အခန်း (၁၂၉-၁၃၀)
Vol. 13 Ch. 129-130
အခန်း။ ၁၂၉
အစောင့်များ၏ ကြီးကြပ်မှုအောက်တွင် ရန်လီလီကို ဘေးခန်းတစ်ခု၌ ပိတ်ထားလိုက်သည်။ သူ၏ မိဘများ တစ်ခေါက် လာကြည့်ကြသော်လည်း ရန်လီလီက သူတို့ကို စိတ်မပူစေချင်သလို ဖခင်ဖြစ်သူ၏ ရာထူးကိုလည်း မထိခိုက်စေချင်သဖြင့် စိတ်အေးအေးထားရန်သာ ပြောလိုက်သည်။
ခြုံပြောရလျှင် မည်သူပင် လာလာ ရန်လီလီကတော့ ဘေးခန်းထဲမှာပဲ အသာတကြည် နေနေမည့် ပုံစံမျိုးပင်။
ညဉ့်နက်သန်းခေါင် ရောက်သောအခါ ရန်လီလီသည် ကုတင်ပေါ်မှ ဆင်းကာ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။
ထို့နောက် ပြတင်းပေါက်ဆီသို့ တန်းတန်းမတ်မတ် သွားကာ အပေါက်ငယ်လေးမှတစ်ဆင့် အပြင်က အစောင့်များကို ကြည့်ပြီး လက်ယမ်းပြလိုက်သည်။
"သွားပြီနော်"
ထိုသို့ပြောကာ ရန်လီလီသည် ထုပ်တန်းပေါ်သို့ တိုက်ရိုက် ခုန်တက်လိုက်သည်။
ထိုစဉ်မှာပင် တံခါးက ရုတ်တရက် ပွင့်လာတော့သည်။
ရန်လီလီသည် ထုပ်တန်းပေါ်မှ အမြန်ပြန်ဆင်းကာ ကုတင်ပေါ်သို့ ခပ်သွက်သွက်ပင် ပြန်တက်လိုက်ရသည်။
အထဲဝင်လာသူကို စိတ်ထဲကနေ ကျိန်ဆဲနေစဉ်မှာပင် မိန်းကလေးတစ်ဦး၏ မျက်နှာက သူ၏ရှေ့၌ ပေါ်လာသည်။ သူ့အရွယ်ခန့် ရှိမည့် မိန်းကလေးမှာ သူ၏မျက်နှာနားသို့ ကိုင်းငုံ့ကြည့်နေခြင်းပင်။
သူမဆီမှ လွင့်ပျံ့လာသော ရနံ့ကြောင့် ရန်လီလီက သူမကို အမြန်တွန်းထုတ်လိုက်ပြီး "ရန်ရှီး... မင်း ဒီကို ဘာလာလုပ်တာလဲ" ဟု မေးလိုက်သည်။
"မင်းကို လာကြည့်တာလေ"
"ငါ့ကို ကြည့်စရာ ဘာရှိလို့လဲ ကဲ... သိပြီဆိုရင် ပြန်တော့"
"ဒါပေမဲ့ ငါပြန်သွားရင် မင်းက ထုပ်တန်းပေါ် ပြန်တက်တော့မှာ မဟုတ်လား"
"မင်း မြင်သွားတာလား"
"တိုက်တိုက်ဆိုင်ဆိုင်ပဲ... ငါ့ရဲ့ အဆင့်က ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် ၆ လေ။ မင်း ထုပ်တန်းပေါ်က ဆင်းလာတာကို မြင်နိုင်တဲ့ မျက်စိတော့ ရှိပါတယ်"
"အေးပါ... မင်းက တော်ပါတယ်"
ရန်လီလီသည် ထိုအကြီးအကဲ၏ မြေးမဖြစ်သူကို ဘာမှပြန်မပြောနိုင်ဘဲ မချိပြုံး ပြုံးလိုက်မိသည်။
သူမက ပါရမီထူးချွန်သူ ဖြစ်သဖြင့် ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ကပင် သူမကို အလိုရှိနေကြသည်။
လှပသူလည်း ဖြစ်သဖြင့် ယောင်္ကျားလေး အများအပြားကလည်း သူမနောက်သို့ လိုက်နေကြသည်။
ဒီလောက် ထူးချွန်တဲ့သူက ဘာဖြစ်လို့ ညဉ့်နက်သန်းခေါင်မှာ ငါ့ဆီ လာတွေ့နေရတာလဲ။
ရန်ရှီးက ခပ်တိုးတိုး ရယ်မောလိုက်ပြီး အနီးရှိ ဝိုင်းစားပွဲတွင် ထိုင်ကာ မေးထောက်လျက် မေးလိုက်သည်။
"လီလီ... ငါ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ထဲ ဝင်သင့်သလား၊ ဒါမှမဟုတ် မှီခိုရာဂိုဏ်းထဲ ဝင်သင့်သလား"
"နှစ်ဖွဲ့လုံးက မင်းကို ကမ်းလှမ်းထားကြတာလား"
"ဟုတ်တယ် ဟုတ်တယ်။ ဒါပေမဲ့ ဘယ်အဖွဲ့ထဲ ဝင်ရမလဲဆိုတာ မဆုံးဖြတ်ရသေးဘူး"
ရန်လီလီက တဟားဟား ရယ်မောလိုက်ရင်း "မဆုံးဖြတ်ရသေးရင်လည်း မစဉ်းစားနဲ့တော့။ ငါ မင်းကို အဲဒီထက် ပိုကောင်းတဲ့ ဂိုဏ်းတစ်ခုဆီ ခေါ်သွားပေးမယ်။ အဲဒီဂိုဏ်းနဲ့ ယှဉ်လိုက်ရင် ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့တို့ မှီခိုရာဂိုဏ်းတို့ဆိုတာ ဘာမှမဟုတ်တော့ဘူး" ဟု ပြောလိုက်တော့သည်။
"အဲဒီလိုမျိုး ဂိုဏ်း တကယ်ရှိလို့လား"
"ငါ့ကိုယုံစမ်းပါ အကောင်းဆုံး သက်သေကတော့... ငါအခု ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် ၇ ကို ရောက်နေပြီဆိုတာပဲ"
"မင်းက အဆင့် ၇ ကို ရောက်သွားပြီ ဟုတ်လား"
ရန်လီလီ၏ စကားကြောင့် ရန်ရှီးမှာ မှင်တက်သွားရသည်။ ထို့နောက် ရန်လီလီက သူ၏ အရှိန်အဝါကို ထုတ်ဖော်ပြလိုက်ချိန်တွင် သူမသည် ရန်လီလီကို စေ့စေ့စိုက်ကြည့်နေမိတော့၏။ ရန်လီလီသည် အမှန်တကယ်ပင် အဆင့် ၇ သို့ ရောက်ရှိနေပြီဖြစ်ကြောင်း အာရုံခံမိလိုက်ချိန်တွင် အဆင့် ၆ ကို ရောက်ထား၍ ဂုဏ်ယူနေခဲ့သော သူမ၏ စိတ်အခြေအနေမှာ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ရန်လီလီပြောသော ဂိုဏ်းအကြောင်းကို သူမ အလွန်အမင်း စိတ်ဝင်စားသွားခဲ့သည်။
"လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ရန်လီလီဆိုတာ ဘာမှအသုံးမကျတဲ့သူ တစ်ယောက်ပဲလေ။ "
"ဒါကို... ဒီအချိန်လေးအတွင်းမှာ အဆင့် ၇ အထိတောင် ဘယ်လိုလုပ် တက်လှမ်းနိုင်သွားတာလဲ။ သူ ဘယ်လိုများ လုပ်လိုက်တာလဲ..."
အံ့ဩစရာအကောင်းဆုံးမှာ သူသည် သူမနှင့် သက်တူရွယ်တူ အသက် ၁၅ နှစ်သာ ရှိသေးခြင်းပင်။
သူမ၏ ယုံကြည်ချက်အားလုံးမှာ ရန်လီလီ၏ခြေဖဝါးအောက်တွင် နင်းခြေခြင်း ခံလိုက်ရသည်။
"အဲဒါ ဘာဂိုဏ်းလဲ"
ရန်ရှီး စိတ်ဝင်စားသွားသည်ကို မြင်သောအခါ ရန်လီလီက စိတ်ထဲမှ တဟားဟား ရယ်မောလိုက်ပြီး "ငါ့နောက်ကိုသာ လိုက်ခဲ့ပါ မင်း စိတ်ပျက်မှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။
"အခုလား"
"အခုမှ မဟုတ်ရင် ဘယ်တော့လဲ"
"ဒါပေမဲ့ မင်းကို အခု ငါ့အဘိုးက ပိတ်ထားတာလေ။ ဒီအတိုင်း ထွက်သွားရင် ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့က ရန်မိသားစုကို ဒေါသထွက်ကုန်မှာပေါ့"
"ရှီးရှီး... မင်း ကြောက်တယ်ဆိုရင်လည်း ထားလိုက်တော့လေ။ ဘာပဲဖြစ်ဖြစ် မင်းက အခု အဆင့် ၆ ဆိုတော့ တော်တော်လေး တောက်ပနေတာပဲ။ မဟာမိတ်အဖွဲ့ထဲ ဝင်လိုက်ရင် ဆန်းဝူမြို့ကနေ ထွက်သွားလို့ရပြီ။ ငါကတော့ တိတ်တိတ်ဆိတ်ဆိတ်ပဲ ကျင့်ကြံနေတော့မယ်။ မင်း ကြယ်နှစ်ပွင့်အဆင့် ဂိုဏ်းတစ်ခုထဲ ရောက်သွားတဲ့အခါ ငါ အဆင့် ၁၃ ရောက်ရင်တော့ လာပြီး သောက်စားကြတာပေါ့"
"ငါ လိုက်မယ်"
ရန်ရှီးက ချက်ချင်းပင် ခေါင်းငြိမ့်လိုက်သည်။
ရန်လီလီက အောင်နိုင်သူတစ်ယောက်ကဲ့သို့ ပြုံးလိုက်မိသည်။
"ငါက ထုပ်တန်းပေါ်ကနေ တက်သွားမယ်။ မင်းကတော့ ရန်အိမ်တော်ရဲ့ နောက်ဖေးတံခါးကနေ ထွက်ခဲ့။ နောက်တစ်လမ်းမှာ ငါတို့ ဆုံကြမယ်"
"မနက်ဖြန်မှ ဆိုရင်ကော ရလား။ ငါ ဒီည လုပ်စရာလေးတွေ ရှိသေးလို့"
"ကောင်းပြီ မနက်ဖြန်လည်း ရပါတယ်။ ဒါပေမဲ့ ရွှေလက်မှတ်တွေ အများကြီး ယူလာဖို့ မမေ့နဲ့ဦး။ အဲဒီဂိုဏ်းမှာ ကျင့်ကြံဖို့ဆိုရင် ပိုက်ဆံသုံးရတယ်"
"အင်"
"ဘာ အင်တာလဲ။ ဒီနှစ်ထဲမှာ အဆင့် ၇ ဒါမှမဟုတ် အဆင့် ၈ ကို ရောက်ဖို့အတွက် ရွှေဒင်္ဂါး တစ်သောင်းနဲ့ မလဲနိုင်ဘူးလား"
"လဲနိုင်တာပေါ့"
ရန်ရှီးက အလေးအနက် ခေါင်းငြိမ့်ပြသည်။
"ကောင်းပြီ ဒီည ပြန်ပြင်ဆင်ထား။ မနက်ဖြန် မနက်ကျရင် ငါတို့အိမ်နောက်က လမ်းထဲမှာ ဆုံမယ်"
"ဟုတ်ပြီ ဒါပေမဲ့ လီလီ... ငါ့ကိုတော့ လိမ်လို့ မရဘူးနော်"
"ငါ မင်းကို လိမ်ရင် ခွေးလေး ဖြစ်စေရမယ် ဟုတ်ပြီလား"
"အေးပါ... မင်းသာ ငါ့ကို လိမ်ရင် တစ်သက်လုံး ခွေးလေး ဖြစ်ပါစေ"
...
နောက်တစ်နေ့ နံနက်စောစော အရုဏ်တက်ချိန်တွင် ကျောက်ချင်းနှင့် အခြားသူများသည် ဝမ်ပင်းအား ကူညီရန် ယွင်လန်တောင်ခြေသို့ စိတ်အားထက်သန်စွာ ရောက်ရှိလာကြသည်။ မြူနှင်းများ မြေပြင်ကို ဖုံးလွှမ်းနေချိန်မှသည် နေမင်းကြီး ထွန်းလင်းတောက်ပလာချိန်အထိ သူတို့ အလုပ်ရှုပ်နေကြ၏။
သို့သော် အချိန်အတော်ကြာ စောင့်ဆိုင်းနေသော်လည်း တစ်ဦးတစ်ယောက်မျှ ရောက်မလာခဲ့ပေ။
မူလက ချင်ရွှေလမ်းသည် ယွင်လန်တောင်ခြေနှင့် ကပ်လျက်ရှိသဖြင့် လူများ မကြာခဏ ဖြတ်သန်းသွားလာလေ့ ရှိသော်လည်း ယခုမူ လမ်းမထက်၌ လူရိပ်လူယောင်ပင် မတွေ့ရတော့ပေ။
ဗလာဖြစ်နေသော လမ်းမကြီးကို ကြည့်ကာ လူတိုင်းမှာ လေတိုးသံကြားတွင် မတ်တတ်ရပ်နေမိကြသည်။
ထိုစဉ်မှာပင် ဟင်းသီးဟင်းရွက် တောင်းလေးတစ်လုံးကို ကိုင်ဆောင်ထားသော အသက် ၁၅၊ ၁၆ နှစ်အရွယ် ကောင်လေးတစ်ဦး ဖြတ်သွားကာ သူသည် ယွင်လန်တောင်ခြေရှိ သိုင်းပညာနှီးနှောဖလှယ်ပွဲ ဆိုင်းဘုတ်ကို မြင်လိုက်ရသောအခါ "အမေ... ကျွန်တော် သိုင်းပညာနှီးနှောဖလှယ်ပွဲကို သွားချင်တယ်" ဟု ဘေးရှိ အမျိုးသမီးကို ဝမ်းသာအားရ ပြောလိုက်သည်။
ကောင်လေးသည် ဟင်းသီးဟင်းရွက်တောင်းကို သူ့အမေထံ ပေးအပ်ကာ တောင်ခြေသို့ အပြေးသွားရန် ပြင်လိုက်သော်လည်း သူ၏အမေက ဆွဲတားခြင်း ခံလိုက်ရသည်။
"ငါတို့ကို သေတွင်းထဲ ပို့ချင်နေတာလား"
ထိုသို့ပြောကာ ကောင်လေးကို ဆွဲခေါ်သွားတော့သည်။
ထိုသားအမိ ထွက်သွားသည်ကို ကြည့်ကာ ရန်လီလီနှင့် အခြားသူများမှာ ကြောင်တောင်တောင် ဖြစ်သွားရသည်။
ဟွမ်ယီသည် သူတို့နောက်သို့ အနည်းငယ် လိုက်သွားသော်လည်း ထိုသားအမိမှာ ခြေလှမ်းများကို ပိုမိုမြန်ဆန်အောင် လျှောက်သွားကြသည်။ ဘာမှ အဖြေမရသဖြင့် ဟွမ်ယီမှာ ပြန်လာခဲ့ရပြီး စိတ်ထဲမှ တီးတိုးရေရွတ်နေမိသည်။
"အခမဲ့ သင်ကြားပေးတာကို ဘာလို့ သူတို့ကို ဒုက္ခပေးတာလို့ ထင်နေကြတာလဲ"
အခန်း။ ၁၃၀
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဝမ်ပင်းသည် လူများကို ဆွဲဆောင်မည့်ကိစ္စကို သတိရသွားတော့သည်။
သူက စနစ်ကို လှမ်းပြောလိုက်သည်။
"စနစ်... သိုင်းပညာနှီးနှောဖလှယ်ပွဲရဲ့ အာနိသင်ကို မြှင့်တင်ပေးတော့"
"မြှင့်တင်မှု အောင်မြင်ပါတယ်"
ခဏအကြာတွင် လမ်းမကြီးမှာ ဆက်လက်၍ ဗလာဖြစ်နေဆဲဖြစ်သည်ကို မြင်သောအခါ ဝမ်ပင်းက အမြန်မေးလိုက်သည်။
"စနစ်... မင်းပဲ ယွင်လန်တောင် ပတ်ပတ်လည် မီတာ ခုနစ်ထောင်အတွင်းမှာရှိတဲ့သူတွေ ဆွဲဆောင်ခံရမယ်ဆို"
"ပြင်ပက အနှောင့်အယှက်တွေ ရှိနေတာကြောင့် ဆွဲဆောင်မှု အာနိသင် လျော့နည်းသွားတာပါ"
"ဪ... ငါ အခုမှ သတိရတယ်"
ချင်ရွှေလမ်းတွင် တစ်စုံတစ်ယောက်က လမ်းပိတ်ထားသည်ကို ဝမ်ပင်း သတိပြုမိသွားသည်။
ဝမ်ပင်းက ထပ်မေးသည်။
"စနစ်... တကယ်လို့ တစ်ယောက်ယောက်က လမ်းပိတ်ထားရင် လူတွေ ဝင်လာလို့ မရတော့ဘူး မဟုတ်လား"
စနစ်က ပြန်ဖြေသည်။
"ဒါပေါ့... မဟုတ်ပါဘူး။ လူတွေက မသိစိတ်ထဲကနေ သိုင်းပညာနှီးနှောဖလှယ်ပွဲကို လာချင်တဲ့ ဆန္ဒတွေ ရှိနေကြပါတယ်။ အကယ်၍ သူတို့ တားဆီးခံရတာ ဒါမှမဟုတ် ခြိမ်းခြောက်ခံရတာမျိုး ရှိလာရင် သူတို့ဆီမှာ အာခံချင်စိတ်တွေ သေချာပေါက် ဖြစ်ပေါ်လာပါလိမ့်မယ်။ အဲဒီအချိန်မှာ ပင်မဆောင်ရဲ့ ဆွဲဆောင်မှုစွမ်းအားက အဲဒီအာခံချင်စိတ်နဲ့ နှီးနှောဖလှယ်ပွဲကို တက်ချင်တဲ့ဆန္ဒကို ပိုပြီး ပြင်းထန်လာအောင် လုပ်ဆောင်ပေးမှာဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ အဲဒီစိတ်တွေက တဟုန်ထိုး မြင့်တက်လာပါလိမ့်မယ်"
"ဆွဲဆောင်မှုက ဒီလို အာနိသင်မျိုးတောင် ရှိတာလား"
"သေချာတာပေါ့။ အဲဒီလို ခံစားချက်တွေ စုပြုံလာတာဟာ ရေပုံးထဲမှာ ရေဖြည့်နေသလိုပါပဲ ပြည့်လျှံသွားတဲ့အခါ အပြင်ကို ထွက်လာမှာပါ။ စကားပုံတစ်ခု ရှိတယ်မဟုတ်လား... ဖိနှိပ်မှုရှိတဲ့နေရာမှာ တော်လှန်မှု ရှိတယ်ဆိုတာလေ"
"မင်းက အဲဒီစကားပုံကိုတောင် သိတာလား"
"သိတာပေါ့။ သခင့်အနေနဲ့ စောင့်ကြည့်နေရုံပါပဲ"
ဝမ်ပင်းက ခေါင်းငြိမ့်လိုက်သည်။
ထိုစဉ် ဝမ်ပင်း လှည့်ကြည့်လိုက်သောအခါ ချင်ရှန်းက သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"အကြီးအကဲချင်... ကျွန်တော့်မျက်နှာမှာ ပန်းတွေ ပွင့်နေလို့လား"
ချင်ရှန်းက ခပ်ဟဟ ရယ်လိုက်ပြီး "မင်းကို ငါ တကယ် နားမလည်ဘူး။ မင်းက ကိုယ့်ရဲ့ အဖိုးတန်တဲ့ အချိန်တွေကို သာမန်လူတွေရဲ့ အကျိုးအတွက် အနစ်နာခံပေးနေတာတောင် သူတို့က ကျေးဇူးမသိကြဘူး။ ကြယ်တစ်ပွင့်အဆင့် ဂိုဏ်းတစ်ခုနဲ့ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ခွဲလေးရဲ့ တားဆီးမှုကို ကြောက်ပြီး တစ်ယောက်မှ မလာရဲကြဘူး။ ဒါပေမဲ့ သူတို့သာ ဒီမှာ နက်နဲသောအဆင့်ကျင့်ကြံသူက သူတို့ကို စောင့်နေတယ်ဆိုတာ သိရင်တော့ နောင်တရကြမှာ အသေအချာပဲ"
ဝမ်ပင်းက ပြန်ပြောသည်။
"မလောပါနဲ့ဦး"
တစ်ချိန်တည်းမှာပင် ယွင်လန်တောင်ကို မျက်နှာမူထားသော စင်မြင့်အမြင့်ဆုံးထပ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် တောင်ခြေကို စောင့်ကြည့်နေကြသည်။
ထိုအမျိုးသားမှာ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့၏ ဝတ်စုံကို ဝတ်ဆင်ထားသော ဥက္ကဋ္ဌ မိုလင် ဖြစ်သည်။
အမျိုးသမီးမှာမူ မှီခိုရာဂိုဏ်း၏ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမမှာ မှီခိုရာဂိုဏ်း၏ တစ်ဦးတည်းသော အမျိုးသမီး အကြီးအကဲဖြစ်သလို ဂိုဏ်းချုပ် ဝမ်မို ၏ ဇနီးဖြစ်သူ ရှန်းယီပင်။
ရှန်းယီက ရယ်မောလိုက်ရင်း "ဥက္ကဋ္ဌ မိုလင်... ကျွန်မရဲ့ အစီအစဉ်က ထိရောက်တယ် မဟုတ်လား။ မသေမျိုးဂိုဏ်းက တပည့်တွေ ပထမဆုံး စုဆောင်းတုန်းကလည်း ကျွန်မတို့ ဒီလိုပဲ လုပ်ခဲ့တာလေ။ ချင်ရွှေလမ်းမှာ လူတွေချထားပြီး ယွင်လန်တောင်ခြေကို ဘယ်သူမှ မသွားနိုင်အောင် ပိတ်ထားခဲ့တာ။ အခုလည်း ဒီလိုပဲ လုပ်လိုက်တော့ သူ့ရဲ့ သိုင်းပညာနှီးနှောဖလှယ်ပွဲမှာ လူတစ်ယောက်မှ မရှိတော့ဘူး"
"မှန်တာပေါ့"
"ဒါတင်မကဘူး... ကျွန်မက မသေမျိုးဂိုဏ်းရဲ့ သိုင်းပညာနှီးနှောဖလှယ်ပွဲဆိုတာ အလိမ်အညာသက်သက် ပိုက်ဆံယူဖို့ပဲ လုပ်နေတာလို့ သတင်းလွှင့်ထားလိုက်သေးတယ်။ အခုဆို တစ်မြို့လုံးက အဲဒါကို ယုံနေကြပြီ"
"ဪ... ဟုတ်လား"
မိုလင်က ရှန်းယီကို အံ့ဩတကြီး ကြည့်လိုက်သည်။
ရှန်းယီက ပြုံးလိုက်ရင်း "ဒါကတော့ ဝမ်ပင်းလေးက ဝင်ကြေး ရွှေဒင်္ဂါး တစ်ထောင် တောင်းလိုက်လို့ ကျေးဇူးတင်ရမှာပေါ့။ ပြီးတော့ လူတိုင်းက မသေမျိုးဂိုဏ်း ဆုတ်ယုတ်နေတာကို သိနေကြတာဆိုတော့ ရွှေတစ်ထောင်တောင်းတာက လိမ်တာလို့ ထင်ရတာပေါ့... လူအများကြီးက သူ့ကို လိမ်လည်သူလို့ ဝိုင်းပြောကြရင် အဲဒီအလိမ်အညာက အမှန်တရား ဖြစ်သွားတာပဲ"
ထိုစကားကို ကြားသောအခါ မိုလင်က ခေါင်းငြိမ့်ကာ ရှန်းယီကို ချီးကျူးသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး "အကြီးအကဲ ရှန်းယီက တကယ်ကို ထက်မြက်တာပဲ။ အကြီးအကဲရဲ့ အကူအညီကြောင့် ဂိုဏ်းချုပ်ဝမ်မိုရဲ့ ဂိုဏ်းက မကြာခင်မှာ ကြယ်နှစ်ပွင့်အဆင့် ဂိုဏ်း ဖြစ်လာတော့မှာ မဆန်းပါဘူး"
ရှန်းယီက ဆက်ပြောသည်။
"ဥက္ကဋ္ဌကလည်း မြှောက်ပင့်နေပြန်ပါပြီ။ ကျွန်မတို့ မှီခိုရာဂိုဏ်းကလည်း ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ရဲ့ အစိတ်အပိုင်းတစ်ခုပဲလေ။ ဒါက ကျွန်မတို့ရဲ့ ကပ်စားချေမှုအတွက်လည်း ပါတာပေါ့။ ကျွန်မတို့ ရက်စက်မှ ဖြစ်မယ်။ မသေမျိုးဂိုဏ်းကို ပျက်စီးစေရုံတင်မကဘဲ သူ့ရဲ့ နာမည်ကိုပါ သုံးစားလို့မရအောင် လုပ်ရမယ်။ ဆန်းဝူမြို့က လူတွေက မသေမျိုးဂိုဏ်းဆိုတဲ့ နာမည်ကို ကြားလိုက်တာနဲ့တင် ရွံရှာသွားစေရမယ်"
"ဟားဟား"
ရှန်းယီသည် ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်ရာ သူမ၏ အေးစက်သော ရယ်သံမှာ ကောင်းကင်ယံအထိ ပဲ့တင်ထပ်သွားပြီး ငှက်ကလေးများပင် ထိတ်လန့်တကြား ပျံသန်းသွားကြတော့သည်။
ချင်းဖုန်းလမ်း။
ရန်လီလီသည် အခန်းထဲမှ စောစောစီးစီးပင် ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး လမ်းကြားတစ်ခု၏ လူသူမနီးသော ထောင့်တစ်နေရာတွင် ပုန်းကာ ရန်ရှီး ပေါ်လာမည့်အချိန်ကို စောင့်မျှော်နေ၏။
သိပ်မကြာခင်မှာပင် အဝတ်ထုတ်တစ်ထုတ်ကို ပိုက်ကာ ဦးတည်ရာမဲ့ လျှောက်လာနေသော ရန်ရှီးကို မြင်လိုက်ရသည်။
ရန်လီလီသည် လမ်းကြားထဲမှ အပြေးထွက်လာပြီး သူမ၏လက်ကို ဆွဲကာ လမ်းကြားထဲသို့ ခေါ်ဆောင်သွားတော့သည်။
"ဘယ်သူလဲ"
"ငါပါ... ရန်လီလီ"
"ဘာလို့ ဒီလောက် အားနဲ့ဆွဲရတာလဲ။ နာလိုက်တာ မင်းကိုယ်မင်း ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် ၇ ရောက်နေတာ မသိဘူးလား"
"အေးပါ... ငါ့အမှားပါ။ ကဲ... ရထားလုံးတစ်စီး သွားငှားလိုက်တော့။ ငါ မင်းကို အခုပဲ ခေါ်သွားတော့မယ်"
ရန်ရှီးသည် ခေါင်းငြိမ့်ပြကာ လှည့်ထွက်သွားပြီးမှ ချက်ချင်းပင် ပြန်လှည့်လာပြန်သည်။
"လီလီ... အဲဒီဂိုဏ်းမှာ တခြားဘယ်သူတွေရှိသေးလဲ"
"လူတွေ အများကြီးရှိတာပေါ့။ မင်း သူတို့နဲ့ တွေ့ရင် အံ့သြသွားစေရမယ်"
ရန်လီလီသည် တဟီးဟီး ရယ်မောလိုက်ရင်း စိတ်ထဲမှ ကျိတ်တွေးနေမိသည်။
နက်နဲသောအဆင့် ကျင့်ကြံသူ နှစ်ယောက်တောင် ရှိတာဆိုတော့ မင်း ကြောက်လွန်းလို့ သေတောင် သေသွားဦးမယ်။
...
အမွှေးတိုင်တစ်ဝက်စာခန့် ကြာပြီးနောက် ရန်လီလီသည် ရထားလုံးကို ယွင်လန်တောင်ဆီသို့ မောင်းနှင်လာခဲ့သည်။ ရန်ရှီးမှာမူ အတွင်းမှ ထိုင်လိုက်ပါရင်း စိတ်လှုပ်ရှားစွာဖြင့် လိုက်ကာကို မကာ အပြင်ဘက်ကို ကြည့်နေ၏။
သို့သော်လည်း ဆန်းဝူမြို့၏ ဆင်ခြေဖုံးသို့ ချဉ်းကပ်လာပြီး ချင်ရွှေလမ်း အပြင်ဘက်သို့ ရောက်ရှိလာသောအခါ ရန်ရှီး၏ မျက်နှာထား ပြောင်းလဲသွားတော့သည်။
"လီလီ... မင်း မြို့ပြင်ကို ထွက်မလို့လား"
"ဂိုဏ်းဆီကို ခေါ်သွားမလို့လေ"
"အဲဒါ မြို့ပြင်မှာလား"
"မြို့အစပ်နားတင်ပါ... မသေမျိုးဂိုဏ်းမှာလေ"
"မသေမျိုးဂိုဏ်း ဟုတ်လား"
ရန်ရှီးက အလန့်တကြား အော်ဟစ်လိုက်ပြီး ဇက်ကြိုးကို ဆွဲကာ ရထားလုံးကို အတင်းရပ်
လိုက်သည်။ ထို့နောက် ရိုင်းပျစွာပင် ငေါက်လိုက်တော့သည်။
"မင်း ငါ့ကို လိမ်တာပဲ မင်းက ခွေးလေးပဲ"
"ငါ ဘာလိမ်လို့လဲ"
"အဘိုးက မသေမျိုးဂိုဏ်းကို မသွားရဘူးလို့ တားထားတာကို မင်းက ငါ့ကို ဒီရောက်အောင် လိမ်ခေါ်လာတာပေါ့။ ငါ အိမ်ပြန်တော့မယ်"
ရန်ရှီးသည် ထိုသို့ပြောကာ ရထားလုံးပေါ်မှ ဆင်းရန် ပြင်လိုက်သည်။
ရန်လီလီကတော့ စိုးရိမ်ပူပန်ခြင်း အလျဉ်းမရှိဘဲ ပြောလိုက်သည်။
"မင်း သဘောပါပဲ လိုက်ချင်လိုက် မလိုက်ချင်နေ။ အဘိုးတို့လိုပဲ ရှေးရိုးစွဲကြီး လုပ်နေပြီး ရန်မိသားစု တဖြည်းဖြည်း ဆုတ်ယုတ်သွားတာကိုပဲ ထိုင်ကြည့်နေလိုက်တော့"
ထိုသို့ပြောပြီးနောက် ရန်လီလီသည် ရထားလုံးပေါ်မှ ခုန်ဆင်းကာ ရန်ရှီး ဆင်းရန် လမ်းဖယ်ပေးလိုက်သည်။
ရန်လီလီ ခုန်ဆင်းလိုက်သည်နှင့် တစ်ပြိုင်နက် ချင်ရွှေလမ်းရှိ လက်ဖက်ရည်ဆိုင်အတွင်းမှ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့နှင့် မှီခိုရာဂိုဏ်းသားများ ချက်ချင်း ပြေးထွက်လာကြကာ ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
"ရထားလုံးကို ဖယ်လိုက်စမ်း မင်းတို့က ချင်ရွှေလမ်းက လူတွေ မဟုတ်တာ သိသာတယ်။ ဒီကနေ ဖြတ်ခွင့်မရှိဘူး"
ရန်လီလီသည် ချဉ်းကပ်လာသော လူနှစ်ယောက်ကို တစ်ချက်ကြည့်ကာ အေးစက်စွာ မေးလိုက်သည်။
"ဘယ်တုန်းက ချင်ရွှေလမ်းက ခင်ဗျားတို့ပိုင် ဖြစ်သွားတာလဲ"
အနက်ရောင် ဝတ်စုံဝတ် မှီခိုရာဂိုဏ်းသားက လက်စွပ်ကို အမြန်လိပ်လိုက်ပြီး "ဟေ့ကောင်... ငါက ဖြတ်လို့မရဘူးဆို မရဘူးပဲ။ ဘာတွေ စကားများနေတာလဲ နောက်တစ်ခွန်း ထပ်ပြောရင် မင်းကို သေအောင် ထိုးသတ်ပစ်မယ် ယုံလား"
"အင်း... ငါက ဖြတ်ချင်နေတာလေ"
"ဒီကောင်လေးတော့ သေချင်နေပြီ ထင်တယ်"
မှီခိုရာဂိုဏ်းသားသည် လက်လှမ်းကာ ရန်လီလီကို ဖမ်းရန် ကြိုးစားလိုက်သည်။
ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့မှ နောက်တစ်ယောက်မှာမူ ဘေးတွင် ရပ်ကာ ပွဲကြည့်နေ၏။
သူ၏ မျက်လုံးများက လှပနုနယ်သော ရန်ရှီးပေါ်သို့ ကျရောက်သွားချိန်တွင် ရုတ်တရက် ရင်းနှီးနေသလို ခံစားလိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားသည်။
သို့သော် သူသည် ခေါင်းကို အမြန်ခါယမ်းကာ အတွေးကို ဖြတ်လိုက်ပြီး ရန်ရှီးကို ဖြောင့်မတ်သောမျက်လုံးများဖြင့် ဆက်ကြည့်နေသည်။
"မိန်းကလေး..."
ထိုလူ၏ နှုတ်မှ စကားလုံးများ ထွက်လာခါစမှာပင် ဘေးရှိ တစ်စုံတစ်ယောက် လွင့်ထွက်သွားသည်ကို မြင်လိုက်ရသည်။
သူ လှည့်ကြည့်လိုက်သောအခါ သူ၏ အဖော်မှာ ကန်ထုတ်ခံလိုက်ရသည်ကို တွေ့လိုက်ရ၏။
ရန်လီလီကို ကြည့်လိုက်သောအခါမှ တစ်ဖက်လူမှာလည်း ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် ၇ ရောက်နေသည်ကို သူ သတိပြုမိသွားသည်။
"တော်တဲ့ကောင်လေးပဲ"
ဒေါသတကြီး အော်ဟစ်ပြီးနောက် ထိုလူမှာ လက်ပါရန် ပြင်လိုက်တော့သည်။
သို့သော် သူ၏ခြေထောက်ကို မရွှေသေးမီမှာပင် ရင်ဘတ်ဆီသို့ လက်သီးတစ်ချက် အရှိန်အဟုန်ဖြင့် ကျရောက်လာသည်။
ဘာဖြစ်သွားမှန်းပင် မသိလိုက်ရဘဲ သူသည် နောက်သို့ လွင့်ထွက်သွားတော့၏။
ထိုနှစ်ယောက်ကို ရှင်းလင်းပြီးနောက် ရန်လီလီသည် လက်ကို အသာအယာ ခါယမ်းလိုက်ပြီး "ဒီလောက် အသုံးမကျတဲ့ အဆင့် ၇ တွေနဲ့ ငါ့ကို လာတားနေတာလား" ဟု ပြောလိုက်သည်။
ဤမြင်ကွင်းကို ကြည့်နေသော ရန်ရှီး၏ မျက်နှာမှာ အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်နေတော့သည်။
ယခုအခါ သူမ ရန်လီလီကို ကြည့်သည့် အကြည့်မှာ အရင်ကနှင့် မတူတော့ပေ။
တစ်နှစ်အတွင်း ခုနစ်ဆင့်အထိ တက်လှမ်းနိုင်ခဲ့သည့် ရန်လီလီသည် အဆင့် ၇ သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း တကယ့်တိုက်ခိုက်ရေးစွမ်းရည်မှာ အဆင့်မီပါ့မလားဟု သူမ သံသယဝင်ခဲ့မိသည်။
သို့သော် လက်တွေ့တွင်မူ ရန်လီလီမှာ အဆင့် ၇ ဖြစ်ရုံသာမက သက်တူရွယ်တူ အဆင့်တူချင်းကိုပင် လက်သီးတစ်ချက်တည်းဖြင့် အလဲထိုးနိုင်သည်အထိ အစွမ်းထက်နေခြင်းပင်။
ဤကဲ့သို့ ပါရမီမျိုးသာရှိလျှင် အပြင်လောကရှိ ကြယ်နှစ်ပွင့်အဆင့် ဂိုဏ်းကြီးများတွင် တပည့်အဖြစ် ဝင်ရောက်ပါက မျိုးဆက်သစ် ခေါင်းဆောင်လောင်းအဖြစ် မြေတောင်မြှောက်ပေးကြမည်မှာ အသေအချာပင်။
သို့သော် ရန်လီလီမှာမူ မသေမျိုးဂိုဏ်းသို့သာ ပြန်ချင်နေခြင်းပင်။
သူမမှာ အံ့ဩနေဆဲဖြစ်သော်လည်း ရန်လီလီ ထွက်ခွာရန် ပြင်နေသည်ကို မြင်သောအခါ ချက်ချင်းပင် အော်ပြောလိုက်သည်။
"လီလီ... ခဏစောင့်ဦး ငါလည်း လိုက်မယ်"
ထိုစဉ် နောက်ဘက်မှ အသံများ ထွက်ပေါ်လာသည်။
"ရန်လီလီ... ရပ်လိုက်စမ်း"
သူတို့ နှစ်ယောက်လုံး လှည့်ကြည့်လိုက်ကြသည်။
လမ်းထောင့်ရှိ အရက်ဆိုင်တစ်ခုမှ လူနှစ်ယောက် ခုန်ထွက်လာသည်ကို တွေ့လိုက်ရ၏။ ထိုသူနှစ်ဦးလုံးမှာ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် ၁၃ ရောက်နေသူများ ဖြစ်ကြသည်။
တစ်ယောက်မှာ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့မှ အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ပြီး နောက်တစ်ယောက်မှာ မှီခိုရာဂိုဏ်းမှ လီယွဲ့ ဖြစ်သည်။
ရန်ရှီး၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားတော့သည်။
"ငါတို့ ဘယ်လိုလုပ်ကြမလဲ"
"ပြေး"
ရန်လီလီက ပြန်ဖြေရင်း ရန်ရှီး၏လက်ကို ဆွဲကာ ချင်ရွှေလမ်းအတိုင်း အရှိန်အဟုန်ဖြင့် ပြေးတော့သည်။
သူတို့ ထွက်ပြေးနေစဉ် နောက်ကွယ်မှ ဒေါသတကြီး အော်ဟစ်သံများ လိုက်ပါလာသည်။
"ရန်လီလီ... ရန်ရှီးကို ဒီရောက်အောင် လိမ်ခေါ်လာတဲ့အတွက် မင်းကို ငါ သတ်ပစ်မယ်"
ရန်လီလီက ခေတ္တမျှ တန့်သွားပြီး ဘေးရှိ ရန်ရှီးကို မေးလိုက်သည်။
"သူတို့ မင်းကို သိနေတာလား"
"အင်း... သူတို့နှစ်ယောက်လုံး ငါ့အိမ်ကို လာဖူးတယ်"
"ကောင်းပြီလေ... အဆင့် ၁၃ ကျင့်ကြံသူ နှစ်ယောက်ရှေ့မှာတင် လူကို အတင်းလုပြီး ခေါ်သွားရမှာပေါ့"
ရန်လီလီမှာ ခပ်နွမ်းနွမ်းလေး ပြုံးလိုက်မိသော်လည်း ခြေလှမ်းများကို ပိုသွက်အောင် ပြေးလိုက်သည်။ အဆင့် ၁၃ နှစ်ယောက်ဆီမှ ထွက်ပေါ်လာသော သတ်ဖြတ်လိုသည့် အငွေ့အသက်များက သူ၏စိတ်ကို ဖိစီးနေပြီး ကျောပြင်တွင်လည်း ချွေးအေးများ စီးကျလာတော့သည်။
သူတို့ကို မျက်ခြေဖြတ်ရန် လမ်းကြားများထဲသို့ ဝင်ရန် ပြင်လိုက်စဉ်မှာပင် အဖြူရောင် အကာအကွယ်ဒိုင်းတစ်ခုက သူ့ကို ရုတ်တရက် လွှမ်းခြုံသွားပြီး နောက်ဘက်မှ ခလွမ်ခနဲ အသံတစ်သံ ကြားလိုက်ရသည်။
မြေပြင်ပေါ်သို့ မြှားတိုတစ်စင်း ပြုတ်ကျသွားခြင်းပင်။
ထိုဒိုင်းမှာ မည်သို့ အလုပ်လုပ်သည်ကို ရန်လီလီ နားမလည်သော်လည်း ၎င်းသည် သူ၏ အသက်ကို ကယ်တင်လိုက်ခြင်း ဖြစ်ကြောင်း သူ သိလိုက်သည်။
ဤဒိုင်းသာ မရှိခဲ့လျှင် ထိုမြှားတိုမှာ သူ၏ကျောပြင်ကို သေချာပေါက် ဖောက်ထွက်သွားပေလိမ့်မည်။ အဆင့် ၁၃ ကျင့်ကြံသူ၏ သေစေနိုင်သော တိုက်ခိုက်မှုမှာ သူ့ကို သတ်ရန် လုံလောက်သည်။
ဤအဆင့် ၁၃ ကျင့်ကြံသူများမှာ တကယ်ပင် ရက်စက်လှပေ၏။
"ငါ့နောက်ကို လိုက်ခဲ့"
ရန်လီလီသည် ရန်ရှီးကို လမ်းကြားထဲသို့ အမြန်ဆွဲခေါ်သွားသော်လည်း နောက်သို့ လှည့်ကြည့်လိုက်သည့်အခါ ထိုလူနှစ်ယောက်မှာ ထပ်ကြပ်မကွာ လိုက်ပါလာဆဲပင်။
"ဒီဘက်"
"ဟိုဘက်"
"ငါ့နောက်က လိုက်ခဲ့"
ရန်လီလီသည် ရန်ရှီးကို ဆွဲကာ လမ်းကြားများထဲ၌ ဟိုပြေးဒီပြေးဖြင့် ယွင်လန်တောင်ခြေသို့ ရောက်အောင် ကြိုးစားနေသည်။
သို့သော်လည်း လိုက်ဖမ်းနေသူများမှာ တဖြည်းဖြည်း နီးကပ်လာသည်။
လမ်းကြားများက အဆင့် ၁၃ ကျင့်ကြံသူများ၏ အရှိန်ကို အဟန့်အတား ဖြစ်စေသော်လည်း သူတို့၏ အာရုံခံစားမှုကိုမူ မထိခိုက်စေပေ။ သူတို့ကို အမီဖမ်းမိရန်မှာ အချိန်ကိစ္စသာ ဖြစ်သည်။
ရန်ရှီးက ပြောသည်။
"လီလီ... မင်းပဲ အရင်ပြေးပါ။ ငါ ဒီမှာ တားထားပေးမယ်။ သူတို့ ငါ့ကိုတော့ ဘာမှလုပ်မှာ မဟုတ်ပါဘူး"
"မဖြစ်ဘူး... မင်းကို ငါ ခေါ်လာတာဆိုတော့ မသေမျိုးဂိုဏ်းကို အရောက်ခေါ်သွားမှာပဲ။ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့တို့ မှီခိုရာဂိုဏ်းတို့ထဲ ဝင်လိုက်ရင် မင်းရဲ့ ပါရမီတွေ ပျောက်ဆုံးကုန်လိမ့်မယ်"
ရန်လီလီက ပြတ်သားစွာ ပြန်ပြောလိုက်သည်။
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် လိုက်ဖမ်းနေသည့် ခြေသံများမှာ အနီးအနားသို့ ရောက်ရှိလာတော့သည်။
လမ်းကြားလေးခုဆုံရာတွင် ရန်လီလီနှင့် ရန်ရှီးတို့ ရပ်နေကြပြီး တစ်ဖက်တစ်ချက်စီတွင် အဆင့် ၁၃ ကျင့်ကြံသူ တစ်ဦးစီ ရှိနေကြသည်။
နောက်ပြန်ဆုတ်ရန်မှာ လွတ်မြောက်ရာလမ်း မဟုတ်တော့ပေ။
ရှေ့ဆက်တိုးရန်မှာ ယွင်လန်တောင်ဘက်သို့ ဦးတည်နေသော်လည်း ကျဉ်းမြောင်းသော လမ်းကြားထဲတွင် အဆင့် ၁၃ ကျင့်ကြံသူ နှစ်ယောက်က သူ့ကို မျက်စိတစ်မှိတ်အတွင်း အမီဖမ်းနိုင်သည်။
ဖြစ်နိုင်ခြေမှာမူ လိုက်ဖမ်းနေသူများက သူ့ကို တိုက်ရိုက် သတ်ပစ်ကြပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သူတို့မှာ အစောပိုင်းကတည်းက သတ်ရန် ကြိုးစားခဲ့ကြဖူးသောကြောင့်ပင်။
"ရန်ရှီး... ငါတို့နဲ့အတူ ပြန်လိုက်ခဲ့ပါ"
ထိုသူနှစ်ဦးက တစ်ပြိုင်နက်တည်း ပြောလိုက်သည်။
ရန်ရှီးက ခေါင်းခါပြကာ ရန်လီလီကို အမြန်ပြေးရန် လက်တစ်ဖက်ဖြင့် တွန်းလိုက်သည်။ ထို့နောက် "စီနီယာလီယွဲ့... လီလီ့ကို လွှတ်ပေးပါ။ ကျွန်မ ရှင်တို့နဲ့ ပြန်လိုက်ပါ့မယ်" ဟု တောင်းပန်လိုက်တော့သည်။