← Chapters

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း။ ၂၃

ဝမ်ပင်းမှာလည်း စကားဝိုင်းလေး မပြတ်သွားစေရန် အကြောင်းအရာတစ်ခု ရှာဖွေပြောဆိုရင်း အစားအသောက်ကိုလည်း အေးအေးဆေးဆေးသာ မြည်းစမ်းနေလိုက်သည်။

ထို့နောက်တွင်မူ လေထုမှာ အတော်လေး ပြေလည်သွားသဖြင့် တစ်နေ့ခင်းလုံး စကားပြောဖြစ်သွားကြ၏။ သို့သော် ကိုယ်ခံပညာသင်တန်းဆရာ ကိစ္စထွက်လာသည့်အခါတွင်မူ ရှီဟွာက သူ့ကို ကြည့်ကာ စကားလမ်းကြောင်းလိုက်ပြန်သည်။

"သူက ငါရှာထားတဲ့ သင်တန်းဆရာပဲလေ။ ဘယ်လိုလဲ... နင်တို့ အမျိုးထဲက ညီငယ်၊ ညီမငယ်တွေကို ငါ့ဆီ လာကျင့်ကြံဖို့ မိတ်ဆက်ပေးချင်စိတ် မရှိဘူးလား"

"သူ့ကိုလား"

ရှောင်ယဲ့ဟု ခေါ်သော မိန်းကလေးက ဝမ်ပင်းကို လက်ညှိုးညွှန်ပြကာ "သူက ငါတို့နဲ့ သက်တူရွယ်တူပဲကို။ သင်တန်းဆရာ လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး မဟုတ်လား"

သင်တန်းဆရာတစ်ဦးဆိုသည်မှာ အတွေ့အကြုံနှင့် ဗဟုသုတ ကြွယ်ဝရမည်ဖြစ်ပြီး ထိုမှသာ လူငယ်များကို လမ်းညွှန်ပြသပေးနိုင်မည် ဖြစ်သည်။

သို့သော် ဝမ်ပင်းကို ကြည့်ရသည်မှာ ထိုကဲ့သို့သော ပုံစံမျိုး လုံးဝမပေါက်ပေ။

ရှီဟွာက ရယ်မောလျက် ရှင်းပြလိုက်သည်။

"နင်တို့ သူ့ကို အထင်မသေးနဲ့ဦးနော်။ သူက ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၇ ရှိတဲ့ ကျင့်ကြံသူတစ်ယောက်ပဲ"

"ကျွန်တော် ခဏလောက် အိမ်သာသွားလိုက်ဦးမယ်"

ဝမ်ပင်းက အလျင်အမြန် ပြောလိုက်၏။

ဤကိစ္စတွင် အခြားနည်းလမ်းမရှိတော့ချေ။ ဤအကြောင်းအရာ ပေါ်လာတိုင်း သူ ထွက်ပြေးရုံသာ ရှိတော့သည်။ ယဉ်ကျေးပျူငှာစွာ ငြင်းဆိုခြင်းက အလုပ်မဖြစ်သဖြင့် လက်တွေ့လုပ်ဆောင်ချက်ဖြင့်သာ ပြသရတော့မည်။

ဒီလောက်ထိ လုပ်ပြထားရင် သူမအနေနဲ့လည်း အခြေအနေကို ကောင်းကောင်းကြီး သဘောပေါက်မှာပါ။

သို့သော် သူ အပြင်သို့ လှမ်းထွက်လိုက်ပြီး လှေကားထံသို့ လျှောက်သွားစဉ်မှာပင် တစ်စုံတစ်ယောက်က သူ၏အမည်ကို လှမ်းခေါ်လိုက်သံကို ကြားလိုက်ရသည်။ ဤအသံမှာ အတော်လေး ရင်းနှီးနေသယောင် ရှိ၏။

ဝမ်ပင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ အပေါ်ဘက်သို့ အကြည့်ရောက်သွားချိန်တွင် တတိယထပ် စင်္ကြံလမ်း၌ ရပ်နေသော ရန်လီလီက သူ့ကို လက်ဝေ့ယမ်းပြနေသည်ကို မြင်လိုက်ရသည်။

"ဂိုဏ်းချုပ်... ဒီမှာဗျ"

ရန်လီလီ၏ ဘေးတွင် လူတစ်ယောက် ရပ်နေ၏။ သူသည် ခမ်းနားထည်ဝါသော ဝတ်ရုံကို ဆင်မြန်းထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ သူ၏ မျက်လုံးများမှာ ပြင်းရှပြီး လူတစ်ဦးကို ကြည့်လိုက်လျှင် အလွန်ထက်မြက်လှသော်လည်း ရန်လီလီကို ကြည့်လိုက်သည့်အခါတွင်မူ အလိုလိုက်သည့် အရိပ်အယောင်လေးများ ပါဝင်နေသည်။

အများကြီး စဉ်းစားနေရန် မလိုသလို အတိတ်က အမှတ်ရစရာများကိုလည်း ပြန်ဖော်နေရန် မလိုပေ။ ဤလူလတ်ပိုင်း အမျိုးသားမှာ လက်ရှိ ရန်မျိုးနွယ်စု၏ ခေါင်းဆောင် ရန်ကျုံးရှန်းပင်။

သူသည် ပိုးထည်နှင့် အထည်အလိပ်လုပ်ငန်းလောကတွင် တစ်ဦးတည်းမူပိုင်နီးပါး ချုပ်ကိုင်ထားနိုင်သည့် လုပ်ငန်းရှင်ကြီးတစ်ဦး ဖြစ်သည်။

သို့သော် ဝမ်ပင်းကမူ သူတို့နှစ်ဦးကို ခေါင်းညိတ်ပြရုံသာ ပြုလုပ်ခဲ့ပြီး အတင်းသွားရောက်နှုတ်ဆက်ခြင်းမျိုး မရှိခဲ့ပေ။ တတိယထပ်သို့ တက်ရန်ပင် စိတ်ကူးမရှိခဲ့ပေ။

ဝမ်ပင်းသည် ရှေ့သို့လျှောက်လှမ်းသွားပြီး တံခါးဘေးတွင် ရပ်နေသော ယွင်လျောင်၏ ပုခုံးကို ပုတ်ကာ "စိတ်မကောင်းမဖြစ်ပါနဲ့ဗျာ... ထမင်းတစ်နပ်တည်းဟာကို" ဟု နှစ်သိမ့်လိုက်သည်။

ယွင်လျောင်က သက်ပြင်းချရင်း "ဟင်းတစ်ပွဲကို ရွှေဒင်္ဂါး ၅၀ တောင် ပေးရတာကို ဝယ်မယ့်သူတွေက တန်းစီနေတာပဲဗျာ"

"ဘယ်လောက်ပဲ အရသာရှိရှိ အစားအသောက်ဆိုတာ စားလိုက်ရင် ဗိုက်ထဲရောက်သွားတာချင်း အတူတူပါပဲ။ အဓိကကတော့ ဒီဖီးနစ်တစ်ရာ စားသောက်ဆိုင်ပိုင်ရှင်က စီးပွားရေးလုပ်

တတ်တာရယ်၊ ဈေးကွက်ချဲ့ထွင်မှုကောင်းတာရယ်ကြောင့်ပါ။ ဟင်းသုံးမျိုးနဲ့ စွပ်ပြုတ်တစ်မျိုးပဲ မှာရမယ်ဆိုတဲ့ စည်းကမ်းချက်ကို ထုတ်ထားတော့ လူတိုင်းက ဟင်းတစ်ပွဲ ၅၀ ပေးရရင်တောင် ဝယ်စားချင်နေကြတာပေါ့။ သာမန်လူတွေတောင်မှ သူတို့အိတ်ထဲက ပိုက်ဆံတွေကို ထုတ်ပြီး တစ်ခါလောက် မြည်းစမ်းကြည့်ဖို့ ဝန်မလေးကြဘူးလေ"

"ဒါပေမဲ့ ဒီဆိုင်ရှင်က ဂိုဏ်းချုပ်နဲ့ ယှဉ်ရင်တော့ နည်းနည်း အားနည်းနေသေးတယ်"

ယွင်လျောင်က ရုတ်တရက် ပြောလိုက်သည့် စကားကြောင့် ဝမ်ပင်းမှာ ကြောင်သွားရ၏။

ခေတ္တမျှ စဉ်းစားပြီးနောက် ဝမ်ပင်း မရယ်ဘဲ မနေနိုင်တော့ချေ။ ယွင်လျောင်သည် သူသတ်မှတ်ထားသော အချိန်ကန့်သတ်ချက်များအပေါ် ယခုထိ စိတ်မကျေမနပ် ဖြစ်နေဆဲပင်။

ဝမ်ပင်း ဘယ်ကို ဆက်သွားရမလဲဟု စဉ်းစားနေစဉ်မှာပင် ရန်လီလီသည် အောက်သို့ ဆင်းလာပြီး သူတို့နှစ်ဦးကို အရိုအသေပေးလိုက်သည်။

"ဂိုဏ်းချုပ်ဝမ်... အကြီးအကဲယွင်။ ကျွန်တော့်အဖေက ဂိုဏ်းချုပ်တို့နှစ်ယောက်ကို တွေ့ချင်လို့တဲ့ဗျာ။ ပြီးတော့ ကျေးဇူးတင်တဲ့အနေနဲ့ ထမင်းတစ်နပ် ပြန်ကျွေးပါရစေလို့လည်း ပြောလိုက်ပါတယ်"

"ဘာကျွေးမှာလဲ... ဟင်းသုံးမျိုးနဲ့ စွပ်ပြုတ်တစ်မျိုးလား။ အဲဒါဆိုရင်တော့ မလောက်ဘူးဗျ။ အဲဒီလိုဆိုရင်တော့ မစားတာပဲ ကောင်းပါတယ်"

ယွင်လျောင်က ခနဲ့လိုက်၏။

ရန်လီလီက အလျင်အမြန်ပင် "အကြီးအကဲယွင် သဘောကျသလောက်သာ စိတ်ကြိုက်မှာပါဗျာ။ ဒီဖီးနစ်တစ်ရာ စားသောက်ဆိုင်က ကျွန်တော်တို့ မိသားစုပိုင်ဆိုင်ပါ"

ဒါဆိုရင် ဒီစားသောက်ဆိုင်က ငါ့ဂိုဏ်းကတပည့်လေးရဲ့ မိသားစုပိုင်တာပေါ့လေ။

၎င်းကို ကြားလိုက်ရသည့်အခါ ယွင်လျောင်မှာ အတော်လေး ဝမ်းသာသွားပြီး သဘောတူသည့်အနေဖြင့် ခေါင်းကို အလျင်အမြန် ညိတ်ပြလိုက်သည်။

တစ်စုံတစ်ယောက်က ကျွေးမည်ဆိုပါက ဝမ်ပင်းအနေဖြင့် မသွားရန် အကြောင်းပြချက် မရှိပေ။

သို့ဖြစ်ရာ သူတို့နှစ်ဦးသည် ရန်လီလီ၏နောက်မှ လိုက်ပါရင်း တတိယထပ်ရှိ သီးသန့်ခန်းတစ်ခုသို့ ရောက်ရှိလာခဲ့ကြသည်။

တံခါးကို တွန်းဖွင့်လိုက်သည့်အခါတွင်မူ ဝမ်ပင်းသည် ဆိုင်ပိုင်ရှင်၏ လွတ်လပ်ခွင့်ဆိုသည်မှာ မည်သည်ကို ဆိုလိုကြောင်း ချက်ချင်း နားလည်သွားတော့သည်။ ဖီးနစ်တစ်ရာ စားသောက်ဆိုင်တွင် လေးဘက်လေးတန် ရှိပြီး ဒုတိယထပ်၌ တစ်ဖက်လျှင် သီးသန့်ခန်း ၅ ခန်းစီ ရှိသည်။ သို့သော် တတိယထပ်တွင်မူ တစ်ဖက်လျှင် အခန်းတစ်ခန်းတည်းသာ ရှိ၏။ ထို့ပြင် အခန်းအတွင်း၌ ကော်ဇောများ ခင်းကျင်းထားကာ ပန်းတင်စင်များ၊ လေးထောင့်စားပွဲများနှင့် ပစ္စည်းတင်စင်များမှာ မျက်စိပဒေသာ ဖြစ်လောက်အောင် စီရီထားသည်။

သို့သော် ဝမ်ပင်းကို အကျေနပ်ဆုံး ဖြစ်စေသည့်အရာမှာ လွတ်လပ်မှု ခံစားချက်ပင်။ အခန်းမှာ အလွန်ကျယ်ဝန်းလှသဖြင့် လမ်းလျှောက်၍ပင် ရနိုင်သည်။ ဤခံစားချက်မှာ ဝမ်ပင်းအတွက် အလွန်ပင် ပျော်ရွှင်ကြည်နူးဖွယ် ကောင်းလှပေတော့သည်။

"ဂိုဏ်းချုပ်ဝမ်... အကြီးအကဲယွင်"

ရန်ကျုံးရှန်းသည် ထရပ်လိုက်ပြီး ကပြဖျော်ဖြေနေသော ကချေသည်များကို လက်ဝေ့ယမ်းပြကာ အချက်ပေးလိုက်၏။ ကချေသည်များမှာ ဝမ်ပင်း၏ ဘေးမှ ဝေ့ဝဲကာ ဖြတ်သန်းရင်း အခန်းထဲမှ ဆုတ်ခွာသွားကြတော့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ဝမ်ပင်းက ခေါင်းညိတ်ပြလျက် ဝတ်ပြုနှုတ်ဆက်ခြင်းကို တုံ့ပြန်လိုက်ကာ "မျိုးနွယ်စုခေါင်းဆောင်ရန်... ခင်ဗျားရဲ့ ကျော်ကြားတဲ့ နာမည်ကို ကြားဖူးတာ ကြာပါပြီ" ဟု ပြောလိုက်၏။

ဝမ်ပင်းနှင့်မတူသည်မှာ ယွင်လျောင်ပင်။ သူသည် ထိုကဲ့သို့သော လောကဝတ်များကို ဂရုမစိုက်ပေ။

ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ ရှိသော သူ့ကဲ့သို့ ပညာရှင်တစ်ဦးက သာမန်လူတစ်ဦးကို ဦးညွှတ်၍ အရိုအသေပေးရန် မလိုပေ။

သို့သော်လည်း အိမ်ရှင်က ကျွေးမွေးဧည့်ခံမည်ဖြစ်သောကြောင့် ယွင်လျောင်သည် ခေါင်းကိုသာ အသာအယာညိတ်ပြလိုက်ပြီး "ဟုတ်ပါတယ်" ဟု ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။

စီးပွားရေးလောကတွင် ဆယ်စုနှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူဖြစ်ရာ ရန်ကျုံးရှန်းသည် ယွင်လျောင်၏ လေသံကို ကြားလိုက်ရုံနှင့်ပင် သူ၏ စိတ်အခြေအနေကို ခန့်မှန်းနိုင်သည်။ သို့သော် သူသည် ထိုအချက်အပေါ် စိတ်ခုခြင်း မရှိပေ။

ဆန့်ကျင်ဘက်အနေဖြင့် သူက ချီးကျူးလိုက်သည်။

"အကြီးအကဲယွင်က တကယ့်ကို ထူးခြားတဲ့ စရိုက်ရှိတာပဲ။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ ကို ရောက်နေပြီ။ နက်နဲသောနယ်ပယ်ကို ရောက်ဖို့ကလည်း လက်တစ်လုံးစာပဲ လိုတော့တာဆိုတော့ အနာဂတ်က အတိုင်းအဆမရှိပါဘူး။ ကဲ... ထိုင်ကြပါဦး။ စားချင်တာရှိရင် စိတ်ကြိုက်မှာကြပါ။ ကျွန်တော် အစေခံတွေကို ပြင်ခိုင်းလိုက်ပါ့မယ်"

သဘာဝကျကျပင် ရန်ကျုံးရှန်းသည် အကျိုးအမြတ်မရှိဘဲ တစ်စုံတစ်ခုကို လုပ်ဆောင်မည့်သူ မဟုတ်ပေ။

အကယ်၍ မသေမျိုးဂိုဏ်းမှာ ယခင်ကကဲ့သို့ ပျက်စီးနေသော ဂိုဏ်းဟောင်းတစ်ခုသာ ဖြစ်နေဦးမည်ဆိုပါက သူသည် သားဖြစ်သူကို ဂိုဏ်းမှထွက်ရန် သေချာပေါက် တိုက်တွန်းပေလိမ့်မည်။ ဆုတ်ယုတ်နေသော ဂိုဏ်းတစ်ခုနှင့် မည်သို့သော ပတ်သက်မှုမျိုးမှ ရှိချင်မည်မဟုတ်ပေ။

သို့သော် ယခုမူ အခြေအနေများမှာ ပြောင်းလဲသွားခဲ့သည်။ သားဖြစ်သူ၏ စကားများအရ မသေမျိုးဂိုဏ်းမှာ အံ့အားသင့်ဖွယ် ကောင်းလှသည်ကို သူ သိလိုက်ရသည်။ အထူးသဖြင့် လူတိုင်းက ဂိုဏ်းကို စွန့်ခွာသွားချိန်တွင်မှ ဤမျှငယ်ရွယ်သော အဆင့် ၁၃ ပညာရှင်တစ်ဦးက ဝင်ရောက်လာခြင်းမှာ ဂိုဏ်းအတွက် ကောင်းသော နိမိတ်လက္ခဏာပင်။

ထို့ပြင် ဂိုဏ်းဝင်ကြေးမှာ ရွှေဒင်္ဂါး ၁၀၀၀ ဖြစ်ပြီး အသက် ၁၅ နှစ်တွင် အဆင့် ၅ သို့ ရောက်ရှိရမည်ဟူသော သတ်မှတ်ချက်မှာလည်း အလွန်ပင် မြင့်မားလှသည်။

အရာအားလုံးကို ခြုံငုံသုံးသပ်ကြည့်လျှင် ဝမ်ပင်းသည် သူ၏ဖခင် ချန်ထားခဲ့သော အစီအစဉ်အချို့ကို အသုံးပြုနေသည်ဟု သူ ယူဆလိုက်မိသည်။ နက်နဲသောနယ်ပယ် ပညာရှင်တစ်ဦး၏ နောက်ဆုံးဝှက်ဖဲများကိုမူ လျှော့တွက်၍ မရနိုင်ပေ။

ရန်ကျုံးရှန်း၏ နွေးထွေးသော ဧည့်ခံမှုကို မြင်လိုက်ရသည့်အခါ ယွင်လျောင်မှာ အားနာမနေတော့ဘဲ ဟင်းပွဲ ၇ ပွဲ၊ ၈ ပွဲခန့်ကို မှာယူလိုက်တော့သည်။ ဝမ်ပင်းကမူ ယွင်လျောင်လောက် အစားမကြီးသဖြင့် ၆ ပွဲသာ မှာယူခဲ့၏။

ဤလောကတွင် ကျင့်ကြံမှုအဆင့် တက်လှမ်းခြင်းထက် ပို၍ စိတ်ကျေနပ်စရာကောင်းသော အရာတစ်ခု ရှိသည်ဆိုပါက ၎င်းမှာ တောက်တီးမိစ္ဆာ ချက်ပြုတ်သော ဟင်းလျာများကို စားသုံးရခြင်းပင်။

အစားအသောက်သည် လူတို့၏ ဘုရားသခင်ဟု ဆိုရမည်ပင်။ ဤထမင်းတစ်နပ်ကို စားပြီးနောက် ဂိုဏ်းသို့ ပြန်ရောက်သည့်အခါ ယွင်လျောင်၏ လက်ရာကို စားရမည်မှာ ဝမ်ပင်းအတွက် အတော်လေး စိတ်ပျက်စရာ ကောင်းနေတော့မည်ဟု သူ ခန့်မှန်းမိလိုက်သည်။

တဖြည်းဖြည်းနှင့် ညနေခင်းသို့ ရောက်ရှိလာခဲ့၏။ ကောင်းကင်ယံမှာလည်း သိသိသာသာ ပြောင်းလဲသွားပြီး မည်းမှောင်သော တိမ်တိုက်များက ဆန်းဝူမြို့၏ ကောင်းကင်ကို ဖုံးလွှမ်းသွားတော့သည်။ မွဲပြာမှိုင်းညို့နေသော ရာသီဥတုကြောင့် မူလက အလွန်စည်ကားနေသော ဖီးနစ်တစ်ရာ စားသောက်ဆိုင်မှာလည်း အနည်းငယ် ငြိမ်သက်သွားရ၏။ ဗိုက်ဝသွားကြသော လူများမှာလည်း တဖြည်းဖြည်းနှင့် ပြန်သွားကြပြီ ဖြစ်သည်။

အပြင်ဘက်တွင် တန်းစီစောင့်ဆိုင်းနေသော လူတန်းကြီးမှာ မြွေဟောက်ကြီးတစ်ကောင်ကဲ့သို့ ရှည်လျားလှသည်။ သူတို့သည် စားသောက်ဆိုင်အတွင်းမှ လူတစ်ယောက် ထွက်လာပြီး "ဒီနေ့အတွက်တော့ ဟွမ်ကုန်းက နားဖို့ ဆုံးဖြတ်လိုက်ပါပြီ" ဟု ပြောသည့်တိုင်အောင် မလျှော့သောဇွဲဖြင့် ဆက်လက် စောင့်ဆိုင်းနေကြသည်။

ထိုစဉ် ရန်ကျုံးရှန်းသည် ဘေးနားရှိ ပစ္စည်းတင်စင်ပေါ်မှ အဖူးအပွင့်အသစ်လေးများကဲ့သို့ စိမ်းစိုနေသော ကျောက်စိမ်းပုလင်းတစ်လုံးကို လှမ်းယူလိုက်သည်။ ထို့နောက် ဝမ်ပင်း၏ရှေ့တွင်ပင် ထိုပုလင်းကို ဖွင့်လိုက်ရာ အလွန်မွှေးကြိုင်လှသော ရနံ့တစ်ခုက နှာခေါင်းထဲသို့ တိုးဝင်လာပြီး လူကို မူးယစ်မိန်းမောသွားစေတော့သည်။

သို့သော် ဝမ်ပင်းအနေဖြင့် ဤကဲ့သို့သော ဝိုင်ကောင်းမျိုးကို တစ်ခါမျှမမြင်ဖူးသည်တော့ မဟုတ်ပေ။

ဘာပဲဖြစ်ဖြစ် သူသည် တစ်ချိန်က ကြယ်နှစ်ပွင့်အဆင့်ရှိသော ဂိုဏ်းကြီးတစ်ခု၏ သခင်လေး ဖြစ်ခဲ့ဖူးသည်။

ဤကဲ့သို့သော ဝိုင်မျိုးကို သူနောက်ဆုံးမြင်ခဲ့ရသည်မှာ သူ၏ဖခင်က မြို့စားမင်းကို ဂုဏ်ပြုစားပွဲဖြင့် တည်ခင်းဧည့်ခံစဉ်က ဖြစ်သည်။

ရန်ကျုံးရှန်းသည် ဝိုင်သုံးခွက် ငှဲ့လိုက်၏။ တစ်ခွက်မှာ ယွင်လျောင်အတွက်ဖြစ်ပြီး နောက်

တစ်ခွက်မှာ ဝမ်ပင်းအတွက် ဖြစ်သည်။ နောက်ဆုံးတစ်ခွက်ကိုမူ သူကိုယ်တိုင်အတွက် ငှဲ့လိုက်သည်။ သူသည် ဝိုင်ကို သောက်လိုက်ရင်းမှ စားသောက်ဆိုင်အတွင်း ဟွမ်ကုန်း၏လက်ရာကို ပထမဆုံးအကြိမ် မြည်းစမ်းခွင့်ရသူများကဲ့သို့ အလွန်ပင် ကျေနပ်ပီတိဖြစ်နေသော မျက်နှာပေးမျိုးကို ဖန်တီးလိုက်၏။

ဤသည်ကို ကြည့်ပြီး ဝမ်ပင်းက စိတ်ထဲမှသာ မှတ်ချက်ချလိုက်မိသည်။

သူက တကယ့်ကို သရုပ်ဆောင်ကောင်းတဲ့သူပဲ။

"ဂိုဏ်းချုပ်ဝမ်... အကြီးအကဲယွင် ကဲ... သောက်ကြပါဦး။ ဒါက ဟွမ်ကုန်းကိုယ်တိုင် ယူလာတဲ့ ဝိုင်ဗျ"

ဝမ်ပင်း အတော်လေး အံ့အားသင့်သွားရသည်။ သူသည် အလျင်အမြန်ပင် ဝိုင်ခွက်ကို မကာ မြည်းစမ်းကြည့်လိုက်၏။

"ဒါကို သူကိုယ်တိုင် ယူလာတာလား"

အရသာမှာ အလွန်ပင် အေးမြလန်းဆန်းလှသည်။

ဝိုင်က ပါးစပ်ထဲသို့ ရောက်သွားသည်နှင့် တစ်ကိုယ်လုံး၏ တစ်ဝက်ခန့်မှာ နှင်းပွင့်များ ဖုံးလွှမ်းနေသော အရပ်ဒေသသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရ၏။

ထိုခံစားချက်မှာ အဝတ်အစားမပါဘဲ နှင်းထဲတွင် လဲလျောင်းနေရသကဲ့သို့ မဟုတ်ဘဲ ပူပြင်းလှသော နွေရာသီမှာ အေးမြသော နှင်းများဖြင့် ရုတ်ခြည်း အစားထိုးလိုက်သကဲ့သို့ပင်။

အလွန်ပင် သက်သောင့်သက်သာရှိလှသလို ဝိုင်၏ရနံ့မှာလည်း အနှိုင်းမဲ့ စင်ကြယ်လှသည်။

ရှေးဟောင်းကဗျာဆရာ လီပိုင်သာ ဝိုင်နှင့်တွေ့လျှင် ကဗျာတစ်ပုဒ် ရေးစပ်ပေလိမ့်မည်။ ဝမ်ပင်းသည် ကဗျာပညာရှင်တစ်ဦး မဟုတ်သော်လည်း ယခုအခါတွင်မူ သူသည်လည်း ကဗျာအချို့ကို စပ်ဆိုချင်စိတ် ပေါက်လာတော့သည်။

လေနှင်ရာသို့...

လေ...

တိမ်တိုက်တွေကို သယ်ဆောင်သွားတဲ့ လေ...

ငါ့ကို စောင့်ပါဦး...

ငါ့ရဲ့ အိပ်မက်တွေနဲ့ မျှော်လင့်ချက်တွေကိုပါ တစ်ပါတည်း သယ်ဆောင်သွားပေးပါ...

...

"နောက်ထပ် တစ်ခွက်လောက် ထပ်သောက်ပါဦး"

"မျိုးနွယ်စုခေါင်းဆောင်ရန်... ဒီလောက်ကောင်းတဲ့ ဝိုင်ကို တစ်ခွက်ဆိုရင် တော်ပါပြီ။ ထပ်ပြီး ငှဲ့မပေးပါနဲ့တော့"

"ဂိုဏ်းချုပ်ဝမ်က ကျွန်တော့်ကို သူစိမ်းလို ဆက်ဆံနေတာလား။ ကျွန်တော့်သားက ဂိုဏ်းချုပ်ရဲ့ ဂိုဏ်းဝင်တစ်ယောက်ပဲလေ။ ဒါဆို ကျွန်တော်တို့က မိသားစုဝင်တွေပါပဲ။ ကျွန်တော့်ဆီမှာ နောက်ထပ် တစ်ပုလင်း ကျန်ပါသေးတယ်။ အဲဒါကိုလည်း ပြန်ရင် ယူသွားကြပါဦး"

အခန်း။ ၂၄

ပြတင်းပေါက်အပြင်ဘက်ရှိ မွဲပြာရောင်ကောင်းကင်ယံမှ မိုးစက်မိုးပေါက်များ စတင်ဖြာကျလာပြီး ကြည့်ရှုသူတို့၏ အမြင်အာရုံကို ဝေဝါးသွားစေတော့သည်။

ဝုန်း... ဝုန်း...

“သခင်ကြီး... တစ်ခုခု ထပ်ဖြစ်ပြန်ပြီ”

တံခါးအပြင်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာသော အသံမှာ မိုးကြိုးပစ်လိုက်သကဲ့သို့ပင်။ လူတစ်ဦး အခန်းအတွင်းသို့ အပြေးအလွှား ဝင်ရောက်လာသည့်အချိန်မှာပင် ခုနက သက်ဝင်လှုပ်ရှားနေသော အငွေ့အသက်များမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတော့သည်။ ဤအချိန်၌ ရန်ကျုံးရှန်း၏ ဝိုင်ခွက်မှာ သူ၏နှုတ်ခမ်းနားသို့ ရောက်ရှိနေပြီဖြစ်ရာ သူသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီး ဤဝိုင်ကို သောက်သင့်မသောက်သင့် ဆုံးဖြတ်နေပုံပင်။ သို့သော် နောက်ဆုံးတွင်မူ သူသည် ဝိုင်ခွက်ကို စားပွဲပေါ်သို့ ပြန်လည်တင်ထားရန်သာ ရွေးချယ်လိုက်တော့သည်။

"ဂိုဏ်းချုပ်ဝမ်... ဒီနေ့တော့ ကျွန်တော်ပဲ ဧည့်ခံပါ့မယ်။ စားချင်တာရှိရင် အစေခံတွေကို စိတ်ကြိုက်ခိုင်းလိုက်ပါ။ လီလီ... မင်း ဂိုဏ်းချုပ်ဝမ်နဲ့အတူ ဝိုင်အနည်းငယ် သောက်ရင်း ဧည့်ခံလိုက်ဦး။ ငါ့မှာ လုပ်စရာလေး ပေါ်လာလို့ အရင်သွားနှင့်တော့မယ်"

ရန်ကျုံးရှန်းက ဝိုင်ခွက်ကို ချလိုက်သည့်အချိန်တွင် သူ အသည်းအသန် စွဲလမ်းလှသော ဝိုင်အချို့မှာ စားပွဲပေါ်သို့ အနည်းငယ် ဖိတ်စင်သွားခဲ့သည်။ သို့သော် သူသည် နှမြောတသဟန် မရှိပေ။ သူသည် မဆိုင်းမတွပင် ထရပ်၍ အခန်းအတွင်းမှ ထွက်ခွာသွားခဲ့သည်။

ရန်လီလီက ခေါင်းညိတ်လိုက်ပြီး သူ၏ဖခင်ကို အပြင်ဘက်အထိ လိုက်ပါပို့ဆောင်ပေးခဲ့သော်လည်း သူ၏မျက်နှာ၌မူ သံသယအရိပ်အယောင်များကို မြင်တွေ့နေရသည်။ အခန်းထဲသို့ ပြန်လည်ဝင်ရောက်လာပြီး ဝိုင်ခွက်ကို မကာ ဝမ်ပင်းနှင့်အတူ သောက်ရန် ပြင်ဆင်

လိုက်သော်လည်း သူ၏စိတ်အစဉ်မှာ တခြားသို့ ရောက်ရှိနေသည်မှာ သိသာသည်။ သူ၏လက်ထဲရှိ ဝိုင်ခွက်မှ ဝိုင်များမှာ စားပွဲပေါ်သို့ ဖိတ်စင်နေသော်လည်း သူသည် သတိမထားမိပေ။

ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၅ ရှိသော ကျင့်ကြံသူတစ်ဦးမှာ သတိလက်လွတ်ဖြစ်နေသည့် လူနာတစ်ဦးကဲ့သို့ ဤမျှအထိ တောင့်တောင့်ကြီး ဖြစ်နေခြင်းမှာ တကယ်ပင် ရှားပါးလှသော မြင်ကွင်းပင်။

“လီလီ... ဘာဖြစ်လို့လဲ”

ဝမ်ပင်းက စပ်စုလိုစိတ်ဖြင့် မနေနိုင်ဘဲ မေးမြန်းလိုက်မိသည်။ ဤအချိန်ကျမှပင် ရန်လီလီသည် ဝမ်ပင်း၏ ခေါ်သံကြောင့် ငေးမောနေရာမှ သတိပြန်လည်ဝင်လာခဲ့သည်။

"ကျွန်တော်... ကျွန်တော့်အဖေ... ဒီလိုပုံစံမျိုး ဖြစ်နေတာ... တစ်ခါမှ မမြင်ဖူးဘူး။ ဒါ... ဒါက တစ်ခုခု အကြီးအကျယ် ဖြစ်နေတာများလား"

ရန်လီလီက ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

"နင် စိတ်ပူနေရင်လည်း သူ့နောက်ကို လိုက်သွားပြီး ကြည့်လိုက်လေ"

"ဒါပေမဲ့..."

ဝမ်ပင်းက သူ၏စကားကို ဖြတ်ပြောလိုက်သည်။

"အချိန်လည်း မစောတော့ဘူး၊ ငါလည်း ပြန်ရတော့မယ်"

"ဒါဆိုရင်လည်း ကောင်းပါပြီ ဂိုဏ်းချုပ်။ ကျွန်တော် အပြင်အထိ လိုက်ပို့ပေးပါ့မယ်"

ရန်လီလီက ဝိုင်ခွက်ကို ချက်ချင်းချလိုက်သည်။ ထို့နောက် ထရပ်လိုက်ပြီး ပစ္စည်းတင်စင်ပေါ်မှ ကျောက်စိမ်းပုလင်းတစ်လုံးကို လှမ်းယူလိုက်၏။ ဤသည်မှာ ရန်ကျုံးရှန်း ခုနက ထုတ်ပြခဲ့သည့် ဝိုင်မျိုးပင်။ သူသည် ဝမ်ပင်းရှိရာသို့ လျှောက်လာပြီး ပုလင်းကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်၏။ သို့သော် ဝမ်ပင်းက လှမ်းမယူလိုက်မီမှာပင် ယွင်လျောင်က ရောက်ရှိလာခဲ့သည်။

"ဒါက မျိုးနွယ်စုခေါင်းဆောင်ရန်ရဲ့ စေတနာဆိုတော့လည်း ကျွန်တော် ယွင်လျောင်ကပဲ ရိုရိုသေသေ လက်ခံလိုက်ပါ့မယ်။ ဒီဝိုင်တစ်ပုလင်းကို ခင်ဗျားရဲ့ တောင်းပန်ကြေးအဖြစ်ပဲ သတ်မှတ်လိုက်မယ်လေ"

ဝိုင်ကို အရှက်မရှိ လှမ်းယူလိုက်သည့် ယွင်လျောင်ကို ကြည့်ပြီး ဝမ်ပင်းမှာ မတတ်သာဘဲ ပြုံးလိုက်မိတော့သည်။ ဤလူမှာ တကယ့်ကို အစားအသောက်နှင့် ပတ်သက်လျှင် အရှက်မရှိသူပင်။

စားလည်းစား ဈေးကြီးသည့် ဝိုင်ကိုလည်း ယူသွားပြီး သူ့ကိုယ်သူ လူစိမ်းတစ်ယောက်လို လုံးဝမဆက်ဆံပေ။ ထို့နောက် ဝမ်ပင်းသည် ယွင်လျောင်၏နောက်မှ လိုက်ပါရင်း အခန်းထဲမှ ထွက်လာခဲ့ကာ စင်္ကြံလမ်းအတိုင်း လျှောက်ပြီး ဖီးနစ်တစ်ရာ စားသောက်ဆိုင်၏ အဝင်ဝဆီသို့ ဆင်းလာခဲ့ကြသည်။

ထိုအချိန်တွင် ရှီဟွာနှင့် ကျန်မိန်းကလေး သုံးဦးမှာလည်း အခန်းထဲမှ ထွက်လာကြသည်။ သူတို့ လှေကားထောင့်သို့ ရောက်ရှိချိန်တွင် အောက်ထပ်သို့ ငုံ့ကြည့်လိုက်ရာ ပထမထပ်တွင် ရှိနေသော ဝမ်ပင်းနှင့် ယွင်လျောင်တို့ကို မြင်လိုက်ရ၏။

ရှောင်ယဲ့ဟု အမည်ပြောင်ပေးထားသော မိန်းကလေးမှာ မျက်မှောင်ကြုတ်လျက် ယွင်လျောင်ကို စိုက်ကြည့်ရင်း အံ့ဩသွားရသည်။ ထို့နောက် သူမသည် ယွင်လျောင်၏ နောက်ကွယ်မှ လျှောက်လာသော ဝမ်ပင်းကိုလည်း တစ်ချက် ကြည့်လိုက်၏။

"ဟင်... ရှီဟွာ ဟိုလူတွေက နင့်သူငယ်ချင်းတွေ မဟုတ်လား"

ရှီဟွာ ခေါင်းပြူထွက်ကာ အောက်သို့ ငုံ့ကြည့်လိုက်သည်။ ထို့နောက် လူအုပ်ကြားထဲရှိ ဝမ်ပင်းနှင့် ယွင်လျောင်တို့ကို တွေ့လိုက်ရသဖြင့် သူမ မသိမသာ ရေရွတ်လိုက်မိသည်။

"ဪ... သူတို့ မပြန်သေးဘူးပဲ"

အစောပိုင်းက ဝမ်ပင်းနှင့် ယွင်လျောင်တို့ ထွက်သွားပြီဟု သူမ ထင်ထားခဲ့ခြင်းပင်။ ဘာပဲဖြစ်ဖြစ် သူတို့မှာ ဟင်းအနည်းငယ်ကိုသာ အားနာနာနှင့် စားခဲ့ရပြီး အပြင်ထွက်သွားသည်မှာလည်း နှစ်နာရီခန့် ရှိနေပြီဖြစ်သည်။ အကယ်၍ အိမ်သာသွားရင်း ချော်လဲနေလျှင်ပင် ပြန်ရောက်လာသင့်ပြီ ဖြစ်၏။ သို့သော် အမှန်တကယ်တော့ သူတို့ ထွက်သွားသည်ကလည်း အခြေအနေအရ ကောင်းမွန်သည်။ အခန်းထဲရှိ လူများမှာ မှီခိုခြင်းဂိုဏ်းမှ ဖြစ်နေသဖြင့် အခြေအနေမှာ အလွန်ပင် အနေရခက်သောကြောင့် သူတို့ကို ပြန်ခေါ်ရန်လည်း သူမတွင် စိတ်ကူးမရှိခဲ့ပေ။

ရှောင်ယဲ့က တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားဟန်ဖြင့် အံ့အားသင့်စွာ ပြောလိုက်သည်။

"သူတို့က နင့်ကို အောက်မှာ စောင့်နေကြတာများလား"

"ဟင်"

ရှီဟွာသည် ထိုစကားကို ကြားလိုက်ရချိန်တွင် မျက်နှာတွင် မည်သည့် အမူအရာမျှ မရှိသော်လည်း သူမ၏ စိတ်ထဲတွင်မူ ထူးဆန်းသော ခံစားချက်တစ်ခုနှင့်အတူ လှေကားအတိုင်း ဆင်းလာခဲ့သည်။

မွန်းလွဲပိုင်းက ဝမ်ပင်း စောင့်ဆိုင်းနေခဲ့သည်မှာ တစ်ပိုင်းဖြစ်၏။ ၎င်းမှာ သူပြုလုပ်သင့်သည့် အရာလည်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် မသေမျိုးဂိုဏ်း ကြယ်တစ်ပွင့် အဆင့်တက်နိုင်ဖို့အတွက် ရှီဟွာက အစွမ်းကုန် ကူညီပေးခဲ့ခြင်းပင်။ အမှန်တော့ သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ ထိုမျှအထိ နက်ရှိုင်းလှသည်မဟုတ်ဘဲ ယခုကဲ့သို့ ကူညီပေးခြင်းမှာပင် ရှီဟွာဘက်က အလွန်စေတနာ ထားခြင်းပင်။

အပြန်အလှန်အားဖြင့် သူမကသာ သူ့ကို စောင့်ခိုင်းခဲ့သူ ဖြစ်ခဲ့သည်။

သို့သော် ယခုမူ အခြေအနေက ပြောင်းလဲသွားပြီ ဖြစ်သည်။ အစားအသောက် ရနံ့များက အဆက်မပြတ် နှိပ်စက်နေပြီး အစားအစာများကို မြင်နေရသော်လည်း မစားရသည့် ဤ ဖီးနစ်တစ်ရာ စားသောက်ဆိုင်အဝင်ဝတွင် ဝမ်ပင်းက သူမကို စောင့်နေသည်ဟု တွေးမိသည့်အခါ သူမ စိတ်ထဲတွင် အပြစ်မကင်းသလို ခံစားလိုက်ရသည်။

သူမ သူတို့ကို လှမ်းခေါ်ရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပင်းနှင့် ယွင်လျောင်တို့သည် စားသောက်ဆိုင်အတွင်းမှ ထွက်ခွာသွားကြပြီ ဖြစ်သည်။

"ထားလိုက်ပါတော့လေ... သူတို့ သွားလိုက်တာပဲ ကောင်းပါတယ်။ ဒါက ဒီတစ်ခါ ငါ့အပေါ် သူ ပြန်ဆပ်တဲ့ ကျေးဇူးလို့ပဲ သဘောထားလိုက်ပါ့မယ်"

ရှီဟွာက စိတ်ထဲကနေ တိုးတိုးလေး ရေရွတ်လိုက်မိ၏။

သူတို့ လှေကားမှ ဆင်းလာပြီးနောက် လူအုပ်ကြီး၏ တွန်းတိုက်မှုကြောင့် အပြင်ဘက်သို့ တဖြည်းဖြည်း ရောက်ရှိသွားကြသည်။ ထို့နောက် အဝင်ဝတွင် ရပ်ကာ ကောင်းကင်ယံကို ငေးကြည့်နေမိကြသည်။

ဖွဲဖွဲရွာနေသော မိုးစက်များက ဆန်းဝူမြို့ကို ထူးခြားသော ခံစားချက်တစ်မျိုး ပေးစွမ်းနေ၏။ မိုးဖွဲများကြားတွင် ပုံမှန် မြင်တွေ့နေကျ အရာများမှာ ဝေဝါးနေသော်လည်း ၎င်းကပင်လျှင် လျှို့ဝှက်ဆန်းကြယ်သော အလှတရားတစ်ခုကို ဖြစ်ပေါ်စေသည်။ လေထဲတွင် လွင့်ပျံ့နေသော မီးခိုးငွေ့စိမ်းစိမ်းလေးများကလည်း ထိုအလှတရားကို ပို၍ ပေါ်လွင်စေသည်။

ထိုစဉ် ရှောင်ယဲ့က လှမ်းအော်လိုက်သည်။

"ရှီဟွာ... နင့်သူငယ်ချင်း နှစ်ယောက်က မြင်းရထားပေါ် တက်သွားကြပြီ။ သူတို့ကို ရပခိုင်းလိုက်ဦးလေ ငါတို့ကို တစ်ပါတည်း တင်သွားလို့ ရတာပေါ့"

"ဟေ့"

"နေဦး... ခဏရပ်ပါဦး"

မိန်းကလေးတစ်ဦးမှာ ဝမ်ပင်းတို့ကို အမီလိုက်ရန် ရှေ့သို့ နှစ်လှမ်း၊ သုံးလှမ်းခန့် ပြေးထွက်သွားသော်လည်း မြေပြင်ရှိ ရေအိုင်တစ်ခုကြောင့် ခြေချော်သွားရ၏။

"အော်မနေကြနဲ့တော့... နင်တို့က မှီခိုခြင်းဂိုဏ်းက လူတွေပဲဟာ။ နင်တို့ ဘယ်လောက်ပဲ လှလှ အဲဒီမြင်းရထားပေါ်ကိုတော့ တက်ခွင့်ရမှာ မဟုတ်ဘူး"

ဘေးနားမှ ရုတ်တရက် ထွက်ပေါ်လာသော လှောင်ပြောင်ရယ်မောသံမှာ သူတို့ လေးယောက်လုံးထံသို့ ဦးတည်နေသည်။

ရှောင်ယဲ့က ချက်ချင်းပင် ခေါင်းလှည့်ကြည့်လိုက်ပြီး "ရှင် ဘာကို ဆိုလိုတာလဲ" ဟု မေးလိုက်သည်။

ပထမအချက်ကတော့... အဲဒီလူက ဘာဖြစ်လို့ အခုလိုမျိုး ပြောထွက်ရတာလဲဆိုတဲ့ မေးခွန်းနှင့် ဒုတိယအချက်က သူက ဘာတွေကို ယုံကြည်ချက်ရှိနေလို့ ငါတို့အပေါ် ဒီလောက်အထိတောင် ရဲရဲတင်းတင်း ပြောဆိုရဲရတာလဲဆိုတဲ့ အချက်ပင်။

"ဟက်... နင်တို့ မှီခိုခြင်းဂိုဏ်းကလူတွေက နေ့တိုင်းကျင့်ကြံနေကြတာဆိုတော့ ဒါတွေကို သိမှာမဟုတ်ပါဘူး။ အဲဒီမြင်းရထားက ရန်မျိုးနွယ်စုရဲ့ သခင်လေးပိုင်တာ။ ရန်လီလီက အသက် ၁၅ နှစ်ပဲ ရှိသေးပေမဲ့ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၅ ကို ရောက်နေတဲ့ ပါရမီရှင်လေ။ မှီခိုခြင်းဂိုဏ်းက အကြီးအကဲတစ်ယောက်ကိုယ်တိုင် ဖိတ်တာတောင် သူက ငြင်းခဲ့တာ။ နင်တို့လို မိန်းကလေးတွေကိုဆိုရင်တော့ ဝေးသေးတာပေါ့"

"ဒါကို ယုံမယ်ဆိုရင်တော့ ထူးဆန်းသွားမှာပဲ။ ခုနက မြင်းရထားပေါ် တက်သွားတာတွေက သိသိသာသာကြီး မသေမျိုးဂိုဏ်းက လူတွေဟာကို"

ရှောင်ယဲ့က ဘေးနားမှလူကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ ထို့နောက် သူမသည် ဘေးသို့ အနည်းငယ် တိုးလိုက်ခြင်းဖြင့် ထိုလူမှာ အလွန်ရွံစရာကောင်းကြောင်း ပြသလိုက်၏။

ထိုလူသည် သူမ ဖယ်လိုက်သဖြင့် ဖြစ်ပေါ်လာသော နေရာလွတ်ကို တစ်ချက်ကြည့်ကာ အေးအေးဆေးဆေးပင် ပြုံးလိုက်သည်။ ထို့နောက် သူက ဆက်ပြောသည်။

"နင်တို့ တကယ်ကို ဘာမှမသိတာပဲ။ အခု ရန်လီလီက မသေမျိုးဂိုဏ်းဝင် ဖြစ်နေပြီ။ ခုနက မြင်းရထားပေါ် တက်သွားတဲ့သူကလည်း တခြားသူမဟုတ်ဘူး။ မသေမျိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ငယ်ပဲ"

"ရှင် ဘယ်သူ့ကို လာညာနေတာလဲ"

"မယုံရင်လည်း နင်တို့အကြောင်းပဲပေါ့"

ရှီဟွာ၏ အကြည့်များမှာ တဖြည်းဖြည်း ဝေးကွာသွားသော မြင်းရထားဆီသို့သာ ရောက်ရှိနေပြီး သူမ၏မျက်နှာတွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်ပေါက်လာသည်။

ထို့နောက်တွင် သူမသည် ဝမ်ပင်း ပြောခဲ့ဖူးသော စကားများကို ပြန်လည်အမှတ်ရသွားတော့၏။ ငါ အခုလေးတင် ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ ရှိတဲ့ ကျင့်ကြံသူတစ်ယောက်ကို အကြီးအကဲအဖြစ် ခေါ်ထားတယ်။ ပြီးတော့ အသက် ၁၅ နှစ်လောက်ပဲ ရှိသေးပြီး အဆင့် ၅ ကို ရောက်နေတဲ့ တပည့်တစ်ယောက်လည်း ရှိသေးတယ်။

ထိုစဉ်က ဝမ်ပင်းပြောခဲ့သည်များကို သူမက ပြက်လုံးတစ်ခုကဲ့သို့သာ သတ်မှတ်ခဲ့ခြင်းပင်။

သို့သော် ယခုအခါ အခြားသူများကလည်း ဤသို့ပြောနေကြသည်ကို ကြားလိုက်ရချိန်တွင် ထိုလူ၏စကားများမှာ ရာနှုန်းပြည့် မမှန်နိုင်လျှင်ပင် ဝမ်ပင်းပြောခဲ့သည်များ မှန်ကန်နိုင်ခြေမှာ ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။

မသေမျိုးဂိုဏ်းက တကယ်ပဲ အရင်ကနဲ့ မတူတော့တာလား။

ထိုစဉ် ဘေးနားရှိ အခြားလူတစ်ဦးကလည်း ထောက်ခံစကား ပြောလာပြန်သည်။

"ကဲ... မိန်းကလေး အကယ်၍ နင် သူပြောတာကို မယုံသေးရင် ငါတစ်ခု ပြောပြမယ်။ အဲဒီ မသေမျိုးဂိုဏ်းက ဂိုဏ်းချုပ်ငယ်က ဒီနေ့ ဖီးနစ်တစ်ရာ စားသောက်ဆိုင်ရဲ့ တတိယထပ်က ကောင်းကင်ဘုံအခန်းထဲကို ဝင်သွားတာ။ အဲဒီအခန်းထဲကို ဘယ်သူမဆို ဝင်လို့ရတာ မဟုတ်ဘူး"

ဤစကားက ရှီဟွာကို ဆွံ့အသွားစေတော့သည်။

ပထမတစ်ယောက်၏ စကားက ဝမ်ပင်းအပေါ် သူမ၏အမြင်ကို ပြောင်းလဲရန် မလုံလောက်သေးလျှင်ပင် ယခု ဒုတိယတစ်ယောက်၏ စကားကမူ ဝမ်ပင်းအပေါ် သူမ၏ ထင်မြင်ယူဆချက်များကို လုံးဝဥဿုံ ပြောင်းလဲသွားစေခဲ့သည်။

တတိယထပ်က ကောင်းကင်ဘုံအခန်းတဲ့လား။

ဖီးနစ်တစ်ရာ စားသောက်ဆိုင်ဆိုသည်မှာ ရန်မျိုးနွယ်စုခေါင်းဆောင်က သူကိုယ်တိုင်အတွက် သီးသန့်တည်ဆောက်ထားသော နေရာတစ်ခု ဖြစ်သည်။

ပုံမှန်အားဖြင့် မြို့စားမင်း၊ မှီခိုခြင်းဂိုဏ်းချုပ်နှင့် အဆင့် ၁၃ ရှိသော အစွမ်းထက် အကြီးအကဲ ငါးဦးတို့မှလွဲ၍ အခြားမည်သူမျှ ထိုအခန်းထဲသို့ ဝင်ခွင့်မရခဲ့ဖူးချေ။

၎င်းမှာ အလွန်ပင် ထူးခြားလွန်းလှသဖြင့် ဆန်းဝူမြို့ရှိ လူတိုင်းက သိရှိထားကြခြင်းပင်။

လက်ရှိ မသေမျိုးဂိုဏ်းက တကယ်ပဲ အဲဒီလောက်အထိ ပြောင်းလဲသွားတာလား။ ရန်မျိုးနွယ်စုခေါင်းဆောင်ကိုယ်တိုင်ကတောင် အဲဒီလောက်အထိ ခမ်းခမ်းနားနား ဧည့်ခံရတဲ့အထိလား။

All Chapters