ရှောင်ယွိကစိန်ခေါ်ခြင်း
Vol. 21 Ch. 291
အခန်း (၂၉၁) ရှောင်ယွိကစိန်ခေါ်ခြင်း
ခြံဝန်းအတွင်းရှိ ပန်းပင်လေးများကို ရေလောင်းပေါင်းသင်ပြီးနောက် ကျန်းလန် ခြံဝန်းထဲတွင်ထိုင်ရင်း မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲတွင် ရင်ဆိုင်ရနိုင်သည့် အန္တရယ်များအကြောင်း တွေးတောနေခဲ့သည်။
စည်းမျဉ်းစည်းကမ်းများ ပြောင်းလဲသွားခြင်းက ပြဿနာများကိုလည်း သေချာပေါက် ဖြစ်ပွားစေမည် ဖြစ်သည်။
နောက်ဆုံးတစ်ကြိမ် ကျင်းပခဲ့စဉ်က စည်းကမ်းများ ပြောင်းလဲခြင်း မရှိခဲ့ပေ။
သို့သော် ခွန်လွန်တောင်တွင် စုဝေးပွဲကျင်းပမည့်အချိန်ကျမှ စည်းကမ်းစည်းမျဉ်းများက အဘယ့်ကြောင့် ပြောင်းလဲသွားရပါသနည်း။
ပြဿနာတစ်စုံတစ်ရာ မရှိဆိုသည်ကို ကျန်းလန်ကတော့ လက်မခံသလို ယုံလည်း မယုံကြည်ပေ။
သာမန်အခြေအနေဆိုလျှင် သူ အန္တရယ်ကြုံမည်ဆိုပါက ဆရာဖြစ်သူက ကာကွယ်ပေးမည် ဖြစ်သည်။
ဆရာဖြစ်သူ၏ ကျင့်ကြံခြင်းအဆင့်က လျှို့ဝှက်ဆန်းကျယ်ပြီး စွမ်းအားမြင့်မားလွန်းသည်မှာ သံသယဝင်စရာ မရှိပေ။ မိုးကောင်းကင်အင်မော်တယ်ဖြစ်နေသည့် ကျန်းလန်ပင်လျှင် ဆရာဖြစ်သူ၏ ကျင့်ကြံခြင်းအဆင့်ကို သိမြင်နိုင်ခြင်း မရှိပေ။
အမှန်တော့ ဆရာဖြစ်သူကို မေးကြည့်နိုင်လေသည်။
သို့သော် အများအမြင်တွင် အင်မော်တယ်မဖြစ်သေးသူတစ်ယောက်အနေဖြင့် မေးမြန်းရသည်မှာ နည်းနည်းတော့ ကြောင်တောင်တောင်နိုင်သည်။
အင်မော်တယ်အဖြစ် အဆင့်မတက်ရသေးလျှင် အင်မော်တယ်အဆင့်များနှင့်ပတ်သက်ပြီး နားလည်မည် မဟုတ်လေရာ ဆရာဖြစ်သူက ပြောပြပါမည်လား။
သို့ရာတွင် သူက ယခု မရှိမှုအာကာသအဆင့် ရောက်နေပြီ ဖြစ်ရာ မေးမြန်းကြည့်လျှင်လည်း ပြဿနာ မရှိနိုင်ပေ။
"ဆရာဘယ်လိုဖြေမလဲဆိုတာ စမ်းကြည့်ရမယ်"
ထို့နောက် ကျန်းလန် နဝမတောင်ထွတ်အစွန်းသို့ ထွက်ခွာလာခဲ့လေတော့သည်။
***
ကျန်းလန်၏ မေးခွန်းကြောင့် မော့ကျန်းသုန့် တအံ့တသြ ဖြစ်သွားသည်။
"ကျုပ်ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ… ဟုတ်လား"
သို့သော် သူက တပည့်ဖြစ်သူမေးခွန်းကိုတော့ ပြန်ဖြေခဲ့သည်။
"အင်း ဆရာ အင်မော်တယ် ဖြစ်တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ ၊ ဆရာ့ရဲ့ တန်ခိုးစွမ်းအားက ခွန်လွန်တောင်မှာ ကျေနပ်လောက်တဲ့အဆင့်ရှိပါတယ် ၊ မင်း အင်မော်တယ် ဖြစ်လာတဲ့ တစ်နေ့ကျ ဆရာ အသေးစိတ် ပြောပြပါ့မယ်"
ကျန်းလန် ခေါင်းညိတ်ပြလိုက်သည်။
ဆရာဖြစ်သူက သူ့ကို အရင်ဆုံး အင်မော်တယ် ဖြစ်စေချင်သည်မှာ သဘောဝကျလေသည်။
"အခု နေရာဒေသအသီးသီးကလူတွေ ခွန်လွန်တောင်ကို ရောက်လာကြလိမ့်မယ် ၊ ဒါပေမဲ့ သူတို့ ခွန်လွန်တောင်ကို ဝင်ကြမှာ မဟုတ်ဘူး ၊ ခွန်လွန်တောင်အပြင်ဘက်က တောင်တွေမှာပဲ နေထိုင်ကြလိမ့်မယ် ၊ မင်းအချိန်ရရင် အခြားတပည့်တွေနဲ့ စကားလေးဘာလေး ပြောကြည့်ပေါ့ ၊ ဒါမှ မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲမှာ ပါဝင်ဖို့ ဘာတွေပြင်ဆင်ရမလဲ သိမှာပေါ့"
မော့ကျန်းသုန့်က လမ်းညွှန်ပေးသည်။
ကျန်းလန်က နားလည်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
မော့ကျန်းသုန့်က…
"အချိန်အကြာကြီး တံခါးပိတ်ကျင့်ကြံခဲ့တယ်မဟုတ်လား ၊ အခု အပြင်လေးဘာလေးထွက်ပြီး အခြေအနေလည်း လေ့လာဦး ၊ ရှုခင်းလေးဘာလေးလည်း ကြည့်ပေါ့ကွာ ၊ မဟုတ်ရင် တံခါးပိတ်ကျင့်ကြံတဲ့သံသရာမှာလည်ပြီး မင်း ပိတ်မိနေလိမ့်မယ်"
စကားအနည်းငယ်ပြောပြီးနောက် ကျန်းလန် ဆရာဖြစ်သူကို နှုတ်ဆက်ကာ ထွက်ခွာလာခဲ့သည်။
သူက ဆရာဖြစ်သူ၏ လမ်းညွှန်ပေးမှုကို လက်ခံခဲ့သည်။
ဆရာပြောသည်မှာ မှန်လေသည်။
သူ တံခါးပိတ်ကျင့်ကြံရာမှ ပြန်ထွက်လာတိုင်း တောင်ပေါ်လမ်းက ပြောင်းလဲသွားတတ်စမြဲပင်။ လူများနှင့်အရာဝတ္ထုများ ပြောင်းလဲသွားသည်ကတော့ ပြောနေစရာပင် မလိုပေ။ ထို့ကြောင့် သူ့အနေဖြင့် အခြေအနေများ လေ့လာရန် လိုအပ်သည်။
ခြံဝန်းဆီ ပြန်ရောက်သည်နှင့် ကျန်းလန် စာအုပ်တစ်အုပ်ကို ဖတ်နေလိုက်သည်။
ဆရာဖြစ်သူ၏ ကျင့်ကြံခြင်းအဆင့်ကို သိရှိရန် အင်မော်တယ် ဖြစ်သည်အထိ စောင့်ဆိုင်းရမည် ဖြစ်သည်။
သူ၏ကျင့်ကြံခြင်းအဆင့်က အများအမြင်တွင် လူသားအင်မော်တယ်တစ်ပါး ဖြစ်လာသည့်အခါ ဆရာဖြစ်သူက အရိပ်အမြွက် ပြောပြလာမည် ဖြစ်သည်။
ကျင့်ကြံခြင်းအဆင့်များနှင့်ပတ်သက်ပြီး ထိုးထွင်းသိမြင်းခြင်းများကတော့…
အခြားသူ၏ ထိုးထွင်းသိမြင်မှုများကို ဖတ်ရှုခြင်းက လူတစ်ယောက်၏ကျင့်ကြံခြင်းကို သိသိသာသာ သက်ရောက်မှု ရှိစေသည်။
သို့သော် ထိုးထွင်းသိမြင်မှုက ထိုးထွင်းသိမြင်မှုသာဖြစ်ပြီး ကျင့်ကြံခြင်း မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် ဆရာဖြစ်သူ၏ ကျင့်ကြံခြင်းအဆင့်ကို သိရှိနိုင်ရန် အများအမြင်တွင် ကျင့်ကြံခြင်းအဆင့်တက်သည့်အချိန်ထိ စောင့်ဆိုင်းရမည် ဖြစ်သည်။
ကံမကောင်းသည်မှာ သူ၏ အမှန်တရားမျက်လုံးက အလုပ်မဖြစ်ခြင်းပင် ဖြစ်သည်။ အလုပ်ဖြစ်နေပါကလည်း သူ့အတါက် ပြဿနာဖြစ်လာနိုင်သည်။
သို့သော်…
သူ မိုးကောင်းကင်အင်မော်တယ် ဖြစ်လာပြီးသည့်တိုင် ဆရာဖြစ်သူ၏ ကျင့်ကြံခြင်းအဆင့်ကို မသိမြင်နိုင်လေရာ ဆရာဖြစ်သူက တာအိုအင်မော်တယ်ဖြစ်ရန် (၉၀) ရာနှုန်း သေချာသည်။
တာအိုအင်မော်တယ်အဆင့်ကို ကျန်းလန် နားမလည်ပေ။ သူနှင့် အလွန်တရာ အလှမ်းဝေးလွန်းသေးသည် မဟုတ်ပါလား။
"အခု ဆရာ့အတွက် တာအိုလက်တွဲဖော် ရှာပေးရတော့မလား"
ကျန်းလန် တွေးလိုက်သည်။
မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲပြီးမှ ဤကိစ္စကို စီစဉ်ရပေမည်။
ဆရာဖြစ်သူ၏ သဘောထားကို တီးခေါက်ကြည့်ပြီး ပြဿနာရှိ မရှိ မေးမြန်းရမည် ဖြစ်သည်။ ပြီးလျှင်ပဉ္စမတောင်ထွတ်မှ ဆရာဒေါ်လေးမြောင်ယွဲ့နှင့် အောင်သွယ်ပေးရပေမည်။
ဆရာဖြစ်သူ ပျင်းရိငြီးငွေ့ဖွယ်ရာ လူပျိုကြီးဘဝကို မဖြတ်သန်းစေရန်အတွက် တပည့်တစ်ယောက်အနေဖြင့် အနည်းငယ်တော့ အားစိုက်ထုတ် ကြိုးစားပေးရမည်ပင်။
ပဉ္စမတောင်ထွတ်၏တောင်သခင် ဆရာဒေါ်လေး မြောင်ယွဲ့သာ ဆရာဖြစ်သူ၏ တာအိုလက်တွဲဖော် ဖြစ်လာပါက အတော်လေး အန္တရယ် များပေလိမ့်မည်။
အခြားတောင်ထွတ်မှ တောင်သခင်များက ဆက်ဆံရလွယ်ကူသည်။
သို့သော် ဆရာဒေါ်လေးမြောင်ယွဲ့၏ အကြည့်များထဲတွင် အန္တရယ်အငွေ့အသက်တစ်ခုရှိနေကြောင်း ကျန်းလန် ခံစားမိသည်။
ရှောင်ယွိကတော့ ထိုအကြောင်းများကို သိရှိမည် မဟုတ်ပေ။
သူမက လူအများနှင့်နီးကပ်စွာနေလေ့မရှိသည့် နဂါးငယ်လေးသာ ဖြစ်သည်။ သူမ အရင်းနှီးဆုံး ဆက်ဆံသူမှာ ကျန်းလန်သာလျှင် ရှိသည်။
လေပြေက သစ်ကိုင်းများကို ဖြတ်သန်းတိုက်ခတ်သွားလေသည်။ ပတ်ဝန်းကျင်မှ သစ်ပင်များနောက်ကွယ်တွင် ရေခဲပုစဉ်းရင်ကွဲများ ပုန်းအောင်းနေဆဲ ဖြစ်သည်။
အရာအားလုံးက ငြိမ်းငြိမ်းချမ်းချမ်းပင် ဖြစ်လေ၏။
ကျန်းလန်က အစီအရင်များကို တစ်ချက်လေ့လာလိုက်ပြီး ပြုပြင်ပြောင်းလဲရန် ဆုံးဖြတ်လိုက်သည်။ သူ အစီအရင်များကို အဆင့်မြှင့်တင်ချင်သည်။
သူပြုလုပ်ထားသည့် အစီအရင်များက ဆရာဖြစ်သူကို ထိခိုက်စေမည် မဟုတ်ပေ။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက သူ ပြုလုပ်ထားသည့် အစီအရင်တစ်ခုကိုပင် ဆရာဖြစ်သူက မချိုးဖျက်နိုင်ခဲ့ပေ။
အနာဂတ်တွင် မည်မျှခက်ခဲသည့် အစီအရင်များကို သူ ပြုလုပ်ထားပါစေ ဆရာဖြစ်သူကတော့ ချိုးဖျက်တတ်မည် မဟုတ်ပေ။
***
နောက်တစ်နေ့…။
ကောင်းကင်တစ်ခွင် မိုးများအုံ့ဆိုင်းလာပြီး လျှပ်စီးများလည်း လင်းလက်လျှက် ရှိသည်။
ကျန်းလန်က မိုးကုတ်စက်ဝိုင်းဆီလှမ်းကြည့်ပြီး ဖတ်ရှုနေသည့်အစီအရင်စာအုပ်ကို ပိတ်လိုက်သည်။ ထို့နောက် သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို နေရာရွှေ့ပေးလိုက်သည်။
မိုးရွာတော့မည်ဖြစ်လေရာ သူက ထိုအရာလေးများကို မိုးရေချိုးစေချင်သောကြောင့် ဖြစ်၏။
သူတို့ကို သူက ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်ထားသည့်အတွက် အကြမ်းမခံနိုင်ဘဲ နုရွနေခြင်း ဖြစ်နိုင်သည်။ သားရဲဥလေးကလည်း အကောင်ပေါက်မလာသလို ရေသဖန်းပင်လေးကလည်း အစဉ်အမြဲ ညှိုးနွမ်းနေတတ်သည်။
ကျန်းလန် သူတို့ကို နေရာရွှေ့ပြီးသည်နှင့် မိုးစတင် ရွာသွန်းလာသည်။ ကျန်းလန် ချက်ချင်းပင် အိမ်ထဲသို့ဝင်ကာ မိုးခိုနေလိုက်၏။
မိုးက အဆက်မပြတ်ရွာသွန်းနေလေသည်။
ကျန်းလန်က မိုးရေစက်များကို ငေးမောကြည့်ရင်း…
"မိုးဖွဲလေးတွေက ရှောင်ယွိလိုပဲ ချစ်စရာကောင်းလိုက်တာ"
ဟု ရေရွတ်လိုက်သည်။
ရှောင်ယွိက မိုးဖွဲလေးများပမာဆိုလျှင် လုန်ယွိကတော့ မိုးဖွဲလေးများနှင့် မတူညီပေ။
လုန်ယွိအသွင်ပြောင်းထားလျှင် သူမက မိုးဖွဲလေးမဟုတ်တော့ဘဲ သည်းထန်သည့်မိုးရေစက်များ ဖြစ်လေသည်။
သို့ဆိုလျှင်…
အဖြူရောင်နဂါးအသွင်ဖြင့် လုန်ယွိကို မည်သို့ သတ်မှတ်ရမည်နည်း။
မုန်တိုင်း… ဟု သတ်မှတ်ရမည်လား။ တကယ်လည်း လိုက်ဖက်ညီသည့်နာမည်တစ်ခုဖြစ်သည်ဟု ကျန်းလန် တွေးလိုက်သည်။
အပြင်ဘက်တွင ်မိုးသည်းထန်စွာ ရွာသွန်းနေပြီး ကျန်းလန်ကတော့ တံခါးကိုမှီကာထိုင်ရင်း အစီအရင်နှင့်ပတ်သက်သည့် စာအုပ်ကို ဆက်ဖတ်နေလေသည်။
စာများများဖတ်လေ ၊ သူ့အတွက် အသုံးဝင်လေပဲ ဖြစ်သည်။ အသိပညာများ တဖြည်းဖြည်း စုဆောင်းလာနိုင်သည်နှင့်အမျှ ပိုမိုစွမ်းအားမြင့်မားလာမည် ဖြစ်သည်။
တောင်တစ်တောင်နှင့် မည်မျှဝေးကွာနေပါစေ တစ်နေ့တွင်တော့ ထိုတောင်ကို ထိကိုင်နိုင်မည် ဖြစ်သည်။
ညနေခင်းအချိန်…။
"ရှပ် ရှပ် ရှပ်"
မိုးထဲလေထဲ သုတ်သီးသုတ်ပြာ ပြေးလွှားလာသည့် ခြေသံတစ်သံကို ကျန်းလန် ကြားလိုက်ရသည်။
သူ ခေါင်းမော့ကြည့်လိုက်သည့်အခါ ခေါင်းကို လက်ဖြင့်အုပ်မိုးရင်း ခြံဝန်းအတွင်း ပြေးဝင်လာသည့် ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရသည်။
သည်းထန်သည့်မိုးရေစက်များကြောင့် သူမတစ်ကိုယ်လုံး ရွှဲရွှဲစိုလျှက် ရှိသည်။
ထိုကောင်မလေးသည်ကား ရှောင်ယွိပင် ဖြစ်၏။
"ရေနစ်နေတဲ့ကြွက်စုတ်… အဲလေ ရေနစ်နေတဲ့နဂါး…"
ကျန်းလန် တွေးလိုက်သည်။
"ရှပ် ရှပ် ရှပ်"
"ဝုန်း"
ရှောင်ယွိ ဝုန်းခနဲ ခုန်ကာ ကျန်းလန်ရှေ့သို့ ရောက်လာသည်။
သူမက စိုရွှဲနေသည့် သူမခန္ဓာကိုယ်ကို ပြန်ကြည့်ရင်း…
"ဂိုဏ်းတူမောင်လေး … ရှင် ကျွန်မပုံစံကိုကြည့်ပြီး စိတ်ထဲက လှောင်ရယ်နေတယ်မဟုတ်လား"
ကျန်းလန်က ခေါင်းခါယမ်းရင်း…
"မလှောင်ရယ်ပါဘူးဗျာ"
ရေစိုနေသည့် ရှောင်ယွိအဝတ်အစားများက ခန္ဓာကိုယ်တွင် ကပ်နေသည်။
သို့သော် အဝတ်အစားများက အတော်လေး ထူထဲသဖြင့် သူမခန္ဓာကိုယ်ကို အတိုင်းသားတွေ့မြင်နေရခြင်း မရှိပေ။
ရှောင်ယွိက ကျန်းလန်ရှေ့တွင် မတ်တတ်ရပ်ရင်း ခန္ဓာကိုယ်ကို ခါပစ်လိုက်သည်။
မိုးရေစက်များမှာ ကျန်းလန်ထံ လွင့်စင်လာလေတော့၏။
ကျန်းလန် : "……"
ရေကို ဒီလိုခါရအောင် ဒီကောင်မလေးက ခွေးပေါက်လေးလား။
ရှောင်ယွိ ရပ်တန့်လိုက်သည့်အခါ ကျန်းလန်မှာ အတော်လေး ရေများရွှဲစိုသွားပြီ ဖြစ်သည်။ သို့သော် ရှောင်ယွိ၏ အဝတ်အစားများမှ ရေစက်များကျနေခြင်း မရှိတော့ပေ။
"ဂိုဏ်းတူမောင်လေး… ရှင်လည်း ရေတွေစိုကုန်ပြီ"
ရှောင်ယွိက ကျန်းလန်ကိုကြည့်ပြီး သဘောကျစွာ ရယ်မောရင်း ဆိုသည်။
"ရပါတယ် ရှောင်ယွိလုပ်တာပဲ ၊ ပြဿနာမရှိပါဘူး"
ကျန်းလန်က လက်ထဲမှစာအုပ်ကို သိမ်းဆည်းလိုက်သည်။
သူက ရှောင်ယွိကို မော့ကြည့်လိုက်ရင်း…
"ဒါနဲ့ ဂိုဏ်းတူအစ်မက ဘာလို့ မိုးတွေစိုလာရတာလဲ"
သာမန်ဆိုလျှင် ကျင့်ကြံသူတစ်ယောက်အနေဖြင့် မိုးမစိုအောင် တန်ခိုးစွမ်းအားအသုံးပြုနိုင်လေသည်။
"ဘာလို့လဲဆိုတော့ ဂိုဏ်းတူမောင်လေးကို ဘယ်လောက်တွေ့ချင်နေလဲဆိုတာ သိစေချင်လို့ တမင်သက်သက် မိုးရွာကြီးထဲ ထွက်လာခဲ့တာ"
ရှောင်ယွိက ပြုံးရင်း ပြောလိုက်သည်။
သူမကိုကြည့်ရသည်မှာ အလွန်ပျော်ရွှင်နေဟန်ပင်။
ကျန်းလန်က…
"ဂိုဏ်းတူအစ်မ အရမ်းပျော်နေတာလား"
အမှန်တော့ နဂါးတစ်ကောင် မိုးရေစိုခြင်းမှာ ပြဿနာ မရှိလှပေ။
ရှောင်ယွိမျက်နှာက ချက်ချင်းပင် မဲမှောင်သွားသည်။
"ဟမ်… ဂိုဏ်းတူမောင်လေးကရော ကျွန်မကို တွေ့ရတာ မပျော်ဘူးလား"
ကျန်းလန်က အံ့အားသင့်သွားပြီး တိုးလျသည့်လေသံဖြင့်…
"ဂိုဏ်းတူအစ်မကိုတွေ့ရတာ ပျော်တာပေါ့ဗျာ"
ထို့နောက် သူက ရှောင်ယွိ၏ဆံပင်လေးများကို အသာထိကိုင်ရင်း စိုစွတ်နေသည့် မိုးရေများကို တန်ခိုးစွမ်းအားအသုံးပြုကာ ခြောက်သွေ့စေလိုက်သည်။
ရှောင်ယွိက အိမ်ထဲသို့ ဝင်လိုက်ပြီး ကျန်းလန်က သူမအဝတ်အစားများကိုပါ ခြောက်သွေ့အောင် ပြုလုပ်ပေးရန် ခြေစောင့်ရင်း စောင့်ဆိုင်းလျှက် ရှိသည်။
ကျန်းလန်က ရှောင်ယွိပခုံးထက်သို့ လက်နှစ်ချောင်းဖြင့်အသာထိတွေ့လိုက်ရင်း အဝတ်အစားများကို ခြောက်သွေ့စေလိုက်သည်။
"ဂိုဏ်းတူအစ်မ… နောက်တစ်ခါ မိုးမမိစေနဲ့နော်"
ကျန်းလန်က နူးညံ့စွာပင် သတိပေးစကားဆိုသည်။
ရှောင်ယွိက ကျန်းလန်ကို မော့ကြည့်ရင်း…
"ကျွန်မက ဂိုဏ်းတူမောင်လေးကို အရမ်းတွေ့ချင်သွားလို့ပါနော်"
ပြီးမှ သူမက တစ်စုံတစ်ခု စဉ်းစားမိဟန်ဖြင့်…
"နေပါဦး… ရေမစိုရဘူးဆိုရင် ကျွန်မ ကျောက်စိမ်းရေကန်ထဲမှာ ရေမကူးရတော့ဘူးလား ၊ မဖြစ်ဘူး… ဂိုဏ်းတူမောင်လေးစကားကို နားမထောင်နိုင်ဘူး ၊ ဒီတော့ ကျွန်မတို့ စိန်ခေါ်မှုတစ်ခု လုပ်မယ် ၊ နိုင်တဲ့သူရဲ့စကားကို ရှုံးတဲ့သူက နားထောင်ရမယ်… ဘယ်လိုလဲ"
ကျန်းလန် : "……"
မိုးရေစိုခြင်းနှင့် ကျောက်စိမ်းရေကန်တွင် ရေကူး၍ ရေစိုခြင်းက တူညီသည်မှ မဟုတ်ဘဲ။
သို့သော် ရှောင်ယွိ နဂါးအသွင်ပြောင်းလေတိုင်း သူမ၏ အဝတ်အစားများ စုတ်ပြဲသွားသည်ကို ကျန်းလန် တစ်ခါမှ မတွေ့မြင်ဘူးပေ။
ထိုအဝတ်အစားတွေက နဂါးအကြေးခွံတွေများလား ၊ သို့မဟုတ် နဂါးအသွင်ပြောင်းသည့်အချိန်တွင် မန္တန်အသုံးပြုကာ အဝတ်အစားများကို အလျှင်အမြန် ဖယ်ရှားလိုက်ခြင်းလား။