အခန်း (၁၃-၁၄)
Vol. 2 Ch. 13-14
အခန်း။ ၁၃
ထိုစကားကို ကြားလိုက်ရသည့်အခါ ဝမ်ပင်း၏မျက်နှာထက်မှ အပြုံးရိပ်များအားလုံး ရုတ်ချည်း ပျောက်ကွယ်သွားရသည်။
လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်က မှီခိုရာဂိုဏ်းဆိုသည်မှာ လူမိုက်တစ်စု စုဝေးရာ စခန်းငယ်လေးတစ်ခုမျှသာ ဖြစ်ခဲ့ဖူး၏။ ထိုစဉ်က သူတို့သည် ရန်သူများ၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံရသဖြင့် ဆန်းဝူမြို့သို့ ထွက်ပြေးတိမ်းရှောင်လာကြသူများဖြစ်ရာ ဝမ်ပင်း၏ဖခင်ကသာ ရန်သူများကို နှင်ထုတ်ပေးခဲ့ပြီး သူတို့အား ခိုလှုံနေထိုင်ရန် နေရာတစ်ခု ပေးသနားခဲ့ခြင်းပင်။
ဆန်းဝူမြို့၏ မြို့စားဟောင်း မိုတုသည် မည်သူမည်ဝါမှန်း မသိရသောသူများကို အလွန်အမင်း မုန်းတီးတတ်သူတစ်ဦး ဖြစ်၏။
သို့သော်လည်း ဝမ်ပင်း၏ဖခင်က "သဘောထားကြီးမှုနှင့် သည်းခံနားလည်ပေးမှုများ ရှိမှသာလျှင် ဆန်းဝူမြို့သည် ပိုမိုကြွယ်ဝအင်အားတောင့်တင်းလာလိမ့်မည်" ဟု အကြိမ်ကြိမ် ဖျောင်းဖျပြောဆိုခဲ့သဖြင့်သာ မှီခိုရာဂိုဏ်းမှလူများက ဆန်းဝူမြို့၏ နယ်နိမိတ်အတွင်း၌ စခန်းတစ်ခု တည်ဆောက်ခွင့်ရရှိခဲ့ပြီး မြို့သူမြို့သားများနှင့် ထိတွေ့ဆက်ဆံခွင့် ရရှိခဲ့ကြခြင်းပင်။
လွန်ခဲ့သော ဆယ်နှစ်ခန့်တွင်မူ သူတို့သည် မှီခိုရာဂိုဏ်းဟူသောအမည်ဖြင့် ဂိုဏ်းတစ်ခုကို ရုတ်တရက် တည်ထောင်ရန် ဆုံးဖြတ်ခဲ့ကြပြန်သည်။
သူတို့သည် တစ်စုံတစ်ဦးကို မှီခိုရခြင်းဖြင့် စတင်ခဲ့ကြသော်လည်း...
နောက်ဆုံးတွင်မူ သူတစ်ပါးတို့၏ မှီခိုရာအဖြစ် အဆုံးသတ်လိုခဲ့ကြခြင်းပင်။
တောင်တစ်လုံးတွင် ကျားနှစ်ကောင် မအောင်းနိုင်ဟူသော ဆိုရိုးစကားအတိုင်း မြို့တစ်မြို့တည်း၌ ဂိုဏ်းနှစ်ခု ရှိနေခြင်းမှာ အရင်းအမြစ်များကို ခွဲဝေသုံးစွဲရသကဲ့သို့ပင်။
ထိုစဉ်က အနည်းဆုံး ကုန်သည်ကြီးများအသင်း သုံးခုခန့်မှာ မှီခိုရာဂိုဏ်းကို ထောက်ခံရန် ဆုံးဖြတ်ခဲ့ကြသော်လည်း မသေမျိုးဂိုဏ်းကမူ ဘေးမှသာ ကြည့်နေခဲ့ပြီး သူတို့အား တစ်စုံတစ်ရာ နှောင့်ယှက်ဟန့်တားခြင်းမျိုး မပြုလုပ်ခဲ့ချေ။
အကြောင်းမှာ ဝမ်ပင်း၏ဖခင်သည် သဘောထားကြီးလှသဖြင့် မှီခိုရာဂိုဏ်း ကြီးထွားလာမှုကို ခွင့်ပြုပေးခဲ့သောကြောင့်ပင်။
သို့သော်လည်း မသေမျိုးဂိုဏ်း အခက်အခဲများနှင့် ရင်ဆိုင်နေရချိန်တွင်မူ မှီခိုရာဂိုဏ်းသည် လုံးဝခြားနားသော အမူအရာမျိုးကို ပြသလာခဲ့တော့သည်။ သူတို့သည် မသေမျိုးဂိုဏ်းပိုင် ဈေးကွက်များကို သိမ်းပိုက်ရုံမျှမက သူတို့ကျေးဇူးရှင်၏ လုပ်ငန်းများကိုပါ နှောင့်ယှက်ဖျက်ဆီးခဲ့ကြပြီး လွန်ခဲ့သော ခြောက်လခန့်ကမူ မသေမျိုးဂိုဏ်းမှ ပညာရှင် ထက်ဝက်ကျော်ကိုပါ သူတို့ဘက်သို့ ဆွဲဆောင်ကာ စည်းရုံးသွားခဲ့ကြသည်။
ဝမ်ပင်း၏ဖခင်သည် ဆန်းဝူမြို့ကို သဟဇာတဖြစ်သော မြို့တစ်မြို့အဖြစ် တည်ဆောက်လိုသည့် ရည်မှန်းချက်ရှိခဲ့သော်လည်း မှီခိုရာဂိုဏ်းကမူ ထိုသို့ မဟုတ်ခဲ့ချေ။ ယခင်က သူတို့၏ တည်ငြိမ်အေးဆေးမှုများမှာ ဟန်ဆောင်မှုသက်သက်သာဖြစ်ပြီး မသေမျိုးဂိုဏ်း၏ အားနည်းချက်ကို စောင့်ဆိုင်းကာ သူတို့၏ စရိုက်မှန်ကို ထုတ်ဖော်ပြသရန် အခွင့်အရေးကိုသာ ချောင်းနေခဲ့ကြခြင်း ဖြစ်ကြောင်းကို ဝမ်ပင်း ယခုမှ သိရှိနားလည်သွားရတော့သည်။
ခြောက်လအကြာတွင်မူ သူတို့သည် အစီအစဉ်ဆိုးများကို စတင်အကောင်အထည်ဖော်လာကြ၏။
ဤသည်မှာ တကယ့်ကို သည်းခံနိုင်စွမ်း ကုန်ဆုံးစေသော ကိစ္စရပ်ပင်။
ဝမ်ပင်း အတွေးကမ္ဘာထဲတွင် နစ်မျောနေစဉ် ဘေးနားရှိ ရှီဟွာက ရုတ်တရက် လှမ်းမေးလိုက်သည်။
"ဝမ်ပင်း... ငါပြောတာ နားထောင်နေရဲ့လား"
"နားထောင်နေပါတယ်"
"မင်းဘာသာမင်း သတိထားတော့။ အခုအချိန်မှာ မှီခိုရာဂိုဏ်းရဲ့ အရှိန်အဝါက တားဆီးလို့ မရတော့ဘူး။ သူတို့ရဲ့ အစီအစဉ်တွေကို မကြာခင်မှာပဲ အကောင်အထည်ဖော်ကြတော့မှာ"
"မြို့စားမင်းအိမ်တော်ကလူတွေက... ဒါကို ဒီအတိုင်း ကြည့်နေမှာ မဟုတ်ပါဘူးနော် ဟုတ်တယ်မလား"
ဝမ်ပင်း မှတ်မိသလောက်ဆိုလျှင် ယခင်က သူ၏ဖခင်သည် မြို့စားမင်းနှင့် ညှိနှိုင်းတိုင်ပင်၍ ဂိုဏ်းများအကြား ပဋိပက္ခမဖြစ်ပွားစေရန် စည်းကမ်းချက်တစ်ခု ထုတ်ပြန်ခဲ့ဖူးသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သူကိုယ်တိုင် ဂိုဏ်းချုပ်အဖြစ် မရှိတော့သည့်တိုင် ဂိုဏ်းနှစ်ခုစလုံး သဟဇာတဖြစ်စွာ ဆက်လက်တည်ရှိနိုင်မည်ဟု မျှော်လင့်ခဲ့ခြင်းပင်။
အကယ်၍ မှီခိုရာဂိုဏ်းကသာ ထိုကဲ့သို့သော လုပ်ရပ်မျိုးကို အမှန်တကယ် ပြုလုပ်လာခဲ့ပါလျှင် မြို့စားမင်းအိမ်တော်က လူများအနေဖြင့် ကြားနေအဖြစ် ဘေးမှရပ်ကြည့်နေကြမည် မဟုတ်သည်မှာ အသေအချာပင်။
ရှီဟွာက ခေါင်းခါယမ်းလျက် "မြို့စားမင်းအိမ်တော်ရဲ့ စည်းကမ်းချက်က မသေမျိုးဂိုဏ်းအတွက် အကျိုးရှိတာတော့ မှန်ပါတယ်။ ဂိုဏ်းအချင်းချင်း စစ်ခင်းတာကို ခွင့်မပြုဘူးဆိုပေမဲ့ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ဆိုတာ ရှိသေးတယ်လေ"
"ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ ဟုတ်လား"
"ဟုတ်တယ်။ သူတို့ရဲ့ လုပ်ပိုင်ခွင့်အရ ကြယ်အဆင့်သတ်မှတ်ချက်ရှိတဲ့ ဂိုဏ်းတွေအနေနဲ့ ဘာအဆင့်မှမရှိတဲ့ အဖွဲ့အစည်းတွေကို ဝါးမျိုသိမ်းပိုက်တာကို ကူညီပေးလို့ရတယ်။ မှီခိုရာဂိုဏ်းအနေနဲ့ ရရှိလာတဲ့ အကျိုးအမြတ်ရဲ့ ၃၀ ရာခိုင်နှုန်းကို သူတို့ကို ပေးဆောင်လိုက်ရုံနဲ့တင် လုံလောက်ပြီလေ"
"ဒါတွေကို မင်းက ဘယ်လိုသိတာလဲ"
"ငါက ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့အကြောင်းကို အထူးတလည် လေ့လာထားလို့ပေါ့။ ကဲ... ငါတို့စကားပြောတာ ဒီမှာတင် ရပ်ကြရအောင်။ ငါက အခု မှီခိုရာဂိုဏ်းကလူ ဖြစ်နေပြီဆိုတော့ မင်းကို ဒီလောက်အများကြီး ပြောပြနေဖို့ မသင့်တော့ဘူး"
"မင်း ငါတို့ဆီ ပြန်လာလို့ရပါတယ်နော်။ အခု မသေမျိုးဂိုဏ်းက အရင်လို မဟုတ်တော့ဘူး" လက်ရှိ မသေမျိုးဂိုဏ်းတွင် ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ ရှိသော ပညာရှင်တစ်ဦး စောင့်ရှောက်ပေးနေပြီ ဖြစ်သည်။ ကြယ်တစ်ပွင့် အဆင့်ရှိသော မှီခိုရာဂိုဏ်းတွင်ပင် အစွမ်းထက်ဆုံး ပညာရှင်မှာ အဆင့် ၁၃ မျှသာ ရှိသည်။
ထို့ပြင် ဆွဲငင်အားနယ်ပယ်လည်း ရှိနေသေးရာ ၎င်း၏ တပည့်များကို ဆွဲဆောင်ထိန်းသိမ်းနိုင်စွမ်းမှာ တစ်ချိန်က ခန့်ညားထည်ဝါခဲ့သော မသေမျိုးဂိုဏ်း၏ အရှိန်အဝါထက်ပင် လျော့နည်းလိမ့်မည် မဟုတ်ပေ။
ရှီဟွာက ယဉ်ကျေးပျူငှာစွာဖြင့်ပင် ငြင်းပယ်လိုက်၏။
"မဖြစ်ဘူး... ငါ မှီခိုရာဂိုဏ်းမှာပဲ အဆင်ပြေပြေ နေထိုင်လို့ရတယ်"
"ကောင်းပါပြီ"
ဝမ်ပင်းသည်လည်း စိတ်ပျက်အားငယ်သွားခြင်းမျိုး မရှိခဲ့ချေ။
ပိုမိုတိကျစွာ ဆိုရလျှင် ရှီဟွာသည် ဤကဲ့သို့သာ ပြန်လည်ဖြေကြားမည်ကို ဝမ်ပင်း ကြိုတင်သိရှိပြီးသားပင်။
သူတို့နှစ်ဦး စကားပြောကြာလာသည်နှင့်အမျှ ရှီဟွာမှာ ထိုနေရာမှ ထွက်ခွာလိုစိတ် ပိုမိုပြင်းပြလာသကဲ့သို့ ဝမ်ပင်းအဖို့လည်း သူမကို ဆက်လက်ဆွဲထားရန် ခက်ခဲလာခဲ့၏။
ထို့နောက် ရှီဟွာက ဝတ်ကျေတန်းကျေပင် မေးမြန်းလိုက်သည်။
"လက်ရှိ မသေမျိုးဂိုဏ်းက အရင်နဲ့ ဘာတွေများ ကွာခြားသွားလို့လဲ"
ဝမ်ပင်းက ပြုံးလိုက်ပြီး အလျင်အမြန်ပင် ရှင်းပြလိုက်၏။
"ငါ အခုတလောတင် ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ ရှိတဲ့ ကျင့်ကြံသူတစ်ယောက်ကို အကြီးအကဲအဖြစ် ခေါ်ယူနိုင်ခဲ့တယ်။ ပြီးတော့ အသက် ၁၅ နှစ်နဲ့ အဆင့် ၅ ကို ရောက်နေတဲ့ တပည့်တစ်ယောက်ကိုလည်း လက်ခံထားပြီးပြီလေ"
"ဟုတ်လို့လား"
"အင်း... ဘာပဲဖြစ်ဖြစ် အခု မသေမျိုးဂိုဏ်းက မှီခိုရာဂိုဏ်းကို တစ်ကျော့ပြန် ကျော်ဖြတ်နိုင်မှာ အသေအချာပဲ"
သို့သော်လည်း ရှီဟွာ၏ စိတ်ထဲတွင် မည်သို့တွေးတောနေသည်ကိုမူ သူ မသိရှိခဲ့ချေ။
ရှီဟွာကမူ ဝမ်ပင်းသည် ကြွားဝါနေခြင်းသာ ဖြစ်သည်ဟု ခံစားလိုက်ရ၏။ တစ်နှစ်တာ အချိန်အတောအတွင်း ဝမ်ပင်းတစ်ယောက် ရင့်ကျက်လာပြီဟု သူမ ထင်မှတ်ခဲ့မိသည်။
ဝမ်ပင်းအနေဖြင့် ဂိုဏ်းဝတ်စုံကို စတင်ဝတ်ဆင်လာကတည်းက သူသည် လူလားမြောက်လာပြီး သူ့ကိုယ်သူ မသေမျိုးဂိုဏ်း၏ ဂိုဏ်းချုပ်ငယ်လေး မဟုတ်တော့ကြောင်း သိနားလည်လာလိမ့်မည်ဟု ယူဆခဲ့ခြင်းပင်။
သို့သော် သူသည် ယခုတိုင် ကလေးဆန်နေဆဲဖြစ်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ချေ။
သူသည် ယုတ္တိရှိမရှိသည်ကိုပင် မစဉ်းစားဘဲ ကြွားလုံးထုတ်နေခြင်းပင်။
ဝမ်ပင်းက အဆင့် ၁၃ ရှိတဲ့ ပညာရှင်တစ်ယောက်ကို စည်းရုံးဖို့ ကြိုးစားနေတာလား။ ဒါက တကယ်ကို ရယ်စရာကောင်းလှချေလား။ ဝမ်ပင်းမှာ အဲဒီလို စည်းရုံးနိုင်စွမ်း ရှိမရှိဆိုတာကို ခဏဖယ်ထားဦး... ဆန်းဝူမြို့ထဲမှာရှိတဲ့ အဲဒီလောက်အဆင့်ရှိတဲ့ ပညာရှင်မှန်သမျှကို မှီခိုရာဂိုဏ်းက အလျင်အမြန်ပဲ ကြိုတင်စည်းရုံးထားပြီးသား ဖြစ်မှာပေါ့။ သူတို့က မြို့ထဲက အင်အားကြီးသူမှန်သမျှကို လက်ဝါးကြီးအုပ်ထားတာလေ။
ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ ရှိသော ကျင့်ကြံသူများမှာ ကြယ်တစ်ပွင့် အဆင့်ရှိ ဂိုဏ်းများ၏ အကြီးအကဲ သို့မဟုတ် ဂိုဏ်းချုပ်များသာ ဖြစ်ကြ၏။ သို့မဟုတ်ပါကလည်း အင်အားကြီး မျိုးနွယ်စုအချို့၏ အစွမ်းထက် အကြီးအကဲများဖြစ်ကြပြီး သူတို့၏ မျိုးနွယ်စု ပျက်သုဉ်းလုနီးပါး အခြေအနေမျိုးမှလွဲ၍ ပေါ့ပေါ့တန်တန် လှုပ်ရှားလေ့မရှိကြချေ။
အဲဒီလို အဆင့်မြင့်ပညာရှင်မျိုးတွေသာ တကယ်ထွက်ပေါ်လာမယ်ဆိုရင် သူတို့ တစ်ဦးတည်းနဲ့တင် ဆန်းဝူမြို့တစ်ခုလုံးရဲ့ အခြေအနေအရပ်ရပ်ကို စိတ်ကြိုက် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း ရှိကြတာလေ။
အဲဒီလောက်အထိ အစွမ်းထက်တဲ့သူတွေက... ဘာဖြစ်လို့ ဆုတ်ယုတ်ပျက်စီးနေပြီး အဆင့်အတန်းတောင် မရှိတော့တဲ့ မသေမျိုးဂိုဏ်းထဲကို ခြေစုံပစ်ဝင်ရမှာလဲ။
ဒါက နဂါးတစ်ကောင်က ပုစွန်တွင်းထဲမှာ လာပြီး အခြေချနေထိုင်မယ်လို့ ပြောနေသလိုပဲ။
ရှီဟွာက ဆက်လက်၍ "ဒါဆိုရင် မင်းရဲ့ဂိုဏ်းကို ကြယ်အဆင့် မြှင့်တင်ဖို့ ဘာလို့ လျှောက်လွှာမတင်တာလဲ" ဟု မေးလိုက်သည်။
"ကြယ်အဆင့် မြှင့်တင်မယ် ဟုတ်လား"
"ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ရဲ့ ခွဲဝေမှုတစ်ခုက ဆန်းဝူမြို့မှာ ရှိတယ်။ မင်းအနေနဲ့ မသေမျိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်အဖြစ် သွားရောက်ပြီး အချက်အလက်တွေ တင်ပြကာ ဂိုဏ်းအဆင့်မြှင့်ဖို့ တောင်းဆိုလို့ရတယ်။ သုံးလအကြာမှာတော့ မဟာမိတ်အဖွဲ့က စုံစမ်းစစ်ဆေးဖို့ လူလွှတ်လိမ့်မယ်။ အဲဒီအချိန်အတွင်းမှာ သူတို့က မှီခိုရာဂိုဏ်းရဲ့ တောင်းဆိုချက်တွေကို ကူညီပေးမှာ မဟုတ်တော့ဘူး။ အဲဒီလိုဆိုရင် မှီခိုရာဂိုဏ်းက ဆန်းဝူမြို့စားမင်းရဲ့ ဆန္ဒကို ဆန့်ကျင်လို့ မရတော့ဘဲ မင်းတို့အတွက်လည်း တခြားတစ်နေရာကို ပြောင်းရွှေ့ဖို့ စီစဉ်ဖို့ သုံးလစာလောက် အသက်ရှူချောင်သွားလိမ့်မယ်"
"ငါ့ကို မသေမျိုးဂိုဏ်းကို ရောင်းချပြီး တခြားထွက်ပေါက်တစ်ခု ရှာခိုင်းနေတာလား"
"အဲဒါ ငါဆိုလိုတဲ့ အဓိပ္ပာယ်ပဲ"
"မင်း တော်တော်လေး အတွေးမှားနေပြီပဲ"
ဝမ်ပင်းက ဘာမျှမတတ်နိုင်သလို ရယ်မောလိုက်၏။
သို့သော်လည်း ထို့နောက်တွင်မူ သူသည် ရှီဟွာ၏ စကားများကို အလေးအနက်ထား၍ စတင်စဉ်းစားလာမိသည်။
လက်ရှိအချိန်တွင် မသေမျိုးဂိုဏ်း၏ အင်အားမှာ အမှန်တကယ်ပင် အကန့်အသတ်ရှိနေသည်။ ယွင်လျောင်နှင့် အသစ်ဝင်လာသော ရန်လီလီတို့မှလွဲ၍ တခြားသူဟူ၍ မရှိချေ။
မှီခိုရာဂိုဏ်းကသာ တကယ်တမ်း စစ်အင်အားအပြည့်နဲ့ တိုက်ခိုက်လာခဲ့ရင်... လူသုံးယောက်တည်းရှိတဲ့ မသေမျိုးဂိုဏ်းက ဘယ်လိုမျိုး ခုခံနိုင်မှာလဲ။
သို့သော် အကယ်၍သာ သုံးလခန့် အသက်ရှူချောင်မည့် အချိန်ရရှိခဲ့ပါက မှီခိုရာဂိုဏ်းသည်လည်း ဗြောင်ကျကျ တိုက်ခိုက်ရဲမည် မဟုတ်ပေ။
ထိုသုံးလအတွင်း စူပါဂိုဏ်းတော်စနစ်၏ အကူအညီဖြင့် ဝမ်ပင်းအနေဖြင့် ဤဆိုးဝါးလှသော အခြေအနေကို ပြောင်းလဲပစ်နိုင်မည်သာ။
ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့အကြောင်းကို သူ အသေအချာ မသိရှိသော်လည်း သာမန် ကြယ်တစ်ပွင့် အဆင့်ရှိ ဂိုဏ်းတစ်ခုဖြစ်ရန် ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ ရှိသော အကြီးအကဲတစ်ဦးနှင့် တပည့်ပေါင်း ၁၀၀ ရှိရမည်ဖြစ်ကြောင်း သူ သိရှိထား၏။ ထို့ပြင် ထိုတပည့်များမှာ ဂိုဏ်းဝင်တပည့်ရင်းများ ဖြစ်ရန်မလိုဘဲ အလုပ်သင်တပည့်များ ဖြစ်လျှင်ပင် လုံလောက်သည်။
စနစ်၏ သတ်မှတ်ချက်တွင် ဟာကွက်တစ်ခု ရှိနေပြီး ၎င်း၏ တပည့်စုဆောင်းမှု စံနှုန်းမှာ တပည့်ရင်းများအတွက်သာ အကျုံးဝင်ခြင်း ဖြစ်၏။ ထို့ကြောင့် အလုပ်သင်တပည့်များ လက်ခံသည့်နေရာတွင်မူ မည်သည့်ကန့်သတ်ချက်မျှ ရှိနေမည်မဟုတ်ပေ။
ဤသို့ဆိုလျှင် တပည့် ၁၀၀ ရှိရမည်ဟူသော သတ်မှတ်ချက်မှာ အလွယ်တကူပင် ဖြေရှင်းနိုင်မည့် ကိစ္စရပ်ဖြစ်သည်။
ဝမ်ပင်းက ဆက်မေးလိုက်သည်။
"ရှီဟွာ... ငါ မေးစရာတစ်ခုရှိလို့။ ဂိုဏ်းအဆင့်မြှင့်ဖို့ လျှောက်လွှာတင်တဲ့အခါ ဘယ်လိုပုံစံမျိုး လုပ်ရမလဲ။ နောက်ပြီး ဘယ်လို အချက်အလက်တွေ လိုအပ်မလဲ"
"မင်း တကယ်ပဲ ဒါကိုလုပ်ဖို့ ဆုံးဖြတ်လိုက်ပြီလား"
"ဘာလို့ မလုပ်ရမှာလဲ"
"ကောင်းပါပြီလေ... ဒါဆိုရင် လိုအပ်တဲ့ အချက်အလက်တွေကို ဒီည ငါ ပြင်ဆင်ပေးထားမယ်။ မနက်ဖြန်မနက်ကျမှ ပြန်တွေ့ကြတာပေါ့။ ငါ မင်းကို ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ဆီ ခေါ်သွားပေးမယ်"
"ကျေးဇူးအများကြီးတင်ပါတယ်"
"ရပါတယ်... ဒါက ငါ့အတွက် သိပ်ပြီး အပန်းမကြီးပါဘူး"
အမှန်စင်စစ် ရှီဟွာသည် တစ်စုံတစ်ခုကို ထပ်မံပြောဆိုလိုသော်လည်း မပြောဘဲသာ နေလိုက်တော့၏။
ငါ မင်းကို ကူညီနိုင်သမျှ အစွမ်းကုန် ကူညီပေးခဲ့ပြီးပြီ။
သူမသည် ဝမ်ပင်းအပေါ် မည်သည့်အကြွေးမျှ တင်ရှိနေသူမဟုတ်ဘဲ မိတ်ဆွေဟောင်းများဖြစ်၍သာ ကူညီရန် ဆုံးဖြတ်ခဲ့ခြင်းပင်။
သို့သော်လည်း သူမ ဝမ်ပင်းကို တကယ်ပင် မေးချင်နေမိသည်။
မင်းမှာ သုံးလစာ အချိန်ရခဲ့ရင်တောင် မင်း ဘာများ လုပ်နိုင်မှာမလို့လဲ။
မင်း ဘာလို့ အခုထိ ဒီလောက် ကလေးဆန်နေရသေးတာလဲ။
အခန်း။ ၁၄
သူတို့နှစ်ဦး စကားပြောချိန် သိပ်မကြာလိုက်ဘဲ ရှီဟွာသည် အလျင်စလိုပင် ကြည်လင်သောလမ်းမှ ထွက်ခွာသွားခဲ့သည်။ ဝမ်ပင်းသည်လည်း ထိုလမ်း၏ အဆုံးမှတစ်ဆင့် တိမ်မြူတောင်ခြေသို့ ပြန်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ဆန်းဝူမြို့ရှိ ရန်အိမ်တော်၌...
လွန်ခဲ့သော ရက်ပိုင်းက ရန်လီလီ ဂိုဏ်းတစ်ခုသို့ ဝင်ရောက်တော့မည်ဟူသော သတင်းပျံ့နှံ့သွားကတည်းက မှီခိုရာဂိုဏ်းသည် ရန်မျိုးနွယ်စုထံသို့ လူလွှတ်၍ နှစ်ကြိမ်တိုင်တိုင် လာရောက်ကမ်းလှမ်းခဲ့ကြသည်။
သူတို့၏ ရည်ရွယ်ချက်မှာ ရှင်းလင်းသည်။ ရန်လီလီကို မှီခိုရာဂိုဏ်းသို့ ဝင်ရောက်ရန် ဖိတ်ခေါ်လိုခြင်းဖြစ်ပြီး ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ ရှိသော အကြီးအကဲတစ်ဦးကပင် သူ့ကို တပည့်အဖြစ် လက်ခံရန် ဆန္ဒရှိနေခြင်းပင်။ ဤကိစ္စမှာ မလွဲမသွေ အောင်မြင်ရမည့် ကိစ္စတစ်ခု ဖြစ်သော်လည်း ညချမ်းအချိန်သို့ ရောက်သောအခါတွင်မူ အခြေအနေအားလုံး ပြောင်းလဲသွားခဲ့ရသည်။
ရန်လီလီသည် မှီခိုရာဂိုဏ်း၏ ဖိတ်ခေါ်မှုကို ငြင်းပယ်လိုက်သလို ထိုအကြီးအကဲအား ဆရာအဖြစ် တင်မြှောက်ရန်လည်း ငြင်းဆန်ခဲ့သည်။
ဤအပြုအမူကြောင့် လူတိုင်း အံ့အားသင့်သွားကြရ၏။
ယနေ့ မွန်းလွဲပိုင်းတွင်လည်း ရန်လီလီသည် မည်သူနှင့်မျှ စကားအများကြီး မပြောခဲ့ချေ။ သူသည် ရွှေဒင်္ဂါး တစ်ထောင်တန် ငွေစက္ကူအချို့ကိုသာ ယူဆောင်ပြီး ဆန်းဝူမြို့၏ ဟူချန်းမြစ်ကမ်းနားသို့ ဦးတည်ထွက်ခွာသွားခဲ့သည်။
ထိုနေရာတွင် ရိုးရှင်းစွာ တည်ဆောက်ထားသော အိမ်ကလေးတစ်လုံး ရှိသည်။ ၎င်းမှာ ရန်လီလီ ဝတ်ဆင်ထားသော တန်ဖိုးကြီး ဝတ်ရုံများနှင့် လုံးဝပင် ဆန့်ကျင်ဘက် ဖြစ်နေတော့၏။
ဒေါက်... ဒေါက်...
ရန်လီလီ တံခါးကို ခေါက်လိုက်သည်။
အထဲမှလူမှာ ရန်လီလီ ရောက်လာမည်ကို ကြိုတင်သိရှိထားပုံရပြီး "တံခါးက မပိတ်ထားဘူး ဝင်လာခဲ့ပါ" ဟု ပြန်လည်ထူးလိုက်၏။
ရန်လီလီ အထဲသို့ ရောက်သည်နှင့် အကျွမ်းတဝင်ရှိလှသော ကုလားထိုင်တစ်လုံးတွင် ဝင်ထိုင်လိုက်သည်။
ရန်လီလီ၏ ရှေ့မှ ခုတင်ပေါ်တွင် မိန်းကလေးငယ်တစ်ဦးမှာ တင်ပျဉ်ခွေထိုင်နေပြီး ပြတင်းပေါက်မှ ဖြာကျလာသော နေရောင်ခြည်မှာ သူမ၏အပေါ်သို့ ကျရောက်နေသည်။
သူမ၏ ကိုယ်ခန္ဓာတစ်ခုလုံးမှာ ရွှေရောင်အလင်းတန်းများဖြင့် ချုပ်လုပ်ထားသော ဝတ်ရုံကို ဝတ်ဆင်ထားသကဲ့သို့ ထင်မှတ်ရ၏။ ခေတ္တအကြာတွင် သူမသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး ရန်လီလီကို တည်ငြိမ်စွာ ကြည့်ကာ ပြောလိုက်သည်။
"ရန်လီလီ... ငါ ပြောပြီးသားပဲ။ ဟိုတုန်းက တောင်ပေါ်ခရီးစဉ်ပြီးကတည်းက ငါတို့ကြားမှာ ဘာပတ်သက်မှုမှ မရှိတော့ဘူး"
"ဒီလိုကြီး မလုပ်ပါနဲ့ဦး ဒီနေ့ ငါလာတာ နင်တို့အတွက် သတင်းကောင်းလေး ပါလာလို့ပါ"
ရန်လီလီသည် ထိုမိန်းကလေး၏ အေးစက်စက် အမူအရာကို ဂရုမစိုက်ဘဲ ပြန်ပြောလိုက်သည်။
အကြောင်းမှာ ဟိုတုန်းက တောင်ပေါ်ခရီးစဉ်တွင် ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၇ ရှိသော မိစ္ဆာသားရဲများကို ဆွဲဖြဲပြီး သူတို့၏ နှလုံးသားများကို အစိမ်းလိုက် စားပြခဲ့သည့် သူမ၏ ကြောက်မက်ဖွယ် မြင်ကွင်းနှင့် ယှဉ်လျှင် ယခုမြင်နေရသည့် အေးစက်စက် မျက်နှာပေးမှာ ဘာမှပြောပလောက်သည် မဟုတ်ပေ။
ထိုစဉ်က မြင်ကွင်းနှင့် ယခုသူမ၏ ရုပ်သွင်ကို နှိုင်းယှဉ်မည်ဆိုပါက ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်ဟုသာ ဆိုရပေလိမ့်မည်။
မိန်းကလေးက တည်ငြိမ်စွာပင် ဆက်ပြောသည်။
"နင် ငါနဲ့အတူ ဆန်းဝူမြို့ကနေ ထွက်ပြီး ကြယ်နှစ်ပွင့် ဒါမှမဟုတ် ကြယ်သုံးပွင့် အဆင့်ရှိတဲ့ ဂိုဏ်းကြီးတွေကို သွားရှာဖို့ လာပြောတာ မဟုတ်လား"
ရန်လီလီက မှီခိုရာဂိုဏ်း၏ ဖိတ်ခေါ်မှုကို ငြင်းပယ်လိုက်ကြောင်း ယနေ့တွင် သူမ သတင်းကြားခဲ့ပြီးဖြစ်သည်။ ဆန်းဝူမြို့အတွင်း၌ သူတို့ဝင်ရောက်နိုင်သော ဂိုဏ်းမှာလည်း မှီခိုရာဂိုဏ်း တစ်ခုတည်းသာ ရှိသည်။ သူက ထိုဂိုဏ်းကို ငြင်းပယ်ပြီး သူမထံ ရောက်လာသည်ဆိုကတည်းက သူ၏ စိတ်ထဲတွင် ရည်ရွယ်ချက်တစ်ခုသာ ရှိနိုင်သည်။
၎င်းမှာ သူမနှင့်အတူ ဆန်းဝူမြို့မှ ထွက်ခွာသွားရန်ပင်။
သို့သော် ရန်လီလီက ခေါင်းခါပြလိုက်ပြီး "မဟုတ်ဘူး... ငါ ကြယ်နှစ်ပွင့်၊ ကြယ်သုံးပွင့် ဂိုဏ်းတွေထက်တောင် ပိုကောင်းတဲ့ နေရာတစ်ခုကို ရှာတွေ့ထားတယ်။ ပြီးတော့ အဲဒီဂိုဏ်းက ငါတို့နဲ့ အတော်လေးလည်း ကိုက်ညီတယ်။ ငါတို့ ကျင့်ကြံနေတဲ့ ကျင့်စဉ်တွေကို ဘယ်သူမှ လာပြီး လောဘတက်မှာ မဟုတ်ဘူး"
"ငါ့ကို လာမလိမ်နဲ့ အဲဒီလိုနေရာမျိုး ဘယ်မှာ ရှိမှာလဲ"
"ငါ့ကိုယုံလိုက်စမ်းပါ မနေ့ညက သန်းခေါင်ကျော်မှ ငါ အိမ်ပြန်ရောက်တာ။ ရောက်တာနဲ့ မှီခိုရာဂိုဏ်းရဲ့ ဖိတ်ခေါ်မှုကို ချက်ချင်း ငြင်းလိုက်တာပဲ။ အကြီးအကဲတစ်ယောက်ရဲ့ တပည့်ဖြစ်ဖို့ဆိုတာ ငါ့အတွက် အရေးမကြီးဘူး။ အဲဒါကြောင့် ငါ အဲဒီဂိုဏ်းကို သွားမှာမဟုတ်ဘူး"
"ဟားဟား..."
မိန်းကလေးမှာ ရန်လီလီ၏ စကားများကို လုံးဝပင် မယုံကြည်ချေ။
"မရယ်ပါနဲ့ဦး ငါ တကယ်ပြောနေတာပါ။ ဟိုတုန်းက တောင်ပေါ်မှာတုန်းက နင်ပဲ ပြောခဲ့တယ်
မဟုတ်လား။ ကျင့်ကြံသူတစ်ယောက်ရဲ့ လမ်းစဉ်မှာ ပိုပြီး ဝေးဝေးရောက်အောင် ကူညီပေးနိုင်မယ့် ဂိုဏ်းမျိုးမှာ ကျင့်ကြံချင်တယ်ဆိုတာလေ။ အခု ငါရှာထားတဲ့ ဂိုဏ်းက ငါတို့နှစ်ယောက်လုံးကို ရှေ့ဆက်ဖို့ သေချာပေါက် ကူညီပေးနိုင်လိမ့်မယ်"
"ကလေးတွေကို လိမ်တဲ့စကားမျိုး ငါ့ကိုလာမပြောနဲ့"
"နင်က မယုံဘူးလား။ ငါ ပြောပြမယ်... နင် ဝင်ချင်တယ်ဆိုရင်တောင် ဝင်ခွင့်ရချင်မှ ရမှာနော်။ အဲဒီဂိုဏ်းရဲ့ တပည့်သစ် လက်ခံတဲ့ စံနှုန်းက အရမ်းကို တင်းကျပ်တာ..."
"ဟင်..."
"အသက် ၁၅ နှစ်မှာ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၅ ရောက်နေရမယ်။ နင် အဲဒီလို ဖြစ်နေပြီလား"
"ကွက်တိပဲ"
"ဒါဆိုရင် ဂိုဏ်းဝင်ကြေး ရွှေဒင်္ဂါး တစ်ထောင်ရော နင်မှာ ရှိလား"
"မရှိဘူး"
"အဲဒါဆိုရင်တော့ နင် အခွင့်အရေးမရှိတော့ဘူး"
ရန်လီလီက တဟားဟား ရယ်မောလိုက်သည်။
"အဲဒီဂိုဏ်းကို ဝင်ဖို့အတွက် ဂိုဏ်းဝင်ကြေးက ရွှေဒင်္ဂါး တစ်ထောင်ပေးရတာ။ ဒါတင်မကသေးဘူး... ဂိုဏ်းထဲရောက်သွားရင်လည်း ကျင့်ကြံဖို့အတွက် ငွေထပ်ပေးရသေးတယ်။ အခုလောလောဆယ် ဈေးနှုန်းက နှစ်နာရီကို ရွှေဒင်္ဂါး ၁၀ ပြားပဲ"
"နင်တော့ အလိမ်ခံလိုက်ရပြီ ထင်တယ်"
ဂိုဏ်းတစ်ခုခုကို ဝင်ရောက်ဖို့အတွက် ငွေပေးရသည်ဟူသော အချက်ကို သူမ တစ်ခါမျှ မကြားဖူးခဲ့ချေ။
"အလိမ်ခံရတယ် ဟုတ်လား။ ငါတို့ ရန်မျိုးနွယ်စုဆိုတာ စီးပွားရေးလုပ်ငန်းတွေနဲ့ ကြီးပွားလာတာပါ။ ရွှေဒင်္ဂါး တစ်ထောင်မကလို့ တစ်သောင်းဆိုရင်တောင် ငါကတော့ ပေးဖို့ အဆင်သင့်ပဲ"
ရန်လီလီ၏ စကားများကို ကြားပြီးနောက် သူမသည် စဉ်းစားခန်း ဝင်သွားသည်။
အမှန်စင်စစ် ရန်လီလီသည် သာမန်လူတစ်ယောက် မဟုတ်ချေ။ သူ၏မျိုးနွယ်စုမှာ မျိုးဆက်ပေါင်းများစွာ စီးပွားရေးလုပ်ကိုင်လာခဲ့သူများဖြစ်ရာ လူကဲခတ်ရာတွင် အလွန်ပင် ထက်မြက်ကြသည်။
မည်သူက လူလိမ်ဖြစ်သည်ကို သူတို့က တစ်ချက်ကြည့်ရုံနှင့် သိနိုင်စွမ်း ရှိကြ၏။
ကောင်းပြီလေ...
ရန်လီလီ ပြောနေသည့် ထိုနေရာကို သူမ စိတ်ဝင်စားသွားမိသည်ကို ဝန်ခံရပေမည်။ သို့သော် ထိုဂိုဏ်းရှိ အရာများမှာ ရွှေဒင်္ဂါး တစ်ထောင်အထိ ပေးရလောက်အောင် ကောင်းမွန်လိမ့်မည်ဟုမူ သူမ မယုံကြည်သေးချေ။
ရန်လီလီက ဆက်ပြောသည်။
"ကိစ္စမရှိပါဘူး။ ငါ နင့်အတွက်ပါ ရွှေဒင်္ဂါးတွေ ပြင်ဆင်လာခဲ့တယ်။ အဲဒီဂိုဏ်းမှာ ငါတို့နှစ်ယောက် တစ်နှစ်လောက် ကျင့်ကြံဖို့အတွက် လုံလောက်ပါတယ်"
"ငါ့ကို အဲဒီကို တစ်ခါလောက် လိုက်ပို့ပေးပါဦး"
"ရတာပေါ့"
ရန်လီလီမှာ ဝမ်းသာသွားရ၏။ သူသည် ဤစကားကိုပင် စောင့်ဆိုင်းနေခဲ့ခြင်းပင်။
သူမ၏ အသုံးအဆောင်ပစ္စည်းအချို့ကို အမြန်သိမ်းဆည်းပေးပြီးချိန်တွင် ညနေစောင်းနေပြီဖြစ်ကာ နေမင်းမှာလည်း တောင်ကွယ်လုနီးပါးပင်။
ဆည်းဆာရိပ်များ ဖုံးလွှမ်းလာသည်နှင့်အမျှ စည်ကားလှသော ဆန်းဝူမြို့ကြီးမှာလည်း တဖြည်းဖြည်း တိတ်ဆိတ်ငြိမ်သက်လာတော့သည်။
ထိုအချိန်တွင် ရန်လီလီသည် ရထားလုံးတစ်စီးကို ငှားရမ်း၍ မြို့ထဲမှ တိမ်မြူတောင်ခြေသို့ ဦးတည်ထွက်ခွာလာခဲ့၏။ အတန်ကြာပြီးနောက်တွင်မူ ရထားလုံးသည် တောင်ခြေ၌ ရပ်တန့်သွားသည်။
ရထားလုံးပေါ်မှ ဆင်းပြီးနောက် ရန်လီလီသည် ကျောက်လှေကားထစ်များကို လက်ညှိုးညွှန်ပြကာ "ဒါ ငါပြောတဲ့ ဂိုဏ်းပဲ" ဟု ပြောလိုက်သည်။
"မသေမျိုးဂိုဏ်း ဟုတ်လား"
သူမသည် ရန်လီလီကို ကြည့်ကာ လှောင်ပြုံးတစ်ချက် ပြုံးလိုက်မိ၏။
ဂိုဏ်းအတွင်းမှာရှိတဲ့ အဖိုးတန်တဲ့ ဆေးဝါးတွေ၊ လက်နက်တွေနဲ့ ကျင့်စဉ်ကျမ်းစာ မှန်သမျှကို... အရင်ကရှိခဲ့တဲ့ တပည့်တွေနဲ့ အကြီးအကဲတွေက အကုန်လုံး လုယက်ယူဆောင်ပြီး ထွက်ခွာသွားကြတာ ကြာပြီလေ။ အခုဆိုရင် အဆောက်အအုံအဟောင်းတွေနဲ့ ဖုန်မှုန့်တွေပဲ ကျန်တော့တာ မဟုတ်ဘူးလား။
"ဒါက ရွှေဒင်္ဂါး တစ်သောင်းပေးပြီး ဝင်ဖို့တောင် တန်တယ်ဆိုတဲ့ အံ့ဩစရာကောင်းတဲ့ နေရာပေါ့ ဟုတ်လား"
ရန်လီလီက ဘာမျှပြန်မပြောဘဲ ရယ်မောလိုက်၏။ ထို့နောက် သူမကို ဆွဲခေါ်ကာ တောင်ပေါ်သို့ တက်လှမ်းခဲ့ကြသည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးသည်နှင့် ကျောက်စာတိုင်ကြီး၏ ဘေးတွင် စိုက်ထူထားသော ဆိုင်းဘုတ်တစ်ခုကို တွေ့လိုက်ရသည်။
ကောင်းကင်ယံမှာ လုံးဝမှောင်မိုက်သွားခြင်း မရှိသေးသဖြင့် ဆိုင်းဘုတ်ပေါ်ရှိ စာလုံးများကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။
မိန်းကလေးမှာ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် သူမ၏ မျက်နှာထက်မှ အံ့ဩတုန်လှုပ်မှုများမှာ အတော်ကြာအောင် ပျောက်ကွယ်မသွားခဲ့ချေ။ ရန်လီလီ ပြောပြခဲ့သော တင်းကျပ်လှသည့် သတ်မှတ်ချက်များမှာ အမှန်တကယ်ပင် ဖြစ်နေတော့သည်။
သို့သော် သူမ မယုံကြည်နိုင်သေးချေ။
ဒါ... ဒါက ဘယ်လိုမျိုး ဂိုဏ်းလဲ။ ဂိုဏ်းဝင်ဖို့အတွက် ရွှေဒင်္ဂါး တစ်ထောင်တောင် ပေးရမယ် ဟုတ်လား။
ကြယ်လေးပွင့် အဆင့်ရှိတဲ့ ဂိုဏ်းမို့လို့လား ဒါမှမဟုတ် ကြယ်ငါးပွင့် အဆင့်ရှိတဲ့ နာမည်ကြီး ဂိုဏ်းဖြစ်နေလို့လား။
လက်ရှိတွင်မူ မသေမျိုးဂိုဏ်းသည် ကြယ်အဆင့် တစ်ဆင့်မျှပင် မရှိသေးချေ။
အခု ဂိုဏ်းချုပ်က မသေမျိုးဂိုဏ်းရဲ့ ရှေးယခင်က ကျော်ကြားခဲ့တဲ့ နာမည်ဟောင်းကို အသုံးချပြီး နောက်ဆုံးလက်ကျန် ရွှေတွေကို လိမ်ယူဖို့ ကြိုးစားနေတာများလား။
…
"ဘယ်သူရှိလဲဗျို့..."
တောင်ထိပ်သို့ ရောက်ရှိပြီးနောက် ရန်လီလီသည် အလင်းရောင်များ ထိန်ထိန်လင်းနေသော ပင်မခန်းမဆောင်ကြီး၏ ရှေ့သို့ သူမကို ခေါ်ဆောင်သွားခဲ့သည်။
ညအချိန်တွင် မြင်တွေ့ရသော ပင်မခန်းမဆောင်ကြီးမှာ နေ့ဘက်နှင့် လုံးဝခြားနားသည်။ ယခုအခါ ကျောက်လှေကားထစ်များ၏ ဘေးတစ်ဖက်တစ်ချက်စီမှ ဖြူစင်သော အလင်းတန်းများ ထွက်ပေါ်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လင်းထိန်စေသဖြင့် ပင်မခန်းမဆောင်သို့ လျှောက်လှမ်းလာသူတိုင်းကို အလိုအလျောက်ပင် ကြောက်ရွံ့ရိုသေစိတ်များ ဖြစ်ပေါ်စေသည်။
"ဘယ်သူရှိလဲဗျို့..."
ရန်လီလီ ထပ်မံ၍ လှမ်းအော်လိုက်ပြန်သည်။
ထုံးစံအတိုင်း မည်သူမျှ ပြန်လည်ထူးခြင်း မရှိချေ။ အခြေအနေမှာ မနေ့က မွန်းလွဲပိုင်း သူရောက်လာစဉ်ကအတိုင်းပင်။
သို့သော် သူ လှည့်ကြည့်လိုက်သည့်အခါ ပင်မခန်းမဆောင်၏ အပြင်ဘက်၌ ရပ်နေသော ယွင်လျောင်ကို ထပ်မံတွေ့ရှိလိုက်ရပြန်သည်။ ယွင်လျောင်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေသော်လည်း မနေ့ကကဲ့သို့ စူးစမ်းကြည့်ရှုနေသည့် အကြည့်မျိုးမှာမူ ပျောက်ကွယ်နေပြီ ဖြစ်သည်။
ရန်လီလီက အလျင်အမြန်ပင် "အကြီးအကဲယွင်..." ဟု လှမ်းခေါ်လိုက်၏။
ယွင်လျောင်က အသိအမှတ်ပြုသည့်သဘောဖြင့် ပြန်ထူးလိုက်သော်လည်း ရန်လီလီကို ဆက်လက်၍ ဂရုမစိုက်တော့ဘဲ ပင်မခန်းမဆောင်၏ အတွင်းပိုင်းဆီသို့ တိုက်ရိုက် လျှောက်
လှမ်းသွားတော့သည်။
"ဒီမသေမျိုးဂိုဏ်းက အကြီးအကဲက ဘယ်လိုဖြစ်တာလဲ။ ငါတို့နှစ်ယောက်လုံးကို စကားတောင် အဖက်လုပ်ပြီး မပြောချင်သလိုပဲနော်"
မိန်းကလေးက ရန်လီလီအား တိုးတိုးလေး ကပ်မေးလိုက်၏။
မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦးစလုံးမှာ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၅ ၌ ရှိနေကြသူများဖြစ်ရာ လူအများကြားတွင် ပါရမီရှင်များဟု သတ်မှတ်ခံရသူများပင်။
ရန်လီလီက ပြုံးလျက် ရှင်းပြလိုက်သည်။
"မဟုတ်ပါဘူး အကြီးအကဲယွင်က တပည့်သစ်လက်ခံတဲ့ ကိစ္စတွေကို တာဝန်ယူထားတာ မဟုတ်လို့ပါ။ ဂိုဏ်းချုပ် ဘယ်မှာရှိလဲဆိုတာ ငါသိတယ် အဲဒီကို လိုက်ခဲ့ဦး။ သူ့ကို တွေ့ပြီးသွားရင်တော့ ငါ ဘာလို့ နင်တို့ကို ဒီကို ခေါ်လာရသလဲဆိုတဲ့ အကြောင်းရင်းကို သိသွားလိမ့်မယ်"
မိန်းကလေးက တည်ငြိမ်စွာပင် ပြန်လည်ဖြေကြားလိုက်၏။
"ငါက အရှေ့ဘက်အိုင်ကြီးတွေရဲ့ မြောက်ဘက်ခြမ်းကိုသွားပြီး ကြယ်သုံးပွင့် အဆင့်ရှိတဲ့ ဂိုဏ်းတစ်ခုကိုရှာဖို့ စီစဉ်ထားပြီးသား။ နင် အခုလို မသေမျိုးဂိုဏ်းကို ခေါ်လာတာက ငါ့ရဲ့အချိန်တွေကို ဖြုန်းနေတာပဲ ဖြစ်လိမ့်မယ်"