ရှုံးတဲ့သူရဲ့မှော်ဝင်ပစ္စည်းကို နိုင်တဲ့သူကယူခွင့်ရှိတယ်
Vol. 21 Ch. 292
အခန်း (၂၉၂) ရှုံးတဲ့သူရဲ့မှော်ဝင်ပစ္စည်းကို နိုင်တဲ့သူကယူခွင့်ရှိတယ်
ရှောင်ယွိ အဝတ်အစားများ မိုးရေတစ်စက်ပင် မစိုတော့ဘဲ ခြောက်သွေ့သွားပြီ ဖြစ်သည်။
သူမက တည်ကြည်သည့်မျက်နှာထားဖြင့် ကျန်းလန်ကို လက်ညှိုးထိုးလိုက်ပြီး…
"ဂိုဏ်းတူမောင်လေး… ရှင့်ရဲ့ ကျင့်ကြံခြင်းအင့်ကို ထုတ်ဖော်ပြစမ်းပါ"
ကျန်းလန် : "……"
ကျန်းလန်က မရှိမှုအာကာသ ၊ ကနဦးအဆင့် ကျင့်ကြံခြင်းကို ထုတ်ဖော်ပြသလိုက်သည်။
"အိုး… မရှိမှုအာကာသ ၊ ကနဦးအဆင့်လား"
ရှောင်ယွိ ခဏမျှ တွေးနေပြီးမှ စကားဆက်ပြောသည်။
"ဒါဖြင့် ကျွန်မက မရှိမှုအာကာသ ၊ အလယ်ဆင့်အထိ ကျင့်ကြံခြင်းအဆင့်လျှော့ချပြီး ဂိုဏ်းတူမောင်လေးနဲ့ တိုက်ခိုက်မယ် ၊ ဟွန့်… ကျွန်မအတွက် အကျိုးတောင်မရှိ ဖြစ်ရဦးမယ်"
ကျန်းလန်ကတော့ ရှောင်ယွိကို ငေးကြည့်နေမိသည်။
ဒီဂိုဏ်းတူအစ်မလေးကတော့ တစ်နေ့တခြား ဆိုးသွမ်းလာသည်ပင်။ ပြီးတော့ ပို၍လည်း အသက်ဝင်လာပြီး မျက်နှာအမူအရာလေးများကိုလည်း အမျိုးမျိုး လုပ်တတ်လေသည်။
သူတို့ (၂)ယောက်ကြားတွင် ခြားထားသည့်စည်းများ မရှိသလောက် ဖြစ်လာရပြီး အပေးအယူကိစ္စများဆိုလျှင် ပြောပင်မပြောဖြစ်ကြတော့ပေ။
သို့သော် ကျန်းလန်က စိတ်မသက်မသာမဖြစ်သည့်အပြင် ပို၍ပင် သက်သောင့်သက်သာ ခံစားရသည်။
ကျန်းလန်က…
"ဒါဖြင့် ရင်ပြင်မှာ သွားတိုက်ကြမယ်လေ"
ရှောင်ယွိက ကျန်းလန်ကို ကြည့်လိုက်ရင်း…
"တိုက်ခိုက်ကြမယ်ဆိုရင် ကျွန်မက လုန်ယွိပုံစံ ပြောင်းရမှာ ၊ ဘာလဲ ကျွန်မ မိုးရေစိုပြီး ကြွက်စုတ်ဖြစ်တဲ့ပုံကို ကြည့်ပြီး လှောင်ရယ်ချင်လို့ ဒီလိုပြောတာလား"
"မိုးရေမစိုအောင်လုပ်နိုင်တဲ့ အစီအရင်တွေ ရှိတာပဲကို"
ကျန်းလန်တွေးလိုက်သည်။
သို့သော် မိုးက ယနေ့ ကြာရှည်စွာ ရွာသွန်းနေခဲ့သည်။
ရှောင်ယွိက ကျန်းလန် ဘေးနားတွင် ဝင်ထိုင်လိုက်ပြီး သစ်သားဓားလေးအတွင်းသို့ နဂါးသုတ်သင်ဓားဝိညာဉ် ထည့်သွင်းပေးနေသည့် ကျန်းလန်ကို ငေးကြည့်နေသည်။
သစ်သားဓားအတွင်းသို့ နဂါးသုတ်သင်ဓားဝိညာဉ် မည်သို့ထည့်သွင်းသည်ကို နားလည်မည်ဆိုလျှင် သူမသည်လည်း နဂါးသုတ်သင်ဓားဝိညာဉ်ကို နားလည်နိုင်မည် ဖြစ်သည်။
ညဘက်တွင်တော့…
ရှောင်ယွိသည် ကျန်းလန် နံဘေးတွင်ထိုင်ရင်း သစ်သားစားပွဲလေးကိုမှီလျှက် အပြင်ဘက်မှ မိုးသံများကို နားထောင်နေလေသည်။
သူမ ထူးထူးခြားခြားပင် ငြိမ်းချမ်းမှုကို ခံစားရသည်။
"ဂိုဏ်းတူမောင်လေး… မိုးက ဘယ်လောက်ကြာကြာ ရွာနေဦးမှာလဲဟင်"
ရှောင်ယွိက သူမ နံဘေးမှ ကျန်းလန်ကို မေးလိုက်သည်။
"မနက်ဖန်အထိ ရွာဦးမယ်ထင်တယ်"
ကျန်းလန်က အပြင်ဘက်မှ မိုးရေစက်များကို လှမ်းကြည့်ရင်း ဆိုသည်။
"ဒါဖြင့် ကျွန်မတို့ ယှဉ်ပြိုင်ဖို့ မိုးတိတ်တဲ့အထိ စောင့်ရဦးမှာပေါ့"
ရှောင်ယွိက ခပ်တိုးတိုးရေရွတ်သည်။
ပြောပြီးသည်နှင့် ရှောင်ယွိက လုန်ယွိအသွင်သို့ ကူးပြောင်းလိုက်လေသည်။
မထင်မှတ်သည့် အပြုအမူကြောင့် ကျန်းလန် လုန်ယွိကို တအံ့တသြဖြင့် ကြည့်လိုက်မိသည်။
လုန်ယွိက…
"ကျွန်မ ပုံစံပြောင်းတာကို အခုထိ အသားမကျသေးဘူးလား"
ပြောပြီးသည်နှင့် သူမက စားပွဲကိုမှီကာ ဆက်ထိုင်နေရင်း အပြင်ဘက်သို့ လှမ်းကြည့်နေသည်။
ကျန်းလန်က အနည်းငယ်အံ့အားသင့်စွာဖြင့် စားပွဲထက်သို့သာ ငုံ့ကြည့်နေမိသည်။ သူ့ပုံစံက စောစောကနှင့်မတူတော့ပေ။
အတန်ကြာမှ ကျန်းလန်က အိမ်အပြင်ဘက်သို့ အကြည့်ကို ရွှေ့ပြောင်းလိုက်သည်။ အနည်းငယ် မိုးဆဲသွားပြီ ဖြစ်သည်။
လုန်ယွိကို လှမ်းကြည့်လိုက်တော့ သူမက အိပ်ပျော်နေပြီ ဖြစ်၏။
ကျန်းလန်က အသံတစ်စက်မပြုဘဲ နဂါးသုတ်သင်ဓားဝိညာဉ်ကို သစ်သားဓားလေးအတွင်းသို့ ထည့်သွင်းပေးနေသည်။
နဂါးသုတ်သင်ဓားဝိညာဉ်ထည့်သွင်းထားသည့် ဓားတစ်လက်ရှိနေရာအရပ်တွင် ဒီနဂါးမလေးက အိပ်ပျော်တာပဲလားဟု ကျန်းလန် တွေးလိုက်ရင်း ပင့်သက်တစ်ချက်သာ ရှိုက်မိတော့သည်။
ထို့နောက် ကျန်းလန် ခေါင်းခါယမ်းရင် သူ့အလုပ်သူ ဆက်လုပ်နေခဲ့သည်။
နံနက်ခင်းသို့ ရောက်လာခဲ့လေပြီ။
မိုးရွာပြီးစ သက်တံ့ရောင်စုံအလင်းတန်းများက ခြံဝန်းတစ်ခုလုံးကို လင်းထိန်နေစေသည်။ အလင်းရောင်များက အိမ်လေးအတွင်းသို့လည်း ဝင်ရောက်လာ၏။
လုန်ယွိ မျက်လုံးများကို ဖွင့်လိုက်ပြီး မတ်တတ်ထရပ်လိုက်သည်။
"ဂိုဏ်းတူမောင်လေး… မိုးရွာနေတုန်းပဲလား"
ပြောရင်းဖြင့်ပင် သူမက ကျန်းလန်ရှေ့တွင် ခါးကိုကော့ကာ ပျင်းကြောတစ်ချက်ဆန့်လိုက်သည်။
ကျန်းလန်မှာ လုန်ယွိကို ကြည့်ပြီး အံ့အားသင့်သွားသည်။
သူမက ယခု လုန်ယွိအသွင်နှင့် ဖြစ်သည်ကို မေ့လျော့ပြီး ရှောင်ယွိကဲ့သို့ပင် ပုံမှန်အတိုင်း စိတ်လွတ်ကိုယ်လွတ် နေထိုင်လိုက်သည်လား။
လုန်ယွိ ခါးကိုဆန့်လိုက်သည်က ရှောင်ယွိနှင့် လုံးဝမတူဘဲ ခြားနားနေခဲ့လေသည်။
ကျန်းလန်၏ အကြည့်စူးစူးများကို ရင်ဆိုင်လိုက်ရသည့်အခါ လုန်ယွိ အနည်းငယ် အံ့အားသင့်သွားပြီး ခေါင်းကိုငုံ့ကာ အကြည့်လွှဲလိုက်သည်။
"………"
ချက်ချင်းပင် လင်စီးယာ၏ စကားများကို သတိရလိုက်မိပြီး လက်များကို အသာပြန်ချကာ ဘေးဘက်သို့ တိတ်တဆိတ် နေရာရွှေ့လိုက်သည်။
ထို့နောက် သူမက ကျန်းလန်ကို တစ်ချက်လှမ်းခိုးကြည့်လိုက်သည်။
ကျန်းလန်၏ အမူအရာက ယခင်ကနှင့်တူ ထူးခြားနေသည်ကို တွေ့လိုက်ရသည်။ ရှောင်ယွိပုံစံဖြင့် ပျင်းကြောဆန့်စဉ်က ကျန်းလန်၏ အမူအရာက ထိုသို့မဟုတ်ပေ။
ထိုသို့တွေးမိသည်နှင့် လုန်ယွိက ချက်ချင်းပင် ရှောင်ယွိပုံစံပြန်ပြောင်းလိုက်ပြီး ကိုယ်ကို အနည်းငယ် ကြုံ့လိုက်သည်။
ကျန်းလန် : "……"
သူက စိုက်ကြည့်လိုက်ရုံဖြင့် သူမက အဘယ့်ကြောင့် ပုံစံပြန်ပြောင်းလိုက်ရပါသနည်း။
နေ့လည်ခင်းတွင်တော့ ရှောင်ယွိက ကျန်းလန်ကို နှုတ်ဆက်စကားဆိုကာ ပြန်ရန်ဟန်ပြင်လိုက်သည်။
"ဂိုဏ်းတူမောင်လေး… နောက် ရက်နည်းနည်းလောက်ကြာရင် ပြန်လာခဲ့မယ် သိလား ၊ အဲဒီကျမှ ရှင်နဲ့ကျွန်မ ယှဉ်ပြိုင်ကြတာပေါ့ ၊ ရှုံးတဲ့သူက နိုင်တဲ့သူရဲ့စကားကို နားထောင်ကြေးနော်"
ကျန်းလန်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် ရှောင်ယွိထွက်ခွာသွားသည်ကို ငေးမောကြည့်ရင်း ကျန်ရစ်ခဲ့သည်။
ထွက်ခွာသွားစဉ်တွင် ရှောင်ယွိ၏ မျက်နှာလေးက အနည်းငယ် ရှက်သွေးဖြာနေသယောင် ရှိသော်လည်း ကျန်းလန်က ထိုအကြောင်းကို စဉ်းစားမနေတော့ပေ။
သူတို့ (၂)ယောက်၏ စိန်ခေါ်ပွဲကတော့…
ရှောင်ယွိက မရှိမှုအာကာသ ၊ အလယ်ဆင့်သို့ ကျင့်ကြံခြင်းအဆင့်လျှော့ချမည်ဟုဆိုခြင်းမှာ သူ့ကို အလျှော့ပေးလိုက်သည့် သဘော ဖြစ်သည်။
ကြည့်ရသည်မှာ ရှောင်ယွိ သေချာပေါက် အနိုင်ရမည်ပင်။
သို့ပေသိ ကျန်းလန်ကလည်း ရှုံးနိမ့်မည် မဟုတ်ပေ။
ရင်ပြင်ထက်တွင် သူ ပြုလုပ်ထားသည့် အစီအရင်များကြောင့် လူသားအင်မော်တယ်တစ်ပါးသည်ပင် သူ့ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။
ရင်ပြင်ထက်တွင် ကျန်းလန်ပြုလုပ်ထားသည့် အစီအရင်များက တိုက်ခိုက်မှုတွင်ရော ၊ ခုခံမှုတွင်ပါ အားနည်းခြင်း မရှိပေ။
ထို့ပြင် အစီအရင်များတွင် မရေမတွက်နိုင်သည့် စွမ်းအားများလည်း စုစည်းထည့်သွင်းထားသည်။
လူသားအင်မော်တယ်တစ်ပါးက စွမ်းအားအပြည့်သုံးကာ ရင်ပြင်ကို ရိုက်နှက်လျှင်ပင် ပျက်စီးသွားမည် မဟုတ်ပေ။
ရှောင်ယွိဆိုလျှင်တော့ ဝေလာဝေး ဖြစ်၏။
ခဏမျှရပ်နားပြီးနောက် ကျန်းလန် နတ်ဘုရားရာထူးကို အာရုံခံကြည့်လိုက်သည်။
စိတ်ထင်သည်လား မပြောတတ်ပေ။
ရှောင်ယွိနှင့် အချိန်ကြာမြင့်စွာ အတူတူရှိနေလျှင် သူ၏ နတ်ဘုရားရာထူးကို ထိန်းချုပ်နိုင်စွမ်းက ပိုမို မြင့်မားလာသည်ဟု ခံစားရသည်။
ရှောင်ယွိတွင် အဌမမင်းသားကဲ့သို့ ကံကြမ္မာအခွင့်ကောင်းရောင်ဝါ မရှီဘဲ အဘယ့်ကြောင့် ထိုသို့ ခံစားရပါသနည်း။
ကျောက်စိမ်းရေကန်ကြောင့်များလား။
ကျောက်စိမ်းရေကန်က ခွန်လွန်တောင်မှ ကံကြမ္မာကောင်းများ ပေါင်းစည်းဖြစ်တည်လာသည့်အရာတစ်ခု ဖြစ်သည်။
ထို့ကြောင့် နတ်ဘုရားရာထူးကို ထိန်းချုပ်ရာတွင် သက်ရောက်မှုရှိခြင်း ဖြစ်နိုင်သည်။
နောက်တစ်ကြိမ်တော့ ဂရုတစိုက် လေ့လာကြည့်ရပေမည်။
***
"မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲကို ခွန်လွန်တောင်မှာ ကျင်းပတယ်လို့ တစ်ခါမှ မကြားဖူးဘူး"
"ဟုတ်တယ်... တစ်ခုခုတော့ လွဲနေသလိုပဲ"
ကျန်းလန်က တပည့်များ စုဝေးကျင့်ကြံသည့် ရင်ပြင်ဆီသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
အခြားသူများ၏ အမြင်များကိုလည်း နားထောင်လိုသောကြောင့် ထွက်လာခြင်းပင်။
ပျက်သုဉ်းတစ်စပြင်လောကကြီးမှ အင်အားစုများနှင့် ပတ်သက်သည့်သတင်းများကိုလည်း သိချင်မိသည်။
အင်အားစုများကြား ဖြစ်ပေါ်နေသည့် တိုက်ပွဲများက တစ်ခါတစ်ရံ ခွန်လွန်တောင်အပေါ် သက်ရောက်မှု ရှိလေသည်။
ဥပမာဆိုရသော် နတ်မိစ္ဆာများနှင့် နဂါးမျိုးနွယ်များတိုက်ပွဲ ဖြစ်သည်။
ထိုတိုက်ပွဲက သူ့ကိုပင် သွယ်ဝိုက်ပြီး သက်ရောက်မှု ရှိခဲ့သည် မဟုတ်လား။
လူတစ်ယောက် နတ်ဘုရားရာထူး ရရှိပိုင်ဆိုင်ထားသည့်တိုင် တည်မြဲအောင် ထိန်းသိမ်းနိုင်ရန်ကတော့ ခက်ခဲသည်။
မဟုတ်ပါက ဧကရာဇ်ရှီးဟယ်သည်လျို့ဝှက်စွာ ပုန်းအောင်းနေမည် မဟုတ်ပေ။
သူသည်ပင်လျှင် ဧကရာဇ်ရှီးဟယ်၏ တည်ရှိမှုကို မတော်တဆ သိခဲ့ရခြင်း ဖြစ်၏။
ထိုစဉ် တပည့်တစ်ယောက်အသံ ထွက်ပေါ်လာသည်။
"ပြီးတော့... အင်အားစုတွေရဲ့ လူငယ်ပါရမီရှင်တွေအားလုံး ခွန်လွန်တောင်မှာ စုဝေးကြတဲ့အပြင် စုဝေးပွဲစည်းကမ်းတွေလည်း ပြောင်းလဲသွားတယ်လေ၊ သူတို့တွေအကုန်လုံး မှော်ရုံနယ်မြေတွေထဲမှာ တိုက်ခိုက်ကြရမှာ ၊ အထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ အပြင်ကလူတွေ သိခွင့်ရမှာ မဟုတ်ဘူး"
အခြားတပည့်တစ်ယောက်က...
"မှော်ရုံနယ်မြေထဲကို ဝင်တဲ့သူတွေက သူတို့နဲ့အတူ ရတနာပစ္စည်းတစ်ခု ၊ ဒါမှမဟုတ် မှော်ဝင်ပစ္စည်းတစ်ခု ယူလာရမယ်လို့ သတင်းကြားတယ် ၊ ပြိုင်ပွဲမှာ အနိုင်ရတဲ့သူက ရှုံးတဲ့သူဆီက ပစ္စည်းကို ယူခွင့်ရှိတယ်တဲ့၊ စဉ်းစားကြည့်တာနဲ့တင် ဘယ်လောက်တောင်ထူးခြားလဲဆိုတာ သိနိုင်တယ်"
"တကယ်တော့ ဒါက တာအိုဆွေးနွေးတဲ့သဘောပဲ မဟုတ်ဘူးလား ၊ အနိုင်အရှုံးဆုံးဖြတ်ပြီးတာနဲ့ တိုက်ပွဲက ရပ်သွားပြီး အသက်အန္တရယ် မရှိဘူးမဟုတ်လား"
"ငတုံးကောင်ရဲ့... ပျက်သုဉ်းတစ်စပြင်လောကကြီးက အင်အားစုတွေမှာ လူကောင်းတစ်ယောက်မှ ရှိတာ မဟုတ်ဘူး ၊ ဘယ်သူ့ကိုမှ အလွယ်တကူ အနိုင်ယူနိုင်မှာ မဟုတ်သလို ဘယ်သူမှလည်း လွယ်လွယ်နဲ့ အလျှော့ပေးကြမှာ မဟုတ်ဘူး ၊ နောက်ဆုံး ဘယ်သူဒုက္ခရောက်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး"
"အဌမတောင်ထွတ်က တပည့်တွေကတော့ အဲဒီစည်းမျဉ်းကို သဘောကျမယ်ထင်တယ်"
"အမှန်ပဲ... အဌမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုအစ်မတွေ ပြောတာတော့ အရင်တစ်ခေါက် မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲက ပျော်စရာ မကောင်းဘူးတဲ့"
"တကယ်တော့ စုဝေးပွဲက ကျုပ်တို့အတွက် တကယ့်ကို အကျိုးရှိပါတယ် ၊ မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲဆိုတာက တပည့်တိုင်းသွားခွင့်ရှိတာ မဟုတ်ဘူးလေ ၊ အခု စုဝေးပွဲကို ခွန်လွန်တောင်မှာ ပြုလုပ်တော့ ကျုပ်တို့ခွန်လွန်တပည့်တွေအားလုံး ကြီးကျယ်ခမ်းနားတဲ့မြင်ကွင်းကို တွေ့မြင်ကြရတာပေါ့"
"ဟုတ်တယ်... ပျက်သုဉ်းတစ်စပြင်လောကြီးတစ်ခုလုံး တိုက်ခိုက်နေကြပေမယ့် ကျုပ်တို့ခွန်လွန်တောင်မှာတော့ တိုက်ပွဲငယ်တွေပဲ ရှိတာလေ ၊ တိုက်ပွဲအတွေ့အကြုံမရှိဘဲ သာယာနေတာ သိပ်တော့ မကောင်းဘူးကွ"
ထိုအချက်ကို ကျန်းလန်လည်း သဘောတူသည်။
သူသေကိုယ်သေတိုက်ပွဲများတွင် အတွေ့အကြုံနည်းပါးခြင်းက ကောင်းသည့်ကိစ္စ မဟုတ်ပေ။
ထို့ကြောင့်လည်း ဆရာဖြစ်သူက သူ့ကို ပြင်ပလောကသို့စေလွှတ်ကာ အတွေ့အကြုံရှာဖွေစေလိုခြင်း ဖြစ်သည်။
ပျက်သုဉ်းတစ်စပြင် လောကကြီးတွင် စွမ်းအားမြင့်မားသည့် ရန်သူများရှိသလို စွမ်းအားနိမ့်ပါးသည့် ရန်သူများလည်း ရှိသည်။
အမှန်တော့ ပြင်ပလောကသို့သွားရောက်ခြင်းက အတွေ့အကြုံများပြားစေရုံသာမက ကျင့်ကြံခြင်းအဆင့်တက်ရန်အတွက်လည်း အကျိုးရှိသည်။
သို့သော်...
နည်းနည်းနောက်ကျမှသွားလျှင် နည်းနည်းပိုပြီး အန္တရယ်ကင်းမည်ပင်။
သူ့အတွက် ခွန်လွန်တောင် ပတ်ဝန်းကျင်သည်ပင် အတော်လေး အန္တရယ်များနေပြီ ဖြစ်၏။
"ဝှီး..."
ရုတ်တရက် ကောင်းကင်ထက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်မှ တပည့်များ ချက်ချင်းပင် ခေါင်းမော့ကြည့်လိုက်ကြသည်။
ကျန်းလန်လည်း ခေါင်းမော့ကြည့်လိုက်၏။ ထိုအခါ တွေ့မြင်ဖူးနေကျ မှော်ဝင်ယဉ်ပျံကြီးတစ်စင်း ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။
နတ်လူသားမျိုးနွယ်များ ရောက်ရှိလာကြခြင်းပင်။
ထိုကဲ့သို့သော မှော်ဝင်ယဉ်ပျံကို ပိုင်ဆိုင်သူများသည် နတ်လူသားမျိုးနွယ်များသာ ဖြစ်ကြောင်း ကျန်းလန် သိရှိသည်။ အရင်တစ်ခေါက် ခွန်လွန်တောင်သို့ လာရောက်စိန်ခေါ်စဉ်ကလည်း ထိုသို့သော မှော်ဝင်ယဉ်ပျံမျိုးဖြင့်သာ သူတို့ ရောက်ရှိလာကြခြင်း ဖြစ်၏။
အံ့သြစရာတော့ကောင်းသည်။
နတ်လူသားမျိုးနွယ်မှလူများ ခွန်လွန်တောင်ပတ်ဝန်းကျင်တွင် သေဆုံးနေကြသော်လည်း တစ်ဖက်လူက လုံးဝ လက်တုံ့ပြန်ခြင်း မရှိပေ။
ကောလဟလများအရဆိုလျှင် သူတို့က ထိုအကြောင်းများကို ပြောပင်မပြောကြဟု ဆိုကြသည်။ ယခုတော့ သူတို့ ခွန်လွန်တောင်သို့ ထပ်မံရောက်ရှိခဲ့ကြပြန်လေပြီ။
ကြည့်ရသည်မှာ ချစ်ကြည်ရေးခရီး လာရောက်လည်ပတ်ကြသလိုပင် ဖြစ်၏။
သူတို့က ထင်ထင်ပေါ်ပေါ် ရောက်လာကြခြင်း ဖြစ်သော်လည်း လွှမ်းမိုးချုပ်ကိုင်ဟန်တော့ မပြသပေ။သူတို့ရောက်ရှိလာကြောင်း ခွန်လွန်တောက်ကို အသိပေးလိုသည့် သဘောသာ ရှိသည်။
ခွန်လွန်တောင်မှ လူအချို့သည်လည်း နတ်လူသားမျိုးနွယ်များကို ကြိုဆိုရန် ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားကြသည်။
ကြိုဆိုရေးများက နတ်လူသားမျိုးနွယ်များ၏ မှော်ဝင်ယဉ်ပျံကြီးကို ပထမတောင်ထွတ်ဆီသို့ ဦးတည်ခေါ်ဆောင်သွားကြသည်။
ထိုမှော်ဝင်ယဉ်ပျံကြီး ပထမတောင်ထွတ်သို့ ထွက်ခွာသွားစဉ် တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်နေသည့်ခံစားချက်ကို ကျန်းလန် ခံစားလိုက်ရသည်။
ထိုအကြည့်က နတ်လူသားမျိုးနွယ်များစီးနှင်လာသည့် မှော်ဝင်ယဉ်ပျံအတွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်၏။
မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲကို သူ ပါဝင်ဆင်နွှဲရန် မသင့်တော်ကြောင်း ကျန်းလန် ချက်ချင်းပင် ခံစားလိုက်ရလေတော့၏။