← Chapters

အခန်း (၂၅၃-၂၅၄)

Vol. 20 Ch. 253-254

အခန်း (၂၅၃-၂၅၄)

Vol. 20 Ch. 253-254

အခန်း ၂၅၃

- အပိုင်း ၄၇ - မိစ္ဆာဘုရင် ရွေးချယ်ပွဲ (၇)

ကိုင်ရီယော့စ် သည် ယခုအချိန်အထိ တပည့် သုံးဦးကိုသာ လက်ခံခဲ့ဖူးသည်။ တစ်ဦးကို သူ ပထမဆုံးအကြိမ် အဆင့်ကျော်လွန်ခြင်း ပြီးမြောက်ပြီးနောက်တွင် လက်ခံခဲ့ခြင်းဖြစ်ပြီး နောက်တစ်ဦးမှာမူ နှစ်ပေါင်း ၅၀ ကြာမြင့်ပြီးမှ လက်ခံခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင်တော့ သူသည် အချိန်အတန်ကြာသည်အထိ မည်သည့်တပည့်ကိုမျှ ထပ်မံလက်မခံတော့ပေ။

ထိုသို့လက်မခံခဲ့ခြင်းမှာ သူ၏ ယခင်တပည့်များအားလုံး သေဆုံး သွားခဲ့ကြသောကြောင့် ဖြစ်သည်။ တစ်ဦးမှာ သွေးမိစ္ဆာဂိုဏ်း ၏ ဆက်ခံသူလက်တွင် သေဆုံးခဲ့ရပြီး အခြားတစ်ဦးမှာမူ သွေးမိစ္ဆာဂိုဏ်း ကြောင့်သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဤသေဆုံးမှု နှစ်ခုကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များက ‘ဝိရောဓိ ဘတ်ချွန်း’ဆိုသည့် ကိုင်ရီယော့စ် ရော့ဒ်ဂရိမ် ကို ကျော်ကြားလာစေခဲ့သည်။ သူ၏ တပည့်များ သေဆုံးသွားရသဖြင့် အမျက်ဒေါသ ထွက်ခဲ့ရသော ကိုင်ရီယော့စ် သည် သွေးမိစ္ဆာဂိုဏ်း၏ အခြေစိုက်စခန်းများကို တိုက်ခိုက်ဖျက်ဆီးခဲ့သည်။ ထိုစဉ်က သိုင်းလောကတွင် ဘာတွေ အတိအကျ ဖြစ်ပျက်ခဲ့သည်ကို မသိရှိရသော်လည်း တစ်ခုကတော့ သေချာနေခဲ့သည်။

တောင်တန်းပေါင်းတစ်သိန်း၏ ထက်ဝက်ခန့်မှာ တောင်ကတုံးများ ဖြစ်သွားခဲ့ရပြီး သွေးမိစ္ဆာဂိုဏ်း သည် ပထမဆုံးသိုင်းလောက မှ သူတို့၏ အင်အားစုများကို ရုပ်သိမ်းသွားခဲ့ရသည်။

နောက်ထပ် အနှစ် ၁၀၀ ကြာပြီးနောက်တွင်တော့ ကိုင်ရီယော့စ် သည် တပည့်တစ်ဦးကို ထပ်မံလက်ခံခဲ့ပြန်သည်။ ကိုင်ရီယော့စ် သည် အခက်အခဲများစွာ ကြုံတွေ့ရပြီးမှ တွေ့ဆုံခဲ့ရသည့် ထိုတပည့်ကို မေးလိုက်၏။

[...ဒါက ဘာဖြစ်နေတာလဲ]

"နုံချာလှတဲ့ ဒီတပည့်က ဆရာ့ကို ဂါရဝပြုပါတယ်"

ကိုင်ရီယော့စ် သည် သူ၏ တပည့်ကို ခါးသီးသော အမူအရာဖြင့် ကြည့်ရှုလိုက်သည်။ ဤသူမှာ သူ၏ နှလုံးသားဖြင့် လက်ခံခဲ့သည့် နောက်ဆုံးသော တပည့်ပင် ဖြစ်သည်။

[ငါ မင်းကို မေးနေတယ်လေ။ ဘာလို့ ဒီလို ဖြစ်နေရတာလဲ]

ဤတပည့်မှာ ပါရမီလည်း မရှိသလို သဘောကျစရာ အကွက်လည်း ဘာမှမရှိချေ။ သူတို့ စတင်တွေ့ဆုံသည့် အချိန်ကတည်းကပင် တပည့်ဖြစ်သူသည် ရင်းနှီးသလိုမျိုး ပြုမူခဲ့သည့်အပြင် သူတို့နှစ်ဦးမှာ အချိန်အကြာကြီး သိကျွမ်းခဲ့ကြသလိုမျိုးလည်း ပြုမူခဲ့သည်။ တပည့်ဖြစ်သူသည် ဝိရောဓိ ဘတ်ချွန်း အပေါ်တွင် ‘ခင်မင်ရင်းနှီးမှု’ ရှိနေခဲ့သည်။ အလွန်ပင် ထူးဆန်းလှသဖြင့် ကိုင်ရီယော့စ် သည် တပည့်ဖြစ်သူ၏အကြောင်းကို အနည်းငယ် သိချင်စိတ် ပေါက်သွားခဲ့ခြင်း ဖြစ်၏။

"ကျနော် ပထမဆုံးသိုင်းလောက ကို ရောက်သွားခဲ့ပါတယ်"

ကိုင်ရီယော့စ် သည် သွေးများဖြင့် စွန်းပေနေသော သူ၏ တပည့်ကို စိုက်ကြည့်လိုက်သည်။ သူသည် ငြိမ်းချမ်းမြေ ပေါ်တွင် ဆိုးသွမ်းမှုများဖြင့် ပြည့်နှက်နေသည့် လူတစ်ဦး ဖြစ်ခဲ့သည်။ ကိုင်ရီယော့စ် အနေဖြင့် နည်းစနစ်ကို ခိုးယူပြီး ထွက်ပြေးခဲ့သည့် ပြစ်မှုအတွက် သူ့ကို အပြစ်မပေးခဲ့ခြင်းမှာ သူသည် ကိုင်ရီယော့စ် ၏ ဂြိုဟ်ကို ကယ်တင်ပေးခဲ့သောကြောင့် ဖြစ်သည်။

ထို့ကြောင့် ကိုင်ရီယော့စ် သည် စောင့်ဆိုင်းနေခဲ့သည်။ တစ်နေ့နေ့တွင် သူ၏ တပည့်သည် မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ပြီး ပြန်လည်ပေါ်လာလိမ့်မည်ဟု သူယူဆခဲ့သည်။ သို့သော်လည်း သူ၏ တပည့်မှာ ဤကဲ့သို့သော ပုံစံဖြင့် ပေါ်လာခဲ့ရသည်။

ကိုင်ရီယော့စ် သည် မျက်မှောင်ကြုတ်လိုက်ရင်းမှ ပြောလိုက်သည်။

[မင်းရဲ့ ဒဏ်ရာတွေထဲမှာ ကောင်းကင်ဖြိုခွင်းဓါးသိုင်း ရဲ့ အကြွင်းအကျန်တွေ ရှိနေတယ်]

"..."

[မင်းက ကောင်းကင်ဖြိုခွင်းဓါးသူတော်စင်ရဲ့ တပည့်နဲ့ တွေ့ခဲ့တာလား။ ဒါမှမဟုတ် ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် ကိုယ်တိုင်နဲ့ တွေ့ခဲ့တာလား]

တပည့်ဖြစ်သူက ပြန်မဖြေခဲ့ပေ။ ကိုင်ရီယော့စ် ၏ ဖိအားများမှာ ပိုမိုပြင်းထန်လာခဲ့သည်။

[ငါ့ကို ဖြေစမ်း]

စက်မှုဇုန်တစ်ခုလုံးမှာ နင်းခြေခံလိုက်ရသည့် ပိုးကောင်တစ်ကောင်ကဲ့သို့ တွန့်လိမ်သွားခဲ့ရသည်။ တည်ရှိမှုများ ပြန့်နှက်သွားခဲ့ပြီး စက်မှုဇုန်အတွင်းရှိ ကင်ဒေါ့ဂျာ များအားလုံးမှာ နာကျင်မှုကြောင့် ဒူးထောက်လိုက်ကြရ၏။ မှော်စွမ်းအင် လှိုင်းတစ်ခုမျှသာ ဖြစ်သော်လည်း သူ၏ ‘အဆင့်အတန်း’ ကို ထုတ်ဖော်ပြသလိုက်သလိုမျိုး ဖြစ်နေခဲ့သောကြောင့် ဖြစ်သည်။ ဤသည်မှာ ဝိရောဓိ ဘတ်ချွန်း ၏ တည်ရှိမှုပင် ဖြစ်သည်။ ဒူးမထောက်ဘဲ ကျန်ရှိနေသည့် တစ်ဦးတည်းသောသူမှာ သူ၏ တပည့်သာ ဖြစ်၏။

" ကျနော့်ရဲ့ ဒီလိုပုံစံမျိုးကို ဆရာ့ကို မမြင်စေချင်ခဲ့ဘူး"

[အဲဒါက ဘာကို ဆိုလိုတာလဲ]

"ကျနော်က ဘတ်ချွန်း ရဲ့ နာမည်ကို ညှိုးနွမ်းစေခဲ့ပါပြီ"

[...]

"ကျနော့်ကို သတ်ပစ်လိုက်ပါတော့"

ထိုစကားကြောင့် ကိုင်ရီယော့စ် ၏ မျက်ခုံးများမှာ တွန့်ချိုးသွားခဲ့ရသည်။ ဤနေရာသို့ မလာရောက်မီက သူ ရရှိခဲ့သည့် မက်ဆေ့ချ်ကို ပြန်လည်သတိရသွားခဲ့သောကြောင့် ဖြစ်သည်။

--ကျနော့်ကို သတ်ပစ်လိုက်ပါတော့

ကိုင်ရီယော့စ် ၏ သေးငယ်သော သွားများမှာ အချင်းချင်း ကြိတ်လိုက်သဖြင့် အသံထွက်ပေါ်လာခဲ့သည်။

[ငါ မင်းကို အပြစ်ပေးဖို့ လာခဲ့တာကတော့ အမှန်ပဲ။ ဒါပေမဲ့...]

သူ၏ တပည့်ဖြစ်သူမှာ ဝေးကွာလှသော အရပ်ဒေသတစ်ခုတွင် အရိုက်အနှက် ခံခဲ့ရသည်။ ထို့အပြင် တပည့်ဖြစ်သူက အရှက်ရမှုကို မကျော်လွှားနိုင်သဖြင့် သူ့ကို သတ်ပစ်ရန် ပြောဆိုနေသည့် အခြေအနေမျိုး ဖြစ်နေခဲ့သည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် မည်ကဲ့သို့သော ဆရာမျိုးက မိမိ၏ တပည့်ကို အပြစ်ပေးနိုင်မည်နည်း။ အပြစ်ပေးတတ်သော ဆရာမျိုး သေချာပေါက် ရှိနေနိုင်သော်လည်း အနည်းဆုံးတော့ ကိုင်ရီယော့စ် ကတော့ ထိုကဲ့သို့သောသူ မဟုတ်ပေ။

[...မင်းက ဘာဖြစ်လို့ အသတ်ခံရဖို့ ဒီလောက်တောင် အားသန်နေရတာလဲ]

"..."

[မိုက်မဲတဲ့ကောင်]

ကိုင်ရီယော့စ် သည် သူ၏ တပည့်ကို ကျောခိုင်းလိုက်သည်။ မာနကြီးလှသော သူ၏ တပည့် ဘာတွေကြုံတွေ့ခဲ့သည်ကို သူ မသိရှိသော်လည်း သိုင်းလောက ဆီသို့ သူသွားရောက်မည်ဆိုလျှင်တော့ သိရှိရပေလိမ့်မည်။

[မင်းက ပထမဆုံးသိုင်းလောက လို့ ပြောခဲ့တာနော်]

သူ၏ တပည့်က ပြန်မဖြေခဲ့သော်လည်း ကိုင်ရီယော့စ် ကတော့ စတင်လှုပ်ရှားနေခဲ့ပြီ ဖြစ်သည်။

[‘ကောင်းကင်ဖြိုခွင်း’ တဲ့ အထက်မှာ ‘ဝိရောဓိ’ ဆိုတာ ရှိနေကြောင်း အဲဒီကမ္ဘာက သိရှိသွားစေရမယ်]

ကိုင်ရီယော့စ် ထွက်ခွာသွားခဲ့ပြီးနောက် စက်မှုဇုန်အပေါ်တွင် လွှမ်းမိုးနေသော တိမ်တိုက်များမှာ ဆေးကြောသန့်စင်လိုက်သကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။ ကိုင်ရီယော့စ် ဖြတ်သန်းသွားခဲ့သည့် နေရာများတွင် ကင်ဒေါ့ဂျာ ဖြစ်ရန် ရည်မှန်းထားကြသူများမှာ လဲလျောင်းနေခဲ့ကြသည်။

"အား... အား..."

ကျနော်ဆိုပြီး ဖြစ်ချင်နေကြသော ထိုသူများကို ကြည့်ပြီး အလွန်ပင် စိတ်ရှုပ်ထွေးမှုကို ခံစားလိုက်ရသည်။ ဂျန်ဟာယောင်း က မေးလိုက်သည်။

"...အဲဒါက အရမ်းလွန်သလိုပဲနော် "

သူ၏မေးခွန်းမှာ ကင်ဒေါ့ဂျာ ဖြစ်ရန် ရည်မှန်းထားကြသူများအတွက် မေးသည့် မေးခွန်းမဟုတ်ပေ။ ကိုင်ရီယော့စ် ပျောက်ကွယ်သွားခဲ့သည့် ကူးပြောင်းမုခ်ဝကို ကျနော်စိုက်ကြည့်လိုက်ရင်းမှ ပြောလိုက်သည်။

"သူ့ကို လှုပ်ရှားစေနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက ဒါပဲ ရှိတယ်"

ကိုင်ရီယော့စ် သည် ယခင်က တပည့်နှစ်ဦးကို သိုင်းလောကတွင် ဆုံးရှုံးခဲ့ဖူးပြီးသား ဖြစ်၏။ သူ့ကို ပထမဆုံးသိုင်းလောက ဆီသို့ စေလွှတ်နိုင်ရန်အတွက် လူမဆန်သော ဆင်ခြေတစ်ခုကို ကျနော် မတတ်သာဘဲ သုံးလိုက်ရခြင်းဖြစ်သည်။

"တကယ်လို့ သူက ကောင်းကင်ဖြိုခွင်းဓါးသူတော်စင်ကို သတ်လိုက်ရင် ဘယ်လိုလုပ်မလဲ"

"အဲဒါအတွက် စိတ်မပူပါနဲ့"

ဂျန်ဟာယောင်း ကြောင့် ဖြစ်ပေါ်လာခဲ့သည့် ဒဏ်ရာများပေါ်တွင် ဇာတ်လမ်းအစအနတစ်ခုကို တင်ထားရင်းမှ ကျနော် ပြန်ဖြေလိုက်သည်။

ကိုင်ရီယော့စ် သည် ကျနော့်အတွက် လက်စားချေပေးရန် သွားရောက်ခဲ့ခြင်း ဖြစ်ပုံရသော်လည်း အခြေအနေများမှာ မည်သို့ ဖြစ်လာမည်ကိုတော့ စောင့်ကြည့်ရဦးမည် ဖြစ်သည်။ ကိုင်ရီယော့စ်လို အဆင့်ကျော်လွန်ခြင်း အဆင့်အတန်းရှိသော တစ်ဦးအနေဖြင့် ပထမဆုံးသိုင်းလောက တွင် ဖြစ်ပေါ်နေသော ပြဿနာများကို သတိပြုမိပေလိမ့်မည်။

[သင်သည် ဇာတ်ဝင်ခန်းခွဲ အသစ်တစ်ခုကို အသက်သွင်းလိုက်ပါပြီ။]

ယခုအချိန်တွင် ကိုင်ရီယော့စ် သည် ပထမဆုံးသိုင်းလောက တွင် ဝင်ရောက်စွက်ဖက်ရန်အတွက် ဇာတ်ဝင်ခန်းခွဲတစ်ခုကို ရရှိထားပြီး လောက်ပြီ ဖြစ်သည်။ ကိုင်ရီယော့စ် သည်လည်း ပြင်ပနတ်ဘုရား များအပေါ်တွင် မကျေမနပ် ဖြစ်နေခဲ့သူ ဖြစ်၏။ အခြေအနေကို သူ သိရှိသွားသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ဖြိုခွင်းဓါးသူတော်စင်ကို မဖြစ်မနေကူညီရပေတော့မည်။

"မင်းက ငါတို့အတွက်ပဲ ပိုပြီး စိတ်ပူပေးသင့်တယ်"

"ဘာဖြစ်လို့လဲ"

"တကယ်တန်းဆိုရင် ကိုင်ရီယော့စ်ဟာ ဒီနေရာမှာ မပေါ်လာသင့်ဘူး"

ကျနော် ကြုံတွေ့ခဲ့ရသည့် မရေမတွက်နိုင်သော အကျပ်အတည်းများ ရှိခဲ့သော်လည်း ဂျန်ဟာယောင်း မှတစ်ဆင့် ကိုင်ရီယော့စ် ကို ကျနော် မခေါ်ယူခဲ့ပေ။ ကျနော်သည် မူလက သူ့ကို မိစ္ဆာဘုရင် ရွေးချယ်ပွဲ အတောအတွင်းတွင်မှ ခေါ်ယူရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ကောင်းကင်ဖြိုခွင်းဓါးသူတော်စင်ကို ကယ်တင်ရန်အတွက် ထိုဝှက်ဖဲကို ကျနော် အသုံးပြုလိုက်ရပြီ ဖြစ်သည်။ ထိုသို့သုံးလိုက်ရခြင်းက မှားယွင်းသော ရွေးချယ်မှု ဖြစ်မဖြစ်ကို ကျနော် မသိရှိသော်လည်း အနည်းဆုံးတော့ ဂုဏ်သိက္ခာရှိသော ရွေးချယ်မှုတစ်ခု ဖြစ်ခဲ့၏။

ကျနော်သည် ညမိုးကောင်းကင်ကို မော့ကြည့်လိုက်မိသည်။

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်က သင့်ကို စိုးရိမ်သော မျက်လုံးများဖြင့် စောင့်ကြည့်နေပါသည်။]

ကြယ်တာရာအချို့မှာ ကျနော့်အတွက် စိုးရိမ်ပူပန်ပေးနေခဲ့ကြသည်။

[အချို့သော နက္ခတ်များက သင့်ကို ပြုံးပြနေကြပါသည်။]

အချို့သော ကြယ်တာရာများကတော့ ကျနော့်၏ အကျပ်အတည်းကို အခွင့်အရေးတစ်ခုအဖြစ် သဘောထားနေကြသည်။ ကျနော်သည် ထိုကြယ်တာရာများကို ကြည့်ပြီး ခါးသီးစွာ ပြုံးလိုက်မိသည်။

"လုံလောက်အောင် မြင်တွေ့ခဲ့ရပြီဆိုရင် အခု ဆုံးဖြတ်ချက်တစ်ခု ချပေးနိုင်မလား"

ကျနော် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး မိုးကောင်းကင်ဆီသို့ ကြေညာလိုက်သည်။

"ငါက ကင်ဒေါ့ဂျာအစစ်ပါ"

ကိုင်ရီယော့စ် နှင့် စကားပြောဆိုမှုမှာ လူအများရှေ့တွင် ပွင့်လင်းစွာ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သဖြင့် နောက်ထပ် သက်သေပြရန် မလိုအပ်တော့ပေ။ ညမိုးကောင်းကင်ရှိ ကြယ်များမှာ တစ်ချိန်တည်းမှာပင် တောက်ပလာခဲ့ကြသည်။

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်က သင်သည် ကင်ဒေါ့ဂျာအစစ် ဖြစ်ကြောင်း ဝန်ခံလိုက်ပါသည်။]

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်က သင်သည် ကင်ဒေါ့ဂျာအစစ် ဖြစ်ကြောင်း ဝန်ခံလိုက်ပါသည်။]

[အမှောင်ဆုံးသော နွေဦး၏ ဘုရင်မ နက္ခတ်က သင်သည် ကင်ဒေါ့ဂျာအစစ် ဖြစ်ကြောင်း ဝန်ခံလိုက်ပါသည်။]

.

.

[အလွန်နည်းပါးသော နက္ခတ်များက ထိုရလဒ်များကို သဘောမတူကြပါ။]

အခြားအရာတစ်ခုကို လိုချင်နေကြသူများက သဘောမတူခဲ့ကြ သော်လည်း ၎င်းမှာ အများစု၏ ဆန္ဒသာ ဖြစ်သည်။

[နက္ခတ်များစွာက သင့်ကို ကင်ဒေါ့ဂျာအစစ် ဖြစ်ကြောင်း အသိအမှတ်ပြုလိုက်ကြပါသည်။]

[သင်သည် ကင်ဒေါ့ဂျာအစစ် ဖြစ်ကြောင်း အသိအမှတ်ပြုခြင်း ခံလိုက်ရပါပြီ။]

[ဝှက်ထားသော ဇာတ်ဝင်ခန်း ပြီးမြောက်သွားပါပြီ။]

[ဇာတ်ဝင်ခန်း ဆုလာဘ်အဖြစ် ဒင်္ဂါး ၂၀၀,၀၀၀ ကို ရရှိလိုက်ပါပြီ။]

ကင်ဒေါ့ဂျာ ဖြစ်ရန် ရည်မှန်းထားကြသူများ၏ မျက်နှာများမှာ တစ်ဦးပြီးတစ်ဦး စတင်ပြောင်းလဲလာခဲ့သည်။ သူတို့၏ ရုပ်ဖျက်ထားမှုများမှာ ပြန့်ကြဲသွားခဲ့ပြီး သူတို့၏ အစစ်အမှန် မျက်နှာများမှာ မိုးကောင်းကင်အောက်တွင် ပေါ်ထွက်လာခဲ့ကြသည်။

ပထမဆုံးအကြိမ်အဖြစ် နိုင်ငံသားများသည် စက်မှုဇုန်၏ အစစ်အမှန် ပိုင်ရှင်ကို အတည်ပြုနိုင်ခဲ့ကြပြီး အံ့သြမှင်တက်စွာဖြင့် အော်ဟစ်လိုက်ကြသည်။

"ကင်ဒေါ့ဂျာ။ ကင်ဒေါ့ဂျာအစစ်ပဲ"

"ဒီ... ဒီစက်မှုဇုန်ရဲ့ သခင် ပြန်ရောက်လာပြီ"

နောက်ထပ် မက်ဆေ့ချ်များ ထပ်မံပေါ်ထွက်လာခဲ့သည်။

[သင်သည် ယခင် ဂီလိုဘတ် စက်မှုဇုန် ကို တရားဝင် ဆက်ခံလိုက်ပါပြီ။]

[ယခင် ဂီလိုဘတ် စက်မှုဇုန် ကို ကင်ဒေါ့ဂျာ စက်မှုဇုန် အဖြစ် တရားဝင် ကြေညာလိုက်ပါပြီ။]

[သင်၏ မကောင်းသတင်းမှာ မိစ္ဆာနယ်မြေ တွင် ပြန့်နှံ့နေပါသည်။]

[သင်၏ ကျော်ကြားမှုက သင်၏ လက်ရှိ ဇာတ်လမ်းများကို ပိုမိုအင်အားကောင်းစေနေပါသည်။]

တောက်ပသော အလင်းတန်းတစ်ခုက ကျနော့်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားခဲ့ပြီး ကျနော့်၏ ဇာတ်လမ်းများမှာ ပိုမိုအင်အားကောင်းလာခဲ့သည်။

[သင်သည် စက်မှုဇုန်၏ ‘စော်ဘွား’ ဖြစ်ပါသည်။]

မကြာမီတွင်တော့ အထီးကျန်ဆန်လှသော တိုက်ပွဲတစ်ခု စတင်ပေတော့မည်။

အခြေအနေများ ငြိမ်သက်သွားခဲ့ပြီးနောက် ကျနော် ပထမဆုံး ဦးတည်ခဲ့သည့် နေရာမှာ စက်မှုဇုန်၏ အလယ်ဗဟိုတွင် ရှိသော မာ့ခ်၏ ရုံးခန်းပင် ဖြစ်သည်။

"ငါ... အရှက်ရမိပါတယ်"

"မဟုတ်တာ။ ခင်ဗျား ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့ပါတယ်"

ကင်ဒေါ့ဂျာကစားပွဲ ကြောင့် ဆူပူအုံကြွမှုများ ဖြစ်ပွားခဲ့ပြီး မာ့ခ် နှင့် အခြားသော အရာရှိများမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ကျနော်သည် မာ့ခ် ၏ ပခုံးကို ပုတ်ပြီး သူ့ကို နှစ်သိမ့်ပေးလိုက်သည်။

"ခင်ဗျား အကောင်းဆုံး လုပ်ဆောင်ခဲ့ပြီးပါပြီ"

မာ့ခ် အပါအဝင် မည်သူတစ်ဦးတစ်ယောက်မျှ ကင်ဒေါ့ဂျာကစားပွဲ ကို တားဆီးနိုင်ခဲ့ကြမည် မဟုတ်ပေ။ ထိုကစားပွဲမှာ ကျနော် ထွက်ခွာသွားခဲ့သောကြောင့် ဖြစ်ပေါ်လာခဲ့သည့် ဖြစ်ရပ်တစ်ခုသာ ဖြစ်လေသည်။ မာ့ခ် ၏ ကျေးဇူးကြောင့်သာ စက်မှုဇုန်မှာ ဤအတိုင်းအတာအထိ ထိန်းသိမ်းထားနိုင်ခဲ့ခြင်း ဖြစ်၏။ အမှန်စင်စစ်တွင် မာ့ခ် မှာ သူ၏ မွေးရပ်မြေဂြိုဟ်ပေါ်တွင် ကြေးစားစစ်သား ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပြီး အလွန်မြင့်မားသော လူစုလူဝေးထိန်းချုပ်နိုင်စွမ်း စွမ်းရည်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

ဤနယ်မြေ၏အခြေအနေများနှင့် ပတ်သက်သော မာ့ခ် ၏ အစီရင်ခံစာကို ကျနော်နားထောင်လိုက်သည်။

"နေရာအနှံ့အပြားကနေ စစ်ပွဲသတင်းတွေ ကြားနေရပါတယ်"

စက်မှုဇုန်အတွင်းမှ ထွက်ခွာသွားကြသည့် လူအုပ်စုကြီးကို ရုံးခန်းပြတင်းပေါက်မှတစ်ဆင့် မြင်တွေ့နေရသည်။ သူတို့ထဲမှ အချို့မှာ ဇာတ်ဝင်ခန်းတွင် ခုလေးတင်မှ ပါဝင်လာခဲ့ကြသူများ ဖြစ်ပြီး အချို့မှာမူ ထိုသို့ မဟုတ်ကြပေ။

"စစ်ပွဲဆိုတာ တစ်ယောက်တည်း လုပ်လို့မရဘူးလေ။ ခင်ဗျား မသိဘူးလား"

"တိုက်ခိုက်လိုစိတ် မရှိတဲ့သူတွေကို ဆွဲထားတာက မိုက်မဲရာကျပါတယ်"

သူတို့ထဲမှ အများစုမှာ ‘ဇာတ်ဝင်ခန်းနယ်မြေမှ ထွက်ခွာခြင်း’ ၏ ပြစ်ဒဏ်ကြောင့် သေဆုံးကြရပေလိမ့်မည်။ သို့တိုင်အောင် သူတို့သည် ထွက်သွားရန်သာ ဆုံးဖြတ်ခဲ့ကြသည်။ ဤသည်က အခြေအနေများ မည်မျှအထိ မျှော်လင့်ချက်မဲ့နေသည်ကို ဖော်ပြနေခြင်း ဖြစ်သည်။

[စက်မှုဇုန်၏ လူဦးရေမှာ လျော့နည်းလာနေပြီး စက်ရုံ ၏ စွမ်းအားမှာလည်း ကျဆင်းလာနေပါသည်။]

ဇာတ်လမ်းလက်နက်တစ်ခုဖြစ်သည့် စက်ရုံ သည် နိုင်ငံသားများ၏ လုပ်ကိုင်ဆောင်ရွက်မှုမှတစ်ဆင့် ထိန်းသိမ်းထားခြင်း ဖြစ်သည်။ အလုပ်သမားအင်အား လျော့နည်းသွားသည်နှင့် တစ်ပြိုင်နက် စွမ်းအားများ ကျဆင်းသွားမည်မှာ သဘာဝပင် ဖြစ်သည်။ သို့သော်လည်း ကျနော်သည် ဘာမှမဟုတ်သလိုမျိုး ပြောလိုက်သည်။

"ကျနော်တို့ စက်မှုဇုန်ရဲ့ စွမ်းအားတစ်ခုတည်းနဲ့တော့ ရလဒ်ကို မြင်တွေ့နိုင်မှာ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ရန်သူရဲ့ အဓိက အာရုံစိုက်ရာက စက်မှုဇုန် မဟုတ်ပါဘူး"

မဲလ်လီဒွန် နှင့် ဘာကန် တို့ကို ကိုင်တွယ်ဖြေရှင်းရမည် ဖြစ်သည်။ မဲလ်လီဒွန် သည် ဝေဒ နှင့် လက်တွဲထားပြီး ဘာကန် မှာမူ ပါပီရပ်စ် နှင့် လက်တွဲလုပ်ဆောင်နေလေသည်။

သူတို့၏ဆက်ဆံရေး မဟာမိတ်အင်အားစု၏ ချိန်ခွင်လျှာပေါ်တွင် အခြေခံထားသည့် နက်ဗျူလာ များနှင့် တိုက်ရိုက်မဟာမိတ်ဖွဲ့ခြင်း မျိုးတော့ မဟုတ်လောက်ပေ။ သူတို့သည် နက်ဗျူလာ များ၏ အချို့သော နက္ခတ်များ နှင့်သာ စာချုပ်ချုပ်ဆိုထားကြခြင်း ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ၎င်းမှာ လျစ်လျူရှုထား၍မရသော အင်အားတစ်ခု ဖြစ်၏။ မည်သို့ ဖြစ်လာမည်ကိုတော့ မသိရှိရသေးသော်လည်း မိစ္ဆာဘုရင် ရွေးချယ်ပွဲ တွင် အနည်းဆုံးတော့ ကျနော်သည် နက္ခတ် ၁၀ပါးနှင့် ရင်ဆိုင်တိုက်ခိုက်ရဖွယ် ရှိနေလေသည်။

"ဘာအစီအစဉ် ဆွဲထားသေးလဲ"

ရိုးရိုးသားသား ပြောရမည်ဆိုလျှင်တော့ အနိုင်ရရှိနိုင်ခြေမှာ သိပ်ပြီး မမြင့်မားလှပေ။ ကျနော်သည် နက္ခတ်တစ်ပါး ဖြစ်လာခါစသာ ရှိသေးပြီး ယူဂျွန်ဟော့ ၏ အကူအညီ ပါဝင်လျှင်ပင် သူတို့ကို ရင်ဆိုင်တိုက်ခိုက်ရန်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းနှင့် တူပေလိမ့်မည်။

"ကျနော့်မှာ နည်းလမ်းရှိပါတယ်"

ထိုနည်းလမ်းကို ယခုအချိန်တွင် ကျနော်ထုတ်မပြောနိုင်သေးပေ။ စောင့်ကြည့်နေကြသော မျက်လုံးများမှာ အရမ်းကို များပြားလွန်းလှသည်။

[နက္ခတ်များစွာက သင်၏ ရည်မှန်းချက်ကြီးမားမှုကို အထင်ကြီး လေးစားနေကြပါသည်။]

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်က အစီအစဉ်က ဘာကို ဆိုလိုတာလဲဟု သိချင်နေပါသည်။]

[ဒင်္ဂါး ၂,၀၀၀ ကို ထောက်ပံ့ပေးလိုက်ပါသည်။]

အမှန်စင်စစ်တွင် ကျနော် စဉ်းစားထားခဲ့သည့် အရာအချို့ ရှိနေခဲ့သည်။ စဉ်းစားမိသည့်အရာများမှာ ယခင်ကတော့ မဖြစ်နိုင်ခဲ့သော်လည်း ယခုအချိန်တွင်တော့ ဖြစ်နိုင်ခြေ ရှိနေခဲ့ပြီ ဖြစ်သည်။ ထိုနည်းလမ်းများကို ကျနော် အသုံးမပြုမီတွင် ပထမဦးစွာ စစ်ဆေးကြည့်ရမည့် အရာတစ်ခု ရှိနေခဲ့၏။

[Fourth Wall က တွန့်လိမ်လှုပ်ရှားနေပါသည်။]

Fourth Wallမှာ ကျနော့်၏ စိတ်ကို ဖတ်ရှုလိုက်ပြီး ပြန်လည်တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။ ကျနော်သည် ‘မင်းရဲ့ အကူအညီ ငါ လိုအပ်တယ်’ ဟု တွေးတောရင်းမှ ဖြည်းညှင်းစွာ မျက်တောင်ခတ်လိုက်မိသည်။

ကျနော် နှုတ်မှ ဖွင့်ဟပြောဆိုရန် မလိုဘဲ ကျနော် ဘာပြောချင်သည်ကို Fourth Wallက သိရှိနေပေလိမ့်မည်။

‘ငါ့ရဲ့ ဝိသေသလက္ခဏာဇယား ကို ကြည့်ခွင့်ပေးပါ’

ယခုအချိန်အထိ ကျနော်သည် ကျနော့်၏ အချက်အလက်များကို သေချာစွာ မသိရှိရသေးဘဲ တိုက်ခိုက်လာခဲ့ရခြင်း ဖြစ်သည်။

ထိုသို့တိုက်ခိုက်နိုင်ခဲ့ခြင်းက ယခုအချိန်အထိသာ ဖြစ်သည်။

[Fourth Wall က စိုးရိမ်တကြီး တုန်လှုပ်နေပါသည်။]

အနာဂတ်တွင်တော့ ထိုသို့လုပ်ဆောင်ရန်မှာ ခက်ခဲပေလိမ့်မည်။ ကိုယ့်ကိုယ်ကိုယ် မသိရှိဘဲနှင့် ရန်သူကို သိရှိရန်မှာ ခက်ခဲလှသည်။ ကျနော်သည် ရန်သူ၏အကြောင်းကို အနည်းငယ် သိရှိထားပြီး ဖြစ်သောကြောင့် ‘ကိုယ့်ကိုယ်ကိုယ်’ လည်း သိရှိထားရန် လိုအပ်ပေသည်။

အခန်း ၂၅၄

- အပိုင်း ၄၇ - မိစ္ဆာဘုရင် ရွေးချယ်ပွဲ (၈)

[Fourth Wall က ခြိမ်းခြောက်ဟန်ဖြင့် သွားဖြဲပြနေပါသည်။]

ပြင်းထန်သော မီးပွားများက လေထုထဲတွင် ပြည့်နှက်သွားသည်။ မာ့ခ်ကို ရုံးခန်းထဲမှ အမြန်ထွက်သွားရန် ကျနော်အမိန့်ပေးလိုက်သည်။ သူသာ ရှိနေလျှင် Fourth Wallနှင့် လွတ်လွတ်လပ်လပ် စကားပြော၍မရသောကြောင့် အခြေအနေအပြည့်အဝကို ကျနော် သိရှိနိုင်မည် မဟုတ်ပေ။

'ခဏစောင့်ဦး၊ ငါပြောတာကို နားထောင်ပါဦး'

ချီးထုတ်တံတိုင်းကို ပြေလျော့သွားစေရန် ကျနော် မည်သို့ လုပ်ဆောင်ရမည်ကို စဉ်းစားလိုက်သည်။

'မင်းက ဇာတ်လမ်းတွေကို မြတ်နိုးတာမလား။ ဒါတွေ ပြီးသွားတာနဲ့ မင်းစားချင်တာမှန်သမျှကို ငါအများကြီး ကျွေးပါ့မယ်'

[Fourth Wall က သင့်အား မျက်မှောင်ကြုတ်လျက် ကြည့်ရှုနေပါသည်။]

ဟိန်းဟောက်နေသော ဖိအားများက အနည်းငယ် တည်ငြိမ်သွားပုံရသည်။ ကျနော့်၏ စည်းရုံးမှုက မည်သည့်အကျိုးသက်ရောက်မှုမှ ရှိပုံ မပေါ်ပေ။

'ငါ့မှာ စစ်ဆေးရမယ့်အရာတစ်ခု ရှိတယ်။ အဲဒါကို ငါမသိရင် သေသွားနိုင်တယ်။ အဲဒါမျိုးကို မင်းက ဖြစ်စေချင်တာလား'

Fourth Wall သည် တိတ်ဆိတ်သွားသည်။ ကံကောင်းစွာဖြင့် ဤကောင်သည် လောလောဆယ်တွင် ကျနော်ကို သေစေချင်ပုံမရပေ။ Fourth Wall သည် စကားမပြောမီ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့၏။

「 Fourth Wall က ပြောသည်၊ ကင် ဒေါ့ ဂျာ 」

"အေး"

「 ငါ မရှိ လျှင် အန္တ ရာယ် များ လိမ့် မည် 」

မည်သည့်အန္တရာယ်ကို ပြောဆိုနေမှန်း ကျနော် မှန်း၍ရသည်။ Fourth Wall ၏ လုပ်ဆောင်ချက်များထဲမှ တစ်ခုမှာ ကျနော့်အား နက္ခတ်များ၏ အကြည့်များမှ ကာကွယ်ပေးခြင်း ပါဝင်သည်။ ထို့ကြောင့် Fourth Wallကို ပိတ်လိုက်သည်နှင့် နက္ခတ်များ က ကျနော့်အား အန္တရာယ်ပြုမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။

'ငါသိပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ငါကြည့်ရမယ်'

ကျနော်၏ ခိုင်မာသော ဆန္ဒကို တွေ့မြင်ပြီးနောက် Fourth Wall သည် ခေတ္တခဏမျှ တိတ်ဆိတ်နေပြီးမှ ပြောသည်။

「 ၁၀ စက္ကန့် သာ ရ မည် 」

၁၀ စက္ကန့်။ ပေးထားသောအချိန်က လိုအပ်သည်ထက် အနည်းငယ်မလုံလောက်သော်လည်း အဆင်ပြေ၏။

「 ရုပ် သံ လိုင်း အား လုံး ကို ပိတ် ဆို့ ရ မည် 」

ကျနော် ခေါင်းညိတ်ပြလိုက်သည်။

– ဘီယူ။ ရုပ်သံလိုင်းမှာ ကြော်ငြာတစ်ခု ပြလိုက်စမ်း။

အမိန့်ကို ဒိုကဲဘီ ဆက်သွယ်ရေးမှတစ်ဆင့် ပေးပို့လိုက်သည်နှင့် တစ်ပြိုင်နက် ဖန်သားပြင်မှာ ပိတ်သွားသည်။

[ရုတ်တရက် ကြော်ငြာဝင်လာခြင်းကြောင့် နက္ခတ်များစွာသည် ရှုပ်ထွေးသွားကြပါသည်။]

ကောင်းပြီလေ၊ ဒီလောက်ဆိုရင် လုံလောက်လောက်မှာပါ။

သို့သော်လည်း Fourth Wall က မကျေနပ်သေးပေ။

「 Fourth Wall က ပြောသည်၊ မ လုံ လောက် သေး ပါ 」

'မလုံလောက်သေးဘူး ဟုတ်လား။ ဘာကိုမလုံလောက်တာလဲ'

Fourth Wall က ပြန်မဖြေပေ။ ကျနော် မော့ကြည့်လိုက်ရာ ဘီယူသည် အပြစ်ကင်းစင်စွာဖြင့် မျက်တောင်ခတ်နေသည်ကို မြင်လိုက်ရသည်။

[...ဘတ်]

ဘီယူ က ရုပ်သံလိုင်းကို သေချာပေါက် ကောင်းမွန်စွာ ပိတ်ဆို့ထားသည်။ မလုံလောက်သေးဘူးဆိုတာက...

ဤအခိုက်အတန့်တွင် ယခင် ဇာတ်ဝင်ခန်း က စိတ်ထဲသို့ ပေါ်လာသည်။

ဝှက်ထားသောဇာတ်ဝင်ခန်း - ကင်ဒေါ့ဂျာ ဖြစ်ကြောင်း သက်သေပြခြင်း။

ဤစက်မှုဇုန်တွင် ဇာတ်ဝင်ခန်းကို အကောင်အထည်ဖော်နေသည့် ဒိုကဲဘီ တစ်ကောင် ရှိနေလေသည်။ ဇာတ်ဝင်ခန်း၏ အပျက်အစီးများကို ပြတင်းပေါက်မှတစ်ဆင့် ကျနော် စိုက်ကြည့်လိုက်သည်။

ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု က ဝှက်ထားသော ဇာတ်ဝင်ခန်းများကို ဖန်တီးခဲ့သော်လည်း ဇာတ်ဝင်ခန်း၏ လမ်းကြောင်းကို လမ်းညွှန်ပေးခဲ့သူမှာ ဒိုကဲဘီ များသာ ဖြစ်သည်။

[မတည်ငြိမ်သော ရုပ်သံလိုင်း အခြေအနေများကြောင့် နက္ခတ်များစွာက ကန့်ကွက်နေကြပါသည်။]

နောက်ကြောင်းပြန်စဉ်းစားကြည့်လျှင် 'ကင်ဒေါ့ဂျာ ဖြစ်ကြောင်း သက်သေပြခြင်း' သည် အတော်လေး ထူးဆန်းသော ဇာတ်ဝင်ခန်းတစ်ခု ဖြစ်ခဲ့သည်။ ထိုဇာတ်ဝင်ခန်းသည် နက္ခတ်များ ၏ တောင်းဆိုချက်များကို တိကျစွာ သိရှိထားသည့်အပြင် ပထမဆုံး ဇာတ်ဝင်ခန်း မတိုင်မီက 'ကျနော်' နှင့် ပတ်သက်သော အချက်အလက်များကိုပါ ဖော်ပြထား၏။

ကျနော် မည်သို့ပင် စဉ်းစားပါစေ ဤအရာကို လုပ်ဆောင်မည့်သူမှာ တစ်ယောက်တည်းသာ ရှိသည်။ ကျနော် သက်ပြင်းချလိုက်ပြီးနောက် ပါးစပ်ကို ဖြည်းဖြည်းချင်း ဖွင့်ဟလိုက်သည်။

"ဘီဟွန်း။ မင်း ထွက်မလာသေးဘူးလား"

"အဒေါ်ကြီး။ ဘယ်မှာလဲ။ ကျမ ရောက်လာပြီ"

ဆောင်းနမ် ရှိ ဇီဝိတဒါန ဆေးကုသရေးကယ်ဆယ်ရေးစခန်း တစ်ခုတွင် ဖြစ်သည်။ အစိုးရ၏ အကူအညီဖြင့် တည်ထောင်ထားသော ဤခိုလှုံရာစခန်းသည် ဇာတ်ဝင်ခန်း ကျူးကျော်မှုများကြောင့် ထိခိုက်ဒဏ်ရာရသူများကို ပြုစုစောင့်ရှောက်ပေးသော အရပ်ဘက် ကယ်ဆယ်ရေး အဖွဲ့အစည်းများထဲမှ တစ်ခု ဖြစ်လေသည်။

ဟန်ဆိုယောင်း သည် လမ်းတွင် လဲလျောင်းနေသော လူနာတစ်ဦးကို ကန်ကျောက်လိုက်ရင်း အော်ဟစ်လိုက်၏။

"ကင်ဒေါ့ဂျာ ရဲ့ အမေ။ ကင်ဒေါ့ဂျာ ရဲ့ အမေ။ လက်ထောင်ပြပါ"

လဲလျောင်းနေသော လူနာသည် ကန်ကျောက်ခံရခြင်းကြောင့် အမြန်ပင် ဖယ်ရှားပေးလိုက်သည်။ ယူဆန်းအာ သည် အပြေးအလွှား ချဉ်းကပ်လာပြီး ထိုလူနာကို ပြုစုစောင့်ရှောက်ပေးလိုက်၏။

"တောင်းပန်ပါတယ်။ အဆင်ပြေရဲ့လားရှင်။ ဟေ့…. ဟန်ဆိုယောင်း"

ဟန်ဆိုယောင်း သည် ယူဆန်းအာ ၏ စူးရှသောအသံကြောင့် စိတ်ပျက်သွားသည်။

"အာ… ငါ့ကို ပွစိပွစိပြောနေဦးမှာဆိုရင် ဝေးဝေးသွားစမ်းပါ"

"နင်ကလည်း လွန်လှချည်လား။ ဒီလူတွေက လူနာတွေလေ"

"ငါလည်း လူနာပဲ"

မျက်မှောင်ကြုတ်နေသော ယူဆန်းအာတစ်ယောက် ဒေါသထွက်လာစဉ် ကယ်ဆယ်ရေးစခန်း၏ တံခါးပွင့်လာပြီး လူနာသစ်များ ပေါ်လာသည်။ ထိုလူနာတို့မှာ ဤလောကတွင် တည်ရှိနေသော သားရဲများ ကြောင့် ဒဏ်ရာရရှိခဲ့ကြသော ကိုယ်စားလှယ်များ ဖြစ်ကြသည်။ ထိုကိုယ်စားလှယ်တို့မှာ ဆေးရုံကြီးများက လက်မခံနိုင်တော့သဖြင့် ဤကယ်ဆယ်ရေးစခန်းသို့ မဖြစ်မနေ လာရောက်ခဲ့ကြရသူများ ဖြစ်၏။ ဟန်ဆိုယောင်း သည် ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုစဉ် ရင်းနှီးသော အမျိုးသမီးတစ်ဦးကို တွေ့မြင်လိုက်ရသည်။

"လီဆောဟွာလည်း ဒီမှာ ရှိနေတာပဲ"

ဆရာဝန်မ လီဆောဟွာသည် ဤနေရာတွင် လူနာများကို ပြုစုစောင့်ရှောက်ပေးနေသော ယူဂျွန်ဟော့ ၏ အပေါင်းအဖော် တစ်ဦး ဖြစ်၏။

ဟန်ဆိုယောင်း သည် သက်ပြင်းအရှည်ကြီး ချလိုက်သည်။

"တကယ်ကို ပရမ်းပတာ ဖြစ်နေတာပဲ... နင်သိလား။ အစက လီဆောဟွာဟာ တကယ့်ကို ဆိုးသွမ်းတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ဖို့ ကံပါလာခဲ့တာဟ"

"အဲဒါကို နင်က ဘယ်လိုလုပ် သိတာလဲ"

" ကင်ဒေါ့ဂျာ သိတဲ့အရာကို ငါက ဘာလို့ မသိနိုင်ရမှာလဲ"

ဟန်ဆိုယောင်း က ကင်ဒေါ့ဂျာ အကြောင်းကို ပြောဆိုလိုက်သောအခါ ယူဆန်းအာ ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ဟန်ဆိုယောင်းသည် ယူဆန်းအာ ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ကင်ဒေါ့ဂျာ က အရာရာကို အများကြီး ပြောင်းလဲပစ်ခဲ့တယ်။ သူက သေရမယ့်သူတွေကို ကယ်တင်ခဲ့ပြီး ရှင်သန်ရမယ့်သူတွေကိုတော့ သတ်ပစ်ခဲ့တယ်..."

"...ဒါက ပရောဟိတ် ရဲ့ အကြောင်းအရာနဲ့ ပတ်သက်နေတာလား"

"နင်လည်း အဲဒါကို သိမှာ မဟုတ်ပါဘူးလေ။ ငါပြောချင်တာက ငါသာဆိုရင် ကင်ဒေါ့ဂျာ လုပ်ခဲ့တဲ့အရာမျိုးကို ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူးဆိုတာပဲ"

ဟန်ဆိုယောင်း သည် အနက်ရောင် ချောကလက် တစ်တုံးကို ထုတ်ယူကာ စားလိုက်သည်။ ချောကလက်၏ ခါးသက်သော အရသာသည် ဟန်ဆိုယောင်း၏ ပါးစပ်ထဲတွင် ပျံ့နှံ့သွားပြီး ထိုခါးသက်မှုက ဟန်ဆိုယောင်း အပေါ် သက်ရောက်မှုရှိနေပုံရသည်။

"အနာဂတ်က သူ့ကြောင့် ပျက်စီးသွားခဲ့ပြီ။ ဇာတ်လမ်းက ဖြစ်သင့်ဖြစ်ထိုက်တဲ့အတိုင်းပဲ စီးဆင်းသွားသင့်တာ။ ငါသာဆိုရင်..."

"နင်သာဆိုရင်တော့ ကင်ဒေါ့ဂျာ နဲ့ နင်ဟာ 'ဇာတ်ကောင်' တစ်ယောက်နဲ့ ဘာမှ ခြားနားမှာ မဟုတ်ဘူး"

ထိုအသံမှာ ယူဆန်းအာ ၏ အသံ မဟုတ်ပေ။ ဟန်ဆိုယောင်း သည် ပြုံးလိုက်ပြီး ထိုသူ့ထံသို့ လှည့်ကြည့်လိုက်သည်။

"ကျန်းကျန်းမာမာ ရှိပုံရသားပဲ၊ ဆိုယောင်း"

ကင်ဒေါ့ဂျာ ၏ မိခင် လီဆော့ယောင် သည် သူတို့၏ နောက်တွင် ရှိနေလေသည်။

"ကျမ ကျန်းမာသည်ဖြစ်စေ မကျန်းမာသည်ဖြစ်စေ အရေးမပါပါဘူး"

"ငါ့ရဲ့ ဒေါ့ဂျာ ကတော့ မကျန်းမာတဲ့ ကလေးတွေကို သဘောကျပုံရတယ်"

"ကင်ဒေါ့ဂျာ ဘာကို သဘောကျလဲဆိုတာ ကျမ ဂရုမစိုက်ဘူး"

လီဆော့ယောင် သည် ဟန်ဆိုယောင်း ၏ တုံ့ပြန်မှုကို ရယ်မောလိုက်ပြီးနောက် သူ၏ ခေါင်းကို လှည့်ကြည့်လိုက်သည်။

"မတွေ့ရတာ ကြာပြီနော်။ ယူဆန်းအာ။ ဒီကို ဘာကိစ္စနဲ့ ရောက်လာတာလဲ"

ယူဆန်းအာ ပြန်မဖြေနိုင်မီမှာပင် ဟန်ဆိုယောင်း က ထပ်မံ၍ ဖြတ်ပြောလိုက်၏။

"ကံကောင်းခြင်း သို့မဟုတ် ကံဆိုးခြင်း၊ ကပ်ဘေး သို့မဟုတ် ပျော်ရွှင်ခြင်း ဗေဒင် ကို အသုံးပြုလိုက်ပါ"

ကံကောင်းခြင်း သို့မဟုတ် ကံဆိုးခြင်း၊ ကပ်ဘေး သို့မဟုတ် ပျော်ရွှင်ခြင်း ဗေဒင်ဆိုသည်မှာ လီဆော့ယောင်က သူ၏ ထောက်ပံ့သူ ဖြစ်သော တည်ထောင်သူ၏ မိခင် ထံမှ ရရှိထားသော အထူးစွမ်းရည် များထဲမှ တစ်ခု ဖြစ်သည်။

"ကံကောင်းခြင်း သို့မဟုတ် ကံဆိုးခြင်း၊ ကပ်ဘေး သို့မဟုတ် ပျော်ရွှင်ခြင်း ဗေဒင်... နင်က အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပုံရတာပဲလေ။ ဘာဖြစ်လို့ ရုတ်တရက်ကြီး ဒီလိုအရာမျိုးအပေါ် အားကိုးဖို့ ကြိုးစားနေရတာလဲ"

" အရာအားလုံးကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရုံနဲ့ပဲ ဖြေရှင်းနိုင်ရင် အကောင်းဆုံးပေါ့"

"နင်တို့မှာရှိတဲ့ အချက်အလက်တွေ ဆုံးရှုံးသွားခဲ့ပြီ။ အဲဒါ မှန်တယ်မလား"

ဟန်ဆိုယောင်း နှင့် လီဆော့ယောင် တို့မှာ ကင်ဒေါ့ဂျာ နှင့် ကွဲပြားကြသည်။ ဟန်ဆိုယောင်း သည် မူရင်းဝတ္ထု၏ 'အစောပိုင်း' အပိုင်းများကိုသာ ဖတ်ရှုခဲ့ဖူးပြီး လီဆော့ယောင် မှာမူ ကင်ဒေါ့ဂျာထံမှ ကြားသိခဲ့ရသော အချက်အလက်များကိုသာ သိရှိထားသည်။ ယခုအချိန်တွင်တော့ ၎င်းတို့နှစ်ဦးစလုံးမှာ မသေချာသော အနာဂတ် အချက်အလက်များကိုသာ ပိုင်ဆိုင်ထားကြခြင်း ဖြစ်၏။

လီဆော့ယောင် သည် အသာအယာ ပြုံးလိုက်ပြီး မေးလိုက်သည်။

"ဘာဖြစ်လို့ ငါ့ဆီ လာခဲ့တာလဲ။ ဆန်းအာ ကလည်း အိုလံပတ်စ် ရဲ့ စွမ်းအားနဲ့ အလားတူအရာမျိုးကို လုပ်ဆောင်နိုင်တာပဲလေ"

"ကျမကို နောက်နေတာလား။ အိုလံပတ်စ် က ကင်ဒေါ့ဂျာ အပေါ် ဘာတွေ လုပ်ခဲ့လဲဆိုတာ မေ့သွားပြီလား"

၎င်းတို့နှစ်ဦး အငြင်းပွားနေကြစဉ် ယူဆန်းအာက ရှက်ရွံ့သော အမူအရာဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။

"တောင်းပန်ပါတယ်၊ အခုလောလောဆယ်မှာ ကျမ မကူညီနိုင်ပါဘူး..."

"အဲဒါကို စိတ်ထဲမထားပါနဲ့။ အိုလံပတ်စ် နဲ့ ပတ်သက်တဲ့ အခြေအနေတွေက ရှုပ်ထွေးနေမှန်း ငါသိပါတယ်။ အခုလောလောဆယ်မှာ သူတို့က အတွင်းရေးပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ အလယ်မှာ ရောက်နေတာ မဟုတ်လား"

"...ဟုတ်ကဲ့"

ယူဆန်းအာ သည် မကျေနပ်သော အမူအရာဖြင့် ခေါင်းကို ငုံ့ထားစဉ် ဟန်ဆိုယောင်း က ပြောလိုက်သည်။

"ဒီအတိုင်းပဲ ထားလိုက်ပါ။ သူတို့က ကာမကိစ္စတွေကို အရမ်းလွန်လွန်ကျူးကျူး ပြုမူနေကြတာကြောင့် သူတို့ရဲ့ သက်တမ်းတွေက တိုတောင်းကုန်ကြပြီ။ ဟိုဟာထက်တောင် ပိုမြန်―"

ယူဆန်းအာ ၏ မျက်လုံးများသည် မမျှော်လင့်ထားသော စကားလုံးများကြောင့် ပြူးကျယ်သွားသည်။ လီဆော့ယောင် သည် သူတို့နှစ်ယောက်ကို ကြည့်ပြီး ရယ်မောလိုက်၏။

"ကောင်းပြီလေ။ မိန်းမပျိုတို့။ ဘယ်လို အချက်အလက်မျိုးကို သိချင်ကြတာလဲ။ ကြိုတော့ပြောထားမယ်။ ငါက ကံကောင်းခြင်း သို့မဟုတ် ကံဆိုးခြင်း၊ ကပ်ဘေး သို့မဟုတ် ပျော်ရွှင်ခြင်း ဗေဒင် နဲ့ တကယ့်အနာဂတ်ကို မမြင်နိုင်ဘူး။ ငါက လမ်းညွှန်ချက်ကိုပဲ ညွှန်ပြပေးနိုင်တာ"

ဟန်ဆိုယောင်း သည် သိနှင့်ပြီးသားဖြစ်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။

"ကျမ ကင်ဒေါ့ဂျာ ရဲ့ အခုလောလောဆယ် အခြေအနေကို သိချင်ပါတယ်"

"ဟင်း..."

လီဆော့ယောင် သည် ဟန်ဆိုယောင်း ကို ထူးခြားသော အကြည့်ဖြင့် ကြည့်လိုက်ရာ ဟန်ဆိုယောင်း က အမြန်ပင် ထပ်လောင်းပြောကြားလိုက်သည်။

"အဲဒီဘက်က အခြေအနေတွေ ဘယ်လိုဖြစ်နေလဲဆိုတဲ့အပေါ် မူတည်ပြီး ကိုရီးယားကျွန်းဆွယ်ကြီးက ပျက်စီးသွားနိုင်လို့ပါ။ ဒီရက်ပိုင်းမှာ နက္ခတ်တွေဆီကနေ ထူးဆန်းတဲ့ ဇာတ်လမ်းတွေ ကြားနေရလို့လေ... ဘာဖြစ်လို့ ရယ်နေတာလဲ"

"နင်က ချစ်စရာကောင်းလို့ပါ"

ဟန်ဆိုယောင်းက ညည်းညူလိုက်သည်။

"မြန်မြန်လေး လုပ်ပေးပါ"

"ငါ အဲဒါကို ကြည့်နေခဲ့တာ ကြာပါပြီ"

"ဟုတ်လား။ ...ဒါဆိုရင် ဘာတဲ့လဲ"

လီဆော့ယောင် သည် ပြုံးလိုက်သည်။

"ကောင်းပြီလေ။ အဖြေက နှစ်မျိုးလုံး ဖြစ်နိုင်တယ်။ လွန်ခဲ့တဲ့ တစ်ပတ်ကတော့ အလယ်အလတ်မှာ ရှိနေပြီး လွန်ခဲ့တဲ့ သုံးရက်ကတော့ ကံဆိုးမယ့် အတိတ်နိမိတ် ဖြစ်နေခဲ့တယ်..."

"ဟမ်။ ကံဆိုးမယ့် အတိတ်နိမိတ် ဟုတ်လား"

"မနေ့ကတော့ ကံကောင်းတယ်..."

"ဒါဆိုရင် အခုကော ဘာဖြစ်နေလဲ"

လီဆော့ယောင်သည် စကားတစ်ခွန်းမှ မပြောဘဲ ကြေးမုံမှန် တစ်ချပ်ကို ထုတ်ယူလိုက်သည်။ ထိုကြေးမုံမှန်မှာ မြင့်မြတ်သော ရတနာသုံးပါးထဲမှ တစ်ခုဖြစ်သော ကောင်းကင်မှန် ၏ အပိုင်းအစတစ်ခု ဖြစ်သည်။

"ကိုယ့်ဘာသာကိုယ်ပဲ ကြည့်လိုက်ပါ"

လီဆော့ယောင်၏ အသံထဲတွင် ထူးခြားသော လေသံ ပါဝင်နေသဖြင့် ဟန်ဆိုယောင်း နှင့် ယူဆန်းအာ တို့သည် တစ်ပြိုင်နက်တည်း ခေါင်းချင်းရိုက်၍ ကြည့်လိုက်ကြသည်။ ထို့နောက်တွင်တော့ ကြေးမုံမှန်ပေါ်တွင် မှိန်ဖျော့သော စာလုံးများ ပေါ်လာတော့သည်။

―မဟာ ဘေးဒုက္ခ။

ခေတ္တခဏမျှ ဟန်ဆိုယောင်း သည် သူသည် ပေါ်လာသော တရုတ်စာလုံးကို မှားများ ဖတ်မိတာလားဟု သံသယဝင်သွားသည်။

"ဒါက တကယ်ပဲလား"

"ငါလည်း မသိဘူး။ နင်တို့ သိချင်ရင် ဟုန်းဂစ် နက်ဗျူလာ ကို မေးမြန်းကြည့်လို့ရတာပဲ"

လီဆော့ယောင်က ဤသို့ ပြောဆိုလိုက်သော်လည်း လီဆော့ယောင်၏ ပုံစံမှာလည်း အလွန်အမင်း သက်သောင့်သက်သာရှိပုံ မပေါ်ပေ။ ထို့စဉ် မှန်၏ မျက်နှာပြင်မှာ လှုပ်ခါသွားပြီး စာသားများ ပြောင်းလဲသွား၏။

"အာ... 'အကူအညီ' ဆိုတဲ့ စကားလုံး ပေါ်လာတယ်"

ယူဆန်းအာ က အာမေဍိတ်သံ ပြုလိုက်ပြီး ကျန်နှစ်ဦးမှာလည်း မှန်ကို လှမ်းကြည့်လိုက်ကြသည်။

အကူအညီ။ ၎င်းမှာ ထင်ရှားသော အဓိပ္ပာယ်တစ်ခု ဖြစ်ပြီး အနက်ဖွင့်ဆိုနေရန် မလိုအပ်ပေ။ ဟန်ဆိုယောင်း နှင့် ယူဆန်းအာ တို့သည် တစ်ပြိုင်တည်း အချင်းချင်း မျက်နှာချင်းဆိုင်လိုက်ကြသည်။

လီဆော့ယောင်သည် သက်ပြင်းကိုအသာအယာ ချလိုက်ပြီး သူတို့နှစ်ယောက်အား မေးလိုက်သည်။

"ဒါဆိုရင် ဘယ်သူတွေ သွားကြမလဲ"

[…ကင်ဒေါ့ဂျာ ကတော့ ကင်ဒေါ့ဂျာ ပါပဲ။ မင်းက ဘယ်လိုလုပ်ပြီး သိတာလဲ]

ဘီဟွန်း သည် လေထုထဲမှ ရုတ်တရက် ပေါ်လာသည်။ သူ၏ အမွှေးအမျှင်များမှာ ပြောင်လက်နေပြီး အဝတ်အထည် ကောင်းကောင်းများကိုလည်း ဝတ်ဆင်ထားသည်။ ထို ဒိုကဲဘီ သည် ယခင်က ကျားရေအတွင်းခံကိုသာ ဝတ်ဆင်လေ့ရှိသော်လည်း ထိုသို့ ဝတ်ဆင်ခဲ့ခြင်းမှာ ယခုအခါ ရှေးဟောင်းနှောင်းဖြစ် ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

"ကိုရီးယားကျွန်းဆွယ် ရုပ်သံလိုင်းကော ဘယ်လိုဖြစ်သွားပြီလဲ"

[ငါ ရာထူးတိုးလျှော့ခံလိုက်ရတယ်။ အဲဒါကို မင်း မသိသာဘူးလား]

"ငါ မရှိတော့တော့ မင်းလည်း အဆင်မပြေဖြစ်နေပုံရတယ်နော်"

[မင်းသာ ပြန်လာခဲ့ရင် သိရမှာပေါ့]

ဘီဟွန်း သည် ယခင်ကကဲ့သို့ ယဉ်ကျေးသော အသုံးအနှုန်းများကို အသုံးမပြုတော့ပေ။ ထိုသို့အသုံးပြုတော့ခြင်းက ကျနော်တို့ကြားက ဆက်ဆံရေး ပြောင်းလဲသွားခဲ့ပြီ ဖြစ်ကြောင်း သက်သေပြချက်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။ အမှန်တကယ်တွင် ကျနော် သေဆုံးသွားခဲ့စဉ်ကပင် သူနှင့် ကျနော်၏ စာချုပ်မှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဘီဟွန်း သည် ကျနော့်ကို ခေတ္တခဏမျှ စိုက်ကြည့်နေပြီး ကျနော်ကလည်း ပြန်လည် စိုက်ကြည့်လိုက်သည်။

[ကျန်းကျန်းမာမာ ရှိရဲ့လား]

"မင်း မြင်တွေ့နေရတဲ့အတိုင်းပါပဲ"

[ဟုတ်ပါပြီ၊ မင်းနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွေ အများကြီး ငါကြားခဲ့ရပါတယ်]

ကျနော် အသာအယာ ခေါင်းညိတ်ပြလိုက်သည်။

[ငါ့ရဲ့ ရုပ်သံလိုင်းကို ပြန်လာချင်သေးလား။ ငါ မင်းကို ကောင်းကောင်း ဆက်ဆံပေးပါ့မယ်]

ဘီဟွန်း ၏ စကားများမှာ ရိုးသားပုံရသည်။ သူ၏ စကားများမှာ ရိုးသားနေသောကြောင့် ပို၍ အန္တရာယ်များသည့် ကမ်းလှမ်းချက်တစ်ခု ဖြစ်နေခဲ့သည်။

"ဟင်း..."

ကျနော်သည် ယခုအခါ ဘီဟွန်း ကို မုန်းတီးခြင်း မရှိတော့ပေ။ သို့သော်လည်း ဘီဟွန်း နှင့် လက်တွဲရလောက်အောင် ကျနော်သည် အပြစ်ကင်းစင်သူတစ်ဦး မဟုတ်ခဲ့ပေ။ ဘီဟွန်း သည် စီမံခန့်ခွဲရေးဌာန နှင့် ဆက်နွှယ်နေသော ဒိုကဲဘီ တစ်ကောင်ဖြစ်ပြီး ထိုဌာနသည် ဤလောကတွင် အန္တရာယ်အရှိဆုံး အဖွဲ့အစည်းများထဲမှ တစ်ခု ဖြစ်၏။

[အမှန်ပါပဲ၊ မင်းက အစကတည်းက ဒီလိုလူစားမျိုးပါပဲ]

ဘီဟွန်း ၏ အမူအရာမှာ ပြောင်းလဲသွားခဲ့သည်။ ဒိုကဲဘီ များမှာ ၎င်းတို့၏ ရုပ်သံလိုင်းမှ ထွက်ခွာသွားသူများအပေါ်တွင် စိမ်းကားသွားတတ်ကြစမြဲပင်။ ဘီဟွန်း သည် ရန်သူတစ်ယောက် ဖြစ်လာနိုင်သည်ဆိုသည့် အယူအဆမှာ မဖြစ်နိုင်သောအရာ မဟုတ်ပေ။ သို့သော်ငြားလည်း ထိုအချိန်မှာ ကျနော် ထင်ထားခဲ့သည်ထက် ပို၍ စောစီးစွာ ရောက်ရှိလာခဲ့သည်။

[ဒါဆိုရင် ဒီလိုဆိုရင်ကော ဘယ်လိုလဲ။ ငါနဲ့အတူ ပူးတွဲရုပ်သံလိုင်းတစ်ခု တည်ထောင်ပါ။ ဒါက မိစ္ဆာနယ်မြေ ဖြစ်နေတာမလို့ အဆင်ပြေပါတယ်]

ခေတ္တခဏမျှ ကျနော် နားကြားမှားခဲ့သည်ဟု ထင်မှတ်လိုက်မိသည်။

"...မင်း တကယ်ပြောတာလား"

[တစ်ကြိမ်လောက် စဉ်းစားကြည့်ပါ]

အမှန်တကယ်တွင် ထိုတိုက်တွန်းချက်မှာ ဆိုးရွားလှသော တိုက်တွန်းချက် တစ်ခု မဟုတ်ပေ။ ကျနော်သာ ဘီယူ နှင့်အတူ ပူးတွဲရုပ်သံလိုင်းတစ်ခုကို တည်ထောင်လိုက်မည်ဆိုလျှင် ထိုရုပ်သံလိုင်းက ဘီယူ အား လျှင်မြန်စွာ သင်ယူနိုင်ရန်နှင့် ကြီးထွားတိုးတက်လာစေရန် လုပ်ဆောင်ပေးနိုင်မည် ဖြစ်သည်။

"ငါ နားလည်ပြီ။ အဲဒါထက်၊ အခုလောလောဆယ်မှာ..."

ထိုစဉ် ဒိုကဲဘီ ဆက်သွယ်ရေးမှတစ်ဆင့် ဘီဟွန်း ၏ ပြောကြားချက်ကို ကျနော် ကြားလိုက်ရသည်။

– ငါ့ကို ရုပ်သံလိုင်း ပိတ်ထားစေချင်တာလား။

ကျနော် ခေါင်းညိတ်ပြလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ဘီဟွန်း သည် ငတုံးတစ်ယောက်အဖြစ် ဟန်ဆောင်နေခဲ့ခြင်းသာ ဖြစ်သည်။

– မင်း ဘာလုပ်ဖို့ ကြိုးစားနေလဲဆိုတာ ငါမသိပေမဲ့ မင်း အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။ ငါ လုပ်စရာ အနည်းငယ် ရှိနေသေးလို့... ကျန်တာတွေကိုတော့ နောက်မှပဲ ရှင်းကြတာပေါ့။

ဘီဟွန်း သည် ကျနော်အပေါ် အဘယ်ကြောင့် ဤမျှအထိ မျက်နှာသာပေးနေရကြောင်းကို ကျနော် နားမလည်နိုင်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ကျနော် ကံကောင်းခဲ့သည်။ ဘီဟွန်း က ဆက်တင်များကို ပြောင်းလဲလိုက်ပြီးနောက် နက္ခတ်များ ထံမှ မက်ဆေ့ချ်တစ်ခု ကြားလိုက်ရ၏။

[ရုပ်သံလိုင်းအတွင်းရှိ နက္ခတ်များအားလုံးသည် ရုပ်သံလိုင်း၏ ချိတ်ဆက်မှုအပေါ် မကျေမနပ် ဖြစ်နေကြပါသည်။]

Fourth Wall ထံသို့ ချက်ချင်းပင် ကျနော်လှည့်ကြည့်လိုက်သည်။

「 Fourth Wall က ပြောသည်၊ အ ကြာ ကြီး မ ကြည့် ပါ နှင့် 」

[သီးသန့်စွမ်းရည် 'Fourth Wall' ကို ပိတ်သိမ်းလိုက်ပါပြီ။]

ကျနော်၏ ကမ္ဘာကြီးကို ဝန်းရံထားသော ကန့်လန့်ကာကြီး ပျောက်ကွယ်သွားသည်ကို ကျနော် ခံစားလိုက်ရသည်။ ကျနော်သည် ဤအချိန်ကို လက်လွတ်မခံဘဲ ဝိသေသ လက္ခဏာဇယား ကို ဖွင့်လိုက်တော့သည်။

[ဝိသေသ လက္ခဏာဇယားကို စစ်ဆေးနေပါသည်။]

အဆမတန် များပြားလှသော အချက်အလက်များက ကျနော်၏ စိတ်ထဲသို့ ဝင်ရောက်လာခဲ့သည်။

[ဇာတ်ကောင်စာရင်း]

အမည်

ကင်ဒေါ့ဂျာ

အသက်

၂၈ နှစ်

ထောက်ပံ့သူ

မရှိ

ဘွဲ့အမည်

ကယ်တင်ခြင်း၏ မိစ္ဆာဘုရင် (ဒဏ္ဍာရီအဆင့်)

သီးသန့် ဝိသေသ လက္ခဏာ

လာမာ့ခ်၏ သစ်ကုလားအုတ် (ဒဏ္ဍာရီ)၊ မိစ္ဆာနယ်မြေ စော်ဘွား (ဒဏ္ဍာရီ)၊ ဇာတ်ဝင်ခန်း ဘာသာပြန်စွမ်းရည်၊ ■■ တမန်တော် (???)။ …

…

…

ယခင်အကြိမ်က သေသေချာချာ အတည်မပြုနိုင်ခဲ့သော ကျနော်၏ ဝိသေသလက္ခဏာများကို ယခုအခါ မြင်တွေ့နိုင်ခဲ့ပြီ ဖြစ်သည်။ ရိုးရိုးသားသား ပြောရလျှင် အံ့သြစရာကောင်းလှသည်။ ကျနော်၏ ဝိသေသလက္ခဏာမှာ 'စာဖတ်သူ' ဖြစ်လိမ့်မည်ဟု ကျနော် ထင်မှတ်ထားခဲ့၏။

ဇာတ်ဝင်ခန်း ဘာသာပြန်စွမ်းရည်ဟုတ်လား။

ထို့အပြင်၊ ■■ တမန်တော် ဆိုသည်မှာ အဘယ်နည်း။ အဘယ်ကြောင့် ဝိသေသလက္ခဏာ၏ အဆင့်သတ်မှတ်ချက်ကို မဖော်ပြထားရ သနည်း။

[သင်သည် သင်၏ ဝိသေသ လက္ခဏာဇယားကို ပထမဆုံးအကြိမ်အဖြစ် စစ်ဆေးခဲ့ပါသည်။]

['ဇာတ်ဝင်ခန်း ဘာသာပြန်စွမ်းရည်' ၏ အကျိုးသက်ရောက်မှု အသက်ဝင်လာပါပြီ။]

မည်သို့ပင်ဖြစ်စေ ကျနော်သည် အချက်အလက်များကို ဆက်လက် စစ်ဆေးနေခဲ့သည်။ ကျနော် သေချာဂရုတစိုက် စောင့်ကြည့်ခဲ့သော အပိုင်းမှာ 'ကိုယ်ပိုင်စွမ်းရည်' များ ဖြစ်သည်။

ကိုယ်ပိုင်စွမ်းရည်

အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့် အဆင့် ?၊ စာမှတ် အဆင့် ?၊ ဇာတ်ကောင်စာရင်း အဆင့် ?၊ Fourth Wall အဆင့် ?၊ စာဖတ်နားလည်နိုင်စွမ်း အဆင့် ?၊ …

မူလက ■ ဖြင့် ဝှက်ထားသော စွမ်းရည်များထဲမှ တစ်ခုကို မြင်တွေ့နိုင်ခဲ့ပြီ ဖြစ်သည်။

စာဖတ်နားလည်နိုင်စွမ်း။ ပထမတစ်ချက် ကြည့်လိုက်လျှင် တစ်စုံတစ်ခုကို ဖတ်ရှုပြီး နားလည်နိုင်သော စွမ်းရည်ဟု ထင်ရသော်လည်း ထိုစွမ်းရည်မှာ ထိုမျှအထိ ရိုးရှင်းလိမ့်မည်ဟု ကျနော် မထင်မိပေ။ ကျနော် ယခုအချိန်အထိ ရရှိခဲ့သော စွမ်းရည်အများစုမှာလည်း ထိုသို့ပင် ဖြစ်ခဲ့ကြသည်။

ကျနော်သည် စဉ်းစားမနေတော့ဘဲ ဝိသေသ လက္ခဏာဇယား ဆီသို့ လက်ကို မြှောက်လိုက်သည်။ ထို့နောက်တွင်မူ မီးပွားများ ထွက်ပေါ်လာသည့် အသံတစ်ခုနှင့်အတူ ဝိသေသ လက္ခဏာဇယား မှာ စတင်ပြိုကွဲသွားခဲ့သည်။

...၁၀ စက္ကန့် ပြည့်သွားခဲ့ပြီလား။

ကျနော် စစချင်း ထိုသို့ ထင်မှတ်ခဲ့သော်လည်း ပြဿနာမှာ ထိုမျှအထိ ရိုးရှင်းမနေခဲ့ပေ။

ကျနော်၏ နားထဲတွင် မှိန်ဖျော့သော အသံတစ်ခု မြည်လာပြီး ခေါင်းထဲမှလည်း ရုတ်တရက် အပြင်းအထန် ကိုက်ခဲလာခဲ့သည်။ ဝိသေသ လက္ခဏာဇယား ကို ထိတွေ့ကိုင်တွယ်ခဲ့သော လက်ချောင်းမှာ ထုံကျဉ်သွားခဲ့ပြီး ကမ္ဘာကြီးမှာလည်း မူးဝေလာခဲ့သည်။ ကျနော် အော့အန်ချင်သလို ခံစားလိုက်ရသည်။ ကျော်လွှားနိုင်ခြင်း မရှိသော တံတိုင်းကြီး၏ တစ်ဖက်မှ တစ်စုံတစ်ရာက ကျနော်အား လှမ်းခေါ်နေခဲ့သည်။

[သီးသန့်စွမ်းရည် 'Fourth Wall' သည် ပြင်းထန်စွာ အသက်ဝင်လာနေပါသည်။]

Fourth Wall က အသက်ဝင်လာခဲ့သော်ငြားလည်း အခြေအနေမှာ တိုးတက်ကောင်းမွန်မလာခဲ့ပေ။ ပတ်ဝန်းကျင်ရှိ ရှုခင်းများမှာ အတူတကွ စတင်ရောထွေးလာခဲ့သည်။ ကျနော်မြင်နေရသည်မှာ အတူတကွ မရှိသင့်သော အရာများ ရောယှက်နေသည့် မြင်ကွင်းတစ်ခု ဖြစ်သည်။ ဤဆိုးရွားလှသော စိတ်အခြေအနေကြားမှပင် ကျနော်သည် ထူးဆန်းသော တစ်သားတည်းဖြစ်တည်မှု ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ ထိုခံစားချက်မှာ ကျနော် အချိန်အတော်ကြာ တောင့်တခဲ့ဖူးသော အရာတစ်ခုကဲ့သို့ပင် ဖြစ်နေခဲ့သည်။

ထို့နောက်တွင်မူ ကျနော်သည် ထူးဆန်းသော မက်ဆေ့ချ်တစ်ခုကို ကြားလိုက်ရ၏။

['ကင်ဒေါ့ဂျာ' ဟူသော ဇာတ်ကောင်အပေါ် သင်၏ နားလည်နိုင်စွမ်း တိုးမြင့်လာပါသည်။]

ဘာ...

ကျနော်၏ အသိစိတ်များ ဝေဝါးသွားသည့် အခိုက်အတန့်တွင် တစ်စုံတစ်ယောက်က ကျနော်အား စကားလှမ်းပြောလာခဲ့သည်။

「 (ဒါကြောင့် မင်းကို အကြာကြီး မကြည့်ပါနဲ့လို့ ပြောထားတာကို) 」

All Chapters