အခန်း (၁၂၁-၁၂၂)
Vol. 13 Ch. 121-122
အခန်း။ ၁၂၁
ဆွန်ဝူက ဝမ်ပင်း၏ စကားကို ကြားသောအခါ အေးစက်စက် ပြုံးလိုက်ပြီး သူ၏ ပါးစပ်မှာ လုံးဝ ပိတ်မရတော့ပေ။ အသက်အရွယ်က လူတစ်ယောက်၏ အမြင်ကို ဆုံးဖြတ်ပေးသည်မှာ အမှန်ပင်။
ဝမ်ပင်းက ဂိုဏ်းချုပ်တစ်ဦး ဖြစ်နေသော်လည်း သူ၏ အမြင်မှာ ကျဉ်းမြောင်းလွန်းလှပြီး ဆန်းဝူမြို့ထဲတွင်သာ ပိတ်မိနေသည်။ ဝမ်ပင်းအနေဖြင့် ဆန်းဝူမြို့ပြင်သို့ ခြေတစ်လှမ်း ထွက်လိုက်သည်နှင့် သူ၏ စကားများ မည်မျှ လေးနက်သည်ကို နားလည်သွားလိမ့်မည်ဟု ဆွန်ဝူက ယုံကြည်နေသည်။
"မင်း ကြောက်သွားအောင် ငါ လုပ်ပြမယ်"
ဆွန်ဝူက အေးစက်စက် ရယ်မောရင်း အပြာရောင် သွေးကြောတံခါးမှ တုန်ခါမှု အသံများနှင့်အတူ လှိုင်းလုံးများကဲ့သို့ သွေးကြောချီစွမ်းအင်များ ထွက်ပေါ်လာပြီး ဆွန်ဝူ၏ လက်ယာဘက် လက်သူကြွယ်ရှိ လက်စွပ်ကို သွားရောက် ရိုက်ခတ်လိုက်သည်။
အစိမ်းရောင် လက်စွပ်မှာ သွေးကြောတံခါး၏ ချီစွမ်းအင်ကို တုံ့ပြန်သည့်အနေဖြင့် အစိမ်းရောင် အလင်းစက်လေးများ မှိန်ပျပျ ထွက်ပေါ်လာပြီးနောက် အလင်းများ ကွယ်ပျောက်သွားချိန်တွင် ဆွန်ဝူ၏ လက်ထဲ၌ ကြေးတူကြီးတစ်ခု ပေါ်လာတော့သည်။
ဆွန်ဝူက ဝမ်ပင်းကို တစ်ချက်ကြည့်ပြီး မေးလိုက်သည်။
"မင်း သိုလှောင်လက်စွပ်ဆိုတာကို မြင်ဖူးရဲ့လား"
ဝမ်ပင်းက ခပ်အေးအေးပင် ပြန်ဖြေသည်။
"တစ်ခါမှ မမြင်ဖူးဘူး"
"ဒါကြောင့်လည်း လူငယ်တွေက အပြင်ထွက်ပြီး လေ့လာဖို့ လိုတာပေါ့။ မဟုတ်ရင် မင်းရှေ့မှာ ရပ်နေတဲ့သူက ဘယ်လောက် မြင့်မားတယ်ဆိုတာ မင်း ဘယ်တော့မှ သိမှာ မဟုတ်ဘူး"
ဒိုင်း
သွေးကြောတံခါးက ထပ်မံ တုန်ခါသွားသည်။
ဆွန်ဝူက သွေးကြောပညာရပ်ကို သုံးရန် ပြင်လိုက်စဉ်မှာပင် သူ၏ နားထဲသို့ အသံတစ်သံ ဝင်လာသည်။
"မှန်တယ်... လူဆိုတာ အပြင်ထွက်ပြီး လည်ပတ်ကြည့်ရတယ် မဟုတ်ရင် အမြင်တွေက အရမ်း တိုတောင်းသွားလိမ့်မယ်"
"ဘယ်သူလဲ"
ဆွန်ဝူက ချက်ချင်းပင် ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ရာ မလှမ်းမကမ်းရှိ ကျောက်စားပွဲမှ ထရပ်လိုက်သော ယွီမိုထံတွင် အကြည့်က ရပ်တန့်သွားသည်။
သူက "မင်း သေချင်နေတာလား" ဟု ပြောရန် ပြင်လိုက်စဉ် ယွီမို၏ လက်ဝဲဘက်တွင် သွေးကြောတံခါးတစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသည်။
၎င်းနှင့်အတူ ဓားတစ်လက်လည်း ပေါ်လာပါတော့သည်။
ငွေရောင်ဓားသွားမှာ ထူးခြားသော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။
"လေလွင့်ဓား"
ဆွန်ဝူသည် ထိုဓားကိုကြည့်ပြီး မယုံကြည်နိုင်လောက်အောင် ဆွံ့အသွားကာ ယွီမို၏ မျက်လုံးများကို သတိထားကြည့်မိသွားသည်။
မူလက ထိုနေရာတွင် ထိုင်နေသော လူလေးဦးမှာ စစ်တုရင် ကစားနေသည့် သာမန်လူများဟုသာ သူ ထင်မှတ်ထားခဲ့ခြင်းပင်။
မမျှော်လင့်ဘဲ အရှေ့အိုင် နက်နဲသောအဆင့် လောကတွင် သတ်ဖြတ်ခြင်း လက်နက်အဖြစ် ကျော်ကြားသည့် လေလွင့်ဓားကို ဤနေရာတွင် တွေ့လိုက်ရခြင်းပင်။
ယွီမိုက ဆွန်ဝူ၏ စကားကို ကြားသောအခါ ပြုံးလိုက်ပြီးနောက် အေးအေးဆေးဆေးပင် ပြောလိုက်သည်။
"ငါ့ဆီက တစ်ကွက်လောက် ခုခံကြည့်ပါဦး။ တကယ်လို့ မင်း မခုခံနိုင်လို့ သေသွားခဲ့ရင်တော့ ငါ့ကို အပြစ်မတင်နဲ့တော့"
"ဒါဆို မင်းက မသေမျိုးဂိုဏ်းရဲ့ နောက်ကွယ်က လူပေါ့"
ယွီမို၏ စကားကို ကြားလိုက်ရသည့်အခါ ဆွန်ဝူမှာ စိတ်ထဲတွင် တင်းကျပ်သွားပြီး ကြေးတူကြီးကို ပိုမိုမြဲမြံစွာ ဆုပ်ကိုင်လိုက်မိသည်။
သူ မသိလိုက်ဘဲ သူ၏ လက်ဖဝါးများတွင် ချွေးများ စိုရွှဲလာခဲ့သည်။
ဤမသေမျိုးဂိုဏ်းတွင် သာမန် အဆင့်နိမ့် နက်နဲသောအဆင့်ပညာရှင် တစ်ဦးသာ ရှိလိမ့်မည်ဟု သူ ထင်ထားခဲ့သော်လည်း ၎င်းမှာ လေလွင့်ဓားသမား ယွီမို ဖြစ်နေလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။
နှစ်ဦးစလုံးမှာ အဆင့်နိမ့် နက်နဲသောအဆင့် ဖြစ်ကြသော်လည်း ယွီမိုမှာမူ အဆင့်နိမ့်တွင် ပြိုင်ဘက်ကင်းနီးပါး ဖြစ်ပြီး နက်နဲသောအဆင့် ပညာရှင် အမြောက်အမြားကို သတ်ဖြတ်ခဲ့သူ ဖြစ်သည်။
ဘေးတွင် ရပ်နေသော ဟွမ်းရှန်းမှာလည်း ဆွံ့အလျက်သား ဖြစ်နေပြီး ဝမ်ပင်းက သူ့ကို ဘေးသို့ ဆွဲထုတ်လိုက်မှသာ သတိပြန်ဝင်လာတော့သည်။
နောက်တစ်ခဏတွင် ယွီမိုက သူ၏ ဓားကို မြှောက်လိုက်သည်။
အပြာရောင် အလင်းတန်းများမှာ သွေးကြောတံခါးထံသို့ ရူးသွပ်စွာ စုစည်းသွားပြီးနောက် သွေးကြောတုန်ခါသံနှင့်အတူ သွေးကြောချီစွမ်းအင်များနှင့် လေလွင့်ဓားတို့ ပေါင်းစည်းသွားတော့သည်။
ယွီမိုသည် မျက်စိတစ်မှိတ်အတွင်း ဓားချက် ဆယ်ချက်ကို ခုတ်ပိုင်းလိုက်သည်။
ဓားချက်တစ်ခုစီတွင် တစ်မီတာကျော် ရှည်လျားသော ဓားချီစွမ်းအင်များ ပါဝင်ပြီး ဆယ်ချက်လုံးမှာ တစ်ခုနှင့်တစ်ခု ရစ်ပတ်ကာ တောက်ပစွာဖြင့် ဆွန်ဝူထံသို့ တိုးဝင်သွားသည်။
"ငါလာပြီ"
စီကုန်းပိုင်က ဒါကို မြင်လိုက်ရသောအခါ အခြေအနေ မကောင်းမှန်း သိလိုက်သဖြင့် ဒေါသတကြီး အော်ဟစ်ကာ သွေးကြောတံခါးကို ဖွင့်လိုက်သည်။
ဒိုင်း
သွေးကြောတုန်ခါသံမှာ ကျယ်လောင်စူးရှလှသည်။
"လိပ်ခွံ"
စီကုန်းပိုင်က ဆွန်ဝူ၏ ရှေ့သို့ တိုက်ရိုက် ဝင်ရပ်လိုက်ပြီး အပြာရောင် လိပ်ခွံတစ်ခု ထွက်ပေါ်လာကာ ကာကွယ်လိုက်သည်။
ဓားချီစွမ်းအင် တစ်ခုက ၎င်းအပေါ်သို့ ကျရောက်ကာ ပျောက်ကွယ်သွားသော်လည်း ဒုတိယ၊ တတိယ ဓားချက်များက လိပ်ခွံကို ထပ်မံ ထိမှန်သည့်အခါ လိပ်ခွံမှာ တစ်စစီ ကွဲအက်လာတော့သည်။
စီကုန်းပိုင်မှာ ခြေလှမ်းတစ်လှမ်းချင်း နောက်ဆုတ်သွားရပြီး သူ၏ မျက်နှာမှာလည်း အလွန်ပင် ဆိုးရွားသွားသည်။
ဆွန်ဝူသည်လည်း စီကုန်းပိုင်၏ နောက်ကွယ်တွင် ငြိမ်နေမည့်သူ မဟုတ်ပေ။
လိပ်ခွံ ကွဲအက်လာသည်ကို မြင်သည်နှင့် သူသည် ငါးမီတာခန့် အမြင့်သို့ ခုန်တက်လိုက်ပြီး ကြေးတူကြီးကို မြှောက်ကာ ယွီမိုထံသို့ တိုက်ရိုက် ရိုက်ချလိုက်သည်။
"ကမ္ဘာမြေ တုန်ဟီးစေ"
ဘုန်း
ဆွန်ဝူသည် ယွီမို ရပ်နေသည့် နေရာသို့ တိုက်ရိုက် ခုန်ဆင်းသက်လိုက်သည်။
ဧရာမတူကြီးဖြင့် တစ်ချက်ထုချလိုက်ရာ မြေပြင်တွင် တစ်ကိုက်ခန့်နက်သော ကျင်းကြီးတစ်ခု ဖြစ်သွား၏။
ယွီမိုသည် သီသီလေး ရှောင်တိမ်းနိုင်ခဲ့သော်လည်း ထိုအခြေအနေက စီကုန်းပိုင်အတွက် အခွင့်အရေးကောင်း ဖြစ်သွားစေသည်။
ဓားသိုင်းကွက်ကို ခုခံပြီးသည်နှင့် စီကုန်းပိုင်၏ သွေးကြောတံခါးမှာ ဟိန်းခနဲ တုန်ခါသွားပြီး ယွီမိုထံသို့ တိုက်ရိုက် ပြေးဝင်တော့သည်။
သူတို့နှစ်ဦးသည် တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြခြင်းဖြစ်ရာ ယွီမိုကို ဝိုင်းပတ်ပိတ်ဆို့ပြီး အမြန်ဆုံး အဆုံးသတ်ရန် ကြံစည်နေကြခြင်းမှာ ထင်ရှားလှသည်။
တိုက်ကွက်အနည်းငယ် အပြန်အလှန် ဖလှယ်ပြီးနောက်တွင်မူ ယွီမိုသည် စစ်မြေပြင်တွင် အားနည်းသောဘက်သို့ စတင်ရောက်ရှိလာတော့သည်။
ဆွန်ဝူက သူ၏ ဧရာမတူကြီးကို ယွီမိုထံသို့ ဝှေ့ယမ်းရင်း အားရပါးရ ရယ်မောကာ အော်ဟစ်လိုက်သည်။
"လေလွင့်ဓားသမားဆိုတာ ဒါလောက်ပဲလားကွ။ ငါ့ရဲ့ ကမ္ဘာမြေတုန်ဟီးစေရိုက်ချက်ကို အမိအရ ခံစားလိုက်စမ်း"
"ညီအစ်ကိုယွီ... ငါ မင်းကို ကူညီမယ်"
ဘုန်း….
ချင်ရှန်း၏ သွေးကြောတံခါး ပွင့်သွားသည့်အသံမှာ တောင်ထိပ်တစ်ခုလုံးကို ဟိန်းထွက်သွားသည်။
ထိုအသံကို ကြားလိုက်ရချိန်တွင် ဆွန်ဝူ၏ မျက်နှာမှာ ရုတ်ချည်း ပျက်သွားပြီး ထိတ်လန့်တကြား ရေရွတ်မိတော့သည်။
"နောက်ထပ် နက်နဲသောအဆင့်ပညာရှင် တစ်ယောက် ရှိနေသေးတာလား"
"မိစ္ဆာကြီးပါလား"
ချင်ရှန်း၏ ထူးခြားလှသော အရှိန်အဝါကို သတိပြုမိသွားသည့် စီကုန်းပိုင်မှာ ဆွန်ဝူနှင့်အတူ ဆုတ်ခွာရန် ချက်ချင်း ကြိုးစားတော့သည်။
အကြောင်းမူကား အဆင့်နိမ့် နက်နဲသောအဆင့်ရှိသော မိစ္ဆာကြီးတစ်ကောင်သည် လူသားမျိုးနွယ်နှင့် ယှဉ်လျှင် အဆင့်တူ၌ ပြိုင်ဘက်ကင်းသည်ကို သူ ကောင်းကောင်းသိထားသောကြောင့်ပင်။
ပြိုင်ဘက်ကင်းသော ယွီမိုနှင့် မိစ္ဆာကြီးတစ်ကောင် ပေါင်းစည်းသွားသည့်အခါ သူတို့အတွက် အခွင့်အရေးက လုံးဝမရှိတော့ပေ။
သို့သော်လည်း ဆုတ်ခွာရန် အမိန့်ပေးချိန်မှာ အလွန်နောက်ကျသွားခဲ့သည်။
လင်းယုန်ဘုရင် ချင်ရှန်းသည် လျှပ်စီးကဲ့သို့ လျင်မြန်လှသော အရှိန်ဖြင့် စီကုန်းပိုင်၏ အနားသို့ ရောက်ရှိသွားပြီး စီကုန်းပိုင် သတိမထားမိခင်မှာပင် ခြေထောက်ဖြင့် တစ်ချက်ကန်လိုက်ရာ စီကုန်းပိုင်မှာ လေထဲသို့ လွင့်ထွက်သွားတော့သည်။
ဆွန်ဝူက ချက်ချင်းပင် "စီနီယာပိုင်" ဟု အော်ဟစ်လိုက်၏။
ထို့နောက် စီကုန်းပိုင် လွင့်ကျသွားသည့် ကျောက်လှေကားထစ်များဆီသို့ သူ အပြေးအလွှား သွားလိုက်သည်။
စီကုန်းပိုင်မှာ တုန်တုန်ရင်ရင်ဖြင့် ပြန်ထရပ်နေသည်ကို မြင်လိုက်ရသောအခါ ဤတိုက်ပွဲမှာ သူတို့ ရှုံးနိမ့်သွားပြီဖြစ်ကြောင်း ဆွန်ဝူ သဘောပေါက်လိုက်သည်။ ယွီမိုနှင့် မိစ္ဆာကြီးကို သူတို့ မည်သို့မျှ မယှဉ်နိုင်တော့ပေ။
"တောက်"
ဆွန်ဝူသည် စိတ်ထဲမှ ကျိန်ဆဲနေမိသည်။
ဤကဲ့သို့ ကြယ်အဆင့်မရှိသော ဂိုဏ်းငယ်လေးတွင် နက်နဲသောအဆင့်ပညာရှင် နှစ်
ယောက်တောင် ရှိနေရသည်မှာ မည်သို့မျှ မဖြစ်နိုင်သောအရာပင်။
ဤကဲ့သို့ တောင့်တင်းသော အင်အားစုမျိုးကို သာမန် ကြယ်နှစ်ပွင့်အဆင့် ဂိုဏ်းများပင်လျှင် ယှဉ်နိုင်ရန် ခဲယဉ်းလှသည်။
"ကျေးဇူးတင်ပါတယ်"
ယွီမိုက သူ၏ဓားကို အိမ်ထဲသို့ ပြန်ထည့်ကာ ချင်ရှန်းကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။
ချင်ရှန်းက ပြုံးလျက် "ကိစ္စမရှိပါဘူးငါလည်း လူများတာနဲ့ အနိုင်ကျင့်တတ်တဲ့သူတွေကို အတော်လေး ကြည့်မရတာနဲ့ အတော်ပဲ" ဟု ပြောလိုက်သည်။
ယွီမိုက ပြန်လည်ပြုံးပြပြီးနောက် သူ၏အကြည့်ကို ဆွန်ဝူထံသို့ ပြန်လည် လွှဲပြောင်းလိုက်သည်။
ထိုအချိန်တွင် ဝမ်ပေါ်၏အသံမှာ နောက်ဘက်မှ ထွက်ပေါ်လာပြီး ဆူပူတော့သည်။
"ဟေး ယွီ... မင်း ဆက်ကစားမှာလား မကစားဘူးလား။ အိမ်သာသွားမယ်ဆိုပြီး ထွက်သွားတာ၊ အခုတော့ ရန်ဖြစ်နေတာလား..."
"အခုပဲ လာပါပြီဗျာ"
ယွီမိုက ဝမ်ပေါ်ကို အားနာတကြီးဖြင့် ပြုံးပြလိုက်သည်။
"တကယ့်ကိုပဲ..."
ဝမ်ပေါ်က နောက်ထပ် ဆူပူစကားများ ဆက်ပြောနေသေးသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသည့် ဆွန်ဝူမှာ ယွီမိုကို ဆူပူနေသော အဘိုးအိုကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်မိသည်။
သူသည် သာမန်လူတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရချိန်တွင် ဆွန်ဝူမှာ အကြီးအကျယ် တုန်လှုပ်သွားပြီး စိတ်ထဲမှ တွေးလိုက်မိသည်။
"နက်နဲသောအဆင့် ပညာရှင် နှစ်ယောက်အပြင် နောက်ကွယ်မှာ ပုန်းကွယ်နေတဲ့ ပညာရှင် တစ်ယောက် ရှိနေသေးတာပဲ။ လေလွင့်ဓားသမား ယွီမိုတောင် တစ်ခွန်းမှ ပြန်မပြောရဲဘဲ ငြိမ်ခံနေရတဲ့အထိပဲ"
ထိုခဏတွင်ပင် ဆက်လက်တိုက်ခိုက်လိုသော စိတ်များ လုံးဝ ပျောက်ကွယ်သွားတော့သည်။
"နေဦး"
ဆွန်ဝူက လက်မြှောက်ပြကာ ကြေးတူကြီးကို သိုလှောင်လက်စွပ်ထဲသို့ ပြန်ထည့်လိုက်သည်။
ယွီမိုက မေးလိုက်သည်။
"မတိုက်တော့ဘူးလား။ ကမ္ဘာကြီးက မင်း စိတ်ကူးထားတာထက် ပိုကြီးတယ်ဆိုတာ အခုတော့ သိပြီလား"
ထိုစကားကို ကြားရသောအခါ ဆွန်ဝူ၏ မျက်နှာမှာ ရုတ်ချည်း နီမြန်းသွားသည်။ ဝမ်ပင်းကို သူ စောစောက လှောင်ပြောင်ခဲ့သည်များကို ပြန်သတိရသွားခြင်းပင်။
သို့သော် သူက ချောင်းတစ်ချက်ဟန့်ကာ ဟန်ကိုယ့်ဖို့ လုပ်လိုက်ရင်း "မိတ်ဆွေတို့... ငါတို့ ဒီတိုက်ပွဲမှာ ရှုံးသွားပေမဲ့ ဒါဟာ အားလုံး ပြီးသွားပြီလို့ မဆိုလိုဘူးနော်။ မင်းတို့က ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ကို ဆန့်ကျင်ပြီး မသေမျိုးဂိုဏ်းဘက်က ရပ်တည်ဖို့ တကယ်ပဲ ဆုံးဖြတ်ထားတာလား" ဟု မေးလိုက်သည်။
"မင်းလို စီမံခန့်ခွဲသူ တစ်ယောက်က မဟာမိတ်အဖွဲ့ တစ်ခုလုံးကို ကိုယ်စားပြုနိုင်လို့လား"
ချင်ရှန်းက ဘေးမှနေ၍ နှာခေါင်းရှုံ့လိုက်၏။
"ငါက ကိုယ်စားမပြုနိုင်ပေမဲ့ ငါ့ဆီမှာ မဟာမိတ်အဖွဲ့ကို ကိုယ်စားပြုတဲ့ အရာတစ်ခု ရှိတယ်"
ထိုအခါ သိုလှောင်လက်စွပ်ထဲမှ အစိမ်းရောင်အလင်းတစ်ချက် လင်းလက်သွားပြီး ဆွန်ဝူ၏ လက်ထဲတွင် စာတစ်စောင် ပေါ်လာတော့သည်။
သူက စာကို ထုတ်လိုက်ရင်း စိတ်ထဲမှ တွေးနေမိသည်။
"တိုက်ပွဲက ပြီးသွားပေမဲ့ ဒါဟာ အစပဲ ရှိသေးတာ။ သူတို့မှာ ဒါကို ဆန့်ကျင်ရဲတဲ့ သတ္တိရှိလိမ့်မယ်လို့ ငါ မယုံဘူး"
"ဒါက သခင်ကြီး ရှန်းလုံ ကိုယ်တိုင်ရေးသားပြီး သခင်ကြီး မူရုံချင်းကပါ ပူးတွဲလက်မှတ်ထိုးထားတဲ့ စာပဲ။ အဲဒီမှာ ရေးထားတာက နက်နဲသောအဆင့်ပညာရှင်ထဲက ဘယ်သူမဆို မသေမျိုးဂိုဏ်းကို ကူညီရင် ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့တစ်ခုလုံးရဲ့ ရန်သူအဖြစ် သတ်မှတ်မယ်။ ဒါဟာ ပုန်ကန်တာနဲ့ အတူတူပဲတဲ့။ အခုရော မင်းတို့က မသေမျိုးဂိုဏ်းရဲ့ နောက်ကွယ်မှာ ရပ်တည်နေဦးမှာလား"
ထိုသို့ပြောပြီးနောက် ဆွန်ဝူ၏ မျက်နှာတွင် ကျေနပ်အားရသော အပြုံးတစ်ခု ပေါ်လာတော့သည်။
အခန်း။ ၁၂၂
မူရုံချင်း၊ မိုယွီနှင့် ရှန်းလုံ ထိုသုံးဦးသည် ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့၏ အထွန်းတောက်ဆုံးသော ခေါင်းဆောင်ကြီးများဖြစ်ကြပြီး အားလုံးမှာ နက်နဲသောအဆင့် အလယ်အလတ်ပိုင်းသို့ ရောက်ရှိနေသူများ ဖြစ်ကြသည်။
အရှေ့အိုင်တစ်ဝိုက်တွင် သူတို့၏ စကားတစ်ခွန်းမှာ ထိုက်ရှန်းတောင်ကဲ့သို့ပင် အလွန်တရာ လေးနက်လှ၏။
သာမန်အားဖြင့် ခေါင်းဆောင်ကြီးတစ်ဦးက အမိန့်ထုတ်ပြန်ခြင်းမှာ အထူးအဆန်းမဟုတ်သော်လည်း ခေါင်းဆောင်ကြီးနှစ်ဦးက တစ်ပြိုင်နက်တည်း လက်မှတ်ရေးထိုးထားသော အမိန့်စာမှာမူ ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့ တစ်ခုလုံး၏ ဆန္ဒကို ကိုယ်စားပြုသည်။
ဤစာကို ထုတ်ပြလိုက်သောအခါ ယွီမိုနှင့် ချင်ရှန်းတို့၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားသည်။
ယွီမိုသည် မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ လွတ်လပ်စွာနေထိုင်တတ်သည့် တစ်ကိုယ်တော်သမား ဖြစ်သော်လည်း ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့ကိုမူ တိုက်ရိုက် ရန်မစရဲပေ။
ချင်ရှန်းသည်လည်း ထို့အတူပင် ပျံလွှားငါးကျွန်းသည် အားကောင်းသည့် အင်အားစုဖြစ်သော်လည်း မဟာမိတ်အဖွဲ့၏ အုပ်ချုပ်မှုအောက်တွင်သာ ရှိနေသေးသည်။
အင်အားစုကြီးနှစ်ခုကြားတွင် အမြဲတမ်း ပြေလည်အောင် နေထိုင်ခဲ့ကြပြီး သူသည်လည်း အစေခံတစ်ဦးသာ ဖြစ်ရာ အကယ်၍ ပြဿနာရှာမိပါက ပျံလွှားငါးကျွန်းအတွက် အပြစ်သားကြီး ဖြစ်သွားပေလိမ့်မည်။
ဘေးတွင်ရှိနေသော ဟွမ်းရှန်းမှာ မူရုံချင်းဆိုသည်မှာ မည်သူမှန်း မသိသော်လည်း နက်နဲသောအဆင့်ပညာရှင်နှစ်ဦး၏ မျက်နှာပျက်သွားပုံကို ကြည့်ကာ ထိုသူမှာ အဆင့်အတန်း မြင့်မားလွန်းသည့် ပုဂ္ဂိုလ်ကြီးဖြစ်ကြောင်း ရိပ်မိလိုက်သည်။
ဤကဲ့သို့သော ပုဂ္ဂိုလ်ကြီးက မသေမျိုးဂိုဏ်းကို တိုက်ရိုက်ပစ်မှတ်ထားနေခြင်းမှာ တကယ့်ကို မယုံနိုင်စရာပင်။
ဟွမ်းရှန်း အံ့ဩနေစဉ်မှာပင် ဆွန်ဝူ၏ အသံ ထွက်ပေါ်လာသည်။
"အခုရော ငါ့စကားက ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့ကို ကိုယ်စားပြုပြီလား"
ဆွန်ဝူက အေးစက်စက် ရယ်မောရင်း စာကို သိုလှောင်လက်စွပ်ထဲ ပြန်ထည့်လိုက်ပြီး ဝမ်ပင်းကို စိုက်ကြည့်လိုက်သည်။
ယခုအချိန်တွင် သူသည် ဝမ်ပင်းကို အထင်မသေးရဲတော့ပေ။
အကြောင်းမှာ ဤမျှ ငယ်ရွယ်သော အသက်အရွယ်နှင့် နက်နဲသောအဆင့်ပညာရှင် နှစ်ဦးကို အစောင့်အကြပ်အဖြစ် ခေါ်ယူထားနိုင်ခြင်းမှာ ဝမ်ပင်း၏ဖခင် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့သော အရာဖြစ်သောကြောင့်ပင်။
ဆွန်ဝူက ပြောလိုက်သည်။
"ဂိုဏ်းချုပ်ဝမ်... အခု ငါတို့ သွားကြတော့မလား"
"ဘယ်ကိုလဲ"
ဆွန်ဝူက ခပ်အေးအေးပင် "ဂိုဏ်းချုပ်ဝမ်... အခုထိ မသိချင်ယောင်ဆောင်နေဦးမှာလား။ မသေမျိုးဂိုဏ်းကို အရှေ့အိုင်စာရင်းကနေ ပယ်ဖျက်တာ မခံချင်ရင် ငါတို့နဲ့ ငြိမ်ငြိမ်လေး လိုက်ခဲ့ပါ။ သခင်ကြီး ရှန်းလုံနဲ့ သခင်ကြီး မူရုံချင်းတို့ရဲ့ သဘောထားက ရှင်းပါတယ်။ မင်းသာ သခင်ကြီး မိုယွီကို သွားမကယ်ဘူးဆိုရင် မသေမျိုးဂိုဏ်း တစ်ခုလုံးလည်း သခင်ကြီး မိုယွီနဲ့အတူ ပျက်စီးသွားရလိမ့်မယ်"
ထိုစကားကို ကြားသောအခါ ဟွမ်းရှန်းက ဝမ်ပင်းအား စိတ်ပူစွာဖြင့် တိုးတိုးလေး ပြောလိုက်သည်။
"မင်း လိုက်သွားသင့်တယ် ထင်တယ်။ အဲဒီလို လူကြီးတွေကို ငါတို့ ရန်မစနိုင်ဘူး"
"ဟားဟား... ဟုတ်တယ် မင်းတို့ မယှဉ်နိုင်ပါဘူး"
ဆွန်ဝူနှင့် စီကုန်းပိုင်တို့က တစ်ပြိုင်နက်တည်း ရယ်မောလိုက်ကြသည်။
သူတို့သည် လူငယ်လေးနှစ်ဦးကို ခြောက်လှန့်ရခြင်းအပေါ် မည်သည့်အခါမျှ ဂုဏ်မယူခဲ့ဖူးသော်လည်း ယနေ့တွင်မူ ဝမ်ပင်းနှင့် သူ၏သူငယ်ချင်းကို ကြောက်လန့်အောင် လုပ်နိုင်ခြင်းမှာ အောင်မြင်မှုတစ်ခုဟုပင် မှတ်ယူနေကြသည်။
ဤအတွေးမှာ ပြောပြလျှင် ရယ်စရာကောင်းသော်လည်း လက်တွေ့တွင်မူ အမှန်တရားပင်။
သူတို့၏ ရယ်မောသံများကို ရင်ဆိုင်ရင်း ဝမ်ပင်းကလည်း လှောင်ပြုံးတစ်ချက် ပြုံးလိုက်ကာ "ခင်ဗျားတို့ရဲ့ စကားကိုပဲ ပြန်သုံးရမယ်ဆိုရင် ကမ္ဘာကြီးက ကျယ်ပြောလှပေမဲ့ ခင်ဗျားတို့ရဲ့ အမြင်ကတော့ တိုတောင်းလွန်းတယ်။ ကျွန်တော်က သိုလှောင်လက်စွပ်ကို မမြင်ဖူးတာ မှန်ပေမဲ့ ခင်ဗျားတို့ကတော့ ကိုယ့်ကိုကိုယ် ဘယ်သူလဲဆိုတာ ရှင်းရှင်းလင်းလင်း မမြင်သေးဘူးပဲ။ မိုယွီကို ကယ်စေချင်ရင် သူတို့ကိုယ်တိုင် လာဖိတ်ခိုင်းလိုက်ပါ။ စာတစ်စောင်နဲ့ လာခြိမ်းခြောက်တာကတော့ အပိုပဲ"
"မင်း..."
ဆွန်ဝူ၏ မျက်နှာမှာ ချက်ချင်းဆိုသလို ပျက်သွားတော့သည်။
ထိုခဏတွင်ပင် ဝမ်ပင်း၏ အေးစက်စက် အမိန့်သံ ထပ်မံထွက်ပေါ်လာသည်။
"ဒီလူနှစ်ယောက်ကို တောင်အောက်ကို ပစ်ချလိုက်စမ်း။ တကယ်လို့ သူတို့ ရုန်းကန်ရင်တော့ မင်းရဲ့ အစာအဖြစ်ပဲ သဘောထားလိုက်တော့"
"မင်း ဘာပြောလိုက်တာ..."
ဆွန်ဝူ၏ စကားလုံးများမှာ ရုတ်ချည်း ရပ်တန့်သွားသည်။
ဟီး... ဟီး...
အေးစက်စက် ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။
ဆွန်ဝူက အသံလာရာသို့ လှည့်ကြည့်လိုက်ရာ တောအုပ်ထဲမှ ထွက်လာသော အဝါရောင်
တောင်ခွေးတစ်ကောင်ကို တွေ့လိုက်ရ၏။
ထိတ်လန့်စရာကောင်းသည်မှာ ထိုခွေး၏ ခြေလှမ်းတိုင်းတွင် မီးလျှံများ ကျန်ရစ်ခဲ့ပြီး ၎င်း၏ မျက်လုံးများမှာလည်း မီးတောက်များဖြင့် တောက်လောင်နေခြင်းပင်။
"ဒါက ဘာကြီးလဲ"
ဆွန်ဝူ အော်ဟစ်လိုက်သော်လည်း သူ ဘာမှမလုပ်နိုင်ခင်မှာပင် ထိုခွေး၏ နောက်ကွယ်မှ မီးတောက်များ ဖုံးလွှမ်းနေသော သံကြိုးတစ်ချောင်း ပျံထွက်လာသည်။
ထိုမီးသံကြိုးမှာ သာမန်အားဖြင့်ကြည့်လျှင် မီးဖိုထဲတွင် ရဲရဲနီနေအောင် ဖုတ်ထားသော သံကြိုးနှင့် မခြားပေ။
သို့သော် ၎င်းက ရစ်ပတ်လိုက်သောအခါ ဆွန်ဝူနှင့် စီကုန်းပိုင်တို့၏ မျက်နှာမှာ ချက်ချင်း ပျက်သွားတော့သည်။
အကြောင်းမှာ နောက်တစ်ခဏတွင် ထိုအနီရောင်သံကြိုးက သူတို့နှစ်ဦးကို တိုက်ရိုက် တုပ်နှောင်လိုက်သောကြောင့်ပင်။ သူတို့၏ နက်နဲသောအဆင့်စွမ်းအားများဖြင့်ပင် မည်သို့မျှ ခုခံနိုင်စွမ်းမရှိဘဲ ရုန်းကန်လိုက်တိုင်း သံကြိုးမှာ အသားထဲသို့ နက်ရှိုင်းစွာ ထိုးဝင်ပြီး တိုက်ရိုက် လောင်ကျွမ်းစေသည်။
"လွှင့်ပစ်လိုက်တော့"
ဝမ်ပင်းက လက်ဝှေ့ယမ်းကာ နောက်သို့ လှည့်ထွက်သွားပြီး သူတို့ကို လှည့်ပင်မကြည့်တော့ပေ။
ချက်ချင်းပင် သံကြိုးသည် လေထဲတွင် အကြိမ်အနည်းငယ် ဝှေ့ယမ်းသွားပြီးနောက် ဆွန်ဝူနှင့် စီကုန်းပိုင်တို့ကို အဆင့်တစ်ထောင်လှေကားဆီသို့ တိုက်ရိုက် လွှင့်ပစ်လိုက်တော့သည်။
"အားးးးး"
အော်ဟစ်သံများမှာ ရပ်တန့်မသွားဘဲ ဆက်တိုက် ထွက်ပေါ်နေတော့သည်။
ဆွန်ဝူနှင့် စီကုန်းပိုင်တို့သည် တိမ်တိုက်များကြားမှ တောင်လယ်သို့ ရောက်သွားကာ အဆင့်တစ်ထောင်လှေကားပေါ်သို့ ကျရောက်ပြီးနောက် လှေကားအတိုင်း တလိမ့်ခေါက်ကွေး လိမ့်ဆင်းသွားကြရာ နောက်ဆုံးတွင် ယွင်လန်တောင်ခြေသို့ ရောက်မှသာ ရပ်တန့်သွားတော့သည်။
ဤမြင်ကွင်းမှာ ချင်ရှန်းနှင့် အခြားသူများ၏ မျက်လုံးထဲတွင် အံ့ဩတုန်လှုပ်ဖွယ်ရာ ဖြစ်နေသဖြင့် ဘာစကားမျှပင် မပြောနိုင်ကြတော့ပေ။
အထူးသဖြင့် ချင်ရှန်းနှင့် မြောင်ရင်တို့ပင်။
မီးလျှံများ ပျောက်ကွယ်သွားသော အဝါရောင်ခွေးလေးကို ကြည့်ရင်း သူတို့၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများ အထင်အရှား ပေါ်နေသည်။
ချင်ရှန်းသည် ယခုမှသာ ဝမ်ပင်း အဘယ်ကြောင့် အမြဲတမ်း ဤမျှ တည်ငြိမ်နေရသလဲဆိုသည်ကို နားလည်သွားသလို ဤခွေးက သူ့ကို အဘယ်ကြောင့် အရေးမစိုက်ခဲ့သလဲဆိုသည်ကိုလည်း ကောင်းကောင်းကြီး သိသွားခဲ့သည်။
"သူက မသေမျိုးဂိုဏ်းရဲ့ အစောင့်အရှောက် ဖြစ်နေတာကိုး..."
သာမန်တိုက်ကွက်တစ်ခုဖြင့်တင် အဆင့်နိမ့် နက်နဲသောအဆင့်ကျင့်ကြံသူနှစ်ဦးမှာ ပြန်လည်ခုခံနိုင်စွမ်း လုံးဝမရှိပေ။
ဤသို့ဖြင့် တောင်အောက်သို့ လွှင့်ပစ်ခြင်း ခံလိုက်ရရာ အသက်မသေဘူးဟု ဆိုသော်ငြား သူတို့၏ သိက္ခာမှာမူ မြေစာပင် ဖြစ်သွားရသည်။
တစ်ခါတစ်ရံတွင် သိက္ခာကျဆင်းရခြင်းမှာ အသတ်ခံရခြင်းထက်ပင် ပို၍ ဆိုးရွားသည်။
ယွီမိုမှာမူ ဤမြင်ကွင်းကို ကြည့်ရင်း ထိတ်လန့်သွားသော်လည်း ချင်ရှန်းလောက်တော့ အမူအရာ မပျက်ပေ။
သူက ဝမ်ပေါ်ဘက်သို့ လှည့်ကာ "စစ်တုရင်... ဆက်ကစားရအောင်လေ" ဟု ပြောလိုက်သည်။
"ဒီအဘိုးကြီးတောင် အိပ်ပျော်တော့မယ်။ ဘာတွေ ကစားနေဦးမှာလဲ။ နောက်တစ်ခါ မင်းက စစ်တုရင် ကစားဖို့ ခေါ်ရင် အဖက်လုပ်နေတဲ့ ငါကပဲ အရူးဖြစ်မှာ"
ဝမ်ပေါ်က စစ်တုရင်ရုပ်တစ်ခုကို ပစ်ချကာ မတ်တတ်ရပ်၍ ထွက်ခွာသွားတော့သည်။
ထို့နောက် တောင်ခွေးလေးကို လက်လှမ်းပြကာ "ဟားဟား... သွားကြစို့ ငါးသွားမျှားမယ်" ဟု ခေါ်လိုက်၏။
ဝုတ်…ဝုတ်….
တောင်ခွေးလေးမှာ လျှာလေးထုတ်လျက် ဝမ်ပေါ်နောက်သို့ မြူးတူးစွာ လိုက်ပါသွားတော့သည်။
ဤမြင်ကွင်းကို ကြည့်နေသော ချင်ရှန်းမှာ ဘာပြောရမှန်းပင် မသိတော့ပေ။ မသေမျိုးဂိုဏ်းသည် တကယ့်ကို ထူးခြားဆန်းပြားလွန်းလှသည်။
ခဏအကြာတွင် သူသည် သက်ပြင်းတစ်ချက်ချလိုက်ရင်း "ဂိုဏ်းချုပ်ဝမ်... ကျွန်တော့်ရဲ့ အမြင်မရှိမှုကို ခွင့်လွှတ်ပါဦး" ဟု ပြောလိုက်ရတော့သည်။
ဝမ်ပင်းက ခပ်အေးအေးပင် ပြုံးလျက် ချင်ရှန်းနှင့် စကားပြန်စလိုက်သည်။
"စီနီယာချင်ရှန်း... မသေမျိုးဂိုဏ်းကို လာတာက ချင်မိုကို တွေ့ဖို့လား"
"မဟုတ်ပါဘူး..."
ချင်ရှန်းက ခေါင်းယမ်းလိုက်ပြီး ဟွမ်းရှန်းကို တစ်ချက်ကြည့်ကာ ဝမ်ပင်းကို ပြောလိုက်သည်။
"မင်းတို့ စကားပြောကြဦးလေ ငါ ဘေးမှာ ခဏစောင့်နေပါ့မယ်"
ဝမ်ပင်းက ခေါင်းငြိမ့်ပြလိုက်သည်။
မကြာမီတွင် သူသည် အံ့ဩလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်နေဆဲဖြစ်သော ဟွမ်းရှန်းဘက်သို့ လှည့်ကာ ပုခုံးကို ပုတ်လျက် "ဟေး... မင်း သွားရည်တွေ ကျနေပြီ" ဟု စလိုက်၏။
ဝမ်ပင်း၏ စကားကြောင့် ဟွမ်းရှန်းမှာ သတိပြန်ဝင်လာပြီး ပါးစပ်ကို အတင်းသုတ်
တော့သည်။
သွားရည်တကယ် ထွက်၊ မထွက် သူလည်း မသေချာတော့ပေ။ သူ အခုပြောချင်နေသည်မှာ "ဝမ်ပင်း... ဒါတွေက ဘာတွေလဲကွာ။ နက်နဲသောအဆင့်ပညာရှင်တွေရှိနေတာတင်မကဘဲ အဲဒီအဆင့်ကိုတောင် တိုက်နိုင်တဲ့ ခွေးတစ်ကောင်ကောပဲ... ငါမှတ်မိသလောက်ဆိုရင် အဲဒါက တောင်ခွေးတစ်ကောင်ပဲ မဟုတ်လား။ ဝမ်ပေါ်နောက်လိုက်ပြီး ယုန်တွေ၊ တောဝက်တွေကိုပဲ လိုက်ကိုက်နေကျ ခွေးလေ"
ဝမ်ပင်းက "ဒါတွေက ပြောရရင် ရှည်တယ်ကွာ။ ကဲ... တောင်အောက်ကို ပြန်ပြီး ဦးလေးကို အကြောင်းကြားလိုက်ပါ။ ဒီကိစ္စမှာ နောက်ထပ် ပါမလာစေနဲ့တော့လို့" ဟု ပြောလိုက်သည်။
"အင်း... အင်း..."
"ဒါဆို တောင်အောက် ဆင်းတော့လေ။ ဒီနေ့ မြင်ခဲ့တာတွေကို ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့။ ဦးလေးကိုတောင် မပြောတာ အကောင်းဆုံးပဲ"
"ငါပြောရင်တောင် ဘယ်သူမှ ယုံမှာ မဟုတ်ပါဘူးကွာ"
ဟွမ်းရှန်းက သက်ပြင်းချရင်း ပြောသည်။
ဝမ်ပင်းက ဟွမ်းရှန်း၏ ပုခုံးကို ထပ်မံပုတ်လျက် ပြုံးကာ "တကယ်လို့ မင်း မသေမျိုးဂိုဏ်းကို ဝင်ချင်ရင် မနက်ဖြန် ငါ့ဆီ လာခဲ့လေ။ ဒီမှာ နက်နဲသောအဆင့်ပညာရှင်တွေရဲ့ သင်ကြားပြသမှုကို ရနိုင်တယ်"
ဟွမ်းရှန်းက ချက်ချင်းပင် "မလုပ်ပါနဲ့တော့ကွာ ငါ့အဖေက ငါ့ကို မြို့စားမင်းပဲ ဖြစ်စေချင်တာ"
"ဦးလေးက အသက် လေးဆယ်ကျော်ပဲ ရှိသေးတာ။ မင်းက အခုကတည်းက သူ့ရာထူးကို လိုချင်နေပြီလား"
"စကားတွေကို လျှောက်မပြောစမ်းပါနဲ့"
ဟွမ်းရှန်းက ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး အဆင့်တစ်ထောင်လှေကားဆီသို့ လျှောက်သွားသည်။
လှေကားထိပ်သို့ ရောက်သောအခါ သူက ရုတ်တရက် ရပ်လိုက်ပြီး ဝမ်ပင်းဘက်သို့ လှည့်ကာ "ဂိုဏ်းချုပ်... မသေမျိုးဂိုဏ်းကို ဝင်ချင်ရင် ဘယ်လို သတ်မှတ်ချက်တွေ လိုအပ်လဲ" ဟု မေးလိုက်တော့သည်။