← Chapters

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း။ ၃၃

နောက်တစ်နေ့ နံနက်ခင်းတွင်...

နံနက်ခင်း၏ အလင်းရောင်မှာ ခပ်ဖျော့ဖျော့သာ ရှိသေးပြီး တောင်ထိပ်ပေါ်ရှိ လမ်းအသွယ်သွယ်ကို မြူနှင်းများက လွှမ်းခြုံထားသည်။ အကယ်၍ ရှေ့သို့ ဆက်လက်လျှောက်လှမ်းသွားမည်ဆိုပါက လူ့ပြည်ရှိ နတ်ဘုံနတ်နန်းသို့ ရောက်ရှိနေသကဲ့သို့ ခံစားရပေလိမ့်မည်။ သို့သော် လှည့်ကြည့်လိုက်ပါက သူပြန်လာခဲ့သော လမ်းကိုမူ မြင်တွေ့နိုင်တော့မည် မဟုတ်ပေ။ ထုံးစံအတိုင်း ယွင်လျောင်သည် စောစီးစွာ နိုးထလာခဲ့ပြီး ကျင့်ကြံရန်အတွက် ဆွဲအားနယ်ပယ်ရှိရာသို့ ဦးတည်လာခဲ့သည်။

သူ့အတွက်မူ ဆွဲအားနယ်ပယ်အတွင်း ရှစ်နာရီကြာ ကျင့်ကြံပြီးနောက်တွင်လည်း အပြင်ဘက်၌ နောက်ထပ် နာရီအနည်းငယ်မျှ ဆက်လက်ကျင့်ကြံလေ့ရှိရာ ၎င်းမှာ အခြားသူများ၏ တစ်နေ့တာ ကျင့်ကြံမှုထက် ရက်ပေါင်းများစွာ ပိုမိုသာလွန်နေသည်။

အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ နက်နဲသောနယ်ပယ်မှာ သူ့ထံသို့ ပိုမိုနီးကပ်လာနေပြီဖြစ်သည်။

သို့ရာတွင် ဝမ်ပင်း၏ မိုးသံကြားဆောင်သို့ သွားရာလမ်းကို ဖြတ်သန်းစဉ် သူ၏ မျက်နှာပေးမှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

ဤနေရာသို့ လာရာလမ်းတစ်လျှောက်တွင် မြူများရှိနေသော်လည်း ရှေ့မီတာငါးအကွာအဝေးကိုမူ မြင်တွေ့နိုင်သေးသည်။ သို့သော် ယခုနေရာတွင်မူ သူ၏ရှေ့ တစ်မီတာအကွာရှိ အရာကိုပင် မြင်တွေ့နိုင်ခြင်း မရှိတော့ပေ။

သာမန်လူတစ်ဦးဆိုပါက ဤကဲ့သို့သော အခြေအနေမျိုးကို သတိထားမိမည်မဟုတ်သော်လည်း သူ့အတွက်မူ ပတ်ဝန်းကျင်ရှိ အနည်းငယ်သော ထူးခြားမှုမှန်သမျှမှာ ပြဿနာတစ်ရပ်ဖြစ်ပြီး စောင့်ကြည့်လေ့လာရန် ထိုက်တန်လှသည်။ သို့မဟုတ်ပါက သူသည် ဆင်ယွဲ့မြို့မှ မသေမျိုးဂိုဏ်းသို့ လာရာလမ်းတစ်လျှောက်တွင် အသက်ရှင်သန်နိုင်ခဲ့မည် မဟုတ်ပေ။

"ဒါက ဘာဖြစ်တာလဲ"

မိုးသံကြားဆောင်သို့ ဦးတည်သော လမ်းပေါ်သို့ ခြေတစ်လှမ်း လှမ်းလိုက်စဉ် ယွင်လျောင်သည် နောက်သို့ လှည့်ကြည့်လိုက်ရာ သူ့နောက်ကွယ်မှ လမ်းမှာ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

ယခုအခါ သူသည် အဖြူရောင်လွှမ်းသော ကမ္ဘာတစ်ခုအတွင်းသို့ ရောက်ရှိနေပြီဖြစ်သည်။ ခြေဖဝါးအောက်ရှိ မြက်ခင်းပြင်မှလွဲ၍ အခြားမည်သည့်အရာကိုမျှ မမြင်တွေ့နိုင်တော့ပေ။

ထို့နောက် သူသည် သူ၏ ထက်မြက်သော အာရုံခံစားမှုအပေါ် အခြေခံ၍ ရှေ့သို့ ဆက်လက်လျှောက်လှမ်းခဲ့သော်လည်း စိတ်ကိုအေးအေးထား၍ နောက်သို့ ပြန်လည်လှည့်

ကြည့်လိုက်သောအခါ သူလမ်းပျောက်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။

အကြောင်းမှာ သူ၏နောက်ကွယ်ရှိ လမ်းကို လုံးဝမမြင်တွေ့နိုင်တော့သောကြောင့်ပင်။

ယခုအချိန်တွင် ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်တစ်ဆယ်သုံးရှိသော ပညာရှင်တစ်ဦး၏ အာရုံခံစားနိုင်စွမ်းမှာ ဟာသတစ်ခုကဲ့သို့ ဖြစ်နေတော့သည်။

သူသည် ရှေ့သို့ အကွာအဝေးတစ်ခုအထိ ဆက်လက်လျှောက်လှမ်းခဲ့သော်လည်း လမ်း၏အဆုံးသတ်ကိုသော်လည်းကောင်း လူ သို့မဟုတ် အရာဝတ္ထု တစ်စုံတစ်ရာကိုသော်လည်းကောင်း လုံးဝ မြင်တွေ့ရခြင်း မရှိတော့ပေ။

ထိုစဉ် တစ်စုံတစ်ယောက်က သူ၏ပခုံးကို ရုတ်တရက် လှမ်းပုတ်လိုက်ရာ ယွင်လျောင်သည် လက်ကို အနောက်သို့ အမြန်လှည့်၍ ဖမ်းချုပ်ရန် ကြိုးစားလိုက်သည်။ သူ၏ လျင်မြန်သော အရှိန်မှာ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်တစ်ဆယ်ရှိ ကျင့်ကြံသူတစ်ဦးပင်လျှင် အချိန်မီ တုံ့ပြန်နိုင်လိမ့်မည်မဟုတ်ကြောင်း သူ ရဲရဲကြီး အာမခံနိုင်သော်လည်း သူ၏လက်ကိုမူ တစ်ဖက်လူက ပြန်လည်ဖမ်းချုပ်ထားခြင်း ခံလိုက်ရသည်။

"ဘာလုပ်နေတာလဲ"

ဝမ်ပင်း၏ အသံထွက်ပေါ်လာပြီး သူ၏ရုပ်သွင်မှာ မြူထုအတွင်းမှ တဖြည်းဖြည်း ပေါ်ထွက်လာသည်။

ထိုအခါမှသာ ယွင်လျောင်သည် သက်ပြင်းချနိုင်တော့ပြီး သူ၏လက်ကို ဖြည်းဖြည်းချင်း ပြန်ရုပ်သိမ်းလိုက်ကာ "ဂိုဏ်းချုပ်" ဟု နှုတ်ဆက်လိုက်၏။

"မနက်စောစော ကျင့်ကြံတာမျိုးမလုပ်ဘဲ ဒီကိုလာပြီး ငါ့ကို လိုက်ရှာနေတယ်ဆိုတော့ အကူအညီလိုစရာ တစ်ခုခု ရှိလို့လား"

"ဒီလမ်းပေါ်က မြူတွေက အရမ်းထူလွန်းလို့ စပ်စုချင်စိတ်နဲ့ ဝင်လာမိတာပါ။ အထဲရောက်တော့ ပြန်ထွက်လို့တောင် မရတော့မလို ဖြစ်သွားတယ်"

ဝမ်ပင်းသည် အပြစ်ကင်းစင်သော မျက်နှာပေးဖြင့် ပြောနေသော ယွင်လျောင်ကို ကြည့်ကာ စိတ်ထဲမှ မတတ်သာသလို ပြုံးလိုက်မိသည်။

မင်းက ပြန်ထွက်လို့ မရရုံတင်မဟုတ်ဘူး။ ဒီမှာတင် အသက်ပျောက်တော့မလို့ပဲ။ နေမထွက်ခင်အထိ မိစ္ဆာဝိညာဉ်ဓားက ဒီပတ်ဝန်းကျင်မှာ ရှိနေတုန်းပဲလေ။ ငါသာ တိုက်တိုက်ဆိုင်ဆိုင် ထွက်လာလို့ မင်းကို မမြင်ခဲ့ရင် မင်းတော့ မိစ္ဆာဝိညာဉ်ဓားရဲ့ သတ်ဖြတ်တာကို ခံလိုက်ရမှာ အသေအချာပဲ

သူ တွေးတောလိုက်မိသည်။

သို့သော်လည်း ဝမ်ပင်းက ထိုအကြောင်းကို ထုတ်မပြောဘဲ "အကြီးအကဲယွင် နောင်ဆိုရင် အရေးကြီးကိစ္စမရှိဘဲ ငါ့ရဲ့ မိုးသံကြားဆောင်ဆီကို မလာပါနဲ့ဦး။ ကိစ္စရှိရင်လည်း ကုန်းစောင်းအောက်ကနေပဲ လှမ်းခေါ်လိုက်ပါ။ ငါကြားရင် ထွက်လာပါ့မယ်" ဟုသာ သတိပေးလိုက်သည်။

"ကောင်းပါပြီ"

ယွင်လျောင်သည် ခေါင်းညိတ်၍ ဝမ်ပင်း၏နောက်မှ လိုက်ပါလာရာ မြူထုအတွင်းမှ အောင်မြင်စွာ ထွက်ခွာနိုင်ခဲ့သည်။

ဝမ်ပင်း၏ ကျောပြင်ကို ကြည့်ရင်း ယွင်လျောင်သည် စိတ်ထဲမှ တအံ့တဩ ရေရွတ်မိနေသည်။ သူသည် ဤဂိုဏ်းသို့ ရောက်ရှိနေသည်မှာ အတန်ကြာပြီဖြစ်သော်လည်း မသေမျိုးဂိုဏ်း၏ အနက်အဓိပ္ပာယ်ကို ယခုထက်တိုင် အသေအချာ မသိနိုင်သေးချေ။

ဆွဲအားနယ်ပယ်နှင့် သွေးကြောဆိုင်ရာ ကျင့်စဉ်ကို လေ့ကျင့်နိုင်သည့် အချက်နှစ်ခုကပင် မသေမျိုးဂိုဏ်းကို သူ၏ စိတ်ကူးထက် များစွာ သာလွန်စေခဲ့ပြီဖြစ်သည်။

ယခုလည်း မြူထုအလွှာတစ်ခုက ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်တစ်ဆယ်သုံးရှိသော သူ့ကိုပင် တားဆီးထားနိုင်ခဲ့သည်။

မိုးသံကြားဆောင်ပေါ်မှာ ဘာတွေရှိနေတာလဲ။

၎င်းသည် အလွန်ပင် တုန်လှုပ်ဖွယ်ရာ ကောင်းသောအရာ ဖြစ်နေမည်မှာ ဧကန်မလွဲပင်။

ထိုစဉ် ယွင်လျောင်သည် တစ်စုံတစ်ခုကို ရုတ်တရက် အာရုံစိုက်မိသွားသည်။

သူသည် သူ၏ အရှိန်အဝါကို အချိန်မီ အကုန်အစင် မဖုံးကွယ်နိုင်သေးသော ဝမ်ပင်းကို စိုက်ကြည့်လိုက်ရာ သူ၏မျက်နှာတွင် ဤမြူထုထက်ပင် ပိုမိုထူထပ်သော အံ့အားသင့်မှုများ ပေါ်ပေါက်လာတော့သည်။

သူသည် မအောင့်နိုင်တော့ဘဲ "တစ်ညတည်းနဲ့ နှစ်ဆင့်တောင် ကျော်ပြီး အဆင့်တက်သွားတာလား" ဟု အော်ပြောလိုက်မိသည်။

တောင်ထိပ်တစ်ခွင်တွင် အစိမ်းရောင်မြူခိုးများမှာ ပိုးသားမျှင်များကဲ့သို့ ခွေလိပ်တက်လာပြီး လေထဲတွင် ဝဲပျံနေသော မြွေစိမ်းရှည်ကြီးများနှင့်ပင် ဆင်တူလှသည်။

ဝမ်ပင်းသည် မီးဖိုချောင်ဆီသို့ လျှောက်လှမ်းလာခဲ့ရာ တစ်ခုခုကို ဆီပူထိုးနေသည့် အသံနှင့်အတူ လေထဲတွင် ပျံ့လွင့်နေသော မွှေးရနံ့ကြောင့် ပြုံးမိသွားသည်။

နောင်တွင် သူတို့သည် နေ့စဉ်နေ့တိုင်း အရသာရှိသော အစားအစာများကို သုံးဆောင်နိုင်ကြတော့မည်ပင်။

ဝမ်ပင်းသည် အတွင်းသို့ ဝင်လိုက်သည်နှင့် "ဘယ်လိုလဲ မသေမျိုးဂိုဏ်းရဲ့ ကုတင်တွေပေါ်မှာ အိပ်ရတာ အသားကျပြီလား" ဟု ချက်ချင်းပင် မေးလိုက်သည်။

"မင်္ဂလာနံနက်ခင်းပါ ဂိုဏ်းချုပ်"

ဟွမ်ယီက ခေါင်းညိတ်နှုတ်ဆက်သည်။

"ဒီလို ကောင်းမွန်တဲ့နေရာမျိုးမှာ အိပ်ရတာ ဒါပထမဆုံးပါပဲ။ ခေါင်းအုံးတွေကလည်း အရမ်းအိတာပဲ။ ခေါင်းအုံးလိုက်ရင် အဝါရောင်ပုံပေါ် လှဲနေရသလိုပဲ။ ပြီးတော့ အဲဒီကုတင်က တကယ်ကို ခုန်နိုင်တဲ့ အစွမ်းရှိတယ်"

"ဟဲဟဲ မင်း သဘောကျတယ်ဆိုရင်ပဲ ကောင်းပါပြီ။ ဪ... ဒါနဲ့ ငါ့အတွက် စားပွဲသီးသန့် ပြင်မနေနဲ့တော့။ အားလုံးနဲ့အတူတူပဲ မနက်စာ စားမယ်"

"ဂိုဏ်းချုပ် ဒါက သိပ်ပြီးတော့ မသင့်တော်ဘူး မဟုတ်လား"

"ဘာဖြစ်လို့လဲ အခု ငါတို့ မသေမျိုးဂိုဏ်းမှာ လူနည်းနည်းပဲ ရှိတာကို။ ဘာဖြစ်လို့ ဂုဏ်ပုဒ်တွေ ခွဲခြားနေဖို့ လိုမှာလဲ။ ဒါနဲ့ ခဏနေရင် အကြီးအကဲယွင်၊ ရန်လီလီနဲ့ တခြားလူတွေကိုပါ သွားခေါ်ပေးဦး။ မနက်စာ စားပြီးရင် သူတို့ကို နေရာအသစ်တစ်ခုဆီ ခေါ်သွားမယ်လို့ ပြောလိုက်ပါ"

"နေရာအသစ်"

ဟွမ်ယီသည် မီးဖိုချောင်မှ ထွက်သွားသော ဝမ်ပင်းကို ကြည့်ကာ ခေါင်းကို ကုတ်ရင်း ဝေခွဲမရ ဖြစ်ကျန်ခဲ့သည်။

မနက်စာ ချက်ပြုတ်ပြီးစီးသောအခါ ဟွမ်ယီသည် ရန်လီလီကို သွားခေါ်ရန် ဆွဲအားနယ်ပယ်ဆီသို့ ချက်ချင်းပင် ထွက်လာခဲ့သည်။ သို့သော် သူမ၏ လှမ်းခေါ်သံမှာ အေးစက်စက် တုံ့ပြန်မှုကိုသာ ရရှိခဲ့၏။

"လီလီ မနက်စာ စားရအောင်"

"စားဖို့ပဲလား နင်ကတော့ စားဖို့ပဲ သိတာပဲ။ ငါ အခု ကျင့်ကြံနေတာကို မမြင်ဘူးလား"

ဟွမ်ယီသည် အမှန်တကယ်တော့ ဒေါသမထွက်ပေ။ ဆွဲအားနယ်ပယ်အတွင်း ကိုးဆသော ကျင့်ကြံမှုအရှိန်ကို တွေးမိသောအခါ သူမကိုယ်တိုင်ပင် မနက်စာ မစားတော့ဘဲ ထိုအတွင်းသို့ ချက်ချင်း ခုန်ဝင်လိုက်ချင်စိတ် ပေါက်နေမိသည်။

သို့သော်လည်း ၎င်းမှာ ဂိုဏ်းချုပ်၏ ညွှန်ကြားချက် ဖြစ်နေသောကြောင့်သာ လုပ်ဆောင်နေရခြင်းပင်။

"လီလီ... ဒီနေ့ ဂိုဏ်းချုပ်က ငါတို့ကို နေရာအသစ်တစ်ခုဆီ ခေါ်သွားမယ်လို့ ပြောလိုက်တယ်။ ကဲ... ငါတော့ သတင်းပေးပြီးပြီ။ နင် ဆက်ပြီး ကျင့်ကြံချင်လည်း ကျင့်နေတော့"

ထိုသို့ပြောပြီးသည်နှင့် ဟွမ်ယီသည် လှည့်ထွက်သွားရန် ပြင်လိုက်၏။

သို့သော် ထိုခဏ၌ပင် ဆွဲအားနယ်ပယ်အတွင်းရှိ အရိပ်သုံးခုမှာ သူတို့၏ ကျင့်ကြံမှုကို ရုတ်တရက် ရပ်တန့်လိုက်ကြသည်။ ဂိုဏ်း၏ အကြီးအကဲဖြစ်သော ယွင်လျောင်ပင်လျှင် တည်ငြိမ်မှု ပျက်ပြားသွားကာ ဆွဲအားနယ်ပယ်အတွင်းမှ ခုန်ထွက်လာပြီး "ဂိုဏ်းချုပ်က ဘယ်နေရာအသစ်လဲဆိုတာ ပြောသွားသေးလား" ဟု မေးမြန်းသည်။

"ဟုတ်တယ်... ဂိုဏ်းချုပ်က တစ်ခုခုများ ထပ်ပြောသွားသေးလား"

သူတို့၏ မျက်ဝန်းများအတွင်းရှိ မျှော်လင့်တကြီး တောက်ပနေသော အရိပ်အယောင်များကို မြင်တွေ့လိုက်ရသောအခါ ဟွမ်ယီသည် မသိစိတ်ဖြင့် နောက်သို့ တစ်လှမ်းဆုတ်မိသွားသည်။

ကံကောင်းထောက်မစွာဖြင့် ယခုမှာ ညအချိန် မဟုတ်သောကြောင့်ပင်။

သို့မဟုတ်ပါက ဤသူနှစ်ဦးမှာ ကာမရမ္မက် ထူပြောသူများဟု သူမ အမှန်တကယ် ထင်မှတ်မိပေလိမ့်မည်။

"မပြောသွားပါဘူး။ ဒါပေမဲ့ တစ်နေ့ကို ရွှေဒင်္ဂါး ၅၀ ဆိုတာ များများသွားမလားဆိုပြီး တစ်ယောက်တည်း ရေရွတ်နေတာတော့ ကြားလိုက်သလိုပဲ။ ဒါနဲ့ လီလီ... နင်ကော အဲဒါဘာကို ဆိုလိုတာလဲဆိုတာ သိလား။ ဘာအရာကများ အဲဒီလောက်တောင် ဈေးပေါနေရတာလဲ"

ရန်လီလီ၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး မတတ်သာသလိုပင် "နင့်လို မိစ္ဆာစားဖိုမှူးမလေးမှာက သုံးမကုန်တဲ့ ငွေတွေရှိနေတာဆိုတော့ ဒီလိုမျိုး ပြောနိုင်တာပေါ့" ဟု ပြောလိုက်သည်။

ယခုအခါ သူသည် စိတ်ထဲမှ စတင်တွက်ချက်နေတော့သည်။ ဆွဲအားနယ်ပယ်သည် ကျင့်ကြံမှု ကဏ္ဍအသီးသီးကို ကိုးဆ မြှင့်တင်ပေးနိုင်သည့်အပြင် အောင်းနေသော စွမ်းရည်များကိုပါ လှုံ့ဆော်ပေးနိုင်သည့် တိုက်ခိုက်ရေးစနစ်လည်း ရှိနေသည်။ ဤကဲ့သို့သော အရာမျိုးပင်လျှင် တစ်နေ့လျှင် ရွှေဒင်္ဂါး ၃၀ သာ ကုန်ကျသည်။

ဒါဆိုရင် တစ်နေ့ကို ရွှေဒင်္ဂါး ၅၀ တောင် ကုန်မှာက ဘယ်လိုမျိုးဟာမို့လို့လဲ။

အမှန်စင်စစ် သူသည် ရွှေဒင်္ဂါး ၃၀ ကို နည်းပါးသည်ဟု ယူဆခြင်း မဟုတ်ပေ။ သို့သော် ကျင့်ကြံခြင်းနှင့် ပတ်သက်လာလျှင် ငွေမည်မျှပင် ကုန်ကျပါစေ ထိုက်တန်သည်ဟု သူ ယူဆထားခြင်းပင်။

"ကျောက်ချင်း သွားကြစို့။ ဂိုဏ်းချုပ်က ငါတို့ကို အသစ်အဆန်းတစ်ခုခု ပြတော့မယ်"

သူသည် စိတ်ထဲမှ တွေးတောရင်း ဆွဲအားနယ်ပယ်၏ အနားသတ်သို့ ပြေးသွားကာ အထဲတွင် ကျန်ရစ်နေသေးသော ကျောက်ချင်းကို လှမ်းခေါ်လိုက်သည်။ သူမမှာ အပြင်သို့ ထွက်လာရန် အနည်းငယ် နောက်ကျနေခြင်းပင်။

"လာပြီ"

ကျောက်ချင်းက ပြန်ထူးလိုက်သည်။

ဤအချိန်တွင် ယွင်လျောင် တွေးတောနေသည့် အချက်မှာ အခြားသူများနှင့် ကွာခြားလှသည်။ သူသည် ယနေ့နံနက်က တွေ့မြင်ခဲ့ရသော ဝမ်ပင်း၏ ကျင့်ကြံမှုအဆင့်ကို ပြန်လည်အမှတ်ရမိပြီး စိတ်ထဲတွင် ရဲတင်းသော ယူဆချက်တစ်ခု ပေါ်ပေါက်လာသည်။

ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်ရှစ်မှ အဆင့်တစ်ဆယ်သို့ ရောက်ရှိရန် သူကိုယ်တိုင်ပင် အနည်းဆုံး တစ်နှစ်ခန့် အချိန်ယူရပေလိမ့်မည်။ သို့သော် ဝမ်ပင်းမှာမူ တစ်ညတာအတွင်း၌ပင် အောင်မြင်သွားခဲ့သည်။

ဒီနေရာအသစ်က ဝမ်ပင်းကို တစ်ညတည်းနဲ့ နှစ်ဆင့်တောင် တက်သွားစေတဲ့ အကြောင်းရင်း ဖြစ်နေမလား။ ဒါက ကျင့်ကြံတဲ့အရှိန်ကို အဆတစ်ရာအထိ မြှင့်ပေးနိုင်တဲ့ စူပါဆွဲအားနယ်ပယ်မျိုးများ ဖြစ်နေမလား။

ယွင်လျောင်သည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်ကာ ပင်မဆောင်ရှိရာသို့ ချက်ချင်းပင် ပြေးထွက်သွားတော့သည်။ ရန်လီလီနှင့် ကျောက်ချင်းတို့ကလည်း သူ၏နောက်မှ ခြေလှမ်းကျဲကြီးများဖြင့် အမြန်လိုက်ပါသွားကြ၏။ အဘယ်ကြောင့်မှန်းမသိသော်လည်း သူတို့သည် ရုတ်တရက် အပြေးစတင်လိုက်ကြခြင်းပင်။ သူတို့၏ အရှိန်မှာ အလွန်ပင် လျင်မြန်လှသဖြင့် လေပွေတစ်ခုကို ဖန်တီးလိုက်သကဲ့သို့ ရှိပြီး ခဏအတွင်းမှာပင် အဝေးသို့ ပျောက်ကွယ်သွားကြတော့သည်။

ကျောက်ချင်းသည် ရန်လီလီနောက်သို့ အမီလိုက်ရင်း "နင် ငါ့ကို ဘာမှလည်း မပြောဘူး။ မစောင့်ဘူး။ ဘယ်လို သူငယ်ချင်းမျိုးလဲ" ဟု ဒေါသတကြီး လှမ်းအော်သည်။

"ငါ့ကို စောင့်ကြဦးလေ"

ဟွမ်ယီသည်လည်း သူတို့နောက်သို့ အော်ဟစ်ကာ လိုက်ပါသွားတော့သည်။

အခန်း။ ၃၄

ဒိုင်း….

မီးဖိုချောင်တံခါးမှာ အရှိန်အဟုန်ဖြင့် ပွင့်ထွက်သွားရာ ဝမ်ပင်း လက်ဖြင့်ကောက်ကိုင်ကာ အားရပါးရ စားရန်ပြင်နေသော အသားတစ်တုံးမှာ မီးဖိုပေါ်သို့ ပြုတ်ကျသွားတော့သည်။

"ငါ့အသားလေး..."

အစားအသောက် မက်မောသူတစ်ဦးဖြစ်သည့်အားလျော်စွာ ဝမ်ပင်းသည် သူခိုးစားနေစဉ်အတွင်း အိမ်ထောင်ရေးဖောက်ပြန်မှုကို ဖမ်းမိသကဲ့သို့ တစ်စုံတစ်ယောက်က ရုတ်တရက် ဝင်ရောက်နှောင့်ယှက်ခြင်းကို အမှန်တကယ်ပင် သည်းမခံနိုင်ပေ။

ဝင်လာသူမှာ ထမင်းချက်ဖြစ်လျှင်ပင် တော်သေးသော်လည်း ခေါင်းလှည့်ကြည့်လိုက်ရာ ရန်လီလီ ဖြစ်နေသည်ကို မြင်သောအခါ သူ၏စိတ်မှာ ချက်ချင်းပင် မကြည်မလင် ဖြစ်သွားရသည်။

ဝမ်ပင်းက အေးစက်စက် လေသံဖြင့် "တံခါးပျက်သွားရင် နင် လျော်ရမှာနော်" ဟု ပြောလိုက်သည်။

ရန်လီလီသည် သွားဖြဲပြကာ အပြာအလဲ တောင်းပန်လေတော့သည်။ ထို့နောက် ကျန်ရှိသည်များကို လျစ်လျူရှုကာ ဝမ်ပင်းအနားသို့ အပြေးအလွှား ချဉ်းကပ်လာပြီး မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသော မျက်ဝန်းအစုံဖြင့် စိုက်ကြည့်လိုက်၏။

"ဂိုဏ်းချုပ်... အသစ်အဆန်းတစ်ခုခု ထပ်ရှိလာမယ်လို့ ကြားတယ်နော်"

"နင် ဘယ်သူ့ဆီက ကြားတာလဲ"

"ဟွမ်ယီ ပြောတာပါ။ ကျွန်တော်ထင်တာတော့ ဒါ အမှန်ပဲ ဖြစ်ရမယ်။ မဟုတ်ရင်လည်း ဂိုဏ်းချုပ်က ကျွန်တော်တို့ကို စုခိုင်းမှာ မဟုတ်ဘူးလေ။ နည်းနည်းလောက် အရိပ်အမြွက် ပြောပြလို့ရမလား။ အဲဒါက ဆွဲအားနယ်ပယ်ထက် ပိုကောင်းတာလား"

"နင် ငါ့ကို မေးနေတာလား ဒါမှမဟုတ် နင့်ရဲ့ ဉာဏ်ကောင်းမှုကို ထုတ်ကြွားနေတာလား"

သူတို့နှစ်ဦး အပြန်အလှန် စနောက်နေကြသည်ကို ပြတင်းပေါက်အနား၌ ရပ်ကြည့်နေသော ကျောက်ချင်းမှာ အလွန်ပင် စိတ်မရှည် ဖြစ်လာတော့သည်။ သူမသည် သစ်သားစတစ်ခုကို ကောက်ယူ၍ လှမ်းပေါက်လိုက်ရင်း "လီလီ... အနှစ်သာရရှိတဲ့ စကားမျိုး ပြောလို့မရဘူးလား" ဟု လှမ်းအော်လိုက်၏။

ရန်လီလီက ဝေခွဲမရသည့် လေသံဖြင့် "ဘာကိုလဲ" ဟု ပြန်မေးလိုက်သည်။

တကယ်တော့ ဘယ်လိုစကားမျိုးတွေက အနှစ်သာရရှိလဲဆိုတာကို ငါက ဘယ်လိုလုပ် သိနိုင်မှာလဲ။

ဝမ်ပင်းသည် ရန်လီလီနှင့် ကျောက်ချင်းတို့ကို တစ်ချက် ကြည့်လိုက်သော်လည်း လျှို့ဝှက်

ချက်ကို ဆက်ပြီး မဖော်ထုတ်သေးပေ။ ထို့နောက် မီးဖိုပေါ်ရှိ ဟင်းလျာများကို ညွှန်ပြကာ "ဒါတွေကို အပြင်ကို သယ်သွားကြ။ အားလုံး စားသောက်ပြီးမှ ငါ ပြောပြမယ်" ဟု ပြောလိုက်သည်။

"ကောင်းပြီ အရင်စားကြမယ် အရင်စားကြမယ်"

ရန်လီလီသည် ဟင်းပွဲများကို သယ်ရန် မီးဖိုဆီသို့ အပြေးအလွှား သွားတော့သည်။ သူသည် ပန်းကန်လုံးများနှင့် တူများကိုပါ လိုက်လံပြင်ဆင်ပေးပြီး ဟင်းပွဲအားလုံး စုံလင်သွားမှသာ ရပ်နားလိုက်၏။ သို့သော်လည်း ထမင်းဝိုင်းတွင် ထိုင်လိုက်ပြီးနောက် သူသည် အစားအသောက်များကို လုံးဝ မတို့ထိပေ။

ဦးလေးဝမ်နှင့် ဝမ်ပင်းတို့ ထမင်းတစ်ပန်းကန်စီ ကုန်သွားသည့်တိုင်အောင် သူသည် အစားတစ်လုပ်ကိုမျှ ကောက်မစားသေးဘဲ ရှိနေသည်။

ဝမ်ပင်းက ဘေးနားရှိ ရန်လီလီကို တစ်ချက်ကြည့်ကာ "ဘာလို့ ငါ့ကို အဲဒီလို ကြည့်နေတာလဲ စားလေ" ဟု ပြောလိုက်သည်။

"ကျွန်တော် ထမင်းစားချင်စိတ် မရှိလို့ပါ"

"ထပ်ပြောကြည့်စမ်း"

ဟွမ်ယီက ချက်ချင်းပင် ထရပ်လိုက်၏။

ရန်လီလီက အပြာအလဲ ရှင်းပြသည်။

"ဟင်းတွေက မကောင်းဘူးလို့ ပြောတာမဟုတ်ပါဘူး။ တကယ်တော့ အခုအချိန်မှာ ငါ့စိတ်ထဲ စားချင်သောက်ချင်စိတ် မရှိလို့ပါ။ အသစ်အဆန်းက ဘာလဲဆိုတာပဲ သိချင်နေတာ"

"အဲဒါဆိုရင်လည်း ဟုတ်ပါပြီ"

ဟွမ်ယီသည် ကျေနပ်သည့် အပြုံးဖြင့် ပြန်လည်ထိုင်လိုက်သည်။

ဝမ်ပင်းသည် ဘယ်ညာဝေ့ကြည့်လိုက်ရာ သူ၏အကြည့်မှာ ယွင်လျောင်ထံသို့ ရောက်ရှိသွားသည်။ ယွင်လျောင်၏ အားနည်းလှသော သရုပ်ဆောင်ချက်များကို မြင်သောအခါ ဝမ်ပင်း တကယ်ပင် ရယ်ချင်သွားရ၏။

"ကဲ... အကြီးအကဲယွင် သရုပ်ဆောင်နေတာကို တော်လိုက်ပါတော့။ ခင်ဗျားရဲ့ တူက ဟင်းကိုတောင် မညှပ်မိဘဲ ဖြစ်နေပြီ"

"ဟဲဟဲ... အော်... ဟုတ်သားပဲ"

ယွင်လျောင်က ရယ်ကျဲကျဲဖြင့် ပြန်ပြောသည်။

ဝမ်ပင်းက ဆက်လက်၍ "ငါ အားလုံးကို ပြောပြမယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင် တစ်ခုတော့ ရှင်းရှင်းလင်းလင်း ပြောထားချင်တယ်။ မင်းတို့အားလုံးက ငါ့ရဲ့ မသေမျိုးဂိုဏ်းက တပည့်တွေပဲ။ မင်းတို့အတွက်ဆိုရင် ငါ့ရဲ့ အိတ်ကပ်ထဲက အရာအားလုံးကို ထုတ်ပေးပြီး ဂိုဏ်းရဲ့ အစွမ်းထက်တဲ့ လျှို့ဝှက်ချက်တွေကို သင်ကြားပေးဖို့ ဝန်မလေးဘူး။ ဒါပေမဲ့ တစ်ခုခုကို သင်ယူပြီးသွားလို့ ဂိုဏ်းကို သစ္စာဖောက်ဖို့ ကြံစည်မယ်ဆိုရင်တော့ ဒီဂိုဏ်းက မင်းတို့ကို ဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ဘူး"

ဝမ်ပင်းသည် ပြောနေရင်းနှင့် တောင်စောင့်ခွေး ဟားဟားကို ညွှန်ပြလိုက်၏။

အညွှန်းခံလိုက်ရသောအခါ ဟားဟားသည် ထရပ်ကာ ဒေါသတကြီး နှစ်ချက်မျှ ဟောင်လိုက်သည်။

ရန်လီလီသည် ဟားဟားကို ကြည့်ကာ ရယ်ချင်စိတ်ကို အောင့်ထားရင်း "ဂိုဏ်းချုပ်ရယ်... ကျွန်တော်တို့ကို အချိန်ဆွဲမနေပါနဲ့တော့။ ကျွန်တော်တို့က ငတုံးတွေ မဟုတ်ပါဘူး။ ဘာဖြစ်လို့ ဂိုဏ်းကို သစ္စာဖောက်မယ့်အလုပ်မျိုးကို လုပ်ရမှာလဲ" ဟု ပြောလိုက်သည်။

ဝမ်ပင်းသည် ဟားဟား၏ ခေါင်းကို ပုတ်ပေးရင်း အေးစက်စက် လေသံဖြင့် "ငါပြောတာကို မင်းတို့ မှတ်ထားစေချင်ရုံပါ။ တကယ်လို့ မင်းတို့စိတ်ထဲမှာ သစ္စာဖောက်ဖို့ အတွေးပေါ်လာခဲ့ရင် ငါ ဟားဟားကို တားမှာမဟုတ်ဘူး" ဟု ပြောလိုက်သည်။

ရန်လီလီက ဝမ်ပင်း စနောက်နေသည်ဟု ထင်မှတ်ကာ ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်၏။

"စိတ်မပူပါနဲ့ ဂိုဏ်းချုပ်ရာ။ တကယ်လို့ ကျွန်တော် ရန်လီလီသာ အဲဒီလိုလုပ်ခဲ့ရင် ခွေးကိုလွှတ်ပြီးသာ အကိုက်ခိုင်းလိုက်ပါ"

သို့သော် ကျန်ရှိနေသောသူများမှာမူ ဝမ်ပင်း၏ စကားကို ဟာသတစ်ခုကဲ့သို့ သဘောမထားကြပေ။

ဟားဟားကို ကြည့်သည့် သူတို့၏ အကြည့်များမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

မိစ္ဆာသတ္တဝါများ ဖြစ်ကြသည့် မြွေဝကြီးနှင့် ဝိညာဉ်ငါးတို့တွင် ထူးခြားသော အာရုံခံစားမှုများ ရှိကြသည်။ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်တစ်ဆယ်သုံးတွင် ရှိနေသော ယွင်လျောင်တွင်လည်း ထက်မြက်သော အာရုံခံနိုင်စွမ်း ရှိ၏။

ယနေ့တွေ့ရသော ဟားဟားမှာ ယခင်နှင့် လုံးဝ မတူတော့ကြောင်း သူတို့ မြင်နိုင်ကြသည်။

၎င်း၏ ရုပ်သွင်မှာ အရင်အတိုင်း လျှာထုတ်ကာ ကြမ်းပြင်ပေါ်တွင် မှောက်နေတတ်သည့် အဝါရောင် အမွှေးပွခွေးကြီးတစ်ကောင်သာ ဖြစ်သော်လည်း မျက်လုံးများအတွင်းမှ ပေါ်ထွက်နေသော အရှိန်အဝါမှာမူ ကွာခြားလှသည်။ ၎င်း၏ မျက်ဝန်းများထဲတွင် မီးတောက်များ ရှိနေသကဲ့သို့ ခံစားရပြီး ကြည့်မိသူများ၏ စိတ်ထဲ၌ အပူရှိန်ကို အမှန်တကယ် ခံစားလိုက်ရခြင်းပင်။

...

အမွှေးတိုင်တစ်တိုင် ကုန်ဆုံးရန် ကြာမြင့်သော အချိန်ခန့်ပြီးနောက်...

ဝမ်ပင်းသည် အိပ်ဆောင်နယ်မြေ၏ အပြင်ဘက်ရှိ ရေကန်ဘေးတွင် တည်ငြိမ်စွာ ထိုင်နေပြီး ရေကန်ထဲမှ ငါးများကို စိုက်ကြည့်နေသည်။ သူသည် ရံဖန်ရံခါတွင် ခေါင်းကို ရှေ့သို့ တိုး၍ ကြည့်လိုက်သေး၏။

ယွင်လျောင်က သူ၏ဘေးတွင် ရပ်ကာ "ဂိုဏ်းချုပ်... သွေးကြောဆိုင်ရာ ကျင့်စဉ်တွေဆိုတာ အရမ်းကို အဖိုးတန်တာပါ။ ဒါကို တကယ်ပဲ ဒီလောက် လွယ်လွယ်ကူကူ သင်ကြားပေးတော့မှာလား" ဟု မေးလိုက်သည်။

"ငါက မင်းတို့ကို လိမ်ပြောမယ်လို့ ထင်လို့လား"

"မဟုတ်ပါဘူး။ အဲဒီလိုဆိုရင်တော့ ကျွန်တော့်အတွက် ရက်ပေါင်း ၁၀၀ စာ ကြိုတင်စာရင်းသွင်းပါရစေ။ ဒီမှာ ရွှေဒင်္ဂါး ၅,၀၀၀ ရှိပါတယ်။ ဒီနေ့ကစပြီး ကျွန်တော် ဘယ်ကိုမှ မသွားတော့ဘဲ ဒီမှာပဲ အခြေချနေထိုင်တော့မယ်"

ဝမ်ပင်းက ပြုံးလိုက်ပြီး ယွင်လျောင်၏ လက်ထဲမှ ငွေစက္ကူကို လှမ်းယူလိုက်သည်။

အိပ်ဆောင်နယ်မြေဆီသို့ လျှောက်လှမ်းနေစဉ် ယွင်လျောင်၏ စိတ်ထဲ၌ ဟိုးယခင်က သူ၏ဖခင်နှင့်အတူ လေလံပွဲတစ်ခုသို့ သွားခဲ့ဖူးသော မြင်ကွင်းမှာ ပြန်လည်ပေါ်လာသည်။

ထိုစဉ်က အဘိုးအိုတစ်ဦးသည် ရွှေစင်ဖြင့် ပြုလုပ်ထားသော သေတ္တာတစ်လုံးကို သယ်ဆောင်လာပြီး ထိုအထဲတွင် အောက်တန်းစား အဝါရောင်အဆင့်ရှိသော သွေးကြောဆိုင်ရာ ကျင့်စဉ်တစ်ခု ပါရှိသည်။ ထိုနေ့က ရောက်ရှိလာသူများမှာ အင်အားကြီး မျိုးနွယ်စုအသီးသီးမှ လူကြီးသူမများ ဖြစ်ကြပြီး ဆင်ယွဲ့မြို့စားမင်းနှင့် ဟွာယွဲ့ဂိုဏ်းဟူသော အင်အားကြီးအဖွဲ့အစည်း နှစ်ခုလည်း ပါဝင်သည်။

လူပေါင်း ရာနှင့်ချီ၍ အော်ဟစ် အပြိုင်အဆိုင် လေလံဆွဲခဲ့ကြ၏။

"ရွှေဒင်္ဂါး တစ်သောင်း"

"ရွှေဒင်္ဂါး နှစ်သောင်း"

"ငါက ရွှေဒင်္ဂါး ငါးသောင်း ပေးတယ်"

"ငါ ယန်ပီလီက ရွှေဒင်္ဂါး ရှစ်သောင်း ပေးတယ်။ ဒီသွေးကြောဆိုင်ရာ ကျင့်စဉ်ကို ငါ အပိုင်ယူမှာပဲ။ ငါ့အခွင့်အရေးကို လုယူဖို့ ကြိုးစားတဲ့သူ ဘယ်သူမဆို ငါ့အကြောင်း သိစေရမယ်"

နောက်ဆုံးတွင်မူ မည်သူမျှ ရွှေဒင်္ဂါး တစ်သိန်းခွဲဟူသော ဈေးနှုန်းဖြင့် ချက်ချင်းဝယ်ယူနိုင်စွမ်း မရှိကြသဖြင့် ယန်ပီလီကပင် ထိုကျင့်စဉ်ကို ဗိုလ်ကျစိုးမိုးသော နည်းလမ်းဖြင့် ရရှိသွားခဲ့သည်။

သို့သော်လည်း ထိုအရာကြောင့် သူ အသက်ဆုံးရှုံးခဲ့ရခြင်းပင်။

သုံးရက်အကြာတွင် ယန်မျိုးနွယ်စုမှာ အမြစ်ပြတ် သုတ်သင်ခံလိုက်ရသည်။ ဆင်ယွဲ့မြို့ရှိ အင်အားစု တစ်ဝက်ကျော်မှာ ယန်မျိုးနွယ်စု နေအိမ်သို့ လူအင်အားများ စေလွှတ်ကာ တိုက်ခိုက်ခဲ့ကြသည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သည်။ ထိုနေ့က သေဆုံးသွားသော ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့်တစ်ဆယ်သုံးရှိ ပညာရှင် အရေအတွက်မှာ လေးဦးအထိ ရှိခဲ့သည်။

သို့သော် ထိုခဏ၌ အသံတစ်ခုက ယွင်လျောင်ကို သူ၏ အတိတ်မှတ်ဉာဏ်များထဲမှ နိုးထစေခဲ့သည်။

"ဂိုဏ်းချုပ်... ဒါက ကျွန်တော်နဲ့ ကျောက်ချင်းအတွက် ကျသင့်ငွေပါ။ ကျွန်တော်တို့ နှစ်ယောက်လုံး အရင်ဆုံး ဆယ်ရက်စာ ယူပါမယ်"

ရန်လီလီသည် ရွှေဒင်္ဂါး တစ်ထောင်တန် ငွေစက္ကူကို ကမ်းပေးပြီးနောက် အိပ်ဆောင်နယ်မြေအတွင်းသို့ အပြေးအလွှား ဝင်ရောက်သွားတော့သည်။ ခဏအကြာတွင်မူ သူ၏ ကျယ်လောင်သော အော်ဟစ်သံကြီး ထွက်ပေါ်လာ၏။

"ငါ့နားထဲမှာ နဂါးဟိန်းသံ ကြားနေရတယ်"

"ကျောက်ချင်း... သူ ငါ့ကို စကားပြောနေတာ။ သူက ငါ့ကို သူ၏ မြင့်မြတ်တဲ့ အစွမ်းတွေကို သင်ပေးချင်နေတာပဲ"

ထိုအချိန်တွင် ကျောက်ချင်းသည် ရေကန်ဘေး၌ ရပ်နေပြီး ရေအောက်ကို စိုက်ကြည့်ကာဒီရေကန်က ဘယ်လောက်အထိ နက်ရှိုင်းမလဲဟု တွေးတောနေမိသည်။

ရုတ်တရက်ဆိုသလို သူမ၏ စိတ်ထဲ၌ နဂါးဟိန်းသံတစ်ချက် ပဲ့တင်ထပ်သွား၏။

ထိုဟိန်းသံမှာ သူမ၏ ဦးခေါင်းအတွင်း၌ မရပ်မနား ပဲ့တင်ထပ်နေသဖြင့် သူမ၏ တစ်ကိုယ်လုံး တုန်ရီသွားရသည်။

ဝိညာဉ်ငါးများသည် ရေအောက်ကမ္ဘာတွင် တော်ဝင်မျိုးနွယ်များ ဖြစ်ကြသည်မှာ သံသယဖြစ်ဖွယ် မရှိသော်လည်း နဂါးမျိုးနွယ်များ၏ ရှေ့တွင်မူ အစေခံမျှသာ ဖြစ်ကြပြီး နဂါးများ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသည်ကို အသေအချာ သိရှိကြသည်။ ပတ်ဝန်းကျင်တွင် နဂါးများ မရှိမှန်း သိသော်လည်း နဂါးတို့၏ အရှိန်အဝါကြောင့် သူမမှာ ကြောက်လန့်တကြား ဖြစ်သွားရသည်။ ရလဒ်အနေဖြင့် သူမ၏ ခြေထောက်များမှာ ပျော့ခွေသွားပြီး မတ်တပ်ရပနိုင်စွမ်းပင် ရှိပါဦးမလားဟု မသေချာတော့ချေ။

"လီလီ... ဒီကိုလာပြီး ငါ့ကို လာတွဲပေးဦး"

"နင် ဘာဖြစ်တာလဲ"

"ဘာမှမဖြစ်ပါဘူး။ ငါ အရမ်းဝမ်းသာသွားလို့ပါ။ ဒီသွေးကြောဆိုင်ရာ ကျင့်စဉ်က တကယ်တော့ နဂါးမျိုးနွယ်ရဲ့ မြင့်မြတ်တဲ့ အစွမ်းတွေကနေ ဆင်းသက်လာတာပဲ"

"ငါလည်း ဒါမျိုးဖြစ်လာလိမ့်မယ်လို့ မထင်ထားဘူး။ ငါတို့ နက်နဲသောနယ်ပယ်ကို ရောက်သွားတဲ့အခါ ငါတို့ရဲ့ အော်ဟစ်သံတစ်ချက်ကတင် မြစ်တွေ၊ ပင်လယ်တွေကို ပြင်းထန်စွာ လှုပ်ခတ်သွားစေလိမ့်မယ်"

ဘေးနားတွင် ရပ်နေသော ဟွမ်ယီမှာမူ နောက်ဆုံးတွင်မှ သတိပြန်ဝင်လာတော့သည်။ သူမသည် မသိစိတ်ဖြင့် ပါးစပ်ထဲတွင် စုနေသော တံတွေးများကို မျိုချလိုက်ပြီး မျက်နှာပေါ်ရှိ ချွေးစေးများကို သုတ်လိုက်၏။ သူမ၏ စိတ်ထဲ၌ ဖြစ်ပေါ်နေသော ဝမ်းသာပီတိမှာ စကားလုံးဖြင့် ဖော်ပြရန်ပင် ခက်ခဲလှသည်။

သူမသည် နေရာအနှံ့သို့ ရောက်ဖူးခဲ့သော်လည်း ဤနေရာကဲ့သို့ စိတ်ရင်းမှန်ဖြင့် အခြေချနေထိုင်လိုစိတ် ပေါက်အောင် လုပ်ဆောင်နိုင်သည့် နေရာမျိုးကို တစ်ခါမျှ မတွေ့ခဲ့ဖူးချေ။

နက်နဲတဲ့နယ်ပယ်က မိစ္ဆာကြီးတစ်ပါးက သူမကို တပည့်အဖြစ် လက်ခံချင်တယ်ဆိုရင်တောင် ဘာဖြစ်လဲ။

အဲဒီနေရာမှာ သွေးကြောဆိုင်ရာကျင့်စဉ်ကို သင်ယူခွင့် ရနိုင်ပါ့မလား။

အမှန်စင်စစ် ထိုမိစ္ဆာကြီးများ ကိုယ်တိုင်ပင်လျှင် ဤကဲ့သို့သော ကျင့်စဉ်မျိုးနှင့် အကျွမ်းတဝင်ရှိသည်မှာ မကြာသေးလောက်ပေ။

ဟွမ်ယီသည် ရုတ်တရက် စိတ်မကောင်းဖြစ်သွားကာ "အဖေ... သမီး တောင်းပန်ပါတယ်။ နောင်ကျရင် အဖေ တစ်ယောက်တည်းပဲ လောကအနှံ့ လှည့်လည်သွားလာရတော့မယ်။ သမီးလေးက အဖေ့နောက်ကို မလိုက်နိုင်တော့ဘူး" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။

ထို့နောက် သူမသည် အင်္ကျီအတွင်းမှ ငွေစက္ကူအထပ်လိုက်ကို ထုတ်ယူကာ ဝမ်ပင်းကို လှမ်းပြရင်း အော်ဟစ်လိုက်၏။

"ဂိုဏ်းချုပ်... ကျွန်မ တစ်နှစ်စာ ကြိုတင်စာရင်းသွင်းချင်ပါတယ်"

All Chapters