အခန်း (၁၉၃-၁၉၄)
Vol. 20 Ch. 193-194
အခန်း။ ၁၉၃
ရုပ်သေးဂိုဏ်း၏ အသည်းနှလုံး၊ မိစ္ဆာမြေဗဟိုချက်။
အကြီးအကဲ ၁၆ ဦးနှင့် ရှေးဟောင်းစစ်သူကြီး အရိပ်ရုပ်သေးတို့ ပေါင်းစပ်လိုက်ခြင်းမှာ ရုပ်သေးဂိုဏ်း၏ အင်အားအကောင်းဆုံး စစ်အင်အားကို စုစည်းလိုက်ခြင်းပင်။
အကြီးအကဲများအနေဖြင့် ထိုနေရာ၏ ထူးဆန်းသော အငွေ့အသက်ကို ခံစားနေရသော်လည်း ကြောက်ရွံ့တုန်လှုပ်သွားခြင်းမျိုးတော့ မရှိပေ။ ထို့ပြင် ဂိုဏ်းချုပ်ကိုယ်တိုင်က သူတို့၏ နောက်ကွယ်မှနေ၍ မည်သူမျှ အပျင်းမခိုစေရန်နှင့် တစ်ဦးကိုတစ်ဦး နောက်ကျောမှ ဓားဖြင့်
မထိုးစေရန် အနီးကပ်စောင့်ကြည့်နေသဖြင့် သူတို့သည် အသီးသီး ပြင်ဆင်ကြပြီး အတွင်းသို့ ချီတက်ခဲ့ကြသည်။
ရုတ်တရက်ဆိုသလို ရှဲရှဲမြည်သံများ ထွက်ပေါ်လာပြီး သတ်ဖြတ်ခြင်းအရည်များသည် ထူးဆန်းသော ခေါင်းများစွာပါသည့် သွေးမြွေကြီးများအလား သို့မဟုတ် သိပ်သည်းလှသော အနီရောင်ပိုက်ကွန်ကြီးများအလား ဟင်းလင်းပြင်အတွင်းသို့ ပျံ့နှံ့လာကာ ကျူးကျော်သူများကို အရူးအမူး တိုက်ခိုက်တော့သည်။
သို့သော် အကြီးအကဲများမှာလည်း အတွေ့အကြုံရင့်သူများဖြစ်ရာ အဝိုင်းပုံစံစစ်ဗျူဟာကို ခင်းကျင်းပြီး သူ တို့၏ အစွမ်းများကို အပြည့်အဝ ထုတ်ဖော်လိုက်ကြသည်။ ခရမ်းရောင်နန်းတော်အဆင့် ကျွမ်းကျင်သူ ၁၇ ဦးမှာ လည်ပတ်နေသော မီးအိမ်တစ်ခုအလား ရန်သူကို ခုခံရင်း မိစ္ဆာမြေ၏ အနက်ရှိုင်းဆုံးနေရာသို့ ဘီးတစ်ခုကဲ့သို့ လိမ့်ဝင်သွားကြသည်။
သတ်ဖြတ်ခြင်းအရည်မှာ ကြောက်မက်ဖွယ်ကောင်းသော်လည်း ထိုဖိအားအောက်တွင် အကြီးအကဲများသည် သူတို့၏ စူးစမ်းရှာဖွေမှုကို စတင်နိုင်ခဲ့သည်။ စုန်ယန်၏ စူးစိုက်ကြည့်ရှုမှုအောက်တွင် မည်သူမျှ မပေါ့ဆရဲကြပေ။ အပြန်အလှန် လှည့်စားမှုများကြားတွင် ကြီးပြင်းလာကြသော ဤမိစ္ဆာအိုကြီးများမှာ အသေးစိတ်အချက်အလက်များကို မြင်နိုင်စွမ်းရှိသော မျက်လုံးများ ပိုင်ဆိုင်ထားကြသည်။
သူတို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ၆ နာရီ၊ ၇ နာရီခန့်အတွင်းမှာပင် စူးစမ်းရှာဖွေမှုကို အဆုံးသတ်နိုင်ခဲ့သည်။ အကြီးအကဲ ၁၆ ဦးအနက် ခရမ်းရောင်နန်းတော် အစောပိုင်းအဆင့် အကြီးအကဲတစ်ဦး ကျဆုံးသွားခဲ့သည်။
ထိုအကြီးအကဲမှာ သတ်ဖြတ်ခြင်းအရည်များ ရုတ်တရက် ပေါက်ကွဲထွက်လာချိန်တွင် ထိရောက်စွာ မခုခံနိုင်ခဲ့ဘဲ ခြေကျင်းဝတ်ကို အကိုက်ခံလိုက်ရသည်။
အရည်များမှာ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားပြီး တစ်ကိုယ်လုံးတွင် အနီရောင် အမှတ်အသားများ ပေါ်လာကာ ဝေဒနာပြင်းစွာဖြင့် သေဆုံးသွားခဲ့ရသည်။
ကျန်ရှိနေသော အကြီးအကဲများက ကနဦးတွင် ကယ်တင်ရန် ကြိုးစားသော်လည်း အရည်များမှာ ခန္ဓာကိုယ်၏ တစ်ဝက်ခန့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း မြင်သောအခါ ပြတ်သားစွာပင် စွန့်လွှတ်လိုက်ကြသည်။ ထိုအရည်များ အပြည့်အဝ ဝင်ရောက်သွားချိန်တွင် သွေးကမ်းပါးယံကပင် သူ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်ရင်း "နှမြောစရာပဲ" ဟု ပြောလိုက်သည်။
"နှမြောစရာပဲ" ဟု ဆိုခြင်းမှာ ခရမ်းရောင်နန်းတော်အဆင့်သို့ ရောက်ခါစ အကြီးအကဲတစ်ဦး ကျဆုံးသွားခြင်းအတွက် မဟုတ်ဘဲ သတ်ဖြတ်ခြင်းအရည်၏ တိုက်စားမှုကြောင့် ထိုရုပ်
အလောင်းကို အစွမ်းထက်သော သွေးအလောင်းကောင်အဖြစ် ပြုလုပ်ရန် ပြန်လည်ယူဆောင်၍ မရနိုင်တော့ခြင်းအတွက်သာ။
ထိုအချိန်တွင် အကြီးအကဲများမှာ အပြင်ဘက်သို့ ပြန်လည်ဆုတ်ခွာလာခဲ့ကြပြီ ဖြစ်သည်။ သူတို့သည် သတ်မှတ်ထားသော နယ်နိမိတ်တစ်ခုကို ကျော်လွန်သွားသည်နှင့် အဝေးရှိ သတ်ဖြတ်ခြင်းအရည်များသည်လည်း လိုက်လံတိုက်ခိုက်ခြင်းကို ရပ်တန့်ကာ အရိပ်များအတွင်းသို့ တိတ်တဆိတ် ပြန်လည်ဝင်ရောက်ကာ ပုန်းကွယ်သွားကြသည်။
စုန်ယန်သည် ရှေးဟောင်းစစ်သူကြီး အရိပ်ရုပ်သေးရှိနေသဖြင့် အတွင်းပိုင်းအခြေအနေကို အကြမ်းဖျင်း သိရှိထားသော်လည်း အလွန်လျင်မြန်လှသော စူးစမ်းမှုဖြစ်သောကြောင့် အသေးစိတ်အချက်အလက်အားလုံးကို သူတစ်ယောက်တည်းနှင့် မသိရှိနိုင်ပေ။ သို့သော် အကြီးအကဲများ၏ သတင်းပေးပို့မှုများက ထိုကွက်လပ်ကို ဖြည့်ဆည်းပေးခဲ့သည်။
အကြီးအကဲများ အားလုံး၏ အချက်အလက်များကို ပေါင်းစပ်လိုက်သောအခါ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော သတ်ဖြတ်ခြင်းမြေတွင် မြေမိစ္ဆာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဗဟိုချက်၏ စွမ်းအင်သိပ်သည်းဆမှာ အဆင့်မြင့်တက်သွားကာ သတ်ဖြတ်ခြင်းအရည်များ ပေါ်ပေါက်လာခြင်းပင်။
ထိုနေရာတွင် တစ္ဆေကျင့်ကြံသူများအတွက် အရိပ်ရုပ်သေးများ ပြုလုပ်ပေးနေသည့် အရေခွံပညာရှင်များမှာလည်း ပွဲချင်းပြီး ရက်ရက်စက်စက် သေဆုံးသွားခဲ့ကြသည်။ သူတို့၏ ရုပ်အလောင်းများမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး အကျိတ်အခဲများ ဖုံးလွှမ်းနေသဖြင့် မည်သူမည်ဝါဖြစ်ကြောင်း မခွဲခြားနိုင်တော့ပေ။
သို့သော် ပြန့်ကျဲနေသော အရေခွံခွာသည့် ကိရိယာများနှင့် အမှတ်အသားပြားများအရ သူတို့၏ မူလမည်သူမည်ဝါဖြစ်ကြောင်းကို ခန့်မှန်းနိုင်ခဲ့ကြသည်။
ထို့ပြင် အတွင်းပိုင်း၌ အလွန်နက်ရှိုင်းသော ချောက်ကမ္ဘားကြီးတစ်ခုကိုလည်း တွေ့ရှိခဲ့ကြသည်။ ထိုချောက်၏ အစအနများမှာ အသစ်စက်စက်ဖြစ်ပြီး အစွမ်းထက်လှသော ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူတစ်ဦးကြောင့်သာ ဖြစ်ပေါ်နိုင်သည့် အရာဖြစ်သည်။ ပတ်ဝန်းကျင်၌ တွေ့ရှိရသော ထိပ်တန်းအဆင့် ပျံသန်းဓားနှင့် ပေါင်းစပ်ကြည့်လိုက်ပါက တစ္ဆေနီမြူဆရာကြီးမှာ ထိုနေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း ထပ်မံ၍ သက်သေပြနေသည်။
ဗဟိုချက်၏ အနက်ရှိုင်းဆုံးနေရာတွင်မူ သောင်းကျန်းနေသော အဆင့်မြင့် မိစ္ဆာသားရဲ အရိပ်
ရုပ်သေးအချို့နှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ ထိုအရိပ်ရုပ်သေးမှာ ချန်တန်ချင်း၏ ငွေရောင်ချပ်
ဝတ်ဆင် ဆင်ရိုင်းဖြစ်ကြောင်း ရုပ်သေးဂိုဏ်း အကြီးအကဲအတော်များများက မှတ်မိခဲ့ကြသည်။ ထိုရုပ်သေးမှာ ပိုင်ရှင်မဲ့ဖြစ်နေသဖြင့် ပိုင်ရှင်ဖြစ်သူ၏ ကံကြမ္မာမှာလည်း ခန့်မှန်းရ မခဲယဉ်းတော့ပေ။
တစ္ဆေကျင့်ကြံသူများ၏ ခေါင်းဆောင် ကျန်းဟန်၏ သဲလွန်စကိုမူ မတွေ့ရှိရသေးပေ။ သို့သော် အကြီးအကဲများက ယူဆသည်မှာ မြေခွေးအဘွားအိုနှင့် တိုက်ပွဲဖြစ်စဉ်အတွင်း ပြင်းထန်စွာ ဒဏ်ရာရရှိထားသော ကျန်းဟန်သည် ရုတ်တရက်ဖြစ်ပွားခဲ့သော မြေမိစ္ဆာပေါက်ကွဲမှုအတွင်း သေဆုံးသွားနိုင်ခြေ အလွန်များပြားသည်။
အဘယ်ကြောင့်ဆိုသော် မြေမိစ္ဆာစွမ်းအင်များ စတင်ပေါက်ကွဲထွက်လာချိန်တွင် ၎င်း၏ အင်အားမှာ အလွန်တရာမှ ပြင်းထန်လွန်းလှသောကြောင့်ပင်။ ၎င်းသည် ဗဟိုချက်တစ်ခုလုံးရှိ သတ်ဖြတ်ခြင်းအရည်များအားလုံး စုစည်းသွားပြီး လူတစ်ဦးတည်းကိုသာ ဝါးမျိုလိုက်သကဲ့သို့ ပြင်းထန်သည်။
ဘယ်သူကရော ဒီလိုပေါက်ကွဲမှုဒဏ်ကို ခံနိုင်မှာလဲ။
သွေးကမ်းပါးယံ၊ မုတ်ဆိတ်နီ သို့မဟုတ် မုယွဲ့တို့ပင်လျှင် ထိုကဲ့သို့သော မြေမိစ္ဆာပေါက်ကွဲမှုမျိုးမှ အသက်ရှင်လွတ်မြောက်နိုင်မည်ဟု မည်သူမျှ မပြောရဲကြချေ။ ဒဏ်ရာပြင်းထန်စွာ ရရှိထားသော ကျန်းဟန်အတွက်မူ ပို၍ပင် မဖြစ်နိုင်တော့ပေ။
လက်ရှိတွင် ပေါက်ကွဲမှုမှာ ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပြီဖြစ်ရာ ၎င်း၏အရှိန်အဟုန်မှာ ကနဦးပေါက်ကွဲစဉ်ကကဲ့သို့ မပြင်းထန်တော့ပေ။ ထို့ကြောင့်လည်း ရုပ်သေးဂိုဏ်း၏ ခရမ်းရောင်နန်းတော်အဆင့် အကြီးအကဲများအားလုံး စုပေါင်းအားထုတ်လိုက်သောအခါ အကျအဆုံး တစ်ဦးတည်းဖြင့် စူးစမ်းရှာဖွေမှုကို အဆုံးသတ်နိုင်ခဲ့ခြင်းပင်။
စုန်ယန်၏ အကြည့်သည် တိုက်စားခံထားရသော အကြွင်းအကျန်အချို့ပေါ်သို့ ရောက်ရှိသွားပြီး ဝမ်စုစုဟူသော အမည်ပါသည့် အမှတ်အသားပြားပေါ်တွင် ရပ်တန့်သွားသည်။ သူသည် ထိုအပြားကို လှမ်းယူကာ တစ်ချက်ကြည့်ပြီးနောက် ကုန်းလီပိုင်ထံသို့ ပစ်ပေးလိုက်ပြီး
"ဒါက ကျွင်းချင်းရဲ့ အဖော်ဆီက ကျန်ခဲ့တဲ့ပစ္စည်းပဲ... သူ့ဆီ ပြန်ပေးလိုက်ပါ" ဟု ပြောလိုက်သည်။
ကုန်းလီပိုင်သည် ၎င်းကို လက်ခံရယူကာ ရိုသေစွာဖြင့် နောက်သို့ ဆုတ်သွားခဲ့သည်။ အကြီးအကဲများအားလုံး တိတ်ဆိတ်သွားကြပြီး စုန်ယန်၏ နောက်ထပ်ညွှန်ကြားချက်ကို စောင့်ဆိုင်းနေကြသည်။
လူတိုင်း အံ့ဩသွားစေသည်မှာ စုန်ယန်က အေးအေးလူလူ ပြောလိုက်ခြင်းပင်။
"စူးစမ်းတာ ပြီးပြီဆိုတော့ ပြန်ကြတာပေါ့။ ဒီနေရာကိုတော့ တားမြစ်နယ်မြေအဖြစ် သတ်မှတ်ထားလိုက် ဘယ်သူမှ ပေးမဝင်နဲ့။ ဒီမိစ္ဆာမြေက ကြောက်စရာကောင်းတယ်ဆိုပေမဲ့ ဒီမှာ ကျင့်ကြံသူတွေ အများကြီး ထပ်မသေဘူးဆိုရင်တော့ စိုးရိမ်စရာ မရှိပါဘူး"
အကြီးအကဲများသည် ပြန်ရမည်ဟု ကြားသောအခါ ကနဦးတွင် အလကား အလုပ်ရှုပ်ခံရသည်ဟု ခံစားလိုက်ရသော်လည်း အသေအချာ ပြန်စဉ်းစားကြည့်လျှင်လည်း ဤနေရာတွင် ဘာတွေဖြစ်နေမှန်း သိသွားပြီဖြစ်ရာ ဆက်လက်နေထိုင်ရန် အကြောင်းပြချက် မရှိတော့ပေ။
ရက်အနည်းငယ် ကြာပြီးနောက် ကျင်းပြည်ထောင်၏ မြို့တော်တွင် မြေခွေးမိစ္ဆာ ဘေးအန္တရာယ်ကျရောက်နေသဖြင့် ရုပ်သေးဂိုဏ်းထံ အကူအညီ တောင်းခံလာခဲ့သည်။ စုန်
ယန်သည် "ကိုယ်လက်လှုပ်ရှားရင်း အကြောဆန့်ချင်တယ်" ဟူသော အကြောင်းပြချက်ဖြင့် ဤတာဝန်ကို အားတက်သရော လက်ခံလိုက်သည်။ ထို့နောက် အပြန်ခရီးတွင် သူသည် ရုပ်သေးဂိုဏ်း၏ တောင်တန်းဒေသသို့ တစ်ပတ်လှည့်လာခဲ့ပြီး မိစ္ဆာမြေဗဟိုချက်၏ အစပ်သို့ တစ်ခေါက်ပြန်လည် ရောက်ရှိလာခဲ့သည်။
သူ ယခုအချိန်တွင် ဤနေရာ၌ ရှိနေမည်ကို မည်သူမျှ မသိနိုင်ပေ။
အကြီးအကဲများ၏ ကြားဖြတ်နှောင့်ယှက်နိုင်မှု သံသယကိုလည်း ရှင်းလင်းပြီးပြီဖြစ်သည်။ အတွင်းပိုင်း အခြေအနေကိုလည်း သူ နားလည်ပြီးသား ဖြစ်သည်။
ဤသို့ဆိုလျှင် မြေမိစ္ဆာ ပေါက်ကွဲမှုဟူသည်မှာ မြေအောက်တွင် စုပုံနေသော မိစ္ဆာစွမ်းအင်များသည် တဖြည်းဖြည်း များပြားလာကာ အသွင်ပြောင်းလဲရမည့် အဆင့်သို့ ရောက်ရှိသွားခြင်းပင်။
၎င်းသည် စုန်ယန် စိတ်ကူးထားသည့်အတိုင်းပင် မသိနိုင်သော မြေထုစွမ်းအင် လှုပ်ရှားမှုများကြားတွင် မီးတောင်ပေါက်ကွဲသကဲ့သို့ ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်တစ်ခုပင်။
အခန်း။ ၁၉၄
ဤကဲ့သို့သော သဘာဝဘေးအန္တရာယ်များသည် မိစ္ဆာစွမ်းအင် အဆင့်မြှင့်တင်မှုကို အမှန်တကယ်ပင် ဖြစ်ပေါ်စေခဲ့သည်။
သို့သော် ရလဒ်များကို ကြည့်ခြင်းအားဖြင့် ဤသို့ အဆင့်မြင့်သွားသော မိစ္ဆာမြေသည် စုန်ယန်အတွက် လုံးဝကောင်းသည် သို့မဟုတ် ဆိုးသည်ဟု တထပ်တည်း မပြောနိုင်ပေ။ တစ်ခုရှိသည်မှာ သူ၏ အဆင့်နိမ့် တစ္ဆေထူးကဲအမြစ်ကို အလယ်အလတ်အဆင့် တစ္ဆေထူးကဲအမြစ်အဖြစ် မြှင့်တင်နိုင်ရန် ပိုမိုကြီးမားသော မျှော်လင့်ချက် ရှိလာခြင်းပင်။
သူသည် မိစ္ဆာမြေဗဟိုချက်၏ အစပ်တွင် ရပ်နေရင်း လက်ကို အသာအယာ လှုပ်ရှားလိုက်ရာ ရှေးဟောင်းစစ်သူကြီး၊ အဘွားအိုဟုန်နှင့် မြေခွေးအဘွားအိုတို့၏ အရိပ်ရုပ်သေးများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
သူသည် ၎င်းတို့ကို တစ်လုပ်တည်းဖြင့် ဝါးမျိုလိုက်တော့သည်။
ခရမ်းရောင်နန်းတော် အလယ်အလတ်အဆင့်ရှိ အရိပ်ရုပ်သေး သုံးခုကြောင့် သူ၏ စွမ်းအားမှာ ပိုမိုတောင့်တင်းလာခဲ့သည်။ ဝိညာဉ်သန့်စင်ခြင်းအဆင့် ရုပ်သေးများကိုမူ လောလောဆယ်တွင် ဝါးမျိုရန် မလိုအပ်သေးပေ။ အဘယ်ကြောင့်ဆိုသော် အခြားသော အတတ်ပညာများအတွက် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ချန်လှပ်ထားရဦးမည် ဖြစ်သောကြောင့်ပင်။
ပုံသဏ္ဍာန်တစ်ရာ မိစ္ဆာခန္ဓာကို အသက်သွင်းပြီးနောက် သူသည် ပျံသန်းဓားနှစ်လက်ကို ထုတ်ယူကာ သူ၏ ဘေးပတ်လည်တွင် ဝဲပျံစေလိုက်သည်။ အခွင့်အရေးရသည်နှင့် ဓားမိစ္ဆာ နဂါးနက်တိုက်ကွက်ကို အသုံးပြုရန် အသင့်ပြင်ထားခြင်းပင်။
သူ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း အစွမ်းသတ္တိများ၊ အရှိန်အဟုန်နှင့် လျင်မြန်ဖြတ်လတ်မှုများကို မြှင့်တင်ပေးမည့် မန္တန်အဆောင်တစ်ခုကို ကပ်ထားလိုက်သည်။
ထိုသို့ ပြင်ဆင်ပြီးနောက် သက်တမ်းရှစ်ရာရှိ ဝိညာဉ်နစ်မြုပ်မြက် နှစ်ပင်ထည့်ထားသော ကျောက်စိမ်းသေတ္တာကို ထုတ်ယူကာ အသေအချာ စစ်ဆေးပြီးမှ မိစ္ဆာမြေဗဟိုချက်အတွင်းသို့ လှမ်းဝင်လိုက်သည်။
ရှပ်…ရှပ်…
ဖရိုဖရဲဖြစ်နေသော မိစ္ဆာမြေအတွင်း၌ သူ၏ ခြေသံများမှာ သိသိသာသာ ပဲ့တင်ထပ်နေသည်။ အရပ်မျက်နှာအသီးသီးမှ ရင်းနှီးနေသော တရှဲရှဲမြည်သံများ ထွက်ပေါ်လာသည်။
မကြာမီမှာပင် အနီရောင်အလင်းတစ်ချက် လက်သွားသည်။ စုန်ယန်သည် အမူအရာမပျက်ဘဲ ခေါင်းကို အနည်းငယ် စောင်းလိုက်ရာ သတ်ဖြတ်ခြင်းအရည်မှာ သူ၏ ခေါင်းဘေးတွင် ခဲသွားပြီး နောက်တစ်စက္ကန့်၌ပင် ကွဲထွက်ခြင်း၊ လိမ်တွန့်ခြင်းနှင့် လက်သည်းများသဏ္ဍာန် ပြောင်းလဲခြင်းတို့ကို လုပ်ဆောင်ကာ သူ့ကို ထပ်မံခုန်အုပ်ရန် ကြိုးပမ်းတော့သည်။
အဝေးမှနေ၍လည်း အခြားသော သတ်ဖြတ်ခြင်းအရည်များမှာ မြွေတစ်ကောင်အလား အကဲခတ်နေကြပြီး သူ့ထံသို့ ပစ်ဝင်လာရန် အားယူနေကြသည်။
စုန်ယန်သည် သူ၏ မျက်လုံးထောင့်မှနေ၍ ခေါင်းဘေးရှိ သတ်ဖြတ်ခြင်းအရည်ကို တစ်
ချက်ကြည့်ကာ လက်ညှိုးကို မြှောက်လိုက်ပြီး ထိုအရည်ဆီသို့ အသာအယာ ညွှန်ပြလိုက်တော့သည်။
ဗုန်း…..
ထိုလက်ညှိုးသည် ဖန်ဆင်းရှင်တစ်ပါး၏ လက်ညှိုးအလား ဟင်းလင်းပြင်အတွင်း ရေလှိုင်းတစ်ခုကို ဖန်တီးလိုက်သည်။ ဖရိုဖရဲဖြစ်နေသော မိစ္ဆာမြေအတွင်း၌ ထူးဆန်းသော စွမ်းအားတစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။
ပြေးဝင်လာသော သတ်ဖြတ်ခြင်းအရည်မှာ ပြင်းထန်သော ရိုက်ခတ်မှုတစ်ခုကို ခံလိုက်ရသည့်အလား အရှိန်ပျက်ကာ အဝေးသို့ လွင့်စင်သွားပြီး ပတ်ဝန်းကျင်ရှိ မိစ္ဆာစွမ်းအင်များလည်း ထိုဦးတည်ချက်အတိုင်း လွင့်ပါသွားတော့သည်။
စုန်ယန်က လက်ကို ထပ်မံဝှေ့ယမ်းလိုက်ပြန်သည်။
ဘုန်း…..
မိစ္ဆာမြေအတွင်း၌ ဒီရေများ ရုတ်တရက် တက်လာသကဲ့သို့ အသံဗလံများ ပြင်းထန်စွာ ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်ပတ်လည်ရှိ မိစ္ဆာစွမ်းအင်များမှာ သိသိသာသာ ပါးလျသွားပြီး ကျန်ရှိနေသော စွမ်းအင်များမှာလည်း သူ့ထံသို့ မချဉ်းကပ်ရဲကြတော့ပေ။
ဤသည်မှာ စွမ်းအင်ပေါက်ကွဲခြင်းအတတ်ကို နှစ်ကြိမ်တိုင်တိုင် ပြည့်စုံစွာ အဆင့်မြှင့်တင်ထားသော မိစ္ဆာဒီရေအတတ်ပင်။
ဤကျင့်စဉ်သည် မိစ္ဆာမြေအတွင်း၌ ကျင့်ကြံသူကို မြစ်စောင့်နတ်မင်းတစ်ပါးအသွင် ပြောင်းလဲပေးနိုင်သည်။ မိစ္ဆာစွမ်းအင်များမှာ ပင်လယ်ပြင်ကဲ့သို့ ကျယ်ပြောလှသော်လည်း ထိုစွမ်းအင်များကို ဒီရေလှိုင်းများအဖြစ် ပြောင်းလဲကာ တွန်းထုတ်နိုင်သည်။
ဤစွမ်းအားမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော်လည်း ၎င်းမှာ နယ်မြေအခြေပြုမန္တန်အမျိုးအစား ဖြစ်သည်။ မိစ္ဆာမြေ၏ ပြင်ပတွင်မူ ဤအတတ်မှာ အသုံးမဝင်သော်လည်း မိစ္ဆာမြေအတွင်း၌မူ တကယ့်ကို တန်ခိုးကြီးသည်။
မူလ စွမ်းအင်ပေါက်ကွဲခြင်းအတတ်မှာ ဝိညာဉ်သန့်စင်ခြင်း တတိယအဆင့် ကျင့်စဉ်မျှသာ ဖြစ်သော်လည်း နှစ်ကြိမ်တိုင်တိုင် ပြည့်စုံစွာ ဖော်ထုတ်ပြီးနောက်တွင်မူ ခရမ်းရောင်နန်းတော် နောက်ဆုံးအဆင့်ရှိသော စုန်ယန်သည်ပင် ချို့ယွင်းချက်မရှိ အသုံးချနိုင်ခဲ့ပြီ ဖြစ်သည်။
စုန်ယန်သည် ပတ်ဝန်းကျင်ကို သတိထားစောင့်ကြည့်ရင်း အတွင်းသို့ ဆက်လက်ဝင်ရောက်လာသည်။ သူသည် အကြိမ်ကြိမ် လက်ကို ဝှေ့ယမ်းကာ မိစ္ဆာဒီရေအတတ်ကို အသုံးပြု၍ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းအရည်များကို သူနှင့် ဝေးရာသို့ တွန်းထုတ်ထားသည်။ ၎င်းတို့ကို သူနှင့် ကိုက်အနည်းငယ်အကွာတွင်သာ ရှိနေစေရန် ထိန်းချုပ်ထားခြင်းပင်။
အကယ်၍ ထိုအရည်များ အနားသို့ ကပ်လာပါက ပြင်းထန်သော တိုက်ပွဲမှာ ရှောင်လွှဲ၍ ရမည်
မဟုတ်ပေ။ သို့သော် မန္တန်ဖြင့် နှိမ်နင်းခြင်းဆိုသည်မှာ အမှန်တကယ်ပင် အံ့ဩဖွယ်ကောင်းသည်။ ဤအချက်က စုန်ယန်ကို အလွန်ပင် သက်သောင့်သက်သာ ဖြစ်စေသည်။
ရှေးဟောင်းစစ်သူကြီး အရိပ်ရုပ်သေးမှာ ပုန်းရှောင်ရင်းနှင့်ပင် ခဲယဉ်းစွာ ဝင်ရောက်ခဲ့ရပြီး အကြီးအကဲ ၁၆ ဦးမှာလည်း အသက်အန္တရာယ်ကြားမှ အဝိုင်းပုံစံစစ်ဗျူဟာဖြင့် စူးစမ်းခဲ့ရသော်လည်း စုန်ယန်အတွက်မူ ဤနေရာသို့ လာရခြင်းမှာ လမ်းလျှောက်ထွက်ရသကဲ့သို့ပင်။
နာရီဝက်ခန့် ကြာသောအခါ ပတ်ဝန်းကျင်ရှိ မိစ္ဆာစွမ်းအင်များမှာ အလွန်ပင် သိပ်သည်းလာခဲ့သည်။ သူသည် သတ်ဖြတ်ခြင်းအရည်များဖြင့် ပြည့်နှက်နေသော ပင်လယ်နက်ကြီးထဲသို့ လမ်းလျှောက်ဝင်သွားသကဲ့သို့ ခံစားနေရသည်။ မိစ္ဆာဒီရေအတတ်ကို အဆက်မပြတ် အသုံးပြုနေသော်လည်း ထိုအရည်များကို သူနှင့် ၁၀ ကိုက်ခန့်အကွာသို့သာ တွန်းပို့နိုင်တော့သည်။
သို့သော် သတ်ဖြတ်ခြင်းအရည်များမှာ အဆုံးမရှိအောင် များပြားလှသည်။ မိစ္ဆာစွမ်းအင်များမှာ လှိုင်းများအလား နောက်သို့ ဆုတ်သွားသော်လည်း ပင်လယ်သားရဲများနှင့် တူသော ထိုတစ္ဆေသဏ္ဍာန် အရာများမှာ စုန်ယန်၏ ခန္ဓာကိုယ်ကို လောဘတကြီးဖြင့် ကြည့်ကာ ခုန်အုပ်ရန် အားယူနေကြဆဲပင်။
စုန်ယန်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဒီနေရာပဲ ဖြစ်ရမယ်"
တည်နေရာကို အတည်ပြုပြီးနောက် စုန်ယန်သည် ရင်ဘတ်အတွင်းမှ သွေးရောင်လွှမ်းနေသော စက္ကူအိမ်လေးတစ်လုံးကို ထုတ်ယူကာ ရှေ့သို့ ပစ်လိုက်သည်။
ထိုစက္ကူအိမ်သည် လေထဲတွင် တဖြည်းဖြည်း ကြီးထွားလာပြီး သတ်ဖြတ်ခြင်းအရည်များ၏ ဗဟိုချက်တည့်တည့်သို့ ကျဆင်းသွားသည်။
"ကျိ... ကျိ..."
"ဗုန်း..."
"ဗြန်း... ဗြန်း..."
အသံပေါင်းစုံ ထွက်ပေါ်လာပြီး စက္ကူအိမ်၏ နံရံများမှာ ဖိသိပ်ခံရမှုကြောင့် ပျက်စီးလုနီးပါး အက်ကွဲကြောင်းများ ပေါ်လာသည်။ သို့သော် ပျက်စီးတော့မည့် ဆဲဆဲတွင် ပတ်ဝန်းကျင်မှ တိုက်ခိုက်မှုအားလုံး ရုတ်တရက် ပျောက်ကွယ်သွားပြီး အဆောက်အအုံမှာ ထိုနေရာ၌ပင် အမြစ်တွယ်သွားတော့သည်။ ၎င်းသည် ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်သွားပြီး သတ်ဖြတ်ခြင်းအရည်များ၏ တိုက်ခိုက်မှုကို မခံရတော့ချေ။
စုန်ယန်သည် တံခါးကို တွန်းဖွင့်ကာ ရင်ပြင်အတွင်းသို့ လှမ်းဝင်လိုက်သည်။ အတွင်းပိုင်းရှိ လေထုမှာ လတ်ဆတ်ခြင်းမရှိသော်လည်း အနည်းဆုံးတော့ လူနေထိုင်ရန် သင့်တော်သော အနေအထားတွင် ရှိသည်။ ဤသည်မှာ စက္ကူဖြတ် နတ်နန်းဗိမာန်၏ ကြောက်မက်ဖွယ်
ကောင်းသော အစွမ်းပင်။
အကယ်၍ စက္ကူ၏ အရည်အသွေးကောင်းမွန်ပြီး ပထမအဆင့် တိုက်ခိုက်မှုဒဏ်ကို ခံနိုင်ရည်ရှိပါက ၎င်းသည် ပတ်ဝန်းကျင်နှင့် လျင်မြန်စွာ ချိတ်ဆက်သွားပြီး အတွင်း၌ နေထိုင်နိုင်သော ဟင်းလင်းပြင်တစ်ခုကို ဖန်တီးပေးသည်။
စုန်ယန်သည် အိမ်နံရံများကို အကဲခတ်ကြည့်လိုက်သည်။ သတ်ဖြတ်ခြင်းအရည်များ၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်ခဲ့သော အက်ကွဲကြောင်းများမှာ ပြန်လည်ကောင်းမွန်လာခြင်း မရှိဘဲ သစ်ကိုင်းများ သို့မဟုတ် ပင့်ကူအိမ်များမှာ နေရာအနှံ့ ပျံ့နှံ့နေသည်။
ဆိုလိုသည်မှာ အကယ်၍ သူသည် ဤအိမ်ကို ပြန်လည်သိမ်းဆည်းပြီး နောက်တစ်ကြိမ် ပြန်ချပါက ၎င်းသည် သတ်ဖြတ်ခြင်းအရည်၏ ဒဏ်ကို ခံနိုင်တော့မည်မဟုတ်ဘဲ ချက်ချင်း ပျက်စီးသွားပေလိမ့်မည်။ ထို့ကြောင့် ဤအိမ်ကို မကြာခဏ ပြုပြင်ရန် လိုအပ်ပြီး ပြုပြင်၍မရပါက အသစ်တစ်ခုနှင့် လဲလှယ်ရမည်ဖြစ်သည်။
လက်တွေ့အသုံးချမှုတွင် စုန်ယန်သည် ဤလျှို့ဝှက်အတတ်ကို ပိုမိုနားလည်လာခဲ့သည်။ သူသည် ရင်ပြင်အပြင်ဘက်ရှိ ကောင်းကင်ယံကို လှမ်းကြည့်လိုက်သည်။ သတ်ဖြတ်ခြင်းအရည်များ စီးဆင်းနေပြီး အရေခွံနှင့် အရိုးများမှာ ဖရိုဖရဲဖြစ်ကာ လွင့်ပျံနေကြသည်။ ကျောက်တုံးကြီးများနှင့် ဖုန်မှုန့်များမှာလည်း တဖွဲဖွဲ ကျဆင်းနေသော်လည်း အရာအားလုံးမှာ မမြင်နိုင်သော အလွှာတစ်ခုဖြင့် ခြားထားသကဲ့သို့ ရှိနေသည်။ ၎င်းသည် ရေငုပ်သင်္ဘောထဲမှနေ၍ ပြင်ပရှိ ပင်လယ်နက်မိစ္ဆာကြီးများကို မှန်ချပ်များကြားမှ ကြည့်နေရသကဲ့သို့ပင်။
ဒီနေရာမှာပဲ... ထူးကဲအမြစ်ပါရမီကို အေးအေးဆေးဆေး မြှင့်တင်တော့မယ်။
စုန်ယန်သည် သက်ပြင်းတစ်ချက်ချကာ တင်ပျဉ်ခွေထိုင်ရန် ပြင်လိုက်သည်။ ထိုစဉ်မှာပင် သူ၏ ကျောဘက်မှနေ၍ စူးရှသော ဆူးဖြင့် အထိုးခံရသကဲ့သို့ ခံစားချက်တစ်ခု ပေါ်လာသည်။ မရေမတွက်နိုင်သော အပ်ငယ်လေးများက သူ၏ အသားထဲသို့ ဖြည်းညင်းစွာ တွန့်လိမ်၍ ဝင်ရောက်လာသကဲ့သို့ပင်။ သူ၏ စိတ်ဝိညာဉ်မှာလည်း အေးခဲနေသော ငရဲခန်းတစ်ခုအတွင်းသို့ ရုတ်တရက် ရောက်ရှိသွားပြီးနောက် ရေခဲရေများ ပြည့်နေသော စည်ပိုင်းကြီးအတွင်းသို့ အတင်းအကျပ် နှစ်မြှုပ်ခံလိုက်ရသကဲ့သို့ စူးရှသော နာကျင်မှုနှင့် အသက်ရှူကျပ်မှုကို ခံစားလိုက်ရတော့သည်။
ဤထူးဆန်းသော အာရုံကြောင့် စုန်ယန်၏ မျက်လုံးများမှာ ရုတ်တရက် ပြူးကျယ်သွားခဲ့သည်။
ဒီမိစ္ဆာမြေဗဟိုချက်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ငါတစ်ယောက်တည်းပဲ ရှိနေတယ်လို့ ထင်နေတာ။ ဒါပေမဲ့ ဒီနေရာမှာ နောက်ထပ် တစ်ယောက်ရှိနေသေးတာလား။