← Chapters

အန္တရာယ်များသည့်စုဝေးပွဲ

Vol. 21 Ch. 294

အန္တရာယ်များသည့်စုဝေးပွဲ

Vol. 21 Ch. 294

အခန်း (၂၉၄) အန္တရာယ်များသည့်စုဝေးပွဲ

ပြင်ဆင်မှုများ ပြုလုပ်ပြီးသည်နှင့် ကျန်းလန် နဝမတောင်ထွတ်အစွန်းသို့ ထွက်လာခဲ့သည်။ ဆရာဖြစ်သူက သူ့ကို မှာကြားစရာ ရှိသည်ဟု စာပို့ပြီး ခေါ်ထားသောကြောင့် ဖြစ်၏။

ကျန်းလန် တောင်ထွတ်အစွန်းသို့ ရောက်လာသည်နှင့် မော့ကျန်းသုန့်က မေးခွန်းထုတ်သည်။

"မင်း စုဝေးပွဲအကြောင်း နည်းနည်းပါးပါး နားလည်ပြီလား"

ကျန်းလန်က ခေါင်းညိတ်ရင်း…

"ဟုတ်ကဲ့ ၊ နည်းနည်းပါးပါး နားလည်ပါပြီ"

မော့ကျန်းသုန့်က…

"ဘယ်လို ခံစားရလဲ"

ဆောင်းရာသီ မကုန်ဆုံးသေးသောကြောင့် တိုက်ခတ်လာသည့်လေပြေက အေးစက်လျှက် ရှိသည်။

လေအေးတိုက်ခတ်မှုကြောင့် လွင့်ပျံနေသည့် သူ၏ အဝတ်အစားထောင့်စွန်းများကို ငေးကြည့်ရင်း ကျန်းလန်က ပြန်ဖြေသည်။

"နည်းနည်းတော့ အန္တရယ်များတယ်လို့ ခံစားရတယ်"

ဤသည်က သူ၏ စစ်မှန်သည့် ခံစားချက်ပင်။

မိုးကောင်းကင်အင်မော်တယ်တစ်ပါး ဖြစ်နေသည့်တိုင် မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲက သူ့အတွက် သေချာပေါက် အန္တရယ်များလွန်းလှသည်။

စုဝေးပွဲကို သီးသန့် မှော်ရုံနယ်မြေတစ်ခုတွင် ကျင်းပမည် ဖြစ်သည်။

ခွန်လွန်တောင် တောင်ထွတ်အသီးသီးတွင် တည်ရှိသည့် မှော်ရုံနယ်မြေများတွင် ကျင်းပမည် မဟုတ်ဘဲ စုဝေးပွဲအတွက် အထူးပြုလုပ်ထားသည့် သီးသန့်မှော်ရုံနယ်မြေတွင် ကျင်းပမည် ဖြစ်၏။

လူများစွာ အချင်းချင်း စိတ်တိုင်းကျ သတ်ဖြတ်နိုင်ရန် ရည်ရွယ်ချက်ရှိရှိ လုပ်ထားသလို ခံစားရသည်။

မော့ကျန်းသုန့်က…

"မနက်ဖန် စုဝေးပွဲ စတင်လိမ့်မယ် ၊ ဒီနေ့ အပြင်သွားပြီး အသေးစိတ် အချက်အလက်တွေ သိရအောင် လေ့လာချင်ရင် လေ့လာဦးပေါ့"

ထို့နောက် သူက မှော်ဝင်ပစ္စည်းတစ်ခု ထုတ်ယူလိုက်ပြီး ကျန်းလန်ဆီသို့ ကမ်းပေးလိုက်သည်။

"ဒီမှော်ဝင်ပစ္စည်းက မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲကို ဝင်ဖို့အတွက်ပဲ ၊ ဒါပေမဲ့ ဒီပစ္စည်း သူများလက်ထဲရောက်သွားလည်း ဘာမှ မဖြစ်ဘူး ၊ မင်းအန္တရယ်ကင်းဖို့ကိုပဲ ဦးစားပေးရမယ် ၊ ပြီးတော့ ဒါကို မင်းရဲ့ အနီရောင်ဘူးသီးခြောက်ထဲမှာလည်း ထည့်သိမ်းမထားနဲ့ဦးနော်"

ကျန်းလန်က မှော်ဝင်ပစ္စည်းကို လှမ်းယူလိုက်သည်။

ထိုအရာက ဒိုင်းကာတစ်ခု ဖြစ်လေရာ မည်သို့သောလုပ်ဆောင်ချက်ရှိသည်ကို မေးနေစရာ မလိုတော့ပေ။

***

ဆရာဖြစ်သူကို နှုတ်ဆက်စကားဆိုပြီးနောက် ကျန်းလန် ခွန်လွန်တောင်အပြင်ဘက်သို့ ထွက်လာခဲ့သည်။ မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲ မည်ကဲ့သို့ ကျင်းပမည်ကို သူ လေ့လာရမည် ဖြစ်၏။

ဆရာဖြစ်သူက သိပ်လည်း ရှင်းမပြလေရာ သူကိုယ်တိုင် လေ့လာရပေမည်။

သူ ခွန်လွန်တောင်မှ ထွက်လာစဉ် ပိရမစ်တစ်ခုနှင့်ဆင်တူသည့် တြိဂံပုံသဏ္ဍန် မှော်ရုံနယ်မြေတစ်ခုကို တွေ့လိုက်ရသည်။

ထိုအရာကြီးက တောင်တစ်တောင် လေထဲတွင် လွင့်မျောနေသည့်အလား ဖြစ်သည်။ မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲကျင်းပမည့် မှော်ရုံနယ်မြေပင် ဖြစ်သည်။

သူက အဋ္ဌမမင်းသားထံ သွားရောက်ပြီး စုဝေးပွဲနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကို မေးမြန်းရန် ရည်ရွယ်လိုက်သည်။ အနှီမင်းသားငယ်က သတင်းအစုံအလင်ကို သိရှိသည် မဟုတ်ပါလား။

သို့သော် လုန်မန် မည်သည့်တောင်တွင် ရောက်နေသည်လဲ ကျန်းလန် မသိရှိပေ။ သို့မဟုတ် သေရည်ဆိုင်တွင် ရှိနေမည်လား။

အတွေးနှင့်အတူ ကျန်းလန် သေရည်ဆိုင်သို့ ထွက်လာခဲ့သည်။

သေရည်ဆိုင်နားသို့ ရောက်သည်နှင့် ဆိုင်တစ်ခုလုံး ဆူညံလျှက် လူများစွာဖြင့် အသက်ဝင်နေသည်ကို တွေ့လိုက်ရသည်။

ဆိုင်များမှားလေသလားဟု ကျန်းလန် သေရည်ဆိုင်နာမည်ကိုပင် ဖတ်ကြည့်လိုက်မိသည်။ သို့သော် တကယ်ပဲ သူ လာနေကျ သေရည်ဆိုင်အိုကြီး ဖြစ်လေ၏။

သို့သော် အရင်ကလို လူသူကင်းမဲ့နေခြင်း မရှိတော့ပေ။

ကျန်းလန် ဆိုင်ထဲဝင်လိုက်သည်နှင့် စားပွဲများအားလုံးတွင် ဧည့်သည်များဖြင့် ပြည့်နေသည်ကို တွေ့မြင်ရသည်။ အားလုံးက သေရည်သောက်ရင်း အသားကင်များကို စားသုံးနေကြ၏။

"အသားကင်ကို မည်သူကင်နေပါသနည်း"

ကျန်းလန် သိချင်သွားသည်။

ထို့ပြင် သေရည်ဆိုင်တွင် စားသောက်နေကြသူများမှာ အနည်းဆုံး မရှိမှုအာကာသအဆင့် ကျင့်ကြံသူများဖြစ်ပြီး လူသားအင်မော်တယ်များစွာလည်း ပါဝင်သည်။

ကြည့်ရသည်မှာ မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲက တန်ခိုးစွမ်းအာမြင့်မားသူများနှင့် ပြည့်နေဟန် ရှိသည်။

အားအနည်းဆုံးသည်ပင် မူလဝိညာဉ်အဆင့် ကျင့်ကြံသူ ဖြစ်သည်။ ယခင်တစ်ခေါက်က သူလိုက်မသွားသည်မှာ မှန်သည်ဟု ဆိုရမည်။

"လာပြီ… အသားကင်ရပါပြီ"

ဆိုင်အနောက်ဘက်မှ အဋ္ဌမမင်းသား၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။

ထို့နောက် အဋ္ဌမမင်းသားက ယုန်သားကင်ပန်းကိုယူဆောင်ပြီး လူအချို့ သေရည်သောက်နေသည့် စားပွဲဆီသို့ ယူဆောင်သွားသည်ကို တွေ့လိုက်ရသည်။

အဋ္ဌမမင်းသားက…

အသားကင်ရောင်းနေတာလား။

လုန်မန်က ကျန်းလန်ရောက်နေသည်ကို ချက်ချင်း သတိထားမိသွားပြီး…

"ယောက်ဖ… မင်းလည်း အသားကင်စားမလို့လား"

ဆိုင်ထဲတွင်လည်း ထိုင်စရာနေရာမရှိလေရာ ကျန်းလန်မှာ ဆိုင်အနောက်ဘက်ဆီသို့သာ လုန်မန်နှင့်အတူ လိုက်သွားရတော့သည်။

သေရည်ဆိုင်မှ ကလေးငယ်ကလည်း လုန်မန်ကို ကူညီပြီး အသားကင်ပေးနေသည်ကို တွေ့လိုက်ရ၏။

"အစ်ကိုကြီး… အဘိုးက ဒီကာလမှ အကောင်းစားသေရည်ရောင်းတာ နားထားတယ်"

ကျန်းလန်ကို တွေ့သည်နှင့် ကောင်ငယ်လေးက ပြောလိုက်သည်။

ကောင်ငယ်လေး အသားကင်နေသောကြောင့် ဆိုင်ထဲတွင် ဇာမဏီကောင်မလေးတစ်ယောက်သာ ရှိနေခြင်းဖြစ်လေသည်။ စောစောက ကောင်တာနောက်တွင် သူမကို ကျန်းလန် တွေ့ခဲ့ရသည်။

ကျန်းလန်က သိချင်စိတ်ဖြင့်…

"အခု သေရည်ဆိုင်မှာ ဒါတွေလည်း ရောင်းနေတာလား"

အဋ္ဌမမင်းသားက…

"ဘယ်ကလာ… ဆိုင်ရှင်အဘိုးမရှိတုန်း ခိုးရောင်းရတာ ၊ နေ့ခင်းပိုင်း အဘိုးပြန်လာရင် မရောင်းတော့ဘူး"

ကျန်းလန်က ကောင်ငယ်လေးကို လှမ်းကြည့်လိုက်သည်။

ကောင်ငယ်လေး ဘာမှ မပြောနိုင်ခင် အဋ္ဌမမင်းသားက ဝင်ပြောလိုက်သည်။

"မင်း မိန်းမယူချင်တယ်ဆိုရင် ကိုယ်ပိုင်ပိုက်ဆံရအောင် ဘယ်လိုရှာဖွေရမလဲဆိုတာ အရင်ဆုံးသင်ယူရမယ်"

သူက ကောင်ငယ်လေးကို ကြည့်လိုက်ရင်း…

"ကျုပ်ပြောတာကို သူနားလည်ပြီးသားပါ ၊ လူဆိုတာ မိသားစုတစ်ခု မတည်ဆောက်ခင် စီးပွားရေးတစ်ခု အရင်တည်ဆောက်ရတယ် ၊ ဇာမဏီကောင်မလေးက ခွန်လွန်တောင်မှာ ကိုယ်ပိုင်စီးပွားရေးလုပ်နိုင်တဲ့ ရင့်ကျက်တဲ့ ယောက်ျားလေးကိုပဲ သဘောကျမှာပေါ့ ၊ ဟုတ်တယ်မလား"

ကျန်းလန် : "……"

ကောင်ငယ်လေးက ကျန်းလန်ကို ကြည့်လိုက်ရင်း…

"အဲဒါကြောင့် အသားကင်နေရတာနဲ့ပဲ ဟုန်ယာက သူနဲ့အတူ ဆိုင်စောင့်မပေးလို့ ကျွန်တော့်ကို စိတ်ကောက်နေပြီ"

ခဏနေပြီးမှ သူက အကူအညီတောင်းဟန်ဖြင့်…

"အစ်ကိုကြီး… အစ်ကိုကြီးရော … ကောင်မလေးစိတ်ကောက်ရင် ဘယ်လိုချော့လဲ"

"ပြသနာပဲ… မသိဘူးဟ"

ကျန်းလန် စိတ်ထဲမှ တွေးလိုက်သည်။

ပြီးမှ သူက ခပ်တိုးတိုးလေသံဖြင့်…

"မင်းက အရမ်းငယ်သေးတယ် ၊ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်သင့်တယ်"

အဋ္ဌမမင်းသားက ကောင်ငယ်လေး၏ ပခုံးကို အသာပုတ်လိုက်ရင်း…

"ကျုပ်ယောက်ဖနဲ့အစ်မက အချင်းချင်း ချစ်လိုက်ကြတာမှ တုန်လို့ ၊ အစ်မကလည်း သိပ်နူးညံ့တာလေ ၊ ဟိုဇာမဏီကောင်မလေးလို မာနကြီးပြီ မမောက်မာဘူး ၊ ဒီတော့ စိတ်ဆိုးစိတ်ကောက်တယ်ဆိုတာ ဘယ်ရှိမလဲ"

သူက ဆက်ပြောသည်။

"မင်း ကျုပ်စကားနားထောင်စမ်းပါ ၊ စိတ်ကောက်မယ်ဆိုတိုင်း အဲဒီကောင်မလေးကို ဓားနဲ့ခုတ်ဖို့သာ ရွယ်လိုက် ၊ နောက် ဘယ်တော့မှ စိတ်ဆိုးစိတ်ကောက်ရဲမှာ မဟုတ်တော့ဘူး"

ကျန်းလန် : "……"

ကျန်းလန် မည်သည့်စကားမှ ဝင်မပြောခဲ့ပေ။

ရှောင်ယွိ စိတ်ဆိုးစိတ်ကောက်ခဲ့ရင်ရော…

သူ မည်သို့ ချော့ရပါမည်နည်း။

ကျန်းလန်သည် ရှောင်ယွိ၏ အသွင်အပြင်နှင့် ပင်ကိုယ်စရိုက်ကို တွေးတောပြီးနောက် အဖြေထုတ်လိုက်သည်။

ရှောင်ယွိက စိတ်ဆိုးစိတ်ကောက်သည်ဆိုလျှင် သူ့ကို တိုက်ရိုက်ပြောမည်ပင် ဖြစ်သည်။ သူမက ရင်ထဲသိမ်းဆည်းကာ တေးမှတ်ထားတတ်သည့်မိန်းကလေးမျိုး မဟုတ်ပေ။

ကျန်းလန် ထိုအကြောင်းများကို တွေးမနေတော့ဘဲ မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကို အဌမမင်းသားအား မေးမြန်းလိုက်သည်။

"စည်းမျဉ်းတွေ... ဟုတ်လား"

လုန်မန်က အသားကင်နေသည့်မီးကို ထိန်းညှိရင်း ပြောသည်။

"စည်းမျဉ်းတွေက အရမ်း ရိုးရှင်းပါတယ် ၊ မဟူရာမှော်ရုံနယ်မြေမှာ စုစုပေါင်း အထပ် (၉) ထပ် ရှိတယ်လို့ ကြားတယ်"

သူက ဆက်ရှင်းပြသည်။

"မူလဝိညာဉ်အဆင့် ၊ မရှိမှုအာကာသအဆင့် ၊ လူသားအင်မော်တယ်အဆင့်နဲ့ အစစ်အမှန်အင်မော်တယ်အဆင့်တွေအတွက် အထပ် (၂) ထပ်စီ သတ်မှတ်ထားတယ် ၊ နောက်ဆုံး (၉) ထပ်မြောက်ကတော့ မိုးကောင်းကင်အင်မော်တယ်နဲ့အထက် ကျင့်ကြံသူတွေအတွက်ပဲ"

"အထပ်တိုင်းမှာ ဗဟိုမဏ္ဍိုင်တစ်ခုစီရှိတယ် ၊ အဲဒီနေရာကို အပြင်ကလူတွေ ကြည့်လို့ရတယ်တဲ့၊ အခြားနေရာတွေမှာတော့ အထဲမျာ ဘာဖြစ်နေလဲဆိုတာ အပြင်က ဘာမှ မသိနိုင်ဘူး"

"ပြီးတော့ အသက်ကယ်စည်းမျဉ်းလည်း ရှိတယ် ၊ ဒဏ်ရာအပြင်းအထန်ရတဲ့သူ ၊ ဒါမှမဟုတ် အသက်အန္တရယ် ရင်ဆိုင်ရတဲ့သူတွေကို ချက်ချင်း မှော်ရုံနယ်မြေအပြင်ဘက်ကို ပို့ပေးတယ် ၊ ဒါပေမဲ့ ချက်ချင်းအသတ်ခံလိုက်ရလို့ မဟူရာမှော်ရုံနယ်မြေက တုံ့ပြန်ချိန်မရဘူးဆိုရင်တော့ ဘာမှမတတ်နိုင်ဘူးပေါ့"

ကျန်းလန် ခေါင်းညိတ်လိုက်သည်။

ယေဘူယျအခြေအနေကို သူ နားလည်သွားပြီ ဖြစ်သည်။

ရန်သူက သူ့ကို ချက်ချင်းသတ်ဖြတ်ရန် မဖြစ်နိုင်သည့်တိုင် အန္တရယ်ကတော့ အလွန်များနေသေးသည်။

ထို့ပြင် အသက်ကယ်စည်းမျဉ်းကို အားမကိုးသည်က အကောင်းဆုံးပင်ဖြစ်သည်။ မဟုတ်ပါက သတိပေါ့လျော့သွားနိုင်သည်။

အချိန်အတန်ကြာ စကားပြောဆိုပြီးနောက် ကျန်းလန် သေရည်ဆိုင်မှ ပြန်လာခဲ့သည်။

လုန်မန်နှင့် ကောင်ငယ်လေး စွန့်ဦးတီထွင် စီးပွားရေးပညာရှင်များအဖြစ် အသားကင်များရောင်းနေသည်ကို ဆိုင်ရှင်အဘိုး မသိပါစေနှင့်ဟု သူ မျှော်လင့်မိသည်။

သို့သော် ကျန်းလန် သေရည်ဆိုင်မှ ထွက်လိုက်သည်နှင့် ဆိုင်ရှင်အဘိုး ပြန်လာသည်ကို တွေ့လိုက်ရ၏။

သူက အေးအေးဆေးဆေးပင် အဘိုးအိုကို နှုတ်ဆက်စကားဆိုပြီးနောက် တောင်ပေါ်သို့ ပြန်လာခဲ့သည်။

"အသားကင်ရောင်းနေတဲ့ ဟိုနှစ်ကောင် အဆင်ပြေပါစေလေ"

***

ညနေခင်းအချိန်...

ကျန်းလန် ရင်ပြင်ကို သန့်ရှင်းရေးလုပ်ရင်း အနာဂတ်ကျင့်စဉ်လမ်းအကြောင်း စဉ်းစားနေသည်။

မိုးကောင်းကင်အင်မော်တယ်မှ တာ့လော်အင်မော်တယ် အဆင့်တက်ရန်အတွက် ကိုယ်ပိုင်တာအိုလမ်းစဉ်ကို ခိုင်မာစေရမည် ဖြစ်သည်။ ထိုအချက်က အခက်ခဲဆုံးခြေလှမ်း ဖြစ်၏။

ရွှေခန္ဓာရရှိအောင်ကျင့်ကြံရန် အလွန်ခက်ခဲသော်လည်း မည်သို့ ကျင့်ကြံရမည်ကို အနည်းငယ် သိရှိနားလည်သေးသည်။

သို့သော် ကိုယ်ပိုင်တာအိုလမ်းစဉ်ကို ခိုင်မာစေရန်မှာတော့ အနည်းငယ် အခက်တွေ့လျှက် ရှိသည်။ ကျန်းလန်အနေဖြင့် တစ်လက်မပင် ရှေ့ဆက်မတက်နိုင်သေးပေ။

သေရည်ဆိုင်မှ ရရှိခဲ့သည့် ဉာဏ်အလင်းပွင့်ခြင်းကြောင့် သူ တာအိုကို ပိုမိုနားလည်လာခဲ့သည်။ သို့သော် သူ၏ ကိုယ်ပိုင်တာအိုလမ်းစဉ်ကို မိုးကောင်းကင်တာအိုက အသိအမှတ်ပြုရန်မှာတော့ အလွန်အလှမ်းဝေးနေသေးသည်။

ထို့အတူ ရွှေခန္ဓာရရှိအောင်ကျင့်ကြံရန်မှာလည်း အချိန်ယူရဦးမည် ဖြစ်၏။

သာမန်အခြေအနေတစ်ခုတွင် အစစအရာရာ အဆင်ပြေချောမွေ့သည်ဆိုပါက ရွှေခန္ဓာရရှိရန် နှစ်ပေါင်း (၂၀၀၀) ခန့် အချိန်ယူကျင့်ကြံရမည် ဖြစ်သည်။

သို့သော် ကျန်းလန်က စနစ်ကိုအားကိုး၍ ရနိုင်သည်။

ထို့ပြင် သူ့တွင် ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားနှင့် မရဏဂူထဲမှ မရဏအငွေ့အသက်များလည်း ရှိလေသည်။

ဘာပဲဖြစ်ဖြစ် စောစီးစွာ ကျင့်ကြံခြင်း အဆင့်တက်နိုင်ရန် မျှော်လင့်မိသည်။

"မဟူရာမှော်ရုံနယ်မြေက ထူးခြားတဲ့နေရာတစ်ခု ဖြစ်ပါစေလို့ မျှော်လင့်ပါတယ် ၊ ဒါမှ ငါ စနစ်မှတ်ပုံတင်ရင် ပစ္စည်းကောင်းလေးတွေရမှာ"

ကျန်းလန် တွေးလိုက်သည်။

မဟူရာမှော်ရုံနယ်မြေက မှော်ရုံနယ်မြေတစ်ခုဟုဆိုသော်လည်း သီးခြားတည်ဆောက်ထားသည့် နေရာတစ်ခုသာ ဖြစ်သည်။

သို့ပေသိ အထဲတွင်တော့ ထူးခြားချက်တစ်စုံတစ်ရာ ရှိကောင်းရှိနိုင်သည်။ ခွန်လွန်တောင်ရှိ မှော်ရုံနယ်မြေတိုင်းတွင်လည်း ထူးခြားချက်များ ရှိစမြဲပင်ဖြစ်သည် မဟုတ်ပါလား။

ဤမှော်ရုံနယ်မြေသည်လည်း သူ့ကို စိတ်မပျက်စေရန် မျှော်လင့်မိ၏။

"ဝှစ်"

ရုတ်တရက် အသံတစ်သံ ကြားလိုက်ရသည်။

အလွန်လျှင်မြန်သည့် လှုပ်ရှားသံတစ်ခု ဖြစ်ပြီး အဝေးတစ်နေရာမှ ခုန်ပျံလာသည့် ပုံရိပ်ငယ်တစ်ခုသည် ကျန်းလန်ရှေ့သို့ ဝှစ်ခနဲ ရောက်ရှိလာသည်။

"ဂိုဏ်းတူမောင်လေး ၊ ကျွန်မပုံစံ ကြည့်ကောင်းရဲ့လား"

ကျန်းလန်က သူမကို ကြည့်လိုက်တော့ ဆံပင်ရှည်လေးများကို ဒီအတိုင်းချထားပြီး ပေါ့ပါးသည့် အဝတ်အစားလေးများကို ဝတ်ဆင်ထားကြောင်း တွေ့လိုက်ရသည်။

ကျန်းလန်က...

"ဂိုဏ်းတူအစ်မ ၊ ဒီနေ့ ကိုယ့်ကို စိန်ခေါ်ယှဉ်ပြိုင်ဖို့ ရောက်လာတာလား"

ယခု သူတို့ ရင်ပြင်ဆီသို့ ရောက်နေလေရာ တိုက်ခိုက်ကြမည်ဆိုလျှင် အဆင်ပြေလေသည်။

ရှောင်ယွိက ပြုံးလိုက်ရင်း…

"နောက်တစ်ခေါက်မှ ပြိုင်ကြတာပေါ့ ၊ ဟွန့်… ရှင့်ကို နည်းနည်းလောက် တန်ခိုးစွမ်းအားမြင့်မားလာအောင် ကျင့်ကြံဖို့ အချိန်ပေးလိုက်မယ်"

ထို့နောက် သူမ၏ သစ်သားဓားလေးကို ကျန်းလန်ဆီသို့ ကမ်းပေးလိုက်သည်။

ကျန်းလန်က သစ်သားဓားလေးကို လှမ်းယူလိုက်စဉ် ကျန်းလန်လက်ထဲမှ တံမြက်စည်းကို ရှောင်ယွိက ဆွဲယူလိုက်သည်။

သူမက…

"ဂိုဏ်းတူမောင်လေးက ကျွန်မရဲ့ သစ်သားဓားထဲကို နဂါးသုတ်သင်ဓားဝိညာဉ်ထည့်ပေးလို့ ကျွန်မက ရင်ပြင်ကို တံမြက်စည်းလှဲပေးမယ် ၊ အပြန်အလှန်ကူညီတာပေါ့"

ကျန်းလန် ရင်ပြင်ထက်တွင် ထိုင်လိုက်ရင်း သစ်သားဓားလေးအတွင်းသို့ နဂါးသုတ်သင်ဓားဝိညာဉ် ထည့်သွင်းပေးလိုက်သည်။

"မနက်ဖန် မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲကို ဂိုဏ်းတူအစ်မ သွားမှာ မဟုတ်လား"

ရှောင်ယွိက တံမြက်စည်းလှည်းနေခြင်းကို ခဏမျှ ရပ်လိုက်ပြီး ကျန်းလန်ကို လှမ်းကြည့်လိုက်သည်။

"သွားမှာပေါ့ ၊ ဆရာ့ကိုလည်း ပြောပြီးသွားပြီ ၊ ကျွန်မက ကျောက်စိမ်းရေကန်မှာ တစ်ချိန်လုံး နေရတော့ ပြင်ပလောကအကြောင်း သိပ်မသိဘူးလေ"

သူမက ဆက်ပြောသည်။

"ဂိုဏ်းတူမောင်လေး… ၊ ကျွန်မ တစ်ခု သိလိုက်ရတယ် သိလား ၊ ကျွန်မက ကျောက်စိမ်းရေကန်နဲ့ နဝမတောင်ထွတ်မှာပဲ နေတာများပြီး အပြင်ကို သိပ်မထွက်ဖြစ်ဘူးလေ ၊ ရှင်နဲ့အနေနီးပြီး လမ်းလွဲကုန်တာ ဖြစ်ရမယ်"

"အရင်ကဆိုရင် ဂိုဏ်းတူမောင်လေးတွေ ညီမလေးတွေက နဝမတောင်ထွတ်မှာ ဂိုဏ်းတူအစ်ကိုတစ်ယောက် ရှိတာ မသိကြဘူးလေ ၊ နဝမတောင်ထွတ်မှာ လူမရှိဘူးပဲ ထင်နေကြတာ မဟုတ်လား ၊ အခု သူတို့က ကျောက်စိမ်းရေကန်မှာလည်း ကျောက်စိမ်းရေကန်နတ်ဘုရားမ မရှိဘူးလို့ ထင်နေကြပြီ"

ကျန်းလန် ဂုဏ်ပြုသည့်အနေဖြင့် သူမကို ခေါင်းညိတ်ပြလိုက်လေသည်။

All Chapters