ဝမ်ပင်းသည် ဤလောကသို့ ကူးပြောင်းဝင်စားလာပြီးနောက် ဒေသတစ်ခွင်ကို စိုးမိုးထားနိုင်သည့် ဩဇာတိက္ကမကြီးမားသော ဂိုဏ်းကြီးတစ်ခု၏ ဂိုဏ်းချုပ်တစ်ယောက် ဖြစ်လာခဲ့သည်။ ဤမျှ တောင့်တင်းခိုင်မာလှသော နောက်ခံအင်အားကြီး ရှိနေသဖြင့် တစ်သက်တာ မည်သည့်ပူပင်သောကမျှ ရှိတော့မည်မဟုတ်ဟု သူ မူလက ထင်မှတ်ထားခဲ့မိ၏။ သို့သော်လည်း ကံကြမ္မာ၏ အလှည့်အပြောင်းများအောက်တွင် ဂိုဏ်းကြီးမှာ ဆုတ်ယုတ်ကျဆင်းသွားခဲ့ရလေသည်။ နောက်ဆုံးကျန်ရစ်သည့် တပည့်ဆယ်ဦးပင် မတတ်သာဘဲ ဂိုဏ်းမှ ထွက်ခွာသွားကြရပြီးနောက် ဂိုဏ်းထဲ၌ နားလေးနေသော အဘိုးအိုတစ်ဦးနှင့် ခွေးတစ်ကောင်သာ အထီးကျန်စွာ ကျန်ရစ်ခဲ့တော့သည်။ ထိုအချိန်မှာပင် ဂိုဏ်းတွင်းရှိ အဆောက်အအုံများကို အဆင့်မြှင့်တင်၍ ရနိုင်ကြောင်း ဝမ်ပင်း ရုတ်တရက် ရှာဖွေတွေ့ရှိလိုက်လေ၏။ ပင်မခန်းမဆောင်ကြီးကို အဆင့်မြှင့်ပစ်မယ်! ငါ့ရဲ့ အိပ်ဆောင်ကို အဆင့်မြှင့်မယ်! ငါ့ရဲ့ မီးဖိုချောင်ကိုတောင် အဆင့်မြှင့်လိုက်ဦးမယ်! ဤသို့ဖြင့် အနှိုင်းမဲ့ ထိပ်တန်းဂိုဏ်းကြီးတစ်ခုသည် တက်သစ်စ နေမင်းကြီးနှယ် မည်သူမျှ တားဆီး၍မရနိုင်လောက်အောင် အင်တိုက်အားတိုက် ထွန်းတောက် ပေါ်ထွက်လာခဲ့တော့သည်။

