← Chapters

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း။ ၁၁

ယွင်လျောင်သည် ခေါင်းညိတ်လိုက်ပြီး ဆွဲငင်အားနယ်ပယ်ကို အသုံးပြုလိုပါက အဘယ်ကြောင့် အခကြေးငွေ ပေးဆောင်ရသည်ဟူသော အကြောင်းရင်းကို စတင်ရှင်းပြသည်။ ထို့ပြင် ဆွဲငင်အားနယ်ပယ်အတွင်း ကျင့်ကြံခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကိုလည်း ရန်လီလီအား အသေးစိတ် ပြောပြနေမိ၏။

သို့သော် ရန်လီလီမှာ ယွင်လျောင်၏ စကားမဆုံးမီမှာပင် ကြားဖြတ်၍ ဟန့်တားလိုက်သည်။

"ဒါက နည်းနည်းတော့ လုပ်ကြံလွန်းရာ မရောက်ဘူးလားဗျာ။ ဒီလောကကြီးထဲမှာ ဒီလောက်အထိ အံ့ဩဖို့ကောင်းတဲ့ နေရာမျိုး တကယ်ရှိနိုင်ပါ့မလား"

ထို့နောက်တွင်လည်း ယွင်လျောင်က အကြောင်းအရာ အတော်များများကို ဆက်တိုက်ဆိုသလို ရှင်းပြခဲ့သော်လည်း ရန်လီလီမှာမူ နားထောင်လေလေ ပို၍ ယုတ္တိမရှိလေလေဟုသာ ခံစားနေရတော့သည်။

"ကျွန်တော်က လူလိမ်မဟုတ်ဘူး"

ယွင်လျောင်က ပြောလိုက်သည်။

"သက်သေမှမရှိတာ ခင်ဗျားတို့ ကြိုက်သလို ပြောလို့ရတာပေါ့။ ဒါပေမဲ့ ကျွန်တော် ရန်လီလီကတော့ ငတုံးမဟုတ်ဘူးဗျ။ ခင်ဗျားတို့ပြောတာကို ယုံကြည်လိုက်ရင်မှ ထူးဆန်းနေဦးမယ်။ ဦးလေး... သွားကြစို့။ ကျွန်တော်တို့ မှီခိုရာဂိုဏ်းဘက်ကိုပဲ သွားကြည့်ရအောင်"

ထိုသို့ပြောပြီးနောက် သူသည် ထိုနေရာမှ ချက်ချင်းပင် ထွက်ခွာရန် ပြင်လိုက်တော့သည်။

ရန်လီလီ ထွက်ခွာသွားစဉ်တွင် သူ၏အကြည့်များမှာ လူလိမ်များကို ကြည့်သည့်အလား ဖြစ်နေသဖြင့် ယွင်လျောင်မှာ အနည်းငယ် ဒေါသထွက်သွားရ၏။

"ငါက ဆင်းယွဲ့မြို့ကနေလာတဲ့ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ ရှိတဲ့ ပညာရှင်တစ်ယောက်ပဲ။ ဒါ့အပြင် ရွှေဒင်္ဂါး သောင်းနဲ့ချီပြီး ချမ်းသာတဲ့သူတစ်ယောက်က မင်းလို အဆင့် ၅ ပဲ ရှိသေးတဲ့ ကျင့်ကြံသူလေးကို ဘာလို့ လိမ်ပြောနေရမှာလဲ"

ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ ဟုတ်လား။

ရန်လီလီသည် သူ၏ရှေ့မှ အမျိုးသားကို သံသယစိတ်ဖြင့် စိုက်ကြည့်နေမိသည်။

အကယ်၍ လူတစ်ယောက်သည် အသက် ၁၅ နှစ်တွင် အဆင့် ၅ သို့ ရောက်ရှိပါက ၎င်းသည် ကြယ်တစ်ပွင့် အဆင့်ရှိ ဂိုဏ်းတစ်ခု၏ အဓိကတပည့် ဖြစ်လာနိုင်သလို ကြယ်သုံးပွင့် အဆင့်ရှိ ဂိုဏ်းကြီးများသို့ပင် ဝင်ရောက်နိုင်သည်။

ထို့ကြောင့် အသက် ၂၀ အရွယ်တွင် အဆင့် ၁၃ သို့ ရောက်ရှိသူတစ်ဦးအကြောင်းမှာ ပြောနေရန်ပင် မလိုတော့ချေ။ ကြယ်တစ်ပွင့် အဆင့်ရှိ ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်ပင်လျှင် ထိုမျှအထိ အစွမ်းထက်ချင်မှ ထက်ပေလိမ့်မည်။

ဒါ... ဒါက ဖြစ်နိုင်လို့လား။ ဒီလိုမျိုး ရှားပါးလှတဲ့ ပါရမီရှင်တစ်ယောက်က ဘာဖြစ်လို့ အဆင့်အတန်းမရှိတဲ့ ဒီမသေမျိုးဂိုဏ်းမှာ ရောက်နေရတာလဲ။

ထို့နောက် ရန်လီလီက ရယ်မောလိုက်ပြီး "ခင်ဗျားက အဆင့် ၁၃ ရောက်နေတာ ဟုတ်လား။ ကြည့်ရတာ အသက် ၂၀ လောက်ပဲ ရှိဦးမှာပါ။ တကယ်လို့ အသက် ၂၀ နဲ့ အဆင့် ၁၃ ကို ရောက်နေတာမှန်ရင် ခင်ဗျားက ဒီလို ဆန်းဝူမြို့ သေးသေးလေးမှာ ဘာလို့ နေနေမှာလဲ"

ထိုစကားကို ကြားသောအခါ ဝမ်ပင်းသည် သူ၏ရယ်သံကို အသာအယာ ထိန်းချုပ်လိုက်ရင်း ယွင်လျောင်ကို လှမ်းကြည့်လိုက်၏။

အဆင့် ၁၃ ရှိသော အစွမ်းထက် ကျင့်ကြံသူတစ်ဦးမှာ လူလိမ်တစ်ယောက်ကဲ့သို့ အဆက်ဆံခံနေရခြင်းမှာ အလွန်ပင် ရယ်စရာကောင်းသည်။

"သူက အခု အသက် ၃၀ ရှိပြီ။ ဒါပေမဲ့ သူတစ်ပါး ငြူစူချင်စရာကောင်းတဲ့ ရုပ်ရည်မျိုး ပိုင်ဆိုင်ထားလို့ပါ။ ဒါနဲ့... မင်းကတော့ သူ့ကို အထင်သေးတဲ့ ဒုတိယမြောက်လူပဲ။ ပထမဆုံးလူတုန်းကတော့ ငါသာ မတားရင် သူ့ရဲ့လက်မောင်းကို သူ အကျိုးခံလိုက်ရမှာ။ အကြီးအကဲယွင်... ဒီတစ်ခါတော့ ကျွန်တော် မတားတော့ဘူး။ အစ်ကို့သဘောအတိုင်းသာ လုပ်ပါတော့"

ယွင်လျောင်သည် ထိုစကားကို ကြားသည်နှင့် သူ၏အကြည့်များမှာ တဖြည်းဖြည်း အေးစက်လာပြီး သူ၏အရှိန်အဝါများမှာလည်း ဆက်တိုက် မြင့်တက်လာတော့သည်။

သူက ခက်ထန်စွာ ဆိုလိုက်၏။

"မင်းပြောလိုက်တဲ့ စကားအတွက် မင်း တန်ဖိုးပြန်ပေးရလိမ့်မယ်"

ကြီးမားပြင်းထန်လှသော အရှိန်အဝါကို ခံစားလိုက်ရသည့်အခါ ရန်လီလီ၏ မျက်နှာထားမှာ ချက်ချင်းပင် ပြောင်းလဲသွားရသည်။

သူ၏ရှေ့မှ လူမှာ အလွန်အမင်း အစွမ်းထက်သော ကျင့်ကြံသူတစ်ဦး ဖြစ်နေ၏။ သို့သော်လည်း ရန်လီလီမှာမူ ကြောက်ရွံ့တုန်လှုပ်ခြင်း မရှိချေ။

သူက အစွမ်းထက်တော့ရော ဘာဖြစ်လဲ။ ငါက ဘာလို့ ကြောက်နေရမှာလဲ။

"လာလေ... စမ်းကြည့်လိုက်တာပေါ့"

သူ၏စကားသံအဆုံးတွင် ယွင်လျောင်၏ လက်ဖဝါးထက်၌ မီးလျှံများနှင့်သဏ္ဌာန်တူသော အပြာနုရောင် စွမ်းအင်အလွှာတစ်ခု ဖုံးလွှမ်းသွားသည်ကို ရန်လီလီ မြင်တွေ့လိုက်ရသည်။

ထိုအခြင်းအရာကို မြင်လိုက်ရသည့်အခါမှ ရန်လီလီသည် အမှန်တကယ်ပင် ထိတ်လန့်တုန်လှုပ်သွားတော့၏။

ရှူး...

ရန်လီလီ၏ ခန္ဓာကိုယ်မှာ အရှိန်အဟုန်ဖြင့် လှုပ်ရှားသွားသည်။

သူသည် ဘာကိုမျှ စဉ်းစားမနေတော့ဘဲ ကိုယ်ကို ၉၀ ဒီဂရီအထိ ကိုင်းညွတ်ကာ အသည်းအသန် ဦးညွှတ်လိုက်တော့၏။

"စီနီယာ... ကျွန်တော် မှားသွားပါတယ်ဗျာ"

အတွင်းချီကို အပြင်သို့ ထုတ်လွှတ်နိုင်ခြင်းဆိုသည်မှာ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ ရှိသော ပညာရှင်တစ်ဦး၏ အမှတ်အသားပင်။

လာနောက်နေတာလား...

အဲဒီလက်ဝါးချက်သာ တကယ်ပဲ ထိသွားမယ်ဆိုရင်... ငါ့ရဲ့ မျက်နှာက နောင်တစ်သက်လုံး ပြန်ပြင်လို့မရအောင် ရွဲ့စောင်းသွားမှာ အသေအချာပဲ။

ခွမ်း…

ဝမ်ပင်းသည် သူ၏လက်ထဲမှ လက်ဖက်ရည်ခွက်ကို သတိလက်လွတ် ဆုပ်ကိုင်မိရာမှ အက်ကွဲသွားခဲ့သည်။

"ဟားဟား... ဒီကောင်စုတ်လေးကတော့ တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ"

ဝမ်ပင်းက ပြောလိုက်သည်။

တစ်ဖက်တွင်မူ ယွင်လျောင်မှာ သူ၏ရင်ထဲမှ ဒေါသမာန်များကို အတင်းအကျပ် အောင့်အည်းသည်းခံနေရ၏။ တစ်ဖက်လူက ဤကဲ့သို့ ပြုမူလာသည့်အတွက် သူက ဆက်လက်တိုက်ခိုက်နေပါကလည်း သိပ်ကြည့်မကောင်းတော့ချေ။

ထို့ကြောင့် သူသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး "သွားစမ်း" ဟုသာ မောင်းထုတ်လိုက်ရတော့သည်။

"သွားတော့ သူငယ်ချင်း... မင်းက ငါတို့ မသေမျိုးဂိုဏ်းရဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီတယ်ဆိုပေမဲ့ အဆင့် ၁၃ ရှိတဲ့ ငါတို့ဂိုဏ်းရဲ့ နည်းပြအကြီးအကဲကို ရန်စမိသွားတာတော့ နှမြောစရာပဲ။ မင်းသာ မသေမျိုးဂိုဏ်းထဲ တကယ်ဝင်ချင်တယ်ဆိုရင်တော့ ရှေ့လျှောက် မင်းအတွက် ဆင်းရဲဒုက္ခရောက်မယ့်နေ့တွေ အများကြီး ရှိလာလိမ့်မယ်လို့ပဲ ငါ ပြောနိုင်တော့မယ်"

ဝမ်ပင်းသည် ပြောပြောဆိုဆိုနှင့် မတ်တပ်ရပ်လိုက်ကာ ချွေးများဖြင့် ရွှဲနစ်နေသော သူ၏အပေါ်အင်္ကျီကို ချွတ်လိုက်သည်။

သူသည် ဆွဲငင်အားနယ်ပယ်အတွင်းသို့ ဝင်ရန် ပြင်လိုက်စဉ်မှာပင် ရန်လီလီသည် သူ့အား တားဆီးရန် ကြိုးစားနေသော အိမ်တော်ထိန်းအိုကြီးကို ဘေးသို့ ဖယ်ထုတ်လိုက်၏။

ထို့နောက် ဝမ်ပင်းထံသို့ ပြေးဝင်သွားပြီး ပြောလိုက်သည်။

"ဂိုဏ်းချုပ်... ကျွန်တော် မသေမျိုးဂိုဏ်းထဲ ဝင်ချင်ပါတယ်"

"မင်း သေချာရဲ့လား"

ဝမ်ပင်းသည် မသိစိတ်ဖြင့် ယွင်လျောင်ကို တစ်ချက် လှမ်းကြည့်လိုက်မိ၏။

"သေချာပါတယ်ဗျ"

"ဒါက မင်းကိုယ်တိုင် ပြောတာနော်။ ဒါဆိုရင် အရင်ဆုံး ဂိုဏ်းဝင်ကြေးကို အရင်ပေးချေလိုက်ပါ။ ပြီးရင်တော့ အကြီးအကဲယွင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေကို နားထောင်ရလိမ့်မယ်"

"ဟုတ်ကဲ့ပါ"

ရန်လီလီသည် ခေါင်းကို အဆက်မပြတ် ညိတ်ပြနေတော့သည်။ သူသည် အိမ်တော်ထိန်းအိုကြီးကို အမြန်ခိုင်းစေကာ ရွှေဒင်္ဂါး ၁၀၀ တန် ငွေစက္ကူတစ်ရွက်ကို ထုတ်ယူခိုင်းပြီး ဝမ်ပင်းထံသို့ ကမ်းပေးလိုက်၏။

"ဂိုဏ်းချုပ်... ဒါက ရွှေဒင်္ဂါး ၁၀၀ တန်ဖိုးရှိပါတယ်။ ဒီနေ့ ကျွန်တော် အလောတကြီး ထွက်လာမိလို့ ငွေအများကြီး ပါမလာခဲ့ဘူးဗျ။ ဒါကြောင့် ကျန်တဲ့ ရွှေဒင်္ဂါး ၉၀၀ ကို အကြွေးအနေနဲ့ ခဏထားပေးလို့ ရမလား။ မနက်ဖြန် မနက်စောစောကျရင် ကျန်တဲ့ငွေတွေကို ကျွန်တော် အရောက်ယူလာခဲ့ပါ့မယ်"

"စိတ်မရှိပါနဲ့... ဒီနေရာက ဂိုဏ်းတစ်ခုပါ။ ကုန်စုံဆိုင် မဟုတ်တဲ့အတွက် ဈေးဆစ်လို့ မရဘူး။ မင်းက မနက်ဖြန်မှ ငွေအပြည့်အစုံ ယူလာမှာဆိုတော့ မနက်ဖြန်ကျမှပဲ မင်းကို ငါ့ဂိုဏ်းရဲ့ တပည့်တစ်ယောက်အဖြစ် သတ်မှတ်လို့ ရလိမ့်မယ်"

ဝမ်ပင်းသည် ရွှေ ၁၀၀ တန် ငွေစက္ကူကို လှမ်းမယူဘဲ ဆွဲငင်အားနယ်ပယ်ဆီသို့ လက်ညှိုးညွှန်ပြလိုက်ကာ "မင်း အထဲကိုဝင်ပြီး တစ်ခါလောက် စမ်းကြည့်ချင်လား" ဟု မေးလိုက်သည်။

"စမ်းကြည့်ချင်ပါတယ်ဗျ"

ရန်လီလီမှာ ခေါင်းကို တရစပ် ညိတ်ပြနေလေတော့သတည်း။

ရန်လီလီသည် အိမ်တော်ထိန်းကြီးအား အရင်ပြန်နှင့်ရန် ပြောကြားပြီးနောက် ရွှေဒင်္ဂါး ၃၀ ကို သတ္တုသေတ္တာအတွင်းသို့ ထည့်သွင်းကာ ဆွဲငင်အားနယ်ပယ်အတွင်းသို့ လှမ်းဝင်လိုက်သည်။

"ဖိအားက တကယ်ပဲ တောင်တစ်လုံးလို လေးလံလှချေလား..."

သူ၏ခန္ဓာကိုယ်မှာ ရုတ်ချည်းပင် ယခင်ကထက် များစွာလေးလံသွားသည်ကို ခံစားလိုက်ရသဖြင့် ရန်လီလီ၏ စိတ်နှလုံးမှာ အတိုင်းအဆမရှိ တုန်လှုပ်သွားရ၏။

သူတစ်ပါးပြောသည်ကို ကြားရုံမျှနှင့် ကိုယ်တိုင်တွေ့ကြုံခံစားရခြင်းမှာ ကွာခြားလွန်းသည်။

အကယ်၍ သူသာ ဤနေရာ၌ ကိုယ်တိုင်ရပ်နေခြင်းမျိုး မဟုတ်ပါက တစ်စုံတစ်ယောက်က ရွှေဒင်္ဂါး တစ်သောင်းပေး၍ ဖျောင်းဖျလျှင်ပင် ဤကဲ့သို့ ထူးခြားဆန်းပြားသော နေရာမျိုး ရှိနိုင်လိမ့်မည်ဟု သူ ယုံကြည်လိမ့်မည် မဟုတ်ချေ။

သူသည် သူ၏ကျင့်စဉ်အတိုင်း ချီစွမ်းအင်ကို ခန္ဓာကိုယ်အတွင်း လှည့်ပတ်ကြည့်ရာတွင် စွမ်းအင်စီးဆင်းမှုနှုန်းမှာ အကြီးအကဲယွင် ပြောခဲ့သည့်အတိုင်း ကိုးဆခန့် ပိုမိုမြန်ဆန်လာသည်ကို အမှန်တကယ်ပင် တွေ့ရှိလိုက်ရသည်။

ထိုစဉ် ဘေးနားတွင် ရပ်နေသော ဝမ်ပင်း၏ အသံမှာ လွင့်ပျံလာခဲ့၏။

"တိုက်ခိုက်ရေးမုဒ်ကို ရွေးချယ်ပြီး စမ်းသပ်ကြည့်လိုက်ပါဦး"

"ဪ... ဟုတ်ကဲ့ပါ"

ရန်လီလီက ပြန်ဖြေလိုက်သည်။

သူ၏ရှေ့မှောက်တွင် ပေါ်ထွက်လာသော ရွေးချယ်စရာနှစ်ခုကို မြင်တွေ့ရသောအခါ ရန်လီလီသည် ဒုတိယရွေးချယ်မှုကိုပင် တွန့်ဆုတ်ခြင်းမရှိဘဲ ရွေးချယ်လိုက်တော့သည်။

...

ညဉ့်နက်ပိုင်းအချိန် ရန်လီလီသည် ဆွဲငင်အားနယ်ပယ်အတွင်း၌ မနားတမ်း ပြေးလွှားလှုပ်ရှားနေရ၏။ သို့သော် သူ၏အရှိန်မှာ သိပ်မမြန်လှသေးဘဲ လေဆာတန်းလေးခုအနက် တစ်ခုကိုသာ ခက်ခဲစွာ ရှောင်တိမ်းနိုင်သေးသည်။

ဤအချိန်၌ သူ၏အင်္ကျီမှာ ချွေးများဖြင့် ရွှဲနစ်နေပြီဖြစ်ကာ မေးစေ့မှလည်း ချွေးစက်များ တတောက်တောက်ကျနေသည်။ သူ၏ အသက်ရှူသံများမှာလည်း ပြင်းထန်လှ၏။

ပင်ပန်းနွမ်းနယ်နေသည်မှာ မှန်သော်လည်း သူ၏စိတ်မှာမူ အလွန်ပင် ကြည်နူးနေမိသည်။

အမှန်စင်စစ် သူ၌ လျှို့ဝှက်ချက်တစ်ခု ရှိနေသည်။

သူသည် တစ်နှစ်အတွင်း ကျင့်ကြံမှုအဆင့် လေးဆင့်အထိ ထိုးဖောက်နိုင်ခဲ့ခြင်းမှာ တောင်ပေါ်တွင် သူရရှိခဲ့သော ကျင့်စဉ်တစ်ခုကြောင့်ပင်။ ၎င်းမှာ အဝါရောင်အဆင့်မြင့်ကျင့်စဉ်တစ်ခုဖြစ်ပြီး အကယ်၍ ၎င်းကို အဆင့်အမြင့်ဆုံးအထိ ကျင့်ကြံနိုင်ပါက နက်နဲသောနယ်ပယ်သို့ တက်လှမ်းနိုင်မည်ပင်။

လက်ရှိတွင် သူသည် အခြေခံအဆင့်၌သာ ရှိသေးသော်လည်း ၎င်းမှရရှိသော အကျိုးကျေးဇူးများမှာ အလွန်ပင် ကြီးမားသည်။

သို့သော် သူသည် အခြေခံအဆင့်သို့ ရောက်ရှိပြီးနောက်တွင်မူ နောက်ထပ်တစ်ဆင့်ဖြစ်သော အလတ်စားအဆင့်သို့ တက်လှမ်းရန် မျှော်လင့်ချက် မရှိတော့သကဲ့သို့ ခံစားနေရ၏။ ၎င်းမှာ မမြင်ရသော နံရံကြီးတစ်ခုက သူ့အား ပိတ်ဆို့ထားသကဲ့သို့ပင်။

အခြားသူများက သူ၏ကျင့်စဉ်ကို လိုချင်တပ်မက်မည်ကို စိုးရိမ်သဖြင့် ဤအကြောင်းကို သူ မည်သူ့ကိုမျှ မပြောရဲခဲ့ချေ။

သို့သော် ဤဆွဲငင်အားနယ်ပယ်အတွင်း၌မူ ထိုမမြင်ရသော အတားအဆီးနံရံကြီးမှာ တဖြည်းဖြည်း ပါးလွှာလာသကဲ့သို့ သူ ခံစားလိုက်ရသည်။ အလတ်စားအဆင့်သို့ သွားရာတံခါးဝကို ပိတ်ဆို့ထားသော တောင်ကြီးသဖွယ် နံရံကြီးမှာ ယခုအခါတွင်မူ လိုက်ကာစတစ်ခုကဲ့သို့ပင် ပါးလျသွားခဲ့သည်။

ထိုအတားအဆီးကို အပေါက်ဖောက်နိုင်သည်နှင့် တစ်ပြိုင်နက် သူသည် အလတ်စားအဆင့်သို့ တက်လှမ်းနိုင်မည်ပင်။

ထို့ပြင် သူ၏ ခန့်မှန်းချက်အရ အားသွန်ခွန်စိုက် ကျင့်ကြံအားထုတ်မည်ဆိုပါက ထိုအဆင့်သို့ရောက်ရန် အလွန်ဆုံး တစ်ပတ်ခန့်သာ လိုတော့သည်။ အမှန်စင်စစ် တစ်ပတ်ပင် ကြာမည်မဟုတ်ချေ။

အခုတော့... ငါ့ရဲ့ ဝိညာဉ်က ဘာဖြစ်လို့ ဒီပျက်စီးနေတဲ့ မသေမျိုးဂိုဏ်းဆီကို အတင်းအကျပ် ဆွဲဆောင်ခြင်းခံနေရတာလဲဆိုတဲ့ အဖြေကို ငါ ရှင်းရှင်းလင်းလင်း သိသွားပြီ။ ဒါက ကံကြမ္မာရဲ့ စနောက်မှု မဟုတ်သလို ငါ့ရဲ့ အာရုံမှားတာလည်း မဟုတ်ဘူး။ ဒီအဖြေကတော့ ငါ့ရှေ့မှာ ရှိနေတဲ့ ဆွဲငင်အားနယ်ပယ်ကြောင့်ပဲ။

"ဂိုဏ်းဝင်ကြေးက ရွှေဒင်္ဂါး တစ်ထောင်မကလို့ တစ်သောင်းဆိုရင်တောင် ငါ ပေးဖို့ အဆင်သင့်ပဲ"

ရန်လီလီသည် မနက်ဖြန် မနက်စောစောတွင် ငွေများယူဆောင်လာပြီး မသေမျိုးဂိုဏ်းသို့ မဖြစ်မနေ ဝင်ရောက်ရန် စိတ်ပိုင်းဖြတ်လိုက်သည်။ ထိုအချိန်မှစ၍ သူသည် မသေမျိုးဂိုဏ်း၌သာ အခြေချကျင့်ကြံတော့မည်ပင်။

သူ၏ အတွေးကမ္ဘာအတွင်း နစ်မျောနေစဉ်မှာပင် ဝမ်ပင်း၏ အသံမှာ ပေါ့ပေါ့ပါးပါးပင် လွင့်ပျံလာခဲ့သည်။

"အချိန်က တော်တော်နှောင်းနေပြီပဲ မင်း ပြန်ဖို့ မစဉ်းစားသေးဘူးလား"

"မလောပါဘူးဗျ"

ရန်လီလီက ခေါင်းညိတ်ပြရင်း ဝမ်ပင်းကို လှမ်းကြည့်ကာ အားရပါးရ ပြုံးပြလိုက်မိသည်။

ရန်လီလီသည် ခေါင်းမော့ကြည့်လိုက်သောအခါ ကောင်းကင်ယံမှာ လုံးဝမှောင်မိုက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် ကျင့်ကြံနေခြင်းကို ရပ်တန့်လိုက်ပြီး နောက်သို့ပင် ပြန်မလှည့်ကြည့်တော့ဘဲ တောင်အောက်သို့ အပြေးဆင်းသွားတော့သည်။

သို့သော် တောင်အလယ်သို့ ရောက်သောအခါ ယွင်လျောင်နှင့် ဆုံတွေ့ခဲ့၏။

ယွင်လျောင်က ရန်လီလီအား ဤဆွဲငင်အားနယ်ပယ်အကြောင်းကို မည်သူ့ကိုမျှ မပြောရန်နှင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရန် သတိပေးစကား ပြောလိုက်သည်။

ရန်လီလီက ခေါင်းညိတ်လက်ခံလိုက်သော်လည်း ယွင်လျောင်၏ စကားကြောင့် သူသည် အခြားအကြောင်းအရာတစ်ခုကို သတိရသွားခဲ့၏။

သူ၌ ဂိုဏ်းတစ်ခုခုသို့ ဝင်ရောက်ရန် စဉ်းစားနေသော သူငယ်ချင်းတစ်ဦး ရှိနေသည်။

ဒီလောက်အထိ အံ့ဩဖို့ကောင်းတဲ့ နေရာမျိုးကို ငါတစ်ယောက်တည်း ကျင့်ကြံနေရမှာလား။ မဖြစ်နိုင်တာ... အကယ်၍သာ သူ့ကိုပါ ငါနဲ့အတူ မသေမျိုးဂိုဏ်းထဲကို ဝင်ဖို့ ခေါ်ဆောင်လာနိုင်မယ်ဆိုရင်... ငါတို့နှစ်ယောက်စလုံးရဲ့ တိုးတက်မှုနှုန်းက တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေမှာ အသေအချာပဲ။

ရန်လီလီသည် ယွင်လျောင်၏ သဘောထားကို မေးမြန်းကြည့်ရာ ကန့်ကွက်ခြင်းမရှိသည်ကို တွေ့ရသဖြင့် အလွန်ဝမ်းသာသွားကာ အလျင်အမြန်ပင် ထွက်ခွါသွားတော့သည်။

အခန်း။ ၂

ညမှောင်စပြုလာသည်နှင့်အမျှ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

ဝမ်ပင်းသည် ဆွဲငင်အားနယ်ပယ်အတွင်းမှ လေးလံသော ခြေလှမ်းများဖြင့် ထွက်ခွာလာခဲ့၏။ သူ၏ အတွင်းခံအင်္ကျီမှာ ချွေးများဖြင့် ရွှဲနစ်နေပြီး အရေပြားတွင် ကပ်ငြိနေသဖြင့် လမ်းလျှောက်ရသည်မှာ တစ်မျိုးကြီး ဖြစ်နေသော်လည်း သူ၏မျက်နှာတွင်မူ ကြည်နူးပီတိဖြစ်နေသော အရိပ်အယောင်များ ထင်ဟပ်နေသည်။ အကြောင်းမှာ သူသည် ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၈ သို့ ခုနလေးတင် ထိုးဖောက်ရောက်ရှိသွားခဲ့ခြင်းကြောင့်ပင်။

ထို့နောက် မနေ့ကအတိုင်းပင် ဝမ်ပင်းသည် မိုးသံကြားခန်းမသို့ ပြန်လာခဲ့ပြီး သာယာသော ညချမ်းအချိန်ကို ကုန်ဆုံးစေခဲ့သည်။ နောက်တစ်နေ့ နံနက်တွင်မူ သူသည် ယွင်လျောင်နှင့်အတူ ဆွဲငင်အားနယ်ပယ်သို့ သွားရောက်ကာ ကျင့်ကြံခဲ့ကြပြီး မွန်းလွဲပိုင်းသို့ ရောက်သောအခါ ထိုနှစ်ဦးသည် စားပွဲနှင့် သစ်သားဆိုင်းဘုတ်ကို တိမ်မြူတောင်ခြေသို့ တစ်ဖန် ပြန်လည်သယ်ဆောင်လာခဲ့ကြပြန်သည်။

သို့သော် တောင်အောက်သို့ ရောက်ရှိပြီးနောက် ဝမ်ပင်းသည် အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ရောက်ရှိမလာခဲ့ချေ။

ပတ်ဝန်းကျင်မှာ အေးစက်တိတ်ဆိတ်နေပြီး မနေ့က စည်ကားသိုက်မြိုက်ခဲ့မှုနှင့် လုံးဝ ခြားနားနေသည်။

ဝမ်ပင်းက စိတ်ထဲမှနေ၍ စနစ်ကို အလျင်အမြန် မေးမြန်းလိုက်သည်။

"စနစ်... မင်း ပင်မခန်းမဆောင်ရဲ့ ဆွဲဆောင်မှုစွမ်းအားကို ပိတ်လိုက်တာလား"

"ဖွင့်ထားဆဲပါ"

"ဒါဆိုရင် နှစ်နာရီတောင် ရှိနေပြီပဲ။ ဘာလို့ တစ်ယောက်မှ ရောက်မလာသေးတာလဲ"

စနစ်သည် ဤမေးခွန်းကို ပြန်လည်ဖြေကြားခြင်း မပြုခဲ့ချေ။

စနစ်အနေဖြင့်လည်း သူ၏ရင်ထဲတွင် ငါ့ကိုလာမေးနေတော့ ငါက ဘယ်သူ့ကို သွားမေးရမှာလဲ ဟု ကျိန်ဆဲနေမိကောင်း နေပေလိမ့်မည်။

ထို့နောက် ဝမ်ပင်းသည် ဘာမျှမလုပ်ဘဲ ထိုင်နေသော ယွင်လျောင်ကို ကြည့်ကာ ပြောလိုက်သည်။

"အကြီးအကဲယွင်... ဒီမှာ ခဏလောက် ထပ်စောင့်နေပေးပါဦး။ တစ်မွန်းလွဲခင်းလုံး လူတစ်ယောက်မှ ရောက်မလာသေးတော့ ပတ်ဝန်းကျင်ကို တစ်ချက်လောက် သွားကြည့်လိုက်ဦးမယ်။ တစ်ခုခု မှားယွင်းနေသလားလို့"

ဝမ်ပင်း မတ်တပ်ရပ်ကာ တကယ်သွားတော့မည်ကို မြင်သောအခါ ယွင်လျောင်၏ ရင်ထဲတွင် အတန်ငယ် အားမလိုအားမရ ဖြစ်သွားမိ၏။

လူလာရင်မှ ထူးဆန်းနေဦးမှာပေါ့ ဟုတ်လား။ မသေမျိုးဂိုဏ်းက ဆုတ်ယုတ်နေတာပဲ။ ဘယ်သူမှ မဝင်ချင်တာက သဘာဝကျပါတယ်။

လူလာရင်တောင်မှ မင်းက ငြင်းလွှတ်မှာပဲ မဟုတ်လား။ ဒါဆိုရင် လူလာတာနဲ့ မလာတာ ဘာထူးမှာလဲ။

သို့သော် ထိုစကားကို သူ အပြင်ထုတ်မပြောခဲ့ချေ။ ဝမ်ပင်း ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် သူသည် ကုလားထိုင်ပေါ်တွင် ထိုင်ကာ ပျင်းပျင်းရှိသည်နှင့် သီချင်းတစ်ပုဒ်ကို တိုးတိုးလေး ညည်းဆိုနေတော့သည်။

...

တိမ်မြူတောင်ခြေမှ ထွက်ခွာလာပြီးနောက် ဝမ်ပင်းသည် လမ်းမအတိုင်း ဆက်လက်လျှောက်လှမ်းလာခဲ့ပြီး သတင်းအချက်အလက် တစ်စုံတစ်ရာ ရရှိနိုင်မလားဟု လူများကို စုံစမ်းကြည့်သည်။ ဝမ်းနည်းစရာမှာမူ နှုတ်ခမ်းနီရောင်းသည့်ဆိုင်ရှင်က သူ၏ကုန်ပစ္စည်းများအကြောင်းသာ ပြောဆိုလိုပြီး တည်းခိုခန်းများရှိ လူများကလည်း သာမန်အကြောင်းအရာများကိုသာ စကားစမြည် ပြောဆိုနေကြခြင်းပင်။

ထို့ပြင် ဝမ်ပင်း၏ ဘေးပတ်ဝန်းကျင်မှ ဖြတ်သန်းသွားလာသူများသည်လည်း တစ်ဦးနှင့်တစ်ဦး သူတို့၏ ကိုယ်ပိုင်အကြောင်းအရာများကိုသာ အသားပေး၍ ကြွားဝါပြောဆိုနေကြသည်။

ဝမ်ပင်းသည် လမ်းတစ်ဝက်ခန့်အထိ ဆက်လက်လျှောက်လှမ်းလာပြီးနောက် မြင်လိုက်ရသည့် မြင်ကွင်းတစ်ခုကြောင့် သူ၏မျက်စိထဲတွင် အလွန်ပင် ကသိကအောက် ဖြစ်သွားရ၏။

ထိုနေရာတွင် ကုလားထိုင်နှစ်လုံးနှင့်အတူ လေးထောင့်စားပွဲတစ်လုံးကို ချထားပြီး စားပွဲပေါ်တွင်လည်း လျှောက်လွှာပုံစံများ တင်ထားသည်ကို တွေ့ရသည်။ ထို့ပြင် ဝတ်ရုံနက်ဝတ်ဆင်ထားသော လူငယ်နှစ်ဦးမှာလည်း ထိုနေရာ၌ ထိုင်နေကြသည်။

နေပါဦး... ဒီမှာ မြင်နေရတဲ့ ခင်းကျင်းပုံက ဘာဖြစ်လို့ ငါကိုယ်တိုင် တိမ်မြူတောင်ခြေမှာ လုပ်ထားတဲ့ တပည့်သစ်လက်ခံရေး စားပွဲနဲ့ ဒီလောက်အထိ တူညီနေရတာလဲ။ စားပွဲ တည်ထားပုံကအစ၊ စာရင်းပေးသွင်းရမယ့် ပုံစံအဆုံး... တစ်ထပ်တည်း တူနေတာပဲ။

ထို့အတူ သူတို့၏ ဘေးနားတွင် ဆိုင်းဘုတ်တစ်ခုကို ထောင်ထားပြီး စာလုံးအကြီးကြီးများဖြင့် ရေးသားထားသည်မှာ [မှီခိုရာဂိုဏ်းမှ ကြီးမှူးကျင်းပသော တပည့်သစ် စုဆောင်းရေးနေရာ] ဟူ၍ပင်။

ထိုစဉ် လူငယ်တစ်ဦးသည် သူတို့ရှေ့မှ ဖြတ်လျှောက်သွားရာ ဝတ်ရုံနက်နှင့်လူတစ်ဦးက လှမ်း၍ တားဆီးလိုက်သည်။

"ညီလေး... ဘယ်ကို သွားမလို့လဲ"

ဝတ်ရုံနက်နှင့်လူသည် အခြားသူများကို ဂရုမစိုက်ဘဲ ထိုလူငယ်ကိုသာ တိုက်ရိုက်လှမ်းခေါ်၍ တားလိုက်ခြင်းပင်။

ဝမ်ပင်းသည် ထိုလူငယ်၏ အချက်အလက်များကို တစ်ချက် အကဲခတ်ကြည့်လိုက်၏။

...

[ရန်ယီ]

[ကျား/မ - ကျား]

[အသက် - ၁၃ နှစ်]

[ကျင့်ကြံမှုအဆင့် - ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၂]

ပါရမီမှာ အလွန်ပင် သာမန်မျှသာဖြစ်ပြီး ကျင့်ကြံမှုအဆင့်မှာလည်း သာမန်ကာလျှံကာမျှသာ ရှိသည်။

...

ကျင့်ကြံမှုအဆင့် မရှိသူများ ဖြတ်သွားသည့်အခါ ထိုဝတ်ရုံနက်နှင့် လူငယ်များက လှမ်းမခေါ်သော်လည်း ဤလူငယ်ကိုမူ လှမ်းခေါ်သည်ကို ဝမ်ပင်း သတိပြုမိလိုက်သည်။

ဤအချိန်၌ ဘာတွေဖြစ်ပျက်နေသည်ကို ဝမ်ပင်း နားမလည်သေးပါက သူသည် ငတုံးတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။

ဤသူများသည် သူ၏ မသေမျိုးဂိုဏ်းသို့ လာရောက်မည့် တပည့်လောင်းများကို လမ်းခုလတ်မှ ကြားဖြတ်ဟန့်တားနေကြခြင်းမှာ ထင်ရှားသည်။

"ကျွန်တော်... မသေမျိုးဂိုဏ်းကို သွားမလို့ပါ"

ထိုလူငယ်က အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြန်ဖြေလိုက်သည်။

"အဲဒီကို ဘာသွားလုပ်မှာလဲ"

"မသေမျိုးဂိုဏ်းက တပည့်သစ်တွေ စုဆောင်းနေတယ်လို့ ကြားမိလို့ပါ။ အဲဒါကြောင့် ကျွန်တော်လည်း ကံစမ်းကြည့်ချင်လို့ သွားမလို့ပါ"

ထိုစကားကို ကြားလိုက်ရသည့်အခါ ဝတ်ရုံနက်နှင့်လူ၏ မျက်နှာပေးမှာ ရုတ်ချည်း တင်းမာသွားပြီး ဒေါသထွက်နေဟန် ပေါ်ပေါက်လာသည်။ ဤသို့ ဒေါသကို ထိန်းချုပ်ထားရင်း ဖိအားပေးနေသည့် အမူအရာကြောင့် လူငယ်မှာ ကြောက်လန့်တကြား နောက်တွန့်သွားရလေ၏။

"မသေမျိုးဂိုဏ်းက တပည့်သစ် လက်ခံနေတယ်လို့ မင်းကို ဘယ်သူပြောလဲ။ အဲဒီဂိုဏ်းက အခုဆို ဘာမှမဟုတ်တော့ဘဲ ပျက်စီးနေပြီလေ။ တစ်မြို့လုံးမှာ တပည့်သစ် လက်ခံနေတဲ့ တစ်ခုတည်းသော ဂိုဏ်းက ငါတို့ မှီခိုရာဂိုဏ်းပဲ ရှိတယ်"

"ဒါပေမဲ့ ကျွန်တော့်သူငယ်ချင်းက မနေ့ကပဲ အဲဒီကို သွားခဲ့သေးတယ်လေ..."

လူငယ်၏ စကားမဆုံးမီမှာပင် တစ်ဖက်လူက ကြားဖြတ်၍ ဟန့်တားလိုက်ပြန်သည်။

"ဘာသွားလုပ်တာလဲ။ အခုအချိန်မှာ ငါတို့ မှီခိုရာဂိုဏ်း တစ်ခုတည်းပဲ တပည့်လက်ခံနေတာ။ မင်း ကျင့်ကြံချင်တယ်ဆိုရင် ငါတို့ဂိုဏ်းထဲဝင် မဝင်ချင်ရင်တော့ အိမ်ပြန်ပြီး မင်းဘာသာမင်း ကျင့်ကြံတော့"

"ဟုတ်... ဟုတ်ကဲ့ပါ"

လူငယ်မှာ ထိုစကားများကြောင့် ကြောင်အမ်းသွားရပြီး မှီခိုရာဂိုဏ်း၏ မှတ်ပုံတင်စာရင်းတွင် သူ၏အမည်ကို အလျင်အမြန်ပင် ဖြည့်စွက်လိုက်ရတော့သည်။

"ကဲ... အခု သွားလို့ရပြီ။ နောက် ခုနစ်ရက်ကြာရင် ဂိုဏ်းဝင်ခွင့် စာမေးပွဲဖြေဖို့ မှီခိုရာဂိုဏ်းကို လာခဲ့လိုက်"

"ဟုတ်ကဲ့ခင်ဗျာ"

ထိုသို့ ကတိကဝတ်ပြုပြီးမှသာ ဝတ်ရုံနက်နှင့်လူက လူငယ်အား ထွက်ခွာခွင့် ပေးလိုက်သည်။

ဝမ်ပင်းသည် ထိုနေရာတွင် ရပ်တန့်၍ နှစ်မိနစ်ခန့် စောင့်ကြည့်နေမိ၏။ ထိုဝတ်ရုံနက်ဝတ်ဆင်ထားသူများသည် အသက် ၁၀ နှစ်အထက်ရှိသူတိုင်းကို လှမ်း၍ တားဆီးနေကြပြီး ကျင့်ကြံခြင်း စတင်နေပြီဖြစ်သော သူများကိုမူ နှင်ထုတ်ခြင်း သို့မဟုတ် မှီခိုရာဂိုဏ်း၏ စာမေးပွဲဖြေဆိုရန် တိုက်တွန်းခြင်းများ ပြုလုပ်နေကြသည်။

အသက် ၁၅ နှစ်တွင် ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၅ ရှိသည့် ပါရမီရှင်မျိုးကို ဝမ်ပင်း မတွေ့ရသေးသော်လည်း အလားအလာရှိသည့် တပည့်လောင်းများ အနှင်ထုတ်ခံနေရသည်ကို မြင်ရသဖြင့် သူ၏ရင်ထဲတွင် ဒေါသမာန်များ ထွက်ပေါ်လာရသည်။

ကြည့်စမ်း... ဒီလူတွေအားလုံးက ငါ့ရဲ့ မသေမျိုးဂိုဏ်းထဲကို ဝင်လာရမယ့် တပည့်လောင်းတွေလေ။ အခုတော့ ဘယ်ကမှန်းမသိတဲ့ လူနှစ်ယောက်က ငါ့ရှေ့တင် ဗြောင်ကျကျ ကြားဖြတ်လုယူနေကြတာလား။ ငါ့ရဲ့ အပိုင်ကို လာပြီး လက်ဝါးကြီးအုပ်ဖို့ ကြိုးစားတာကတော့ တကယ့်ကို အသက်ရှင်ရတာ ငြီးငွေ့နေတာပဲ ဖြစ်ရမယ်။

မှီခိုရာဂိုဏ်းက တကယ်ကို အရှက်မရှိတာပဲ။ အရင်ကတည်းက မသေမျိုးဂိုဏ်းရဲ့ အခြေခံအင်အား တစ်ဝက်ကျော်ကို သိမ်းပိုက်ထားပြီးသားဖြစ်ပါလျက်နဲ့... အခုထိ အားမရနိုင်သေးဘဲ ကျန်နေတဲ့ အစအနလေးတွေကိုပါ ဝါးမြိုဖို့ ကြိုးစားနေတာလား။

ဝမ်ပင်းသည် မှီခိုရာဂိုဏ်းသို့ တိုက်ရိုက်သွားရောက်ကာ ပညာပေးရန် ပြင်လိုက်စဉ်မှာပင် သူ၏နောက်ကျောဘက်မှ တစ်စုံတစ်ယောက် တိုးကပ်လာသည်ကို ခံစားလိုက်ရ၏။ ထိုသူ၏ ခြေလှမ်းများမှာ အလွန်ပင် ပေါ့ပါးလှပြီး သာယာငြိမ့်ညောင်းသော အသံလေးတစ်ခုမှာ ဝမ်ပင်း၏ နားစည်ထဲသို့ စီးဝင်လာသည်။

"ဒါက အစပဲ ရှိသေးတာပါ"

ထိုအသံမှာ နားထောင်၍ အလွန်ကောင်းမွန်လှပြီး ပတ်ဝန်းကျင်တွင် ပန်းရနံ့များ သင်းပျံ့သွားသကဲ့သို့ပင် ခံစားရစေသည်။ သို့သော် ထိုအသံထဲတွင် နွေးထွေးမှုဟူ၍ အနည်းငယ်မျှပင် မပါချေ။

စကားလုံးတိုင်းတွင် အေးစက်မှိုင်းညို့နေသော ခံစားချက်များ ကိန်းအောင်းနေသည်။

ဝမ်ပင်း ခေါင်းလှည့်ကြည့်လိုက်သောအခါ သူ၏နောက်တွင် ရပ်နေသူမှာ သူနှင့် သက်တူရွယ်တူခန့်ရှိမည့် မိန်းကလေးတစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ သူမ၏ ရုပ်ဆင်းသွင်ပြင်ကို ဖော်ပြရမည်ဆိုပါက ပိတောက်နံ့သင်းသည့် တင့်တယ်မှုနှင့် နှင်းပန်း၏ အလှတရားတို့ကို ပေါင်းစပ်ထားသကဲ့သို့ ရှိနေသည်။ လမ်းပေါ်တွင် သူမကို မြင်တွေ့ရသူတိုင်း လည်ပြန်ကြည့်ရလောက်အောင်ပင် လှပလွန်းလှသူ ဖြစ်၏။

ဝမ်ပင်းသည် ဤမိန်းကလေးနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိသော်လည်း သူမနှင့် မျက်နှာချင်းဆိုင်ရသည့်အခါတိုင်း ဝမ်ပင်း၏ စိတ်အစဉ်မှာ ရှုပ်ထွေးနောက်ကျိသွားရစမြဲပင်။

ထိုမိန်းကလေးမှာ မသေမျိုးဂိုဏ်း၏ အကြီးအကဲဟောင်းတစ်ဦး၏ သမီးဖြစ်သော်လည်း သူမ၏ဖခင်နှင့်အတူ မသေမျိုးဂိုဏ်းမှ ထွက်ခွာ၍ မှီခိုရာဂိုဏ်းသို့ ပြောင်းရွှေ့အခြေချခဲ့သူ ဖြစ်သည်။

"ရှီဟွာ... မတွေ့ရတာ ကြာပြီနော်"

ဝမ်ပင်းက တိုးညင်းသော လေသံဖြင့် နှုတ်ဆက်လိုက်၏။

"ဟုတ်တယ်..."

ရှီဟွာက ပြုံးလိုက်သော်လည်း သူမ၏အပြုံးမှာ အတော်ပင် တင်းမာနေသည်။

"မင်းက မသေမျိုးဂိုဏ်းကို ပြန်လည်ဦးမော့လာအောင် လုပ်ဖို့ စီစဉ်နေတယ်လို့ ငါ ကြားမိတယ်"

"ပြန်လည်ဦးမော့လာအောင်ဆိုတဲ့ စကားလုံးကို သုံးလို့တော့ မရပါဘူး။ ငါ့လက်ထက်မှာ မသေမျိုးဂိုဏ်းကြီး ပျက်စီးသွားတာမျိုးကို မလိုချင်ရုံသက်သက်ပါ။ ငါ့မိဘတွေက အခုထိ သတင်းအစအန မရသေးပေမဲ့ တစ်နေ့နေ့မှာတော့ သူတို့ သေချာပေါက် ပြန်လာကြမှာပါ"

ရှီဟွာသည် ဝမ်ပင်းကို တစ်ချက် အကဲခတ်ကြည့်လိုက်ပြီးနောက် "မင်း တော်တော်ပြောင်းလဲသွားတာပဲ။ အရင်တုန်းက တောင်တန်းနဲ့ မြစ်ရေစီးကြောင်းပုံစံပါတဲ့ ဂိုဏ်းဝတ်စုံကို ဝတ်ရတာကို လူတိုင်းက ဂုဏ်ယူနေကြချိန်မှာ မင်းကတော့ အဲဒီဝတ်စုံကို ဝတ်ဖို့ ငြင်းဆန်ခဲ့တာလေ။ အခုတော့ မင်းက ဒါကို တကယ်ကြီး ဝတ်ထားတာပဲ" ဟု ပြောလိုက်သည်။

တောင်တန်းနှင့် စီးဆင်းနေသော မြစ်ရေပြင်သည် မြင်လိုက်ရသည်နှင့် အရှိန်အဝါ ကြီးမားသည်။

ဤစကားစုမှာ တစ်ချိန်က ဆန်းဝူမြို့တွင် အလွန်ပင် ရေပန်းစားခဲ့သော စကားတစ်ခွန်း ဖြစ်၏။ မည်သူပင်ဖြစ်စေ ဤဝတ်စုံကို ဝတ်ဆင်ထားသူကို မြင်လိုက်ရပါက သူတို့၏ မာန်မာနများမှာ ရုတ်ချည်းပင် ငြိမ်သက်သွားရစမြဲပင်။

သို့သော် ဝမ်ပင်းသည် လွန်ခဲ့သော ဆယ်နှစ်ပတ်လုံး ဤဝတ်စုံကို တစ်ကြိမ်တစ်ခါမျှပင် ဝတ်ဆင်ခဲ့ခြင်း မရှိချေ။

ထိုစကားကို ကြားသောအခါ ဝမ်ပင်းက သူ၏အင်္ကျီစကို လက်ဖြင့် အသာအယာမကာ ရယ်မောလျက် "ဒါက အဝတ်အစားတစ်ထည်ပဲ မဟုတ်လား။ မင်းလည်း အရင်ကထက်စာရင် တော်တော်လေး ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိလာသလိုပဲနော် တော်တော်ပြောင်းလဲသွားတာပဲ"

"မင်းက မြှောက်ပင့်ပြောဆိုတာတွေကိုတောင် တတ်နေပြီပဲ"

"ငါက အမှန်အတိုင်း ပြောတာပါ"

ဝမ်ပင်း၏ ချီးကျူးမှုကို ကြားရသော်လည်း သူမက ပြုံးရယ်ခြင်းမပြုဘဲ သက်ပြင်းတစ်ချက်ချကာ ဆက်ပြောလိုက်သည်။

"နှမြောဖို့ကောင်းတာက မင်း ပြောင်းလဲသင့်တဲ့ အချိန်တုန်းက မပြောင်းလဲခဲ့တာပဲ။ အခုမှ ပြောင်းလဲလည်း ဘာမှ ထူးခြားလာမှာ မဟုတ်တော့ဘူး။ အဲဒီတုန်းကသာ မင်းရဲ့ စိတ်ဓာတ်က ဒီလိုမျိုးရှိပြီး မသေမျိုးဂိုဏ်းအတွက် ထည့်တွက်ပေးခဲ့မယ်ဆိုရင် ငါ့အဖေလည်း သူ့လူတွေကို ခေါ်ပြီး ထွက်သွားမှာ မဟုတ်ဘူး"

"ရှီဟွာ... မင်းက ငါ့ကို လာနှုတ်ဆက်တာလား ဒါမှမဟုတ် လာပြီး လှောင်ပြောင်နေတာလား"

"ငါက အမှန်တရားကိုပဲ ပြောနေတာပါ"

အမှန်စင်စစ် ရှီဟွာသည် ဝမ်ပင်းကို လာရောက်နှုတ်ဆက်ရန် စိတ်ကူးမရှိခဲ့ချေ။ သူတို့၏ လက်ရှိ အဆင့်အတန်းအရ အတူတူရပ်နေခြင်းမှာ အတော်ပင် ကသိကအောက် ဖြစ်စေသောကြောင့်ပင်။

သို့သော် မိတ်ဆွေဟောင်းများပီပီ ရှီဟွာသည် သူနှင့် စကားစမြည်ပြောရန် ဆုံးဖြတ်ခဲ့ခြင်းပင်။

သူမ၏ မှတ်ဉာဏ်ထဲတွင် ဝမ်ပင်း၏ အမူအရာမှာ အလွန်ပင် သာမန်မျှသာ ဖြစ်ပြီး ဂိုဏ်းချုပ်ငယ်တစ်ဦး၏ အရှိန်အဝါမျိုး လုံးဝမရှိခဲ့ချေ။

သူ့ကို ဘာမှအသုံးမကျသော သူဌေးသားဟု မပြောနိုင်သော်လည်း သူ၏အမည်ဖြင့် လုပ်ဆောင်ချက် တစ်စုံတစ်ရာမျှ မရှိခဲ့ချေ။ ဤကဲ့သို့သော အသိုင်းအဝိုင်းတွင် မည်သည့်လုပ်ဆောင်ချက်မျှ မရှိခြင်းမှာ အကြောက်စရာအကောင်းဆုံး အချက်ပင်။ ရှီဟွာ၏ ဖခင်သည် ဝမ်ပင်းအား ခြောက်လခန့် အချိန်ပေးခဲ့ဖူး၏။

အကယ်၍ ဝမ်ပင်းသာ မသေမျိုးဂိုဏ်း၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန် ဆန္ဒရှိခဲ့ပါက သူမ၏ဖခင်သည် ထွက်ခွာသွားလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း နောက်ဆုံးတွင် သူမ၏ဖခင်မှာ စိတ်ပျက်လက်ပျက်ဖြင့်သာ ထွက်ခွာသွားခဲ့ရသည်။

ထို့ပြင် ယခုအခါတွင် ဝမ်ပင်းသည် ပြောင်းလဲသွားပြီဟု ဆိုသော်ငြား သူသည် အခြေအနေကို သုံးသပ်နိုင်စွမ်း မရှိသေးပေ။

ရွှေဒင်္ဂါး တစ်ထောင်ဆိုတဲ့ ပမာဏနဲ့ အသက် ၁၅ နှစ်မှာ အဆင့် ၅ ရောက်ရမယ်ဆိုတဲ့ သတ်မှတ်ချက်က... သာမန်လူတွေအတွက်တော့ မဖြစ်နိုင်တဲ့ အရာတွေပဲ။

ဤအချက်မှာ တစ်ခုလုံးကို ကြည့်ပါက ဟာသတစ်ခုသဖွယ် ဖြစ်နေသည်။

ယခင် မသေမျိုးဂိုဏ်း အင်အားတောင့်တင်းစဉ်က ထိုသို့ ပြုလုပ်နိုင်သော်လည်း လက်ရှိ အခြေအနေတွင်မူ ထိုသို့လုပ်ဆောင်ရန် အရည်အချင်း မရှိတော့ချေ။

ခဏအကြာတွင် ရှီဟွာက ထပ်မံ၍ စကားပြောလိုက်သည်။

"မှီခိုရာဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေက မသေမျိုးဂိုဏ်းရဲ့ နယ်မြေတွေကို သိမ်းပိုက်ဖို့ အမိန့်ပေးထားပြီးပြီ။ သူတို့က နယ်မြေပိုင်းခြားသတ်မှတ်မှုတွေကို အသစ်ပြန်ဆွဲပြီး တိမ်မြူတောင်ကိုပါ သူတို့ပိုင်နက်ထဲ ထည့်သွင်းဖို့ စီစဉ်နေကြတာ။ ဒါကြောင့် အခုမြင်နေရတာတွေက အစပဲ ရှိသေးတယ်"

စကားအဆုံးတွင် ရှီဟွာသည် လမ်း၏အဝေးတစ်နေရာတွင် ရှိနေသော မှီခိုရာဂိုဏ်း၏ တပည့်သစ် စုဆောင်းရေးနေရာကို လက်ညှိုးညွှန်ပြလိုက်တော့သည်။

All Chapters