← Chapters

နတ်သမီးလေး

Vol. 8 Ch. 118

နတ်သမီးလေး

Vol. 8 Ch. 118

ရဲ့လင်းချန်နှင့် ကျန်းယွင်ရှီတို့သည် ဆိုင်ဖွင့်မည့် အကြောင်းအရာနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးခဲ့ကြပြီး ပီကင်း တက္ကသိုလ် အနီးအနား၌ ဖွင့်ရန် ဆုံးဖြတ်လိုက်ကြသည်။

တက္ကသိုလ်များ တည်ရှိသော မြို့ပတ်ဝန်းကျင်အနီးအနား၌ အလှကုန်ပစ္စည်းဆိုင် ဖွင့်လှစ်ထားခြင်းက ဝယ်သူများ မှန်မှန်များ ရှိနိုင်ပေသည်။ ထို့အပြင် ရဲ့လင်းချန်သည် ကျန်းယွင်ရှီအား အလှကုန်ပစ္စည်းများနှင့် ပတ်သက်၍ အခြေခံမျှ သိရှိစေရနန် အချို့သော စာအုပ်များကိုလည်း ဖတ်ရန် အကြံပေးလိုက်သည်။

သူမအနေဖြင့် အနည်းဆုံး အလှကုန်ပစ္စည်းများနှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များကို နားလည်ထားသင့်ပေသည်။

အမျိုးသမီးများ၌ ထိုအကြောင်းအရာနှင့် ပတ်သက်၍ ဆိုစရာမရှိလောက်အောင် ပါရမီပါလေသည်။ ထို့ကြောင့် ကျန်းယွင်ရှီသည် အခြေခံမျှကို အလွန် လျင်မြန်စွာ သိနားလည်သွား၏။

သို့သော် ကုန်ပစ္စည်းများ၏ ဈေးများကို သူမ မြင်လိုက်ပြီးနောက် တစ်ကိုယ်လုံး တောင့်တင်းသွားသည်။

မျက်နှာလိမ်းခရင် ဘူးလေးတစ်ဘူးကပင် တစ်ထောင်ကျော်၏။ ထို့အပြင် eye cream, makeup remover, sunblock lotion နှင့် အခြားသော အလှကုန်ပစ္စည်းများကလည်း တန်ဖိုးများလှသည်။ ယင်းက ပိုက်ဆံကို မီးတင်ရှို့လိုက်သည်နှင့် အတူတူပင်။

သူမ၏ ငွေကြေးချမ်းသာမှုက သူမအမြင်ကို တားဆီးခဲ့သည့်အချက်ကို သူမ ငြင်းမရနိုင်ပါ။

အချိန်တရွေ့ရွေ့ ကုန်လာပြီး ကောင်းကင်၌ အမှောင်ထုက စိုးမိုးလာသည်။ ရဲ့လင်းချန်က ကျန်းယွင်ရှီကို စားသောက်ဆိုင်တစ်ခုသို့ ခေါ်သွားပြီး သူ့ဆိုင်၏ အနာဂတ်အတွက် ဂုဏ်ပြုသည့်အနေဖြင့် ညစာ ဝယ်ကျွေးလေသည်။ ထို့နောက် သူသည် ကျန်းယွင်ရှီအား သူမအိမ်သို့ လိုက်ပို့လေသည်။

ကျန်းယွင်ရှီ၏ အိမ်၌ ထူးခြားမှုနှစ်ခု ရှိသည်။ တစ်ခုမှ အိမ်က ဟောင်းနွမ်းနေခြင်း ဖြစ်ပြီး ကျန်တစ်ခုမှာ ငှားခက ဈေးပေါသောကြောင့် ဖြစ်၏။

အိမ်သည် အလွန် ဟောင်းနွမ်းနေသော တိုက်ခန်းတွဲဖြစ်သည်။ ကျန်းယွင်ရှီက မြေအောက်ခန်း၌ ငှားနေလေသည်။ ထိုကဲ့သို့သော အခန်းမျိုးက တစ်နှစ်ပတ်လုံး နေရောင်မကျသည့် အခန်းမျိုးပင်။ ၎င်းသည် မှောင်မိုက်၍ အကြမ်းဖျင်း သုံးဆယ် စတုရန်းမီတာမျှသာ ကျယ်ဝန်းသည်။ ၎င်းက နေစရာတိုက်ခန်းဟု ခေါ်သည်ထက် အကျဉ်းထောင်အခန်းဟု ခေါ်သည်ကပင် ပိုမှန်ပေဦးမည်။

ရဲ့လင်းချန်က ကျန်းယွင်ရှီကိုပင် ဖျောင်းဖျမနေတော့ချေ။ သူ ချက်ချင်း အိမ်ငှားကာလကို ဖျက်သိမ်း၍ သူမ ခရီးဆောင်အိတ်ကို ဆွဲထုတ်လာခဲ့သည်။

“မင်း ငါနဲ့အတူနေ”

သူမ ပြန်ပြောသည်ကို မစောင့်ဘဲ သူ ချက်ချင်း ဆက်ပြောလိုက်သည်။

“အိမ်က ဒီလောက်ကြီးတာ ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ ငါ လူလိုမှာပဲ ဟုတ်တယ်မလား၊ မင်းက ငါ့ဝန်ထမ်း ဖြစ်နေပြီဆိုတော့ ငါ့ရဲ့ အချိန်ပိုင်း အိမ်ထိန်း ဖြစ်ပေးရင် ကောင်းတာပေါ့၊ အဲ့ဒါဆို ငါ အခြားသူ တစ်ယောက်ယောက် ငှားရမယ့် ပြဿနာလည်း မရှိတော့ဘူး၊ အခုခေတ်က အိမ်ထိန်းတစ်ယောက် ငှားမယ်ဆို အနည်းဆုံး ယွမ်တစ်သောင်းလောက် ကုန်မှာလေ”

စံအိမ်၌ အခန်းများက အလွန် ပေါပေသည်။ ကျန်းယွင်ရှီ မငြင်းနိုင်ဘဲ ငြိမ်၍ နှုတ်ခမ်းစူနေသည်။

ညခုနစ်နာရီတွင် ရဲ့လင်းချန်သည် သူ့အခန်းထဲမှနေ၍ တိုက်ရိုက် ထုတ်လွှင့်လေသည်။ အင်တာနက်လိုင်းက မြန်ဆန် ချောမွေ့ရုံသာမက အင်တာနက် ကဖေးထက် အဆပေါင်းများစွာ ပိုကောင်းလေသည်။ ပို၍ အရေးကြီးသည်မှာ ပတ်ဝန်းကျင်ကလည်း ပိုကောင်းပေသည်။ ထို့အပြင် ကွန်ပျူတာကလည်း အလွန် ကောင်းသည်။ အားလုံးကိုခြုံ၍ စောက်ရမ်းမိုက်တယ်ဟုသာ ပြောရပေတော့မည်။

တိုက်ရိုက်ထုတ်လွှင့်မှု ပြီးသွားပြီးနောက် သူ အိပ်ရာ တန်းဝင်လိုက်သည်။

*ဇိမ်ကျလိုက်တာ*

*ငါ သိနေတယ်လေ၊ ကိုယ်ပိုင်အိမ်ရှိတာက ပိုပြီး နေလို့ထိုင်လို့ ကောင်းတာပဲ*

နောက်တစ်နေ့တွင် ရဲ့လင်းချန် မနက်ခင်း လေ့ကျင့်ခန်း ပြီး၍ ပြန်လာသောအချိန်၌ ကျန်းယွင်ရှီက မနက်စာ ပြင်ဆင်ပြီးနေလေပြီ။

စားပွဲပေါ်၌ ပေါင်မုန့်နှင့် နွားနို့တို့ မရှိဘဲ ရိုးစင်းသော ရွာမှ မနက်စာ အပြင်အဆင်လေးသာ ရှိသည်။ ၎င်းမှာ ခေါက်ဆွဲတစ်ပွဲနှင့် ကြက်ဥကြော်တို့သာ ဖြစ်သည်။ ရိုးစင်းသော်လည်း အရသာ ရှိလှသည်။

ထိုမနက်၌ ကျန်းယွင်ရှီသည် သာမန် အဝတ်အစားကိုသာ ဝတ်ထားပြီး ခါး၌ အေပရွန်ကို ချည်ထားသည်။ သူမသည် ဘာမိတ်ကပ်မှ မလိမ်းထားသော်လည်း မိတ်ကပ် အတော်လေး ပြင်ထားသည့် အမျိုးသမီးများထက် ပိုလှပြီး မျက်နှာ ကြည်လင်နေသည်။

သို့သော် ရဲ့လင်းချန်က ကြည့်ပြီး မသိမသာ မျက်မှောင်ကြုတ်သွားသည်။

“ယွင်ရှီ ဒီမနက်ပိုင်း ငါ အတန်းမရှိတာနဲ့ အတော်ပဲ၊ ငါတို့ မင်းအတွက် အဝတ်အစား သွားဝယ်ကြမလား”

“အဝတ်အစား ဝယ်မလို့လား၊ ငါ့အဝတ်အစားတွေက ကောင်းနေပါသေးတယ်”

“ငါတို့ ဆိုင်ဖွင့်မယ်ဆိုတော့ ဝယ်သူတွေရဲ့ ယုံကြည်မှုရအောင် မင်း ပိုကောင်းတာလေး ဝတ်ဖို့ လိုတာပေါ့”

ရဲ့လင်းချန်က ပြုံး၍ ဆက်ပြောလိုက်သည်။

“အဲ့ဒါက ငါတို့ ဆိုင်ဖွင့်မယ့် စရိတ်ထဲကမို့လို့ မင်း တွေးပူစရာ မလိုပါဘူး”

…

ခိုင်ယွမ် စင်တာ။ ၎င်းသည် မြို့တော်တွင်း၌ အကြီးဆုံး ဈေးဝယ်စင်တာများထဲမှ တစ်ခု ဖြစ်ပြီး လူချမ်းသာများ အတော်လေး ဈေးဝယ်ထွက်ကြသည့် စင်တာ ဖြစ်ပေသည်။ မန်နေဂျာအဆင့်မှနေ၍ ရာထူးအကြီးပိုင်းများအထိ အဝတ်အစား ဝယ်မည်ဆိုလျင် ဤစင်တာကို ပထမဆုံး ရွေးချယ်ကြသည်။

အကြောင်းရင်းမှာ ၎င်း၌ နာမည်ကျော် ကုန်ပစ္စည်းများစွာ စုဝေးနေသောကြောင့်ပင်။ ၎င်းတွင် လူနေမှု အဆင့်အတန်းအလိုက် သာမန်လူများမှနေ၍ လူချမ်းသာအများအထိ ကုန်ပစ္စည်းများ စုံလင်စွာ ရှိသော ကြောင့်ပင်တည်း။

Vatti သည် တရုတ်နိုင်ငံ၏ တတ်နိုင်သော နာမည်ကျော် ကုန်ပစ္စည်းတစ်ခု ဖြစ်သည်။ ရဲ့လင်းချန်၏ စာဖတ်တတ်သော ဝါသနာအရ ဖက်ရှင်မဂ္ဂဇင်းများစွာကိုလည်း ဖတ်ခဲ့ဖူးသဖြင့် ကုန်ပစ္စည်းတစ်ခုကို အသာလေး အကဲဖြတ်နိုင်လာသည်။

သူသည် ပြည်တွင်းထုတ်ကုန်များကို အားပေးချင်သောကြောင့် ပြည်ပတံဆိပ်များကို မကြည့်ပေ။

Vatti က အကောင်းဆုံး ကုန်အမှတ်တံဆိပ်ဖြစ်သည့် Dior နှင့် Coach ကို မယှဉ်နိုင်သော်လည်း နာမည်ရသော အမှတ်တံဆိပ်ဟု သတ်မှတ်နိုင်ပေသည်။

သူ ကျန်းယွင်ရှီကို ကူညီ၍ အဝတ်အစားများ ရွေးပေးလိုက်သည်။ အများစုက လှပတင့်တယ်သော အဝတ်အစားများ ဖြစ်သော်လည်း ရဲ့လင်းချန် အနည်းငယ် အားမရသလို ခံစားမိသည်။

ထိုသို့ဖြစ်ရခြင်းမှာ ဖက်ရှင်မဂ္ဂဇင်းများစွာကို ဖတ်ခဲ့သဖြင့် သူ၏ ဖက်ရှင်အမြင်က တိုးတက်လာခြင်းကြောင့် ဖြစ်နိုင်ပေသည်။

ရဲ့လင်းချန် ကူကယ်ရာမဲ့သလို ခံစားမိသည်။ သူ၏ အသိပညာ တိုးတက်လာသည်နှင့်အမျှ သူ၏ အမူအကျင့်ကလည်း တဖြည်းဖြည်း ပြောင်းလဲလာသည်။

သူ ဖက်ရှင်ဒီဇိုင်းပညာကို သီးသန့် မလေ့လာသော်လည်း သူ၏ စွမ်းရည်က ခြောက်ဆယ့်ငါး ရာခိုင်နှုန်းသို့ ရောက်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူ့တွင် ကောင်းမွန်သော ဖက်ရှင်အမြင် ရှိနေလေ၏။

နာမည်ကျော် ကုန်ပစ္စည်းဆိုင် ဖြစ်သည်နှင့်အညီ Vatti ၏ အတွင်းပိုင်း အပြင်အဆင်များက တင့်တယ်လှသည်။ နံရံနှင့် မျက်နှာကြက်က ရွှေရော်ဖြစ်ပြီး ဘေးဘတ်တွင် မှန်များ စီခြယ်ထားသည်။ ဝင်လိုက်သည်နှင့် အဆင့်မြင့်၍ နာမည်ကျော်သော နေရာဟု ခံစားရစေသည်။

အဝတ်အစားများ၊ အိတ်များနှင့် ဖိနပ်များကို စင်အလိုက် ခင်းကျင်းပြသထားသဖြင့် ကြည့်ကောင်းလှသည်။

“လူကြီးမင်း၊ မဒမ် ကျွန်မ ဘာများ ကူညီပေးရမလဲ”

နာမည်ကျော် ဆိုင်ဖြစ်သောကြောင့် သူတို့၏ ဝန်ဆောင်မှုကလည်း အထင်ကြီးစရာပင်။ အရောင်းဝန်ထမ်းတိုင်းက အထူး လေ့ကျင့်ပေးခံထားရသူများ ဖြစ်သောကြောင့် ဝယ်သူတိုင်းအား ယဉ်ကျေးသည့် အပြုအမူနှင့် ကြိုဆိုကြသည်။

“ကျွန်တော့်ကို အဲ့ဒါလေး အရင်ပြပါ”

ရဲ့လင်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့အနောက်မှ လိုက်လာသော ကျန်းယွင်ရှီမှာမူ စိုးရိမ် ပူပန်နေ၏။ အထူးသဖြင့် အဝတ်အစားများ၏ တန်ဖိုးများကို မြင်သောအခါ သူမမျက်နှာက ချက်ချင်း ဖြူရော်သွားသည်။

*ယွမ် ရှစ်ထောင်လား*

*အဝတ်အစားလေး တစ်ခုပဲကို၊ ဘယ်လိုလုပ် အဲ့လောက် ဈေးကြီးတာလဲ*

သူမ ရဲ့လင်းချန်ကို အမှတ်တမဲ့ ကြည့်လိုက်မိသည်။

“မြန်မြန် စမ်းဝတ်ကြည့်လေ၊ ဒီတစ်ခါတော့ မင်း ရှောင်မပြေးရင် ကောင်းမယ်”

ရဲ့လင်းချန်က ပြုံး၍ ပြောလိုက်သည်။ အစောပိုင်းက ကျန်းယွင်ရှီသည် အဝတ်အစားတန်ဖိုးက ယွမ် တစ်သောင်းခွဲ ရှိသည်ကို မြင်ပြီး ချက်ချင်း ပြန်ချ၍ ဆိုင်ထဲမှ ထွက်သွားခဲ့သည်။ ယင်းက ဆိုင်ထဲမှ သူ့အား အနေရခက် သွားစေခဲ့သည်။

ကျန်းယွင်ရှီ အဝတ်လဲပြီး ထွက်သွားသောအခါ မူက တောက်ပနေသည့် ဆိုင်ပင် မှေးမှိန်သွားသလို ဖြစ်သွား လေသည်။ လောကထဲ၌ သူမတစ်ဦးတည်းသာ ရှိတော့သည်ဟုပင် ထင်မှတ်မှားရသည်။

ကျော့ရှင်းလှသည်။ ကျက်သရေ ရှိလှသည်။ အထင်ကြီးစရာပင်။

*လှလိုက်တာ*

ဘေးပတ်ဝန်းကျင်မှ လူများအားလုံး သူမကို မျက်လုံးအဝိုင်းသားနှင့် ပြူးကြည့်လာ၏။

*လှတယ်၊ လုံးဝကို အသက်ရှူမှားလောက်တယ်ကွာ*

အချို့ဆိုလျင် အသက်ရှူသံပင် ပြင်းလာပြီး မသိမသာ တံတွေးမျိုချသံကိုပင် ကြားနေရသည်။

“နတ်သမီး၊ ဒါ နတ်သမီးလေးပဲ”

ထိုသို့သောအချိန်နှင့် ကတုံးနှင့်လူတစ်ယောက်က တအံ့တဩ ရေရွတ်လာ၏။ သူက အရောင်တောက်နေသော မျက်လုံးများဖြင့် ကျန်းယွင်ရှီအား စူးစိုက်ကြည့်နေသည်။ ထို့နောက် သူက အရှေ့သို့ ပြေးတက်လာပြီး သူမအား ကျယ်လောင်စွာ ချီးမွမ်းလေသည်။

“ဒီက မိန်းကလေး၊ မင်းက ငါ မြင်ဖူးသမျှထဲမှာ အလှဆုံး မိန်းကလေးဆိုတာကို ငါ အတပ် ပြောရဲတယ်၊ မဟုတ်ဘူး၊ မင်းက နတ်သမီးပဲ၊ ဒီအဝတ်အစားက မင်းနဲ့ သိပ်လိုက်တယ်”

ကျန်းယွင်ရှီက သူ့ကို တစ်ချက်ကလေးပင် မကြည့်ဘဲ ရဲ့လင်းချန်ကိုသာ လှမ်းကြည့်၍ မေးလေသည်။

“လင်းချန် ဘယ်လိုနေလဲ၊ ငါတော့ အရမ်း ဈေးကြီးတယ်လို့ ထင်တာပဲ”

ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားသည်။ ဤဝတ်စုံက ကျန်းယွင်ရှီနှင့် အတော်လေး လိုက်ဖက်သော်လည်း တစ်ခုခု လိုအပ်နေသေးသည်ဟု ရဲ့လင်းချန် ခံစားနေရသေးသည်။

“အဆင်ပြေပါတယ်၊ ဒီဒီဇိုင်းက တစ်ခုခု လိုနေသလို ငါ ခံစားမိနေလို့”

ရဲ့လင်းချန် အေးအေးလူလူ ပြောလိုက်သည်။ သူက ထိုအဝတ်အစားကို ဝယ်ပြီးမှ အိမ်၌ ပြန်ပြင်မည်ဟု စဉ်းစားထားသည်။

“အဓိပ္ပာယ် မရှိလိုက်တာ”

ကတုံးနှင့်လူက စိတ်တိုသွားပြီး ရဲ့လင်းချန်အား လက်ညှိုးငေါက်ငေါက်ထိုး၍ အော်ဟစ်လေသည်။

“Vatti ရဲ့ ဒီဇိုင်နာက ငါတို့နိုင်ငံမှာ အကောင်းဆုံးကွ၊ မင်း မဝယ်နိုင်ဘူးဆိုရင်လည်း ပြောလိုက်၊ သောက်ရေးမပါတဲ့ ဆင်ခြေတွေ ပေးမနေနဲ့၊ မင်းတို့လို ငမွဲတွေက ရယ်ချင်စရာပဲ”

“ဟုတ်တယ်၊ မင်းက Vatti ရဲ့ ဒီဇိုင်နာကို သရော်တာလား၊ ဟာသပဲကွာ”

“မိန်းမလှလေး၊ မင်းရည်းစားက အသုံးမကျတဲ့လူပဲ၊ သူ မဝယ်ပေးနိုင်တာကို လာဟန်လုပ်နေတယ်၊ ဒီလို အပြုအမူက အမှိုက်ကောင်တစ်ယောက်ရဲ့ အပြုအမူပဲ၊ မင်း သူ့ကို မြန်မြန် လမ်းခွဲသင့်တယ်”

“မိန်းမလှလေး ဒီဝတ်စုံက မင်းနဲ့ သိပ်လိုက်တာ၊ မိတ်ဆွေဖွဲ့ရအောင်၊ ပြီးရင် ဒါကို မင်းအတွက် လက်ဆောင် အနေနဲ့ ဝယ်ပေးမယ်”

“မိန်းမလှလေး လူငယ်တွေက စကားချိုချိုပြောပြီး ချစ်တတ်ပင်မယ့် သူတို့က မယုံရဘူး၊ မင်း ဘာကြိုက်တတ်လဲ ငါ သိချင်တယ်၊ ငွေရေးကြေးရေးက ငါ့အတွက် ခြေသလုံးမွေးပဲ၊ မင်း ငါနဲ့ ညစာ အတူလိုက်စားပေးဖို့ပဲ လိုတာပါ”

….

ချက်ချင်းဆိုသလိုပင် ရဲ့လင်းချန်က ဆိုင်ထဲမှ ယောက်ျားသားတိုင်း၏ နံပါတ်တစ် ဘုံရန်သူ ဖြစ်လာပြီး ကျန်းယွင်ရှီက အားလုံး လိုချင်သည့် မင်းသမီးလေး ဖြစ်လာလေသည်။

ဤအမျိုးသားများသည် အလွန် စွဲလမ်းနေပြီး သူတို့၏ ရာဂစိတ်အတွက် ကိုယ်ကျင့်သိက္ခာ အားလုံးကို လွှင့်ပစ်လိုက်ကြသည်။ သူတို့ဘေးနားမှ သူတို့၏ ချစ်သူများကိုတောင်မှ တွန်းထုတ်ကြ၏။

သူတို့စိတ်ထဲတွင် ရဲ့လင်းချန်က ဆင်းရဲသား ငမွဲသာ ဖြစ်သည်။ သူ့၌ ကျန်းယွင်ရှီကဲ့သို့သော နတ်သမီးလေးနှင့် ထိုက်တန်သော အရည်ချင်း ဘယ်လိုလုပ် ရှိပါမည်နည်း။

All Chapters