← Chapters

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃-၄)

Vol. 1 Ch. 3-4

Chapter 3+4

~

အခန်း ၃+၄ : ဒါပေါ့ ဧကရီအရှင်မကို အိမ်ခေါ်သွားရမှာပေါ့

~

" ဟိုမိန်းကလေး သတိလစ်သွားပြီ ထင်တယ်.. "

" ဘယ်လိုလုပ်ကြမလဲ.. လူနာတင်ကား ခေါ်ပေးရမလား.. "

" ကိစ္စမရှိလောက်ပါဘူး .. သူ့ရည်းစားက ဘေးမှာတင် ရှိနေတာပဲဥစ္စာ .."

လူအုပ်ကြီးမှာ တဖြည်းဖြည်း ပိုမိုများပြားလာပြီး အချို့က ဖုန်းများကိုယ်စီကိုင်ကာ ဗီဒီယိုရိုက်ခြင်းနှင့် တိုက်ရိုက်လွှင့်ခြင်းများ ပြုလုပ်နေကြသည် ။

လင်းဖန် ခဏတာ စဉ်းစားလိုက်ပြီးနောက် မြေပြင်ပေါ်တွင် လဲကျနေသည့် လုံယွဲ့ကို ချက်ချင်းပင် ပွေ့ချီလိုက်ကာ အားနာနေသည့် အပြုံးဖြင့် ...

" အားလုံးပဲ .. ကျွန်တော့်ရည်းစားက သွေးတွင်းသကြားဓာတ် နည်းသွားလို့ ခဏလေး သတိလစ်သွားတာပါ .. ဘာမှ စိုးရိမ်စရာမရှိပါဘူး .. လမ်းလေး နည်းနည်းလောက် ဖယ်ပေးကြပါဦး.. "

" ရည်း . . . ရည်းစား ဟုတ်လား.. "

လုံယွဲ့မှာ ဆွံ့အသွားပြီး ဒေါသတကြီးဖြင့် လင်းဖန်၏ ရင်ခွင်ထဲတွင် အသည်းအသန် ရုန်းကန်တော့သည် ။

" မိစ္ဆာအရှင်..သေလိုက်.. လဲသေလိုက်.. "

" ငါက အင်မော်တယ်နယ်မြေရဲ့ ကျီရှန့်ထျန်းကုန်းက ဧကရီပဲ .. နင့်လို မိစ္ဆာမျိုးနွယ်တွေနဲ့ ငါတို့က ရန်ဘက်တွေ ..ငါက ဘယ်လိုလုပ် နင့်မိန်းမ ဖြစ်ရမှာလဲ ..လွှတ်စမ်း.. အခုချက်ချင်း ငါ့ကို လွှတ်စမ်း .."

" လိမ်လိမ်မာမာ နေပါဦး မိန်းမရယ်..လူတွေ အများကြီး ကြည့်နေကြတယ်လေ မရှက်ဘူးလား ..အရမ်း မဆိုးနဲ့ကွာ .."

လင်းဖန်က ချစ်စနိုးဖြင့် ပြုံးကာ ရုန်းကန်နေသော လုံယွဲ့ကို အတင်းဖိထိန်းထားလိုက်သည် ။ သို့သော်လည်း သူမကတော့ လက်လျှော့မည့်ပုံမပေါ်ပေ ။

ဝိညာဉ်စွမ်းအားများ ကုန်ခမ်းပြီး နွမ်းလျနေသည့်တိုင်အောင် ဤဧကရီမှာ အားအင် အတော်အတန် ရှိနေသေး၏ ။ သူမကို ထိန်းရသည်မှာ နှစ်သစ်ကူး ဝက်တစ်ကောင်ကို ဖမ်းရသည်ထက်ပင် ပို၍ ခက်ခဲနေသေးသည် ။

လွတ်မြောက်ရန် မျှော်လင့်ချက် မရှိတော့သည့်အဆုံး လုံယွဲ့သည် ဘေးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးထံသို့ အမြန် အကူအညီ တောင်းလိုက်သည် ။

" အားလုံးပဲ .. ဒီဧကရီကို အမြန် ကယ်ကြပါဦး.. "

" ငါက ကျီရှန့်ထျန်းကုန်းရဲ့ ဧကရီပဲ .. ဒီယုတ်မာတဲ့ မိစ္ဆာအရှင်ကို ဖမ်းဆီးဖို့ နင်တို့ ကူညီပေးမယ်ဆိုရင် ငါ့ရဲ့ နတ်ဘုရားနန်းတော်က နင်တို့အားလုံးကို ကျေးဇူးဆပ်မှာ.. နင်တို့ကို သူတော်စင်တွေအဖြစ် ဘွဲ့ ပေးအပ်ပြီး ထာဝရအသက်ကိုလည်း ပေးသနားမယ်.. "

လူအုပ်ကြီး ... " . . . "

အားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ကြောင်တောင်တောင် ဖြစ်သွားကြသည် ။

အနှီမိန်းကလေး ဘာတွေ လျှောက်ပြောနေပါသနည်း ။

" အားလုံးပဲ တောင်းပန်ပါတယ်ဗျ ..ကျွန်တော့်ကောင်မလေးက တကယ်တော့ ဦးနှောက်နည်းနည်း ထိခိုက်ထားလို့ပါ.. "

လင်းဖန်က သူ၏ နားထင်ကို လက်ညှိုးထိုးပြကာ ဝမ်းနည်းပူဆွေးနေသော မျက်နှာဖြင့်..

" ဒါကြောင့် သူက ခဏခဏ အဓိပ္ပါယ်မရှိတဲ့ စကားတွေ ပြောတတ်တယ်.. စိတ်ထဲ မထားကြပါနဲ့ .."

ထိုအခါမှ လူအုပ်ကြီးမှာ ရုတ်တရက် နားလည်သွားကြပြီး မျက်နှာများမှာ သနားကရုဏာသက်သွားသော အမူအရာများဖြင့် ပြည့်နှက်သွားတော့သည် ။

" အော် ဒါကြောင့်ကိုး.. "

" ငါလည်း ထင်တော့ ထင်သားပဲ .. တကယ်ပဲ ဦးနှောက်မှာ ပြဿနာ ရှိနေတာကိုး.. "

" နှမြောစရာကောင်းလိုက်တာ .. ဒီလောက် လှတပတလေးနဲ့ အရွယ်ကောင်းတုန်းမှာ အရူးမလေး ဖြစ်နေရှာတယ်.. "

" သူ့ကို အမြဲတမ်း ပြုစုစောင့်ရှောက်ပေးနေရတာ မင်း တော်တော် ပင်ပန်းမှာပဲ.. "

" လိုင်းပေါ်က ညီအစ်ကိုတို့ ကြည့်ကြစမ်း .. တကယ့်ကို စိတ်မကောင်းစရာပဲ ..သူ့ရည်းစားက စိတ်ရောဂါ အပြင်းအထန် ခံစားနေရတာတောင် သူကတော့ ယောကျ်ားကောင်းပီပီ ဘယ်တော့မှ ပစ်မသွားဘဲ ဘေးမှာ ရှိနေပေးတယ်.. "

" ဒါက ငါတို့မျိုးဆက်အတွက် စံပြပဲ .. တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းလိုက်တာ.. "

" ညီအစ်ကိုရေ ငါ့မှာ ပိုက်ဆံ အများကြီး မရှိပေမဲ့ ဒီမှာ ယွမ်နှစ်ရာ ယူထားလိုက် .. မင်းအတွက် တခုခုတော့ အသုံးဝင်မှာပါ.. "

လုံယွဲ့ .. " . . . "

သူမအပေါ် သနားသော အကြည့်များဖြင့် ကြည့်နေကြသည့် လူအုပ်ကြီးကို မြင်လိုက်ရပြီး မိစ္ဆာအရှင်အပေါ်မှာတော့ အလွန် နွေးထွေးစွာ ဆက်ဆံနေကြသည်ကို မြင်သောအခါ လုံယွဲ့သည် သတိလစ်လုနီးပါး ဖြစ်သွားပြီး မျက်နှာမှာ ပြာနှမ်းသွားတော့သည် ။

'ဘာလို့လဲ..'

' ဘာလို့ သူတို့တွေက ဖြောင့်မတ်တဲ့ လမ်းစဉ်ကို လျှောက်လှမ်းနေတဲ့ ငါ့စကားထက် မိစ္ဆာအရှင်ရဲ့ စကားကိုမှ ယုံကြည်နေကြရတာလဲ..'

" ကျေးဇူးတင်ပါတယ်ဗျ.. အားလုံးပဲ ကျေးဇူးတင်ပါတယ်ဗျ.. "

လင်းဖန်က လူအုပ်ကြီးပေးသော လက်ဆောင်များနှင့် ငွေများကို မျက်ရည်ဝဲနေသော ဝမ်းသာဝမ်းနည်းဟန်ဖြင့် လက်ခံလိုက်ပြီးနောက် လုံယွဲ့ကို ပွေ့ချီကာ လူအုပ်ထဲမှ ထွက်လာခဲ့သည် ။

လူအုပ်ကြီးက သူတို့ ထွက်ခွာသွားသည်ကို ကြည့်ကာ ကြည်နူးဝမ်းသာသည့် မျက်ရည်များကို သုတ်နေကြ၏ ။

"ဒီနေ့တော့ ငါတို့ ကုသိုလ်ကောင်းမှုတစ်ခု လုပ်လိုက်ရပြီပေါ့.."

" မိစ္ဆာအရှင် .. နင့်ကို ငါ သတ်မယ် ..ငါ နင့်ကို သတ်ပစ်မယ်.. "

" နင် ဘယ်လိုတောင် သတ္တိရှိလို့ ငါ့ကို ဒီလောက် အရှက်ခွဲရဲတာလဲ .."

လုံယွဲ့သည် လင်းဖန်၏ ရင်ခွင်ထဲတွင် အသည်းအသန် ရုန်းကန်နေပြီး အရှက်နှင့် ဒေါသတို့ ပေါင်းကာ သူမ၏ လက်သီးလေးများဖြင့် သူ့ရင်ဘတ်ကို တရစပ် ထုနှက်နေသည် ။ သို့သော်လည်း သူမ အားအင်ကုန်ခမ်းနေသဖြင့် ထိုလက်သီးချက်များမှာ နာကျင်ခြင်းမရှိဘဲ ကလိထိုးနေသကဲ့သို့ပင် ။

သူမကဲ့သို့ ဂုဏ်သိက္ခာကြီးမားလှသည့် ကျိရှန်းထျန်းကုန်း၏ ဧကရီ ၊ အင်မော်တယ်နယ်မြေ၏ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်တစ်ဦးမှာ မိစ္ဆာအရှင်၏ ရည်းစားအဖြစ် အထင်ခံရရုံသာမက စိတ်မနှံ့သူအဖြစ်ပါ အပုပ်ချခံလိုက်ရသည်လော ။ ဤသည်က လုံးဝကို အရှက်တကွဲ ဖြစ်ရခြင်းပင် ။ မည်သည့်နည်းနှင့်မျှ ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိချေ ။

" ဧကရီ .. တိတ်တိတ်နေစမ်း .. ထပ်ပြီး ဆူညံနေရင် မလိုလားအပ်တဲ့ ပြဿနာတွေ တက်လာလိမ့်မယ်.. "

လင်းဖန်က သူ့ရင်ခွင်ထဲမှ လုံယွဲ့ကို စိတ်ပျက်လက်ပျက် တစ်ချက် ကြည့်လိုက်သည် ။

သူမ၏ ထူးဆန်းသော ဝတ်စုံက လမ်းမပေါ်တွင် လူအာရုံစိုက်ခံရရန် လုံလောက်နေပြီဖြစ်ကာ ယခု သူမက ထပ်ပြီး အော်ဟစ်နေသဖြင့် လမ်းသွားလမ်းလာများက သူတို့ကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေကြလေ၏ ။ အကယ်၍ ဒီအတိုင်းသာ ဆက်သွားနေမည်ဆိုပါက မသင်္ကာစရာ ဖြစ်လာရန်မှာ သေချာသလောက်ပင် ။

ထင်သည့်အတိုင်းပင် ခဏအကြာတွင် ရဲကားတစ်စီးက လင်းဖန်၏ ရှေ့တွင် ရပ်လိုက်ပြီး ယူနီဖောင်းဝတ် ရဲအရာရှိနှစ်ဦး ဆင်းလာသည် ။

" မင်္ဂလာပါ ရဲဘော် .. လမ်းသွားလမ်းလာတစ်ယောက်က လမ်းပေါ်မှာ မိန်းကလေးတစ်ယောက်ကို အတင်းအဓမ္မ ဖမ်းခေါ်သွားတယ်ဆိုပြီး သတင်းပို့လာလို့ပါ .. အခြေအနေကို ရှင်းပြပေးလို့ ရမလား .."

" အရာရှိခင်ဗျာ.. ဒါက အထင်လွဲတာပါ .. ကျွန်တော့်ရည်းစားနဲ့ ကျွန်တော် စကားများထားလို့ သူ စိတ်ကောက်နေတာပါဗျာ .."

လင်းဖန်က အေးအေးဆေးဆေးပင် ရှင်းပြလိုက်သည် ။

လုံယွဲ့၏ မျက်နှာမှာ စိုးရိမ်စိတ်များ ပြည့်နှက်သွားပြီး သူမက ရုန်းကန်ရင်း အော်ပြောလိုက်သည် ။

" ငါက ဒီလူရဲ့ မိန်းမ မဟုတ်ဘူး .."

" သူက မိစ္ဆာအရှင် .. မိစ္ဆာနယ်မြေရဲ့ ယုတ်မာတဲ့ အကြီးအကဲပဲ ..သူ့ရဲ့ ချိုသာတဲ့ စကားလုံးတွေကို မယုံကြပါနဲ့.."

ရဲအရာရှိက လုံယွဲ့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် လင်းဖန်ကို အပေါ်အောက် မသင်္ကာသလို စစ်ဆေးကြည့်လိုက်သည် ။

" ဆိုးမနေပါနဲ့ ယွဲ့အာရယ် .. အဲ့လိုပြောလိုက်ရင် အရာရှိကြီးက အထင်လွဲကုန်ကြပါဦးမယ်.. "

လင်းဖန်က သူ့ရင်ခွင်ထဲက လုံယွဲ့ကို အင်မတန့် အင်မတန် ကြင်နာသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ရဲအရာရှိများကို ဝမ်းနည်းသော အမူအရာဖြင့် ဆက်လက် ရှင်းပြလိုက်သည် ။

" အရာရှိကြီး .. တောင်းပန်ပါတယ် ..ကျွန်တော့်ရည်းစားက စိတ်တိုနေလို့ပါ .. ပြီးတော့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာကလည်း သိပ်မကျန်းမာဘူးဗျ ..သူက စိတ်နှစ်ခွရောဂါ ခံစားနေရတာမို့ တစ်ခါတလေ အစွန်းရောက်တဲ့ စကားတွေ လျှောက်ပြောတတ်လို့ပါ .."

" ဟုတ်လား ညီမလေး..မင်းတို့နှစ်ယောက်က ရည်းစားတွေ ဟုတ်သလား .."

ရဲအရာရှိက အလွယ်တကူ မယုံကြည်ဘဲ လုံယွဲ့ကို ကြည့်ကာ မေးလိုက်သည် ။

လုံယွဲ့က ပြန်လည် ချေပရန် ပြင်လိုက်သော်လည်း သူမ၏ ပါးစပ်မှာ မည်သို့မှ ဖွင့်မရတော့ကြောင်း တွေ့လိုက်ရလေ၏ ။ သူမ ခေါင်းလှည့်ကြည့်လိုက်သောအခါ လင်းဖန်၏ နှုတ်ခမ်းထောင့်တွင် လှည့်ဖြားတတ်သော အပြုံးတစ်ခု ရှိနေသည်ကို မြင်လိုက်ရသည် ။

'ဒီခွေးကောင်မှာ ဝိညာဉ်စွမ်းအား တစ်ချို့ ကျန်နေသေးတာပဲ..'

လင်းဖန်က သူမ စကားမပြောနိုင်အောင် နတ်ဆိုးအသံဖြင့် သူမ၏ ပါးစပ်ကို ပိတ်ဆို့ထားခြင်းဖြစ်သည် ။

" ညီမလေး.. "

လုံယွဲ့က ဘာမှ ပြန်မပြောဘဲ ငြိမ်နေသည်ကို မြင်သောအခါ ရဲအရာရှိက ထပ်မံ မေးမြန်းလိုက်သည် ။

ထိုအခါ လင်းဖန်သည် သူ၏ နတ်ဆိုးစွမ်းအားကို သုံး၍ လုံယွဲ့အား ခေါင်းငြိမ့်ပြရန် ထိန်းချုပ်လိုက်သည် ။

" အင်း . . . "

သာမန်အချိန်တွင် လုံယွဲ့၏ ကျင့်ကြံမှုဖြင့်ဆိုပါက သူမကို နတ်ဆိုးအသံဖြင့် ထိန်းချုပ်ရန်မှာ မဖြစ်နိုင်သော်လည်း ယခုအခါ သူမ၏ ကျင့်ကြံမှုမှာ ပျောက်ဆုံးနေပြီဖြစ်ရာ ကျန်ရှိနေသော ဝိညာဉ်စွမ်းအား အနည်းငယ်မှာ သူမကို ရိုးရှင်းသော အပြုအမူများ လုပ်ဆောင်ရန် ထိန်းချုပ်ရန် လုံလောက်နေလေသည် ။

ကာယကံရှင်ကိုယ်တိုင်က ခေါင်းငြိမ့်ပြသည်ကို မြင်သောအခါ ရဲအရာရှိမှာ တင်းမာနေသော မျက်နှာကို လျှော့ချလိုက်ပြီး ပြုံးပြလိုက်သည် ။

" သြော် ဒါဆိုရင်တော့ ကျွန်တော်တို့ အထင်လွဲသွားတာပဲ .."

" ချစ်သူတွေကြားထဲမှာ စကားများတာကတော့ သဘာဝပါ .. ဒါပေမဲ့ လမ်းပေါ်မှာတော့ စကားမများကြပါနဲ့ .. တစ်ခုခုရှိရင် အိမ်ပြန်ပြီး ကောင်းကောင်းမွန်မွန် ဆွေးနွေးကြတာ ပိုကောင်းတာပေါ့.. "

ထိုသို့ပြောပြီးနောက် ရဲအရာရှိတစ်ဦးက လင်းဖန်၏ ပုခုံးကို ကိုယ်ချင်းစာသော အကြည့်ဖြင့် ပုတ်လိုက်ကာ မျက်ရည်ဝဲရင်း ပြောလိုက်သည် ။

" ဦးလေးလည်း တစ်ချိန်က စိတ်နှစ်ခွရောဂါရှိတဲ့ ရည်းစားတစ်ယောက် ရှိခဲ့ဖူးတယ် .. မင်းကို ဦးလေး ကောင်းကောင်း နားလည်ပါတယ်.. "

" အဲ့ဒီရောဂါရှိတဲ့ ရည်းစားကို ပြုစုရတာ မင်း တော်တော် ပင်ပန်းမှာပဲ .. သူ့ကို အချိန်မီ ဆေးကုသမှု ခံယူဖို့ မမေ့နဲ့ဦး .. စောစောစီးစီး ကုမှ ပျောက်မှာ .. မဟုတ်ရင် နောက်ကျသွားလိမ့်မယ်.. "

" ဟုတ် . . . ဟုတ်ကဲ့ပါ .. ကျေးဇူးတင်ပါတယ် ဆရာ.."

လင်းဖန်က ခေါင်းတဆက်ဆက်ညိတ်၍ ပြန်လည် ဖြေကြားလိုက်သည် ။

ရဲအရာရှိနှစ်ဦးမှာ ဘာမှ ထပ်မပြောတော့ဘဲ လက်ဝှေ့ယမ်းကာ ထွက်ခွာသွားကြသည် ။

" ကောင်းပြီ .. လမ်းပေါ်မှာ မိန်းကလေး ဖမ်းခေါ်သွားတာ မဟုတ်ဘဲ ချစ်သူချင်းတွေ စကားများနေတာပဲကိုး .."

" သူတို့ကို ကြည့်ရတာ ငါတို့ ငယ်ငယ်တုန်းက အချိန်တွေကို သတိရသွားစေတယ် .. ဒါက လူငယ်တွေရဲ့ ဘဝပေါ့ .. ဟားဟားဟား .."

လုံယွဲ့ .. " . . . "

ရဲများ ထွက်သွားသည်ကို ကြည့်ကာ လုံယွဲ့မှာ မျှော်လင့်ချက် ကုန်ဆုံးသွားတော့သည် ။

ယခု သူမသည် မိစ္ဆာအရှင်၏ လက်ထဲတွင် ရှိနေပြီဖြစ်ကာ ဘယ်ကို အခေါ်ခံရမည် ၊ ဘာတွေနဲ့ ရင်ဆိုင်ရမည်ကို မသိနိုင်တော့ပေ ။

မိစ္ဆာမျိုးနွယ်များမှာ မုဒိမ်းကျင့်ခြင်း ၊ လုယက်ခြင်းနှင့် မကောင်းမှု အမျိုးမျိုးကို ပြုလုပ်တတ်ကြသည်ဟု သတင်းများ ကြားဖူး၏ ။ ယခု သူမ၏ ကျင့်ကြံမှုလည်း ပျောက်ဆုံးနေပြီဖြစ်ရာ သူမမှာ ကျားတွင်းထဲ ရောက်နေသည့် သိုးငယ်လေးတစ်ကောင်ကဲ့သို့ ဖြစ်နေလေပြီ ။

အချိန်အတော်ကြာ လျှောက်လှမ်းပြီးနောက် စည်ကားလှသော မြို့ပြဧရိယာမှ ဝေးရာသို့ ရောက်ရှိလာပြီး လူသူကင်းမဲ့သော လူနေရပ်ကွက်တစ်ခုသို့ ရောက်ရှိလာကြသည် ။

ညနက်ပိုင်းအချိန်ဖြစ်၍ လူနေရပ်ကွက်အတွင်းတွင် အခန်းအနည်းငယ်မှာသာ မီးလင်းနေတော့၏ ။ လမ်းမကြီးပေါ်တွင် တိတ်ဆိတ်နေပြီး လမ်းဘေးမီးတိုင်များ၏ အလင်းရောင် အနည်းငယ်သာ ရှိသည် ။

လုံယွဲ့၏ စိုးရိမ်နေသော နှလုံးသားလေးမှာ ရုတ်တရက် တလှပ်လှပ် တုန်ရီလာသည် ။

" မိစ္ဆာအရှင် .. ဒီဧကရီကို ဘယ်ကို ခေါ်သွားနေတာလဲ.. "

လင်းဖန်က နောက်ပြောင်ချင်သည့် ပုံစံဖြင့် ခပ်ဖွဖွ ပြုံးလိုက်ပြီး..

" ဒါပေါ့ .. ဘယ်ဖြစ်ရမှာလဲ..ဧကရီကို အိမ်ခေါ်သွားရမှာပေါ့.. "

All Chapters