← Chapters

ချင်းကျိုးတောင်

Vol. 26 Ch. 258

ချင်းကျိုးတောင်

Vol. 26 Ch. 258

နောက်တစ်နေ့တွင် ချူဖုန်းတို့ အကြီးအကဲလေးဦးနောက်သို့ လိုက်ပါကာ နေရာပြောင်း အစီအရင် ထဲသို့ ဝင်ရောက်ခဲ့ကြသည်။

အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီးနောက် ချူဖုန်း၏ မျက်စိရှေ့တွင် ခဏတာ မှောင်အတိကျသွားသော်လည်း မကြာမီမှာပင် ပတ်ဝန်းကျင်၌ အလင်းရောင်များ ပြန်လည် ထွက်ပေါ်လာ၏။

သူ အာရုံစိုက်ကြည့်လိုက်သောအခါ လောကပြင်ပမှ သီးခြားဖြစ်တည်နေသော အင်မော်တယ်ဘုံကဲ့သို့ နေရာတစ်ခုတွင် ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။

မော့ချီ တဟားဟား ရယ်မောလိုက်သည်။

“မိတ်ဆွေချူ... ဒါကတော့ ကျွန်တော်တို့ ချင်းကျိုးရဲ့ မြင့်မြတ်နယ်မြေ ချင်းကျိုးတောင် ပဲဖြစ်ပါတယ်။ ဘယ်လိုထင်သလဲဗျ"

နတ်ဘုံနတ်နန်းကဲ့သို့ မြူနှင်းများ အလိပ်လိုက် ထွက်ပေါ်နေပုံ၊ ပန်းပွင့်များ မြစ်ရေကဲ့သို့ တသွင်သွင် ကြွေကျနေပုံနှင့် မြက်ခင်းပြင်၏ သင်းပျံ့သော ရနံ့တို့ကို ချူဖုန်း မြင်တွေ့ခံစားလိုက်ရသည်။ ဤနေရာရှိ ဝိညာဉ်စွမ်းအင်သည် ဝမ်တောက်ကျောင်းတော်ထက်ပင် သာလွန်နေသေး၏။

သူက ပြန်လည် ဖြေကြားလိုက်သည်။

"ဒီနေရာကတော့ နတ်ဘုရားတောင်တန်း ဆိုတဲ့ အမည်နဲ့ တကယ့်ကို ထိုက်တန်လှပါတယ်"

မော့ချီက ပြုံးလိုက်သည်။

"မိတ်ဆွေချူ... ချင်းကျိုးတောင်မှာ ခဏတဖြုတ်လောက် တည်းခိုသွားဖို့ စိတ်ဝင်စားလား"

ချူဖုန်းက လက်နှစ်ဖက်ကိုဆုပ်လိုက်၏။

"ဒါဆိုရင်တော့ ကျွန်တော်က ငြင်းပယ်မနေတော့ဘဲ လေးလေးစားစားနဲ့ပဲ လက်ခံပါရစေ"

"ကောင်းပါပြီ၊ ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ"

မော့ချီ ရှေ့မှဦးဆောင်ရင်း ပြောလိုက်သည်။

စိမ်းလန်းစိုပြည်သော မြက်ခင်းပြင်ကို ဖြတ်သန်း လမ်းလျှောက်လာစဉ် ချူဖုန်းတို့သည် လေထုထဲရှိ ထူထပ်လှသော ဝိညာဉ်စွမ်းအင်များကို ခံစားနေရ၏။ ၎င်းက ကိုယ်ရောစိတ်ပါ နက်နက်ရှိုင်းရှိုင်း ငြိမ်းချမ်းပြီး လန်းဆန်းမှုကို ပေးစွမ်းလေသည်။

ခြေလှမ်းပေါင်း ထောင်ချီ လမ်းလျှောက်ပြီးနောက် ရွာငယ်လေးတစ်ရွာ မြင်ကွင်းထဲသို့ ပေါ်လာသည်။

အဝေးမှကြည့်လျှင် ရွာအတွင်း၌ ဆော့ကစားနေကြသော မြေခွေးမျိုးနွယ်စုမှ ကလေးငယ်အချို့ကိုပင် ခပ်ရေးရေး မြင်တွေ့ရ၏။

ထိုမြေခွေးငယ်လေးများသည် ကလေးအရွယ်မျှသာ ရှိသေးသော်လည်း ခြွင်းချက်မရှိ အားလုံးမှာ အမြီးကိုးချောင်း မြေခွေးမျိုးရိုးများ ဖြစ်ကြသည်။

မော့ချီက အဝေးရှိ ရွာလေးကို ကြည့်ကာ ေပြာသည်။ "ဟိုရှေ့ကတော့ ချင်းကျိုးတောင်ပေါ်မှာ တည်ရှိတဲ့ ကျွန်တော်တို့ရဲ့ ချင်းကျိုးရွာပါပဲ။ အမြီးကိုးချောင်း သွေးမျိုးဆက် နိုးထလာတဲ့ ကျွန်တော်တို့ ချင်းကျိုးမြေခွေးမျိုးနွယ်ဝင် အားလုံးဟာ ဒီမှာ လာရောက်ကျင့်ကြံခွင့် ရှိပါတယ်။

ကျွန်တော်တို့ လေးယောက်စလုံးမှာလည်း ဒီရွာထဲမှာ ကိုယ်ပိုင်အိမ်ဝန်း တစ်ခုစီ ရှိတယ်လေ။ မိတ်ဆွေ အဆင်ပြေမယ်ဆိုရင် ကြိုက်တဲ့အိမ်မှာ စိတ်ကြိုက် ရွေးချယ် တည်းခိုနိုင်ပါတယ်"

"အရှင်ချန်ဟွမ်း ကျင့်ကြံရာကနေ ထွက်လာတာနဲ့ မိတ်ဆွေရဲ့ သတင်းစကားကို ကျွန်တော်တို့ ပါးပေးလိုက်ပါ့မယ်"

"ဒါဆိုရင်တော့ စီနီယာမော့ချီကို အားနာရပါပြီဗျာ"

ချူဖုန်းက အနည်းငယ် ဦးညွှတ်လိုက်သည်။ သူသည် သူတော်စင်ချန်ဟွမ်းနှင့် တွေ့ဆုံရန် အလောတကြီး ဖြစ်မနေခဲ့ပေ။

"အားနာစရာ မလိုပါဘူး။ မိတ်ဆွေချူ အားလပ်တဲ့အခါ ကျွန်တော်တို့ စစ်တုရင် အနည်းငယ်လောက် ကစားကြရင် မကောင်းဘူးလား"

မော့ချီ ထိုသို့ပြောလိုက်သည်နှင့် ကျန်သူတော်စင် သုံးဦးမှာ ချက်ချင်းပင် မကျေမနပ် ဖြစ်သွားကြ၏။

ဟွမ်ချင်း ပြောလိုက်သည်။ "အို... မော့ချီ၊ မင်းရဲ့ အကြံက ဒါကိုး။ မင်းက ဘာလို့များ ရုတ်တရက်ကြီး ဒီလောက် ဧည့်ဝတ်ကျေပွန်နေတာလဲလို့ ငါ စဉ်းစားနေတာ"

"ဟုတ်ပ မိတ်ဆွေချူ... ငါ့ဆီမှာပဲ လာနေပါ၊ မင်း တကယ့်ကို ကိုယ့်အိမ်မှာနေရသလိုမျိုး သက်သောင့်သက်သာ ဖြစ်စေရမယ်” သူတော်စင် လဲ့ရှူက ဘေးမှ အော်ဟစ်လိုက်သည်။

စီနီယာ လေးဦးမှာ ကလေးကလားဆန်သော အဘိုးကြီးများ ဖြစ်နေလိမ့်မည်ဟု ချူဖုန်း မမျှော်လင့်ထားခဲ့ပေ။

သူ ပြုံးကာ ပြောသည်။ "စီနီယာတို့... ကျွန်တော် ဘယ်မှာနေနေ အရေးမကြီးပါဘူး။ စီနီယာတို့ အားလပ်တဲ့အခါ အနုပညာလေးရပ်အကြောင်း အပြန်အလှန် နှီးနှောဖလှယ်ကြရအောင်ပါ"

သူတော်စင်ဖာဟွာက သူ၏ မုတ်ဆိတ်မွှေးကို ပွတ်သပ်လိုက်သည်။

"မိတ်ဆွေချူက ပညာရှိတဲ့ စကားကို ပြောတာပဲ။ ဒါဆိုရင်တော့ နောင်မှာ မင်းကို ခဏခဏ လာပြီး အနှောင့်အယှက် ပေးရဦးမှာပဲ"

"ရပါတယ်ဗျာ၊ ကြိုဆိုလျက်ပါ"

ချူဖုန်းသည် သူတော်စင်လေးဦးနှင့် စကားစမြည် ပြောဆိုရင်း ရွာပြင်သို့ ရောက်ရှိလာခဲ့သည်။

ရွာထဲ၌ ဆော့ကစားနေသော မြေခွေးလေးများသည် သူတော်စင် လေးဦးကို မြင်လိုက်သည်နှင့် ရုတ်တရက် လိမ်မာသွားကြ၏။ သူတို့ တစ်ယောက်ပြီးတစ်ယောက် ရိုသေစွာ ဦးညွှတ်ကာ ဆိုကြသည်။

"မျိုးနွယ်စု အကြီးအကဲများကို ဂါရဝပြုပါတယ်"

မော့ချီက လက်ဝှေ့ယမ်းလိုက်၏။ "ရပါပြီ။ အခုက စာသင်ချိန် မဟုတ်ဘူးလား ဘာလို့ အပြင်မှာ ထွက်ဆော့နေကြတာလဲ”

မြေခွေးငယ်လေးများသည် တစ်ဦးကိုတစ်ဦး ထိတ်လန့်တကြား ကြည့်လိုက်ကြပြီး တစ်ယောက်မှ ပြန်မဖြေရဲကြပေ။

ထိုအရာက သူတော်စင်လေးဦးကို အလွန်အမင်း အရှက်ရသွားစေသည်။

အကယ်၍ ချူဖုန်းတို့သာ ရှိမနေလျှင် သူတို့သည် ကလေးများကို ဆူပူကြိမ်းမောင်းပြီး လွှတ်လိုက်ပေမည်။

သို့သော် ဧည့်သည်များ ကြည့်နေချိန်ဖြစ်သဖြင့် ဤဆိုးသွမ်းသော ကလေးများကို စနစ်တကျ ဆုံးမရပေမည်။ သို့မဟုတ်ပါက သူတို့၏ အရှိန်အဝါ ဘယ်မှာ ရှိတော့မည်နည်း။

သူတော်စင်လဲ့ရှူ ချက်ချင်းပင် မျက်နှာကို တင်းမာလိုက်သည်။ "ဘာလဲ မင်းတို့ လျှပ်စီးလက်တဲ့ အရသာကို မြည်းစမ်းချင်နေကြတာလား"

ထိုစကားကို ကြားရသောအခါ မြေခွေးငယ်လေးများမှာ ခြေဖျားလက်ဖျားများ တုန်ရီသွားကြသော်လည်း နှုတ်ကိုမူ တင်းတင်းပိတ်ထားဆဲပင်။

ချူဖုန်းသည် ဤမြင်ကွင်းကို ကြည့်ရင်း စိတ်ထဲမှ တွေးလိုက်မိသည်။

‘သူတော်စင်လဲ့ရှူဆိုတာ မျိုးဆက်သစ်တွေကို ပညာပေးတဲ့နေရာမှာ မိုးကြိုးလျှပ်စီးတွေကို သုံးပြီး ဆုံးမတတ်တဲ့ အာဏာရှင်ကြီးပါလား’

သူ ဘာမှမပြောခဲ့ပေ။ အဆုံးတွင်တော့ ဤသည်မှာ သူတစ်ပါး မျိုးနွယ်စုတွင်းကိစ္စသာ ဖြစ်သည်။ ပြင်ပလူတစ်ယောက်အနေဖြင့် အဝေးကကြည့်နေလျှင်ပင် လုံလောက်ပါ၏။

"ဟင်"

သူတော်စင်လဲ့ရှူသည် ဤကလေးလေးများ ဤမျှအထိ ခေါင်းမာလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူ့စိတ်ထဲတွင် ဒေါသများ ချက်ချင်း ထွက်ပေါ်လာသည်။

သူ ဒေါသတကြီး ဆူပူတော့မည့်အချိန်မှာပင် မော့ချီက ရုတ်တရက် ပြောလိုက်သည်။

"ဟို ဘိုးဘေးလေးကပဲ ထပ်ပြီး ပြဿနာရှာပြန်တာလား"

ထိုစကားကို ကြားလိုက်ရချိန်တွင် မြေခွေးငယ်လေးများ အားလုံးက ခေါင်းကို အားပါးတရ ညိတ်ပြကြသည်။

တစ်ယောက်ကဆိုလျှင် ပြောလိုက်သေးသည်။

"ဘိုးဘေးလေး... ဒီတစ်ခါတော့ ကျွန်တော်တို့ သစ္စာမဖောက်ဘူးနော်။ မျိုးနွယ်စု အကြီးအကဲကိုယ်တိုင် ရိပ်မိသွားတာ"

လဲ့ရှူ ဘိုးဘေးလေးဆိုသည့် စကားကို ကြားလိုက်ရသောအခါ သူ့ဒေါသများမှာ အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွား၏။ သူက လက်ကို ဝှေ့ယမ်းလိုက်၏။

“တော်ပြီ၊ တော်ပြီ။ မင်းတို့အားလုံး စာသင်ခန်းကို ပြန်ကြတော့"

သို့သော်လည်း မြေခွေးငယ်လေးများမှာ နေရာ၌ပင် ကျောက်ရုပ်ကဲ့သို့ တောင့်နေကြဆဲပင်။

သူတော်စင် ဟွမ်ချင်း ပြောလိုက်သည်။

"ဒီတစ်ခါကော ဘိုးဘေးလေးက ဘာလုပ်လိုက်ပြန်တာလဲ"

မြေခွေးငယ်လေးများထဲမှ လိမ်မာယဉ်ကျေးပြီး ချစ်စဖွယ်ကောင်းသော မြေခွေးမလေးတစ်ဦးက ရှေ့သို့တိုးလာသည်။ "မျိုးနွယ်စု အကြီးအကဲများကို တင်ပြပါတယ်... ဘိုးဘေးလေးက ဆရာမစူးကို ဒေါသထွက်လွန်းလို့ မေ့လဲသွားအောင် လုပ်လိုက်ပါတယ်"

သူတော်စင်လေးဦး "......"

"တော်ပြီ၊ ဒီမှာ ရပ်မနေကြနဲ့တော့"

မော့ချီ မတတ်သာသည့် အပြုံးဖြင့် ချူဖုန်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"မိတ်ဆွေ... ဒီမြင်ကွင်းတွေအတွက် ခွင့်လွှတ်ပါဦးဗျာ"

ချူဖုန်းက ပြုံးလျက် ပြန်ပြောလိုက်သည်။

"ကလေးတွေ ဆိုးတယ်ဆိုတာ သဘာဝပါပဲ။ ကျွန်တော့်ရဲ့ ကျင်းကျင်းလည်း ဒီလိုပဲလေ"

ထိုစကားတစ်ခွန်းက အခြေအနေ၏ အနေရခက်မှုများကို ချက်ချင်း ပြေလျော့သွားစေခဲ့၏။

ချန်ကျင်းကျင်း တစ်ယောက်သာ မကျေမနပ်ဖြစ်ကာ ပါးဖောင်းလေးလုပ်ရင်း ကန့်ကွက်နေတော့သည်။ သူမက လိမ်မာတဲ့ ကလေးတစ်ယောက်ပါနော်။

သူမ၏ ဆရာကန်တော့ပွဲမှာပင် ဆရာက‌တော်က သူမကို နေ့တိုင်း လိမ်မာပါသည်ဟု ချီးကျူးနေသည်မဟုတ်ပါလော။

အဖွဲ့သားများ ရွာထဲသို့ ဝင်လာကြစဉ် လမ်းတစ်လျှောက်ရှိ မြေခွေးမျိုးနွယ်စု ကျင့်ကြံသူများသည် သူတော်စင်လေးဦးကို ရိုသေစွာ ဦးညွှတ်ကြသလို၊ ချူဖုန်းနှင့် အခြားသူများကိုလည်း စပ်စုသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

မကြာမီမှာပင် သူတို့ ကျယ်ဝန်းလှသော အိမ်ဝန်းတစ်ခု အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။

မော့ချီ ပြောသည်။

"မိတ်ဆွေချူ၊ ဒါကတော့ ကျွန်တော့်ရဲ့ နေအိမ်ပါပဲ။ ကြွပါ"

ထိုသို့ပြောရင်း သူက လက်ညှိုးကို ခပ်ပေါ့ပေါ့လေး ညွှန်ပြလိုက်ရာ ခြံဝင်းတံခါးကြီးမှာ အလိုအလျောက် ပွင့်သွားတော့သည်။

သူတို့ အထဲသို့ ဝင်သွားကြသည်။ အိမ်ဝန်းအတွင်းပိုင်းသည် ကမ္ဘာတစ်ခုအလား ရှိနေသည်ကို ချူဖုန်း တွေ့ရှိလိုက်ရသည်။

အတွင်းရှိ ဝိညာဉ်အပင်အားလုံးမှာ မြင့်မြတ်အဆင့်များ ဖြစ်ကြသည်။

အလှဆင်ကျောက်တုံးများနှင့် ကျောက်တောင်တုများပေါ်တွင်ပင် ရှေးဟောင်း စာတမ်းအမှတ်အသားများ ရေးထွင်းထား၏။

မော့ချီသည် ချူဖုန်းနှင့် သူ၏ အပေါင်းအဖော်များကို ဘေးဘက် ခြံဝန်းတစ်ခုတွင် တည်းခိုရန် စီစဉ်ပေးခဲ့သည်။

"မိတ်ဆွေချူ... ဒီမှာပဲ အေးအေးဆေးဆေး အနားယူပါ။ ကျွန်တော် အရှင်ချန်ဟွမ်းရဲ့ ကျင့်ကြံမှု အခြေအနေကို သွားပြီး စုံစမ်းကြည့်လိုက်ပါဦးမယ်"

"ကျေးဇူးတင်ပါတယ်"

မော့ချီနှင့် အခြားသူများ ထွက်ခွာသွားပြီးနောက် ချူဖုန်းသည် ခြံဝင်းအတွင်းရှိ ရေတွင်းမှ ရေအနည်းငယ် ခပ်ယူကာ လက်ဖက်ရည် စတင် ကျိုတော့သည်။ တစ်ချိန်တည်းမှာပင် သူ ချန်ကျင်းကျင်း၏ စစ်တုရင်ပညာကိုလည်း လမ်းညွှန်မှုအချို့ ပေးနေခဲ့သည်။

တစ်ဖက်တွင်မူ သူတော်စင် လေးဦးသည် ချင်းကျိုးရွာ၏ အနောက်ဘက်ရှိ အင်မော်တယ်တောင်ကြီးဆီသို့ တိုက်ရိုက် ပျံသန်းသွားကြ၏။

သူတို့ ဆင်းသက်လိုက်သည်နှင့် မြေခွေးမျိုးနွယ်စုမှ သူတော်စင်တစ်ဦးက ရှေ့သို့တိုးလာသည်။

"ဘိုင်ထောင်က မျိုးနွယ်စု အကြီးအကဲ လေးဦးကို ဂါရဝပြုပါတယ်။ ဘာကိစ္စရှိလို့ ရုတ်တရက်ကြီး ရောက်လာတာလဲ။ ဆရာက အခု ကျင့်ကြံနေတာမို့ ဘယ်သူ့ကိုမှ တွေ့ခွင့်မပြုပါဘူး"

မော့ချီက လက်ပြလိုက်သည်။

"ဘိုင်ထောင်... ဘိုးဘေးရဲ့ အထိမ်းအမှတ် တံဆိပ်ကို ကိုင်ဆောင်ထားတဲ့သူတစ်ယောက် ရောက်လာလို့ပါ။ ဒါကို စည်းကမ်းအတိုင်း ဘိုးဘေးဆီ လာပို့တာပါ"

"အင်း.."

ဘိုင်ထောင်၏ မျက်နှာပေါ်တွင် သံသယများ ပေါ်လာသည်။

"ဘိုးဘေး ချင်းကျိုးမြေကနေ မထွက်တာ နှစ်ပေါင်း တစ်ထောင်ကျော်ပြီ။ လာတဲ့သူမှာ ပါလာတဲ့ တံဆိပ်က တကယ့် အစစ်အမှန်ဆိုတာ သေချာလို့လား"

"မှားစရာ မရှိပါဘူး။ အဲဒီတံဆိပ်က ဒီမှာ"

မော့ချီက ပြောရင်းနှင့် အမွှေးနံ့သာအိတ်လေးကို ကမ်းပေးလိုက်သည်။

ဘိုင်ထောင် ထိုအိတ်လေးကို မြင်လိုက်ရသောအခါ သူ့မျက်နှာထားမှာ ရုတ်တရက် ပြောင်းလဲသွား၏။

သူတော်စင် ချန်ဟွမ်း၏ တပည့်တစ်ဦးအနေဖြင့် ဤအရာ၏ မူလအစကို သူ ကောင်းကောင်းသိပါ၏။ သူ အလန့်တကြား အော်ပြောလိုက်မိသည်။

"မပြောနဲ့ဦး... ဝမ်တောက်ကျောင်းတော်က အဲဒီ အရှက်မရှိတဲ့ လူယုတ်မာကြီး ရောက်လာတာတော့ မဟုတ်ပါဘူးနော်”

All Chapters