ဖုန်းမူမှာ မွေးရာပါမီးဝိညာဉ်ခန္ဓာ နိုးထနေတာ ဖြစ်ရမယ်။
Vol. 26 Ch. 253
"ညီငယ်ဖုန်း၊ မင်း တကယ်ပဲ ဘာဒဏ်ရာမှမရဘဲ ထွက်လာတာလား”
စီနီယာအစ်ကိုချီသည် သူ့ရှေ့မှ ဖုန်းမူကို မယုံကြည်နိုင်ဟန်ဖြင့် သံသယဝင်စွာ စိုက်ကြည့်နေမိ၏။
ဖုန်းမူသည် မီးတောက်ခန်းမအပြင်ဘက်သို့ ဒဏ်ရာအနာတရ လုံးဝမရှိဘဲ ထွက်ပေါ်လာခြင်းက ကျင်းဖုန်းတို့အုပ်စုကို ဆွံ့အသွားစေသည်။
သူတို့ ဟာသတစ်ခုကို စောင့်ကြည့်ရန် ဤနေရာ၌ အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ကြခြင်းပင်။
သို့သော် တစ်နေကုန် စောင့်ဆိုင်းပြီးနောက် ဖုန်းမူသည် ခြစ်ရာတစ်ခုမျှမရှိဘဲ ထွက်လာလေရာ ခဏတာမျှ သူတို့အားလုံး လက်မခံနိုင်ဖြစ်သွားကြရသည်။
"ကျွန်တော့်မှာ ဘာဖြစ်စရာ အကြောင်းရှိလို့လဲဗျ"
အားလုံး ထိုနေရာ၌ ရပ်နေသည်ကို မြင်လိုက်ရခြင်းနှင့် မီးတောက်ခန်းမအတွင်းမှ ပုံမှန်မဟုတ်သော မြေအောက်မီးအကြောင်း ပြန်လည်စဉ်းစားမိခြင်းတို့ကြောင့် ဖုန်းမူ သူတို့ရည်ရွယ်ချက်ကို ချက်ချင်းပင် ရိပ်မိသွား၏။ သို့သော် သူ သူတို့ကို ဖော်ကောင်လုပ်ရန် အစီအစဉ်မရှိပေ။
သူ သူတို့ရှေ့မှာတင် အဆင့နိမ့် မီးတောက်ခန်းမအတွက် တံဆိပ်ပြားကို စီနီယာအစ်ကိုချီထံ ပြန်လည်အပ်နှံလိုက်သည်။
"ကျေးဇူးအများကြီးတင်ပါတယ် စီနီယာအစ်ကိုချီ”
"ရပါတယ်၊ ရပါတယ်”
ဇဝေဇဝါဖြစ်နေသော်လည်း စီနီယာအစ်ကိုချီ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ပေးလိုက်၏။
ဖုန်းမူ၏ ပုံရိပ်သည် အမြင်အာရုံမှ ပျောက်ကွယ်သွားမှသာ လူတိုင်း သတိပြန်ဝင်လာကြသည်။
ကျင်းဖုန်း စီနီယာအစ်ကိုချီ၏လက်ထဲရှိ အဆင့်နိမ့် မီးတောက်ခန်းမတံဆိပ်ပြားကို ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်၏။
"မီးတောက်ခန်းမက ပြန်ပြင်ထားတာများလား"
"မဖြစ်နိုင်တာ”
စီနီယာအစ်ကိုချီ မီးတောက်ခန်းမများကို စောင့်ကြပ်လာသည်မှာ နှစ်အတော်ကြာပြီ ဖြစ်သည်။ အဆင့်နိမ့် မီးတောက်ခန်းမကို ဆေးမီးလျှံ တောင်ထွတ်က စွန့်ပစ်ထားသည်မှာ ကြာပြီဖြစ်သလို ပြုပြင်ထိန်းသိမ်းခြင်း မရှိသည်မှာလည်း အချိန်အတော်ကြာခဲ့ပြီ ဖြစ်၏။
"ကျွန်တော်တို့ သွားကြည့်ကြရင်ကော”
ဆေးမီးလျှံ တောင်ထွတ်မှ တပည့်တစ်ဦးက အကြံပြုသည်။
"အကြံကောင်းပဲ”
ကျင်းဖုန်း ချက်ချင်း သဘောတူလိုက်၏။
ကျန်သူများကလည်း ကန့်ကွက်ရန်မရှိပေ။ ဖုန်းမူ အသုံးပြုခွင့်ရထားသည့် အချိန်မှာလည်း မကုန်သေးသဖြင့် သူတို့ဝင်ရောက်စစ်ဆေးခြင်းက ဘာမှမဖြစ်နိုင်ပေ။
လက်ဖက်ရည်တစ်ခွက်စာ အချိန်ကြာပြီးနောက်။
စီနီယာအစ်ကိုချီ အဆင့်နိမ့် မီးတောက်ခန်းမကို စစ်ဆေးကာ ကျန်ရှိနေသော အပူရှိန်နှင့် မီးထွက်ပေါက်မှ အပူချိန်ကို ခံစားကြည့်လိုက်သည်။ သူက ပြောလိုက်၏။
"အဲ့ဒီကောင်စုတ် ဖုန်းမူ မြေအောက်မီးကို သေချာပေါက် သုံးသွားတယ်"
ကျင်းဖုန်း ပြောလိုက်သည်။ "ဒါဆိုရင် စီနီယာအစ်ကိုချီ၊ မြေအောက်မီးကို တစ်ချက်လောက် အသက်သွင်းပေးပါဦး"
"ကောင်းပြီ”
စီနီယာအစ်ကိုချီ တံဆိပ်ပြားကိုသုံး၍ မြေအောက်မီးကို ဆွဲထုတ်လိုက်သည်။
ဝုန်း
မီးတောက်တစ်ခု ချက်ချင်းပင် ပေါက်ကွဲထွက်လာ၏။
မတည်ငြိမ်သော မီးတောက်ကို မြင်လိုက်ရသည့်အခါ လူတိုင်း၏ မျက်နှာများ ပျက်သွားကြသည်။
အဆင့်နိမ့် အခန်းထဲမှ မြေအောက်မီးသည် ယခင်အတိုင်း မတည်ငြိမ်ဘဲ မီးကြောမှနေ၍ ထိန်းချုပ်မရအောင် လျှံထွက်နေဆဲပင်။
လူတိုင်း အရှက်မကွဲစေရန် စီနီယာအစ်ကိုချီ ခဏအကြာတွင် အစီအရင်ကို ပြန်ပိတ်လိုက်သည်။
ကျင်းဖုန်း ပြောလာသည်။
"စီနီယာအစ်ကိုချီ၊ ကျွန်တော်တို့ထဲမှာ အစ်ကိုက မီးတောက်ခန်းမရဲ့ မြေအောက်မီးအကြောင်း အသိဆုံးပဲ။ အစီအရင်ကို မသုံးဘဲနဲ့ အဲ့ဒါကို လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်တဲ့ နည်းလမ်းရှိလား"
"ရှိတာပေါ့”
စီနီယာအစ်ကိုချီ ပြန်ဖြေပေးလိုက်သည်။
"ပထမတစ်ချက်ကတော့ မွေးရာပါ မီးဝိညာဉ်ခန္ဓာ ပိုင်ဆိုင်ထားရင် လောကမှာရှိတဲ့ မီးအမျိုးအစားအားလုံးနဲ့ သဘာဝအလျောက် တစ်သားတည်း ဖြစ်နိုင်တယ်။ ဖုန်းမူမှာ မီးဝိညာဉ်ခန္ဓာ နိုးထနေတာဆိုရင် သူက ခန္ဓာကိုယ်ကြံ့ခိုင်ရေးအဆင့်ပဲ ရှိသေးပေမဲ့ ဒီမြေအောက်မီးကို ထိန်းချုပ်ဖို့ လုံလောက်တာထက်တောင် ပိုသေးတယ်”
"ဒုတိယတစ်ချက်ကတော့ မီးထိန်းချုပ်နိုင်တဲ့ ရတနာပစ္စည်းတစ်ခုခု ပိုင်ဆိုင်ထားတာမျိုးပေါ့။ ဒါပေမဲ့ ငါမြင်ရသလောက်တော့ ဖုန်းမူက သာမန်သိုလှောင်အိတ်ကိုပဲ သုံးနေတာ။ သူက အဲ့ဒီလို ရတနာမျိုး ရှိတဲ့သူနဲ့ မတူဘူး”
"မွေးရာပါ မီးဝိညာဉ်ခန္ဓာ... အဲ့ဒီအစေခံက တကယ်ကို ကံကောင်းတာပဲ”
ကျင်းဖုန်း မျက်လုံးများကို မှေးကျဉ်းလိုက်၏။ "ဒီအစေခံမှာ ကံကောင်းခြင်း အခွင့်အလမ်းကြီးတစ်ခု ရှိနေတယ်ဆိုတဲ့ သတင်းကို ဖြန့်လိုက်ပါ။ လူအတော်များများ စိတ်ဝင်စားကြလိမ့်မယ်လို့ ငါထင်တယ်"
စီနီယာအစ်ကိုချီက လက်မထောင်ပြလိုက်၏။ "ညီငယ်ကျင်း၊ တကယ့်ကို ကောင်းမွန်တဲ့ နည်းဗျူဟာပဲ။ သူများလက်ကို ငှားပြီး သတ်တာပေါ့။ ဖုန်းမူကတော့ မင်းကို စော်ကားမိတဲ့ အကျိုးဆက်က ဒီလောက်အထိ ပြင်းထန်လိမ့်မယ်လို့ ထင်ထားမှာ မဟုတ်ဘူး"
ကျင်းဖုန်းက ခေါင်းခါလိုက်၏။
"စီနီယာအစ်ကို၊ အစ်ကို မှားနေပြီ။ ဖုန်းမူ စော်ကားမိတာက ကျွန်တော့်လို အရေးမပါတဲ့ အပြင်စည်းတပည့်ကိုတင် မဟုတ်ဘူး။ သူက စုန့်မျိုးနွယ်စုရဲ့ တိုက်ရိုက်မျိုးနွယ်ဝင်ကို စော်ကားမိတာ"
ဤစကားကို ကြားလိုက်ရသည့်အခါ လူတိုင်း ချက်ချင်း သတိရသွားကြသည်။ စုန့်မျိုးနွယ်စုမှ လူတစ်ဦးသည် နတ်သမီးချင်းဟယ်နောက်သို့ လိုက်နေသည်မှာ ကြာပြီဖြစ်ပြီး ဖုန်းမျိုးနွယ်စုကလည်း သူတို့၏ စေ့စပ်မှုကို ထောက်ခံထားကြခြင်း ဖြစ်၏။
ထိုလူ၏ စရိုက်အရဆိုလျှင် သူ့စေ့စပ်ထားသူဟု သတ်မှတ်ထားသူက သာမန်အစေခံတစ်ဦးနှင့် ကြိုးကြာငှက် အတူစီးနေသည်ကို မြင်ရခြင်းက သေချာပေါက် ဒေါသထွက်စေပြီး တစ်ခုခုလုပ်ရန် လှုံ့ဆော်ပါလိမ့်မည်။
စီနီယာအစ်ကိုချီ ခေါင်းညိတ်လိုက်သည်။ "မင်းပြောတာ မှန်တယ်။ ဒီကိစ္စက ငါတို့လို လူသေးသေးလေးတွေနဲ့ မဆိုင်တော့ဘူး။ အကောင်ကြီးတွေပဲ ရှင်းကြပါစေတော့”
ဖုန်းမူ ဆေးလုံးအနည်းငယ် ဖော်စပ်ရုံနှင့် သူ့မှာ မွေးရာပါ မီးဝိညာဉ်ခန္ဓာ နိုးထနေသည်ဟု အထင်ခံလိုက်ရမှန်း လုံးဝမသိရှိပေ။
သူသည် လက်ရှိတွင် အဆင့်မြင့် ခန္ဓာကိုယ်ကြံ့ခိုင်ရေးဆေးလုံးများကို တာအိုတည်ဆောက်ခြင်းဆေးလုံးဖော်စပ်ရန်အတွက် ဆေးဖက်ဝင်ပစ္စည်းများနှင့် လဲလှယ်ရန် ပြင်ဆင်နေပြီး တာအိုတည်ဆောက်ခြင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်၏။
ရက်အနည်းငယ် ကြာပြီးနောက်
ဖုန်းမူ သူလိုအပ်သော ဆေးလုံးများအတွက် လဲလှယ်ပြီးစီးသွားပြီ ဖြစ်သည်။ ဆေးမီးလျှံ တောင်ထွတ်သို့ အပြန်လမ်းတွင် လူအချို့သည် သူ့လမ်းကို ရုတ်တရက် ပိတ်ဆို့လိုက်ကြ၏။
သူ ထိုအုပ်စုကို မမှတ်မိသော်လည်း သူတို့ထဲမှ တစ်ဦးမှာ အဓိကတပည့် ဝတ်စုံကို ဝတ်ဆင်ထားသည်။
ဖုန်းမူသည် ချက်ချင်းပင် ဂါရဝပြုလိုက်ပြီး မေးမြန်းလိုက်သည်။
“ဒီညီငယ်က စီနီယာအစ်ကိုတို့ကို နှုတ်ခွန်းဆက်ပါတယ်ဗျ။ ကျွန်တော့်ကို ဘာကြောင့် တားထားတာလဲဆိုတာ သိပါရစေ”
“မင်းက ဖုန်းမူဆိုတဲ့ ကောင်စုတ်လား”
ခေါင်းဆောင်ဖြစ်ဟန်ရသည့် တပည့်တစ်ဦး မထီမဲ့မြင်ပြုသော လေသံဖြင့် ပြောလိုက်၏။
“ဟုတ်ပါတယ်ဗျ”
ဖန်မူသည် ထိုလူထံမှ ရန်လိုမှုကို ခံစားမိသဖြင့် အလိုအလျောက် သတိထားလိုက်မိသည်။
သို့သော် သူ၏ လက်ရှိအဆင့်မှာ ခန္ဓာသန့်စင်ခြင်း အဆင့်မျှသာ ရှိသေးသဖြင့် စစ်မှန်ကံကြမ္မာ အဆင့်ရှိသော အဓိကတပည့်တစ်ဦးကို တုံ့ပြန်ရန် နည်းလမ်းမရှိပေ။
အဓိကတပည့်က ပြောလိုက်သည်။
“သူ့ကို ရိုက်ကြစမ်း။ ဒီမွေးရာပါ မီးဝိညာဉ်ခန္ဓာက ဘယ်လောက်တောင် ကြံ့ခိုင်သလဲဆိုတာ ငါ မြင်ချင်သေးတယ်”
“ဟုတ်ကဲ့ပါ”
ထိုသို့ဖြင့် လူအုပ်စုသည် ဖုန်းမူကို ဝိုင်းရံလိုက်ကြ၏။
ထိုအချိန်မှာပင် ကောင်းကင်ယံမှ အေးစက်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
“ရပ်လိုက်စမ်း”
လူတိုင်း ချက်ချင်း ရပ်တန့်သွားပြီး အသံလာရာဘက်သို့ မော့ကြည့်လိုက်ကြသည်။
ကောင်းကင်ယံမှ ကြိုးကြာငှက်တစ်ကောင် ဆင်းသက်လာ၏။ မိုးပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ဖုန်းလင်းလုံ ငှက်ပေါ်၌ မတ်တတ်ရပ်နေပြီး သူမ၏ မျက်နှာမှာ ဆီးနှင်းအလား အေးစက်လျက် ထိုလူအုပ်ကို စိုက်ကြည့်နေသည်။
ခေါင်းဆောင်ဖြစ်သူကို မြင်လိုက်ရသည့်အခါ သူမ၏ မျက်လုံးများထဲ၌ စက်ဆုပ်ရွံရှာမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း ထိန်းချုပ်ကာ ပြောလိုက်သည်။
“စီနီယာအစ်ကို စုန့်၊ ဖုန်းမူက အစ်ကို့ကို ဘယ်လိုစော်ကားမိသလဲဆိုတာ ကျွန်မမသိပေမဲ့ အစ်ကို့အနေနဲ့ သနားညှာတာပေးဖို့ ကျွန်မ တောင်းဆိုချင်ပါတယ်”
စုန့်ကျောက်ယွမ် မျက်နှာမှာ ကြည့်မကောင်းအောင် ပျက်ယွင်းသွားသည်။ “ဂျူနီယာညီမ လင်လုံ၊ ကိုယ် သူ့ကို ဘာလို့ ရိုက်နေသလဲဆိုတာ မင်း နားမလည်ဘူးလား”
ဖုန်းလင်းလုံ၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွား၏။ ဂိုဏ်းအတွင်း ပျံ့နှံ့နေသော ကောလာဟလများကို သူမ သေချာပေါက် ကြားသိထားပြီးသား ဖြစ်သည်။
သို့သော် သူမ၏ မိသားစုသည် သူမနှင့် စုန့်ကျောက်ယွမ်တို့ကြား မည်သည့်အိမ်ထောင်ရေးကိုမျှ စီစဉ်ထားခြင်းမရှိသလို၊ သူတို့နှစ်ဦးကြား တာအိုလက်တွဲအဖော် ပတ်သက်မှုမျှလည်း မရှိခဲ့ပေ။
စုန့်ကျောက်ယွမ် ဤမျှအထိ စိတ်သဘောထား သေးသိမ်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ဖုန်းမူကို ယွမ်လင်ဂိုဏ်းတစ်ပတ် လိုက်ပြရုံမျှနှင့် သူက ရန်ငြိုးဖွဲ့ထားခဲ့ခြင်း ဖြစ်၏။
“အဲ့ဒီကိစ္စကြောင့်ဆိုရင်တော့ စီနီယာအစ်ကို စိတ်ဆိုးနေဖို့ မလိုပါဘူး။ ကျွန်မ အရင်က လုပ်ခဲ့တာက သူ့ရဲ့ ပါရမီကို အသိအမှတ်ပြုလို့ပဲ။ စီနီယာအစ်ကိုက ကျွန်မရဲ့ ကိုယ်ပိုင်အဖွဲ့အစည်း တည်ထောင်တာကို နှောင့်ယှက်ချင်နေတာတော့ မဟုတ်ဘူးမလား”
သူမ စကားကြောင့် စုန့်ကျောက်ယွမ်၏ နှုတ်ခမ်းတွင် အပြုံးအယောင်တစ်ခု ပေါ်လာသည်။
“ဂျူနီယာညီမက အဲ့ဒီလိုပြောမှတော့ ကိုယ်ကလည်း အဲ့ဒီကောင်စုတ်ကို အခက်အခဲ မဖြစ်စေတော့ပါဘူး။ ဒါပေမဲ့ ကိုယ် မင်းကို တခြားဘယ်ယောကျားနဲ့မှ နှစ်ယောက်တည်း ရှိနေတာကို ထပ်မမြင်ချင်တော့ဘူး။ ကောလာဟလတွေ ထပ်ကြားရဦးမယ်ဆိုရင်တော့ ကိုယ်က မလေးမစား လုပ်မိသွားရင် အပြစ်မတင်နဲ့တော့”
ဖုန်းလင်းလုံ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ဓားလက်ကိုင်ကိုလည်း တင်းတင်းဆုပ်ထားမိ၏။
“သွားကြမယ်”
စုန့်ကျောက်ယွမ် ထိုနေရာ၌ ဆက်မနေတော့ပေ။ သူ့လူများနှင့်အတူ ရတနာအဆောင်ကို စီးနင်းကာ ထွက်ခွာသွားလေသည်။
“ဒီပြဿနာကို ဖြေရှင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မင်းသမီး”
ဖုန်းလင်းလုံ၏ ညိုးငယ်နေသော မျက်နှာကို မြင်လိုက်ရသည့်အခါ ဖုန်းမူ စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆိုလိုက်မိသည်။
‘တစ်နေ့ကျရင် ဒီနေ့ ငါခံစားခဲ့ရတာတွေကို သေချာပေါက် ပြန်ပေးဆပ်ခိုင်းမယ်’
ဖုန်းလင်းလုံ ချက်ချင်းပင် တည်ငြိမ်မှုကို ပြန်လည်ရရှိသွားသည်။
“ကျေးဇူးတင်စရာ မလိုပါဘူး။ ဒီပြဿနာက ငါ့ကြောင့် ဖြစ်လာတာပဲ။ ဒါနဲ့... နင့်မှာ တကယ်ပဲ မွေးရာပါ မီးဝိညာဉ်ခန္ဓာ နိုးထနေတာလား”
“မွေးရာပါ မီးဝိညာဉ်ခန္ဓာ ဟုတ်လားဗျ”
ဖုန်းမူ ဇဝေဇဝါဖြစ်သွားကာ ကြောင်အသွား၏။
“နင် တကယ်ပဲ မသိတာလား”
ဖုန်းလင်းလုံ သူ့ကို သေသေချာချာ စိုက်ကြည့်နေသော်လည်း သူ့မျက်နှာပေါ်မှ ဟန်ဆောင်မှုကင်းသော အမူအရာကို မြင်လိုက်ရသဖြင့် ထပ်မံအတည်ပြု မေးမြန်းလိုက်သည်။
ဖုန်းမူသည် လက်သီးဆုပ်ကာ ပြောလိုက်၏။ “မင်းသမီး ကျွန်တော့်ကို ရှင်းပြပေးပါဦးဗျ”
“ဒီသတင်းက ဆေးမီးလျှံ တောင်ထွတ်ကနေ ထွက်လာတာ...”
ဖုန်းလင်းလုံ သူမသိရှိထားသမျှအားလုံးကို ဖုန်းမူအား ပြောပြလေသည်။
“ဒါကြောင့်ကိုး သူတို့က အဲ့ဒီနေ့က ဖြစ်ပျက်ခဲ့တာတွေကြောင့် ကျွန်တော့်မှာ မွေးရာပါ မီးဝိညာဉ်ခန္ဓာ နိုးထနေတယ်လို့ ထင်သွားကြတာပဲ”
ဖုန်းမူ တီးတိုးရေရွတ်လိုက်သည်။
“မင်းသမီးကို ဖြေရမယ်ဆိုရင်တော့ ကျွန်တော့်မှာ ဘယ်လို မွေးရာပါ မီးဝိညာဉ်ခန္ဓာမှ နိုးထနေတာ မရှိပါဘူးဗျ။ အဆင့်နိမ့် မီးတောက်ခန်းမထဲမှာ ကျွန်တော် ဆေးဖော်စပ်နိုင်ခဲ့တဲ့ အကြောင်းရင်းက... အဲ့ဒီအခန်းက မြေအောက်မီးကို ကျွန်တော် လုံးဝမသုံးခဲ့လို့ပါပဲ”