အခန်း (၆၇-၆၈)
Vol. 7 Ch. 67-68
အခန်း။ ၆၇
ဝမ်ပင်းသည် သူ၏အမှတ်ရရိပ်မြုံများထဲမှ နိုးထလာချိန်တွင် ဟွမ်ကုန်းမှာ သူ့ကို သံသယအပြည့်ရှိသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
ချီစွမ်းအင်နိုးကြားစွပ်ပြုတ်ရဲ့ ပါဝင်ပစ္စည်းတွေ အကုန်လုံး လွဲမှားနေတယ်ဆိုတာကို သူ လုံးဝ မယုံကြည်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ အလွန်တရာ ယုတ္တိမရှိလွန်းသောကြောင့်ပင်။
ချီစွမ်းအင်နိုးကြားစွပ်ပြုတ်ကို အရှေ့အိုင်ဒေသတစ်ခွင်မှာ အသုံးပြုလာတာ ရာစုနှစ်တစ်ခုရှိပြီဖြစ်ပြီး လူပေါင်းများစွာကို အကျိုးပြုခဲ့တာပဲ။ ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး မှားယွင်းနေမှာလဲ။
ဝမ်ပင်းက နှုတ်ခမ်းကို အသာအယာဟကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
"ချီစွမ်းအင်ပြန်လည်ပြည့်ဖြိုးသီးကို သက်တမ်း ၃၀၀ မှာ သုံးလို့မရပါဘူး။ အမှန်တော့ နှစ် ၃၀၀ မှာ ဒီအသီးက ရင့်မှည့်တဲ့အဆင့်ကို ရောက်နေပြီး သူ့ရဲ့ အကိုင်းအခက်လေး တစ်ခုကတောင် အားအင်တွေကို ပြန်လည်ပြည့်ဖြိုးစေနိုင်ပါတယ်။ ဒါပေမဲ့ တကယ့်ကို ပြီးပြည့်စုံတဲ့ အချက်ကတော့ သူ မရင့်မှည့်ခင်မှာ ရှိတာပါ။ မရင့်မှည့်ခင်မှာ ဒီအသီးထဲမှာ ချီစွမ်းအင်ပြန်လည်ပြည့်ဖြိုး အဆီအနှစ်တစ်စက် ရှိနေတတ်ပြီး အဲဒါက သူ့ရဲ့ အကောင်းဆုံး အစိတ်အပိုင်းပါပဲ။ ဒါပေမဲ့ တစ်ခါ ရင့်မှည့်သွားပြီဆိုရင်တော့ အဲဒီအဆီအနှစ်ကို အမြစ်တွေကနေတစ်ဆင့် မြေကြီးထဲ ပြန်ပို့လိုက်ပါပြီ။ ဒါကြောင့် ရင့်မှည့်သွားတယ်ဆိုတာ ကျရှုံးတာပါပဲ"
"ချီစွမ်းအင်ပြန်လည်ပြည့်ဖြိုး အဆီအနှစ် ဟုတ်လား"
ဟွမ်ကုန်း၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားသည်။ ထိုစကားလုံး လေးလုံးမှာ သူ့အတွက် ရင်းနှီးနေသလို ရှိသော်လည်း ချက်ချင်း ပြန်မစဉ်းစားမိချေ။
ဝမ်ပင်းက ဆက်ပြောသည်။
"သက်တမ်း ၃၀၀ ရှိတဲ့ ချီစွမ်းအင်ပြန်လည်ပြည့်ဖြိုးသီးကို သုံးတဲ့အခါ နှင်းပန်းက နှစ် ၁၀၀ မဖြစ်ရဘူး။ ကြယ်ခရုခွံက နှစ် ၃၀ မဖြစ်ရဘူး။ သုံးရောင်ခြယ်ပန်းက နှစ် ၇၀ မဖြစ်ရဘူး... စသဖြင့်ပေါ့။ ကောင်းကင်ဘုံပစ္စည်းတွေ အားလုံးရဲ့ သက်တမ်းကို ပြောင်းလဲရမယ်။ မဟုတ်
ရင်တော့ ဒါက သောက်သုံးသူအတွက် မြေကမ္ဘာတုန်ဟိန်း သွေးကြောတံခါးကို ဖွင့်ရတာ ဆယ်ဆလောက် ပိုခက်ခဲသွားစေမယ့် အဆိပ်အတောက်မျိုးစေ့ကို စိုက်ပျိုးလိုက်တာပဲ။ ဒါ့အပြင် နက်နဲသောနယ်ပယ် အလယ်ဆင့်တံခါးကိုလည်း ပိတ်ဆို့သွားစေပါလိမ့်မယ်"
သူ၏မိခင် ပြောပြခဲ့သမျှထဲမှ ဝမ်ပင်းသည် ယခုအခါ တစ်ဝက်ခန့်ကိုသာ ထုတ်ပြောလိုက်ခြင်း ဖြစ်ပြီး ကျန်တစ်ဝက်ကို ပြောပြရန် ရည်ရွယ်ချက်မရှိချေ။
ဆေးဖက်ဝင်ဟင်းလျာများအကြောင်း သူ နားလည်ကြောင်း သက်သေပြရန်အတွက်သာ အားလုံးကို ထုတ်ပြောလိုက်ခြင်းမှာ အပျော့စားလူတစ်ယောက်၏ အလုပ်သာ ဖြစ်ပေလိမ့်မည်။
သို့သော် ဤတစ်ဝက်မျှနှင့်တင် ဟွမ်ကုန်းမှာ အကြီးအကျယ် တုန်လှုပ်သွားရတော့သည်။
မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ချီစွမ်းအင်နိုးကြားစွပ်ပြုတ်အပေါ် ဤကဲ့သို့ နားလည်သဘောပေါက်မှုမျိုးမှာ တုနှိုင်းမဲ့လှသည်။ အရှေ့အိုင်ဒေသ၏ လွန်ခဲ့သော ရာစုနှစ်တစ်ခုအတွင်းမှာပင် ဤကဲ့သို့သော အယူအဆမျိုး တစ်ခါမျှ မရှိခဲ့ဖူးချေ။
ဟွမ်ကုန်းသည် ဝမ်ပင်း၏ နောက်ဆုံးပြောကြားချက်ကို စတင်စဉ်းစားမိသည့်အခါသူ၏မျက်နှာပေါ်ရှိ ထိတ်လန့်မှုမှာ သူ၏နောက်ကွယ်မှ ထွက်ပေါ်လာသော နေမင်းကြီးကဲ့သို့ပင်။ လောကကြီးတစ်ခုလုံး ပြောင်းပြန်လှန်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။
သူသည် ချီစွမ်းအင်နိုးကြားစွပ်ပြုတ်ကို သောက်ဖူးသူပေါင်း တစ်ရာထက်မကကို သိထားသော်လည်း မြေကမ္ဘာတုန်ဟိန်း သွေးကြောတံခါးကို ဖွင့်နိုင်ခဲ့သူမှာ သုံးဦးတည်းသာ ရှိခဲ့သည်။
ဒါက သေချာပေါက် တိုက်ဆိုင်မှု မဟုတ်ဘူး။
အကယ်၍ ဝမ်ပင်းပြောသလိုသာ အမှန်ဆိုလျှင်၊ ချီစွမ်းအင်နိုးကြားစွပ်ပြုတ်သည် နက်နဲသောနယ်ပယ် ကျင့်ကြံသူတစ်ဦးအတွက် အလယ်ဆင့်သို့ ရောက်ရှိရန် မျှော်လင့်ချက် ကင်းမဲ့သွားအောင် လုပ်ဆောင်နေခြင်းပင် ဖြစ်ပေလိမ့်မည်။
၎င်းမှာ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ ရှိသူတစ်ဦး နက်နဲသောနယ်ပယ်သို့ ရောက်ရှိရန် မျှော်လင့်ချက် ထာဝရပျောက်ကွယ်သွားရခြင်းထက်ပင် ပို၍ နာကျင်စရာ ကောင်းသည်။
"ဂိုဏ်းချုပ်ဝမ်... ဒါတွေကို ဘယ်သူ့ဆီကနေ သင်ယူခဲ့တာလဲ"
"ငါ့ရဲ့ ဆရာ့ဆီကပါ"
"ဂိုဏ်းချုပ်ဝမ်ရဲ့ ဆရာက ဘယ်အကြီးအကဲဖြစ်မလဲလို့ မေးပါရစေ။ ဒီနှစ်တစ်ရာသက်တမ်းရှိတဲ့ ဆေးမှုန့်ရဲ့ ပြဿနာကို ဘယ်သူက ရှာတွေ့ခဲ့တာလဲ"
"ငါ့ဆရာက ငါ့အမေပါပဲ"
ဝမ်ပင်းက ပြုံးလျက် ပြန်ဖြေလိုက်သည်။
ဟွမ်ကုန်းက မဆိုင်းမတွပင် ထပ်မေးသည်။
"ဂိုဏ်းချုပ်ဝမ်... ခင်ဗျားရဲ့ မိခင်ရဲ့ ဂုဏ်သရေရှိ နာမည်လေးကို သိခွင့်ရှိမလားခင်ဗျာ"
ဝမ်ပင်း ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မိမိကိုယ်ကိုယ် တိုးတိုးလေး ရေရွတ်လိုက်သည်။
"ငါ့အမေ..."
သူ၏မိခင် အမည်မှာ လုံရွှယ်ပင်။
သို့သော် ဤနာမည်ကို သူနှင့် သူ၏ဖခင်သာ သိကြပြီး မသေမျိုးဂိုဏ်း၏ အမာခံအဖွဲ့ဝင်များပင်လျှင် သူမ၏ အမည်ဝှက်ကိုသာ သိကြသည်။
သူမအဘယ်ကြောင့် အမည်ကို ထုတ်မပြောတာလဲဆိုသည်ကို ဝမ်ပင်း မေးခဲ့ဖူးသော်လည်း သူမက မည်သည့်အခါမျှ အဖြေမပေးခဲ့ချေ။ ထို့ကြောင့် ဟွမ်ကုန်း မေးမြန်းလာသည့်အခါတွင်လည်း သူသည် သဘာဝကျစွာပင် ဖြေဆိုမည် မဟုတ်ပေ။
"စိတ်မကောင်းပါဘူး။ ငါ့အမေက သူ့နာမည်ကို တခြားသူတွေ သိတာကို မကြိုက်ဘူး"
"နားလည်ပါပြီ"
ဟွမ်ကုန်းက အနည်းငယ် စိတ်ပျက်သွားသော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူသည် မီးဖိုချောင်အတွင်း အလုပ်ရှုပ်နေသော ရန်မိသားစု အစေခံများကို လှမ်းအော်ပြောလိုက်သည်။
"အလုပ်တွေ အကုန်ရပ်လိုက်ကြ မီးကိုလည်း ငြှိမ်းလိုက်တော့"
"ဒါ... ဒါကတော့"
ရန်ကျုံးရှန်းသည် ထိုစကားကို ကြားသောအခါ ရင်ထဲတွင် တဆစ်ဆစ် နာကျင်သွားရသည်။ ရွှေဒင်္ဂါး ၅၀၀၀ ကတော့ ဒီအတိုင်း အလဟဿ ဖြစ်သွားပြီ။
အာလန်းက တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ဟွမ်ကုန်းက စူးစိုက်ကြည့်လိုက်သဖြင့် ဘာမှမတတ်နိုင်ဘဲ လူအုပ်နောက်တွင်သာ မျက်နှာပျက်ပျက်ဖြင့် ပုန်းနေလိုက်ရတော့သည်။ စကားလည်း မပြောရဲ ဝင်လည်း မစွက်ဖက်ရဲတော့ချေ။
မျက်နှာကို အဖြတ်ခံလိုက်ရသလို ခံစားချက်မှာ ဘယ်လိုမှ မကောင်းပေ။
ဟွမ်ကုန်းက ဆက်ပြောသည်။
"ဂိုဏ်းချုပ်ဝမ်... ဟွမ်ကုန်းရဲ့ မဆင်မခြင် ပြုမူမိမှုတွေကို ခွင့်လွှတ်ပေးပါ။ ဒီချီစွမ်းအင်နိုးကြားစွပ်ပြုတ်ရဲ့ ခြိမ်းခြောက်မှုက ဒီလောက်အထိ ကြီးမားလိမ့်မယ်လို့ ကျွန်တော် တစ်ခါမှ မတွေးမိခဲ့ပါဘူး"
"ဒါက နတ်ဘုရားစားဖိုမှူးနဲ့ ငါ့ကြားက ကိစ္စပါ။ ထပ်ပြောနေဖို့ မလိုပါဘူး။ တစ်ခါတလေ စေတနာက ဝေဒနာ ဖြစ်တတ်တာပဲလေ"
"နားလည်ပါပြီ"
ဟွမ်ယီမှာလည်း လူအလိမ္မာလေး ဖြစ်ရာ အကယ်၍ ယနေ့ ချီစွမ်းအင်နိုးကြားစွပ်ပြုတ်နှင့် ပတ်သက်သည့် ကိစ္စသာ အပြင်သို့ ပေါက်ကြားသွားပါက နက်နဲသောနယ်ပယ်ရှိ ကျင့်ကြံသူများကို သေချာပေါက် ဆွဲဆောင်မိပေလိမ့်မည်။
မသေမျိုးဂိုဏ်း၏ လက်ရှိအခြေအနေမှာ နက်နဲသောနယ်ပယ်ပုဂ္ဂိုလ်များ၏ လောဘရမ္မက်ကို ခံနိုင်ရည်ရှိသည့်အဆင့်တွင် မရှိသေးပေ။
ဆွေးနွေးမှုများပြီးနောက် ဝမ်ပင်းသည် မီးဖိုချောင်အတွင်းမှ ထွက်ခွာသွားခဲ့သည်။
ဟွမ်ကုန်းသည် လူများကို စုစည်းကာ ဆေးဖက်ဝင်ဟင်းလျာများကို သိမ်းဆည်းခိုင်းပြီးနောက် ၎င်းတို့ကို သူကိုယ်တိုင်ပင် သောက်ပစ်လိုက်သည်။ ချက်ပြုတ်မှု မပြီးဆုံးသေးသော ချီစွမ်းအင်နိုးကြားစွပ်ပြုတ်မှာ အာနိသင် သိပ်မရှိတော့သော်လည်း မည်သို့ပင်ဖြစ်စေ ရွှေဒင်္ဂါး ၅၀၀၀ ကိုတော့ အလဟဿ အဖြစ်မခံနိုင်ပေ။
သို့သော် ယွင်လန်တောင်ပေါ်မှ ဆင်းလာချိန်တွင် ဟွမ်ကုန်းမှာ အနည်းငယ် စိတ်ဓာတ်ကျနေပုံရပြီး ခုနကဖြစ်ရပ်များကိုသာ စဉ်းစားနေမိသည်။ ၎င်းကို သတိပြုမိသော ဘေးနားရှိ ရန်ကျုံးရှန်း၏ စိတ်ဓာတ်မှာလည်း အနည်းငယ် ထိခိုက်သွားရသည်။
စေတနာဖြင့် လုပ်ဆောင်ပါလျက်နှင့် ဘေးဒုက္ခဖြစ်စေလုနီးပါး အခြေအနေမျိုးကို ရင်ဆိုင်လိုက်ရသည့် ခံစားချက်မှာ တကယ့်ကို မကောင်းလှပေ။
သို့သော်လည်း ယွင်လန်တောင်ခြေသို့ ရောက်ရှိချိန်တွင် ဟွမ်ကုန်းသည် ရုတ်တရက် နောက်သို့ လှည့်ကြည့်လိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် သူ တစ်ခုကို သတိရသွားသောကြောင့်ပင်။
ချီစွမ်းအင်ပြန်လည်ပြည့်ဖြိုး အဆီအနှစ်ဆိုတဲ့ စကားလုံးလေးလုံးကို ဘယ်သူက ပြောခဲ့ဖူးတာလဲ။
အရှေ့အိုင်ဒေသရဲ့ ပထမဆုံး ဆေးနတ်ဘုရား ရွှေချန်းချန်းသည် လွန်ခဲ့သော နှစ် ၂၀ က ရုတ်တရက် ပျောက်ကွယ်သွားပြီး လွန်ခဲ့သော ၅ နှစ်ခန့်ကမှ အရှေ့အိုင်ဒေသ အလယ်ဗဟို၌ ဆေးနတ်ဘုရား ရွှေချန်းချန်းအဖြစ် ပြန်လည် ပေါ်ထွက်လာခဲ့သူပင်။
...
လက်ခတ်ရောင်းသည့် ဆိုင်လေးတစ်ခုတွင် အာလန်းနှင့် အခြားသူများ ဖြတ်သွားသည်နှင့်
တစ်ပြိုင်နက် သူတို့ကို ရောင်းချနေသော လူလတ်ပိုင်းအမျိုးသားက ချက်ချင်းပင် စက္ကူနှင့် ကလောင်ကို ထုတ်ယူလိုက်သည်။
ရှပ်... ရှပ်... ရှပ်
သူသည် စာတိုတစ်စောင်ကို အမြန်ရေးသားလိုက်ပြီးနောက် သူ၏ဆိုင်ကိုပင် ပစ်ထားကာ နောက်ဘက်ရှိ လမ်းကြားထဲသို့ ဝင်သွားတော့သည်။
နာရီအနည်းငယ်အကြာတွင် ထိုစာတိုမှာ နေရာအသစ်တစ်ခုဖြစ်သော မှီခိုရာဂိုဏ်း ဥပဒေစိုးမိုးရေးဆောင်သို့ ရောက်ရှိသွားသည်။ ဟွာလျောင်သည် စာကို တစ်ချက်ကြည့်လိုက်ပြီး စားပွဲကို ရိုက်ကာ မျက်မှောင်ကြုတ်လျက် ရေရွတ်လိုက်သည်။
"ငါ ထင်ထားတဲ့အတိုင်းပဲ... အဲဒီ နက်နဲသောနယ်ပယ် ပုဂ္ဂိုလ်က မသေမျိုးဂိုဏ်းမှာ တကယ်ပဲ ဒဏ်ရာကုသနေတာပဲ"
အခန်းထောင့်မှ လူတစ်ဦးသည် အမှောင်ရိပ်ထဲမှ ရုတ်တရက် ထွက်လာသည်။ သူ၏ ခြေလှမ်းများမှာ နှေးကွေးသော်လည်း အလွန်တည်ငြိမ်လှသည်။
ခြေလှမ်းအနည်းငယ်အကြာတွင် သူ ရပ်လိုက်သည်။
သူ၏ ခေါင်းစွပ်အောက်မှ အေးစက်သော မျက်လုံးများက ဟွာလျောင်ကို စိုက်ကြည့်နေစဉ် ဟွာလျောင်က ပြောလိုက်သည်။
"ဆရာ... ဒီကိစ္စကို ဂိုဏ်းချုပ်ကို အရင် သတင်းပို့သင့်လား"
"မလိုဘူး ငါ ဒါကို အောင်မြင်အောင် လုပ်ပြီးမှ သတင်းပို့လည်း မနောက်ကျပါဘူး။ ရန်
မိသားစုရဲ့ ကိစ္စက ငါတို့ကို အရှက်ရစေခဲ့ပြီးပြီ။ ဒီတစ်ကြိမ်မှာတော့ ငါတို့ ဥပဒေစိုးမိုးရေးဆောင်ရဲ့ အစွမ်းကို ပြဖို့အတွက် တစ်ခုခု ဖန်တီးရမယ်"
"ငါတို့ ဘာလုပ်ကြမလဲ"
ယွင်လန်တောင်ကိုတော့ ချဉ်းကပ်လို့မရဘူး။ အဲဒီမှာ အစွမ်းထက်တဲ့ အစောင့်အရှောက်တွေ ရှိနေတယ်။
ဟွာလျောင်၏ အစွမ်းမှာ သံသယဖြစ်ဖွယ် မရှိပေ။ ဂိုဏ်းချုပ်မှလွဲလျှင် သူသည် မှီခိုရာဂိုဏ်းတွင် အသန်မာဆုံး ဖြစ်သော်လည်း သူကိုယ်တိုင်ပင် ရှုံးနိမ့်ပြီး ပြန်လာခဲ့ရခြင်းပင်။
သူသည် ညဘက်၏ မုဆိုးတစ်ဦး၊ လုပ်ကြံသတ်ဖြတ်သူတစ်ဦး ဖြစ်သည်။ သို့သော် ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ ၏ ဘက်မလိုက်အနိုင်မရှိအဆင့်မှာပင် သူ့ကို မနှိမ်နင်းနိုင်ခဲ့ရာ မသေမျိုးဂိုဏ်းသို့ သွားခြင်းမှာ သေမင်းထံသို့ လမ်းလျှောက်သွားခြင်းနှင့်သာ တူပေလိမ့်မည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဟွာလျောင်က ပြောလိုက်သည်။
"မင်းရဲ့ အဖွဲ့ကို စုစည်းလိုက်။ မသေမျိုးဂိုဏ်းက ဘယ်သူမဆို ယွင်လန်တောင်ကနေ ထွက်လာတာနဲ့ ချက်ချင်း ဖမ်းဆီးလိုက်ပါ။ မသေမျိုးဂိုဏ်းမှာ အခု ဘာတွေ တကယ်ဖြစ်ပျက်နေလဲဆိုတာ ငါ သိမှဖြစ်မယ်"
အရိပ်က ခေါင်းညိတ်ပြသည်။
သူ၏အဖွဲ့ကို အရိပ်အဖွဲ့ဟု ခေါ်သည်။
၎င်းမှာ တစ်ချိန်က အဆင့် ၁၃ ကျင့်ကြံသူကို ဝိုင်းဝန်းသတ်ဖြတ်ခဲ့သည့် အဖွဲ့ဖြစ်သည်။ နောက်ဆုံးအကြိမ် စုစည်းခဲ့စဉ်ကမူ နက်နဲသောနယ်ပယ်သို့ ရောက်ရန် အလွန်နီးစပ်နေပြီဟု သတင်းကြီးသည့် မသေမျိုးဂိုဏ်း၏ မဟာအကြီးအကဲကို လုပ်ကြံရန်ဖြစ်ပြီး ထိုအကြီးအကဲမှာ အရိပ်အဖွဲ့၏လက်ထဲတွင် ခဏလေးပင် မခံခဲ့ချေ။
မသေမျိုးဂိုဏ်း၏ မဟာအကြီးအကဲ အသတ်ခံရပြီးကတည်းက သူတို့ကို ဆန်းဝူမြို့တစ်ခွင်တွင် လုပ်ကြံသတ်ဖြတ်ရေး ကွန်ရက်သစ်များ တည်ဆောက်ရန် စေလွှတ်ထားခြင်းပင်။
လက်ရှိတွင် သူတို့အထဲ၌ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၁ အောက် မည်သူမျှ မရှိချေ။
သူတို့တစ်ဖန် ပြန်လည်စုစည်းခြင်းမှာ ဆန်းဝူမြို့တစ်ခုလုံးကို တုန်လှုပ်သွားစေမည့် နေ့တစ်နေ့ ဖြစ်ပေလိမ့်မည်။
ဟွာလျောင်သည် ဤတစ်ကြိမ်တွင် သူ၏ ဂုဏ်သိက္ခာကို ပြန်လည်ဆယ်တင်ရန်နှင့် မသေမျိုးဂိုဏ်းကိုပါ တိုက်ခိုက်ရန် အမှန်တကယ် ရည်ရွယ်ထားကြောင်း အရိပ် နားလည်လိုက်သည်။
ထို့ကြောင့် သူသည်လည်း ယွင်လန်တောင်သို့ မရောက်ရှိခဲ့သည့် သူ၏ အရှက်ရမှုကိုပါ ဆေးကြောရန် ရှေ့တန်းမှ ပါဝင်လိုနေသည်မှာ သဘာဝပင်။
ဥပဒေစိုးမိုးရေးဆောင်မှ ထွက်လာပြီးနောက် အရိပ်သည် သူ၏ မှောင်မိုက်ညဉ့်ဆောင်သို့ ရောက်ရှိကာ စာအုပ်စင်ပေါ်ရှိ ကျောက်စိမ်းသေတ္တာအတွင်းမှ တောက်ပနေသော ကျောက်စိမ်းပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။
သူသည် ၎င်းကို လက်ထဲတွင် ကိုင်ထားပြီး ချက်ချင်းပင် ချေဖျက်လိုက်တော့သည်။
ပိုးစုန်းကြူးများကဲ့သို့ တောက်ပနေသောအလင်းမှာ ရုတ်တရက် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီးနောက် ပျံ့နှံ့သွားသော မြူနီတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
၎င်းကို ချေဖျက်လိုက်ခြင်းမှာ အရိပ်အဖွဲ့ဝင် ခုနစ်ဦးစလုံး တစ်နာရီအတွင်း မှောင်မိုက်ညဉ့်ဆောင်သို့ စုရုံးရောက်ရှိလာရမည်ဟူသော အချက်ပြမှုပင်။
တစ်ပြိုင်နက်တည်းမှာပင် ဆန်းဝူမြို့၏ နေရာအနှံ့အပြားရှိ ဝရံတာများပေါ်တွင် ဝတ်စုံနက်
ဝတ်ဆင်ထားသူများ ပေါ်လာကြပြီး ညဉ့်မှောင်ထဲသို့ စုပေါင်း၍ ပျောက်ကွယ်သွားကြတော့သည်။
တစ်နာရီအကြာ၌ ခုနစ်ဦးစလုံးသည် မှောင်မိုက်ညဉ့်ဆောင် အပြင်ဘက်တွင် ပေါ်လာကြသော်လည်း အလင်းကို မလိုလားသူများပမာ အမှောင်ထဲတွင်သာ ရပ်နေကြသည်။
သစ်ပင်ရိပ်များအောက်မှာ သူတို့၏ နားခိုရာဖြစ်ပြီး အိမ်နောက်ဘက်မှ အမှောင်ထုမှာ သူတို့၏ ရပ်နားရာ ဖြစ်သည်။
အဆောင်အပေါ်၌ ရှိနေသော အရိပ်ကို မြင်သောအခါ ခုနစ်ဦးစလုံးက တစ်ပြိုင်နက်တည်း ဒူးထောက်လိုက်ကြသည်။
"သခင်ကြီး"
"သခင်ကြီး"
ခုနစ်ဦးစလုံးက တညီတညွတ်တည်း ဟစ်အော်လိုက်ကြသည်။
အရိပ်သည် သူတို့ကို ငုံ့ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"ဒီတစ်ကြိမ် တာဝန်ကတော့... မသေမျိုးဂိုဏ်းဝင်တွေကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အရှင်ဖမ်းဆီးဖို့ပဲ"
"ဟုတ်ကဲ့ပါ"
ခုနစ်ဦးစလုံးက အသီးသီး ပြန်လည်ထူးလိုက်ကြတော့သည်။
အခန်း။ ၆၈
"ဂိုဏ်းချုပ်... ခင်ဗျား ဆေးဖက်ဝင်ဟင်းလျာတွေအကြောင်း တကယ်ပဲ နားလည်တာလား"
"နားမလည်ဘူး"
"ဒါဆို ခုနက ဘာလို့ အဲဒီလောက် ယုံကြည်မှုအပြည့်နဲ့ ပြောနေတာလဲ"
"လျှောက်ပြောလိုက်တာပါ။ ဘာပဲဖြစ်ဖြစ် သူတို့လည်း နားမလည်ကြပါဘူး။ ဟွမ်ကုန်းကလွဲရင် ကျန်တဲ့သူတွေက ဆေးဖက်ဝင်ဟင်းလျာဆိုတဲ့ စာလုံးကိုပဲ ရေးတတ်ကြတာလေ"
ပြောပြီးနောက် ဝမ်ပင်းသည် တောအုပ်လေးအတွင်းရှိ လမ်းကလေးအတိုင်း အိပ်ဆောင်ဝင်းဘက်သို့ အေးအေးလူလူ လမ်းလျှောက်သွားသည်။
ငှက်ကလေးတွေရဲ့ တေးဆိုသံနဲ့အတူ သီချင်းလေးတညည်းညည်းနဲ့ သူ၏ခြေလှမ်းများမှာ တကယ့်ကို ပေါ့ပါးသွက်လက်နေသည်။
ယွင်လျောင်မှာမူ နေရာမှာတင် ရပ်ကျန်ရစ်ခဲ့ပြီး လက်ဖျစ်တစ်ချက် တောက်လိုက်မိသည်။
မဖြစ်နိုင်တာ။
ဂိုဏ်းချုပ်ကတော့ သေချာပေါက် လျှောက်ပြောနေတာ မဟုတ်ပါဘူး။
ဝမ်ပင်းသည် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ရုတ်တရက် နောက်လှည့်ကာ မေးလိုက်
သည်။
"ဒါနဲ့ အကြီးအကဲယွင်... တိုက်ပွဲနယ်ပယ်ထဲမှာ လေ့ကျင့်ရတာ အကျိုးသက်ရောက်မှု ဘယ်လိုရှိလဲ"
ထိုစကားကို ကြားလိုက်ရုံနှင့် ယွင်လျောင်သည် သူ၏ညာလက်ဖြင့် ဘယ်ဘက်လက်မောင်းကို အလိုအလျောက် ပွတ်သပ်လိုက်မိသည်။
ဝမ်ပင်းက ၎င်းကို လှမ်းကြည့်ရင်း အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပြုံးလိုက်သည်။
၎င်းမှာ ခြင်ကိုက်ခံထားရချိန်တွင် တစ်စုံတစ်ဦးက "ယားတယ်" ဟု ပြောလိုက်လျှင် အလိုအလျောက် ပြန်ကုတ်မိသကဲ့သို့ပင်။
ယွင်လျောင်က ခါးသက်သက် ပြုံးလိုက်ပြီး "ဂိုဏ်းချုပ်... အဲဒီအကြောင်း မပြောပါနဲ့တော့။ အထဲမှာ ကျွန်တော် အမြဲတမ်း အရိုက်ခံနေရတာပါ။ သုံးရက်အတွင်းမှာ ဆယ်ကြိမ်ဝင်ခဲ့ပေမဲ့ သူ့ကို တစ်ကွက်ပဲ ပြန်တိုက်နိုင်ခဲ့တယ်။ ကျန်တဲ့အချိန်တွေမှာတော့ သူက ကျွန်တော့်ကို ချက်ချင်း လှဲချလိုက်တာပဲ။ ကျွန်တော့်မှာ အားနည်းချက်တွေ ဒီလောက်တောင် များနေလိမ့မယ်လို့ မထင်ထားခဲ့ဘူး။ သူ့ကို ရင်ဆိုင်ရတဲ့အခါ ကိုယ့်ကိုကိုယ်တောင် သံသယဝင်လာမိတယ်"
"အကျိုးသက်ရောက်မှုကကော"
"အင်း... အကယ်၍ ကျွန်တော်သာ သူ့ကို အနိုင်ယူနိုင်ခဲ့ရင် ကျွန်တော့်မှာ ဘာအားနည်းချက်မှ ရှိတော့မှာ မဟုတ်ဘူးလို့ ခံစားရတယ်"
နာကျင်မှုတော့ ရှိသည်မှာ အမှန်ပင်။
သို့သော် အဆုံးသတ်ရလဒ်ကသာ သူအလိုချင်ဆုံးအရာ ဖြစ်သည်။ အားနည်းချက်မရှိသော ကိုယ့်ကိုကိုယ် တည်ဆောက်နိုင်ပါက နောင်တွင် တူညီသော အဆင့်အတန်းရှိသူများကြား ပြိုင်ဘက်ကင်းပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အင်အားတစ်ခုတည်းကသာ အရာရာမဟုတ်သောကြောင့်ပင်။
လွန်ခဲ့သော ရက်အနည်းငယ်မှာ နှိပ်စက်ခံရသကဲ့သို့ ဖြစ်နေသော်လည်း ဆွဲအားစက်ကွင်းတွင် သူလေ့ကျင့်ထားသော အရှိန်၊ တုံ့ပြန်မှုနှင့် ခွန်အားတို့မှာ တိုက်ပွဲနယ်ပယ်အတွင်း၌ အားသာချက် မရှိချေ။ တစ်ဖက်ရှိ ကိုယ်ပွါးက သူ၏ လှုပ်ရှားမှုတိုင်းမှ အားနည်းချက်ကို ရှာဖွေနိုင်သည်။
အားနည်းချက်ကို ရှာဖွေပြီးနောက်တွင်ပင် သူ့ကို အမှားလုပ်မိစေရန် မြူဆွယ်ကာ ထိုအားနည်းချက်ကို သေစေနိုင်သော ကွက်လပ်တစ်ခုဖြစ်အောင် ချဲ့ထွင်ပစ်လေ့ရှိသည်။
ဝမ်ပင်းက ခပ်တိုးတိုး ရယ်မောလိုက်ပြီး "ဒါဆို ရန်လီလီတို့ရော ဒီရက်ပိုင်း ဘယ်လိုလဲ"
"ကျန်တဲ့သူတွေကတော့ ပုံမှန်ပါပဲ။ ရန်လီလီရဲ့ တိုးတက်မှုကတော့ သိသိသာသာကို ကောင်းနေပါတယ်။ သူ သားရဲကျင့်ကြံကွင်းထဲ ရောက်နေတာ ရက်နည်းနည်းရှိပြီ။ မနေ့ကပဲ တိမ်တိုက်ထိလက်ဖဝါးကို အဆင့်မြင့်ဆုံးအဆင့်အထိ ကျင့်ကြံနိုင်ခဲ့တယ်။ ကျောက်ချင်းစတုရန်းက စိန်ခေါ်ပွဲမှာတောင် အနိုင်ရလုနီးပါး ဖြစ်ခဲ့တာ"
တူညီသော အဆင့်ချင်း တိုက်ခိုက်ရာတွင် အဆင့်မြင့် သိုင်းပညာတစ်ခုနှင့် သားရဲများနှင့် တိုက်ခိုက်ခဲ့သော အတွေ့အကြုံများက အင်အားကွာဟချက်ကို အလွယ်တကူ ဖုံးလွှမ်းပေးနိုင်သည်။
သို့သော် ယွင်လျောင်သည် တစ်ခုကို သိချင်နေမိကာ ထိုကောင်လေးမှာ သိုင်းပညာအပေါ် ထိုးထွင်းသိမြင်မှုက ဒီလောက်တောင် မြင့်မားနေတာလား။
"တိုးတက်မှုက တကယ်ကောင်းတာပဲ"
ဝမ်ပင်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"သူ တိုက်ပွဲစိတ်ဆန္ဒ အခြေအနေထဲကို အကြိမ်အနည်းငယ် ရောက်ခဲ့ပုံပဲ။ မဟုတ်ရင်တော့ ခဏလေးအတွင်းမှာ သိုင်းပညာတစ်ခုကို အဆင့်မြင့်ဆုံးအထိ ကျင့်ကြံနိုင်မှာ မဟုတ်ဘူး"
"တိုက်ပွဲစိတ်ဆန္ဒ အခြေအနေ"
"ဟုတ်တယ်။ သားရဲကျင့်ကြံကွင်းမှာ တိုက်ခိုက်မှုနည်းစနစ်နဲ့ အတွေ့အကြုံ သုံးဆရတဲ့အပြင် ပိုပြီး အစွမ်းထက်တဲ့ အချက်တစ်ခု ရှိသေးတယ်။ အဲဒါက တိုက်ပွဲစိတ်ဆန္ဒ အခြေအနေပဲ။ ဒီအခြေအနေထဲမှာ ရှိနေသရွေ့ သိုင်းပညာ အတားအဆီးတွေကို လျစ်လျူရှုနိုင်ပြီး လက်ရှိ တိုက်ခိုက်မှုစွမ်းရည် မြှင့်တင်မှုကို ခြောက်ဆအထိ တိုးမြှင့်ပေးလိမ့်မယ်"
ထိုစကားကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ယွင်လျောင်၏ ခြေလှမ်းများ ရပ်တန့်သွားတော့သည်။
သူသည် ချူးလောင်တောင်ဘက်သို့ လှမ်းကြည့်လိုက်ပြီး ဝမ်ပင်းကို လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ဂိုဏ်းချုပ်... ဒါကို ဘာလို့ စောစောက မပြောခဲ့တာလဲ"
"ဒီနေ့မနက်စောစောက ကျောက်ချင်းတစ်ယောက် ဆွဲအားစက်ကွင်းကို မသွားလို့ သူမ ပျင်းသွားပြီလားလို့တောင် ထင်နေခဲ့တာ။ အခုမှပဲ သိတော့တယ်... သူမက အင်အားကို အမြန်မြှင့်ပြီး ရန်လီလီကို ပြန်နှိမ်နင်းဖို့ စီစဉ်နေတာပဲ။
အတားအဆီးတွေကို ကျော်လွှားနိုင်မယ်။ တိုက်ခိုက်မှုစွမ်းရည်က ခြောက်ဆအထိ မြင့်
တက်လာမယ်... ဒါတွေက သူမအတွက် အရမ်းအရေးကြီးတယ်။ နက်နဲသောနယ်ပယ်ကို ရောက်ဖို့ဆိုတာ တစ်ရက်တည်းနဲ့ မဖြစ်နိုင်ပေမဲ့ သိုင်းပညာနဲ့ တိုက်ခိုက်မှုစွမ်းရည်တွေကို အဆက်မပြတ် မြှင့်တင်နေဖို့ကတော့ တကယ့်ကို လိုအပ်တယ်။
တိုက်ပွဲနယ်ပယ်က ကောင်းသလိုပဲ သားရဲကျင့်ကြံကွင်းက တိုက်ပွဲစိတ်ဆန္ဒနယ်ပယ်ကလည်း ညံ့မှာမဟုတ်ဘူး"
ယွင်လျောင်၏ အပြစ်တင်စကားကို ကြားသောအခါ ဝမ်ပင်းက အနည်းငယ် စိတ်မသက်မသာဖြင့် "အခု ငါ ပြောပြနေပြီ မဟုတ်လား" ဟု ပြန်ဖြေလိုက်သည်။
"ဂိုဏ်းချုပ်... ကိုယ့်ကိုကိုယ် ဂရုစိုက်ပါဦး"
ယွင်လျောင်သည် ထိုသို့ပြောကာ နောက်ပြန်ဆုတ်ရင်း ယွင်လျောင်တောင်ဘက်သို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။
ဝမ်ပင်းသည် အားကိုးရာမဲ့စွာ ပြုံးလျက် ကြည့်ကျန်ရစ်ခဲ့ပြီးနောက် အိပ်ဆောင်ဝင်းထဲသို့ ရောက်ရှိလာရာ ကန်ဘေးတွင် ငါးမျှားနေသော ယွီမိုကို တွေ့လိုက်ရသည်။
လေးရက်တာ ကုန်ဆုံးပြီးနောက်တွင် ယွီမို၏ မျက်နှာမှာ ယခင်ရက်များကကဲ့သို့ ဖြူဖျော့မနေတော့ဘဲ သွေးရောင် လွှမ်းနေပြီဖြစ်သည်။ သို့သော် သာမန်လူနှင့် နှိုင်းယှဉ်ပါကမူ အနည်းငယ် ဖျော့တော့နေဆဲပင်။
ယွီမိုသည် ဝမ်ပင်းကို မြင်လိုက်ရသည့်အခါ ထူးထူးခြားခြား အမူအရာမပြဘဲ "ညီလေး... မင်းကို ကုခိုင်းဖို့ ငါ ရွှေဒင်္ဂါး တစ်သိန်းကျော်တောင် ပေးထားရတာလေ။ မင်းက ရက်အတော်ကြာမှ တစ်ခါလာကြည့်တာက နည်းနည်းတော့ လွန်မနေဘူးလား" ဟု ပြောလိုက်သည်။
"ဆေးဆရာဆိုတာ မိဘလို စိတ်ထားမျိုး ရှိရမယ်။ လူနာဆီကိုလည်း နေ့တိုင်း လာကြည့်သင့်
တယ်လို့ ပြောကြတာပဲ။ လူနာရဲ့ အခြေအနေကို မေးမြန်းရမယ်။ ဖျားနေသလားဆိုတာ စစ်ဆေးရမယ်။ ပြီးတော့ လက်ရှိ ခန္ဓာကိုယ် အခြေအနေကိုလည်း သေချာ အကဲခတ်နေရမှာလေ"
သို့သော် ဝမ်ပင်းမှာမူ ၎င်းတို့ထဲမှ တစ်ခုမျှ မလုပ်ဘဲ သူ့ကို လေးရက်တိုင်တိုင် ပစ်ထားခဲ့ရာ ယွီမိုမှာ အချိန်ဖြုန်းရန် ငါးမျှားခြင်းကိုသာ လုပ်နေရတော့သည်။
သို့သော်လည်း ဤကန်ထဲရှိ ငါးများမှာ တစ်ခုခု မှော်ဝင်နေသလား မသိပေ ဘာမှ စားပုံမရချေ။ ရလဒ်အနေဖြင့် သုံးရက်ရှိပြီဖြစ်သော်လည်း ငါးတစ်ကောင်မျှ မမိသေးပေ။ သို့သော်လည်း အခြားနည်းလမ်းမရှိသဖြင့် အချိန်ကုန်စေရန် ဤအတိုင်းပင် ငါးမျှားနေရတော့သည်။
ဝမ်ပင်းက ပြန်ဖြေသည်။
"ခင်ဗျားက ဘီကီနီဝတ်ထားတဲ့ အလှလေးမှ မဟုတ်တာ။ ငါက ဘာလို့ နေ့တိုင်း လာကြည့်နေရမှာလဲ"
"ဘီကီနီ"
"အဲဒါက နေရာသုံးကွက်ပဲ ဖုံးတဲ့ အဝတ်အစားမျိုးလေ"
ဝမ်ပင်းက ထိုသို့ပြောရင်း လက်ဟန်ခြေဟန်ဖြင့် ပြလိုက်ရာ ယွီမိုမှာ ခေါင်းခါရင်း မထိန်းနိုင်ဘဲ ရယ်မောမိတော့သည်။ သို့သော် သူ၏ အမူအရာမှာ ရုတ်တရက် တောင့်ခဲသွားသည်။
တကယ်လား အသားနည်းနည်းပြတဲ့ မိန်းမတစ်ယောက်လောက်တောင် ငါက အဆင့်မရှိဘူးလို့ ဆိုလိုတာလား။ ငါ့အပေါ် လေးစားမှု မရှိဘူးလား။ နက်နဲသောနယ်ပယ်က ပုဂ္ဂိုလ်တစ်ယောက်က လေးစားမှုနဲ့ မထိုက်တန်ဘူးလား။
"စိတ်မဆိုးနဲ့... စိတ်မဆိုးနဲ့..."
ယွီမိုသည် ကိုယ့်ကိုကိုယ် အလျင်အမြန်ပင် ပြန်လည်နှစ်သိမ့်လိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ဝမ်ပင်းနှင့် ယခင်က နှစ်ကြိမ်ဆုံခဲ့စဉ်က ဒေါသထွက်လွန်းသဖြင့် သေလုနီးပါး ဖြစ်ခဲ့ရသောကြောင့်ပင်။
ဒီကောင်က ငါ့ရဲ့ နက်နဲသောနယ်ပယ်ဆိုတဲ့ ဂုဏ်ပုဒ်ကို မသိလို့ပဲ ဖြစ်မှာပါ။
ဟုတ်တယ်။
ငါက အရှေ့အိုင်ဒေသမှာ နက်နဲသောနယ်ပယ်ရဲ့ အဆင့်အတန်းက ဘယ်လောက်မြင့်လဲဆိုတာ မသိလို့ပဲ။ သိရင်တော့ ငါ့ကို ဒီလို ဆက်ဆံမှာ မဟုတ်ဘူး။
ထိုအချိန်တွင် ကျောက်ချင်းနှင့် ဟွမ်ယီတို့သည် ကျောက်ယီကို ခေါ်ဆောင်ကာ အိမ်ထဲမှ ထွက်လာကြသည်။
"ဂိုဏ်းချုပ်"
"ဂိုဏ်းချုပ်"
"ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်"
ကျောက်ယီက ချက်ချင်းပင် ဦးညွှတ်ရန် ပြင်လိုက်သည်။
ဝမ်ပင်းက ရယ်မောလျက် "ကျောက်ယီ... ဦးညွှတ်နေဖို့ မလိုပါဘူး။ မသေမျိုးဂိုဏ်းမှာ ခေါင်းညိတ်ပြရင်တင် လုံလောက်ပါပြီ" ဟု ပြောလိုက်သည်။
ကျောက်ယီ ခေါင်းညိတ်လိုက်ကာ ဝမ်ပင်းက ဒီလောက်အထိ ပေါ့ပေါ့ပါးပါး ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ ဂိုဏ်းချုပ်တစ်ဦးက တပည့်များကို ဦးမညွှတ်ခိုင်းသည်ကို သူ မြင်ဖူးခြင်းမှာ ဤသည်မှာ ပထမဆုံးအကြိမ်ပင်။
"ဒီကောင်လေးကတော့ ထူးခြားသားပဲ"
ယွီမိုက ဝမ်ပင်း၏ ပြုမူပုံကို ကြည့်ကာ သဘောကျလျက် ခပ်တိုးတိုး ရယ်လိုက်သည်။
ဝမ်ပင်းကို နှုတ်ဆက်ပြီးနောက် ဟွမ်ယီသည် ယွီမိုထံသို့ အပြေးအလွှား သွားနှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ ဦးလေးယွီ"
ယွီမိုသည် ရုတ်တရက် အကြံတစ်ခုရသွားကာ "အရွက်ကလေး ပြီးတော့ ဟိုကောင်မလေး ကျောက်ချင်း... ဒီနေ့ ငါနဲ့ စကားစမြည် ပြောကြမလား"
ကျောက်ချင်းက "ဒါပေမဲ့ ကျွန်မတို့ ကျင့်ကြံရဦးမှာလေ" ဟု ပြန်ဖြေရာ ဟွမ်ယီကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြသည်။
ယွီမို ခဏစဉ်းစားပြီးနောက် "မင်းတို့ ငါနဲ့ စကားပြောမယ်ဆိုရင် ငါက မင်းတို့ရဲ့ ကျင့်ကြံမှုကို လမ်းညွှန်ပေးမယ်။ တူညီတဲ့ အဆင့်အတန်းထဲမှာ ပြိုင်ဘက်ကင်းဖြစ်သွားအောင် ငါ အာမခံတယ်" ဟု မြူဆွယ်လိုက်သည်။
နက်နဲသောနယ်ပယ်က ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် သူသည် လမ်းညွှန်မှုပေးရန် ပထမဆုံးအကြိမ် ကမ်းလှမ်းခြင်းပင်။ သူ၏ဘေးမှ နဂါးကိုပင် နှစ်ပေါင်းများစွာအတွင်း သူ တစ်ခါမျှ လမ်းညွှန်မှု မပေးခဲ့ဖူးချေ။
သူ၏ ရည်ရွယ်ချက်မှာ မိန်းကလေးနှစ်ဦးကို သူနှင့် စကားပြောစေရန် ဆွဲဆောင်ခြင်းဖြင့် ငါးမမိသော ပျင်းရိစရာ အချိန်များကို ကျော်ဖြတ်ရန်သာ ဖြစ်သည်။
သို့သော် ဟွမ်ယီက ပထမဆုံး ခေါင်းခါလိုက်သည်။ ၎င်းနောက်တွင် ကျောက်ချင်းကလည်း အလျင်အမြန်ပင် ခေါင်းခါပြလိုက်သည်။
ဟွမ်ယီက "ဦးလေးက သင်ပေးမလို့လား" ဟု မေးကာ ကိုယ့်ကိုကိုယ် တိုးတိုးလေး ပြန်ပြောလိုက်သည်။
နက်နဲသောနယ်ပယ်က လူတစ်ယောက်က ငါ့ကို ရန်လီလီလောက် သန်မာအောင် သင်ပေးနိုင်ပါ့မလား မဖြစ်နိုင်လောက်ပါဘူး။
ထို့နောက် ဟွမ်ယီက "ထားလိုက်ပါတော့ ဦးလေးရယ် ဦးလေး သင်ပေးတာက အရမ်းနှေးမှာပဲ" ဟု ပြောလိုက်တော့သည်။