← Chapters

အစ်ကိုကြီးကတော့ အမြဲတမ်း အစ်ကိုကြီးပဲလေ

Vol. 26 Ch. 254

အစ်ကိုကြီးကတော့ အမြဲတမ်း အစ်ကိုကြီးပဲလေ

Vol. 26 Ch. 254

“ဒါဆို နင် ဆေးလုံးတွေကို ဘယ်လိုဖော်ခဲ့တာလဲ”

ဖုန်းလင်းလုံသည် သိချင်စိတ်အပြည့်ဖြင့် မေးမြန်းလိုက်သည်။

ဖုန်းမူသည် ချက်ချင်း အဖြေမပေးသေးဘဲ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ရာ အနီးနားတွင် လူသူမရှိသည်ကို မြင်သောအခါ စိတ်ထဲမှ တိတ်တဆိတ် ရွတ်ဆိုလိုက်၏။

‘ထွက်လာခဲ့တော့၊ ဟော့အာ’

နောက်တစ်ခဏတွင် မီးတောက်လေးတစ်ခု ခုန်ထွက်လာပြီး ဖုန်းမူကို ပတ်ကာ ပျံသန်းနေတော့သည်။

“မင်းသမီးလေး၊ ဒါက ကျွန်တော့်ကို အဆင့်နိမ့် မီးတောက်ခန်းမထဲမှာ ဆေးဖော်စပ်နိုင်အောင် ကူညီပေးခဲ့တဲ့ လျှို့ဝှက်ချက်ပါပဲ”

စကားပြောရင်း သူ ဝိညာဉ်မီးတောက်ကို ပြန်လည်ရုပ်သိမ်းလိုက်၏။

သူ နတ်သမီးချင်းဟယ်ကို ဝိညာဉ်မီးတောက်ရှိကြောင်း ထုတ်ဖော်ပြသရန် ဆုံးဖြတ်ခဲ့ခြင်းမှာ သူမသည် သူ့ကို စိတ်ရင်းမှန်ဖြင့် ကူညီပေးခဲ့သောကြောင့်ပင်။

“ဝိညာဉ်မီးတောက်ပဲ”

ဖုန်းလင်းလုံ ၎င်းကို ချက်ချင်း မှတ်မိသွားတော့သည်။

“နင် ဝိညာဉ်မီးတောက်တစ်ခုကို သိမ်းသွင်းနိုင်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။ မွေးရာပါ မီးဝိညာဉ်ခန္ဓာ နိုးထမနေဘူးဆိုရင်တောင် မီးနဲ့ပတ်သက်တဲ့ ဝိညာဉ်ခန္ဓာတစ်ခုခုတော့ နိုးထနေတာ ဖြစ်နိုင်တယ်”

“မှတ်ထားပါ၊ ဝိညာဉ်မီးတောက်အကြောင်းကို ပြင်ပလူတွေကို ဘယ်တော့မှ အသိမပေးနဲ့။ လောလောဆယ်တော့ အပြင်မထွက်တာ အကောင်းဆုံးပဲ”

ဖုန်းမူ ဦးညွှတ်လိုက်သည်။

“မင်းသမီးလေးရဲ့ အကြံပေးချက်ကို ကျွန်တော် နှလုံးသွင်းထားပါ့မယ်”

“ကောင်းပြီ၊ ဒီကိစ္စက ပြေလည်သွားပြီဆိုတော့ နင်လည်း အခုပြန်တော့။ ငါ သွားဦးမယ်”

ထိုသို့ပြောပြီးနောက် ဖုန်းလင်းလုံ ကိုယ်ကိုလှည့်ကာ ကြိုးကြာငှက်ကို စီးနင်း၍ ထွက်ခွာသွားသည်။

ဖုန်းမူ ဝေးကွာသွားသော သူမ ပုံရိပ်ကို ကြည့်ရှုနေပြီးနောက် ဆေးမီးလျှံ တောင်ထွတ်ဆီသို့ ပြန်လည်ဦးတည်လိုက်၏။

အခြားတစ်ဖက်တွင်မူ စုန့်ကျောက်ယွမ်နှင့် သူ၏အုပ်စုသည် ဝေးဝေးသို့ မရောက်သေးမီ မြှောက်ပင့်လိုသူ တစ်ဦးက မေးမြန်းလိုက်သည်။

“စီနီယာအစ်ကို၊ အဲ့ဒီ အစေခံဖုန်းမူကို တိတ်တဆိတ် ပညာပေးလိုက်ကြမလားဗျ”

စုန့်ကျောက်ယွမ် ဂရုမစိုက်ဟန်ဖြင့် ပြောသည်။ “မလိုပါဘူး။ ငါ ဒီနေ့လာတာက အဲ့ဒီနိမ့်ကျတဲ့ အစေခံကို သတိပေးဖို့ပဲ။ လင်းလုံနဲ့ သူနဲ့ ဘာမှမပတ်သက်ဘူးဆိုမှတော့ ငါ သူ့ကို ဆက်ပြီး အရေးလုပ်မနေချင်တော့ဘူး။ ကံကောင်းလို့ ယွမ်လင်ဂိုဏ်းထဲ ရောက်လာတဲ့ အစေခံတစ်ယောက်ကို တိတ်တဆိတ် အပြစ်ပေးနေတာက ငါ့ရဲ့ ဂုဏ်သတင်းကိုပဲ ညှိုးနွမ်းစေလိမ့်မယ်”

“စီနီယာအစ်ကိုစုန့် ပြောတာ တကယ့်ကို မှန်ပါတယ်ဗျာ။ ဒီလို စိတ်သဘောထား ကြီးမြတ်တာက တကယ်ကို လေးစားစရာပဲ”

“စီနီယာအစ်ကိုစုန့်က ကျွန်တော်တို့အားလုံးအတွက် စံပြပါပဲ”

“...”

သူ့နောက်လိုက်များ၏ မြှောက်ပင့်စကားများကို နားထောင်ရင်း စုန့်ကျောက်ယွမ် အနည်းငယ် ကြည်နူးသွားမိ၏။

“ကျောက်ယီ နဲ့ နှိုင်းယှဉ်ရင် ငါက အများကြီး လိုပါသေးတယ်။ သူက ကောင်းကင်ဇာစ်မြစ် အဆင့်ကို တက်လှမ်းနိုင်ပြီလို့ ငါကြားတယ်။ ငါလည်း ဘယ်တော့မှ အဲ့ဒီအဆင့်ကို ရောက်နိုင်ပါ့မလဲ”

စုန့်ကျောက်ယီ၏ အမည်ကို ကြားလိုက်ရသည့်အခါ မည်သူမျှ စကားတစ်ခွန်း မဟရဲကြတော့ပေ။

သူမသည် ယွမ်လင်ဂိုဏ်း၏ လူငယ်မျိုးဆက်များကြားတွင် နံပါတ်တစ်နေရာကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားသူ ဖြစ်သည်။

ထို့ပြင် သူမ၌ ပြိုင်ဘက်ကင်းလက်သီးအရှင် ဟူသော တာအိုလက်တွဲဖော်လည်း ရှိနေသေးသည်။ ယွမ်လင်ဂိုဏ်းအတွင်း အထက်မှ အောက်အထိ လူတိုင်းက သူမကို သူတို့အကြီးမားဆုံး ဂုဏ်ယူစရာအဖြစ် မြင်ကြသည်။

ဆေးမီးလျှံ တောင်ထွတ်သို့ ပြန်ရောက်ပြီးနောက် ဖုန်းမူသည် ကျင့်ကြံခြင်းကို ပြန်လည်စတင်လေသည်။

နံနက်တိုင်းတွင် သူ ဆိတ်ငြိမ်သော နေရာတစ်ခုကို ရှာဖွေကာ ဆရာပေးခဲ့သော တာအိုကျမ်းစာကို ရွတ်ဆိုလေ့ရှိပြီး ထို့နောက်တွင် အ‌သေးစားကံကြမ္မာနည်းစနစ်ကို ကျင့်ကြံသည်။။

ကံမကောင်းသည်က အသေးစားကံကြမ္မာကျမ်းရရှိခဲ့သည်မှာ တစ်နှစ်ကျော်ပြီ ဖြစ်သော်လည်း သူ မည်သည့် ထိုးထွင်းသိမြင်မှုကိုမျှ မရရှိသေးခြင်းပင်။

‘ငါ့ရဲ့ ပါရမီက မလုံလောက်လို့များလား’

ဖုန်းမူ စိတ်ထဲမှ တီးတိုးလေး ရေရွတ်မိသော်လည်း ထိုအတွေးကို ချက်ချင်းပင် ဖယ်ထုတ်လိုက်၏။

သူ့လက်ရှိပန်းတိုင်မှာ တာအိုတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရန် ဖြစ်သည်။ ထိုအဆင့်သို့ ရောက်သွားပါက အသေးစားကံကြမ္မာကျမ်းကို နောက်ဆုံးတွင် နားလည်နိုင်ကောင်း နားလည်နိုင်မည်ဖြစ်ပြီး ထိုအချိန်ကျမှသာ သူ့ဆရာကို လိုက်လံရှာဖွေနိုင်မည် ဖြစ်သည်။

‘ဆရာ အခု ဘယ်နေရာမှာ ရှိနေပါလိမ့်’

...

ထိုအချိန်တွင် ချူဖုန်းတို့ အုပ်စုသည် ချင်းကျိုး မြေခွေးမျိုးနွယ်စု အုပ်ချုပ်သည့် နယ်မြေသို့ ရောက်ရှိနေပြီ ဖြစ်၏။

ချင်းကျိုးသည် ရွှမ်ကျိုး ၏ အရှေ့တောင်ဘက်တွင် တည်ရှိသည်။ ၎င်းကို မြေခွေးမျိုးနွယ်စု၏ မြင့်မြတ်နယ်မြေအဖြစ် သတ်မှတ်ကြပြီးနတ်ဆိုးမျိုးနွယ်စု၏ သန့်ရှင်းသော နယ်မြေများထဲမှ တစ်ခုလည်း ဖြစ်သည်။

သူတို့၏ ရထားလုံးသည် ချင်းကျိုး၏ နယ်စပ်သို့ ဝင်ရောက်လာသည်နှင့်အမျှ ရှုခင်းများနှင့် ဒေသန္တရ ဓလေ့ထုံးစံများမှာ စတင်ပြောင်းလဲလာလေသည်။

အမြဲတမ်း တိုက်ခိုက်လုယက်မှုများနှင့် ဆင်းရဲဒုက္ခများဖြင့် ပြည့်နှက်နေသော အခြားနတ်ဆိုးအုပ်ချုပ်ရာ နယ်မြေများနှင့် မတူဘဲ၊ ချင်းကျိုးသည် အေးချမ်းသာယာမှုနှင့် သဟဇာတဖြစ်မှုများဖြင့် ပြည့်နှက်နေ၏။ လမ်းတစ်လျှောက်တွင် ကြက်တွန်သံ၊ ခွေးဟောင်သံများကို ကြားရပြီး တည်ငြိမ်အေးချမ်းသော လေထုကို ပေးစွမ်းနေသည်။

ချူဖုန်း ရထားလုံးပေါ်မှ ဆင်းကာ ရွှေတောင်ပံလင်းယုန်ဘုရင်၏ ဘေးတွင် ထိုင်လိုက်ပြီး ဘေးဘက်မှ ဖြတ်သန်းသွားသော လှပသည့် ရှုခင်းများကို တိတ်တဆိတ် ခံစားကြည့်ရှုနေလေသည်။

လအနည်းငယ် ကြာပြီးနောက် သူတို့ ချင်းကျိုး၏ တော်ဝင်မြို့တော် အစွန်အဖျားသို့ ဆိုက်ရောက်လာကြ၏။

အဝေးမှကြည့်လျှင် တောင်ကုန်းများကြားတွင် ခန့်ညားထည်ဝါစွာ တည်ရှိနေသော မြို့တော်ကြီးကို မြင်တွေ့နိုင်ပြီ ဖြစ်သည်။

အချိန်တွက်ချက်ကြည့်လျှင် ချူဖုန်း ဝမ်တောက်ကျောင်းတော် မှ ထွက်ခွာလာခဲ့သည်မှာ ယခုဆိုလျှင် နှစ်နှစ်ပင် ရှိခဲ့ပြီ ဖြစ်၏။

လွန်ခဲ့သည့် တစ်နှစ်အတွင်း သူ၏ တပည့်အားလုံးသည် အဆင့်တက်လှမ်းခဲ့ကြသည်။

ရှောင်ချန်းသည် စိတ်ဝိညာဉ်ပြည့်အင့်ခြင်း ဆဋ္ဌမအဆင့်သို့ ရောက်ရှိခဲ့ပြီး၊ ချောင်ရို့ချန်က တတိယအဆင့်သို့ ရောက်ရှိခဲ့သည်။ သူတို့၏ တည်ငြိမ်သော ကျင့်ကြံမှုနှုန်းမှာ ချူဖုန်းအတွက် စိုးရိမ်စရာ မရှိပေ။

ချင်းချင်းမှာလည်း သိသာသော တိုးတက်မှုများ ရှိခဲ့သည်။ စိတ်ဝိညာဉ်ပြည့်အင့်ခြင်း ပထမအဆင့်သို့ ရောက်ရှိကာ၊ သူမ၏ ဇီသာဆန္ဒကို ပြီးပြည့်စုံအောင် ပြုလုပ်နိုင်ခဲ့ပြီး ကမ္ဘာပျက်မျက်ဝန်းကိုလည်း ကျွမ်းကျင်ပိုင်နိုင်ခဲ့ပြီ ဖြစ်သည်။

အခြားသူများအနေဖြင့် ဝမ်ပေါင်လဲ့သည် ကောင်းကင်ဇာစ်မြစ် ဆဋ္ဌမအဆင့်သို့ ရောက်ရှိခဲ့ပြီး၊ ယဲ့ပေ့ရွှမ်က စစ်မှန်ကံကြမ္မာ ဆဋ္ဌမအဆင့်သို့ ရောက်ရှိကာ ဖရိုဖရဲဆန္ဒ ကိုလည်း စတင်နားလည်နေပြီ ဖြစ်သည်။

ရွှီချိုက်ချန် စစ်မှန်ကံကြမ္မာ ပဉ္စမအဆင့်သို့ တိုးတက်လာခဲ့ပြီး၊ ‌ဟောက်ရန်ဖြောင့်မတ်ခြင်းကျမ်းမှာ အသေးစား အောင်မြင်မှုအဆင့်သို့ ရောက်ခဲ့သလို စာပေဆန္ဒ မှာလည်း အပြည့်အဝ ကျွမ်းကျင်သွားခဲ့ပြီ ဖြစ်၏။

ဟန်ပင်းသည်လည်း စစ်မှန်ကံကြမ္မာ ဒုတိယအဆင့်သို့ ရောက်ရှိခဲ့သည်။ အဆင့်တက်လှမ်းပြီးနောက်တွင် သူ မြင့်မြတ်ခန္ဓာကိုယ်များထဲမှ တစ်ခုဖြစ်သည့် သက်ရှည်တာအိုခန္ဓာ ကိုပင် နိုးထခဲ့ပြီး ယင်ယန်ဆန္ဒ တွင်လည်း အသေးစားအောင်မြင်မှုအဆင့်သို့ ရောက်ရှိသွားသည်။

တစ်ဖက်တွင် ချူချိုက်ယီသည် တာအိုတည်ဆောက်ခြင်း သတ္တမအဆင့်သို့ ရောက်ရှိသွားသည်။

နျဲ့ရှို့ယွမ်ပင်လျှင် အဆင့်သေးတစ်ခုကို ကျော်ဖြတ်နိုင်ခဲ့ပြီး ယခုအခါ တာအိုပေါင်းစည်းခြင်း ဒုတိယအဆင့်သို့ ရောက်ရှိကာ လွတ်လပ်ခြင်းဆန္ဒကို အပြည့်အဝ ကျွမ်းကျင်သွားခဲ့ပြီ ဖြစ်၏။

ခြုံငုံကြည့်ရလျှင် ဤတစ်နှစ်သည် အသီးအပွင့်များသော နှစ်တစ်နှစ် ဖြစ်ခဲ့သည်။ ချူဖုန်း သူ၏ တပည့်များထံမှ နှစ်ပေါင်း လေးရာကျော် ကျင့်ကြံမှုကို ရရှိခဲ့ရုံသာမက၊ မဟာတာအိုအနှစ်သာရ (၁၀) ခုကိုလည်း ရရှိခဲ့ရာ စုစုပေါင်း တစ်ရာကို ကျော်လွန်သွားပြီး ယခုအခါ မဟာတာအိုအနှစ်သာရ (၁၂၅)ခု သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဤအခြေအနေတွင် ချူဖုန်း မည်သည့်အချိန်တွင်မဆို သူတော်စင်နယ်ပယ် သို့ တက်လှမ်းနိုင်ပြီ ဖြစ်၏။ သူ့ကို ဤမျိုးဆက်၏ သက်ရှိသူတော်စင်ဟု ခေါ်ဆိုလျှင်ပင် အံ့သြစရာ မရှိတော့ပေ။

ထို မဟာတာအိုအနှစ်သာရ (၁၀)ခု ရရှိရန်အတွက်တော့ ချန်ကျင်းကျင်းလည်း အနည်းငယ်မျှ ပါဝင်ကူညီခဲ့ပါသေးသည်။

ချူဖုန်း မကြာသေးမီက လမ်းညွှန်မှုအောက်တွင် ချန်ကျင်းကျင်း စစ်တုရင်နှင့် ပန်းချီပညာ နှစ်ရပ်လုံး၏ အခြေခံများကို နားလည်သဘောပေါက်သွားတော့၏။

သို့သော် ချူဖုန်း သူမကို မည်သည့် ကျင့်ကြံခြင်းနည်းစနစ်ကိုမျှ မသင်ကြားပေးရသေးပေ။ သူမ နတ်ဆိုးနှလုံးသား နိုးထခြင်း မရှိသေးပေ။

သူမ အသက်တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီး ကောင်းကင်နတ်ဆိုးနှလုံးသား ပေါ်ထွက်လာသည့်အခါမှသာ သူမကို သင်ကြားပေးရန် အကောင်းဆုံးအချိန် ဖြစ်ပေလိမ့်မည်။

“အစ်ကိုကြီး၊ ကျွန်တော် ဘာလို့ အစ်ကိုကြီးက ပိုပိုပြီး သန်မာလာသလို ခံစားနေရတာလဲ”

ရွှေတောင်ပံသူတော်စင်သည် မကြာသေးမီက ချူဖုန်းကို ခန့်မှန်းရ ပို၍ပို၍ ခက်ခဲလာကြောင်း သိလာ၏။

အတိတ်တွင် ချူဖုန်းသည် သူ့ကို နက်ရှိုင်းပြီး အတိုင်းအဆမရှိသော ခံစားချက်မျိုး ပေးခဲ့သည်။ ယခု ချူဖုန်းသည် သူ့ရှေ့တွင် ရပ်နေသည့်အခါ သာမန်လူသားတစ်ဦးနှင့် မခြားနားတော့ပေ။

ချူဖုန်း၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေတောင်ပံသူတော်စင်သည် ရိုးစင်းမှုသို့ ပြန်လည်ရောက်ရှိသွားမှုနှင့် တာအို၏ အငွေ့အသက်ကို ခံစားမိနေသည်။

ချူဖုန်း ပြုံးလိုက်သည်။

“ခင်ဗျားထင်တာ မမှားပါဘူး”

“ညီအစ်ကို၊ မဟုတ်ဘူး။ အစ်ကိုကြီးလို့ပဲ ခေါ်တော့မယ်။ အစ်ကိုကြီး ဘယ်သူမှ မသိအောင် သူတော်စင်အဆင့် တက်သွားပြီလို့ မပြောနဲ့နော်”

ရွှေတောင်ပံသူတော်စင် သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။

ချူဖုန်း အေးအေးဆေးဆေးပင် ပြန်လည်ဖြေကြားသည်။ “မရောက်သေးပါဘူး။ ဒါပေမဲ့ ကျုပ်နားလည်ထားတဲ့ မဟာတာအိုအနှစ်သာရတွေနဲ့ဆို အချိန်မရွေး အဆင့်တက်လှမ်းနိုင်ဖို့ လုံလောက်နေပြီလေ”

ဟူး...

ရွှေတောင်ပံသူတော်စင် အသက်ပြင်းပြင်း ရှူလိုက်မိသည်။

“ဒါဆို အစ်ကိုကြီးက ဘယ်တော့ အဆင့်တက်ဖို့ စီစဉ်ထားတာလဲ။ ကျွန်တော့်ကိုလည်း အစ်ကိုကြီရဲ့ ဂုဏ်ကျက်သရေတွေအောက်မှာ ခဏလောက် ခိုလှုံခွင့်ပေးပါဦး”

ချူဖုန်းက သူ့ပုခုံးကို ပုတ်ပေးလိုက်၏။ “ဒါကတော့ မင်း ကျင့်ကြံခြင်းမှာ ဘယ်လောက်အထိ ကြိုးစားအားထုတ်သလဲဆိုတဲ့ အပေါ်မှာပဲ မူတည်တာပေါ့”

ရွှေတောင်ပံသူတော်စင် ချူဖုန်းကို ကြောင်တောင်တောင် ကြည့်နေမိသည်။ သူ တကယ်ပဲ မေးချင်နေမိသည်။

‘အစ်ကိုကြီး အဆင့်တက်တာက ကျွန်တော့်ရဲ့ ကျင့်ကြံမှုနဲ့ ဘာဆိုင်လို့လဲ’

သူ ငြိမ်သက်သွားသည်ကို မြင်သောအခါ ချူဖုန်းက ရယ်မောလိုက်သည်။

“စိတ်မပူပါနဲ့။ ကျုပ်က ခင်ဗျားအထက်အရင် သူတော်စင်အဆင့်ကို သေချာပေါက် ရောက်မှာပါ။ ဒါကိုပဲ မှတ်ထား”

ရွှေတောင်ပံသူတော်စင် ပြန်ပြောလိုက်သည်။

“ကျွန်တော့်ကို ညီလေးလို့ ခေါ်နေသလို ဘာလို့ ခံစားနေရတာလဲ”

“ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိစမ်းပါ”

ချူဖုန်း ခဏရပ်လိုက်သည်။

“ခံစားနေရတာ ဆိုတဲ့ စကားလုံးကို ဖြုတ်လိုက်စမ်းပါ”

ရွှေတောင်ပံသူတော်စင် “...”

သူသည် ရင်ဘတ်ကို အလိုအလျောက် ဖိထားမိ၏။ ထိုစကားက အသွားမပါသည့် ဓားတစ်လက်အလား။

ထိုသို့ဖြင့် သူတော်စင်တစ်ပိုင်း နှစ်ဦး နောက်ပြောင်နေကြစဉ် သူတို့ ရထားလုံးသည် ချင်းကျိုးတော်ဝင်မြို့တော်၏ တံခါးဝသို့ နောက်ဆုံးတွင် ရောက်ရှိလာလေသည်။

ထိုနေရာတွင် အမြီးသုံးချောင်းပါသော မြေခွေးမျိုးနွယ်စု ကျင့်ကြံသူတစ်ဦး ရထားလုံးဆီသို့ လျှောက်လှမ်းလာပြီး ရွှေတောင်ပံသူတော်စင်ကို ရိုသေစွာ မေးမြန်းလိုက်သည်။

“မေးပါရစေ၊ အရှင်က လေးစားအပ်တဲ့ ရွှေတောင်ပံသူတော်စင်လား”

ရွှေတောင်ပံ သူတော်စင် ခန့်ညားစွာပြောသည်။

“မှန်တယ်၊ ငါပဲ”

အမြီးသုံးချောင်း ကျင့်ကြံသူက ပြောလိုက်သည်။ “သူတော်စင်ကြီးကို ချင်းကျိုးတော်ဝင်မြို့တော်ကနေ ကြိုဆိုခွင့်ရတာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါပဲ။ ကျွန်တော့်နောက်ကို လိုက်ခဲ့ပေးပါ။ ကျွန်တော့်သခင်က အရှင့်ကို ကြိုဆိုဖို့ နန်းတော်ထဲမှာ စောင့်ဆိုင်းနေပါတယ်”

ဤသည်ကို ကြားလိုက်ရသောအခါ ရွှေတောင်ပံသူတော်စင် ပြုံးလိုက်သည်။ “ငါ့နာမည်က ချင်းကျိုးတော်ဝင်မြို့တော်အထိတောင် ပျံ့နှံ့နေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။ ကောင်းပြီလေ၊ လမ်းပြပါ”

“ဟုတ်ကဲ့ပါခင်ဗျာ”

မြေခွေးနတ်ဆိုးသုံးဦးသည် သူတို့၏ စီးတော်ယာဉ်များပေါ်သို့ တက်လိုက်ကြပြီး ချူဖုန်းတို့ အုပ်စုကို တော်ဝင်မြို့တော်ဆီသို့ ဦးဆောင်ခေါ်သွားလေတော့၏။

Why

All Chapters