← Chapters

သူတော်စင် ချန်ဟွမ်း

Vol. 26 Ch. 259

သူတော်စင် ချန်ဟွမ်း

Vol. 26 Ch. 259

“မဟုတ်ဘူး၊ ရောက်လာတဲ့သူက ဝမ်တောက်ကျောင်းတော် က အသစ်တက်လှမ်းလာတဲ့ သူတော်စင်တစ်ပိုင်း ချူဖုန်းပဲ”

မော့ချီက ရှင်းပြလိုက်သည်။ ဘိုင်ထောင်သည် ဝမ်တောက်ကျောင်းတော်မှ ထိုပုဂ္ဂိုလ်အပေါ် မည်မျှအထိ မကျေမနပ်ဖြစ်နေသည်ကို သူ ကောင်းကောင်းသိနေ၏။

“ဟင်”

ဘိုင်ထောင်က မျိုးနွယ်စု အကြီးအကဲလေးဦးကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်ပြီး မယုံကြည်နိုင်စွာ ပြောသည်။

“ခင်ဗျားတို့ လေးယောက်စလုံးက အသစ်တက်လှမ်းလာတဲ့ သူတော်စင်တစ်ပိုင်း တစ်ယောက်ကို တကယ်ပဲ ရှုံးနိမ့်ခဲ့တာလား”

သူတော်စင်လဲ့ရှူက သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။

“အခုထိတောင် ငါကိုယ်တိုင် မယုံနိုင်သေးဘူး၊ ဒါပေမဲ့ ငါတို့ တကယ်ရှုံးခဲ့တာ... အပြတ်အသတ်ကို ရှုံးခဲ့တာလေ...”

သူသည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ ထိုနေ့က ဖြစ်ပျက်ခဲ့သမျှကို ဘိုင်ထောင်အား အကုန်ပြောပြလိုက်သည်။

ဘိုင်ထောင်၏ မျက်နှာထားမှာ ဒေါသထွက်ရာမှ သံသယဖြစ်ခြင်း၊ ထိုမှတစ်ဆင့် ထိတ်လန့်တုန်လှုပ်ခြင်းသို့ အဆင့်ဆင့် ပြောင်းလဲသွားသည်။

မျိုးနွယ်စု အကြီးအကဲလေးဦးသည် မည်သူ့ကိုမျှ လွယ်လွယ်နှင့် လွှတ်ပေးမည့်သူများ မဟုတ်ကြောင်း သူ ကောင်းကောင်းသိသည်။ ချင်းကျိုး မြေခွေးမျိုးနွယ်စုကြားတွင် ဤလေးဦးမှာ မိမိတို့၏ ဂုဏ်သိက္ခာကို အလွန်အမင်း တန်ဖိုးထားသူများအဖြစ် ကျော်ကြားကြ၏။

ထို့ကြောင့်လည်း သူတို့ကို စမ်းသပ်ချက် လေးရပ်အား စောင့်ကြပ်ရန် တာဝန်ပေးထားခြင်း ဖြစ်သည်။

“ဒါတွေအားလုံး ကြားပြီးသွားတော့ အဲဒီလူကို ကျွန်တော် တကယ်တွေ့ချင်သွားပြီ။ ဆရာ့ကို ကျွန်တော် အခုပဲသွားပြီး တင်ပြလိုက်ပါ့မယ်”

မော့ချီ ပြောလိုက်သည်။

“ငါတို့ သတင်းစကား ပါးပြီးသွားပြီ။ မိတ်ဆွေချူကို တွေ့ချင်တယ်ဆိုရင်တော့ မင်း ကြိုက်တဲ့အချိန် သွားတွေ့လို့ရတယ်”

ဘိုင်ထောင် ခေါင်းညိတ်ပြပြီးနောက် နောက်သို့လှည့်ကာ သူတော်စင်ချန်ဟွမ်း၏ သီးခြားကျင့်ကြံရာဂူသို့ ဦးတည်သွားတော့သည်။

သူတော်စင် လေးဦးမှာလည်း ထိုနေရာတွင် ကြာရှည်မနေတော့ဘဲ ပြန်လည် ထွက်ခွာသွားကြသည်။

ရွာသို့ ပြန်ရောက်ပြီးနောက် ချူဖုန်းသည် နေ့စဉ်ရက်ဆက် သူတော်စင်လေးဦးနှင့် တစ်ဦးချင်းစီ ပညာရပ်များ အပြန်အလှန် ဖလှယ်ရင်း အတော်လေး ပျော်ရွှင်စရာကောင်းသော ဘဝကို ဖြတ်သန်းနေခဲ့သည်။

ခုနစ်ရက် ကြာပြီးနောက်…

မော့ချီက သတင်းကောင်းတစ်ခု ယူဆောင်လာခဲ့၏။ သူတော်စင်ချန်ဟွမ်းက ချူဖုန်းအား သူမ၏ ဂူသို့ လာရောက်ရန် ဆင့်ခေါ်လိုက်ခြင်းပင်။

ချူဖုန်း တွန့်ဆုတ်မနေဘဲ သဘောတူလိုက်ပြီး သူတော်စင် လေးဦးနောက်သို့ လိုက်ပါကာ ဂူဆီသို့ ထွက်လာခဲ့သည်။

ရွှေတောင်ပံလင်းယုန်ဘုရင်၊ ပင်းယန်နှင့် အခြားသူများမှာမူ ချူဖုန်းအပြန်ကို စောင့်ရင်း နေအိမ်တွင် ကျန်ရစ်ခဲ့ကြသည်။

တစ်ခဏကြာပြီးနောက်..

ချူဖုန်းတို့ သူတော်စင် ချန်ဟွမ်း၏ဂေဟာ အပြင်ဘက်သို့ ရောက်ရှိလာကြသည်။ သူ မြေပြင်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် သူ့အပေါ် စိုက်ကြည့်နေသော အကြည့်တစ်စုံကို ခံစားလိုက်ရသည်။

သူ ထိုအကြည့်ရှိရာသို့ ကြည့်လိုက်ရာ ချောမောသော မြေခွေးမျိုးနွယ်စုဝင် လူငယ်တစ်ဦးက သူ့အား သေချာ စူးစမ်းကြည့်နေသည်ကို တွေ့လိုက်ရ၏။

မော့ချီ ချက်ချင်းပင် မိတ်ဆက်ပေးလိုက်သည်။

“မိတ်ဆွေချူ၊ ဒါကတော့ သူတော်စင် ချန်ဟွမ်းရဲ့ တပည့် ဘိုင်ထောင် ပါ။ မင်းရဲ့ စီနီယာအစ်ကိုလို့လည်း ပြောလို့ရတာပေါ့”

ချူဖုန်းသည် ထိုအဘိုးကြီး၏ တိုက်ရိုက်တပည့် ဖြစ်သောကြောင့် ဤသို့မိတ်ဆက်ပေးခြင်းမှာ မှားယွင်းမှုမရှိပေ။

ချူဖုန်းက ပြုံးလျက် ရှေ့သို့တိုးကာ လက်အုပ်ချီလိုက်သည်။

“ချူဖုန်းက စီနီယာဘိုင်ကို ဂါရဝပြုပါတယ်”

ဘိုင်ထောင်သည် ဤလူမှာ ထိုလူ၏ တပည့်ဖြစ်ကြောင်း သတိရလိုက်သည်နှင့် မျက်နှာပျက်သွားတော့၏။

“ငါကတော့ အဲဒီ စီနီယာဆိုတဲ့ ဘွဲ့ကို လက်ခံဖို့ မဝံ့ရဲပါဘူး။ နောက်ပြီး မင်းရဲ့ စွမ်းအားက ငါ့ထက်တောင် သာသေးတယ် မဟုတ်လား”

သူက နွေးထွေးမှု မပြသော်လည်း ခုနက ချူဖုန်းကို စူးစမ်းစဉ်က အဆုံးအစမရှိ နက်ရှိုင်းလှသော အရှိန်အဝါကို ခံစားလိုက်ရသည်။ ထိုကဲ့သို့သော ဖိအားမျိုးကို သူ့ဆရာထံမှသာရခဲ့ဖူး၏။

ချူဖုန်းကတော့ ပြုံးမြဲအတိုင်းပင်။ ထိုအဘိုးကြီးက အတိတ်တုန်းက ဤလူငယ်အပေါ် ဘာလုပ်ခဲ့သလဲ သူ မသိသော်လည်း တပည့်တစ်ယောက်အနေဖြင့် ဆရာ့ကိုယ်စား အနည်းငယ် အဆူခံရခြင်းမှာ ပြဿနာမရှိဟု သူ သဘောထားလိုက်သည်။

မော့ချီ အခြေအနေကို ထိန်းရန်အတွက် အမြန်ဝင်ပြောလိုက်၏။

“ဘိုင်ထောင်၊ ဘိုးဘေးက စောင့်နေတာ။ ဒီမှာ ကလေးကလား လာလုပ်မနေနဲ့”

ထိုအခါမှ ဘိုင်ထောင်သည် ဆရာ၏ မှာကြားချက်ကို သတိရသွားသည်။ ဤလူအား ရိုင်းပျစွာ မဆက်ဆံရန်ပင်။

“ဒီဘက်က လိုက်ခဲ့”

“စီနီယာအစ်ကို အရင်ကြွပါ”

ချူဖုန်း နွေးထွေးသော အပြုံးဖြင့် ဆိုလိုက်သည်။

မော့ချီ ပြောလိုက်သည်။

“မိတ်ဆွေချူ၊ ကျွန်တော်တို့ကတော့ အထဲကို လိုက်မလာတော့ဘူးနော်”

“စီနီယာ လေးယောက်စလုံးကို ကျေးဇူးအများကြီး တင်ပါတယ်ဗျာ”

ချူဖုန်းက ကျေးဇူးတင်စကား ဆိုပြီးနောက် ဘိုင်ထောင်၏ နောက်မှ လိုက်ပါသွားခဲ့သည်။

လူသားတစ်ဦးနှင့် နတ်ဆိုးတစ်ဦး…

တစ်ယောက်က ရှေ့မှ၊ တစ်ယောက်က နောက်မှ အပြင်ပန်းကြည့်လျှင် ရိုးရှင်းလှသော ဂူတစ်ခုအတွင်းသို့ လမ်းလျှောက်ဝင်သွားကြသည်။

ဝင်ပေါက်ကို ဖြတ်ကျော်ပြီးနောက်တွင်မူ အတွင်းပိုင်းမှာ လုံးဝခြားနားသော ကမ္ဘာတစ်ခုဖြစ်ကြောင်း ချူဖုန်း သိလိုက်ရ၏။

ဂူတစ်ခုလုံးမှာ နတ်ဘုံနတ်နန်းကဲ့သို့ မြူနှင်းစွမ်းအင်များဖြင့် ပြည့်နှက်နေပြီး ဇီသာသံနှင့် ဝါးပလွေသံစဉ်များ ခပ်သဲ့သဲ့ ပဲ့တင်ထပ်နေသည်။

ဘိုင်ထောင် တိုးတိုးလေး သတိပေးလိုက်သည်။

“ကောင်လေး၊ အထဲရောက်ရင် ဟိုကြည့်ဒီကြည့် လျှောက်မလုပ်နဲ့။ ဆရာ့ကို ဒေါသထွက်အောင် လုပ်မိရင်တော့ ဘယ်သူမှ မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး”

“သတိပေးတဲ့အတွက် ကျေးဇူးပါ စီနီယာ”

ချူဖုန်း ယဉ်ကျေးစွာ ပြန်ဖြေရင်း ဂူအတွင်းပိုင်းကို အကဲခတ်နေမိသည်။

အံ့ဩစရာကောင်းသည်မှာ ဤနေရာ၏ အပြင်အဆင်မှာ အဘိုးကြီး အသုံးပြုခဲ့သော မြောင်တောင်နောက်က သီးခြားကျင့်ကြံဆောင်နှင့် ထပ်တူကျနေခြင်းပင်။

‘အဘိုးကြီးက ဒီကို အရင်ရောက်ဖူးတာလား၊ ဒါမှမဟုတ် ချန်ဟွမ်း မဟုတ်ဘူး၊ ဆရာကတော်က မြောင်တောင်ကို ရောက်ဖူးတာလား’

မုခ်ခုံးတံတားလေးကို ဖြတ်ကျော်ပြီးနောက် မကြာမီမှာပင် နန်းဆောင်တစ်ခု အပြင်ဘက်သို့ ရောက်ရှိလာကြသည်။

ချူဖုန်း မော့ကြည့်လိုက်ရာ ကျောက်စားပွဲတစ်ခုတွင် ထိုင်၍ ဇီသာတီးခတ်နေသော အလွန်အမင်း လှပချောမောသည့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။

သူမကို မြင်သည်နှင့် တစ်ပြိုင်နက် ချူဖုန်း ဦးညွှတ်လိုက်သည်။

“တပည့် ချူဖုန်းက ဆရာကတော်ကို ဂါရဝပြုပါတယ်”

ထိုစကားလုံးက ဘိုင်ထောင်ကို ချက်ချင်းပင် ဒေါသထွက်သွားစေသည်။ သူကမအောင့်နိုင်ဘဲ အော်ဟစ်လိုက်တော့၏။

“မင်း ဘယ်လိုတောင် ရဲတင်းတာလဲ”

“ထောင်အာ... ငါ မင်းကို ဘယ်လို သင်ထားသလဲဆိုတာ မေ့သွားပြီလား”

ပြာသာဒ်ဆောင်အတွင်းရှိ ကျော့ရှင်းသော အမျိုးသမီးက တည်ငြိမ်ပြတ်သားသော လေသံဖြင့် ပြစ်တင်ပြောဆိုလိုက်သည်။

“တပည့် မှားသွားတာကို ဝန်ခံပါတယ်”

ဘိုင်ထောင်က ထိုသို့ပြောလိုက်သော်လည်း သူ့ စိတ်ထဲတွင်မူ အလွန်အမင်း မကျေမနပ် ဖြစ်နေရှာသည်။

သူတော်စင် ချန်ဟွမ်း လက်ကို ဝှေ့ယမ်းလိုက်ကာ ပြောသည်။

“ထောင်အာ၊ မင်း သွားလို့ရပြီ”

“ဟုတ်ကဲ့”

ဘိုင်ထောင်မှာ မသွားချင်သော်လည်း နောက်ဆုံးတွင်တော့ နာခံလိုက်ရ၏။

“မင်းရဲ့ဆရာကော ဘယ်မှာလဲ”

သူတော်စင်ချန်ဟွမ်း ချူဖုန်းကို တစ်ချက်ကြည့်ကာ အေးစက်စွာ မေးလိုက်သည်။

“သူ ကွယ်လွန်သွားပါပြီ”

ထိုအခိုက်အတန့်တွင် ဂူတစ်ခုလုံး၌ တုန်လှုပ်ခြောက်ခြားစရာ ဖိအားတစ်ခု ကျရောက်လာသည်ကို သူ ခံစားလိုက်ရ၏။

“မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး”

သူတော်စင်ချန်ဟွမ်း၏ အသံမှာ ထိန်းမနိုင်သိမ်းမရ ဒေါသများဖြင့် ပြည့်နှက်နေသည်။

ချူဖုန်း မှင်တက်သွားသည်။ ‘ဒါတွေက ဘာတွေလဲ။ အချစ်ကြောင့် ဖြစ်လာတဲ့ အာဃာတတွေ ကျန်နေသေးတာလား’

“ခေါင်းမော့လိုက်စမ်း”

သူမ လေသံမှာ အေးစက်သွားသည်။

ချူဖုန်းက ခေါင်းမော့လိုက်ပြီး သူတော်စင် ချန်ဟွမ်းကို တိုက်ရိုက် ကြည့်လိုက်သည်။

“ဆရာကတော်မှာ ဘာများ မှာကြားစရာ ရှိလို့လဲခင်ဗျာ”

“မင်း သိထားသင့်တာက သူတော်စင်တစ်ယောက်ရှေ့မှာ လိမ်ညာလို့ မရဘူးဆိုတာပဲ။ ငါ နောက်တစ်ခါ ထပ်မမေးဘူး”

ချူဖုန်းမှာ ကျောရိုးထဲအထိ စိမ့်သွားသည်။ “ဆရာကတော်... ဆရာက တကယ်ပဲ အဝေးကြီးကို ထွက်ခွာသွားတာပါ။ သူက ဒီဘဝမှာ ကျွန်တော့်ကို နောက်ထပ် တွေ့ရတော့မှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်။ အဲဒီလိုပြောပြီး နောက်တစ်နေ့မှာပဲ သူ့ကို ကျွန်တော် ထပ်မတွေ့ရတော့ဘူး။ အကယ်၍ သူ ကွယ်လွန်သွားတာ မဟုတ်ဘူးဆိုရင် ဘာလဲ... သူက ကောင်းကင်ဘုံကို တက်သွားတာလား”

သူတော်စင် ချန်ဟွမ်း “…”

တိတ်ဆိတ်သွားသည်။ ဂူအတွင်း၌ ငြိမ်သက်မှုက စိုးမိုးသွားသည်။ သူမသည် ချူဖုန်း၏ အတွေးများကို မကြားရသော်လည်း ဤကောင်လေး လိမ်မပြောနေကြောင်းကိုမူ သိနိုင်သည်။

“သူ အဲဒီလို မပြောခင် တခြား ဘာမှာကြားခဲ့သေးလဲ”

သူမ မေးသည်။

ချူဖုန်းက ခေါင်းကို စောင်းကာ ခေတ္တစဉ်းစားလိုက်သည်။

“မရှိပါဘူး။ စာများများဖတ်ဖို့ပဲ မှာခဲ့တာပါ။ ဝမ်းနည်းစရာကောင်းတာက ကျွန်တော်က သူ့ထက်တောင် စာပိုဖတ်မိသွားလို့ နောက်ပိုင်းမှာ ရပ်လိုက်ရတာပါပဲ”

သူမက ထပ်မေးသည်။

“ဒါဆို ကျင်းကျင်းကို လာခေါ်ဖို့ ဘယ်သူ ပြောလိုက်တာလဲ”

“ကျောင်းအုပ်ကြီးက ပြောလိုက်တာပါ စီနီယာ” ချူဖုန်းက အမှန်အတိုင်း ဖြေလိုက်သည်။

သူတော်စင် ချန်ဟွမ်းက ပြောလိုက်သည်။

“ကောင်းပြီ။ သူက ဆုံးဖြတ်ချက် ချပြီးပြီဆိုမှတော့ နောက်ထပ် ရက်အနည်းငယ် ကြာရင် မင်း ကျင်းကျင်းကို ဝမ်တောက်ကျောင်းတော်ကို ခေါ်သွားလို့ရတယ်။ ဒါပေမဲ့ မင်း ကတိတစ်ခုတော့ ပေးရမယ်”

“ပြောပါ ဆရာကတော်၊ ကျွန်တော် နားထောင်နေပါတယ်”

သူမက ဆက်၍ ပြောသည်။

“ကျင်းကျင်းက မင်းနဲ့ လိုက်သွားလို့ရတယ်၊ ဒါပေမဲ့ သူမ နီဗားနားရှင်သန်ခြင်း အဆင့်ကို မရောက်မချင်း တာအိုလက်တွဲဖော် မယူရဘူး၊ ပြီးတော့ သူမရဲ့ အပျိုစင်ဘဝ ကို ထိန်းသိမ်းထားရမယ်”

ချူဖုန်းက ဤစည်းကမ်းချက်မှာ ထူးဆန်းသည်ဟု ထင်သော်လည်း ခေါင်းညိတ်ပြလိုက်၏။

“ပြဿနာ မရှိပါဘူးဗျာ”

“ဒါပါပဲ။ မင်း သွားလို့ရပြီ”

လက်ကို တစ်ချက် ဝှေ့ယမ်းကာ သူတော်စင်ချန်ဟွမ်းက သူ့ကို ပြန်လွှတ်လိုက်သည်။

“ဆရာကတော်... တပည့် သွားပါရစေဦး”

ချူဖုန်း ရိုသေစွာ ဦးညွှတ်ပြီးနောက် လှည့်ထွက်လာခဲ့သည်။

သူ ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးချိန်တွင် နောက်ဘက်မှ သူမ၏ အသံ တစ်ဖန် ထပ်ထွက်လာပြန်၏။

“နောက်တစ်ချက်... မင်းရဲ့ ဆရာကို နောက်တစ်ခါ ထပ်တွေ့ရင်တော့ ပုန်းမနေနဲ့တော့လို့ ပြောလိုက်ပါ။ အတိတ်က အကြောင်းအရာတွေက ပြီးခဲ့ပါပြီလို့”

“…….”

ချူဖုန်း၏ မျက်နှာတွင် နားမလည်နိုင်မှုများ ပြည့်နှက်သွားသည်။

“နားလည်ပါပြီ ဆရာကတော်”

All Chapters