အခန်း (၂၁-၂၂)
Vol. 3 Ch. 21-22
အခန်း။ ၂၁
ဝမ်ပင်းက သူ၏ စိတ်ရင်းအတိုင်းပင် ယဉ်ကျေးပျူငှာစွာ ပြန်ပြောလိုက်သည်။
"ဪ... ဒါဆိုရင် ဒုတိယဥက္ကဋ္ဌကျန်းက နေရာအနှံ့ ရောက်ဖူးတာပေါ့။ အော်... ဒါနဲ့ ကျွန်တော့်ရဲ့ လျှောက်လွှာနဲ့ ပတ်သက်ပြီး ဒုတိယဥက္ကဋ္ဌကျန်း ဘယ်လို ထင်မြင်ပါသလဲ။ ကျွန်တော့်ရဲ့ ဂိုဏ်းကို ကြယ်တစ်ပွင့် အဆင့် မြှင့်တင်ပေးလို့ ရမလားခင်ဗျ"
သူ့ကို အပြင်မှာ တစ်နာရီကြာအောင် စောင့်ခိုင်းထားသည့်အတွက် သူမကို အမွှမ်းတင်ပြီး ချီးကျူးစကားများ ပြောနေရန် ဝမ်ပင်းတွင် အချိန်မရှိပေ။
ကျန်းယွဲ့ယဲ့က ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး "ဂိုဏ်းချုပ်ဝမ်... ထိုင်ပါဦး။ ဟေ့... သွားပြီး လက်ဖက်ရည် တစ်အိုး ဖျော်ခဲ့စမ်း။ ဘယ်ဘက်က တတိယမြောက် ဗီဒို၊ ပဉ္စမမြောက် အံဆွဲထဲက လက်ဖက်ခြောက်ကို သုံးလိုက်"
"ဆန်းဝမ် လက်ဖက်ရည်လားခင်ဗျ"
အစေခံမှာ ဆွံ့အသွားရ၏။ ဤလက်ဖက်ခြောက်မှာ ဒုတိယဥက္ကဋ္ဌက မြို့စားမင်း သို့မဟုတ် မှီခိုခြင်းဂိုဏ်းချုပ်ကဲ့သို့သော ပုဂ္ဂိုလ်များကို ဧည့်ခံရာတွင်သာ အသုံးပြုသည့် အရာပင်။
လက်ဖက်ရည် တစ်ရွက်တည်းမှာပင် ရွှေဒင်္ဂါး ၁၀၀ တန်ဖိုး ရှိသည်။
"အင်း..."
ကျန်းယွဲ့ယဲ့က ခေါင်းညိတ်ပြလိုက်၏။
ယွင်လျောင်ကဲ့သို့သော သူတစ်ဦးက မသေမျိုးဂိုဏ်းသို့ ဝင်ရောက်သွားပြီဖြစ်ရာ ဝမ်ပင်းမှာလည်း ဤလက်ဖက်ရည်ကို သောက်သုံးရန် ထိုက်တန်သွားပြီ ဖြစ်သည်။
ယွင်လျောင်၏ ပါရမီအရ နက်နဲသောနယ်ပယ်သို့ တက်လှမ်းနိုင်ရန်မှာ အချိန်တစ်ခုသာ လိုအပ်တော့သည်။
မှီခိုခြင်းဂိုဏ်းက ဆက်လက်ဖိနှိပ်ဖို့ အိပ်မက်တောင် မက်ရဲတော့မှာ မဟုတ်ဘူး။ နက်နဲသောနယ်ပယ် ပညာရှင်တစ်ဦးရဲ့ ဒေါသဆိုတာ ကျောက်တောင်ကြီး ပြိုကျလာသလိုမျိုး ပြင်းထန်
လွန်းတယ်။ ကြယ်တစ်ပွင့် အဆင့်ရှိတဲ့ ဂိုဏ်းတစ်ခုအနေနဲ့ အဲဒီလို အရှိန်အဝါမျိုးကို ဘယ်လိုနည်းနဲ့မှ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ သူတို့ လုပ်နိုင်တာဆိုလို့ အသက်ချမ်းသာပေးဖို့ ဒူးထောက်တောင်းပန်ရုံပဲ ရှိတော့မှာ။
ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ ရှိသည့် ပညာရှင် ၁၀ ယောက် ရှိနေလျှင်ပင် ခံနိုင်ရည် ရှိမည်မဟုတ်ချေ။
ကျန်းယွဲ့ယဲ့က ခေါင်းထပ်မံညိတ်ပြလိုက်သည့်အခါမှသာ အစေခံသည် သူ နားကြားမှားခြင်း မဟုတ်ကြောင်း အတည်ပြုနိုင်တော့သည်။
၁၅ မိနစ်ခန့် ကြာပြီးနောက် လက်ဖက်ရည် ရောက်ရှိလာခဲ့၏။
ထိုအချိန်တွင် ကျန်းယွဲ့ယဲ့နှင့် ဝမ်ပင်းတို့သည် အရေးမပါသော ကိစ္စရပ်များနှင့် အပြန်အလှန် နှုတ်ဆက်စကားများကိုသာ ပြောဆိုနေကြသည်။
ထို့နောက် ကျန်းယွဲ့ယဲ့က စကားစလိုက်သည်။
"ဂိုဏ်းချုပ်ဝမ်... သခင်လေးယွင် ကျွန်မတို့ စကားပြောခဲ့ကြတာလည်း တော်တော်ကြာပြီဆိုတော့ ကျွန်မရဲ့ လက်ဖက်ရည်ကို မြည်းစမ်းကြည့်ကြပါဦးလား"
"သခင်လေးယွင် ဟုတ်လား"
ဝမ်ပင်းက ယွင်လျောင်ကို ဂိုဏ်း၏ အကြီးအကဲအဖြစ် မိတ်ဆက်ပေးခဲ့သော်လည်း ကျန်းယွဲ့ယဲ့က သူ့ကို အကြီးအကဲယွင်ဟု မခေါ်ဘဲ သခင်လေးယွင်ဟုသာ ခေါ်ဆိုခဲ့သည်။ ဤသည်ကို ကြည့်ခြင်းဖြင့် ကျန်းယွဲ့ယဲ့သည် ယွင်လျောင်အကြောင်းကို ကြိုတင်သိရှိထားဟန်ပင်။
"ဒုတိယဥက္ကဋ္ဌကျန်း... ခင်ဗျားက အကြီးအကဲယွင်နဲ့ သိနေတာလား"
"ဆင်းယွဲ့မြို့မှာ သခင်လေးယွင်ရဲ့ နာမည်ကျော်ကြားမှုကို မသိတဲ့သူ ဘယ်သူရှိမှာလဲ။ ရှင်က ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ ကို အသက်အငယ်ဆုံးနဲ့ ရောက်ရှိခဲ့တဲ့သူဖြစ်ပြီး ရှေ့လျှောက် အလားအလာတွေကလည်း အတိုင်းအဆမရှိပါဘူး။ ရှင် တကယ်ကြီး ဆန်းဝူမြို့ကို ရောက်လာလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး"
ထိုသို့ပြောကာ ကျန်းယွဲ့ယဲ့က သက်ပြင်းတစ်ချက် ချလိုက်၏။
ဘေးနားရှိ ယွင်လျောင်ကမူ တည်ငြိမ်သော မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။
"ဒုတိယဥက္ကဋ္ဌကျန်းက ကျွန်တော့်ကို အမွှမ်းတင်လွန်းနေပါပြီ။ ဒါပေမဲ့ ကျွန်တော် ဒီနေ့ ဒီကိုလာတာက ကျွန်တော့်ရဲ့ ဂိုဏ်းချုပ်နဲ့အတူ ဂိုဏ်းအဆင့်မြှင့်တင်ဖို့ကိစ္စကို ဆွေးနွေးဖို့ လိုက်ပါလာတာပါ။ ဒါက ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာ အဆင့်အတန်းနဲ့ ဘာမှမဆိုင်ပါဘူး။ အခုချိန်မှာ ကျွန်တော်ဟာ မသေမျိုးဂိုဏ်းက အကြီးအကဲတစ်ယောက်ပါပဲ"
ကျန်းယွဲ့ယဲ့က ခေါင်းညိတ်ပြ၏။ သူမသည် လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီးနောက် "သခင်လေးယွင်သာ မသေမျိုးဂိုဏ်းမှာ ရှိနေရင်တော့ အဆင့်မြှင့်တင်ဖို့ကိစ္စက သဘာဝကျကျပဲ ပြဿနာမရှိပါဘူး" ဟု ဆက်ပြောလိုက်သည်။
၎င်းကို ကြားလိုက်ရချိန်တွင် ဝမ်ပင်းက သူ၏ဘေးမှ ယွင်လျောင်ကို တစ်ချက် လှမ်းကြည့်လိုက်မိသည်။ အချိန်အနည်းငယ် စောင့်ခဲ့ရသော်လည်း ယွင်လျောင်ကို ခေါ်လာခဲ့ခြင်းက အကျိုးကျေးဇူး ရှိသည်။
အဆင့် ၁၃ ကျင့်ကြံသူတစ်ဦး ဘေးတွင်ရှိနေခြင်းက ဤဌာနခွဲမှလူများ၏ ဆက်ဆံပုံကို မျှော်လင့်ထားသည့်အတိုင်း သိသိသာသာ ပြောင်းလဲသွားစေခဲ့သည်။
သူတို့သည် အလုပ်ကို အခက်အခဲဖြစ်အောင်မလုပ်တော့သလို အချိန်ဆွဲခြင်းလည်း မရှိတော့ပေ။
မူလက နာရီဝက်မက ဆွေးနွေးရမည့်ကိစ္စမှာ ယခုအခါ စကားနှစ်ခွန်း၊ သုံးခွန်းနှင့် လက်ဖက်ရည်တစ်ခွက်အတွင်းမှာပင် ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။
ဒီဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ကလူတွေက တကယ်ကို လက်တွေ့ဆန်ကြတာပဲ။
ဝမ်ပင်းအတွက် သင်ခန်းစာကောင်းတစ်ခု ရလိုက်ခြင်းပင်။
ထိုအချိန်တွင် ဝမ်ပင်းက လက်ဖက်ရည်ခွက်အဖုံးကို ဖွင့်လိုက်ရာ စိတ်နှလုံးကို လန်းဆန်းသွားစေသော ရနံ့တစ်ခုက နှာခေါင်းထဲသို့ တိုးဝင်လာသဖြင့် စိတ်ကြည်လင်သွားရ၏။ "လက်ဖက်ရည်ကောင်းပဲ။ အနံ့လေး ရှူလိုက်ရုံနဲ့တင် မျက်စိရော စိတ်ရော ကြည်လင်သွားသလိုပဲ။ ဒီလက်ဖက်ရည်ရဲ့ အစွမ်းက အံ့မခန်း ဖြစ်လိမ့်မယ် ထင်တယ်နော်"
"မှန်ပါတယ်... ဂိုဏ်းချုပ်ဝမ် ပြောတာ တကယ်ကို မှန်ပါတယ်။ ဒီလက်ဖက်ရည်က အာရုံစူးစိုက်မှုကို ကောင်းစေပြီး စိတ်စွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။ တစ်လလုံး မအိပ်ဘဲ နေခဲ့ရင်တောင် ဒီဆန်းဝမ်လက်ဖက်ရည် တစ်ငုံသောက်လိုက်ရုံနဲ့တင် ကျန်းမာသန်စွမ်းပြီး အင်အားတွေ ပြည့်ဖြိုးလာစေမှာပါ။ ခုနက ကိစ္စအတွက်တော့ ကျွန်မ တကယ်ပဲ တောင်းပန်ပါတယ်။ ကျွန်မ အလုပ်တွေ အရမ်းရှုပ်နေလို့ ရှင်တို့နှစ်ယောက်ကို ဒီလောက်အကြာကြီး စောင့်ခိုင်းလိုက်မိတာပါ"
ယွင်လျောင်ကမူ သူ၏ လက်ဖက်ရည်ခွက်ကို မသောက်သေးဘဲ ခပ်အေးအေးပင် တုံ့ပြန်လိုက်သည်။
"မကြာပါဘူး... တစ်နာရီလောက်ပဲ ရှိပါသေးတယ်။ ဒါက ကျွန်တော့်အတွက်တော့ အမြင်ကျယ်စရာ ဖြစ်ခဲ့ပါတယ်"
"သခင်လေးယွင်... ကျွန်မ တကယ်ပဲ တောင်းပန်ပါတယ်။ အလုပ်တွေ အရမ်းများနေလို့ မတတ်သာလို့ပါ..."
"နောက်ဆိုရင် စကားမပြောခင်... ခင်ဗျား တစ်ဝက်လောက် ဆွဲထားတဲ့ ပန်းချီကားကို အရင်သိမ်းထားလိုက်ပါ။ ကျွန်တော် ယွင်လျောင်က မျက်စိမကန်းပါဘူး"
သူ၏ စကားအဆုံးတွင် အခန်းအတွင်းရှိ လေထုမှာ ရုတ်တရက် အေးစက်ကာ အနေရခက်သွားသည်။
လေထုကြီးမှာ တစ်ခဏချင်း အေးခဲသွားသယောင်ပင်။
ဝမ်ပင်းသည် အမှန်တရားကို ဗြောင်ကျကျ ပြောချပစ်လိုက်သည့် ယွင်လျောင်ကို တစ်ချက် လှမ်းကြည့်လိုက်မိ၏။ ယွင်လျောင်၏ အလေးအနက်ထားလွန်းသော ထိုအကြည့်ကြီးမှာ ဝမ်
ပင်းကို ရယ်ချင်စိတ် ပေါက်လာစေသည်။
သူရဲ့ အပြောအဆိုက အရမ်းကို တည့်တိုးဆန်လွန်းတယ်။
ခင်ဗျားအနေနဲ့ မသိချင်ယောင်ဆောင်ပေးလို့ မရဘူးလားဗျာ... တစ်ဖက်လူကို မျက်နှာပျက်အောင် တော်တော်လုပ်တာပဲ။
သို့သော်လည်း ဤသို့ အနေရခက်သည့် အခြေအနေကို ဆက်ထားနေမည်ဆိုပါက မည်သူ့အတွက်မျှ ကောင်းမည်မဟုတ်ချေ။ ထို့ကြောင့် ဝမ်ပင်းက အလျင်အမြန်ပင် စကားလမ်းကြောင်း လွှဲလိုက်သည်။
"ဒုတိယဥက္ကဋ္ဌကျန်း... ကျွန်တော့်ဂိုဏ်းရဲ့ အဆင့်မြှင့်တင်ရေးကိစ္စကိုတော့ ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မှာပဲနော်"
ကျန်းယွဲ့ယဲ့သည် ယခုမှပင် အနေရခက်ရာမှ လွတ်မြောက်မည့် လမ်းကြောင်းကို တွေ့သွားသဖြင့် အလျင်အမြန်ပင် ဖမ်းဆုပ်လိုက်တော့၏။
"ဒါက ပြဿနာမရှိပါဘူး။ ကျွန်မ အထက်လူကြီးတွေကို ချက်ချင်း အသိပေးလိုက်ပါ့မယ်။ တစ်လအတွင်းမှာပဲ မသေမျိုးဂိုဏ်းကို ကြယ်တစ်ပွင့် အဆင့်ရှိတဲ့ ဂိုဏ်းတစ်ခုအဖြစ် တရားဝင် အသိအမှတ်ပြုနိုင်အောင် ကျွန်မ ကူညီပေးနိုင်ပါတယ်"
"ဒါဆိုရင်တော့ ဒုတိယဥက္ကဋ္ဌကျန်းကို အထူးပဲ ကျေးဇူးတင်ရမှာပါပဲ"
သာမန် လုပ်ထုံးလုပ်နည်းအရဆိုလျှင် သုံးလခန့် ကြာမြင့်မည်ဖြစ်သော်လည်း ယခုမူ တစ်လအတွင်း တိုက်ရိုက် ဖြစ်သွားခဲ့သည်။
"ဒါဆို ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်ကြရအောင်။ ဂိုဏ်းချုပ်ဝမ်နဲ့ အကြီးအကဲယွင်တို့လည်း အရင်ပြန်နားကြပါဦး။ ကျွန်မကတော့ ရှင်တို့ရဲ့ လျှောက်လွှာနဲ့ ပတ်သက်ပြီး အဆင့်မြင့်အဖွဲ့ဝင်တွေကို အစည်းအဝေး ခေါ်ရဦးမယ်။ ကျွန်မတို့ ဆွေးနွေးဆုံးဖြတ်ပြီးတာနဲ့ ရှင်တို့ဆီကို အကြောင်းပြန်ကြားပေးပါ့မယ်။ ဒါပေမဲ့ လက်ရှိ မသေမျိုးဂိုဏ်းရဲ့ အခြေခံအင်အားနဲ့ဆိုရင်တော့ ဘယ်သူမှ ကန့်ကွက်ကြလိမ့်မယ် မဟုတ်ဘူးလို့ ကျွန်မ ယုံကြည်ပါတယ်"
"ဒါဆိုရင်တော့ ဒုတိယဥက္ကဋ္ဌ ကျန်းကိုပဲ ဒုက္ခပေးရတော့မှာပါပဲ"
ဝမ်ပင်း ပြုံးလျက် ထရပ်လိုက်၏။ အချိန်မဖြုန်းတော့ဘဲ လက်အုပ်ချီ နှုတ်ဆက်ကာ ပြန်ရန် ပြင်ဆင်လိုက်သည်။
ကျန်းယွဲ့ယဲ့က ခေါင်းညိတ်ပြပြီး လိုက်ပါပို့ဆောင်ရန် အမူအရာ ပြုလိုက်သည်။
"ရှင်တို့ကို စိတ်မပျက်စေရပါဘူး။ ကျွန်မပဲ အပြင်အထိ လိုက်ပို့ပေးပါ့မယ်။ ဒါပေမဲ့ နောင်ကျရင် မသေမျိုးဂိုဏ်းအနေနဲ့ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့နဲ့ ပိုပြီး ထိတွေ့ဆက်ဆံမှုတွေ ရှိလာလိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် တစ်ဦးကိုတစ်ဦး စောင့်ရှောက်သွားကြတာပေါ့"
ဝမ်ပင်းကလည်း "ဒါကတော့ သဘာဝကျပါတယ်" ဟု ပြန်ဖြေလိုက်သည်။
သူ မထွက်ခွာမီ လက်ဖက်ရည်ကို နောက်ဆုံးတစ်ခွက် သောက်လိုက်သေးသည်။
အရသာကို အသေအချာ မှတ်မိနေခြင်းမျိုး မဟုတ်သော်လည်း လျှာဖျားတွင် ကျန်ရစ်ခဲ့သည့် နွေးထွေးမှုကိုမူ သူ မှတ်မိနေသည်။
ကျန်းယွဲ့ယဲ့နှင့် တွေ့ဆုံနိုင်ရန်အတွက် သူ တစ်နာရီကြာ စောင့်ခဲ့ရသော်လည်း...
လက်ဖက်ရည် မအေးခင်မှာပင် သူ ရက်အတော်ကြာ အသည်းအသန် ကြိုးစားနေခဲ့ရသည့် အရေးကြီးသော ကိစ္စရပ်ကြီးမှာ အောင်မြင်စွာ ဆွေးနွေးပြီးစီးသွားခဲ့သည်။
အဆောက်အအုံ အပြင်ဘက်တွင် ရှီဟွာသည် ဝတ်ရုံနက် ဝတ်ဆင်ထားသော မိန်းကလေးအချို့နှင့် စကားပြောနေ၏။
ထိုဝတ်ရုံနက်များမှာ မသေမျိုးဂိုဏ်း၏ တောင်နှင့်မြစ်ဝတ်ရုံများကဲ့သို့ပင် ဂိုဏ်း၏ သင်္ကေတများ ဖြစ်ကြသည်။ တစ်မျိုးက ပို၍ လှပတင့်တယ်ပြီး နောက်တစ်မျိုးကမူ ပို၍ ထူထဲလှ၏။ အကယ်၍ ဝမ်ပင်းသာ ဤနေရာတွင် ရှိနေမည်ဆိုပါက ထိုသူများကို သေချာပေါက် တွေ့ချင်
မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးမှာ မှီခိုခြင်းဂိုဏ်းမှ လူများ ဖြစ်နေသောကြောင့်ပင်။
"နင်တို့ အရင်ပြန်နှင့်ကြတော့။ ငါ သူငယ်ချင်းတစ်ယောက်ကို စောင့်နေလို့"
ဝမ်ပင်းကို အဝင်ဝတွင် မြင်လိုက်သည်နှင့် ရှီဟွာက ထိုသူများကို အလျင်အမြန်ပင် နှုတ်ဆက်လိုက်တော့သည်။
"ကောင်းပါပြီ ဒါပေမဲ့ နင်လာဖို့ မမေ့နဲ့ဦးနော်။ ဒီနေ့က မိစ္ဆာစားဖိုမှူးကိုယ်တိုင် ချက်ပြမယ့်နေ့လေ"
စကားဆုံးသည်နှင့် သူတို့အုပ်စုမှာ လူအုပ်ထဲသို့ တိုးဝင်ကာ ထွက်ခွာသွားကြသည်။
ရှီဟွာသည် ဝမ်ပင်းကို လှမ်းခေါ်ရန် ပြင်လိုက်စဉ်မှာပင် သူတို့၏နောက်မှ လိုက်ပါလာသော အခြားသူတစ်ဦးကို မြင်လိုက်ရသဖြင့် သူမ၏ခြေလှမ်းများမှာ ရုတ်ခြည်း တုံ့ဆိုင်းသွားရ၏။
ကျန်းယွဲ့ယဲ့ကိုယ်တိုင်က သူတို့နှစ်ဦးကို အပေါက်ဝအထိ လိုက်ပါပို့ဆောင်ပေးနေခြင်းဖြစ်ပြီး သူတို့ကြားတွင် သူငယ်ချင်းများကဲ့သို့ပင် မည်သည့် အတားအဆီးမျှ မရှိဘဲ ရင်းနှီးနေကြသည်ကို မြင်တွေ့လိုက်ရသည်။ ရှီဟွာ အမှတ်ရနေသည်မှာ ယခင်က သူမ ကျန်းယွဲ့ယဲ့ထံ အကူအညီလာတောင်းစဉ်က ကျန်းယွဲ့ယဲ့သည် ဝမ်ပင်းနှင့် မသေမျိုးဂိုဏ်းအပေါ် အတော်လေး အထင်အမြင်သေးခဲ့ခြင်းပင်။
ဒါက ဘယ်လိုအခြေအနေကြီးလဲ။
သို့သော် ဤသို့ ခံစားရသည်မှာ သူမတစ်ဦးတည်း မဟုတ်ပေ။ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ ဌာနခွဲမှ လူများမှာလည်း ဤမြင်ကွင်းကို ကြည့်ကာ အလွန်ပင် အံ့အားသင့်နေကြပြီး တိုးတိုးတိုးတိုးဖြင့် စတင်ပြောဆိုနေကြတော့သည်။
ဝမ်ပင်း ဝတ်ဆင်ထားသော ဝတ်ရုံကို မြင်လိုက်ရသည့်အခါ အားလုံးက စိတ်ထဲမှ ရေရွတ်လိုက်မိကြ၏။
ဒီတောင်နဲ့မြစ်ဝတ်ရုံ... သူက မသေမျိုးဂိုဏ်းကလား။
အဝင်ဝသို့ ရောက်သောအခါ ဝမ်ပင်းက လက်အုပ်ချီ နှုတ်ဆက်ရင်း "ဒုတိယဥက္ကဋ္ဌကျန်း... ဒီမှာတင် ရပ်လိုက်ပါတော့ဗျာ" ဟု ပြောလိုက်သည်။
ကျန်းယွဲ့ယဲ့ လှည့်ထွက်သွားပြီးနောက် ရှီဟွာသည် ဝမ်ပင်းရှိရာသို့ ပြေးလာကာ သူ့ကို စပ်စုသည့်အကြည့်ဖြင့် ကြည့်လိုက်၏။ ထို့နောက် သူမသည် ကျန်းယွဲ့ယဲ့၏ နောက်ကျောကိုလည်း တစ်ချက် လှမ်းကြည့်လိုက်သေးသည်။
"ဝမ်ပင်း... နင် ဒုတိယဥက္ကဋ္ဌကျန်းကို ဘာတွေပြောလိုက်လို့လဲ"
"ဘာမှ ထွေထွေထူးထူး မပြောပါဘူး လက်ဖက်ရည် သောက်ခဲ့ကြတာပါပဲ"
သို့သော် ရှီဟွာက မယုံကြည်ဘဲ ဆက်လက်မေးမြန်းနေပြန်သည်။
"ဒါဆိုရင် ဘာလို့ သူက နင်တို့ကို အပြင်အထိ ကိုယ်တိုင်လိုက်ပို့ရတာလဲ"
"ငါက ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်ပဲလေ။ သူ ငါ့ကို လိုက်ပို့တာက သဘာဝမကျဘူးလား။ ဖြစ်နိုင်တာကတော့ သူ လေးစားတာက ငါ့ကို မဟုတ်ဘဲ ငါ့အဖေကို ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒီနေ့ကိစ္စ အောင်အောင်မြင်မြင် ပြီးသွားရင်ပဲ တော်ပါပြီ"
ရှီဟွာမှာ တစ်ဝက်ယုံ တစ်ဝက်မယုံဖြင့် ခေါင်းညိတ်လိုက်မိ၏။
"ဪ..."
ဒုတိယဥက္ကဋ္ဌကျန်းက ဝမ်ပင်းကို အထူးဧည့်သည်တော်တစ်ဦးကဲ့သို့ ဆက်ဆံသည်ဆိုသည်ကို သူမ ယုံကြည်ရန် မဖြစ်နိုင်ပေ။
သို့သော်လည်း ကျန်းယွဲ့ယဲ့က ဝမ်ပင်း၏ ဖခင်ကို မျက်နှာထောက်ထားပြီး မျက်နှာသာပေးသည်ဆိုသော အကြောင်းပြချက်မှာမူ သူမအတွက် ပို၍ လက်ခံနိုင်စရာ ဖြစ်နေသည်။
အခန်း။ ၂၂
ထို့နောက် ရှီဟွာသည် သူမ၏အသံကို ရုတ်တရက် လျှော့ချလိုက်ပြီး လည်ချောင်းနာနေသူတစ်ဦးကဲ့သို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။
"လာ... သွားစားကြရအောင်"
"ထမင်းစားတာပဲကို... နင်က ဘာဖြစ်နေတာလဲ"
"နင့်နားကို ဒီနား နည်းနည်းတိုးလိုက်ဦး"
"ဟွမ်ကုန်းရောက်နေတယ်"
"ဟွမ်ကုန်းဟုတ်လား"
ဝမ်ပင်းနှင့် ယွင်လျောင်တို့ နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း အံ့ဩတကြီး အော်ဟစ်လိုက်ကြသည်။
ရှီဟွာက ပတ်ဝန်းကျင်ကို မတတ်သာသလို ဝေ့ဝဲကြည့်လိုက်ပြီးနောက် ထိုနှစ်ယောက်ကို စိုက်ကြည့်ကာ "နင်တို့က ဘာလို့ အော်နေကြတာလဲ" ဟု ငေါက်လိုက်သည်။
သူမသည် ဤကိစ္စကို အခြားသူများ မသိစေချင်သောကြောင့် အသံကို အစွမ်းကုန် လျှော့ထားခြင်းပင်။ သို့သော် ယခုမူ ဤနှစ်ယောက်က အကျယ်ကြီး အော်ဟစ်လိုက်ကြသည်။ သို့သော်လည်း ဟွမ်ကုန်း ဆန်းဝူမြို့သို့ ရောက်ရှိလာသည့် သတင်းကို သူမအနေဖြင့် ဖုံးကွယ်ထားနိုင်မည်မဟုတ်ကြောင်းကိုလည်း သူမ သိထားသည်။ ဤသတင်းမှာ ယနေ့အတွင်း မြို့တစ်ခုလုံးသို့ သေချာပေါက် ပျံ့နှံ့သွားပေလိမ့်မည်။
မကြာမီအချိန်အတွင်းမှာပင် ဖီးနစ်တစ်ရာ စားသောက်ဆိုင်တွင် လွတ်လပ်သော နေရာလပ် ရှိတော့မည် မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် ဝမ်ပင်း၏ စိတ်ထဲ၌ ကြောက်မက်ဖွယ် သတ္တဝါကြီးတစ်ကောင်၏ ပုံရိပ် ပေါ်လာသည်။ ၎င်းသည် ဆိတ်၏ ကိုယ်ခန္ဓာနှင့် လူသား၏ မျက်နှာ ရှိပြီး မျက်လုံးများမှာမူ ချိုင်းအောက်တွင် တည်ရှိ၏။ ထို့ပြင် ကျား၏ အစွယ်နှင့် လက်သည်းများ ရှိကာ အသံမှာမူ ကလေးငယ်တစ်ဦးနှင့် တူသည်။ ၎င်းသည် အလွန်ပင် အစားကြီးသဖြင့် မြင်မြင်သမျှ အရာအားလုံးကို စားပွဲတင်တတ်၏။ အကယ်၍ လောက၌ စားစရာ အားလုံး ကုန်သွားခဲ့လျှင် ၎င်းသည် သူ့ကိုယ်သူပင် ပြန်စားမည့် အစားကြူးသတ္တဝါပင်။
၎င်းသည် အင်းအိုင် ၁၀၈ ခုအတွင်း လွတ်လပ်စွာ သွားလာနိုင်သော အထူးခြားဆုံး သတ္တဝါများထဲမှ တစ်ခု ဖြစ်သည်။
မိစ္ဆာတောက်တီးသည် စားသောက်ရသည်ကို အလွန်ဝါသနာပါသဖြင့် အစားအသောက်နှင့် ပတ်သက်၍ သုတေသနပြုရသည်ကိုလည်း အမြတ်နိုးဆုံးပင်။
၎င်း၏ ဟင်းချက်စွမ်းရည်မှာ မိုးကမ္ဘာအိုင် တစ်ခုလုံးတွင် အကောင်းဆုံးဟု ပြောကြသည်။ ၎င်းရောက်ရှိရာ နေရာတိုင်းတွင် ၎င်းချက်ပြုတ်သည့် အစားအသောက်ကို မြည်းစမ်းခွင့်ရရန် ရွှေဒင်္ဂါး ထောင်ပေါင်းများစွာ အကုန်အကျခံမည့်သူ မည်မျှရှိသည်ကိုပင် မသိနိုင်ပေ။
ထို့ကြောင့် ဤကဲ့သို့ လှည့်လည်သွားလာနေတတ်သည့် ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦး ဆန်းဝူမြို့သို့ အမှန်တကယ် ရောက်ရှိလာလိမ့်မည်ဟု ဝမ်ပင်း မထင်မှတ်ထားခဲ့မိချေ။
"သွားကြစို့... ငါ ကျွေးပါ့မယ်"
ရှီဟွာသည် ဟွမ်ကုန်းအကြောင်းကို ပြောဆိုနေစဉ် သူမ၏ မျက်လုံးများမှာ အလုပ်မှပြန်လာမည့် ဖခင်ဖြစ်သူထံမှ ကစားစရာအရုပ်ကို မျှော်လင့်နေသည့် ကလေးငယ်တစ်ဦးကဲ့သို့ တောင့်တမှုများဖြင့် ပြည့်နှက်နေ၏။
ဝမ်ပင်းက သဘောတူညီသည့်အနေဖြင့် ခေါင်းမညိတ်ရသေးမီမှာပင် ရှီဟွာသည် သူမ၏ ခြေလှမ်းများကို အရှိန်မြှင့်ကာ ရှေ့သို့ လျှောက်သွားနှင့်သည်။ သူမ၏ ခြေလှမ်းများမှာ ပုံမှန်
ထက် နှစ်ဆခန့် ပိုကျဲနေပြီး တောက်တီးချက်ပြုတ်သည့် ဟင်းလျာများကို မြည်းစမ်းကြည့်ချင်သည့် စိတ်ဆန္ဒမှာ အမှန်တကယ်ပင် ပြင်းပြနေပုံပင်။
အမှန်စင်စစ် မိန်းကလေးများမှာ မည်မျှပင် ရုပ်ရည်ချောမောသည်ဖြစ်စေ ကိုယ်လုံးကိုယ်ပေါက် လှပသည်ဖြစ်စေ အခြေခံအားဖြင့် အစားအသောက် ဝါသနာပါသူများသာ ဖြစ်ကြသည်။ သူတို့သည် ထိုဆန္ဒကို ဖိနှိပ်ထားကောင်း ထားနိုင်သော်လည်း မွေးရာပါ အစားကြူးတတ်သည့် အကျင့်လေးများတော့ ရှိတတ်ကြ၏။ သူတို့နှင့် တောက်တီးတို့၏ တစ်ခုတည်းသော ခြားနားချက်မှာ တောက်တီးက သူ့ကိုယ်သူ ပြန်စားနိုင်ပြီး သူတို့ကမူ မစားနိုင်ခြင်းပင် ဖြစ်လိမ့်မည်။
သူတို့ သုံးယောက်သား ဖီးနစ်တစ်ရာ စားသောက်ဆိုင်သို့ ရောက်ရှိချိန်တွင် အပြင်ဘက်၌ပင် တားဆီးခြင်း ခံလိုက်ရသည်။ ထိုအချိန်တွင် ဝမ်ပင်းသည် စားသောက်ဆိုင်ရှေ့ရှိ လမ်းမကို တစ်ချက် ဝေ့ကြည့်လိုက်ရာ မြင်းရထား ဆယ်စီးထက်မနည်းကို တွေ့လိုက်ရ၏။ အကယ်၍ သူတို့မှာ သာမန်မိသားစုများမှ သာမန်မြင်းများ ဆွဲလာသည့် ရထားများဆိုလျှင် သူ ဂရုပြုကြည့်နေမည် မဟုတ်ပေ။
သို့သော်လည်း ဖီးနစ်တစ်ရာ စားသောက်ဆိုင်ဆီသို့ ဦးတည်မောင်းနှင်လာကြသော မြင်းရထားများမှာ အဆင့်မြင့် ဖုန်းလျိုမြင်းများက ဆွဲလာသည့် ရွှေပြားကပ်ထားသော ဇိမ်ခံမြင်းရထားများ ဖြစ်နေကြသည်။
မြင်းရထားတစ်စီးလုံးကို ရွှေပြားများ ကပ်ထားရန်မှာ ကုန်ကျစရိတ် အလွန်များပြားသော်လည်း ဖုန်းလျိုမြင်းများမှာမူ ထိုထက်ပင် ပို၍ အထင်ကြီးစရာ ကောင်းလှသည်။ ထိုမြင်းတစ်ကောင်တည်းနှင့်ပင် နှစ်မီတာကျယ်သော ချောင်းငယ်လေးတစ်ခုကို ခေတ္တမျှ ပိတ်ဆို့ထားနိုင်ပြီး ၎င်း၏ ခွာတစ်ချက် ပေါက်လိုက်လျှင် ရေတံခါးတစ်ခု အပိုတပ်ဆင်လိုက်သည့်အလား ခံစားရစေ၏။ ထို့ပြင် ၎င်း၏ အရှိန်မှာလည်း ကျားသစ်များထက်ပင် ပို၍ မြန်ဆန်သည်။
ဤအချက်နှစ်ခုကို ပေါင်းစပ်ကြည့်ခြင်းဖြင့် ဝမ်ပင်းအနေဖြင့် ထိုသူများအားလုံးမှာ အထင်ကရ မျိုးနွယ်စုကြီးများမှ အဓိက အဖွဲ့ဝင်များဖြစ်ကြောင်း သေချာပေါက် ပြောရဲသည်။
ပြီးခဲ့သည့်အကြိမ်က သူတို့အားလုံး ယခုကဲ့သို့ စုရုံးခဲ့ကြသည်မှာ မသေမျိုးဂိုဏ်း ကျဆုံးချိန်က ဖြစ်သည်။ သူတို့သည် မသေမျိုးဂိုဏ်း မည်သို့ ပျက်စီးသွားမည်ကို စောင့်ကြည့်ချင်ခဲ့ကြခြင်းပင်။ သို့သော် ယနေ့တွင်မူ သူတို့အားလုံးမှာ မိစ္ဆာစားဖိုမှူး ဟွမ်ကုန်းကြောင့်သာ ရောက်ရှိလာကြခြင်းပင်။
ယခုအခါ မွန်းလွဲပိုင်းသို့ ရောက်ရှိနေပြီဖြစ်သဖြင့် နေမှာ ကောင်းကင်အလယ်တွင် တောက်ပနေပြီး မြေပြင်မှ အပူရှိန်မှာ ခြေဖဝါးများဆီသို့ တိုက်ရိုက် ရောက်ရှိလာတော့သည်။
ထိုအပူရှိန်မှာ ဆီတိုင်ကီတစ်ခုကဲ့သို့ပင် ဖီးနစ်တစ်ရာ စားသောက်ဆိုင်သို့ လာရောက်ကြသည့် ဧည့်သည်များကို လောင်မြိုက်စေတော့၏။ ဤစားသောက်ဆိုင်မှာ လူများဖြင့် ပြည့်နှက်နေသဖြင့် ဧည့်ကြိုများပင်လျှင် လမ်းပေါ်အထိ အတင်းတိုးထွက်လာရသည့် အခြေအနေ ဖြစ်နေသည်။
ရှီဟွာသည် စားသောက်ဆိုင်အတွင်းသို့ ဝင်ရန် ပြင်လိုက်စဉ်မှာပင် စားပွဲထိုးတစ်ဦးက သူမကို တားဆီးလိုက်၏။
"စိတ်မရှိပါနဲ့ခင်ဗျာ... ဒီနေ့ ဧည့်သည်တွေ အရမ်းများနေလို့ပါ။ အကယ်၍ လူကြီးမင်းတို့ သုံးယောက် အစားအသောက် သုံးဆောင်ချင်တယ်ဆိုရင်တော့ ကျေးဇူးပြုပြီး တန်းစီပေးပါဦး။ လူထွက်သွားမှပဲ အထဲကို ဝင်လို့ရပါလိမ့်မယ်"
ရှီဟွာမှာ မတတ်သာဘဲ တန်းစီနေသော လူအုပ်ကြီးထဲသို့ ရိုရိုသေသေ ဝင်ရောက် တန်းစီလိုက်ရတော့သည်။
ယခုအချိန်တွင်မူ သူတို့သည် သာမန်လူများနှင့် ဘာမှမခြားနားတော့ချေ။
ဖုန်းလျိုမြင်းများပေါ်မှ ဆင်းလာကြသူများသာလျှင် ဖီးနစ်တစ်ရာ စားသောက်ဆိုင်အတွင်းသို့ တိုက်ရိုက်ဝင်ခွင့်ရပြီး ဒုတိယထပ်နှင့် တတိယထပ်ရှိ သီးသန့်ခန်းများဆီသို့ တန်းတန်းမတ်မတ် သွားနိုင်ကြခြင်းပင်။
"ခဏလေး... အဲဒါ ကျွန်မသူငယ်ချင်းတွေပါ"
ထိုအချိန်တွင် ဒုတိယထပ် ပြတင်းပေါက်တစ်ခုမှ လူတစ်ယောက်က ခေါင်းပြူထွက်လာပြီး ရှီဟွာကို တန်းစီခိုင်းနေသည့် စားပွဲထိုးကို လှမ်းအော်ပြောလိုက်၏။
"ရှောင်ယဲ့"
"ရှီဟွာ... မြန်မြန်တက်လာခဲ့"
သူတို့နှစ်ဦး အပြန်အလှန် နှုတ်ဆက်လိုက်ကြပြီးနောက် ရှီဟွာက ဝမ်ပင်းနှင့် ယွင်လျောင်တို့ကို အလျင်အမြန် ဆွဲခေါ်ကာ လူအုပ်ကြီးထဲမှ တိုးဝှေ့ပြီး ဒုတိယထပ်ဆီသို့ တက်လှမ်းလာခဲ့ကြသည်။
စားသောက်ဆိုင်ကြီးမှာ အရင်ကနှင့် မတူတော့ဘဲ ပြောင်းလဲနေသယောင် ရှိ၏။ အရင်က ဤနေရာတွင် လမ်းလျှောက်လျှင် အလွန်ကျယ်ဝန်းသည်ဟု ခံစားရသော်လည်း ယခုမူ လူပိပြီး သေတော့မည့်အလား ကျပ်ညပ်နေသည်။
အတော်လေး ခက်ခက်ခဲခဲ ကြိုးစားပြီးနောက် နောက်ဆုံးတွင် ဒုတိယထပ်သို့ ရောက်ရှိသွားခဲ့သည်။ ထိုအခါ စင်္ကြံလမ်းတစ်ခုလုံးတွင် စားပွဲနှင့် ထိုင်ခုံများ ပြည့်နှက်နေပြီး လူများမှာ သုံးယောက်တစ်စု၊ ငါးယောက်တစ်စုဖြင့် ထမင်းစားတုတ်များကိုယ်စီ ကိုင်ကာ အားရပါးရ စားသောက်နေကြသည်ကို ရှီဟွာ မြင်လိုက်ရ၏။
အစားအသောက်အားလုံးမှာ အရောင်အသွေးရော ရနံ့ပါ ပြည့်စုံလှသည်။
သူတို့သည် စားသောက်ရင်းနှင့်လည်း "ဒီနေ့ လာရတာ တကယ်ကို တန်ပါတယ်ဗျာ" ဟု ချီးကျူးနေကြသေး၏။
ဤမြင်ကွင်းက သူတို့သုံးယောက်စလုံးကို သွားရည်ကျစေတော့သည်။
ထို့နောက် သူတို့သည် တံခါးတစ်ခုကို တွန်းဖွင့်ကာ သီးသန့်ခန်းတစ်ခုအတွင်းသို့ ဝင်လိုက်ကြ၏။ အမှန်တကယ်တော့ ထိုအခန်းမှာ အလွန်အမင်း ကျယ်ဝန်းလှသည်မဟုတ်ဘဲ လူငါးဦး၊ ခြောက်ဦးခန့်သာ ဆံ့သည်။ အခန်းထဲတွင် ပန်းတင်စင်များနှင့် ပစ္စည်းတင်စင်များ ထားရှိသောကြောင့် နေရာမှာ ပို၍ပင် ကျဉ်းမြောင်းနေသယောင် ရှိ၏။ သို့သော်လည်း အပြင်ဘက်မှ အလွန်အမင်း ကျပ်ညပ်နေသော နေရာနှင့် ယှဉ်လျှင်မူ ဤအခန်းမှာ ဘောလုံးကွင်းတစ်ခုကဲ့သို့ ကျယ်ဝန်းသည်။
ယခုအခါ အခန်းထဲတွင် ဝတ်ရုံနက်ဝတ်ဆင်ထားသူ သုံးဦး ထိုင်နေကြပြီး ဝမ်ပင်းအနေဖြင့် သူတို့ကို တစ်ခါမျှ မတွေ့ဖူးပေ။ သူတို့သည် အတိတ်က မသေမျိုးဂိုဏ်းတွင် ရှိခဲ့ဖူးသူများ ဟုတ်မဟုတ်ကိုမူ သူ အသေအချာ မပြောနိုင်တော့ပေ။
သို့သော် သူတို့၏ ဝတ်ရုံကို ကြည့်လိုက်သည့်အခါ ထိုသူများ၏ မျက်နှာတွင် အံ့ဩတုန်လှုပ်မှုများ ယှဉ်တွဲနေသည်ကို ဝမ်ပင်း သတိထားမိလိုက်သည်။
"တောင်နဲ့မြစ်ဝတ်ရုံလား"
"ဒီနှစ်ယောက်က ဘယ်သူတွေလဲ"
သူတို့က တစ်ပြိုင်နက်တည်း မေးလိုက်ကြသဖြင့် ရှီဟွာမှာ မည်သူ့ကို အရင်ဖြေရမှန်း မသိဖြစ်သွားရသည်။ ထို့ကြောင့် သူမက မိတ်ဆက်ပေးလိုက်၏။
"ဒါက ဝမ်ပင်း ငါ့ရဲ့ သူငယ်ချင်းဟောင်းပါ။ နောက်တစ်ယောက်ကတော့ မျိုးရိုးယွင်လို့ ခေါ်
တယ်။ သူက မသေမျိုးဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ပဲ"
"မသေမျိုးဂိုဏ်းမှာ လူရှိသေးတာလား"
စကားပြောလိုက်သူမှာ ဝမ်ပင်းနှင့် ရွယ်တူခန့်ရှိမည့် မိန်းကလေးတစ်ဦး ဖြစ်သည်။ သူမ၏ တုံ့ပြန်မှုကို ကြည့်ခြင်းဖြင့် ဤမိန်းကလေးမှာ မူလကတည်းက မှီခိုခြင်းဂိုဏ်းမှ ဖြစ်ကြောင်း ဝမ်ပင်း အသေအချာ ပြောရဲသည်။
အဘယ်ကြောင့်ဆိုသော် မသေမျိုးဂိုဏ်းမှ ထွက်ခွာသွားသူများသည် ဂိုဏ်းက လူသစ်စုဆောင်းနေသည်ကို သိကြသောကြောင့်ပင်။ ၎င်းမှာ သူတို့ ကျင်လည်ခဲ့ဖူးသည့် နေရာဖြစ်သဖြင့် သတင်းတစ်စုံတစ်ရာကြားလျှင် သေချာပေါက် စုံစမ်းကြမည်သာ ဖြစ်၏။ သဘာဝကျကျပင် ၎င်းမှာ စိတ်ပူ၍ မဟုတ်ဘဲ မသေမျိုးဂိုဏ်း အရှက်ရနေသည်ကိုသာ ကြည့်ချင်ကြခြင်းပင်။
အလုပ်ထွက်ပြီးနောက် အလုပ်ရှင်ဟောင်း ဒေဝါလီခံရသည်ကို မြင်ချင်သည့် စိတ်ဓာတ်မျိုးနှင့် အလားသဏ္ဌာန်တူသည်။
သို့သော် ထိုသုံးယောက်မှာ ထို့ထက်ပို၍ ဘာမှမပြောတော့ဘဲ "ထိုင်ကြလေ ရှီဟွာရဲ့ သူငယ်ချင်းတွေဆိုတော့လည်း ကိစ္စမရှိပါဘူး" ဟုသာ ပြောလိုက်ကြ၏။
အားလုံးက ဟွမ်ကုန်းချက်သည့် ဟင်းလျာများကို စားရရန်သာ အာရုံရောက်နေကြသဖြင့် ဆုတ်ယုတ်ပျက်စီးနေသော ဂိုဏ်းတစ်ခုမှ လူနှစ်ယောက်အကြောင်းကို ဆွေးနွေးရန် စိတ်မပါကြပေ။
"ဟင်းတွေ ရပါပြီဗျာ"
တံခါးကို တွန်းဖွင့်လိုက်သည့်အခါ မိန်းကလေးသုံးဦးစလုံး တစ်ပြိုင်နက်တည်း ထရပ်လိုက်ကြသည်။
ဟင်းပန်းကန်များကို သယ်ဆောင်လာသည့် စားပွဲထိုး အခန်းထဲသို့ မဝင်လာမီကတည်းက မွှေးကြိုင်လှသော ရနံ့များမှာ အခန်းထဲသို့ လှိုင်လှိုင်ကြီး တိုးဝင်လာခဲ့သည်။
ဘယ်လိုပြောရမလဲ... ဒီရနံ့ကလေ ရှူမိတဲ့သူတိုင်းကို အစားအသောက်ဆိုရင် အငမ်းမရ ဝါးမြိုတတ်တဲ့ တောက်တီးမိစ္ဆာသတ္တဝါကြီးအဖြစ် ပြောင်းလဲသွားချင်စိတ် ပေါက်လာအောင်ကို ဆွဲဆောင်နေသလိုပဲ။
သို့သော် စိတ်မကောင်းစရာတစ်ခုမှာ ထိုမိန်းကလေးသုံးဦးသည် သီးသန့်ခန်း ရထားသော်လည်း ဟင်းမှာယူသည့်နေရာတွင်မူ စိတ်ကြိုက်မှာခွင့် မရခြင်းပင်။
ဟင်းသုံးမျိုးနှင့် စွပ်ပြုတ်တစ်မျိုးမှာ သူတို့မှာယူနိုင်သည့် အများဆုံး ပမာဏ ဖြစ်သည်။
ဤအခန်းထဲတွင် လူခြောက်ယောက် ရှိနေသော်လည်း ဤမျှသာ မှာယူခွင့်ရှိသည်။
ဤသည်က ဝမ်ပင်းကို စိတ်ထဲတွင် အနေရခက်စေသည်။
အစားအသောက်က များများစားစား မရှိသဖြင့် သူက အသားနှစ်တုံးလောက် စားလိုက်လျှင်ပင် ကျန်သည့်အပိုင်းမှာ သနားစဖွယ် နည်းပါးသွားပေလိမ့်မည်။ ကံကောင်းထောက်မစွာဖြင့် ယွင်လျောင်မှာ ပါးနပ်သဖြင့် အပြင်သို့ ခဏထွက်ရန် အကြောင်းပြချက်ရှာကာ လစ်ထွက်သွားခဲ့သည်။ ယွင်လျောင်သည် ပိုက်ဆံရှိပါလျက်နှင့် ဤကဲ့သို့ အရသာရှိသော အစားအစာများကို ဝအောင်မစားရသည့် ဝေဒနာကို မခံစားနိုင်သောကြောင့် ဖြစ်လိမ့်မည်ဟု ဝမ်ပင်း အာမခံရဲသည်။
ဝမ်ပင်းကမူ ထွက်သွားရန် အလျင်မလိုသေးချေ။ ယခု အပြင်ထွက်လျှင်လည်း သွားစရာနေရာ မရှိသလို အပြင်ဘက်တွင် လူအုပ်ကြီး တိုးဝှေ့စားသောက်နေသည်ကို ကြည့်ရသည်မှာလည်း စိတ်မသက်သာစရာ ကောင်းလှသည်။ ထို့ကြောင့် သူသည် ရှီဟွာနှင့်အတူ သူမ၏ ကိုယ်ခံပညာသင်တန်းကျောင်းအကြောင်းကိုသာ သီးသန့်ခန်းထဲ၌ စကားစမြည် ပြောနေလိုက်တော့သည်။
ကျန်သည့် မိန်းကလေးများမှာမူ ဤအကြောင်းကို စိတ်မဝင်စားကြချေ။ သို့သော် အစားအသောက်က အလွန်နည်းပါးသဖြင့် စားနေရသည်ကိုသာ အာရုံစိုက်နေပါက ခဏချင်း ကုန်သွားမည်ကို စိုးရိမ်နေကြပုံပင်။