ဝိုင်အလှကုန်ပစ္စည်းများ စတင်ခြင်း
Vol. 8 Ch. 117
ရဲ့လင်းချန်က လုထျန်းရှုံးကို ထူးဆန်းသွားသော အကြည့်ဖြင့် တစ်ချက်ကြည့်၍ တစ်ခဏမျှ စဉ်းစားလိုက်သည်။
သူ စိတ်ဝင်စားမိသည်။
ပါဝင်ယှဉ်ပြိုင်သော စီးပွားရေးသမားများသည် နိုင်ငံ၏ ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်လောက်သည်။ ခန့်မှန်းချေ အရဆိုလျင် အနည်းဆုံး အယောက် ငါးဆယ် ရှိလောက်သည်။ အားလုံးက ယွမ်ဆယ်သန်းတန်သော တိုကင်ပြားများ သုံးကြသဖြင့် စုစုပေါင်း သန်းငါးရာ ရှိပေမည်။
အကယ်၍ သူ ဝင်ပြိုင်ပြီး နိုင်လျင် သန်းငါးရာလုံးက သူ့အပိုင် ဖြစ်လာမည် ဖြစ်ပြီး ချက်ချင်း ဘီလီယံနာတစ်ဦး ဖြစ်လာပေလိမ့်မည်။
ပါရမီရှင်စနစ်ကို ရလာပြီးနောက် ရဲ့လင်းချန်သည် ငွေကြေးက ဖုန်မှုန့်မျှသာ သဘောထားသည်။ ထို့ကြောင့် သူ သန်းငါးရာကို မျက်လုံးထဲ မထည့်ပေ။
သို့သော် မရတာထက် ရသည်က ပိုကောင်း၏။
မကြာခဏဆိုသလိုပင် ပိုက်ဆံက အင်အားကို ကိုယ်စားပြုသည်။ ပိုက်ဆံနှင့်ဆိုလျင် သူ့ကိုယ်သူ ကာကွယ်နိုင်သည့် အင်အား ပိုရှိနိုင်လောက်သည်။
ရဲ့လင်းချန် ပို၍ သန်မာလာချင်သည့် အကြောင်းရင်းမှာ သူ ကြောက်လန့်သောကြောင့် ဖြစ်သည်။
သူသည် စနစ်တစ်ခု ပိုင်ထားသော လူတစ်ယောက် ဖြစ်သည်။ တိုးတက်ဆဲအဆင့်၌ တန့်နေသောကြောင့် သူ့အကြောင်း လူသိလျင် ဤသည်က သူ့အား နံပါတ်တစ် ဘုံရန်သူဖြစ်အောင် လုပ်မည်မှာ သေချာသည်။ ထို့ကြောင့် သူ ဘယ်လိုလုပ် မကြောက်ဘဲ နေမည်နည်း။
သူ့အား ယှဉ်နိုင်သူ မရှိသည့် အခါတွင်မှသာ စနစ်ကို သူ ထိန်းသိမ်းနိုင်မည် ဖြစ်သည်။
“ကောင်းပြီလေ ကျုပ် လက်ခံတယ်”
ရဲ့လင်းချန် ခေါင်းညိတ်လိုက်ပြီးနောက် ထပ်၍ ပြောလိုက်သည်။
“ခင်ဗျား ကတိကို သတိရပါ၊ ကျုပ် နိုင်ရင် ရတာ အကုန် ယူမှာ”
“ကျုပ် ပိုက်ဆံကို စိတ်မဝင်စားပါဘူး၊ ကျုပ် ကတိကို တည်မှာပါ”
ကတိပေးထားသည့်နေ့သို့ ရောက်ရန် တစ်လကျော် လိုသေးသည်။ ရဲ့လင်းချန်က သူတို့အား အချိန် ရောက်လာလျင် ဆက်သွယ်ရန် ပြောလိုက်သည်။ ထို့နောက် သူသည် ကျန်းယွင်ရှီကိုခေါ်၍ သူ၏ အိမ်အသစ်ဆီသို့ ဦးတည်လိုက်လေသည်။
တော်ဝင်စံအိမ်၏ တည်နေရာက အတော်လေး ကောင်းသည်။ သူတို့သည် အရိပ်အာဝါသကောင်းသော လမ်းတစ်လမ်းနှင့် အနီရောင် သစ်သားတံတားနှစ်စင်းကို ဖြတ်ပြီးနောက် အနီရောင် အမိုးရှိသော စံအိမ်ကို တွေ့လိုက်ရသည်။
အခြားအိမ်များနှင့်မတူသည်က ဤအိမ်တွင် ကိုယ်ပိုင် မြေကွက်လပ် ရှိသည်။ အရှေ့ဘက် ခြံနေရာနှင့် ဥယျာဉ်က အတော်လေး ကြီးမားပြီး ပန်းချီကားထဲက မြင်ကွင်းတစ်ခုကို မြင်နေရသည်ဟုပင် ထင်မှတ်မှားရ၏။
ကျေးလက်ဆန်၍ ရှုခင်းလှကာ အေးချမ်းလှသည်။
အိမ်ထဲသို့ ဝင်လိုက်သောအခါ အတွင်းပိုင်းအပြင်အဆင်က ခေတ်မီ တရုတ်ဒီဇိုင်း ပုံစံ ဖြစ်သည်ကို တွေ့လိုက်ရသည်။ အပူချိန်နှင့် ရေငွေ့ပြန်မှုကို ထိန်းသိမ်းရာ၌ အထောက်အကူ ဖြစ်စေသည့် အရည်အသွေးဖြင့် မဟော်ဂနီသားဖြင့် ပြုလုပ်ထားသည့် ပရိဘောဂများကို အပြည့်အဝ ထည့်သွင်းထားသည်။ နေထိုင်ရန် အကောင်းဆုံး ပတ်ဝန်းကျင်ပင်။
ပထမထပ်၏ ဧည့်ခန်းက ရှင်းလင်းပြီး မျက်နှာကျက်အထိ အနည်းဆုံး ငါးမီတာ မြင့်သည်။ အခန်းအလယ်၌ ကြီးမားသော ရွှေအိုရောင် မီးဆိုင်းတစ်ခုကို ချိတ်ဆွဲထားသဖြင့် ခမ်းနားထည်ဝါလှသည်။ လှေကားကိုလည်း ကြောင်လိမ်လှေကားအဖြစ် ပြုလုပ်ထားပြီး အလယ်၌ ဓာတ်လှေကားတစ်ခု ပါဝင်သည်။
ခမ်းနားထည်ဝါ၍ တင့်တယ်လှပေ၏။
ရဲ့လင်းချန် စိတ်ကျေနပ်စါာ ပြုံးလိုက်သည်။ သူ့အတွက် ချက်ချင်း ပြောင်းရွှေ့နိုင်သော အသင့်အနေအထားပင်။ ယင်းက သူ့အား အတော်လေး ဒုက္ခနည်းသွားစေသည်။
အခြားအိမ်များ ဖြစ်ပါက ပြန်လည်ပြင်ဆင်ရန် လိုအပ်လောက်သည်။ သူ ပြောင်းနေရန် အနည်းဆုံး နောက်တစ်နှစ်မျှ အချိန်ယူရလောက်သဖြင့် သူ့အတွက် အဆင်မပြေချေ။
ကျန်းယွင်ရှီသည် တံခါးဝ၌ ငေးငိုင်၍ ရပ်နေသည်။ ခမ်းနားသော တန်ဖိုးကြီး အပြင်အဆင်များကို မြင်လိုက်ရသဖြင့် သူမ အံ့ဩကာ အထဲသို့ ခြေတစ်လှမ်းပင် မချရဲတော့ချေ။
သူမစိတ်ထဲတွင် ပုံပြင်ထဲမှ ရဲတိုက်များသာ ဤနေရာနှင့် ယှဉ်နိုင်သည်ဟု ထင်မှတ်မိနေ၏။ သူမ အထဲသို့ ခြေချနိုင်ရန် အချိန်အတော်ကြာအောင် သတ္တိမွေးလိုက်ရသည်။
“လင်းချန် နင်က အံ့ဩဖို့ကောင်းလိုက်တာ”
ကျန်းယွင်ရီသည် အိမ်ကို ကြည့်ရင်း တအံ့တဩ ရေရွတ်မိသည်။ ဤအိမ်သည် လူအများစုအတွက် စိတ်ကူးယဉ်ရသော အိမ်တစ်လုံးပင်။ ယင်းသို့သော အိမ်အား ရဲ့လင်းချန်က အလွယ်တကူ ဝယ်ယူခဲ့သည်။
“ယွင်ရှီ ဒါက ငါ့အိမ် ဖြစ်လာမှာလေ၊ ငါ့အိမ်မှာ နင် အဲ့လောက် ယဉ်ကျေးနေစရာ မလိုပါဘူး”
ရဲ့လင်းချန် ပြုံး၍ ပြောလိုက်သည်။ ကျန်းယွင်ရှီ ခေါင်းညိတ်လိုက်သည်။ ထိုစဉ် သူမဖုန်းက တုန်ခါလာပြီး ယွမ် ၁,၂၆၀,၀၀၀ သန်းက သူမဘဏ်အကောင့်ထဲသို့ ရောက်ရှိလာသည့် စာတို ဝင်လာ၏။
တစ်ခဏမျှ တွေးတောပြီးနောက် ဤသည်က ရဲ့လင်းချန် ဝယ်သွားသည့်အတွက် သူမ ရရှိသော ကော်မရှင်ခ ဖြစ်ကြောင်း သိလိုက်သည်။
လုမိသားစုသည် ကျန်းယွင်ရှီ၏ ပိုက်ဆံကို အချိန်ဆွဲမထားရဲသဖြင့် စာရွက်စာတမ်း ကိစ္စများ ပြင်ဆင်ပြီးသည်နှင့် ချက်ချင်းနီးပါး ပိုက်ဆံကို လွှဲလာလေ၏။
“လင်းချန် ဒါ နင့်အိမ်အတွက် နင် ပေးတဲ့ ပိုက်ဆံပဲ၊ ငါ နင့်ဆီ လွှဲပေးမယ်”
“ကော်မရှင်ခဆိုမှတော့ မင်းပိုက်ဆံပဲပေါ့၊ ကောင်းကောင်း သိမ်းထားပါ၊
“မဟုတ်ဘူးလေ၊ လင်းချန် နင် ငါ့ကို သနားနေတာလား၊ ငါက အသုံးမကျဘဲ အမြဲ အနိုင်ကျင့်ခံရတယ်လို့ တွေးနေတာလား”
ကျန်းယွင်ရှီ မကျေမနပ် မေးလိုက်သည်။ သူမက မျက်ရည်ဝဲနေသော မျက်ဝန်းတို့ဖြင့် နှုတ်ခမ်းကိုက်ထားသည်။ သူမအပြုအမူက ပြတ်သားပြီး ပိုက်ဆံကို ရဲ့လင်းချန်ထံ မရမက လွှဲပေးချင်နေပုံ ပေါ်သည်။
*ခေါင်းမာလိုက်တဲ့ ကောင်မလေး*
ရဲ့လင်းချန် ကူကယ်ရာမဲ့သွားသည်။ ကျန်းယွင်ရှီသည် အလွန် စိတ်ဓာတ် ပြတ်သားခိုင်မာသော အကျင့်စရိုက် ရှိသူ ဖြစ်သည်။ သူမက ကျောင်းစတက်ကတည်းက ပထမအဆင့်အတွက် အမြဲ ယှဉ်ပြိုင်ခဲ့သည်။ ကံဆိုးစွာပင် ကံကြမ္မာက သူမအား နောက်ပြောင်နေပုံရသည်။ အရေးအကြီးဆုံးအချိန်၌ သူမ ကျောင်းတက်နိုင်မည့် အခွင့်အရေးအား လုယူသွားခဲ့သည်။
ထို့အပြင် ကျန်းယွင်ရှီက ရင်သက်ရှိုက်မောဖွယ် မိန်းမလှလေး တစ်ယောက် ဖြစ်သည်။ များသောအားဖြင့် အလှတရားက အပြစ်တစ်ခု ဖြစ်စေ၏။ ဩဇာအာဏာရှိသောသူက ချောမောနေပါက ဘာမှမဖြစ်သော်လည်း အားနည်းသူ ဖြစ်ပါက အနိုင်ကျင့် ခံရပေမည်။
ကျန်းယွင်ရှီ၏ အသွင်အပြင်အရ ထိပ်ဆုံးသို့ တက်ရန် အလွန် လွယ်ကူလောက်သော်လည်း မဖြစ်နိုင်တာမျိုးလည်း ရှိလာနိုင်၏။
ကျန်းယွင်ရှီသည် အလွယ်တကူ အရှုံးပေးတတ်သည့် လူစားမျိုး မဟုတ်ပါ။ ထို့ကြောင့် သူမ နောက်ပိုင်း တောင့်ခံ ရလောက်သည်။
အရောင်းပြခန်းမှ အတွေ့အကြုံအရ သူမက ဘယ်နေရာသွားသွား အာရုံစိုက်ခံရမည့် လူမျိုး ဖြစ်ပေသည်။
“ယွင်ရှီ မင်း ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ”
ရဲ့လင်းချန် ရုတ်တရက် မေးလိုက်မိသည်။
“ငါ အလုပ်ခေါ်နေတဲ့ ကုမ္ပဏီတွေ လိုက်ရှာမလားလို့ တွေးနေတာ”
ကျန်းယွင်ရှီ သက်ပြင်းချလိုက်သည်။ သူမ၌ အထက်တန်းအောင် လက်မှတ်သာ ရှိသည်။ ၎င်းနှင့် မြို့တော်၌ ဘာအလုပ်များ ရနိုင်မည်နည်း။
“ဒီလိုဆိုရင်ရော”
ရဲ့လင်းချန် ပြုံးရင်း စိတ်ထဲ၌ အကြံထုတ်နေသည်။
“ငါ ယွမ် ၁,၂၆၀,၀၀၀ ကို မင်းကိုပဲ ပေးထားမယ်၊ ပြီးတော့ ငါ မင်းကို နောက်ထပ် ယွမ် ၃,၂၄၀,၀၀၀ သန်း လွှဲပေးမယ်၊ ဒါဆို စုစုပေါင်း ယွမ်၄,၅၀၀,၀၀ သန်း ဖြစ်သွားမှာ၊ အဲ့ဒါကို ရင်းနှီးမြှုပ်နှံမှုလို့ သဘောထားပြီး မင်း ငါ့အတွက် ဆိုင်တစ်ဆိုင် စထောင်ပေးလို့ ရလား”
“လင်းချန် နင် အဲ့လိုလုပ်စရာမ လိုပါဘူး၊ ငါ့ဘာသာငါ လုပ်နိုင်ပါတယ်”
“ယွင်ရှီ ငါ မင်းကို ကူညီနေတာ မဟုတ်ဘူး၊ ငါ ဆိုင်တစ်ဆိုင် စထောင်ချင်တာ၊ ငါ ဘွဲ့ရတာနဲ့ သူများ လက်အောက်မှာ အလုပ်လုပ်မယ်လို့ ထင်နေတာလား”
ရဲ့လင်းချန် ဆက်ပြောလိုက်သည်။
“အဲ့ဒါကြောင့် ငါ အခု ဆိုင်တစ်ခု စထောင်ချင်တာ၊ ဒီလိုဆို ငါ ဘွဲ့ရပြီးတဲ့အခါကျရင် တန်းပြီး သူဌေး ဖြစ်မသွား ဘူးလား”
ကျန်းယွင်ရှီ ငြိမ်ကျသွားသည်။ ရဲ့လင်းချန်၏ စကားက အဓိပ္ပာယ်ရှိပေသည်။
“ယွင်ရှီ ငါက ကျောင်းသားပဲ ရှိသေးတာ၊ ငါ့အချိန်က အကန့်အသတ်နဲ့၊ မြို့တော်မှာ ငါ ယုံနိုင်တဲ့သူဆိုလို့ မင်းပဲ ရှိတာ၊ မင်း ငါ့ကို ကူညီရမယ်နော်”
ရဲ့လင်းချန်က ဖုတ်ပူမီးတိုက် ဆက်ပြောသည်။
“ငါက ငွေပဲစိုက်မှာပါ၊ လူအားက မင်း လုပ်ရမှာ၊ စီမ့ခန့်ခွဲရေး အလုပ်အားလုံးကို မင်းပဲ လုပ်ရမယ်၊ ငါတို့ အမြတ်ကို ငါးဆယ်စီ ခွဲယူကြတာပေါ့”
သူမက ရဲ့လင်းချန် ယုံနိုင်သည့် တစ်ဦးတည်းသောလူဟု ကြားလိုက်ရသောအခါ ကျန်းယွင်ရှီ ကျိတ်ပျော် သွားမိသည်။
“ငါးဆယ်ရာခိုင်နှုန်းက များလွန်းတယ်၊ ငါက အလုပ်သမားပဲကို၊ ငါ့ကို လစာပဲ ပေးမှာ”
“မရဘူး၊ ငါက နောက်ကွယ်မှာ ရှိနေပင်မယ့် မင်းက အားလုံး လုပ်ရမှာလေ၊ ၄၀/၆၀ ဆိုရင်ရော၊ ငါ နည်းနည်းပဲ ပိုယူတာပါ၊ မင်း ငြင်းရင်တော့ ငါ တစ်ခြားလူ ရှာရမှာပေါ့”
ရဲ့လင်းချန် ငြိမ်နေပြီးမှ သနားကမား လေသံဖြင့် ပြောလိုက်သည်။
“သူတို့ ငါ့ပိုက်ဆံကိုယူပြီး ထွက်မပြေးဖို့ မျှော်လင့်ရမှာပဲလေ …”
“နင် ဘယ်လိုလုပ် သူစိမ်းတစ်ယောက်ကို ယုံလို့ဖြစ်မှာလဲ”
ကျန်းယွင်ရှီ ပက်ခနဲ ပြန်ပြောပြီးမှ နှုတ်ခမ်းကိုက်လိုက်သည်။
“ပြီးရော ငါ သဘောတူတယ်”
“ဒါဆို ငါတို့ အပေးအယူ လုပ်လိုက်ပြီနော်”
ရဲ့လင်းချန် အားပါးတရ ရယ်လိုက်သည်။
“ငါ မင်းဆီ အခုချက်ချင်း ပိုက်ဆံ လွှဲပေးမယ်၊ ငါ ဆိုင်နေရာနဲ့ အလုပ်ခန့်တာကို ပြီးမှ မင်းဆီ ပို့လိုက်မယ်”
“ဒါပေမဲ့ … ငါတို့ ဘာဆိုင်ကို ဖွင့်မှာလဲ”
ကျန်းယွင်ရှီ မျက်မှောင်ကြုတ်နေသည်။
“ငါ စဉ်းစားပြီးပြီ၊ အလှကုန်ပစ္စည်းဆိုင်”
ရဲ့လင်းချန် ဆက်ပြောလိုက်သည်။
“ဆိုင်နာမည်ကိုတောင်မှ စဉ်းစားပြီးပြီ၊ ဝိုင်အလှကုန် ပစ္စည်းလို့ ခေါ်ကြတာပေါ့၊ ငါ ကမ္ဘာ့ နံပါတ်တစ် အလှကုန်တံဆိပ်ကို ဖန်တီးဖို့ စိတ်ကူးထားတယ်”
*ဝိုင်အလှကုန်ပစ္စည်း ဟုတ်လား*
*ဘာနာမည်ကြီးလဲ*
*အလှကုန်လောကက နံပါတ်တစ် ကုန်တံဆိပ် ဖြစ်လာနိုင်မယ့် နာမည်နဲ့ မတူပါဘူး*
ကျန်းယွင်ရှီ တအံ့တဩ ပြောလိုက်သည်။
“နာမည်က တစ်ခုခု ဖြစ်နေတယ်လို့ မထင်ဘူးလား”
“မထင်ပါဘူး၊ အဲ့နာမည်ပဲ ထားမယ်”
ရဲ့လင်းချန်က ပြတ်သားစွာ ခေါင်းညိတ်ပြသည်။
“ဒါပေမဲ့… အလှကုန်ပစ္စည်းနဲ့ ပတ်သက်ရင် ငါ ဘာမှမသိဘူးလေ”
ကျန်းယွင်ရှီ ရှက်စိတ်ကြောင့် မျက်နှာနီမြန်းစွာ ပြောလိုက်သည်။ သူမသည် ငွေကြေးကြောင့် ရုန်းကန်ခဲ့ရသည်။ မိတ်ကပ် ပြင်ရန် မဆိုထားနှင့် အခြားသော မိန်းကလေးများကဲ့သို့ သူမ အလှကုန်ပစ္စည်းကို မထိဖူးချေ။
“ရပါတယ် မင်းက မိန်းကလေးပဲကို၊ အလှဘယ်လိုပြင်ရမလဲဆိုတာ ပင်ကို အရည်အချင်းနဲ့ သိမှာပါ၊ ပြီးတော့ မင်းမှာ ငါ ရှိတာပဲကို၊ ငါ မင်းကို သင်ပေးမယ်”
ရဲ့လင်းချန် ရင်ဘတ်ကိုပုတ်၍ ပြောလိုက်သည်။
“နင် … နင်က မိတ်ကပ်အကြောင်း သိတာလား”
ကျန်းယွင်ရှီ မျက်လုံးအပြူးသားနှင့် ရဲ့လင်းချန်ကို ကြည့်နေသည်။
*နင် စာတော်တာ ထားပါတော့၊ သိုင်းတတ်တာလည်း ထား၊ လောင်းကစား လုပ်တတ်ထားလည်း အဆင်ပြေပါတယ်၊ အခု နင်က မိတ်ကပ်ပညာမှာလည်း နင် ထူးချွန်တယ်လို့ ပြောချင်နေတာလား*