အခန်း (၂၅၉-၂၆၀)
Vol. 20 Ch. 259-260
အခန်း ၂၅၉
- အပိုင်း ၄၉ -တစ်စုံတစ်ခု၌ အတော်ဆုံး (၁)
မီးလျှံထဲသို့ ခုန်ဆင်းခဲ့သော ခွေး သည် ကျနော့်ကို သယ်ပိုးပြီး နေ့ရောညပါ နှစ်ရက်တိုင်တိုင် ပြေးလွှားခဲ့သည်။ ကျနော့်နောက်ကို မဆုတ်မနစ် လိုက်လံရန်ရှာနေကြသော နက္ခတ်တွေ၏ ခြိမ်းခြောက်မှုများ အမြဲရှိနေခဲ့သော်လည်း ထိုခွေးမှာ ကျနော့်ကို ကာကွယ်ရန်အတွက် ၎င်း၏ကိုယ်ခန္ဓာကို အမှန်တကယ်ပင် စတေးခဲ့သည်။
['မိမိဘဝကို သစ္စာရှိစွာ ပေးဆပ်ခြင်း' ဇာတ်လမ်း ထပ်ခါတလဲလဲ ဖြစ်ပေါ်နေပါသည်။]
ကျနော်တို့ ဘယ်လောက်အထိ ဝေးဝေး ပြေးခဲ့ကြသနည်း။ နောက်ဆုံးတွင်တော့ နေ့သစ်တစ်ခု၏ အလင်းရောင်ကို မြင်တွေ့လိုက်ရသည်။
[ဇာတ်ဝင်ခန်းအသေး - အသေးစားတိုက်ပွဲ ပြီးဆုံးသွားပါပြီ။]
[သတ်မှတ်ထားသော အချိန်အတွင်းမှာ သင်သည် ဇာတ်လမ်းအူတိုင်ကို ဘေးကင်းအောင် ထိန်းသိမ်းနိုင်ခဲ့ပါသည်။]
ကျနော်တို့နောက်ကို လိုက်နေကြသည့် နက္ခတ်တွေသည် အဝေးတစ်နေရာတွင် တစ်ပါးပြီးတစ်ပါး ရပ်တန့်သွားခဲ့ကြပြီး သွယ်ဝိုက်သော မက်ဆေ့ခ်ျမျိုးစုံမှာ လေထဲတွင် ပျံနှံ့လာခဲ့၏။
[သင့်ကို လိုက်ဖမ်းရာတွင် မအောင်မြင်ခဲ့သော နက္ခတ်အချို့သည် စိတ်ပျက်နေကြပါသည်။]
['ရွှေခေါင်းကွင်း၏အကျဉ်သား' နက္ခတ်သည် သမ်းဝေနေပြီး အားလုံး ပြီးသွားပြီလားဟု မေးမြန်းနေပါသည်။]
['မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ' နက္ခတ်သည် အိပ်ချင်မူးတူး မျက်လုံးများဖြင့် ဝမ်းမြောက်နေပါသည်။]
['လဲလျောင်းနေသောနဂါး' နက္ခတ်သည် သင်၏ လှည့်ကွက်အပေါ် ခေါင်းညိတ်ပြနေပါသည်။]
[နက္ခတ်အချို့သည် သင်၏ သူရဲဘောကြောင်မှုအပေါ် လက်ညှိုးထိုး ဝေဖန်နေကြပါသည်။]
လက်ညှိုးထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ အရေးမကြီးချေ။ အရေးအကြီးဆုံးအရာမှာ အသက်ရှင်သန်ရန်သာ ဖြစ်သည်။ ဒိုဂတ်သည် ကျနော့်ကို မနှစ်မြို့သော မျက်လုံးများဖြင့် စိုက်ကြည့်နေပြီး ဆုလာဘ်များကို ပေးပို့လာခဲ့သည်။
[သင်သည် ဆုလာဘ်အနေဖြင့် ဒင်္ဂါး ၂၀၀,၀၀၀ ကို ရရှိလိုက်ပါပြီ။]
[သင်သည် ဆုလာဘ်အနေဖြင့် ပစ္စည်းကိရိယာ အဆင့်ကျော်လွန်ခြင်းအတွက် အောက်ခံကျောက်တုံး နှစ်တုံးကို ရရှိလိုက်ပါပြီ။]
ပစ္စည်းကိရိယာများကို အဆင့်မြှင့်တင်ပေးမည့် အရာများ ထွက်ပေါ်လာမည့် အချိန်ရောက်ပြီဟု ကျနော် တွေးလိုက်မိသည်။ အစောပိုင်း ဇာတ်ဝင်ခန်းများမှ SSS-အဆင့် ပစ္စည်းများသည် ဇာတ်ဝင်ခန်းအလယ်နှင့် နောက်ပိုင်း နယ်မြေများတွင် အမှိုက်စများကဲ့သို့ ဖြစ်နေချေပြီ။ သို့သော်လည်း ဤအဆင့်ကျော်လွန်ခြင်း အောက်ခံကျောက်တုံးများကို အသုံးပြုခြင်းဖြင့် ပစ္စည်းကိရိယာများ၏ အရည်အသွေး ကျဆင်းသွားခြင်းကို တားဆီးနိုင်မည် ဖြစ်၏။
ဆုလာဘ်မှာ ထိုမျှတင် မကချေ။
['ဆယ့်နှစ်ရာသီခွင်ကို ဆန့်ကျင်ခဲ့သူ' ဇာတ်လမ်းကို ရရှိလိုက်ပါပြီ။]
၎င်းမှာ သမိုင်းဝင်အဆင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ကျနော့်တွင် ဇာတ်လမ်းများ များများရှိလေ ပိုကောင်းလေပင် ဖြစ်သည်။ အဆုံးတွင်တော့ ဤဇာတ်လမ်းငယ်လေးများ စုစည်းပြီးမှ ပြည့်စုံသော 'အဆင့်အတန်း'တစ်ခု ဖြစ်လာမည် ဖြစ်၏။ ရရှိထားသော ဇာတ်လမ်းများသည် 'အရာရာကို မိမိစိတ်ကြိုက် ပုံဖျက်ခြင်း' ကြောင့် နောင်လာမည့် တိုက်ပွဲများတွင် အသုံးဝင်လာပေလိမ့်မည်။
[သင့်ကို လိုက်ဖမ်းနေသော နက္ခတ်များ ပြန်လည် ထွက်ခွာသွားကြပါပြီ။]
နက္ခတ်တွေ ပုန်းကွယ်သွားပြီး မကြာမီမှာပင် ယူဂျွန်ဟော့ စက်မှုဇုန်၏ အပြင်ဘက်မြင်ကွင်း ထွက်ပေါ်လာခဲ့သည်။ ထွက်ပြေး တိမ်းရှောင်ခြင်း ဇာတ်ဝင်ခန်းကို လက်ခံရရှိထားသော မြို့သူမြို့သားများသည် စက်မှုဇုန်ထဲသို့ ဝင်ရောက်ရန် တန်းစီနေကြသည်။ ကံကောင်းထောက်မစွာဖြင့် ဂျန်ဟာယောင်း နှင့် ဟန်မြုံအို တို့သည် အလုပ် ကောင်းကောင်း လုပ်ထားကြပုံရ၏။
မီးလျှံထဲသို့ ခုန်ဆင်းခဲ့သော ခွေး ကို ကျနော်စကားလှမ်းပြောလိုက်သည်။
"မင်း အခု သွားလို့ရပြီ။ ငါ့အပေါ် သစ္စာရှိနေစရာ မလိုတော့ဘူး"
ထိုခွေးသည် ကျနော့်နောက်ကို စိတ်ရင်းအမှန်ဖြင့် လိုက်ချင်နေခဲ့သည်တော့ မဟုတ်ချေ။ ထို့ကြောင့် ဤနေရာတွင် လမ်းခွဲလိုက်ခြင်းက ပို၍ကောင်းမွန်ပေမည်။ သို့သော်လည်း ကျနော် ကျောခိုင်းထွက်ခွာလာပြီးနောက် ထိုခွေးမှာ ကျနော့်နောက်သို့ ဆက်လက် လိုက်ပါလာခဲ့သည်။
ဟဲဟဲ၊ ဟဲဟဲ၊ ဟဲဟဲ။
ကျနော် မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။
"ဘာလဲ။ မသွားဘူးလား"
အီးအီး...
ခွေးကြီး၏ မျက်လုံးများထဲတွင် မျက်ရည်များ ပြည့်လျှံလာခဲ့သည်။
['မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ' နက္ခတ်သည် 'မီးလျှံထဲသို့ ခုန်ဆင်းခဲ့သော ခွေး' အပေါ် ဂရုဏာသက်စွာ ကြည့်ရှုနေပါသည်။]
မီးလျှံထဲသို့ ခုန်ဆင်းခဲ့သော ခွေး ၏ အမည်ရင်းမှာ အိုဆူး ၏ ခွေး ဖြစ်သည်။ ၎င်း၏ သခင်ကို မီးလောင်သေဆုံးမည့်ဘေးမှ ကယ်တင်ရန်အတွက် ထိုခွေးသည် ၎င်း၏ ခန္ဓာကိုယ်ကို ရေစိုစေပြီး မီးကို ငြိမ်းသတ်ရန် အသုံးပြုခဲ့သည်။ ကံမကောင်းစွာဖြင့် ဤအမည်မှာလည်း ၎င်း၏ တကယ့်အမည်ရင်း မဟုတ်ချေ။
"...ငါ့နောက်ကို လိုက်မလို့လား"
အီးအီးး
ကျနော် ခေတ္တမျှ ဝေခွဲမရ ဖြစ်သွားခဲ့သည်။ စဉ်းစားကြည့်မည်ဆိုလျှင် ထိုခွေးသည် ကျနော်နှင့် လမ်းခွဲသွားလျှင်တောင် ခက်ခဲနေလောက်ပေလိမ့်မည်။
[နက္ခတ်အချို့သည် မီးလျှံထဲသို့ ခုန်ဆင်းခဲ့သော ခွေး အပေါ် ကြည့်ရှုနေကြပါသည်။]
ဤကမ္ဘာတွင် ကိုယ်စားလှယ်များကို ချိန်ရွယ်နေကြသည့် နက္ခတ်များရှိသကဲ့သို့ အခြားသော နက္ခတ်များကို ချိန်ရွယ်နေကြသည့် နက္ခတ်များလည်း ဒုနဲ့ဒေး ရှိကြ၏။ အကယ်၍ ၎င်းအနေဖြင့် 'ခွေးမုဆိုး' သို့မဟုတ် 'မဲလ်ဘာ့ဂ်၏ ခွေးချစ်သူ' ဟူသော ဘွဲ့အမည်များ ရှိထားသူများနှင့် ထိပ်တိုက်တွေ့ပါက အလုခံရခြင်း သို့မဟုတ် အသတ်ခံရခြင်းများ ဖြစ်လာနိုင်သည်။ ယခုအချိန်အထိတော့ ၎င်းသည် ဆယ့်နှစ်ရာသီခွင် ကြောင့် ဘေးကင်းနေခဲ့ခြင်း ဖြစ်၏။
"ဒါဆိုလည်း အတူတူ သွားကြတာပေါ့"
ဟဲဟဲ ဟဲဟဲ ဟဲဟဲ
"ဒါပေမဲ့ မင်းရဲ့ ကိုယ်ထည်ကို နည်းနည်း သေးအောင်လုပ်ဦး။ အရမ်းကြီးနေရင် အနှောင့်အယှက် ဖြစ်လိမ့်မယ်"
အီးအီးး
မီးလျှံထဲသို့ ခုန်ဆင်းခဲ့သော ခွေး သည် ၎င်း၏ ကိုယ်ထည်အရွယ်အစားကို သေးငယ်အောင် ပြုလုပ်လိုက်သည်။ ယခုဆိုလျှင် ဂိုးဒင်း ရီထရီဗာ အရွယ်အစားခန့် ဖြစ်သွားခဲ့ပြီဖြစ်၏။
"ကင်ဒေါ့ဂျာ"
ဂျန်ဟာယောင်း သည် ကျနော့်ကို လှမ်းမြင်သွားပြီး အဝေးမှနေ၍ လက်ဝှေ့ယမ်းပြသည်။
"ဟေး... ခင်ဗျား အဆင်ပြေရဲ့လား။ အဲဒီခွေးက ဘာလဲ"
"ကောက်ရလာတာ။ တခြားသူတွေကော"
"သူတို့က လူတွေကို လမ်းညွှန်ပေးရင်း အလုပ်ရှုပ်နေကြတယ်"
မီးလျှံထဲသို့ ခုန်ဆင်းခဲ့သော ခွေး သည် ဂျန်ဟာယောင်း ၏ လက်ကို လျှာဖြင့် လျက်ပေးခဲ့သည်။ ဂျန်ဟာယောင်း က "သူ့နာမည်က ဘာလဲ" ဟု မေးမြန်း၏။
ကျနော်သည် အမှန်အတိုင်း ပြောပြချင်သော်လည်း ခပ်ကြမ်းကြမ်းသာ ပြောရန် ဆုံးဖြတ်လိုက်သည်။
"အိုဆူး"
[သင်သည် မီးလျှံထဲသို့ ခုန်ဆင်းခဲ့သော ခွေး အား အမည်တစ်ခု ပေးလိုက်ပါပြီ။]
[မီးလျှံထဲသို့ ခုန်ဆင်းခဲ့သော ခွေး သည် အလွန်အမင်း အထင်ကြီးလေးစားနေပါသည်။]
[မီးလျှံထဲသို့ ခုန်ဆင်းခဲ့သော ခွေး ၏ သစ္စာရှိမှုမှာ အလွန်အမင်း တိုးမြင့်သွားပါပြီ။]
...ဒီလိုမှန်းသိရင် ပိုကောင်းတဲ့ နာမည်လေး ပေးလိုက်ပါတယ်ကွာ။
ဂျန်ဟာယောင်း သည် အိုဆူး ၏ ခန္ဓာကိုယ်ကို သေသေချာချာ စစ်ဆေးကြည့်ပြီးနောက် ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။
"ကောင်းလိုက်တာ။ ဆာဂျိုး က မင်းကို သဘောကျမှာ သေချာတယ်"
'ဆာဂျိုး' က ဘယ်သူလဲဟု ကျနော် မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် သဘောပေါက်သွားခဲ့သည်။
"...မင်းက ကောင်းကင်ဖြိုခွင်းဓါး သခင် အကြောင်းကို ပြောနေတာလား။ သူက အမ လေး ဖြစ်နေတာလား"
"ကောင်းကင်ဖြိုခွင်းဓါးသိုင်း ကို အမျိုးသမီးတွေပဲ သင်ယူနိုင်တယ် ဆိုတာကို ခင်ဗျား မေ့နေတာလား"
စဉ်းစားကြည့်မည်ဆိုလျှင်တော့... ကောင်းကင်ဖြိုခွင်းဓါးသိုင်း မှာ ထိုသို့သော သဘောသဘာဝ ရှိခဲ့သည်။ သို့သော်လည်း ချွင်းချက်တွေက များပြားလွန်းလေသည်။ ဥပမာအားဖြင့် ကျနော်၏ အရှေ့တွင် ရှိနေသော ဤသူကဲ့သို့ပင်...
"...ခင်ဗျားက ကျုပ်ကို ဘာဖြစ်လို့ အဲဒီလိုမျိုး ကြည့်နေရတာလဲ"
"မဟုတ်ပါဘူး၊ ဘာမှမဟုတ်ပါဘူး"
ကျနော်သည် စိတ်ကူးများကို ဖျောက်ဖျက်ရန်အတွက် ဦးခေါင်းကို ခါယမ်းလိုက်သည်။ ယခုအချိန်တွင် အရေးကြီးသောကိစ္စမှာ ဂျန်ဟာယောင်း ၏ ကျား/မ ကွဲပြားမှု မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော်...
[မိစ္ဆာဘုရင် ရွေးချယ်ပွဲ စတင်ရန် အချိန်နီးကပ်နေပါပြီ။]
မိစ္ဆာဘုရင် ရွေးချယ်ပွဲ သည် ယခုပင် စတင်တော့မည် ဖြစ်သည်။
"...ရောက်လာပြီ"
ကျနော့် စကားကြောင့် ဂျန်ဟာယောင်း သည် စိုးရိမ်တကြီးဖြင့် မော့ကြည့်လာခဲ့သည်။ ၇၃ ခုမြောက် မိစ္ဆာနယ်မြေ တစ်ခုလုံးမှာ တုန်ခါနေခဲ့သည်။ ရင်းနှီးကျွမ်းဝင်မှုမရှိသော အရောင်အသွေးစုံလင်သည့် ကြယ်တာရာများမှာ ကောင်းကင်ယံတွင် တစ်လုံးပြီးတစ်လုံး ပေါ်ထွက်လာခဲ့သည်။ မဟာဇာတ်လမ်းကြီး ဖြစ်ပေါ်လာမည့် ပွဲကြီးပွဲကောင်းကို စောင့်ကြည့်ရန်အတွက် ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ၏ နေရာအနှံ့အပြားမှ နက္ခတ်များ ရောက်ရှိလာကြခြင်း ဖြစ်သည်။
[နက္ခတ်များစွာသည် ချန်နယ်ထဲသို့ ဝင်ရောက်လာနေကြပါသည်။]
[မိစ္ဆာဘုရင်များစွာသည် ချန်နယ်ထဲသို့ ဝင်ရောက်လာနေကြပါသည်။]
ချန်နယ်ထဲသို့ ဝင်ရောက်လာကြသည့် တည်ရှိမှုများကို ကြည့်ရုံဖြင့် ပတ်ဝန်းကျင်၏ အငွေ့အသက်ကို ကျနော် ခံစားသိရှိနိုင်ခဲ့သည်။
['အမှောင်ဆုံးသော နွေဦး၏ ဘုရင်မ' နက္ခတ်သည် သင့်အား ကြည့်ရှုနေပါသည်။]
['ဝိုင်နှင့် ကာမဂုဏ်ခံစားမှုတို့၏ နတ်ဘုရား' နက္ခတ်သည် သင့်အား စိုက်ကြည့်နေပါသည်။]
['ထုတ်လုပ်ရေး လုပ်ငန်းရှင်' နက္ခတ်သည် သင့်အား လက်ဝှေ့ယမ်းပြနေပါသည်။]
ကျနော်နှင့် တွေ့ဆုံဖူးခဲ့သော နက္ခတ်များသည်လည်း မြင့်မားလှသော မိုးကောင်းကင်ယံတွင် ပေါ်ထွက်လာခဲ့ကြသည်။
မိုးကောင်းကင်မှ ၎င်းတို့ကို ကျနော်မော့ကြည့်ရင်း စိတ်ကို ဖြေလျှော့ရန် ကြိုးစားလိုက်သည်။ နောက်ဆုံးတွင်တော့ ဤနေရာသို့ ကျနော် ရောက်ရှိလာခဲ့ချေပြီ။ ကျန်ရှိနေသေးသော ဇာတ်ဝင်ခန်းများစွာ ရှိနေသေးပြီး ၎င်းတို့မှာ အလွန်ပင် ဝေးကွာနေသေး၏။ သို့သော်လည်း ယခုအချိန်တွင်တော့ ထိုအရာမှာ အလွန်အမင်း ဝေးကွာနေခြင်းမျိုး မဟုတ်တော့ချေ။ အနည်းဆုံးတော့ မြင့်မြတ်လှသော နက္ခတ်များ တည်ရှိရာ နေရာတစ်ခုသို့ ကျနော်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
[၂၅ ခုမြောက် အဓိကဇာတ်ဝင်ခန်း ရောက်ရှိလာပါပြီ။]
[အဓိကဇာတ်ဝင်ခန်းများကို အလွန်အမင်း ကျော်ဖြတ်ခဲ့သဖြင့် သင့်အဆင့်အတန်း၏ အစိတ်အပိုင်းအချို့ ထိခိုက် ပျက်စီးသွားခဲ့ပါသည်။]
ကျနော်သည် အခန်း ၂၀ ကျော်ရှိ ဇာတ်ဝင်ခန်းများကို လုပ်ဆောင်ခဲ့ခြင်း မရှိချေ။ ၂၅ ခုမြောက် ဇာတ်ဝင်ခန်းသို့ တိုက်ရိုက် စတင်ခဲ့ခြင်း ဖြစ်သဖြင့် ဖြစ်နိုင်စွမ်း များ ဆုံးရှုံးမှုရှိလာမည်မှာ ကျနော် ရှောင်လွှဲ၍ မရနိုင်သော ကိစ္စတစ်ခု ဖြစ်လေသည်။
[အဓိကဇာတ်ဝင်ခန်း - 'မိစ္ဆာဘုရင် ရွေးချယ်ပွဲ' စတင်ပါပြီ။]
[အဓိကဇာတ်ဝင်ခန်း #၂၅ - မိစ္ဆာဘုရင် ရွေးချယ်ပွဲ]
အမျိုးအစား
အဓိက
ခက်ခဲမှု
???
အောင်မြင်ရန် လိုအပ်ချက်
'ဒဏ္ဍာရီလာ စစ်မြေပြင်' တွင် အနိုင်ရရှိရန်အတွက် 'ကူညီသူများ' နှင့် ပူးပေါင်းဆောင်ရွက်ပါ။
အချိန်ကန့်သတ်ချက်
-
ဆုလာဘ်
မိစ္ဆာဘုရင် ရာထူးကို တရားဝင် ဆက်ခံခွင့်၊ ???။
ကျရှုံးမှု
သေဆုံးခြင်း
• ဤဇာတ်ဝင်ခန်းအတွက် 'ကူညီသူများ' ကို သင် ခေါ်ယူနိုင်ပါသည်။
• ဇာတ်ဝင်ခန်း တိုးတက်လာသည်နှင့်အမျှ ဒိုကဲဘီများထံမှ နောက်ထပ် ရှင်းလင်းချက်များ ရှိလာပါမည်။
ဤဇာတ်ဝင်ခန်းသည် ကျရှုံးမှု၏ ရလဒ်အဖြစ် 'သေဆုံးခြင်း' ဟု ဖော်ပြထားသော ဇာတ်ဝင်ခန်းတစ်ခု ဖြစ်သည်။ အကယ်၍ ကျနော် ရှုံးနိမ့်ခဲ့ပါက ဤနေရာတွင်ပင် သေဆုံးရပေလိမ့်မည်။ မကြာခဏဆိုသလို ကြုံတွေ့နေရသော အရာဖြစ်သဖြင့် ကျနော်အတွက်တော့ ဤအရာမှာ စိမ်းသက်မနေခဲ့ချေ။
[ဤဇာတ်ဝင်ခန်းကို သီးသန့်ဇာတ်ခုံတစ်ခုပေါ်တွင် ပြုလုပ်ကျင်းပ ပါမည်။]
[ဤဇာတ်ဝင်ခန်းတွင် ပါဝင်သူ စုစုပေါင်း အရေအတွက်မှာ လေးဦး ဖြစ်ပါသည်။]
[နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိပါက အဓိကပါဝင်သူများသည် 'ကူညီသူများ' ကို ခေါ်ယူနိုင်ပါသည်။]
[သင်သည် ဤဇာတ်ဝင်ခန်း၏ အဓိကပါဝင်သူတစ်ဦး ဖြစ်ပါသည်။]
မြောက်ဘက်နှင့် အနောက်ဘက်တို့မှ ကြီးကျယ်လှသော အရာတစ်ခုကို ကျနော် ခံစားလိုက်ရသည်။
['မဲလ်လီဒွန် စက်မှုဇုန်' နက္ခတ်နှင့် သက်ဆိုင်သော နက္ခတ်များသည် သင့်အပေါ် ရန်လိုမှု ပြသနေကြပါသည်။]
['ဘာကန် စက်မှုဇုန်' နက္ခတ်နှင့် သက်ဆိုင်သော နက္ခတ်များသည် သင့်အပေါ် ရန်လိုမှု ပြသနေကြပါသည်။]
ကောင်းကင်ယံရှိ နက္ခတ်များမှာ တဖျတ်ဖျတ် လက်လာကြပြီးနောက် ဒိုကဲဘီ၏ အသံ ထွက်ပေါ်လာခဲ့သည်။
[နက္ခတ်အပေါင်းတို့။ အကြာကြီး စောင့်လိုက်ရလား]
ထိုဒိုကဲဘီတို့မှာ ဒိုဂတ် နှင့် ဘီဟွန်း တို့ ဖြစ်ကြ၏။
[နောက်ဆုံးတော့ သင်တို့အားလုံး စောင့်မျှော်နေကြတဲ့ မိစ္ဆာဘုရင် ရွေးချယ်ပွဲ စတင်ပါပြီ။]
ဘီဟွန်း၏ စကားနှင့်အတူ 'ဇာတ်ခုံ' ၏ ကြီးမားလှသော ဟိုလိုဂရမ်ပုံရိပ်တစ်ခုမှာ လေထဲရှိ ဖန်သားပြင်ပေါ်တွင် ပေါ်ထွက်လာခဲ့သည်။
[ပထမဦးစွာ ဒီဇာတ်ဝင်ခန်းအတွက် ဂိမ်းဇာတ်ခုံကို ဖန်တီးပေးခဲ့တဲ့ ထုတ်လုပ်ရေး လုပ်ငန်းရှင် ကို ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားပါတယ်]
ဟိုလိုဂရမ်ပေါ်တွင် ထုတ်လုပ်ရေး လုပ်ငန်းရှင် ဖန်တီးထားသော မြေပုံ ပေါ်ထွက်လာစဉ်မှာပင် လွန်ကဲလှသော လက်ခုပ်သံများ ထွက်ပေါ်လာခဲ့သည်။
['ဒဏ္ဍာရီလာ စစ်မြေပြင်'ကစားပွဲ ကို စတင်နေပါပြီ။]
မြေပုံပေါ်တွင်ပြသနေသည်မှာ အစွန်းဘက်တွင် ဧရာမ ချောက်ကမ်းပါးကြီးများ ရှိနေသော ကျယ်ပြန့်လှသည့် တောအုပ်နယ်မြေတစ်ခု ဖြစ်၏။ တောအုပ်ဇုန်တွင် အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်မျက်နှာများ၌ 'စက်မှုဇုန်' ၏ ပုံစံများ ပါဝင်နေပြီး ၎င်းမှာ စက်မှုဇုန်တစ်ခုချင်းစီ၏ စတင်ရာနေရာများကို ဆိုလိုခြင်း ဖြစ်ပေလိမ့်မည်။
[သင်တို့အားလုံး ခန့်မှန်းထားကြတဲ့အတိုင်းပါပဲ၊ ဒီ 'ရွေးချယ်ပွဲ' က ရိုးရိုးရှင်းရှင်း ထိုးကြိတ်တိုက်ခိုက်ရုံနဲ့ ပြီးသွားမယ့် တိုက်ပွဲမျိုး မဟုတ်ပါဘူး။ အဖွဲ့တစ်ခုစီကို စက်မှုဇုန်တစ်ခုအနေနဲ့ သတ်မှတ်ပြီး 'အသင်းလိုက် ပြိုင်ပွဲ' ပုံစံမျိုးနဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်]
ဒိုကဲဘီများ၏ စကားကြောင့် နက္ခတ်အချို့မှာ အံ့အားသင့်သွားကြပြီး သွယ်ဝိုက်သော မက်ဆေ့ခ်ျများကို ပေးပို့လာခဲ့ကြသည်။ ကျနော်ကမူ အံ့သြမနေခဲ့ချေ။ ၎င်းကို မူရင်းဝတ္ထုမှတစ်ဆင့် ကျနော် သေချာ သိရှိထားပြီးသား ဖြစ်၏။
[ကစားပွဲရဲ့ စည်းမျဉ်းတွေကတော့ ရိုးရှင်းပါတယ်။ ပါဝင်သူအားလုံးဟာ မိမိကိုယ်တိုင် အပါအဝင် လူခုနစ်ဦးနဲ့ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းနိုင်ပါတယ်]
[အဖွဲ့ဝင်တိုင်းကို မတူညီတဲ့ တာဝန်တွေ ပေးအပ်သွားမှာ ဖြစ်ပြီး အဲဒီတာဝန်တွေကတစ်ဆင့် ဇာတ်ဝင်ခန်းမှာ အခန်းကဏ္ဍ တစ်ခုအနေနဲ့ ပါဝင်ကစားရမှာ ဖြစ်ပါတယ်]
ဤကစားပွဲမှာ ယခင်က ကမ္ဘာပေါ်တွင် ရေပန်းစားခဲ့ဖူးသော အေအိုအက်စ် (AOS) ဂိမ်းများနှင့် ဆင်တူလှသည်။ ပါဝင်သောအဖွဲ့ဝင်များမှာ ခံနိုင်ရည်အားမြင့်မားသူ တစ်ဦး၊ အနီးကပ်တိုက်ခိုက်ပြီး အပျက်အစီးများပြားစေသူ နှစ်ဦး၊ အဝေးမှတိုက်ခိုက်ပြီး အပျက်အစီးများပြားစေသူ နှစ်ဦး နှင့် ပံ့ပိုးကူညီသူ တစ်ဦး။ နောက်ဆုံးတွင်တော့ အစွမ်းစုံလင်သူ တစ်ဦး ဖြစ်သည်။
ဤသည်က လူခုနစ်ဦး အဖွဲ့ဖွဲ့၍ တိုက်ခိုက်ရမည့် ဂိမ်းဖြစ်သော ဒဏ္ဍာရီလာ စစ်မြေပြင် ပင် ဖြစ်သည်။
['ထုတ်လုပ်ရေး လုပ်ငန်းရှင်' နက္ခတ်သည် ပြုံးနေပါသည်။]
အမှန်အတိုင်း ပြောရမည်ဆိုလျှင် ဤကစားပွဲမှာ တစ်နေရာရာမှ ခိုးယူထားသည့် အချက်အလက်များဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။
ဒိုကဲဘီ၏ စကားမှာ ဆက်လက် ထွက်ပေါ်လာခဲ့သည်။
[ကစားပွဲမှာ အနိုင်ရနိုင်မယ့် နည်းလမ်း နှစ်မျိုး ရှိပါတယ်။ တစ်မျိုးကတော့ မိမိအဖွဲ့ကလွဲလို့ တခြားအဖွဲ့က ပါဝင်သူအားလုံးကို သုတ်သင်ရှင်းလင်းပစ်ဖို့ပါ။ ဒုတိယနည်းလမ်းကတော့ တခြားအဖွဲ့ရဲ့ 'အမှတ်အသား' ကို သိမ်းပိုက်ဖို့ပဲ ဖြစ်ပါတယ်။ ကဲ... ခင်ဗျားတို့ ကစားပွဲထဲကို ဝင်ရောက်လာတာနဲ့အမျှ အသေးစိတ် အချက်အလက်တွေကို ပိုပြီး သိရှိလာမှာပါ... ဒါထက် ပိုပြီး အရေးကြီးတဲ့ ကြေညာချက်တစ်ခု ရှိပါသေးတယ်]
ရှည်လျားလှသော စကားများအပြီးတွင် ဘီဟွန်း သည် ကျနော့်ကို လှမ်းကြည့်လိုက်သည်။
[မူလက ဒီရွေးချယ်ပွဲ ပြိုင်ပွဲမှာ အဖွဲ့ စုစုပေါင်း လေးဖွဲ့ ပါဝင်ယှဉ်ပြိုင်ဖို့ လျာထားခဲ့တာ ဖြစ်ပေမယ့် ကစားပွဲမစတင်မီမှာပဲ စက်မှုဇုန်တစ်ခုက ပြိုလဲလုနီးပါး ဖြစ်သွားခဲ့ပါတယ်]
ကျနော် ခေတ္တမျှ စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။ ဘီဟွန်းက ဆက်ပြောသည်။
[ဒါကြောင့် ကစားပွဲရဲ့ မျှတမှုကို ထည့်သွင်းစဉ်းစားတဲ့အနေနဲ့ ကျနော်တို့ဟာ အတော်လေး အခြေအနေမလှတဲ့ စက်မှုဇုန်နှစ်ခုကို ပေါင်းစည်းပြီး အဖွဲ့တစ်ဖွဲ့တည်းအဖြစ် သတ်မှတ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်]
ထို့နောက် လေထဲတွင် မက်ဆေ့ခ်ျတစ်ခု ထွက်ပေါ်လာခဲ့သည်။
[သင်သည် လက်ရှိတွင် ယူဂျွန်ဟော့ - ကင်ဒေါ့ဂျာ စက်မှုဇုန် ၏ ပါဝင်သူတစ်ဦး ဖြစ်ပါသည်။]
ဤသည်က မမျှော်လင့်ထားသော အခြေအနေတစ်ခု ဖြစ်သည်။ ကျနော်သည် ယူဂျွန်ဟော့ ၏ အဖွဲ့အတွက် စိုးရိမ်နေခဲ့သဖြင့် ယခုအခါတွင်မူ ကျနော်၏ သောကများကို လျှော့ချနိုင်ခဲ့ပြီ ဖြစ်သည်။ ဤသို့ပေါင်းစပ်ပေးဖို့ လုပ်ပေးခဲ့သူက ဘီဟွန်းပင် ဖြစ်ပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ၊ အဘယ်ကြောင့် ယူဂျွန်ဟော့ - ကင်ဒေါ့ဂျာ စက်မှုဇုန် ဖြစ်နေရသနည်း။ ဟန်းဂု(ကိုရီးယား) အက္ခရာစဉ် ဇယားအတိုင်း ဆိုလျှင် စက်မှုဇုန်၏ အမည်မှာ ကင်ဒေါ့ဂျာ - ယူဂျွန်ဟော့ စက်မှုဇုန် မဖြစ်သင့်ပေဘူးလား။
"ဂျန်ဟာယောင်း။ ယူဂျွန်ဟော့ အခု ဘယ်မှာလဲ"
ပတ်ပတ်လည်တွင် ယူဂျွန်ဟော့ကို ရှာဖွေကြည့်သော်လည်း သူ၏ အရိပ်အယောင်ကိုမျှ ကျနော်ရှာမတွေ့ခဲ့ချေ။
ဂျန်ဟာယောင်း သည် မျက်လုံးများ ပြူးကျယ်သွားရင်း ပြန်မေးသည်။
"ခင်ဗျား ဘာတွေ ပြောနေတာလဲ။ သူ့ကို မတွေ့ခဲ့ဘူးလား"
"...သူ့ကိုဘာလို့တွေ့ခဲ့ရမှာလဲ"
"သူက ခင်ဗျားကို သွားရှာတာ မဟုတ်ဘူးလား"
"ဘာ"
မကောင်းသော အငွေ့အသက်ကို ကျနော်ခံစားလိုက်ရသည်။ အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့် ကို အလျင်အမြန် ကျနော်အသုံးပြုလိုက်သည်။
[သင်သည် လက်ရှိ ပစ်မှတ်နှင့် ဆက်သွယ်၍ မရနိုင်ပါ။]
ချီး။
ဒီလိုကောင်မျိုးကို ဘယ်လိုရှာရမလဲဟု ကျနော် တွေးတောနေစဉ်မှာပင် ကျနော်၏ စိတ်ထဲ၌ တစ်ခုခုမှာ လက်ခနဲ ပေါ်လာခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ယခုအချိန်မှာ နေ့လယ်ပိုင်း ဖြစ်နေခဲ့သည်။
[သင်သည် နေ့လယ်ပိုင်း ချိန်းဆိုမှု ကို အသုံးပြုလိုက်ပါပြီ။]
နေ့လယ်ပိုင်း ချိန်းဆိုမှု။ ၎င်းမှာ ယခင်က ထိုမအေဘေးနှင့် ချိတ်ဆက်ထားခဲ့သည့် တစ်ဦးချင်း စကားပြောဆိုနိုင်သော အရာတစ်ခု ဖြစ်သည်။ ဆက်သွယ်နိုင်သော အကွာအဝေးအတွင်း ရှိမရှိကို ကျနော် မသိရှိသော်လည်း ယခုအချိန်တွင် ကျနော် ယုံကြည်ကိုးစားနိုင်သည့် တစ်ခုတည်းသော အရာမှာ ဤအရာသာ ဖြစ်သည်။
[မဖတ်ရသေးသော မက်ဆေ့ခ်ျ ၃၉ စောင် ရှိပါသည်။]
ကြည့်ရသည်မှာ ကျနော်ထံသို့ သူ၏ မက်ဆေ့ခ်ျများစွာ ရောက်ရှိနေပုံရသည်။ ကျနော်သည် ဇယားကွက်ကို အလျင်အမြန် ဖွင့်လိုက်သည်။ ပထမဆုံး မက်ဆေ့ခ်ျမှာ အောက်ပါအတိုင်း စတင်ထားခဲ့သည်။
ကင်ဒေါ့ဂျာ၊ ငါ ဘီယူ ကို ကယ်ခဲ့ပြီးပြီ / ပေးပို့သူ - ယူဂျွန်ဟော့၊ ၄၇ နာရီ နှင့် ၃၉ မိနစ်ခန့်က
နောက်ထပ် ရက်အနည်းငယ်အတွင်း မက်ဆေ့ခ်ျများမှာ ဆက်တိုက် ရောက်ရှိနေခဲ့သည်။
ဒါပေမဲ့ မင်း ဘာဖြစ်လို့ ရုတ်တရက် ပျောက်သွားရတာလဲ / ပေးပို့သူ - ယူဂျွန်ဟော့၊ ၄၆ နာရီ နှင့် ၅၄ မိနစ်ခန့်က
ငါ့မှာ မင်းရဲ့ ကလေးကလား အပြုအမူတွေအတွက် အချိန်မရှိဘူး / ပေးပို့သူ - ယူဂျွန်ဟော့၊ ၄၆ နာရီ နှင့် ၃၉ မိနစ်ခန့်က
မင်း နောက်ထပ် ပေါ်မလာဘူးဆိုရင် ငါ နင့်ကို သတ်ပစ်မယ် / ပေးပို့သူ - ယူဂျွန်ဟော့၊ ၄၅ နာရီ နှင့် ၁၈ မိနစ်ခန့်က
ဒါက နောက်ပြောင်နေတာ မဟုတ်ဘူး / ပေးပို့သူ - ယူဂျွန်ဟော့၊ ၄၄ နာရီ နှင့် ၃၉ မိနစ်ခန့်က ...
ကင်ဒေါ့ဂျာ / ပေးပို့သူ - ယူဂျွန်ဟော့၊ ၄၁ နာရီ နှင့် ၃၈ မိနစ်ခန့်က
ထို့နောက်တွင်လည်း မက်ဆေ့ခ်ျများစွာ ဆက်တိုက် ရောက်ရှိနေခဲ့သည်။ နောက်ဆုံး မက်ဆေ့ခ်ျမှာမူ -
ငါ သွားတော့မယ် / ပေးပို့သူ - ယူဂျွန်ဟော့၊ ၂၃ နာရီ နှင့် ၁၄ မိနစ်ခန့်က
ဒီမအေဘေးက ဘယ်ကိုသွားဖို့ ကြံစည်နေတာလဲ။
ကျနော် ဆွံ့အသွားခဲ့ပြီး မက်ဆေ့ခ်ျတစ်ခုကို အလျင်အမြန် ပေးပို့လိုက်သည်။
―အရူးကောင်၊ အမြန်ပြန်လာခဲ့။ ငါ အခု စက်မှုဇုန် ထဲမှာ ရောက်နေပြီ။
သို့သော်လည်း ယူဂျွန်ဟော့ ထံမှ ပြန်စာ မရရှိခဲ့ချေ။ သူ ဖတ်ရှုပြီးကြောင်း အရိပ်အယောင်လည်း မရှိခဲ့။ ယင်းအစား ကျနော်သည် သေဒဏ်ပေးစာကဲ့သို့သော ဇာတ်ဝင်ခန်း မက်ဆေ့ခ်ျတစ်ခုကို လက်ခံရရှိခဲ့သည်။
[၁၀ မိနစ်အတွင်းမှာ သင်၏ ကူညီသူများကို ခေါ်ယူပါ။]
[သင်သည် ကူညီသူ ခြောက်ဦးကို ခေါ်ယူနိုင်ပါသည်။]
ကျနော့်တွင် ခွေးနှစ်ကောင်၊ ကျား/မ ခွဲခြားရန် ခက်ခဲသော လူသားတစ်ဦး နှင့် ကျနော် လက်ညှိုးထိုးလိုက်လျှင် ကြောက်လန့်တုန်ယင်နေမည့် လူတစ်ဦး ရှိနေခဲ့သည်...သို့သော် ထိုသူသည် ကလေးမွေးပြီးစ စိတ်ကျရောဂါ ခံစားနေရသည်...
ချီး။
ကျနော်အနေဖြင့် စွမ်းအားများကို ထည့်သွင်းစဉ်းစားမနေတော့ဘဲ လူခုနစ်ဦး ပြည့်မီစေရန် အပူတပြင်း လိုအပ်နေချေပြီ။
ကျနော် သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောလိုက်သည်။
"...ငါ ကူညီသူတွေကို ရွေးချယ်မယ်"
ခွေးနှစ်ကောင်၊ ဂျန်ဟာယောင်း နှင့် ဟန်မြုံအို တို့ ပါဝင်နေခဲ့သော်လည်း ကျနော်အနေဖြင့် နောက်ထပ် နှစ်ဦး ထပ်မံ လိုအပ်နေသေးသည်။ ယူဂျွန်ဟော့ အတွက် နေရာတစ်ခု ချန်ထားခဲ့လျှင်တောင် နောက်ထပ် လူတစ်ဦးကို သီးခြား ခေါ်ယူရဦးမည် ဖြစ်၏။ မိုးကောင်းကင်ကို ကျနော်မော့ကြည့်လိုက်သည်။
[ချန်နယ်ထဲရှိ နက္ခတ်တိုင်းသည် သင့်ကို နားထောင်နေကြပါသည်။]
ယခုအခါတွင်မူ ကျနော်၏ လူမှုကွန်ရက်ကို စမ်းသပ်ရမည့် အချိန် ရောက်ရှိလာခဲ့ချေပြီ။
[ကိုရီးယား ပုံပြင်လေးထဲက 'အိုဆူး ၏ ခွေး' ဆိုသည်မှာ တကယ့်ကို သစ္စာရှိလှတဲ့ ခွေးလေးတစ်ကောင်ရဲ့ အကြောင်း ဖြစ်ပြီး၊ မီးဘေးကနေ သခင်ဖြစ်သူရဲ့ အသက်ကို ကယ်တင်ဖို့အတွက် သူ့ခန္ဓာကိုယ်ကို ရေစိုစေပြီး မီးကို သက်စွန့်ဆံဖျား ငြှိမ်းသတ်ပေးခဲ့သော ခွေးပါ။ ဤအပိုင်းထဲမှာလည်း 'မီးလျှံထဲသို့ ခုန်ဆင်းခဲ့သော ခွေး' ဆိုတဲ့ နာမည်က အဲဒီပုံပြင်လေးကို အခြေခံပြီး နက္ခတ်တစ်ပါးအနေနဲ့ ဖြစ်တည်လာတာကို ဖော်ပြခဲ့ပါတယ်]
အခန်း ၂၆၀
- အပိုင်း ၄၉ - တစ်စုံတစ်ခု၌ အတော်ဆုံး (၂)
နက္ခတ်များကို စကားလှမ်းပြောရန် ကျနော်ပြင်လိုက်သည့် ခဏမှာပင် ကြောက်လန့်တုန်ယင်နေသော ဟန်မြုံအို သည် သူ၏လက်များကို မြှောက်ပြလာခဲ့သည်။
"ငါ... ငါ့ကို ထည့်မတွက်နဲ့။ အမှန်အတိုင်းပြောရရင် ငါက ဘာမှအကူအညီဖြစ်စေမှာ မဟုတ်ဘူး"
သူသည် ကြောက်လန့်နေခဲ့သည်။ ပါဝင်သူများနှင့် ကူညီသူများ အားလုံးမှာ အနည်းဆုံး သမိုင်းဝင်အဆင့် နက္ခတ်များ ဖြစ်ကြပေလိမ့်မည်။ ထိုသို့သောအရာက မီနိုဆော့ဖ် ၏ အထွေထွေမန်နေဂျာ ဟန် တွင် မရှိသော စွမ်းအားမျိုး ဖြစ်သည်။
ဟန်မြုံအို ၏ ပုခုံးကို ပုတ်ပေးလိုက်ရင်း ကျနော် ပြောလိုက်သည်။
"လူဦးရေပြည့်အောင် ကူညီပေးပါဦး။ အထဲမှာ သေသွားရင်တောင် တကယ့်အပြင်မှာ သေမှာမဟုတ်ဘူးလေ။ မျက်စိလေးမှိတ်ပြီး ဂိမ်းကစားတယ်လို့ပဲ သဘောထားလိုက်ပါ"
ဒဏ္ဍာရီလာ စစ်မြေပြင် တွင် အခွင့်အရေး စုစုပေါင်း သုံးကြိမ် ရှိသည်။ အကယ်၍ ယခုတစ်ကြိမ် ရှုံးနိမ့်ခဲ့လျှင်တောင် နောက်တစ်ကြိမ်နှင့် ထိုနောက်တစ်ကြိမ်တို့တွင် ပြန်လည်ကုစားနိုင်ခွင့် ရှိသည်။
"ဒါ... ဒါပေမဲ့ နာတော့နာမှာမလား"
"အင်း"
"ဒါဆိုရင် ငါမလုပ်ချင်ဘူး။ ငါ မလုပ်..."
"ကျေးဇူးတင်ပါတယ်။ ဌာနမှူး"
[သင်သည် 'မိစ္ဆာမြို့စား ဟန်မြုံအို' ကို ကူညီသူအဖြစ် ရရှိလိုက်ပါပြီ။]
[ကျန်ရှိသော ကူညီသူနေရာ - ၅ ဦး။]
ပိုကောင်းသော လူစားထိုးကစားသမား တစ်ယောက်ရလျှင် ကောင်းမည်ဖြစ်သော်လည်း သင့်တော်သော လူတော်လူကောင်း ရှာမတွေ့ခဲ့ချေ။ မာ့ခ် သို့မဟုတ် အိုင်လင်း တို့ကို ရွေးချယ်နိုင်သော်လည်း ၎င်းတို့မှာ မိစ္ဆာမြို့စားတစ်ဦးဖြစ်သော ဟန်မြုံအို နှင့် ယှဉ်လျှင် အမှန်တကယ်ပင် နိမ့်ပါးနေလေ၏။
"ကျုပ်ကတော့ သေချာပေါက် ပါမှာ"
ဂျန်ဟာယောင်း သည် စောင့်မျှော်နေခဲ့ပုံမျိုးဖြင့် သူ၏လက်သီးများကို အချင်းချင်း တိုက်ပြလိုက်သည်။
[သင်သည် 'ဒိုင်မင်းရှင်း ကူးပြောင်းသူ ဂျန်ဟာယောင်း' ကို ကူညီသူအဖြစ် ရရှိလိုက်ပါပြီ။]
[ကျန်ရှိသော ကူညီသူနေရာ - ၄ ဦး။]
ယခုအချိန်တွင် ဂျန်ဟာယောင်း ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ မည်မျှအထိ ရှိနေပြီနည်း။ သူသည် သိုင်းပြိုင်ပွဲတွင် တတိယရခဲ့သည်ဟု ကျနော် ကြားသိခဲ့ရသော်လည်း... ကျနော်ကိုယ်တိုင် ရှိမနေခဲ့သဖြင့် ထိုအရာကို ခံစားမသိရှိနိုင်ခဲ့ချေ။ မည်သည့်အကြိမ်မြောက်၏ ဂျန်ဟာယောင်း မှ ဝတ္ထုဇာတ်လမ်း၏ ယခုကာလအတွင်းမှာ ကောင်းကင်ဖြိုခွင်းဓါးသိုင်း ကို ဆက်ခံနိုင်ခြင်း မရှိခဲ့ပေ။
ကောင်းကင်ဖြိုခွင်းဓါးသူတော်စင်၏ နောက်ထပ် တပည့်တစ်ဦးဆီသို့ ခေါင်းလှည့်ကြည့်လိုက်သည်။
"ကောင်းကင်ဖြိုခွင်းသခင်"
ဝုတ်
အဖြေကတော့ ရိုးရှင်းသည်။
[သင်သည် 'ဗဟုသုတကြွယ်ဝသောခွေး ကောင်းကင်ဖြိုခွင်းသခင်' ကို ကူညီသူအဖြစ် ရရှိလိုက်ပါပြီ။]
[ကျန်ရှိသော ကူညီသူနေရာ - ၃ ဦး။]
အဆင့်ကျော်လွန်သူ ခွေးတစ်ကောင်ဖြစ်သော ကောင်းကင်ဖြိုခွင်းသခင် သည် သမိုင်းဝင်အဆင့် နက္ခတ်များနှင့် သေချာပေါက် ယှဉ်ပြိုင်နိုင်သည်။ ဤခွေးသည် ဤတိုက်ပွဲတွင် ကြီးမားသော အကူအညီ ဖြစ်လာမည်မှာ အသေအချာပင်။ သို့သော်လည်း ကောင်းကင်ဖြိုခွင်းသခင် ၏ မျက်နှာအမူအရာမှာ မကောင်းလှချေ။
ဂါးးးး… ဝုတ်
ကောင်းကင်ဖြိုခွင်းသခင် ၏ ဒေါသတကြီး စိုက်ကြည့်နေသော အကြည့်များမှာ ခွေးတစ်ကောင်ဆီသို့ ဦးတည်နေခဲ့သည်။ သူ ဘာကို ဆိုလိုသည်ကို ကျနော် သိရှိပါသည်။
"ဟုတ်တယ်။ သူက အဖွဲ့ဝင် အသစ်ပဲ"
ဝုတ် ဝုတ် ဝုတ်
"မင်း မကြိုက်ရင်တောင်မှ မတတ်နိုင်ဘူးလေ"
တိတ်တဆိတ် စောင့်ကြည့်နေသော အိုဆူး သည် ကောင်းကင်ဖြိုခွင်းသခင် ၏ တင်ပါးကို လိုက်လံနမ်းရှုံ့နေခဲ့သည်။ ထို့နောက်တွင်တော့ ကောင်းကင်ဖြိုခွင်းသခင် ၏ မျက်လုံးများထဲတွင် မီးလျှံများ တောက်လောင်လာခဲ့ပြီး ၎င်း၏ နဖူးကို ကန်ထုတ်လိုက်တော့သည်။
အီးအီးး
သူသည် အားကိုးထိုက်သူတစ်ယောက် မဟုတ်သော်လည်း ကျနော်အနေဖြင့် သူ့ကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းရမည် ဖြစ်သည်။ သူသည် သမိုင်းဝင်အဆင့် နက္ခတ်တစ်ပါး ဖြစ်သဖြင့် ဟန်မြုံအို ထက်စာလျှင် ပို၍ သာလွန်ပေသည်။
[သင်သည် 'မီးလျှံထဲသို့ ခုန်ဆင်းခဲ့သော ခွေး' ကို ကူညီသူအဖြစ် ရရှိလိုက်ပါပြီ။]
[ကျန်ရှိသော ကူညီသူနေရာ - ၂ ဦး။]
ကျန်ရှိနေသော နေရာနှစ်ခုထဲမှ တစ်ခုမှာ ယူဂျွန်ဟော့ အတွက် ဖြစ်သည်။
[သင်သည် 'အမြင့်မြတ်ဆုံးဘုရင် ယူဂျွန်ဟော့' ကို ကူညီသူအဖြစ် မှတ်ပုံတင်လိုက်ပါပြီ။]
[ထိုဇာတ်ကောင်သည် လက်ရှိတွင် အနီးအနား၌ ရှိမနေပါ။]
[ထိုသူသည် ကမ်းလှမ်းချက်ကို လက်ခံလိုက်သည်နှင့် စစ်မြေပြင်သို့ အလိုအလျောက် ဆင့်ခေါ်ခြင်း ခံရမည် ဖြစ်ပါသည်။]
[ငါးမိနစ်ခန့် ကျန်ရှိပါသည်။]
ယခု ကျနော့်ထံတွင် နေရာတစ်ခုသာ ကျန်တော့သည်။
['ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်' နက္ခတ်သည် နက္ခတ်တွေကို ကြည့်ရှုနေပါသည်။]
ကျနော့်အပေါ် ကျရောက်နေသော နက္ခတ်တွေ၏ အကြည့်များကို ကျနော် ခံစားသိရှိနိုင်ခဲ့သည်။ စေတနာ့ဝန်ထမ်းတစ်ယောက်လောက် ရှာကြည့်ရအောင်။
"ဘယ်သူ ကူညီသူအဖြစ် ပါဝင်ချင်လဲ"
အမှန်အတိုင်းပြောရရင် လျှောက်ထားမည့်သူ မရှိဘဲနေမှာ မဟုတ်ဘူးဟု ကျနော် ထင်မြင်မိသည်။ ချန်နယ်ထဲရှိ နက္ခတ်များသည် ကျနော်၏ ဇာတ်လမ်းနောက်ကို ဤနေရာအထိ တောက်လျှောက် လိုက်ပါလာခဲ့ကြသူများ ဖြစ်သည်။ အကယ်၍ စေတနာ့ဝန်ထမ်း တစ်ဦးထက်ပို၍ ရှိခဲ့လျှင် ကျနော်သည် ဟန်မြုံအို ကိုပင် အစားထိုးနိုင်ပေလိမ့်မည်။ သို့သော်...
['အမှောင်ဆုံးသော နွေဦး၏ ဘုရင်မ' နက္ခတ်သည် အဓိပ္ပာယ်ဖော်မရသော အပြုံးမျိုးကို ပြုံးနေပါသည်။]
['တရားမျှတမှု၏ ထိပ်ပြောင်စစ်သူကြီး' နက္ခတ်သည် သူ၏ဦးခေါင်းကို အပြင်းအထန် ပွတ်တိုက်နေပါသည်။]
['ထုတ်လုပ်ရေး လုပ်ငန်းရှင်' နက္ခတ်သည် ခါးနာနေကြောင်း ညည်းညူနေပါသည်။]
...ချီး။
[နက္ခတ်များစွာသည် သင်၏အကြည့်များကို ရှောင်လွှဲကာ ခေါင်းလွှဲနေကြပါသည်။]
ကျနော် မကျေနပ်သော အကြည့်များဖြင့် မိုးကောင်းကင်ကို စိုက်ကြည့်လိုက်သည်။ ဤဇာတ်ခုံမှာ ပါစီဖုန်း သို့မဟုတ် ထုတ်လုပ်ရေး လုပ်ငန်းရှင် တို့နှင့် မထိုက်တန်ဟု ဆိုနိုင်သော်လည်း သမိုင်းဝင်အဆင့် နက္ခတ်များတော့ ရှိနေသေးသည် မဟုတ်ပါလား...
ကျနော် သက်ပြင်းတစ်ချက်ချလိုက်ပြီး ဂျန်ဟာယောင်း ဆီသို့ လှည့်ကြည့်လိုက်သည်။
"ဂျန်ဟာယောင်း၊ ငါပြောထားတဲ့ နက္ခတ်တွေကို ဆက်သွယ်ပြီးပြီလား"
"အင်း... ပြီးပြီ"
ဤနေ့အတွက် ကြိုတင်ပြင်ဆင်ထားရန်အတွက် ဂျန်ဟာယောင်း အား နက္ခတ်အချို့နှင့် ဆက်သွယ်ထားရန် ကျနော်တောင်းဆိုထားခဲ့ခြင်း ဖြစ်သည်။
"ပင်လယ်စစ်နတ်ဘုရား ကော ဘာပြောလဲ"
"သူကတော့ စဉ်းစားကြည့်ဦးမယ်လို့ ပြောတယ်"
ကျနော် မျက်မှောင်ကြုတ်လိုက်သည်။ သူက ဘယ်လောက်အထိ ကြာအောင် စဉ်းစားနေဦးမှာလဲ။ သူသည် ဖြစ်နိုင်စွမ်း ဆုံးရှုံးမှာကို မည်မျှအထိ စိုးရိမ်နေရသနည်း... အခြားသော နက်ဗျူလာ များကို ဆန့်ကျင်ရမှာကို သူ ကြောက်ရွံ့နေခြင်းလော။
['တရားမျှတမှု၏ ထိပ်ပြောင်စစ်သူကြီး' နက္ခတ်သည် တဘက်ဖြင့် သူ၏ဦးခေါင်းကို သုတ်နေပါသည်။]
မူလက ကျနော်၏ အစီအစဉ်မှာ ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် နမ်ဂွန်မင်းယောင်း နှင့် ပတ်ဒေါ့ဇ်ဘတ်ချွန်း ကိုင်ရီယော့စ် ရော့ဒ်ဂရိမ် တို့ကို ခေါ်ဆောင်လာရန် ဖြစ်သည်။ သို့သော်လည်း ဤလူနှစ်ဦးမှာ ယခုအခါတွင် သိုင်းလောက၌ ရှိနေကြလေသည်။
"ဂိုလျော၏ ပထမဆုံးသော ဓါး ကော ဆက်သွယ်ပြီးပြီလား"
"ဘာအကြောင်းပြန်ချက်မှ မရှိဘူး"
ဤအချက်မှာမူ ကျနော် အတော်လေး သစ္စာဖောက်ခံလိုက်ရသလို ခံစားလိုက်ရသည်။
['တရားမျှတမှု၏ ထိပ်ပြောင်စစ်သူကြီး' နက္ခတ်သည် သူ၏နဖူးကို သုတ်ခဲ့သော တဘက်အား သူ၏ဦးခေါင်းတွင် ပတ်လိုက်ရင်း ဝမ်းနည်းပူဆွေးသော မျက်နှာအမူအရာမျိုး ဖြစ်နေပါသည်။]
မတတ်နိုင်ချေ။ ဤသို့ ဖြစ်လာခဲ့လျှင် ကျနော်အနေဖြင့် ဒုတိယအကောင်းဆုံးအရာကိုသာ ရွေးချယ်ရတော့မည် ဖြစ်သည်။
['တရားမျှတမှု၏ ထိပ်ပြောင်စစ်သူကြီး' နက္ခတ်သည် ခေါင်းညိတ်ပြရင်း သင့်ကို ကြည့်ရှုနေပါသည်။]
"အက်စ်မိုးဒီအက်စ်။ မင်း ငါ့ကို ကူညီမယ်လို့ ပြောခဲ့တယ်မဟုတ်လား"
ကျနော်၏ စကားကြောင့် မိုးကောင်းကင်၏ ထောင့်စွန်းတွင် ရှိနေသော ကြောက်မက်ဖွယ်ကောင်းသည့် မဟူရာကြယ်ကြီးမှာ လှုပ်ရှားလာခဲ့သည်။
['ရာဂနှင့်အမျက်ဒေါသနတ်ဆိုး' မိစ္ဆာဘုရင်သည် သင့်အား ကြည့်ရှုနေပါသည်။]
['ရာဂနှင့်အမျက်ဒေါသနတ်ဆိုး' မိစ္ဆာဘုရင်က တတိယအကျော့ကစပြီး ကူညီပေးမည်ဟု ပြောနေပါသည်။]
...တတိယအကျော့မှလား။
['ရာဂနှင့်အမျက်ဒေါသနတ်ဆိုး' မိစ္ဆာဘုရင်သည် သင်ဟာ သူ၏အကူအညီနဲ့ ထိုက်တန်မှု ရှိမရှိကို စမ်းသပ်လိုနေပါသည်။]
ကျနော်နှုတ်ခမ်းကို ကိုက်လိုက်သည်။ ဤမအေဘေး မိစ္ဆာဘုရင်သည် ယခုအခါတွင် ကျနော်ကို အကဲဖြတ်နေချေပြီ... ကျနော်အနေဖြင့် တတိယအကျော့အထိ ရောက်နိုင်ပါ့မလားဟု တွေးတောမိသည်။ ကံကောင်းထောက်မစွာဖြင့် အခြားတစ်ဖက်မှ ကူညီသူများထဲတွင် မိစ္ဆာဘုရင်များ၏ အမည်များကို ကျနော် မတွေ့ရချေ။
[မဲလ်လီဒွန် တွင် 'လူသားမျိုးနွယ်ကို တည်ထောင်သူ' နက္ခတ်အား ကူညီသူအဖြစ် သတ်မှတ်လိုက်ပါပြီ။]
[ဘာကန် တွင် 'နောက်ဆုံးဖာရိုဘုရင်မ' နက္ခတ်အား ကူညီသူအဖြစ် သတ်မှတ်လိုက်ပါပြီ။]
[မဲလ်လီဒွန် တွင် 'ကိုယ့်မျက်လုံးကို ပြန်ထိုးဖောက်သူ' နက္ခတ်အား ကူညီသူအဖြစ် သတ်မှတ်လိုက်ပါပြီ။]
[မဲလ်လီဒွန် တွင် 'ဗာနာရာ၏ စစ်သူကြီး' နက္ခတ်အား ကူညီသူအဖြစ် သတ်မှတ်လိုက်ပါပြီ။]
၎င်းတို့မှာ မိစ္ဆာဘုရင်များ မဟုတ်ကြသော်လည်း အချို့သော ကြောက်မက်ဖွယ်ကောင်းသည့် နက္ခတ်များ၏ ဘွဲ့အမည်များ ဖြစ်ကြသည်။ အချို့သော ဒဏ္ဍာရီအဆင့် နက္ခတ်များကိုပင် ကျနော် မြင်တွေ့နေရလေသည်။ ဤဇာတ်ဝင်ခန်းကို ဆုတ်ဖြဲ၊ ဝါးစားပြီး အရသာခံလိုကြသည့် နက္ခတ်များ၏ လောဘရမ္မက်များကို ကျနော်၏ အရေပြားပေါ်တွင်ပင် ခံစားသိရှိနေရ၏။ ယခုအခြေအနေသည် ကျနော်အနေဖြင့် အမှိုက်စလေးတစ်ခုကိုပင် ဖမ်းဆုပ်ထားရမည့် အခြေအနေမျိုး ဖြစ်နေတော့သည်။
"ယူရီအယ်"
[နက်ဗျူလာ အေဒင် သည် သင့်၏ တိုက်တွန်းချက် ကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေပါသည်။]
[မိစ္ဆာနယ်မြေ ၏ မိစ္ဆာဘုရင်များသည် နက်ဗျူလာ 'အေဒင်' ၏ လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်နေကြပါသည်။]
...ဤနေရာမှာ မိစ္ဆာနယ်မြေ ဖြစ်နေသည်ကို ကျနော် မေ့လျော့နေခဲ့သည်။ ယူရီအယ် ၏ ပုံရိပ်နှင့် ကောင်းကင်ဘုံ၏ စာရေးတော် ၏ စာသားများမှာ ကျနော်၏ မျက်စိရှေ့တွင် ပေါ်ထွက်လာခဲ့သည်။ အဖွဲ့အစည်း နှစ်ခုအကြား သဘောတူညီချက်မှာ တည်မြဲနေသရွေ့ ယူရီအယ် သည် ဤကစားပွဲတွင် ပါဝင်နိုင်မည် မဟုတ်ချေ။ အဆုံးသတ်တွင်တော့ ကျနော်သည် အခြားသော အားကိုးရာတစ်ခုဆီသို့ လက်လှမ်းလိုက်ရသည်။
"ကောင်းကင်တစ်မျှ မဟာပညာရှိ"
သို့သော်လည်း ကောင်းကင်တစ်မျှ မဟာပညာရှိ ၏ တုံ့ပြန်မှုမှာ -
['ရွှေခေါင်းကွင်း၏အကျဉ်းသား' နက္ခတ်သည် သင့်ကို လှောင်ပြောင်နေပါသည်။]
['ရွှေခေါင်းကွင်း၏အကျဉ်းသား' နက္ခတ်သည် အခြားသော စက်မှုဇုန်များမှ နက္ခတ်များကို ကြည့်ပြီး မခန့်လေးစား လုပ်နေပါသည်။]
သူသည် ဤဇာတ်ခုံမှာ မျောက်ဘုရင် ဖြစ်သည့် သူ၏ ဂုဏ်သိက္ခာနှင့် ကိုက်ညီမှုမရှိဟု ယူဆပုံရသည်။ ဤဇာတ်ဝင်ခန်းအထိ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချရန်မှာ သူ၏ မာနကို ထိခိုက်စေပေလိမ့်မည်။
['မဟူရာမီးလျှံ အသူတစ်ရာနဂါး' နက္ခတ်သည် သင့်ကို လှောင်ရယ်နေပါသည်။]
ဂျန်ဟာယောင်း သည် မက်ဆေ့ခ်ျကို ကြားသိလိုက်ရသည့်အလား မေးမြန်းလာခဲ့သည်။
"မီးလျှံနဂါးကို ခေါ်ကြည့်ပါလား"
"မဖြစ်ဘူး"
"ဘာလို့လဲ၊ သူက ကျုပ်ထင်ထားတာထက်တောင် ပိုတော်သေးတယ်"
မဟူရာမီးလျှံ အသူတစ်ရာနဂါး သည် လူဆိုးတစ်ယောက်မဟုတ်မှန်း ကျနော်သိသော်လည်း သူ၏စွမ်းအားကို ငှားရမ်းရန်မှာ အန္တရာယ်များလွန်းလှသည်။ ထို့ထက် ပို၍အရေးကြီးသည်မှာ မဟူရာမီးလျှံ အသူတစ်ရာနဂါး ကို အခြားနေရာတစ်ခုတွင် လိုအပ်နေခြင်းပင်။ ကျနော် နောက်ဆုံးတွင် သက်ပြင်းချလိုက်မိသည်။
"မတတ်နိုင်တော့ဘူး၊ ကျန်တဲ့တစ်ခုတည်းသော နက္ခတ်ကတော့..."
"ဘယ်သူလဲ..."
['တရားမျှတမှု၏ ထိပ်ပြောင်စစ်သူကြီး' နက္ခတ်သည် စောင့်မျှော်နေခဲ့သည့်အလား သူ၏ ဝါးတုတ်ကို ကိုင်ထားပါသည်]
"ဂျန်ဟာယောင်း၊ လျှို့ဝှက်ကြံစည်သူ ဆီကို မက်ဆေ့ခ်ျပို့လိုက်"
[နက္ခတ်အချို့သည် သင်၏ရွေးချယ်မှုကြောင့် အံ့အားသင့်နေကြပါသည်။]
လျှို့ဝှက်ကြံစည်သူ နက္ခတ်မှာ ကျနော်၏ ချန်နယ်ထဲရှိ အဓိက နက္ခတ်လေးပါးထဲတွင် မည်သူမည်ဝါဖြစ်မှန်း ကျနော်မသိရ သေးသော တစ်ဦးတည်းသောသူ ဖြစ်သည်။ ကောင်းကင်တစ်မျှ မဟာပညာရှိ နှင့် နဂါးနက်ကြီးတို့ ပေါ်လာစဉ်ကတည်းက သူသည် အဘယ်ကြောင့် ကျနော်၏ ချန်နယ်ထဲတွင် လူကိုယ်တိုင် ထွက်မလာခဲ့သနည်းဆိုသည်ကို ကျနော် မသိခဲ့ချေ။
[နက္ခတ်အနည်းငယ်သည် သင်၏ရွေးချယ်မှုကို ကြောက်ရွံ့နေကြ ပါသည်။]
[နက္ခတ်အချို့သည် သင်၏ရွေးချယ်မှုကို ဖျောင်းဖျရန် ကြိုးစားနေကြပါသည်။]
နက္ခတ်များ၏ တုံ့ပြန်မှုမှာ နားလည်ပေးနိုင်စရာပင်။ လျှို့ဝှက်ကြံစည်သူ ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ကျနော် သေချာမသိသော်လည်း သူသည် ပြင်ပနတ်ဘုရားတစ်ပါး ဖြစ်နိုင်ခြေ အလွန်များလှသည်။ ထို့အပြင် ရှေးဟောင်းနတ်ဘုရားများကိုပင် ရိုက်ထုတ်နိုင်လောက်သည့် သြဇာအာဏာလည်း ရှိ၏။ အခြားသော နက္ခတ်များသည် ဤအချက်ကို ကောင်းကောင်းကြီး သိရှိနေကြပုံရလောက်သည်။
ဂျန်ဟာယောင်း သည် လေထဲတွင် တစ်ခုခုကို ရိုက်ထည့်လိုက်ပြီးနောက် ကျနော့်ကို လှမ်းခေါ်လိုက်သည်။
"ကင်ဒေါ့ဂျာ၊ ခင်ဗျားနာမည်မှားပြောမိတာတော့ မဟုတ်ပါဘူးနော် "
"ဘာဖြစ်လို့လဲ"
"ဒါကိုကြည့်ဦး"
ဂျန်ဟာယောင်း သည် သူရိုက်ထည့်ထားသော ဖန်သားပြင်ကို ကျနော့်အား ပြသလာသည်။
ဖန်သားပြင်ပေါ်တွင် အောက်ပါအတိုင်း မက်ဆေ့ခ်ျ ပေါ်နေခဲ့သည် -
[ဤဘွဲ့အမည်သည် ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ထဲတွင် တည်ရှိခြင်းမရှိပါ။]
ကျနော် ဆွံ့အသွားပြီး ဂျန်ဟာယောင်း ကို မေးလိုက်သည်။
"မင်း သေသေချာချာရော ရိုက်ရဲ့လား"
"ခင်ဗျားက ကျုပ်ကို ငတုံးလို့ထင်နေတာလား"
ဂျန်ဟာယောင်း သည် 'လျှို့ဝှက်ကြံစည်သူ' ဟု ထပ်မံရိုက်ထည့်လိုက်ပြန်သည်။
[ဤဘွဲ့အမည်သည် ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ထဲတွင် တည်ရှိခြင်းမရှိပါ။]
လျှို့ဝှက်ကြံစည်သူဆိုတဲ့ ဒီဘွဲ့အမည်က တည်ရှိခြင်းမရှိဘူး ဟုတ်လား။
['ရွှေခေါင်းကွင်း၏အကျဉ်သား' နက္ခတ်သည် စိတ်ဝင်စားသော မျက်နှာအမူအရာ ပြုလုပ်နေပါသည်။]
['မဟူရာမီးလျှံ အသူတစ်ရာနဂါး' နက္ခတ်သည် သိချင်စိတ် ပြင်းပြနေပါသည်။]
['ကောင်းကင်ခြေလှမ်း၏သခင်' နက္ခတ်သည် ကွန်ရက်ကို ဖွင့်လှစ်နေပါသည်။]
[နက္ခတ်အတော်များများသည် လျှို့ဝှက်ကြံစည်သူ ကို လိုက်လံရှာဖွေနေကြပါသည်။]
အခြေအနေက ဤသို့ဖြစ်လာလိမ့်မည်ဟု ကျနော်မထင်ခဲ့မိသဖြင့် ခေတ္တမျှ ကြောင်အသွားခဲ့သည်။
[တစ်မိနစ်ခန့်သာ ကျန်ရှိပါတော့သည်။]
အမှန်စင်စစ် နက္ခတ်များတွင် ဘွဲ့အမည် အမြောက်အမြားရှိသည့် အခြေအနေမျိုး ရှိတတ်သည်။ သို့သော် ယခုအခြေအနေက ထိုသို့ပင်လော။ ဘွဲ့အမည်တစ်ခု ပျောက်ကွယ်သွားခြင်းလား။
"အခု ဘယ်လိုလုပ်မလဲ"
ဂျန်ဟာယောင်း သည် စိုးရိမ်တကြီးဖြင့် ကျနော်ကို စိုက်ကြည့်လာသည်။ ကျန်ရှိသော အချိန်မှာ စက္ကန့် ၃၀ ပင် မပြည့်တော့ချေ။
['တရားမျှတမှု၏ ထိပ်ပြောင်စစ်သူကြီး' နက္ခတ်သည် အော်ဟစ်ကာ မတ်တပ်ထရပ်လိုက်ပါသည်။]
ကျနော် မိုးကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ့ကို ဆက်ပြီး လျစ်လျူရှုထားရန် ခက်ခဲလှချေပြီ။
"...ယူဂျုံး ဆန်းမြုံဒန်၊ ကျေးဇူးပြုပြီး ကူညီပေးပါ"
ကျနော် စကားပြောလိုက်သည့် ခဏမှာပင် ကောင်းကင်ယံ၌ လျှပ်စီးများ လက်သွားခဲ့သည်။
['တရားမျှတမှု၏ ထိပ်ပြောင်စစ်သူကြီး' နက္ခတ်သည် ကိုယ်ပွားခန္ဓာတစ်ခုကို ဆင့်ခေါ်ရန် ဖြစ်နိုင်စွမ်းကို အသုံးပြုနေပါသည်။]
တောက်ပလှသော အလင်းရောင်ထဲတွင် ပေါ်ထွက်လာသည့် ကိုယ်ပွားခန္ဓာကို ကျနော် စိုက်ကြည့်ရင်း တွေးတောမိသည်။ အင်အားကြီးသော်လည်း ထိန်းချုပ်မရသော နက္ခတ်တစ်ပါးထက်စာလျှင် ယုံကြည်စိတ်ချရသော မဟာမိတ် တစ်ခုရှိခြင်းက ပို၍ကောင်းပေလိမ့်မည်။ အနည်းဆုံးတော့ ဆန်းမြုံဒန် သည် ကျနော် နက်ဗျူလာတစ်ခု စတင်ဖွင့်လှစ်ခွင့် ရရှိစဉ်ကတည်းက ကျနော်ကို ထောက်ခံပေးခဲ့သော နက္ခတ်များထဲမှ တစ်ဦး ဖြစ်၏။
ဆင့်ခေါ်ခြင်း အခမ်းအနား ပြီးဆုံးသွားသော်လည်း အလင်းရောင်မှာ ပျောက်ကွယ်မသွားသေးချေ။ အနီးကပ်ကြည့်လိုက်သောအခါ ဆန်းမြုံဒန် ၏ ဦးခေါင်းမှ အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။ လက်ဖြင့် မျက်စိကို ကျနော် ကွယ်လိုက်စဉ်မှာပင် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
[မတွေ့ရတာ ကြာပြီနော်။ ကင်ဒေါ့ဂျာ]
ခိုင်မာလှသော သမိုင်းကြောင်းများ ပါဝင်နေသည့် စစ်မှန်သော အသံကြောင့် ကျနော့် စိတ်ထဲတွင် အမှတ်ရသွားမိသည်။ ခွေးများနှင့် ကြောင်များသည်ပင် ကံကောင်းလျှင် နက္ခတ်များ ဖြစ်လာနိုင်သော်လည်း ၎င်းမှာ ၎င်းတို့သည် နက္ခတ်စစ်စစ်များ ဖြစ်သည်ဟု မဆိုလိုချေ။
"မတွေ့ရတာ ကြာပါပြီ၊ ဆန်းမြုံဒန်"
သုံးမီတာခန့် မြင့်မားသော ရဟန်းတော်။ သူသည် ဧရာမ သစ်ပင်ကြီးတစ်ပင်ကဲ့သို့ ကြီးမားလှသော ဝါးတုတ်ကြီးကို ကိုင်ဆောင်ထားသည်။ သမိုင်းဝင်အဆင့် နက္ခတ် 'ဆန်းမြုံဒန်' သည် နောက်ဆုံးတွင် သူ၏ စစ်မှန်သော ပုံရိပ်ကို ထုတ်ဖော်ပြသလာခဲ့ချေပြီ။
[သင်သည် 'တရားမျှတမှု၏ ထိပ်ပြောင်စစ်သူကြီး' ကို ကူညီသူအဖြစ် ရရှိလိုက်ပါပြီ။]
[သင့်တွင် ကူညီသူများ အရေအတွက် ပြည့်စုံသွားပါပြီ။]
.
.
[ပါဝင်သူအားလုံးသည် ကူညီသူများ ခေါ်ယူခြင်း လုပ်ငန်းစဉ် ပြီးဆုံးသွားပါပြီ။]
['ဒဏ္ဍာရီလာ စစ်မြေပြင်'ကစားပွဲသည် မိစ္ဆာနယ်မြေတွင် ပေါ်ပေါက်လာပါပြီ။]