အခန်း (၇-၈)
Vol. 1 Ch. 7-8
Chapter 7+8
~
အခန်း ၇+၈ : ဒီ ဧကရီ က အစာ စားစရာမလိုဘူး...
~
" ဟူး .."
နှစ်နာရီခွဲခန့် ကြာပြီးနောက် ဧည့်ခန်းမှာ နောက်ဆုံးတွင် သန့်ရှင်းသွားခဲ့ပြီး လုံယွဲ့သည် ဆိုဖာပေါ်သို့ နွမ်းလျစွာ လဲကျသွားတော့သည် ။
ယနေ့တစ်နေ့တည်း သူမ လှုပ်ရှားလိုက်ရသည့် ပမာဏမှာ အင်မော်တယ်နယ်မြေရှိ နှစ်ပေါင်းတစ်ရာစာ လှုပ်ရှားမှုနှင့် ညီမျှနေလေသည် ။
" အိုး ..ဟိုး..ဧကရီပီသပါပေတယ် .. တကယ်ကို သန့်ရှင်းရေး လုပ်နိုင်တာပဲ.. သန့်ရှင်းတောက်ပြောင် သွားတာပဲ.."
လင်းဖန်သည် ရေပုံးအလွတ်ကို ကိုင်ကာ ရေချိုးခန်းထဲမှ ထွက်လာပြီး အစွန်းအထင်းမရှိလောက်အောင် သန့်ရှင်းနေသည့် ဧည့်ခန်းနှင့် အရိပ်ထင်လုနီးပါး ပြောင်လက်နေသော ကြမ်းပြင်ကို ကြည့်ကာ စိတ်ရင်းဖြင့် ချီးကျူးလိုက်သည် ။
" ဟွန်း .. ဒါပေါ့ .. ဒီဧကရီက ဘယ်သူလဲဆိုတာ နင် မမြင်ဘူးလား .. အခန်းလေး တစ်ခန်း သန့်ရှင်းရေးလုပ်တာက ဒီဧကရီအတွက် ဘာမှ မခဲယဉ်းဘူး .."
လုံယွဲ့သည် ဆိုဖာပေါ်တွင် မတ်မတ်ထိုင်လိုက်ပြီး သူမ၏ ဖြူဖွေးသော လည်တိုင်လေးကို ဂုဏ်ယူစွာ မော့လိုက်သည် ။
" ပင်ပန်းသွားပြီ .."
လင်းဖန်က ခပ်ဖွဖွ ပြုံးလိုက်ပြီး သူကိုင်ထားသည့် ရေပုံးနှင့် အဝတ်စကို ချကာ အမှိုက်အိတ်အပြည့်ကို မ၍ တံခါးဝသို့ လျှောက်သွားသည် ။ ထို့နောက် ခေါင်းလှည့်ကာ လုံယွဲ့ကို ကြည့်လိုက်သည် ။
" သန့်ရှင်းရေး အကြာကြီး လုပ်လိုက်ရတော့ ငါ နည်းနည်း ဗိုက်ဆာလာပြီ.. "
" ငါ အပြင်ထွက်ပြီး အမှိုက်သွားပစ်ရင်း တစ်ခုခု ဝယ်စားမလို့ .. မင်း ဘာစားချင်လဲ.. "
" စားမယ် ဟုတ်လား .. ဟွန်း .."
လုံယွဲ့က အထင်သေးသော အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည် ။ သူမသည် မျက်လုံးကို အနည်းငယ် မှိတ်ထားပြီး လက်ဖဝါးဖြင့် ရင်ဘတ်ကို အသာအယာ ပွတ်သပ်ကာ ဂုဏ်ယူဝင့်ကြွားနေသော မျက်နှာပေးဖြင့်...
" ဒီဧကရီက ကောင်းကင်ဝိညာဉ်ရဲ့ သန္ဓေသားလောင်းပဲ .. ငါ မွေးဖွားလာကတည်းက ကောင်းကင်နဲ့ မြေကြီးရဲ့ အင်မော်တယ် အဆီအနှစ်တွေကြားမှာ ရေချိုးခဲ့ပြီး နှစ်ပေါင်းသောင်းချီ သက်တမ်းရှိတဲ့ အင်မော်တယ် နို့ရည်တွေထဲမှာ စိမ်ခဲ့တာ .. ငါက အစာစားဖို့ လုံးဝ မလိုဘူး .."
" ဒါ့အပြင် သာမန်လူသားတွေရဲ့ အစားအစာတွေက ဒီဧကရီရဲ့ အင်မော်တယ် ခန္ဓာကိုယ်ကို ထိခိုက်စေရုံတင်မကဘဲ ခန္ဓာကိုယ်ထဲမှာ မလိုအပ်တဲ့ အညစ်အကြေးတွေကိုသာ ကျန်ရစ်စေမှာ .."
ထိုသို့ပြောပြီးနောက် လုံယွဲ့က ခဏရပ်ကာ လင်းဖန်ကို လက်ညှိုးထိုးပြီး အရာအားလုံးကို ထိုးဖောက်မြင်နေသည့်အလား ဝင့်ကြွားသော အမူအရာဖြင့် ဆက်ပြောသည် ။
" မိစ္ဆာအရှင် .. ဒီဧကရီက ဒါကို ထိုးဖောက် မမြင်နိုင်ဘူးလို့ နင် ထင်နေတာလား.. "
" နင်က အစာစားတယ်ဆိုတဲ့ အကြောင်းပြချက်ကို သုံးပြီး ဒီဧကရီကို လူသားတွေရဲ့ အစားအစာတွေ ကျွေးချင်နေတာ မဟုတ်လား .. အဲ့ဒီကနေတစ်ဆင့် ငါ့ခန္ဓာကိုယ်ထဲမှာ အညစ်အကြေးတွေ တဖြည်းဖြည်း စုပုံလာစေပြီး ဧကရီရဲ့ အင်မော်တယ် ခန္ဓာကိုယ်ကို ထိခိုက်အောင် လုပ်မလို့ မဟုတ်လား.. "
" ဒီဧကရီရဲ့ အဇူရီငွေရောင် အင်မော်တယ် မျက်လုံးတွေက နင့်ရဲ့ အကြံအစည်တွေကို ထိုးဖောက် မြင်ပြီးသားပဲ.. ဟားဟားဟား.. "
လင်းဖန် .. " . . . "
လင်းဖန် ဘာပြန်ပြောရမှန်းမသိဘဲ ဆွံ့အသွားသည် ။
ဤဧကရီက တစ်ခုခုဆိုလျှင် သူတစ်ပါးကို အဆိုးမြင်တတ်သည့်ရောဂါ နည်းနည်း ရှိနေသည်ဟု သူ သတ်မှတ်လိုက်တော့သည် ။
" ဒါနဲ့ မင်း စားမှာလား မစားဘူးလား .."
" မစားဘူး .. ဒီဧကရီက နင့်ထောင်ချောက်ထဲ ဘယ်တော့မှ ကျမှာ မဟုတ်ဘူး .."
" ဒီဧကရီက ဒီနေရာကနေ ခုန်ချပြီး လမ်းဘေးမှာ ဗိုက်ဟောင်းလောင်းနဲ့ အသေခံလိုက်မယ်..နင့်လို မိစ္ဆာအရှင်ရဲ့ အစားအစာ တစ်လုတ်ကိုတော့ ဘယ်တော့မှ စားမှာ မဟုတ်ဘူး .."
လုံယွဲ့၏ အမူအရာမှာ ပြတ်သားနေပြီး သူမ၏ စကားလုံးများမှာလည်း တည်ကြည် လေးနက်နေပေသည် ။
" ကောင်းပြီလေ .. ဒါဆိုရင်လည်း နောက်မှ နောင်တမရနဲ့ပေါ့.. "
သူမ ထိုမျှအထိ ပြတ်သားနေသည်ကို မြင်သောအခါ လင်းဖန်လည်း အတင်းအကျပ် မတိုက်တွန်းတော့ဘဲ တံခါးဖွင့်ကာ အပြင်သို့ ထွက်ခဲ့သည် ။
" ဘုန်း .."
တံခါးပိတ်သွားသည်နှင့် ဆိုဖာပေါ်တွင် တင်ပလ္လင်ခွေ ထိုင်နေသော လုံယွဲ့၏ မျက်ခုံးလေးများ အနည်းငယ် တွန့်ချိုးသွားသည် ။
' ဟွန်း .. ထမင်းတစ်နပ် စားရတာပဲကို ဘာလို့ နောင်တရရမှာလဲ .. ငါ အစာမစားခဲ့တာ အနည်းဆုံး နှစ်ပေါင်း ရာချီနေပြီလေ..'
မကြာမီမှာပင် တံခါး ပြန်ပွင့်လာပြီး လင်းဖန်သည် ဘယ်ဘက်လက်တွင် ကြက်ကြော်နှင့် ဘာဂါ အိတ်ကြီးကို ကိုင်ကာ ညာဘက်လက်တွင် ကိုလာဘူးကို ကိုင်၍ အခန်းထဲသို့ ပြန်ဝင်လာသည် ။
" ဟူး .."
လင်းဖန်သည် အငွေ့ထွက်နေသော ဘာဂါနှင့် ကြက်ကြော်များကို စာပွဲပေါ် တင်လိုက်ပြီး အိတ်ကို စိတ်လှုပ်ရှားစွာ ဖွင့်ကာ ထိုင်လိုက်သည် ။
အိတ်ကို ဖွင့်လိုက်သည်နှင့် ကြက်ကြော်၏ ထူးခြားသော ရနံ့မှာ တစ်ခန်းလုံးသို့ ချက်ချင်း ပျံ့နှံ့သွားတော့သည် ။
" ကြက်ကြော်နဲ့ ဘာဂါ မစားရတာ တော်တော် ကြာပြီပဲ .. ဒီအရသာ..ဒီအနံ့.. တကယ်ကို လွမ်းစရာကောင်းလိုက်တာ .."
ထိုသို့ပြောပြီး လင်းဖန်သည် ကြက်ပေါင်အစပ်ကို ယူကာ တစ်ကိုက် ကိုက်လိုက်သည် ။ သူ၏ မျက်နှာမှာ ကျေနပ်မှုနှင့် ပျော်ရွှင်မှုများ ချက်ချင်း ပြည့်နှက်သွားပြီး စိတ်လှုပ်ရှားလွန်း၍ မျက်ရည်ပင် ဝဲချင်လာ၏ ။
" အင်းးး.. ဒါပဲ.. ဒီအရသာပဲ ..."
သူ ရှန်းမိုတိုက်ကြီးသို့ ရောက်သွားပြီး မိစ္ဆာနယ်မြေတွင် နေခဲ့ရစဉ်က နေ့တိုင်း ပိုးဟပ်ထမင်း ၊ သဲပိုးတီ ခေါက်ဆွဲနဲ့ သစ်ခေါက်ရည် လတ်လတ်ဆတ်ဆတ်တွေကိုသာ စားခဲ့ရ၏ ။ ထိုသည်များက လူသားများ စားသည့် အရာမဟုတ်ပေ ။
နှစ်ပေါင်းရာချီ ကြာပြီးမှ ကြက်ကြော်နှင့် ဘာဂါကို ပြန်စားရသည်က သူ့ကို ချက်ချင်း အသက်ပြန်ဝင်လာသလို ခံစားရစေသည် ။
' ဒါကမှ လူသားတွေ စားသင့်တဲ့ အရာ..'
လင်းဖန် အငန်းမရ စားနေသည်ကို ကြည့်ကာ လုံယွဲ့၏ နှာခေါင်းလေးမှာ ရှုံ့ပွ ရှုံ့ပွ ဖြစ်လာပြီး သူမ၏ အကြည့်များမှာလည်း သူ့လက်ထဲမှ ဘာဂါနှင့် ကြက်ကြော်ဆီသို့ မသိမသာ ရောက်သွားသည် ။
'ဒီအရာတွေက မိစ္ဆာနယ်မြေရဲ့ အကြီးအကဲတောင် ဒီလောက်ထိ စွဲစွဲလန်းလန်းနဲ့ စားရလောက်အောင် တကယ်ပဲ အရသာ ရှိလို့လား..'
'ဒါပေမဲ့ အနံ့ကတော့ တကယ်ကို မွှေးတာပဲ..'
လင်းဖန်က ကြက်တောင်ပံတစ်ခုကို ယူကာ ပါးစပ်ထဲ ထည့်ရန် ပြင်လိုက်စဉ် ဘေးမှ လုံယွဲ့က မျှော်လင့်တကြီး မျက်ဝန်း ဝိုင်းဝိုင်းကြီးများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည် ။
" အမ်.. ဧကရီ .. မင်းလည်း စားမလို့လား .."
" မ . . . မစားဘူး .. ငါ မစားချင်ပါဘူး .."
" ဒီဧကရီက တစ်ခါမှ မမြင်ဖူးတဲ့ အစားအစာမို့လို့ ကြည့်နေတာပါ .. ငါ . . . ငါ နည်းနည်း စပ်စုချင်ရုံသက်သက်ပဲ.. "
လုံယွဲ့က သတိပြန်ဝင်လာကာ အကြည့်ကို အမြန်လွှဲလိုက်သော်လည်း သူမ၏ လည်ချောင်းကတော့ စကားနားမထောင်ဘဲ တံတွေးတစ်ချက် မြိုချမိသွားသည် ။
အကြောင်းရင်းကို သူမ မသိသော်လည်း အင်မော်တယ်နယ်ပယ်ရှိ မည်သည့် အရသာရှိသော အစားအစာကိုမျှ စိတ်မလှုပ်ရှားခဲ့ဖူးသော သူမသည် ယခုအခါ လေထဲမှာ ပျံ့လွင့်နေသည့် ကြက်ကြော်နံ့ကြောင့် စိတ်လှုပ်ရှားနေမိ၏ ။
ကိုယ့်ကိုယ်ကိုယ် အတင်းဟန်ဆောင်နေသော လုံယွဲ့ကို ကြည့်ကာ လင်းဖန် ရယ်ချင်သွားပြီး သူမ၏ ပါးစပ်ထောင့်ကို လက်ညှိုးထိုးကာ နောက်ပြောင်လိုက်သည် ။
" ဧကရီ.. မင်းရဲ့ တံတွေးတွေ ကျတော့မယ်.. "
" ဘာ . . . ဘာ.. "
လုံယွဲ့ ထိတ်လန့်သွားပြီး သူမ၏ ပါးစပ်ထောင့်မှ တံတွေးများကို အမြန် သုတ်လိုက်၏ ။ သူမ၏ လှပသော မျက်နှာလေးမှာ ရှက်စိတ်နှင့် ဒေါသကြောင့် နီမြန်းသွားတော့သည် ။
'လုံယွဲ့ .. လုံယွဲ့ .. နင်က အင်မော်တယ်ဧကရီ ..အားလုံးရဲ့ လေးစားအားကိုးခြင်းကို ခံရတဲ့ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်လေ .. မိစ္ဆာအရှင်ရဲ့ ရှေ့မှာ ဒီလို အရှက်ရစရာ အခြေအနေမျိုး ဘယ်လိုလုပ် ပြနိုင်ရတာလဲ..'
'ဒါက သာမန်လူသားတွေရဲ့ အစားအစာပဲဥစ္စာ .. နင့်ရဲ့ စိတ်ဓာတ်ခိုင်မာမှုက ဘယ်လိုလုပ် ဒီလောက်နဲ့ ယိမ်းယိုင်နေရတာလဲ ..'
" ကိုယ့်ကိုယ်ကိုယ် အတင်းကြီး မထိန်းထားပါနဲ့ .. စားကြည့်စမ်းပါ .. တကယ် အရသာ ရှိတယ် .."
" ငါ့ကို ယုံစမ်းပါ .. ဒါက အင်မော်တယ်နယ်ပယ်မှာ မင်း တစ်ခါမှ မမြည်းစမ်းဖူးတဲ့ အရသာမျိုးပဲ.. "
လင်းဖန်က နောက်ထပ် ဘာဂါတစ်ခုကို ထုတ်ကာ လုံယွဲ့ထံ ကမ်းပေးလိုက်သည် ။
လုံယွဲ့၏ အမူအရာမှာ ဝေခွဲမရ ဖြစ်နေပြီးနောက် သူမ၏ အကြည့်များ ပြတ်သားသွားကာ ရှေ့က ဘာဂါကို တွန်းထုတ်လိုက်သည် ။
" မလိုဘူး .."
" ဒီဧကရီ ပြောပြီးပြီပဲ .. ငါက ကောင်းကင်ဝိညာဉ်ရဲ့ သန္ဓေသားလောင်းမို့ ဘယ်လို စားချင်စိတ်မျိုးကိုမှ ဖြည့်ဆည်းပေးဖို့ မလိုဘူး .."
" ဒါ့အပြင် အင်မော်တယ်နယ်ပယ်မှာ ဒီဧကရီ မမြည်းစမ်းဖူးတဲ့ အရသာဆိုတာ ရှိလို့လား .. သာမန်လူသားတွေရဲ့ အစားအစာက ဒီဧကရီရဲ့ စူးရှတဲ့ မျက်လုံးထဲ ဝင်နိုင်မှာ မဟုတ်ဘူး .."
" ဒီဧကရီကို လာပြီး အနှောင့်အယှက် မပေးနဲ့တော့ .."
ထိုသို့ပြောပြီး လုံယွဲ့သည် ပြတ်သားစွာ မျက်လုံးမှိတ်ကာ တရားထိုင်သည့် အနေအထားသို့ ဝင်လိုက်သည် ။
နောက်တစ်စက္ကန့်မှာပင် " ဂွီ..ဂွီ..ဂွီ.. " ဆိုသည့် အသံများက အခန်းတွင်းရှိ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏ ။
လင်းဖန်သည် ထိုအသံလာရာ လုံယွဲ့ဆီသို့ ကြည့်လိုက်ရာ အကြည့်က သူမ၏ ဝမ်းဗိုက်ဆီသို့ ရောက်သွားသည် ။
လုံယွဲ့သည် မျက်လုံးကို တင်းတင်းမှိတ်ထားသော်လည်း သူမ ဘာမှမသိသလို ဟန်ဆောင်ရန် ကြိုးစားနေသည့်တိုင် သူမ၏ လှပသော မျက်နှာလေးမှာ မှည့်နေသော ပန်းသီးတစ်လုံးလို နီရဲနေသည် ။
" ဧကရီ.. မင်းရဲ့ . . . ဗိုက်ထဲက အသံထွက်နေသလိုပဲနော်.. "
လင်းဖန်က မေးလိုက်သည် ။
လုံယွဲ့က မျက်လုံးဖွင့်လိုက်၏ ။ သူမ၏ မျက်နှာမှာ နီရဲနေဆဲဖြစ်သော်လည်း အားမလျော့ဘဲ ပြန်လည် ချေပလိုက်သည် ။
" မ . . . မဟုတ်ဘူး ..ဒါ မိစ္ဆာအရှင် နင် နားကြားမှားတာ ဖြစ်ရမယ်.. "
" ဒီဧကရီက ဆာလောင်မှုကို မခံစားရဘူး ..ဘယ်လိုလုပ်ပြီး သာမန်လူသားတွေလို ဗိုက်ထဲက အသံထွက်နိုင်မှာလဲ.. "
" ဂွီ..ဂွီ.."
စကားအဆုံးတွင် သူမ၏ ဗိုက်ထဲမှ အသံ ထပ်မံ ထွက်ပေါ်လာပြန်သည် ။
လုံယွဲ့ .. " . . . "
လင်းဖန် .. " . . . "
လုံယွဲ့နှင့် လင်းဖန်တို့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြပြီး အခန်းတွင်းမှာ ခဏတာမျှ တိတ်ဆိတ်သွားသည် ။
ဘူးပေါ်သလို ပေါ်နေပြီဖြစ်သဖြင့် လုံယွဲ့လည်း ထပ်ပြီး ငြင်းဆိုလို့ မရတော့ကြောင်း သိလိုက်သည် ။ ထို့ကြောင့် သူမသည် မျက်နှာနီနီဖြင့် လည်ချောင်းတစ်ချက် ဟန့်လိုက်ပြီး တည်ငြိမ်သော အမူအရာဖြင့် ..
" ကောင်းပြီလေ.. ဒါက ဒီဧကရီဆီက ထွက်တဲ့ အသံဆိုတာတော့ ဟုတ်ပါတယ် .. ဒါပေမဲ့ .. ဒါက ဒီဧကရီ ဗိုက်ဆာလို့ ဖြစ်တာ မဟုတ်ဘူး.. "
" ဒါ . . . ဒါက ဒီဧကရီ အခုနက အသက်ရှူသွင်းရှူထုတ် လုပ်ပြီး ကျင့်ကြံနေလို့ ဖြစ်ပေါ်လာတဲ့ ကောင်းကင်ယံ ဖြစ်စဉ်တစ်ခုပဲ..ဟုတ်တယ် .. အဲ့ဒါ ဟုတ်တယ် .. ဒီဧကရီရဲ့ ကျင့်ကြံမှု အဆင့်အတန်းနဲ့ဆိုရင် အနည်းငယ် လှုပ်ရှားလိုက်တာနဲ့ ဒီလို ကောင်းကင်ယံ ဖြစ်စဉ်လေးတွေ ဖြစ်ပေါ်လာတာက သာမန်ပါပဲ.. "
သူမ ပြောရင်းနှင့် သူမကိုယ်သူမ ယုံကြည်သွားပုံရကာ ခေါင်းငြိမ့်၍ ထောက်ခံနေလေ၏ ။
လင်းဖန်၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားပြီး သူမကို သနားကရုဏာ အကြည့်ဖြင့် ကြည့်လိုက်သည် ။
'သွားပြီ..'
' ဒီဧကရီက ဗိုက်ဆာလွန်းလို့ ကြောင်သွားပြီ ထင်တယ် .. သူ ပြောတာတွေက စိတ်ကယောင်ကတမ်း ဖြစ်နေသလိုပဲ..'