အချစ်
Vol. 21 Ch. 293
အခန်း (၂၉၃) အချစ်
ကျန်းလန်က မရှိမှုအာကာသအဆင့် တန်ခိုးစွမ်းအားကို အသုံးပြုပြီး အထီးကျန်မန္တန်ကို ထုတ်ဖော်လိုက်သည်။ အနည်းဆုံးတော့ သူ့ကိုကြည့်နေသည့် နတ်လူသားမျိုးနွယ် အာရုံလွဲချော်သွားမည် ဖြစ်သည်။
တစ်ဖက်လူက သူ့ထံမှ အာရုံလွဲသွားသည်ကို ချက်ချင်း ခံစားလိုက်ရလေသည်။
သူ့ကို စောင့်ကြေည့်နေသူသည် သေချာပေါက် ထူးခြားသူတစ်ယောက် ဖြစ်ကြောင်း ကျန်းလန် သဘောပေါက်သွားသည်။
မည်သို့ ထူးခြားပါသနည်းဟူမူ အသုံးမကျခြင်းတွင် ထူးခြားခြင်း ဖြစ်သည်။
ကြည့်ရသည်မှာ ထိုသူက နတ်လူသားမျိုးနွယ်များထဲတွင် အညံ့ဆုံးတစ်ယောက် ဖြစ်နိုင်သည်။ အသေးစိတ်ကိုတော့ ကျန်းလန်လည်း မသိရှိနိုင်ပေ။
သူနှင့် နတ်လူသားမျိုးနွယ်များက လောကတွင် အတူယှဉ်တွဲနေထိုင်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့်လည်း အားလုံးကို သေလမ်းပို့ပေးခဲ့ခြင်း ဖြစ်သည်။
ယခုဆိုလျှင် နတ်လူသားမျိုးနွယ်အတော်များများ ငရဲသို့သွားရာလမ်းသို့ ရောက်နေကြပြီး နောက်မှလိုက်လာမည့်သူများကို စောင့်နေကြလောက်ပေပြီ။
ထို့နောက် ပျက်သုဉ်းတစ်စပြင်လောကကြီးမှ သတင်းများကို နားထောင်ရန်အတွက် ကျန်းလန် အခြားနေရာတစ်ခုသို့ ထွက်ခွာလာခဲ့သည်။
သို့သော် သူ ခွန်လွန်တောင် တစ်လျှောက် အတန်ကြာလှည့်လည်သွားလာနေသည့်တိုင် မည်သူမှ ပျက်သုဉ်းတစ်စပြင်လောကကြီးအကြောင်း ပြောဆိုဆွေးနွေးနေကြခြင်း မရှိပေ။ မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲအကြောင်းကိုသာ ပြောဆိုနေကြလေသည်။
ကျန်းလန်က လက်ရှိတိုက်ပွဲအခြေအနေများနှင့် တစ္ဆေတိုင်းပြည်အကြောင်းကို သိရှိလိုခြင်း ဖြစ်သည်။
ဧကရာဇ်ချုန်းကိုးထွက်ပေါ်လာပြီးနောက် နတ်မိစ္ဆာများ၏ တိုက်ခိုက်မှုစွမ်းအားတိုးတက်လာသည်ဟု ကောလဟလများအရ သိရသည်။
ပြင်ပလောကမှ အခြေအနေများကို အကြမ်းဖျင်းသိရှိထားမှသာ နောက်ဆက်တွဲအန္တရယ်များအကြောင်း သုံးသပ်နိုင်မည် ဖြစ်သည်။
အကယ်၍ နတ်လူသားမျိုးနွယ်များသာ နတ်ဘုရားရာထူးတစ်ခု ပိုင်ဆိုင်မည်ဆိုလျှင် ထိုနတ်ဘုရားက အခြားသူများမှတစ်ဆင့် သူ့ကို တိုက်ခိုက်နိုင်မည်လား။
ထိုသို့သာ ပြုလုပ်နိုင်မည်ဆိုလျှင် သူ့အတွက် အလွန်အန္တရယ် များပေလိမ့်မည်။
***
နဝမတောင်ထွတ်သို့ ပြန်လာပြီးနောက်...
ကျန်းလန် မိုးကောင်းကင်အင်မော်တယ်အဆင့် ပတ်သက်သည့် ထိုးထွင်းသိမြင်မှု စာအုပ်များစွာကို ဖတ်ရှုနေခဲ့သည်။ သူ၏ နွားရိုင်းကိုးကောင်စွမ်းအားနှင့် အန္တရယ်ကိုးသွယ်စွမ်းအားတို့မှာလည်း များစွာ တိုးတက်လာခဲ့၏။
သူ့အနေဖြင့် မိုးကောင်းကင်အင်မော်တယ် ၊ အလယ်ဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် ရင်ဆိုင်နိုင်စွမ်း ရှိနေပြီ ဖြစ်၏။
သို့သော် အန္တရယ်ကင်းရန် အရေးကြီးဆုံ ဖြစ်လေရာ ထိုသို့သောသူမျိုးနှင့် ရင်မဆိင်ရသည်က အကောင်းဆုံး ဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ ခွန်လွန်တောင်သို့ ပျံသန်းရောက်ရှိလာသည့် လာသည့် မှော်ဝင်ယဉ်ပျံများကို မကြာခဏ တွေ့မြင်ရလေ့သည်။
အချို့သူများက ခွန်လွန်တောင်ရှိရာသို့ ဝင်ရောက်လာကြပြီး အချို့ကတော့ ပြင်ပတွင်သာ နေထိုင်ကြသည်။များစွာသော အင်အားကြီးအုပ်စုများ ရောက်ရှိလာကြပြီး တောင်တခွင်လုံး သက်ဝင်လှုပ်ရှားလျှက် ရှိလေသည်။
"မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲက မျှော်လင့်ထားတာထက် ကြီးကျယ်တာပဲ"
ကျန်းလန် တွေးလိုက်သည်။
သို့သော် မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို သူ မသိရှိပေ။
နောက်ပိုင်းမျိုးဆက် ပါရမီရှင်များနှင့် ထူးချွန်သူများကြား တာအိုဆွေးနွေးခြင်း ၊ ပညာပြိုင်ခြင်းက ဘာအကျိုးအမြတ် ရရှိပါမည်နည်း။
ခွန်လွန်တောင်က ဂိုဏ်း၏အခြေခံအုတ်မြစ် ခိုင်မာကြောင်း ပြသလိုခြင်းလား ၊ သို့မဟုတ် နောက်ပိုင်းမျိုးဆက်များ တိုးတက်မှုရှိလာစေရန် ယှဉ်ပြိုင်စေခြင်းလား။
သို့သော် ထူးခြားချက်တစ်ခုတော့ ရှိလေသည်။ ယခင်တစ်ခေါက် မှော်ဝင်တိမ်တိုက်တောင်မှ ပြန်လာစဉ်က မှော်ဝင်ပစ္စည်းများစွာ ရရှိလာခဲ့ခြင်း ဖြစ်သည်။
ဂိုဏ်းတူအစ်ကိုလုကျန်းသည်ပင် သူ့ကို မှော်ဝင်ပစ္စည်းများ ဝေစုခွဲပေးသဖြင့် အတ္တကြေးမုံမှန်နှင့်ပါးကွသင်္ကေတကားချပ်တစ်ခု ရရှိခဲ့သေးသည် မဟုတ်ပါလား။ ဤသည်က ထင်ရှားသည့် အကျိုးအမြတ်ဖြစ်သည်။
ယခုတစ်ကြိမ်တော့ မှော်ဝင်နယ်မြေသို့ ဝင်ရောက်သူတိုင်း မှော်ဝင်ပစ္စည်း သို့မဟုတ် ရတနာပစ္စည်း တစ်ခုစီ ယူဆောင်သွားရမည် ဖြစ်သည်။
***
ကျောက်စိမ်းရေကန်။
လုန်ယွိသည် ကျောက်ဆောင်တစ်ခုထက်တွင်ထိုင်ရင်း အတွေးနက်လျှက် ရှိသည်။
သူမ ခါးကိုဆန့်လိုက်သည့်အချိန် ကျန်းလန်က အကြည့်စူးစူးများဖြင့် သူမကို ကြည့်နေခဲ့သည်။သူမပုံစံက အမှန်တကယ် ဆွဲဆောင်မှု ရှိခဲ့ဟန်ပင်။
သို့သော် သူမ စိတ်ရှုတ်ထွေးစွာဖြင့် မျက်ခုံးလေးများ တွန့်ချိုးထားမိသည်။
"ဂိုဏ်းတူအစ်မ... တံခါးပိတ်ကျင့်ကြံတာ ပြီးဆုံးသွားပြီလား"
ရောက်လာသူက လင်စီးယာဖြစ်သည်။
သူမကိုကြည့်ရသည်မှာ စိတ်လှုပ်ရှားနေဟန် ရှိသည်။
"အပြင်မှာ ဘာတွေဖြစ်နေတာလဲ ၊ ဂိုဏ်းတူညီမလေး ဘာလို့ အရမ်းစိတ်လှုပ်ရှားတဲ့ပုံ ပေါက်နေရတာလဲ"
လုန်ယွိက လင်စီးယာကိုကြည့်ပြီး သိချင်စိတ်ဖြင့်မေးလိုက်သည်။
ပြင်ပလောကအကြောင်း လတ်တလော သူမ အရေးမစိုက်မိခဲ့ပေ။သူမ ကျန်းလန်အကြောင်းပဲ စဉ်းစားနေမိသောကြောင့် ဖြစ်နိုင်သည်။
လင်စီးယာက ပြုံးလိုက်ရင်း…
"ဂိုဏ်းတူအစ်မ... ခုထိ မသိသေးဘူးလား ၊ အခုတစ်ခေါက် မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲက ခွန်လွန်တောင်မှာ ကျင်းပမှာလေ ၊ အခုဆိုရင် လူတွေအများကြီး ခွန်လွန်တောင်ကို ရောက်လာနေကြပြီ"
လုန်ယွိ မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲတွင် ပါဝင်ချင်မိသည်။
ယခင်တစ်ခေါက်က ပါဝင်နိုင်ခဲ့ခြင်း မရှိလေရာ ယခုတစ်ကြိမ်တော့ ပါဝင်လိုစိတ် ဖြစ်မိလေသည်။
သို့သော်…
သူမက မကြာမီ မရှိမှုအာကာသ ၊ အောင်မြင်သည့်အဆင့်သို့ တက်ရောက်ရတော့မည် ဖြစ်သည်။
ယခုတစ်ခေါက် လွတ်သွားလျှင်လည်း မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲ နောက်တစ်ကြိမ် ထပ်မံကျင်းပရန် အချိန်မည်မျှ စောင့်ဆိုင်းရဦးမည်လဲ သူမ မသိရှိပေ။
ထို့ကြောင့် ယခုတစ်ခေါက်တော့ ဖြစ်အောင်ပါဝင်မည်ဟု ဆုံးဖြတ်လိုက်သည်။
ထို့ပြင် ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် အင်အားစုတိုင်းက တိုက်ပွဲဖြစ်နေစဉ်အချိန်တွင် ကျင်းပသည့် မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲက စိတ်ဝင်စားစရာကောင်းလွန်းသည်။
လုန်ယွိက အံ့အားသင့်စွာဖြင့်…
"မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲ... ဟုတ်လား"
ယခင်တစ်ခေါက် မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲ ကျင်းပစဉ်က ခွန်လွန်တောင်မှ လူငယ်ကျင့်ကြံသူများကို အနိုင်ယူရန် နတ်လူသားမျိုးနွယ်များက ကြိုးပမ်းခဲ့ကြသည်။
သူမသည်ပင် စိန်ခေါ်ပွဲ ရင်ဆိုင်ရလုနီးပါး ဖြစ်ခဲ့ရသည်။သို့သော် ကျန်းလန်က နတ်လူသားမျိုးနွယ်များကို တားဆီးပေးနိုင်ခဲ့သည်။
ယခု ထိုအကြောင်း ပြန်စဉ်းစားမိသည့်အခါ သူမ အတော်လေး ကြည်နူးပီတိဖြစ်ရသည်ပင်။ ယခုဆိုလျှင် သူတို့ဆက်ဆံရေးက သူစိမ်းပြင်ပြင် မဟုတ်တော့ဘဲ ရင်းနှီးသည့်ဆက်ဆံရေး ရှိနေခဲ့ပြီ ဖြစ်သည်။
သူမ ပျော်သည်ဖြစ်စေ ၊ ဝမ်းနည်းသည်ဖြစ်စေ ကျန်းလန်နှင့်သာအတူတူ မျှဝေခံစားချင်ခဲ့သည်။ ကျန်းလန်ကတော့ ပျော်သည်လည်းမရှိသလို ဝမ်းနည်းသည်လည်း ရှိဟန်မတူပေ။
သူက ရှေးဆန်သည့် အဘိုးကြီးတစ်ယောက်ပမာ နေ့တိုင်းမျက်နှာသေကြီးဖြင့် ဖြစ်လေ၏။ ပြုံးပင် ပြုံးခဲလွန်းလှသည်။
လင်စီးယာက လုန်ယွိကိုကြည့်လိုက်ပြီး နူးညံ့သည့်လေသံလေးဖြင့် ဆိုသည်။
"ဟုတ်တယ်လေ... မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲ ကျင်းပမှာ ၊ နဂါးမျိုးနွယ်တွေလည်း လာကြမယ်ထင်တယ် ၊ ကျွန်မအထင် ဂိုဏ်းတူအစ်မရဲ့ အမေတောင် ရောက်လာမလားပဲ"
ထိုစကားကိုကြားသည့်အခါ လုန်ယွိ အသာအယာခေါင်းငုံ့လိုက်မိသည်။ သို့သော် အရင်တစ်ခေါက်ကလောက် မိခင်ဖြစ်သူကို စိတ်မပျက်မိတော့ပေ။
ကျန်းလန်ကို သူမ၏ မိခင် လာတွေ့ခဲ့သေးသည်။
ထိုစဉ်က မိခင်ဖြစ်သူက သူမ၏အကြောင်းများကို မေးမြန်းသည်ဟု ကျန်းလန်က သူမကို ပြောပြထားသည်။ ကြည့်ရသည်မှာ မိခင်ဖြစ်သူက သူမကို သဘောမကျဖြစ်ခြင်းမျိုး ရှိဟန်မတူပေ။
လုန်ယွိက…
"ဂိုဏ်းတူညီမလေးရော စုဝေးပွဲမှာ ပါဝင်မှာလား"
လင်စီးယာက…
"အင်း.. ပါဝင်မှာပေါ့ ၊ ဂိုဏ်းတူအစ်မရော"
ခဏနားပြီးမှ သူမကဆက်ပြောသည်။
"နဝမတောင်ထွတ်က ဂိုဏ်းတူမောင်လေးလည်း သွားမယ်ထင်တယ် ၊ ဒါပေမဲ့ ဂိုဏ်းတူအစ်မနဲ့ယှဉ်ရင် သူက ကျင့်ကြံခြင်းအဆင့် နိမ့်နေသေးတယ်နော်"
"နဝမတောင်ထွတ်က ဂိုဏ်းတူမောင်လေးလို့ မပြောနေနဲ့လေ ၊ မယဉ်ကျေးရာကျတယ်"
လုန်ယွိက လင်စီးယာကိုကြည့်ပြီး နူးညံ့စွာပင်ဆိုသည်။
"ဟုတ်ကဲ့ ဂိုဏ်းတူအစ်မ"
လင်စီးယာက ချက်ချင်းပင် သဘောတူလိုက်သည်။
ထို့နောက် သူမက လုန်ယွိကိုကြည့်ကာ ပြုံးလိုက်ရင်း...
"ဒါနဲ့ ဂိုဏ်းတူအစ်မနဲ့ ဂိုဏ်းတူမောင်လေး ကျန်းလန်တို့အခြေအနေက ဘယ်လောက်အထိ တိုးတက်နေပြီလဲ ၊ ကျွန်မတွက်ကြည့်တာ နောက်ထပ် နှစ်ပေါင်း (၃၀၀) လောက်ဆိုရင် လက်ထပ်ရတော့မှာနော်"
လုန်ယွိက...
"အင်း.. ငါတို့ဆက်ဆံရေးက သာမန်ပါပဲ"
တကယ်လည်း သူတို့ (၂) ယောက် သာမန် စကားများကိုသာ ပြောဆိုခဲ့ကြသည်ပင်။ သို့သော် မကြာခဏတော့ စကားပြောဆိုဖြစ်ကြသည်။
ပြီးတော့ သူတို့ပိုပြီး ရင်းနှီးလာသည်ဟုလည်း ဆိုနိုင်သည်။
လင်စီးယာက...
"ဂိုဏ်းတူအစ်မ… ဂိုဏ်းတူမောင်လေးရှေ့မှာ ကျောဆန့်ပြလိုက်သေးလား ၊ သူ့ တုံ့ပြန်မှုက ဘယ်လိုရှိလဲ"
လုန်ယွိက လင်စီးယာမေးသည်ကို မဖြေဘဲ မျက်မှောင်လေးများကြုတ်လိုက်သည်။
သူမ၏ မျက်နှာအမူအရာကိုကြည့်ပြီး လင်စီးယာ သဘောပေါက်သွားသည်။
သူမက ပြုံးလိုက်ရင်း...
"အဲဒါ အလုပ်ဖြစ်တယ် မဟုတ်လား"
လုန်ယွိက သူမရင်ဘတ်ကို ငုံ့ကြည့်လိုက်ရင်း...
"တကယ်တော့ ဘာကြည့်စရာ ရှိလို့လဲ"
အဝတ်များဖြင့် ဖုံးလွှမ်းထားသည်ဖြစ်ရာ ဘာမှလဲ မြင်ရခြင်းမရှိပါဘဲ ဘာကြောင့် ကျန်းလန်က ကြည့်ရပါသနည်း။
လင်စီးယာက ခေါင်းခါယမ်းရင်း…
"သိဘူးလေ"
သူမကဆက်ပြောသည်။
"သိချင်ရင် ဂိုဏ်းတူမောင်လေးကျန်းလန်ကို မေးကြည့်ပေါ့ ၊ လက်ထပ်ရတော့မယ့်သူတွေပဲ ဘာများ ရှက်စရာ ရှိလို့လဲ"
လုန်ယွိ : "……"
သူမက ထိုသို့သော မေးခွန်းမျိုးကို အဘယ်မှာ မေးဝံ့ပါမည်နည်း။
လုန်ယွိက…
"တခြားရော ဘာတွေလုပ်ရဦးမလဲ"
လင်စီးယာက…
"ဂိုဏ်းတူအစ်မရဲ့ ပေါင်တံတွေက အရမ်းလှတာပဲ ၊ အဝတ်တွေသာ ရေစိုနေမယ်ဆိုရင် ပေါင်တံအလှတွေက ထင်းကနဲပဲ"
လုန်ယွိက…
"ရပြီ… ရပြီ … နားလည်ပြီ"
သို့သော်…
မနေ့တစ်နေ့ကပင် သူမတစ်ကိုယ်လုံး ရေစိုနေသည့် မြင်ကွင်းကို ကျန်းလန် တွေ့မြင်ခဲ့ပြီးပြီ မဟုတ်လား။ သူ့ကိုကြည့်ရသည်မှာ ဘာပြဿနာမှ ရှိဟန် မတူပေ။
သို့သော် ထိုစဉ်က ရှောင်ယွိ ပုံစံနှင့်ဖြစ်သည်ကို သူမ သတိရသွားသည်။
နောက်တစ်ခါ လုန်ယွိပုံစံနှင့် ထပ်ပြီး စမ်းသပ်ကြည့်သင့်သလား။
ကျန်းလန်က "နောက်တစ်ခါ မိုးမမိစေနဲ့" ဟု သူမကို ပြောထားသော်လည်း ကျန်းလန်အတွက်ပင် ရေစိုရမည်ဖြစ်သောကြောင့် ဖြစ်သင့်သည် မဟုတ်လား။
လင်စီးယာက ဓားပျံပေါ်တွင် ထိုင်လိုက်ရင်း ပါးပြင်လေးကို လက်ဖြင့်ထောက်ကာ လုန်ယွိကို လှမ်းကြည့်လိုက်သည်။
"ဂိုဏ်းတူအစ်မ ၊ မေးခွန်းတစ်ခုလောက် မေးလို့ရမလား"
လုန်ယွိက နူးညံ့သည့်လေသံဖြင့်…
"ဘာမေးမလို့လဲ… မေးလေ"
သူမ၏အသံက နူးညံ့သော်လည်း မျက်နှာကတော့ ခံစားချက်ကင်းမဲ့နေဆဲပင်။
ထိုစဉ်မှာပင်...
ကျောက်စိမ်းရေကန်မှ ပန်းပွင့်လွှာလေးများ လေနှင့်အတူ လွင့်ပျံကာ ကြွေကျလာသည်။
ကျန်းလန် ပြန်လည်ပြုပြင်စိုက်ပျိုးပေးထားသည့် မက်မွန်ပင်မှ ပွင့်ချပ်လွှာလေးများဖြစ်လေသည်။
လင်စီးယာက…
"တခြားသူရှေ့မှာဆိုရင် ဂိုဏ်းတူအစ်မ ကျောဆန့်ပြမှာလား"
လုန်ယွိက ခေါင်းခါယမ်းရင်း…
"ဘယ်ကလာ… လုပ်စရာလား"
သူမက ကြုံရာအိပ်တတ်သည့် မိန်းကလေးမှ မဟုတ်ဘဲ။ ဘယ်လိုလုပ် တွေ့ရာမြင်ရာလူများရှေ့တွင် ကျောဆန့်ပြရပါမည်နည်း။
သူမက တစ်ယောက်တည်း ကျင်းကြံလိုက် ၊ တွေးတောလိုက်ဖြင့်သာ နေတတ်သူ ဖြစ်သည်။
လင်စီးယာက…
"ဒါဖြင့် ဂိုဏ်းတူမောင်လေးကျန်းလန်ရှေ့ကျ ဘာလို့ လုပ်ပြတာလဲ"
လုန်ယွိမှာ အနည်းငယ် ချီတုံချတုံ ဖြစ်နေပြီး မေးခွန်းကို ဖြေဆိုနိုင်ခြင်း မရှိပေ။
သူမ ရှက်ရွံ့နေဟန်ရှိသော်လည်း အမုန်းတရားများကင်းစင်လျှက် ရှိသည်။
လင်စီးယာက ပြုံးလိုက်ပြီး လွန်ခဲ့သည့် အချိန်များက မေးခဲ့ဖူးသည့် မေးခွန်းကို ထပ်မေးလိုက်သည်။
"ဂိုဏ်းတူအစ်မ… နောက်ဆုံးမေးခွန်းတစ်ခု မေးမယ်နော် ၊ ဂိုဏ်းတူမောင်လေး ကျန်းလန်ကို သဘောကျလား"
လုန်ယွိက အဖြေပေးရန် ပါးစပ်ကို ဟလိုက်သော်လည်း "ကျန်းလန်ကို မမုန်းပါဘူး" ဆိုသည့်စကားကို ပြောမထွက်တော့ပေ။
သူမ၏ အဖြေက "မမုန်းပါဘူး" ဆိုသည်ထက် ပိုနေပြီ ဖြစ်သည်။
လင်စီးယာက ပျော်ရွှင်စွာ ပြုံးရယ်လိုက်ရင်း…
"ဂိုဏ်းတူအစ်မ… ဇာတ်လမ်းက ပြီးနေပြီ"
လုန်ယွိက ခေါင်းခါယမ်းလိုက်ပြီး…
"ဒါပေမဲ့ အချစ်ဆိုတဲ့အရာကို ငါမှ နားမလည်သေးတာ"
လင်စီးယာ ပခုံးတစ်ချက်တွန့်လိုက်သည်။
သူမလည်း နားလည်သည်မှ မဟုတ်ဘဲလေ။ ဤသည်က ယေဘူယျအယူအဆတစ်ခုပဲ မဟုတ်လား။
***
ကျန်းလန်က အချိန်တစ်ခုယူပြီး နဝမတောင်ထွတ်မှ အစီအရင်များကို အဆင့်မြှင့်တင်လိုက်သည်။
ထို့နောက် မန္တန်များနှင့် တန်ခိုးစွမ်းအားများကို မိုးကောင်းကင်အင်မော်တယ်အဆင့်နှင့်အညီ မြင့်မားလာစေရန် ဆက်လက်ကျင့်ကြံသည်။
မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲသွားရောက်ရန်အတွက် လိုအပ်သည့်ပစ္စည်းများကိုလည်း ပြင်ဆင်ထားသည်။
စုဝေးပွဲသို့ ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံးမှ လူပေါင်းများစွာ လာရောက်ကြမည် ဖြစ်သည်။
အထူးသဖြင့် နတ်မိစ္ဆာများ ၊ နတ်လူသားမျိုးနွယ်များနှင့် နဂါးမျိုးနွယ်များ လာရောက်ကြမည် ဖြစ်သည်။
ဤသည်က သူ့အတွက် အတော်လေး အန္တရယ်များသည်။
ကျောက်စိမ်းရေကန်နတ်ဘုရားမကို တိုက်ခိုက်ချင်သူများရှိလျှင်လည်း သူ့ကို ပစ်မှတ်ထားလာနိုင်သည်။
ကျန်းလန် နဝမတောင်ထွတ်သို့ ပြန်လာပြီးနောက် ၊ မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲအတွက် ပြင်ဆင်မှုများကို (၃) လကြာ ပြုလုပ်ခဲ့သည်။
စုဝေးပွဲ စတင်ရန်မှာလည်း အချိန်အလွန်နီးကပ်နေပြီ ဖြစ်လေတော့၏။