အခန်း ၂၀၄
Vol. 21 Ch. 204
အခန်း။ ၂၀၄
"ဝါး..."
ချင်မိုသည် ကုန်းပတ်ပေါ်တွင် မတ်တတ်ရပ်လျက် မအော်ဘဲ မနေနိုင်တော့ချေ။ ထို့နောက် သွေးလင်းနို့ဘုရင်ကြီး တဖြည်းဖြည်းနှင့် ပို၍ ဝေးကွာကျန်ရစ်နေခဲ့သည်ကို သူ ငေးမောကြည့်ရှုနေမိတော့သည်။
၎င်းသည် တိမ်တိုက်များထဲသို့ လုံးဝ ဝင်ရောက်ပျောက်ကွယ်သွားသည့် အချိန်ကျမှသာ ချင်မိုသည် နှမြောတသစွာဖြင့် အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ရတော့၏။
ယွီမိုကလည်း ထပ်မံ၍ မချီးမွမ်းဘဲ မနေနိုင်တော့ဘဲ ရေရွတ်လိုက်သည်။
"ငါ လောကကြီးထဲမှာ လှည့်လည်ကျက်စားခဲ့တာ ဆယ်စုနှစ်ချီ ကြာခဲ့ပြီ။ တစ်နေရာမှလည်း မနားတမ်း သွားလာခဲ့ဖူးတယ်။ ငါ မြင်ဖူးသမျှနေရာတွေ၊ ရောက်ဖူးသမျှနေရာတွေ အားလုံးက ဒီနေ့ ဒီဝိညာဉ်ပျံသန်းရေးသင်္ဘောပေါ်မှာ ကုန်ဆုံးခဲ့ရတဲ့ နှစ်နာရီစာလောက်တောင် စိတ်လှုပ်ရှားစရာ မကောင်းဘူးဗျာ"
လူတစ်ယောက်၏ စိတ်ဓာတ်က မည်မျှပင် တည်ငြိမ်ရင့်ကျက်နေပါစေ ထိုကဲ့သို့သော အံ့ဖွယ်ထူးဆန်းမှုကြီးနှင့် ကြုံတွေ့ရသည့်အခါတွင်မူ ရင်မခုန်ဘဲ နေနိုင်ရန် ခက်ခဲသည်။
အထက်တန်း နက်နဲသောအဆင့်ရှိတဲ့ သားရဲကြီးတစ်ကောင်ရဲ့ လိုက်ဖမ်းတာကို ခံရတဲ့ ခံစားချက်က... အသက်ရှူမှားလောက်အောင်ကို ရင်ခုန်စရာ ကောင်းလွန်းတာပဲ မဟုတ်ဘူးလား...
သူတို့နှစ်ဦးစလုံးသည် အလွန်အမင်း စိတ်လှုပ်ရှားနေကြသဖြင့် အချိန်အတော်ကြာသည့်တိုင်အောင် စိတ်ကို ပြန်လည်မတည်ငြိမ်နိုင်ကြသေးချေ။ ဝမ်ပင်းကမူ သင်္ဘောဦးပိုင်းတွင် မတ်တတ်ရပ်လျက် ပတ်ဝန်းကျင်ကို မျက်လုံးဝေ့ကာ အကဲခတ်နေခဲ့သည်။
သူတို့သည် ပျံသန်းရေးသင်္ဘောကြီးပေါ်မှနေ၍ နေထွက်လာသည်ကို စောင့်ကြည့်ခဲ့ကြပြီး ယခုမူ နေဝင်ချိန်ကိုပင် ထပ်မံမြင်တွေ့လိုက်ရပြန်ပြီ ဖြစ်သည်။
မီးတောက်ကဲ့သို့ နီရဲနေသော နေရောင်ခြည်တန်းများ သင်္ဘောဦးပိုင်းမှ ပျောက်ကွယ်သွားပြီး ကမ္ဘာမြေကြီးတစ်ခုလုံး ညဉ့်မှောင်အတိ ကျရောက်သွားသည့်အချိန်တွင် ဝမ်ပင်းသည် ကိုယ်ပျောက်အကာအကွယ်စနစ်ကို ချက်ချင်း အသက်သွင်းလိုက်တော့သည်။
အဘယ်ကြောင့်ဆိုသော် သူတို့သည် အစွန်းရောက် နယ်စပ်လွင်ပြင်ကြီးဆီသို့ ဆိုက်ရောက်လာခဲ့ကြပြီ ဖြစ်သောကြောင့်ပင်။
အစွန်းရောက် နယ်စပ်လွင်ပြင်ကြီးသည် မျက်စိတစ်ဆုံး ကြည့်လိုက်ပါက အဆုံးအစမရှိလှသော စိမ်းလန်းစိုပြည်သည့် မြေပြင်ကြီးတစ်ခု ဖြစ်သည်။
ကောင်းကင်နှင့် မြေပြင် ထိစပ်နေသော နေရာတွင်မူ ကြယ်တာရာများက တစ်လုံးပြီးတစ်လုံး လင်းလက်တောက်ပစွာ ထွက်ပေါ်လာနေကြသည်။ ထိုစုံလင်လှသော ကြယ်တာရာကောင်းကင်ကြီး၏ အောက်ခြေ မြေပြင်ပေါ်တွင်မူ ထူးဆန်းသော မီးတောက်စီးကြောင်းကြီးများ တရွေ့ရွေ့ ရွေ့လျားနေကြသည်ကို မြင်တွေ့ရ၏။
မြေပြင်ပေါ်မှ ကြည့်မည်ဆိုပါက မီးတောက်တစ်ခုနှင့်တစ်ခုသည် မိုင်ပေါင်းများစွာ ဝေးကွာနေသဖြင့် ထိုမျှအထိ ထူးခြားပုံမရချေ။
သို့သော်လည်း ကောင်းကင်ယံအထက်မှနေ၍ ငုံ့ကြည့်လိုက်သည့်အခါတွင်မူ မြို့ကြီးပြကြီးများသည် မုန့်ပြားငယ်တစ်ခုမျှသာ ရှိတော့ပြီး မိုင်အနည်းငယ် အကွာအဝေးဆိုသည်မှာလည်း ဘာမှမဟုတ်တော့ချေ။
ဝမ်ပင်းသည် ပျံသန်းရေးသင်္ဘောကြီး၏ အရှိန်ကို လျှော့ချလိုက်ပြီး သူတို့၏ ခေါင်းပေါ်မှနေ၍ ဝဲပျံလိုက်သည့် အခါတွင်မူ ထိုအရာများက ဘာဖြစ်သည်ကို အတတ်သိသွားခဲ့ရတော့သည်။
၎င်းတို့မှာ မီးရှူးတိုင်များပင်။
ရေတွက်၍မရနိုင်လောက်အောင် များပြားလှသော မီးရှူးတိုင်ကြီးများသည် မြစ်ပေါင်းရာချီ စီးဆင်းဆုံစည်းရာ နေရာတစ်ခုကဲ့သို့ တစ်ခုတည်းသော ပန်းတိုင်ဆီသို့ ဦးတည်ကာ ရွေ့လျားနေကြခြင်းပင်။
ဝမ်ပင်းသည် စူးစမ်းလိုစိတ်ဖြင့် ပျံသန်းရေးသင်္ဘောကြီးကို ထိုလူစုလူဝေးကြီး ဆုံစည်းရာ နေရာဆီသို့ ဦးတည်မောင်းနှင်လိုက်ရာ အမွှေးတိုင်တစ်ဝက်ခန့် လောင်ကျွမ်းစာ အချိန်အတွင်းမှာပင် မြင့်မားလှသော သံမဏိရဲတိုက်ကြီးနှင့်တူသည့် မြို့ကြီးတစ်မြို့ဆီသို့ ရောက်ရှိလာခဲ့တော့သည်။
ဝမ်ပင်းသည် မြို့ပြင်ဘက်ရှိ လူသူကင်းဝေးရာ နေရာတစ်ခုတွင် သင်္ဘောကို ဆင်းသက်လိုက်ပြီး မည်သူမျှ သတိမပြုမိခိုက်တွင် သင်္ဘောပေါ်မှ အလျင်အမြန် ခုန်ဆင်းလိုက်ကြ၏။
ပျံသန်းရေးသင်္ဘောကြီးကို စနစ်၏ လေဟာနယ်အတွင်းသို့ ပြန်လည်သိမ်းဆည်းလိုက်ပြီးနောက် ဝမ်ပင်းသည် ထိုတုန်မြို့၏ ပင်မလမ်းမကြီးပေါ်သို့ ရဲဝံ့စွာ လျှောက်လှမ်းဝင်ရောက်လာခဲ့သည်။
သူ၏ ဘေးနားတွင် နက်နဲသောအဆင့် ကျင့်ကြံသူတစ်ဦး ပါဝင်နေလင့်ကစား လူအုပ်ကြီးမှာ စည်ကားလွန်းလှသဖြင့် မည်သူကမျှ သူတို့ကို အထူးတလည် အာရုံမစိုက်ကြချေ၊ ထို့အပြင် လူအုပ်ကြားထဲတွင် နက်နဲသောအဆင့် ကျင့်ကြံသူအချို့ကိုလည်း ရံဖန်ရံခါ မြင်တွေ့နေရတတ်သည်။
ဝမ်ပင်းက ဘေးနားရှိ လူတစ်ယောက်ကို မမေးဘဲ မနေနိုင်တော့ဘဲ လှမ်း၍ စကားပြောလိုက်၏။
"မိတ်ဆွေ... ဒါက ဘာမြို့လဲဗျာ ဘာဖြစ်လို့ လူတွေ ဒီလောက်တောင် များပြားနေရတာလဲ"
ထိုလူက အံ့ဩတုန်လှုပ်ခြင်းမရှိဘဲ စူးစမ်းလိုသော မျက်ဝန်းများဖြင့် ပြန်လည်ကြည့်ရှုကာ မေးလိုက်သည်။
"မင်းက အရှေ့အိုင်ရဲ့ အပြင်ဘက်ကနေ လာတာလား"
ဝမ်ပင်း စကားတစ်ခွန်းမျှ ထပ်မံမပြောရသေးမီမှာပင် ထိုသူက ဆက်လက်၍ "မင်းက ပြင်ပလူတစ်ယောက် ဖြစ်နေမှတော့ အခုမှ သိရတာလည်း မနောက်ကျသေးပါဘူး။ ဒါက ဖုန်းယွမ်မြို့လို့ ခေါ်တယ်ကွ။ လူတွေ ဒီလောက်တောင် အလုံးအရင်းနဲ့ ရောက်နေကြရတဲ့ အကြောင်းရင်းကတော့ နောက်ထပ် ရက်အနည်းငယ်အတွင်းမှာ ကျင်းပမယ့် ပါရမီရှင်ဆယ်ဦး စမ်းသပ်ပွဲကို လာရောက်ကြည့်ရှုဖို့အတွက် အရှေ့အိုင်ရဲ့ အရပ်ရပ်ကနေ လာရောက်စုဝေးနေကြတာကြောင့်ပဲ။ မင်းလည်း ပါရမီရှင်ဆယ်ဦး စမ်းသပ်ပွဲအကြောင်းကိုတော့ ကြားဖူးတယ် မဟုတ်လား" ဟု ပြောလိုက်သည်။
ထိုသို့ပြောရင်း ထိုသူ၏ မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားသော အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့၏။
သူ့လေသံကို ကြည့်ရသလောက်ဆိုလျှင် အရှေ့အိုင်၏ ပါရမီရှင်ဆယ်ဦး စမ်းသပ်ပွဲမှာ အလွန်တရာ ကျော်ကြားလှပုံပင်။
ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်ရှိ ကျင့်ကြံသူတစ်ဦးကပင် နက်နဲသောအဆင့် ကျင့်ကြံသူတစ်ဦး၏ ရှေ့မှောက်၌ ဤမျှအထိ ဂုဏ်ယူဝင့်ကြွားနိုင်လောက်အောင်အထိ ဖြစ်သည်။
ဝမ်ပင်းကလည်း ပြုံးပြလိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်ကွက်ကာ "လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မိတ်ဆွေ" ဟု ပြောလိုက်သည်။
လေးနှစ်လျှင် တစ်ကြိမ်သာ ကျင်းပလေ့ရှိသော ပါရမီရှင်ဆယ်ဦး စမ်းသပ်ပွဲကြီးကို ဤနေရာတွင် ကျင်းပမည်ဖြစ်ကြောင်း သူ သိရှိသွားခဲ့ရသဖြင့် ဤမျှအထိ လူစုလူဝေးကြီးဖြစ်နေခြင်းကို သူ နားလည်သွားခဲ့ရတော့သည်။
ထို့အပြင် လမ်းခရီးတွင် အထက်တန်း နက်နဲသောအဆင့်ရှိ သားရဲကြီးတစ်ကောင်နှင့် ဆုံတွေ့ခဲ့ရခြင်းမှာလည်း တည်းခိုခန်းတစ်ခုတွင် ရေနွေးသောက်ရင်း ယင်ကောင်တစ်ကောင်ကို တွေ့လိုက်ရသကဲ့သို့ပင် တိုက်ဆိုင်မှုတစ်ခုမျှသာ ဖြစ်ပေလိမ့်မည်။
ဤနှိုင်းယှဉ်ချက်က အနည်းငယ် လွန်ကဲနေနိုင်သော်လည်း ၎င်းမှာ အမှန်တရားပင်။
သို့သော်လည်း ဤကိစ္စရပ်များမှာ သူနှင့် စိုးစဉ်းမျှ သက်ဆိုင်ခြင်း မရှိပါချေ။ သူ အဓိက စိတ်ဝင်စားသည်မှာ ဤဖုန်းယွမ်မြို့အတွင်း၌ စစ်မှန်သော ဝဲကတော့ နတ်ဘုရားလက်မှုပညာရှင်တစ်ဦး ရှိမရှိဟူသောအချက်သာ ဖြစ်သည်။
အကယ်၍ မရှိခဲ့ပါက သူသည် ဤဖုန်းယွမ်မြို့မှ အလျင်အမြန် ထွက်ခွာရမည် ဖြစ်သည်။ ပါရမီရှင်ဆယ်ဦး စမ်းသပ်ပွဲနှင့် ပတ်သက်၍မူ သူသည် စိတ်ဝင်စားမှု အနည်းငယ်မျှပင် မရှိပါချေ။
သူ၏ လက်ထဲတွင် ထိုစမ်းသပ်ပွဲသို့ တိုက်ရိုက်ဝင်ရောက်ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ပါရမီရှင်ဆယ်ဦး တံဆိပ်ပြားတစ်ခု ရှိနေသော်လည်း သူဂရုမစိုက်ပေ။
ဖုန်းယွမ်မြို့အတွင်းသို့ လူအုပ်ကြီးနှင့်အတူ စီးမျောဝင်ရောက်လာရင်း ဝမ်ပင်းသည် တစ်ဖက်မှလည်း ဘေးပတ်ဝန်းကျင်ရှိ လူများထံမှ ဝဲကတော့ နတ်ဘုရားလက်မှုပညာရှင်နှင့် ပတ်သက်သည့် အချက်အလက်များကို စူးစမ်းစုံစမ်းနေခဲ့သည်။
တစ်ချိန်တည်းမှာပင် ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးကို ဘယ်လိုစည်းရုံးရမလဲဟု စိတ်ထဲမှ အစီအစဉ်ဆွဲနေခိုက် သတိမထားမိဘဲ ထူးဆန်းသော နေရာတစ်ခုသို့ ရောက်ရှိသွားခဲ့ရတော့သည်။
ဤသံမဏိရဲတိုက်ကြီးနှင့်တူလှသော မြို့ကြီး၏ အတွင်းပိုင်း၌ အတော်အတန်ကြီးမားပြီး မြင့်မားသော ကုန်းစောင်းမြင့်ကြီးတစ်ခု ရှိနေသည်။ ၎င်းသည် ဖုန်းယွမ်မြို့ထက် ကိုက် ၂၀ နီးပါးခန့် ပိုမိုမြင့်မားနေသဖြင့် ထိုနေရာမှ ကြည့်လျှင် မြို့တွင်းမြင်ကွင်းများကို အထင်အရှား မြင်တွေ့နိုင်ပြီး မြို့တွင်းမှ မြို့တော်တစ်ခုအလား ထီးထီးကြီး တည်ရှိနေသည်။
ဝမ်ပင်းက နောက်သို့ လှည့်ပြန်ရန် ပြင်လိုက်စဉ်မှာပင် ထိုကုန်းစောင်းအောက်ခြေရှိ ကျောက်လှေကားထစ်များဆီမှ အော်ဟစ်ကြေညာသံတစ်ခု ထွက်ပေါ်လာခဲ့၏။
"ကျွန်တော်တို့ရဲ့ အစွန်းရောက်နယ်ပယ်တောင်ကို လာရောက်လည်ပတ်ချင်တဲ့သူတွေ မြန်မြန်လုပ်ကြပါဗျာ။ ဒီနေ့၊ မနက်ဖြန်နဲ့ သန်ဘက်ခါ... ဒီသုံးရက်ပဲ အများပြည်သူအတွက် တံခါးဖွင့်ပေးမှာပါ"
ထိုစကားကို ကြားလိုက်ရသဖြင့် ဝမ်ပင်း၏ အကြည့်က ရှေ့တည့်တည့်သို့ ကျရောက်သွားခဲ့သည်။
ဒါက အစွန်းရောက်နယ်ပယ်တောင် ဟုတ်လား။
မြို့ထဲက ကုန်းစောင်းမြင့်ကြီးကို တောင်လို့ ခေါ်တာလား။
အမှန်တော့ အစွန်းရောက်နယ်ပယ်တောင်ဆိုသည်မှာ ထိုအင်အားစု၏ အမည်နာမမျှသာ ဖြစ်ပြီး သူတို့တည်ရှိရာ ပထဝီဝင်အနေအထားနှင့်မူ တကယ်တမ်း ဆက်စပ်မှုမရှိပါချေ။
လှေကားထစ်ပေါ်မှ အော်ဟစ်နေသော သတ်လတ်ပိုင်းအရွယ် အမျိုးသားသည် လှည့်ထွက်သွားခဲ့ရာ ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာလည်း စတင်၍ ဝိုင်းဝန်းဆွေးနွေးငြင်းခုံကြတော့သည်။
"အစွန်းရောက်နယ်ပယ်တောင်က ဘာဖြစ်လို့ ရုတ်တရက်ကြီး ဒီလိုလုပ်ရတာလဲ မသိဘူးနော်"
"ဟုတ်ပကွာ... သာမန်ဂိုဏ်းတွေတောင် ပြင်ပလူတွေကို ပေါ့ပေါ့ဆဆ ပေးမဝင်ကြတာ အခု ဘာဖြစ်လို့ ရုတ်တရက်ကြီး လာလည်ခွင့်ပြုရတာလဲ"
"မင်းတို့ကလည်း အူကြောင်ကြောင်နိုင်လိုက်တာ။ အခု ဖုန်းယွမ်မြို့ထဲမှာ ငါတို့ အရှေ့အိုင်ကလူတွေတင် မကဘူး။ တခြားအိုင်တွေက လူတွေပါ အလုံးအရင်းနဲ့ ရောက်နေကြတာလေ။ အစွန်းရောက်နယ်ပယ်တောင်က သူတို့ရဲ့ အစွမ်းအစနဲ့ အရှိန်အဝါကို ထုတ်ကြွားချင်လို့ သက်သက်လုပ်တာနေမှာပေါ့။ ဒါမှ ပြင်ပလူတွေက သူတို့အင်အားကို သိပြီး အထင်ကြီးကြမှာ မဟုတ်လား"
"ဒီလိုဆိုတော့လည်း ငါတို့က ကြားကနေ ကံကောင်းပြီး ဝင်ကြည့်ခွင့်ရတာပေါ့ဟေ့"
လူအုပ်ကြီးသည် ဝမ်းသာအားရဖြင့် စုဝေးကာ အစွန်းရောက်နယ်ပယ်တောင်ဆီသို့ ဦးတည်ကာ လျှောက်လှမ်းသွားကြတော့သည်။
ဝမ်ပင်းကမူ အစပိုင်းတွင် လှည့်ထွက်သွားရန် ကြံရွယ်ထားသော်လည်း စနစ်၏ အသံက စိတ်ထဲ၌ ရုတ်ချည်း ပေါ်ပေါက်လာခဲ့၏။
[ဘေးထွက်မစ်ရှင် - အစွန်းရောက်နယ်ပယ်တောင်အတွင်းသို့ ခရီးနှင်ခြင်း]
[အခြားသူတွေရဲ့ အားသာချက်ကို လေ့လာပြီး ကိုယ့်ရဲ့ အားနည်းချက်ကို ဖြည့်ဆည်းပါ။ အခြားသူတွေရဲ့ အပြစ်အနာအဆာကို မြင်ရတဲ့အခါ ကိုယ့်ရဲ့ အားသာချက်ကို မြှင့်တင်ပါ။ အစွန်းရောက်နယ်ပယ်တောင်အတွင်းကို ဝင်ပြီး ချို့ယွင်းချက် ဆယ်ခုကို ရှာဖွေပါ။]
[ဆုလာဘ် - ပါရမီရှင်ဆယ်ဦး တံဆိပ်ပြားနှစ်ခု။]
"ဒါက..."
ဝမ်ပင်းသည် ရုတ်တရက် ထွက်ပေါ်လာသော မစ်ရှင်ကြောင့် အနည်းငယ် မှင်သက်သွားခဲ့ရသည်။
သို့သော် ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ သူ စနစ်ကို မေးမြန်းကြည့်လိုက်သည့်အခါ ဤမစ်ရှင် ကျရှုံးခဲ့ပါက ပေးမည့်ပြစ်ဒဏ်မှာ ဂိုဏ်းအဆောက်အအုံတစ်ခု၏ အဆင့်ကို တစ်ဆင့်နှိမ့်ချပစ်မည်ဟူသော အချက်ပင်။
"ချို့ယွင်းချက် ဆယ်နေရာတည်းပဲဟာ... ငါ သေချာပေါက် ရှာတွေ့နိုင်မှာပါ" ဟူသော ယုံကြည်ချက်ကို ရင်ဝယ်ပိုက်ကာ သူ ခြေလှမ်းစလိုက်သည်။
သို့သော် လမ်းအနည်းငယ်မျှပင် မလျှောက်ရသေးမီမှာပင် သူ၏ နောက်ကွယ်ဆီမှ ရင်းနှီးနေသော အသံတစ်ခု ရုတ်ချည်း ထွက်ပေါ်လာခဲ့၏။
"ဂိုဏ်းချုပ်ရန်..."
ထိုရင်းနှီးလှသော အသံကြောင့် ဝမ်ပင်း ခေါင်းလှည့်ကြည့်လိုက်ရာ လူအုပ်ကြားထဲတွင် ရောက်နေသော ထိုပုဂ္ဂိုလ်ကို ချက်ချင်း မှတ်မိသွားခဲ့တော့သည်။
သူကကတော့ ချီဟွာဂိုဏ်း၏ ဂိုဏ်းသခင်ငယ် လုမီပင်။
ဝမ်ပင်း လှည့်ကြည့်လိုက်သည်နှင့် လုမီသည် ဘေးနားရှိ လမ်းပိတ်နေသော လူများကို ဝမ်းသာအားရ တွန်းဖယ်ကာ အနားသို့ တိုးကပ်လာခဲ့သည်။ အချို့သောသူများမှာ တွန်းဖယ်ခံလိုက်ရသဖြင့် ဒေါသတကြီးဖြင့် ကြည့်ကြသော်လည်း လုမီ၏ နောက်ကွယ်တွင် ရပ်နေသော လုကျန်းယီကို မြင်လိုက်ရသည့်အခါတွင်မူ မည်သူမျှ ပြဿနာမရှာရဲကြတော့ချေ။
လုကျန်းယီသည် အေးစက်သော မျက်ဝန်းများဖြင့် သူ၏ အလယ်အလတ် နက်နဲသောအဆင့်အရှိန်အဝါကို တမင်သက်သက် ထုတ်လွှတ်လိုက်ရာ လုမီကို ဆဲရေးတိုင်းထွာရန် ပြင်နေကြသော လူများမှာ ထိတ်လန့်တကြားဖြင့် စကားတစ်ခွန်းမျှ မဟရဲတော့ဘဲ အလျင်အမြန်ပင် ရှောင်ထွက်သွားကြတော့သည်။
အလယ်အလတ် နက်နဲသောအဆင့်ရှိ ကျင့်ကြံသူတစ်ဦးဆိုသည်မှာ မည်သူမဆို အလွယ်တကူ ထိပ်တိုက်တွေ့ဝံ့သည့် ပုဂ္ဂိုလ်မျိုး မဟုတ်ပါချေ။
ထိုလူများ လုသားအဖနှစ်ဦးကို ကြောက်လန့်တကြား ရှောင်ကွင်းသွားကြပြီးနောက်တွင်မူ လုကျန်းယီ၏ မျက်နှာပေးမှာ စာအုပ်စာမျက်နှာကို လှန်လိုက်သကဲ့သို့ ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး ဝမ်ပင်းထံသို့ ပြုံးရွှင်စွာ ချဉ်းကပ်လာကာ နှုတ်ဆက်လိုက်တော့သည်။
"ဂိုဏ်းချုပ်ရန်... မတွေ့တာ ကြာပြီနော်"
"မတွေ့တာ ကြာပြီ"
ဝမ်ပင်းကလည်း ပုံမှန်အတိုင်း ပြန်လည်တုံ့ပြန်လိုက်၏။
လုမိသားစုက သူ့ကို အဘယ်ကြောင့် တမင်သက်သက် နာမည်လွှဲ၍ ခေါ်ရတာလဲဟူသောအချက်ကို သူ သဘောမပေါက်သော်လည်း လူအများအပြား ရှိနေသည့်နေရာဖြစ်သဖြင့် သူ ဝင်ရောက်မေးမြန်းခြင်း မပြုခဲ့ချေ။
လူအုပ်ကြီး အစွန်းရောက်နယ်ပယ်တောင်ဆီသို့ အလုံးအရင်းနှင့် တက်လှမ်းသွားကြသည့် အချိန်ကျမှသာ လုကျန်းယီသည် ဝမ်ပင်း၏ နာမည်ရင်းကို သတိထား၍ သုံးနှုန်းဝံ့တော့သည်။ "ဂိုဏ်းချုပ်ဝမ်... ဂိုဏ်းချုပ်က ဘာဖြစ်လို့ ဒီကို ရောက်နေရတာလဲဗျာ။ အခု ဂိုဏ်းချုပ်ကို ရှန်းလုံက လုပ်ကြံဖို့ ရှာဖွေနေတာလေ။ အဲဒါတင်မကသေးဘူး... အစွန်းရောက်နယ်ပယ်တောင်ရဲ့ ထိပ်သီးတပည့်ကြီးကိုလည်း ဂိုဏ်းချုပ်ရဲ့ တပည့်က ဂိုဏ်းထဲကနေ မောင်းထုတ်ပစ်ခဲ့တာ မဟုတ်လား။ ဒီဖုန်းယွမ်မြို့က ဂိုဏ်းချုပ်အတွက် အကြာကြီး နေလို့ကောင်းတဲ့ နေရာမဟုတ်ဘူးဗျ"
ထိုသို့ပြောရင်း လုကျန်းယီသည် မျက်မှောင်ကို အပြင်းအထန် ကုပ်လိုက်ပြီး ဝမ်ပင်းကို ဤနေရာမှ ချက်ချင်း ထွက်ခွာသွားရန် စေတနာဖြင့် အကြံပြုလိုက်တော့သည်။
ထိုအခါမှသာ ဝမ်ပင်းသည် လုသားအဖနှစ်ဦး သူကို အဘယ်ကြောင့် ဂိုဏ်းချုပ်ရန်ဟု လွှဲခေါ်ရတာလဲဆိုသည့် အကြောင်းရင်းကို သဘောပေါက်သွားခဲ့တော့၏။
၎င်းမှာ ဘေးပတ်ဝန်းကျင်ရှိ လူများ ဂိုဏ်းချုပ်ဝမ်ဟူသော နာမည်ကို ကြားသွားမည်ကို စိုးရိမ်၍ ဖုံးကွယ်ပေးခြင်းမျှသာ ဖြစ်သည်။
ယင်းကို ကြားသော်လည်း ဝမ်ပင်းက တည်ငြိမ်စွာပင် ခေါင်းခါယမ်းလိုက်ပြီး တည်ငြိမ်အေးဆေးသော ခြေလှမ်းများဖြင့် ရှေ့သို့ ဆက်လက်လျှောက်လှမ်းရင်း ပြောလိုက်တော့သည်။
"သွားကြည့်ကြတာပေါ့ဗျာ... ကြောက်နေစရာ ဘာရှိလို့လဲ။ အခု ကျွန်တော့်ရဲ့ မျိုးရိုးနာမည်က ရန်မဟုတ်လား..."