အခန်း (၉-၁၀)
Vol. 1 Ch. 9-10
Chapter 9+10
~
အခန်း ၉+၁၀ : ဒီ ဧကရီက အိပ်စရာလည်းမလိုဘူး...
~
" ရှဲ "
ရေပန်းမှ တဖွဲဖွဲကျလာသော ရေနွေးငွေ့များက ရေချိုးခန်းတစ်ခုလုံးကို မြူနှင်းများပမာ ဖုံးလွှမ်းသွားသည် ။
" ဂျောက် "
လင်းဖန်သည် ရေပန်းကို ပိတ်လိုက်ပြီး အတွင်းခံဘောင်းဘီတစ်ထည်ကို ဝတ်ဆင်ကာ အပေါ်ပိုင်းဗလာဖြင့် ရေချိုးခန်းထဲမှ ထွက်လာခဲ့၏ ။
သူ့တွင် ဝိညာဉ်စွမ်းအား နည်းပါးနေပြီး မိစ္ဆာအရှင်ဘဝ၏ အထွတ်အထိပ် အခြေအနေကို မထိန်းသိမ်းနိုင်တော့သော်လည်း မိစ္ဆာနယ်ပယ်တွင် နှစ်ပေါင်းရာချီ ပျိုးထောင်ခဲ့သော ခန္ဓာကိုယ် ကြံ့ခိုင်မှုကတော့ ကျန်ရှိနေဆဲပင် ။
အင်္ကျီမပါဘဲ ထွက်လာသောအခါ အချိုးအစားကျနပြီး ကြွက်သားအဖုအထစ်များဖြင့် သန်မာလှသော ခန္ဓာကိုယ်မှာ ပေါ်လွင်နေတော့သည် ။
ဆိုဖာပေါ်တွင် တင်ပျင်ခွေ ထိုင်နေသော လုံယွဲ့မှာ လင်းဖန်၏ ကိုယ်လုံးတီးနီးပါး ပုံစံကို မြင်လိုက်ရသောအခါ ကြောင်အသွားပြီး ပါးပြင်ပေါ်တွင် ရှက်သွေးလေးများ ဖြတ်ပြေးသွားသည် ။
" နင်.. နင် . . ဘယ်လိုလုပ်ပြီး ဒီအတိုင်း ထွက်လာနိုင်ရတာလဲ.. "
" ဟမ်.. ဘာဖြစ်လို့လဲ .."
လင်းဖန်က သူ့ကိုယ်သူ ပြန်ကြည့်လိုက်သော်လည်း ဘာမှ ထူးဆန်းနေသည်ကို သတိမထားမိပေ ။
လုံယွဲ့မှာ ရှက်ဒေါသများ ပြည့်နှက်သွားပြီး သူ့ကို လက်ညှိုးထိုးကာ ချိုသာသော အသံလေးဖြင့် ကြိမ်းမောင်းတော့သည် ။
" နင်က ဘာဖြစ်လို့လဲလို့ မေးရဲသေးတယ်ပေါ့.. "
" နင် . . . နင် .. တကယ်ကို ယုတ်မာတယ် .. ညစ်ပတ်တယ်.. နင်က . . . နင်က ဒီဧကရီရဲ့ မျက်လုံးတွေကို ညစ်နွမ်းအောင် လုပ်လိုက်တာပဲ.. "
" ဟားဟား..ငါတော့ ငါ့ရဲ့ ခန္ဓာကိုယ် အချိုးအစားက တော်တော်လေး ကောင်းတယ်လို့ ထင်ထားတာ .."
လင်းဖန်က မျက်မှောင်ကြုတ်ကာ သူ၏ ဝမ်းဗိုက်ကြွက်သားများကို အသာအယာ ပုတ်ကြည့်လိုက်ပြီး ဇဝေဇဝါ ဖြစ်သွားသည် ။
သူ့ခန္ဓာကိုယ်မှာ ပြည့်စုံလုနီးပါးပင် ။ အကယ်၍ သူသာ ဒီအတိုင်း အပြင်ထွက်လိုက်ပါက မိန်းကလေးငယ်လေးများ အော်ဟစ်သွားပြီး အိမ်ထောင်ရှင်မများပါ ရူးသွပ်သွားနိုင်လောက်ပေသည် ။ ဧကရီက ဘာကို သဘောမကျဖြစ်နေမှန်း သူ တကယ် နားမလည်ပေ ။
" ဘာမှ မကောင်းဘူး ..အခုချက်ချင်း အင်္ကျီ ပြန်ဝတ်လိုက်စမ်း.. "
လုံယွဲ့က မျက်နှာနီနီဖြင့် အော်လိုက်သည် ။
" ဧကရီ.. ငါအခု တစ်ခုခုတော့ ဝတ်ထားတာပဲ မဟုတ်လား.. "
လင်းဖန်က အပြစ်ကင်းသော မျက်နှာပေးဖြင့် အတွင်းခံဘောင်းဘီကို ဆွဲပြလိုက်သည် ။
( အတွင်းခံဆိုပေမဲ့ Boxer ဘောင်းဘီလို အတိုနော်.. )
အကြောင်းရင်းကို မသိသော်လည်း ဤဧကရီက ဒေါသထွက်လေလေ ၊ သူမကို သူ ပိုပြီး နောက်ပြောင်ချင်လေလေ ဖြစ်နေသည် ။
လုံယွဲ့က ဒေါသတကြီး အံကြိတ်လိုက်ကာ..
" ဒီဧကရီက နင့်ကို အဝတ်အစားတွေ အကုန်လုံး သေသေချာချာ ဝတ်လို့ ပြောနေတယ်.. "
လင်းဖန်က ခါးကို ထောက်ကာ သူမရှေ့သို့ တည့်တည့် လျှောက်သွားလိုက်ရာ သူ၏ သန်မာသော ခန္ဓာကိုယ်မှာ အထင်အရှား ပေါ်လွင်နေသည် ။
" ဧကရီ.. မင်းက နည်းနည်းတော့ စည်းကမ်းကြီးလွန်းမနေဘူးလား .. ဒါက ငါ့အိမ်လေ.. "
" ငါ့အိမ်မှာ ငါ ဘာဝတ်ဝတ် ဒါက ငါ့ရဲ့ လွတ်လပ်ခွင့် မဟုတ်ဘူးလား.. "
" နင် . . . "
လုံယွဲ့မှာ စကားပြန်မပြောတော့ဘဲ မကျေမနပ် တစ်ချက် နှာခေါင်းရှုံ့ကာ မျက်နှာလွှဲလိုက်သည် ။ သူမ ရှက်ရှက်ဖြင့် သူ့ကို အဖက်မလုပ်တော့ရန် ဆုံးဖြတ်လိုက်ပုံရ၏ ။
" ဟွန်း . နင့်သဘောအတိုင်းသာ လုပ်တော့.. "
လုံယွဲ့၏ တုံ့ပြန်မှုမှာ အစပိုင်းတွင် အရမ်းပြင်းထန်နေသော်လည်း သူမ၏ မျက်နှာထက်မှ ရှက်သွေးများမှာ မပျောက်သေးသည်ကို လင်းဖန် သတိထားမိလိုက်သည် ။ သူ တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားပြီး အံ့အားသင့်သွား၏ ။
" ဧကရီ.. မင်း . . . ယောက်ျားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ဒါ ပထမဆုံးအကြိမ် မြင်ဖူးတာတော့ မဟုတ်ပါဘူးနော် .."
လုံယွဲ့ .. " . . . "
လုံယွဲ့၏ လှပသော မျက်နှာထက်တွင် အံ့အားသင့်မှုများ ပေါ်လာပြီး ပါးပြင်များမှာ ပို၍ နီရဲလာသည် ။ သူမ၏ မျက်ဝန်းအိမ်ထဲတွင် ထိတ်လန့်မှုနှင့် အရှက်တရားများ ဖြတ်ပြေးသွားသည် ။
" အဲ့တော့ ဘာဖြစ်လဲ .."
ကျိရှန်းထျန်းကုန်း၏ ဧကရီအဖြစ် သူမ၏ အဆင့်အတန်းမှာ မြင့်မြတ်လွန်းလှရာ သာမန်ယောက်ျားများမှာ သူမအနားသို့ပင် ချဉ်းကပ်ခွင့် မရှိကြပေ ။ ယောက်ျားတစ်ယောက်၏ အင်္ကျီမဲ့ ခန္ဓာကိုယ်ကို မြင်ရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင် ။ ဤသည်မှာ သူမ၏ ဘဝတွင် ယောက်ျားတစ်ယောက်၏ ခန္ဓာကိုယ်ကို အနီးကပ် မြင်ဖူးခြင်း ပထမဆုံးအကြိမ် ဖြစ်သည် ။
" ဒါဆိုရင်တော့ ငါ ရိုင်းပြသွားတာပဲ .. ငါတို့ရဲ့ မြင့်မြတ်လှတဲ့ ဧကရီလေးက ဒီလောက်အထိ ဖြူစင်နေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး .."
လင်းဖန်က နောက်ပြောင်သလို ရယ်မောလိုက်ပြီးနောက် အဝတ်အစားများကို သေသေချာချာ ပြန်ဝတ်လိုက်သည် ။
သူကြောင့် ဧကရီ နှာခေါင်းသွေးယိုသွားလျှင် သိပ်မကောင်းပေ ။
လုံယွဲ့သည် ဒေါသကြောင့် ရင်ဘတ်များ နိမ့်ချည်မြင့်ချည် ဖြစ်နေ၏။ သူမက လင်းဖန်ကို မကျေမနပ် ကြည့်နေသော်လည်း သူ အဝတ်အစားများ ပြန်ဝတ်လိုက်သည်ကို မြင်သောအခါ ဘာမှ ထပ်မပြောတော့ပေ ။
' အနည်းဆုံးတော့ ဒီလူက အဝတ်အစားကို သေသေချာချာ ဝတ်ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့..ဟမ့်..'
လင်းဖန် အဝတ်အစားဝတ်နေစဉ်အတွင်း လုံယွဲ့သည် သူ၏ သန်မာလှသော ကြွက်သားများကို မသိမသာ ခိုးကြည့်နေမိ၏ ။
' ယောက်ျားတစ်ယောက်ရဲ့ ခန္ဓာကိုယ်က ဒီလိုမျိုးကိုး .. မိန်းမတွေနဲ့ တကယ်ပဲ ကွာခြားတာပဲ..'
' ကြည့်ရတာ တော်တော်လေး တောင့်တင်းနေပုံရတယ်..'
'မဟုတ်ဘူး .. မဟုတ်ဘူး .. ဒီဧကရီက ဘာတွေ လျှောက်တွေးနေတာလဲ .. အဲ့ဒါ မိစ္ဆာအရှင်လေ..'
" ဖတ်.. ဖတ်.. "
လုံယွဲ့က သူမ၏ ပါးပြင်ကို အသာအယာ ပုတ်ကာ တည်ငြိမ်အောင် ကြိုးစားနေသည် ။
လင်းဖန်က ရုတ်တရက် ကိုယ့်ပါးကိုယ် ပြန်ရိုက်နေသော လုံယွဲ့ကို ကြည့်ကာ ဇဝေဇဝါ ဖြစ်သွား၏ ။
" ဧကရီ.. ဘာဖြစ်လို့လဲ.. "
" ဘာမှ မဟုတ်ဘူး .. ဘာမှ မဟုတ်ဘူး .."
လုံယွဲ့က မျက်နှာနီနီဖြင့် တည်ငြိမ်ချင်ယောင်ဆောင်ကာ သူ့ကို လျစ်လျှူရှုထားလိုက်သည် ။
လင်းဖန် ဇဝေဇဝါ ဖြစ်နေသော်လည်း ထပ်မမေးတော့ဘဲ အိပ်ခန်းဘက်ကို လက်ညှိုးထိုးပြလိုက်သည် ။
" ဧကရီ..အချိန်က တော်တော် နောက်ကျနေပြီ .. မင်း ဒီမှာ ထိုင်နေတာ ဘာလို့လဲ .. အနားမယူတော့ဘူးလား .."
" တကယ်လို့ ဒီဧကရီက အဲ့ဒီထဲမှာ အိပ်ရင် နင်က ဘယ်မှာ အိပ်မှာလဲ.. "
" မင်းက ဘာတွေ ပြောနေတာလဲ ..ဒါပေါ့ .. ငါလည်း အိပ်ခန်းထဲမှာပဲ အိပ်မှာပေါ့ .."
လင်းဖန်က တည်တည်ကြည်ကြည်ဖြင့် ဖြောင့်မတ်စွာ ပြောလိုက်သည် ။
ထိုစကားကို ကြားသောအခါ လုံယွဲ့၏ မျက်နှာလေးမှာ ဇဝေဇဝါ ဖြစ်သွား၏ ။
" အဲ့ဒီထဲမှာ ကုတင် နှစ်လုံး ရှိလို့လား .."
" မရှိပါဘူး ..အိပ်ခန်းထဲမှာ ကုတင် တစ်လုံးပဲ ရှိတယ် ..ဒါပေမဲ့ ဧကရီစိတ်မပူပါနဲ့ .. ငါ့ကုတင်က ၁.၈ မီတာတောင် ကျယ်တာ ဆိုတော့ အရမ်း ကြီးပါတယ်.. "
လင်းဖန်က ခပ်ဖွဖွ ပြုံးလိုက်ပြီး အုန်းယွဲ့ကို လက်မထောင်ပြကာ စိတ်ချပါဆိုသည့် အမူအရာ လုပ်ပြသည် ။
လုံယွဲ့ .. " . . . "
လုံယွဲ့မှာ ကြောင်အသွားပြီးနောက် လင်းဖန်၏ ဆိုလိုရင်းကို နားလည်သွားသောအခါ မျက်နှာမှာ ထပ်မံ နီရဲလာပြီး ရှက်ဒေါသ ထွက်သွားတော့သည် ။
" မိစ္ဆာအရှင် .. နင် အိပ်မက်မက်နေလိုက်.. "
" ဒီဧကရီက နင်နဲ့ တစ်ကုတင်တည်းမှာ ဘယ်တော့မှ အတူတူ အိပ်မှာ မဟုတ်ဘူး.. "
" ဒါပေမဲ့ အခန်းထဲမှာ ကုတင် တစ်လုံးပဲ ရှိတာလေ .. တကယ်လို့ ဧကရီက ကုတင်ပေါ်မှာ မအိပ်ဘူးဆိုရင် ဘယ်မှာ အိပ်မလို့လဲ.. "
လင်းဖန်က မေးလိုက်သည် ။
လုံယွဲ့က သူမ ထိုင်နေသော ဆိုဖာကို ကြည့်ကာ ပြတ်သားစွာ ပြောလိုက်သည် ။
" ရတယ် .. ဒီဧကရီက အိပ်စက်ဖို့ မလိုဘူး .. အိပ်စက်ခြင်းက ဒီဧကရီအတွက် အချိန်ဖြုန်းတာပဲ.. "
" ဒီဧကရီက ဒီနေရာမှာပဲ တရားထိုင်ပြီး ခန္ဓာကိုယ်ကို ပြန်လည် ထိန်းညှိမယ်.. "
ထိုသို့ပြောပြီးနောက် လုံယွဲ့သည် မျက်လုံးမှိတ်လိုက်ကာ လင်းဖန်ကို အာရုံမစိုက်တော့ပေ ။
ဒါကို မြင်သောအခါ လင်းဖန် စိတ်ပူသွားသည် ။
'သူ ခုနက ကြက်ကြော်နဲ့ ဘာဂါကိုလည်း တစ်လုတ်မှ မစားခဲ့ဘဲ အခုလည်း အိပ်ဖို့ စိတ်မကူးဘူးဆိုတော့ သူရဲ့ အခု ခန္ဓာကိုယ်က တကယ်ပဲ ခံနိုင်ရည် ရှိပါ့မလား..'
သူမသည် အင်မော်တယ်ဧကရီ ကျင့်ကြံမှုများ ရှိနေစဥ်ကကဲ့သို့ မဟုတ်တော့ကြောင်း သတိပြုရမည် ဖြစ်သည် ။
ခဏတာမျှ ဝေခွဲမရ ဖြစ်နေပြီးနေက် လင်းဖန်သည် အိပ်ခန်းထဲမှ အပိုစောင်နှင့် ခေါင်းအုံးကို ယူလာကာ သူမ ဘေးတွင် ချပေးလိုက်သည် ။
" ငါ စောင်နဲ့ ခေါင်းအုံးကို ဒီမှာ ထားပေးခဲ့မယ် .. အကယ်လို့ မင်း အိပ်ချင်လာရင် အတင်းကြီး အောင့်မထားနဲ့.. "
လုံယွဲ့ဆီမှ တုံ့ပြန်မှု မရှိသည်ကို မြင်သောအခါ လင်းဖန်သည် ဧည့်ခန်းမီးကို ပိတ်လိုက်ပြီး အိပ်ခန်းထဲသို့ ပြန်ဝင်ခဲ့သည် ။
အိပ်ခန်းထဲ ရောက်သောအခါ သူ ချက်ချင်း အိပ်မပျော်သေးဘဲ ကွန်ပျူတာရှေ့တွင် ထိုင်လိုက်သည် ။
မအိပ်ခင်တွင် သူ သိရမယ့် အချက်တစ်ခု ရှိနေသေး၏ ။ ၎င်းမှာ သူ အခု ဘယ်အချိန်ကာလကို ရောက်နေသလဲ ဆိုသည်ပင် ။
မူအရဆိုလျှင် သူ ရှန်းမိုတိုက်ကြီးတွင် နေခဲ့သည်က နှစ်ပေါင်း လေးရာနီးပါး ရှိပြီဖြစ်ရာ ခေတ်တစ်ခုလုံး ပြောင်းလဲသွားလောက်သည့် အချိန်ကာလ ဖြစ်သည် ။
သို့သော် သူ ကမ္ဘာမြေကို ပထမဆုံး ပြန်ရောက်လာစဉ်မှာပင် ထူးဆန်းသည့် အချက်တစ်ခုကို သတိထားမိခဲ့သည် ။
ဤကမ္ဘာကြီးက သူ့အတွက် အရမ်းကို ရင်းနှီးလွန်းနေသည် ။
ဘာမှ မပြောင်းလဲသွားသလိုကို ခံစားနေရ၏ ။
ဒါတင်မကဘဲ သူ ဝယ်ထားသည့် အိမ်က နှစ်ပေါင်း လေးရာ ကြာသည့်တိုင်အောင် ရှိနေသေးသဖြင့် မဖြစ်နိုင်သည့် အရာပင် ။
လက္ခဏာအားလုံးက သူ ကမ္ဘာမြေမှ ထွက်ခွာသွားခဲ့သည့် အချိန်က သူ ထင်သလောက် မကြာသေးဘူးဆိုတာကို ပြနေသည် ။
လင်းဖန်သည် သူ၏ ထင်မြင်ချက်ကို အတည်ပြုရန် ကွန်ပျူတာ၏ ပါဝါခလုတ်ကို ဖြည်းဖြည်းချင်း နှိပ်လိုက်သည် ။
ပါဝါခလုတ်မှ မီးလင်းလာပြီး မှောင်နေသော ကွန်ပျူတာစကရင်မှာ ပြန်လည် လင်းထိန်လာကာ ရင်းနှီးနေသော ဒက်စ်တော့ပ် ပေါ်လာသည် ။
ဒက်စ်တော့ပ်၏ အောက်ခြေ ညာဘက်ထောင့်တွင် ပြသနေသော အချိန်မှာ - ၂၀၂၅ / ၆ / ၁ ဖြစ်သည် ။
ထိုအချိန်ကို မြင်လိုက်ရသောအခါ လင်းဖန်၏ မျက်ခုံးများ ချက်ချင်း တွန့်ကွေးသွားသည် ။
သူ ရှန်းမိုတိုက်ကြီးသို့ ကူးပြောင်းသွားစဉ်က ၂၀၂၄ ခုနှစ် အစောပိုင်းဖြစ်ကြောင်း သူ သေသေချာချာ မှတ်မိနေသေး၏ ။
'အခု ငါ ပြန်ရောက်လာတော့ တစ်နှစ်ကျော်လေးပဲ ရှိသေးတာလား..'
အရာအားလုံးက မည်သည့်အတွက်ကြောင့် ရင်းနှီးနေရသနည်းဆိုတာ အခုမှသာ နားလည်နိုင်တော့သည် ။
ရှန်းမိုတိုက်ကြီးနှင့် ကမ္ဘာမြေ၏ အချိန်ကုန်ဆုံးပုံ မတူညီခြင်းမှာ သေချာသလောက်ပင် ။
သူ ရှန်းမိုတိုက်ကြီးတွင် ရှိနေခဲ့သည့် အချိန်က ကမ္ဘာမြေတွင်တော့ အချိန်အနည်းငယ်သာ ကုန်ဆုံးသွားခြင်း ဖြစ်နိုင်သည် ။