အခန်း (၅-၆)
Vol. 1 Ch. 5-6
Chapter 5+6
~
အခန်း ၅+၆ :အလုပ်စလုပ်ကြစို့ ဧကရီအရှင်မလေး
~
" ဂျောက်... "
ခလုတ်တစ်ခုကို နှိပ်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်ခန်းလုံးမှာ လင်းထိန်သွားတော့သည် ။
အိမ်ရာစီမံခန့်ခွဲရေးရုံးမှ အပိုသော့ကို ရယူပြီးနောက် လင်းဖန်သည် လုံယွဲ့ကို ခေါ်ဆောင်ကာ သူကြာမြင့်စွာ မရောက်ဖြစ်ခဲ့သည့် အိမ်လေးထဲသို့ ဝင်ရောက်လာခဲ့သည် ။
ဧည့်ခန်းအတွင်းရှိ ပရိဘောဂများမှာ သေသေသပ်သပ် ရှိနေပြီး သူ မထွက်ခွာမီကအတိုင်း အရာအားလုံး ရှိနေသော်လည်း ကြာမြင့်စွာ လူမနေခဲ့သဖြင့် အခန်းအတွင်း၌ ဖုန်မှုန့်များ အထပ်လိုက် တက်နေသည်ကို မြင်နလိုက်ရ၏ ။
လုံယွဲ့က အခန်းတွင်းကို လှည့်ပတ်ကြည့်ရင်း အံ့အားသင့်နေသည် ။
" မိစ္ဆာအရှင်.. ဒါ . . . ဒါက နင့်အိမ်လား .."
သူမ၏ အမြင်တွင်တော့ မိစ္ဆာအရှင်၏ အိမ်ဆိုသည်မှာ အရိုးများဖြင့် ပြုလုပ်ထားသည့် စားပွဲများ ၊ လူရေခွံဖြင့် ချုပ်လုပ်ထားသည့် ကုလားထိုင်များနှင့် နံရံတွင် လူခေါင်းများကို အလှဆင်ထားသည့် ငရဲခန်းတစ်ခုကဲ့သို့ ဖြစ်နေလိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည် ။
သို့သော်လည်း သူမရှေ့တွင် မြင်တွေ့နေရသည့် မြင်ကွင်းမှာ သူမ ထင်ထားသလို မဟုတ်ဘဲ သူမ တစ်ခါမျှ မမြင်ဖူးသည့် အလှဆင်ပစ္စည်းများနှင့် ပရိဘောဂများ ရှိနေသည့် သာမန်အခန်းတစ်ခုသာ ဖြစ်ပေသည် ။
" ဟုတ်တယ်လေ.. ဒါက ငါ့အိမ်ပဲ.. "
လင်းဖန်က သူ့ရင်ခွင်ထဲမှ လုံယွဲ့ကို ဆိုဖာပေါ်သို့ ပစ်ချလိုက်ပြီး ခါးကို ထောက်ကာ အခန်းတွင်းကို လွမ်းဆွတ်တမ်းတသော မျက်နှာဖြင့် လှည့်ပတ်ကြည့်ရှုနေသည် ။
သူ ကူးပြောင်းမသွားခင်တုန်းက သူသည် သာမန် ရုံးဝန်ထမ်းတစ်ဦးသာဖြစ်ပြီး ကိုယ်ပိုင်အိမ်လေးတစ်လုံး ရှိရန် အမြဲ အိပ်မက်မက်ခဲ့သူ ဖြစ်သည် ။ သူ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ပြီးနောက် နောက်ဆုံးတွင် စတုရန်းမီတာ ခုနစ်ဆယ်ခန့် ကျယ်ဝန်းသည့် အိပ်ခန်းတစ်ခန်း ၊ ဧည့်ခန်းတစ်ခန်း ၊ သီးသန့်မီးဖိုချောင်နှင့် ရေချိုးခန်း ၊ ဝရန်တာ အသေးစားလေးတစ်ခု ပါဝင်သည့် ဤအိမ်လေးကို ဝယ်ယူနိုင်ခဲ့ခြင်း ဖြစ်လေသည် ။
ဤအိမ်ကို ဝယ်ယူပြီး မကြာမီမှာပင် သူသည် ရှန်းမိုတိုက်ကြီးသို့ မတော်တဆ ကူးပြောင်းရောက်ရှိသွားခဲ့၏ ။
ကံကောင်းသည်မှာ ထိုစဉ်က သူသည် အိမ်ဖိုးကို တစ်ခါတည်း အပြတ်ပေးချေ၍ ဝယ်ခဲ့ခြင်းဖြစ်သောကြောင့် လစဉ် အကြွေးဆပ်ရန် မလိုခဲ့ပေ ။ မဟုတ်ပါက ဤအိမ်မှာ ဘဏ်၏ သိမ်းဆည်းခြင်းကို ခံရသည်မှာ ကြာလှပြီ ဖြစ်သည် ။
သို့သော် ထူးဆန်းသည်မှာ သူသာ် ဤလောကမှ နှစ်ပေါင်းရာချီ ထွက်ခွာသွားခဲ့သော်လည်း အခန်းမှာ မပြောင်းလဲဘဲ ရှိနေဆဲဖြစ်ကာ တစ်မြို့လုံး၏ အပြောင်းအလဲမှာလည်း မသိသာလှပေ ။
" ဟွန်း .. မိစ္ဆာအရှင် .. နင် ငါ့ကို ဒီခေါ်လာတာ ငါ့ကို နှိပ်စက်ပြီး အရှက်ခွဲဖို့ မဟုတ်လား.. "
" နင်တို့ မိစ္ဆာမျိုးနွယ်တွေရဲ့ နည်းလမ်းတွေကို ငါ ကြားဖူးပြီးသား .. နင်တို့က သူတစ်ပါးရဲ့ ခန္ဓာကိုယ်ကို နှိပ်စက်ပြီး စိတ်ဓာတ်နဲ့ ဆန္ဒတွေကို တဖြည်းဖြည်းချင်း ရိုက်ချိုးဖျက်ဆီးတတ်ကြတာပဲ.. "
" ငါကတော့ ဘယ်တော့မှ ကြောက်မှာ မဟုတ်ဘူး .. နင် ငါ့ကို ဘာပဲလုပ်လုပ် ငါကတော့ အရှုံးပေးမှာ မဟုတ်ဘူး .."
လုံယွဲ့သည် သူမ၏ လက်သီးလေးများကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ သွားများကို တင်းတင်းစေ့ထား၏ ။ သူမ၏ လှပသော မျက်နှာထက်တွင် သေရမည်ကို မကြောက်သော အမူအရာများ ရှိနေသော်လည်း တုန်ရီနေသော ခန္ဓာကိုယ်လေးကမူ သူမကို သစ္စာဖောက်နေသည်။
လင်းဖန်က သူမ၏ ဖြူဖွေးလှပသော ရင်ဘတ်ကို တမင်တကာ စိုက်ကြည့်လိုက်ပြီး မျက်နှာထက်တွင် အဓိပ္ပါယ်ရှိသော အပြုံးတစ်ခု ပေါ်လာသည် ။
" အင်မော်တယ်ဧကရီ ပီသပါပေတယ် .. မင်းရဲ့ ဒီလို စွန့်လွှတ်အနစ်နာခံချင်တဲ့ စိတ်ဓာတ်ကို ငါ တကယ် ချီးကျူးမိတယ် .."
" ဧကရီမှာလည်း အလှအပလေးတွေ ရှိနေတာပဲ ဆိုတော့.. မင်းက အဆင်သင့် ဖြစ်နေပြီပေါ့လေ.. "
" နင် . . . နင် . . . ယုတ်မာတယ် .. အရှက်မရှိဘူး .. နှာဘူး ..တဏှာရူး.. ဖောက်ပြန်တဲ့ကောင်.. "
" ငါ အသေပဲ ခံလိုက်မယ် .. နင့်ရဲ့ အကြံအစည်ကိုတော့ အောင်မြင်ခွင့်ပေးမှာ မဟုတ်ဘူး.. "
လင်းဖန်၏ အကြည့်ကို သတိထားမိသည်နှင့် လုံယွဲ့မှာ ချက်ချင်းပင် ရှက်ဒေါသ ထွက်သွားပြီး သူမ၏ အင်္ကျီရင်ဘတ်ကို အမြန်ဖုံးကာ မျက်ရည်များပင် ဝဲလာတော့သည် ။
" ဟားဟားဟား .. မငိုနဲ့ ..မငိုနဲ့... စိတ်မပူပါနဲ့ ငါသာ တကယ် မင်းကို တစ်ခုခု လုပ်ချင်တယ်ဆိုရင် မင်း သတိလစ်နေတုန်းကတည်းက လုပ်လို့ ရတာပဲ ..ဘာလို့ အခုထိ စောင့်နေမှာလဲ.. "
" ဧကရီကတော့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ ထင်တယ်.. "
လင်းဖန်က ကျေနပ်စွာ ပြုံးလိုက်သည် ။
သူသည် လုံယွဲ့နှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူး၏ ။ အတိတ်တုန်းက သူမသည် အမြဲတမ်း အေးစက်ပြီး မြင့်မြတ်သော ပုံစံဖြင့်သာ ရှိနေတတ်ကာ ယခုကဲ့သို့ ကြောက်လန့်တကြား ဖြစ်နေသည့် မိန်းကလေးတစ်ဦး၏ ပုံစံမျိုးကို သူ မမြင်ဘူးခဲ့ချေ ။
" နင် . . . ကောင်စုတ်.. "
သူမ အစအနောက်ခံလိုက်ရသည်ကို သိလိုက်ရသဖြင့် လုံယွဲ့မှာ ဒေါသတကြီး အံကြိတ်နေမိသော်လည်း စိတ်ထဲရှိ စိုးရိမ်ပူပန်မှုများမှာ အနည်းငယ် လျော့ပါးသွားသည် ။
မိစ္ဆာအရှင်တွင် ဝိညာဉ်စွမ်းအား မည်မျှ ကျန်နေသေးသည်ကို သူမ မသိသော်လည်း တစ်ခုမှာတော့ သေချာနေပေသည် ။ ၎င်းမှာ သူ၏ စွမ်းအားက သူမထက် ပိုများနေသည် ဆိုခြင်းပင် ။
အကယ်၍ သူသာ သူမကို အမှန်တကယ် နာကျင်အောင် လုပ်ချင်ပါက လုပ်ပြီးသား ဖြစ်ပေလိမ့်မည် ။
" ဒါဆို နင် ငါ့ကို မနှိပ်စက်ဘူးဆိုရင် ဘာလို့ ဒီကို ခေါ်လာတာလဲ.. "
လုံယွဲ့၏ သံသယကို လင်းဖန်က တစ်ချက်ကြည့်ကာ အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည် ။
" ဘာလို့လဲဆိုတော့ မင်းမှာ သွားစရာ နေရာမှ မရှိတာ .ငါတို့ရဲ့ မြင့်မြတ်လှတဲ့ ဧကရီကြီးကို လမ်းပေါ်မှာ လျှောက်သွားခိုင်းနေလို့မှ မဖြစ်တာ..ဟုတ်တယ်မလား.. "
ထိုစကားကို ကြားသောအခါ လုံယွဲ့၏ အမူအရာမှာ တောင့်တင်းသွားပြီး မျက်မှောင်ကြုတ်ကာ မကျေမနပ် ပြောလိုက်သည် ။
" နင် ငါ့ကို သနားနေတာလား.. "
" ငါ့ကို ဘယ်သူထင်နေလို့လဲ .. ငါက ကျိရှန်းထျန်းကုန်းရဲ့ ဧကရီပဲ ..နင့်ရဲ့ အကူအညီ မပါဘဲနဲ့လည်း ငါက အဆင်ပြေပြေ နေနိုင်တယ်.. "
" ဟုတ်လား ဧကရီ.. မင်းရဲ့ ကျင့်ကြံမှုတွေလည်း မရှိတော့ဘဲ ဒီလောက် ဆွဲဆောင်မှုရှိတဲ့ ပုံစံနဲ့ ညနက်သန်းခေါင်ကြီး အပြင်မှာ ဘာတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာ ဘယ်သူ သိမှာလဲ.. "
လင်းဖန်က မေးစေ့ကို ပွတ်ရင်း နောက်ပြောင်လိုက်သည် ။
ထိုစကားများကြောင့် လုံယွဲ့သည် တိတ်ဆိတ်နေသော အပြင်ဘက်ရှိ ညကောင်းကင်ယံကို လှမ်းကြည့်ကာ ငြိမ်ကျသွားတော့သည် ။
မိစ္ဆာအရှင် ပြောသကဲ့သို့ပင် သူမသည် ဤကမ္ဘာအကြောင်းကို ဘာမှ နားမလည်သည့်အပြင် သူမ၏ အရေးပါလှသော ကျင့်ကြံမှုများလည်း ပျောက်ဆုံးနေသည် ။ အပြင်မှာ ဘာတွေနှင့်ရင်ဆိုင်ရမည်ဆိုသည်ကို မသိနိုင်ပေ ။
သူမကို ခြောက်လှန့်ပြီးပြီဖြစ်ကြောင်း သိလိုက်ရသောကြောင့် လင်းဖန်က ဆက်ပြောလိုက်သည် ။
" ငါ မင်းကို သနားလို့ မဟုတ်ပါဘူး .. မလိုအပ်တဲ့ ပြဿနာတွေ မဖြစ်ချင်လို့ပါ .."
" မင်းသာ အပြင်မှာ တစ်ယောက်တည်း ရှိနေရင် နောက်နေ့ကျရင် တကယ်ပဲ စိတ်ကျန်းမာရေးဆေးရုံ ရောက်သွားလိမ့်မယ်.. "
" နင် .. နင်. . နင် ငါ့ကို စော်ကားနေတာလား.. "
" ပြီးတော့ ငါသာ တကယ်ပဲ အဲ့ဒီဆေးရုံ ရောက်သွားရင်တောင် ဒါက နင်နဲ့ ဘာမှ မဆိုင်ဘူး .. "
လုံယွဲ့က မျက်မှောင်ကြုတ်ကာ သူမ၏ ချိုသာသော အသံလေးဖြင့် ဒေါသတကြီး ပြန်လည် ချေပလိုက်သည် ။
ထိုစိတ်ကျန်းမာရေးဆေးရုံဆိုသည်ကို သူမ မသိသော်လည်း သူမ၏ ဉာဏ်ရည်ကို စော်ကားလိုက်ခြင်းဖြစ်ကြောင်းတော့ ရိပ်မိ၏ ။
လင်းဖန်သည် ပဝါတစ်ထည်ကို ယူကာ ရေချိုးခန်းထဲသို့ ဝင်သွားရင်း လှည့်မကြည့်ဘဲ ပြန်ပြောလိုက်သည် ။
" မင်း ဘယ်ရောက်သွားမလဲဆိုတာက ငါနဲ့ မဆိုင်တာတော့ အမှန်ပဲ .. ဒါပေမဲ့ မင်းသာ ငါ့အကြောင်းတွေကို ဖော်ထုတ်လိုက်မယ်ဆိုရင် ငါ့အတွက် မလိုအပ်တဲ့ ပြဿနာတွေ အများကြီး ဖြစ်လာလိမ့်မယ်.. "
" ဟွန်း .. ဒါတောင်မှ ငါလို ကျီရှန့်ထျန်းကုန်းရဲ့ ဧကရီက နင့်လို မိစ္ဆာအရှင်ဆီမှာ ခိုလှုံနေရမယ် ဟုတ်လား.. "
" ဧကရီ.. မင်း အထင်လွဲနေပြီ.. "
လင်းဖန်က ရေစိုနေသော အဝတ်စတစ်ခုကို ယူကာ ရေချိုးခန်းထဲမှ ထွက်လာပြီး သူမထံသို့ ပစ်ပေးလိုက်သည် ။
" ငါက မင်းကို အလကား ခိုလှုံခွင့်ပေးတာ မဟုတ်ဘူး .. အိမ်ရှင်တစ်ယောက်အနေနဲ့ မင်းကို အိမ်ငှားပေးတာ .. ဒါကြောင့် မင်းက အိမ်လခ ပေးရမယ်.. "
" အိမ်လခ . . . အိမ်လခ ဟုတ်လား .."
လုံယွဲ့သည် သူမထံ ပစ်ပေးလိုက်သည့် အဝတ်စကို မသိစိတ်ဖြင့် ဖမ်းယူလိုက်ပြီး ကြောင်အအဖြင့် ငေးကြည့်နေမိသည် ။
လင်းဖန်က သူ၏ လက်ညှိုးကို မြှောက်ကာ အေးအေးဆေးဆေးပင် ဆက်လက် ရှင်းပြသည် ။
" ဟုတ်တယ် .. တစ်လကို အိမ်လခ တစ်ထောင် .. အဲ့ဒီထဲမှာ စားစရိတ် ၊ နေစရိတ် ၊ မီတာခနဲ့ အင်တာနက်ဖိုးတွေ အကုန်ပါတယ်.. "
" ငါက စိတ်ကောင်းရှိတဲ့သူမို့ မင်းမှာ ပိုက်ဆံ မရှိဘူးဆိုတာ သိပါတယ် .. ဒါကြောင့် ပထမဆုံး တစ်လကိုတော့ အလကား ထားပေးမယ် .. နောက်လကစပြီးမှ တွက်မယ်.. "
" ဒါပေမဲ့ အိမ်လခ ကင်းလွတ်ခွင့်ပေးထားတဲ့ အစား ဧကရီက အိမ်သန့်ရှင်းရေး လုပ်ပေးရမယ် ဆိုတဲ့ အချက်ကိုတော့ လိုက်နာရမယ်.. "
" ကဲ အလုပ်စလုပ်ကြစို့ ဧကရီအရှင်မလေး.. "
ထိုသို့ပြောပြီး လင်းဖန်က လုံယွဲ့၏လက်ထဲက အဝတ်စကို လက်ညှိုးထိုးပြကာ ပြုံးလိုက်သည် ။
" ကျွတ်..ကျွတ်.. .. မိစ္ဆာအရှင်ပီသပါပေတယ်..အမြဲတန်း အကြံအစည်တွေနဲ့ ပြည့်နေတာပဲ.. "
လုံယွဲ့က စုတ်သတ်ရင်း လင်းဖန်ကို မကျေမနပ် ကြည့်လိုက်သည် ။
" ဒါပေမဲ့ ဒါကလည်း ကောင်းပါတယ် ..ဒီလိုဆိုရင်တော့ ငါ နင့်အပေါ် အကြွေးတင်စရာ မလိုတော့ဘူးပေါ့.. "
စကားအဆုံးတွင် လုံယွဲ့သည် အဝတ်စကို ယူကာ အိမ်သန့်ရှင်းရေးကို သွက်လက်ချက်ချာစွာ စတင်လုပ်ဆောင်တော့သည် ။
လင်းဖန်သည်လည်း နောက်ထပ် အဝတ်စတစ်ခုကို ယူကာ အိပ်ခန်းထဲသို့ ဝင်၍ သန့်ရှင်းရေး လုပ်သည် ။
သူတို့ နှစ်ဦးမှာ အခန်း၏ ထောင့်တိုင်းသို့ ကူးသန်းသွားလာကာ အလုပ်ရှုပ်နေကြပြီး အခန်းတွင်း၌ အလုပ်လုပ်နေသည့် အသံများသာ ထွက်ပေါ်နေတော့သည် ။
လုံယွဲ့သည် ကြမ်းပြင်ပေါ်တွင် ဝပ်လျက် အိမ်သန့်ရှင်းရေး လုပ်နေရသဖြင့် နဖူးမှ ချွေးများ စီးကျနေကာ မောဟိုက်နေရှာသည် ။
ငယ်စဉ်ကတည်းက ယခုအချိန်အထိ အင်မော်တယ်ဧကရာဇ်များဖြင့် တိုက်ခိုက်နေခဲ့ရသော်လည်း သူမ ဤမျှလောက် မမောပန်းခဲ့ဖူးပေ ။
ဖုန်တွေတက်နေသည့် အခန်းမျိုးကို အရင်တုန်းကဆိုလျှင် သူမသည် သန့်စင်ခြင်း ဂါထာကို လက်ဖျောက်တစ်ချက်တီးပြီး သန့်ရှင်းအောင် လုပ်နိုင်ခဲ့သော်လည်း ယခုမူ သာမန်လူသားတစ်ယောက်လို ထောင့်စေ့အောင် လက်နဲ့ လိုက်တိုက်နေရလေသည် ။
ယနေ့မှစ၍ သာမန်လူသားတစ်ယောက်၏ ခန္ဓာကိုယ်က မည်မျှ အစဥ်မပြေမှန်း သူမ နားလည်သွားတော့သည် ။
သို့သော် သူမကို ပို၍ ဒေါသထွက်စေသည့် အချက်မှာ သူမကဲ့သို့သော အင်မော်တယ်ဧကရီတစ်ဦးက မိစ္ဆာအရှင်နဲ့အတူ အိမ်သန့်ရှင်းရေး လုပ်နေရသည်ကိုပင် ဖြစ်သည် ။
'ချီး ..တကယ်ကို ဒေါသထွက်ဖို့ ကောင်းလိုက်တာ..'
လုံယွဲ့သည် တွေးလေလေ ဒေါသထွက်လေလေဖြစ်ကာ သူမ၏ လက်ထဲက အားအင်များမှာလည်း မသိစိတ်ဖြင့် ပို၍ ပါလာတော့သည် ။
သူမ အစအနောက်ခံလိုက်ရသည်ဟု ခံစားနေရ၏ ။
'မိစ္ဆာအရှင်က ငါ့ကို ဒီခေါ်လာတာ အိမ်သန့်ရှင်းရေး လုပ်ပေးမယ့် အလကား အလုပ်သမားတစ်ယောက်အဖြစ် သုံးချင်လို့ ဖြစ်ရမယ်..'
'ဒါက နှိပ်စက်ခြင်းရဲ့ ပုံစံတစ်မျိုးပဲ ဖြစ်ရမယ် .. ဒီအတိုင်း သေချာပေါက် ဖြစ်ရမယ်..'