← Chapters

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း။ ၁၅

မိုးသံကြားခန်းမအတွင်း၌ တရားထိုင်နေသော ဝမ်ပင်းသည် စနစ်၏ အသိပေးချက်ကြောင့် အတွေးစများပြတ်ကာ နိုးထလာခဲ့သည်။

သို့သော် သူသည် အလွန်ပင် ဝမ်းသာသွားရ၏။

"ငါတို့ နောက်ထပ် လူတစ်ယောက်ကို ဆွဲဆောင်နိုင်ခဲ့ပြီ။ အဲဒီလူက အခု မသေမျိုးဂိုဏ်းကို ရောက်နေပြီ"

"အလန်းပဲ"

ဝမ်ပင်းသည် အဝတ်အစားများကို အမြန်ဝတ်၍ ဖိနပ်စီးကာ ပင်မခန်းမဆောင်ရှိရာသို့ ခပ်သွက်သွက် လျှောက်လှမ်းလာခဲ့သည်။ လမ်းခုလတ်တွင်မူ သူရှိရာဘက်သို့ ဦးတည်လာနေသော လူနှစ်ဦးနှင့် ဆုံတွေ့လိုက်ရသည်။

တစ်ယောက်မှာ ရန်လီလီ ဖြစ်ကာ အခြားတစ်ယောက်ကိုမူ ဝမ်ပင်းက သူမ၏ အချက်အလက်များကို ကြည့်လိုက်ပြီးနောက် အတန်ကြာအောင် ဆွံ့အသွားရသည်။

အကြောင်းမှာ သာမန်အချက်အလက်အချို့အပြင် အခြားသော ထူးခြားသည့် အကြောင်းအရာများပါ ပါဝင်နေသောကြောင့်ပင်။

[ကျောက်ချင်း]

[ကျား/မ - မ]

[အသက် - ၁၅ နှစ်]

[ကျင့်ကြံမှုအဆင့် - ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၅]

[ရေကန်ထဲတွင် လင်းငါးများ ရှိကြသည်။ သူတို့တွင် လူမျက်နှာနှင့် ငါးကိုယ်ထည်ရှိပြီး လက်

နှင့် ခြေထောက်များ ပါရှိကြသည်။ သူတို့၏ အသံမှာ ကလေးငယ်တစ်ဦး၏ အသံနှင့် တူညီကာ သူတို့၏ မျိုးနွယ်မှာ အမဖြစ်သော်လည်း သူတို့ကို လူသားအမျိုးသမီးများဟု သတ်မှတ်၍ မရနိုင်ပေ]

နောက်ဆုံးတွင် ဖော်ပြထားသော မိတ်ဆက်စာသားကြောင့် လွန်ခဲ့သော နှစ်ပေါင်းများစွာက သူ၏ဖခင် ပြောပြခဲ့ဖူးသည်များကို ဝမ်ပင်း ပြန်လည်သတိရသွားလေတော့သတည်း။

သူ ၅ နှစ်သားအရွယ် ကြယ်စုံသော ညတစ်ညတွင် ဖခင်ဖြစ်သူက သူတို့နေထိုင်ရာ ဆန်းဝူမြို့လေးမှာ အရှေ့ဘက်အိုင်ကြီး၏ ထောင့်စွန်းလေးတစ်ခုမျှသာဖြစ်ကြောင်း ပြောပြခဲ့ဖူးသည်။ အရှေ့ဘက်အိုင်ကြီးသည် အဆုံးအစမရှိသယောင် အလွန်ပင် ကျယ်ပြောလှပြီး ၎င်းအပြင် အလားတူ အိုင်ကြီးပေါင်း ၁၀၇ ခုမျှ ရှိသေးသည်ဟု ဆို၏။

ထိုအိုင်ကြီးများထဲမှ တစ်ခုတွင် လင်းငါးဟုခေါ်သော သတ္တဝါတစ်မျိုး ရှိကာ သူတို့ကို အခြားအမည်တစ်ခုအနေဖြင့် ကျောက်လူသားဟုလည်း ခေါ်ဆိုကြသည်။

လင်းငါးမျိုးနွယ်စုထဲမှ အလွန်နည်းပါးသော အရေအတွက်သာ သူတို့၏ ငါးအမြီးများကို စွန့်ပယ်ကာ ခြေထောက်များ ပေါက်လာနိုင်ပြီး လူသားများနှင့် တစ်ပုံစံတည်း တူသွားကြသည်ဟု ကောလာဟလများ ရှိခဲ့သည်။

ထိုသူများသည် လူသားတို့၏ ကျင့်စဉ်များကို ကျင့်ကြံနိုင်သည့်အပြင် လင်းငါးတို့၏ မွေးရာပါ အစွမ်းသတ္တိများကိုလည်း ပိုင်ဆိုင်ထားကြသည်။ ထို့ပြင် သူတို့သည် ရေကို မကြောက်ရွံ့ကြဘဲ သူတို့၏ ငါးကြေးခွံများမှာလည်း ဓား၊ လှံ၊ လက်နက်တို့ဖြင့် ထိုးခွင်း၍ မရနိုင်လောက်အောင် မာကျောသည်။ ဤအချက်ကြောင့်ပင် သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အဆင့်တူ လူသားကျင့်ကြံသူများထက် များစွာ သာလွန်နေခြင်းပင်။

ဝမ်ပင်း၏ဖခင် ပြောပြချက်အရ သူသည် ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ ၌သာ ရှိသေးသော်လည်း နက်နဲသောနယ်ပယ်မှ ပညာရှင်များကို သတ်ဖြတ်နိုင်စွမ်းရှိသည့် သာမန် လင်းငါးတစ်ကောင်နှင့်ပင် တစ်ခါက ဆုံတွေ့ခဲ့ဖူးသည်ဟု ပြောဖူးသည်။

လူသားများအကြားတွင်မူ ထိုကျင့်ကြံမှု နယ်ပယ်နှစ်ခု၏ ကွာခြားချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင်။

ထို့ကြောင့် ယခုအခါ မိစ္ဆာသတ္တဝါတစ်ဦးမှာ မသေမျိုးဂိုဏ်းသို့ အမှန်တကယ် ဆွဲဆောင်ခြင်းခံရသည်မှာ အမှန်တကယ်ပင် ဂုဏ်ယူဝမ်းမြောက်စရာ ကိစ္စရပ်တစ်ခု ဖြစ်နေတော့သည်။

အတိတ်ကာလကလည်း မသေမျိုးဂိုဏ်းတွင် မိစ္ဆာအကြီးအကဲတစ်ဦး ရှိခဲ့ဖူး၏။ သူ၏ ကိုယ်ခန္ဓာမှာ ခြင်္သေ့တစ်ကောင်နှင့် တူညီပြီး လူတိုင်းက သူ့ကို ခြင်္သေ့ဘုရင်ဟု ခေါ်ဝေါ်ကြသည်။

သူသည် လူသားပုံသဏ္ဌာန် အပြည့်အဝ မရရှိသေးသော်လည်း ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ သို့ စတင်ရောက်ရှိချိန်မှာပင် ဆန်းဝူမြို့အပြင်ဘက်၌ အဆင့်တူ လူသားပညာရှင် ၇ ဦးကို တစ်ပြိုင်နက်တည်း ယှဉ်ပြိုင်တိုက်ခိုက်နိုင်ခဲ့သူ ဖြစ်သည်။ ထို့ပြင် သူသည် အရေးနိမ့်ခြင်း မရှိသည့်အပြင် ဒဏ်ရာတစ်စုံတစ်ရာမျှပင် မရရှိခဲ့သဖြင့် အဆင့်တူပညာရှင်များအကြားတွင် အနိုင်မရှိသော ပညာရှင်အဖြစ် ကျော်ကြားခဲ့သည်။

လွန်ခဲ့သော တစ်နှစ်ခန့်က ဖြစ်ပွားခဲ့သည့် မမျှော်လင့်သော အပြောင်းအလဲများကြောင့် သူ သေဆုံးမသွားခဲ့ပါက ထိုခြင်္သေ့ဘုရင်မှာ မသေမျိုးဂိုဏ်း၏ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ဖြစ်နေမည်မှာ သေချာလှပြီး ဝမ်ပင်း၏ဖခင် ပျောက်ဆုံးသွားသည့်တိုင် သူ၏ တည်ရှိမှုက မသေမျိုးဂိုဏ်းကို နှစ်ပေါင်းတစ်ရာခိုင်ခန့် ဆုတ်ယုတ်ခြင်းမရှိအောင် ကာကွယ်ပေးထားနိုင်မည်ပင်။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် မိစ္ဆာသတ္တဝါများသည် လူသားများနှင့် သဟဇာတဖြစ်စွာ နေထိုင်လိုကြလျှင် သူတို့၏ တန်ဖိုးနှင့် အစွမ်းသတ္တိမှာ အဆင့်တူ လူသားများထက် များစွာ သာလွန်ကြောင်း သိမြင်နိုင်သည်။

လင်းငါးများမှာမူ ယခင်အကြီးအကဲနှင့် နှိုင်းယှဉ်လျှင် ပိုမိုကြီးမားသော ပါရမီစွမ်းအားများကို ပိုင်ဆိုင်ထားကြသူများ ဖြစ်ကြ၏။ မိစ္ဆာသတ္တဝါများသည် မွေးရာပါ ကျင့်ကြံမှုနှုန်း နှေးကွေးကြပြီး လူသားများထက် ၃ ဆ သို့မဟုတ် ၄ ဆခန့် ပိုမိုကြာမြင့်တတ်သော်လည်း ဆွဲငင်အားနယ်ပယ် ရှိနေသရွေ့ ဤအရာမှာ ပြဿနာမဟုတ်တော့ချေ။

ဤအချိန်တွင် ဝမ်ပင်းသည် နက်နဲသောနယ်ပယ်မှ ပညာရှင်များကိုပင် ချေမှုန်းနိုင်စွမ်းရှိမည့် အစွမ်းထက် မိစ္ဆာတစ်ဦး တဖြည်းဖြည်း ကြီးထွားလာနေသည်ကို မြင်ယောင်နေမိတော့သည်။

"ဂိုဏ်းချုပ်ဝမ်..."

ခဏအကြာတွင် တိုက်ရိုက်လျှောက်လှမ်းလာသော ရန်လီလီကြောင့် ဝမ်ပင်း၏ အတွေးစများ ပြတ်တောက်သွားရ၏။

"အင်း..."

ဝမ်ပင်း ခေါင်းညိတ်ပြလိုက်သည်။

ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် သူ အလွန်ဝမ်းသာနေသော်လည်း သူ၏ အရှိန်အဝါကိုမူ ထိန်းထားရပေဦးမည်။

ရန်လီလီမှာ စကားအပိုများ ပြောမနေတော့ဘဲ သူ၏ဝတ်ရုံထဲမှ ငွေစက္ကူနှစ်ရွက်ကို ထုတ်ယူကာ ဝမ်ပင်းထံသို့ ကမ်းပေးလိုက်သည်။

"ဒါက ကျွန်တော်တို့ နှစ်ယောက်အတွက် ဂိုဏ်းဝင်ကြေးပါ"

"နှစ်ယောက်လုံးအတွက်လား"

"ဟုတ်ကဲ့... ကျွန်တော့်သူငယ်ချင်းလည်း မသေမျိုးဂိုဏ်းကို ဝင်ချင်လို့ပါ"

"ကောင်းပြီ... ခဏနေရင် ဦးလေးဝမ်ကို မင်းတို့နေရမယ့်နေရာဆီ လိုက်ပို့ခိုင်းလိုက်မယ်။ တခြားပြောစရာရှိတာတွေကိုတော့ မနက်ဖြန်မှပဲ ဆက်ပြောကြတာပေါ့"

ရန်လီလီ၏ ဘေးနားရှိ လင်းငါးမလေးကို ဝမ်ပင်း လှမ်းကြည့်မိတိုင်း သူ၏ရင်ထဲတွင် အလွန်ပင် ကျေနပ်ပီတိဖြစ်နေမိသည်။

သို့သော် ကျောက်ချင်းက သူတို့၏စကားဝိုင်းကို ဖြတ်ပြောလိုက်၏။

"လီလီ... ငါက မသေမျိုးဂိုဏ်းကို ဝင်ချင်တယ်လို့ ဘယ်သူပြောလို့လဲ"

စကားအဆုံးတွင် ကျောက်ချင်းသည် ဝမ်ပင်း၏လက်ထဲမှ ငွေစက္ကူထုပ်ကို ပြန်လည်ဆွဲယူကာ ရန်လီလီ၏လက်ထဲသို့ ထိုးထည့်ပေးလိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။

ရန်လီလီ တားဆီးရန် မပြင်နိုင်မီမှာပင် ဝမ်ပင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒီအတိုင်းကြီး ထွက်သွားတော့မလို့လား။ ရေကန်ထဲမှာ လင်းငါးတွေ ရှိကြတယ်... သူတို့မှာ လူမျက်နှာနဲ့ ငါးကိုယ်ထည်ရှိပြီး ခြေလက်တွေလည်း ပါကြတယ်။ သူတို့အသံက ကလေးလေးတွေရဲ့ အသံနဲ့ တူတယ်တဲ့။ ဒီနေ့ ငါ့ရဲ့ မသေမျိုးဂိုဏ်းကို ရောက်လာဖို့ ကံပါလာတဲ့အတူတူ ပတ်ဝန်းကျင်ကို တစ်ချက်လောက်တောင် လှည့်မကြည့်သွားဘူးဆိုရင် နောင်တရစရာ မဖြစ်ပေဘူးလား"

ကျောက်ချင်း၏ ခြေလှမ်းများ ရုတ်ချည်း ရပ်တန့်သွား၏။

သူမ အလွန်အမင်း တုန်လှုပ်သွားရပြီး စိတ်ကိုပြန်ထိန်းရန် အတော်ပင် အချိန်ယူလိုက်ရသည်။ အကြောင်းမှာ ဝမ်ပင်းသည် သူမ၏ စရိုက်မှန်ကို ထိုးဖောက်မြင်ရသည့် ပထမဦးဆုံးသော လူသားဖြစ်နေသောကြောင့်ပင်။

သူမ လှည့်ကြည့်လိုက်သည့်အခါ ဝမ်ပင်းသည် ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၈ မျှသာ ရှိသော်လည်း သူမ၏မျက်နှာထက်မှ အထင်သေးသည့် အရိပ်အယောင်များမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ဝမ်ပင်းက ဆက်လက်၍ "မင်း ပိုပြီး အစွမ်းထက်ချင်တယ်ဆိုရင် မသေမျိုးဂိုဏ်းက မင်းကို ကြိုဆိုပါတယ်။ တကယ်လို့ ထွက်သွားချင်တယ်ဆိုရင်လည်း တစ်ခုတော့ ပြောပြချင်တယ်... အရှေ့ဘက်အိုင်ကြီး တစ်ခုလုံးမှာ ငါ့ရဲ့ မသေမျိုးဂိုဏ်းထက် ပိုကောင်းတဲ့နေရာ တစ်ခုမှ မရှိဘူးဆိုတာပဲ"

ကျောက်ချင်း ရပ်တန့်သွားသည်ကို မြင်သောအခါ ရန်လီလီသည် ဝမ်ပင်း၏စကားများကို နားမလည်သော်လည်း ထောက်ခံလိုက်မိသည်။

"ဒါ အမှန်ပဲ ငါ ဒါကို အာမခံနိုင်တယ်။ ဆွဲငင်အားနယ်ပယ် တစ်ခုတည်းနဲ့တင် နင် အဲဒီထဲ ခြေချမိတာနဲ့ ဘယ်တော့မှ ပြန်မထွက်ချင်တော့မှာ သေချာတယ်"

"ဆွဲငင်အားနယ်ပယ် ဟုတ်လား"

ကျောက်ချင်းသည် သူမနားမလည်သော ထိုစကားလုံးကို စဉ်းစားနေမိသော်လည်း ဘာမှန်းတော့ ရေရေရာရာ မသိခဲ့ချေ။ ထို့နောက် သူမက "ဒါဆိုရင်လည်း ဒီနေရာကို တစ်ချက်လောက် လိုက်ကြည့်ပါရစေဦး။ ဂိုဏ်းချုပ်ဝမ်ရဲ့ စကားတွေက အမှန်ဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်" ဟု ပြောလိုက်သည်။

"မလိမ်ပါဘူး... လီလီ သူ့ကို အဲဒီကို ခေါ်သွားလိုက်"

ဝမ်ပင်းက ပြုံးလျက် ညွှန်ကြားချက်ပေးပြီးနောက် သူတို့နှစ်ဦးကို သူနှင့်အတူ လိုက်ခဲ့ရန် လက်ဟန်ပြကာ ထိုနေရာသို့ ဦးဆောင်၍ ခေါ်သွားတော့သည်။

...

"ဒါ... ဒါက"

ကျောက်ချင်း ဆွဲငင်အားနယ်ပယ်ထဲသို့ ဝင်လိုက်သည်နှင့် ရုတ်တရက် ကျရောက်လာသော ဖိအားကြောင့် သူမ၏ မျက်နှာမှာ ဖြူလျော်သွားရသည်။ သူမ၌ မိစ္ဆာသတ္တဝါတစ်ဦးတွင် ရှိသင့်သည့် တည်ငြိမ်မှုမျိုး အစအနပင် မရှိတော့ချေ။

ရန်လီလီကို လှမ်းကြည့်လိုက်သောအခါ သူသည် နီကျင်ကျင် လေဆာတန်းများကို အသည်းအသန် ရှောင်တိမ်းနေသည်ကို တွေ့ရ၏။ သူသည် အံတင်းတင်းကြိတ်ထားပြီး အားကုန်သုံးနေရဟန် တူသော်လည်း လက်လျှော့ခြင်း မရှိချေ။

"ဒီနေရာက ငါ့ကိုယ်ငါ တကယ်ကြီး လေးလံသွားသလို ခံစားရစေတာပဲ"

သက်ပြင်းတစ်ချက်ချပြီးနောက် ကျောက်ချင်းသည် စတင်လှုပ်ရှားကြည့်သည်။ ရန်လီလီ အရင်က ပြောပြခဲ့သည်များကို သူမ သတိရလိုက်၏။ သူမအနေဖြင့် ဤဆွဲငင်အားနှင့် အရင်ဆုံး အသားကျအောင် လုပ်ရပေမည်။

ခြေလှမ်းတစ်လှမ်း...

ခြေလှမ်းနှစ်လှမ်း...

ခြေလှမ်းတစ်လှမ်း...

ခြေလှမ်းနှစ်လှမ်း...

ငါးမိနစ်၊ ခြောက်မိနစ်ခန့် ထိုသို့ပင် ကုန်ဆုံးသွားခဲ့သည်။ ကျောက်ချင်းသည် သူမ၏ ခွန်အားကို မြှင့်တင်ရန်နှင့် ဤဆွဲငင်အားနှင့် ပိုမိုအသားကျစေရန်အတွက် ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များကို စတင်လှည့်ပတ်ကြည့်လိုက်၏။

သို့သော် ထိုသို့ စွမ်းအင်လှည့်ပတ်လိုက်ချိန်တွင်မူ...

ဤအခိုက်အတန့်၌ ကျောက်ချင်းမှာ အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ သူမသည် သူမ၏လက်နှစ်ဖက်ကို အံ့ဩတကြီး စိုက်ကြည့်နေမိသလို ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင် စီးဆင်းမှုနှုန်းကိုလည်း အာရုံစိုက်၍ ခံစားကြည့်နေမိ၏။

အသက်ရှူသွင်းလိုက်သည့် လေထုမှ ချီစွမ်းအင်အဖြစ်သို့ ကူးပြောင်းနှုန်းမှာ အလွန်ပင် မြန်ဆန်လွန်းသည်။

ချီစွမ်းအင်များ လှည့်ပတ်စီးဆင်းမှုနှုန်းမှာလည်း အလွန်အမင်း မြန်ဆန်နေ၏။

ရန်လီလီ ပြောခဲ့သကဲ့သို့ပင် ၉ ဆခန့် ပိုမိုမြန်ဆန်လာသည့် အကျိုးသက်ရောက်မှု ရှိနေခြင်းပင်။

ဤသည်မှာ အလွန်ပင် ဆန်းကြယ်လှသော နေရာတစ်ခု ဖြစ်သည်။ ဝမ်ပင်းက သူမကို ဂိုဏ်းဝင်ရန် မဖိတ်ခေါ်ခဲ့သည့်တိုင် ယခုအချိန်တွင် သူမအား နှင်ထုတ်မည်ဆိုလျှင်ပင် သူမအနေဖြင့် ထွက်ခွာသွားရန် ဆန္ဒရှိတော့မည် မဟုတ်ချေ။

ကိုးဆတောင်မှ မြန်ဆန်သွားတာလား။

“မိစ္ဆာမျိုးနွယ်စုတွေက လူသားတွေထက် ခွန်အားကြီးမားပြီး အသက်ရှည်ကြပေမဲ့... သူတို့ရဲ့ အကြီးမားဆုံး အားနည်းချက်ကတော့ ကျင့်ကြံမှုနှုန်း နှေးကွေးခြင်းပဲ။ လူသားတစ်ယောက်က ဆယ်စုနှစ်တစ်ခုအတွင်း ရရှိနိုင်တဲ့ အဆင့်ကို သူတို့က ရာစုနှစ်ချီပြီး အချိန်ပေးရတတ်တယ်။ ဒါပေမဲ့... အခုလိုမျိုး ကျင့်ကြံမှုနှုန်းကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်တဲ့ ဆွဲငင်အားနယ်ပယ်သာ ရှိနေမယ်ဆိုရင်... အဲဒီအားနည်းချက်က ချက်ချင်းပဲ အတိတ်မှာ ကျန်ရစ်ခဲ့တော့မှာပဲ”

မကြာမီမှာပင် ရန်လီလီ၏ အသံမှာ လွင့်ပျံလာခဲ့သည်။

"နင်သာ တိုက်ခိုက်ရေးစနစ်ကို ရွေးချယ်လိုက်မယ်ဆိုရင် ကဏ္ဍစုံမှာ တိုးတက်လာတဲ့ အကျိုးကျေးဇူးကို ခံစားရလိမ့်မယ်"

"အင်း..."

ကျောက်ချင်း ခေါင်းညိတ်လိုက်ပြီး ရန်လီလီ၏ အကြံပြုချက်အတိုင်း တိုက်ခိုက်ရေးစနစ်သို့ တိုက်ရိုက် ပြောင်းလဲလိုက်သည်။

ထိုသို့ ပြောင်းလဲလိုက်သည်နှင့် ဆွဲငင်အားနယ်ပယ်အတွင်းရှိ လေဆာတန်းလေးခုမှာ ကျောက်ချင်းရှိရာသို့ စတင်ပစ်ခတ်တော့၏။ ယခုအခါ သူမသည် လေဆာတန်းများကို ရှောင်တိမ်းရင်း စိတ်ထဲမှ တိုးတိုးလေး ရေရွတ်နေမိသည်။

စွမ်းအင်သုံးစွဲမှုနှင့် ပြန်လည်ဖြည့်တင်းမှုနှုန်းမှာ အမှန်တကယ်ပင် ၉ ဆ ပိုမိုမြန်ဆန်နေ၏။

ထို့ပြင် ချီစွမ်းအင် လှည့်ပတ်မှုနှင့် ကျင့်စဉ်များကို အသုံးပြုခြင်းဖြင့် ရရှိလာသော ကျွမ်းကျင်မှုများမှာလည်း ၉ ဆနှုန်းဖြင့်ပင် တိုးတက်နေသည်။

အကြောက်စရာအကောင်းဆုံး အချက်မှာ ဤနေရာ၌ ကုန်ဆုံးသွားသော နှစ်နာရီအချိန်မှာ ပြင်ပကမ္ဘာ၏ ၁၈ နာရီနှင့် ညီမျှနေခြင်းပင်။

"လီလီ... ငါ့ကို မသေမျိုးဂိုဏ်းကို ခေါ်လာပေးတဲ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်" ကျောက်ချင်းသည် လွန်ခဲ့သော ဆယ်နှစ်တာ ကာလအတွင်း တစ်ခါမျှ မပြောဖူးခဲ့သော စကားလုံးများကို ထုတ်ဖော်ပြောဆိုလိုက်မိသည်။

သူမ၏ အသက်ကို ကယ်တင်ခဲ့သူအပေါ်တွင်ပင် သူမအနေဖြင့် ကျေးဇူးတင်စကား တစ်ခွန်းမျှ မဆိုခဲ့ဖူးချေ။

ထိုစကားကို ကြားသောအခါ ရန်လီလီက ပြုံး၍ ပြန်ဖြေလိုက်သည်။

"ဟဲဟဲ... ငါတို့က သူငယ်ချင်းတွေပဲလေ။ ဒါပေမဲ့ မကြာခင်မှာ နင် ငါ့ကို မုန်းသွားလိမ့်မယ်"

"အဲဒီလို ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူး။ နင် ငါ့ကို မသေမျိုးဂိုဏ်းဆီ ခေါ်လာပေးလို့ တစ်သက်လုံး ကျေးဇူးတင်နေမှာပါ"

"နှစ်နာရီ ကြာပြီးသွားတဲ့အခါမှ ငါ့ကို နောက်တစ်ခါ ထပ်ပြီး ကျေးဇူးတင်ကြည့်လိုက်ပါဦး"

ရန်လီလီက တဟားဟား ရယ်မောလိုက်၏။

သူသည် ကိုယ်ကိုကိုင်း၍ အမောဖြေကာ အသက်ရှူလိုက်ပြီးနောက် မနားမနေပင် ဆက်လက်၍

ကျင့်ကြံအားထုတ်နေတော့သည်။

အခန်း။ ၁၆

နှစ်နာရီ ကြာပြီးနောက်...

ကျောက်ချင်းသည် ရန်လီလီ၏ အင်္ကျီကော်လာကို ဆွဲကိုင်ကာ ဒေါသတကြီး စိုက်ကြည့်နေမိ၏။

ထို့နောက် သူမက အေးစက်လှသော အသံဖြင့် "ဘာလို့ ငါ ထပ်ဝင်လို့ မရတော့တာလဲ" ဟု မေးမြန်းလိုက်သည်။

စကားပြောနေစဉ်မှာပင် သူမသည် သူမ၏နောက်ဘက်ရှိ ဆွဲငင်အားနယ်ပယ်ဆီသို့ ခေါင်းလှည့်ကြည့်လိုက်၏။ ထိုမမြင်ရသော အတားအဆီးက သူမအား အလွန်ပင် ဇဝေဇဝါ ဖြစ်စေသည်။

ဤအရာက သူမအား ဆွဲငင်အားနယ်ပယ်အတွင်းသို့ ထပ်မံဝင်ရောက်ခွင့်မပေးဘဲ တားဆီးထားခြင်းပင်။

ရန်လီလီက ဘာမျှမတတ်နိုင်သလို ပြုံးပြရင်း ပခုံးတွန့်ပြလိုက်သည်။ ထို့နောက် သူက "နင် ဟိုဘက်က ဆိုင်းဘုတ်ပေါ်က စာတွေကို သေချာမဖတ်ရသေးလို့ ဖြစ်လိမ့်မယ်" ဟု ပြောလိုက်၏။

ရန်လီလီ ညွှန်ပြရာဘက်သို့ သူမ၏ မျက်လုံးများ ရောက်ရှိသွားပြီးနောက် ကျောက်ချင်းသည် အင်္ကျီကော်လာကို လွှတ်ပေးကာ ရှေ့သို့ လျှောက်လှမ်းသွားသည်။

သစ်သားဆိုင်းဘုတ်ရှေ့တွင် ရပ်တန့်လိုက်ပြီးနောက် သူမသည် ဆိုင်းဘုတ်ကို လက်ဖြင့် ကိုင်ဆွဲထားမိ၏။ ထို့နောက် ရန်လီလီဘက်သို့ ပြန်လှည့်ကြည့်ကာ စူပုတ်ပုတ်မျက်နှာဖြင့် "ငါ နင့်ကို မုန်းတယ်" ဟု အော်ဟစ်လိုက်တော့သည်။

"နင် အဲဒီလို ပြောမယ်ဆိုတာ ငါ သိပြီးသားပါ။ ခုနလေးတင်မှ ငါ့ကို မမုန်းပါဘူးလို့ ပြောထားပြီးတော့... အခု ဘယ်လောက်တောင် ကြာသွားလို့လဲ။ ငါ့အပေါ် ထားတဲ့ နင့်ရဲ့သဘောထားက ချက်ချင်းကြီး ပြောင်းလဲသွားပြီပဲ"

"ငါ့ကို စကားလာမပြောနဲ့"

ကျောက်ချင်းသည် ဒေါသတကြီးဖြင့် ဆွဲငင်အားနယ်ပယ်ရှိရာမှ ထွက်ခွာသွားသည်။

ရန်လီလီလည်း ဘာမျှမတတ်နိုင်ဘဲ သူမ၏နောက်မှသာ လိုက်ပါသွားခဲ့ရ၏။

ထိုညတွင် ထိုနှစ်ဦးမှာ တစ်ယောက်နှင့်တစ်ယောက် တကျည်ကျည်ဖြင့် ရန်ဖြစ်နေကြတော့သည်။ ရန်လီလီအနေဖြင့်လည်း ကျောက်ချင်း၏ အမုန်းကို ခံရမည်ဆိုသည့် သူ၏ ဆန္ဒမှာ ပြည့်ဝသွားခဲ့သည်။

ခဏအကြာတွင် သူတို့နှစ်ဦး တောအုပ်ထဲမှ ထွက်လာစဉ် ဝမ်ပင်းနှင့် ဆုံတွေ့ခဲ့ကြသည်။

ရန်လီလီက အလျင်အမြန်ပင် ငွေစက္ကူတစ်ရွက်ကို ထုတ်ယူကာ "ဂိုဏ်းချုပ်... သူမလည်း မသေမျိုးဂိုဏ်းကို ဝင်ချင်တယ်လို့ ပြောပါတယ်။ ဒါက သူမအတွက် ဂိုဏ်းဝင်ကြေးပါ" ဟု ပြောလိုက်၏။

ဝမ်ပင်းက ထိုငွေစက္ကူကို လက်ခံလိုက်သည်။ နောက်တစ်စက္ကန့်တွင် သူသည် ဒေါသထွက်နေသော ကျောက်ချင်းကို တစ်ချက်ကြည့်ကာ "မင်းတို့နှစ်ယောက် ရန်ဖြစ်နေကြတာလား။ တစ်ခုခု အဆင်မပြေတာ ရှိလို့လား" ဟု မေးမြန်းလိုက်၏။

ရန်လီလီက ခေါင်းညိတ်ပြလျက် "ဆွဲငင်အားနယ်ပယ်ကို တစ်နေ့ကို ခြောက်နာရီပဲ သုံးလို့ရတယ်ဆိုတဲ့အကြောင်း ကြိုမပြောထားလို့ သူက ကျွန်တော့်ကို အပြစ်တင်နေတာပါ" ဟု ရှင်းပြသည်။

ဝမ်ပင်း ထိုစကားကို ကြားလိုက်ရသည့်အခါ သူ၏ရင်ထဲတွင် အားရပါးရပင် ရယ်မောလိုက်မိလေတော့သတည်း။

ဝမ်ပင်းအနေဖြင့် ယခုအချိန်တွင် ကျောက်ချင်း၏ရင်ထဲ၌ မည်မျှပင် တသသဖြစ်ကာ ကျင့်ကြံလိုစိတ်များ ပြင်းပြနေမည်ကို ကောင်းစွာရိပ်မိသည်။

ကျောက်ချင်းသည် ဝမ်ပင်း စကားစလာသည်ကိုပင် မစောင့်နိုင်တော့ဘဲ စိတ်မရှည်စွာဖြင့် မေးလိုက်သည်။

"ဂိုဏ်းချုပ်ဝမ်... ဆွဲငင်အားနယ်ပယ်မှာ ဘာလို့ ဒီလို ထူးဆန်းတဲ့ စည်းကမ်းချက် ရှိနေရတာလဲ"

"ထူးဆန်းလို့လား"

"အရမ်းထူးဆန်းတာပေါ့။ တစ်နေ့မှာ ၂၄ နာရီရှိတာကို ကျွန်မတို့က ၆ နာရီပဲ ကျင့်ကြံခွင့်ရတာလေ။ အဲဒီ အချိန်ကန့်သတ်ချက်ကို ပယ်ဖျက်ပေးလို့ မရဘူးလားဟင်။ ကျွန်မမှာ ပိုက်ဆံရှိပါတယ်။ ဆွဲငင်အားနယ်ပယ်ထဲမှာ နေ့တိုင်း ကျင့်ကြံချင်လို့ပါ။ ဂိုဏ်းချုပ်အနေနဲ့လည်း ပိုက်ဆံတွေ အများကြီး ရမှာပဲလေ"

ကျောက်ချင်းက ပြောလိုက်သည်။

ဝမ်ပင်း ပြုံးလိုက်သော်လည်း သူ ရရှိနိုင်မည့် ဝင်ငွေများဆုံးရှုံးသွားရသဖြင့် ရင်ထဲတွင်မူ တဆစ်ဆစ် နာကျင်နေမိသည်။ သို့သော်လည်း ဂိုဏ်းချုပ်တစ်ဦး၌ ရှိသင့်သည့် အရှိန်အဝါကို ထိန်းသိမ်းရင်း သူက ပြန်ဖြေလိုက်သည်။

"စည်းကမ်းဆိုတာ စည်းကမ်းပဲလေ။ မင်းတို့က နှစ်နာရီကို ရွှေဒင်္ဂါး ၃၀ ဒါမှမဟုတ် ၄၀ ပေးမယ်ဆိုရင်တောင် ငါကတော့ မင်းတို့အတွက်နဲ့ စည်းကမ်းကို ဖောက်ဖျက်မှာ မဟုတ်ဘူး"

"ရွှေဒင်္ဂါး ၅၀ ဆိုရင်ရော"

ရန်လီလီကလည်း ဘေးမှနေ၍ အလျင်အမြန်ပင် ဝင်ရောက်အားဖြည့်လိုက်သည်။

"ကျွန်တော် ပေးဖို့ အဆင်သင့်ပါပဲ"

"အဲ..."

လက်ရှိတွင် ဂိုဏ်းသား ၃ ဦးရှိရာ နှစ်နာရီလျှင် စုစုပေါင်း ရွှေဒင်္ဂါး ၁၅၀ ရရှိမည်ပင်။

သို့သော် ဝမ်ပင်းအနေဖြင့် စနစ်က သတ်မှတ်ထားသော စည်းကမ်းကို ပြောင်းလဲ၍ မရနိုင်ချေ။ ထို့ကြောင့် သူသည် ခေါင်းကိုသာ ခါယမ်းပြလိုက်ပြီး လေသံကို တင်းမာအောင် ထိန်းထားလိုက်၏။

"မရဘူး"

"၆၀ ဆိုရင်ရောဗျာ။ ကျွန်တော်တို့ နှစ်ယောက်လုံးအတွက် အဲဒီလောက် ပေးပါ့မယ်"

ရန်လီလီက ဈေးဆစ်လိုက်ပြန်သည်။

"မရဘူး"

ဝမ်ပင်း၏ ကိုယ်ခန္ဓာမှာပင် အနည်းငယ် တုန်ယင်သွားရ၏။

"၈၀ ဆိုရင်ရော"

"ထပ်ပြီး ဆွေးနွေးနေဖို့ မလိုတော့ဘူး"

ဝမ်ပင်းသည် ဤနေရာမှ အမြန်ဆုံး ထွက်ခွါသွားချင်နေမိသည်။ ဤကဲ့သို့သော ဆွဲဆောင်မှုမျိုးကို သူ အမှန်တကယ်ပင် ဆက်လက်မတောင့်ခံနိုင်တော့ချေ။

"နဂိုသတ်မှတ်ထားတဲ့ ဈေးထက် ဆယ်ဆပေးမယ်ဆိုရင်ရော... ရွှေဒင်္ဂါး ၁၀၀ ပေါ့။ ဂိုဏ်းချုပ်

ဝမ်... ဘယ်လိုသဘောရလဲ"

ကျောက်ချင်းက မေးလိုက်၏။

ကျောက်ချင်းသည် လူသားတို့၏ စရိုက်ကို ကောင်းစွာ နားလည်ထားသည်ဟု ထင်မှတ်ထားသည်။

ဘယ်လိုလူမျိုးကများ ငွေကြေးအပေါ် လောဘမတက်ဘဲ နေနိုင်မှာလဲ။ အာဏာနဲ့ လုပ်ပိုင်ခွင့်ကိုရော ဘယ်သူက အထင်မကြီးဘဲ နေပါ့မလဲ။ လူသားဆိုတာ အသွေးနဲ့ အသားနဲ့ တည်ဆောက်ထားတာပဲဟာ။

ဂိုဏ်းဝင်ကြေး ရွှေဒင်္ဂါး ၁၀၀၀ မှာ များပြားသည်ဟု ထင်ရသော်လည်း ၎င်းမှာ တစ်ကြိမ်တည်း ပေးဆောင်ရခြင်းပင်။

ဆွဲငင်အားနယ်ပယ်မှာမူ ထိုသို့မဟုတ်ပေ။

သူမက နှစ်နာရီလျှင် ရွှေဒင်္ဂါး ၁၀၀ ပေးမည်ဟု ဆိုခြင်းမှာ တစ်ဦးလျှင် တစ်နေ့ကို ရွှေဒင်္ဂါး ၃၀၀ ခန့် ပိုမိုပေးဆောင်မည်ဟု ဆိုလိုခြင်းပင်။ ဤငွေပမာဏအရ သုံးရက်စာ ကျင့်ကြံခွင့်မှာပင် ဂိုဏ်းဝင်ကြေး ၁၀၀၀ နှင့် နီးပါး တူညီနေချေပြီ။ အကယ်၍ ဤသို့ ရေရှည်ဆက်သွားမည်ဆိုလျှင် ဝမ်ပင်းအနေဖြင့် ရွှေဒင်္ဂါး သောင်းနှင့်ချီ၍ ရရှိနိုင်မည်ပင်။

ဝမ်ပင်းအနေဖြင့် တွက်ချက်တတ်လိမ့်မည်ဟု သူမ ယုံကြည်ထား၏။

ရွှေဒင်္ဂါး သောင်းနှင့်ချီသော ပမာဏမှာ ဂိုဏ်းသစ်တစ်ခုလုံးကို အသစ်တည်ဆောက်ရန်ပင် လုံလောက်သည်။

သို့သော်လည်း ဝမ်ပင်း၏ စကားများမှာ သူမအား ဘာပြန်ပြောရမှန်းမသိအောင် ဆွံ့အသွားစေခဲ့သည်။

"မင်းတို့က ရွှေဒင်္ဂါး ၁၀၀၀ ပေးမယ်ဆိုရင်တောင် မရပါဘူး။ စည်းကမ်းဆိုတာ စည်းကမ်းပဲ"

တကယ်ပဲ ငွေကို မမက်တဲ့သူ ရှိနေတာလား...

အောက်တွင် ဝမ်ပင်းသည် သူတို့နှစ်ဦးကို ကြည့်ရင်း အားမလိုအားမရ ဖြစ်နေသော လေသံကို ဖျောက်ကာ ဆက်ပြောလိုက်သည်။

"ကဲ... မနက်ဖြန် မနက်ကျမှပဲ ဆက်ပြီး ကျင့်ကြံကြတော့။ အခုတော့ နားဖို့အတွက် ပြင်ဆင်ကြပါဦး"

ကျောက်ချင်း၏ ရင်ထဲတွင် အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားရသော်လည်း ဝမ်ပင်း၏ စရိုက်အခြေခံကိုမူ မချီးကျူးဘဲ မနေနိုင်တော့ချေ။ တစ်ချိန်တည်းမှာပင် သူမသည် ဝမ်ပင်းကို ငတုံးတစ်ယောက်ဟုလည်း စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆဲနေမိသည်။

ဝမ်ပင်း ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် သူမသည် သူမ၏နောက်ကွယ်ရှိ ဆွဲငင်အားနယ်ပယ်ကို ဘာမျှမတတ်နိုင်သလို စိုက်ကြည့်နေမိ၏။

မနက်ဖြန်မှပဲ ဒီနေရာကိုပြန်လာလို့ရတော့မှာပေါ့။

ယခုအခါတွင်မူ သူမသည် ပိန်သော်လည်း ကုလားအုပ်၊ ဆင်သေတော့ ဆင်လောက်ဆိုသည့် စကားကို အပြည့်အဝ ယုံကြည်သွားတော့သည်။

မှီခိုရာဂိုဏ်းက ကြယ်နှစ်ပွင့် အဆင့်နှင့် အလွန်နီးစပ်နေသည်ဆိုဦးတော့ နှစ်ပေါင်းတစ်ရာသက်တမ်းရှိသည့် စစ်မှန်သော ကြယ်နှစ်ပွင့်အဆင့် ဂိုဏ်းဟောင်းကြီးတစ်ခုလောက်တော့ မည်သို့မျှ အစွမ်းထက်နိုင်မည် မဟုတ်ချေ။

ရန်လီလီက ဘေးမှရပ်ကြည့်ရင်း မတတ်သာသည့် လေသံဖြင့် ပြောလိုက်သည်။

"တွေ့တယ်မလား... ငါ နင့်ကို ကြိုမပြောချင်တာ မဟုတ်ပါဘူး၊ ပြောလည်း ဘာမှထူးမှာမဟုတ်လို့ပါ။ အကြီးအကဲ ယွင်လျောင်တောင်မှ ဂိုဏ်းချုပ်ဝမ် သတ်မှတ်ထားတဲ့ စည်းကမ်းကို လိုက်နာရတာပဲ။ ငါတို့လိုလူတွေဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူး"

"နင် ဒါကို တမင်လုပ်တာ မဟုတ်လား"

"ဘယ်လိုလုပ် အဲဒီလို ဖြစ်နိုင်မှာလဲ။ ငါတို့ရဲ့ ဆက်ဆံရေးက သေဘေးကနေ အတူတူ ကျော်

ဖြတ်လာခဲ့ကြတာလေ။ ငါ နင့်ကို ဘယ်တုန်းက လိမ်ဖူးလို့လဲ"

ရန်လီလီက တဟားဟား ရယ်မောလိုက်၏။ သို့သော် သူ၏အပြုံးမှာမူ သူပြောနေသော စကားလုံးများ၊ လေသံများနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။

သူ၏ အမူအရာမှာ “အေး ဟုတ်တယ်... ငါ နင့်ကို လိမ်နေတာ။ ရှေ့မှာ အသားတုံးကြီး ချထားပေးပြီး စားခွင့်မရတဲ့ ခံစားချက်က ဘယ်လိုနေလဲ” ဟု ပြောနေသကဲ့သို့ပင်။

"နင့်စကားကို ငါယုံရင်တော့ ထူးဆန်းနေမှာပဲ"

ကျောက်ချင်းက ရန်လီလီကို အေးစက်စက် တစ်ချက် ကြည့်လိုက်သည်။

"ဂိုဏ်းချုပ်ဝမ်... ကျွန်မတို့ ဘယ်မှာ တည်းရမှာလဲ"

ကျောက်ချင်းသည် ဝမ်ပင်း၏နောက်သို့ အပြေးအလွှား လိုက်သွားသည်။

ထို့နောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် "ဩော်... ဒါနဲ့ ဂိုဏ်းချုပ်ဝမ် မသေမျိုးဂိုဏ်းရဲ့ အိပ်ဆောင်တွေကလည်း ဆွဲငင်အားနယ်ပယ်လိုမျိုး ထူးဆန်းတာတွေ ရှိဦးမလားဟင်"

"ခန့်မှန်းကြည့်လေ"

ဝမ်ပင်းက ပြုံးလျက် ပြန်ပြောလိုက်သည်။

"အိပ်ဆောင်တွေမှာလည်း အချိန်ကန့်သတ်ချက်တွေတော့ မရှိနိုင်ဘူးမလား"

"အိပ်စက်ဖို့အတွက် သုံးတဲ့နေရာမှာ ဒီလိုစည်းကမ်းမျိုး ဘယ်ရှိပါ့မလဲ"

ဝမ်ပင်းက ခေါင်းခါပြလိုက်ရင်း ဆွဲငင်အားနယ်ပယ်ကြောင့် အတော်လေး ပင်ပန်းနွမ်းနယ်နေဟန်ရှိသော လင်းငါးမလေးကို တစ်ချက် အကဲခတ်ကြည့်လိုက်မိသည်။

ဆယ်မိနစ်ခန့်အကြာတွင် ဝမ်ပင်းသည် တောအုပ်အတွင်းရှိ သစ်သားအိမ်အသေးစားလေး နှစ်လုံးရှေ့၌ ရပ်တန့်လိုက်ပြီး ဝင်ရန် လက်ဟန်ပြလိုက်၏။

ရန်လီလီက အိမ်ရှေ့သို့ သွားကာ သစ်သားတံခါးကို တွန်းဖွင့်လိုက်ရာ တံခါးမှာ ခြေထောက်မပါသော ကုလားထိုင်တစ်လုံးကဲ့သို့ပင် ဝုန်းခနဲ ပြုတ်ကျသွားပြီး ဖုန်မှုန့်များ တထောင်းထောင်း ထသွားတော့သည်။ ဤနေရာတွင် လူမနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ကြောင်း ထင်ရှားသည်။

"ဂိုဏ်းချုပ်... ဒါက ဘယ်လိုဖြစ်တာလဲဗျ"

"ဒီညတော့ အဆင်ပြေတဲ့နေရာမှာပဲ ရွေးပြီး နားလိုက်ကြဦး။ မနက်ဖြန်ကျမှ တစ်ယောက်ယောက်ကို လွှတ်ပြီး သန့်ရှင်းရေး လုပ်ခိုင်းလိုက်မယ်"

စကားပြောပြီးသည်နှင့် ဝမ်ပင်းက လှည့်ထွက်ခဲ့သည်။

ထိုစဉ် သူ၏မျက်စိရှေ့၌ စာသားနှစ်လုံးပါသော ဝင်းဒိုးတစ်ခု ပေါ်လာ၏။

[မစ်ရှင် အောင်မြင်သည်]

ထိုဝင်းဒိုး ပျောက်ကွယ်သွားသည်နှင့် စနစ်၏အသံ ထွက်ပေါ်လာသည်။

"အခုဆိုရင် သခင့်အနေနဲ့ အဆောက်အအုံကို တစ်ကြိမ် အခမဲ့ အဆင့်မြှင့်တင်ခွင့် ရရှိသွားပါပြီ။ ဒါ့အပြင် တပည့်သစ်တွေ ပိုမိုလက်ခံနိုင်ဖို့နဲ့ မသေမျိုးဂိုဏ်းကို တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် အထူးစွမ်းဆောင်ရည်တစ်ခုကိုလည်း ပေးအပ်သွားမှာပါ"

"အခမဲ့ အဆင့်မြှင့်တင်ခွင့် ဟုတ်လား။ ကြည့်ရအောင်"

"သခင့်ကို တစ်ခုသတိပေးချင်တာက အဲဒီအထူးစွမ်းဆောင်ရည်က ကျပန်းရရှိမှာ ဖြစ်ပေမဲ့ ယုတ္တိရှိတဲ့ ရလဒ်မျိုးပဲ ထွက်လာမှာပါ။ အဆင့်မြှင့်တင်လိုက်တဲ့ အဆောက်အအုံရဲ့ လုပ်ဆောင်ချက်အပေါ် မူတည်ပြီး ရရှိမယ့် စွမ်းဆောင်ရည်က ကွဲပြားသွားပါလိမ့်မယ်"

စနစ်၏ သတိပေးချက်ကို ကြားပြီးနောက် ဝမ်ပင်းသည် တုံ့ဆိုင်းမနေဘဲ တပည့်အိပ်ဆောင်ဧရိယာကို အဆင့်မြှင့်တင်ရန် ချက်ချင်း ရွေးချယ်လိုက်သည်။ သူ၏ရင်ထဲတွင် မူဝါဒတစ်ခု ရှိ၏။ လူတစ်ယောက်၏ စိတ်နှလုံးကို ဖမ်းစားလိုပါက သူတို့နေထိုင်ရာနေရာက သက်သောင့်သက်သာရှိသော နေရာတစ်ခု ဖြစ်ရပေမည်။ ထို့ပြင် စောစောက သူ ကျောက်ချင်းနှင့် ရန်လီလီတို့ကို ပြသခဲ့သည့်နေရာမှာ အမှန်တကယ်တော့ မသေမျိုးဂိုဏ်း တပည့်များ၏ အိပ်ဆောင်ဧရိယာ မဟုတ်ပေ။

အကြောင်းမှာ အဆင့်မြှင့်တင်နေစဉ်အတွင်း မည်သူ့ကိုမျှ ထိုဧရိယာအတွင်း ပေးမဝင်

စေချင်သောကြောင့်ပင်။

"အနောက်တောင်ကုန်းမှာရှိတဲ့ အိပ်ဆောင်ဧရိယာကို အဆင့်မြှင့်မယ်"

"သေချာရဲ့လား"

"သေချာတယ်"

[အိပ်ဆောင် အဆင့်မြှင့်တင်မှု ပြီးဆုံးရန် ကျန်ရှိချိန် ၁ နာရီ]

[ရရှိမည့် အထူးစွမ်းဆောင်ရည် အတတ်ပညာ သွတ်သွင်းခြင်း]

ဝမ်ပင်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။

"အတတ်ပညာ သွတ်သွင်းခြင်း ဟုတ်လား"

"ရှင်းပါတယ်။ အိပ်စက်နေချိန်၊ အစားစားနေချိန် ဒါမှမဟုတ် တရားထိုင်နေချိန်မှာတောင်မှ ဒီအိပ်ဆောင်က သတ်မှတ်ထားတဲ့ အချက်အလက်တွေကို အထဲကလူတွေရဲ့ ဦးနှောက်ထဲကို သွတ်သွင်းပေးနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဒါက သူတို့ရဲ့ စွမ်းဆောင်ရည်တစ်ခု ဖြစ်လာပါလိမ့်မယ်။ သွတ်သွင်းတဲ့ လမ်းကြောင်းတွေကတော့ အသံတွေကတစ်ဆင့် ဒါမှမဟုတ် မြင်ကွင်းတွေကတစ်ဆင့် ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ မြင်သမျှ ကြားသမျှ အရာအားလုံးကို သင်ယူနိုင်မှာပါ"

"အဲဒါဆိုရင် အိပ်နေရင်းနဲ့တောင် ကျင့်ကြံလို့ရတယ်လို့ ပြောတာလား"

"အဲဒီလို နားလည်လို့ရပါတယ်"

"ဒါဆိုရင် အိပ်ဆောင်ကနေ ဘယ်လိုအရာမျိုးတွေကို သွတ်သွင်းပေးမှာလဲ"

"နောက်တစ်နာရီကြာရင် အိမ်ရှင် သိရပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် တစ်နေ့ကို ရွှေဒင်္ဂါး ၅၀ ပေးရမယ့် ဈေးနှုန်းနဲ့ ထိုက်တန်တဲ့ အရာကောင်းတစ်ခု ဖြစ်မှာတော့ သေချာပါတယ်"

"ပိုက်ဆံ ထပ်ပေးရပြန်ပြီလား"

ဝမ်ပင်းမှာ စနစ်ကို လုံးဝပင် လက်လျှော့သွားရတော့သည်။

ဒီစူပါဂိုဏ်းတော်စနစ်ဆိုတာက မသေမျိုးဂိုဏ်းကို ဂိုဏ်းလို့တောင် ခေါ်လို့ရသေးရဲ့လား။ ဒါက ကျင့်ကြံသူတွေကို ပျိုးထောင်ပေးတဲ့ နေရာထက်... မြို့ထဲက ကိုယ်ခံပညာသင်တန်းကျောင်းတစ်ခုလိုမျိုး ဖြစ်နေပြီ မဟုတ်ဘူးလား။ စည်းကမ်းတွေ၊ သတ်မှတ်ချက်တွေက တကယ့်ကို စီးပွားရေးဆန်လွန်းနေတာပဲ။

ပြီးတော့ တစ်ခုခု သင်ယူချင်ရင်တောင်မှ အရင်ဆုံး ပိုက်ဆံကပေးရဦးမယ်။

All Chapters