← Chapters

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း။ ၂၉

"သူ ဘာဖြစ်နေတာလဲ"

ဟွမ်ယီသည် ကျောက်ချင်း၏ စောစောက စကားကြောင့် စိတ်မဆိုးသွားသည့်အပြင် ရန်လီလီ ပြေးထွက်သွားသည့် ကျောပြင်ကို ကြည့်ကာ စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

ကျောက်ချင်းသည် အသစ်ရောက်လာသည့် ဤ မြွေပွေးမလေးကို သိပ်ပြီး အဖက်မလုပ်

ချင်သော်လည်း စကားတစ်ခွန်းတော့ ပြန်ပြောလိုက်သည်။

"ကျင့်ကြံမလို့လေ"

"သူက တကယ်ပဲ အဲဒီလောက် ကြိုးစားတာလား။ ဒါကြောင့်လည်း ငါ့အဖေက သူ့ကို အလုပ်ကြိုးစားပြီး အလားအလာရှိတဲ့လူ နောင်တစ်ချိန်မှာ အောင်မြင်မယ့်သူလို့ ပြောခဲ့တာနေမှာ"

"အလုပ်ကြိုးစားတယ် အောင်မြင်မယ်"

ကျောက်ချင်း တစ်ချက် ကြောင်သွားပြီးမှ ပြုံးလိုက်ကာ "သူသာ တကယ် အလုပ်ကြိုးစားရင် ဒီလောက် နောက်ကျမှ ပြန်လာမှာ မဟုတ်ဘူး။ သူက ဆွဲအားနယ်ပယ်ထဲမှာ ကျင့်ကြံရမယ့် ခြောက်နာရီကို အလဟဿ မဖြစ်စေချင်ရုံတင်ပါ။ နင့်အဖေ ထင်သလောက်ကြီးတော့ သူက မတော်ပါဘူး"

"ဆွဲအားနယ်ပယ်"

"ဟုတ်တယ်။ ငါတို့ မသေမျိုးဂိုဏ်းမှာ စည်းကမ်းတစ်ခုရှိတယ်။ အဲဒီမှာ တစ်နေ့ကို ခြောက်နာရီပဲ ကျင့်ကြံခွင့်ရှိတာ။ ညမရောက်ခင် လေးနာရီပဲ ကျန်တော့တာဆိုတော့ ဒီနေ့အတွက် သူ နှစ်နာရီ အလဟဿ ဖြစ်ဖို့က သေချာနေပြီလေ"

"နှစ်နာရီက အဲဒီလောက်တောင် အရေးကြီးလို့လား"

ဟွမ်ယီ နားမလည်နိုင်ဖြစ်သွားသည်။

နှစ်နာရီဆိုတာ ဘာများမို့လို့လဲ။ အခု ရန်လီလီ ပုံစံက သူမအဖေရဲ့ ဟင်းလျာတွေကို ပထမဆုံးအကြိမ် မြည်းစမ်းခွင့်ရတဲ့လူတွေ အသည်းအသန်ဖြစ်နေသလိုမျိုးပဲ မဟုတ်ဘူးလား။

ကျောက်ချင်းက ခေါင်းခါလိုက်ပြီး "မြွေပွေးမလေး... နှစ်နာရီက ဘယ်လောက် အရေးကြီးလဲဆိုတာ မကြာခင် နင်သိလာမှာပါ။ ပိုပြီး တိတိကျကျ ပြောရရင်... ၁၈ နာရီပေါ့"

ဟွမ်ယီ ပိုပြီး ဇဝေဇဝါ ဖြစ်သွားရသည်။

"နှစ်နာရီပဲ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ၁၈ နာရီ ဖြစ်သွားတာလဲ"

"နင် မကြာခင် နားလည်သွားလိမ့်မယ်"

ကျောက်ချင်းသည် ပဟေဠိတစ်ခု ချန်ထားခဲ့ပြီး အခြားတစ်ဖက်သို့ လှည့်ထွက်သွားသည်။ ဟွမ်ယီက နောက်ကနေ နှစ်ခွန်းခန့် လှမ်းခေါ်သော်လည်း ကျောက်ချင်းကတော့ ဘာမှမကြားသလိုပင် ဆက်လျှောက်သွားတော့သည်။

ထိုစဉ် ယွင်လျောင်ကလည်း ရုတ်တရက် အော်ဟစ်လိုက်သံကို ကြားလိုက်ရသည်။

"ဪ... ဟုတ်သားပဲ ငါလည်း သုံးဖို့ နှစ်နာရီ ကျန်သေးတာပဲ"

နှစ်နာရီ... နောက်ထပ် နှစ်နာရီလား။

ဟွမ်ယီ၏ မျက်နှာပေါ်မှ သံသယများမှာ ပို၍ပင် ပြင်းထန်လာတော့သတည်း။

ဆွဲအားနယ်ပယ်ဆိုတာက ဘာကြီးလဲ။ အဲဒီထဲမှာ နှစ်နာရီကြာ ကျင့်ကြံရတာကရော အဲဒီလောက်တောင် အရေးကြီးလို့လား။

ဟွမ်ယီသည် ချက်ချင်းပင် လှည့်ကြည့်လိုက်ပြီး ဝမ်ပင်းကို မေးလိုက်သည်။

"ဒါတွေက သရုပ်ဆောင်နေကြတာ မဟုတ်ဘူးလား"

"နင်ကော ဘယ်လိုထင်လဲ"

"သေချာပေါက် သရုပ်ဆောင်နေတာပဲ ဖြစ်ရမယ်။ နှစ်နာရီဆိုတာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားနိုင်တာပဲလေ။ ကျင့်ကြံသူတွေအတွက် အဲဒါက ဘယ်လောက်တောင် တန်ဖိုးရှိမှာမို့လို့လဲ။ နောက်ပြီး ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ ရှိတဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ သက်တမ်းက နှစ်ပေါင်း ၂၀၀ နီးပါး ရှိတာပဲကို... နှစ်နာရီလေးက ဘာပြောပလောက်မှာမို့လို့လဲ"

"အချိန်ကို တန်ဖိုးထားတဲ့သူကိုပဲ အချိန်က ပြန်ပြီးစောင့်ရှောက်တာပါ။ ငါ့နောက် လိုက်ခဲ့... ငါ နင့်ကို ခေါ်သွားချင်တဲ့နေရာက ဒီမှာမဟုတ်ဘူး"

ပြောပြီးသည်နှင့် ဝမ်ပင်းက ရှေ့သို့ လှမ်းထွက်သွားတော့သည်။

သို့သော်လည်း ဟွမ်ယီမှာမူ အလွန်ပင် စပ်စုချင်နေဆဲဖြစ်ရာ လမ်းလျှောက်နေရင်းမှ သစ်တောလမ်းလေးဆီသို့ ခဏခဏ လှည့်ကြည့်နေမိ၏။ ထို့နောက် သူမက ခေါင်းခါလိုက်သည်။

ဒါတွေအားလုံးက သရုပ်ဆောင်နေတာပဲ ဖြစ်ရမယ်။

ဟုတ်တယ်... ငါ့အတွေးက မှန်မှာပါ။

...

မိုးတိမ်မြူတောင်၏ နောက်ဘက်တောင်ကုန်းဒေသ။

ကြယ်ပွင့်လေးများမှာ ညကောင်းကင်ယံတွင် စီခြယ်ထားသကဲ့သို့ တောက်ပနေပြီး တောင်နောက်ဘက်ရှိ အဆောင်များဆီသို့ အလင်းရောင်များ ဖြန်းပက်နေသည်။ ၎င်းက ရေကန်လေးကို ပို၍ပင် လှပသွားစေ၏။ ဝမ်ပင်းသည် ထိုနေရာသို့ မရောက်မီ ကျောက်ပြားခင်းထားသော လမ်းပေါ်တွင် ရပ်လိုက်ပြီး အဆောင်များရှိရာဘက်သို့ လက်ညှိုးညွှန်ပြလိုက်သည်။

ဟွမ်ယီမှာ ချက်ချင်းပင် အံ့ဩတသစွာ ရေရွတ်လိုက်မိသည်။

"တကယ်ကို ထူးခြားတဲ့နေရာလေးပဲ။ ဒီလောက်မြင့်တဲ့ တောင်ထိပ်ပေါ်မှာ ကျွန်းငယ်လေးတစ်ကျွန်း ရှိနေတာလား။ ဒီလိုမျိုးနေရာကို ငါ ပထမဆုံး မြင်ဖူးတာပဲ"

ဝမ်ပင်းက ပြောလိုက်သည်။

"ဒီနေရာက နင့်ရဲ့ မိစ္ဆာစိတ်ကို နှိမ်နင်းပေးမယ့် နေရာပဲ"

"ဒီနေရာကလား"

"ဟုတ်တယ်။ ငါ့နောက် လိုက်ခဲ့"

သူသည် ဟွမ်ယီကို အဆောင်များအပြင်ဘက်ရှိ တံတားဆီသို့ ခေါ်ဆောင်သွားပြီး မေးလိုက်

သည်။

"လက်ဖက်ရည် သောက်မလား"

"ရှင်"

"ရေလား... လက်ဖက်ရည်လား"

"မလိုပါဘူး... ငါ မဆာသေးဘူး"

ဝမ်ပင်းက ရုတ်တရက် ဤကဲ့သို့ မေးလာလိမ့်မည်ဟု ဟွမ်ယီ မထင်ထားခဲ့ပေ။ ငြင်းဆိုပြီးနောက် သူမသည် လှည့်ထွက်ကာ တံတားဆီသို့ လျှောက်သွားသည်။

ပထမခြေလှမ်း….

တံတား၏ သစ်သားပြားများပေါ်မှ ခြေသံများမှာ တချက်ချင်း ထွက်ပေါ်လာသည်။

ဒုတိယခြေလှမ်း…

တတိယခြေလှမ်း…

စတုတ္ထခြေလှမ်း…

ဟွမ်ယီသည် ပို၍မြန်မြန် လျှောက်လှမ်းလာသော်လည်း သူမ၏ မျက်နှာပေးမှာမူ ပို၍ပင် တည်ငြိမ်လာခဲ့သည်။ ဝမ်ပင်းက ဤနေရာသည် သူမ၏ မိစ္ဆာစိတ်ကို နှိမ်နင်းပေးနိုင်မည်ဟု ပြောခဲ့သဖြင့် အစပိုင်းတွင် သူမသည် ဤနေရာကို အလွန်ထူးခြားသည့် မင်္ဂလာရှိသော မြေနေရာတစ်ခု ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်းပင်။

သို့သော် ယခုကြည့်ရသည်မှာမူ ဤနေရာနှင့် ဘာမှသက်ဆိုင်ပုံမရပေ။

ထိုအရာက သူမကို အလကားနေရင်း စိတ်လှုပ်ရှားအောင် လုပ်လိုက်သလိုပင်။

သို့သော် ဝမ်ပင်းသည် တံတား၏ ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး ခပ်အေးအေးပင် ပြောလိုက်သည်။

"ပတ်ဝန်းကျင်ကို လျှောက်ကြည့်မနေပါနဲ့တော့။ ဒီနေရာက ဒီလောက်ပဲ ကျယ်တာပါ။ မြွေပွေးမလေး... ငါ သုံးအထိ ရေတွက်လိုက်တာနဲ့ နင့်ရဲ့ မိစ္ဆာစိတ်ကို ထိန်းချုပ်ထားတဲ့ အားအကုန်လုံးကို လွှတ်ချလိုက်တော့"

"ဘာဖြစ်လို့လဲ"

"အဲဒီအားကို လွှတ်ချလိုက်ပြီးရင် နင် နားလည်သွားလိမ့်မယ်"

"အရင်ဆုံး ပြောထားမယ်နော်။ အကယ်၍ ငါက အားကုန်လွှတ်လိုက်ရင် ငါက မြွေပွေးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားနိုင်တယ်။ အဲဒီအချိန်ကျရင် ဒီနေရာကြီး ပျက်စီးသွားလိမ့်

မယ်။ ဒီနေရာလေးက နေချင်စရာ တော်တော်ကောင်းတာ ငါ ဖျက်ဆီးမိသွားရင်တော့ နင့်ကို လျော်ကြေးမပေးနိုင်ဘူးနော်"

"လျော်ကြေးပေးဖို့ မလိုပါဘူး"

ဝမ်ပင်း၏ ပြတ်သားသော အကြည့်ကို မြင်လိုက်ရသည့်အခါ ဟွမ်ယီ၏ စိတ်ထဲတွင် တစ်စုံတစ်ခု ခံစားလိုက်ရသည်။ ဝမ်ပင်းက သုံးအထိ ရေတွက်လိုက်သည့်အခါ သူမသည် မိစ္ဆာစိတ်အပေါ် ထိန်းချုပ်ထားသော အားကို တဖြည်းဖြည်း လျှော့ချလိုက်၏။ ၎င်းမှာ ဝမ်ပင်းအပေါ် ယုံကြည်၍လား သို့မဟုတ် စမ်းသပ်ကြည့်ချင်၍လားတော့ မသိပေ။ ဘာပဲဖြစ်ဖြစ် သူမသည် ဤနေရာအထိ ရောက်လာခဲ့ပြီဖြစ်ရာ ဘာမှမလုပ်ဘဲ ပြန်လှည့်သွားရန်မှာလည်း မဖြစ်နိုင်ပေ။

သို့သော်လည်း သူမသည် အားလုံးကိုတော့ အကုန်မလွှတ်ရဲသေးပေ။ အရာအားလုံး ထိန်းချုပ်မရဖြစ်သွားမည့် အခြေအနေမျိုးကို သူမ မမြင်လိုသောကြောင့်ပင်။

ထိုအချိန်မှာပင် ဝမ်ပင်းသည် စနစ်သို့ ရွှေဒင်္ဂါး ၅၀ ပေးဆောင်လိုက်ပြီး ဟွမ်ယီအတွက် အဆောင်ဒေသကို ၂၄ နာရီ အသုံးပြုခွင့် ဝယ်ယူလိုက်တော့သည်။

"ဘုရားရေ"

ထို့နောက်တွင်တော့ ဟွမ်ယီသည် နောက်သို့ ခြေလှမ်းအတော်များများ ဆုတ်သွားခဲ့ပြီး အိမ်နံရံတစ်ခုနှင့် တိုးမိမှသာ ရပ်တန့်သွားတော့သည်။

သူမ၏ မျက်နှာပေါ်မှ တုန်လှုပ်မှုများမှာ မပြယ်သေးဘဲ ထောင်ချောက်ထဲမှ လွတ်လာခါစ ကြွက်ကလေးတစ်ကောင်ကဲ့သို့ ပတ်ဝန်းကျင်ကို ကြောက်လန့်တကြား လိုက်ကြည့်နေမိ၏။ သူမသည် တစ်စုံတစ်ခုကို ရှာဖွေနေသည့်အလား ညမှောင်ရီထဲတွင် ဖြစ်နိုင်ခြေရှိသမျှကို ခေါင်းတရစပ် လှည့်ကြည့်နေမိသည်။

ဟိုဘက်က ချုံပုတ်ကြီးက အဆင့်မြင့်မိစ္ဆာကြီးတစ်ကောင် ဖြစ်နေမလား။

အိမ်ထဲမှာ ပညာရှင်တစ်ယောက် ပုန်းနေပြီး ငါ့ကို သတ်ဖို့ ပြင်နေတာလား။

ဒါမှမဟုတ် ငါ့မျက်စိရှေ့က ဝမ်ပင်းကပဲ တစ်ခုခုကို ကြံစည်နေတာလား။

ဤအတွေးအမြင်များအားလုံးမှာ သူမ ခံစားနေရသော ကြောက်ရွံ့မှုများမှ မြစ်ဖျားခံလာခြင်းပင်။ ထိုထိတ်လန့်တုန်လှုပ်မှုမှာ သူမ၏ ဝိညာဉ်ကို တိုက်ရိုက် ရိုက်ခတ်နေသည်။

“နင့်ရဲ့ မိစ္ဆာစိတ်ကို ထိန်းချုပ်ထားတာတွေ အကုန်လုံး လွှတ်ချလိုက်တော့”

“အင်း...”

သူမသည် ထိန်းချုပ်ထားသမျှ အားလုံးကို လွှတ်ချလိုက်သည်။ ဤသည်မှာ ပိတ်ထားသည်မှာ ကြာပြီဖြစ်သော ရေတံခါးတစ်ခုကို ဖွင့်ချလိုက်သကဲ့သို့ပင်။ သို့သော် သူမကို အံ့ဩသွားစေသည်မှာ ရေတံခါး ပွင့်သွားသော်လည်း ရေလှိုင်းများကဲ့သို့ တိုးထွက်လာရမည့် မိစ္ဆာစိတ်များသည် သူမ၏ နှလုံးသားကို ဝါးမြိုမသွားခြင်းပင်။ အဆိုပါ မိစ္ဆာစိတ်များသည် ကြောက်လန့်နေသော ကြွက်ကလေးတစ်ကောင်ကဲ့သို့ သူမနှလုံးသား၏ ထောင့်တစ်နေရာတွင် သွားရောက်ပုန်းအောင်းနေကြသည်။

အစောပိုင်းက သူမသည် ပတ်ဝန်းကျင်ကို ကြောက်ရွံ့နေသကဲ့သို့ပင် ထိုမိစ္ဆာစိတ်များသည်လည်း တုန်ရင်ကာ အကြီးအကျယ် ထိတ်လန့်နေကြခြင်းပင်။

“ငါ နင့်ရဲ့ မိစ္ဆာစိတ်ကို နှိမ်နင်းပေးလိုက်ပြီ။ နင် ငါ့ကို ယုံကြည်နေသရွေ့တော့ ဒီမိစ္ဆာစိတ်က နင့်ကို ဘယ်တော့မှ ပြန်ပြီး လွှမ်းမိုးနိုင်တော့မှာ မဟုတ်ဘူး”

“ဒါ... ဒါ အမှန်ပဲလား”

ဟွမ်ယီသည် သူမမျက်စိရှေ့၌ ဖြစ်ပျက်သွားသည်ကို မယုံနိုင်အောင် ဖြစ်နေရသည်။ ထိုအရာက အလွန်ပင် ရုတ်တရက်ဆန်လွန်းသည်။ သူမတောင်းဆုပြုထားသော ဆန္ဒတစ်ခုမှာ တစ်စုံတစ်ယောက်ကြောင့် ရုတ်ချည်း ပြည့်ဝသွားသကဲ့သို့ပင် ခံစားလိုက်ရသည်။

ဝမ်ပင်းက ဆက်ပြောလိုက်သည်။

“အခုကစပြီး ငါ့ကို ခေါ်ပုံခေါ်နည်း ပြောင်းရမယ်။ ဂိုဏ်းချုပ်လို့ပဲ ခေါ်တော့။ ဘာလို့လဲဆိုတော့ အခုကစပြီး နင်က ငါ့ရဲ့ မသေမျိုးဂိုဏ်းဝင်တစ်ယောက် ဖြစ်သွားပြီမို့လို့ပဲ”

“ရှင်”

“နင် ပေးထားတဲ့ ကတိကို ဖျက်ချင်တာလား”

“မဟုတ်... မဟုတ်ပါဘူး ဂိုဏ်းချုပ်။ သမီး အရမ်း အံ့ဩသွားလို့ပါ။ ဂိုဏ်းချုပ်မှာ သမီးရဲ့ မိစ္ဆာစိတ်ကို နှိမ်နင်းပေးနိုင်တဲ့ နည်းလမ်း တကယ်ရှိနေတာပဲ”

ဟွမ်ယီ စကားအဆုံးတွင်မူ သူမ၏ အသံလေးမှာ တုန်ရင်နေကာ သူမ၏ အသံထဲ၌ စိတ်လှုပ်ရှားမှုနှင့် ဝမ်းသာမှုများသည် လှိုင်းလုံးကြီးများကဲ့သို့ တစ်လုံးထက်တစ်လုံး ပို၍ မြင့်တက်လာခဲ့သည်။ နောက်ဆုံးတွင် သူမသည် မထိန်းချုပ်နိုင်တော့ဘဲ ဝမ်ပင်းဆီသို့ ပြေးသွားကာ ဖက်ထားလိုက်တော့သည်။ သူမ၏ ရင်သားအစုံမှာ ဝမ်ပင်း၏ ရင်ဘတ်နှင့် တင်းကျပ်စွာ ပူးကပ်သွားသည်ကိုပင် သူမ သတိမထားမိတော့ပေ။

“ကဲ... ဒီညတော့ ဒီမှာပဲ အနားယူလိုက်တော့။ အသေးစိတ်အချက်အလက်တွေကိုတော့ မနက်ဖြန်မနက်ကျမှ ငါ ဆက်လက်ပြောပြမယ်”

“သမီးရဲ့ မွေးစားအဖေရော...”

သူမသည် သူမ၏ဖခင်ကို ရုတ်တရက် သတိရသွားသည်။ မသေမျိုးဂိုဏ်းထဲသို့ ဝင်ရောက်လိုက်ပြီဆိုပါက သူမသည် ဖခင်နှင့်အတူ လောကအနှံ့ လှည့်လည်နိုင်တော့မည် မဟုတ်ပေ။ သူမ၏ ဖခင်မှာလည်း တော်တော်လေး အထီးကျန်သွားပေလိမ့်မည်။

ဝမ်ပင်းက ပြန်ဖြေလိုက်သည်။

“သူကတော့ နင် ဒီကို မလာခင်ကတည်းက သဘောတူပြီးသားပါ”

ဝမ်ပင်းသည် လှည့်ထွက်သွားခါနီး၌ စကားတစ်ခွန်း ထပ်ပြောလိုက်သေးသည်။

“စောစောအိပ်ဖို့တော့ မမေ့နဲ့ဦး မနက်ဖြန်မနက်ကျရင် နင် ဟင်းချက်ရဦးမှာနော်”

ဘာပဲဖြစ်ဖြစ်... သူ ဟွမ်ယီကို ဂိုဏ်းထဲသို့ သွင်းရသည့် အဓိက ရည်ရွယ်ချက်ကိုမူ ဝမ်ပင်းတစ်ယောက် မေ့လျော့သွားခြင်း မရှိပေ။

အခန်း။ ၃၀

"ပြဿနာမရှိပါဘူး ဟင်းချက်တာက သမီးရဲ့ အကျွမ်းကျင်ဆုံး ပညာပဲလေ"

ဟွမ်ယီသည် ယုံကြည်ချက်အပြည့်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ဝမ်ပင်းထွက်ခွာသွားပြီးနောက်တွင်မူ သူမ၏ မျက်နှာမှာ လေးနက်သွားပြီး အကြည့်များမှာ ကျွန်းငယ်လေးဘေးမှ စီးဆင်းနေသည့် ရေပြင်ဆီ၌သာ ရပ်တန့်နေခဲ့သည်။ ရေ၏ နက်ရှိုင်းရာ တစ်နေရာမှ လက်တစ်စုံက သူမအား အတင်းအကျပ် ဖိနှိပ်ထားသကဲ့သို့ ခံစားနေရသောကြောင့်ပင်။

ဤခံစားချက်မှာ တကယ်တော့ နဂါးအရှိန်အဝါ၏ အစိတ်အပိုင်းတစ်ခုပင်။ မိစ္ဆာမျိုးနွယ်စုဝင် မဟုတ်ပါက ဤအရှိန်အဝါကို ခံစားမိရန် တော်တော်လေး ခက်ခဲလှသည်။ လူသားများဆိုလျှင်မူ ဤအရှိန်အဝါကြောင့် ဖိအားတစ်ခုကို ခံစားရရုံ သို့မဟုတ် စိတ်ထဲတွင် ကြောက်ရွံ့ရိုသေစိတ် ဖြစ်ပေါ်လာရုံမျှသာ ရှိမည်ဖြစ်သည်။ သို့သော် မိစ္ဆာမျိုးနွယ်များအတွက်မူ နဂါးအရှိန်အဝါအပေါ် တုံ့ပြန်ပုံမှာ သီးခြားစီ ရှိနေခြင်းပင်။

“ဒီအောက်မှာ တကယ်ပဲ နဂါးတစ်ကောင် ရှိနေတာလား”

သူမသည် ရေကန်ထဲမှ ရေများကို ကြည့်ပြီး အလွန်ပင် စပ်စုလိုစိတ် ဖြစ်ပေါ်လာသည်။ ထို့နောက် သူမသည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ရေတစ်ခုပ်ကို လက်ဖြင့် ခတ်ယူကာ အနံ့ခံကြည့်လိုက်သည်။ သူမ၏ နှာခေါင်းလေးမှာ ရှုံ့ခနဲ ဖြစ်သွားပြီး ရေပြင်နှင့် အဝေးတစ်နေရာကို တွေးတောနေသည့် အကြည့်မျိုးဖြင့် စိုက်ကြည့်နေမိပြန်သည်။ သို့သော် သူမ မတ်တပ်ရပ်၍ ခြေထောက်တစ်ဖက်ကို ရေထဲသို့ ချရန် ပြင်ဆင်လိုက်သည့် အချိန်တွင်မူ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

ဘာကြောင့်မှန်းမသိဘဲ သူမသည် ကြောက်လန့်သွားမိသောကြောင့်ပင်။ ဤသည်မှာ အကြောင်းပြချက် မရှိဘဲ ပေါ်ပေါက်လာသည့် ကြောက်ရွံ့မှုမျိုးပင်။ တကယ်လို့ အောက်တွင် နဂါးတစ်ကောင်သာ အမှန်တကယ် ရှိနေမည်ဆိုလျှင်...

ထို့နောက်တွင်မူ ဟွမ်ယီမှာ ခေါင်းခါလိုက်ပြီး “ငါ ဘာတွေ တွေးနေတာလဲ။ နဂါးတစ်ကောင်က ဒီလို ရေကန်သေးသေးလေးထဲမှာ နေပါ့မလား။ အရှေ့ဘက်အိုင်ထဲက ရေတွေ ဆယ်မီတာလောက် မြင့်တက်လာရင်တောင် နဂါးတစ်ကောင် ကိုယ်လက်ဆန့်ဖို့ မလောက်နိုင်ဘူးလေ” ဟု တွေးလိုက်မိသည်။

သို့သော် သူမသည် ခြေထောက်ကို အလျင်အမြန်ပင် ပြန်လည်ရုပ်သိမ်းလိုက်သည်။ ၎င်းနောက် သူမသည် အိပ်ဆောင်တစ်ခုကို ရှာဖွေရန် လှည့်ထွက်လာခဲ့ပြီး ညအမှောင်ထဲ၌ အဆောင်နေရာမှ ထွက်ခွါလာခဲ့တော့သည်။

...

ယခုအချိန်တွင် ဟွမ်ယီမှာ ရန်လီလီဝင်သွားခဲ့သည့် သစ်တောလမ်းဝတွင် ရပ်နေသည်။ ညဘက်၌ ဤလမ်းလေးမှာ အဆုံးမရှိသကဲ့သို့ ထင်မှတ်ရပြီး ပိုးကောင်လေးများနှင့် ငှက်လေးများ၏ အော်သံမှာလည်း အဆက်မပြတ် ထွက်ပေါ်နေသည်။ ဟွမ်ယီသည် ခေါင်းကို စောင်းကာ ဤသစ်တော၏ အဆုံးတွင် ဘာရှိနေမလဲဆိုသည်ကို အသေအချာ စဉ်းစားနေမိသည်။

ဆွဲအားနယ်ပယ်….

နှစ်နာရီဆိုတဲ့ အချိန်က ဘယ်လောက်တောင် တန်ဖိုးရှိသလဲဆိုတာကို သိအောင် လုပ်ပေးနိုင်တဲ့ နေရာပေါ့။

ဟွမ်ယီသည် အလွန်ပင် စပ်စုတတ်သူဖြစ်ရာ အခြေအနေအရပ်ရပ်ကို အသေအချာ မသိရလျှင် ဤညတွင် သူမ အိပ်ပျော်နိုင်လိမ့်မည် မဟုတ်ပေ။

ထိုစပ်စုချင်စိတ်ကြောင့်ပင် သူမသည် လမ်းကလေးကို လှမ်းကြည့်လိုက်မိရာ ၎င်းမှာ ကြိုးတစ်ချောင်းဖြင့် သူမကို တရွတ်တိုက် ဆွဲခေါ်နေသကဲ့သို့ ခံစားလိုက်ရသည်။

ထို့ကြောင့် သူမသည် တောအုပ်လမ်းကလေးအတိုင်း ဖြည်းညှင်းစွာ လျှောက်လာခဲ့ရာ အတော်အတန် ကြာပြီးနောက်တွင်တော့ ရှေ့၌ ကြယ်ရောင်ကဲ့သို့ အလင်းတန်းလေးများကို မြင်လိုက်ရ၏။

လမ်းအဆုံးသို့ ရောက်သောအခါ ဟွမ်ယီမှာ အံ့အားသင့်သွားရတော့သည်။

နဂါးတိုင်များဆီမှ နီကျင်ကျင် အလင်းတန်းအချို့ ထွက်ပေါ်လာပြီး ရန်လီလီနောက်သို့ တကောက်ကောက် လိုက်လံတိုက်ခိုက်နေသည်ကို သူမ တွေ့လိုက်ရ၏။ ၎င်းတို့မှာ ဓားများကဲ့သို့ပင် ရန်လီလီကို နှစ်ပိုင်းပိုင်းရန် လိုက်လံနှိုက်စက်နေသော်လည်း ကံကောင်းထောက်မစွာဖြင့် ရန်လီလီမှာ အားလုံးကို ရှောင်တိမ်းနိုင်ခဲ့သည်။

သို့သော်လည်း ထိုအလင်းတန်းများမှာ ရပ်တန့်သွားခြင်း မရှိပေ။

"ဒါက ဘာကြီးလဲ"

ဟွမ်ယီသည် အနားသို့ လျှောက်သွားစဉ် ဆွဲအားနယ်ပယ်ထဲမှ ထွက်လာသော ယွင်လျောင်နှင့် ဆုံမိသော်လည်း သူတို့နှစ်ဦးမှာ စကားတစ်ခွန်းမှ မဆိုဘဲ ကျော်ဖြတ်သွားခဲ့ကြသည်။

ထို့နောက် ဟွမ်ယီသည် ဆွဲအားနယ်ပယ်၏ အနားသတ်သို့ ရောက်ရှိသွားပြီး ဖြစ်ပျက်နေသည်များကို မြင်သောအခါ ပြုံးလိုက်ပြီး "ဒါက ရန်လီလီရဲ့ စွမ်းအားပေါ့လေ။ ငါက ဆန်းဝူမြို့ရဲ့ ပါရမီရှင်တွေကို အထင်ကြီးမိသွားတာပဲ" ဟု ပြောလိုက်သည်။

သူမ၏ အကဲဖြတ်ချက်အရ ရန်လီလီ၏ တုံ့ပြန်မှုနှင့် အရှိန်မှာ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၃ ရှိသူတစ်ဦး၏ အဆင့်အတန်းလောက်သာ ရှိသည်။

အထူးသဖြင့် သူ၏အရှိန်မှာ တော်တော်လေး မြန်သည်ဟု ထင်ရသော်လည်း အဆင့် ၄ ကျင့်ကြံသူတစ်ဦး၏ အဆင့်လောက်သာ ရှိနေခြင်းပင်။

ထို့ကြောင့် အဆင့် ၅ ရောက်နေသည့် သူသည် ဤမျှသာ တတ်နိုင်သည်ဟု သူမ ယူဆလိုက်မိသည်။

ရန်လီလီမှာ ဟွမ်ယီ၏ လှောင်ပြောင်သော စကားများကို သဘာဝကျကျပင် ကြားလိုက်ရ၏။ သို့သော် သူက ဂရုမစိုက်ဘဲ ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။

"နင်လို ကောင်မလေးက ဘာသိမှာမို့လို့လဲ"

"နင်..."

"ငါက ဘာဖြစ်လဲ။ နင်လည်း အထဲဝင်ပြီး စမ်းကြည့်ပါလား။ ဒီထဲမှာ နင်သာ ပြေးနိုင်မယ်ဆိုရင် ငါ့အရှုံးလို့သာ မှတ်လိုက်တော့"

"ကောင်းပြီလေ ငါ ဝင်ခဲ့မယ်"

"ဟိုက သံသေတ္တာထဲကို ရွှေဒင်္ဂါး ၁၀ ပြား ထည့်လိုက် ဒါဆိုရင် နင် ဒီထဲမှာ နှစ်နာရီ နေလို့ရပြီ"

"နေဦးပေါ့ ငါ နင့်ကို ဘယ်လို နှိမ်ပစ်မလဲဆိုတာ ကြည့်ထားလိုက်"

ဟွမ်ယီအတွက်တော့ ရွှေဒင်္ဂါး ၁၀ ပြားဆိုသည်မှာ နွားကိုးကောင်ကြားက အမွှေးတစ်ပင်မျှသာ တန်ဖိုးရှိသဖြင့် သူမသည် အိတ်ကပ်ထဲမှ ဒင်္ဂါးများကို သာမန်ကာလျှံကာပင် ထုတ်ပေးလိုက်သည်။

ရန်လီလီသည် အဟုန်အပြည့်ဖြင့် လျှောက်လှမ်းလာသော ဟွမ်ယီကို ကြည့်ကာ မတတ်သာသလို ပြုံးလိုက်ပြီး စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။

အမြင်ကျဉ်းတဲ့ မိစ္ဆာမလေးပဲ။

သူမသည် စီနီယာ ဟွမ်ကုန်းနှင့်အတူ လောကအနှံ့ နှစ်ပေါင်းများစွာ လှည့်လည်သွားလာခဲ့ဖူးသည်မှာ ထင်ရှားသော်လည်း သူမ၏ စိတ်ထဲတွင်တော့ သူမ မသိနားမလည်သော အရာများအပေါ် ရိုသေလေးစားမှု အလျဉ်းမရှိပေ။

"သတိထားဦးနော်"

ရန်လီလီက စေတနာနှင့် လှမ်းသတိပေးလိုက်သော်လည်း ဟွမ်ယီက နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ "နင်သာ သတိထားစမ်းပါ။ ငါ နင့်ကို ဘယ်လို အလဲအထိုးလုပ်မလဲဆိုတာ ကြည့်ထားလိုက်" ဟု ပြန်ပြောလိုက်သည်။

သူမ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည့် ခဏမှာပင် ဟွမ်ယီမှာ အကြီးအကျယ် တုန်လှုပ်သွားရ၏။ သူမ၏ ခန္ဓာကိုယ်မှာ ထိန်းမနိုင်ဘဲ ရှေ့သို့ ယိုင်လဲသွားတော့သည်။

"ဒါ... ဒါ ဘာဖြစ်တာလဲ"

ဖတ်…

ဟွမ်ယီ တစ်ယောက် လဲကျသွားပြီး ဆွဲအားနယ်ပယ်၏ အနားသတ်နှင့် ဆောင့်မိသွားသည်။ သို့သော် သူမ၏ တုံ့ပြန်မှုမှာ တော်တော်လေး မြန်ဆန်လှ၏။ သူမသည် လက်နှစ်ဖက်ဖြင့် မြေပြင်ကို အမြန်တွန်းကာ ပြန်ထရန် ကြိုးစားလိုက်သော်လည်း သူမ၏ ခန္ဓာကိုယ်မှာ ပုံမှန်ထက် အဆပေါင်းများစွာ လေးလံနေသဖြင့် သူမ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ လွှမ်းမိုးသွားတော့သည်။

"ကယ်ကြပါဦး သရဲစီးနေပြီ ထင်တယ်... ငါ့ကို တစ်ခုခုက ဖိထားသလိုပဲ"

"လျှောက်မပြောစမ်းပါနဲ့။ ဒီနေရာရဲ့ ထူးခြားချက်ကို နင် အခုထိ သတိမထားမိသေးဘူးလား"

"စကားမများနဲ့ဦး ငါ့ကို အရင်ထူပေးပါဦး... ငါ မတ်တပ်ထရပ်လို့ မရတော့ဘူး..."

"ခုနကတော့ တော်တော်လေး ဘဝင်မြင့်နေတာ မဟုတ်လား။ ကိုယ့်ဘာသာကိုယ် ထရပ်စမ်းပါ။ ငါ့မှာ နင့်ကို ကူညီဖို့ အချိန်မရှိဘူး"

"အီး... မကူညီလည်း နေပေါ့"

"ငါ ပြောပြမယ် ဒီထဲမှာ စကားတစ်ခွန်း ပြောလိုက်ရတဲ့ အချိန်က အပြင်က အချိန် ကိုးဆနဲ့ ညီမျှတယ်။ ဒီထဲမှာ နှစ်နာရီလောက် အလဟဿ အချိန်ဖြုန်းလိုက်တာက အပြင်က အချိန် ၁၈ နာရီကို ဖြုန်းလိုက်တာနဲ့ အတူတူပဲ။ ထားလိုက်ပါတော့ ငါ နင့်ကို စကားမပြောတော့ဘူး။ စကားပြောနေတာနဲ့တင် ငါ့အချိန်တွေ အများကြီး ကုန်နေပြီ"

"နင်... နင် ဘာတွေ ပြောနေတာလဲ"

"ဒီထဲမှာ နှစ်နာရီ ကျင့်ကြံတာက အပြင်မှာ ၁၈ နာရီ ကျင့်ကြံတာနဲ့ အတူတူပဲလို့ ပြောတာလေ။ ဒီလောက်ဆို နားလည်ပြီလား"

"ဘာ..."

၎င်းမှာ မေးခွန်းတစ်ခု မဟုတ်ဘဲ အံ့ဩတုန်လှုပ်သွားသည့် အာမေဍိတ်သံပင်။

သူမသည် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည့်အခါ သူမ၏ ရှေ့တွင် မျက်နှာပြင်တစ်ခု ပေါ်လာသည်ကို မြင်လိုက်ရ၏။

ပထမဆုံး စာကြောင်းမှာ [ဆွဲအားကျင့်ကြံခြင်းစနစ် ကျင့်ကြံမှု အရှိန်မှာ ၉ ဆ မြင့်တက်လာမည်] ဖြစ်နေသည်။

ဒုတိယစာကြောင်းမှာမူ [တိုက်ခိုက်ရေးစနစ် ကျင့်ကြံမှု ကဏ္ဍအသီးသီးသည် ၉ ဆ မြင့်တက်လာမည်ဖြစ်ပြီး ခန္ဓာကိုယ်အတွင်းရှိ အောင်းနေသော စွမ်းရည်များကိုလည်း လှုံ့ဆော်ပေးမည်]

"တကယ်ပဲ ၉ ဆလား..."

"ဒါပေါ့"

"ဘုရားရေ"

ဟွမ်ယီမှာ ဘာပြောရမှန်းမသိအောင် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

ဒါကြောင့်လည်း နှစ်နာရီဆိုတဲ့ အချိန်ကို ဒီလောက်တောင် တန်ဖိုးထားနေကြတာကိုး။

ဒီထဲက နှစ်နာရီက အပြင်လောကရဲ့ ၁၈ နာရီနဲ့ ညီမျှနေတာပဲ။

ဒါဆို ဒီထဲမှာ ခြောက်နာရီကြာ ကျင့်ကြံတာက တခြားလူတွေ အပြင်မှာ နားနားနေနေ မဟုတ်ဘဲ နှစ်ရက်ခွဲကြာအောင် ကျင့်ကြံနေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား။

ဒီထဲမှာ တစ်နှစ်ကြာ ကျင့်ကြံရင် အပြင်ကလူတွေရဲ့ ကိုးနှစ်စာ ကျင့်ကြံမှုနဲ့ ညီမျှနေမှာပေါ့။

ဒီနေရာမှာသာ နေမယ်ဆိုရင် ငတုံးတစ်ယောက်ဖြစ်နေပါစေ အချိန်တိုအတွင်းမှာ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ ရောက်တဲ့ ပညာရှင်တစ်ယောက် ဖြစ်လာနိုင်တာပေါ့။

ဤအရာများမှာ သံသယများ မဟုတ်တော့ပေ။ သူမသည် အဖြေကို သိရှိနေသော်လည်း မယုံကြည်နိုင်အောင် ဖြစ်နေရခြင်းသာ။

သို့သော် ရန်လီလီက သူမအား ဂရုမစိုက်တော့ဘဲ ကျင့်ကြံခြင်း၌သာ အာရုံစိုက်နေသည်ကို မြင်တွေ့လိုက်ရသောအခါတွင်မူ သူမ အပြည့်အဝ ယုံကြည်သွားတော့သည်။ ဒါတင်မကသေးဘဲ ရန်လီလီ တစ်နှစ်အတွင်း၌ အဆင့် ၅ သို့ ရောက်ရှိသွားရသည့် လျှို့ဝှက်ချက်မှာလည်း ဤအရာပင် ဖြစ်လိမ့်မည်ဟု သူမ ခန့်မှန်းလိုက်မိသည်။

သူမ၏ မိစ္ဆာစိတ်ကို တိုက်ရိုက်နှိမ်နင်းပေးနိုင်သည့် နေရာကို မြင်တွေ့ခဲ့ရပြီးပြီဖြစ်သလို ယခုလည်း ကျင့်ကြံမှုအရှိန်ကို ၉ ဆမျှ မြှင့်တင်ပေးသည့် နောက်ထပ်နေရာတစ်ခုကို ထပ်မံတွေ့ရှိရပြန်ပြီ ဖြစ်သည်။

"သွားပြီ... အဖေ့နောက်လိုက်သွားရင် သုံးလို့မကုန်နိုင်တဲ့ ငွေကြေးတွေ ရှိမှာတော့ မှန်ပါတယ်။ ဒါပေမဲ့ အခုတော့ သူ့နောက်လိုက်ဖို့ စိတ်ကူးတောင် မရှိတော့ဘူး။ နောင်ကျရင်တော့ ငါ ဘယ်မှမသွားတော့ဘဲ ဒီမှာပဲ အခြေချနေတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီ"

...

မိုးသံကြားဆောင်အတွင်း၌မူ ဝမ်ပင်းသည် စားပွဲပေါ်ရှိ နီရဲနေသော ကျောက်တုံးလေးကို စိုက်ကြည့်နေသည်။ ထိုကျောက်တုံးလေးမှာ လက်တစ်စုံ ဆန့်ထုတ်၍ ဝမ်ပင်း၏ နှလုံးသားကို ယားယံအောင် လုပ်ဆောင်နေသကဲ့သို့ပင်။

ထိုအရာက မစ်ရှင်၏ ဆုလာဘ်ပင်။ ၎င်းမှာ အလယ်အလတ်တန်းစား ဝါဂွမ်းအဆင့်ကျင့်စဉ်တစ်ခုဖြစ်သော ရှည်လျားသောလမ်းစဉ်ကျင့်စဉ်ပင်။ စနစ်၏ ဖော်ပြချက်

အရ ၎င်းကို အပိုင်းသုံးပိုင်း ခွဲခြားထားကာ ပထမပိုင်းမှာ ခန္ဓာကိုယ်ကို လေ့ကျင့်ရန်၊ ဒုတိယပိုင်းမှာ ချီစွမ်းအင်ကို လေ့ကျင့်ရန်နှင့် တတိယပိုင်းမှာမူ ဝိညာဉ်ကို လေ့ကျင့်ရန် ဖြစ်သည်။

သစ်ပင်ပန်းမန်များရှိသည့် မည်သည့်နေရာ၌မဆို ဤကျင့်စဉ်ကို အသုံးပြုသူသည် ကျင့်ကြံခြင်းအတွက် စွမ်းအင်များကို အဆက်မပြတ် စုပ်ယူနိုင်မည်ဖြစ်သည်။ သို့သော် စုပ်ယူနိုင်သည့် အကွာအဝေးမှာမူ သိပ်မဝေးလှဘဲ မီတာ ၁၀၀ ပတ်လည်ခန့်သာ ရှိသည်။ ဤကျင့်စဉ်ကို အဆင့်မြင့်ဆုံးအထိ ကျင့်ကြံနိုင်ပါက နက်နဲသောနယ်ပယ်၏ အထွတ်အထိပ်သို့ပင် ရောက်ရှိနိုင်မည် ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ ဝမ်ပင်း ယခုကျင့်ကြံနေသော ကျင့်စဉ်မှာ အများဆုံးရှိလှ ကိုယ်ခန္ဓာလေ့ကျင့်ခြင်း အဆင့် ၁၃ အထိသာ ရောက်ရှိနိုင်ခြင်းပင်။

ရှည်လျားသောလမ်းစဉ်ကျင့်စဉ်သည် ဤကျောက်တုံးနီလေးထဲ၌ ကိန်းအောင်းနေခြင်းပင်။ ဝမ်ပင်းက ၎င်းကို ခြေမွလိုက်ရုံဖြင့် အတွင်းရှိ အချက်အလက်များက သူ၏ဦးနှောက်အတွင်းသို့ တိုက်ရိုက်ရောက်ရှိသွားမည်ဖြစ်ကာ တစ်လုံးချင်း၊ တစ်ကြောင်းချင်း ဖတ်ရှုနေရန်ပင် မလိုပေ။

သို့သော် ကံမကောင်းသည့် အချက်တစ်ခုမှာ ကျင့်စဉ်အသစ်တစ်ခုသို့ ပြောင်းလဲကျင့်ကြံရန်အတွက် လက်ရှိကျင့်ကြံနေသော ကျင့်စဉ်ကို အရင်ဆုံး ဖျက်သိမ်းပစ်ရမည်ပင်။

All Chapters