အခန်း (၇၉၉-၈၀၁)
Vol. 54 Ch. 799-801
အခန်း (၇၉၉) - လူတိုင်းက ငါ့ကို တပည့်အဖြစ် လက်ခံချင်နေကြတာလား
~နင်ချီ သည် တောင်ဘိုးဘေးကြီး နှင့် ပင်လယ်ဘိုးဘေးကြီး တို့ အကြားတွင် ညပ်ပြီး သူတို့၏ ပဋိပက္ခများ အတွက် ပစ်မှတ် တစ်ခု ဖြစ်လာရန် လုံးဝ ဆန္ဒမရှိချေ။
အကယ်၍ အခြေအနေများ မှားယွင်းသွားပြီး... တောင်နှင့် ပင်လယ် ကမ္ဘာ သို့ လူဝင်စား လာခဲ့သော သူ၏ ရည်ရွယ်ချက်ကို ဘိုးဘေးကြီး နှစ်ပါး ကသာ သိရှိသွားမည် ဆိုပါက အရာအားလုံး ဖျက်ဆီးခံရမည်သာ ဖြစ်သည်။
ထို့အပြင် ဘိုးဘေးကြီး နှစ်ပါး ဘာတွေ တွေးနေကြသနည်း ဆိုသည်ကိုလည်း သူတို့ မသိရှိကြသေးချေ။ ထို့ထက်ပို၍ နင်ချီ သည် ကောင်းကင်နှင့် မြေကြီး အကြားတွင် မွေးဖွားလာသော ကြီးမြတ်သူ တစ်ဦး ဖြစ်ရာ၊ အခြားသူများ၏ လက်အောက်တွင် ဘယ်လိုလုပ်ပြီး နေနိုင်ပါမည်နည်း။
ဘိုးဘေးကြီး နှစ်ပါး က သူ့ကို မျက်နှာသာ ပေးနေသည်ဟု သူတို့ကိုယ်သူတို့ ထင်မှတ်နေကြကောင်း ထင်မှတ်နေကြပေလိမ့်မည်။ သို့သော် နင်ချီ သည် တောင်နှင့် ပင်လယ် ကမ္ဘာ နှင့် ကျယ်ပြန့်သော ကမ္ဘာ တို့ကိုပင် ဖျက်ဆီးပစ်ရန် ပြင်ဆင်နေသူ ဖြစ်ရာ... ဘိုးဘေးကြီး နှစ်ပါး သည် သူနှင့် နှိုင်းယှဉ်လျှင် ဘာများ အရေးပါဦးမည်နည်း။
သို့သော် သူသည် ဘိုးဘေးကြီး နှစ်ပါး ၏ ခွန်အားကို အတိအကျ မသိရှိသေးပေ။ အစစ်အမှန်သိုင်းကမ္ဘာ သည် ၎င်း၏ တာအို အားလုံးကို စုစည်းနိုင်ခဲ့ပြီ ဖြစ်သော်ငြားလည်း ဝိညာဉ်ကမ္ဘာ နှစ်ခုကိုမူ မယှဉ်နိုင်သေးချေ။
ထို့ကြောင့် နင်ချီ အနေဖြင့် မိမိကိုယ်ကို ဘုရင် အဖြစ် မကြေညာမီ... မြင့်မားသော တံတိုင်းများကို တည်ဆောက်ပြီး စားနပ်ရိက္ခာများကို စုဆောင်းထားရန် လိုအပ်နေသေးသည်။
[ဘာသာပြန်သူ မှတ်ချက် - မိမိအင်အား တောင့်တင်း ခိုင်မာအောင် အရင် တည်ဆောက်ထားရမည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။]
နင်ချီ ၏ စကားများကို ကြားလိုက်ရသောအခါ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် မှာ တစ်ခဏမျှ အံ့အားသင့်သွားရသည်။
တောင်နှင့် ပင်လယ် ကမ္ဘာ အတွင်း၌ မည်သည့် ကျင့်ကြံသူ ကမျှ ဘိုးဘေးကြီး များ၏ တပည့်အဖြစ် လက်ခံခြင်း ခံရမည့် အခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ချေ။
သို့သော် နင်ချီ ကမူ သူ့ကို ထိုနှစ်ဦးစလုံးအား ငြင်းပယ်ခိုင်းနေသည်။
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ရင်တွင်း၌ နင်ချီ ကို ပို၍ပင် အထင်ကြီး လေးစားလာမိတော့သည်။
၎င်းက ရုတ်တရက် မေးလိုက်၏။
“ဒီလောကမှာ ဘိုးဘေးကြီး နှစ်ပါး ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ရဲတဲ့ သူဆိုတာ တကယ့်ကို ရှားပါတယ်။ မင်း.. ငါ့ရဲ့ တပည့် လုပ်ရင်ရော ဘယ်လိုလဲ”
“ဟင်...”
နင်ချီ မှာ အလွန်တရာ အံ့အားသင့် မှင်သက်သွားတော့၏။
သူ၏ ခေါင်းထဲတွင် အတွေးများ ချာချာလည်နေပြီး၊ ဘာတွေ ဖြစ်ပျက်နေသနည်း၊ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က သူ့ကို ဘာကြောင့် တပည့်အဖြစ် လက်ခံချင်နေရသနည်း ဆိုသည်ကို လုံးဝ နားမလည်နိုင်အောင် ဖြစ်နေရလေသည်။
“ဒါက...” နင်ချီ က တုံ့ဆိုင်းစွာဖြင့် ဆိုလိုက်၏။
“ကမ္ဘာ့အရှင်သခင် က ကျွန်တော့်ကို တပည့်အဖြစ် လက်ခံဖို့ ဆန္ဒရှိတယ် ဆိုတော့ ကျွန်တော်လည်း သဘာဝကျကျ ဆန္ဒရှိတာပေါ့ ခင်ဗျာ။ ဒါပေမဲ့ တောင်ဘိုးဘေးကြီး နဲ့ ပင်လယ်ဘိုးဘေးကြီး တို့ကိုရော ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ”
ထိုအခါ၊ ရှေ့ဘက်ရှိ ပုံရိပ်ယောင် ကြီးက မေးစေ့ကို ပွတ်သပ်လိုက်ပြီး ဆိုလိုက်၏။
“မင်းရဲ့ ပါရမီ အရည်အချင်း တွေနဲ့ဆိုရင်... ငါ့နောက်ကိုသာ လိုက်ခဲ့မယ် ဆိုရင် မင်းက အနာဂတ်မှာ နောက်ထပ် တောင်ဘိုးဘေးကြီး နဲ့ ပင်လယ်ဘိုးဘေးကြီး ဖြစ်လာမှာ မဟုတ်ဘူးလား”
နင်ချီ က သူ့ကို စူးစိုက် ကြည့်လိုက်ပြီး စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်မိသည်။
'ဝိုး...'
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ဤစကားများကို သူ့အနေဖြင့် မည်သို့ နားလည် သဘောပေါက်ရမည်နည်း။
တောင်ဘိုးဘေးကြီး နှင့် ပင်လယ်ဘိုးဘေးကြီး တို့ အကြားတွင် ဆက်ဆံရေး သိပ်ကောင်းပုံ မပေါ်။
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် နှင့် တောင်ဘိုးဘေးကြီး၊ ပင်လယ်ဘိုးဘေးကြီး တို့ အကြားရှိ ဆက်ဆံရေးများနှင့် ပတ်သက်၍ သူ ပို၍ပင် စပ်စုချင်စိတ် ပြင်းပြလာတော့သည်။
တောင်ဘိုးဘေးကြီး နှင့်
ပင်လယ်ဘိုးဘေးကြီး တို့သည် နှစ်ပေါင်းများစွာ ကြာအောင် အချင်းချင်း ပဋိပက္ခ ဖြစ်နေခဲ့ကြပြီး ရန်ငြိုးရန်စများ ရှိနေကြလေ၏။ ယခုအခါ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ကလည်း သူ့ကို ပြုစု ပျိုးထောင်ပေးချင်နေပြီး... သူ့ကို နောက်ထပ် တောင်ဘိုးဘေးကြီး သို့မဟုတ် ပင်လယ်ဘိုးဘေးကြီး တစ်ပါး ဖြစ်လာအောင် လုပ်ပေးနိုင်သည်ဟု ဆိုနေသေးသည်။
သူ့ကို ပြုစု ပျိုးထောင်ပေးရန်မှာ ခက်ခဲလှသည်။ တောင်ဘိုးဘေးကြီး၊ ပင်လယ်ဘိုးဘေးကြီး တို့နှင့် ယှဉ်ပြိုင်နိုင်စွမ်း တကယ်ပဲ ရှိပါ့မလား။
သို့သော် သူတို့ အားလုံးက သူ့ကို တပည့်အဖြစ် လက်ခံချင်နေကြလိမ့်မည်ဟု နင်ချီ တစ်ခါမှ မထင်မှတ်ထားခဲ့ချေ။
နင်ချီ က အနည်းငယ် ဦးညွှတ်လိုက်ပြီး မေးလိုက်၏။
“ကမ္ဘာ့အရှင်သခင် ရဲ့ အဓိပ္ပာယ်က တောင်ဘိုးဘေးကြီး နဲ့ ပင်လယ်ဘိုးဘေးကြီး တို့ အားလုံးက ခင်ဗျား ပြုစု ပျိုးထောင်ပေးခဲ့တာလို့ ဆိုလိုချင်တာလား ခင်ဗျာ”
ထိုအခါ၊ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က ပြန်လည် ဖြေကြားလိုက်သည်။
“သေချာတာပေါ့။ ငါက တောင်နဲ့ ပင်လယ် ကမ္ဘာ တစ်ခုလုံးပဲလေ။ အဲဒီအထဲက သက်ရှိတွေ အားလုံးဟာ ငါ့ကြောင့် မွေးဖွားလာကြတာ ဖြစ်ပြီး၊ ငါ တည်ရှိနေမှု ဒါမှမဟုတ် ပျက်သုဉ်းသွားမှု ဟာ တောင်နဲ့ ပင်လယ် ကမ္ဘာ ထဲက သက်ရှိ အားလုံးရဲ့ အသက်တွေနဲ့ ဆက်စပ်နေတယ်။ သက်ရှိတွေ ကျင့်ကြံနိုင်တာကလည်း ငါက သူတို့ကို အရင်းအမြစ်တွေ အားလုံး ပေးထားလို့ပဲ။ ကျင့်ကြံသူ တွေ အားလုံးက ငါ ပြုစု ပျိုးထောင်ပေးထားတာတွေချည်းပါပဲ”
တိတိကျကျ ပြောရမည် ဆိုပါက ဤစကားမှာ မှန်ကန်သော်ငြားလည်း၊ ၎င်းမှာ ‘ကြက်ဥနဲ့ ကြက်မ ဘယ်သူ အရင်ဖြစ်သလဲ’ ဆိုသည့် မေးခွန်းမျိုး ဖြစ်နေပြီး... မည်သူက တပ်အပ် သေချာ ပြောနိုင်ပါမည်နည်း။
နင်ချီ ၏ အတွေးများမှာ လွင့်မျောသွားပြီး ဝိညာဉ်နယ်မြေ များ ဘယ်ကလာသနည်း ဆိုသည်ကို သူ မနေနိုင်ဘဲ တွေးတောနေမိသည်။ ထို့နောက် အစစ်အမှန်သိုင်းကမ္ဘာ ၏ အခြေအနေကိုပါ သူ ဆက်လက် တွေးတောလိုက်မိ၏။
သူသည် အစစ်အမှန်သိုင်းကမ္ဘာ ၏ မူလ ဆန္ဒတော် ကို ဖျက်ဆီးပစ်ခဲ့ပြီး သူ့ကိုယ်သူ အစစ်အမှန်သိုင်းကမ္ဘာ အဖြစ် ပြောင်းလဲခဲ့သည် မဟုတ်ပါလော။ ထိုအချက်ကို သူတို့ ဘယ်လိုများ ရှင်းပြကြမလဲ။
နောက်ဆုံးတွင်တော့ အင်အား ကြီးမားသူကသာ မှန်ကန်ပြီး ခွန်အား ကသာလျှင် အရာအားလုံးကို အဆုံးအဖြတ် ပေးနိုင်သည်။
နင်ချီ သည် သူ၏ အတွေးများကို တိတ်တဆိတ် ဖုံးကွယ်ထားလိုက်ပြီးနောက် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ကို ဦးညွှတ် ဂါရဝပြုလိုက်ကာ ဆိုလိုက်၏။
“ကမ္ဘာ့အရှင်သခင် ရဲ့ အထင်ကြီး လေးစားမှုကို ခံရတဲ့အတွက် ကျွန်တော် အရမ်းကို ဂုဏ်ယူမိပါတယ်။ ဒါပေမဲ့ ကျွန်တော် အမြဲတမ်း နားလည်ထားတဲ့ အချက်တစ်ချက် ရှိပါတယ်။ ကမ္ဘာ့အရှင်သခင် ရဲ့ တပည့် ဖြစ်ချင်တာပဲ ဖြစ်ဖြစ်... တောင်ဘိုးဘေးကြီး နဲ့ ပင်လယ်ဘိုးဘေးကြီး တို့ ဆွေးနွေး တိုင်ပင်တဲ့ ကိစ္စပဲ ဖြစ်ဖြစ်... သေချာပေါက် စည်းကမ်းချက် တချို့တော့ ရှိရမှာပေါ့နော်”
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က ပြန်လည် ဖြေကြားလိုက်သည်။
“မင်းက အသက်အရွယ်နဲ့ မလိုက်အောင် အတော်လေး ရင့်ကျက်ပြီး လက်တွေ့ကျတာပဲ။ မှန်ပါတယ်။ မင်းက စစ်မြေပြင်နယ်မြေ ထဲမှာ အသက်ရှင် ရှင်သန်နိုင်ရမယ်... ပြီးတော့ ငါတို့အတွက် လုံလောက်တဲ့ စစ်မြေပြင်နယ်မြေ တွေကို သိမ်းပိုက်ပေးရမယ်”
“ဘယ်လောက်ဆို လုံလောက်ပြီလဲ ခင်ဗျာ”
“မင်းက ငါတို့ရဲ့ တပည့်တွေထဲက တစ်ယောက် ဖြစ်လာဖို့ အရည်အချင်း ပြည့်မီချင်တယ် ဆိုရင်... စစ်မြေပြင်နယ်မြေ ကိုးခု ထဲက အနည်းဆုံး တစ်ခုကို အပြည့်အဝ သိမ်းပိုက်ပေးရမယ်”
နင်ချီ က ခေတ္တမျှ စဉ်းစားခန်း ဝင်လိုက်ပြီးနောက် ဆိုလိုက်၏။
“ဒါဆို ကလေးလေး ဖြစ်တဲ့ ကျွန်တော်က ဒီနေ့ကစပြီး ပိုကြိုးစားရတော့မှာပေါ့”
အခန်း (၈၀၀) - လူတိုင်းက ငါ့ကို တပည့်အဖြစ် လက်ခံချင်နေကြတာလား
~“ဒါဆို ကလေးလေး ဖြစ်တဲ့ ကျွန်တော်က ဒီနေ့ကစပြီး ပိုကြိုးစားရတော့မှာပေါ့”
ရုတ်တရက် မြေကမ္ဘာ တစ်ခုလုံး တုန်လှုပ်သွားတော့သည်။
နင်ချီ သည် လေထဲတွင် လွင့်မျောနေရင်း ပတ်ဝန်းကျင် တစ်ဝိုက်ကို အကြည့်ပို့လွှတ်လိုက်လေ၏။
အဆုံးအစမဲ့သော အလင်းတန်းများက စစ်မြေပြင်နယ်မြေ အတွင်းမှ တဟုန်ထိုး ထွက်ပေါ်လာပြီး၊ မြူခိုးများအလား ဖြစ်နေသော ဝိညာဉ်ချီ များက မျက်စိတစ်ဆုံး နေရာအနှံ့အပြားသို့ ပြန့်နှံ့သွားတော့သည်။
သူက တစ်ခုခုကို အာရုံခံမိသွားပြီး ဝိညာဉ်ပျံသန်း ရှာဖွေရေး အိမ်မြှောင် ကို ချက်ချင်း ထုတ်ယူကာ ငုံ့ကြည့်လိုက်သည်။
သူ ခန့်မှန်းထားသည့်အတိုင်းပင် စစ်မြေပြင်နယ်မြေ အတွင်းရှိ ဆုံမှတ် အားလုံးမှာ သူ၏ စစ်တပ်ကြီး သုံးခု၏ သိမ်းပိုက်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။
“ကမ္ဘာ့အရှင်သခင်... ဒီပြောင်းလဲမှုတွေက ဆုံမှတ် တွေကို အပြည့်အဝ သိမ်းပိုက်လိုက်တာရဲ့ ရလဒ်တွေလား ခင်ဗျာ”
သို့သော် နင်ချီ က သူ၏ ရှေ့ရှိ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ကို မေးလိုက်သေးသည်။
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် မှာ အနည်းငယ် ဝမ်းသာ ပီတိ ဖြစ်နေပုံ ရပြီး ပြန်လည် ဖြေကြားလိုက်၏။
“အဲဒါ အတိအကျပါပဲ”
၎င်းက နင်ချီ ကို စူးစိုက် ကြည့်နေပြီး၊ နင်ချီ ၏ လက်ထဲရှိ ဝိညာဉ်ပျံသန်း ရှာဖွေရေး အိမ်မြှောင် ကို အထူး အာရုံစိုက်နေကြောင်း နင်ချီ ရှင်းလင်းစွာ ခံစားသိရှိနိုင်သည်။
နင်ချီ က ချက်ချင်းပင် စတင် ပြောဆိုလိုက်သည်။
“ကမ္ဘာ့အရှင်သခင်... ကျွန်တော် ဆုံမှတ် အမျိုးမျိုးကို သိမ်းပိုက်နေတုန်းက ဒီပစ္စည်းကို တီထွင်နိုင်ခဲ့တာပါ။ ကျေးဇူးပြုပြီး တစ်ချက်လောက် ကြည့်ရှုပေးပါဦး ခင်ဗျာ”
သူက အိမ်မြှောင် ကို တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ထံသို့ လက်ဆောင် အဖြစ် ပေးအပ်လိုက်သည်။
ဤအခိုက်အတန့်တွင် ဤနေရာ၏ အပြောင်းအလဲများကြောင့် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင် ကြီးမှာ ပိုမို ပီပြင် ထင်ရှားလာပုံ ရသည်။
၎င်းက နင်ချီ ကမ်းပေးလာသော အိမ်မြှောင် ကို မျက်စိဖြင့် မမြင်နိုင်သော စွမ်းအားများဖြင့် ဖမ်းဆုပ်လိုက်ပြီးနောက် ၎င်း၏ ရည်ရွယ်ချက်ကို မျက်စိတစ်မှိတ် အတွင်း နားလည် သဘောပေါက်သွားတော့သည်။
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် မှာ အလွန်တရာ ဝမ်းသာသွားပြီး ဆိုလိုက်၏။
“မင်းက တကယ့်ကို အံ့မခန်းပဲ... ဒီလို ပစ္စည်းမျိုးကို တီထွင်နိုင်ခဲ့တယ်ပေါ့လေ။ စစ်မြေပြင်နယ်မြေ ကိုးခု နဲ့ နယ်မြေငယ် (၂၇) ခု ထဲမှာ... မင်းရဲ့ စစ်တပ်ကပဲ နယ်မြေ တစ်ခုကို ဒီလောက် မြန်မြန်ဆန်ဆန် သိမ်းပိုက်နိုင်ခဲ့တာ မဆန်းပါဘူးလေ”
နင်ချီ က ဆက်သွယ်ရေး ကျောက်စိမ်းလိပ် တစ်ခုကို ထုတ်ယူလိုက်ပြီး တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ထံသို့ ပေးအပ်လိုက်ပြန်၏။
“ကမ္ဘာ့အရှင်သခင် က ဒီပစ္စည်းကို သဘောကျ လက်ခံတယ် ဆိုမှတော့... ၎င်းကို ဖန်တီးတဲ့ နည်းလမ်းကိုပါ ကမ္ဘာ့အရှင်သခင် ထံ ကျွန်တော် ပေးပို့ပါ့မယ် ခင်ဗျာ”
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က ၎င်းကို ချက်ချင်း လက်ခံ ရယူလိုက်သည်။
“အရမ်း ကောင်းတယ်... အရမ်း ကောင်းတယ်။ ဒီနည်းလမ်းနဲ့ ဆိုရင်... ဒီပစ္စည်းကိုသာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်မယ် ဆိုရင် ဝိညာဉ်နယ်မြေ စစ်ပွဲ ကို အများကြီး ပိုမြန်မြန် အဆုံးသတ်နိုင်တော့မှာပဲ”
“အခု ဒီနယ်မြေကို မင်းက အပြည့်အဝ သိမ်းပိုက်ပေးနိုင်ခဲ့ပြီ။ ပြီးတော့ ဒီပစ္စည်းကိုပါ ဖန်တီးနိုင်ခဲ့တယ် ဆိုတော့... မင်းက တကယ့်ကို ကြီးမားတဲ့ အကျိုးဆောင်မှုကြီးကို ပြုလုပ်ပေးနိုင်ခဲ့တာပဲ။ ဒါကြောင့် မင်းကို ငါ ကြီးမားတဲ့ ဆုလာဘ်တွေ ပေးရမယ်”
စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူ၏ ပတ်လည်ရှိ ဟင်းလင်းပြင် ကြီးမှာ ရတနာအိတ် ကြီးတစ်ခု ဖွင့်ဟလာသည့်အလား အရာဝတ္ထု အများအပြား ပျံထွက်လာတော့သည်။
“ယူလိုက်ပါ။ ဒါနဲ့ ဆိုရင် ငါလည်း ဒီမှာ အချိန်ဆွဲ မနေတော့ဘူး။ ဒီပစ္စည်းကို တခြား စစ်မြေပြင်နယ်မြေ တွေ အားလုံးဆီ အမြန်ဆုံး ဖြန့်ဝေပေးဖို့ လိုအပ်နေပြီ”
နင်ချီ က လက်ယှက်ကာ နှုတ်ဆက်လိုက်၏။
“ကျွန်တော် ဂျူနီယာ က ကမ္ဘာ့အရှင်သခင် ကို ရိုသေစွာ နှုတ်ဆက်လိုက်ပါတယ် ခင်ဗျာ”
ရှေ့ဘက်ရှိ ပုံရိပ်ယောင် ကြီးမှာ မျက်စိတစ်မှိတ် အတွင်း ပျောက်ကွယ်သွားတော့သည်။ နင်ချီ က အသေအချာ အာရုံခံကြည့်လိုက်သော်လည်း တောင်နှင့် ပင်လယ် ကမ္ဘာ ၏ ဆန္ဒတော် ကို လုံးဝ အာရုံမခံနိုင်တော့ချေ။
သူက ရှေ့ဘက် မြေပြင်ပေါ်ရှိ ဆုလာဘ် ပုံရာကြီးကို အကြည့်ပို့လွှတ်လိုက်ရာ သူ၏ မျက်လုံးများ တလက်လက် တောက်ပသွားတော့သည်။
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က ဤတစ်ကြိမ်တွင် အလွန်တရာ ရက်ရောသော ဆုလာဘ်များကို ပေးအပ်ခဲ့ခြင်းပင် ဖြစ်သည်။
ပုံမှန် စည်းမျဉ်း အပိုင်းအစများမှာ ရေပုံး တစ်ပုံးခန့် အရွယ်အစား ရှိပြီး... အသေအချာ ကြည့်ရှုလိုက်သောအခါ အပိုင်းအစ တစ်ရာ အထိပင် ရှိနေသည်။
ဤ စည်းမျဉ်း အပိုင်းအစများမှာ ယခင်က တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ထံမှ ရရှိခဲ့သော ဆုလာဘ်များနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်တော့ချေ။
ယခင်က သူ ရရှိခဲ့သော ဆုလာဘ်များတွင် အသေးအမွှား၊ အသေးစား၊ အလယ်အလတ် နှင့် အကြီးစား ဟူ၍ စည်းမျဉ်း အပိုင်းအစ အမျိုးအစား သုံးမျိုးသာ ပါဝင်ခဲ့သည်။
အကြီးစား စည်းမျဉ်း အပိုင်းအစများ ဆိုလျှင်တောင်မှ လူ့ဦးခေါင်းခန့် အရွယ်အစားသာ ရှိသော်လည်း၊ ယခု လက်ရှိ စည်းမျဉ်း အပိုင်းအစများမှာမူ လယ်သမား တစ်ဦး အသုံးပြုသော ရေပုံး တစ်ပုံးခန့် ကြီးမားနေရာ အလွန်တရာ ကြီးမားသည်ဟုပင် ဆိုနိုင်သည်။
နင်ချီ က လက်လှမ်းကာ အပိုင်းအစ တစ်ခုကို ကောက်ယူလိုက်ပြီး စူးစိုက် ကြည့်ရှုလိုက်၏။
ထိုအထဲတွင် ကြယ်တာရာ ဂလက်ဆီ ကြီးတစ်ခု ပုန်းကွယ်နေသည့်အလား မရေမတွက်နိုင်သော ကြယ်အလင်းတန်းများ တလက်လက် တောက်ပနေပြီး... ကြယ်အလင်းတန်း တစ်ခုစီတိုင်းမှာ စည်းမျဉ်း တစ်ခုစီကို ကိုယ်စားပြုနေသည်။
ဤ အလွန် ကြီးမားလှသော စည်းမျဉ်း အပိုင်းအစ မှာ ယခင်က စည်းမျဉ်း အပိုင်းအစများထက် များစွာ ပိုမို ကြီးမားရုံသာမက၊ စည်းမျဉ်း များလည်း ပိုမို ပါဝင်နေသည်။
ဤ အပိုင်းအစ တစ်ခုတည်းကပင် နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီး အတွင်းရှိ လူတိုင်း၏ ကျင့်ကြံခြင်း အဆင့်အတန်းကို တစ်ဆင့်ခန့် မြင့်တက်သွားစေရန် လုံလောက်နိုင်ခြေ ရှိသည်။
ထို့နောက် နင်ချီ သည် အခြား တစ်ဖက်သို့ လှည့်ကြည့်လိုက်သည်။
အခြား တစ်ဖက်ရှိ ဟင်းလင်းပြင် ထဲတွင် တောင်နှင့် ပင်လယ် ကမ္ဘာ ၏ နယ်မြေစွမ်းအား အမျှင် တစ်ရာ ခန့်မှာ အလင်းတန်းများအလား ဟင်းလင်းပြင် ထဲတွင် တွန့်လိမ် ကောက်ကွေးနေကြပြီး... တာအို စွမ်းအား တစ်မျှင်စီတိုင်းမှာ တစ်မီတာခန့် ရှည်လျားသည်။
ဤသည်မှာ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က နယ်မြေအရှင်သခင် ဖြစ်သော သူ့ကို ချီးမြှင့်ထားသော အရာ ဖြစ်သည်။ နယ်မြေအရှင်သခင် တစ်ပါး ဖြစ်လာပြီးနောက်... တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က သူတို့ နယ်မြေအရှင်သခင် များ အနေဖြင့် တစ်နှစ်လျှင် နယ်မြေစွမ်းအား အမျှင် ဆယ်ခုစီ ရရှိနိုင်ကြောင်း ပြောဆိုခဲ့ဖူးသည်။
ဤ တာအို နယ်မြေစွမ်းအား အမျှင် တစ်ရာ ဆိုသည်မှာ နယ်မြေအရှင်သခင် တစ်ပါး၏ ဆယ်နှစ်တာ တာဝန်ထမ်းဆောင်မှု နှင့် ညီမျှနေသည်။
နင်ချီ သည် သူ ရရှိခဲ့သမျှ အရာအားလုံးကို သိုလှောင်ရေး ဟင်းလင်းပြင် ထဲသို့ ပေါ့ပေါ့ပါးပါး သိမ်းဆည်းလိုက်စဉ်၊ နှုတ်ခမ်းထောင့်တွင် သိမ်မွေ့သော အပြုံးတစ်ခု ပေါ်လွင်နေလေ၏။
သူ ယခုလေးတင် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ထံသို့ ပေးအပ်ခဲ့သော ဝိညာဉ်ပျံသန်း ရှာဖွေရေး အိမ်မြှောင် မှာ အပြည့်အစုံ ဗားရှင်း မဟုတ်ချေ။ ၎င်းတွင် မြေပုံ တစ်ခုနှင့် အနီးအနားရှိ ဆုံမှတ် တစ်ခုတည်းကိုသာ ထောက်လှမ်းနိုင်သော အခြေခံ ဗားရှင်း သာ ပါဝင်သည်။
စစ်မြေပြင်နယ်မြေ ၏ မြေပုံ ဆုံမှတ် များ အားလုံးကို အပြည့်အဝ စူးစမ်း လေ့လာနိုင်ရန်မှာ ဆုံမှတ် များ အားလုံးကို စူးစမ်း လေ့လာပြီးမှသာလျှင် ဖြစ်နိုင်သည်။
နင်ချီ က အိမ်မြှောင် ဖန်တီးသည့် နည်းလမ်းကို တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ထံသို့ ပေးအပ်ခဲ့ခြင်းမှာ သဘာဝကျကျပင် ဝိညာဉ်ကမ္ဘာ နှစ်ခုလုံးမှ ကျင့်ကြံသူ များ၏ တိုက်ပွဲများကို ပိုမို မကြာခဏ ဖြစ်ပွားလာစေရန်နှင့်၊ ထိုမှတစ်ဆင့် ဝိညာဉ်ကမ္ဘာ နှစ်ခုလုံး၏ ကြီးမားလှသော တိုက်ပွဲကြီးကို ပိုမို မြန်ဆန်စွာ ရောက်ရှိလာစေရန် တွန်းအားပေးလိုသောကြောင့် ဖြစ်သည်။ ၎င်းက တာအို ကိုလည်း တိုက်ပွဲထဲသို့ လျင်မြန်စွာ ဝင်ရောက်လာစေနိုင်မည် မဟုတ်ပါလော။
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် အနေဖြင့် ဤ အိမ်မြှောင် ကို ရရှိပြီးနောက်... ၎င်းကို ပုံစံတူ ကူးယူကာ ပိုမို အဆင့်မြင့်သော အိမ်မြှောင် တစ်ခုကို ဖန်တီးနိုင်မည် မဖန်တီးနိုင်မည် ဆိုသည်ကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမည်သာ ဖြစ်သည်။
နင်ချီ တွင် အရန် အစီအစဉ် တစ်ခု ရှိနေပြီး ဖြစ်သည်။ အကယ်၍ တောင်ဘိုးဘေးကြီး နှင့် ပင်လယ်ဘိုးဘေးကြီး တို့သာ စစ်မြေပြင်နယ်မြေ ထဲသို့ ဝင်ရောက် မလာခဲ့ဘူး ဆိုပါက... မည်သူကမျှ ဤအရာကို လုပ်ဆောင်နိုင်မည် မဟုတ်ဟု သူ ခန့်မှန်းထားသည်။
အကြီးမားဆုံးသော အကျိုးအမြတ် မှာ သဘာဝကျကျပင် သူနှင့် သူ၏ နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီး အတွက်သာ ဖြစ်သည်။
ထို့အပြင် နင်ချီ သည် ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူ များကိုလည်း ဤ အိမ်မြှောင် လိုအပ်နေကြောင်းကို 'မတော်တဆ' သိရှိသွားအောင် လုပ်ဆောင်ရန် အစီအစဉ် ရှိနေသေးသည်
အကယ်၍ တောင်နှင့် ပင်လယ် ကမ္ဘာ မှ ကျင့်ကြံသူ များသာ အနိုင်ရသွားမည် ဆိုပါက... ဝိညာဉ်ကမ္ဘာ နှစ်ခုလုံး၏ စစ်ပွဲသည် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ကို အသာစီး ရသွားစေမည် ဆိုသည့် အဓိပ္ပာယ် သက်ရောက်နေမည် မဟုတ်ပါလော။
အကယ်၍ ဝိညာဉ်ကမ္ဘာ နှစ်ခုလုံးနှင့် တာအို တို့သာ အမြန်ဆုံး ပူးပေါင်း တိုက်ခိုက်လာကြမည် ဆိုပါက... ဝိညာဉ်ကမ္ဘာ နှစ်ခုလုံး၏ စစ်ပွဲမှာ ပိုမို ပြင်းထန်လာမည် ဖြစ်ပြီး၊ နင်ချီ ၏ အစစ်အမှန်သိုင်းကမ္ဘာ အတွက် ဖွံ့ဖြိုး တိုးတက်ရန် အခွင့်အလမ်း များစွာ ပိုမို ရရှိလာမည်သာ ဖြစ်သည်။
နောက်တစ်စက္ကန့်တွင် နင်ချီ သည် မူလ အိမ်မြှောင် ကို နောက်တစ်ကြိမ် ထုတ်ယူလိုက်ပြီး၊ အထက်ရှိ စစ်တပ်ကြီး သုံးခု၏ တည်နေရာများကို တစ်ချက် အကြည့်ပို့လွှတ်လိုက်ကာ ဟင်းလင်းပြင် ကို ဆွဲဖြဲပြီး ထိုအထဲသို့ ဝင်ရောက်သွားတော့သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် နင်ချီ သည် နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီး ရှိရာသို့ ရောက်ရှိသွားပြီး ဓားဘိုးဘေးကြီး ၏ ဘေးတွင် ပေါ်ထွက်လာတော့သည်။
နင်ချီ ပေါ်လာသည်ကို မြင်လိုက်ရသောအခါ လူတိုင်းက သူ၏ ရုတ်တရက် ပေါ်ထွက်လာမှုများကို အသားကျနေပြီ ဖြစ်သည်။
“ဂိုဏ်းချုပ် စီနီယာအစ်ကိုကြီး”
“နယ်မြေအရှင်သခင်”
ကျင့်ကြံသူ များက သူ့ကို လျင်မြန်စွာ နှုတ်ဆက်လိုက်ကြပြီး အောင်ပွဲခံ သြဘာပေးသံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။
ဓားဘိုးဘေးကြီး က ရယ်လိုက်ပြီး...
“ကောင်လေး... ငါတို့ ဒီ စစ်မြေပြင်နယ်မြေ ကို အပြည့်အဝ သိမ်းပိုက် ပြီးသွားပြီ။ ငါတို့ သိမ်းပိုက်ခဲ့တဲ့ ဆုံမှတ် တိုင်းအတွက် တောင်နဲ့ ပင်လယ် ကမ္ဘာ က အပိုင်းအစ တော်တော်များများကို ပေးခဲ့တယ်။ မင်း ဘာလို့ အဲဒါတွေကို မယူတာလဲ”
နင်ချီ က လက်ကို ဝှေ့ယမ်းလိုက်ပြီး လူတိုင်းကို အကြည့်ပို့လွှတ်ကာ ပြုံးလျက် ဆိုလိုက်၏။
“ခင်ဗျားတို့ အားလုံးက ကျွန်တော့် ဘက်က လူတွေလေ။ ခင်ဗျားတို့က ကျွန်တော့် နောက်ကို လိုက်လာကြမှတော့... ခင်ဗျားတို့ ရထားတဲ့ အရာတွေကို ကျွန်တော် ထပ်ပြီး မသိမ်းတော့ပါဘူးဗျာ။ ကျွန်တော် ပေးတဲ့ ခံစားခွင့် တစ်ခုလို့ပဲ သဘောထားလိုက်ပါ”
ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်း၏ မျက်နှာပေါ်တွင် ဝမ်းသာအားရ ဖြစ်မှုများ ပေါ်လွင်လာတော့သည်။
သို့သော် ဓားဘိုးဘေးကြီး က ဆက်ပြောလိုက်သေး၏။
“မင်းက ငါတို့ အကန့်အသတ်မဲ့ ဓားဂိုဏ်း ရဲ့ ဂိုဏ်းချုပ် ဖြစ်သလို၊ နက်ရှိုင်းသော သစ္စာတရား နယ်မြေ ရဲ့ ခေါင်းဆောင် လည်း ဖြစ်တယ်လေ။ ငါတို့က အခု ဂိုဏ်းကြီး တစ်ခုလို ဖြစ်နေပြီ ဆိုတော့... ဂိုဏ်းချုပ် ဆီက လက်ဆောင်တွေကို လက်ခံတာက ယုတ္တိမတန်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့...”
သူက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ဆက်ပြောလိုက်သည်။
“ငါတို့ ရထားတဲ့ အောင်မြင်မှုတွေ အားလုံးက မင်းရဲ့ ခွန်အားတွေကြောင့် ဆိုတာကို ငါတို့ အားလုံး နားလည်ထားပြီးသားပါ။ ငါ ထင်တာကတော့... မင်း ဒါကို လက်ခံပြီး မင်းရဲ့ ခွန်အားတွေကို အမြန်ဆုံး မြှင့်တင်ဖို့ အသုံးပြုသင့်တယ်။ မမေ့နဲ့နော်... စစ်မြေပြင်နယ်မြေ ထဲမှာ အစွမ်းထက်တဲ့ တာအိုနဲ့ ပေါင်းစည်းခြင်း နယ်ပယ် ဘိုးဘေးကြီး တွေ အနှေးနဲ့ အမြန် သေချာပေါက် ပေါ်လာဦးမှာပဲ”
ဓားဘိုးဘေးကြီး သည် နင်ချီ ၏ အကျိုးစီးပွားများကို အမြဲတမ်း ထည့်သွင်း စဉ်းစားပေးလေ့ ရှိသဖြင့် နင်ချီ အလွန်တရာ ဝမ်းသာ ပီတိ ဖြစ်သွားရသည်။
နင်ချီ က တာအို သို့ တိတ်တဆိတ် အသံလွှင့်ကာ ဆက်သွယ်လိုက်၏။
“ဓားဘိုးဘေးကြီး... မလိုပါဘူးဗျာ။ စစ်မြေပြင်နယ်မြေ တစ်ခုလုံးကို သိမ်းပိုက်ပြီးသွားတော့... တောင်နဲ့ ပင်လယ် ကမ္ဘာ့ဆန္ဒတော် က နယ်မြေအရှင်သခင် ဖြစ်တဲ့ ကျွန်တော့်ကို အထူး ဆုလာဘ်တစ်ခု ပေးခဲ့ပြီးပြီဗျ။ ကျွန်တော် ရသင့်ရထိုက်တာ အားလုံးကို ရပြီးပါပြီ”
“မင်း ဘာလို့ စောစောက မပြောခဲ့ရတာလဲကွ” ဟု ဓားဘိုးဘေးကြီး က အကူအညီမဲ့စွာဖြင့် အသံလွှင့် ပြန်ပြောလိုက်သည်။
“ငါက လူတိုင်းရဲ့ အကျိုးစီးပွားတွေကို ဆန့်ကျင်ပြီး ပြောနေသလို ဖြစ်သွားတာပေါ့”
“စိတ်မပူပါနဲ့... ကျွန်တော် ခင်ဗျား အတွက် အဲဒါကို ပြန်ရအောင် လုပ်ပေးပါ့မယ်ဗျာ”
အခန်း (၈၀၁) - နယ်မြေဖြတ်ကျော်ခြင်း
~ဓားဘိုးဘေးကြီး ၏ စကားများက လူတိုင်း၏ ရင်ထဲတွင် ပဲ့တင်ထပ်သွားသည်။
လူတိုင်းက ဓားဘိုးဘေးကြီး ကို ချက်ချင်း ထောက်ခံလိုက်ကြပြီး ပြိုင်တူ အော်ဟစ်လိုက်ကြ၏။
“ဂိုဏ်းချုပ် စီနီယာအစ်ကိုကြီး (နယ်မြေအရှင်သခင်)... ကျေးဇူးပြုပြီး အရှင်မင်းကြီး ရဲ့ ကျင့်ကြံခြင်း တိုးတက်မှုကိုပဲ ဦးစားပေးပါ ခင်ဗျာ”
လူတိုင်းက တစ်သံတည်း ပြိုင်တူ ပြောဆိုလိုက်ကြပြီး၊ သူတို့ တစ်ယောက်စီတိုင်း၏ မျက်နှာပေါ်ရှိ အမူအရာများမှာလည်း အလွန်တရာ စိတ်ရင်းမှန်ကြောင်း အထင်အရှား ပေါ်လွင်နေသည်။
နင်ချီ သည် နက်ရှိုင်းသော သစ္စာတရား နယ်မြေ မှ လူများကို ကြည့်ရင်း အလွန်တရာ ဝမ်းသာ ပီတိ ဖြစ်သွားရသည်။
ယခင်ကဆိုလျှင်တော့ နင်ချီ သည် သူ၏ ခွန်အားကို မြှင့်တင်ရန်အတွက် စည်းမျဉ်း အပိုင်းအစ များကို အသုံးပြုကောင်း အသုံးပြုခဲ့မည်။ ယခုအခါ စစ်မြေပြင်နယ်မြေ အတွင်း၌ ဖုံးကွယ်နေသော ဆုံမှတ် များကို ရှာဖွေ တွေ့ရှိခဲ့ပြီ ဖြစ်ရာ... နင်ချီ သည် ဟင်းလင်းပြင် ကို ဖြတ်တောက်ပြီး အစစ်အမှန်သိုင်းကမ္ဘာ အတွင်းသို့ ပေါင်းစပ် ထည့်သွင်းခြင်းဖြင့် သူ၏ ကျင့်ကြံခြင်း အဆင့်အတန်းကို အပြည့်အဝ မြှင့်တင်နိုင်နေပြီ ဖြစ်သည်။
ထို့အပြင် သူ၏ အစစ်အမှန် ခန္ဓာကိုယ် ၏ ခွန်အား မြင့်တက်လာမှုက သူ၏ လူဝင်စား ခန္ဓာကိုယ် ၏ တိုးတက်မှုကိုလည်း အလိုအလျောက် တွန်းအားပေးနိုင်စွမ်း ရှိရာ... သူ၏အတွက် စည်းမျဉ်း အပိုင်းအစ များကို အသုံးပြုရန် လုံးဝ မလိုအပ်တော့ချေ။
ထို့ထက်ပို၍ ဤ လူဝင်စား ခန္ဓာကိုယ် မှာ ပေါင်းစည်းခြင်း နယ်ပယ် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ... နောက်ထပ် တစ်လှမ်း အနေဖြင့် တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် သို့ တက်လှမ်းရန်သာ ကျန်ရှိတော့သည်။
သို့သော် နင်ချီ သည် လောလောဆယ်တွင် စစ်မြေပြင်နယ်မြေ အတွင်း၌ ရောက်ရှိနေပြီး၊ ဤနေရာမှာ တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် ကဲ့သို့ အစွမ်းထက်သော ပုဂ္ဂိုလ်များ ပေါ်ထွက်လာခြင်းကို လုံးဝ လက်ခံနိုင်စွမ်း မရှိချေ။ူ
ထို့အပြင် တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် ဆိုသည်မှာ ဝိညာဉ်ကမ္ဘာ နှစ်ခုလုံးရှိ ကျင့်ကြံသူ များ တက်လှမ်းနိုင်သော အမြင့်ဆုံး အထွတ်အထိပ် အဆင့် ဖြစ်သည်။ တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် သည် ယခင် အဆင့်များနှင့် မတူညီဘဲ... ထိုအဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် မိုးကြိုး ကောင်းကင်ဒဏ် ကို ဖြတ်ကျော်ရမည် ဖြစ်သည်။
သူ၏ မိုးကြိုး ကောင်းကင်ဒဏ် မှာ မည်သို့သော ပုံစံမျိုး ဖြစ်လာမည်နည်း ဆိုသည်ကို အတိအကျ မသိရှိသေးသော်ငြားလည်း၊ ၎င်းမှာ သာမန် ကျင့်ကြံသူ များ၏ ကောင်းကင်ဒဏ် ထက် များစွာ ပိုမို ပြင်းထန် ကြောက်မက်ဖွယ် ကောင်းလိမ့်မည် ဆိုသည်ကိုတော့ သူ အခိုင်အမာ ယုံကြည်ထားသည်။
ဤအရာများ အားလုံးကို နောက်မှသာ ဆွေးနွေးရမည် ဖြစ်သည်။
စစ်မြေပြင်နယ်မြေ အတွင်းရှိ အခြေအနေများ ပြောင်းလဲသွားပြီးနောက်မှသာ သူသည် တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် သို့ တက်လှမ်းနိုင်မည် ဖြစ်ပေသည်
ထို့ကြောင့် နင်ချီ ၏ စည်းမျဉ်း အပိုင်းအစ များမှာ လောလောဆယ်တွင် သူ့အတွက် သိပ်ပြီး အရေးမကြီးတော့ချေ။ ပို၍ အရေးကြီးသည်မှာ လူတိုင်း၏ ကျင့်ကြံခြင်း အဆင့်အတန်းများကို မြှင့်တင်ပေးရန်သာ ဖြစ်သည်။
နင်ချီ သည် ဓားဘိုးဘေးကြီး ထံသို့ တိတ်တဆိတ် အသံလွှင့် ဆက်သွယ်လိုက်ပြီး၊ သူ၏ စစ်တပ်ကြီးကို ဦးဆောင်ကာ ဆုံမှတ် များကို သိမ်းပိုက်ရာမှ ရရှိလာသော အကျိုးအမြတ် တစ်ဝက်ကို သူ့ထံ ပေးအပ်ရန် ညွှန်ကြားလိုက်သည်။
ဓားဘိုးဘေးကြီး မှာ တစ်စက္ကန့်လေးမျှပင် တုံ့ဆိုင်းမနေဘဲ သူ ရရှိထားသမျှ အားလုံးကို နင်ချီ ထံသို့ ပေးအပ်လိုက်တော့သည်။
နင်ချီ က အကူအညီမဲ့စွာဖြင့် ပြုံးလိုက်ပြီး လူအုပ်ကြီးကို လှမ်း၍ ဆိုလိုက်၏။
“မူလကတော့ ကျွန်တော်က ခင်ဗျားတို့ အားလုံး အကျိုးအမြတ် တစ်ဝက်ကို ခွဲဝေ ယူနိုင်အောင်လို့ နောက်ထပ် တစ်ဝက်ကို သိမ်းထားဖို့ ရည်ရွယ်ထားတာပါ။ ဒါပေမဲ့ ဓားဘိုးဘေးကြီး က အကျိုးအမြတ် အားလုံးကို ကျွန်တော့်ဆီ ပေးလိုက်ပြီ ဆိုတော့... ခင်ဗျားတို့ရဲ့ ခွန်အားတွေကို မြှင့်တင်ပေးဖို့အတွက် (၇၀) ရာခိုင်နှုန်းကို အရင်ဆုံး အသုံးပြုလိုက်မယ်ဗျာ”
ဓားဘိုးဘေးကြီး မှာ အံ့အားသင့်သွားပြီး သူ၏ ဓားအလား စူးရှသော မျက်လုံးများဖြင့် နင်ချီ ကို စူးစိုက် ကြည့်လိုက်သည်။
'ဒီကောင်လေးက တကယ့်ကို အကျိုးအမြတ်တွေ ဘယ်လို ပေးရမလဲ ဆိုတာကို ကောင်းကောင်း သိတာပဲ။ ဒါက သူ မှားသွားတာကို ဖုံးကွယ်ဖို့ လုပ်လိုက်တဲ့ နည်းလမ်းပေါ့လေ’
ထို့နောက် နင်ချီ သည် အဖွဲ့ခေါင်းဆောင် တစ်ဦးအနေဖြင့် ယခင်က စုဆောင်းထားခဲ့သော သူ၏ ကိုယ်ပိုင် အကျိုးအမြတ် များကိုပါ ထုတ်ယူလိုက်ပြီး၊ ဓားဘိုးဘေးကြီး ပေးအပ်သော အရာများနှင့် ပေါင်းစပ်လိုက်ကာ (၇၀) ရာခိုင်နှုန်း နှင့် (၃၀) ရာခိုင်နှုန်း ဟူ၍ ခွဲခြားလိုက်သည်။
နင်ချီ က အရောင်ငါးမျိုး ဧရာမ လက်ဝါးကြီး ကို ဆန့်ထုတ်လိုက်ပြီး၊ စည်းမျဉ်း အပိုင်းအစ များ အားလုံးကို သူ၏ လက်ဝါးထဲတွင် မျက်စိတစ်မှိတ် အတွင်း ဖမ်းဆုပ်ကာ အားကုန် ညှစ်ချေလိုက်တော့သည်။
ချက်ချင်းပင် စည်းမျဉ်း အပိုင်းအစ များ အားလုံး ကြေမွသွားပြီး အလွန်တရာ သိပ်သည်း ထူထပ်လှသော စည်းမျဉ်း စွမ်းအား များ လျှံကျလာတော့သည်။
လက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ရာ၊ ထို စည်းမျဉ်း စွမ်းအား များမှာ အလင်းတိမ်တိုက် တစ်ခုအလား တလက်လက် တောက်ပသွားပြီး နက်ရှိုင်းသော သစ္စာတရား နယ်မြေ မှ လူများအပေါ်သို့ မိုးပေါက်များအလား ရွာကျလာတော့သည်။
လူတိုင်းမှာ ထို အလင်းတိမ်တိုက် များ၏ လွှမ်းခြုံမှုကို ခံလိုက်ရပြီး မျက်စိတစ်မှိတ် အတွင်း စည်းမျဉ်း စွမ်းအား များကို စုပ်ယူလိုက်ကြသည်။
ရလဒ်အနေဖြင့် လူတိုင်း၏ ကျင့်ကြံခြင်း အဆင့်အတန်းများမှာ နောက်တစ်ကြိမ် တဟုန်ထိုး မြင့်တက်လာကြပြီး၊ လူအများအပြားမှာ နေရာတင် အဆင့်တက်လှမ်း သွားကြကာ... အတော်များများမှာ ပိုမို မြင့်မားသော နယ်ပယ်များသို့ပင် တက်လှမ်းနိုင်ခဲ့ကြသည်။
နက်ရှိုင်းသော သစ္စာတရား နယ်မြေ အဖွဲ့၏ ယေဘုယျ ခွန်အားမှာ နောက်တစ်ကြိမ် ထပ်မံ မြင့်တက်လာခဲ့ပြီး၊ ယခုအခါ ဝိညာဉ်ကမ္ဘာ နှစ်ခုလုံးရှိ အထက်တန်း အဆင့် ဝိညာဉ်နယ်မြေ များ၏ အောက်ခြေ အဆင့် အဖွဲ့များနှင့်ပင် ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်စွမ်း ရှိလာခဲ့တော့၏။
ဤတိုးတက်မှုမှာ အလွန်တရာ ကြီးမားလှပြီး၊ အောက်ခြေ အဆင့် ဝိညာဉ်နယ်မြေ ၏ အဆင့်မှနေ၍... အထက်တန်း အဆင့် ဝိညာဉ်နယ်မြေ ၏ အောက်ခြေ အဆင့် ခွန်အားများဆီသို့ တစ်ဟုန်ထိုး ခုန်တက်သွားခြင်းပင် ဖြစ်သည်။
၎င်းက နောင်တွင် သူတို့ထက် ပိုမို အစွမ်းထက်သော အဖွဲ့များနှင့် ထိပ်တိုက် တွေ့ဆုံရချိန်တွင်... သူတို့ အနေဖြင့် တိုက်ခိုက်နိုင်စွမ်း ရှိနေစေရန် အာမခံချက် တစ်ခုလည်း ဖြစ်သည်။
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ် စီနီယာအစ်ကိုကြီး (နယ်မြေအရှင်သခင်)”
နင်ချီ က အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။
လူတိုင်းနှင့် အကျိုးအမြတ်များ ခွဲဝေပြီးနောက်၊ နင်ချီ က မြေပုံ ကို တစ်ချက် အကြည့်ပို့လွှတ်လိုက်သည်။
မြေပုံ ပေါ်တွင် ဖူယောင် နယ်မြေ နှင့် လန်ယာ နယ်မြေ စစ်တပ်ကြီးများကို ကိုယ်စားပြုနေသော အမှတ်လေးများမှာ ဤနေရာဆီသို့ ဦးတည် ချီတက်လာနေကြပြီ ဖြစ်၏။
သူတို့ လက်ရှိ ရောက်ရှိနေသော နေရာမှာ အရှေ့တောင် စစ်မြေပြင်နယ်မြေ အတွင်းရှိ နယ်နိမိတ် နံရံများနှင့် အလွန်တရာ နီးကပ်နေသည်။
ယခင်က နင်ချီ သည် စစ်မြေပြင်နယ်မြေ နှင့် ပတ်သက်သမျှ အရာအားလုံးကို တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ထံမှ ကြိုတင် မေးမြန်းထားခဲ့ပြီး ဖြစ်ရာ၊ နယ်နိမိတ် အတားအဆီး များနှင့် ပတ်သက်သော အခြေအနေများကို အထူး ရှင်းလင်းစွာ သိရှိထားသည်။
နင်ချီ က လူအုပ်ကြီးကို လှမ်း၍ ဆိုလိုက်၏။
“ကျွန်တော့် နောက်က လိုက်ခဲ့ကြ။ ငါတို့ အတွင်းဘက် နယ်နိမိတ် နံရံနားမှာ ဖူယောင် နယ်မြေ နဲ့ လန်ယာ နယ်မြေ စစ်တပ်ကြီးတွေကို သွားစောင့်နေကြတာပေါ့”
“မှန်လှပါ ခင်ဗျာ”
မကြာမီမှာပင် နင်ချီ သည် သူ၏ စစ်တပ်ကြီးကို ဦးဆောင်ကာ အလွန်တရာ ထူးခြားသော နေရာတစ်ခုသို့ ရောက်ရှိလာခဲ့သည်။
ရှေ့ဘက်တွင် ကောင်းကင်နှင့် မြေကြီးကို ဆက်စပ်ထားသော ပွင့်လင်းမြင်သာသည့် မီးခိုးရောင် အတားအဆီး ကြီးတစ်ခုက ဘယ်ညာ နှစ်ဖက်စလုံးသို့ အဆုံးအစမဲ့ ဆန့်တန်းနေသည်။
၎င်းမှာ နှလုံး အခန်းများကို ခွဲခြားထားသော အဆို့ရှင်များနှင့် အနည်းငယ် ဆင်တူပြီး၊ အရှေ့တောင် ဒေသ တစ်ခုလုံးကို အထက်၊ အလယ်၊ နှင့် အောက် ဟူ၍ နယ်မြေငယ် သုံးခု အဖြစ် ခွဲခြားထားခြင်း ဖြစ်သည်။
ဘယ်ညာ အစွန်း နှစ်ဖက်စလုံးတွင် နင်ချီ မြင်တွေ့ခဲ့ရသော နံရံများ၏ အထူမှာ သူ၏ ရှေ့တွင် ရှိနေသော နံရံများနှင့် မတူညီကြချေ။
ရှေ့ဘက်ရှိ နံရံများမှာ အနည်းငယ် ပါးလွှာပြီး၊ ၎င်းတို့၏ အဓိက ရည်ရွယ်ချက်မှာ အရှေ့တောင် စစ်မြေပြင်နယ်မြေ အတွင်းရှိ နယ်မြေငယ် များကို ခွဲခြားရန်သာ ဖြစ်သည်။
အစွန်း နှစ်ဖက်စလုံးရှိ နံရံများမှာမူ အလွန်တရာ ထူထဲပြီး ဆက်တိုက် ဆက်သွယ်နေသော တောင်တန်းကြီးများအလား ဖြစ်နေသည်။
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က စစ်မြေပြင်နယ်မြေ ကိုးခု ရှိပြီး၊ ၎င်းတို့ တစ်ခုစီကို အထက်၊ အလယ်၊ နှင့် အောက် ဟူ၍ နယ်မြေငယ် သုံးခု ထပ်မံ ခွဲခြားထားကြောင်း ပြောဆိုခဲ့ဖူးသည်။
ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူ များ ဖြစ်စေ၊ တောင်နှင့် ပင်လယ် ကမ္ဘာ မှ ကျင့်ကြံသူ များ ဖြစ်စေ... အကယ်၍ နယ်မြေ တစ်ခု အတွင်းရှိ ဆုံမှတ် အားလုံးကို သိမ်းပိုက် ပြီးစီးသွားပါက၊ ထို နယ်မြေမှာ အလွန်တရာ တည်ငြိမ်လာမည် ဖြစ်ပြီး... ဝိညာဉ်ကမ္ဘာ နှစ်ခုလုံးမှ အစွမ်းထက်လှသော တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် ဘိုးဘေးကြီး များကို ဝင်ရောက်ခွင့် ပြုနိုင်မည် ဖြစ်သည်။
နယ်မြေကြီး တစ်ခု အတွင်းရှိ ဆုံမှတ် အားလုံးကို သိမ်းပိုက်ရာတွင် တောင်နှင့် ပင်လယ် ကမ္ဘာ သို့မဟုတ် ကျယ်ပြန့်သော ကမ္ဘာ မှသာ သိမ်းပိုက်ရမည် ဟူသော ကန့်သတ်ချက် မရှိချေ။ တစ်ဖက်ဖက်က အပြည့်အဝ အောင်ပွဲခံပြီး ဆုံမှတ် အားလုံး သူတို့၏ လက်ထဲသို့ ရောက်ရှိသွားချိန်မှသာလျှင် ဆုံမှတ် အားလုံး အပြည့်အဝ အသက်ဝင်လာမည် ဖြစ်သည်။
ဝိညာဉ်ကမ္ဘာ နှစ်ခုလုံးမှ ကျင့်ကြံသူ များ အနေဖြင့် ဆုံမှတ် အားလုံးကို အသက်သွင်းရန် လိုအပ်သည်။ အကြောင်းမူကား စစ်မြေပြင်နယ်မြေ ၏ တည်ငြိမ်မှုမှာ ဝိညာဉ်ကမ္ဘာ နှစ်ခုလုံး၏ ဆန္ဒတော်တွေ ၏ သိမ်းပိုက်နိုင်မှု အပေါ်တွင်သာ အပြည့်အဝ မူတည်နေသောကြောင့်ပင် ဖြစ်သည်။
သို့မဟုတ်ပါက... စစ်ပွဲက ဘယ်အချိန်မှ တကယ် ပြီးဆုံးမည် ဆိုတာကို ဘယ်သူက သိနိုင်မည်နည်း။
သို့သော် နယ်မြေကြီး တစ်ခု အတွင်း ဝိညာဉ်ကမ္ဘာ နှစ်ခုလုံး မှ ကျင့်ကြံသူ များ သိမ်းပိုက်နိုင်သော ဆုံမှတ် အရေအတွက် အပေါ် မူတည်၍၊ တစ်ဖက်စီမှ ဝင်ရောက်ခွင့် ရရှိမည့် တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် ဘိုးဘေးကြီး များ၏ ရာခိုင်နှုန်းကို အဆုံးအဖြတ် ပေးမည် ဖြစ်သည်။
ဆုံမှတ် များကို ပိုမို သိမ်းပိုက်နိုင်သော ဘက်က ပိုမို ကြီးမားသော အခွင့်အရေးများကို ရရှိမည် ဖြစ်ပြီး အသာစီး ရရှိမည်မှာ သေချာလှသည်။
စစ်မြေပြင်နယ်မြေ ကိုးခု အနက်မှ... တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် ဘိုးဘေးကြီး များ ပထမဆုံး ဝင်ရောက်လာနိုင်သော နယ်မြေက အသာစီး ရရှိသွားမည်မှာ ထင်ရှားလှသည်။
ယေဘုယျအားဖြင့် ဆိုရလျှင်... ဤသည်မှာ ဝိညာဉ်ကမ္ဘာ နှစ်ခုလုံး၏ စစ်ပွဲ အတွင်း စစ်မြေပြင်နယ်မြေ ၏ စည်းမျဉ်းများ လည်ပတ်ပုံ ပင် ဖြစ်သည်။