← Chapters

အခန်း ၁၉၉

Vol. 20 Ch. 199

အခန်း ၁၉၉

Vol. 20 Ch. 199

အခန်း။ ၁၉၉

"ဒါက ငါနဲ့ဆိုင်တဲ့ ကိစ္စမဟုတ်ဘူး ထင်တယ်"

"ဒါပေမဲ့ သခင်ဆီမှာ ဒီသင်္ချိုင်းအဆိပ်ကို ဖယ်ရှားပေးနိုင်တဲ့ ဝိညာဉ်အစားအစာ ရှိနေတာပဲလေ။ ကျန့်မုသစ်ရွက် အရေအတွက်ကို ပိုတိုးပြီး သုံးစွဲလိုက်ရုံပါပဲ"

"ဒါဆိုရင်တောင်မှ ငါနဲ့ မဆိုင်ပါဘူး"

မိုယွဲ့နှင့် ပတ်သက်သည့် အဖြစ်အပျက်ပြီးကတည်းက ဝမ်ပင်းသည် အခြားသူများကို ကူညီရန်အတွက် ဝိညာဉ်အစားအစာကို အသုံးပြုရန် စိတ်ပါဝင်စားမှု သိပ်မရှိတော့ချေ။

ရွှေဒင်္ဂါးများ လိုအပ်နေလျှင်ပင် သူ ထိုသို့ မလုပ်လိုတော့ပေ။

အဘယ်ကြောင့်ဆိုသော် မည်သူ့ကို ကယ်တင်သင့်ပြီး မည်သူ့ကို ပစ်ထားသင့်သည်ဟူသော ဆုံးဖြတ်ချက်မှာ အလွန် ခေါင်းခဲစရာ ကောင်းလွန်းသောကြောင့်ပင်။

ထို့အပြင် သူက သမားတော်တစ်ယောက်လည်း မဟုတ်ပေ။

လောကကြီးကို ကယ်တင်ကုသရမည့် ကိစ္စရပ်များကိုမူ ထိုထိပ်သီး ပုဂ္ဂိုလ်ကြီးများထံသာ လွှဲအပ်ထားလိုက်ရုံရှိသည်။

သူကဲ့သို့ ရိုးရိုးရှင်းရှင်းနှင့် အေးအေးလူလူ နေတတ်သူတစ်ဦးအတွက်မူ ကိုယ့်ကိစ္စကိုယ်သာ အာရုံစိုက်နေခြင်းက အကောင်းဆုံးပင်။

ပြီးတော့လည်း သူသည် ပိယွဲ့ပိုင်လင်နှင့် တစ်ကြိမ်သာ ဆုံဖူးခြင်း ဖြစ်ရာ ထိုသူ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ သူ့အတွက် ဘာမှ အရေးမပါချေ။

ထို့သို့ဖြင့် ဝမ်ပင်းသည် ပိယွဲ့ပိုင်လင်ကို တောင်အောက်သို့ လိုက်လံပို့ဆောင်ပေးလိုက်သည်။

ပိယွဲ့ပိုင်လင်၏ လာရောက်မှုမှာ ဘဝ၏ ဖြစ်ရပ်ဆန်း အသေးအဖွဲလေးတစ်ခုမျှသာ ဖြစ်သဖြင့် ဝမ်ပင်းသည် ယင်းကို စိတ်ထဲ၌ တကူးတက မှတ်သားမထားခဲ့ချေ။

သူသည် မီးဖိုချောင်သို့ အလျင်အမြန် ပြန်လာခဲ့ပြီး အဆင့်မြင့် လမင်းဖက်ထုပ်များကို ကြွေပန်းကန်လုံးများထဲသို့ ခပ်ထည့်လိုက်တော့သည်။

သူသည် ဖက်ထုပ်တစ်လုံးကို တုတ်ချောင်းဖြင့် ခွဲကြည့်လိုက်သောအခါ အထဲမှ စိမ်းစိုသော အရည်များ စီးထွက်လာခဲ့၏။

သဘာဝအတိုင်းပင် ဤအစိမ်းရောင်မှာ ကြောက်မက်ဖွယ်ကောင်းသော အရောင်မျိုးမဟုတ်ဘဲ နုပျိုသော သစ်ရွက်နုလေးများ၏ လန်းဆန်းသော အစိမ်းရောင်မျိုး ဖြစ်ပြီး ဘဝသစ်နှင့် တက်ကြွလှုပ်ရှားမှုကို ကိုယ်စားပြုနေခဲ့သည်။

သူသည် ဖက်ထုပ်တစ်လုံးကို ကောက်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်ပြီး အနည်းငယ် ဝါးကာ မျိုချလိုက်၏။

ချက်ချင်းပင် နွေးထွေးသော စီးကြောင်းတစ်ခုက သူ၏ သွေးကြောများထဲသို့ တဟုန်ထိုး စီးဝင်သွားခဲ့ရာ အလွန်တရာ သိမ်မွေ့ဆန်းပြားသော ခံစားချက်မျိုး ဖြစ်သည်။

သူ၏ ခန့်မှန်းချက်အရဆိုလျှင် အကယ်၍ သူသာ ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်၌ ရှိနေသေးပါက စောစောက နွေးထွေးသော စီးကြောင်းသည် သူ့ကို အနည်းဆုံး ကျင့်စဉ်အဆင့် အသေးစား တစ်ဆင့် သို့မဟုတ် နှစ်ဆင့်ခန့် ချက်ချင်း တိုးတက်သွားစေနိုင်မည် ဖြစ်သည်။

သေချာသည်မှာ ထိုအရာက သူ၏ ခန့်မှန်းချက်သက်သက်သာ ဖြစ်၏။

ထိုခဏတွင် ကျောက်ယီက အပြေးအလွှား ရောက်ရှိလာပြီး "ဂိုဏ်းချုပ်... လူတိုင်း ပင်မခန်းမဆောင်ကြီးအရှေ့မှာ စုံနေကြပါပြီ" ဟု သတင်းပို့လာခဲ့သည်။

"အင်း"

ဝမ်ပင်းက ခေါင်းငြိမ့်ပြလိုက်ပြီး မီးဖိုချောင်ထဲမှ ခြေလှမ်းလှမ်း၍ ထွက်ခွာလာခဲ့တော့သည်။

ပင်မခန်းမဆောင်ကြီးအရှေ့သို့ ရောက်ရှိလာသောအခါ သူသည် ဘေးတွင် မတ်တတ်ရပ်နေသော ယွင်လျောင်ကို ပထမဦးစွာ လှမ်းကြည့်လိုက်ပြီးနောက် လူတိုင်းကို ပြောလိုက်၏။

"ဒီနေ့ ငါ လူတိုင်းကို ဒီနေရာမှာ စုခိုင်းရတာက ကြေညာစရာ ရှိလို့ပါ။ ပထမဆုံးအနေနဲ့ အကြီးအကဲယွင် နက်နဲသောအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူကြောင်း ပြောချင်ပါတယ်"

ဖြန်း ဖြန်း ဖြန်း….

မိုးခြိမ်းသံကဲ့သို့ ဟည်းထွက်လာသော လက်ခုပ်သံများ ဆူညံသွားခဲ့ရသည်။

ဝမ်ပင်းက "ဂုဏ်ယူစကား ပြောပြီးပြီဆိုတော့ အလုပ်အကြောင်း ပြောကြရအောင်။ ဝိညာဉ်အစားအစာအသစ်ကို အားလုံးအတွက် ပြင်ဆင်ပြီးသွားပြီ။

ဒါပေမဲ့ ငါတို့ရဲ့ ထုံးစံအတိုင်းပဲ သတ်မှတ်ခ ကောက်ခံမှာ ဖြစ်ပြီး တစ်ပန်းကန်ကို ရွှေဒင်္ဂါး ၁,၀၀၀ ပဲ ကျသင့်မှာပါ" ဟု ဆိုလိုက်၏။

ဝမ်ပင်း၏ စကားကို ကြားလိုက်ရသောအခါ မည်သူကမျှ ရွှေဒင်္ဂါး ၁,၀၀၀ က ဈေးကြီးလွန်းသည်ဟု ညည်းညူခြင်း မပြုကြချေ။

လူတိုင်းက နောက်ထပ် ထွက်ပေါ်လာမည့် စကားကိုသာ စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြခြင်းပင်။

"သာမန် လမင်းဖက်ထုပ်တွေတောင်မှ... ဒီလောက်အထိ ကောင်းနေတာကို ဂိုဏ်းချုပ်က အလကားတောင် ပေးသနားခဲ့ဖူးသေးတာပဲ...

ဒါဆိုရင်...အခုလိုမျိုး အဖိုးအခ ကောက်ခံတဲ့ ဝိညာဉ်အစားအစာဆိုရင်တော့... ဘယ်လောက်

အထိတောင် အစွမ်းထက်လိုက်မလဲ..."

မည်သူမျှ မတွေးဆနိုင်ကြချေ။ ယင်းမှာ စိတ်ကူးစိတ်သန်းများထက်ပင် ကျော်လွန်နေသောကြောင့်ပင်။ သို့သော်လည်း ၎င်းသည် ပိုမိုကောင်းမွန်လိမ့်မည်ဟူသောအချက်ကိုတော့ လူတိုင်း သေချာပေါက် သိရှိထားကြသည်။

ဝမ်ပင်းက "အဆင့်မြင့် လမင်းဖက်ထုပ်တွေက... ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်က ကျင့်ကြံသူတွေကို ကျင့်စဉ်အဆင့် တစ်ဆင့်ကနေ နှစ်ဆင့်အထိ ချိုးဖျက်ဝင်ရောက်ဖို့ ကူညီပေးနိုင်လိမ့်မယ်။ နက်နဲသောအဆင့်ရှိတဲ့သူတွေအတွက်တော့... သူတို့ရဲ့ စင်ကြယ်တဲ့ခန္ဓာကို ပိုပြီး ခိုင်မာတောင့်တင်းလာစေမှာပါ။ အကယ်၍... ဘယ်သူမဆို စမ်းသပ်စားသုံးကြည့်ချင်တယ်ဆိုရင်တော့၊ အခုပဲ မီးဖိုချောင်ဆီကို သွားနိုင်ပါပြီ..."

ထိုစကားအဆုံးတွင် လူတိုင်းသည် တစ်ယောက်ကိုတစ်ယောက် လှည့်ပတ်ကြည့်ရှုလိုက်ကြပြီးနောက် ဝမ်ပင်း၏ ခြေလှမ်းများနောက်သို့ လိုက်ပါကာ မီးဖိုချောင်ဆီသို့ ဦးတည်၍ လျှောက်လှမ်းသွားကြတော့၏။

ခြွင်းချက်မရှိဘဲ လူတိုင်းက ဖက်ထုပ်တစ်ပန်းကန်စီကို အသီးသီး အလုအယက် လှမ်းယူလိုက်ကြသည်။

လင်းခယ်ဝူသည် ဤအချိန်ကို အလွန်အမင်း မျှော်လင့်တောင့်တနေခဲ့သူဖြစ်ရာ ပန်းကန်လုံးကို ကိုင်ဆောင်ထားရင်း ဖက်ထုပ်များကို ခပ်ယူလိုက်ပြီး ပူသည်၊ အေးသည်ကိုပင် ဂရုမစိုက်တော့ဘဲ ပါးစပ်ထဲသို့ တည့်တည့်မတ်မတ် ကောက်ထည့်လိုက်တော့သည်။

အဆင့်မြင့် လမင်းဖက်ထုပ် ပါးစပ်ထဲသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် သူ၏ အမူအရာမှာ စတင်၍ ပြောင်းလဲသွားခဲ့ရ၏။

ပူပြင်းသော အရှိန်အဝါတစ်ခုက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။

သူ တစ်ပန်းကန်လုံး ကုန်အောင် စားပြီးသွားသောအခါ ရန်လီလီက ဘေးမှနေ၍ အလျင်အမြန် တိုက်တွန်းလိုက်၏။

"မြန်မြန်... အိပ်ဆောင်ဧရိယာဘက်ကို သွားပြီး ရေချိုးတော့၊ မင်းရဲ့ ခန္ဓာကိုယ် သန့်စင်ခြင်းလုပ်ငန်းစဉ် စတော့မယ်"

လင်းခယ်ဝူက ခေါင်းငြိမ့်ပြလိုက်ပြီး အပြင်ဘက်သို့ အပြေးအလွှား ထွက်ခွာသွားခဲ့တော့သည်။

သေချာသည်မှာ သူသည် ထိုနေရာ၌ အချိန်ဆွဲမနေရဲချေ။

အဘယ်ကြောင့်ဆိုသော် ယခင်က အခြားသူများ၏ ခန္ဓာကိုယ်သန့်စင်ခြင်း လုပ်ငန်းစဉ်ကို သူ မြင်တွေ့ဖူးခဲ့ပြီး ယင်းမှာ ကြည့်ရဆိုးလှသော အခြေအနေမျိုး ဖြစ်သောကြောင့်ပင်။

အိပ်ဆောင်ဧရိယာ၏ ရေချိုးခန်းအတွင်းဝယ်...

လင်းခယ်ဝူသည် သူ၏ခန္ဓာကိုယ်မှ ထွက်လာသော အမည်းရောင်အညစ်အကြေးများ ရေဆိုးမြောင်းထဲသို့ မျှောပါသွားသည်ကို ကြည့်ရင်း နှုတ်ခမ်းစွန်းများ ပိုမိုတွန့်ကွေးကာ ပြုံးလိုက်မိသည်။ ထို့နောက် သူသည် စိတ်အပန်းဖြေသည့်အနေဖြင့် လေထဲသို့ လက်သီးတစ်ချက်ကို ပေါ့ပါးစွာ ထိုးသွင်းလိုက်၏။

သူ၏အင်အားကို စမ်းသပ်ရန် ရည်ရွယ်ချက်သက်သက်ဖြင့် ထိုးလိုက်ခြင်းဖြစ်သော်လည်း သူ၏အပြုံးများမှာ ရုတ်ချည်းပင် တန့်ခနဲ ဖြစ်သွားရတော့သည်။

"ဒါ... ဒါက..."

"ဒါက..."

"ဒါက..." ဟူသော စကားလုံးကို ထပ်တလဲလဲ ရေရွတ်နေမိခြင်းက လင်းခယ်ဝူ၏ လက်ရှိတုန်လှုပ်ချောက်ချားနေသော စိတ်အခြေအနေကို အထင်းသား ဖော်ပြနေသည်။

သူသည် လုံးဝ ဆွံ့အသွားခဲ့ရ၏။

ထိုလက်သီးကို ထိုးလိုက်သည့် ခဏ၌ပင် သူ၏ကျင့်စဉ်အဆင့်မှာ အံ့ဩဖွယ်ကောင်းလောက်အောင် ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်၏ တစ်ဆယ့်သုံးဆင့်မြောက်သို့ ချိုးဖျက်

ဝင်ရောက်သွားခဲ့သောကြောင့်ပင်။

ထိုအခါမှသာ ဂိုဏ်းချုပ်ဝမ် စောစောက ပြောခဲ့သော ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်ကသူတွေအတွက် ကျင့်စဉ်အဆင့်ကို တိုးတက်စေနိုင်တယ်ဆိုသည့် စကားကို သူ ပြန်လည်သတိရမိတော့သည်။

ထိုရွှေဒင်္ဂါးတစ်ထောင်တန် ဖက်ထုပ်တစ်ပန်းကန်က သူ့ကို ခန္ဓာကိုယ်သန့်စင်ခြင်း ဆယ့်သုံးဆင့်မြောက်နယ်ပယ်အထိ ချက်ချင်း ရောက်ရှိသွားစေခဲ့သည်။

စီနီယာအစ်ကို၊ အစ်မများက ဂိုဏ်းချုပ်က အဖိုးအခကောက်ခံတာက တခြားရည်ရွယ်ချက်ရှိလို့ပဲဟု အဘယ်ကြောင့် အမြဲတမ်းပြောလေ့ရှိသည်ကို သူ ယခုမှပင် သဘောပေါက်သွားခဲ့ရတော့သည်။

၎င်းမှာ ငွေမက်၍မဟုတ်ဘဲ လူတိုင်းကို သူတို့ရရှိထားသော အရာများ၏ တန်ဖိုးကို ပိုမိုနားလည်တန်ဖိုးထားတတ်စေရန်အတွက် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အလွယ်တကူနှင့် အလကားရရှိသော အရာများကို လူတို့သည် လျင်မြန်စွာပင် မေ့လျော့တတ်ကြသည်။

စောစောက ဖက်ထုပ်တစ်ပန်းကန်ကို ရွှေဒင်္ဂါးတစ်ထောင်မကဘဲ ရွှေဒင်္ဂါးတစ်သောင်း ပေးရမည်ဆိုလျှင်ပင် သူ သေချာပေါက် အလုအယက် စားမိမည်မှာ အမှန်ပင်။

လင်းခယ်ဝူသည် စိတ်ထဲမှနေ၍ မချိပြုံး ပြုံးလိုက်မိရင်း "ငါ့ရဲ့ အခုအခြေအနေနဲ့ဆိုရင် ကြယ်သုံးပွင့် အကယ်ဒမီကျောင်းကြီးတွေတောင် ငါ့ကို အလုအယက် လာခေါ်ကြလိမ့်မယ် မဟုတ်ဘူးလား" ဟု တွေးလိုက်မိသည်။

အသက် ၂၄ နှစ်အရွယ်နှင့် ခန္ဓာကိုယ်သန့်စင်ခြင်း ဆယ့်သုံးဆင့်မြောက်သို့ ရောက်ရှိနေခြင်းအပြင် စင်ကြယ်သောခန္ဓာကိုပါ ကြိုတင်ပိုင်ဆိုင်ထားခြင်းပင်။

ဤကဲ့သို့သော ပါရမီနှင့် စွမ်းအားမျိုးဆိုလျှင် ကြယ်သုံးပွင့် အကယ်ဒမီကျောင်းတော်ကြီး၏ ထိပ်သီးတပည့်ကြီးနေရာကို အလွယ်တကူ ရရှိနိုင်သည်။

...

တစ်ချိန်တည်းမှာပင်...

မီးဖိုချောင်အတွင်း၌မူ ရန်လီလီ၊ ကျောက်ချင်းနှင့် အခြားသူများသည်လည်း သူတို့၏ ကျင့်စဉ်အဆင့် တိုးတက်မှုများကြောင့် အံ့ဩမှင်သက်နေကြရသည်။

ရန်လီလီသည် အဆင့် ၇ မှ အဆင့် ၈ သို့၊ ကျောက်ချင်းသည် အဆင့် ၆ မှ အဆင့် ၈ သို့၊ ဟွမ်ယီမှာမူ အံ့ဩစရာကောင်းလောက်အောင် အဆင့် ၄ မှ အဆင့် ၆ သို့ ချက်ချင်း ခုန်တက်သွားခဲ့သည်။

...

အတိုချုပ်ပြောရလျှင် ရန်လီလီ၊ မြောင်ယင်းနှင့် ချင်မိုတို့မှလွဲ၍ ကျန်ရှိသောသူအားလုံးမှာ ကျင့်စဉ်အဆင့် နှစ်ဆင့်စီ တိုးတက်သွားခဲ့ကြခြင်းပင်။

မြောင်ယင်းမှာမူ သူမကိုယ်တိုင်က ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်၏ အမြင့်ဆုံးအဆင့်ဖြစ်သော ဆယ့်သုံးဆင့်မြောက်သို့ ရောက်ရှိနေပြီးဖြစ်သဖြင့် ထပ်မံတိုးတက်ရန် မရှိတော့ချေ။

ချင်မိုမှာမူ အဆင့် ၈ သို့ ရောက်ရှိပြီးဖြစ်သဖြင့် ဤဝိညာဉ်အစားအစာက သူ့ကို အဆင့်အသေးစား တစ်ဆင့်သာ ထပ်မံတိုးတက်စေနိုင်ခဲ့သည်။

ဤဖြစ်ရပ်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသောအခါ ဝမ်ပင်းသည် ကျန့်မုသစ်ရွက်များ၏ အံ့မခန်း အစွမ်းသတ္တိအပေါ် မချီးမွမ်းဘဲ မနေနိုင်တော့ချေ။

ထို့ကြောင့် ဤကျန့်မုပင်များကို တောင်တစ်ခုလုံးတွင် အပြည့်အစုံ စိုက်ပျိုးပစ်ရန် အတွေးများက သူ၏ စိတ်ထဲ၌ အလိုအလျောက် ထွက်ပေါ်လာခဲ့တော့သည်။

လက်ရှိတွင် ရန်ပုံငွေ မလုံလောက်သေးသော်လည်း ဝမ်ပင်းကမူ သူ၏ စိတ်ကူးထဲ၌ စီမံကိန်းများကို စတင်ရေးဆွဲနေခဲ့ပြီ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ တစ်နေ့လျှင် တစ်ပင်နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးသွားလျှင်ပင် တောင်တစ်ခုလုံး ပြည့်သွားမည့်နေ့က သေချာပေါက် ရောက်ရှိလာမည်ပင်။

...

ညချမ်းအချိန်သို့ ရောက်ရှိလာသောအခါ လုံခြုံစွာ ပိတ်ဆို့ထားသော ဝိညာဉ်မြင်းရထားတစ်စီးသည် ဈေးကွက်တစ်ခုအတွင်းမှ ဖြည်းညင်းစွာ မောင်းနှင်ထွက်ခွာလာခဲ့ပြီး ပိယွဲ့ပိုင်လင်သည် ထိုရထားဆီသို့ ဦးတည်၍ လျှောက်လှမ်းလာခဲ့သည်။

နှာခေါင်းပေါ်တွင် အလျားလိုက် အမာရွတ်တစ်ခု ရှိနေသော အမျိုးသားတစ်ဦးသည် မြင်းရထားပေါ်တွင် ထိုင်နေခဲ့၏။

သူ၏ ကြမ်းတမ်းခက်ထန်သော ရုပ်သွင်ပြင်က သူသည် ရက်စက်ကြမ်းကြုတ်သော သဘာဝရှိသူတစ်ဦးဖြစ်ကြောင်း ဖော်ပြနေသော်လည်း ပိယွဲ့ပိုင်လင်ကို မြင်တွေ့လိုက်ရသည့်အခါတွင်မူ သူ၏အကြည့်များက အလွန်တရာ ရိုသေကိုင်းညွတ်မှုများဖြင့် ပြည့်နှက်သွားခဲ့ရသည်။

"ဘိုးဘေး... ဘိုးဘေး မှာထားတဲ့ ပစ္စည်းတွေအားလုံးကို ကျွန်တော် ဝယ်ယူခဲ့ပြီးပါပြီ။ သိုးနောက်ခြေထောက် ဆယ်ချောင်း ရခဲ့ပါတယ်။ ဘိုးဘေး စိတ်ကြိုက် သုံးဆောင်နိုင်ပါတယ်"

ပိယွဲ့ပိုင်လင်က ပြုံးလိုက်ပြီး "မသေဆုံးခင် အရှေ့အိုင် ပတ်ပတ်လည်ကို လှည့်လည်ခရီးသွားရင်း လမ်းခရီးမှာ သိုးခြေထောက်ကင်လေးတွေ စားရတာက တကယ့်ကို စိတ်ဝင်စားစရာပဲကွ။ ရှန်ဟွာ... ငါတို့ ဆန်းဝူမြို့ကနေ ထွက်သွားတာနဲ့ မင်း ဇီမိုအိုင်ဆီကို တစ်ယောက်တည်း ပြန်သွားလို့ရပြီ။ ငါ့ဘာသာငါ တစ်ယောက်တည်းဆို အဆင်ပြေပါတယ်" ဟု ဆိုလိုက်၏။

"ဘိုးဘေးကလည်း နောက်နေပြန်ပြီ။ ကျွန်တော်က ဘိုးဘေးကို တစ်ယောက်တည်း ဘယ်လိုလုပ် ပစ်ထားခဲ့နိုင်မှာလဲ"

ထိုသက်လတ်ပိုင်းအမျိုးသားက ပိယွဲ့ပိုင်လင်၏ အစီအစဉ်ကို ချက်ချင်း ငြင်းပယ်လိုက်ပြီး ထိုအကြောင်းအရာကို ဆက်မပြောမိစေရန်အတွက် စကားလမ်းကြောင်းကို အလျင်အမြန် လွှဲပြောင်းလိုက်သည်။

"ဒါနဲ့ ဘိုးဘေး... မကြာသေးခင်က ဘယ်ကို သွားခဲ့လို့လဲ"

ပိယွဲ့ပိုင်လင်က ဖုံးကွယ်မထားဘဲ တည့်တည့်မတ်မတ်ပင် ပြောပြလိုက်၏။

"ငါ မသေမျိုးဂိုဏ်းဆီ သွားပြီး ဝမ်ပင်းနဲ့ တွေ့ခဲ့တယ်"

ရှန်ဟွာက ချက်ချင်းပင် မေးလိုက်သည်။

"ထင်တဲ့အတိုင်းပဲ... ဘိုးဘေး သူ့ကို သွားရှာလိမ့်မယ်လို့ ကျွန်တော် ခန့်မှန်းထားသားပဲ။ ဒါဆို... ဝမ်ပင်းကတောင်မှ ဘိုးဘေးရဲ့ ရောဂါကို မကုသပေးနိုင်ဘူးပေါ့ ဟုတ်လား"

ပိယွဲ့ပိုင်လင်က ခေတ္တမျှ မှင်သက်သွားပြီးမှ ပြန်မေးလိုက်၏။

"မင်းက ဘာဖြစ်လို့ အဲဒီလို ပြောရတာလဲ။ သူက ကောင်လေးတစ်ယောက်ပဲ ရှိသေးတာ။ ရောဂါကုသတဲ့အလုပ်ကို သူက ဘာသိမှာလဲ"

"ဘိုးဘေးက မသိသေးဘူးလား"

"ဘာကို သိရမှာလဲ"

"ရှန်လုံက ဘာဖြစ်လို့ အဲဒီလောက် ဆုကြေးအများကြီးပေးပြီး ကြေညာချက်ထုတ်ရတာလဲ။ ဂိုဏ်းရာပေါင်းများစွာ မဟာမိတ်အဖွဲ့ကလူတွေ မသေမျိုးဂိုဏ်းရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရလို့တင် မဟုတ်ဘူးဗျ။ အဓိက အရေးကြီးဆုံးအကြောင်းရင်းက မိုယွဲ့ရဲ့ ဂိုဏ်းချုပ်မှာ ပြင်းထန်တဲ့ ရောဂါဝေဒနာတစ်ခု ရှိနေခဲ့တာ။ အဲဒါကို ဝမ်ပင်းမှာ ကုသပေးနိုင်တဲ့ နည်းလမ်းရှိရဲ့သားနဲ့ သူ့ကို မကူညီခဲ့ဘူး။ ကောလာဟလတွေအရတော့ လူယုတ်မာအချို့ရဲ့ ကြိုးကိုင်မှုကြောင့်လို့ ပြောကြတာပဲ။ မဟုတ်ရင် မိုယွဲ့က အသက်ရှင်နိုင်ဦးမှာ"

ရှန်ဟွာသည် ထိုနေရာတွင် ကိုယ်တိုင် ရှိနေခဲ့သည့်အလား စိတ်အားထက်သန်စွာဖြင့် ရေပက်မဝင် ပြောဆိုနေခဲ့သည်။

ပိယွဲ့ပိုင်လင်မှာ အံ့ဩသွားရပြီး ရှန်ဟွာသည် ဤအကြောင်းအရာကို အဘယ်ကြောင့် သိရှိနေရသနည်းဆိုသည်ကို နားမလည်နိုင်သဖြင့် ထပ်မံ၍ မေးလိုက်သည်။

"မင်းက ဒါတွေကို ဘယ်လိုလုပ် သိတာလဲ"

ရှန်ဟွာက ရွှတ်နောက်နောက် အပြုံးဖြင့် ပြန်လည်ပြောကြားလိုက်သည်။

"ဘိုးဘေးကလည်း... မေ့တတ်လိုက်တာ။ ဟွမ်းလီမြို့တုန်းက ဂိုဏ်းရာပေါင်းများစွာ မဟာမိတ်အဖွဲ့ရဲ့ ဂိုဏ်းချုပ် မုရုံချင်း ကိုယ်တိုင် ကျွန်တော်တို့ကို ပြောပြခဲ့တာလေ။ အဲဒီအချိန်တုန်းက ဘိုးဘေးကိုယ်တိုင်လည်း သူ့ရဲ့ဘေးနားမှာ ထိုင်နေခဲ့တာ မဟုတ်ဘူးလား"

All Chapters