အခန်း (၇-၈)
Vol. 1 Ch. 7-8
အခန်း။ ၇
"ဪ..."
ဝမ်ပင်းသည် ယွင်လျောင် စကားစမြည်ပြောချင်သည့် စိတ်အခြေအနေတွင် မရှိသည်ကို မြင်
လိုက်ရသဖြင့် "အစ်ကိုယွင်... ဒီလောက်ကြီး လောနေဖို့ မလိုပါဘူး။ တစ်နေ့ကို ရှစ်နာရီ ကျင့်ကြံခွင့်ရမှာကတော့ အတူတူပါပဲ။ အချိန်ပိုသွားမှာလည်း မဟုတ်သလို လျော့သွားမှာလည်း မဟုတ်ဘူးလေ။ ဘယ်အချိန်သွားသွား အတူတူပဲ မဟုတ်ဘူးလား"
"ဂိုဏ်းချုပ်ဝမ် ပြောတာလည်း ဟုတ်ပါတယ်။ ဒါပေမဲ့ စောစောသွားတာက ပိုကောင်းမယ်လို့ ကျွန်တော် ထင်တယ်။ မြေဖျက်သွေးကြောတံခါးကို အမြန်ဆုံးပွင့်အောင် လုပ်နိုင်ဖို့ပဲ ကျွန်တော် မျှော်လင့်ပါတယ်"
"အစ်ကို အောင်မြင်မှာပါ။ ဪ... ဒါနဲ့ မနေ့က ပြောဖို့ မေ့သွားတဲ့ စည်းကမ်းတချို့ ရှိသေးတယ်။ အစ်ကို နဂါးဝင်္ကပါလို့ ခေါ်တဲ့ ဆွဲငင်အားနယ်ပယ်နဲ့ ပတ်သက်လို့ပေါ့"
"ဘာစည်းကမ်းတွေလဲ"
"ဆွဲငင်အားနယ်ပယ်ကို ပထမဆုံးအကြိမ် အသုံးပြုသူတိုင်းအတွက် အခမဲ့ဖြစ်ပေမဲ့ နောက်ထပ် ထပ်သုံးချင်တယ်ဆိုရင်တော့ နှစ်နာရီခြားတစ်ခါ အခကြေးငွေ ပေးဆောင်ရပါမယ်"
"ငွေထပ်ပေးရဦးမယ် ဟုတ်လား"
ယွင်လျောင်သည် အတော်လေး အံ့အားသင့်သွားပြီး အနည်းငယ်လည်း မကျေမနပ် ဖြစ်သွားသည်။ သို့သော် သူက ဆက်၍ မေးလိုက်၏။
"ရွှေဒင်္ဂါး ဘယ်လောက် ပေးရမှာလဲ"
"နှစ်နာရီကို ရွှေဒင်္ဂါး ၁၀ ပြားပါ"
"ဒါဆိုရင် ရှစ်နာရီအတွက် ရွှေဒင်္ဂါး ၄၀ ပေါ့... ဂိုဏ်းချုပ်ဝမ် ခင်ဗျားရဲ့ နှလုံးသားက နည်းနည်းတော့ မည်းလွန်းရာ မကျဘူးလား။ ကျွန်တော် ရွှေ ၁,၀၀၀ တောင် ပေးထားပြီးပြီလေ။ အခု ထပ်ပြီး ငွေတောင်းနေပြန်ပြီလား"
ဝမ်ပင်းသည် သူ့ကို ငတုံးတစ်ယောက်လို သဘောထားပြီး လိမ်လည်လှည့်ဖျားနေသည်ဟု သူ ခံစားလိုက်ရသည်။
ဟိုဟာအတွက်လည်း ငွေပေးရ ဒီဟာအတွက်လည်း ငွေပေးရနဲ့...
ရွှေဒင်္ဂါး ၄၀ ဆိုသည်မှာ သာမန်လူတစ်ယောက်၏ တစ်နှစ်စာ ဝင်ငွေဖြစ်သော်လည်း မသေမျိုးဂိုဏ်းတွင်မူ ထိုငွေဖြင့် တစ်ရက်သာ ကျင့်ကြံခွင့် ရရှိမည်ဖြစ်သည်။
ယွင်လျောင်၏ လက်ထဲတွင် ဤရွှေ ၄၀ ရှိနေသော်လည်း သူသည် အလွယ်တကူ အလိမ်ခံရမည့်သူမျိုးတော့ မဟုတ်ပေ။
"အစ်ကိုယွင်... စည်းကမ်းတွေက ဒီအတိုင်း သတ်မှတ်ထားတာပါ"
ထိုသို့ပြောပြီးနောက် ဝမ်ပင်းသည် ကုတင်ဘေးတွင် ချထားသော ပျဉ်ပြားတစ်ခုကို ကောက်
ကိုင်လိုက်သည်။ ၎င်းမှာ သူ မနေ့ညကတည်းက ကြိုတင်ရေးသားထားသော အရာပင်။
[ဆွဲငင်အားနယ်ပယ် အသုံးပြုမှုဆိုင်ရာ စည်းကမ်းချက်များ - သာမန်တပည့်များသည် တစ်နေ့လျှင် ၆ နာရီ ကျင့်ကြံခွင့်ရှိသည်။ အထက်တန်းလွှာ ပုဂ္ဂိုလ်များသည် တစ်နေ့လျှင် ၈ နာရီ ကျင့်ကြံခွင့်ရှိသည်။ စည်းကမ်းဖောက်ဖျက်သူများကို နာမည်ပျက်စာရင်း သွင်းမည်။ စည်းကမ်းကို စိန်ခေါ်သူများကို ဂိုဏ်းမှ ထုတ်ပယ်မည့်အပြင် နာမည်ပျက်စာရင်းပါ သွင်းမည်။ စည်းကမ်းကို ပစ်ပယ်စော်ကားသူများကိုမူ ရိုက်နှက်ဆုံးမပြီးမှ ဂိုဏ်းမှ ထုတ်ပယ်မည်]
[အခကြေးငွေ - ၂ နာရီလျှင် ရွှေဒင်္ဂါး ၁၀ ပြား]
ယွင်လျောင်သည် ဤအချက်များကို မြင်လိုက်ရသောအခါ သူ၏မျက်နှာထားမှာ တဖြည်းဖြည်းနှင့် အေးစက်လာတော့သည်။ ယခုအချိန်တွင် သူသည် အလိမ်ခံနေရသည်ဟုသာ အခိုင်အမာ ခံစားနေရ၏။
ဂိုဏ်းထဲဝင်ဖို့ ရွှေ ၁,၀၀၀ တောင် အကုန်ခံထားရတာကို ဆွဲငင်အားနယ်ပယ်ကို သုံးချင်ရင်တောင် ရွှေဒင်္ဂါးတွေ ထပ်ပေးနေရဦးမှာလား။
ဒါက ဘယ်လိုလုပ် ယုတ္တိရှိမှာလဲ။
တကယ်ဆိုရင် ငါ့လို အဆင့် ၁၃ ရှိတဲ့ နည်းပြတစ်ယောက်ကို တခြား ဘယ်ဂိုဏ်းကမဆို သူတို့ဆီမှာ အမှုထမ်းဖို့အတွက် ရွှေတွေ၊ ငွေတွေနဲ့ ဝိုင်းပြီး ဖားနေကြမှာလေ။ အခုတော့ ကြည့်စမ်း... ငါ့ကို ငွေပြန်ပေးရမယ့်အစား ငါ့ဆီကနေ နည်းမျိုးစုံနဲ့ ငွေညှစ်ဖို့ပဲ ကြည့်နေတယ်။ ငါ ဘာဖြစ်လို့ ဒီဂိုဏ်းထဲ ရောက်လာခဲ့မိတာလဲ။
အရင်ကတော့ မသေမျိုးဂိုဏ်းက စည်းကမ်းကြီးလွန်းလို့ ငွေမပေးတာ၊ ဂုဏ်သိက္ခာကို ရှေ့တန်းတင်တာလို့ ထင်ခဲ့တာပေါ့။ အခုမှပဲ သိတော့တယ်... ဂိုဏ်းချုပ် ဝမ်ပင်းက စည်းကမ်းကြီးတာ မဟုတ်ဘူး ဈေးကြီးတာပဲ။ သူက ငါ့ကို အကြီးအကဲ တစ်ယောက်လို မဟုတ်ဘဲ ရွှေတွင်းတစ်ခုလို သဘောထားနေတာလား။
ရွှေဒင်္ဂါး ၁,၀၀၀ ပေးထားပြီးတာတောင် ဂိုဏ်းချုပ်က အားမရသေးဘူးလား။
ဝမ်ပင်းသည် ထိုအခြင်းအရာကို မြင်သော် ရှင်းပြလိုက်သည်။
"အစ်ကိုယွင်... မဟုတ်သေးဘူး အကြီးအကဲယွင်လို့ပဲ ခေါ်ရတော့မယ်။ အစ်ကိုက ကျွန်တော့်ရဲ့ မသေမျိုးဂိုဏ်းသား ဖြစ်နေပြီပဲ။ အစ်ကို့ဆီကနေ ရွှေ ၁၀ ပြားရဖို့အတွက်နဲ့ အစ်ကို့အမုန်းကို ကျွန်တော် ဘာလို့ ခံယူရမှာလဲ။ ဆွဲငင်အားနယ်ပယ်ရဲ့ စွမ်းရည်အသစ်ကို အရင်စမ်းကြည့်ပါဦး။ အဲဒီကျမှ နှစ်နာရီကို ရွှေ ၁၀ ပြားဆိုတဲ့ ဈေးနှုန်းက တန်သလား မတန်ဘူးလားဆိုတာ အစ်ကို ကိုယ်တိုင်ပဲ ဆုံးဖြတ်လိုက်ပါ"
"ကောင်းပြီလေ"
ယွင်လျောင်က ပြန်လည်ဖြေကြားလိုက်သော်လည်း သူ၏မျက်နှာထားမှာမူ မကျေမနပ် ဖြစ်နေဆဲပင်။
ဆွဲငင်အားနယ်ပယ်သို့ ရောက်ရှိလာသောအခါ ဝမ်ပင်းအနေဖြင့် စွမ်းရည်အသစ်ကို ဖွင့်ထားသော်လည်း ထူးထူးခြားခြား ပြောင်းလဲသွားသည်ကို မတွေ့ရချေ။
အကြီးမားဆုံးသော ကွာခြားချက်မှာ သတ္တုငွေခံသေတ္တာတစ်လုံး ရောက်ရှိနေခြင်းဖြစ်ပြီး ထိုသေတ္တာ၏ အသုံးဝင်ပုံကို စနစ်က ပြောပြမှသာ ဝမ်ပင်း သိရှိခဲ့ခြင်းပင်။ ထို့ကြောင့် ဝမ်ပင်းက ယွင်လျောင်အား ရွှေဒင်္ဂါး ၁၀ ပြားကို ထိုသေတ္တာထဲသို့ ထည့်ခိုင်းလိုက်၏။
ဂျလောက်
ယွင်လျောင်၏ လက်ထဲမှ ရွှေဒင်္ဂါးများသည် သတ္တုသေတ္တာထဲသို့ ကျဆင်းသွားသည်။
ဝမ်ပင်းက ပြုံးလိုက်ပြီး "အကြီးအကဲယွင်... စမ်းကြည့်လိုက်ရင် သိပါလိမ့်မယ်" ဟု ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ယွင်လျောင်သည် သံသယစိတ်ဖြင့် ဆွဲငင်အားနယ်ပယ်ဆီသို့ လျှောက်သွားလိုက်သည်။ မမြင်ရသော အတားအဆီးနှင့် ထပ်မံတိုက်မိမည်ကို စိုးရိမ်သဖြင့် လက်ကို အသာဆန့်ထုတ်ကာ စမ်းကြည့်လိုက်၏။
ကံကောင်းထောက်မစွာပင် ပိတ်ဆို့ထားသော အတားအဆီးမှာ ပေါ်မလာဘဲ သူသည် ချောချောမွေ့မွေ့ပင် အတွင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။
ထို့နောက် သူ ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်နှင့် ခန္ဓာကိုယ်မှာ မနေ့ကကဲ့သို့ပင် အလွန်အမင်း လေးလံသွားသည်ကို ချက်ချင်း ခံစားလိုက်ရသည်။ သူသည် ကြံ့ခိုင်မှုကို ထိန်းထားနိုင်ရန် သူ၏ ဒန်ထျန်ထဲမှ ချီများကိုသာ အလျင်အမြန် လှည့်ပတ်လိုက်ရတော့သည်။
မနေ့က ရှစ်နာရီကြာအောင် လေ့ကျင့်ပြီးနောက် ဆွဲငင်အားနယ်ပယ်ထဲတွင် ခန္ဓာကိုယ်ကြံ့ခိုင်မှု မည်မျှအထိ လောင်ကျွမ်းကုန်ခမ်းသွားသည်ကို သူ ကောင်းကောင်းသိရှိပြီးသား ဖြစ်သည်။
အတိတ်က သူ၏နေအိမ်တွင် ရှိနေစဉ်က ခွန်အားတိုးတက်စေရန် သစ်လုံးများကို ထမ်းပိုးကာ တောင်တက်လေ့ကျင့်ခန်း လုပ်ခဲ့ဖူးသည်။ သို့သော် ထိုသို့ တောင်တက်တောင်ဆင်း တစ်ခေါက်လုပ်ရသည်မှာ ဆွဲငင်အားနယ်ပယ်အတွင်း နှစ်နာရီကြာ လေ့ကျင့်ရသလောက်ပင် မမောပန်းချေ။
ယွင်လျောင်သည် ဝမ်ပင်းအား ဤအကြောင်းကို မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ခုက သူ၏ရှေ့မှောက်၌ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
စာသားနှစ်ကြောင်းပါရှိသော အပြာရောင် အချက်အလက်ပြတင်းပေါက်တစ်ခု ထွက်ပေါ်လာခြင်းပင်။
[ပထမစာကြောင်းမှာ ဆွဲငင်အား ကျင့်ကြံခြင်းမုဒ် (ကျင့်ကြံခြင်းအရှိန်ကို ၉ ဆ မြှင့်တင်ပေးမည်)
ဒုတိယစာကြောင်းမှာ တိုက်ခိုက်ရေးမုဒ် (ကျင့်ကြံခြင်းဆိုင်ရာ လေ့ကျင့်မှုကဏ္ဍအားလုံးကို ၉ ဆ မြှင့်တင်ပေးမည်ဖြစ်ပြီး အသုံးပြုသူ၏ ပုန်းကွယ်နေသော စွမ်းရည်များကိုလည်း နှိုးဆွပေးမည်)]
ယွင်လျောင်သည် ဤအရာသစ်ကို အံ့အားသင့်စွာ စိုက်ကြည့်နေမိသည်။ သူ လုံးဝနားမလည်
နိုင်တော့သဖြင့် ခေါင်းကို အလျင်အမြန်လှည့်ကာ မေးလိုက်၏။
"ဂိုဏ်းချုပ်ဝမ်... ဒါက ဘာလဲဗျ"
သို့သော် ဝမ်ပင်းက ပြန်မဖြေချေ။ ထိုအစား အသံတစ်ခုက ယွင်လျောင်၏ နားစည်ထဲသို့ တိုးဝင်လာခဲ့သည်။
"ကျေးဇူးပြုပြီး ကျင့်ကြံခြင်းမုဒ်ကို ရွေးချယ်ပါ"
ထို့နောက်တွင်မူ ယွင်လျောင်၏ အကြည့်တို့သည် ဒုတိယစာကြောင်းပေါ်သို့ ကျရောက်သွားတော့သည်။
တိုက်ခိုက်ရေးမုဒ်…
ကျင့်ကြံခြင်းဆိုင်ရာ လေ့ကျင့်မှုကဏ္ဍအားလုံးကို ၉ ဆ မြှင့်တင်ပေးမယ်ပေါ့ ဟုတ်လား။
ဆိုလိုသည်မှာ သူ၏ ခွန်အားနှင့် အရှိန်နှုန်းတို့ကို လေ့ကျင့်ရာတွင်ပင် လေ့ကျင့်မှုအရှိန်မှာ ၉ ဆအထိ တိုးတက်လာမည်ဟူသော အဓိပ္ပာယ်ပင်။
"တိုက်ခိုက်ရေးမုဒ်"
ယွင်လျောင်က အလျင်အမြန်ပင် အဖြေပေးလိုက်သည်။
သူ၏အသံ ထွက်ပေါ်လာသည်နှင့် အပြာရောင်ပြတင်းပေါက်မှာ ပျောက်ကွယ်သွားတော့၏။ ထို့နောက်တွင်မူ နဂါးရုပ်တိုင်များ ရွေ့လျားသွားသည့် အသံများ ထွက်ပေါ်လာခဲ့သည်။
ဝီး...
ဝီး...
ယွင်လျောင် ခေါင်းလှည့်ကြည့်လိုက်သောအခါ နဂါးရုပ်တိုင် ကိုးတိုင်စလုံးမှာ သူ့ဘက်သို့ မျက်နှာမူထားသည်ကို တွေ့လိုက်ရသည်။ ထို့ပြင် ၎င်းတို့၏ မီးခိုးရောင် နဂါးမျက်လုံးများမှာ ပွင့်ဟနေပြီး သူ့ကို စူးစိုက်ကြည့်နေကြသဖြင့် ထူးဆန်းသော ဖိအားတစ်ခုကို ခံစားလိုက်ရ၏။
ထိုခဏ၌ပင် ရဲရဲနီသော လေဆာတန်းတစ်ခုသည် သူ့ထံသို့ ရုတ်တရက် ပြေးဝင်လာလေတော့သည်။
ဤအခြင်းအရာကို မြင်လိုက်ရသောအခါ ယွင်လျောင်၏ ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်လာတော့သည်။ ဤသည်မှာ ထောင်ချောက်တစ်ခု သို့မဟုတ် ပုန်းကွယ်နေသော လက်နက်လျှို့ဝှက်ချက်များဖြင့် တိုက်ခိုက်ခြင်း ဖြစ်မည်ကို သူ စိုးရိမ်မိ၏။ ထို့ကြောင့် သူသည် သူ၏ ခြေကွက်ကျင့်စဉ်ဖြစ်သော လေနတ်ဘုရားခြေလှမ်းကို ချက်ချင်းပင် ထုတ်ဖော်လိုက်တော့သည်။
လွန်ခဲ့သော တစ်နှစ်ခန့်က သူသည် ဤခြေလှမ်းကျင့်စဉ်ကို အဆင့်မြင့်အဆင့်အထိ ရောက်အောင် လေ့ကျင့်နိုင်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် မြားအစင်းပေါင်း ၁၀၀ နှင့် ပစ်ခတ်ခံရလျှင်ပင် သူသည် အားလုံးကို ရှောင်တိမ်းနိုင်စွမ်း ရှိသလို လွင်ပြင်ရှိ ကျားသစ်တစ်ကောင်က သူ့နောက်သို့ လိုက်လံဖမ်းဆီးလျှင်ပင် မြေပြန့်ပေါ်တွင် အသာလေး ခြေရာဖျောက်နိုင်သူ ဖြစ်သည်။
ယခုအခါ သူ၏ ခန္ဓာကိုယ်မှာ လေးလံနေသော်လည်း ဤရဲရဲနီသော အလင်းတန်းကို ရှောင်တိမ်းရန်မှာမူ လွယ်ကူလှသည်ဟု သူ ထင်မှတ်ထား၏။
သူသည် ဘေးဘက်သို့ ကိုယ်ကိုတိမ်းကာ လူးလှိမ့်ရှောင်လိုက်သည်။ ထိုအခါ နီရဲသော အလင်းတန်းမှာ သူ၏ဘေးမှ ဝဲပျံသွားပြီး အဝေးသို့ ပျောက်ကွယ်သွားတော့၏။
"ဒါလေးပဲလား"
သူ သက်ပြင်းတစ်ချက် ချလိုက်ရုံရှိသေး... အခြားသော နီရဲသည့် အလင်းတန်းတစ်ခုက သူ့ထံသို့ တည့်တည့်မတ်မတ် ပြေးဝင်လာပြန်သည်။ အကယ်၍ အလင်းတန်း တစ်ခုတည်းသာဆိုပါက ယွင်လျောင် ကြောက်နေမည် မဟုတ်ချေ။ သို့သော်လည်း ပတ်ဝန်းကျင်တွင် နောက်ထပ် အလင်းတန်း ရှစ်ခုမှာ ရုတ်တရက် ပေါ်ထွက်လာပြီး ဓားချက်များပမာ သူ့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြသည်။
"ဒါ... ဒါက ဘာကြီးလဲ"
သူ၏ စိတ်ထဲတွင် ပထမဆုံး ဖျတ်ခနဲ ပေါ်လာသည့် အတွေးမှာ ဤသည်မှာ ဝမ်ပင်း ဆင်ထားသည့် ထောင်ချောက်တစ်ခု ဖြစ်နိုင်သည်ဟူ၍ပင်။
ထို့ကြောင့် သူသည် လေနတ်ဘုရားခြေလှမ်းကို အဆက်မပြတ် ထုတ်ဖော်ကာ ဆွဲငင်အားနယ်ပယ်အတွင်း၌ အလွန်ပင် ခက်ခဲပင်ပန်းစွာဖြင့် ပြေးလွှားခုန်ပေါက်နေရတော့သည်။
ဟိုဘက်ဒီဘက် လူးလှိမ့်လိုက်...
ဘေးဘက်သို့ တိမ်းလိုက်...
အပေါ်သို့ ခုန်လိုက်နှင့်...
ဆွဲငင်အားနယ်ပယ်ထဲတွင် ယွင်လျောင်မှာ ခြေကျဉ်းခတ်ခံထားရသည့် မျောက်တစ်ကောင်ကဲ့သို့ နေရာတွင်ပင် တဆတ်ဆတ် ခုန်ပေါက်နေရရှာသည်။
ဤကဲ့သို့ အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို မသိနိုင်တော့ချေ။
သို့သော် ယွင်လျောင်၏ မျက်နှာထက်တွင်မူ ဝမ်းသာကြည်နူးမှုများမှာ တဖြည်းဖြည်းနှင့် ပိုမိုသိသာလာခဲ့သည်။ သူ၏ ကျင့်စဉ်ပတ်လမ်းထဲမှ ချီများမှာ မြေဖျက်တံခါးကို ၉ ဆသော အရှိန်နှုန်းဖြင့် ဆောင့်တိုက်နေသလို သူ၏ လေနတ်ဘုရားခြေလှမ်းကျွမ်းကျင်မှုမှာလည်း ပုံမှန်ထက် ၉ ဆ ပို၍ တိုးတက်လာခဲ့သည်။ ဤနည်းဖြင့် သူသည် လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း သူ၏ ကြံ့ခိုင်မှုများကို အဆက်မပြတ် ကုန်ဆုံးစေကာ ပြန်လည်ဖြည့်တင်းနေခဲ့၏။
အတိတ်ကာလက သူသည် လေနတ်ဘုရားခြေလှမ်းကို လေ့ကျင့်ရာတွင် သစ်သားတိုင်များကို အသုံးပြုခြင်း သို့မဟုတ် လှုပ်ရှားနေသော သဲအိတ်များကို ရှောင်တိမ်းခြင်းမှတစ်ပါး အခြားသော နည်းလမ်းမရှိခဲ့ချေ။ နောက်တစ်ဆင့်မှာ မြားမိုးရွာသကဲ့သို့ ပစ်ခတ်ခြင်းကို ရှောင်တိမ်းရန်ဖြစ်သော်လည်း ဘေးအန္တရာယ်က အလွန်ကြီးမားလှသည်။ အကယ်၍သာ အမှားအယွင်း တစ်စုံတစ်ရာ ဖြစ်ခဲ့ပါက သူ၏ ခန္ဓာကိုယ်မှာ မြားများဖြင့် စိုက်ဝင်သွားပေလိမ့်မည်။
ထိုသို့ဆိုလျှင် သူသည် အေးစက်သော အလောင်းကောင်တစ်ခုပင် ဖြစ်သွားနိုင်သည်။
သူ၏ အတွေ့အကြုံအရ ယခုကဲ့သို့ နီရဲသော အလင်းတန်းများကို ရှောင်တိမ်းရသည့် ထူးခြားသော နည်းလမ်းကိုသာ အားကိုးမည်ဆိုပါက သူ၏ လေနတ်ဘုရားခြေလှမ်းသည် မကြာမီမှာပင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားမည်ဖြစ်ကြောင်း သူ အခိုင်အမာ ယုံကြည်သွားတော့သည်။
အဘယ်ကြောင့်ဆိုသော် နီရဲသော အလင်းတန်းများသည် တစ်ဖက်တည်းမှမဟုတ်ဘဲ အရပ်
မျက်နှာအနှံ့မှ သူ့ထံသို့ ဦးတည်ကာ ပစ်ခတ်နေခြင်းကြောင့်ပင်။ ထို့ပြင် ဘေးအန္တရာယ် ရှိနိုင်သည်ဟု စိုးရိမ်ပူပန်နေစရာမလိုဘဲ အလင်းတန်းများကို မည်သို့ရှောင်ရမည်ကိုသာ အာရုံစိုက်နေရရုံသာ ဖြစ်သည်။
ဤကဲ့သို့သော ကျင့်ကြံခြင်းနည်းလမ်းအပြင် ၉ ဆသော ထိရောက်မှုကြောင့်ဆိုလျှင် ဤဆွဲငင်အားနယ်ပယ်ကို အသုံးပြုရန်အတွက် တစ်နေ့လျှင် ရွှေဒင်္ဂါး ၁၀၀ ပေးရမည်ဆိုပါကပင် သူ ဝမ်းမြောက်ဝမ်းသာ ပေးဆောင်မိမည်မှာ အသေအချာပင်။
သို့သော် ထိုခဏ၌ပင် နီရဲသော အလင်းတန်းများမှာ ရုတ်တရက် ရပ်တန့်သွားတော့၏။
ယွင်လျောင်မှာ အသက်ကို ပြင်းပြင်းရှူကာ ခဏနားလိုက်ရသည်။ သူသည် ခါးကိုကိုင်းကာ လက်နှစ်ဖက်ကို ဒူးပေါ်တင်ထားရင်း ပတ်ဝန်းကျင်ကို ဇဝေဇဝါဖြင့် စိုက်ကြည့်နေမိ၏။
ထိုစဉ် အသံတစ်ခုက သူ၏နားစည်ထဲတွင် မြည်ဟည်းလာခဲ့သည်။
"ဒီနေ့အတွက် ကျင့်ကြံချိန် ကုန်ဆုံးသွားပါပြီ။ ကျေးဇူးပြု၍ ရွှေဒင်္ဂါး ၃၀ ပေးဆောင်ပါ"
အခန်း။ ၈
သူသည် အနည်းငယ် စိတ်ပျက်သွားမိစဉ်မှာပင် မျက်စိရှေ့ရှိ မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားတော့သည်။ သူသည် ဆွဲငင်အားနယ်ပယ်၏ အပြင်ဘက်သို့ ရောက်ရှိနေပြီ ဖြစ်၏။
သူ လက်ကို လှမ်းဆန့်လိုက်သောအခါ ယနေ့နံနက်ကကဲ့သို့ပင် တားဆီးထားသော စွမ်းအင်အတားအဆီးမှာ ပြန်လည်ပေါ်ထွက်လာပြန်သည်။
ဘုန်း...
ဘုန်း...
အကြိမ်အနည်းငယ် တိုက်မိပြီးနောက် မည်သို့မျှ မထူးခြားတော့သည်ကို သိသဖြင့် သူ လက်လျှော့လိုက်ရတော့သည်။
ထို့နောက် အိတ်ထဲမှ ရွှေဒင်္ဂါး ၃၀ ကို ရိုးရိုးသားသားပင် ထုတ်ယူလိုက်၏။ ထိုဒင်္ဂါးများကို သတ္တုသေတ္တာထဲသို့ ထည့်ရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပင်းသည် တောအုပ်ထဲမှ ဖြည်းညှင်းစွာ လမ်းလျှောက်ထွက်လာခဲ့သည်။ သို့သော် သူသည် အနားသို့ တိုးမလာဘဲ တောအုပ်အစပ်မှနေ၍ ယွင်လျောင်ကို လက်ယပ်လှမ်းခေါ်လိုက်သည်။
"သွားကြစို့... ကျွန်တော့်နောက်ကနေ တိမ်မြူတောင်အောက်ကို တစ်ခေါက်လောက် လိုက်ခဲ့ပါဦး"
"ဘာကိစ္စရှိလို့လဲ"
"ဘာမှထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ အခု မသေမျိုးဂိုဏ်းမှာ တပည့်တစ်ယောက်မှ မရှိသေးဘူးဆိုတော့ တပည့်သစ်တွေ ရှာဖို့ တောင်အောက်ကို ဆင်းရမှာပေါ့။ အစ်ကိုက မသေမျိုးဂိုဏ်းရဲ့ နည်းပြအကြီးအကဲ တစ်ယောက်ဖြစ်နေပြီပဲ။ ကျွန်တော့်နောက်က လိုက်ခဲ့သင့်တာပေါ့။ ဒီနေ့အတွက် ဆွဲငင်အားနယ်ပယ်ထဲမှာ ကျင့်ကြံချိန်ကလည်း ကုန်သွားပြီဆိုတော့ ကျွန်တော့်ကို အကူအညီလေးတစ်ခုလောက် ပေးပါဦး"
"အင်း..."
ခေတ္တမျှ ဝေခွဲမရဖြစ်သွားပြီးနောက် ယွင်လျောင်က ပြောလိုက်သည်။
"ဂိုဏ်းချုပ်ဝမ်... ကျွန်တော် ခင်ဗျားနဲ့ တစ်ခုလောက် ဆွေးနွေးလို့ ရမလား"
"ပြောစရာရှိတာ ပြောပါ"
"ကျွန်တော့်ရဲ့ နေ့စဉ်ကျင့်ကြံချိန်ကို တစ်နေ့ကို နှစ်နာရီကနေ လေးနာရီလောက်အထိ ထပ်တိုးပေးလို့ ရမလား။ အဲဒီအတွက် တန်ဖိုးတူညီတဲ့ ပစ္စည်းတွေနဲ့ လဲလှယ်ပေးပါ့မယ်"
ဝမ်ပင်းက ခေါင်းခါပြလိုက်သည်။ ထို့နောက် သူက လှည့်ကြည့်ကာ ယွင်လျောင်ကို စိုက်ကြည့်
ရင်း "တစ်နေ့ကို ၈ နာရီက မလုံလောက်သေးဘူးလား။ ဒါက ၇၂ နာရီနဲ့ ညီမျှနေပြီလေ"
"နည်းလွန်းပါသေးတယ်။ ဂိုဏ်းချုပ်ဝမ်သာ ကျွန်တော့်တောင်းဆိုချက်ကို သဘောတူမယ်ဆိုရင် တစ်လ ဒါမှမဟုတ် နှစ်လအတွင်းမှာ မြေဖျက်သွေးကြောတံခါးကို ဖွင့်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ချက်ရှိတယ်။ အဲဒီလိုဆိုရင် မသေမျိုးဂိုဏ်းမှာ နက်နဲသောနယ်ပယ်ကျင့်ကြံသူတစ်ယောက် ရှိလာမှာဖြစ်ပြီး တပည့်သစ်တွေ စုဆောင်းရတာလည်း အရမ်းကို လွယ်ကူသွားလိမ့်မယ်"
ယွင်လျောင်သည် ဝမ်ပင်း ခေါင်းညိတ်ပြမည့်အချိန်ကို မျှော်လင့်တကြီးဖြင့် စိုက်ကြည့်နေမိသည်။
နက်နဲသောနယ်ပယ်ရှိ ပညာရှင်များဆိုသည်မှာ စတားအဆင့်မရှိသော ဂိုဏ်းများအတွက် မလွန်ဆန်နိုင်သော ဆွဲဆောင်မှုမျိုး ရှိကြသည်။ ကြယ်တစ်ပွင့် အဆင့်ရှိသော ဂိုဏ်းများအတွက်
ပင်လျှင် နက်နဲသောနယ်ပယ် ပညာရှင်တစ်ဦးက တစ်စုံတစ်ခု တောင်းဆိုလာပါက ထိုတောင်းဆိုချက်မှာ လွန်ကဲမနေသရွေ့ သူတို့ အလိုရှိသမျှကို ဖြည့်ဆည်းပေးကြစမြဲပင်။ ဝမ်ပင်းသည် စည်းကမ်းကြီးသူတစ်ဦးဖြစ်ကြောင်း ယွင်လျောင် ဝန်ခံသော်လည်း ဤဆွဲဆောင်မှုဖြင့် ဝမ်ပင်းကို လိုက်လျောလာအောင် လုပ်နိုင်လိမ့်မည်ဟု သူ မျှော်လင့်ထားခြင်းပင်။
(အခု မသေမျိုးဂိုဏ်းမှာ ဘာလိုအပ်နေတာလဲ။ အဖြေက တပည့်တွေ မဟုတ်ဘူးလား)
သို့သော် ဝမ်ပင်းက ဘာမှပြန်မဖြေခဲ့ပေ။
ယွင်လျောင်သည် အံကြိတ်ကာ စိတ်ကိုဒုံးဒုံးချလိုက်ပြီး "အချိန်တိုးပေးတဲ့အတွက် အခကြေးငွေ နှစ်ဆပေးဖို့ ကျွန်တော် အဆင်ပြေပါတယ်"
ဝမ်ပင်းကတော့ နှုတ်ဆိတ်နေဆဲပင်။
ယွင်လျောင်က ထပ်ပြောသည်။
"သုံးဆဖြစ်ဖြစ် လေးဆဖြစ်ဖြစ် ပေးရမယ်ဆိုရင်တောင် ကျွန်တော် လက်ခံနိုင်ပါတယ်"
"အစ်ကိုက တကယ်ပဲ အကုန်အကျခံနိုင်တာပဲ..."
အမှန်အတိုင်းပြောရလျှင် ဝမ်ပင်း အနည်းငယ် စိတ်လှုပ်ရှားသွားမိသည်။
လင်းလက်တောက်ပနေတဲ့ ရွှေဒင်္ဂါးတွေ... အဲဒီ ရွှေရောင်အလင်းတန်းကို မြင်လိုက်ရရင် ဘယ်သူကများ ငြင်းပယ်နိုင်မှာလဲ။
“အဟမ်း..အဟမ်း…”
သို့သော် သူ၏စိတ်ထဲတွင် စနစ်၏ ချောင်းဟန့်သံသဲ့သဲ့ကို ကြားလိုက်ရသောအခါ စနစ်၏ ဆိုလိုရင်းကို သူ နားလည်သွားတော့သည်။
"တကယ်ကို နည်းလမ်းမရှိလို့ပါ"
ဝမ်ပင်းသည် ခြေလှမ်းကို သွက်သွက်လှမ်းလိုက်ပြီး ယွင်လျောင်နှင့် ရွှေဒင်္ဂါးကိစ္စကို ထပ်မံ၍ ဆွေးနွေးလိုစိတ် မရှိတော့ချေ။
"အစ်ကိုသာ စည်းကမ်းကို ဖောက်ဖျက်မယ်ဆိုရင် နာမည်ပျက်စာရင်းထဲ အသွင်းခံရပါလိမ့်မယ်"
"ဟူး..."
ဘာမှမတတ်နိုင်တော့သဖြင့် ယွင်လျောင် သက်ပြင်းသာ ချနိုင်တော့သည်။
ထိုအခါ ဝမ်ပင်းက "အရင်ဆုံး ရေချိုးပြီး အဝတ်အစားလဲလိုက်ပါဦး။ အခု အစ်ကို့တစ်ကိုယ်လုံးက ချွေးအိတ်ကြီးလို ဖြစ်နေပြီ" ဟု ပြောလိုက်သည်။
"ဒါဆိုရင်လည်း မနက်ဖြန်ကျမှပဲ ဆက်ရတော့မှာပေါ့"
ယွင်လျောင်သည် သူ၏အဝတ်အစားများ ချွေးဖြင့် ရွှဲနစ်နေသည်ကိုပင် သိပ်ပြီး ဂရုမစိုက်တော့ချေ။
...
မသေမျိုးဂိုဏ်း၏ ပင်မခန်းမဆောင်အတွင်း၌ တိမ်မြူတောင်ထိပ်၏ အလယ်ဗဟိုတွင် သုံးထပ်အဆောက်အအုံကြီးတစ်ခု ခန့်ညားထည်ဝါစွာ မတ်တပ်ရပ်လျက် ရှိနေသည်။ ၎င်း၏ အရှိန်အဝါမှာ ကြီးကျယ်ခမ်းနားလှပြီး ဘေးတစ်ဖက်တစ်ချက်စီရှိ အမိုးစွန်းများမှာ အပေါ်သို့ မော့ကြည့်နေသော နဂါးများနှင့် တူလှသည်။ စနစ်၏ ပြုပြင်မွမ်းမံမှုအပြီးတွင် ဤနေရာမှာ ယခင်ကထက် ပိုမိုခန့်ညားပြီး အရှိန်အဝါကြီးမားကာ ယခင်က ပင်မခန်းမဆောင်ထက် များစွာ သပ္ပာယ်နေသည်။
ထို့အပြင် ပင်မခန်းမဆောင်သို့ တက်လှမ်းသည့် လှေကားထစ်များတွင် ကျောက်သားစင်တစ်ခု ထပ်တိုးလာပြီး ၎င်းပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော ကျားဖြူရုပ်တုတစ်ခု ရှိနေသည်။ ရုပ်တုမှာ အနံ တစ်မီတာခန့်နှင့် အမြင့် ငါးမီတာခန့် ရှိကာ အသက်ဝင်လှသည်။ ၎င်း၏ ရှေ့ခြေနှစ်ဖက်ကို မြှောက်ထားပြီး တစ်ကိုယ်လုံးမှာ တိမ်တိုက်များထဲသို့ ခုန်ဝင်တော့မည့်အလား ထင်မှတ်ရသည်။
ဝမ်ပင်းသည် အဆောက်အအုံ၏ တတိယထပ်တွင်ရှိသော သူ၏ ရုံးခန်းထဲသို့ ဝင်ကာ အတွင်းရှိ မှတ်ပုံတင်ပုံစံခွက်များကို ထုတ်ယူလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက စနစ်ကို လှမ်းမေးလိုက်သည်။
"စနစ်... ပင်မခန်းမဆောင်ကြီး ပြီးသွားရင် ဆွဲဆောင်မှုရှိတဲ့ အင်အားတစ်ခု ရှိလာမယ်လို့ မင်းပြောခဲ့တယ်နော်။ အဲဒီအကြောင်းကို အခုထိ ဘာမှ ရှင်းမပြရသေးဘူး"
"ကျွန်တော် အရင်က ရှင်းပြခဲ့ဖူးပါတယ်။ ဒါပေမဲ့ သခင်ကမှ နားမထောင်ခဲ့တာ"
"နောက်တစ်ခါလောက် ထပ်ပြီး ရှင်းပြပေးလို့ ရမလား"
ပြုပြင်မွမ်းမံမှုအပြီးတွင် စနစ်က ဤအကြောင်းကို စကားစပ်မိရုံမျှသာ ပြောခဲ့ခြင်းဖြစ်ကြောင်း သူ သေချာပေါက် မှတ်မိနေသည်။
ထိုနေ့က စနစ်ပြောခဲ့သည့် စကားလုံးများမှာ အလွန်ပင် နည်းပါးလွန်းသည်။
"လက်ရှိ မသေမျိုးဂိုဏ်းက ကြယ်အဆင့်မရှိတဲ့ ဂိုဏ်းတစ်ခုဖြစ်တဲ့အတွက် ဆွဲဆောင်မှုအင်အားက မီတာ ၅,၀၀၀ ပတ်လည်အတွင်းမှာပဲ ထိရောက်မှု ရှိပါလိမ့်မယ်။ လူတွေက ဒီအဝန်းအဝိုင်းအတွင်းကို ရောက်လာတာနဲ့ ဒီနေရာကို မသိစိတ်ကနေ ဆွဲဆောင်ခြင်း ခံရပါလိမ့်မယ်။ ဒါက သခင် တပည့်စုဆောင်းနိုင်ဖို့အတွက် ကျွန်တော် ပံ့ပိုးပေးထားတဲ့ ကူညီမှုနည်းလမ်းတစ်ခုပါပဲ"
"ဒါဆိုရင် ဒီရက်ပိုင်းအတွင်းမှာ မင်း အဲဒီစွမ်းရည်ကို ဖွင့်ထားခဲ့တာလား"
"မဖွင့်ရသေးပါဘူး"
"ဘာလို့လဲ"
"အဲဒီနေ့တုန်းက သခင်ကိုယ်တိုင်က ဒီစွမ်းရည်ကို ဂရုမစိုက်သလို ဖြစ်နေလို့ပါ။ စနစ်တစ်ခုအနေနဲ့ ကျွန်တော်က ကိုယ့်သဘောနဲ့ကိုယ် အရေးတယူလုပ်ပြီး သခင်ကိုယ်စား ဖွင့်မပေးခဲ့တာပါ"
"မင်းနဲ့တော့ ငါ တကယ် ရူးတော့မှာပဲ။ စည်းကမ်းတွေ သတ်မှတ်တဲ့နေရာကျတော့လည်း အကွက်စေ့လိုက်တာ"
ဝမ်ပင်းက ဘာမျှမတတ်နိုင်တော့ဘဲ မျက်လုံးအသာလှန်ကြည့်လိုက်ပြီး "အခု အဲဒီဆွဲဆောင်မှုစွမ်းရည်ကို ဖွင့်လိုက်တော့။ မင်းသာ စောစောစီးစီး ဖွင့်ပေးခဲ့မယ်ဆိုရင် ငါ့တပည့်တွေ တစ်လောကလုံး ပြည့်နေလောက်ပြီ"
...
ထိုနေ့ မွန်းလွဲပိုင်းတွင် ဝမ်ပင်းသည် ယွင်လျောင်ကို တိမ်မြူတောင်ခြေရင်းသို့ ခေါ်ဆောင်လာခဲ့သည်။
ဓားအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် သူသည် စားပွဲတစ်လုံးချကာ ဂိုဏ်းဝင်ကြေး ရေးသားထားသော သစ်သားဆိုင်းဘုတ်ကို ချိတ်ဆွဲလိုက်သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ အချက်အလက်တချို့ ထပ်တိုးထား၏။
[ဂိုဏ်းဝင်ရန် အနိမ့်ဆုံးသတ်မှတ်ချက် - အသက် ၁၅ နှစ်၊ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၅။]
ယွင်လျောင်သည် ထိုအချက်ကို မြင်လိုက်ရသောအခါ မျက်နှာပျက်သွားပြီး ဝမ်ပင်းကို မေးလိုက်သည်။
"ဂိုဏ်းချုပ်ဝမ်... ခင်ဗျား တကယ်ကြီး ပြောနေတာလား"
"ဘာလို့ ဒီလောက် အံ့ဩနေတာလဲ။ ဒါက အရိုးရှင်းဆုံး စံနှုန်းပဲလေ။ အခု ငါတို့ မသေမျိုးဂိုဏ်းက ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မှာ ရှိနေတာဆိုတော့ အရေအတွက်ပြည့်ဖို့အတွက်နဲ့ သာမန်တပည့်တွေကို အများကြီး လက်ခံနေလို့ မဖြစ်ဘူး။ ထူးချွန်ထက်မြက်တဲ့ တပည့်တွေကိုပဲ ရွေးချယ်တဲ့လမ်းစဉ်ကို သွားရမယ်"
"ဒါပေမဲ့ ဒါက နည်းနည်းတော့ လွန်မနေဘူးလား။ အသက် ၁၅ နှစ်နဲ့ အဆင့် ၅ ရောက်နေတဲ့ ကျင့်ကြံသူဆိုတာ..."
ထိုကဲ့သို့သောသူမျိုးများသည် ကြယ်တစ်ပွင့် သို့မဟုတ် ကြယ်နှစ်ပွင့် အဆင့်ရှိသော ဂိုဏ်းကြီးများသို့သာ သွားရောက်ပူးပေါင်းကြမည်ဖြစ်ပြီး ထိုနေရာများတွင်လည်း ကောင်းမွန်စွာ ဆက်ဆံခံရမည်ဖြစ်ကြောင်း သူ ပြောချင်နေမိသည်။
လူသုံးယောက်တည်းနဲ့ ရုန်းကန်နေရတဲ့ မသေမျိုးဂိုဏ်းမှာ ဘာမျှော်လင့်ချက် ရှိလို့လဲ။
ဤအတိုင်းဆိုပါက ဝမ်ပင်းသည် မသေမျိုးဂိုဏ်းထဲဝင်ရန် ဝန်လေးနေသူများကို ပို၍ပင် တွန်းထုတ်လိုက်သကဲ့သို့ ဖြစ်နေပေလိမ့်မည်။
ယွင်လျောင်၏ အမြင်အရဆိုလျှင် လက်ရှိအခြေအနေတွင် ဝမ်ပင်းသည် ဂိုဏ်းကို အင်အားတောင့်တင်းစေချင်ပါက တပည့်များကို အမြန်ဆုံး အများအပြား စုဆောင်းရမည်ဖြစ်ပြီး ဆွဲငင်အားနယ်ပယ်၏ စည်းကမ်းများကိုလည်း ဖျက်သိမ်းသင့်သည်။ ထို့နောက်မှ တဖြည်းဖြည်း ဖွံ့ဖြိုးလာအောင်လုပ်ပြီး နာမည်ကျော်ကြားလာမှသာ ဆွဲငင်အားနယ်ပယ်အကြောင်းကို သတင်းလွှင့်သင့်သည်ဟု သူ ယူဆသည်။
ထိုသို့ဆိုလျှင် အဆင့် ၁၀ နှင့် အထက်ရှိသော ကိုယ်ခန္ဓာလေ့ကျင့်သူများစွာသည် မသေမျိုးဂိုဏ်းသို့ ဝမ်းမြောက်ဝမ်းသာ ဝင်ရောက်လာကြမည်ဖြစ်ပြီး ယခင်က ဂုဏ်ရောင်ပြောင်မှုများကိုလည်း မလွဲမသွေ ပြန်လည်ရရှိနိုင်မည် ဖြစ်သည်။
သို့သော် ဝမ်ပင်းသည် ထိုသို့လုပ်မည်မဟုတ်ကြောင်း ယွင်လျောင် သိသည်။ မဟုတ်ပါက ယနေ့နံနက်က သူ လေးဆသောဈေးနှုန်း ပေးမည်ဟု ပြောစဉ်ကတည်းက ဝမ်ပင်း သဘောတူခဲ့ပေလိမ့်မည်။
ယွင်လျောင်သည် တစ်နေရာရာတွင် ထိုင်ကာ တရားမှတ်ရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပင်းက ရုတ်တရက် လှမ်းခေါ်လိုက်သည်။
"အကြီးအကဲယွင်... ဘာလုပ်မလို့လဲ"
"ဂိုဏ်းချုပ်ဝမ်... ဒီဆိုင်းဘုတ်ကို မြင်တဲ့သူတိုင်း လှည့်ပြန်သွားကြမှာပဲ။ ဒီလောက် စံနှုန်းမြင့်နေရင် ဘယ်သူကမှ လာချင်မှာ မဟုတ်ဘူး"
ဤမျှ ခက်ခဲကြမ်းတမ်းသော စည်းကမ်းသတ်မှတ်ချက်များ ရှိနေပါက လူများ လာရောက်မည်ဆိုလျှင်ပင် ထူးဆန်းလှပေလိမ့်မည်။
"မင်္ဂလာပါ... မသေမျိုးဂိုဏ်းက အခု တပည့်သစ်တွေ လက်ခံနေတယ်ဆိုတာ ဟုတ်ပါသလားခင်ဗျာ"
အသက် ၁၅ နှစ်ကျော်ကာစ လူငယ်တစ်ဦးသည် စားပွဲရှေ့တွင် ရပ်တန့်ကာ မေးမြန်းလိုက်သည်။
ယွင်လျောင်မှာ အံ့အားသင့်သွားရ၏။ သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရင်း လူတကယ် လာနေသည်ကို မယုံကြည်နိုင်သလို ဖြစ်နေမိသည်။
ဒါ... ငါ့မျက်နှာ ဖြတ်ရိုက်ခံလိုက်ရသလိုပဲ။
ဒီနေရာကို ဦးတည်တဲ့ လမ်းက တစ်လမ်းတည်းရှိတာဆိုတော့ ဒီလူက မသေမျိုးဂိုဏ်းဆီကို တကူးတက လာခဲ့တာပေါ့လေ။
နေပါဦး။
ဒီလူငယ်က အသက် ၁၅-၁၆ ဝန်းကျင်ပဲ ရှိသေးတယ်။ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၄ တောင် ရောက်နေပြီပဲ။
မသေမျိုးဂိုဏ်း ဆုတ်ယုတ်ပျက်စီးနေတာ တစ်နှစ်တောင် ရှိနေပြီဟာ ဆန်းဝူမြို့က တောင်းစားတဲ့သူတွေတောင် ဒါကို သိကြတာ မဟုတ်ဘူးလား။ အဲဒါကို သူက ဘာလို့ ဒီကို လာရတာလဲ။
ထိုစဉ် ဝမ်ပင်း၏ မျက်စိရှေ့တွင် ထိုလူငယ်၏ အချက်အလက်များ ပေါ်ထွက်လာသည်။
...
[လီကျိ]
[ကျား/မ - ကျား]
[အသက် - ၁၅ နှစ်]
[ကျင့်ကြံမှုအဆင့် - ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၄]
...
"ဟုတ်ပါတယ်... ကျွန်တော်တို့ လူသစ်တွေ လက်ခံနေပါတယ်။ ဒါပေမဲ့ မင်းရဲ့ ပါရမီက နိမ့်လွန်းနေသေးတယ်။ ရွှေဒင်္ဂါး ၁,၀၀၀ ပေးမယ်ဆိုရင်တောင် မသေမျိုးဂိုဏ်းက မင်းကို လက်ခံမှာ မဟုတ်ဘူး"
"ဒါပေမဲ့ ကျွန်တော်က ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၄ တောင် ရောက်နေပြီလေ"
ငြင်းပယ်ခံလိုက်ရသဖြင့် လူငယ်မှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားရှာသည်။
ဝမ်ပင်းက ဘေးနားရှိ ယွင်လျောင်ကို တစ်ချက် လှမ်းကြည့်လိုက်၏။
ယွင်လျောင်ကလည်း သစ်သားဆိုင်းဘုတ်ပေါ်တွင် ရေးထားသော စာသားများကို လက်ညှိုးထိုးပြလိုက်သည်။ ထိုနေရာတွင် ဂိုဏ်းဝင်ကြေး ရွှေ ၁,၀၀၀ ပေးရမည်ဖြစ်ကြောင်းနှင့် အသက် ၁၅ နှစ်တွင် ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၅ သို့ ရောက်ရှိရမည်ဟူသော သတ်မှတ်ချက်များကို မြင်တွေ့နိုင်သည်။
"ခင်ဗျားတို့ တကယ်ကြီး ပြောနေတာလား"
လူငယ်မှာ ဒေါသတကြီးဖြင့် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် နောက်သို့ပင် ပြန်မလှည့်ကြည့်တော့ဘဲ ထွက်ခွာသွားတော့၏။
သူ ထွက်မသွားမီမှာပင် "ပျက်စီးနေတဲ့ ဂိုဏ်းကတောင် ငါ့ကို အထင်သေးရဲသေးတယ်။ တကယ် ရူးနေကြတာပဲ" ဟု လေသံတိုးတိုးဖြင့် ခနဲ့သွားခဲ့သေးသည်။
ယွင်လျောင် ထိုစကားကို ကြားသောအခါ ဘာမျှမတတ်နိုင်ဘဲ ရယ်မောမိလိုက်တော့သည်။
အဆင့် ၄ ရှိသော ကျင့်ကြံသူတစ်ဦးဆိုသည်မှာ ကြယ်တစ်ပွင့် အဆင့်ရှိ ဂိုဏ်းများက လုယက်ကာ လက်ခံကြမည့်သူမျိုး ဖြစ်သည်။ အခုတော့ သူ့ကို လွှတ်လိုက်ပြီဖြစ်ရာ သူသည် ဤငြင်းပယ်ခံရမှု သတင်းကို ပျံ့နှံ့အောင် လုပ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် မသေမျိုးဂိုဏ်းသို့ မည်သူမျှ လာရောက်ကြတော့မည် မဟုတ်ချေ။
ထို့နောက် ယွင်လျောင်က ဝမ်ပင်းကို လှမ်းကြည့်လိုက်ရာ ဝမ်ပင်းမှာ ဘာမျှမဖြစ်သကဲ့သို့ တည်ငြိမ်နေသည်ကို တွေ့လိုက်ရသည်။
သူသည် ယခင်အတိုင်းပင် အေးအေးလူလူနှင့် စိတ်လက်ပေါ့ပါးစွာ ရှိနေဆဲပင်။