← Chapters

အခန်း (၈၀၅-၈၀၇)

Vol. 54 Ch. 805-807

အခန်း (၈၀၅-၈၀၇)

Vol. 54 Ch. 805-807

အခန်း (၈၀၅) - မုန်တိုင်းမလာမီ တိတ်ဆိတ်ခြင်း

~နောက်ထပ် လုပ်ဆောင်ချက် အသစ် ထပ်ထည့်ဦးမလို့လား။ တကယ်ကြီး အဲဒီလောက်တောင် အစွမ်းထက်တာလား။

သူတို့ သုံးဦး၏ အသက်အရွယ်များကို တွက်ကြည့်မည် ဆိုပါက၊ အငယ်ဆုံးသူ ပင်လျှင် နင်ချီ ထက် အဆပေါင်း ဒါဇင်ချီ၍ အသက်ကြီးမည်မှာ သေချာလှသည်။

သူတို့တွင် ကြွယ်ဝလှသော ဗဟုသုတများ ရှိကြသော်ငြားလည်း၊ ဤအခိုက်အတန့်တွင် သူတို့၏ ဗဟုသုတများ အားလုံးမှာ နင်ချီ ၏ ရှေ့တွင် လုံးဝ အသုံးမဝင်တော့သည့်အလား ဖြစ်နေချေပြီ။

နင်ချီ ကသာ ပိုမို ကျယ်ပြန့်သော ဗဟုသုတများနှင့် ပိုမို နားလည် သဘောပေါက်မှုများ ရှိနေသူ တစ်ဦးနှင့် တူနေပြီး၊ သူတို့ သုံးဦးမှာမူ ဘာမှ မသိနားမလည်သော အတွေ့အကြုံ မရှိသေးသည့် လူသစ်များအလား ဇဝေဇဝါ ဖြစ်မှုများနှင့် နာခံမှုများသာ ကျန်ရှိတော့သည်။

ထို သုံးဦးက သူတို့၏ ဝိညာဉ်ချီ များကို အသုံးပြုကာ အိမ်မြှောင် များကို နင်ချီ ထံသို့ ချက်ချင်း ပေးပို့လိုက်ကြတော့သည်။

နင်ချီ သည် ၎င်းတို့ကို လက်ဖြင့် ဖမ်းယူခြင်း မပြုဘဲ၊ လက်နှစ်ဖက်ဖြင့် လက်သင်္ကေတ တစ်ခုကို ချက်ချင်း ပြုလုပ်လိုက်သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ဟင်းလင်းပြင် ထဲမှနေ၍ ပြင်းထန်သော အရောင်များဖြင့် တောက်ပနေသည့် မီးလုံးငယ် သုံးလုံး ပေါ်ထွက်လာပြီး၊ မီးလုံး တစ်လုံးစီတိုင်းတွင် အိမ်မြှောင် တစ်ခုစီ ပါဝင်နေသည်။

လူတိုင်းက သူတို့၏ ဝိညာဉ်အာရုံများဖြင့် အာရုံခံကြည့်လိုက်သောအခါ၊ သူတို့၏ အိမ်မြှောင် များမှာ ပင်လယ်ပြင်ထဲရှိ လှေငယ်လေးများအလား မီးလုံးများ အတွင်း၌ လူးလွန့် လှုပ်ရှားနေသည်ကို တွေ့လိုက်ရ၏။

ရုတ်တရက် နင်ချီ ၏ လက်ထဲမှနေ၍ အပြာရောင် အလင်းတန်း သုံးခု ပစ်ထွက်သွားပြီး၊ မီးလုံး များထဲသို့ ဝင်ရောက်ကာ အိမ်မြှောင် များ အတွင်းသို့ မျက်စိတစ်မှိတ် အတွင်း ထိုးဖောက် ဝင်ရောက်သွားတော့သည်။

မှော်နည်းစနစ်ကို အသုံးပြုသည့် လုပ်ငန်းစဉ် တစ်ခုလုံးမှာ အလွန်တရာ မြန်ဆန်လွန်းလှသည်။ မျက်တောင်တစ်ခတ်စာ အချိန်လေး အတွင်းမှာပင် မီးလုံး များ ပျောက်ကွယ်သွားပြီး၊ အိမ်မြှောင် သုံးခုမှာ ဟင်းလင်းပြင် ထဲတွင် လွင့်မျောနေကာ အလင်းတန်းများ တလက်လက် တောက်ပနေတော့၏။

နင်ချီ ၏ ချောမွေ့ပြီး ကျွမ်းကျင် ပိုင်နိုင်လှသော နည်းစနစ်များကို ကြည့်ရင်း... ဓားဘိုးဘေးကြီး တို့ သုံးဦး သာမက၊ နယ်မြေ သုံးခု မှ မှော်လက်နက် ဖန်တီးသော ကျင့်ကြံသူ များ အားလုံးမှာ အပြည့်အဝ စွဲမက်သွားကြတော့သည်။

ကျွမ်းကျင်မှု တစ်ခုသည် အဆင့်တစ်ခုသို့ ရောက်ရှိသွားသောအခါ၊ ၎င်းကို အကဲခတ် ကြည့်ရှုနေရခြင်းကပင် လူများကို သာယာ ကြည်နူးမှု တစ်ခု ပေးစွမ်းနိုင်သည်။

နင်ချီ သည် အလယ် နယ်မြေ ၏ ဆုံမှတ် များ အားလုံး ဖြန့်ကျက်တည်ရှိပုံ မြေပုံ နှင့်တကွ နယ်မြေ စစ်တပ် ခြောက်ခု၏ တည်နေရာ ဖြန့်ကျက်မှုများကိုပါ ထို သုံးဦး၏ အိမ်မြှောင် များထဲသို့ ထည့်သွင်းပေးလိုက်ခြင်းပင် ဖြစ်သည်။

သေချာသည်မှာ... အမြဲတမ်းလိုလိုပင် နင်ချီ သည် အလယ် နယ်မြေ အတွင်းရှိ အထူး ဆုံမှတ် ခြောက်ခု ၏ တည်ရှိမှုကို တိတ်ဆိတ်စွာ ဖုံးကွယ်ထားခဲ့သည်။

မည်သို့ပင်ဆိုစေ ထို ဆုံမှတ် ခြောက်ခုမှာ ဝိညာဉ်ကမ္ဘာ နှစ်ခုလုံး၏ ဆန္ဒတော်တွေ ကျူးကျော် ဝင်ရောက်ထားခြင်း မရှိသော နေရာများ ဖြစ်ကြသည်။ ၎င်းတို့မှာ နင်ချီ တစ်ယောက်တည်း သိမ်းပိုက်လိုသော နေရာများ ဖြစ်ပြီး၊ သူတို့၏ ဟင်းလင်းပြင် ကို ဖြတ်တောက်ကာ အစစ်အမှန်သိုင်းကမ္ဘာ အတွင်းသို့ ပေါင်းစပ် ထည့်သွင်းရန် ရည်ရွယ်ထားသည်။ ထို့ကြောင့် သူ အနေဖြင့် မည်သည့် အကြောင်းကြောင့်မျှ ထိုနေရာများကို သူတစ်ပါး သိခွင့်ပြုမည် မဟုတ်ချေ။

အိမ်မြှောင် သုံးခုမှာ အလင်းတန်းများ အဖြစ် အသွင်ပြောင်းသွားပြီး ဓားဘိုးဘေးကြီး နှင့် သူ၏ သူငယ်ချင်း နှစ်ဦး၏ လက်ထဲသို့ ပြန်လည် ရောက်ရှိသွားတော့သည်။

ရိုးရှင်းသော အောက်ခံခုံ၊ ချောမွေ့ပြီး သေသပ်သော အပြင်ပိုင်း နှင့် ပွင့်လင်းမြင်သာသော ကျောက်စိမ်း သလင်းကျောက် အဖုံး တို့ဖြင့်... အိမ်မြှောင် မှာ သူ၏ ကိုယ်ပိုင် အလှတရားများဖြင့် လွှမ်းခြုံထားသည်။

နင်ချီ သည် ဝိညာဉ်ပျံသန်း ရှာဖွေရေး အိမ်မြှောင် ကို အိတ်ဆောင် နာရီ တစ်လုံး၏ ပုံစံဖြင့် ဒီဇိုင်းဆွဲထားသဖြင့် ၎င်းမှာ အနုပညာ လက်ရာ တစ်ခုနှင့် လုံးဝ ကွဲပြားခြားနားမှု မရှိချေ။

ဓားဘိုးဘေးကြီး တို့ သုံးဦးမှာ သူတို့၏ လက်ထဲရှိ အိမ်မြှောင် အသစ်များကို စူးစိုက် ကြည့်နေကြပြီး ဝိညာဉ်စွမ်းအင်များကို သိမ်မွေ့စွာ သွင်းနှံလိုက်ကြသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင်... အနီးဆုံး ဆုံမှတ် ၏ တည်နေရာကို ညွှန်ပြနေသည့်အပြင်၊ အိမ်မြှောင် က အလယ် နယ်မြေ ဆုံမှတ် များ၏ မြင်ကွင်းကျယ် တစ်ခုကိုပါ သလင်းကျောက် မျက်နှာပြင်ပေါ်တွင် အလင်းပြန် ပြသနေတော့သည်။

ပြီးပြည့်စုံစွာ ရှင်းလင်း ပြတ်သားလှသော ဆုံမှတ် များ၏ မြင်ကွင်းကျယ်ကို ကြည့်ရင်း... ဓားဘိုးဘေးကြီး တို့ သုံးဦး၏ မျက်နှာပေါ်တွင် အလွန်တရာ စိတ်လှုပ်ရှား ဝမ်းသာနေသော အမူအရာများ ချက်ချင်း ပေါ်လွင်လာတော့သည်။

နင်ချီ ၏ စွမ်းရည်များက ဤမျှအထိ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု သူတို့ အိပ်မက်ထဲတွင်ပင် မထင်မှတ်ထားခဲ့ကြချေ။

အံ့ဩစရာ ကောင်းလောက်အောင်ပင်... သူ အလယ် နယ်မြေ အတွင်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် အလယ် နယ်မြေ အတွင်းရှိ ဆုံမှတ် များ အားလုံး၏ ဖြန့်ကျက်တည်ရှိပုံ ကို ချက်ချင်း တွက်ချက် သိရှိနိုင်ခဲ့သည် မဟုတ်ပါလော။

ဓားဘိုးဘေးကြီး က အံ့အားသင့်စွာ လွှတ်ခနဲ အော်ဟစ် လိုက်သည်။

“တစ်ခုလုံးရဲ့ မြင်ကွင်းကို ပြသပေးထားတဲ့ ဒီမြေပုံ ကို ရထားတာက... ငါတို့အတွက် တကယ့်ကို အကြီးမားဆုံးသော အားသာချက် တစ်ခုပဲကွ”

ချီခယ်ချင်း နှင့် ကျူးယန့်ချွမ်း တို့ နှစ်ဦးစလုံး ကလည်း အားတက်သရော ခေါင်းညိတ် ထောက်ခံလိုက်ကြ၏။

သူတို့က နင်ချီ ၏ နောက်သို့ လိုက်ပါလေလေ... သူ့အပေါ် ပိုမို မှီခိုလာမိလေလေ ဖြစ်ကြောင်း တွေ့ရှိလာကြရသည်။

သူတို့က နင်ချီ ကို စူးစိုက် ကြည့်နေကြရင်း... သူ၏ နောက်သို့ လိုက်ပါရန် မည်မျှအထိ အရေးကြီးကြောင်းကို ပိုမို နားလည် သဘောပေါက်လာကြတော့သည်။

နင်ချီ က သူတို့ကို ကူညီပေးခဲ့မှုများကို ထည့်မတွက်လျှင်တောင်မှ၊ အိမ်မြှောင် ၏ လုပ်ဆောင်ချက် တစ်ခုတည်းကိုသာ စဉ်းစားကြည့်မည် ဆိုပါက... သူတို့ အနေဖြင့် နင်ချီ နှင့် ခွဲခွာရန် လုံးဝ မဖြစ်နိုင်ကြောင်း တွေ့ရှိရပေလိမ့်မည်။

အကယ်၍ ယခုအခါ သူတို့ကို ဤ အိမ်မြှောင် များကို စွန့်လွှတ်ခိုင်းပြီး... စစ်မြေပြင်နယ်မြေ အတွင်းသို့ ပထမဆုံးအကြိမ် ဝင်ရောက်လာစဉ်ကကဲ့သို့ ဆုံမှတ် များ၏ တည်နေရာများကို ရှာဖွေရန် ကျင့်ကြံသူ များကို စေလွှတ်ကာ မျက်လုံးစုံမှိတ်ပြီး စူးစမ်း လေ့လာခိုင်းမည် ဆိုပါက... သူတို့ သေချာပေါက် ရူးသွပ်သွားကြပေလိမ့်မည်။

စကားပုံ တစ်ခု ရှိသည် မဟုတ်ပါလော... "ချွေတာတဲ့ ဘဝကနေ ဇိမ်ခံတဲ့ ဘဝကို ပြောင်းရတာ လွယ်ပေမဲ့... ဇိမ်ခံတဲ့ ဘဝကနေ ချွေတာတဲ့ ဘဝကို ပြန်ပြောင်းရတာ ခက်တယ်" တဲ့လေ။ သူတို့ကတော့ အဲဒီလို ဇဝေဇဝါ ဖြစ်နေရတဲ့ အခြေအနေကို ပြန်သွားရမည့် အစား သေလိုက်တာကမှ ပိုကောင်းဦးမယ်ဟုတောင် တွေးနေမိကြတော့၏။

ထို့ကြောင့် ချီခယ်ချင်း နှင့် ကျူးယန့်ချွမ်း တို့သည် သူတို့၏ သံန္နိဋ္ဌာန်ကို ထပ်မံ အခိုင်အမာ ချမှတ်လိုက်ကြတော့သည်။ ဘာပဲဖြစ်ဖြစ်... သူတို့က သူတို့၏ စစ်တပ်ကြီးများကို ဦးဆောင်ကာ နင်ချီ ၏ နောက်သို့ အဆုံးထိ လိုက်ပါသွားကြမည်သာ ဖြစ်သည်။

အကယ်၍ တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် ဘိုးဘေးကြီး များ စစ်မြေပြင်နယ်မြေ အတွင်းသို့ ဝင်ရောက်လာပြီး သူတို့ ဂိုဏ်း၏ စီနီယာ က စစ်သူကြီး နေရာကို ရရှိသွားမည် ဆိုလျှင်တောင်မှ... သူတို့ အနေဖြင့် နင်ချီ ကို မည်သည့်အခါမျှ စွန့်ခွာသွားမည် မဟုတ်ချေ။

သူတို့ နှစ်ဦးစလုံးက ဘာမှ မပြောကြသော်ငြားလည်း၊ သူတို့၏ မျက်လုံးများထဲတွင် နင်ချီ ကို ကြည့်ရင်း နက်ရှိုင်းသော ကြည်ညို လေးစားမှုများ အပြည့်အဝ ရှိနေသည်။

ဤ ကြည်ညို လေးစားမှုမှာ ပျောက်ကွယ်သွားမည် မဟုတ်ဘဲ၊ နင်ချီ ၏ နောက်သို့ အချိန်ပိုကြာကြာ လိုက်ပါလေလေ ပိုမို အားကောင်းလာလေလေသာ ဖြစ်ပေလိမ့်မည်။

သူတို့ ကိုယ်ပိုင် ဂိုဏ်းက ဘိုးဘေးကြီး တွေကိုတောင် သူတို့ အဲဒီလို အကြည့်မျိုးနဲ့ တစ်ခါမှ ကြည့်ဖူးမှာ မဟုတ်ဘူးလေ။

ဓားဘိုးဘေးကြီး က မြေပုံ ကို စူးစိုက် ကြည့်နေရင်း ဇဝေဇဝါဖြင့် မေးလိုက်၏။

“ဘာလို့ ကျယ်ပြန့်သော ကမ္ဘာ ရဲ့ နယ်မြေ သုံးခုက ကျင့်ကြံသူ တွေက အထက် နယ်မြေ ဆီကို အလျင်အမြန် ရွေ့လျားနေကြတာလဲ”

ချီခယ်ချင်း က ပြန်လည် ဖြေကြားလိုက်သည်။

“ငါတို့ တခြား နယ်မြေ ကနေ ဖြတ်ကျော် ဝင်လာတယ် ဆိုတာကို သူတို့ သိသွားလို့ နေမှာပေါ့”

ကျူးယန့်ချွမ်း က ကောင်းကင်ယံကို မော့ကြည့်လိုက်ပြီး ဤနေရာရှိ အခြေအနေကို အာရုံခံကြည့်နေသည့်အလား ခေတ္တမျှ နေပြီးနောက် ဆိုလိုက်၏။

“ကျယ်ပြန့်သော ကမ္ဘာ ရဲ့ စွမ်းအင်တွေကို ဒီနေရာမှာလည်း ခံစားလို့ ရနေတယ်။ ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် က အရာအားလုံးကို အာရုံခံမိသွားပြီး ကျယ်ပြန့်သော ကမ္ဘာ ရဲ့ နယ်မြေ သုံးခု စစ်တပ်ကြီးကို အကြောင်းကြားလိုက်တာ သေချာတယ်”

ဓားဘိုးဘေးကြီး နှင့် အခြားသူများက သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်ကြသည်။

ကျူးယန့်ချွမ်း က နင်ချီ ကို အကြည့်ပို့လွှတ်ကာ ဆိုလိုက်၏။

“အရှင်သခင် နင်... ကျွန်တော့်မှာ မကောင်းတဲ့ ခံစားချက် တစ်ခု ရှိနေတယ်။ အရှင်သခင် နင် အနေနဲ့ နားထောင်ချင်မလား မသိဘူး ခင်ဗျာ”

“ပြောပါ” ဟု နင်ချီ က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

ကျူးယန့်ချွမ်း ၏ မျက်ခုံးတန်းများ အနည်းငယ် တွန့်ချိုးသွား၏။ သူ၏ အကြည့်များက လူအုပ်ကြီး၏ မျက်နှာများကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် စတင် ပြောဆိုလာတော့သည်။

“အခု ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် က ကျွန်တော်တို့ရဲ့ တည်ရှိမှုကို သိသွားပြီ ဆိုတော့... ရန်သူတွေ အနေနဲ့ ကျွန်တော်တို့ နယ်မြေ ဖြတ်ကျော် ဝင်လာပြီး အလယ် နယ်မြေ ထဲက ဝိညာဉ်ကမ္ဘာ နှစ်ခုလုံးရဲ့ အင်အား ချိန်ခွင်လျှာကို ဝင်ရောက် ဖျက်ဆီးတာကို ဒီအတိုင်း လက်ပိုက် ကြည့်နေမှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဒါကြောင့် ကျွန်တော် စိုးရိမ်နေတာက... သူတို့က အရှင်သခင် နင် ကို အထူး ပစ်မှတ်ထား လာနိုင်တယ် ဆိုတာပါပဲ ခင်ဗျာ”

ကျူးယန့်ချွမ်း က နယ်မြေ သုံးခု မှ ကျင့်ကြံသူ များ၏ ဩဇာလွှမ်းမိုးမှု အကြောင်းကို မပြောခဲ့ချေ။ အကြောင်းမူကား သူတို့ နယ်မြေ ဖြတ်ကျော် ဝင်လာနိုင်ခြင်းမှာ သူတို့၏ စွမ်းရည်ကြောင့် မဟုတ်ဘဲ နင်ချီ ၏ တည်ရှိမှုကြောင့်သာ ဖြစ်ကြောင်း သူ ကောင်းကောင်း နားလည်ထားသောကြောင့်ပင် ဖြစ်သည်။

ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် သည်လည်း ဤအချက်ကို ကောင်းစွာ သိရှိထားမည်မှာ သဘာဝကျလှသည်။

ထိုစကားကို ကြားလိုက်ရသောအခါ ဓားဘိုးဘေးကြီး နှင့် ချီခယ်ချင်း တို့၏ မျက်နှာသွင်ပြင်များ ပြောင်းလဲသွားပြီး အနည်းငယ် ပို၍ တည်ကြည် လေးနက်လာတော့သည်။

ကျူးယန့်ချွမ်း ၏ စကားများမှာ အကျိုးအကြောင်း ခိုင်လုံလှသည်။ အကယ်၍ သူတို့သာ ကျယ်ပြန့်သော ကမ္ဘာ ဖြစ်ခဲ့မည် ဆိုပါက၊ ထိုင်ကြည့်နေမည် မဟုတ်ဘဲ နင်ချီ အတွက် ထောင်ချောက်တစ်ခု သေချာပေါက် ဆင်ထားမည်သာ ဖြစ်သည်။

သူတို့က နင်ချီ ကို စိုးရိမ် ပူပန်စွာဖြင့် မနေနိုင်ဘဲ အကြည့်ပို့လွှတ်လိုက်မိကြ၏။

သို့သော် နင်ချီ က သူတို့၏ အတွေးများကို ဖောက်ထွင်း သိမြင်သွားပြီး ရယ်လိုက်၏။

“ခင်ဗျားတို့ စိုးရိမ် ပူပန်နေစရာ မလိုပါဘူးဗျာ။ အကယ်လို့ သူတို့က ကျွန်တော့်ကို ပစ်မှတ်ထားချင်တယ် ဆိုရင်တောင်... လူတွေကို အရင်ဆုံး သွင်းပေးဖို့ အချိန်ယူရဦးမှာပဲလေ။ မဟုတ်ရင် ဒီ ကျယ်ပြန့်သော ကမ္ဘာ က ကျင့်ကြံသူ တွေနဲ့ ဆိုရင်တော့... နယ်မြေ သုံးခု ပေါင်းထားတဲ့ စစ်တပ်ကြီး ဆိုရင်တောင်မှ ကျွန်တော့်ရဲ့ ဆံပင်တစ်ပင်ကိုတောင် ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင်... သူတို့က ကျွန်တော့်ကို ရှာတွေ့နိုင်ဖို့လည်း လိုသေးတယ်လေ”

နင်ချီ ၏ တည်ငြိမ်နေသော အမူအရာက ထို သုံးဦး၏ လေးလံနေသော စိတ်အစဉ်ကို သက်သာရာ ရသွားစေတော့သည်။

ထို့နောက် နင်ချီ က လူအုပ်ကြီးကို လှမ်း၍ ဆိုလိုက်၏။

“အခု ဒီကိစ္စတွေ အားလုံး ပြေလည်သွားပြီ ဆိုတော့... ကျွန်တော် ပေးသင့် ပေးထိုက်တာတွေ အားလုံးကိုလည်း ပေးပြီးပါပြီ။ ဘာဆက်လုပ်ရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး... ခင်ဗျားတို့ သုံးယောက်က စစ်တပ်ကြီးတွေကို ဦးဆောင်ပြီး ဘာလုပ်သင့်တယ် ဆိုတာ တိုင်ပင် ဆွေးနွေးကြပေါ့ဗျာ”

အခန်း (၈၀၆) - မုန်တိုင်းမလာမီ တိတ်ဆိတ်ခြင်း

~ထို သုံးဦး သတိပြန်ဝင်လာချိန်တွင် နင်ချီ မှာ သူတို့ မျက်စိရှေ့မှ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့်... တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်မိကာ အကူအညီမဲ့စွာဖြင့် ပြုံးလိုက်မိကြတော့သည်။

သူတို့ အားလုံးက နင်ချီ ကို စစ်သူကြီး ဖြစ်စေချင်ခဲ့ကြသော်လည်း... နင်ချီ ကတော့ သူတို့ သုံးယောက်ကိုသာ ဆုံးဖြတ်ချက် ချခိုင်းဖို့ အတင်းအကျပ် တောင်းဆိုနေခဲ့သည်။

နင်ချီ ၏ လက်လွတ်စပယ် နေတတ်သော စစ်သူကြီးချုပ် အဖြစ် ပါဝင်ပတ်သက်မှုမှာ မေးခွန်းထုတ်စရာတော့ ကောင်းလှသည်။ သူ လုပ်သင့် လုပ်ထိုက်သည်များကို အားလုံး လုပ်ဆောင်ခဲ့သော်ငြားလည်း... သူတို့နှင့် လက်တွေ့ အလုပ်လုပ်ခြင်း တစ်ခါမှ မရှိခဲ့သဖြင့် သူ၏ ရာထူးအတွက် အမှန်တကယ် အရည်အချင်း ပြည့်မီသူ တစ်ဦးလည်း ဖြစ်နေပြန်၏။

သို့သော် ထို သုံးဦးစလုံးမှာ နင်ချီ ၏ စေတနာကောင်းကို နားလည် သဘောပေါက်ကြသည်။ ပထမအချက်အနေဖြင့်... သူတို့ အနေဖြင့် သူ့အပေါ် အရမ်းကြီး မှီခို အားထားနေခြင်းမှ ကာကွယ်ရန်နှင့် အမြန်ဆုံး ကြီးထွားလာစေရန် ကူညီပေးခြင်း ဖြစ်သည်။

ဒုတိယအချက်အနေဖြင့်... နင်ချီ သည် သူတို့ကို ကာကွယ်ရန်အတွက် ဤသို့ လုပ်ဆောင်ခြင်း ဖြစ်သည်။

အကယ်၍ သူတို့သာ နင်ချီ နှင့် အတူတကွ ဆက်လက် နေထိုင်နေမည် ဆိုပါက... နင်ချီ ကို ပစ်မှတ်ထားသော ကျယ်ပြန့်သော ကမ္ဘာ ၏ အကြံအစည်များမှာ သူတို့ အားလုံးအပေါ်သို့ သေချာပေါက် ကျရောက်လာမည် ဖြစ်ပြီး၊ စစ်တပ်ကြီး တစ်ခုလုံး မလွှဲမရှောင်သာ အသေအပျောက်များ ရှိလာမည်သာ ဖြစ်သည်။

ဓားဘိုးဘေးကြီး ၏ ဓားအလား စူးရှသော မျက်ခုံးတန်းများ အနည်းငယ် တွန့်ချိုးသွားပြီး၊ ထို နှစ်ဦးကို လှမ်း၍ ဆိုလိုက်၏။

“ငါတို့ သုံးယောက် ဒီကိစ္စကို တိုင်ပင် ဆွေးနွေးကြတာပေါ့။ နယ်မြေ သုံးခု ရဲ့ စစ်တပ်ကြီးက ငါတို့ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိနေတာပဲ။ သူ့ကိုချည်းပဲ အရာအားလုံး တာဝန်ယူ ခိုင်းထားလို့ မဖြစ်ဘူးလေ။ သူ ခံစားနေရတဲ့ ဖိအားတွေ တစ်စိတ်တစ်ပိုင်းကို ငါတို့ အစွမ်းကုန် မျှဝေ ခံစားပေးကြတာပေါ့”

ချီခယ်ချင်း က ပြန်လည် တုံ့ပြန်လိုက်သည်။

“ကျွန်မ ဖူယောင် နယ်မြေ က အရှင်သခင် နင် အတွက် တိုက်ပွဲဝင်ပေးဖို့ အသင့်ပါပဲ ရှင်”

“ကျွန်တော်တို့ လန်ယာ နယ်မြေ လည်း အတူတူပါပဲ ခင်ဗျာ”

...

နင်ချီ သည် အထီးကျန် ဝံပုလွေ တစ်ကောင်အလား အလယ် နယ်မြေ အတွင်း၌ နောက်တစ်ကြိမ် တစ်ကိုယ်တော် ခရီးနှင်နေပြန်၏။

သူသည် ကျယ်ပြန့်သော ကမ္ဘာ သို့ အရင်ဆုံး သွားရောက်ခြင်း မပြုခဲ့ချေ။ ကျင့်ကြံသူ များ၏ ပြဿနာများ ဖြစ်စေ၊ ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်နိုင်လုမတတ် ဖြစ်နေသော တောင်နှင့် ပင်လယ် ကမ္ဘာ နှင့် ကျယ်ပြန့်သော ကမ္ဘာ တို့ အကြားရှိ တိုက်ပွဲကြီး ဖြစ်စေ... နင်ချီ နှင့် အစစ်အမှန်သိုင်းကမ္ဘာ ၏ ရှင်သန်ရေးကို မထိခိုက်သရွေ့ သူ လုံးဝ ဂရုမစိုက်ချေ။

။နင်ချီ သည် ထို ဆုံမှတ် ခြောက်ခု ကို သိမ်းပိုက်ရန် သေချာပေါက် ဦးစားပေး လုပ်ဆောင်မည် ဖြစ်ပြီး... တာအို စည်းမျဉ်း တစ်ရာ စုစည်းထားသော အစစ်အမှန်သိုင်းကမ္ဘာ ကြီးကို ပိုမို အစွမ်းထက်လာစေရန် ဆက်လက် ပြုလုပ်သွားမည်သာ ဖြစ်သည်။ ဤသည်မှာ သူ၏ ယုံကြည်မှု အရင်းအမြစ် ပင် ဖြစ်သည်။

ကျယ်ပြန့်သော ကမ္ဘာ က သူ့ကို ပစ်မှတ်ထားလာနိုင်သလား ဆိုတဲ့ ကိစ္စလား။

သူ ဖြေရှင်းနိုင်ရင် ဖြေရှင်းမယ်... အကယ်၍ ဖြေရှင်းလို့ မရရင် တစ်ဖက်လူ ရှာမတွေ့နိုင်ဘူးလို့ ထင်ရတဲ့ သီးသန့် နေရာလေး တစ်ခုကို ရှာပြီး ပုန်းနေလိုက်မယ်လေ။

အကယ်၍ တစ်ဖက်လူက သူ့ကို ထောက်လှမ်းနိုင်မယ့် ကျယ်ပြန့်သော ကမ္ဘာ က ရတနာ တစ်ခုခု ယူလာတာမျိုး မဟုတ်ရင်ပေါ့။

...

အထိတ်တလန့် ထွက်ပြေးနေကြသော ကျယ်ပြန့်သော ကမ္ဘာ စစ်တပ်ကြီးမှာ... သူတို့ အလွန်တရာ ကြောက်ရွံ့နေသော နင်ချီ သည် ကောင်းကင်မီးတောက် နယ်မြေ စစ်တပ်ကြီးနှင့် ပူးပေါင်းကာ သူတို့ကို အမြန်ဆုံး မျိုးတုံး သတ်ပစ်ရန် ရည်ရွယ်ချက် လုံးဝ မရှိကြောင်း အိပ်မက်ထဲတွင်ပင် ထင်မှတ်ထားခဲ့မည် မဟုတ်ချေ။

လက်ရှိ အခြေအနေများကို ရင်ဆိုင်ရာတွင် ဓားဘိုးဘေးကြီး နှင့် အခြားသူများ မည်သို့ ဆုံးဖြတ်မည်နည်း ဆိုသည်ကို သူ့ အနေဖြင့် ဝင်ရောက် စွက်ဖက်ရန် ရည်ရွယ်ချက် လုံးဝ မရှိခဲ့ချေ။ယ

သူတို့က အလယ် နယ်မြေ အတွင်းရှိ ကျန်ရှိနေသော ဆုံမှတ် များကို ဆက်လက် သိမ်းပိုက်ကြမည်လား... သို့မဟုတ် အလယ် နယ်မြေ အတွင်းရှိ တောင်နှင့် ပင်လယ် ကမ္ဘာ မှ ကျင့်ကြံသူ များနှင့် ပူးပေါင်းရန် ပြင်ဆင်ကြမည်လား ဆိုသည်ကို... နင်ချီ သည် သူတို့ သင့်တော်သလို စီမံ ခန့်ခွဲခွင့် ပြုထားလိုက်၏။

သို့သော် နင်ချီ က ဝင်ရောက် စွက်ဖက်ခြင်း မပြုသော်ငြားလည်း၊ အလယ် နယ်မြေ အတွင်းရှိ အခြားသူများကမူ ဝင်ရောက် စွက်ဖက်လာနိုင်ချေ ရှိသည်။

ဤအခိုက်အတန့်တွင် ကောင်းကင်မီးတောက် နယ်မြေ စစ်တပ်ကြီးနှင့် သူတို့၏ စစ်သူကြီး ဖန်ထျန်း တို့သည် အထက် နယ်မြေ ဆီသို့ အလျင်အမြန် ချီတက်လာနေကြတော့၏။

ဖန်ထျန်း သည် အမြဲတမ်း မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းသူ တစ်ဦး ဖြစ်ရာ၊ ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူ များ ထွက်ပြေးသွားကြောင်း သိလိုက်ရသောအခါ... သူ၏ ကြီးမြတ်လှသော နာမည်ကြောင့် တစ်ဖက်လူက ကြောက်လန့်တကြား ထွက်ပြေးသွားရခြင်း ဖြစ်သည်ဟု အခိုင်အမာ ယုံကြည်ထားခဲ့သည်။

ဒီလောက် ကောင်းတဲ့ အခွင့်အရေးကြီးကို သူ ဘယ်လိုလုပ်ပြီး လက်လွတ်ခံနိုင်မှာလဲ။ သူက သူ၏ စစ်တပ်ကြီးကို ဦးဆောင်ကာ ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူ များနောက်သို့ ချက်ချင်း လိုက်လံ ဖမ်းဆီးတော့သည်။

မကြာမီမှာပင် ဖန်ထျန်း က မိုးကုပ်စက်ဝိုင်းကို ရုတ်တရက် လက်ညှိုး ညွှန်ပြကာ ကျယ်လောင်စွာ ရယ်လိုက်သည်။

“မင်းတို့ အဲဒါကို မြင်ရလား”

သူ၏ နောက်ကွယ်ရှိ လူတိုင်းက ခေါင်းများကို ခါယမ်းပြလိုက်ကြ၏။

ဖန်ထျန်း ၏ ကျင့်ကြံခြင်း အဆင့်အတန်းမှာ တာအို နှင့် အလွန်တရာ နီးကပ်နေပြီ ဖြစ်ရာ၊ သူ၏ ဝိညာဉ်အာရုံမှာ ပိုမို ကျယ်ပြန့်ပြီး အခြားသူများ မမြင်နိုင်သော နေရာများကို မြင်တွေ့နိုင်စွမ်း ရှိသည်။

သို့သော် ဉာဏ်ရည် ထက်မြက်သူ အချို့က ချက်ချင်း ပြန်လည် တုံ့ပြန်လိုက်ကြ၏။

“စစ်သူကြီး ဖန်ထျန်း... စစ်သူကြီး က ကျယ်ပြန့်သော ကမ္ဘာ က ကျင့်ကြံသူ တွေကို တွေ့လိုက်လို့များလား ခင်ဗျာ”

“မင်းတို့ရဲ့ ကျင့်ကြံခြင်း တွေက အရမ်းကို အားနည်းလွန်းတယ်။ မင်းတို့ ထဲက တစ်ယောက်မှ ငါ့ကို မီအောင် မလိုက်နိုင်ဘူးပဲ”

ဖန်ထျန်း က လူတိုင်းကို အရင်ဆုံး စော်ကားလိုက်ပြီးမှ မာနထောင်လွှားစွာဖြင့် ကြေညာလိုက်သည်။

“ဟုတ်တယ်။ ငါ စစ်သူကြီး က ကျယ်ပြန့်သော ကမ္ဘာ က ကျင့်ကြံသူ တွေကို ဟိုးအဝေး မိုးကုပ်စက်ဝိုင်း နားမှာ တွေ့လိုက်တယ်။ အခု အရှိန်တင်ကြ... သူတို့ကို ထွက်ပြေးခွင့် မပေးနဲ့”

လူအုပ်ကြီးက သဘောတူကြောင်း ဖြေကြားရုံသာ တတ်နိုင်ကြတော့သည်။

သူတို့၏ အမြန်နှုန်းမှာ နောက်တစ်ကြိမ် ထပ်မံ မြင့်တက်လာပြီး၊ မကြာမီမှာပင် ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူ များ၏ ခြေရာများကို မြင်တွေ့လိုက်ကြရသည်။

ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူ များသည် သူတို့၏ နောက်မှ လိုက်ပါလာသော ကြီးမားသည့် စစ်တပ်ကြီးကို သဘာဝကျကျပင် သတိပြုမိသွားကြ၏။

ဤ ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူ များမှာ ကျယ်ပြန့်သော ကမ္ဘာ အတွင်းရှိ ရှားဟယ် နယ်မြေ မှ လာကြသူများ ဖြစ်သည်။

သူတို့၏ စစ်သူကြီး ၏ အမည်မှာ ဖေးပင်း ဟု ခေါ်ပြီး၊ အလွန်တရာ တည်ငြိမ် အေးဆေးသူ တစ်ဦး ဖြစ်သလို ပါရမီလည်း ထူးချွန်သူ တစ်ဦး ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ဖေးပင်း က နောက်သို့ တစ်ချက် အကြည့်ပို့လွှတ်လိုက်ရာ သူ၏ အေးစက်သော မျက်လုံးများထဲတွင် နောက်မှ လိုက်ပါလာသော ကျင့်ကြံသူ များ၏ ပုံရိပ်များ ထင်ဟပ်နေသည်။

“ငါတို့ နောက်က လိုက်လာတဲ့ သူတွေက ဘယ်သူတွေလဲ ဆိုတာ မင်း သိလား” ဟု သူက ဘေးရှိ လူကို မေးလိုက်၏။

ချက်ချင်းပင် ကျင့်ကြံသူ များထဲမှ တစ်ဦးက ရှေ့သို့ ထွက်လာပြီး ဆိုလိုက်သည်။

“စစ်သူကြီး ဖေးပင်း ကို သံတော်ဦး တင်ပါတယ် ခင်ဗျာ။ ကျွန်တော် အရင်က သူတို့နဲ့ တိုက်ပွဲဖြစ်ဖူးပါတယ်။ သူတို့ရဲ့ ဝတ်စုံတွေကို ကြည့်ရတာ... တောင်နဲ့ ပင်လယ် ကမ္ဘာ က ကောင်းကင်မီးတောက် နယ်မြေ က ကျင့်ကြံသူ တွေ သေချာပေါက် ဖြစ်ရပါမယ် ခင်ဗျာ”

ဖေးပင်း ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားတော့သည်။

“နင်ချီ က နယ်မြေ ဖြတ်ကျော်ပြီး စစ်တပ် သုံးခုကို ဦးဆောင်လာတယ် ဆိုတာကို တောင်နဲ့ ပင်လယ် ကမ္ဘာ့ဆန္ဒတော် ဆီကနေ သူတို့လည်း သိသွားလို့... ငါတို့ကို အခုလို အသည်းအသန် လိုက်ဖမ်းနေတာများလား”

ထိုလူက ခေါင်းငုံ့ကာ ဆိုလိုက်၏။

“ဒီလက်အောက်ငယ်သား ကတော့ မသိပါဘူး ခင်ဗျာ။ ဒါပေမဲ့ စစ်သူကြီး ဖေးပင်း က သူတို့ကို တားဆီးဖို့ လူလိုတယ် ဆိုရင်... သင့်ရဲ့ လက်အောက်ငယ်သား က လူတချို့ကို ဦးဆောင်ပြီး အဲဒီကို သွားဖို့ အသင့်ပါပဲ ခင်ဗျာ”

ဖေးပင်း က ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ဆိုလိုက်သည်။

“ဘယ်သူ့ကိုမှ ချန်ထားခဲ့စရာ မလိုပါဘူး။ လောလောဆယ် အရေးအကြီးဆုံး တာဝန်က တခြား နယ်မြေ နှစ်ခုက စစ်တပ်တွေနဲ့ သွားပြီး ပူးပေါင်းဖို့ပဲ... ပြီးတော့မှ အထက် နယ်မြေ အနီးအနားက ဆုံမှတ် ကို သိမ်းပိုက်ရမယ်”

“မှန်လှပါ ခင်ဗျာ”

ဖေးပင်း ၏ အကြည့်များက သူတို့၏ နောက်ကွယ်ရှိ ကောင်းကင်မီးတောက် နယ်မြေ ၏ ခေါင်းဆောင် ဖန်ထျန်း ဆီသို့ ကျရောက်သွားပြီးနောက် ဆက်ပြောလိုက်၏။

“ဒီကောင်က ငါတို့နောက်ကို လိုက်ချင်နေမှတော့ လိုက်ပါစေပေါ့။ ကျယ်ပြန့်သော ကမ္ဘာ က နယ်မြေ သုံးခု ပေါင်းထားတဲ့ စစ်တပ်ကြီးနဲ့ ထိပ်တိုက် တိုးတဲ့အခါ... သူ့မျက်နှာ ဘယ်လို ဖြစ်သွားမလဲ ဆိုတာကို စောင့်ကြည့်ရသေးတာပေါ့ဗျာ... ဟွန်း...”

“နင်ချီ အကြောင်း ပြောရရင်... သူက အလယ် နယ်မြေ ထဲကို ဝင်လာရင်တောင်မှ ဒီလောက် မြန်မြန်ဆန်ဆန်တော့ ဘယ်လိုမှ လိုက်မမီနိုင်ပါဘူး”

ထို့ကြောင့် ရှေ့တစ်ဖွဲ့ နောက်တစ်ဖွဲ့ ဖြစ်နေသော ကျင့်ကြံသူ အဖွဲ့ နှစ်ဖွဲ့မှာ... ရှေ့က အရှိန်တင်လျှင် နောက်က အရှိန်တင်ပြီး တစ်ဖွဲ့နှင့် တစ်ဖွဲ့ အပြန်အလှန် လွှမ်းမိုးနေသည့် အနေအထားကို ထိန်းသိမ်းထားရင်း အထက် နယ်မြေ ဆီသို့ တဖြည်းဖြည်း ချီတက် သွားကြတော့သည်။

သူတို့၏ နောက်ကွယ်တွင် ဖန်ထျန်း သည် ရှားဟယ် နယ်မြေ စစ်တပ်ကြီးက သူတို့ကို ရှင်းလင်းစွာ မြင်တွေ့နေရပါလျက်နှင့် ရပ်တန့်၍ တိုက်ခိုက်ရန် မရဲသည်ကို မြင်တွေ့လိုက်ရသောအခါ... ဖန်ထျန်း ၏ ရင်တွင်း၌ အလွန်တရာ ယုံကြည်မှုတွေ ပြည့်နှက်သွားတော့၏။

သူ၏ ကောင်းကင်မီးတောက် ဟူသော နာမည်က လောကကြီးကို တုန်လှုပ်သွားစေလောက်အောင် ကြီးမားလွန်းသဖြင့်... ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူ များ ကြောက်လန့်တကြား ထွက်ပြေးသွားကြခြင်း သေချာပေါက် ဖြစ်ရပေမည်။

အခန်း (၈၀၇) - ဖန်ထျန်း အရှက်ကွဲခြင်း

~များစွာ ဆွေးနွေး တိုင်ပင်ပြီးနောက် ဓားဘိုးဘေးကြီး၊ ချီခယ်ချင်း နှင့် ကျူးယန့်ချွမ်း တို့ သုံးဦးသည် အလယ် နယ်မြေ အတွင်းရှိ ဆုံမှတ် များကို အရင်ဆုံး သိမ်းပိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။

ကျယ်ပြန့်သော ကမ္ဘာ မှ စစ်တပ်ကြီး သုံးခုနှင့် ပတ်သက်၍ ပြောရမည် ဆိုလျှင်... ထို စစ်တပ်ကြီး သုံးခုမှာ မြေပုံပေါ်တွင် တစ်နေရာတည်းသို့ စုဝေးနေကြသည်ကို မြင်လိုက်ရသဖြင့်၊ ရန်သူများကို အရင်ဆုံး တိုက်ခိုက်မည့် သူတို့၏ အစီအစဉ်ကို ယာယီ ရွှေ့ဆိုင်းထားလိုက်ကြခြင်း ဖြစ်သည်။

အောက် နယ်မြေ တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက် အဆက်ဆက်ကို ကြုံတွေ့ခဲ့ရပြီးနောက်... အလယ် နယ်မြေ အတွင်းရှိ ကျယ်ပြန့်သော ကမ္ဘာ မှ စစ်တပ်ကြီး သုံးခု ထဲတွင်လည်း နယ်မြေအရှင်သခင် အဆင့်ရှိသော ကျင့်ကြံသူ တစ်ဦး သေချာပေါက် ပါဝင်နေလိမ့်မည်ဟု သူတို့ ခန့်မှန်းထားကြသည်။

သူတို့၏ ကျင့်ကြံခြင်း အဆင့်အတန်းများ အားလုံး မြင့်တက်လာခဲ့သည် မှန်သော်ငြားလည်း... နယ်မြေအရှင်သခင် အဆင့်ရှိသော ကျင့်ကြံသူ တစ်ဦးကို ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးသည်မှာ အမှန်ပင် ဖြစ်၏။

ထို သုံးဦး လမ်းခွဲရန် ပြင်လိုက်စဉ်မှာပင်... သူတို့၏ အိမ်မြှောင် ပေါ်တွင် အနီရောင် အစက်လေး တစ်ခုက ကျယ်ပြန့်သော ကမ္ဘာ မှ စစ်တပ်ကြီး၏ နောက်သို့ အသည်းအသန် လိုက်လံ ဖမ်းဆီးနေသည်ကို ရုတ်တရက် သတိပြုမိသွားကြတော့သည်။

ကျယ်ပြန့်သော ကမ္ဘာ မှ စစ်တပ်ကြီးမှာ တစ်ဖွဲ့တည်း မဟုတ်ချေ။ မလှမ်းမကမ်းတွင် တူညီသော ကမ္ဘာမှ အခြား စစ်တပ်ကြီး နှစ်ခုကလည်း သူတို့ဆီသို့ ဦးတည် လာနေကြသည်။

“မိတ်ဆွေတို့... ဒါက ဘာတွေ ဖြစ်နေတာလဲဗျ”

ဤ အလွန်တရာ ထူးဆန်း ဆန်းပြားလှသော မြင်ကွင်းကို ကြည့်ရင်း ကျူးယန့်ချွမ်း မှာ ခေါင်းကို ကုတ်ကာ မေးလိုက်သည်။

ဓားဘိုးဘေးကြီး နှင့် ချီခယ်ချင်း တို့မှာလည်း ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဇဝေဇဝါ ဖြစ်သွားကြတော့သည်။

ဓားဘိုးဘေးကြီး က ဆိုလိုက်၏။

“ဒီ အနီရောင် အမှတ်အသား ကို ကြည့်ရတာ... အဲဒါ တောင်နဲ့ ပင်လယ် ကမ္ဘာ က ကောင်းကင်မီးတောက် နယ်မြေ ရဲ့ စစ်တပ်ကြီး ဖြစ်ရမယ်။ သူတို့က ကျယ်ပြန့်သော ကမ္ဘာ က အဖွဲ့ကို လိုက်လံ ဖမ်းဆီးရဲတယ် ဆိုတော့... တာအို အရ သူတို့က အရမ်း အစွမ်းထက်နေလို့များလား”

ချီခယ်ချင်း မှာ အလွန်တရာ အံ့အားသင့်သွားပြီး...

“နယ်မြေ တစ်ခုတည်းက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ... ကျယ်ပြန့်သော ကမ္ဘာ က စစ်တပ်ကြီး သုံးခု ပေါင်းထားတာကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ ဒါ့အပြင်... အစွမ်းထက်တယ် ဆိုရင်တောင် အရှင်သခင် နင် ထက် ပိုပြီး အစွမ်းထက်နိုင်ပါ့မလား”

သူမသည် ယခုအခါ နင်ချီ ကို အပြည့်အဝ လက်ခံ ယုံကြည်နေပြီ ဖြစ်ရာ၊ နင်ချီ နှင့် ပတ်သက်၍ သူမ ပြောဆိုသမျှ စကားတိုင်းမှာ ကြည်ညို လေးစားမှုများဖြင့် ပြည့်နှက်နေသည်။

သို့သော် ထိုစကားကို ကြားလိုက်ရသောအခါ ဓားဘိုးဘေးကြီး နှင့် ကျူးယန့်ချွမ်း တို့က သဘာဝကျကျပင် ခေါင်းများကို ခါယမ်းပြလိုက်ကြ၏။

နောက်နေတာလား... အလယ် နယ်မြေ မှာ မပြောနဲ့ဦး... စစ်မြေပြင်နယ်မြေ ကိုးခုလုံး ထဲမှာတောင် နင်ချီ ထက် ပိုပြီး အစွမ်းထက်တဲ့ ကျင့်ကြံသူ ဆိုတာ လုံးဝ (လုံးဝ) မရှိနိုင်ပါဘူးကွာ။

“ထားလိုက်ပါတော့လေ... ငါတို့ အလုပ် ငါတို့ပဲ သွားလုပ်ကြတာပေါ့။ သူတို့ ထိပ်တိုက် တွေ့တဲ့ အခါကျရင် ရလဒ် ကို မြင်ရမှာပေါ့”

ချက်ချင်းပင် ထို သုံးဦးသည် သူတို့၏ သက်ဆိုင်ရာ စစ်တပ်ကြီးများကို ဦးဆောင်ကာ သတ်မှတ်ထားသော နေရာများဆီသို့ အသီးသီး ထွက်ခွာသွားကြတော့သည်။

...

အလယ် နယ်မြေ ၏ မြောက်ဘက်ပိုင်း။

ကောင်းကင်မီးတောက် နယ်မြေ မှ ကျင့်ကြံသူ များသည် ရှားဟယ် နယ်မြေ စစ်တပ်ကြီး၏ နောက်သို့ အနီးကပ် ထပ်ကြပ်မကွာ လိုက်ပါနေကြဆဲ ဖြစ်ပြီး... ရှေ့ဘက်ရှိ ကျင့်ကြံသူ စစ်တပ်ကြီးမှာ အထက် နယ်မြေ ဆီသို့ ဆက်လက် ပျံသန်းနေကြသည်။

တစ်ဖက်က နောက်ကလိုက်နေသူများကို တမင်တကာ မျှားခေါ်နေပြီး၊ အခြား တစ်ဖက်ကမူ မိမိ၏ ကြီးမြတ်လှသော နာမည်ကြောင့် တစ်ဖက်လူ ထွက်ပြေးသွားခြင်း ဖြစ်သည်ဟု ယုံကြည်ကာ အသည်းအသန် လိုက်လံ ဖမ်းဆီးနေကြခြင်း ဖြစ်သည်။ ထို့ကြောင့် စစ်တပ်ကြီး နှစ်ခု အကြားရှိ အကွာအဝေးမှာ အမြဲတမ်း ပုံသေ အနေအထားတွင်သာ ရှိနေသည်။

အချိန်မည်မျှ ကြာသွားသည်ကိုတော့ မသိပေ။

ကောင်းကင်မီးတောက် နယ်မြေ ၏ ခေါင်းဆောင် ဖန်ထျန်း သည် လိုက်လံ ဖမ်းဆီးနေခြင်းကို ရုတ်တရက် ရပ်တန့်လိုက်ပြီး၊ သူ၏ ညာလက်ဝါးကို ဆန့်ထုတ်ကာ တားဆီးသည့် ဟန်ပန် ပြုလုပ်လိုက်သည်။

သူ၏ နောက်ကွယ်ရှိ ကောင်းကင်မီးတောက် နယ်မြေ စစ်တပ်ကြီးမှာလည်း ချက်ချင်း ရပ်တန့်သွားကြတော့သည်။

ကျင့်ကြံသူ အားလုံးက ဖန်ထျန်း ၏ ကျောပြင်ကို စူးစိုက် ကြည့်နေကြပြီး... ဤတစ်ကြိမ်တွင် သူ ဘာတွေများ ထပ်ဖြစ်နေပြန်ပြီလဲ ဟု တွေးတောနေမိကြသည်။ သူက ကောင်းကောင်းကြီး လိုက်လံ ဖမ်းဆီးနေခဲ့တာပဲ မဟုတ်ဘူးလား... ဘာလို့ ရုတ်တရက်ကြီး ရပ်တန့်သွားရတာလဲ။

“စစ်သူကြီး ဖန်ထျန်း... ဘာလို့ ရပ်လိုက်တာလဲ ခင်ဗျာ”

ဖန်ထျန်း က ဘာမှ ပြန်မပြောသော်ငြားလည်း... သူ၏ မျက်နှာမှာ သိသိသာသာ ဖြူဖတ်ဖြူရော် ဖြစ်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို မြင်တွေ့လိုက်ရသည့်အလား ဖြစ်နေသည်။

ရှေ့ဘက်တွင် လိုက်လံ ဖမ်းဆီးခံနေရသော တောင်နှင့် ပင်လယ် ကမ္ဘာ မှ ကျင့်ကြံသူ များ ရပ်တန့်သွားသည်ကို တွေ့လိုက်ရ၏။

ရှားဟယ် နယ်မြေ ၏ စစ်သူကြီး ဖေးပင်း သည် ဤအခြေအနေကို ချက်ချင်း သတိပြုမိသွားပြီး... သူ၏ လက်ကို ဝှေ့ယမ်းကာ သူ၏ စစ်တပ်ကြီးကို ရပ်တန့်ရန် အမိန့်ပေးလိုက်သည်။

ကောင်းကင်မီးတောက် နယ်မြေ မှ ကျင့်ကြံသူ များ အံ့အားသင့်သွားစေမည့် အချက်မှာ... ရန်သူ့ စစ်တပ်ကြီးက နောက်သို့ လှည့်လာပြီး သူတို့ကို မျက်နှာချင်းဆိုင် ရင်ဆိုင်လိုက်ခြင်းပင် ဖြစ်သည်။

ယခုအခါ သူတို့ နှစ်ဖွဲ့ကြားရှိ အကွာအဝေးမှာ လီဆယ်ဆယ် ခန့်သာ ကွာဝေးတော့ပြီး... ၎င်းမှာ ကျင့်ကြံသူ များ အနေဖြင့် ရန်သူ့ စစ်တပ်ကြီးကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပြီး သူတို့၏ အသံများကို ရှင်းလင်းစွာ ကြားနိုင်သော အကွာအဝေး ဖြစ်သည်။

ဖေးပင်း က အေးစက်စက် ရယ်လိုက်ပြီး ဆိုလိုက်၏။

“ကောင်းကင်မီးတောက် နယ်မြေ က မိတ်ဆွေတို့... မင်းတို့က ဘာလို့ ဆက်ပြီး မလိုက်ကြတော့တာလဲ”

ဖန်ထျန်း ပြန်မဖြေခင်မှာပင်... သူ၏ လူများထဲမှ တစ်ဦးက တာအို သို့ လှမ်း၍ ဆိုလိုက်သည်။

“သူတော်ကောင်း ယောင်ဆောင်နေတဲ့ ကောင်... ငါတို့က စစ်တလင်း ပေါ်မှာ ရောက်နေပြီ ဆိုမှတော့ သေမင်းတမန် ရန်သူတွေပဲလေ။ ဘယ်သူက မင်းတို့ကို မိတ်ဆွေ လို့ ခေါ်မှာလဲ”

ချက်ချင်းဆိုသလိုပင် အခြား တစ်ယောက်က ဝင်ပြောလိုက်၏။

“မင်းတို့က ပြေးလို့ မလွတ်တော့ဘူး ထင်လို့ ငါတို့ကို ပြန်တိုက်ဖို့ ပြင်နေတာ မဟုတ်ဘူးလား။ ငါတို့က ဆက်မလိုက်တော့ဘူး လို့ ဘယ်သူက ပြောလဲ”

ဤလူမှာ အဖြစ်မှန် အလုံးစုံကို မသိရှိသောကြောင့် တစ်ဖက်လူ၏ တုံ့ပြန်မှုကို အထင်လွဲနေခြင်း အမှန်ပင် ဖြစ်သည်။

အခြားတစ်ဖက်ရှိ ဖေးပင်း မှာ လုံးဝ စိတ်ဆိုး ဒေါသထွက်သွားခြင်း မရှိဘဲ ဆက်လက်၍ လှောင်ပြောင် ရယ်နေသည်။

“အဲဒီလိုလား”

သူ၏ ပါးလျသော မျက်နှာပေါ်တွင် လျစ်လျူရှုထားသော အမူအရာများ ပြည့်နှက်နေ၏။

ဤအခိုက်အတန့်တွင် သူက အလွန်တရာ ဖြူရော်နေသော သူ၏ မေးစေ့ကို ပွတ်သပ်လိုက်ပြီး ဆက်ပြောလိုက်သည်။

“မင်းတို့ စစ်သူကြီး ကို အရင် မေးကြည့်ပါလား... ငါတို့က ထွက်ပြေးဖို့ လက်လျှော့လိုက်တာလား၊ ဒါမှမဟုတ် မင်းတို့က ငါတို့နောက်ကို ဆက်လိုက်ဖို့ ကြောက်သွားတာလား ဆိုတာကိုလေ”

ထိုစကားကို ကြားလိုက်ရသောအခါ ကောင်းကင်မီးတောက် နယ်မြေ မှ လူတိုင်းမှာ အံ့အားသင့် မှင်သက်သွားကြတော့သည်။

သူတို့၏ ကျင့်ကြံခြင်း အဆင့်အတန်းများမှာ ဖန်ထျန်း လောက် မမြင့်မားသဖြင့်၊ သူတို့၏ ဝိညာဉ်အာရုံ ဖြန့်ကျက်နိုင်သော အကွာအဝေး မှာလည်း ဖန်ထျန်း လောက် မဝေးကွာသည်မှာ သဘာဝကျလှသည်။ ထို့ကြောင့် သူတို့သည် ဘာတွေ ဖြစ်ပျက်နေသနည်း ဆိုတာကို လုံးဝ နားမလည်နိုင်အောင် ဖြစ်နေကြရသည်။

လီဆယ်ဆယ် ခန့် အကွာအဝေးတွင် ရှိနေသော ရှားဟယ် နယ်မြေ မှ ကျင့်ကြံသူ များသာလျှင် ဘာတွေ ဖြစ်ပျက်နေသနည်း ဆိုတာကို အတိအကျ သိရှိနေကြခြင်း ဖြစ်သည်။

အကြောင်းမူကား ဘေးဘက် မိုင်ရှစ်ဆယ် ကျော် အကွာအဝေးတွင် အခြားသော ကျယ်ပြန့်သော ကမ္ဘာ မှ စစ်တပ်ကြီး တစ်ခု ရောက်ရှိနေပြီ ဖြစ်ကြောင်းကို သူတို့ တွေ့ရှိသွားသောကြောင့်ပင် ဖြစ်သည်။

ယခုအခါ စစ်တပ်ကြီး နှစ်ခုမှာ ပူးပေါင်းမိတော့မည် ဖြစ်ရာ... ရန်သူ့ နယ်မြေထဲသို့ တစ်ယောက်တည်း ရဲရဲဝံ့ဝံ့ ဝင်ရောက်လာသော ဖန်ထျန်း ကို ဆက်လက် မျှားခေါ်နေရန် မလိုအပ်တော့ချေ။

လူတိုင်းက စစ်သူကြီး ဖန်ထျန်း ကို အကြည့်ပို့လွှတ်လိုက်ကြပြီး... သူ၏ ထူးဆန်းသော မျက်နှာပေးကို မြင်လိုက်ရသောအခါ သူတို့၏ ရင်တွင်း၌ မလုံခြုံသော ခံစားချက်များ ချက်ချင်း ပေါက်ဖွားလာကြတော့သည်။

“စစ်သူကြီး ဖန်ထျန်း” ဟု လူတစ်ယောက်က အော်ခေါ်လိုက်၏။

လူတိုင်း အံ့အားသင့်သွားစေမည့် အချက်မှာ... ဖန်ထျန်း က ချက်ချင်း အမိန့်ပေးလိုက်ခြင်းပင်။

“အခုချက်ချင်း ဆုတ်ခွာကြ”

ကောင်းကင်မီးတောက် နယ်မြေ မှ လူများမှာ လုံးဝ ဇဝေဇဝါ ဖြစ်သွားကြပြီး ဖန်ထျန်း ၏ ညွှန်ကြားချက်ကို လုံးဝ နားမလည်နိုင်အောင် ဖြစ်နေကြရသည်။ အကြောင်းမူကား သူတို့သည် နီးကပ်လာနေသော အခြား ကျယ်ပြန့်သော ကမ္ဘာ မှ စစ်တပ်ကြီးကို "မမြင်" နိုင်ကြသောကြောင့်ပင် ဖြစ်သည်။

ထိုအခါ ဖန်ထျန်း က ရှင်းပြလိုက်၏။

“ငါတို့ သူ့ရဲ့ ထောင်ချောက်ထဲကို ကျသွားပြီ။ သူက ငါတို့ကို ဒီရောက်အောင် တမင်တကာ မျှားခေါ်လာတာပဲ။ ဘေးဘက် မလှမ်းမကမ်းမှာ ကျယ်ပြန့်သော ကမ္ဘာ က နောက်ထပ် စစ်တပ်ကြီး တစ်ခု ဒီဘက်ကို လာနေပြီကွ”

“ဘာ...”

All Chapters