အခန်း (၂၅-၂၆)
Vol. 3 Ch. 25-26
အခန်း။ ၂၅
မိုးဖွဲလေးများမှာ တဖြည်းဖြည်းနှင့် ပိုမိုသည်းထန်လာပြီး မြင်းရထားမှာလည်း အရှိန်မြင့်လာတော့သည်။ ခေါင်မိုးပေါ်သို့ ကျရောက်နေသော မိုးစက်သံများနှင့် မြင်းခွာသံများ ရောယှက်နေမှုမှာ ဗုံတီးနေသကဲ့သို့ ဖြစ်နေပြီး ၎င်းမှာ ရန်လီလီ၏ စိတ်နှလုံးထဲတွင် သဲနာရီတစ်လုံးကဲ့သို့ တလှုပ်လှုပ် ဖြစ်ပေါ်စေနေ၏။
အချိန်ကုန်လွန်လာသည်နှင့်အမျှ လေထုမှာလည်း ပိုမိုလေးလံလာတော့သည်။
မြင်းရထားသည် ရန်မျိုးနွယ်စု၏ နေအိမ်ရှေ့တွင် ရပ်တန့်လိုက်ချိန်တွင် ထိုခံစားချက်မှာ သည်းမခံနိုင်လောက်အောင် ပေါက်ကွဲထွက်လာတော့၏။ ဘေးနားရှိ ယွင်လျောင်က ရုတ်တရက် တိုးတိုးလေး ရေရွတ်လိုက်သည်။
"သတ်ဖြတ်ခြင်း အငွေ့အသက်တွေပဲ"
ဝမ်ပင်းသည် ယွင်လျောင်ကို တစ်ချက် ကြည့်လိုက်၏။ ဤစကားကို ပြောနေချိန်တွင် ယွင်လျောင်၏ မျက်နှာမှာ တည်ကြည်လေးနက်နေသော်လည်း မည်သည့် စိုးရိမ်ထိတ်လန့်မှုမှ မရှိသည်ကို မြင်လိုက်ရသဖြင့် ဝမ်ပင်းအနေဖြင့် စိုးရိမ်စရာ တစ်ခုမှမရှိကြောင်း နားလည်လိုက်သည်။
သို့သော်လည်း ရန်လီလီမှာ အသက် ၁၅ နှစ်အရွယ် လူငယ်လေးတစ်ဦးသာ ဖြစ်သည်။ သတ်ဖြတ်ခြင်းဟူသော စကားလုံးမှာ သူ၏ စိတ်နှလုံးကို အလွန်ပင် လေးလံသွားစေ၏။ ထို့ကြောင့် ထိုစကားကို ကြားလိုက်ရချိန်တွင် သူသည် အလွန်ပင် ထိလွယ်ရှလွယ် ဖြစ်သွားတော့သည်။
အပြင်ဘက်တွင် မိုးရွာနေသော်လည်း ရန်လီလီမှာ ဂရုမစိုက်ဘဲ မိုးထဲလေထဲတွင် ရန်မျိုးနွယ်စုနေအိမ်အတွင်းသို့ ပြေးဝင်သွားတော့သည်။
ဝမ်ပင်းနှင့် ယွင်လျောင်တို့လည်း နောက်မှ လိုက်ပါသွားကြ၏။
ရန်မျိုးနွယ်စုနေအိမ်အတွင်း လှည့်ပတ်လျှောက်လှမ်းပြီးနောက် ဝမ်ပင်းသည် လခြမ်းပုံသဏ္ဌာန် ကျောက်တံခါးတစ်ခုရှေ့တွင် စုရုံးနေကြသော လူအုပ်ကြီးကို မြင်လိုက်ရသည်။ သူတို့သည် ထီးကိုယ်စီဆောင်းကာ အဝေးမှ လှမ်းကြည့်နေကြခြင်းပင်။
ထီးများအောက်တွင်လည်း တစ်ဦးနှင့်တစ်ဦး တိုးတိုးတိုးတိုးဖြင့် စကားပြောနေကြသည်။
ရန်လီလီ ရောက်ရှိလာသည်ကို မြင်လိုက်ရသည့်အခါ အားလုံးက လမ်းကို အလျင်အမြန် ဖယ်ပေးလိုက်ကြပြီး ပျာပျာသလဲ ထွက်ခွာသွားကြတော့သည်။
ခြွင်းချက်မရှိ ထိုသူအားလုံးမှာ အစေခံများနှင့် အိမ်ဖော်များသာ ဖြစ်ကြ၏။
ဝမ်ပင်းနှင့် အခြားနှစ်ဦးတို့ အနီးကပ် ချဉ်းကပ်သွားချိန်တွင် အပြာရောင် ကျောက်ခင်းလမ်းဘေးရှိ ရေအိုင်ငယ်လေးများထဲတွင် မိုးရေနှင့်အတူ မမျောပါသွားသေးသော သွေးစအချို့ကို တွေ့လိုက်ရသည်။ အရောင်မှာ ဖျော့နေသော်လည်း လတ်လတ်ဆတ်ဆတ် သွေးများဖြစ်ကြောင်း သိသာလှသည်။
"အဖေ... ဘာဖြစ်တာလဲ"
ရန်လီလီသည် ခြံဝင်းအတွင်းရှိ တစ်ခုတည်းသော ပွင့်နေသည့် တံခါးဆီသို့ ပြေးသွားတော့သည်။ သူ မရောက်မီမှာပင် သူ၏အော်ဟစ်သံက ထိုနေရာသို့ ပျံ့နှံ့သွားခဲ့သည်။
သူ့သား၏ အသံကို ကြားလိုက်ရသဖြင့် ရန်ကျုံးရှန်းသည် ခြံဝင်းအတွင်းမှ ထွက်လာခဲ့ပြီး အနည်းငယ် အံ့အားသင့်နေဟန်ဖြင့် "မင်း ဒီကို ဘာလာလုပ်တာလဲ" ဟု မေးလိုက်သည်။
သို့သော် ရန်လီလီ၏နောက်တွင် ဝမ်ပင်းနှင့် ယွင်လျောင်တို့ကို မြင်လိုက်ရသည့်အခါတွင်မူ သူသည် အနားသို့ ချဉ်းကပ်လာပြီး နှစ်ဦးစလုံးကို ရိုရိုသေသေ ကြိုဆို လိုက်သည်။
"ဂိုဏ်းချုပ်ဝမ်... အကြီးအကဲယွင်"
ဝမ်ပင်းသည် တစ်ဖက်လူက သူ့အပေါ် ရက်ရက်ရောရော ဧည့်ခံခဲ့သူဖြစ်သဖြင့် မာန်မာန မထားဘဲ ယဉ်ကျေးပျူငှာစွာပင် ပြန်မေးလိုက်သည်။
"မျိုးနွယ်စုခေါင်းဆောင်ရန်... ဘာတွေဖြစ်လို့လဲဗျ။ ကျွန်တော်တို့ဘက်က ကူညီပေးရမယ့်အရာ ရှိမလား"
ထိုစကားကို ကြားသောအခါ ရန်ကျုံးရှန်းသည် အပြင်သို့ လှမ်းထွက်လိုက်ပြီး အခန်းတံခါးကို ပိတ်လိုက်၏။ ဝမ်ပင်းကို အတွင်းမှ အခြေအနေများကို မမြင်စေချင်သည့်ပုံပင်။ ထို့နောက် သူက အေးအေးဆေးဆေးနှင့် တည်ငြိမ်သော လေသံဖြင့် ပြန်ပြောသည်။
"ဘာမှမဟုတ်ပါဘူး။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့ သမီးလေး နေမကောင်းဖြစ်နေလို့ပါ"
"သူမက ဟိုအပေါ်မှာ မဟုတ်လား... ကျွန်တော် မြင်နေရတယ်"
ဝမ်ပင်းသည် သေးငယ်သော အသေးစိတ်အချက်လေးကို သတိပြုမိသွားပြီး တံခါးကြားမှတစ်ဆင့် မြင်နေရသည့် အိမ်ခေါင်မိုး ထုတ်တန်းတစ်ခုဆီသို့ လက်ညှိုးညွှန်ပြလိုက်သည်။
ရန်ကျုံးရှန်းသည် မသိစိတ်ဖြင့် တံခါးကို အနည်းငယ် ပိုဟလိုက်ပြီး နောက်သို့ လှည့်ကြည့်
လိုက်၏။ ထို့နောက် သူက ထိတ်လန့်တကြား အော်လိုက်သည်။
"သမီး... ဘာလို့ အပေါ်ကို ပြန်တက်သွားရတာလဲ"
"သမီး... ဗိုက်ဆာတယ်..."
နိမ့်ရှိုင်းပြီး တိုးညှင်းသော မိန်းကလေးငယ်တစ်ဦး၏ အသံလေး ထွက်ပေါ်လာသဖြင့် ဝမ်ပင်းမှာ မသိမသာ ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်မိသည်။
သူသည် ခေါင်းမော့ကြည့်လိုက်ရာ ထုတ်တန်းပေါ်တွင် ဝပ်နေသော မိန်းကလေးတစ်ဦးကို တွေ့လိုက်ရ၏။ သူမသည် အသက် ၁၄ နှစ် သို့မဟုတ် ၁၅ နှစ်ဝန်းကျင်သာ ရှိဦးမည်ဖြစ်သည်။
သို့သော် သူမ၏ ရုပ်သွင်မှာ သာမန်လူသားတစ်ဦးနှင့် မတူလှချေ။ သူမ၏ မျက်နှာမှာ နှင်းကဲ့သို့ ဖြူဆွတ်နေ၏။ သူမ၏ လက်များမှာ အိမ်တိုင်ကို တင်းကျပ်စွာ ဖက်တွယ်ထားပြီး လက်များ ရုတ်တရက် ပြေလျော့သွားမည်ကို စိုးရိမ်နေသည့်အလား တစ်ချက်တစ်ချက်တွင် ပို၍ အားထည့်ကာ ဆုပ်ကိုင်ထားသည်။
“စနစ်... သူမရဲ့ အချက်အလက်တွေကို ငါ့ကိုပေးစမ်း”
ဝမ်ပင်းက စိတ်ထဲမှနေ၍ စနစ်ကို ချက်ချင်း အမိန့်ပေးလိုက်သည်။
“ကောင်းပါပြီ”
စနစ်က တုံ့ပြန်လိုက်သည်နှင့် အချက်အလက်ပြတင်းပေါက်တစ်ခု ပေါ်လာတော့၏။
...
[ဟွမ်ယီ]
[လိင်: မ]
[အသက်: ၁၄ နှစ်]
[ကျင့်ကြံမှုအဆင့် ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၃]
[သခင် ဒီကောင်က ဆင်တစ်ကောင်လုံးကိုတောင် အစိမ်းလိုက်မျိုချနိုင်တဲ့ မြွေကြီးမျိုးပါ။ တစ်ခါမျိုပြီးရင် သုံးနှစ်တောင်ကြာအောင် အချိန်ယူပြီး အစာခြေဖျက်ပြီးမှ အရိုးတွေကို ပြန်အန်ထုတ်တတ်တဲ့ အလေ့အထရှိတယ်။ လောလောဆယ်မှာတော့ ဒီကောင်က ဝေဒနာတွေ တော်တော်လေး ခံစားနေရတာပါ။ သူ့ရဲ့ မူလကိုယ်ထည် အစစ်အမှန်က ကိုယ်လုံးမည်းမည်းနဲ့ ခေါင်းစိမ်းစိမ်း ရှိတာပါ]
...
လင်းငါးတုန်းကကဲ့သို့ပင် သူမ၏ အချက်အလက်များ၌ ရှင်းလင်းချက်တစ်ခု ပါဝင်နေသည်။ ဝမ်ပင်း၏ မျက်စိရှေ့ရှိ မိန်းကလေးမှာ တကယ်တော့ ဆင်သုံးကောင်ကို တစ်လုပ်တည်းနှင့် မျိုချနိုင်သော ဧရာမမိစ္ဆာသတ္တဝါကြီး မြွေပွေးတစ်ကောင် ဖြစ်နေခြင်းပင်။
ထိုအချိန်မှာပင် အနောက်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ ခြေသံများမှာ အလွန်မြန်ဆန်လှပြီး ရေအိုင်များကို ဖြတ်နင်းလာသည့် အသံများ ဖြစ်သည်။ လူတစ်ဦးမှာ အခြားသူတို့၏ စကားဝိုင်းကို ဂရုမစိုက်ဘဲ အိမ်အတွင်းသို့ အသည်းအသန် ပြေးဝင်လာကာ ထုတ်တန်းပေါ်မှ မိန်းကလေးကို လှမ်း၍ အော်ပြောလိုက်သည်။
"ယီအာ... မြန်မြန်ဆင်းခဲ့စမ်း။ အဖေ ရောက်ပြီ"
"သမီး... ဗိုက်ဆာတယ်..."
မိန်းကလေးကမူ ယခင်စကားကိုပင် ထပ်မံပြောဆိုနေဆဲပင်။ ဝမ်ပင်းက အပြေးအလွှား ဝင်ရောက်လာသော လူလတ်ပိုင်းအမျိုးသားကို တစ်ချက် ကြည့်လိုက်သည်။ သူသည် ကြည့်ရသည်မှာ အတော်လေး ထူးဆန်းနေသည်ဟု ဆိုရမည်။ အကြောင်းမှာ သူ၏ လက်များနှင့် မျက်နှာပေါ်တွင် အစိမ်းရောင် အစင်းကြောင်းများ ရှိနေသောကြောင့်ပင်။ စနစ်က ပေးထားသည့် အချက်အလက်များကြောင့်သာ မဟုတ်ပါက ဤအရာများမှာ ဘာလဲဆိုသည်ကို ဝမ်ပင်း သိရှိမည်မဟုတ်ပေ။
သူ့ရှေ့မှလူမှာ အခြားသူမဟုတ်ဘဲ မိစ္ဆာစားဖိုမှူး ဟွမ်ကုန်းကိုယ်တိုင် ဖြစ်နေသည်။
ရန်ကျုံးရှန်းက လှမ်း၍ ပြောလိုက်သည်။
"ညီအစ်ကိုဟွမ်ကုန်း... ရှောင်ယီရဲ့ မိစ္ဆာသဘာဝက ထိန်းချုပ်လို့ မရတော့ဘူး။ ဒီသုံးရက်အတွင်းမှာတင် ငါ့ရဲ့ ရန်အိမ်တော်က လူ ၅ ယောက်တောင် ဒဏ်ရာရသွားပြီ"
"ညီအစ်ကိုရန်... တောင်းပန်ပါတယ်။ ငါ မင်းကို ကတိပေးထားတဲ့ အချိန်ကို လျှော့ရတော့မယ် ထင်တယ်"
"ကိစ္စမရှိပါဘူး။ ဖီးနစ်တစ်ရာ စားသောက်ဆိုင်က ဒီလောက်အထိ စည်ကားခဲ့တာနဲ့တင် လုံလောက်ပါပြီ။ ဒါပေမဲ့ ရှောင်ယီရဲ့ မိစ္ဆာသဘာဝကို ဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲ"
ဟွမ်ကုန်းက ခေါင်းခါလိုက်သည်။ သူက ခေါင်းမော့၍ ထုတ်တန်းပေါ်မှ မိန်းကလေးကို ကြည့်ရင်း စိတ်မကောင်းစွာဖြင့် သက်ပြင်းချလိုက်သည်။
"ကံတရားအတိုင်းပဲ ထားလိုက်ပါတော့။ ဒါက နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ အကယ်၍ သူမက မိစ္ဆာတစ်ကောင်အဖြစ်ပဲ နေသွားရမယ်ဆိုရင် သူမကို တောင်ပေါ်မှာပဲ နေခိုင်းလိုက်တော့မယ်။ လူတွေနေတဲ့ အရပ်ကို သူမ ဘယ်တော့မှ ထပ်ပြီး ခြေမချရတော့ဘူး"
"အဖေ... သမီး... ဗိုက်ဆာတယ်... ယီအာ တောင်ပေါ် မသွားချင်ဘူး။ ဟိုမှာက... သူတို့က သမီးကို ကိုက်ကြပြီး ရိုက်ကြလိမ့်မယ်"
ထုတ်တန်းပေါ်မှ မိန်းကလေးမှာ သူမ၏ မိစ္ဆာသဘာဝကို မထိန်းချုပ်နိုင်ခဲ့ပါက ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲများကို အလွန်ကြောက်ရွံ့နေပုံပင်။ သူမသည် ကြောက်လွန်းသဖြင့် တုနရင်နေ၏။
ဟွမ်ကုန်းက အလျင်အမြန်ပင် ချော့မော့လိုက်သည်။
"ကောင်းပါပြီ... သမီးသဘောအတိုင်းပဲ။ အရင် ဆင်းလာခဲ့ဦးနော်"
"မရဘူး... သမီး ဗိုက်ဆာတယ်... သမီး သူတို့ကို မစားချင်ဘူး"
"အရင်ဆင်းလာပါဦး သမီးရယ်။ ဟိုအပေါ်မှာ ဆက်နေနေရင် သမီးရဲ့ မိစ္ဆာစိတ်တွေက ပိုသန်မာလာပြီး နောက်ဆုံးကျရင် ထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘူး။ သမီး အောက်ဆင်းလာတာနဲ့ သမီးစားချင်တာမှန်သမျှ အဖေ ချက်ပေးမယ်။ ဦးလေးရန်ဆီမှာ အကောင်းစား ဟင်းတွေ အများကြီးရှိတယ်လေ"
"ဟုတ်တယ် ယီအာ... အရင်ဆင်းလာပါဦး"
ဟွမ်ကုန်းနှင့် ရန်ကျုံးရှန်းတို့မှာ အလွန်ပင် စိုးရိမ်ပူပန်နေကြသည်။ အကယ်၍ ထပ်မံ ကြန့်ကြာနေမည်ဆိုပါက ဟွမ်ယီ၏ မိစ္ဆာစိတ်မှာ သူမ၏ လူသားစိတ်ကို ထပ်မံ လွှမ်းမိုးသွားတော့မည် ဖြစ်သည်။
မိစ္ဆာစိတ်က လူသားစိတ်ကို လွှမ်းမိုးသွားသည်နှင့် သူမသည် လူသားများကို စားသောက်လိုစိတ် ပြင်းပြလာပေလိမ့်မည်။ တစ်စုံတစ်ယောက်က တားဆီးလျှင်ပင် သူမသည် ထိုသူကို ရန်မူပေလိမ့်မည်။
မနေ့ကနှင့် ယနေ့မွန်းလွဲပိုင်းတွင် ဖြစ်ပျက်ခဲ့သည့် အခြေအနေမျိုးကဲ့သို့ပင်။
ယနေ့တွင်ပင် သူမသည် ရန်အိမ်တော်ရှိ လူ ၅ ဦးကို ဒဏ်ရာရစေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် အချိန်မီ တွေ့ရှိခဲ့ကြသဖြင့် ထို ၅ ဦးမှာ အရှင်လတ်လတ် အစားခံရခြင်းမှ လွတ်မြောက်ခဲ့ခြင်းပင်။ သို့သော် မျိုးနွယ်စုခေါင်းဆောင်တစ်ဦးအနေဖြင့် ရန်ကျုံးရှန်းသည် ဤကဲ့သို့သော ကိစ္စမျိုး ထပ်မံဖြစ်ပွားရန် ခွင့်မပြုနိုင်ပေ။ သူသည် အောက်ခြေအစေခံများအပါအဝင် လူတိုင်းအတွက် တာဝန်ရှိသည်။
အခြားနည်းလမ်းမရှိတော့သဖြင့် ရန်ကျုံးရှန်းသည် ယွင်လျောင်ကို အကူအညီတောင်းရန်သာ လှည့်ကြည့်လိုက်တော့သည်။ အဆင့် ၁၃ ရှိသော ကျင့်ကြံသူတစ်ဦးအား သူမကို အောက်သို့ ခေါ်ဆောင်ပေးရန် တောင်းဆိုရတော့မည်။
"အကြီးအကဲယွင်..."
ယွင်လျောင်သည် ချက်ချင်းပင် ရှေ့သို့ တိုးလာပြီး ခပ်အေးအေးပင် မေးလိုက်သည်။
"မျိုးနွယ်စုခေါင်းဆောင်ရန်... သူမကို သတိလစ်အောင် လုပ်ပြီး ခေါ်ပေးရမလား ဒါမှမဟုတ် သတိရှိလျက်နဲ့ပဲ ခေါ်ပေးရမလား"
"သတိရှိလျက်နဲ့ပဲ ထင်တယ်..."
"သတိလစ်အောင် လုပ်လိုက်ပါ"
ရန်ကျုံးရှန်းက ပထမအချက်ကို ရွေးချယ်သော်လည်း ဟွမ်ကုန်းကမူ ဒုတိယအချက်ကို ရွေးချယ်လိုက်၏။
"ညီအစ်ကို ဟွမ်ကုန်း"
ရန်ကျုံးရှန်းသည် ဟွမ်ကုန်း အဘယ်ကြောင့် ဤသို့ ဆုံးဖြတ်ရသည်ကို နားမလည်နိုင်ပေ။ သူမသည် ဟွမ်ကုန်း၏ မွေးစားသမီးပင်။
ဟွမ်ကုန်းက သက်ပြင်းချလိုက်သည်။ သိသိသာသာပင် ဤကဲ့သို့ ဆုံးဖြတ်ရသည်မှာ သူ့အတွက်
လည်း အလွန်ခက်ခဲသည်။
"သူမကို အေးအေးချမ်းချမ်းလေး အိပ်စက်ခွင့် ပေးလိုက်ပါတော့"
ဟွမ်ယီမှာ သူ့အတွက် အချစ်ရဆုံး အရာဖြစ်၏။ ထို့ပြင် ဤလောကတွင် သူ ဂုဏ်ယူနိုင်သည့် တစ်ခုတည်းသော အရာလည်း ဖြစ်သည်။ သူမ၏ အရေပြားလေး အနည်းငယ် ပွန်းပဲ့သွားလျှင်ပင် သူ ရင်နာရသူ ဖြစ်သည်။
သို့သော်လည်း သူမသည် ယနေ့တွင် လူ ၅ ဦးကို ထိခိုက်စေခဲ့ပြီး ဖြစ်သည်။ လူသားပုံသဏ္ဌာန်ဖြင့် ကျင့်ကြံလိုသော မိစ္ဆာတစ်ကောင်အနေဖြင့် အကူအညီမဲ့သော သာမန်လူသားများကို ရန်မူခြင်း၏ နောက်ဆက်တွဲရလဒ်ကို သူ ကောင်းကောင်းသိသည်။ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့မှာ ထိုကဲ့သို့သော မိစ္ဆာများကို သေချာပေါက် လိုက်လံနှိမ်နင်းပေလိမ့်မည်။
"ကောင်းပါပြီ"
ယွင်လျောင်က ခေါင်းညိတ်လိုက်သည်။ သူ စတင်လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပင်းက သူ့ကို တားဆီးလိုက်၏။
ရန်ကျုံးရှန်းမှာ အံ့အားသင့်သွားပြီး "ဂိုဏ်းချုပ်ဝမ်... ဒါက ဘာကို ဆိုလိုတာလဲ" ဟု မေးလိုက်သည်။
ဝမ်ပင်းသည် ထုတ်တန်းပေါ်ရှိ မြွေပွေးကြီးကို တစ်ချက် ကြည့်လိုက်ပြီးနောက် အလွန်တိုးညှင်းသော လေသံဖြင့် ပြောလိုက်သည်။
"မျိုးနွယ်စုခေါင်းဆောင်ရန်... သူမရဲ့ မိစ္ဆာစိတ်ကို ကျွန်တော် နှိမ်နင်းပေးနိုင်ပါတယ်"
အခန်း။ ၂၆
ဤမျှ အံ့အားသင့်ဖွယ်ကောင်းသော စကားကို ထုတ်ဖော်ပြောဆိုလိုက်ပြီးနောက် ဆန်းဝူမြို့တစ်ဝက်စာခန့်ကို ဟင်းတစ်ပွဲတည်းနှင့် လှုပ်ခတ်သွားစေနိုင်သည့် တောက်တီးဟွမ်ကုန်းသည် ဝမ်ပင်းကို မကြည့်ဘဲ မနေနိုင်တော့ချေ။ ထိုခဏတွင် သူ၏အကြည့်၌ မယုံကြည်မှုများနှင့်အတူ မျှော်လင့်ချက်အရိပ်အယောင်အချို့လည်း ရောယှက်နေသည်။
၎င်းမှာ ရှေ့နောက်မညီသော ခံစားချက်မျိုးပင်။ ရန်ကျုံးရှန်း ပြောပြခဲ့သော အကြီးအကဲယွင်မှာ ကိုယ်ခန္ဓာလေ့ကျင့်ခြင်းအဆင့်၏ ထိပ်ဆုံးသို့ ရောက်ရှိနေသူပီပီ အလွန်အစွမ်းထက်လှသည်။ တစ်ဖက်တွင်မူ ဝမ်ပင်း၏ ကျင့်ကြံမှုအဆင့်မှာ သာမန်မျှသာ ဖြစ်ပုံရပြီး ကျင့်ကြံခြင်းထက် စားသောက်ခြင်းကိုသာ အာရုံစိုက်သော ဟွမ်ကုန်းထက်ပင် နိမ့်ကျနေသယောင် ရှိသည်။
သို့သော် ဤမျှ သာမန်ကျင့်ကြံမှုအဆင့်သာရှိသော လူငယ်တစ်ဦးက သူ၏မွေးစားသမီးရှိ မိစ္ဆာသဘာဝကို နှိမ်နင်းပေးနိုင်သည်ဟု ပြောလာခြင်းပင်။
မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဟွမ်ကုန်းက မေးလိုက်သည်။
"မောင်ရင်... ငါ့ရဲ့ ယီအာကို ကူညီနိုင်မယ့် နည်းလမ်း တကယ်ပဲ ရှိလို့လား"
"ဖြစ်နိုင်ပါတယ်"
"မောင်ရင်... ငါ့ကို လှည့်စားဖို့တော့ မကြိုးစားနဲ့နော်။ ငါက စိတ်ရှည်တဲ့လူစားမျိုး မဟုတ်ဘူး"
"စီနီယာမိစ္ဆာစားဖိုမှူးကြီးခင်ဗျာ... ဆုံးဖြတ်ချက်ချတာက ဟင်းထဲကို ဆားထည့်သလို အနည်းအများ ချင့်ချိန်ရုံနဲ့ မပြီးပါဘူး။ အကယ်၍ ခင်ဗျား ကျွန်တော့်ကို ယုံကြည်တယ်ဆိုရင် စမ်းသပ်ခွင့်ပေးပါ။ မယုံဘူးဆိုရင်လည်း ထားလိုက်ပါတော့။ အလကားနေရင်း အကျိုးမရှိတဲ့အလုပ်ကိုတော့ ကျွန်တော် မလုပ်ချင်ဘူး"
ဘေးနားရှိ ရန်ကျုံးရှန်းသည် ဟွမ်ကုန်း ဝေခွဲမရဖြစ်နေသည်ကို မြင်သောအခါ အလျင်အမြန်ပင် ကြားဝင်ပြောဆို လိုက်သည်။
"ညီအစ်ကို ဟွမ်ကုန်း... သူက မသေမျိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဝမ်ပင်းပါ။ အရင်ဂိုဏ်းချုပ်က သူ့ရဲ့ဖခင်ပဲလေ။ ငါ့သားတောင်မှ မသေမျိုးဂိုဏ်းထဲ ဝင်ထားတာဆိုတော့ သူ့စကားကို ငါယုံကြည်တယ်"
"ဒါဆိုရင်လည်း... တစ်ချက်လောက် စမ်းကြည့်ပေးပါဦး"
ဟွမ်ကုန်းသည် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီးနောက် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပေးကာ ဖိတ်ခေါ်သည့် အမူအရာ ပြုလိုက်သည်။
"ဂိုဏ်းချုပ်ဝမ်... စိတ်ကြိုက်သာ ဆောင်ရွက်ပါတော့"
ဝမ်ပင်းသည် တစ်စုံတစ်ခုကို ပြောရန် ပြင်လိုက်သော်လည်း ခေတ္တမျှ တုံ့ဆိုင်းသွား၏။
သူမကို မသေမျိုးဂိုဏ်းသို့ ခေါ်ဆောင်သွားရန်ဟူသော မူလအတွေးမှာ သူ၏စိတ်ထဲတွင် ပြန်လည်စိုးမိုးလာသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ဟွမ်ယီကို ကူညီရာရောက်သလို မသေမျိုးဂိုဏ်း၏ နက်နဲလှသော အခြေခံအုတ်မြစ်ကိုလည်း ပြသရာရောက်ပေလိမ့်မည်။ သို့သော် ဤကူညီမှုမှာ အလွန်ပင် ပေါ့ပျက်ပျက်နိုင်လှ၏။ အကျိုးအမြတ် တစ်စုံတစ်ရာ မရှိသည့်အပြင် သူကိုယ်တိုင်အတွက်ပင် ပြဿနာများ ဖိတ်ခေါ်သကဲ့သို့ ဖြစ်နေမည်ကို သူ စိုးရိမ်နေမိသည်။
ငါက မာသာထရီဆာလည်း မဟုတ်သလို ဗုဒ္ဓ ဒါမှမဟုတ် ယေရှု လည်း မဟုတ်ဘူးလေ။ အကယ်၍ ငါက အဲဒီလို မွန်မြတ်တဲ့သူတွေ ဖြစ်ခဲ့ရင်တောင်မှ အခုရှေ့က လူတွေက ငါ့ကို ကိုးကွယ်ယုံကြည်နေကြတဲ့သူတွေမှ မဟုတ်တာ။ အဲဒီတော့ ငါက ဘာလို့ အလကားနေရင်း သူတို့ကို အခွင့်အရေးတွေပေးပြီး ကူညီနေရမှာလဲ။
"အရင်ဆုံး ရှင်းရှင်းလင်းလင်း ပြောထားပါရစေ။ ကျွန်တော် သူမကို ဒီတစ်ကြိမ်ပဲ ကူညီမှာပါ။ နောင်တစ်ချိန်မှာ ဘာပဲဖြစ်လာဖြစ်လာ ကျွန်တော်နဲ့ လုံးဝမသက်ဆိုင်တော့ဘူး"
ဝမ်ပင်းသည် ဟွမ်ကုန်း မည်သို့ပြန်ပြောမည်ကို ဂရုမစိုက်ပေ။ သူတို့၏ အဖြေမှာ သူ့အတွက် အရေးမပါတော့ပေ။ သူ ပြောပြီးသည်နှင့် အခန်းထဲမှ တိုက်ရိုက် ထွက်ခွာသွားတော့သည်။
အပြင်ဘက်တွင် မိုးများမှာ သည်းထန်စွာ ရွာသွန်းနေဆဲဖြစ်၏။ ဝမ်ပင်းသည် မိုးထဲတွင် ရပ်နေပြီး တစ်ကိုယ်လုံး စိုရွှဲသွားအောင် ခံယူလိုက်သည်။ ထို့နောက် လေးလံလှသော အသံကြီးတစ်ခု ရုတ်တရက် ပဲ့တင်ထပ်သွားတော့၏။
ကျောက်နဂါး၏ အမျက်ဒေါသ…
သူ၏ ပါးစပ်နှင့် နှာခေါင်းပေါက်များဆီမှ ကျောက်နဂါးတစ်ကောင်၏ ဟိန်းဟောက်သံ ထွက်ပေါ်လာရာ အိမ်ခေါင်မိုးစွန်းများနှင့် အုတ်ခဲကျိုးများပင် တုန်ခါသွားရသည်။
ထိုအသံ၏ ထွက်ပေါ်လာပုံမှာ သားရဲကြီးတစ်ကောင်က မြေပြင်ကို ဆောင့်နင်းလိုက်သကဲ့သို့ပင်။ ပတ်ဝန်းကျင်ရှိ သစ်ပင်များနှင့် ရေကန်များမှာလည်း အဆက်မပြတ် တုန်ယင်သွားတော့သည်။
အံ့ဩစရာအကောင်းဆုံးမှာ ပတ်ဝန်းကျင်တွင် ရွာကျနေသော မိုးစက်များပင်။
ထိုမိုးစက်များသည် အပ်နှင့်အထိုးခံလိုက်ရသော လေပူဖောင်းများကဲ့သို့ လေထဲတွင် မီးရှူးမီးပန်းများအလား ရုတ်တရက် ပေါက်ကွဲထွက်သွားကြတော့သည်။
"ဒါ... နဂါးတစ်ကောင်ရဲ့ ဟိန်းသံပဲ"
တောက်တီးဟွမ်ကုန်းသည် ထိုအသံကို ကြားလိုက်ရချိန်တွင် မျက်နှာပျက်သွားတော့သည်။ သူ၏ အစိမ်းရောင်သန်းနေသော မျက်နှာမှာ မိတ်ကပ်လိမ်းထားသကဲ့သို့ ရုတ်ချည်း ဖြူဖျော့သွား၏။ သူသည် သူ၏လက်များကို ကြည့်လိုက်ပြီးနောက် လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် သူ၏လက်သီးများမှာ တုန်ရင်နေသောကြောင့်ပင်။
ဝိညာဉ်၏ နက်ရှိုင်းရာမှ လာသော ဖိနှိပ်မှုက သူ့အတွင်းမှ ကြောက်ရွံ့မှုများကို ရုန်းကြွလာစေခဲ့သည်။
လူငယ်တစ်ဦးက ဤအသံကို ထုတ်ဖော်လိုက်သည်ကို သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မတွေ့ခဲ့ရလျှင် အရှေ့ဘက်အိုင်ထဲတွင် နဂါးတစ်ကောင် ပုန်းအောင်းနေသည်ဟု သူ သံသယဝင်မိပေလိမ့်မည်။
"ဟွမ်ကုန်း"
ရန်ကျုံးရှန်း၏ အော်ဟစ်သံမှာ အိမ်အတွင်းမှ ထွက်ပေါ်လာသည်။
ဟွမ်ကုန်းသည် အလျင်အမြန် လှည့်ကြည့်လိုက်ရာ ရန်ကျုံးရှန်း၏ ရင်ခွင်ထဲသို့ လဲကျသွားသော ဟွမ်ယီကို မြင်လိုက်ရသည်။
ယခုအခါ သူမသည် ငြိမ်သက်သွားကာ ခုနက ဟိန်းဟောက်သံကြောင့် သူမအတွင်းရှိ မိစ္ဆာစိတ်များမှာ ကြောက်လန့်တကြား ပုန်းအောင်းသွားသည်ဟု ဆိုလျှင် ပိုမှန်ပေလိမ့်မည်။
မြွေပွေးကြီးများနှင့် နဂါးများသည် ခန္ဓာကိုယ် ရှည်လျားပုံချင်း တူကြသော်လည်း တစ်ဖက်က ကောင်းကင်ယံ၌ ပျံသန်းနေသော နဂါးဖြစ်ပြီး အခြားတစ်ဖက်မှာမူ မြေပြင်ပေါ်၌ တွားသွားနေသော တီကောင်တစ်ကောင်ကဲ့သို့ပင်။ တစ်ဖက်က တောက်ပသော လမင်းကြီးဖြစ်လျှင် အခြားတစ်ဖက်မှာ ကြယ်ပွင့်လေးမျှသာ။ အဆင့်မြင့် မိစ္ဆာမျိုးနွယ်စုထံမှ လာသော မွေးရာပါ ဖိအားမှာ မြွေများကို သူတို့၏ ဂူအပြင်ဘက်သို့ပင် မထွက်ရဲအောင် လုပ်ဆောင်ရန် လုံလောက်လှသည်။
"ယီအာ... ဘယ်လိုနေသေးလဲ"
ဟွမ်ကုန်းသည် ရန်ကျုံးရှန်း၏ လက်ထဲမှ သူ၏မွေးစားသမီးကို လှမ်းယူလိုက်သည်။ ထို့နောက် သူမ၏ အေးစက်နေသော မျက်နှာလေးကို လက်ဖြင့် အသာအယာ ထိတွေ့ကြည့်လိုက်၏။ ၎င်းမှာ သွေးအေးသတ္တဝါတစ်ကောင်၏ ခန္ဓာကိုယ်အပူချိန်ကဲ့သို့ အလွန်ပင် အေးစက်နေပြီး လူသားတစ်ဦး၏ နွေးထွေးမှုမျိုး ကင်းမဲ့နေသည်။
ဟွမ်ကုန်းက ချက်ချင်းပင် လှမ်းအော်လိုက်သည်။
"ညီအစ်ကိုရန်... ယီအာအတွက် မီးလိုအပ်တယ်"
ရန်ကျုံးရှန်းက ခေါင်းညိတ်ပြလိုက်ပြီး ဘေးနားရှိ ရန်လီလီကို အစေခံများအား အမြန်ခိုင်းစေရန် ညွှန်ကြားလိုက်တော့သည်။
အိမ်အတွင်းရှိ မီးဖိုမှာ တောက်လောင်လာသည့် အချိန်ကျမှသာ ဟွမ်ကုန်း၏ စိတ်မှာ နောက်ဆုံးတွင် တည်ငြိမ်သွားတော့၏။
...
မိုးထဲတွင် ရပ်နေသော ဝမ်ပင်း၏ ဝတ်ရုံများမှာ စိုရွှဲနေသော်လည်း သူကတော့ မတတ်သာသလို ပြုံးနေမိသည်။ ထိုမိန်းကလေးကို နဂါးဟိန်းသံမှာ သူ့ဆီက ထွက်ပေါ်လာခြင်းဖြစ်ကြောင်း မသိစေရန်အတွက် သူ အစွမ်းကုန် ကြိုးစားခဲ့ရသည်။ ၎င်းမှာ တကယ်ကိုပင် အကျိုးမရှိသော အလုပ်တစ်ခုပင်။
သို့သော် သူသည် ကျေးဇူးတင်စကား ကြားချင်ရုံသက်သက်ဖြင့် ဤအလုပ်ကို လုပ်ခဲ့ခြင်း မဟုတ်ပေ။
မိစ္ဆာသတ္တဝါတစ်ကောင် လူသားအသွင် ပြောင်းလဲနိုင်ခြင်းမှာ ကောင်းကင်ဘုံက ပေးသနားသော ကောင်းချီးတစ်ခု ဖြစ်သည်။ သို့သော် ထိုသို့သော ပြောင်းလဲမှုမှာ ပြည့်စုံမှုမရှိလှဘဲ လူ့ခန္ဓာကိုယ်ထဲတွင် အကျိတ်တစ်ခု ပေါက်နေသကဲ့သို့ မိစ္ဆာသဘာဝမှာ ခန္ဓာကိုယ်ထဲ၌ ကျန်ရှိနေဦးမည် ဖြစ်သည်။ ၎င်းမှာ အမြဲတစေ နာကျင်နေစေမည်ဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ ထိုမိစ္ဆာမှာ သေဆုံးသွားနိုင်သည်အထိ ဖြစ်နိုင်သည်။
ဝမ်ပင်းတွင် အကျိတ် မရှိခဲ့ဖူးသော်လည်း ဗိုက်နာဖူးသည့် အတွေ့အကြုံတော့ ရှိသည်။ ထိုစဉ်က ခံစားချက်မှာ ဤမြွေပွေးမလေး ကြုံတွေ့နေရသော အခြေအနေနှင့် ခပ်ဆင်ဆင်တူလိမ့်မည်ဟု သူ ယူဆလိုက်မိ၏။
ခြားနားချက်မှာ တစ်ခုက တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာပြီး အခြားတစ်ခုကမူ အရှိန်အဟုန်နှင့် ဖြစ်ပေါ်လာခြင်းပင်။
ဝမ်ပင်းသည် ယွင်လျောင်ကို ခေါ်ကာ ဂိုဏ်းသို့ ပြန်ရန် ပြင်လိုက်စဉ်မှာပင် သူ၏ နားထဲ၌ အသံတစ်သံ ထွက်ပေါ်လာသည်။
၎င်းမှာ စနစ်၏ အသံပင်။
"မစ်ရှင်တစ်ခု ထုတ်ပြန်လိုက်ပါပြီ"
"လာပြီ... လာပြီဟေ့"
မစ်ရှင်တစ်ခု ပေါ်လာပြီဆိုသည်နှင့် ၎င်းမှာ ပစ္စည်းအသစ်များ ရရှိတော့မည့် အချိန်ပင်။
"သခင်... စူပါဂိုဏ်းတစ်ခုဆိုတာ အဘက်ဘက်မှာ ထူးခြားဆန်းသစ်နေဖို့ လိုပါတယ်။ အခုလက်ရှိ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ ရှိတဲ့ စားဖိုမှူးဆိုတာက သာမန်လူတွေအတွက် အံ့ဩစရာဖြစ်ပေမယ့် ကျွန်တော်တို့ ဂိုဏ်းအတွက်တော့ သိပ်ပြီး ထူးခြားတဲ့ တည်ရှိမှုမျိုး မဟုတ်သေးဘူး။ ဒါကြောင့် ဒီတစ်ခါမှာတော့ သခင့်အနေနဲ့ ဂိုဏ်းအတွက် တကယ့်ကို စူပါစားဖိုမှူးတစ်ဦးကို ရှာဖွေငှားရမ်းဖို့ တာဝန်ပေးအပ်လိုက်ပါပြီ"
“မစ်ရှင်အကြောင်းအရာကတော့ ချက်ပြုတ်သမျှ ဟင်းလျာတိုင်းကို အရသာရှိနေစေမယ့် စားဖိုမှူးတစ်ဦးကို ရှာဖွေပြီး ငှားရမ်းရပါမယ်။ သူ့ရဲ့ မျိုးနွယ်စုက ဘာပဲဖြစ်ဖြစ် ကျင့်ကြံမှုအဆင့်က ဘယ်လောက်ပဲရှိရှိ... ကျွန်တော်တို့ဘက်က ဘာကန့်သတ်ချက်မှ မထားပါဘူး”
“မစ်ရှင်ဆုလာဘ်ကတော့ အဆောက်အအုံတစ်ခုကို အခမဲ့အဆင့်မြှင့်တင်နိုင်တဲ့ အထူးလုပ်ပိုင်ခွင့်နဲ့ ကျပန်းရရှိမဲ့ အလယ်အလတ်တန်းစား ဝါဂွမ်းအဆင့်ကျင့်စဉ်တစ်ခုပါ”
"မစ်ရှင်ဆုလာဘ်တွေက တကယ့်ကို အံ့မခန်းပါလား"
ဝမ်ပင်း၏ ရင်ခုန်သံမှာ ပျော်ရွှင်မှုကြောင့် မြန်ဆန်လာရသည်။ ပထမဆုလာဘ်ကပင် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လောက်အောင် အစွမ်းထက်နေပြီး ဒုတိယဆုလာဘ်မှာမူ ပို၍ပင် အနှိုင်းမဲ့သည်။
အဆင့်နိမ့် ဝါဂွမ်းအဆင့်ကျင့်စဉ်များမှာပင် ကြယ်နှစ်ပွင့် ဂိုဏ်းကြီးများ၏ တန်ဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်ကြသည်။ ထို့ကြောင့် အလယ်အလတ်တန်းစား ဝါဂွမ်းအဆင့်ကျင့်စဉ်များကိုမူ ကြယ်သုံးပွင့် ဂိုဏ်းများကသာ ပိုင်ဆိုင်ကြပေလိမ့်မည်။
သတင်းများအရ ဆန်းဝူမြို့နှင့် အနီးဆုံးရှိသော ကြယ်သုံးပွင့် ဂိုဏ်းမှာ မိုင်ပေါင်းသောင်းချီ၍ ဝေးကွာလှသည်။ ဤသို့သော ကျင့်စဉ်မျိုးကို ကျင့်ကြံနိုင်ရန်အတွက်မူ ပထမသွေးကြောတံခါးကို ဖွင့်လှစ်နိုင်သည့် နက်နဲသောနယ်ပယ်ပညာရှင်တစ်ဦး ဖြစ်ရန် လိုအပ်လိမ့်မည်ဟု ခန့်မှန်းရသည်။
ဝမ်ပင်းသည် ပျော်ရွှင်နေစဉ်မှာပင် သူ၏အကြည့်မှာ မသိစိတ်ဖြင့် တောက်တီးဟွမ်ကုန်းထံသို့ ရောက်ရှိသွားတော့၏။
ဒီမစ်ရှင်က ဟွမ်ကုန်းကို ရည်ရွယ်နေတာပဲ။
"စီနီယာ မိစ္ဆာစားဖိုမှူးကြီး... ခင်ဗျားရဲ့ သမီးလေး ဘယ်လိုနေသေးလဲဗျ"
အိမ်ထဲသို့ ပြန်ဝင်ဝင်ချင်း ဝမ်ပင်း ပြောလိုက်သည့် ပထမဆုံး စကားမှာ ရင်းနှီးမှုရရန် ကြိုးပမ်းသည့်အနေဖြင့် ဂရုတစိုက် မေးမြန်းလိုက်သည့် စကားပင်။
"ဂိုဏ်းချုပ်ဝမ်ရဲ့ အကူအညီအတွက် အများကြီး ကျေးဇူးတင်ပါတယ်ဗျာ"
"ယီအာရဲ့ မိစ္ဆာစိတ်က ခေတ္တငြိမ်သက်သွားပါပြီ။ ဂိုဏ်းချုပ်ဝမ်အနေနဲ့ ကျွန်တော့်လို လူစိမ်းတစ်ယောက်ကို ဒီလိုနည်းလမ်းမျိုး ပြသပေးတာက တကယ်ကို စေတနာ ထားရာရောက်ပါတယ်။ ဒါနဲ့တင် ကျွန်တော် ကျေနပ်နေပါပြီ။ တခြား လွန်ကဲတဲ့ တောင်းဆိုမှုမျိုး ဒါမှမဟုတ် မကောင်းတဲ့ အကြံမျိုးတွေ ကျွန်တော် မတွေးရဲပါဘူး"
"တစ်ဖက်လူက ဒီလောက်အထိ ကူညီပေးတာတောင် တကယ့်ကို စေတနာကြီးမားနေပြီ။ ငါက ဘာကို ထပ်ပြီး တောင်းဆိုနေရဦးမှာလဲ။
တစ်ကြိမ်တည်းပဲရတာဆိုတော့ နောင်ကျရင်တော့ ဒီမြို့ကနေ ထွက်သွားပြီး တခြားနည်းလမ်းတစ်ခုခုကိုပဲ ရှာရတော့မှာပေါ့။ လောကကြီးက အကျယ်ကြီးပဲဟာ... ငါ့သမီးရဲ့ မိစ္ဆာစိတ်ကို နှိမ်နင်းပေးနိုင်မယ့် နည်းလမ်းမျိုး တစ်နေရာရာမှာတော့ ရှိနေဦးမှာပါပဲ"
ထိုစဉ် ဝမ်ပင်းမှာမူ မတတ်သာသလို ပြုံးလိုက်မိသည်။
ဤသည်မှာ သူကိုယ်တိုင် တူးထားသော ကျင်းဖြစ်သဖြင့် သူကိုယ်တိုင်ပင် ပြန်ဖို့ရပေတော့မည်။
အကယ်၍ အခြေအနေက ဤသို့ဖြစ်လာမည်မှန်း သိခဲ့ပါက တစ်ကြိမ်တည်းသာ ကူညီမည်ဟု သူ ပြောခဲ့မည် မဟုတ်ပေ။
ဝမ်ပင်းသည် အသေအချာ စဉ်းစားပြီးနောက် စကားပြောလိုက်သည်။
"စီနီယာ မိစ္ဆာစားဖိုမှူးကြီး... အမှန်တော့ ကျွန်တော့်ဆီမှာ သူမရဲ့ ခန္ဓာကိုယ်ထဲက မိစ္ဆာစိတ်ကို ထာဝရ နှိမ်နင်းပေးနိုင်မယ့် နည်းလမ်း ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်က အလကားတော့ မကူညီနိုင်ဘူး။ စီနီယာအနေနဲ့ ကျွန်တော့်ရဲ့ တောင်းဆိုချက်တစ်ခုကို လက်ခံပေးရပါလိမ့်မယ်"