အခန်း (၁၉-၂၀)
Vol. 2 Ch. 19-20
အခန်း။ ၁၉
ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ တောင် ရောက်နေတဲ့ တစ်မြို့လုံးက ဒူးထောက်ရမယ့် ပညာရှင်ကြီးတစ်ဦးကတောင် ဒီဂိုဏ်းရဲ့ မီးဖိုချောင်ထဲမှာ ပန်းကန်တွေကို အေးအေးဆေးဆေး ဆေးကြောနေရတာလေ။
အဲဒီလို ပညာရှင်ကြီးတွေတောင်မှ ဘာမှမညည်းညူဘဲ တာဝန်ထမ်းဆောင်နေကြတာကို...ငါတို့က နေထိုင်စရာ နေရာလေး အနည်းငယ် စုတ်ချာရုံနဲ့ ဘာဖြစ်လို့ ဒီလောက်အထိ မကျေမနပ် ဖြစ်နေရမှာလဲ။ ငါတို့ထက် အဆပေါင်းများစွာ သာလွန်တဲ့သူတောင် ဒီဂိုဏ်းရဲ့ အောက်ခြေအလုပ်တွေကို လုပ်နေရတဲ့ဟာ….
ယွင်လျောင်က ခေါင်းလှည့်ကြည့်ကာ မေးမြန်းလိုက်သည်။
"မင်းတို့ ငါ့ကို ဘာကိစ္စနဲ့ ရှာတာလဲ"
ရန်လီလီက အလျင်အမြန် ခေါင်းခါယမ်းလိုက်ပြီး ဘေးနားရှိ ဝါးပြွန်ထဲမှ ထမင်းစားတုတ်တစ်စုံကို ကောက်ယူလိုက်ရင်း ပြုံးလျက် လှည့်ထွက်လာခဲ့၏။
"တကယ်တော့ ကျွန်တော် ထမင်းစားတုတ် လာရှာတာပါ"
စကားဆုံးသည်နှင့် ရန်လီလီသည် မီးဖိုချောင်ထဲမှ ထွက်ခွာသွားလေတော့သည်။
...
ဝမ်ပင်းအကြောင်း ပြောရလျှင်မူ သူသည် ခေတ္တမျှ အနားယူပြီးနောက် အနောက်တောင်ကုန်းသို့ တစ်ဖန် ပြန်လည်ထွက်ခွာလာခဲ့ပြန်သည်။ ယခုအခါတွင်မူ ဤနက်ရှိုင်းသော ရေကန်ကြီးကို ကြည့်ရသည့် ခံစားချက်မှာ ယနေ့နံနက်ကနှင့် လုံးဝ ခြားနားနေသည်။ ရေများမှာ အလွန်ပင် ကြည်လင်နေသည်ကို တွေ့ရသဖြင့် ဝမ်ပင်းသည် လက်ဖဝါးဖြင့် ခပ်ယူကာ မြည်းစမ်းကြည့်လိုက်၏။ ရေမှာ တစ်မျိုးလေး ချိုအီနေသယောင် ရှိသည်။
သို့သော် ရေကန်မှာ အလွန်နက်ရှိုင်းလှသဖြင့် သူ ငုံ့ကြည့်လိုက်သည့်အခါ မှောင်မည်းနေသည်ကိုသာ မြင်တွေ့ရ၏။ ဝမ်ပင်းအနေဖြင့် အောက်ခြေတွင် ကျောက်နဂါးတစ်ကောင် အိပ်ပျော်နေသည်ကို သဘာဝကျကျပင် မေ့လျော့မနေခဲ့ချေ။ သူ မြင်တွေ့နေရသည့် အမှောင်ထုမှာ ကျောက်နဂါး၏ အရေခွံပင် ဖြစ်နိုင်သည်။
ကျောက်နဂါးများသည် နဂါးမျိုးနွယ်ဝင်များ ဖြစ်ကြပြီး အခြားသော မိစ္ဆာသတ္တဝါများနှင့် ယှဉ်လျှင် မွေးရာပါ အဆင့်အတန်း မြင့်မားသူများ ဖြစ်ကြ၏။ ထို့ကြောင့် သူတို့ ထုတ်လွှတ်သော သွေးမျိုးဆက်ဆိုင်ရာ ဖိအားမှာပင် အခြားသော မိစ္ဆာသတ္တဝါများအား အနားမကပ်ရဲအောင် လုပ်ဆောင်ရန် လုံလောက်သည်။
တစ်ခါတစ်ရံတွင် ဝမ်ပင်းသည် အကယ်၍ သူသာ လင်းငါးမလေးကို ရေထဲသို့ ပစ်ချလိုက်ပါက သူမအနေဖြင့် အလွန်အမင်း ကြောက်လန့်သွားပြီး မလှုပ်မယှက် ဖြစ်သွားမလားဟု တွေးမိတတ်သေးသည်။
သို့သော် ဤသည်မှာ အတွေးစတစ်ခုမျှသာ ဖြစ်၏။
သူသည် ထိုသို့လုပ်ရန်အထိ အားယားနေသူ မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် ဝမ်ပင်းသည် ရေကန်ဘေး၌ တင်ပျဉ်ခွေထိုင်ကာ စီးဆင်းနေသော ရေလှိုင်းသံများကို အာရုံစိုက် နားထောင်ရင်း ကျောက်နဂါး၏ ဒေါသအတတ်ပညာ သွတ်သွင်းခြင်းကို စတင်လက်ခံလိုက်တော့သည်။
[သွတ်သွင်းမှု တိုးတက်မှုနှုန်း ၃၀% (အခြေခံအဆင့်)]
နောက်တစ်နေ့...
"အကြီးအကဲယွင်"
"ခဏလေး စောင့်ပါဦး"
နာရီဝက်ခန့် ကြာပြီးနောက် ဝမ်ပင်းက ထပ်ခေါ်လိုက်ပြန်သည်။
"အကြီးအကဲယွင်... ကျွန်တော်တို့ သွားရတော့မယ်"
"ကျွန်တော့်ကို ခဏလောက် ထပ်စောင့်ပေးပါဦး"
နောက်ထပ် နာရီဝက် ထပ်မံကုန်ဆုံးသွားပြန်သည်။
ဝမ်ပင်း အမှန်တကယ်ပင် ဆက်လက်သည်းမခံနိုင်တော့ချေ။ ဤလူသည် ဆွဲငင်အားနယ်ပယ်ထဲ၌ ကျင့်ကြံရင်း အချိန်ကို ဆွဲနေခြင်းပင်။ သူက ခဏလေးဟု ဆိုသော်လည်း ယခုဆိုလျှင် တစ်နာရီပင် ကြာသွားခဲ့ပြီ ဖြစ်သည်။
ဝမ်ပင်း မော့ကြည့်လိုက်သည့်အခါ မွန်းတည့်ချိန်ပင် ရောက်နေပြီ ဖြစ်သည်။
စိတ်မရှည်ဖြစ်လာမှုကြောင့် ဝမ်ပင်းသည် ကျောက်နဂါး၏ ဒေါသအတတ်ပညာကို ထုတ်ဖော်ကာ အားရပါးရ ဟိန်းဟောက်လိုက်သည်။
"ယွင်လျောင်... ခင်ဗျား ပြောထားတဲ့စကားကို တည်အောင်လုပ်လို့ မရဘူးလား"
သူ၏အသံမှာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှပြီး စစ်မှန်သော နဂါးတစ်ကောင်၏ ဟိန်းဟောက်သံနှင့်ပင် တူသည်။
ချက်ချင်းပင် ဆွဲငင်အားနယ်ပယ်ထဲ၌ ကျင့်ကြံနေသော ကျောက်ချင်း၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားတော့သည်။ ယခုအခါ သူမ ဝမ်ပင်းကို ကြည့်နေသည့် အကြည့်များမှာ ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေ၏။
ထို့ပြင် သူမ၏ ဝိညာဉ်အနက်ရှိုင်းဆုံးပိုင်းမှ တုန်လှုပ်ချောက်ချားလာမှုကြောင့် တစ်ကိုယ်လုံးမှာလည်း ရေခဲကဲ့သို့ အေးစက်သွားရသည်။
သူမ ဝမ်ပင်း၏ ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်မိ၏။ ဝမ်ပင်း၏ ဟိန်းဟောက်သံကြောင့်ပင် အမြင့် တစ်ပေခွဲခန့်ရှိသော ကျောက်တုံးကြီးမှာ အက်ကွဲသွားခဲ့ကာ ထိုအက်ကြောင်းများမှာ ဦးလေးဝမ်၏ မျက်နှာပေါ်ရှိ အရေးအကြောင်းများကဲ့သို့ပင် စိတ်ပျက်စရာကောင်းလောက်အောင် ထူထပ်နေသည်။ ထို့ပြင် ဝမ်ပင်း၏ ဘေးပတ်ပတ်လည် ၅ မီတာ အကွာအဝေးအတွင်းရှိ မြေပြင်မှာလည်း တစ်စုံတစ်ယောက်က အတင်းခွာထုတ်ထားသည့်အလား ဖြစ်နေ၏။ ၁၀ မီတာခန့် အကွာအဝေးရှိ သစ်ပင်များမှ သစ်ကိုင်းအသေးလေးများမှာလည်း ကျိုးပဲ့ကုန်ကြသည်။
ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် (၅) မျှသာရှိသော ရန်လီလီမှာမူ အလွန်အမင်း တုန်လှုပ်သွားရသဖြင့် မြေပြင်ပေါ်သို့ ပုံရက်သား ထိုင်ကျသွားခဲ့ရပြီး အတော်ကြာအောင်ပင် ပြန်ထမလာနိုင်တော့ချေ။
ထိုအခါမှသာ ယွင်လျောင်သည် ကျင့်ကြံနေမှုအပေါ် အပြည့်အဝ အာရုံစိုက်ထားရာမှ သတိပြန်ဝင်လာခဲ့သည်။ သူသည် ဝမ်ပင်းကို အံ့ဩတကြီး စိုက်ကြည့်နေမိ၏။
"ဒါ... ဒါက ဘာလဲ"
"ဒါ ခင်ဗျားကို သင်ပေးမယ်လို့ ကျွန်တော် စီစဉ်ထားတဲ့ အတတ်ပညာပဲ။ အကယ်၍ ခင်ဗျားက ကျွန်တော့်အချိန်တွေကို ဆက်ပြီး ဖြုန်းနေဦးမယ်ဆိုရင်တော့ ခင်ဗျား ပန်းကန်တွေကို တစ်နှစ်လုံး ဆေးပေးမယ်ဆိုရင်တောင် ဒါကို ကျွန်တော် သင်ပေးမှာ မဟုတ်ဘူး"
"မ... မလုပ်ပါနဲ့ဗျာ။ ကျွန်တော် အခုချက်ချင်း ထွက်လာခဲ့ပါ့မယ်"
ယွင်လျောင်သည် ဆွဲငင်အားနယ်ပယ်ထဲတွင် ကျင့်ကြံနေမှုကို ချက်ချင်းရပ်တန့်ကာ အပြင်သို့ အပြေးအလွှား ထွက်လာခဲ့သည်။ ထို့နောက် ဘေးသို့ပြေးကာ အပေါ်ဝတ်ရုံကို ကမန်းကတန်း ဝတ်ဆင်လိုက်သည်။
နာရီဝက်ခန့် ကြာပြီးနောက် ဝမ်ပင်းသည် ယွင်လျောင်နှင့်အတူ မသေမျိုးဂိုဏ်းမှ နောက်ဆုံးတွင် ထွက်ခွာနိုင်ခဲ့သည်။ သူတို့သည် ဆန်းဝူမြို့ရှိ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့၏ ဌာနခွဲဆီသို့ ဦးတည်ကာ လျှောက်လှမ်းလာကြ၏။
သူ၏ ရည်ရွယ်ချက်မှာ သုံးလစာ ဘေးကင်းလုံခြုံမှု ရရှိရေးအတွက် ရှီဟွာနှင့် ချိန်းဆိုထားသည့်အတိုင်း တွေ့ဆုံရန်ပင်။
ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့၏ ဌာနခွဲမှာ ဆန်းဝူမြို့၏ မြောက်ဘက်ပိုင်းတွင် တည်ရှိကာ ဤမြို့ကို မတည်ဆောက်မီကတည်းက ရှိနှင့်နေခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ မူလက ၎င်းကို တည်ထောင်ခဲ့သည့် ရည်ရွယ်ချက်မှာ အင်းအိုင်ကြီး ၁၀၈ ခုမှ လာရောက်ကြသော မိစ္ဆာမျိုးနွယ်စုများ ဤနယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်ခြင်းကို တားဆီးရန်အတွက်ပင်။
သို့သော်လည်း နောက်မျိုးဆက်များက မိစ္ဆာများနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့ကြပြီးနောက်တွင်မူ မျိုးနွယ်စုနှစ်ခုကြား ဆက်ဆံရေးမှာ များစွာ ပြေလည်လာခဲ့ပြီး လူသားများကြားတွင် မိစ္ဆာများ၏ အရိပ်အယောင်များကိုပင် စတင်တွေ့မြင်လာရတော့သည်။
နှစ်ပေါင်း ၁၀၀၀ ကြာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက်တွင်မူ အဆိုပါအဖွဲ့သည် အင်းအိုင် ၁၀၈ ခုလုံးတွင် ဌာနခွဲများ ရှိလာခဲ့ကာ မိုးကမ္ဘာအိုင်နယ်မြေ၌ အကြီးဆုံးအဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့သည်။
၎င်းသည် မိုးကမ္ဘာအိုင်အတွင်းရှိ တစ်ခုတည်းသော ကြယ်ငါးပွင့် အဆင့်ရှိ အင်အားစုကြီးလည်း ဖြစ်သည်။
ဤနေရာမှာ ဌာနခွဲတစ်ခုမျှသာ ဖြစ်သော်လည်း ဗိသုကာလက်ရာများမှာ မသေမျိုးဂိုဏ်း၏ အတိတ်က ပင်မခန်းမဆောင်ကြီးနှင့် နှိုင်းယှဉ်လျှင်ပင် နောက်ကျခြင်း မရှိချေ။ ထို့ပြင် ဘေးဘက်ရှိ ကျောက်ကုန်းများပေါ်တွင် ခံ့ညားလှသော ကျောက်သားကျားရုပ်ကြီး နှစ်ရုပ်မှာ ဝပ်စင်းနေကြသည်။ အရွယ်ရောက်ပြီးသား ကျားအစစ်တစ်ကောင်မှာပင် ထိုကျောက်ရုပ်ကြီးများ၏ တစ်ဝက်ခန့်သာ ရှိပေလိမ့်မည်။
ဝမ်ပင်းသည် ရှီဟွာနှင့် ပြန်လည်ဆုံတွေ့ချိန်တွင် သူမ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပျက်ယွင်းနေကာ သူမသည် လမ်းဘေးတွင် ရပ်နေရင်း ဝမ်ပင်းကို စိုက်ကြည့်ကာ စစ်မေးသည့် လေသံဖြင့် မေးလိုက်၏။
"ဝမ်ပင်း... ငါတို့ ဘယ်အချိန် ချိန်းထားတာလဲ။ နင် ဘာလို့ အခုမှ ရောက်လာရတာလဲ"
ဝမ်ပင်းက ဘေးနားရှိ ယွင်လျောင်ကို တစ်ချက်ကြည့်ကာ မျက်လုံးအသာလှန်လိုက်မိသည်။ ထို့နောက် ရှီဟွာကိုသာ အားနာနာဖြင့် တောင်းပန်လိုက်ရသည်။
"တောင်းပန်ပါတယ်... ဂိုဏ်းထဲမှာ အရေးကြီးကိစ္စလေးတွေ ပေါ်လာလို့ နည်းနည်း နောက်ကျသွားတာပါ"
ယွင်လျောင်မှာ ကျင့်ကြံနေရင်း အရာအားလုံးကို မေ့လျော့နေသည့် တရားဝင် အခြေအနေထဲသို့ ရောက်သွားသောကြောင့် ဝမ်ပင်းမှာ အကြာကြီး စောင့်ဆိုင်းခဲ့ရခြင်းပင်။
ကောင်းကင်ကို မော့ကြည့်လိုက်သည့်အခါ ဝမ်ပင်း သိလိုက်သည်မှာ သူတို့ ချိန်းဆိုထားသည့် မွန်းတည့်ချိန်ထက် အတော်ပင် ကျော်လွန်နေပြီ ဖြစ်ကြောင်းပင်။
အမှန်အတိုင်းပြောရလျှင် ရှီဟွာသည် ဝမ်ပင်း၏ စကားကို မယုံကြည်ပေ။ ထို့ကြောင့် သူမက ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။
"အခုအချိန်မှာ မသေမျိုးဂိုဏ်းမှာ လူတစ်ယောက်မှတောင် ရှိတာမဟုတ်ဘူး။ နင်က ဘာကိစ္စတွေ ဒီလောက် အလုပ်ရှုပ်နေလို့လဲ။ နင် အချိန်မမှန်ဘူးဆိုတာ ကြိုသိရင် ငါ ဒီနေ့ လာမှာမဟုတ်ဘူး"
"ဆောရီးပါ... ငါ့အမှားပါ။ ဒီနေ့အတွက် တောင်းပန်တဲ့အနေနဲ့ နင့်ကို နောက်မှ ထမင်းတစ်နပ် ပြန်ကျွေးပါ့မယ် ဟုတ်ပြီလား"
"အဲဒီလောက်ထိတော့ မလိုပါဘူး။ ငါတို့က သိကျွမ်းနေတဲ့သူတွေပဲဟာ ခဏလောက် စောင့်ရတာ ကိစ္စမရှိပါဘူး။ ဒါနဲ့ ငါပေးလိုက်တဲ့ အချက်အလက်တွေကိုရော ဖတ်ပြီးပြီလား"
"အင်း... ဖတ်ပြီးပြီ။ ဒါပေမဲ့ တချို့နေရာတွေက အရမ်းကြီး ချဲ့ကားထားသလို ဖြစ်နေလို့ ငါ နည်းနည်းတော့ ပြင်လိုက်တယ်။ ဒါပေမဲ့ အဓိက အချက်အလက်တွေကတော့ နင်ရေးပေးထားတဲ့အတိုင်းပါပဲ"
"ပြဿနာမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ဒါက အချိန်ဆွဲတဲ့ နည်းဗျူဟာတစ်ခုပဲလေ။ နင့်မှာ နယ်မြေရှိတယ်၊ ဂိုဏ်းရှိတယ်၊ ဒီနေ့ကတော့ နင့်နာမည် လာစာရင်းသွင်းရုံပါပဲ"
ရှီဟွာသည် ပြောပြောဆိုဆိုဖြင့် ကျောက်ကျားရုပ်ကြီးများကို ကျော်ဖြတ်ကာ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ ဌာနခွဲအတွင်းသို့ လှမ်းဝင်လိုက်သည်။
အောက်တွင် သူမ လျှောက်လှမ်းရင်း ရင်ထဲ၌ မတတ်သာသလို သက်ပြင်းချမိ၏။
ငါ့မှာ ဘာလို့ ဒီလိုသူငယ်ချင်းမျိုး ရှိနေရတာလဲ။
မိန်းကလေးတစ်ယောက်ကို အကြာကြီး စောင့်ခိုင်းတဲ့ ယောကျ်ားမျိုး ဘယ်မှာရှိလို့လဲ။
သို့သော်လည်း ဝမ်ပင်း၌ သူမ အမှန်တကယ် လိုအပ်နေသောအရာ ရှိနေသည်။
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူမသည် ရုတ်တရက် ဝမ်ပင်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ဝမ်ပင်း... ငါ ရေကြည်လမ်းမှာ ကိုယ်ခံပညာသင်တန်းကျောင်းတစ်ခု ဖွင့်ထားတယ်။ နင် ငါ့ကို လာကူညီပေးပါလား။ ဘာပဲဖြစ်ဖြစ် နင့်ရဲ့ မသေမျိုးဂိုဏ်းမှာလည်း လုပ်စရာ သိပ်ရှိတာမဟုတ်ဘူး။ အချိန်ရရင် ငါ့ဆီက တပည့်လေးတွေကို လာသင်ပေးပါဦး"
"ဒါက..."
ဝမ်ပင်းအနေဖြင့် အကြောင်းပြချက် ခိုင်ခိုင်လုံလုံ ရှိသော်လည်း သူမကို အမှန်အတိုင်း မပြောနိုင်ပေ။
ရှီဟွာသည် သူ့ကို များစွာ ကူညီခဲ့ဖူးသဖြင့် သူမအပေါ် အကြွေးတင်နေသည်ဟုပင် ပြောနိုင်သည်။ အကယ်၍ ယခု သူမကို တိုက်ရိုက် ငြင်းဆိုလိုက်မည်ဆိုလျှင် အလွန်ပင် ရက်စက်ရာ ကျပေလိမ့်မည်။
သို့သော်လည်း သူမကို မငြင်းဘဲ သင်တန်းကျောင်းသွားပြီး လူတွေကို သင်ပေးနေရမည်ဆိုလျှင်လည်း အချိန်ကုန်လွန်းသည်။
ရှီဟွာသည် ဝမ်ပင်း တစ်ခုခုကို တိုးတိုးလေး ရေရွတ်နေပြီး ချက်ချင်း သဘောမတူသည်ကို မြင်သောအခါ ဆက်ပြောလိုက်သည်။
"နင် ဘာမေးချင်နေလဲဆိုတာ ငါသိပါတယ်။ အခကြေးငွေ အကြောင်းမလား။ ငါ နင့်ကို တစ်လ ရွှေဒင်္ဂါး ၁၀ ပြား ပေးမယ်။ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၇ ရှိတဲ့ ကျင့်ကြံသူတစ်ယောက်အတွက် ဒီလောက်ဆိုရင် အနှိမ်ခံရတယ်လို့ မထင်လောက်ပါဘူးနော်"
"ရွှေဒင်္ဂါး ၁၀ ပြား... ကျွန်တော်..."
ရှီဟွာက ဆက်၍ "နင် ဘာစဉ်းစားနေတာလဲ။ ဆန်းဝူမြို့မှာ တစ်လကို ရွှေဒင်္ဂါး ၁၀ ပြား ပေးနိုင်တဲ့ သင်တန်းကျောင်းဆိုတာ လက်ချိုးရေလို့တောင် ရတယ်။ အေးအေးဆေးဆေးလေး သင်ပေးရုံနဲ့ ၁၀ ပြား ရမှာကို နင်က နစ်နာတယ်လို့ ထင်နေတာလား။ ပြီးတော့ အလုပ်ကလည်း ပေါ့ပေါ့ပါးပါးပဲ။ ငါ့ကျောင်းက ကလေးတွေက ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁ ပဲ ရှိကြသေးတာ။ အဆင့် ၇ ရှိတဲ့ နင့်ရဲ့ အရည်အချင်းနဲ့ဆိုရင် သူတို့ကို လမ်းပြပေးဖို့က အရမ်း လွယ်ကူမှာ မဟုတ်ဘူးလား"
"ကျွန်တော့်ကိစ္စကို အရင်ဆုံး ရှင်းလိုက်ရအောင်ပါ။ ပြီးမှပဲ ဒါကို ထပ်ဆွေးနွေးကြတာပေါ့။ အချိန်တွေလည်း အများကြီး ကျန်ပါသေးတယ်"
ဝမ်ပင်းမှာ မတတ်သာသည့်အဆုံး အချိန်ဆွဲသည့် နည်းလမ်းကိုသာ သုံးလိုက်ရတော့သည်။ ထိုစဉ် သူ၏ဘေးမှ ယွင်လျောင်၏ တဟဲဟဲ ရယ်သံကို ကြားလိုက်ရ၏။
ယွင်လျောင်တစ်ယောက် သူ၏ ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ကြောင်း ဝမ်ပင်း သိလိုက်သည်။
ယွင်လျောင်က ဝင်ပြောလိုက်သည်။
"ဟုတ်တယ် ဂိုဏ်းချုပ်ဝမ်... သင်တန်းဆရာ လုပ်ပြီး တစ်လ ရွှေဒင်္ဂါး ၁၀ ပြား ရမယ်ဆိုတာ တကယ်ကို ဝင်ငွေကောင်းတဲ့ အလုပ်ပဲဗျ"
"သွားစမ်း... ခင်ဗျား ဆက်ပြောနေဦးမယ်ဆိုရင်တော့ ကျွန်တော် ဘာမှ သင်မပေးတော့ဘူးနော်"
ယွင်လျောင်သည် အလျင်အမြန်ပင် ပါးစပ်ကို ပိတ်ကာ တိတ်ဆိတ်သွားတော့သည်။
သို့သော်လည်း သူ၏ စကားကို ရှီဟွာက ချက်ချင်းပင် ဖမ်းဆုပ်လိုက်ပြီး "တွေ့လား... နင့်သူငယ်ချင်းကတောင် အခြေအနေကို နားလည်သေးတယ်။ ငါပေးတဲ့ လစာက အများကြီးဆိုတာ သူတောင် သိနေတာပဲကို"
တစ်လ ၁၀ ပြားဆိုသည့် ပမာဏမှာ သာမန်လူများအတွက် များပြားသော်လည်း နေ့စဉ် ရွှေဒင်္ဂါး သောင်းနှင့်ချီ ရှာနိုင်သော ဝမ်ပင်းအတွက်မူ စဉ်းစားစရာပင် မလိုချေ။
အခန်း။ ၂၀
"အသေအချာ စဉ်းစားကြည့်ပါဦး။ သုံးလဆိုတာ မျက်တောင်တစ်ခတ်အတွင်း ကုန်သွားမှာနော်။ ဒီတော့ အလုပ်လေး တစ်ခုရှိထားတာက နင့်ရဲ့ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားသလို ဖြစ်တာပေါ့"
ရှီဟွာက ပြောလိုက်သည်။
"စေတနာထားတာ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ငါက ကလေးတွေကို သိပ်သဘောမကျလို့ပါ" ဤသည်မှာ အမှန်တကယ်တော့ အဖြေမဟုတ်ပေ။ ဝမ်ပင်းအနေဖြင့် ယဉ်ကျေးပျူငှာစွာ ငြင်းဆိုနိုင်ရန်အတွက်သာ အကြောင်းပြချက်တစ်ခုကို ကျပန်းစဉ်းစားလိုက်ခြင်းပင်။
သူ ထင်ထားသည့်အတိုင်းပင် ရှီဟွာက လက်မလျှော့ဘဲ သူ့အတွက် ဆက်လက်တွေးတောပေးနေဆဲပင်။
ထို့နောက် သူမက အကယ်၍ သူသာ တစ်နှစ်ပြည့်အောင် လုပ်ကိုင်မည်ဆိုလျှင် သူ့ကို ဒုတိယကျောင်းအုပ်အဖြစ် ရာထူးတိုးပေးမည်ဟူသော အဆိုပြုချက်ကိုပင် ထုတ်ဖော်ပြောကြားလိုက်သေး၏။ ထိုအချိန်ကျလျှင် သူ၏လစာမှာ အဆပေါင်းများစွာ တိုးလာမည့်အပြင် တစ်နှစ်လျှင် ခုနစ်ရက် ခွင့်ရက်ပါ ရရှိမည်ဖြစ်သည်။
အမှန်အတိုင်းပြောရလျှင် ခံစားခွင့်များမှာ အလွန်ပင် ကောင်းမွန်လွန်းသည်။
အကယ်၍ ဤကဲ့သို့သော အထူးအခွင့်အရေးမျိုး ဆန်းဝူမြို့ထဲတွင် ပျံ့နှံ့သွားမည်ဆိုပါက ကျင့်ကြံသူ အမြောက်အမြားသည် ရှီဟွာ၏ သင်တန်းကျောင်းတွင် အလုပ်လုပ်ရန် တကောက်ကောက် လိုက်ကြပေလိမ့်မည်။
ဝမ်ပင်းက ယွင်လျောင်ကို တစ်ချက်ကြည့်ကာ လေသံတိုးတိုးဖြင့် သတိပေးလိုက်သည်။
"အကြီးအကဲယွင်... ခင်ဗျား ရယ်ချင်ရင်လည်း အားရပါးရသာ ရယ်လိုက်ပါတော့ ကိစ္စမရှိပါဘူး"
"မဟုတ်တာ... ကျွန်တော်က ဂိုဏ်းချုပ်အတွက် ဝမ်းသာပေးနေတာပါ။ ဒုတိယကျောင်းအုပ်ဆိုတာ တကယ့်ကို ကောင်းတဲ့ အလုပ်အကိုင်ပဲဗျ။ ဂိုဏ်းချုပ်အနေနဲ့ ဒါကို အလေးအနက်ထားပြီး စဉ်းစားသင့်တယ်နော်"
"သွားစမ်း"
ဝမ်ပင်းသည် သူ့ကို နောက်ပြောင်နေသော ယွင်လျောင်ကို ဂရုမစိုက်တော့ဘဲ ရှီဟွာ၏နောက်မှ လိုက်ပါရင်း ဒုတိယထပ်သို့ တိုက်ရိုက် တက်လှမ်းလာခဲ့သည်။
ရှီဟွာသည် မျက်နှာဖြူဖြူနှင့် ပညာရှိပုံစံပေါက်နေသော ဤလူငယ်ကို အလွန်ပင် စပ်စုချင်နေမိ၏။
အကြောင်းမှာ ဝမ်ပင်းက သူ့ကို အကြီးအကဲဟု ခေါ်ဆိုနေသောကြောင့်ပင်။
သို့သော်လည်း သူမ၏ အမြင်အရမူ ဤလူမှာ သာမန်လူတစ်ယောက်သာ ဖြစ်သည်ဟု ခံစားနေရဆဲပင်။
"ရှင့်နာမည်က ယွင်... ဟုတ်တယ်မလား။ ရှင်က မသေမျိုးဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်လားဟင်"
ယွင်လျောင်က ခေါင်းညိတ်ပြလျက် "ဟုတ်ကဲ့" ဟု ပြန်ဖြေသည်။
ရှီဟွာမှာ ခေါင်းခါယမ်းလိုက်မိပြီး အနည်းငယ် စိတ်ပျက်သွားဟန် ရှိသည်။
ထို့နောက် သူမက ဝမ်ပင်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ဝမ်ပင်း... ဒီဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ ဌာနခွဲရဲ့ ဒုတိယဥက္ကဋ္ဌကို ဘယ်ဘက်ခြမ်းက ပထမဆုံးအခန်းမှာ တွေ့နိုင်တယ်။ နင့်လက်ထဲက အချက်အလက်တွေကို သူမဆီပဲ ပေးလိုက်ပေါ့။ ငါ ဥက္ကဋ္ဌကြီးကို နင့်အတွက် ကြိုတင်ပြီး နှုတ်ဆက်စကား ပါးထားပြီးသားပါ"
ဝမ်ပင်းက မေးလိုက်သည်။
"နင် အထဲကို လိုက်မလာဘူးလား"
ရှီဟွာက ခေါင်းခါပြလိုက်သည်။ သူမ၏မျက်လုံးများက ပတ်ဝန်းကျင်ကို မသိမသာ ဝေ့ဝဲကြည့်လိုက်ရင်း "ငါ မလိုက်တော့ဘူး။ တကယ်လို့ ငါသာ နင်နဲ့အတူ ဒုတိယဥက္ကဋ္ဌဆီ သွားတာကို မှီခိုခြင်းဂိုဏ်းက လူတွေ မြင်သွားရင် ပြဿနာတက်လိမ့်မယ်။ အခုက အခြေအနေတွေ ပြောင်းသွားပြီလေ... နင် နားလည်ပေးနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်"
"ကောင်းပါပြီ။ ဒီကိစ္စပြီးရင် နင့်ကို နေ့လယ်စာ ကျွေးဖို့ လာရှာလိုက်ပါ့မယ်"
"အင်း... အဲဒီကျမှ နင် ငါ့ရဲ့ ကိုယ်ခံပညာသင်တန်းကျောင်းကို ဝင်မယ့်ကိစ္စ ဆက်ပြောကြတာပေါ့"
"နောက်မှ ပြောကြတာပေါ့"
ဝမ်ပင်းမှာ မတတ်သာဘဲ ခါးသီးစွာ ပြုံးလိုက်မိသည်။
ဒီအကြောင်းအရာကို ငါဘာလို့ ရှောင်လွှဲလို့ မရနိုင်တာလဲ။
ရှေးဟောင်းဟန် ပေါက်နေသော ထိုနေရာလေးတွင် နေရောင်ခြည်မှာ သစ်သားပြတင်းပေါက်များမှတစ်ဆင့် ဖြာကျနေပြီး ပြတင်းပေါက်အနီးရှိ ပစ္စည်းတင်စင်ပေါ်သို့ ကျရောက်နေ၏။ နေရောင်သည် စင်ပေါ်ရှိ ကျောက်စိမ်းပြားများနှင့် ကျောက်စိမ်းပုလင်းများကို ဖြတ်သန်းသွားကာ အခန်းအတွင်းသို့ အရောင်အမျိုးမျိုး ခြယ်သထားသဖြင့် လွှမ်းမိုးထားသော လေထုနှင့် ဆန့်ကျင်ဘက် အလှတရားကို ဖန်တီးနေသည်။
ပန်းတင်စင်ပေါ်ရှိ ခရမ်းရောင်ပန်းများမှာလည်း လှပစွာ ပွင့်လန်းနေပြီး မြင့်မြတ်သော အငွေ့အသက်များကို ထုတ်လွှတ်နေသည်မှာ လေးထောင့်စားပွဲတွင် ထိုင်နေသော ဒုတိယဥက္ကဋ္ဌနှင့် အလွန်ပင် လိုက်ဖက်၏။
ဝမ်ပင်းသည် ဤဒုတိယဥက္ကဋ္ဌနှင့် တစ်ကြိမ် ဆုံဖူးသည်။ သူမသည် အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း ပန်းတစ်ပွင့်ကဲ့သို့ လှပနေဆဲပင်။ သူမသည် အလှအပထိန်းသိမ်းသော ကျင့်စဉ်များကို ကျင့်ကြံထားသည်ဟု သတင်းကြီးသည်။ သူမ၏ ကျင့်ကြံမှုအဆင့်မှာ မမြင့်မားသော်လည်း စီမံခန့်ခွဲမှုအပိုင်းတွင်မူ အလွန်ပင် ကျွမ်းကျင်သူ ဖြစ်၏။
"သူ ရောက်ပြီလား"
ကျန်းယွဲ့ယဲ့သည် အထဲသို့ အခုလေးတင် ဝင်လာသော အစေခံကို လှမ်းကြည့်ကာ မေးလိုက်သည်။
အစေခံက ရိုသေစွာဖြင့် "ဟုတ်ကဲ့... ဝမ်ပင်းက အပြင်မှာ စောင့်နေပါတယ်ခင်ဗျာ။ သူ့ကို အထဲဝင်ခိုင်းလိုက်ရမလား"
ကျန်းယွဲ့ယဲ့က အေးစက်စွာ ပြုံးလျက် လက်ကာပြလိုက်၏။
"သူ့ကို စောင့်ခိုင်းထားလိုက်စမ်းပါ။ သူက ပုပ်နေတဲ့ သစ်သားတုံးတစ်တုံးပဲဟာ။ ငါက ဟိုကလေးမ ရှီဟွာကို မျက်နှာသာပေးတဲ့အနေနဲ့ ကူညီပေးမှာဆိုပေမဲ့ ဝမ်ပင်းကိုတော့ သူတွေ့ချင်တဲ့အချိန်တိုင်း တွေ့ခွင့်မပေးနိုင်ဘူး။ သူ့ရဲ့ မသေမျိုးဂိုဏ်းအတွက် သုံးလစာ ဘေးကင်းရေးကာလ လိုချင်တယ်ဆိုရင် ဒါက ဒီလောက်တော့ မလွယ်သင့်ဘူးလေ"
အစေခံက ခေါင်းညိတ်ပြသည်။
အစေခံသည် အပြင်သို့ ထွက်လာချိန်တွင် တံခါးကို တစ်ပါတည်း ပိတ်ခဲ့ပြီး ထောင့်တစ်နေရာတွင် စောင့်နေသော ဝမ်ပင်းရှိရာသို့ လျှောက်လာခဲ့၏။
"ဂိုဏ်းချုပ်ဝမ်... ဒုတိယဥက္ကဋ္ဌက အခု အလုပ်ရှုပ်နေလို့ ခဏလောက် စောင့်ပေးပါဦး"
"အင်း... ရပါတယ်။ ကျွန်တော် စောင့်ပါ့မယ်"
ဝမ်ပင်းသည် ထိုကဲ့သို့သော ကိစ္စများကို အရေးမစိုက်ပေ။
တစ်စုံတစ်ယောက်ထံမှ အကူအညီ တောင်းခံလိုပါက အခုလို ဖြစ်တတ်စမြဲပင်။ တစ်ဖက်လူတွင် အချိန်ရှိမရှိနှင့် သင့်ကို အချိန်ပေးလိုခြင်း ရှိမရှိအပေါ်၌သာ မူတည်သည်။
သို့သော်လည်း အကယ်၍ မသေမျိုးဂိုဏ်းသာ ကြယ်နှစ်ပွင့် အဆင့်တွင် ရှိနေဆဲဆိုပါက ဤဌာနခွဲငယ်လေး၏ ဒုတိယဥက္ကဋ္ဌသည် သူ့ကို အထူးဧည့်သည်တော်အဖြစ် သေချာပေါက် ဆက်ဆံပေလိမ့်မည်။
သူမ ဘယ်လောက်ပင် အလုပ်ရှုပ်နေပါစေ ထိုအလုပ်များကို ဘေးဖယ်ထားပြီး သူ့ကို အရင်တွေ့မည်မှာ မြေကြီးလက်ခတ်မလွဲပင်။ ဤသည်မှာ ကိုယ့်ကိုကိုယ် မြှောက်ပင့်နေခြင်း မဟုတ်ဘဲ အမှန်တရားသာ။
တစ်နာရီခန့် ကြာပြီးနောက် ကျန်းယွဲ့ယဲ့သည် ခေါင်းမော့ကာ ဘေးတွင် စောင့်နေသော အစေခံကို မေးလိုက်သည်။
"သူ စောင့်နေတုန်းပဲလား"
"ဟုတ်ကဲ့... သူ မပြန်သေးပါဘူးခင်ဗျာ"
"ဒါဆို သွားပြီး သူ့လက်ထဲက လျှောက်လွှာကို ယူခဲ့လိုက်။ ဒါပေမဲ့ သူ့ကိုတော့ အထဲပေးမဝင်နဲ့ဦး။ ဘာပဲဖြစ်ဖြစ် သူ တကယ်လိုချင်နေတာက အချိန်ဆွဲဖို့ပဲလေ ဂိုဏ်းရဲ့ ကြယ်အဆင့်ကို တကယ်မြှင့်ချင်တာမှ မဟုတ်တာ"
ကြယ်အဆင့် အမှန်တကယ် မြှင့်တင်မည့်ကိစ္စ မဟုတ်သည့်အတွက် ဝမ်ပင်းနှင့် လူချင်းတွေ့ရန် မလိုဘူးဟု သူမ ယူဆလိုက်ခြင်းပင်။
ခေတ္တမျှ ကြာပြီးနောက် အစေခံသည် လျှောက်လွှာကို အခန်းထဲသို့ ယူဆောင်လာပြီး ကျန်းယွဲ့ယဲ့ထံ ရိုသေစွာ ကမ်းပေးလိုက်၏။ သူမ ပထမစာမျက်နှာကို တစ်ချက် ကြည့်လိုက်ရုံနှင့်ပင် ထူးခြားသည့်အရာတစ်ခုကို တွေ့လိုက်ရသကဲ့သို့ မနေနိုင်ဘဲ ခပ်ဖွဖွ ရယ်မောလိုက်မိသည်။
"ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ ရှိတဲ့ အကြီးအကဲတစ်ယောက်တဲ့လား။ ဒီရှီဟွာကတော့ ဝမ်ပင်းကို ကူညီချင်ဇောနဲ့ ကြယ်တစ်ပွင့် အဆင့် ဂိုဏ်းတစ်ခုရဲ့ သတ်မှတ်ချက်တွေကို မပြည့်တပြည့် ရေးရဲတယ်ပေါ့လေ"
ကြယ်တစ်လုံးမှမရှိသည့်နေရာမှ ကြယ်တစ်ပွင့်သို့ အဆင့်မြှင့်တင်ရန် သတ်မှတ်ချက်မှာ ထိုမျှ မခက်ခဲလှပေ။ ဆန်းဝူမြို့တစ်ခုလုံးကို ပိုင်ဆိုင်ရန် သို့မဟုတ် နယ်ပယ်အသီးသီးတွင် အလွန်နက်ရှိုင်းသော အခြေခံအုတ်မြစ်များ ရှိရန် သို့မဟုတ် တိုက်ခိုက်မှုများဖြင့် အစွမ်းပြရန်လည်း မလိုအပ်ပေ။
တစ်ခုတည်းသော သတ်မှတ်ချက်မှာ ထိုဂိုဏ်းအတွင်း၌ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ ရှိသော ပညာရှင်တစ်ဦး ရှိနေရန်သာ ဖြစ်သည်။
"ဟင်... ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ ရှိတဲ့ ဒီကျင့်ကြံသူရဲ့ နာမည်က ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ"
ယွင်လျောင်….
မျိုးရိုးက ယွင်လား။ ဆန်းဝူမြို့မှာ ဒီမျိုးရိုးနဲ့ မိသားစုမျိုးနွယ်စု မရှိပါဘူး။
ယွင်မျိုးရိုးနဲ့ အနီးစပ်ဆုံး မျိုးနွယ်စုဆိုလို့ မိုင်ရာပေါင်းများစွာ ဝေးတဲ့ မြို့တစ်မြို့မှာပဲ ရှိတာပါ။
သူမကိုယ်တိုင်လည်း အတိတ်က ထိုမြို့မှာ ဆယ်စုနှစ်တစ်ခုကျော် နေထိုင်ခဲ့ဖူးသည်။
ကြည့်လေလေ ဤနာမည်မှာ ရင်းနှီးလေလေ ဖြစ်နေတော့၏။ ထို့နောက် သူမသည် အောက်ဘက်ရှိ အချက်အလက်များကို ဆက်လက်ဖတ်ရှုလိုက်ရာ ယွင်လျောင်၏ ကိုယ်ရေးအကျဉ်းတွင် ဆင်းယွဲ့မြို့ဟု ဖော်ပြထားသည်ကို တွေ့လိုက်ရသည်။
၎င်းကို မြင်လိုက်ရသည့်အခါ လွန်ခဲ့သော နှစ်အနည်းငယ်က ကိစ္စတစ်ခုကို သူမ ရုတ်တရက် သတိရသွားတော့သည်။
သူမ ဤနေရာသို့ ရာထူးမပြောင်းရွှေ့မီက ဆင်းယွဲ့မြို့ရှိ ယွင်မျိုးနွယ်စု ခေါင်းဆောင်က သူ၏သားဖြစ်သူမှာ မသေမျိုးဂိုဏ်းသို့ ဝင်ရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ကို သူမ ကြားဖူးခဲ့ခြင်းပင်။
ရှပ်...
ကျန်းယွဲ့ယဲ့သည် ရုတ်တရက် ထရပ်လိုက်၏။
"ဝမ်ပင်းကို အထဲဝင်ခိုင်းလိုက်"
အစေခံမှာ ဆွံ့အသွားရ၏။
ဒုတိယဥက္ကဋ္ဌ၏ စိတ်အမူအရာမှာ အဘယ်ကြောင့် ဒီလောက်အထိ ရုတ်ခြည်း ပြောင်းလဲသွားရတာလဲဆိုသည်ကို သူ နားမလည်နိုင်ပေ။ သို့သော်လည်း သူသည် အများကြီး မတွေးရဲတော့ဘဲ ဝမ်ပင်းကို ဖိတ်ခေါ်ရန် အပြင်သို့ အပြေးအလွှား ထွက်လာခဲ့သည်။
"ဂိုဏ်းချုပ်ဝမ်... ဒုတိယဥက္ကဋ္ဌက အထဲကို ဖိတ်နေပါတယ်ခင်ဗျာ"
"နောက်ဆုံးတော့လည်း သူ ငါ့ကို တွေ့ဖို့ သဘောတူလိုက်ပြီပဲ။ သွားကြစို့။ ယွင်လျောင်... မင်းလည်း ငါနဲ့အတူ လိုက်ခဲ့။ မင်းက ငါ့ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ပဲ ဒီနေ့ ငါဒီကို ဘာကိစ္စလာတယ်ဆိုတာ သိပိုင်ခွင့်ရှိတယ်"
စကားပြောပြီးနောက် ဝမ်ပင်းသည် ယုံကြည်မှုအပြည့်ဖြင့် အထဲသို့ လှမ်းဝင်သွား၏။
ယွင်လျောင်က ခေါင်းညိတ်ပြပြီး ဝမ်ပင်း၏နောက်မှ လိုက်သွားသည်။
သူတို့ အထဲသို့ ရောက်ရှိသွားချိန်တွင် အစေခံက လေသံတိုးတိုးဖြင့် "သခင်မ... ဂိုဏ်းချုပ်ဝမ် ရောက်ပါပြီ" ဟု ပြောလိုက်သည်။
ကျန်းယွဲ့ယဲ့က အစေခံကို ဘေးသို့ဖယ်ခိုင်းရန် လက်ဝေ့ယမ်းပြလိုက်၏။ ထို့နောက် တံခါးအပြင်ဘက်ရှိ ဝမ်ပင်းကို သူမ စိုက်ကြည့်နေစဉ်မှာပင် သူမ၏ အကြည့်များမှာ ရုတ်ခြည်း ပြောင်းလဲသွားတော့သည်။
သူမသည် ဝမ်ပင်း၏ နောက်ကွယ်မှ လူကို ကြည့်နေခြင်းဖြစ်ပြီး သူမ၏ မျက်တောင်များမှာလည်း မသိမသာ တုန်ခါသွားရ၏။
သူ့ရဲ့ အကြည့်တွေက တကယ့်ကို ယွင်မျိုးနွယ်စု ခေါင်းဆောင်နဲ့ တူတာပဲ။
ဟန်ပန်နဲ့ ချောမောတဲ့ မျက်နှာကလည်း အတော်လေးကို ဆင်တူလွန်းတယ်။
တကယ်ကြီး သူများလား။
ယွင်မျိုးနွယ်စုရဲ့ သခင်လေးက တကယ်ပဲ ဆန်းဝူမြို့ကို ရောက်လာတာလား။
ဆင်းယွဲ့မြို့ရဲ့ လူငယ်မျိုးဆက်တွေထဲမှာ အတောက်ပဆုံး ပါရမီရှင်၊ ဆင်းယွဲ့မြို့ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ ဌာနခွဲက အိပ်မက်ထဲမှာတောင် သူတို့ဆီဝင်ဖို့ စည်းရုံးချင်နေတဲ့သူက တကယ်ပဲ ဒီကို ရောက်နေတာလား။
သူ့ကိုကြည့်ရတာ ဝမ်ပင်းနောက်ကနေ လိုက်လာပုံအရ သူက တကယ်ပဲ မသေမျိုးဂိုဏ်းကို ဝင်သွားတာလား။
သူမ၏ စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ ပေါ်ထွက်လာတော့သည်။
ကျန်းယွဲ့ယဲ့သည် အလျင်အမြန်ပင် ထရပ်လိုက်ပြီး ယဉ်ကျေးပျူငှာစွာ ဆိုလိုက်၏။ "ဂိုဏ်းချုပ်ဝမ်... နေကောင်းရဲ့လား။ ကြည့်ရတာ အရင်ကထက်တောင် ပိုပြီး ခန့်ညားလာသလိုပဲနော်"
"ဒုတိယဥက္ကဋ္ဌ ကျန်းကလည်း တစ်နေ့ထက်တစ်နေ့ ပိုပြီး လှလာပါတယ်"
ဝမ်ပင်းက ပြုံးလျက် သူ၏ စိတ်ရင်းအတိုင်း ပြန်ဖြေလိုက်သည်။
ထို့နောက် ကျန်းယွဲ့ယဲ့သည် သူမ၏ ထင်မြင်ချက်ကို အတည်ပြုရန်အတွက် ယွင်လျောင်ဘက်သို့ လက်ညှိုးညွှန်ပြကာ "ဂိုဏ်းချုပ်ဝမ်... ဒါက ဘယ်သူလဲဟင်"
"ဪ... သူ့ကို ပြောတာလား။ သူက ကျွန်တော့် မသေမျိုးဂိုဏ်းရဲ့ အကြီးအကဲသစ် ယွင်လျောင်ပါ။ နောင်ကျရင် သူက ဒုတိယဥက္ကဋ္ဌကျန်းနဲ့ မကြာခဏ ထိတွေ့ဆက်ဆံရမှာဆိုတော့ သူ့ကို အထူးပဲ ဂရုစိုက်ပေးပါဦးလို့ တောင်းဆိုချင်ပါတယ်"
"ဆင်းယွဲ့မြို့ကလား"
"ဒုတိယဥက္ကဋ္ဌ ကျန်း... ခင်ဗျားတို့က သိကျွမ်းနေကြလို့လား"
ဝမ်ပင်း အနည်းငယ် အံ့အားသင့်သွားမိသည်။
ဝမ်ပင်း၏ စကားကို ကြားလိုက်ရချိန်တွင် ကျန်းယွဲ့ယဲ့မှာ စိတ်ထဲမှ အသေအချာ အတည်ပြုလိုက်နိုင်ပြီ ဖြစ်သည်။
သူမ၏ ရှေ့မှ ဤလူမှာ အခြားသူမဟုတ်ဘဲ ယွင်မျိုးနွယ်စု၏ သခင်လေးသာ။
သူမ အလွန်ပင် အံ့အားသင့်နေမိသော်လည်း တည်ငြိမ်သောအသွင်ကို ထိန်းသိမ်းထားနိုင်ဆဲပင်။
ထို့နောက် သူမက ရှင်းပြလိုက်သည်။
"ကျွန်မတို့ သိကျွမ်းတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအနီးအနား မြို့တွေထဲမှာ ဆင်းယွဲ့မြို့ တစ်မြို့တည်းမှာပဲ ယွင်မျိုးရိုးနဲ့ မိသားစု ရှိတာလေ။ ဒါကြောင့် ခန့်မှန်းရတာ မခက်ပါဘူး"