အခန်း (၅-၆)
Vol. 1 Ch. 5-6
အခန်း။ ၅
ဤမသေမျိုးဂိုဏ်း၏ ဂိုဏ်းချုပ်လူငယ်လေးသည် သူ့အား တစ်စုံတစ်ရာသော လျှို့ဝှက်နည်းလမ်းများ သင်ကြားပြသပေးလိမ့်မည်ဟု မူလက ထင်မှတ်ထားခဲ့သော်လည်း ယခုကဲ့သို့ ထူးဆန်းသောနေရာသို့ ခေါ်ဆောင်လာလိမ့်မည်ဟု ယွင်လျောင် လုံးဝ မျှော်လင့်မထားခဲ့ပေ။
မသေမျိုးဂိုဏ်းထဲမှာ ဒီလောက်အထိ အစွမ်းထက်တဲ့ မှော်ဆန်တဲ့နေရာမျိုး အမှန်တကယ် ရှိနေတယ်ဆိုရင်... အဲဒီဂိုဏ်းက ဘာဖြစ်လို့ အခုလိုမျိုး ဆုတ်ယုတ်ပျက်စီးနေရတာလဲ။
ဂိုဏ်းသားအားလုံးက အသုံးမကျတဲ့သူတွေမို့လို့လား။
မည်သို့ပင်ဖြစ်စေ နားမလည်နိုင်သော်လည်း ကိစ္စမရှိချေ။ အနည်းဆုံးတော့ ဤခရီးစဉ်၏ ရလဒ်အပေါ် သူ အလွန်ကျေနပ်မိသည်။
ထို့နောက် သူသည် ကိုယ်ဟန်အနေအထားကို ပြောင်းလဲလိုက်ပြီး စတင်ကျင့်ကြံတော့သည်။
တစ်နာရီခန့် အချိန်ယူကာ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းညှိပြီးနောက် ဤထူးဆန်းသော ပတ်ဝန်းကျင်နှင့် သူ တဖြည်းဖြည်း အသားကျလာခဲ့သည်။ ယွင်လျောင်သည် သူ၏ကျင့်စဉ်အတိုင်း ချီများကို တစ်ကိုယ်လုံးအနှံ့ အဆက်မပြတ် စီးဆင်းစေခဲ့၏။
ထို့နောက် သူသည် လက်ဝဲဘက်လက်ကောက်ဝတ်ရှိ မြေဖျက်သွေးကြောတံခါးအမှတ်ဆီသို့ ချီများကို စုစည်းကာ အရှိန်ပြင်းပြင်းဖြင့် ဆောင့်တိုက်လိုက်သည်။
မြေဖျက်သွေးကြောတံခါးသို့ ဦးတည်သော လမ်းကြောင်းမှာ အလွန်ကျဉ်းမြောင်းလှပြီး အကြိမ်ကြိမ် အဖန်ဖန် ဆောင့်တိုက်ခြင်းဖြင့်သာ ပွင့်လာနိုင်ခြင်းပင်။
ယခင်ကလည်း သူ ဤနည်းလမ်းဖြင့် ကြိုးစားခဲ့ဖူးသော်လည်း အကျိုးသက်ရောက်မှုမှာ အလွန်ပင် အားနည်းလှ၏။ တစ်နေ့လုံး အချိန်ကုန်ခံခဲ့သော်လည်း မည်သည့်ထူးခြားမှုကိုမျှ မတွေ့ခဲ့ရချေ။
သို့သော် ယခုမူ အခြေအနေမှာ လုံးဝခြားနားသွားကာ ဤထူးခြားသော ပတ်ဝန်းကျင်တွင် သူသည် သွေးကြောတံခါးကို ၉ ဆသော အရှိန်နှုန်းဖြင့် ဆောင့်တိုက်နေခြင်းပင်။
ဤနေရာ၌ ကျင့်ကြံခြင်းသည် ပြင်ပထက် ၉ ဆ ပို၍ ထိရောက်သောကြောင့် အချိန်မလောက်မည်ကို စိုးရိမ်စရာ မလိုတော့ချေ။ အကြောက်ရဖွယ် အကောင်းဆုံးအချက်မှာ ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက သူရရှိမည့် အကျိုးကျေးဇူးကို ယွင်လျောင်ကိုယ်တိုင်ပင် ခန့်မှန်းရန် မဝံ့ရဲတော့ခြင်းပင်။
ဤနေရာ၌ တစ်နှစ်ကျင့်ကြံခြင်းသည် အခြားကျင့်ကြံသူများ၏ ကိုးနှစ်စာ အားထုတ်မှုနှင့် ညီမျှနေသည်။
သို့ဆိုလျှင် ဤနေရာ၌ ဆယ်နှစ်ကျင့်ကြံခြင်းက နှစ်ပေါင်း ၉၀ စာနှင့် ညီမျှပေလိမ့်မည်။ ၎င်းမှာ လူတစ်သက်စာနီးပါးပင်။
တွေးမိလေလေ မယုံကြည်နိုင်လောက်အောင် ဖြစ်ရလေလေပင်။
ထိုစဉ် ဝမ်ပင်းသည် ဘေးနားတွင် ထိုင်ကာ ခေတ္တမျှ ကြည့်ရှုနေခဲ့သည်။ အတန်ကြာသော် သူသည် လာခဲ့သည့် လမ်းအတိုင်း ပြန်သွားပြီး မိုးသံကြားအဆောင်မှ လက်ဖက်ရည်အိုးနှင့် ခွက်ကို ယူကာ အလျင်အမြန်ပင် ပြန်ရောက်လာခဲ့လေတော့သည်။
ဝမ်ပင်းသည် ထိုနေရာတွင်ပင် ညနေစောင်းသည်အထိ ထိုင်နေခဲ့သည်။
ကောင်းကင်ယံတစ်ခွန်းတွင် ဆည်းဆာရောင်နီများ ဖုံးလွှမ်းသွားချိန်၌ သူ၏နားထဲတွင် အသံတစ်ခု ရုတ်တရက် မြည်ဟည်းလာပြန်သည်။
ထိုသူမှာ စနစ်ပင်။
သို့သော် ယခုတစ်ကြိမ်မှာမူ မစ်ရှင်အသစ် ထုတ်ပြန်ခြင်း သို့မဟုတ် အံ့အားသင့်ဖွယ်ရာ တစ်စုံတစ်ခုကြောင့် မဟုတ်ပေ။ ဝမ်ပင်းကို စိတ်ပျက်သွားစေမည့် အကြောင်းအရာတစ်ခုသာ ဖြစ်သည်။
"သခင်... ယွင်လျောင်ဟာ ဆွဲငင်အားနယ်ပယ်ထဲမှာ ကျင့်ကြံတာ ၈ နာရီ ပြည့်သွားပါပြီ။ သူ့ကို အခုချက်ချင်း နှင်ထုတ်လိုက်ပါတော့"
"နှင်ထုတ်လိုက်ပါတဲ့လား... သုံးနှုန်းပုံက တကယ့်ကို ထိမိနေရောပဲ"
ဝမ်ပင်းသည် ဤစည်းကမ်းကို သိရှိပြီးသားဖြစ်သည်။ သူကိုယ်တိုင်ပင်လျှင် နေ့စဉ် ၈ နာရီ ပြည့်တိုင်း နှင်ထုတ်ခံရစမြဲပင်။
"စူပါဂိုဏ်းတော်တစ်ခုလို ကမ္ဘာပေါ်မှာ တစ်ခုတည်းသော ထူးခြားတဲ့ ဂိုဏ်းတစ်ခုအနေနဲ့ ထူးခြားတဲ့ ဂိုဏ်းချုပ်ရှိဖို့ လိုသလို ထူးခြားတဲ့ တပည့်လက်ခံရေး စံနှုန်းတွေလည်း ရှိဖို့ လိုပါတယ်။ အခုတော့ ဂိုဏ်းချုပ်နဲ့ စံနှုန်းတွေက ထူးခြားနေပြီဆိုတော့ တတိယအချက်အနေနဲ့ ဂိုဏ်းရဲ့ စည်းကမ်းတွေကလည်း ထူးခြားနေဖို့ လိုပါတယ်။ အကြီးအကဲတစ်ယောက် ဖြစ်နေရင်တောင် ဆွဲငင်အားနယ်ပယ်ထဲမှာ တစ်နေ့ကို ၈ နာရီပဲ ကျင့်ကြံခွင့် ရှိပါတယ်"
"နည်းနည်းလောက် လျှော့ပေါ့ပေးလို့ မရဘူးလား။ ဒီယွင်လျောင်က ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ ရောက်နေတဲ့သူလေ။ သူ့အတွက် အချိန်ကန့်သတ်ချက်လေး ဖယ်ပေးလိုက်ပါလား ဟုတ်ပြီလား"
ဝမ်ပင်း စကားတစ်ခု ပြောချင်နေမိသည်။
စနစ်ရေ... မင်းသာ ဒီလိုမျိုးတွေပဲ လျှောက်ပြီး ကန့်သတ်နေမယ်ဆိုရင် ငါတို့ ယွင်လျောင်ကို ဆုံးရှုံးရလိမ့်မယ်နော်။
သို့သော်လည်း စနစ်ကမူ ယခင်အတိုင်းပင် အေးစက်စက် ပြန်ဖြေလိုက်သည်။
"ဒါက ဆွေးနွေးစရာ မလိုပါဘူး။ ဒါပေါ့... သခင်က မလိုက်နာချင်လည်း ရပါတယ်"
"ငါကတော့ဖြင့်..."
ဝမ်ပင်းသည် ဘာမျှမတတ်နိုင်တော့သဖြင့် ထရပ်လိုက်ရတော့သည်။ ထို့နောက် မြေကြီးပေါ်မှ ကျောက်ခဲတစ်လုံးကို ကောက်ယူကာ ကျင့်ကြံခြင်းတွင် အာရုံအပြည့်ရောက်နေသော ယွင်လျောင်ဆီသို့ အရှိန်ဖြင့် လှမ်းပေါက်လိုက်၏။
ယွင်လျောင်သည် ကျင့်ကြံနေစဉ်အတွင်း အနှောင့်အယှက်ပေးခံရခြင်းကို အမုန်းဆုံးဖြစ်သည်။ ထို့ကြောင့် သူက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ကာ "ဘယ်သူလဲ" ဟု မေးလိုက်သည်။
ထို့နောက်တွင်မှ မနီးမဝေးတွင် ရပ်နေပြီး သူ့ကို လက်ယပ်ခေါ်နေသော ဝမ်ပင်းကို တွေ့လိုက်ရ၏။
ဝမ်ပင်းက ပြောလိုက်သည်။
"ထွက်ခဲ့တော့"
ယွင်လျောင်သည် အနည်းငယ် မကျေမနပ်ဖြစ်သွားသော်လည်း တစ်ဖက်လူမှာ သူ၏ဂိုဏ်းချုပ် ဖြစ်နေသဖြင့် ပြန်လည်တုံ့ပြန်လိုက်ရသည်။
"ဂိုဏ်းချုပ်ဝမ်... ကျွန်တော် ဒီနေ့ ဒီနေရာမှာပဲ ဆက်ပြီး ကျင့်ကြံဖို့ စီစဉ်ထားပါတယ်။ မြေဖျက်တံခါးကို အမြန်ဆုံးပွင့်အောင် လုပ်ပြီး နက်နဲသောနယ်ပယ်ထဲကို အမြန်ဆုံး ဝင်ချင်လို့ပါ။ ဂိုဏ်းချုပ်မှာ တခြားလုပ်စရာ ကိစ္စတွေရှိရင် သွားနှင့်ပါ ကျွန်တော့်ကို ဂရုမစိုက်ပါနဲ့"
"အစ်ကို့ရဲ့ အချိန်ကုန်သွားပြီ"
ဤသည်ကို ကြားလိုက်ရသောအခါ ယွင်လျောင် ကြောင်သွားရသည်။
သူက ဇဝေဇဝါဖြင့် ပြန်မေးလိုက်သည်။
"ဘာအချိန်လဲ"
"ကျွန်တော်တို့ ဂိုဏ်းရဲ့ စည်းကမ်းအရဆိုရင် သာမန်တပည့်တွေက ဆွဲငင်အားနယ်ပယ်ထဲမှာ တစ်နေ့ကို ခြောက်နာရီပဲ ကျင့်ကြံခွင့်ရှိပါတယ်။ အစ်ကိုက သာမန်တပည့်မဟုတ်ပေမဲ့ အစ်ကို့ရဲ့ အဆင့်အတန်းအရ တစ်နေ့ကို အများဆုံး ရှစ်နာရီပဲ ကျင့်ကြံခွင့်ရှိမှာပါ"
ယွင်လျောင်သည် ထိုစကားကို ကြားလိုက်ရသောအခါ မျက်နှာပျက်သွားပြီး တစ်စုံတစ်ယောက်၏ လိမ်လည်လှည့်ဖျားခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ "ဂိုဏ်းချုပ်ဝမ်... ကျွန်တော့်ကို နက်နဲသောနယ်ပယ်ထဲ ရောက်အောင် ကူညီပေးမယ်လို့ ကတိပေးခဲ့တာ ခင်ဗျားကိုယ်တိုင်ပဲလေ။ အဲဒီအချက်ကြောင့်ပဲ ကျွန်တော် မသေမျိုးဂိုဏ်းထဲဝင်ဖို့ သဘောတူခဲ့တာ။ အခုတော့ ခင်ဗျားက ကတိဖျက်တော့မှာလား"
"ကျွန်တော် ကတိပေးခဲ့တာ မှန်ပါတယ် ဒါပေမဲ့ ဒါက ဂိုဏ်းရဲ့ စည်းကမ်းတစ်ခုပဲလေ။ အစ်ကိုက မလိုက်နာချင်ဘူးဆိုရင်တော့ ကျွန်တော် စိတ်မကောင်းပါဘူး။ အစ်ကို့ကို အဆက်အသွယ်ဖြတ်တောက်ရမယ့် စာရင်းထဲ ထည့်လိုက်ရုံပါပဲ။ ပြီးတော့ ပေးထားတဲ့ ရွှေ ၁,၀၀၀ ကိုလည်း ပြန်အမ်းမှာ မဟုတ်ဘူး။ အခု အပြင်ကို ထွက်မလာဘူးဆိုရင် ဒီနေ့ကစပြီး အစ်ကိုက မသေမျိုးဂိုဏ်းရဲ့ လူတစ်ယောက် မဟုတ်တော့ဘူးလို့ သတ်မှတ်လိုက်မယ်"
"ဂိုဏ်းချုပ်ဝမ်... အခု မသေမျိုးဂိုဏ်းရဲ့ အခြေအနေနဲ့ဆိုရင် ဘာစည်းကမ်းကိုမှ တင်းတင်းကျပ်ကျပ် လိုက်နာနေဖို့ မလိုတော့ဘူး မဟုတ်လား"
အမှန်အတိုင်းပြောရလျှင် ယွင်လျောင်သည် ဤနေရာမှ လုံးဝမထွက်ချင်ပေ။ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ သို့ ရောက်ရှိပြီးနောက်တွင်မူ ရက်ဝက်ခန့် အစာမစားဘဲ နေနိုင်စွမ်းရှိသည်။ ထို့ကြောင့် သူသည် ဤနေရာတွင်ပင် ရက်ဝက်ခန့် အပြင်မထွက်ဘဲ ဆက်တိုက်ကျင့်ကြံရန် အမှန်တကယ် စီစဉ်ထားခဲ့ခြင်းပင်။
"၁၀"
ယွင်လျောင်က ဆက်ပြောသည်။
"ဂိုဏ်းချုပ်ဝမ်... ကျွန်တော်တို့က မိတ်ဆွေတွေ မဟုတ်ဘူးလား"
"၉"
"ဂိုဏ်းချုပ်ဝမ်..."
"၈"
"ထားလိုက်ပါတော့... ကျွန်တော် ဒီစည်းကမ်းကို လိုက်နာပါ့မယ်"
အခြားနည်းလမ်းမရှိတော့သဖြင့် ယွင်လျောင်သည် ဆွဲငင်အားနယ်ပယ်ထဲမှ ထွက်လာခဲ့ရတော့သည်။ သို့သော် အပြင်သို့ ရောက်ရှိသွားချိန်တွင်မူ နှမြောတသဖြစ်နေသော မျက်နှာထားဖြင့် ထိုနေရာကို ပြန်လှည့်ကြည့်နေမိဆဲပင်။
ထိုစဉ် ဝမ်ပင်းက ပြောလိုက်သည်။
"အစ်ကိုက ကျွန်တော့် မသေမျိုးဂိုဏ်းရဲ့ လူတစ်ယောက် ဖြစ်နေပြီဆိုတော့ ဂိုဏ်းရဲ့ စည်းကမ်းတွေကို သေချာလိုက်နာစေချင်တယ်။ မဟုတ်ရင်တော့ အစ်ကို့ကို နာမည်ပျက်စာရင်းသွင်းပြီး ကျွန်တော်တို့ ဂိုဏ်းနဲ့ ဘာအဆက်အသွယ်မှ မလုပ်တော့ဘဲ ငြင်းပယ်လိုက်ရပါလိမ့်မယ်"
"နားလည်ပါပြီ ဂိုဏ်းချုပ်ဝမ်"
ယွင်လျောင်က ခေါင်းညိတ်လိုက်ရင်း ပြုံး၍မေးလိုက်သည်။
"ဂိုဏ်းချုပ်ဝမ်... နည်းနည်းလောက် ညှိနှိုင်းလို့ရော မရဘူးလား"
ဒါက ကျင့်ကြံခြင်းအရှိန် ၉ ဆလေ။
အပြင်ဘက်မှာ ၁၅ မိနစ်လောက် အချိန်ဖြုန်းလိုက်ခြင်းကပင် သူ့အတွက် နာရီပေါင်းများစွာ အချိန်ပုပ်သွားသကဲ့သို့ ခံစားနေရသည်။
ဝမ်ပင်းက ပြန်ဖြေလိုက်သည်။
"မနက်ဖြန်ကျရင် ဆက်ပြီး ကျင့်ကြံလို့ ရတာပဲ။ အစ်ကိုယွင်က ဘာလို့ ဒီလောက်တောင် လောနေရတာလဲ"
"ကောင်းပါပြီလေ... မနက်ဖြန် မနက်အစောကြီး ကျွန်တော် ဒီကို အရောက်လာခဲ့မယ်"
မသေမျိုးဂိုဏ်းတွင် အဘယ်ကြောင့် ဤကဲ့သို့သော စည်းကမ်းမျိုး ရှိနေရသည်ကို သူ အမှန်တကယ် နားမလည်နိုင်တော့ချေ။ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ ရောက်နေသည့် သူကဲ့သို့သော ပညာရှင်ကြီးတစ်ဦးသည်ပင် ဤနေရာတွင် မည်သည့်အခွင့်အရေးမျှ မရရှိနိုင်ဘူးလားဟု သူ တွေးနေမိတော့သည်။
မသေမျိုးဂိုဏ်းက အခုဆိုရင် ကြယ်တစ်ပွင့် အဆင့်တောင် မရှိတော့ဘူး မဟုတ်လား။
ဝင်ကြေးကလည်း ရွှေ ၁,၀၀၀ ပေးရတယ်။ ပြီးတော့ ကျင့်ကြံတဲ့နေရာမှာလည်း အချိန်ကန့်သတ်ချက် ရှိနေသေးတယ်။
ဒီစည်းကမ်းတွေက တကယ့်ကို ထူးဆန်းလွန်းတယ်။ ဒါမျိုးက တစ်ခါမှ မရှိခဲ့ပါဘူး။
သို့သော်လည်း ယွင်လျောင်အနေဖြင့် လိုက်နာရန်မှတစ်ပါး အခြားမရှိတော့။
ဘာပဲဖြစ်ဖြစ် သူကိုယ်တိုင် မသေမျိုးဂိုဏ်းထဲဝင်ပြီး ဒီနေရာက ဘယ်လောက်အစွမ်းထက်
တယ်ဆိုတာ သိသွားခဲ့သောကြောင့်ပင်။
ဒါပေမဲ့ အခုလိုအချိန်မှာ သူ့ကို အပြင်ထွက်ခိုင်းတာက အသတ်ခံရတာထက်တောင် ပိုပြီး ခံရခက်စေသည်။
သူ့အတွက်တော့ အပြင်ဘက်က ချီလှည့်ပတ်မှုအရှိန်က သာမန်ထက်ကို နှေးကွေးလွန်းနေပြီး လိပ်သွားနေသလိုမျိုး ခံစားနေရသည်။
ထို့နောက် ညရောက်လာခဲ့၏။
အန်ကယ်ဝမ်က အစားအသောက်များ ပြင်ဆင်ထားသဖြင့် ဝမ်ပင်းသည် ယွင်လျောင်ကို ခေါ်ဆောင်သွားပြီး အန်ကယ်ဝမ်နှင့် မိတ်ဆက်ပေးလိုက်သည်။ ထို့နောက် သူရရှိထားသော ရွှေဒင်္ဂါး ၁,၀၀၀ ထဲမှ တစ်ဝက်ကို အန်ကယ်ဝမ်အား ပေးအပ်လိုက်၏။ ဤငွေများမှာ သူတို့၏ စားဝတ်နေရေး စရိတ်အတွက် ဖြစ်သည်။
ဗိုက်ဖြည့်ပြီးနောက် ဝမ်ပင်းသည် ယွင်လျောင်ကို အကြီးအကဲများ နားနေဆောင်တွင် နေရာချပေးခဲ့ပြီး သူကိုယ်တိုင်ကမူ ဆွဲငင်အားနယ်ပယ်ရှိရာသို့ ထွက်လာခဲ့သည်။
သူ ထိုနေရာသို့ ရောက်ရှိပြီး ယနေ့အတွက် ကျင့်ကြံခြင်းကို စတင်ရန် ပြင်လိုက်စဉ်မှာပင် စနစ်၏အသံက ထပ်မံထွက်ပေါ်လာပြန်သည်။
"သခင်... ဆွဲငင်အားနယ်ပယ်ကို အဆင့်မြှင့်ချင်ပါသလား။ ဆွဲငင်အားနယ်ပယ်အတွက် စွမ်းရည်အသစ်တစ်ခုကို ဖွင့်ဖို့ဆိုရင် ရွှေဒင်္ဂါး ၅၀၀ သုံးရပါလိမ့်မယ်"
"ဩော်... မင်းက ငါ့ဆီက ငွေကိုပဲ မျက်စိကျနေတာကိုး"
စနစ်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။
"သခင်အနေနဲ့ ဒီစွမ်းရည်ကို မဖွင့်ဘဲလည်း နေနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ နစ်နာမယ့်သူ မဟုတ်ပါဘူး"
စနစ်က အခုအချိန်မှာ တကယ့်ကို ဘာကိုမှ ဂရုမစိုက်တဲ့ မျက်နှာပေးမျိုးဖြင့် မြင်လိုက်တာနဲ့ ဝိုင်းထိုးချင်စရာကောင်းတဲ့ အမူအရာမျိုး လုပ်နေမှာကို ဝမ်ပင်း ခန့်မှန်းမိလိုက်သည်။
သို့သော်လည်း သူ၏ငွေများအတွက်တော့ နှမြောစရာပင်။ အိတ်ထဲထည့်ထားလို့မှ မနွေးသေးဘူး စနစ်ကို ပြန်ပေးရတော့မည်။
"အဆင့်မြှင့်လိုက်"
[အဆင့်မြှင့်တင်နေပါပြီ...]
[အဆင့်မြှင့်တင်ရန် လိုအပ်သောအချိန် ၃ နာရီ]
[စွမ်းရည်အသစ်ကို ဖွင့်လိုက်ပါပြီ။ လေဆာတန်းများ။ နဂါးရုပ်တိုင်များကနေ အရှိန်ပြင်းတဲ့ လေဆာတန်းတွေ ပစ်ထုတ်ပေးမှာ ဖြစ်ပြီး လေဆာအရေအတွက်ကတော့ အသုံးပြုသူရဲ့ ကျင့်စဉ်အဆင့်ပေါ်မှာ မူတည်ပါလိမ့်မယ်။ မြင့်မားတဲ့ ဆွဲငင်အားပတ်ဝန်းကျင်အောက်မှာ အသုံးပြုသူက အရှိန်နှုန်း ၉ ဆကို အသုံးပြုပြီး သူတို့ရဲ့ တုံ့ပြန်မှုအရှိန်ကို မြှင့်တင်နိုင်သလို ကြွက်သားတွေရဲ့ မှတ်သားမှုကိုလည်း ကောင်းမွန်စေပြီး ကိုယ်တွင်းအောင်းနေတဲ့ စွမ်းရည်တွေကို နှိုးဆွပေးနိုင်မှာပါ]
ရှင်းလင်းချက်ကို ဖတ်ပြီးနောက် ဝမ်ပင်းသည် ဤရွှေ ၅၀၀ မှာ အမှန်တကယ်ပင် သုံးရကျိုးနပ်သည်ဟု စတင်ခံစားလာရသည်။
ယခုဆိုလျှင် ဆွဲငင်အားနယ်ပယ်ကို ကျင့်ကြံခြင်း၏ ကဏ္ဍစုံအတွက် အသုံးပြုနိုင်ပြီဖြစ်သည်။
ထိုစဉ် စနစ်က ပြောလိုက်သည်။
"သခင်... ထူးခြားတဲ့ ကျင့်ကြံရေးနယ်မြေတစ်ခုအနေနဲ့ ဆွဲငင်အားနယ်ပယ်ကို အဆင့်မြှင့်ပြီးတဲ့နောက်မှာတော့ ဒါက အခမဲ့ ကျင့်ကြံလို့ရတဲ့နေရာ မဟုတ်တော့ပါဘူး။ အချိန်ကန့်သတ်ချက်က ရှိနေဦးမှာဖြစ်ပေမဲ့ အသုံးပြုသူအနေနဲ့ တစ်နာရီကို ရွှေဒင်္ဂါး ၅ ဒင်္ဂါးနှုန်းနဲ့ ပေးဆောင်ရမှာပါ"
အခန်း။ ၆
ဒီမအေဘေး သောက်စနစ်စုတ်…….
"ဘာမှားနေလို့လဲ။ မင်းက ဒီလှည့်ကွက်ကို ထပ်သုံးပြန်ပြီလား။ တပည့်လက်ခံတဲ့ စံနှုန်းကလည်း တော်တော်လေး ခက်ခဲနေပြီကို အခု ဆွဲငင်အားနယ်ပယ်ကို သုံးဖို့အတွက်ပါ ဒီလောက် ဈေးကြီးပေးခိုင်းနေတာလား။ ဒါက ငါတပည့်စုဆောင်းနိုင်မယ့် အခွင့်အရေးကို တိုက်ရိုက်ပိတ်ပင်လိုက်တာ မဟုတ်ဘူးလား။ နောက်ဆိုရင် ချမ်းသာတဲ့သူတွေကိုပဲ ဂိုဏ်းထဲဝင်ဖို့ လိုက်ရှာရတော့မယ်လို့တော့ မပြောနဲ့ဦး"
ဝမ်ပင်းက မကျေမနပ်ဖြစ်နေသော်လည်း စနစ်ကမူ ယခင်အတိုင်းပင် ဂရုမစိုက်ဟန် ရှိနေသည်။ ထို့အပြင် သူက တည်ငြိမ်စွာပင် ပြောလိုက်သေးသည်။
"သခင်... လောကမှာ အလကားရတဲ့ ထမင်းထုပ်ဆိုတာ မရှိဘူးဆိုတာကို သတိရပါ။ အရာရာဟာ အလွယ်တကူ ရလာမယ်ဆိုရင် လူတွေက တန်ဖိုးထားရကောင်းမှန်း သိကြမှာ မဟုတ်ဘူး"
"မင်းပြောတာလည်း ယုတ္တိရှိပါတယ်။ ဒါပေမဲ့ ဒီစည်းကမ်းကိုသာ ငါ အကောင်အထည်ဖော်လိုက်ရင် တစ်နှစ်နေလို့မှ တပည့်နှစ်ယောက်တောင် ရပါ့မလား မသိဘူး။ ဂိုဏ်းဝင်ကြေး ရွှေ ၁,၀၀၀ ဆိုတာ အစပဲရှိသေးတယ်လို့ သူတို့သိသွားရင် ဘယ်သူက မသေမျိုးဂိုဏ်းထဲ ဝင်ရဲတော့မှာလဲ"
"သခင်မှ မပြောရင် သူတို့ ဘယ်လိုလုပ် သိမှာလဲ"
"သတင်းဆိုတာ ပါးစပ်တစ်ပေါက်ကနေ ပျံ့သွားဖို့ပဲ လိုတာ မဟုတ်လား"
ဝမ်ပင်း တစ်ယောက်တော့ နောက်တုံးတွင် လက်လျှော့လိုက်ရသည်။
စနစ်က သူ့ကို သူ၏ စည်းရုံးရေးစွမ်းရည်ကို အစွမ်းကုန် အသုံးချစေချင်နေပုံပင်။
ဒါပေမဲ့ ငါက အာမခံကိုယ်စားလှယ် မဟုတ်သလို အိမ်ခြံမြေအကျိုးဆောင်မှ မဟုတ်တာ….
နောက်ဆုံးတွင်မူ သူသည် ဤလက်တွေ့ဘဝကို လက်ခံရန်သာ ရွေးချယ်လိုက်တော့သည်။
ဤကဲ့သို့သော ခက်ခဲသည့် အခြေအနေများကြောင့် လူများက တွန့်ဆုတ်သွားနိုင်သော်လည်း လူနှစ်ယောက်နှင့် ခွေးတစ်ကောင်သာ ကျန်တော့သည့် မသေမျိုးဂိုဏ်း၏ အခြေအနေလောက်တော့ စိတ်ပျက်စရာ မကောင်းနိုင်ပေ။ နှိုင်းယှဉ်ကြည့်မည်ဆိုပါက မသေမျိုးဂိုဏ်း၏ လက်ရှိအခြေအနေမှာ ယခင်ကထက် များစွာ သာလွန်ကောင်းမွန်နေပြီ ဖြစ်သည်။ အနည်းဆုံးတော့ သူတို့၌ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ ရှိသည့် ထိပ်တန်းပညာရှင်တစ်ဦး ရှိနေပြီဖြစ်သည်။
ဂိုဏ်းထဲဝင်ပြီးလို့ နေ့စဉ်ကျင့်ကြံမှုလုပ်ချင်ရင်တောင် ထပ်ပြီး ငွေပေးရဦးမယ်ဆိုတာကိုသာ တပည့်တွေ သိသွားကြရင်... သူတို့ ဘယ်လိုမျိုး တွေးကြမလဲ။
တစ်ယောက်ချင်းစီက ဒေါသတကြီးနဲ့ မသေမျိုးဂိုဏ်းကနေ တန်းပြီး ထွက်သွားကြမှာ အသေအချာပဲ။
စနစ်သည် ဝမ်ပင်း၏ အတွေးကို ဖတ်မိသည့်အလား ပြောလိုက်သည်။
"သခင်... စိုးရိမ်စရာ မလိုပါဘူး။ ဆွဲငင်အားနယ်ပယ်က ပေးစွမ်းနိုင်တဲ့ ဆွဲဆောင်မှုက ကိုယ်ခန္ဓာလေ့ကျင့်ခြင်းနယ်ပယ်က ကျင့်ကြံသူတွေအတွက်တော့ မလွန်ဆန်နိုင်တဲ့အရာတစ်ခုပါ။ အကယ်၍သာ ဒါကို ကြယ်နှစ်ပွင့် ဒါမှမဟုတ် ကြယ်သုံးပွင့် ဂိုဏ်းကြီးတွေမှာ ထားမယ်ဆိုရင် တစ်နေ့ကို ရွှေ ၁၀၀ ပေးရရင်တောင် ဆွဲငင်အားနယ်ပယ်ကို သုံးဖို့ တန်းစီစောင့်ဆိုင်းနေတဲ့သူတွေနဲ့ တစ်နေရာလုံး ပြည့်နှက်နေမှာ အသေအချာပါပဲ"
"နားလည်ပါပြီ။ မင်း ငါ့ကိုပေးတဲ့အရာတွေက အမြဲတမ်း အကောင်းဆုံးတွေပဲဆိုတာကိုပဲ မှတ်ထားရတော့မှာပေါ့ ဟုတ်တယ်မလား"
"အင်း..."
"ဒါနဲ့... ငါ့ရဲ့ မသေမျိုးဂိုဏ်းက ချမ်းသာတဲ့သူတွေကိုပဲ ဦးစားပေးနေလို့ မဖြစ်ဘူး မဟုတ်လား။ ငွေကြေးမချမ်းသာပေမဲ့ စိတ်ဓာတ်ခိုင်မာပြီး အိပ်မက်ရှိတဲ့သူတွေကျတော့ရော။ သူတို့မှာ ထူးချွန်တဲ့ပါရမီလည်း မရှိ ငွေလည်း သိပ်မရှိဘူးဆိုရင် ဒီလိုလုပ်တာက သူတို့ကို ငြင်းပယ်လိုက်တာနဲ့ မတူဘူးလား"
စနစ်က ရုတ်တရက် တိတ်ဆိတ်သွားသည်။
"ဒါကတော့... နောင်ကျရင်တော့ ဒီသတ်မှတ်ချက်ကို လျှော့ပေးမှာပါ။ ဒါပေမဲ့ လောလောဆယ်မှာတော့ မသေမျိုးဂိုဏ်းက ပါရမီနိမ့်ပါးတဲ့သူတွေကို လက်ခံဖို့ မသင့်တော်သေးပါဘူး"
"အေးလေ... ဒါဆိုလည်း မဆိုးပါဘူး။ မင်းကို နှလုံးသားမရှိတဲ့ အေးစက်စက်စနစ်ကြီးလို့ ငါ ထင်နေတာ"
စနစ်၏ လျှော့ပေါ့ပေးမှုကြောင့် ဝမ်ပင်း တော်တော်လေး ဝမ်းသာသွားမိသည်။
အစကတည်းက သူသည် မသေမျိုးဂိုဏ်းကို ချမ်းသာသူများသာ တက်ရောက်နိုင်သည့် ဂိုဏ်းမျိုး မဖြစ်စေချင်ခဲ့ပေ။
ကျင့်ကြံခြင်းဆိုသည်မှာ လူတိုင်း ရရှိခံစားသင့်သည့် အခွင့်အရေးတစ်ခုပင်။
မိုးသံကြားအဆောင်သို့ ပြန်ရောက်ပြီးနောက် ဝမ်ပင်းသည် ဂိုဏ်း၏ စည်းကမ်းအသစ်များကို စတင်ရေးဆွဲတော့သည်။ မသေမျိုးဂိုဏ်းသည် အတိတ်ကို စွန့်ခွာပြီး အသစ်တစ်ဖန် ပြောင်းလဲနေပြီဖြစ်ရာ စည်းကမ်းအသစ်၊ အစအသစ်များကြားတွင် မသေမျိုးဂိုဏ်းဟူသော အမည်ဟောင်းကို ဆက်လက်သုံးစွဲနေခြင်းမှာ ကံမကောင်းဘဲ ဖြစ်နေမလားဟု သူ တွေးတောမိပြန်သည်။
ပိုပြီး ခန့်ညားထည်ဝါတဲ့ အမည်တစ်ခုခုကို စဉ်းစားသင့်တယ်။
ကောင်းကင်ဆန့်ကျင်ဘက်ဂိုဏ်း…
တိမ်လွှာမျှော်စင်ဂိုဏ်း…
စစ်မှန်သော မသေမျိုးစစ်သည်တော်ဂိုဏ်း….
ထိုအမည် သုံးခုစလုံးကို သူ အတော်လေး သဘောကျနေမိသည်။
သို့သော်လည်း နောက်ဆုံးတွင်မူ ထိုအကြံကို သူ ဖျက်လိုက်ရတော့သည်။ ပထမအချက်မှာ ဂိုဏ်း၏ ယဉ်ကျေးမှုနှင့် ကိုက်ညီမည်မဟုတ်ခြင်းကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ မသေမျိုးဟူသော စကားလုံးမှာ သူ၏ ဘိုးဘေးများ ရွေးချယ်ခဲ့ခြင်းကြောင့်ပင်။ ဤမသေမျိုးဂိုဏ်းသည် သူ၏ အိမ်လည်းဖြစ်ရာ အိမ်၏အမည်ကို စိတ်အလိုရှိတိုင်း အလွယ်တကူ ပြောင်းလဲ၍ မဖြစ်နိုင်ပေ။
အခုလောလောဆယ်တော့ မြန်မြန်ဆန်ဆန် ဆုံးဖြတ်ဖို့ မလိုသေးဘူး။ အဆင့်မရှိတဲ့ ဂိုဏ်းလေးတစ်ခုကနေ ကြီးကျယ်ခမ်းနားတဲ့ အမည်နာမတစ်ခုကို ယူလိုက်ရုံနဲ့ ဂုဏ်သိက္ခာ တက်လာမှာ မဟုတ်ဘူး။
သူသည် ညဉ့်နက်သည်အထိ တွေးတောနေရင်းနှင့်ပင် မသိစိတ်ဖြင့် အိပ်ပျော်သွားလေတော့သည်။
ထိုသို့ အိပ်စက်လိုက်သည်မှာ နောက်တစ်နေ့အထိပင်။ သို့သော် ရုတ်တရက် သူ၏ အခန်းတံခါးပြင်ပမှ တဒေါက်ဒေါက်နှင့် ခေါက်သံများ ထွက်ပေါ်လာခဲ့၏။
တံခါးခေါက်သံမှာ ခဏတာ ရပ်တန့်သွားပြီးနောက် ပြန်လည် ထွက်ပေါ်လာပြန်သည်။
ဝမ်ပင်းသည် စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် အိပ်ချင်မူးတူး မျက်လုံးများကို ဖွင့်ကြည့်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်မိသည်။ မြူနှင်းများက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းထားဆဲပင်။ လက်ကို ဆန့်ထုတ်လိုက်လျှင် လက်ချောင်းငါးချောင်းကို မမြင်ရလောက်အောင် မြူထူထပ်နေသည်မျိုး မဟုတ်သော်လည်း နေရောင်ခြည်ကမူ အပြည့်အဝ ထွက်ပေါ်မလာသေးချေ။
ဘယ်လို ငတုံးမျိုးကများ... ငါ့ရဲ့ အရေးကြီးတဲ့ အချိန်မှာ လာပြီး နှောင့်ယှက်ရဲတာလဲ။
ခေတ္တမျှကြာသော် သူသည် စိတ်တိုတိုနှင့် လှမ်းအော်လိုက်သည်။
"ဘယ်သူလဲ... မိုးက အခုမှ လင်းရုံပဲရှိသေးတာကို။ ကိစ္စရှိရင်လည်း နည်းနည်းနောက်ကျမှ လာရှာလို့ မရဘူးလား"
အကြောင်းရင်းမရှိဘဲ စိတ်တိုဒေါသထွက်မှုများက တဖွားဖွား ပေါ်ပေါက်လာသည်။ အဘယ်ကြောင့်မှန်းမသိဘဲ သူ အလွန်အမင်း ဒေါသထွက်နေမိ၏။
ဤသည်မှာ နိုးခါစဂျီကျခြင်းဟု ခေါ်သော အရာပင် ဖြစ်ပေလိမ့်မည်။ အတိတ်ကာလက ချောမောလှပသော အစေခံမိန်းကလေးက သူ့ကို လာနိုးခဲ့လျှင်ပင် ထိုအလှတရားက သူ၏ ဂျီကျမှုကို လျှော့ချပေးနိုင်စွမ်း မရှိခဲ့ချေ။
သို့သော် ချွင်းချက်တော့ ရှိခဲ့ဖူး၏။ တစ်စုံတစ်ယောက်၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရပြီး လက်ရှိတွင် ပျောက်ဆုံးနေသော သူ၏ ဖခင်ရှေ့တွင်ဆိုပါက ထိုကဲ့သို့သော အမူအရာမျိုး ပြရန် သူ အိပ်မက်ပင် မမက်ရဲချေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ပြုမူမိသည်နှင့် သူ၏ဖခင်က သူ့ကို အသေအလဲ ရိုက်နှက်မည်မှာ သေချာသောကြောင့်ပင်။
တံခါးအပြင်ဘက်တွင် ရှိနေနိုင်သူကို စိတ်ထဲမှ အဖန်ဖန် ခန့်မှန်းကြည့်ပြီးနောက် အတော်ကြာမှသာ ဝမ်ပင်းသည် တံခါးဖွင့်ရန် လျှောက်သွားလိုက်တော့သည်။
သူ ထင်ထားသည့်အတိုင်းပင် ယွင်လျောင် ဖြစ်နေ၏။
ယနေ့၏ ယွင်လျောင်သည်လည်း မနေ့ကကဲ့သို့ပင် မျက်နှာဝင်းပသော ပညာရှိတစ်ဦးကဲ့သို့ ခန့်ညားထည်ဝါသည့် အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။
အကယ်၍သာ ယွင်လျောင်ရဲ့ လက်ထဲမှာ စက္ကူယပ်တောင်တစ်ချောင်းသာ ရှိနေမယ်ဆိုရင်... ဆန်းဝူမြို့ထဲက မိန်းကလေး ဘယ်နှစ်ယောက်တောင်မှ သူ့ကို စွဲလန်းသွားကြမလဲဆိုတာ မှန်းဆကြည့်လို့တောင် မရနိုင်ဘူး။
သို့သော် ယွင်လျောင်၏ ရုပ်ရည်ချောမောမှုက ဝမ်ပင်း၏ မကျေနပ်ချက်များကို လျော့ပါးသွားအောင် မစွမ်းဆောင်နိုင်ခဲ့ချေ။
သူသည် မည်သည့်အရာကိုမျှ အငြိုးမထားတတ်သူ ဖြစ်သည်။ မသေမျိုးဂိုဏ်းကို ဖျက်ဆီးခဲ့သူကိုပင် သူ မမုန်းချေ။ သို့သော် သူ အမုန်းဆုံး အရာနှစ်ခုရှိ၏။ နံပါတ်တစ်မှာ သူ၏ မိဘများကို ဖမ်းဆီးကာ ခေါ်ဆောင်သွားသူပင်။ ဤသည်မှာ မိသားစု ကံကြမ္မာနှင့်ဆိုင်သော ရန်ငြိုးဖြစ်ရာ သူ မည်မျှပင် မေ့ပစ်ချင်ပါစေ မေ့နိုင်မည် မဟုတ်ချေ။ နံပါတ်နှစ်မှာမူ သူ အိပ်နေစဉ် လာနှိုးသောသူပင်။
ဒုတိယအချက်အတွက် သူခံစားရသော အမုန်းတရားမှာ တရှိန်ရှိန် စီးဆင်းနေသည့် မြစ်ရေလှိုင်းများကဲ့သို့ပင် အတောမသတ်နိုင်အောင် ရှိလှသည်။
ယွင်လျောင်သည်လည်း ဝမ်ပင်း၏ မပျော်မရွှင်ဖြစ်နေသော မျက်နှာထားကို သတိပြုမိသွား၏။ ထို့ကြောင့် သူက အားနာဟန်ဖြင့် ပြုံးလိုက်ပြီး အနည်းငယ် ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။
"ဂိုဏ်းချုပ်ဝမ်... နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်။ ဒါကို စိတ်ထဲမှာ အမှတ်မထားပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ်"
"ဒါမျိုးအတွက် ကျွန်တော်က အစ်ကို့ကို ဘယ်လိုလုပ် အပြစ်တင်ရက်မှာလဲ။ ရှိတဲ့ကိစ္စသာ ပြောပါ"
ဝမ်ပင်း စကားပြောလိုက်ချိန်တွင် သူ၏မျက်နှာထက်၌ ဒေါသရိပ်များ သိသိသာသာ ထင်ဟပ်နေဆဲပင်။ သို့သော်လည်း သူ၏ နိုးခါစဂျီကျမှုကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားလိုက်သည်။
အခြားနည်းလမ်းမရှိချေ။ အတော်လေး ကြိုးစားပြီးမှ နည်းပြအကြီးအကဲ တစ်ယောက်ကို စည်းရုံးနိုင်ခဲ့ခြင်းပင်။
ဒီလို အသေးအမွှားကိစ္စလေးနဲ့ တစ်ရက်တည်းနဲ့ ယွင်လျောင် ထွက်သွားရလောက်အောင် ငါ ဆဲဆိုပြီး မောင်းထုတ်လို့ မဖြစ်ဘူး။
ယွင်လျောင်က ပြောပြသည်။
"ဒီလိုပါ... ကျွန်တော် ခုနက နဂါးဝင်္ကပါဆီကို ကျင့်ကြံဖို့ သွားခဲ့ပါတယ်။ ဒါပေမဲ့ စွမ်းအင်အရင်းအမြစ် တစ်ခုက ကျွန်တော့်ကို အထဲဝင်မရအောင် ပိတ်ဆို့ထားတယ်။ အန်ကယ်ဝမ်ကို မေးကြည့်တော့လည်း သူလည်း ဘာဖြစ်တာလဲဆိုတာ မသိဘူးတဲ့။ ဒါကြောင့် ဂိုဏ်းချုပ်ဝမ်ကို လာနှိုးရတာပါ"
"အန်ကယ်ဝမ်ရဲ့ ဆူပူတာကို ခံရပြီးတာတောင် ကျွန်တော့်ဆီ လာရဲသေးတယ်ပေါ့"
"အန်ကယ်ဝမ်ကလည်း ဂိုဏ်းချုပ်ဝမ်လိုပဲ မနက်ခင်းဆိုရင် စိတ်တိုတတ်တယ်ထင်တယ်။ ဒါမျိုးဖြစ်မယ်လို့ ကျွန်တော် မျှော်လင့်မထားမိဘူး"
အမှန်စင်စစ် ယွင်လျောင်သည် ဝမ်ပင်းကို ဤမျှစောစော လာမတွေ့ချင်ပေ။ အဘယ်ကြောင့်ဆိုသော် အကယ်၍ သူသာ သွားနှိုးပါက ဝမ်ပင်းက ဓားနှင့်လှမ်းပေါက်လိမ့်မည်ဟု အန်ကယ်ဝမ်က သတိပေးထားသောကြောင့်ပင်။
သို့သော် ဝမ်ပင်းကို မရှာဘဲလည်း သူ ဘာလုပ်ရမှန်းမသိချေ။ နဂါးဝင်္ကပါတွင် ရုတ်တရက် အတားအဆီးတစ်ခု ပေါ်လာပြီး သူ့ကို အပြင်ဘက်တွင် ပိတ်ထားသောကြောင့်ပင်။
နဂါးဝင်္ကပါ အပြင်ဘက်တွင် ရပ်နေစဉ်က သူ၏ခံစားချက်မှာ တစ်ခါမျှ ဤမျှအထိ ရှုပ်ထွေးမနေခဲ့ဖူးချေ။
၎င်းမှာ သူငယ်စဉ်က တစ်စုံတစ်ယောက်က သကြားလုံးတစ်လုံးကို သူ၏မျက်စိရှေ့တွင် လှုပ်ယမ်းပြပြီး စားခွင့်မပေးဘဲ နေသည်နှင့် တူနေသည်။
ဘာမျှမတတ်နိုင်သည့်အဆုံး မိုးသောက်ယံမှာတင် ဝမ်ပင်း၏ တံခါးကို လာခေါက်ရခြင်းပင်။
ဝမ်ပင်းက ချက်ချင်းပြန်မဖြေဘဲ စနစ်ကို စိတ်ထဲမှ တိတ်တဆိတ် မေးမြန်းလိုက်သည်။ ရ"စနစ်... ဒါက ဘာဖြစ်တာလဲ"
"သူ ငွေမပေးရသေးလို့လေ"
"ဒီလောက်ပဲလား"
"တကယ်ပဲ ဒီလောက်ပါပဲ"
ဝမ်ပင်း နားလည်သွားသဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် အသက်ကို ပြင်းပြင်းရှူကာ ရင်ထဲမှ ဒေါသကို ငြိမ်သက်အောင် ကြိုးစားလိုက်ပြီး ယွင်လျောင်ကို ပြောလိုက်သည်။
"ခဏစောင့်ဦး။ ကျွန်တော် အဝတ်အစားလဲပြီးတော့ စိတ်တည်ငြိမ်အောင်လုပ်ပြီး ခေါင်းထဲက အိပ်ချင်မူးတူးဖြစ်တာတွေ ရှင်းအောင် အရင်လုပ်လိုက်ဦးမယ်"
ထို့နောက် ဝမ်ပင်းက ထပ်ပြောလိုက်သည်။
"ကျွန်တော်က ငယ်ငယ်ကတည်းက နိုးခါစဂျီကျတတ်တာ။ နောက်ဆိုရင် ကျွန်တော့်ကို ဒီလောက်စောစော မနှိုးပါနဲ့ မဟုတ်ရင် ကျွန်တော် တကယ် ဒေါသထွက်မိလိမ့်မယ်"
ယွင်လျောင်က ဇဝေဇဝါဖြင့် မေးလိုက်သည်။
"နိုးခါစ ဂျီကျတယ် ဟုတ်လား"
သူ ဤစကားလုံးကို တစ်ခါမျှ မကြားဖူးချေ။
ဝမ်ပင်းက ရှင်းပြသည်။
"ဆိုလိုတာက အိပ်ရာနိုးနိုးချင်းမှာ အကြောင်းပြချက်မရှိဘဲ စိတ်တိုပြီး စိတ်အနှောင့်အယှက် ဖြစ်နေတဲ့ ခံစားချက်မျိုးကို ပြောတာပါ။ ခဏနေရင်တော့ ပြန်ကောင်းသွားမှာပါ"