ဇီသာ၊ စစ်တုရင်၊ လက်ရေးလှနှင့် ပန်းချီပညာတို့တွင် လောက၌ အနှိုင်းမဲ့သူ
Vol. 26 Ch. 257
ချူဖုန်း စုတ်တံကို ကောက်ကိုင်လိုက်ပြီး စာရွက်ပေါ်ရှိ လစ်လပ်နေသော နေရာလွတ်တွင် လက်ရေးသေးသေးလေးဖြင့် စာတစ်ကြောင်း စတင်ရေးသားလိုက်၏။
“ခုနစ်နှစ်တာ ကာလပတ်လုံး တာအိုကို ရှာဖွေရင်း ဟင်းလင်းပြင်တစ်ခုလုံး လှည့်လည်ခဲ့ရာ တစ်ခါသော် လျှိုမြစ်ကို ဖြတ်ကျော်ခဲ့ဖူး၏။ ရှေးလူတို့ အဆိုအရ ဤမြစ်ကို စောင့်ကြပ်သော နတ်သမီးအမည်မှာ ဖူဖေး ဟုတွင်သည်။ စုန့်ယွိ ရေးသားခဲ့သော နတ်မိမယ်နှင့် ချူဘုရင်တို့၏ ပုံပြင်ကို အမှတ်ရမိသည်နှင့်အညီ ဤမော်ကွန်းလင်္ကာကို ရေးစပ်သီကုံးလိုက်ရသည်”
“သူ့အား ငါဆိုခဲ့သည်မှာ သူမ၏ အဆင်းသဏ္ဌာန်သည် လန့်ဖြန့်သွားသော ငန်းတစ်ကောင်ကဲ့သို့ ကျော့ရှင်းလှပပြီး၊ လူးလာကူးခတ်နေသော နဂါးတစ်ကောင်ကဲ့သို့ ယိမ်းနွဲ့နွဲ့ ရှိလှပေသည်...”
သန်းခေါင်ယံအချိန် ရောက်သောအခါ စာလုံးပေါင်း ရာဂဏန်းခန့် ရေးသားပြီးစီးသွားပြီး စာရွက်ထက်မှ စာပေတာအို အလင်းတန်းများသည် ကိုးကျန့် အမြင့်ထိ တောက်ပလာကာ သူတော်စင် လဲ့ရှူ၏ စာပေအလင်းတန်းကို တိုက်ရိုက် လွှမ်းမိုးသွားလေတော့သည်။
ဤမြင်ကွင်းကြောင့် သူတော်စင်လဲ့ရှူ၏ တာအိုနှလုံးသားမှာ ပျက်စီးလုနီးပါး ဖြစ်သွားရသည်။ သူသည် အလိုအလျောက်ပင် ချူဖုန်းဘက်သို့ လှည့်ကြည့်မိသွား၏။
ပန်းချီကားပေါ်ရှိ လက်သည်းခွံခန့်သာရှိသော စာလုံးလေးများသည် တာအိုအလင်းတန်းများဖြင့် ဖုံးလွှမ်းနေသော်လည်း ချူဖုန်း ရေးထားသည်များကို သူ ရှင်းရှင်းလင်းလင်း မဖတ်ရှုနိုင်ပေ။
သူ့ကို ပို၍ တုန်လှုပ်စေသည်မှာ ချူဖုန်း၏ သဘာဝကျလှသော လက်လှုပ်ရှားမှုများပင်။
အကြောင်းမှာ ထိုစာလုံးတစ်လုံးချင်းစီတိုင်းတွင် မဟာတာအိုအနှစ်သာရများ ကိန်းအောင်းနေသောကြောင့် ဖြစ်၏။
ဤလူငယ်မှာ သူတော်စင်တစ်ပိုင်း အဆင့်သို့ ရောက်ရှိခဲ့သည်မှာ ဆယ်နှစ်ပင် မပြည့်သေးသည် မဟုတ်ပါလော။
သူ အဘယ်ကြောင့် ဤမျှ မြန်မြန်ဆန်ဆန် ရေးသားနိုင်ရသနည်း။
ပါရမီရှင်တစ်ယောက်နှင့် သာမန်လူတစ်ယောက်ကြားက ခြားနားချက်ပေလော။
အပြင်ဘက်မှ ကြည့်နေသော ပိုင်ယွီလည်း ထိုမြင်ကွင်းကြောင့် မှင်တက်သွားကာ တီးတိုးရေရွတ်လိုက်မိသည်။
“သူတော်စင်တစ်ပိုင်းချူက တာအိုအနှစ်သာရ ဘယ်နှခုလောက်ကို နားလည်သဘောပေါက်ထားလို့ ဒီလောက်တောင် ဆက်တိုက်ရေးနိုင်ရတာလဲ”
“ဟက်...”
ရွှေတောင်ပံသူတော်စင်သည် စိတ်ထဲမှ တိတ်တဆိတ် ရယ်မောလိုက်သည်။ အကယ်၍ သူတို့သာ သူ့အစ်ကိုကြီးသည် အချိန်မရွေး သူတော်စင်အဆင့်သို့ တက်လှမ်းနိုင်သည်ကို သိသွားပါက ငုတ်တုတ်ပင် မေ့လဲသွားနိုင်သည်။
ချူဖုန်း ကျန်လူများ တွေးနေသည်ကို သတိမထားမိပေ။ ဤအချိန်တွင် သူ ဇီသာ၊ စစ်တုရင်နှင့် လက်ရေးလှ ပညာရပ်သုံးခုစလုံးတွင် အပြည့်အဝ စိတ်နှစ်ထားခဲ့၏။
ပညာရပ်သုံးခုလုံးကို တစ်ပြိုင်နက်တည်း အသုံးချနေခြင်းသည် ဝိညာဉ်စွမ်းအားနှင့် နတ်ဘုရားအာရုံကို အလွန်အမင်း ကုန်ခမ်းစေသော်လည်း နှစ်ပေါင်းသုံးထောင်ကျော် ကျင့်ကြံမှုမှာ အလကားမဟုတ်ပေ။
ဆေးလုံးများ မမှီဝဲဘဲနှင့် သူတော်စင်လေးဦးကို သုံးရက်သုံးညတိုင်တိုင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်၏။
ထို့ပြင် ဤလေးယောက်ကို အနိုင်ယူရန် သုံးရက်လောက် ကြာမြင့်မည်လည်း မဟုတ်ပေ။
သူသည် စာရွက်ပေါ်တွင် ဆက်လက်ရေးသားလိုက်သည်။
“သင်သည် ဝိညာဉ်အပေါင်းတို့အကြားတွင် ရှိနေပြီး၊ အုပ်စုလိုက် ရောနှောကာ အဖော်အပေါင်းတို့ကို ခေါ်နေ၏။ အချို့မှာ ကြည်လင်သော စမ်းချောင်းလေးများတွင် ကစားနေကြပြီး၊ အချို့မှာ နတ်ဘုရားတို့၏ ကျွန်းငယ်များပေါ်တွင် ပျံသန်းနေကြသည်။ အချို့က တောက်ပသော ပုလဲလုံးများကို စုဆောင်းနေကြသလို၊ အချို့က မြရောင် အမွေးအတောင်များကို ကောက်ယူနေကြသည်။ နန်ရှန်းမှ ကြင်ယာတော်နှစ်ပါးမှသည် ဟန်မြစ်ကမ်းခြေတစ်လျှောက် လှည့်လည်သွားလာနေကြသော ပျိုမေများအထိပင်...”
“ထို့ကြောင့် တောင်ကုန်းများကို ဆင်းကာ အမြင့်များသို့ တက်လှမ်းရင်း နတ်ဘုရားတို့၏ မြေပေါ်သို့ ငါခြေချခဲ့၏။ ခံစားချက်နှင့် ပုံရိပ်တို့ကို ချန်ရစ်ကာ ဝမ်းနည်းမှုတို့ဖြင့် နောက်သို့ ပြန်လှည့်ကြည့်မိသည်။ ထိုနတ်မိမယ်၏ ပုံရိပ် တစ်ဖန်ပြန်ပေါ်လာနိုးသဖြင့် ငါသည် လှေငယ်လေးကို စုန်ဆန်ခတ်ခဲ့၏။ မြစ်ကြီးတစ်လျှောက် မျောပါရင်း ပြန်ရန်ပင် မေ့လျော့ခဲ့သည်။ ငါ၏ တမ်းတမှုတို့မှာ တစ်နေ့ထက်တစ်နေ့ ပိုမိုနက်ရှိုင်းလာခဲ့၏။ တောက်ပသော ကြယ်တာရာများအောက်တွင် အိပ်မပျော်နိုင်ဘဲ မိုးသောက်ယံအထိ နှင်းစိုစွတ်မှုကို ခံခဲ့ရသည်။ ငါသည် အိမ်စေအား ရထားလုံးပြင်ရန် အမိန့်ပေးလိုက်၏။ မြောက်ဘက်သို့ ပြန်ရန် ငါကြံရွယ်သည်။ ဇက်ကြိုးကို ဆွဲကိုင်ကာ နှင်တံကို မြှောက်လိုက်သော်လည်း နောင်တတို့ဖြင့် ဝေခွဲမရဖြစ်ကာ မခွာနိုင် မခွာရက် ရှိနေတော့သည်။”
နောက်ဆုံးစာကြောင်း ရေးသားပြီးသွားသည်နှင့် စာလိပ်ထက်မှ (၃၉) ကျန့် အမြင့်ရှိသော စာပေတာအို အလင်းတန်းကြီး တစ်ခု ထွက်ပေါ်လာကာ အရုဏ်ဦး အလင်းရောင်နှင့်အတူ ကောင်းကင်ယံကို ပိုမိုတောက်ပစေခဲ့သည်။
သူတော်စင် လဲ့ရှူသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လက်ထဲမှ စုတ်တံ မြေပေါ်သို့ ပြုတ်ကျသွားပြီး တိုးတိုးလေး ရေရွတ်လိုက်မိ၏။
“ကျွန်တော် အရှုံးပေးပါတယ်”
ချူဖုန်း ဘာမှပြန်မပြောပေ။ သူ့နတ်ဘုရားအာရုံက စစ်တုရင်ရုပ်တစ်ခုအဖြစ် တစ်ဖန်ပြောင်းလဲသွားပြီး စစ်တုရင်ခုံပေါ်သို့ ကျရောက်သွားသည်။
ထိုစစ်တုရင်ရုပ် ကျသွားသည်နှင့် တပြိုင်နက် မော့ချီ၏ စစ်တုရင်ရုပ်များ ဖန်တီးထားသော သက်ရှိသတ္တဝါ အားလုံး စစ်တုရင်ခုံ၏ ကမ္ဘာငယ်လေးထဲမှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
မော့ချီသည် ၎င်းကို မြင်လိုက်ရပြီး နုံးချိစွာဖြင့် မျက်လုံးများကို ပိတ်လိုက်ကာ ဝန်ခံလိုက်သည်။
“ငါ အရှုံးပေးပါတယ်”
ထို့နောက် ချူဖုန်းသည် သူ၏ ညာဘက်လက်ကို ဇီသာကြိုးများပေါ်တွင် တင်လိုက်ပြီး လက်နှစ်ဖက်လုံးဖြင့် စတင် တီးခတ်လိုက်သည်။
ပြိုလဲလုနီးပါး ဖြစ်နေပြီဖြစ်သော ဟွမ်ချင်းသည် ဤသည်ကို မြင်လိုက်ရသောအခါ ချွေးစေးများ ထွက်လာသည်။ သူ၏ လက်ချောင်းများမှာ တီးခတ်နေရင်း တုန်ရီနေလေပြီ။
“ဂွမ်း”
ဟွမ်ချင်း၏ ဇီသာကြိုးများ ပြတ်တောက်သွားပြီး သူဖန်တီးထားသော အာရုံလှည့်စားမှု ပုံရိပ်များလည်း ပျောက်ကွယ်သွား၏။
ချူဖုန်းမှာမူ ဆက်လက်တီးခတ်နေဆဲပင်။ သူသည် အလုပ်တစ်ခုကို အစမှ အဆုံးထိ လုပ်ဆောင်တတ်သူ ဖြစ်သည်။ သူသည် “တောင်မြင့်နှင့် စမ်းရေစီးသံ” အမည်ရသော တေးသွားကို အပြီးသတ် တီးခတ်ရန် ရည်ရွယ်ထားသည်။
ဇီသာသံမှ ဖြစ်ပေါ်လာသော ပုံရိပ်ယောင်များသည် စာပေတာအို အလင်းတန်းနှင့် ပေါင်းစပ်သွားသည်။ ချင်းကျိုး တော်ဝင်မြို့တော်၏ အထက် ကောင်းကင်ယံတွင် တောင်တန်းကြီးတစ်ခု ပေါ်ထွက်လာပြီး၊ တောင်ထိပ်မှ စမ်းရေများ စီးကျကာ မြစ်ကြီးတစ်စင်းအဖြစ် အသွင်ပြောင်းသွားသည်။
ဤအချိန်တွင် နေမင်းမှာ ကောင်းကင်ယံသို့ စတင် ထွက်ပြူလာပြီဖြစ်သည်။ နေရောင်ခြည်သည် ထိုပုံရိပ်ယောင်ပေါ်သို့ ဖြာကျနေသဖြင့် တော်ဝင်မြို့တော်အတွင်းရှိ လူတိုင်း ရှင်းရှင်းလင်းလင်း မြင်တွေ့နေရ၏။
“အင်မော်တယ်တောင်တန်းကြီးပါလား”
“အင်မော်တယ်တောင်တန်းကြီးက တော်ဝင်မြို့တော်မှာ ပေါ်လာတာပဲ”
“ဒါ ဘိုးဘွားပိုင်မြေက နတ်ဘုရားတွေ ပေးတဲ့ နိမိတ်များလား”
ချင်းကျိုး တော်ဝင်မြို့တော်အတွင်းရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် အံ့အားသင့်စွာ ကောင်းကင်ယံကို မော့ကြည့်နေကြ၏။
မြို့တော်အတွင်းရှိ ကျွမ်းကျင်သူများလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြပြီး သူတော်စင် ငါးဦး၏ တိုက်ပွဲကို အဝေးမှ စောင့်ကြည့်နေကြသည်။
လူတိုင်း ထိုမြင်ကွင်းတွင် မိန်းမောနေစဉ်မှာပင် မြစ်ထဲ၌ ပုံရိပ်တစ်ခု ပေါ်လာ၏။ ထိုပုံရိပ်မှာ မျက်နှာကို ဖုံးကွယ်ထားပြီး ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသော နတ်သမီးတစ်ပါးပင်။
သူမသည် ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်မိမယ်တစ်ပါးအလား လောကီလူ့လောကနှင့် ကင်းကွာလျက် ရှိသည်။ ထိုနေရာတွင် ရပ်နေရုံမျှဖြင့် မြင်တွေ့ရသူတိုင်း၏ ရိုသေလေးစားမှုကို ရရှိစေသည်။
“ချွင်”
ထိုအမျိုးသမီးသည် ဓားကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ယံတွင် ယင်ယန်ထိုက်ချီ စက်ဝိုင်းပုံရိပ် ပေါ်လာသည်။
ဤဓားချက်ကို မြင်လိုက်ရသောအခါ သူတော်စင် ဖာဟွာသည် ချူဖုန်း၏ ပန်းချီကို တစ်ချက်ကြည့်၊ သူ၏ ပန်းချီကို တစ်ချက်ကြည့်ပြီးနောက် ချက်ချင်းပင် လက်ကို ဝှေ့ယမ်းကာ သူ၏ ပန်းချီကားကို ပြာဖြစ်အောင် ရှို့လိုက်လေသည်။
“ဒါက ယင်ယန်ရဲ့ မဟာတာအို အနှစ်သာရတွေပဲ။ မိတ်ဆွေချူရဲ့ ပန်းချီပညာကတော့ တကယ့်ကို နတ်ဘုရားဆန်လွန်းပါတယ်”
ပိုင်ယွီ မအောင့်နိုင်ဘဲ ထိတ်လန့်တကြား အော်သံကြီး ထွက်လာ၏။
ဓားချက် ကျရောက်သွားသည်နှင့် နတ်မိမယ် ပုံရိပ်သည် ပျောက်ကွယ်သွားသည်။ သူမ ပေါ်လာခြင်းမှာ ဓားချက်တစ်ချက်ကို လောကသို့ ချန်ရစ်ပေးရန် သက်သက်သာ ဖြစ်သည့်ပုံပင်။
တစ်ချိန်တည်းမှာ ဇီသာသံမှာ ရပ်တန့်သွားပြီး ကောင်းကင်ယံမှ တောင်တန်းနှင့် မြစ်တို့သည်လည်း ပျောက်ကွယ်သွားတော့သည်။
တိတ်ဆိတ်သွား၏
ချင်းကျိုး တော်ဝင်မြို့တော်တစ်ခုလုံး အလွန်အမင်း တိတ်ဆိတ်ငြိမ်သက်သွားသည်။
ခုနက မြင်ကွင်းမှာ တုန်လှုပ်ခြောက်ခြားစရာ ကောင်းလွန်းလှ၏။
လူပေါင်းများစွာမှာ ထိုဓားချက်၏ အရှိန်အဝါတွင် နစ်မြောနေဆဲဖြစ်ပြီး နားထဲတွင် ပဲ့တင်ထပ်ကျန်ရစ်ခဲ့သော ဇီသာသံစဉ်များကိုပင် လုံးဝ မေ့လျော့နေကြသည်။
အံ့ဩဆုံးသူများမှာ မြေခွေးမျိုးနွယ်စု၏ အကြီးအကဲလေးဦးပင်။ သူတို့ ပါးစပ်အဟောင်းသားဖြင့် ရှေ့မှ လူငယ်ကို မယုံကြည်နိုင်လောက်အောင် စိုက်ကြည့်နေကြသည်။
“သူတော်စင်တစ်ပိုင်းချူဟာ ဝမ်တောက်ကျောင်းတော် သောင်းပြောင်းပညာရပ်ဌာနရဲ့ ဌာနမှူးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ့်ကို ထိုက်တန်ပါတယ် ။ ဇီသာ၊ စစ်တုရင်၊ လက်ရေးလှနဲ့ ပန်းချီမှာ အနှိုင်းမဲ့ပါပဲ။ ကျွန်တော် မော့ချီ လုံးဝ အရှုံးပေးပါတယ်”
ခြံဝင်းအတွင်းရှိ တိတ်ဆိတ်မှုကို မော့ချီက စတင် ဖြိုခွင်းလိုက်သည်။
ကျန်ရှိသော သူတော်စင် သုံးဦးလည်း သတိပြန်ဝင်လာကြပြီး ချူဖုန်းကို လက်ဆုပ်ကာ တညီတညွတ်တည်း ပြောလိုက်ကြသည်။
“သူတော်စင်တစ်ပိုင်းချူ၊ မနေ့က ကျုပ်တို့ အလွန်အမင်း ရိုင်းပျမိသွားပါတယ်။ ခွင့်လွှတ်ပေးပါဦး”
ချူဖုန်း ပြုံးလိုက်၏။
“စီနီယာတို့... စကားတွေက အရမ်းအားနာစရာ ကောင်းနေပါပြီ။ ကျွန်တော်က လူမြင်ကွင်းမှာ သိပ်မပြသဖြစ်လို့ လောကကြီးက ကျွန်တော့်ကို ဓားကျင့်ကြံသူ သက်သက်ပဲလို့ မှားယွင်းထင်မှတ်နေကြတာပါ။ အဲဒါကြောင့်ပဲ ကျွန်တော်တို့ကြားမှာ နားလည်မှုလွဲတာလေးတွေ ဖြစ်သွားရတာပါ”
အနိုင်ရပြီးနောက်တွင်ပင် ချူဖုန်း ဤမျှ ယဉ်ကျေးပျူငှာနေသည်ကို မြင်ရသောအခါ သူတော်စင် လေးဦးမှာ သူ့အပေါ် ချက်ချင်းပင် အမြင်ကြည်လင်သွားကြ၏။
မော့ချီ ပြောလိုက်သည်။ “ဒီနေ့ သူတော်စင်တစ်ပိုင်းချူရဲ့ ပညာလေးရပ် ကျွမ်းကျင်မှုကို မျက်မြင်တွေ့လိုက်ရတာဟာ လူ့လောကကို ဒီတစ်ခေါက် လာရကျိုးနပ်သွားပါပြီ။ တကယ့်ကို ကျေနပ်စရာကောင်းလိုက်တာ”
သူတော်စင်ဖာဟွာ ပြောလိုက်သည်။
“ကျွန်တော် ဒီတံခါးကို စောင့်လာတာ နှစ်ပေါင်းများစွာ ရှိပြီ၊ သူတော်စင်တစ်ပိုင်းချူလောက် ထူးခြားတဲ့သူ တစ်ယောက်မှ မတွေ့ဖူးသေးဘူး။ ဒီနေ့တော့ သောက်ကြရအောင်”
“ဟုတ်ပါ့၊ သောက်ကြရအောင်”
သူတော်စင်လဲ့ရှူကလည်း ထောက်ခံလိုက်သည်။
ချူဖုန်းက ပြုံးလိုက်သည်။
“တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ ကျွန်တော်လည်း ဝိုင်ကောင်းကောင်း ကြိုက်တတ်ပါတယ်။ စီနီယာတို့ အနှောင့်အယှက် မဖြစ်ဘူးဆိုရင် ကျွန်တော့်ရဲ့ မြင့်မြတ်ဝိုင်ကို မြည်းစမ်းပေးပါအုံး”
ဤစကားကြောင့် သူတော်စင်လေးဦး၏ မျက်လုံးများ ချက်ချင်း တောက်ပသွားကြသည်။ သူတို့တွင် ရှိခဲ့သော မကျေနပ်မှုများမှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။
သူတော်စင်ဟွမ်ချင်း ချူဖုန်းကို လက်မထောင်ပြလိုက်၏။
“ကောင်လေး၊ မင်းကတော့ ဟုတ်နေပြီ။ မင်းမှာ တာအိုလက်တွဲဖော်သာ မရှိသေးရင် ငါ့မြေးမလေးနဲ့ လက်ထပ်ပေးဖို့ ကမ်းလှမ်းမိမှာပဲ”
“ဟ”
သူတော်စင်ဖာဟွာ ပြန်ပြောသည်။
“မင်းကတော့ အရှက်မရှိတဲ့ မြေခွေးအိုကြီးပဲ။ ရောင်းရင်းချူကို မနိုင်တော့ မင်းကို အဖိုးလို့ ခေါ်အောင် လုပ်မလို့လား မင်းကတော့ တကယ့်ကို အကြံစည်ကြီးတဲ့ မြေခွေးအိုကြီးပဲ”
“ဟားဟားဟား...”
စုဝေးနေသော ကျင့်ကြံသူများ အားလုံး ပျော်ရွှင်စွာ ရယ်မောလိုက်ကြသည်။
ချူဖုန်း သူ့ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီးနောက် နောက်ဆုံးတွင် စာလိပ်ကို ကြည့်ကာ ဘာမှ ထွေထွေထူးထူး မစဉ်းစားဘဲ ထိုစာလိပ်ကို ပင်းယန်အား လက်ဆောင်ပေးလိုက်၏။
“ယန်အာ၊ မင်းဆီက ခွင့်မတောင်းဘဲ မင်းပုံကို ဆွဲမိသွားတယ်။ ဒီပန်းချီကားကို လက်ဆောင်အဖြစ် လက်ခံပေးပါ”
“ကျေးဇူးတင်ပါတယ် သခင်လေး”
ပင်းယန်သည် ခြင်အော်သံအလား အလွန်တိုးညင်းသော အသံဖြင့် ပြန်ပြောလိုက်ပြီး ရှက်သွေးဖြာကာ ပန်းချီကားကို လက်ခံလိုက်သည်။ သူမ ပါးပြင်များ နားရွက်ဖျားအထိ နီမြန်းနေသည်ကို မည်သူမျှ သတိမထားမိလိုက်ကြပေ။
အနီးတွင် ရပ်နေသော ချန်ကျင်းကျင်းက ကြည့်နေရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
“ဆရာကတော်ကို သိပ်မနာလိုတာပဲ။ ငါ့ကိုရော ဘယ်သူက ဒီလိုပန်းချီကားမျိုး ပေးမလဲမသိဘူး”
၎င်းကို ကြားသွားသော ချူဖုန်း သူမ၏ ဆံပင်ကျစ်ဆံမြီးလေးကို ဆွဲလိုက်သည်။ “နင်ကတော့ တစ်နေကုန် ရူးကြောင်ကြောင် လုပ်နေတော့တာပဲ။ သွား အိပ်တော့။ နင့်ကို ဘယ်သူက ဒီလို မနာလိုစရာ စကားတွေ ပြောဖို့ သင်ပေးထားတာလဲ”
“အို...”
ချန်ကျင်းကျင်း နှုတ်ခမ်းလေးစူကာ ဝမ်းနည်းနေသော မျက်နှာလေးဖြင့် တွေးလိုက်မိသည်။
‘သမီးက အမှန်အတိုင်း ပြောတာပဲကို’
အနီးနားရှိ ကျင့်ကြံသူများသည် သူမ အမူအရာကို ကြည့်ကာ ဝိုင်းဝန်းရယ်မောကြသည်။
ထိုအခိုက်အတန့်တွင် ပျော်ရွှင်ဖွယ် ရယ်မောသံများသည် ဘိုးဘေးခန်းမတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားလေတော့၏။