လုလုပ်ငန်းစု၏ တောင်းဆိုမှု
Vol. 8 Ch. 116
“မင်း အကူအညီခေါ်လည်းအ သုံးမဝင်ဘူး၊ ငါ လုလုပ်ငန်းစုအတွက် အချိကြီးတွေ လုပ်ပေးခဲ့တာ၊ သူတို့ ငါ့အတွက် လက်စားချေပေးမှာ သေချာတယ်”
အဖော်မဲ့ ဝံပုလွေက တစ်ကိုယ်လုံး နာကျင်နေသော်လည်း ရဲ့လင်းချန်အား မုန်းတီးရန်လိုမှုအပြည့်ဖြင့် စူးစိုက်ကြည့်နေသည်။
ရဲ့လင်းချန်က သူ့ကို ဥပေက္ခာပြု၍ ငြိမ်သက်စွာ ကြည့်နေသည်။
ဆယ့်ငါးမိနစ် ကြာသော် အပြင်ဘက်၌ အကောင်းစား ကားသုံးစီး ဆိုက်ရောက်လာသည်။
ကားကိုပင် စက်မသတ်ဘဲ လုထျန်းရှုံးက ကားပေါ်မှ အသည်းအသန် ပြေးဆင်းလာသည်။ သူ့မျက်နှာက နီမြန်းနေပြီး စိုးရိမ်တုန်လှုပ်နေမှန်း သိသာလှသည်။
သူ့အနောက်မှနေ၍ လုဟောင်ကလည်း ကားထဲမှ အသည်းအသန် ဆင်းလာ၏။ သူတို့အတွက် တည်ငြိမ်နေရန် မဖြစ်နိုင်ပေ။
ရဲ့လင်းချန်၏ လေသံအရ တစ်ခုခု ဖြစ်နေပြီဖြစ်ကြောင်း လုဟောင် အတပ် ပြောနိုင်သည်။ သူ ချက်ချင်း တောင်စမ်းရေ အိမ်ခြံမြေရုံးခန်းသို့ ဆက်သွယ်လိုက်ပြီးနောက် အသက်ထွက်မတတ် ကြောက်လန့်သွားရသည်။
သူ့လူများက ရဲ့လင်းချန်ကို ထပ်မံ၍ ဒေါသထွက်အောင် လုပ်လိုက်သည်တဲ့လား။
*အရူးတွေ*
*သုံးစားမရတဲ့ဟာတွေ*
လုဟောင် ငိုချင်သွားသည်။ သူသည် ပေကျင်းသို့ ရောက်ခါစသာ ရှိသေး၏။ ဘယ်လိုလုပ် တစ်စုံတစ်ယောက်က ရဲ့လင်းချန်ကို ထပ်၍ ရန်သွားစရသနည်း။ သူတို့က သူ့ကို သတ်ရန် ကြိုးစားနေသလော။
လုထျန်းရှုံးနှင့် လုဟောင်တို့ကို မြင်လိုက်သောအခါ အဖော်မဲ့ ဝံပုလွေ၏ မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီရဲလာပြီး နာကျင်မှုကိုပင် မေ့လုနီးပါး ဖြစ်သွားသည်။ သူ ခက်ခက်ခဲခဲဖြင့် ထရပ်လိုက်ပြီး သူတို့နှင့် တွေ့ရန် အပြေးသွားလိုက်သည်။
“ဥက္ကဋ္ဌ၊ သခင်လေး၊ ခင်ဗျားတို့နှစ်ယောက်လုံး ကျွန်တော့်ကို လာတွေ့လိမ့်မယ်လို့ ထင်မထားမိဘူး၊ အခု ကျွန်တော် ဝမ်းသာလွန်းလို့ သေနိုင်ပြီဗျာ”
အဖော်မဲ့ ဝံပုလွေ ကြည်နူးသွားပြီး မျက်ရည်များ ဝဲလာသည်။
“လုလုပ်ငန်းစုအတွက် ကျွန်တော် ပေးဆပ်ပြီး လုပ်ပေးခဲ့သမျှအားလုံး ထိုက်တန်ပါတယ်၊ တကယ် တန်တယ်ဗျာ”
လုဟောင်၏ မျက်နှာက ချက်ချင်း ဖြူရော်သွားသည်။ သူ တုံ့ဆိုင်းမနေဘဲ အဖော်မဲ့ ဝံပုလွေ၏ မျက်နှာကို ဘယ်ပြန်ညာပြန် ပိတ်ချလိုက်သည်။
“စောက်ပါးစပ်ပိတ်ထား၊ ငါ့လုလုပ်ငန်းစုက မင်းနဲ့ ဘာမှမဆိုင်ဘူးကွ”
အဖော်မဲ့ ဝံပုလွေ နားဝေတိမ်တောင် ဖြစ်နေပြီး နေရာမှာတင် ငိုင်နေမိသည်။
လုထျန်းရှုံးနှင့် လုဟောင်က ရဲ့လင်းချန်ထံ အလျင်အမြန် ပြေးသွားပြီး တလေးတစားဖြင့် ကိုးဆယ် ဒီဂရီ ဦးညွှတ်လိုက်သည်ကို သူ တွေ့လိုက်ရသည်။
“ကျုပ်တို့ တောင်စမ်းရေ အိမ်ခြံမြေကို မဟာဆရာသခင်ရဲ့ လာလည်တဲ့အတွက် လုလုပ်ငန်းစုအတွက် ဂုဏ်ယူ စရာပါပဲ၊ ဒီနေရာမှာ ဖြစ်သမျှအားလုံးက ကျုပ်တို့နဲ့ ဘာမှမဆိုင်ပါဘူး၊ ကျုပ်တို့ရဲ့ စိတ်ရင်းကို အထင်မလွဲဖို့ တောင်းပန်ပါတယ်”
အဖော်မဲ့ ဝံပုလွေ အံ့ဩသွားသည်။ မန်နေဂျာဟွမ်သည်လည်း ကြက်သေ သေသွားသည်။ နှစ်ယောက်လုံး အတွေးထဲ ဗလာဖြစ်နေပြီး မျက်နှာများ ပြာနှမ်းနေကြသည်။
“ဒီမှာ ဘာဖြစ်ခဲ့သလဲဆိုတာ ခင်ဗျားတို့ဘာသာ သိအောင် လုပ်နိုင်မယ်ဆိုတာ ကျုပ် သိတယ်၊ ကျုပ် ထပ်ပြီး ရှင်းပြမနေတော့ဘူး၊ ဒီလူတွေကိုသာ ရှင်းလိုက်ပါ”
ရဲ့လင်းချန် တည်ငြိမ်စွာ ပြောလိုက်သည်။
“အထူးသဖြင့် အဖော်မဲ့ ဝံပုလွေပဲ”
လူ အလျော့ပေးလိုက်သည့် ကိစ္စမျိုးကို မနှစ်ခြိုက်ပါ။ အဖော်မဲ့ ဝံပုလွေသည် လူသတ်ခဲ့သဖြင့် ထောင်ကျခဲ့သည်။ သူသည် အချိန်မရွေး ပေါက်ကွဲနိုင်သော ချိန်ကိုက်ဗုံးတစ်လုံးပင်။ သူ့အား အသက်ရှင်လျက် ထား၍ မဖြစ်ပေ။
“မဟာဆရာသခင်ရဲ့ စိတ်ချပါ၊ ကျုပ် ခင်ဗျားကိုယ်စား ရှင်းလိုက်ပါ့မယ်”
လုထျန်းရှုံးကိုယ်တိုင် အားတက်သရော ပြောလိုက်သည်။ သူ အချက်ပြလိုက်သဖြင့် သူ့လူများက ချက်ချင်း အဖော်မဲ့ ဝံပုလွေကို ဆွဲထုတ်သွားကြသည်။
အဖော်မဲ့ ဝံပုလွေနှင့် သူ့လက်ပါးစေများ ခွင့်လွှတ်ရန် အဘယ်သို့ တောင်းပန်အော်ဟစ်သလဲကိုမူ ရဲ့လင်းချန် စိတ်မဝင်စားပါ။
ဤအဖြစ်အတွက် ရဲ့လင်းချန်က လုလုပ်ငန်းစုကို အပြစ်တင်စိတ် မရှိသည်ကို မြင်သောအခါတွင်မှ လုသားအဖ နှစ်ယောက် စိတ်အေးကာ သက်ပြင်းချလိုက်မိသည်။
ရဲ့လင်းချန် ခေါင်းညိတ်လိုက်ပြီးနောက် ကျန်းယွင်ရှီကိုပါ ခေါ်၍ ထွက်လာလိုက်သည်။
“မဟာဆရာသခင်ရဲ့”
လုသားအဖနှစ်ယောက်က သူ့နောက်သို့ ပြေးလိုက်လာပြီး မျက်နှာချိုသွေးသော အပြုံးများ ပြုံးနေကြသည်။
“ပြော”
“မဟာဆရာသခင်ရဲ့ ခင်ဗျား အိမ်ဝယ်ဖို့ ဒီကိုလာတာလို့ ကျုပ် ကြားခဲ့တယ် ဟုတ်ပါသလား”
လုထျန်းရှုံးက မေးလာသည်။ ရဲ့လင်းချန် ခေါင်းညိတ်ပြလိုက်သည်။
“မဟာဆရာသခင်ရဲ့၊ ခင်ဗျား အိမ်လိုချင်တယ်ဆိုရင် ကျုပ်တို့ကို ပြောသင့်တာပေါ့၊ ဒါအတွက် ခင်ဗျား ပိုက်ဆံ ပေးဖို့ လိုတယ်ဆိုရင် ဒါ ကျုပ်မျက်နှာကို ဖြတ်ရိုက်လိုက်တာပဲ မဟုတ်လား၊ ကျေးဇူးပြုပြီး ဒီပိုက်ဆံကို ပြန်ယူပေးပါ”
လုထျန်းရှုံးက ပြောလာ၏။
“အိမ်တွေဆိုတာ ကျုပ်တို့ လုလုပ်ငန်းစုအတွက် ပေါပါတယ်”
ရဲ့လင်းချန် ခေါင်းခါလိုက်သည်။
“ကျုပ် ဘာကိုမှ အလကား မလိုချင်ဘူး၊ ခင်ဗျားက စီးပွားရေး လုပ်နေတာလေ၊ ကျုပ်က ဝယ်သူ၊ ခင်ဗျားက ရောင်းသူ၊ အလကားပဲတင်း ပေးစရာ မလိုဘူး”
“ဒီလိုလုပ်မယ်ဆိုရင်ရော …”
လုထျန်းရှုံးက တစ်ခဏမျှ ငြိမ်နေပြီးမှ ဆက်ပြောသည်။
“ကျုပ် ဒါကို အရင်းဈေးနဲ့ ရောင်းလိုက်ပါ့မယ်၊ ခုနက ကျုပ်ဝန်ထမ်းရဲ့ ပြဿနာရှာတာကို ခံခဲ့ရတာမို့လို့ ဒါကို တောင်းပန်ကြေးအဖြစ် သဘောထားလိုက်မယ်ဆိုရင်ရော၊ ဘယ်လို သဘောရပါသလဲ”
“ဟုတ်ပါတယ် မဟာဆရာသခင်ရဲ့၊ ကျုပ်တို့ ခင်ဗျားဆီကနေ ပိုက်ဆံမယူရဲပါဘူး”
ဘေးနားမှ လုဟောင်ကလည်း ခေါင်းညိတ်၍ ထောက်ခံသည်။
“ခင်ဗျားက စုစုပေါင်း ယွမ်၄၂သန်း ပေးခဲ့တယ်၊ ကျုပ်တို့ တောင်စမ်းရေ အိမ်ခြံမြေမှာ တော်ဝင်စံအိမ် တစ်ခုရှိပါတယ်၊ အဲ့အိမ်က အိမ်ရာဝန်းတစ်ခုလုံးရဲ့ အလယ်တည့်တည့်မှာရှိသလို တောင်ကုန်းနဲ့ ရေကန် ဘေးနားမှာ ရှိတာပါ၊ ပြီးတော့ အထဲမှာ အပြင်အဆင်တွေ လုပ်ထားပြီးသားမို့လို့ အသင့် ပြောင်းနေရုံပါပဲ၊ တိုက်တိုက်ဆိုင်ဆိုင် အဲ့အိမ်ရဲ့ အရင်းဈေးက ယွမ် ၄၂သန်းပါပဲ”
ရဲ့လင်းချန်သည် တော်ဝင်စံအိမ်၏ ပုံစံကို ကြည့်ထားပြီးသား ဖြစ်သည်။ ၎င်းက အခြားအိမ်များထက် စာလျင် နေရာရော အပြင်အဆင်ပါ ပိုသာလေ၏။ ၎င်းက နေရာပိုကျယ်ပြီး ကိုယ်ပိုင် ရေကူးကန်ပါ ပါရှိသည်။ ဈေးကလည်း ပုံမှန်အိမ်များထက် နှစ်ဆမက များပြီး ကြမ်းခင်းဈေးက အနည်းဆုံး သန်း ခုနစ်ဆယ် ရှိပေ၏။
ထို့အပြင် ရဲ့လင်းချန်သည် ဖုန်းရွှေပညာကို သင်ယူခဲ့ပြီးသား ဖြစ်သည်။ တော်ဝင်စံအိမ်၏ တည်နေရာက မင်္ဂလာ ရှိပြီး တောင်ကုန်းနှင့် ရေကန်ဘေး၌ ရှိသဖြင့် စိတ်ဝိညာဉ်အားလည်း များပြားသည်။
ရဲ့လင်းချန် စိတ်ဝင်စားနေသည်ကို သတိထားမိပြီး လုထျန်းရှုံးက ခပ်သွက်သွက် ထည့်ပြောလိုက်သည်။
“မဟာဆရာသခင်ရဲ့ တော်ဝင်စံအိမ်ကသာလျင် ခင်ဗျားရဲ့ အဆင့်အတန်းနဲ့ ကိုက်ညီပါတယ်၊ ကျေးဖူးပြုပြီး ဒီကမ်းလှမ်းမှုကို မငြင်းပါနဲ့၊ ပြီးတော့ ကျုပ်တို့က အရင်းဈေးနဲ့ ရောင်းပေးတာပါ၊ အလကားသက်သက် လက်ဆောင် ပေးတာလည်း မဟုတ်ဘူးလေ”
တကယ်တမ်းတွင် တော်ဝင်စံအိမ်က လုမိသားစုအတွက် ချန်ထားခြင်း ဖြစ်သည်။ သို့မဟုတ်ပါက တန်ဖိုးကြီး ပရိဘောဂများ အပြည့် ဖြည့်ထားမည်နည်း။
ရဲ့လင်းချန်သည်လည်း ယင်းကို သတိထားမိသည်။ သူ လုသားအဖကို ဝေ့ကြည့်လိုက်သည်။
“ဒီလိုဆိုရင်တော့ ကျုပ် မငြင်းတော့ဘူး”
ရဲ့လင်းချန် လက်ခံလိုက်သောအခါတွင်မှသာ လုထျန်းရှုံး သက်ပြင်းချလိုက်မိသည်။ ထို့နောက် သူက သတိထား၍ ပြောလိုက်သည်။
“မဟာဆရာသခင်ရဲ့ ခင်ဗျားက လောင်းစကားမှာ လောင်းကစားမှာ ကျွမ်းကျင်တယ်လို့ ကျုပ် ကြားခဲ့တယ်၊ ဟုတ်လား”
ရဲ့လင်းချန်က ဟုတ်ကြောင်း ခေါင်းညိတ်လိုက်ပြီးနောက် လုထျန်းရှုံးကို တစ်ချက် ကြည့်လိုက်သည်။
“လိုရင်းပဲပြောပါ”
လုထျန်းရှုံး အနေရခက်စွာ ရယ်လိုက်မိသည်။
“တကယ်တော့ ကျုပ် မဟာဆရာသခင်ရဲ့ကို ကူညီပေးဖို့ တောင်းဆိုချင်တာ တစ်ခု ရှိပါတယ်”
“ဘာများလဲ”
“မဟာဆရာသခင်ရဲ့က လောင်းကစားမှာ ကျွမ်းကျင်တာမို့လို့ ကျုပ် ခင်ဗျားကို လောင်းကစားပွဲမှာ ကူညီပေးဖို့ ငှားချင်ပါတယ်”
“ခင်ဗျားက အိမ်ခြံမြေလုပ်ငန်း လုပ်တာလေ၊ လောင်းကစားနဲ့ ဘယ်လို ပတ်သတ်လို့လဲ”
ရဲ့လင်းချန် မျက်မှောင်ကြုတ်လိုက်သည်။
“ဪ … မဟာဆရာသခင်ရဲ့ မသိလို့ပါ …”
လုလုပ်ငန်းစုသည် တရုတ်နိုင်ငံတွင်း၌ လုပ်ငန်းကြီးတစ်ခုဟု သတ်မှတ်နိုင်သော်လည်း တကယ်တမ်း၌ အဆင့်ငါးဆယ် စာရင်းဝင်သည်။ ကမ္ဘာ့ထိပ်တန်း စီးပွားရေးသမားများနှင့် ယှဉ်လိုက်လျင် အလွန် အလှမ်း ဝေးကွာနေသေး၏။
အေးအေးချမ်းချမ်း တိုးတက်လာစေရန်အလို့ငှာ စီးပွားရေးသမားများ၌ ထုံးတမ်းသဖွယ် လိုက်နာသော စည်းကမ်းချက်တစ်ခု ရှိသည်။ ၎င်းမှာ လောင်းစားလုပ်ခြင်းဖြင့် အချင်းချင်း ယှဉ်ပြိုင်ခြင်း ဖြစ်သည်။
ဥပမာပြောရလျင် ပထမရသူက အကောင်းဆုံး မြေနေရာကို ရမည် ဖြစ်သည်။ လောင်းကြေးက ဟန်ပြ သက်သက်သာ ဖြစ်ပြီး နောက်ကွယ်၌ တစ်စုံတစ်ရာကို သတ်မှတ်ထားပြီးသား ဖြစ်ပေသည်။
ဘိတ်ဆုံးသို့ ရောက်သူက အဆိုးဆုံးမြေကို ရမည် ဖြစ်ပြီး တစ်ခါတရံတွင် ဘာမှမရတတ်ပေ။
ဤစည်းကမ်းအား နာမည်ကြီးပုဂ္ဂိုလ်များနှင့် စီပွားရေးသမားများက သတ်မှတ်သဘောတူထားခြင်း ဖြစ်ပြီး ၎င်းက လောင်းနေချိန်အတွင်း ရက်ရက်စက်စက် ပြုလုပ်ခြင်းများကို တားမြစ်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
လောင်းကစားသည် အစကတည်းက ကံပေါ်မူတည်ပြီး မျှတသည်ဟု ဆိုရပေမည်။ သို့သော် မကြာခင် နှစ်များက အချို့သော နာမည်ကျော်များသည် သူတို့၏ ပရော်ဖက်ရှင်နယ် လောင်းကစားသမားများကို ခေါ်လာပြီး သူတို့ကို ကူညီစေသည်။ ယင်းက ကံပေါ်မူတည်ခြင်းမှ အရည်အချင်းပေါ် ပြောင်းလဲမူတည်သွားပြိး ယှဉ်ပြိုင်လိုစိတ် ကြီးလာကြသည်။
သို့သော် လုလုပ်ငန်းစုသည် ကျွမ်းကျင်သော လောင်းကစားသမား တစ်ယောက် ရှာဖွေရန် အခက်တွေ့ကာ အကျပ်ရိုက်နေ’။ အခြေအနေက ပိုဆိုးလာပြီး သူတို့၏ ပြိုင်ဘက်များနှင့် ကွာဟမှုက ကြီးမားလာပြီး အချို့ဆိုလျင် လှုပ်ပင် မလှုပ်နိုင်ချေ။
သူတို့ စိုးရိမ်စိတ် ကြီးလာသည်။ သူတို့သည် လီစစ်နှင့် ရင်းနှီးသဖြင့် လီစစ်အပေါ် မျှော်လင့်ချက်ထားကာ ကျွမ်းကျင်သော လောင်းကစားသမား ရှာစေခဲ့သည်။ သို့သော် လီစစ်က ရဲ့လင်းချန်ကြောင့် တစ်ချက်တည်းနှင့် အပြတ်ရှင်းခံရလိမ့်မည်ဟု မည်သူက ထင်ထားခဲ့မည်နည်း။
“ဘယ်မှာ လောင်းကစား လုပ်ကြတာလဲ”
ရဲ့လင်းချန် မေးလိုက်သည်။
“လောင်းကစားသမားတွေရဲ့ မြို့တော် Las Vegas မှာပါ”
လုထျန်းရှုံး ပြန်ဖြေလိုက်ပြီးနောက် ထပ်ပြောလိုက်သည်။
“အဲ့အချိန်ကျရင် စီးပွားရေးသမားတိုင်းက လောင်းကစားဝိုင်းမှာ ယွမ်ဆယ်သန်းတန်တဲ့ တိုကင်ပြားတွေကိုပဲ သုံးကြတယ်၊ နောက်ဆုံးမှာ တိုကင်ပြား အများဆုံး ရှိတဲ့သူက အနိုင်ပါ၊ တကယ်လို့ မဟာဆရာသခင်ရဲ့ ကူညီမယ်လို့ သဘောတူရင် ရှုံးခဲ့ရင် ကျုပ်တို့ပဲ ကုန်ကျခံပါ့မယ်၊ နိုင်ရင်တော့ အားလုံး ယူလို့ ရပါတယ်”
...