← Chapters

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အခန်း။ ၉

တစ်ချိန်တည်းမှာပင် လမ်း၏အဆုံးရှိ ချမ်းသာကြွယ်ဝသော ကုန်သည်ကြီးတစ်ဦး၏ နေအိမ်အတွင်း၌ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် အေးအေးလူလူ လမ်းလျှောက်နေသည်။ သူ၏ဘေးတွင် လူငယ်တစ်ဦးကလည်း တက်ကြွဖျတ်လတ်သော ခြေလှမ်းများဖြင့် ကပ်လိုက်လာ၏။ ထိုလူငယ်သည် အားအင်ပြည့်ဝနေပုံရသော်လည်း ခေါင်းကို အမြဲမော့ထားပြီး လူတကာကို နှာခေါင်းပေါက်ဖြင့် ငုံ့ကြည့်တတ်သည့် အကျင့်ရှိကာ ကိုယ့်ကိုကိုယ် အခြားသူများထက် အဆင့်အတန်းမြင့်သည်ဟု ယူဆထားပုံပင်။

သူတို့နောက်ကွယ်မှ ဆေးရောင်ခြယ်ထားသော တံခါးကြီးမှာ ပိတ်မထားသေးဘဲ သူတို့အား လိုက်လံပို့ဆောင်ပေးသည့် အိမ်ရှင်မှာလည်း အိမ်ထဲသို့ ချက်ချင်းပြန်မဝင်သေးချေ။ ထိုခဏ၌ လူလတ်ပိုင်းအမျိုးသား၏ အနက်ရောင်နှင့် ရွှေရောင်စပ်ထားသော ဝတ်ရုံကို မြင်လိုက်ရသည့် ဖြတ်သွားဖြတ်လာတိုင်းက အကြီးအကဲစွန်းဟု ရိုသေစွာ နှုတ်ဆက်ကြသည်။

မကြာမီမှာပင် ပတ်ဝန်းကျင်မှ တိုးတိုးတိတ်တိတ် ပြောဆိုသံများကြောင့် သူ ခြေလှမ်းရပ်လိုက်မိသည်။

အနီးအနားရှိ လူငယ်အချို့မှာ တစ်စုံတစ်ခုကို ဝိုင်းဝန်းဆွေးနွေးနေကြခြင်းပင်။

"အဲဒီ မသေမျိုးဂိုဏ်းချုပ်က ဘာတွေတွေးနေလဲ မသိပါဘူး။ ဂိုဏ်းထဲဝင်ဖို့တင် ရွှေ ၁,၀၀၀ ပေးရမယ်တဲ့။ သူတို့တွေ ပိုက်ဆံမက်ပြီး ရူးသွားကြပြီလား"

"မသေမျိုးဂိုဏ်းဆိုတာ ပျက်စီးသွားတဲ့ ကြယ်နှစ်ပွင့် ဂိုဏ်းဟောင်းကြီးပဲလေ။ အခုဆိုရင် ငါ့ကို လာတောင်းပန်ပြီး ဝင်ခိုင်းရင်တောင် ငါမဝင်ဘူး"

"ဟုတ်တယ်... ငါလည်း လာတောင်းပန်ရင်တောင် မဝင်ဘူး"

"ထားလိုက်စမ်းပါကွာ... ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၄ ရောက်နေတဲ့ ငါ့လိုလူတောင် အနှင်ထုတ်ခံလိုက်ရတာ။ အဆင့် ၁ နဲ့ ၂ ပဲ ရှိသေးတဲ့ မင်းတို့တွေက ဘယ်လိုလုပ် အရည်အချင်း ပြည့်မီမှာလဲ"

"မဖြစ်နိုင်တာ... အဆင့် ၄ ရှိတဲ့သူကိုတောင် လက်မခံဘူး ဟုတ်လား"

"မသေမျိုးဂိုဏ်းချုပ်က ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား"

...

ထိုသူများ ဆွေးနွေးပြီးသွားသောအခါ အကြီးအကဲစွန်းက ဘေးနားရှိ တပည့်ဖြစ်သူအား ချက်ချင်းပင် မေးမြန်းလိုက်သည်။

"မသေမျိုးဂိုဏ်းက တကယ်ကြီး တပည့်သစ်တွေ စတင်လက်ခံနေတာလား။ ထူးဆန်းလိုက်

တာ။ မုယန်... အခု မသေမျိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဘယ်သူလဲဆိုတာ မင်းသိလား"

မုယန်က နှေးနှေးကွေးကွေး မဖြစ်စေရန် အလျင်အမြန်ပင် ပြန်လည်ဖြေကြားလိုက်သည်။

"သားဖြစ်သူက ဖခင်ရဲ့ လုပ်ငန်းကို ဆက်ခံတာပဲလေ။ အခု ဂိုဏ်းချုပ်ကတော့ အဲဒီကောင်စုတ် ဝမ်ပင်းပဲ ဖြစ်ရမှာပေါ့"

"မင်း သူ့ကို သိလို့လား"

"မသိပါဘူး အရင်က သူ့ကို အဝေးကနေ တစ်ခါပဲ မြင်ဖူးတာပါ"

"အဲဒီလူရဲ့သား ဝမ်ပင်းပေါ့... သစ်ပင်လဲရင် မျောက်တွေ ပျက်စီးတာ ဓမ္မတာပဲ။ ဒီဝမ်ပင်း

ကတော့ တော်တော်စိတ်ဝင်စားဖို့ကောင်းသားပဲ။ သူက တကယ်ကြီး အခြေအနေကို ပြန်ဆယ်ဖို့ ကြိုးစားနေတာလား"

"ဆရာ... ဒါဆိုရင် ကျွန်တော်တို့ ဟိုဘက်ကို သွားကြည့်ကြမလား"

"သွားကြည့်ရမှာပေါ့။ ငါတို့ရဲ့ မှီခိုရာဂိုဏ်းက အခု ဆန်းဝူမြို့မှာ တစ်ခုတည်းသော ဂိုဏ်းဖြစ်နေပြီပဲ။ မသေမျိုးဂိုဏ်းကို ဝါးမြိုလိုက်ဖို့ဆိုတာ အနှေးနဲ့အမြန် ဖြစ်လာမယ့်ကိစ္စပဲလေ။ ဒါကြောင့် သူတို့တွေ ဘယ်လိုလှည့်ကွက်တွေသုံးပြီး ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၄ ရှိတဲ့သူကိုတောင် ငြင်းပယ်နေတာလဲဆိုတာ ငါ သွားကြည့်ချင်တယ်"

အကြီးအကဲစွန်းက ပြောပြောဆိုဆိုနှင့် လမ်းအဆုံးသို့ ဦးတည်ကာ လျှောက်လှမ်းသွားပြီး တိမ်မြူတောင်ခြေရင်းသို့ ရောက်မှသာ ခြေလှမ်းရပ်လိုက်တော့သည်။

တောင်ခြေတွင် လူအတော်များများ စုရုံးနေသည်ကို သူ အဝေးကတည်းက မြင်နေရသည်။ လူ ၂၀ မှ ၃၀ ခန့် ရှိနေပြီး သူ လျှောက်သွားချိန်တွင် အနီးနားရှိ မြို့ခံအချို့က သူ့ကို မြင်သွားကြ၏။ အများစုက သူ့ကို မသိကြသော်လည်း သူ ဝတ်ဆင်ထားသည့် အနက်ရောင်နှင့် ရွှေရောင်စပ် ဝတ်ရုံကိုမူ မှတ်မိကြသည်။

ဤဝတ်ရုံမှာ မှီခိုရာဂိုဏ်း၏ အကြီးအကဲတစ်ဦး၏ သင်ေ္ကတပင်။

ထို့ကြောင့် လူအုပ်ကြီးက တဖြည်းဖြည်း လမ်းဖယ်ပေးလိုက်ကြသဖြင့် အကြီးအကဲစွန်းသည် အဟန့်အတားမရှိဘဲ တောင်ခြေသို့ လျှောက်လှမ်းနိုင်ခဲ့သည်။

အကြီးအကဲစွန်းသည် ဓားအထိမ်းအမှတ် ကျောက်တိုင်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် သူ၏ရင်ထဲတွင် မထီမဲ့မြင် ပြုံးလိုက်မိသည်။

(သူက တကယ်ပဲ ဂိုဏ်းက မသေမျိုးဂိုဏ်းဖြစ်နေတုန်းလို့ ထင်နေတာလား)

မုယန်က ရှေ့သို့ တိုးသွားပြီး ဝမ်ပင်းကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူ၏ဆရာကို သတင်းပို့လိုက်သည်။

"ဆရာ... သူကတော့ တခြားသူမဟုတ်ပါဘူး။ အခု မသေမျိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဝမ်ပင်းပါပဲ"

အကြီးအကဲစွန်းက ဘာမှမပြောဘဲ ထိုနေရာမှာတင် ရပ်နေခဲ့သည်။

သူ၏ တုံ့ပြန်မှုကို မြင်သောအခါ မုယန်က အလျင်အမြန် ရှေ့သို့ တိုးသွားပြီး ဝမ်ပင်းကို အေးစက်စက် လှမ်းပြောလိုက်သည်။

"ဟေ့... မသေမျိုးဂိုဏ်းကလူ။ ဒါက ငါတို့ မှီခိုရာဂိုဏ်းရဲ့ အကြီးအကဲစွန်းပဲ မင်းက ဘာလို့ လာပြီး အလေးမပြုတာလဲ"

ဝမ်ပင်းသည် ထိုစကားကို ကြားသော် ခေါင်းမော့ကြည့်လိုက်သော်လည်း ထိုနှစ်ယောက်ကို တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ပေ။ သူသည် သူ၏ရှေ့မှောက်ရှိ လူငယ်တစ်ဦးကိုသာ ကြည့်ပြီး ပြောလိုက်သည်။

"မင်းကို လက်မခံဘူးလို့ ငါ ပြောပြီးသားလေ။ ဆိုင်းဘုတ်ပေါ်က စာကို မဖတ်ဘူးလား"

"ကျွန်တော် ရွှေဒင်္ဂါး ၁,၅၀၀ ပေးနိုင်ပါတယ်"

"ဂိုဏ်းဝင်ကြေးက ရွှေဒင်္ဂါး ၁,၀၀၀ ပဲ။ မင်းက ပိုပေးမယ်ဆိုရင်လည်း သတ်မှတ်ချက်နဲ့ မကိုက်ညီတော့တဲ့အတွက် ငါ့ရဲ့ မသေမျိုးဂိုဏ်းထဲကို ဝင်လို့ရမှာ မဟုတ်ဘူး"

ဝမ်ပင်းသည် ထိုသို့ပြောလိုက်ရင်း ရင်ထဲတွင် အလွန်ဝမ်းသာနေမိသည်။

ကြည့်စမ်းပါဦး... ပင်မခန်းမဆောင်ကို ပြန်လည်မွမ်းမံပြီး ဆွဲဆောင်မှုစွမ်းအားကို ဖွင့်လိုက်တာနဲ့ တကယ်ကို အစွမ်းပြတာပဲ။ ဒီနားက ဖြတ်သွားတဲ့သူတွေက တစ်စုံတစ်ခုက ဆွဲခေါ်နေသလိုမျိုး မသေမျိုးဂိုဏ်းရဲ့ တံခါးဝကို ရောက်လာကြတာပဲ။

ရောက်လာကြတဲ့ လူအများစုကတော့ ဘာတွေထူးခြားနေလဲဆိုတာကို ဘေးကနေ စပ်စုဖို့သက်သက် လာကြတာပဲ။ ဒါပေမဲ့... မမျှော်လင့်ဘဲ နှစ်နာရီအတွင်းမှာတင် လူသုံးယောက်

ကတော့ ဂိုဏ်းထဲဝင်ဖို့ တကယ့်ကို စိတ်ဝင်တစား ရှိခဲ့ကြတယ်။

ပြီးတော့ သူတို့တွေက သာမန်လူတွေ မဟုတ်ဘူး... ပါရမီရှင်အဆင့်ရောက်ဖို့ လက်တစ်ကမ်းအလိုပဲ လိုတော့တဲ့ ကျောက်စိမ်းရိုင်းလေးတွေ။

ဝမ်းနည်းစရာကောင်းတာကတော့... စနစ်ရဲ့ သတ်မှတ်ချက်တွေက အရမ်းမြင့်မားလွန်းနေတာပဲ။

ဘေးနားတွင် ရှိနေသော မုယန်ကမူ ဝမ်ပင်းက သူ့အား လုံးဝဥပေက္ခာပြုထားသည်ကို မြင်

သောအခါ စိတ်မရှည်တော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

"ဟေ့ကောင်... ငါ မင်းကို စကားပြောနေတာ မကြားဘူးလား။ မသေမျိုးဂိုဏ်းက ကောင်စုတ်"

"ဂိုဏ်းထဲဝင်ချင်တဲ့သူတွေ ဆိုင်းဘုတ်ကို ကြည့်ပါ။ အကယ်၍ မင်းတို့ရဲ့ ပါရမီက သတ်မှတ်

ချက်နဲ့ ကိုက်ညီတယ်ဆိုရင် ဒီကိုလာပြီး ငွေပေးချေလိုက်ပါ။ အဲဒီအချိန်ကစပြီး မင်းတို့က ငါ့ရဲ့ မသေမျိုးဂိုဏ်းက တပည့်တွေ ဖြစ်သွားပါပြီ"

"ဟေ့... ဝမ်ဆိုတဲ့ကောင်"

မုယန်က သူ၏လက်အင်္ကျီကို ပင့်တင်လိုက်ပြီး ဝမ်ပင်းကို ဆွဲခေါ်ရန် အတင်းအကျပ် တိုးသွားသည်။

သို့သော် အကြီးအကဲစွန်းက သူ့အား တားဆီးလိုက်ပြီး "အချိန်အနည်းငယ်အတွင်းမှာတင် မသေမျိုးဂိုဏ်းက ဘာမှမသိတဲ့သူတွေဆီကနေ ငွေညှစ်တဲ့နေရာတစ်ခု ဖြစ်သွားတာလား။ တကယ့်ကို ရင်နာစရာပဲ။ ဒီဂိုဏ်းထဲဝင်ဖို့ ရွှေ ၁,၀၀၀ တောင် ပေးရမယ် ဟုတ်လား။ မသိတဲ့သူတွေဆိုရင် မသေမျိုးဂိုဏ်းကို ကြယ်သုံးပွင့် ဂိုဏ်းကြီးလို့တောင် ထင်သွားကြဦးမယ်" ဟု ပြောလိုက်သည်။

ဝမ်ပင်းက တစ်ဖက်လူကို တစ်ချက်ကြည့်လိုက်ပြီး ယခင်စကားကိုပင် ထပ်မံပြောကြားလိုက်

သည်။

"ဂိုဏ်းထဲဝင်ချင်တဲ့သူတွေ ဆိုင်းဘုတ်ကို ကြည့်ပါ။ အကယ်၍ မင်းတို့ရဲ့ ပါရမီက သတ်မှတ်ချက်နဲ့ ကိုက်ညီတယ်ဆိုရင် ဒီကိုလာပြီး ငွေပေးချေလိုက်ပါ"

"မင်း ရှာနိုင်သလောက် ငွေတွေရှာပြီး လိမ်နိုင်သလောက် လိမ်ထားလိုက်ဦးပေါ့။ ဘာပဲဖြစ်ဖြစ် မသေမျိုးဂိုဏ်းဆိုတဲ့ အမည်က မကြာခင် ပြောင်းလဲသွားတော့မှာပဲလေ"

အကြီးအကဲစွန်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း အေးစက်စက် ပြုံးလျက် ပြောလိုက်သည်။

သူ စိုက်ကြည့်လိုက်သောသူများသည် ချက်ချင်းပင် မျက်လုံးချင်း မဆုံဝံ့ဘဲ ရှောင်ဖယ်သွားကြသလို မှီခိုရာဂိုဏ်းကို အပြစ်ပြုမိမည်စိုးသော သူအချို့မှာမူ ထွက်ခွာသွားရန်ပင် ဆုံးဖြတ်

လိုက်ကြသည်။ သုတို့သည် ပင်မခန်းမဆောင်၏ ဆွဲဆောင်မှုကြောင့် ဤနေရာသို့ ရောက်ရှိလာကြခြင်း ဖြစ်သော်လည်း အဆိုပါ ဆွဲဆောင်မှုမှာ သူတို့ရင်ထဲရှိ ကြောက်ရွံ့စိတ်ကိုမူ မကျော်လွှားနိုင်ခဲ့ပေ။ ခဏအတွင်းမှာပင် လူ ၂၀၊ ၃၀ ခန့်ရှိသော လူအုပ်ကြီးမှာ လူစုကွဲလုနီးပါး ဖြစ်သွားတော့သည်။

သို့သော် သုတို့မှာ ခြေလှမ်းအနည်းငယ် လှမ်းလိုက်တိုင်း နောက်သို့ လှည့်ကြည့်နေကြဆဲပင်။ ဘာပဲဖြစ်ဖြစ် "ပိန်သော်လည်း ကုလားအုတ်၊ ဆုတ်သော်လည်း စန္ဒရား" ဆိုသကဲ့သို့ ဤလူများသည် မသေမျိုးဂိုဏ်းအတွင်းသို့ ဝင်ရောက်ကျင့်ကြံလိုစိတ် ရှိနေကြဆဲပင်။

ဝမ်းနည်းစရာမှာမူ မှီခိုရာဂိုဏ်းမှ လူများ ရောက်ရှိလာခြင်းဖြစ်ပြီး အဆိုပါအထဲတွင် မှီခိုရာဂိုဏ်း၏ အကြီးအကဲတစ်ဦးပင် ပါဝင်နေသောကြောင့်ပင်။

မုယန်က ဤသည်ကို မြင်သောအခါ ကျေနပ်အားရစွာ ပြုံးလိုက်ပြီး ပတ်ဝန်းကျင်သို့ အော်ဟစ်ပြောဆို လိုက်သည်။

"မသေမျိုးဂိုဏ်းဆိုတာ အရင်က မသေမျိုးဂိုဏ်း မဟုတ်တော့ဘူး။ မင်းတို့တွေ ကျင့်ကြံချငတယ်။ ကျင့်ကြံခြင်းလမ်းစဉ်မှာ ရှေ့ဆက်ချင်တယ်ဆိုရင် ငါတို့ မှီခိုရာဂိုဏ်းထဲဝင်တာကမှ မှန်ကန်တဲ့ လမ်းစဉ်ပဲ"

မုယန်၏ စကားကို ကြားလိုက်ရသောအခါ လူတိုင်းမှာ တိုးတိုးတိတ်တိတ် ပြောဆိုကြတော့သည်။

"ဒီတစ်ခါတော့ မသေမျိုးဂိုဏ်းကလူတွေ ဒုက္ခရောက်ပြီ ထင်တယ်"

"အခု မှီခိုရာဂိုဏ်းက ဝင်နှောင့်ယှက်နေပြီဆိုတော့ မသေမျိုးဂိုဏ်းရဲ့ တပည့်သစ်စုဆောင်းပြီး တဖြည်းဖြည်း ချဲ့ထွင်မယ့် အစီအစဉ်တော့ ပျက်စီးသွားပြီ ထင်တယ်"

"ဟူး... ငါလည်း မသေမျိုးဂိုဏ်းထဲ ဝင်လို့ရမလားဆိုပြီး ကံစမ်းကြည့်မလို့ပဲ။ တကယ် နှမြောဖို့ကောင်းလိုက်တာ။ ဘာပဲဖြစ်ဖြစ် ပိန်သော်လည်း ကုလားအုတ်ပဲ မဟုတ်လား"

သူတို့ပြောဆိုရင်းနှင့် လူအုပ်ကြီးသည် တိမ်မြူတောင်ခြေရင်းမှ တသီတတန်းကြီး ထွက်ခွာသွားကြတော့သည်။

ဝမ်ပင်းသည် သူ၏ရှေ့မှောက်ရှိ လူနှစ်ယောက်ကို ကြည့်ကာ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားရ၏။ သူက မေးလိုက်သည်။

"ခင်ဗျားတို့ ဒီကို လာနှောင့်ယှက်နေတာလား"

သူ၏အသံ ထွက်ပေါ်လာသည်နှင့် အဝေးသို့ သိပ်မရောက်သေးသော ကြည့်ရှုသူများက ချက်ချင်းပင် ခြေလှမ်းတန့်သွားကြသည်။

စကားသံများက ပို၍ပင် ပေါက်ကွဲအား ပြင်းထန်လာခဲ့၏။

သို့သော်လည်း မသေမျိုးဂိုဏ်းမှလူများက ဤအခြေအနေကို မည်သို့ကိုင်တွယ်မည်ကို မည်သူမျှ မသိကြချေ။

"စိတ်ပူမနေနဲ့ သူတို့တွေ တိုက်ခိုက်ဖို့တော့ ရွေးချယ်မှာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် အကြီးအကဲစွန်းက မှီခိုရာဂိုဏ်းကလူပဲလေ"

"မှီခိုရာဂိုဏ်းက ဖြစ်တော့ရော ဘာဖြစ်လဲ။ မသေမျိုးဂိုဏ်းက တစ်ချိန်က ကြယ်နှစ်ပွင့် ဂိုဏ်းကြီးပဲ။ ကြယ်တစ်ပွင့် ဂိုဏ်းက အကြီးအကဲတစ်ယောက်ကို သူတို့က ဘာလို့ ကြောက်နေရမှာလဲ"

"မင်း ရူးနေတာလား။ မသေမျိုးဂိုဏ်းကလူတွေ အကုန်ထွက်သွားကုန်ပြီဆိုတာ မကြားဘူးလား"

"အိုင်းယား... ဒီနေ့တော့ ကောင်းကောင်းမွန်မွန် ပြီးဆုံးမှာ မဟုတ်တော့ဘူး။ ဘာတတ်နိုင်မှာလဲ။ နောက်ဆို ကျင့်ကြံချင်ရင် မှီခိုရာဂိုဏ်းထဲပဲ ဝင်ရတော့မှာပေါ့"

ဆွေးနွေးပြောဆိုသံများ မဆုံးမီမှာပင် အသံနှစ်သံ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။

ဝှီးးးးဘုန်း….

ဝှီးးးးဘုန်း….

လူများ ခေါင်းလှည့်ကြည့်လိုက်သောအခါ လေထဲတွင် ပျံဝဲသွားသော အမည်းရောင် အရိပ်နှစ်ခုကိုသာ မြင်လိုက်ရ၏။ ထိုအရိပ်နှစ်ခုသည် မီတာအနည်းငယ်အကွာရှိ ချုံပုတ်ထူထူထဲသို့ ကျရောက်သွားခဲ့သည်။

ထိုပျံဝဲသွားသော အရိပ်နှစ်ခုမှာ ဘာလဲဆိုသည်ကို မည်သူမျှ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရချေ။

ရုတ်တရက် တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"မှီခိုရာဂိုဏ်းကလူတွေ ဘယ်ရောက်သွားတာလဲ"

"ဘယ်မှာလဲ"

လူတိုင်း ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ကြသည်။ ထို့နောက် သူတို့၏ အကြည့်များသည် ချုံပုတ်များဆီသို့ စူးစိုက်သွားကာ အတွင်းမှ ဘယ်သူ ထွက်လာမလဲဆိုသည်ကို စောင့်ကြည့်နေကြတော့သည်။

သို့သော် ကြည့်နေရန်ပင် မလိုတော့ချေ။ သူတို့၏ရင်ထဲတွင် အဖြေက ရှိပြီးသားပင်။

မှီခိုရာဂိုဏ်းမှ လူနှစ်ယောက် ပျောက်ကွယ်သွားသော်လည်း မသေမျိုးဂိုဏ်းမှ လူနှစ်ယောက်မှာမူ ထိုနေရာ၌ပင် ရပ်မြဲအတိုင်း ရှိနေဆဲဖြစ်သည်။ အဖြေမှာ အလွန်ပင် ရှင်းလင်းလွန်းနေသည်။

မှီခိုရာဂိုဏ်း၏ အကြီးအကဲစွန်းက အမှိုက်တစ်စကဲ့သို့ပင် တစ်စုံတစ်ယောက်၏ လွှင့်ပစ်ခြင်းကို ခံလိုက်ရခြင်းပင်။

အခန်း။ ၁၀

သိပ်မကြာခင်မှာပင် ချုံပုတ်ထူထူထဲမှ လူတစ်ယောက် ထွက်လာခဲ့သလို အခြားတစ်ဖက်မှလည်း နောက်ထပ်လူတစ်ယောက် ခုန်ထွက်လာသည်။ တစ်ယောက်က ရှေ့မှ၊ တစ်ယောက်က နောက်မှဖြင့် ထိုအတွဲမှာ အခြားသူများမဟုတ်ဘဲ အကြီးအကဲစွန်းနှင့် သူ၏တပည့် မုယန်တို့ပင်။

"မင်းတို့ နောင်တရစေရမယ်"

အကြီးအကဲစွန်းမှာ ထိုနေရာ၌ ဆက်လက်မနေရဲတော့ပေ။ အကြောင်းမှာ ခုနက မျက်နှာဖြူဖြူနှင့် လူငယ်က သူ့အား ဖမ်းချုပ်လိုက်သည့်အချိန်တွင် သူသည် သူ၏ ချီစွမ်းအင်များကိုပင် လည်ပတ်၍မရခဲ့သောကြောင့်ပင်။ သူသည် ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၀ သို့ ရောက်ရှိနေပြီဖြစ်ရာ အဆင့် ၁၂ သို့မဟုတ် ၁၃ ရှိသူများကသာ သူ့အား ဤမျှပြင်းထန်သည့် ဖိအားမျိုး ပေးနိုင်ခြင်းပင်။

ဆရာဖြစ်သူက ကြုံးဝါး၍ ထွက်ခွာသွားသောအခါ တပည့်ဖြစ်သူကလည်း အရှုံးမပေးလိုသည့်ဟန်ဖြင့် "မင်းတို့တွေ မှီခိုရာဂိုဏ်းရဲ့ လက်စားချေမှုကိုသာ စောင့်နေလိုက်တော့" ဟု ပြောလိုက်သည်။

သို့သော် ဝမ်ပင်းကမူ တည်ငြိမ်စွာပင် "ရှေ့တည့်တည့်သာ ဆက်လျှောက်သွားပါ။ ငါ လိုက်မပို့တော့ဘူး" ဟု ပြန်လည်တုံ့ပြန်လိုက်သည်။

"ဟွန်း"

အကြီးအကဲစွန်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်သော်လည်း သူ၏အကြည့်မှာ ယွင်လျောင်ထံသို့ ရောက်ရှိသွားသည့်အခါ သူ၏မျက်နှာအမူအရာမှာ မသိမသာ တုန်လှုပ်သွားခဲ့ရသည်။ သူတို့နှစ်ဦး အမြီးကုပ်၍ ထွက်ခွာသွားကြပြီးနောက် ဝမ်ပင်းက သစ်သားဆိုင်းဘုတ်ကို ကိုငမြှောက်လိုက်ပြီး ယွင်လျောင်ကို ပြောလိုက်သည်။

"အကြီးအကဲယွင်... စားပွဲသယ်ရမယ့် တာဝန်ကိုတော့ အစ်ကို့ကိုပဲ အပ်ခဲ့မယ်နော်"

ယွင်လျောင်က ဘာမျှမပြောဘဲ ခေါင်းသာ ငြိတ်ပြလိုက်သည်။

"ဒီဆိုင်းဘုတ်ကိုလည်း တစ်ခါတည်း သယ်သွားလိုက်ဦး"

"အင်း..."

ဝမ်ပင်း တိမ်မြူတောင်ထိပ်သို့ ပြန်လည်တက်ရန် ပြင်ဆင်လိုက်သည့်အချိန်မှာပင် စနစ်၏အသံမှာ သူ၏နားထဲ၌ မြည်ဟည်းလာခဲ့သည်။

"အသက် ၁၅ နှစ်နဲ့ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၅ ရောက်ရှိနေတဲ့ ကျင့်ကြံသူတစယောက်ကို ဆွဲဆောင်နိုင်ခဲ့တဲ့အတွက် သခင်ကို ဂုဏ်ပြုပါတယ်။ ဒါ့အပြင် သူက တော်တောလည်း ချမ်းသာပါတယ်။ သူက ဒီနေ့ ဒါမှမဟုတ် မနက်ဖြန်မှာ ဒီကို ရောက်လာပါလိမ့်မယ်"

"နောက်ဆုံးတော့ ရောက်လာပြီပေါ့"

ဝမ်ပင်း ကျေးဇူးတင်မိသွားသည်။ ဤဆွဲဆောင်မှုစွမ်းအားမှာ တကယ့်ကို ကောင်းကင်

ဆန့်ကျင်ဘက်ပင်။

"ဒါပေမဲ့... သခင် သူ ရောက်လာနိုင်ပေမဲ့ သူ့ကို ဒီမှာ ဆက်နေအောင် လုပ်နိုင်မလား မလုပ်နိုင်ဘူးလားဆိုတာကတော့ သခင်ရဲ့ အရည်အချင်းပေါ်မှာပဲ မူတည်ပါလိမ့်မယ်"

"စိတ်မပူပါနဲ့။ သူသာ ဒီကို ရောက်လာပြီဆိုရင်တော့ လွယ်လွယ်နဲ့ ပြန်ထွက်သွားချင်မှာ မဟုတ်ဘူးဆိုတာ ငါ ယုံကြည်တယ်"

ဝမ်ပင်းက အားရပါးရ ရယ်မောလိုက်သည်။ ထို့နောက် သူ ဘာကြောင့် ရယ်မောနေသည်ကို မသိဘဲ ကြည့်နေသည့် ယွင်လျောင်ကို လှမ်းကြည့်ကာ "ဘာမှမဟုတ်ပါဘူး ခုနက အစ်ကို လွှင့်ပစ်လိုက်တဲ့ အကြီးအကဲစွန်းရဲ့ ပုံစံက တော်တော်ရယ်ရလို့ပါ" ဟု ပြောလိုက်သည်။

"ကပြနေတဲ့ လူပြက်တစ်ယောက်ပါပဲ"

ယွင်လျောင်က အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။

"သွားစို့... ပြန်ကြမယ်"

ယွင်လျောင်၏ ပုခုံးကို ပုတ်လိုက်ပြီးနောက် ဝမ်ပင်းသည် တောင်ထိပ်ဆီသို့ ဦးတည်ကာ လျှောက်လှမ်းသွားတော့သည်။

ရန်မျိုးနွယ်စုမှာ ဆန်းဝူမြို့၏ ပိုးထည်လုပ်ငန်းလောက၌ နှစ်ပေါင်းတစ်ရာခန့် အခြေချခဲ့ခြင်းပင်။ လွန်ခဲ့သော အနှစ်နှစ်ဆယ်မှစတင်၍ ဆန်းဝူမြို့ရှိ လူဦးရေ ထက်ဝက်ကျော်၏ အဝတ်အထည်များမှာ ရန်မျိုးနွယ်စုမှ ရောင်းချသည့် ပိုးထည်များဖြင့် ချုပ်လုပ်ထားခြင်းဖြစ်သဖြင့် သူတို့မှာ တကယ့်ကို ငွေပုံပေါ်တွင် ထိုင်နေကြခြင်းပင်။

နှမြောစရာကောင်းသည်မှာ သူတို့မျိုးနွယ်စုအတွင်းမှ ကျင့်ကြံသူတစ်ဦးမျှ ထွက်ပေါ်မလာခဲ့ခြင်းပင်။ ထို့ကြောင့် သူတို့ မည်မျှပင် ချမ်းသာကြွယ်ဝပါစေ ဆန်းဝူမြို့ရှိ မျိုးနွယ်စုကြီးများကြားတွင်မူ တကယ့်ဩဇာအာဏာရှိသည့် မျိုးနွယ်စုဟု မသတ်မှတ်နိုင်ခဲ့ကြပေ။

ထို့ကြောင့်လည်း ထိုခေတ်က ရန်မျိုးနွယ်စုခေါင်းဆောင်မှာ နောင်မျိုးဆက်များကို ကျင့်ကြံခြင်းပညာ၌ ထူးချွန်လာစေရန် အစွမ်းကုန် ကြိုးစားပျိုးထောင်ပေးခဲ့သည်။ သူသည် ငွေကြေးအမြောက်အမြား အကုန်အကျခံကာ ကျင့်ကြံသူများကို မျိုးနွယ်စုအတွင်းအထိ ဖိတ်ခေါ်၍ သင်ကြားပြသပေးခဲ့သည်။

အနှစ်နှစ်ဆယ်အကြာတွင်မူ မျိုးနွယ်စုအတွင်းမှ ပါရမီရှင်များ စတင်ထွက်ပေါ်လာတော့သည်။ သို့သော် လက်ရှိဂိုဏ်းချုပ်၏သား ရန်လီလီမှာမူ ဘာမျှအသုံးမကျသူ ဖြစ်နေခဲ့ရှာသည်။ သူသည် အသက် ၁၄ နှစ်အရွယ်အထိ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁ ၌သာ ရှိနေခဲ့ခြင်းပင်။

သူသည် ကျင့်ကြံခြင်းလမ်းစဉ်ထက် လျှောက်လှမ်းနိုင်တော့မည်မဟုတ်ဘူးဟု အားလုံးက ထင်မှတ်နေကြစဉ်မှာပင် ရန်လီလီက လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။ တစ်နှစ်အတွင်းမှာပင် သူသည် အဆင့်လေးဆင့်ကို ကျော်ဖြတ်ကာ ထိုးဖောက်နိုင်ခဲ့သည့်အပြင် လွန်ခဲ့သော ရက်ပိုင်းက ပြုလုပ်ခဲ့သည့် မျိုးနွယ်စုတွင်းပြိုင်ပွဲ၌လည်း ချန်ပီယံ ဖြစ်ခဲ့သေးသည်။

ထို့ကြောင့် ရန်မျိုးနွယ်စုမှလူများက ရန်လီလီကို ကျင့်ကြံခြင်းဂိုဏ်းတစ်ခုခုသို့ ပို့ဆောင်ရန် ဆုံးဖြတ်လိုက်ကြသည်။ မှီခိုရာဂိုဏ်းက ပိုမိုနီးကပ်နေသော်လည်း ရန်လီလီကမူ ဆုတ်ယုတ်ပျက်စီးနေသည့် မသေမျိုးဂိုဏ်းသို့သာ သွားရောက်လိုနေခဲ့သည်။ ဘာမျှမတတ်နိုင်သည့်အဆုံး ရန်လီလီ၏ ဖခင်မှာ အိမ်တော်ထိန်းကြီးကို သူ၏သားနှင့်အတူ လိုက်ပါစေပြီး မသေမျိုးဂိုဏ်းသို့ သွားရောက်ကြည့်ရှုရန် ခိုင်းစေလိုက်ရတော့သည်။

“သခင်လေး... ဒီတစ်နှစ်အတွင်းမှာတင် မသေမျိုးဂိုဏ်းက အကြီးအကဲတွေနဲ့ တပည့်အများကြီးဟာ မှီခိုရာဂိုဏ်းထဲ ပြောင်းဝင်သွားကြပြီ။ ဒါ့အပြင် ကျင့်စဉ်တွေအပါအဝင် မသေမျိုးဂိုဏ်းက ပစ္စည်းမှန်သမျှကိုလည်း ဟိုဘက်ကို သယ်သွားကြပြီလေ။ အခု သခင်လေး မသေမျိုးဂိုဏ်းကို သွားရင်တောင် ဘာမှသင်ယူရမှာ မဟုတ်ဘူး”

ရန်လီလီနောက်သို့ လိုက်ပါလာသည့် အိမ်တော်ထိန်းအိုကြီးမှာ သူ၏သခင်လေးကို စိတ်ရင်းဖြင့် ဖျောင်းဖျနေပြီး မသေမျိုးဂိုဏ်းသို့ မသွားရန် မျှော်လင့်နေရှာသည်။

“ဦးလေး သတင်းတွေမကြားမိဘူးလား။ မသေမျိုးဂိုဏ်းက တပည့်တွေ ပြန်လည်လက်ခံနေပြီလေ။ ဒါပေမဲ့ သွားသမျှ ကျင့်ကြံသူတိုင်းက ချွင်းချက်မရှိ ငြင်းပယ်ခံနေရတာ။ သူတို့မှာသာ ယုံကြည်ချက်မရှိရင် ဒီလိုလုပ်ရဲပါ့မလား”

“သခင်လေးက ဒါကို အပေါ်ယံပဲ သိတာပါ။ မသေမျိုးဂိုဏ်းရဲ့ လူသစ်လက်ခံတဲ့ စံနှုန်းက အရမ်းကို ခက်ခဲလွန်းနေတာကြောင့် လူအများစုက ဘေးကနေ စပ်စုဖို့ပဲ သွားကြတာ။ နောက်ပြီး လူတွေ ငြင်းပယ်ခံရတယ်ဆိုတာကလည်း ကောလာဟလတွေပါ။ အလေးအနက် မထားပါနဲ့”

“ဦးလေး ပြောပုံအရဆိုရင် ကျွန်တော် မသေမျိုးဂိုဏ်းကို မသွားသင့်ဘူးပေါ့... ဟုတ်လား”

“မှီခိုရာဂိုဏ်းက ပိုကောင်းပါတယ်”

“ကျွန်တော် သွားကြည့်တာကတော့ ပိုကောင်းမယ် ထင်တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် မသေမျိုးဂိုဏ်းထဲ သေချာပေါက် ဝင်မှာမှ မဟုတ်တာ”

တကယ်တော့ ရန်လီလီကိုယ်တိုင်လည်း သူသည် အဘယ်ကြောင့် မသေမျိုးဂိုဏ်းသို့ သွားရောက်ချင်နေရတာလဲဟူသော အကြောင်းပြချက်ကို ရှာမတွေ့ခဲ့ပေ။

မည်သို့ပင်ဖြစ်စေ ရန်လီလီသည် သု့အား ဆွဲဆောင်နေသော စွမ်းအင်တစ်ရပ်ကို ခံစားနေရပြီး မသေမျိုးဂိုဏ်းသို့ မဖြစ်မနေ ဝင်ရောက်ရမည်ဟု စိတ်ထဲမှ တိုးတိတ်စွာ တိုက်တွန်းနေသကဲ့သို့ ရှိနေသည်။

ထိုသို့သော ခံစားချက်မျိုးမှာ အလွန်ပင် ထူးဆန်းအံ့ဩဖွယ် ကောင်းလှသည်။

ထို့ကြောင့် ရန်လီလီသည် အိမ်တော်ထိန်းကြီးနှင့် အချိန်ဖြုန်းမနေတော့ဘဲ ဆန်းဝူမြို့၏ အနောက်ဘက်ခြမ်းရှိ တိမ်မြူတောင်ပေါ်သို့ တိုက်ရိုက် တက်လှမ်းခဲ့တော့သည်။ အသက် ၆၀ ကျော် အရွယ်ရှိပြီဖြစ်သော အိမ်တော်ထိန်းအိုကြီးမှာလည်း မတတ်သာတော့သဖြင့် သူ့သခင်လေးနောက်မှ လိုက်ပါ၍ မသေမျိုးဂိုဏ်းဆီသို့ လိုက်ပါလာခဲ့ရရှာသည်။

လှေကားထစ်ပေါင်း ၁,၀၀၀ ကို ကျော်ဖြတ်ပြီးနောက် ရန်လီလီသည် ပင်မခန်းမဆောင်ကြီး၏ အောက်ဘက်ရှိ ရင်ပြင်ကျယ်ပေါ်တွင် ရပ်တန့်ကာ ခန့်ညားထည်ဝါလှသော အဆောက်အအုံကြီးကို လေ့လာကြည့်ရှုနေမိ၏။

ခုန်အုပ်တော့မည့်ဟန် ပြုလုပ်ထားသော ကျားဖြူရုပ်တုကြီးပေါ်သို့ အကြည့်ရောက်သွားချိန်တွင် သူ၏နှလုံးသားမှာ အတိုင်းအဆမရှိသော တုန်လှုပ်ခြောက်ခြားမှုတို့ဖြင့် ပြည့်နှက်သွားရသည်။

"တကယ်ကို ခန့်ညားလိုက်တာ..."

ဤဂိုဏ်းသည် ဆုတ်ယုတ်ပျက်စီးနေသည်ဟု ဆိုသော်ငြားလည်း ယခုမှ အသစ်တက်လာသော မှီခိုရာဂိုဏ်းကဲ့သို့ ကြယ်တစ်ပွင့် အဆင့်ရှိ ဂိုဏ်းများမှာမူ ဤမျှကြီးကျယ်သော အရှိန်အဝါမျိုးကို ယှဉ်နိုင်စွမ်း မရှိကြချေ။

သို့သော် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းကြည့်လိုက်သည့်အခါ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရဘဲ ပင်မခန်းမဆောင်ကြီးမှာလည်း ဟာလာဟင်းလင်း ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

ခေတ္တမျှ စောင့်ဆိုင်းကြည့်ပြီးနောက် ရန်လီလီသည် တောင်အောက်သို့ ပြန်ဆင်းရန် ပြင်လိုက်စဉ်မှာပင် ပင်မခန်းမဆောင်၏ အပြင်ဘက်၌ ရပ်နေသော အမျိုးသားတစ်ဦးကို မြင်တွေ့လိုက်ရသည်။

ထိုသူ၏ မျက်နှာမှာ ကျောက်စိမ်းကဲ့သို့ ဖြူစင်ဝင်းပနေပြီး တင့်တယ်ခန့်ညားသော အသွင်ကို ဆောင်နေသည်။ ဝင်လုဆဲဆဲ နေရောင်ခြည်တန်းတို့က သူ၏အပေါ်သို့ ဖြာကျနေသည့်အခါ ထိုသူ၏ ရုပ်ဆင်းသွင်ပြင်မှာ ပိုမို၍ ထင်ရှားပေါ်လွင်နေတော့၏။

ယွင်လျောင်က "မင်း ဘယ်သူ့ကို ရှာနေတာလဲ" ဟု မေးမြန်းလိုက်သည်။

"အဲ... အထင်မလွဲပါနဲ့ဦး။ မသေမျိုးဂိုဏ်းက တပည့်တွေ လက်ခံနေတယ်လို့ ကြားလို့ လာကြည့်တာပါ"

ရန်လီလီသည် ယွင်လျောင်၏ အေးစက်စက် မျက်နှာပေးကို မြင်လိုက်ရသည့်အပြင် သူ့အနေဖြင့် ပင်မခန်းမဆောင်ထဲသို့ ဤသို့ ရုတ်တရက် ဝင်လာခြင်းမှာ အတော်လေး ရိုင်းပျရာ ရောက်နေသည်ကို သိသဖြင့် အားတုံ့အားနာဟန်ဖြင့် အလျင်အမြန် ရှင်းပြလိုက်ရသည်။

"မင်း တကယ်ကြီး ပြောနေတာလား"

ယွင်လျောင်သည် အာရုံစိုက်၍ ထိုလူငယ်၏ ကျင့်ကြံမှုအဆင့်ကို စစ်ဆေးလိုက်ရာ ၎င်းမှာ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၅ တွင် ရှိနေသည်ကို တွေ့လိုက်ရ၏။ ထို့နောက် ယွင်လျောင်က ဆက်လက်၍ "မင်း အသက် ဘယ်လောက်ရှိပြီလဲ" ဟု မေးလိုက်ပြန်သည်။

"ကျွန်တော် အသက် ၁၅ နှစ် ပြည့်ပြီးပါပြီ"

"ထူးဆန်းလိုက်တာ... မသေမျိုးဂိုဏ်းက ပျက်စီးနေတာ တစ်နှစ်တောင် ရှိပြီပဲ။ ဘာလို့ လူတွေက အခုထိ လာနေကြတာလဲ"

ယွင်လျောင်သည် ဇဝေဇဝါဖြင့် တိုးတိုးလေး ရေရွတ်လိုက်မိ၏။ ထိုစဉ် ဝမ်ပင်း၏ တည်ငြိမ်အေးဆေးပြီး ပေါ့ပေါ့ပါးပါး ရှိလှသော မျက်နှာပေးမှာ သူ၏အာရုံထဲတွင် ဖျတ်ခနဲ ပေါ်လာလေတော့သည်။

"စီနီယာ... ဘာကို ဆိုလိုတာလဲဗျ"

"ဘာမှမဟုတ်ပါဘူး ငါ့နောက်ကိုသာ လိုက်ခဲ့ပါ။ တပည့်သစ်လက်ခံတဲ့ ကိစ္စတွေကိုတော့ ငါတို့ဂိုဏ်းချုပ်ကပဲ တာဝန်ယူတာမို့လို့"

ယွင်လျောင်သည် ပြောပြောဆိုဆိုနှင့် ရန်လီလီအား ဆွဲငင်အားနယ်ပယ်ရှိရာသို့ ခေါ်ဆောင်သွားသည်။ ထိုနေရာသို့ မရောက်မီမှာပင် ယွင်လျောင်သည် အရေးကြီးကိစ္စတစ်ခုကို ရုတ်တရက် သတိရသွားပြီး သူ၏နောက်မှ လိုက်ပါလာသော ရန်လီလီအား လှည့်မေးလိုက်၏။

"မင်း ဂိုဏ်းထဲဝင်ချင်တယ်ဆိုရင် ငွေအလုံအလောက် ယူလာခဲ့ရဲ့လား"

ရန်လီလီမှာ အံ့အားသင့်သွားပြီး ဇဝေဇဝါဖြင့် ပြန်မေးလိုက်သည်။

"ငွေယူလာခဲ့ရမယ် ဟုတ်လား"

"အေး... မင်းသာ မသေမျိုးဂိုဏ်းထဲ ဝင်ချင်တယ်ဆိုရင်တော့ ရွှေဒင်္ဂါး တစ်ထောင် ပေးရလိမ့်

မယ်"

ယွင်လျောင်သည် ဝမ်ပင်း ပြောခဲ့သည့်စကားများကို ပြန်လည်ပြောကြားရာတွင် သူကိုယ်တိုင်ပင် အသားမကျသေးသကဲ့သို့ ခံစားနေရသည်။

"ဂိုဏ်းထဲဝင်ဖို့ ငွေအများကြီး ပေးရမှာလားဗျ"

ရန်လီလီမှာ ဆွံ့အသွားရသလို ဘေးနားရှိ အိမ်တော်ထိန်းအိုကြီးမှာလည်း အတော်ပင် အံ့အားသင့်သွားရ၏။ ဂိုဏ်းဝင်ကြေး ရွှေတစ်ထောင်ဆိုသည်မှာ ကောလာဟလသက်သက်သာ ဖြစ်လိမ့်မည်ဟု သူ အစက ထင်မှတ်ထားခဲ့ခြင်းပင်။

ယွင်လျောင်သည် သူတို့၏ မျက်နှာထားများကို မြင်သော်လည်း ဘာမျှထပ်မံမပြောတော့ဘဲ ဆွဲငင်အားနယ်ပယ်၏ အပြင်ဘက်သို့ ခေါ်ဆောင်သွားကာ "ငါတို့ဂိုဏ်းချုပ်က ဟိုအထဲမှာ ရှိတယ်" ဟု ပြောလိုက်သည်။

"ဒီဘက်ကိုလာပြီး ထိုင်ကြပါဦး... ရေဆာနေရင် လက်ဖက်ရည်လေး ဘာလေး သောက်ကြဦးမလား"

ထိုခဏ၌ပင် ရှေ့ဘက်မှ ဝမ်ပင်း၏ အသံ ထွက်ပေါ်လာသည်။

ခြေလှမ်းအနည်းငယ် ထပ်လှမ်းလိုက်သည့်အခါ ကျောက်စားပွဲတစ်ခု၏ နောက်ကွယ်တွင် ထိုင်နေသော ဝမ်ပင်းကို မြင်တွေ့လိုက်ရ၏။

မသေမျိုးဂိုဏ်းချုပ်၏ ငယ်ရွယ်နုပျိုလွန်းသော ရုပ်သွင်ကို မြင်လိုက်ရသည့်အခါ ရန်လီလီသည် ဤဂိုဏ်းတွင် ဆက်နေလိုစိတ်မှာ ရုတ်တရက် ပျောက်ကွယ်လုနီးပါး ဖြစ်သွားရသည်။

[ဆွဲငင်အားနယ်ပယ် အသုံးပြုမှုဆိုင်ရာ စည်းကမ်းချက် - သာမန်တပည့်များသည် တစ်နေ့လျှင် ၆ နာရီ အသုံးပြုခွင့်ရှိပြီး ၂ နာရီလျှင် ရွှေဒင်္ဂါး ၁၀ ပြား ပေးဆောင်ရမည်]

ဆိုင်းဘုတ်ပေါ်ရှိ အချက်အလက်များကို ဖတ်ရှုပြီးနောက် ဂိုဏ်းဝင်ကြေး ရွှေတစ်ထောင်အကြောင်းကိုပါ ပြန်လည်စဉ်းစားမိသောအခါတွင်မူ မသေမျိုးဂိုဏ်းသည် အလွန်အမင်း ဆုတ်ယုတ်သွားသဖြင့် ဂိုဏ်းချုပ်ဖြစ်သူက နည်းမျိုးစုံဖြင့် ငွေညှစ်နေသည့် နေရာတစ်ခု ဖြစ်နေပြီဟု ရန်လီလီ နားလည်လိုက်တော့သည်။

"သခင်လေး... ကျွန်တော်တို့ ပြန်ကြရအောင်ဗျာ။ သူတို့က လူလိမ်တွေပဲ"

ဘေးနားရှိ အိမ်တော်ထိန်းအိုကြီးက လေသံတိုးတိုးဖြင့် ကပ်ပြောလိုက်၏။

သို့သော် ထိုလေသံမှာ မည်မျှပင် တိုးသည်ဆိုစေဦးတော့ ဝမ်ပင်း၏ နားထဲသို့မူ ရှင်းလင်းစွာ တိုးဝင်သွားခဲ့သည်။

ထိုအခါ ဝမ်ပင်းက "အကြီးအကဲယွင်... အစ်ကိုကတော့ ငွေကုန်ခံပြီး ဆွဲငင်အားနယ်ပယ်ကို ကိုယ်တိုင် စမ်းသပ်ဖူးတာပဲ။ သူတို့ကို အကျိုးအကြောင်းလေး ရှင်းပြပေးလိုက်ပါဦး" ဟု ပြောလိုက်သည်။

All Chapters