စီနီယာတွေဆိုတာ ဂျူနီယာတွေ ကျော်တက်တာကို ခံရမှာပဲ
Vol. 12 Ch. 166
ညနေပိုင်းတွင် တရုတ်နိုင်ငံ Top Voice အစီအစဉ်၏ ဒုတိယပွဲစဉ် စတင်လေသည်။
ဒိုင်လူကြီးလေးယောက်က သူတို့ခုံများ၌ နေရာယူလိုက်ကြသည်။ သို့သော် အခြေအနေက မနက်ခင်းပိုင်း နှင့်ယှဉ်လျင် ပို၍ အနေရခက်နေကြပုံ ပေါ်လေသည်။
ဟုန်နာမှအပ ကျန်ဒိုင်လူကြီး သုံးယောက်က အချင်းချင်း အနေရခက်သော အကြည့်များဖြင့် ကြည့်နေကြပြီး သူတို့ အကြည့်၌ စိတ်မသက်မသာ ဖြစ်သော အရိပ်အယောင်များ ရှိနေသည်ကို အချင်းချင်း တွေ့မြင်လိုက်သည်။
ချန်ရှောင်ယန်နှင် ဟုန်နာတို့၏ ပဋိပက္ခက ပို၍ ပြင်းထန်လာပြီး သူတို့ ဝင်ဖျန်ဖြေ၍ မရသည်အထိ ဖြစ်သွားခဲ့သည်။
ပရိသတ်များက ပြိုင်ပွဲ စတင်လာမည့် အချိန်ကို အမျိုးမျိုးသော အကြောင်းပြချက်များဖြင့် ငြိမ်သက်စွာ စောင့်နေကြသည်။
ဖန်သားပြင်မှတစ်ဆင့် ကြည့်ရှုနေသော ပရိသတ်များသည်လည်း ထိုနည်းလည်းကောင်းပင်။
သူတို့၏ အသက်ရှူသံပင် ပြင်းထန်လာပြီး ညနေဘက်ပွဲစဉ်မှ ချန်ရှောင်ယန်၏ ဖျော်ဖြေမှုကို မျှော်လင့် စောင့်စား နေကြသည်။
အဖြစ်အပျက်က ဘယ်လို ပြောင်းလဲသွားမည်နည်း။
ပြိုင်ပွဲသည် ပုံမှန်အတိုင်း စတင်လာပြီး ပြိုင်ပွဲဝင်များက ခန်းမထဲသို့ တစ်ယောက်ပြီး တစ်ယောက် ဝင်လာလေသည်။
သို့သော် ချန်ရှောင်ယန်အလှည့်သို့ ရောက်လာရန် ထာဝရ စောင့်နေရသည်ဟု ထင်မှတ်ရသည်။ တစ်ချို့ဆိုလျင် ပွဲစီစဉ်သူ ပရိယာယ် ဖြစ်နိုင်သည်ဟုပင် သံသယ ဝင်လာ၏။
ပြိုင်ပွဲဝင် နံပါတ်တစ်က မော့လီကို သီဆိုသွားသည်။ ပြိုင်ပွဲဝင် နံပါတ်နှစ်က ရှောင်ကျို့ဝေါ်၊ ပြိုင်ပွဲဝင် နံပါတ်သုံးက ရွှမ်းကျဲကွမ်။
…
သူတို့၏ သီဆိုဖျော်ဖြေမှုများက ကောင်းမွန်သော်လည်း ပရိသတ်များ မျှော်လင့်နေသော အရာ မဟုတ်သဖြင့် သူတို့ထံမှ အလွန် သာမျှကျသော တုံ့ပြန်မှုကိုသာ ရရှိလေသည်။ စင်ပေါ်မှ ဒိုင်လေးယောက်တောင်မှ သာမန် လောက်သာ မှတ်ချက်ပြုကြသည်။
“ဒါရိုက်တာကျိုး၊ နှုန်းက ၂.၅ ဗျ”
စင်နောက်မှ ရှောင်လီသည် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာ နီနေပြီး ပါးစပ်က နားရွက်ကို တက်ချိတ်မတတ် ပြုံးနေလေသည်။
အံ့ဩမှု၊ ဤသည်က တကယ့်ကို အံ့ဩမှုကြီးပင်။
တရုတ်နိုင်ငံ၏ Top Voice အစီအစဉ်အား အသေအချာ အစီအစဉ်ချ ပြုလုပ်ကျင်းပခဲ့သော်လည်း အမြင့်ဆုံး ကြည့်ရှုသူနှုန်း ၂ ဝန်းကျင်သာ ရှိခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ အဖွင့်ပွဲစဉ်လေးသာ ရှိသေးသော်လည်း ကြည့်ရှုသူနှုန်းက ၂.၅ သို့ ရောက်နေခဲ့သည်။ အကယ်၍ သူတို့သာ မိမိမျက်လုံးဖြင့် တပ်အပ် မမြင်ခဲ့ရလျင် ရလဒ်ကို ယုံကြည်မိမည် မဟုတ်ပါ။
ထိုတစ်ခုတည်းနှင့်တင် အကျော်ကြားဆုံး ရသစုံရှိုးဟု နာမည်တပ်၍ ရနိုင်နေလေပြီ။ အမျိုးအစား စုံလင်သော ရသစုံရှိုးများထဲတွင် အချို့သာလျင် ဤသို့သော ရလဒ်မျိုးကို ရရှိနိုင်၏။
“ကောင်းတယ်၊ သိပ်ကောင်းတယ်”
ဒါရိုက်တာကျိုး၏အသံ တုန်ယင်နေသည်။
“အင်တာနက် အနုပညာရှင်တစ်ယောက်က ဒီလောက် လွှမ်းမိုးနိုင်လိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ ဒါ အေအဆင့် အနုပညာရှင်တစ်ယောက်နဲ့တောင် ယှဉ်နိုင်လုနီးပါးပဲ”
ဤသို့သော နှုန်းထားရလာသည့် အကြောင်းရင်းကို သူတို့ သိပါသည်။ ပရိသတ် အများစုသည် ချန်ရှောင်ယန် စင်မြင့်ပေါ် ရောက်ရှိမည့် အချိန်ကို စောင့်နေခြင်း ဖြစ်နိုင်သည်။
သီချင်း တစ်ပုဒ်ပြီး တစ်ပုဒ်ဖြင့် ပြိုင်ပွဲဝင်များ ယှဉ်ပြိုင်သီဆိုပြီးနောက် ကြည့်ရှုသူများ၏ မျှော်လင့်ချက်က ကြီးထွားလာသည်။ ကြည့်ရှုသူ အများစုသည် သူတို့၏ တီဗွီရှေ့၌ အာခြောက်လာသလိုပင် ခံစားနေရသည်။
ပြိုင်ပွဲဝင် နံပါတ် တစ်ဆယ့်သုံး ဘယ်တော့မှ။
ပြိုင်ပွဲဝင် နံပါတ် တစ်ဆယ့်လေး အမှတ်တမဲ့ မိုးရေချိုးခြင်း
“လာပြီ၊ နောက်ဆုံးတော့ လာပြီဟေ့၊ ဘာလို့ သူက နောက်ဆုံး ဖြစ်နေတာလဲ”
“ယီးပဲ တရုတ်နိုင်ငံ Top Voice အစီအစဉ်က ဒါ တမင် လုပ်နေတာပဲ၊ ငါ့အတွက် ဒီကို ရောက်လာဖို့ လွယ်တယ်များ ထင်နေလား၊ ချန်ရှောင်ယန် တစ်ယောက်တည်းအတွက် ငါ ဒီကို လာတာကွ”
“မြေယိုး ငါ ဘာမှမဟုတ်ဘဲ သီချင်း တစ်ဆယ့်လေးပုဒ်ကို နားထောင်လိုက်ရတာ၊ ဒါ သေချာပေါက်ကို တမင် လုပ်တာ”
“အား … နောက်တစ်ယောက်က ချန်ရှောင်ယန်ပဲ၊ သူ ဘာကို ဆိုမှာလဲ၊ ငါ အရမ်း စိတ်လှုပ်ရှားနေပြီ”
“ငါတော့ ချန်ရှောင်ယန် ပြုတ်တော့မယ်လို့ ထင်နေတယ်၊ ဟုန်နာက သူ့ကို အခက်တွေ့အောင် လုပ်တော့မှာ၊ ပြီးတော့ သူရဲ့ အလင်းအား ဖွေရှာသူကိုလည်း ဆိုပြီးသွားပြီလေ”
“ဟုတ်တယ် သူ သမာရိုးကျ ဆန်လွန်းတဲ့ သီချင်းကို ဆိုလို့ကတော့ သူ့ကျော်ကြားမှုက ကြီးသွားမှာ သေချာတယ်”
…
တစ်ညနေလုံး တိတ်ဆိတ်နေခဲ့သည့် ပရိသတ်များက စတင် စိတ်လှုပ်ရှားလာပြီး ဖြစ်နိုင်ချေရှိသော ရလဒ်များကို ဆွေးနွေးလာကြသည်။
တင်ဆက်သူက စင်ပေါ်သို့ မဆိုင်းမတွ ပြန်လာသည်။ သူက မိုက်ကိုကိုင်၍ ပြုံးကာ ပြောလေသည်။
“အခုအချိန်က အားလုံး အတော်ကြာအောင် စောင့်လိုက်ရတဲ့ အချိန်လေး ဖြစ်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ ဟုတ်ပါတယ်ခင်ဗျား ကျွန်တော်တို့ရဲ့ ဆယ့်ငါးယောက်မြောက် ပြိုင်ပွဲဝင်က ချန်ရှောင်ယန် ဖြစ်ပါတယ်”
သူ တစ်ခဏမျှ တိတ်သွားပြီးနောက် ပရိသတ်များကိုကြည့်၍ ထူးဆန်းသော လေသံဖြင့် ပြောလေသည်။
“အားလုံးကို ကျွန်တော် လျှို့ဝှက်ချက် သေးသေးလေး ပြောဦးမယ်ဗှ၊ ချန်ရှောင်ယန်က သူ့ရဲ့ သီချင်းသစ်ကို သီဆို ဖျော်ဖြေမှာပါ”
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူတိုင်း ငြိမ်သက်သွားလေသည်။ တစ်ခဏမျှ တိတ်သွားပြီးနောက် ဆူညံလှုပ်ရှားလာသည်။
“စောက်ရမ်း မိုက်တယ်ဟေ့၊ ဒါ တကယ်ကြီးလား၊ သီချင်းသစ်တဲ့လား”
“အား … ချန်ရှောင်ယန်က သီချင်းသစ်ကို ထုတ်တော့မယ်တဲ့၊ သီချင်းက ကောင်းမယ်ဆိုတာ ငါ အတပ် သိနေတယ်”
“ချန်ရှောင်ယန် သီချင်းသစ် သုံးလိမ့်မယ်လို့ ငါ လုံးဝ ထင်မထားမိဘူး”
“တန်တယ်၊ ဒီအထိ စောင့်ခဲ့ရတာ အားလုံး တန်တယ်ဟေ့”
…
“အခု ကျွန်တော်တို့အားလုံး ချန်ရှောင်ယန်ကို ကြိုဆိုလိုက်ရအောင်”
“ဖြောင်း ဖြောင်း ဖြောင်း”
လက်ခုပ်သံနှင့်အတူ အော်ဟစ်အားပေးသံများက အတော်ကြာအောင် ထွက်ပေါ်နေခဲ့သည်။
“သူ သီချင်းသစ် ပြင်ဆင်ထားလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ အံ့ဩစရာပဲ”
အစ်ကိုဟားဟားက စိတ်လှုပ်ရှားစွာ မှတ်ချက်ပြုသည်။
“ဟုတ်တယ် အလင်းအား ဖွေရှာသူကတောင် ဒီလောက် ပေါက်နေတာ၊ သီချင်းသစ်က အဲ့ဒါကို ကျော်ဖြတ် နိုင်ပါ့မလား”
ဝမ်ချင်းကလည်း ခေါင်းညိတ်၍ ထောက်ခံသည်။
ထိုအခိုက်တွင် ဟုန်နာ၏ မျက်နှာက မသိမသာ မည်းမှောင်နေပြီး ပြောလေသည်။
“အလင်းအား ဖွေရှာသူနဲ့ သူ စလိုက်တာကို မအံ့ဩတော့ဘူး၊ ဒါတွေအားလုံးက သူ့သီချင်းသစ်ကို ကြော်ညာဖို့ လုပ်ခဲ့တာပဲ၊ တော်တော် ဉာဏ်များတဲ့ မိန်းမ၊ သူ့သီချင်းဆိုပုံနဲ့ ဘာတွေလုပ်နိုင်မလဲ ကြည့်ကြသေးတာပေါ့”
မရေတွက်နိုင်သော အားပေးမှုများအလယ်တွင် ချန်ရှောင်ယန်က အနက်ရောင် ဂါဝန်အရှည်ဖြင့် စင်မြင့်ပေါ်သို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည်။
သူမ၏ အသွင်အပြင် ရှေ့ပြိုင်ပွဲဝင် ဆယ့်လေးယောက်ထက် ပိုတောက်ပနေပြီး ပရိသတ်များထံမှ အားပေးသံက ပိုကျယ်လောင်လာပြီး ခန်းမတွင်း၌ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေသည်။
“အားလုံးပဲ မင်္ဂလာပါ၊ ကျွန်မ ပြိုင်ပွဲအတွက် ကျွန်မရဲ့ သီချင်းသစ်ကို သီဆိုပါမယ်”
ချန်ရှောင်ယန်က တစ်ခဏမျှ ရပ်လိုက်ပြီးနောက် ဆက်ပြောလေသည်။
“ပြီးတော့ ဒီသီချင်းကို ဝိုင်ကပဲ ရေးထားတာပါ”
*ဝိုင်*
*ဝိုင်ရဲ့ နောက်ထပ် သီချင်းသစ်တဲ့*
ပရိသတ်များ ဒိတ်ခနဲ ရင်ခုန်သွားပြီး အသက်ပင် အောင့်မိသွားသည်။
“မြတ်စွာဘုရား ဒါရိုက်တာကျိုးရေ ကြည့်ရှုသူနှုန်းထားက သုံးကို ကျော်သွားပြီဗျ”
ရှောင်လီ စိတ်လှုပ်ရှားမှုကြောင့် တုန်နေပြီး အာစေးထည့်ထားခံလုမတတ် ဖြစ်နေသည်။
“ရှူး … တိတ်တိတ်နေစမ်း”
ဒါရိုက်တာကျိုးသည် ပင့်သက်ရှိုက်၍ တည်ငြိမ်ချင်ယောင်ဆောင်နေသော်လည်း သူ့မျက်လုံးများ စိတ်လှုပ်ရှား မှုကြောင့် နီမြန်းနေသည်။
“ငါတို့ အရင်တုန်းက ကြီးကျယ်တဲ့ အဖြစ်အပျက်တွေကို ကြုံတွေ့ဖူးတာပဲ၊ ငါတို့ တည်ငြိမ်နေမှ ဖြစ်မယ်”
ဝိုင် ပေါ်ထွက်လာမှုက ကြည့်ရှုသူနှုန်းထားကို ၂.၆ မှ သုံးသို့ ခုန်တက်သွားစေ၏။
ကြောက်စရာကောင်းလှသည်။ ထိတ်လန့်စရာပင်။ သူက နတ်ဘုရားကဲ့သို့သော ပုဂ္ဂိလ်တစ်ယောက်လိုပင်။
သူ့နာမည်လေးကို ပြောလိုက်ရုံမျှနှင့် သည်လောက် ဖြစ်နေလျင် အကယ်၍ သူသာ လူကိုယ်တိုင် ရောက်လာခဲ့ပါက ရလဒ်က ဘယ်လို ဖြစ်သွားမည်နည်း။
ထိုသို့တွေးရုံနှင့်တင် ဒါရိုက်တာကျိုး စိတ်အားထက်သန်လာရသည်။
“ကျွန်မ စမသီဆိုခင်မှာ စကားလေး နည်းနည်းလောက် ပြောချင်ပါတယ်”
ချန်ရှောင်ယန်က ညင်သာစွာ ပြောလိုက်သော်လည်း ဆူညံနေသောခန်းမက လျင်မြန်စွာ တိတ်ကျသွားသည်။
“တကယ်တော့ ဒီသီချင်းကို ဝိုင်က ဒီမနက်မှ ရေးထားတာပါ၊ သူ ဘာလို့ ဒီသီချင်းကို ရေးတာလဲဆိုတာကို အားလုံး သိလိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်၊ ဟုတ်ပါတယ် ဘာလို့လဲဆိုတော့ သူ့သီချင်းကို ကလေးဆန်တယ်လို့ တစ်စုံတစ်ယောက်က စွပ်စွဲလိုက်လို့ပါ”
“ပြီးတော့ သူက ကျွန်မကို စကားတစ်ချို့ ပြောခိုင်းလိုက်ပါသေးတယ်၊ စီနီယာတွေဆိုတာ ဂျူနီယာတွေ ကျော်တက်တာ ခံရမှာပဲ၊ အဲ့ဒါကြောင့် ကိုယ်က သာတယ်ဆိုတယ် စိတ်ကို လက်ကိုင်မထားသင့်သလို ဂျူနီယာတွေ အပေါ်မှာလည်း အထင်မသေးသင့်ဘူး”
ရိုးရှင်းသော စကားလေးတစ်ခွန်းက ခန်းမတစ်ခုလုံးကို တိတ်ဆိတ် ငြိမ်သက်သွားစေသည်။ ထိုသို့ တိတ်ဆိတ် သွားသူများထဲတွင် ဒိုင်လူကြီး လေးယောက်၊ ဒါရိုက်တာကျိုး နှင့် တီဗွီမှ ကြည့်ရှုနေသော ကြည့်ရှုသူများအားလုံး ပါဝင်လေသည်။
အချိန်အတော်ကြာသွားသည့်အခါမှသာ သူတို့ မှင်တက်နေရာမှ အသိဝင်လာသည်။
“စီနီယာတွေဆိုတာ ဂျူနီယာတွေ ကျော်တက်တာ ခံရမှာပဲ၊ ဒီစကားက သောက်ရမ်း တင်စီးတယ်ကွ၊ ငါ ကြိုက်တယ်”
“အံ့ဩစရာပဲ၊ လုံးဝ အံ့ဩစရာကောင်းတယ်၊ ဒီစကားကို ပြောနေတဲ့အချိန်မှာ ဝိုင်က ဘယ်လောက် မာန်ပါနေ မလဲလို့ ငါ မတွေးဘဲ မနေနိုင်ဘူး”
“ဒါက သူတို့ကိုယ်သူတို့ အရမ်း အထင်ကြီးလွန်းနေတဲ့ စီနီယာတွေကို သူ ပြန်တုံ့ပြန်လိုက်တာပဲ, အပြော ကောင်းတယ်၊ မိုက်တယ်ကွာ”
“အရမ်း ရန်လိုလွန်းတယ်၊ ဝိုင်က ဂီတနယ်ပယ်ထဲက ဘုံရန်သူ ဖြစ်လာလိမ့်မယ်လို့ မင်း ထင်လား”
…
“အခု ကျွန်မရဲ့ သီချင်းသစ်ဖြစ်တဲ့ ကျယ်ပြောသော ကောင်းကင်နှင့် ပင်လယ်ကို သီဆိုပါ့မယ်”
*ကျယ်ပြောသော ကောင်းကင်နဲ့ ပင်လယ်တဲ့လား*
*အဲ့နာမည်က … ဒီအခြေအနေနဲ့ တော်တော်လေး လိုက်သလိုပဲ*
လူတိုင်း အသက်အောင့်ကာ အာရုံစိုက်၍ နားထောင်နေကြသည်။ ချက်ချင်းဆိုသလိုပင် တစ်လောကလုံး တိတ်ဆိတ်သွားပြီး အားလုံး၏ အာရုံက ချန်ရှောင်ယန်ထံတွင်သာ ကျရောက်လာ၏။
သီချင်းသံ စတင်လာသည်နှင့် ချန်ရှောင်ယန်၏ အသံ တဖြည်းဖြည်း ထွက်ပေါ်လာသည်။
“တစ်ခါက ကိုယ့်ကိုယ်ကိုယ် သံသယဝင်ပြီး ကန္တရထဲမှ လျှောက်လှမ်းခဲ့ဖူးတယ်၊
တောင်ပံတွေကို ဖြန့်လိုက်ပင်မယ့် လေဟာ ငြိမ်သက်နေခဲ့တယ်၊
ကိုယ် အိပ်မက်မက်ပြီး စိုက်ပျိုးလိုက်တဲ့ ဘယ်အရာဖြစ်ဖြစ် ဘယ်တော့မှ မဖြစ်ထွန်းခဲ့ဘူး၊
ထုံထိုင်းသွားတဲ့အထိ နာကျင်ရတာက ငါ့ရဲ့ ဆုလာဘ်ပဲနဲ့ တူပါရဲ့၊
ငါ ဘယ်တော့မှာ နောက်ပြန်လှည့်မကြည့်ခဲ့မိလို့ တော်ပါသေးတယ် …”
သူမ၏ ခပ်တိုးတိုး အသံတွင် ညှိုးငယ်ခြင်းနှင့် ဝမ်းနည်းခြင်းတို့ ရောယှက်နေကာ လူတိုင်းကို ရစ်ပတ် ထွေးပွေ့ လာသည်။
ပထမဆုံး စာပိုဒ်က သူတို့၏ နှလုံးသားထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်သွားပြီး လူတိုင်းကို သီချင်းထဲ မျောပါ သွားစေသည်။
ထိုအခိုက်တွင် သူတို့သည် သီချင်းထဲမှနေ၍ သူတို့ကိုယ်သူတို့ ပြန်မြင်ယောင်မိနေသည်။ သူတို့၏ အိပ်မက် အတွက် သူတို့ ခက်ခက်ခဲခဲ တိုက်ပွဲဝင်ခဲ့ရပြီး ကျဆုံးမှုနှင့် အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရသည်။