← Chapters

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း။ ၁၇

သေချာပြန်စဉ်းစားကြည့်လျှင် တစ်နေ့ကို ရွှေဒင်္ဂါး ၅၀ ဆိုသည့် ဈေးနှုန်းကြောင့် ဝမ်ပင်း၏ တပည့်များမှာ ဒေါသတကြီး ခုန်ပေါက်ကြတော့မည်ဟု သူ ခံစားလိုက်ရသည်။

"စနစ်... အခု ငါတို့ သွတ်သွင်းပေးလို့ရတဲ့ အတတ်ပညာက ဘာလဲ"

"အိမ်ရှင် စိတ်ကြိုက် စီစဉ်နိုင်ပါတယ်"

ထို့နောက် သူ၏ မျက်စိရှေ့တွင် မြင်ကွင်းတစ်ခု ပေါ်လာ၏။ ထိုမြင်ကွင်းထဲတွင် လူတစ်ယောက်သည် ဓားတစ်လက်ကို ကိုင်စွဲကာ ကခုန်နေပြီး ဓားအလင်းတန်းများမှာ လေထုထဲတွင် ချည်မျှင်တန်းများသဖွယ် ပျံနှံ့နေသည်။ ထိုအလင်းတန်းများ ဖြတ်သန်းသွားရာတစ်လျှောက်တွင် သဲများနှင့် ကျောက်ခဲကလေးများမှာ အရှိန်ပြင်းစွာ လွင့်စင်သွားကြ၏။ ကျောက်တုံးကြီးများမှာလည်း နူးညံ့သော တိုဖူးတုံးများကဲ့သို့ပင် အလွယ်တကူ အပိုင်းပိုင်း ပြတ်တောက်သွားကြသည်။

ဆက်လက်၍ ထိုလူသည် ဓားကိုကိုင်ကာ ရှေ့သို့ တည့်တည့်ချိန်လိုက်ချိန်တွင် သူ၏အကြည့်မှာ အလွန်ပင် ထက်မြက်လာသည်။ ထိုခဏချင်းမှာပင် ဓားနှင့်လူမှာ တစ်သားတည်းဖြစ်သွားပြီး ရှေ့သို့ တိုးဝင်သွားသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ သူ ပြန်လည်ပေါ်ထွက်လာချိန်တွင် မူလနေရာမှ ၁၀ မီတာခန့် ဝေးကွာသောနေရာသို့ ရောက်ရှိနေပြီဖြစ်ကာ သူက နောက်သို့ ခပ်အေးအေး လှည့်ကြည့်လိုက်သည့်အခါ သူ၏နောက်ကွယ်ရှိ ကြေးရုပ်တုကြီးများမှာ နှစ်ပိုင်းပြတ်တောက်သွားတော့သည်။

ဤမြင်ကွင်းကို ကြည့်ပြီးနောက် ဝမ်ပင်းသည် မြင်ကွင်း၏အောက်ခြေရှိ မှတ်ချက်ကို အာရုံစိုက်လိုက်မိ၏။

[အဖြူရောင်အထူးကဲဆုံးဓားသိုင်း - အဆင့်နိမ့် အဝါရောင်အဆင့်သွေးကြောဆိုင်ရာ အတတ်ပညာ]

ဤရိုးရှင်းသော စာသားတစ်ကြောင်းကြောင့် ဝမ်ပင်းမှာ အတော်ကြာအောင် စိတ်မအေးနိုင်ဘဲ ရှိနေတော့သည်။ သူ၏ တုန်လှုပ်မှုကို ထိန်းချုပ်ရန်အတွက် အားရပါးရ ရယ်မောလိုက်ရုံသာ တတ်နိုင်တော့၏။

ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ ရှိသော ပညာရှင်တစ်ဦးကို ဆန်းဝူမြို့၏ ထိပ်တန်းပညာရှင်တစ်ဦးဟု သတ်မှတ်နိုင်သော်လည်း သူတို့မှာ အခြေခံအားဖြင့် သိုင်းသမားများသာ ဖြစ်ကြသေးသည်။

သူတို့ ကျင့်ကြံသော ကျင့်စဉ်များမှာ လူသားအဆင့်မျှသာ ဖြစ်၏။

သူတို့ လေ့ကျင့်သော သိုင်းပညာများမှာလည်း လူသားအဆင့်သာ ဖြစ်ကာ သူတို့ အသုံးပြုသော လက်နက်များမှာပင် လူသားအဆင့်သာ ရှိသေး၏။

မြေကမ္ဘာဖျက်ဆီးခြင်း သွေးကြောတံခါးကို ရှာဖွေတွေ့ရှိပြီး ၎င်းကို ဖွင့်လှစ်ကာ နက်နဲသောနယ်ပယ်သို့ ဝင်ရောက်နိုင်မှသာ စစ်မှန်သော ကျင့်ကြံသူတစ်ဦး ဖြစ်လာနိုင်သည်။ အကြောင်းမှာ ထိုအဆင့်သို့ ရောက်မှသာ သူတို့လေ့ကျင့်သော ကျင့်စဉ်များမှာ လူသားအဆင့်ကို ကျော်လွန်သွားနိုင်သောကြောင့်ပင်။

ထိုအခါမှသာ အဆင့်သတ်မှတ်ချက်အတွင်းသို့ ဝင်ရောက်နိုင်မည်ပင်။

သိုင်းပညာဟူသော အသုံးအနှုန်းသည်လည်း ထိုအဆင့်နှင့်အတူ ပျောက်ကွယ်သွားမည်

ဖြစ်ကာ သူတို့၏ သိုင်းပညာများကို သိုင်းပညာဟု မခေါ်ဆိုတော့ဘဲ သွေးကြောဆိုင်ရာ အတတ်ပညာသို့မဟုတ် သွေးကြောဆိုင်ရာ နည်းစနစ်ဟုသာ ခေါ်တွင်တော့မည်ပင်။

သူတို့၏ ခွန်အားမှာ သွေးကြောကြီးများနှင့် သွေးကြောငယ်များမှ မြစ်ဖျားခံလာပြီး နက်နဲသော အတတ်ပညာများအဖြစ် ပေါ်ထွက်လာခြင်းပင်။

သူတို့၏ လူသားအဆင့် သိုင်းကွက်များမှာ သွေးကြောဆိုင်ရာ နည်းစနစ်များ ဖြစ်လာပေလိမ့်မည်။

ပထမဆုံး သွေးကြောတံခါးကို ဖွင့်လှစ်ပြီးနောက် ရရှိလာသော ကျင့်ကြံမှုနယ်ပယ်ကို နက်နဲသောနယ်ပယ်ဟု ခေါ်ဆိုရခြင်း အကြောင်းရင်းမှာလည်း ထို့ကြောင့်ပင်။

အနိမ့်ဆုံးအဆင့်ဖြစ်သော အဆင့်နိမ့် အဝါရောင်အဆင့်သွေးကြောဆိုင်ရာ အတတ်ပညာ၏ အကွက်တစ်ခုတည်းမှာပင် ဆန်းဝူမြို့၌ အလွန်အမင်း တန်ဖိုးကြီးမားပြီး ရှားပါးလှသော ရတနာတစ်ပါးဟု သတ်မှတ်ခြင်း ခံရသည်။ မသေမျိုးဂိုဏ်း၏ တောက်ပခဲ့သော အတိတ်ကာလကပင် သူတို့၏ အထူးကဲဆုံး အတတ်ပညာမှာ အဆင့်နိမ့် အဝါရောင်အဆင့်တစ်ခုသာ ဖြစ်ခဲ့ပြီး ၎င်းကို ဂိုဏ်းချုပ်တစ်ဦးတည်းသာ ကျင့်ကြံခွင့် ရှိခဲ့ခြင်းပင်။

ယခုအခါတွင်မူ အတတ်ပညာ သွတ်သွင်းခြင်းမှ ရရှိမည့် စွမ်းဆောင်ရည်မှာ သွေးကြောဆိုင်ရာ နည်းစနစ်တစ်ခု အမှန်တကယ်ပင် ဖြစ်နေတော့သည်။

ဘယ်လို... ဒါက တကယ်ပဲလား။ ကြယ်နှစ်ပွင့် အဆင့်ရှိတဲ့ ဂိုဏ်းကြီးတွေမှာတောင် အထူးကဲဆုံး အတတ်ပညာအဖြစ် သတ်မှတ်ထားတဲ့အရာကို... တစ်နေ့ကို ရွှေဒင်္ဂါး ၅၀ နဲ့ ကျင့်ကြံခွင့် ရရှိမယ်ဆိုတာ တကယ့်ကို မယုံနိုင်စရာပဲ။ ဒါက ကျင့်ကြံသူလောကမှာတော့ အခမဲ့ပေးနေသလိုမျိုး ဖြစ်နေတာပေါ့။

ထိုအချိန်တွင် စနစ်က "သခင်... ဒုတိယမြောက် ရွေးချယ်စရာကိုလည်း ကြည့်ပေးပါဦး" ဟု ပြောလိုက်သည်။

မြင်ကွင်းမှာ ပြောင်းလဲသွားပြီး နဂါးတစ်ကောင် သူ၏ မျက်စိရှေ့တွင် ပေါ်လာ၏။

မဟုတ်သေးပေ။ ပိုမိုတိကျစွာ ဆိုရလျှင် ၎င်းမှာ ကျောက်နဂါးတစ်ကောင်ပင်။

ကျောက်ဆိုသည်မှာ နဂါးမျိုးနွယ်ဖြစ်သော်လည်း ဦးချိုမပါသော နဂါးမျိုးကို ဆိုလိုခြင်းပင်။

နဂါးများတွင် ဦးချိုများ ပါရှိကြသော်လည်း ကျောက်တို့တွင်မူ ရေယက်များသာ ပါရှိကြသည်။

သူတို့၏ ရေယက်များသည် ဦးခေါင်းဧရိယာတွင် တည်ရှိပြီး ထီးတစ်ချောင်းကဲ့သို့ ဖြန့်ကားနိုင်ကာ ရေလွှမ်းမိုးမှုများကို ဖြစ်ပေါ်စေနိုင်သော ပြင်းထန်သည့် တုန်ခါမှုများကို ထုတ်လွှတ်နိုင်သည်။

ထိုအခိုက်အတန့်တွင် ကျောက်နဂါးသည် ရေမျက်နှာပြင်ပေါ်သို့ ဦးခေါင်းကို ဖော်ထုတ်လိုက်ပြီး ကောင်းကင်ယံသို့ ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ ၎င်း၏အသံမှာ မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင် ကျယ်လောင်သည်။

ဟိန်းဟောက်သံ တစ်ချက်တည်းနှင့်ပင် မြစ်ရေများ လျှံတက်သွားရ၏။

နှစ်ချက်မြောက် ဟိန်းဟောက်လိုက်ချိန်တွင်မူ တောင်တန်းများ ပြိုကျပျက်စီးသွားပြီး ကောင်းကင်ယံမှ အလင်းရောင်များပင် မှိန်ဖျော့သွားရလေတော့သည်။

ဝမ်ပင်းသည် ထိုမြင်ကွင်းကို ခေတ္တမျှ ကြည့်ရှုနေပြီးနောက် အောက်ခြေရှိ မှတ်ချက်ဆီသို့ အကြည့်ရွှေ့လိုက်မိသည်။

[ကျောက်နဂါး၏ ဒေါသ- အဆင့်နိမ့် အဝါရောင်အဆင့် သွေးကြောဆိုင်ရာ အတတ်ပညာ]

အသံစွမ်းအားဖြင့် တောင်တန်းများကို ဖြိုခွဲနိုင်သလို စစ်မြေပြင်မှ ရန်သူများကိုလည်း သတ်ဖြတ်နိုင်ပြီး ၎င်းမှာ အလွန်ရှားပါးလှသော အသံလှိုင်းအခြေပြု အတတ်ပညာတစ်ခုပင်။

"ပထမ ရွေးချယ်စရာက ရွှေဒင်္ဂါး ၁၀၀၀ ကုန်ကျမှာဖြစ်ပြီး ဒုတိယ ရွေးချယ်စရာကတော့ ၂၀၀၀ ကုန်ကျမှာပါ။ သခင်... ကိုယ်တိုင်ပဲ ဆုံးဖြတ်ချက် ချလိုက်ပါတော့"

"ပိုက်ဆံ ထပ်ကုန်ပြန်ပြီ။ ငါ အစကတည်းက သိသားပဲ... မင်း ငါ့ဆီမှာ ပိုက်ဆံလေး နည်းနည်းပါးပါး ရှိလာတာကို မြင်တော့ အကွက်ချပြီး နှိုက်တော့တာပဲမလား"

"ရင်းနှီးမြှုပ်နှံမှု ရှိမှ အကျိုးအမြတ် ရှိမှာပေါ့ သခင့်ရဲ့"

"ငါ အသေအချာ စဉ်းစားကြည့်ရဦးမယ်။ အဖြူရောင်အထူးကဲဆုံး ဓားသိုင်းက ကြည့်ရတာ အတော်လေး ကောင်းသလို လူသားအဆင့် သိုင်းပညာတွေရဲ့ အတိုင်းအတာကိုလည်း လုံးဝ ကျော်လွန်နေတယ်။ ဒါပေမဲ့ သူ့ရဲ့ ဓားကွက်တွေက တစ်ယောက်ချင်း တိုက်ခိုက်ဖို့ ပိုရည်ရွယ်ထားသလို ချီစွမ်းအင် အသုံးပြုမှုအပိုင်းမှာလည်း သတ်မှတ်ချက်က အတော်မြင့်တယ်။ လောလောဆယ် ယွင်လျောင် တစ်ယောက်ပဲ အတွင်းအား ချီစွမ်းအင်ကို အပြင်ထုတ်နိုင်စွမ်း ရှိသေးတာဆိုတော့ အခုချက်ချင်း ဒါကိုဝယ်ပြီး သွတ်သွင်းပေးဖို့က မတန်သေးဘူး။

ကျောက်နဂါး၏ ဒေါသကတော့ တစ်ဦးချင်းရော၊ အုပ်စုလိုက်ရော၊ ဧရိယာအလိုက်ပါ ထိခိုက်မှု ပေးနိုင်တာပဲ။ ဒီလို ဧရိယာအလိုက် တိုက်ခိုက်နိုင်စွမ်းကြောင့် ဒါကိုပဲ ရွေးချယ်မှာ ဖြစ်ပေမဲ့ ဈေးက အရမ်းကြီးလွန်းနေတယ်။ ငါ့မှာ အခု ရွှေဒင်္ဂါး ၂၀၀၀ ကျော်ပဲ ရှိသေးတာ သုံးစရာတွေကလည်း တပုံကြီးပဲရှိတာကို"

တပည့်တွေရဲ့ စားစရိတ်ကလည်း တစ်နေ့တခြား ငွေကုန်ကြေးကျ ရှိလာသလို ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ဖော်ဆောင်မယ့် ဂိုဏ်းဝတ်စုံသတ်မှတ်တာကလည်း အရင်းအနှီးလိုအပ်ဦးပါ။ ဝတ်စုံက ဂိုဏ်းတစ်ခုရဲ့ မျက်နှာစာဖြစ်တာမို့လို့ အပေါစားပိတ်စတွေကို သုံးလို့လည်း မရပြန်ဘူး။

ဒါ့အပြင်... ဂိုဏ်းရဲ့ ဝေယျာဝစ္စတွေကို လုပ်ကိုင်ပေးမယ့် အစေခံတွေနဲ့ အလုပ်သမားတွေကို ငှားရမ်းဖို့ကလည်း လစဉ်ပုံမှန် လစာပေးရမှာ။

ပြီးတော့ ငါ့အတွက်တင်မကဘဲ ဂိုဏ်းတစ်ခုလုံးရဲ့ ရှေ့ရေး၊ လူတိုင်းရဲ့ စားဝတ်နေရေးအတွက်ပါ ငါ တာဝန်ယူရဦးမှာလေ။

"ဒုတိယတစ်ခုကို ဝယ်တာက ပိုပြီးတော့ တန်ပါလိမ့်မယ်။ လက်ဆောင်အနေနဲ့ ကျောက်နဂါးတစ်ကောင်ပါ ပါမှာမလို့ပါ"

ဝမ်ပင်းက ပြတ်ပြတ်သားသားပင် ဆုံးဖြတ်လိုက်သည်။

"ဒါဆို ဒုတိယ ရွေးချယ်စရာပဲ... ငါ ဒုတိယတစ်ခုကိုပဲ ရွေးမယ်"

တစ်နာရီအကြာတွင် ဝမ်ပင်းသည် နောက်တောင်ကုန်းဆီသို့ သွားခဲ့သည်။

ဤနေရာမှာ လုံးဝပင် ပြောင်းလဲသွားကာ မူလက အိမ်အိုလေးများ စုပြုံနေသည့် တောင်ကုန်းငယ်လေးမျှသာ ဖြစ်သော်လည်း ယခုအခါတွင်မူ ရေကန်အလယ်ရှိ ထူးခြားဆန်းပြားသော ဗီလာအိမ်ကြီးတစ်လုံးကဲ့သို့ ဖြစ်နေတော့သည်။ စနစ်သည် မြေအောက်ရေကို ထုတ်ယူရန်အတွက် မြေကြီးကို အင်အားသုံး၍ တွင်းတူးထားပြီး ကျွန်းကလေး၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ရေများ စီးဆင်းစေရန် ဖန်တီးထားခြင်းပင်။

ထိုရေမှာ စမ်းချောင်းငယ်လေးတစ်ခုမျှသာ မဟုတ်ဘဲ အဆုံးမရှိသယောင် နက်ရှိုင်းလှသော ရေကန်ကြီးတစ်ခု ဖြစ်နေ၏။ ရေများသည် အထက်မှ ဒလဟော စီးဆင်းလာပြီး တစ်ဖက်ကမ်းသို့ ရောက်ကာ အောက်ရှိ နက်ရှိုင်းသော ရေကန်ထဲသို့ ပြန်လည်ဝင်ရောက်လျက် သံသရာလည်၍ စီးဆင်းနေသည်။

ဝမ်ပင်းသည် ဤနေရာကို ကြည့်လေလေ ဤနေရာ၌ပင် အမြဲတမ်း နေထိုင်ချင်စိတ် ပေါက်လာလေလေပင်။

သို့သော် ရုတ်တရက် ဝမ်ပင်း တစ်စုံတစ်ခုကို သတိရသွားပြီး စနစ်ကို အလျင်အမြန် မေးမြန်းလိုက်သည်။

"ကျောက်နဂါးက ဘယ်မှာလဲ"

တစ်ချိန်တည်းမှာပင် သူသည် ရေအောက်သို့ လှမ်းကြည့်ရန် ခေါင်းကို ရေထဲသို့ ထိုးထည့်လိုက်၏။ သို့သော် မှောင်မည်းနေသည်မှအပ ဘာမျှ မမြင်ရချေ။

ဘယ်မှာလဲ မင်းပြောတဲ့ဟာက... အခုတော့ ကျောက်နဂါး မပြောနဲ့ ငါးအသေးလေး တစ်ကောင်ကိုတောင် မတွေ့ရဘူး။

စနစ်က ပြန်ဖြေလိုက်သည်။

"သူ အိပ်ပျော်နေတာပါ။ ကျောက်နဂါးတွေက လူတွေကြည့်ဖို့အတွက် ဟိုကူးဒီကူးနဲ့ ပြကွက်တွေ ပြနေမယ်လို့ သခင်က ထင်နေတာလား"

"ဒါဆိုရင် ဒီလက်ဆောင်က ဘာအဓိပ္ပာယ်ရှိလို့လဲ"

ဝမ်ပင်းက မေးလိုက်၏။

"ဒါက ကျောက်နဂါးတွေရဲ့ သဘာဝကို ပိုပြီး ခံစားသိရှိနိုင်ဖို့နဲ့ လူသားတွေနဲ့ နဂါးတွေကြားက သဟဇာတဖြစ်မှုကို မြှင့်တင်ပေးဖို့ပါ။ အဲဒီလိုမှသာ ကျောက်နဂါး၏ ဒေါသအတတ်ပညာကို ပိုပြီး ကောင်းကောင်းမွန်မွန် လေ့ကျင့်နိုင်မှာပါ"

"ငါ အခမဲ့ စမ်းကြည့်လို့ ရမလား"

"မရပါဘူး သခင်ဖြစ်နေရင်တောင်မှ ပိုက်ဆံပေးရပါမယ်။ ဒါပေမဲ့ သခင့်အနေနဲ့ အခမဲ့ ဉာဏ်

အလင်းပွင့်ခြင်းတစ်ကြိမ်ကိုတော့ ရရှိနိုင်မှာပါ"

"ဉာဏ်အလင်းပွင့်ခြင်းဟုတ်လား"

"ဉာဏ်အလင်းပွင့်ခြင်း အခြေအနေက ခြောက်နာရီကြာမြင့်မှာဖြစ်ပြီး သွေးကြောဆိုင်ရာ အတတ်ပညာ သွတ်သွင်းမှုနှုန်းကို အဆ ၁၀ ကနေ ၁၀၀ ကြားအထိ မြှင့်တင်ပေးသွားမှာပါ။ သခင် ဘယ်လောက်အထိ နားလည်သဘောပေါက်မလဲဆိုတာကတော့ သခင်ရဲ့ ကံတရားပေါ်မှာပဲ မူတည်ပါတယ်"

"အဆ ၁၀၀ ပေါ့... ငါ့ရဲ့ စရိုက်က အကောင်းဆုံးပဲ။ ငါ့ရဲ့ ကံတရားကလည်း ဘယ်သူနဲ့မှ မယှဉ်နိုင်အောင် ထိပ်ဆုံးမှာပဲရှိတာ"

ထို့နောက် ဝမ်ပင်းသည် ရေကန်ဘေးတွင် တင်ပျဉ်ခွေထိုင်လိုက်၏။ သူ၏ လက်ဖဝါးနှစ်ဖက်ကို ဒူးခေါင်းပေါ်တွင် အပေါ်ဘက်သို့ လှန်တင်ထားပြီးနောက် တစ်ကိုယ်လုံးကို ဖြည်းညှင်းစွာ ဖြေလျှော့လိုက်သည်။

ငှက်သံများနှင့် ပိုးကောင်သံများမှာ ပျောက်ကွယ်သွားတော့သည်။ ထို့နောက်တွင်မူ ရေစီးသံကိုပင် သူ မကြားရတော့ချေ။

သူသည် ထူးခြားသော အခြေအနေတစ်ခုအတွင်းသို့ ရောက်ရှိသွားပြီး ယခုအခါတွင်မူ သူသည် ဟင်းလင်းပြင်တစ်ခုထဲ၌သာ တည်ရှိနေတော့သည်။

ထိုအခါ သူ၏ စိတ်နှလုံးထဲတွင် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရ၏။

[ဉာဏ်အလင်းပွင့်ခြင်းစနစ်ကို စတင်လိုက်ပါပြီ]

[နှုန်း - ၉၉ ဆ]

ဤသည်ကို မြင်လိုက်ရသောအခါ ဝမ်ပင်း၏ နှုတ်ခမ်းအစုံမှာ အနည်းငယ် ကွေးညွတ်သွားပြီး ခဏတာ အပြုံးတစ်ခု ပေါ်လွင်သွား၏။ သူသည် တိတ်ဆိတ်စွာဖြင့် ဆက်လက်၍ တင်ပျဉ်ခွေထိုင်နေခဲ့သည်။

ထိုဆန်းကြယ်လှသော အခြေအနေအတွင်း၌ ဝမ်ပင်းသည် ကျောက်နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သူသည် ဦးချိုမပါသော နဂါးတစ်ကောင်ဖြစ်ပြီး ရေအောက်အနက်ပိုင်းတွင် နေထိုင်သူဖြစ်၏။ နဂါးဟိန်းသံ တစ်ချက်တည်းနှင့်ပင် အိုင်များနှင့် မြစ်များကို ရေလျှံစေနိုင်ပြီး ကြီးမားလှသော လှိုင်းလုံးကြီးများကို ကောင်းကင်သို့ ထိုးတက်သွားစေနိုင်သည်။

ခုန်ပျံလိုက်ရုံမျှဖြင့် တောင်တန်းတစ်ထောင်နှင့် စမ်းချောင်းတစ်သောင်းကို ဖြတ်ကျော်သွားနိုင်သည်။

သူသည် မြေပြင်ကို အထက်စီးမှ ဝင့်ကြွားစွာ ငုံ့ကြည့်လိုက်သည့်အခါ စိမ်းလန်းစိုပြည်သော လယ်ကွင်းပြင်ကြီးများကိုသာ မြင်တွေ့ရ၏။ လေပြင်းများ တိုက်ခတ်လာပြီး မြက်ခင်းများ ယိမ်းနွဲ့သွားသည့်အခါမှသာ နွားများနှင့် သိုးများကို သူ မြင်တွေ့ရတော့သည်။

မကြာမီတွင် ဝမ်ပင်းသည် အခြားသော ဧရာမ သားရဲကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး မြစ်ပြင်ပေါ်တွင် ရပ်နေသည့် ကျောက်နဂါးတစ်ကောင်ကို ရင်ဆိုင်ကာ ဟိန်းဟောက်နေမိသည်။ ထိုမိစ္ဆာသတ္တဝါနှစ်ကောင်၏ အသံများမှာ ကောင်းကင်ယံမှ မိုးကြိုးသံများကိုပင် လုံးဝ လွှမ်းမိုးထားတော့၏။

တစ်ချက်ပြီးတစ်ချက် ဟိန်းဟောက်နေကြသည်မှာ ဤကမ္ဘာလောကကြီးတွင် ထိုနှစ်ဦးတည်းသာ ရှိနေကြသကဲ့သို့ပင်။

မြင်ကွင်းမှာ ထပ်မံပြောင်းလဲသွားသည့်အခါ ဝမ်ပင်းသည် ကျောက်နဂါး၏ ဦးခေါင်းပေါ်တွင် ရပ်နေသည်ကိုပင် မြင်တွေ့လိုက်ရသည်။ သူသည် ၎င်းကို စီးနင်းကာ မြစ်ချောင်းများတစ်လျှောက် လွတ်လပ်စွာ လှည့်လည်သွားလာရင်း ကြောက်မက်ဖွယ်ကောင်းသော ဒီရေလှိုင်းများကို အမိန့်ပေးစေခိုင်းနေ၏။ သူတို့အကြားရှိ ဆက်ဆံရေးမှာ ဆွေမျိုးသားချင်းများကဲ့သို့ပင်ဖြစ်ကာ မြစ်ရေများ ခန်းခြောက်သွားသည်အထိ တစ်ဦးပေါ်တစ်ဦး မှီခိုအားထားနေကြတော့သည်။

...

နောက်တစ်နေ့ နံနက် မိုးသောက်ယံ အချိန်တွင်မူ ဝမ်ပင်းသည် နက်ရှိုင်းသော ရေကန်ဘေးမှ ထရပ်လိုက်၏။ သူ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ ပေါ်လွင်နေပြီး မိုးသံကြားခန်းမဆီသို့ ဦးတည်၍ လျှောက်လှမ်းလာခဲ့သည်။

အဆ ၁၀၀ နီးပါးရှိသော ကျင့်ကြံမှုနှုန်းမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသည်။

တစ်ညတာ အချိန်လေးအတွင်းမှာပင် သူသည် ကျောက်နဂါး၏ ဒေါသအတတ်ပညာကို အခြေခံအဆင့်အထိ ရောက်အောင် တတ်မြောက်သွားခဲ့သည်။

အခန်း။ ၁၈

"ဦးလေးဝမ်"

သူ အပြန်လမ်းတွင် မိုးသံကြားခန်းမဆီသို့ အစားအသောက်များ ပို့ဆောင်ပေးနေသော ဦးလေးဝမ်နှင့် ဆုံတွေ့သည်။ ၎င်းကို မြင်သောအခါ ဝမ်ပင်းသည် သူ၏ခြေလှမ်းများကို အရှိန်မြှင့်လိုက်ပြီး ဦးလေးဝမ်၏လက်ထဲမှ သစ်သားလင်ဗန်းကို လှမ်းယူလိုက်၏။

ဝုတ်..ဝုတ်….

တောင်စောင့်ခွေး ဟားဟားမှာ ဝမ်ပင်းကို ပတ်ချာလည်ဝိုင်းနေသဖြင့် ဝမ်ပင်းက သူ၏လက်ကို ဆန့်ထုတ်ကာ ခွေးကလေး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ရသည်။

ဦးလေးဝမ်က သူ၏အက်ရှရှအသံဖြင့် "သခင်... စားဖို့ အချိန်တန်ပြီဗျ" ဟု ပြောလိုက်သည်။

"ဦးလေးဝမ်... နောင်ကျရင် ကျွန်တော့်ဆီကို အစားအသောက်တွေ အထူးတလည် လာပို့ပေးနေစရာ မလိုတော့ပါဘူး။ မီးဖိုချောင်ထဲမှာပဲ ထားခဲ့လိုက်ပါ။ ကျွန်တော် ဗိုက်ဆာရင် လာစားပါ့မယ်။ နောက်နှစ်ရက်လောက်နေလို့ အချိန်ရရင် ကျွန်တော် တောင်အောက်ကိုဆင်းပြီး အိမ်ဖော်မိန်းကလေးနှစ်ယောက်လောက် သွားရှာလိုက်မယ်။ အဲဒီကျရင် ဦးလေးလည်း ဒီလောက်ထိ မပင်ပန်းတော့ဘူးပေါ့"

ဝမ်ပင်း၏ စကားအဆုံးတွင် ဦးလေးဝမ်သည် ရုတ်တရက် သက်ပြင်းတစ်ချက် ချလိုက်ပြီး ခေါင်းကို ခါယမ်းလိုက်သည်။

ထို့နောက် သူက "သခင်... အဲဒီလိုတော့ မလုပ်ပါနဲ့ဗျာ။ ဒီအဖိုးကြီးက အသက် ကိုးဆယ်ကျော်နေပြီ။ ပြည့်တန်ဆာနှစ်ယောက်ကိုတော့ တကယ်ပဲ မနိုင်တော့ပါဘူး။ တကယ်လို့ သခင်က ကျွန်တော့်ကို ဂရုစိုက်တယ်ဆိုရင် အဖော်အိုလေး တစ်ယောက်လောက် ရှာပေးရင်ကို တော်ပါပြီ"

"အဲ..."

ဦးလေးဝမ်၏ စကားကို ဝမ်ပင်း ဘာပြန်ပြောရမှန်း အမှန်တကယ်ပင် မသိတော့ချေ။

သူ့ရဲ့ နားကတော့ လေးနေပြီ။ ဒါပေမဲ့ ဘာလို့ သူ့ရဲ့ တဏှာစိတ်ကတော့ အသက်နဲ့လိုက်ပြီး မအိုသွားရတာလဲ။

အိမ်ဖော်ကို ပြည့်တန်ဆာလို့ မှားကြားတယ်ဆိုတော့...အော်….လူတွေ..လူတွေ…

"ကောင်းပါပြီ... ဦးလေးအတွက် အဖော်အိုလေးတစ်ယောက် ကျွန်တော် ရှာပေးပါ့မယ်"

ဝမ်ပင်းက ထိုသို့သာ ပြန်ပြောလိုက်နိုင်တော့သည်။ ထို့နောက်တွင်မူ သူသည် အတွေးများဖြင့် နစ်မြောလျက် မိုးသံကြားခန်းမ အပြင်ဘက်သို့ ရောက်ရှိလာခဲ့၏။

ဦးလေးဝမ်က တဟဲဟဲ ရယ်မောလိုက်သည်။ သူ၏ သွားများမှာ ကျိုးကုန်သည်မှာ ကြာပြီဖြစ်သော်လည်း သူ၏ နှုတ်ခမ်းများမှာမူ တောက်ပသော အပြုံးတစ်ခုဖြင့် ကွေးညွတ်နေသည်။

ထို့နောက် သူက ဝမ်ပင်းကို "သခင်... ဒါဆိုရင်တော့ သခင်ကိုပဲ ဒုက္ခပေးရတော့မှာပဲ" ဟု ပြောလိုက်သည်။

"အယ် ဒါကျတော့ ကြားသားပဲ"

"ဒီအဖိုးကြီးက နားမပင်းပါဘူးဗျာ။ သခင်ပြောတာတွေကို ဘယ်လိုလုပ် ရှင်းရှင်းလင်းလင်း မကြားဘဲ နေပါ့မလဲ"

"ကဲပါ... ဒါဆိုရင်လည်း အရင်ပြန်နားလိုက်ပါဦး။ ဘာမှလုပ်စရာမရှိရင် အနားယူဖို့ နေရာတစ်ခုခုရှာလိုက်ပေါ့။ အရမ်းကြီး အလုပ်တွေ မရှုပ်နေပါနဲ့။ ကျွန်တော် ဦးလေးကို ပြုစုဖို့ အိမ်ဖော်တစ်ယောက် ငှားပေးမချင်း စောင့်နေလိုက်ပါ"

ဦးလေးဝမ်၏ အပြုံးများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ဝမ်ပင်းကို စိတ်မကောင်းဖြစ်နေသော လေသံဖြင့် အလျင်အမြန် လှမ်းခေါ်လိုက်သည်။

"သခင်... အဲဒီလိုတော့ မလုပ်ပါနဲ့ဦးဗျာ။ ဒီအဖိုးကြီးက လေထဲမှာ တုန်ခါနေတဲ့ ဆီမီးတောက်လို ဖြစ်နေပါပြီ။ တစ်ယောက်ကိုတောင် မခံစားနိုင်တော့ပါဘူး။ ကျွန်တော့်အတွက် ပြည့်တန်ဆာတွေ ငှားမပေးတာ အကောင်းဆုံးပါပဲ။ ကျွန်တော့်အတွက် ဇနီးမယားတစ်ယောက် ရှာပေးရင်ပဲ ရပါပြီ"

"သွားပြီ... ပြန်စလာပြန်ပြီ"

ဝမ်ပင်းက ပြုံးလျက် ခေါင်းခါယမ်းလိုက်မိသည်။ ထို့နောက် သစ်သားလင်ဗန်းကို ခန်းမဆောင်ထဲသို့ သယ်ဆောင်သွားကာ အစားသောက်ပြီးနောက် အဝတ်အစားလဲလှယ်၍ ကျင့်ကြံရန်အတွက် ဆွဲငင်အားနယ်ပယ်ဆီသို့ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

သို့သော် သူ ထွက်ခွာခါနီးအချိန်မှာပင် ယွင်လျောင် ရောက်ရှိလာခဲ့၏။

ယွင်လျောင်သည် အထဲသို့ ဝင်လာသည်နှင့် သူ၏လက်ထဲမှ ဝါကျင်ကျင် စက္ကူချပ်အနည်းငယ်ကို ဝမ်ပင်းထံသို့ ကမ်းပေးလိုက်သည်။ ဝမ်ပင်းက တစ်ချက်နှစ်ချက် ကြည့်လိုက်ရုံဖြင့် မနေ့ကကိစ္စကို ပြန်လည်သတိရသွား၏။

ဤအရာမှာ ဂိုဏ်း၏ ကြယ်အဆင့်မြှင့်တင်ရန် လျှောက်လွှာနှင့် ရှီဟွာ ရေးသားပေးထားသော လိုအပ်သည့် အချက်အလက်များပင်။ သို့သော် ဤစက္ကူပေါ်တွင် ဖော်ပြထားသော မသေမျိုးဂိုဏ်း၏ အခြေအနေမှာ လက်တွေ့နှင့် လုံးဝ ခြားနားနေ၏။ သူသည် လက်တွေ့အခြေအနေနှင့် တူညီသည့်အချက် တစ်ခုမျှပင် ရှာမတွေ့ချေ။

စက္ကူပေါ်တွင် မသေမျိုးဂိုဏ်း၌ တပည့်ပေါင်း ၁၀၀ ကျော် ရှိသည်ဟု ရေးသားထားသည်။ ဝမ်ပင်းက ယွင်လျောင်ကို တစ်ချက် လှမ်းကြည့်လိုက်မိ၏။ သူတို့အားလုံးပေါင်းမှ (၄) ယောက်တည်းသာ ရှိပြီး ထိုလေးယောက်ထဲတွင် တစ်ယောက်မှာ ငါးတစ်ကောင်ပင် ဖြစ်နေသေးသည်။

သို့သော် ဤအရာအားလုံးမှာ အဓိပ္ပာယ်မရှိသည့် လုပ်ကြံချက်များဖြစ်ပြီး ရည်ရွယ်ချက်မှာ သုံးလစာ ဘေးကင်းလုံခြုံမှုကို ရရှိရန်သာဖြစ်ကြောင်း သူ သိထားသည်။

"အကြီးအကဲယွင်... မနက်ဖြန်မနက်ကျရင် ကျွန်တော်နဲ့အတူ ဆန်းဝူမြို့ထဲကို လိုက်ခဲ့ပါ။ ဒီနေ့ နေ့လယ်တော့ တပည့်သစ်စုဆောင်းဖို့ တောင်အောက်ကို ဆင်းမှာမဟုတ်ဘူး"

"ကောင်းပါပြီ"

ယွင်လျောင်က ခေါင်းညိတ်ပြသည်။

ရုတ်တရက် ဝမ်ပင်း၏ စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာပြီး မေးလိုက်သည်။

"အကြီးအကဲယွင်... ခင်ဗျား ဟင်းချက်တတ်လား"

"ဒါကတော့ ကိစ္စအသေးအဖွဲလေးပါ။ တစ်ခုနှစ်ခုလောက်တော့ သိပါတယ်"

"ကောင်းပြီ... ဒါဆို ဒီရက်ပိုင်းအတွင်းမှာ ဟင်းချက်တဲ့အလုပ်ကို ခင်ဗျားပဲ ကူညီပေးပါဦး။ ဦးလေးဝမ်က အသက် တစ်ရာနား နီးနေပြီဆိုတော့ သွားလာလှုပ်ရှားရတာ အဆင်မပြေတော့ဘူးလေ"

"ကျွန်တော်... ဟင်းချက်ရမယ် ဟုတ်လား"

ယွင်လျောင်မှာ ဆွံ့အသွားရ၏။

ငါ့မိဘတွေကလွဲရင် ငါ့ကို ဟင်းချက်ခိုင်းတဲ့ ပထမဆုံးလူက ဝမ်ပင်းပဲ။

ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ ရှိတဲ့ ကျင့်ကြံသူတစ်ယောက်ကို အချိန်ဖြုန်းပြီး ဟင်းချက်ခိုင်းတယ်ဆိုတာ... ဒါက ကောင်းကင်ဘုံကပေးတဲ့ အရင်းအမြစ်တွေကို ဖြုန်းတီးပစ်တာ မဟုတ်ဘူးလား။

"နှစ်ရက်လောက်ပဲ စောင့်ပါဦး။ ကျွန်တော် အိမ်ဖော်အချို့ကို ငှားရမ်းပြီးသွားရင်တော့ ခင်ဗျားကို ဒုက္ခမပေးတော့ပါဘူး။ အဲဒီကျရင် ကျွန်တော် ခင်ဗျားကို အံ့အားသင့်စရာတစ်ခု ပေးပါ့မယ်"

"အံ့အားသင့်စရာ ဟုတ်လား"

"မှန်တယ်... ခင်ဗျားကို အဆင့်နိမ့် အဝါရောင်အဆင့် သွေးကြောဆိုင်ရာ အတတ်ပညာတစ်ခုကို သင်ယူခွင့် ပေးမယ်"

"အဆင့်နိမ့် အဝါရောင်အဆင့် သွေးကြောဆိုင်ရာ အတတ်ပညာ"

ယွင်လျောင်သည် အေးစက်သော လေထုကို ပြင်းထန်စွာ ရှူသွင်းလိုက်မိ၏။ သူသည် နားကြားမှားသလားဟု ထင်မှတ်မိသဖြင့် ဝမ်ပင်းကို စိုက်ကြည့်နေမိတော့သည်။

ယခုအခါ ယွင်လျောင်၏ မျက်လုံးများမှာ တောက်ပလာပြီး ဝမ်ပင်းကို ထိုစကားအား ထပ်မံပြောစေချင်နေမိသည်။ ဝမ်ပင်းက သူကြားလိုက်ရသောအရာမှာ မှားယွင်းခြင်းမရှိကြောင်း အတည်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။

"တကယ်ကြီးလား..."

မသေမျိုးဂိုဏ်းမှာ ဒီလိုအဆင့်ရှိတဲ့ အတတ်ပညာမျိုး ကျန်နေသေးတာလား။

"ငါက မင်းကို လိမ်စရာလား"

ဝမ်ပင်းက ရယ်မောရင်း ပြန်ပြောလိုက်သည်။

ယွင်လျောင်သည် ဝမ်းသာအားရဖြင့် ပန်းကန်၊ ခွက်၊ ဇွန်း၊ ခက်ရင်းများကို သစ်သားလင်ဗန်းပေါ်တွင် စနစ်တကျ ဆင့်ကာ စီလိုက်၏။ သူ၏ လှုပ်ရှားမှုများမှာ အနည်းငယ် တောင့်တင်းနေသော်လည်း သူ၏ အပြုံးမှာမူ ကလေးငယ်တစ်ဦးကဲ့သို့ပင် ဝင်းပနေသည်။

သွေးကြောဆိုင်ရာ အတတ်ပညာတစ်ခုကို ကျင့်ကြံခွင့်ရဖို့ဆိုသည်မှာ သူ အိပ်မက်ထဲတွင်

တောင် မမက်ခဲ့ဖူးသည့် အရာတစ်ခုပင်။

အဆင့်နိမ့် အဝါရောင်အဆင့် သွေးကြောဆိုင်ရာ အတတ်ပညာများမှာ ကြယ်နှစ်ပွင့် အဆင့်ရှိသော ဂိုဏ်းကြီးများ၏ အဖိုးမဖြတ်နိုင်သော အထူးကဲဆုံး ရတနာများ ဖြစ်ကြပြီး ဂိုဏ်းချုပ်များသာ ကျင့်ကြံခွင့် ရှိကြသည်မှာ နှမြောစရာ ကောင်းသည်။

ယခုမူ သူ နှစ်ရက်လောက် ဟင်းချက်ပေးရုံရုံမျှဖြင့် ထိုကဲ့သို့သော အခွင့်အရေးမျိုးကို အမှန်

တကယ် ရရှိတော့မည်ပင်။

"ကျွန်တော် အရင်သွားပြီး ပန်းကန်တွေ ဆေးလိုက်ဦးမယ်"

ယွင်လျောင်သည် သစ်သားလင်ဗန်းကို မလျက် မိုးသံကြားခန်းမအပြင်ဘက်သို့ ထွက်ခွာသွားသည်။ သူသည် ယခုခိုင်းစေခံရသည့် အလုပ်ကို အကောင်းဆုံး လုပ်ဆောင်လိုစိတ်များ ရုတ်တရက် ပြင်းပြလာတော့၏။

...

ရန်လီလီသည် အိမ်ထဲမှ ထွက်လာသည့်အခါ သူ၏ ခေါင်းပေါ်တွင် ဖြူလွှလွှ အရာများ ဖုံးလွှမ်းနေသည်။ သူက ကိုယ်ကို ပုတ်ခါလိုက်ရာ ဖုန်မှုန့်များ တထောင်းထောင်း ထသွားလေတော့၏။

ထို့နောက် အိမ်အပြင်ဘက်တွင် ကျင့်ကြံနေသော ကျောက်ချင်းကို ကြည့်ကာ စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

"နင် မနေ့ညက တစ်ညလုံး မအိပ်ခဲ့ဘူးလို့တော့ မပြောနဲ့နော်"

"ဒီလို စုတ်ပြတ်သတ်နေတဲ့ နေရာမျိုးမှာ လူတွေ အိပ်နိုင်ပါ့မလား"

ဘယ်လိုနေရာမျိုးလဲ... ကြည့်စမ်းပါဦး။ အိမ်ကလည်း ပြိုတော့မယ့်အတိုင်း ပျက်စီးယိုယွင်းနေရုံတင်မကဘူး။ အထဲက မွေ့ရာကလည်း ဟောင်းနွမ်းပြီး စုတ်ချာနေရော။ နေရာအနှံ့မှာ ဖုန်တွေကလည်း တောင်ပုံရာပုံ ထူနေတာ... ဒါက လူနေတဲ့နေရာလား ဒါမှမဟုတ် သချိုင်းဟောင်းတစ်ခုလား။

ငါတို့ မိစ္ဆာမျိုးနွယ်စုတွေက အိပ်စက်မယ့်နေရာကို သိပ်ပြီး ဇီဇာမကြောင်တတ်ကြဘူးလို့ နာမည်ကြီးတာ မှန်ပါတယ်။ တောတောင်တွေထဲမှာ ဂူတွေထဲမှာတောင် အိပ်နိုင်ကြတာပဲ။ ဒါပေမဲ့... အခုဒီနေရာကတော့ လွန်လွန်းတယ်။

"ငါတို့က ဘယ်လိုပဲဖြစ်ဖြစ် ပါရမီရှင်တွေလို့ အသတ်မှတ်ခံရတဲ့သူတွေပဲ မဟုတ်လား။ အထူးအခွင့်အရေးတွေ မတောင်းဆိုဘူးဆိုရင်တောင်မှ ဒီလောက်ထိ နှိပ်စက်ခံနေရတာမျိုးတော့ မဖြစ်သင့်ဘူးလေ"

ထိုအချိန်တွင် တောင်စောင့်ခွေး ဟားဟားက ရုတ်တရက် သူ၏ နောက်ခြေထောက်တစ်ဖက်ကို မကာ အိမ်တိုင်တစ်ခုတွင် ဆီးသွားလေတော့သည်။

ကျောက်ချင်းက အလျင်အမြန် အော်ဟစ်လိုက်၏။

"ဟော... ကြည့်ဦး ခွေးတောင်မှ ဒီမှာ လာပြီး ဆီးသွားနေပြီ"

ရန်လီလီက ပြုံးလျက် "ဒီနေရာက တကယ်ပဲ နည်းနည်းတော့ ညစ်ပတ်တာပဲ။ လာ... ငါတို့ အကြီးအကဲယွင်ဆီသွားပြီး ဒါကို ဆွေးနွေးကြည့်ရအောင်။ သူက အပြင်ပန်းမှာ အေးစက်စက်နိုင်တယ်လို့ ထင်ရပေမဲ့ စည်းကမ်းတွေအကြောင်းပဲ အမြဲပြောနေတဲ့ ဂိုဏ်းချုပ်နဲ့ ယှဉ်ရင်တော့ သူနဲ့ ညှိနှိုင်းရတာ ပိုလွယ်မှာ သေချာတယ်"

ယွင်လျောင်သည် မသေမျိုးဂိုဏ်းတွင် အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ဖြစ်သည့်အားလျော်စွာ သူပြောသည့်စကားမှာ အလေးအနက် ရှိမည်မှာ သေချာသည်။ သူတို့ နေထိုင်မည့်နေရာကို စီစဉ်ပေးရန်အတွက်လည်း သူ၌ လုပ်ပိုင်ခွင့် ရှိသင့်သည်။

"သွားကြစို့"

"ရတာပေါ့... ငါ သူ့ကို သွားပြောပေးမယ်။ နင့်အတွက် ပိုကောင်းတဲ့ အိပ်ဆောင်တစ်ခု မရအောင် ငါ မလုပ်ပေးနိုင်ရင် နင့်သူငယ်ချင်းလို့ အခေါ်ခံဖို့ မထိုက်တန်တော့ပါဘူး"

"နင် ပြောတာနော်"

ကျောက်ချင်း ပြုံးလိုက်မိ၏။ ထို့နောက် သူမနှင့် ရန်လီလီတို့သည် ခြေလှမ်းကျဲကြီးများဖြင့် ပင်မခန်းမဆောင်ရှိရာသို့ အပြေးအလွှား ထွက်ခွါလာကြလေတော့သည်။

အတန်ကြာ ရှာဖွေပြီးနောက် သူတို့နှစ်ဦးမှာ နေပူစာလှုံနေသော ဦးလေးဝမ်နှင့် ဆီးသွားပြီး ပြန်လာသည့် တောင်စောင့်ခွေး ဟားဟားတို့ကို တွေ့ရှိသွားကြသည်။

မသေမျိုးဂိုဏ်းတွင် ယွင်လျောင်နှင့် ဝမ်ပင်းတို့အပြင် အခြားလူတစ်ယောက်နှင့် ခွေးတစ်ကောင်သာ ရှိတော့သည်ဟု သူတို့နှစ်ဦး ခန့်မှန်းလိုက်ကြ၏။

ရန်လီလီက ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ "ဦးလေး... အကြီးအကဲယွင်ကို တွေ့မိလားလို့ မေးပါရစေ" ဟု မေးမြန်းလိုက်သည်။

"မင်းတို့က ဘယ်သူတွေလဲ"

ဦးလေးဝမ်က မျက်လုံးကို မှေးကြည့်ရင်း ရန်လီလီကို စိုက်ကြည့်လိုက်၏။

ရန်လီလီက အလျင်အမြန်ပင် "ဦးလေး... ကျွန်တော်တို့က မသေမျိုးဂိုဏ်းကို အခုလေးတင် ဝင်ထားတဲ့ အသစ်တွေပါ။ အကြီးအကဲယွင်နဲ့ ဆွေးနွေးစရာလေး ရှိလို့ပါ။ ဒါပေမဲ့ သူ့ကို ရှာမတွေ့လို့ပါ"

"ဪ... မင်းတို့က ဟိုမျက်နှာဖြူလေးအကြောင်း ပြောနေတာလား"

"မျက်နှာဖြူလေး ဟုတ်လား"

ရန်လီလီမှာ မတတ်သာဘဲ ပြုံးလိုက်မိသော်လည်း ဤအမည်ပြောင်မှာ အတော်လေး လိုက်ဖက်သည်ဟု သူ ခံစားလိုက်ရသည်။

"ဟုတ်ပါတယ် ဦးလေး... ကျွန်တော်တို့ သူ့ကို ရှာနေတာပါ"

"သူ ဟိုအထဲမှာ ရှိတယ်"

ဦးလေးဝမ်က သူ၏နောက်ကွယ်ရှိ သစ်သားအိမ်လေးကို ညွှန်ပြလိုက်၏။

"ကျေးဇူးပါ ဦးလေး"

ဦးလေးဝမ်ကို ကျေးဇူးတင်စကား ဆိုပြီးနောက် ရန်လီလီသည် တံခါးကို တွန်းဖွင့်ကာ အထဲသို့ ဝင်သွားသည်။ ခြေလှမ်းနှစ်လှမ်းခန့် လှမ်းပြီးသည်နှင့် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း သူ ချက်ချင်း ခံစားလိုက်ရ၏။

စဉ်းတီတုံး….

ဟင်းသီးဟင်းရွက်လှီးဓား….

လှီးဖြတ်ထားတဲ့ ငရုတ်သီးတွေ….

ပြီးတော့ ရွှေဝါရောင် ပြောင်းဖူးတွေ…..

ဒီနေရာက မီးဖိုချောင် မဟုတ်ဘူးလား။

ဤမြင်ကွင်းကို မြင်သောအခါ ကျောက်ချင်းက မမေးဘဲ မနေနိုင်တော့ချေ။

"ငါတို့ကို ဦးလေးဝမ်က လိမ်လိုက်တာလား"

"ဒါတော့ မဖြစ်နိုင်ပါဘူး"

ရန်လီလီက နောက်ထပ် ခြေလှမ်းနှစ်လှမ်းခန့် ထပ်တိုးသွားပြီး ထောင့်စွန်းတွင် ဆောင့်ကြောင့်ထိုင်နေသော လူကို သံသယဖြင့် ကြည့်လိုက်သည်။ သူက စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်မိ၏။

"ဒီနောက်ကျောကတော့ အကြီးအကဲယွင်နဲ့ တကယ်တူတာပဲ။ အဲ... တကယ်ကြီး သူပါလား အကြီးအကဲယွင်... ကျွန်တော်တို့ ခင်ဗျားနဲ့ ဆွေးနွေးစရာလေး ရှိလို့ပါ။ ခဏလောက် အချိန်ပေးလို့ ရမလားခင်ဗျ"

တစ်စုံတစ်ယောက်က သူ့ကို လှမ်းခေါ်နေသည်ကို ကြားသောအခါ ယွင်လျောင်သည် လက်ထဲတွင် ပန်းကန်လုံးတစ်လုံးနှင့် ပန်းကန်သုတ်ပဝါတစ်ထည်ကို ကိုင်လျက် သူတို့ဘက်သို့ လှည့်ကြည့်လိုက်သည်။

ဤမြင်ကွင်းကို ကြည့်ပြီး ရန်လီလီမှာ အလွန်ပင် တုန်လှုပ်သွားရ၏။ သူသည် ခြေချော်ကာ လဲကျလုနီးပါးပင် ဖြစ်သွားသည်။

"ဒါ ဘာအခြေအနေကြီးလဲဗျ"

ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ ရှိတဲ့ ကျင့်ကြံသူတစ်ယောက်က မီးဖိုချောင်မှာ ပန်းကန်ဆေးနေတယ်။

သာမန်လူတစ်ယောက်ကတော့ အပြင်မှာ နေပူစာလှုံနေတယ်။

ဒါကို တစ်ယောက်ယောက်ကို သွားပြောရင် ဘယ်သူက ယုံပါ့မလဲ။

အစေခံတွေ လုပ်ရမယ့်အလုပ်မျိုးကို လုပ်နေရတာနဲ့ ယှဉ်ရင် သူတို့ ရရှိထားတဲ့ အနေအထားက အများကြီး သာလွန်နေသေးကြောင်း ရန်လီလီ ရုတ်တရက် ခံစားလိုက်ရသည်။

ထို့နောက် သူက ဘေးနားရှိ ကျောက်ချင်းကို လှမ်းပြောလိုက်၏။

"ငါတို့ နေရတဲ့နေရာက အတော်လေး ကောင်းတယ်လို့ ငါ ခံစားနေရတယ်။ လာ... ဆွဲငင်အားနယ်ပယ်ကိုပဲ သွားပြီး ကျင့်ကြံကြရအောင်"

"အင်း... ကျင့်ကြံကြတာပေါ့။ ငါ ဒီနေ့ နေ့လယ်ကျရင် အိမ်ကို သေချာ ပြန်သိမ်းပြီး သန့်ရှင်းရေး လုပ်လိုက်မယ်"

ကျောက်ချင်းက ခေါင်းညိတ်ကာ သူ့နောက်သို့ လိုက်သွားတော့သည်။

All Chapters