို့ပါ .. ပြီးတော့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာကလည်း သိပ်မကျန်းမာဘူးဗျ ..သူက စိတ်နှစ်ခွရောဂါ ခံစားနေရတာမို့ တစ်ခါတလေ အစွန်းရောက်တဲ့ စကားတွေ လျှောက်ပြောတတ်လို့ပါ .."
" ဟုတ်လား ညီမလေး..မင်းတို့နှစ်ယောက်က ရည်းစားတွေ ဟုတ်သလား .."
ရဲအရာရှိက အလွယ်တကူ မယုံကြည်ဘဲ လုံယွဲ့ကို ကြည့်ကာ မေးလိုက်သည် ။
လုံယွဲ့က ပြန်လည် ချေပရန် ပြင်လိုက်သော်လည်း သူမ၏ ပါးစပ်မှာ မည်သို့မှ ဖွင့်မရတော့ကြောင်း တွေ့လိုက်ရလေ၏ ။ သူမ ခေါင်းလှည့်ကြည့်လိုက်သောအခါ လင်းဖန်၏ နှုတ်ခမ်းထောင့်တွင် လှည့်ဖြားတတ်သော အပြုံးတစ်ခု ရှိနေသည်ကို မြင်လိုက်ရသည် ။
'ဒီခွေးကောင်မှာ ဝိညာဉ်စွမ်းအား တစ်ချို့ ကျန်နေသေးတာပဲ..'
လင်းဖန်က သူမ စကားမပြောနိုင်အောင် နတ်ဆိုးအသံဖြင့် သူမ၏ ပါးစပ်ကို ပိတ်ဆို့ထားခြင်းဖြစ်သည် ။
" ညီမလေး.. "
လုံယွဲ့က ဘာမှ ပြန်မပြောဘဲ ငြိမ်နေသည်ကို မြင်သောအခါ ရဲအရာရှိက ထပ်မံ မေးမြန်းလိုက်သည် ။
ထိုအခါ လင်းဖန်သည် သူ၏ နတ်ဆိုးစွမ်းအားကို သုံး၍ လုံယွဲ့အား ခေါင်းငြိမ့်ပြရန် ထိန်းချုပ်လိုက်သည် ။
" အင်း . . . "
သာမန်အချိန်တွင် လုံယွဲ့၏ ကျင့်ကြံမှုဖြင့်ဆိုပါက သူမကို နတ်ဆိုးအသံဖြင့် ထိန်းချုပ်ရန်မှာ မဖြစ်နိုင်သော်လည်း ယခုအခါ သူမ၏ ကျင့်ကြံမှုမှာ ပျောက်ဆုံးနေပြီဖြစ်ရာ ကျန်ရှိနေသော ဝိညာဉ်စွမ်းအား အနည်းငယ်မှာ သူမကို ရိုးရှင်းသော အပြုအမူများ လုပ်ဆောင်ရန် ထိန်းချုပ်ရန် လုံလောက်နေလေသည် ။
ကာယကံရှင်ကိုယ်တိုင်က ခေါင်းငြိမ့်ပြသည်ကို မြင်သောအခါ ရဲအရာရှိမှာ တင်းမာနေသော မျက်နှာကို လျှော့ချလိုက်ပြီး ပြုံးပြလိုက်သည် ။
" သြော် ဒါဆိုရင်တော့ ကျွန်တော်တို့ အထင်လွဲသွားတာပဲ .."
" ချစ်သူတွေကြားထဲမှာ စကားများတာကတော့ သဘာဝပါ .. ဒါပေမဲ့ လမ်းပေါ်မှာတော့ စကားမများကြပါနဲ့ .. တစ်ခုခုရှိရင် အိမ်ပြန်ပြီး ကောင်းကောင်းမွန်မွန် ဆွေးနွေးကြတာ ပိုကောင်းတာပေါ့.. "
ထိုသို့ပြောပြီးနောက် ရဲအရာရှိတစ်ဦးက လင်းဖန်၏ ပုခုံးကို ကိုယ်ချင်းစာသော အကြည့်ဖြင့် ပုတ်လိုက်ကာ မျက်ရည်ဝဲရင်း ပြောလိုက်သည် ။
" ဦးလေးလည်း တစ်ချိန်က စိတ်နှစ်ခွရောဂါရှိတဲ့ ရည်းစားတစ်ယောက် ရှိခဲ့ဖူးတယ် .. မင်းကို ဦးလေး ကောင်းကောင်း နားလည်ပါတယ်.. "
" အဲ့ဒီရောဂါရှိတဲ့ ရည်းစားကို ပြုစုရတာ မင်း တော်တော် ပင်ပန်းမှာပဲ .. သူ့ကို အချိန်မီ ဆေးကုသမှု ခံယူဖို့ မမေ့နဲ့ဦး .. စောစောစီးစီး ကုမှ ပျောက်မှာ .. မဟုတ်ရင် နောက်ကျသွားလိမ့်မယ်.. "
" ဟုတ် . . . ဟုတ်ကဲ့ပါ .. ကျေးဇူးတင်ပါတယ် ဆရာ.."
လင်းဖန်က ခေါင်းတဆက်ဆက်ညိတ်၍ ပြန်လည် ဖြေကြားလိုက်သည် ။
ရဲအရာရှိနှစ်ဦးမှာ ဘာမှ ထပ်မပြောတော့ဘဲ လက်ဝှေ့ယမ်းကာ ထွက်ခွာသွားကြသည် ။
" ကောင်းပြီ .. လမ်းပေါ်မှာ မိန်းကလေး ဖမ်းခေါ်သွားတာ မဟုတ်ဘဲ ချစ်သူချင်းတွေ စကားများနေတာပဲကိုး .."
" သူတို့ကို ကြည့်ရတာ ငါတို့ ငယ်ငယ်တုန်းက အချိန်တွေကို သတိရသွားစေတယ် .. ဒါက လူငယ်တွေရဲ့ ဘဝပေါ့ .. ဟားဟားဟား .."
လုံယွဲ့ .. " . . . "
ရဲများ ထွက်သွားသည်ကို ကြည့်ကာ လုံယွဲ့မှာ မျှော်လင့်ချက် ကုန်ဆုံးသွားတော့သည် ။
ယခု သူမသည် မိစ္ဆာအရှင်၏ လက်ထဲတွင် ရှိနေပြီဖြစ်ကာ ဘယ်ကို အခေါ်ခံရမည် ၊ ဘာတွေနဲ့ ရင်ဆိုင်ရမည်ကို မသိနိုင်တော့ပေ ။
မိစ္ဆာမျိုးနွယ်များမှာ မုဒိမ်းကျင့်ခြင်း ၊ လုယက်ခြင်းနှင့် မကောင်းမှု အမျိုးမျိုးကို ပြုလုပ်တတ်ကြသည်ဟု သတင်းများ ကြားဖူး၏ ။ ယခု သူမ၏ ကျင့်ကြံမှုလည်း ပျောက်ဆုံးနေပြီဖြစ်ရာ သူမမှာ ကျားတွင်းထဲ ရောက်နေသည့် သိုးငယ်လေးတစ်ကောင်ကဲ့သို့ ဖြစ်နေလေပြီ ။
အချိန်အတော်ကြာ လျှောက်လှမ်းပြီးနောက် စည်ကားလှသော မြို့ပြဧရိယာမှ ဝေးရာသို့ ရောက်ရှိလာပြီး လူသူကင်းမဲ့သော လူနေရပ်ကွက်တစ်ခုသို့ ရောက်ရှိလာကြသည် ။
ညနက်ပိုင်းအချိန်ဖြစ်၍ လူနေရပ်ကွက်အတွင်းတွင် အခန်းအနည်းငယ်မှာသာ မီးလင်းနေတော့၏ ။ လမ်းမကြီးပေါ်တွင် တိတ်ဆိတ်နေပြီး လမ်းဘေးမီးတိုင်များ၏ အလင်းရောင် အနည်းငယ်သာ ရှိသည် ။
လုံယွဲ့၏ စိုးရိမ်နေသော နှလုံးသားလေးမှာ ရုတ်တရက် တလှပ်လှပ် တုန်ရီလာသည် ။
" မိစ္ဆာအရှင် .. ဒီဧကရီကို ဘယ်ကို ခေါ်သွားနေတာလဲ.. "
လင်းဖန်က နောက်ပြောင်ချင်သည့် ပုံစံဖြင့် ခပ်ဖွဖွ ပြုံးလိုက်ပြီး..
" ဒါပေါ့ .. ဘယ်ဖြစ်ရမှာလဲ..ဧကရီကို အိမ်ခေါ်သွားရမှာပေါ့.. "