← Chapters

ဟန်ရေးပြနိုင်မည့် အခွင့်အရေး

Vol. 8 Ch. 119

ဟန်ရေးပြနိုင်မည့် အခွင့်အရေး

Vol. 8 Ch. 119

ဤသို့သော အခြေအနေ၌ အားလုံး၏ တပ်မက်သော အကြည့်များဖြင့် ရင်ဆိုင်လိုက်ရသဖြင့် ကျန်းယွင်ရှီ အလွန်အမင်း ကြောက်လန့်သွားသည်။ ထို့ကြောင့် သူမ ရဲ့လင်းချန်ထံသို့ အပြေးသွား၍ ဖက်တွယ်လိုက်မိသည်။

မနာလို ဝန်တိုမှုများ ဖြစ်ပေါ်လာသည်။

ပုရိသ အပေါင်းတို့ ရူးမတတ် ဖြစ်ကုန်၏။ သူတို့သည် ရဲ့လင်းချန်အား မာန်ပါပါ စူးစိုက်ကြည့်၍ သူ့နေရာ၌ သူတို့သာ ဖြစ်လိုက်ပါတော့ဟု မျှော်မှန်းကုန်သည်။

ရဲ့လင်းချန်သည် တည်ငြိမ်စွာ ရပ်နေပြီး ကျန်းယွင်ရှီအား နှစ်သိမ့်လိုက်သည်။

“ဒီဝတ်စုံက လိုနေတာလေးတွေ ရှိပင်မယ့် မင်းအတွက် ကြည့်ကောင်းတုန်းပဲ၊ ထားလိုက်တာပေါ့”

*ဒါက … သူ ဝယ်မှာလား*

ဘေးပတ်လည်မှ လူအုပ်ကြီးသည် ရဲ့လင်းချန်အား မယုံသင်္ကာ အကြည့်ဖြင့် ကြည့်နေကြသည်။ သူတို့ ဘယ်လိုကြည့်ကြည့် သူက ထိုမျှ ပိုက်ဆံကို သုံးနိုင်သည့်သူနှင့် တူမနေပါ။

*သူ လေကျယ်နေတာများလား*

ထို့နောက် ရဲ့လင်းချန်က ရှေ့တိုးလာပြီး ဆက်တိုက် လက်ညှိုးထိုးသည်ကို သူတို့ တွေ့လိုက်ရသည်။

“ဒါ … ဒါ ပြီးတော့ ဒါ …”

လူအုပ်ကြီးက ကျိတ်ရယ်လေတော့သည်။ ကတုံးနှင့်လူဆိုလျင် ခနဲ့တဲ့တဲ့ စကားပါ ပြောလာ၏။

“ထွီ ဟန်လုပ်နေတာကို ရပ်လိုက်စမ်း၊ မင်း ရွေးလိုက်တဲ့ဟာတွေအားလုံးက ဆိုင်ရဲ့ ဈေးအပေါဆုံးတွေပဲ၊ အဲ့အဝတ်အစားတွေက ဒီမိန်းမလှလေးနဲ့ မလိုက်ဖက်ဘူး”

“မိန်းမလှလေး မင်းရည်းစားက ဆင်းရဲလွန်းတယ်၊ မင်း သူနဲ့အတူနေရင် တစ်ဘဝလုံး ဒုက္ခခံစားရလိမ့်မယ်”

တစ်ခြားလူက ထပ်ပြောလေသည်။

“အရည်အသွေးနိမ့်တဲ့ အဝတ်အစားတွေကို ရွေးမနေနဲ့တော့၊ ဒီလောက် လှတဲ့ နတ်သမီးလေးကို ဒီလို စုတ်ပြတ်တဲ့ အဝတ်အစားတွေ ဝတ်ကြည့်ခွင့် မပေးနိုင်ဘူး”

ရဲ့လင်းချန်က သူတို့ကို လျစ်လျူရှု၍ အရောင်းဝန်ထမ်းအား ပြောလိုက်သည်။

“ခုနက ကျွန်တော် ထိုးပြတဲ့ ဒီဇိုင်းတွေကို ဖယ်ထားလိုက်ပါ၊ အဲ့ဒါတွေကလွဲရင် ကျန်တဲ့ အခြားဒီဇိုင်းတွေကို သူ စမ်းဝတ်ကြည့် ဆိုဒ်အတိုင်း တစ်စုံစီ ယူမယ်”

*ဟမ်*

လူအုပ်ကြီးသည် သူတို့ နားကြားလွဲသွားလေသလားဟု ထင်မိသွားပြီး ရဲ့လင်းချန်အား တအံ့တဩ ဝိုင်းကြည့်ကြသည်။

“လူကြီးမင်း ဆိုင်က ပစ္စည်းအားလုံးကို ဝယ်ချင်တာပါလား”

အရောင်းဝန်ထမ်းသည်လည်း အံ့ဩနေပြီး သူ့အား သေချာအောင် အတည်ပြု မေးမြန်းလာသည်။

ရဲ့လင်းချန် ခေါင်းညိတ်၍ မှန်ကန်ကြောင်း ပြသလိုက်သည်။ တန်ဖိုးကြီးဆိုင်မှ ရွေးစရာများက အကန့်အသတ် များလှသည်။ ထို့ကြောင့် ရဲ့လင်းချန်က အရည်အသွေး နိမ့်သော အဝတ်အစားများနှင့် အိတ်များကို ဖယ်လိုက်သည်။ ကျန်သော ပစ္စည်းများအားလုံးကို သူ ယူရန် စိတ်ကူးထားသည်။

*သူ အားလုံးကို ဝယ်မလို့လား*

ပုရိသအားလုံး၏ အမူအရာများ အေးခဲကုန်ကာ ပါးစပ်အဟောင်းသားဖြစ်ပြီး ပြောစရာ စကား မဲ့ကုန်ကြသည်။

အဝတ်အစားများ၊ အိတ်များနှင့် ဖိနပ်များသည် မတူညီသည့် ဒီဇိုင်းပေါင်း အနည်းဆုံး အခုတစ်ရာမက ရှိလေသည်။ တစ်ခုချင်းစီက ယွမ် တစ်သောင်းမျှ ရှိသဖြင့် အားလုံးပေါင်းလိုက်လျင် တစ်သန်း ဖြစ်နေလေပြီ။

*ရူးနေပြီ*

သူတို့၌ ယွမ်တစ်သန်း ရှိပါ၏။ သို့သော် တစ်သန်းလုံးကို တစ်ခါတည်းနှင့် သုံးလိုက်ခြင်းက သူတို့ စိတ်မကူးရဲသည့် အရာပင်တည်း။

“လူကြီးမင်း သေချာပါသလား”

အရောင်းဝန်ထမ်းက ထပ်မံ၍ အတည်ပြုလေသည်။

“သေချာတယ်”

ရဲ့လင်းချန် တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒီက ဒီဇိုင်းအများစုက နည်းနည်း ချို့ယွင်းချက် ရှိပင်မယ့် အခြားဆိုင်တွေထက်တော့ ပိုကောင်းပါသေးတယ်၊ ငါ နည်းနည်း ပြန်ညှိလို့ရတယ်”

“တော်တော် ပြောရဲသားပဲ”

ကျယ်လောင်သော ခနဲ့သံနှင့်အတူ မီးခိုးရောင် ခပ်ဖျော့ဖျော့ တီရှပ်ကို ဝတ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက် အရှေ့သို့ လျှောက်လာသည်။ သူသည် ရွှေရောင် မျက်မှန်ကိုင်းတစ်လက်ကို တပ်ထားပြီး အနက်ရောင် သားရေဖိနပ်နှင့် အင်္ကျီနှင့် လိုက်ဖက်သော အရောင်ဖျော့ဖျော့ ဘောင်းဘီကို ဝတ်ထားသည်။ အရောင် လိုက်ဖက်အောင် ဝတ်နိုင်သည့် သူ့ပုံကို ကြည့်ရုံနှင့်တင် သူက သာမန်မဟုတ်ကြောင်း လူတိုင်း ပြောနိုင်ပေသည်။

“မြတ်စွာဘုရား သူက ဆရာကျား မဟုတ်လား”

“Vatti ရဲ့ ခေါင်းဆောင် ဒီဇိုင်နာ ကျားသိ မဟုတ်လား၊ သူက တကယ်ကြီး ဆိုင်မှာ ရှိနေတာလား”

“ဆရာကျားနဲ့ တွေ့ရလိမ့်မယ်လို့ ငါ မယုံနိုင်ဘူး၊ ကောင်းကင်ဘုံက ငါ့ကို စောင်မတာပဲ”

“အဲ့ကောင်လေးက Vatti ရဲ့ ဒီဇိုင်းကို ခနဲ့ရဲတာပဲ၊ ဒါက ဆရာကျားကို မျက်နှာဖြတ်ရိုက်လိုက်သလိုပဲလေ၊ အရူး”

….

Vatti ဆိုင်တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားလေသည်။

ကျားသိသည် Vatti၏ ခေါင်းဆောင် ဒီဇိုင်နာများထဲမှ တစ်ယောက် ဖြစ်သည်။ သူသည် အဆင့်အတန်း မြင့်မားပြီး ဒီဇိုင်းနယ်ပယ်၌ ဆရာတစ်ဆူဟု သတ်မှတ်နိုင်ပေ၏။

Vatti၏ ဤသို့သော အောင်မြင်မှုနှင့် လူသုံးများမှုက ကျားသိ၏ အရည်အချင်းကို ပြသနေသည့် အကောင်းဆုံး သက်သေပင်။

ယခု တစ်စုံတစ်ယောက်က သူ့ဒီဇိုင်းကို ပေါ်တင် အပြစ်တင်ရဲနေ၏။ ဤသည်က သူ့ကို ပေါ်တင် ရန်စလိုက် သလိုပင်။

သူ့ဘဝ၏ အကြီးမားဆုံး ရည်မှန်းချက်မှာ လူအများ နှစ်သက်သည့် အဝတ်အစားများ ဖန်တီးရန် ဖြစ်သည်။ ထို့ကြောင့် ဒီဇိုင်းဆွဲခြင်းအပြင် ဆိုင်များသို့ သူ မကြာခဏ လည်ပတ်လေ့ ရှိသည်။ သူ ဖန်တီးထားသော အဝတ်အစားများကို ဝတ်ထားစဉ်တွင် ဝယ်သူများ၏ စိတ်ကျေနပ်သော အပြုံးများကို မြင်လိုက်ရလျင် သူ့စိတ်ထဲ၌ စိတ်ကျေနပ်အားရသွားသလို ခံစားရသည်။

သို့သော် ယနေ့တွင် သူသည် ရဲ့လင်းချန်နှင့် တည့်တည့်တိုးလေတော့သည်။ သူ သည်းမခံနိုင်တော့ဘဲ ဤကိစ္စကို ရှင်းရပေမည်။

“ကောင်လေး မင်းက ငါ့ဝယ်သူ ဖြစ်တဲ့အတွက် ငါ မင်း အခက်တွေ့အောင် မလုပ်ဘူး”

ကျားသိက မျက်မှန်ကိုပင့်တင်၍ လေးနက်သော အသံဖြင့် ပြောလိုက်သည်။

“ဒါပေမဲ့ မင်း ငါ့ဒီဇိုင်းကို လှောင်လို့မရဘူး၊ မင်း ငါ့ကို တောင်းပန်ရမယ်”

“ကျွန်တော် အမှန်ကိုပဲ ပြောနေတာပါ၊ တကယ်လို့ ခင်ဗျားကို တစ်နည်းနည်းနဲ့ စော်ကားမိသွားတယ်ဆိုရင်တော့ ခွင့်လွှတ်ပေးပါ”

ရဲ့လင်းချန် တည်ငြိမ်စွာ ပြန်ပြောလိုက်လေသည်။

“အဲ့ကောင်လေးရဲ့ ဦးနှောက်က အလုပ်လုပ်သေးရဲ့လား၊ ဒါက တောင်းပန်တာလား”

“ရန်စတာ၊ သေချာပေါက် ရန်စတာပဲ”

“ဆရာကျားကို ဒီလို အရှက်ခွဲတာပဲ၊ သူ လွန်နေပြီ”

ကျားသိ၏ မျက်နှာထားက မည်းမှောင်လာပြီး ခနဲ့လိုက်သည်။

“ဪ ငါ့ဒီဇိုင်းမှာ ဘာချို့ယွင်းချက် ပါသလဲ ငါ သိလို့ရမလား၊ ပြပါဦး”

“ကျွန်တော်တို့ ကျန်းယွင်ရှီ အခု ဝတ်ထားတဲ့ ဒီဇိုင်းကို နမူနာထားတာပေါ့”

ရဲ့လင်းချန်က ကျန်းယွင်ရှီ၏ ခါးပတ်ကို လက်ညှိုးထိုးပြလိုက်သည်။

“ဒီခါးပတ်က မလိုအပ်ဘူး၊ ဘာမှမထူးတဲ့အပြင် အရည်အသွေးကိုပါ ကျဆင်းစေတယ်၊ ဒီခါးပတ်ကို ဖယ်ပြီး ဝမ်းဆက်အဖြစ် ချုပ်လိုက်ရင် ပိုပြီး ကြည့်ကောင်းသွားမှာ”

ကျားသိ မျက်မှောင်ကြုတ်သွားပြီး ငြိမ်ကျသွားသည်။ ရဲ့လင်းချန်က ဆက်ပြောသည်။

“ဒီဖိနပ်ရဲ့ ပြဿနာက အရောင်စပ်တာပဲ၊ ခင်ဗျားက မတူညီတဲ့ ကျောက်တုံး အရောင် ငါးခုကို ထည့်မြှုပ်ထားတယ်၊ အရောင်တွေက များလွန်းတယ်၊ အကြမ်းဖျင်းအရဆို သုံးရောင်လောက်နဲ့တင် ရနေပြီ၊ အစိမ်းရောင်နဲ့ အပြာရောင်ကို ဖယ်လိုက်ရင် ပိုကြည့်ကောင်းသွားမှာ”

“ပြီးတော့ ဒီအိတ်၊ အရောင်က ရှင်းလွန်းတယ်၊ ပိဲးတော့ အရောင်က ခပ်မွဲမွဲ မီးခိုးရောင် ဖြစ်နေတယ်၊ Vatti တံဆိပ်သာ မဟုတ်ရင် ဘယ်တော့မှ မရောင်းရမှာကိုတောင် စိုးရတယ်”

“ဒါကိုလည်း ခင်ဗျား ဒီလို ပြင်လို့ရတယ်…”

“ဟိုတစ်ခု … အဲ့ဒါကိုလည်း ဒီလိုပြင်လိုက်ရင် …”

ရဲ့လင်းချန်က ဆက်ဆက်၍ ပြောလေသည်။ သူသည် ကြုံရာပစ္စည်းကို ရွေး၍ ပြစ်ချက်များကို တစ်ခုပြီးတစ်ခု ထုတ်ပြောနေသည်။ Vatti ဆိုင်တစ်ခုလုံးသည် တန်ဖိုးမရှိလောက်သည်အထိ ပြစ်ချက်ရှာ ဝေဖန်ခံနေရ၏။

ဆယ်ခွန်းမျှ ဆက်တိုက် ပြောပြီးနောက် ရဲ့လင်းချန် လက်ခါတော့သည်။

“ပြောစရာတွေက များလွန်းလို့ ကျွန်တော် တစ်ခုပြီးတစ်ခု ဆက်မပြောနိုင်တော့ဘူး”

လူတိုင်းက ရဲ့လင်းချန်ကို မယုံနိုင်သလို ကြည့်နေကြသည်။ သူတို့သည် အကြောင်းအရာကို သေချာ နားမလည် သော်လည်း သူ့အပေါ် လေးစားလာသည့် ခံစားချက်က ရပ်တန့်မသွားချေ။

*ဒါက … အံ့ဩဖို့ကောင်းလွန်းတယ် မဟုတ်လား*

ကျားသိ နေရာမှာတင် ကြက်သေသေကာ မှင်တက်နေ၏။ သူ့မျက်လုံးများက မတည်ငြိမ် ဖြစ်နေပြီး ရဲ့လင်းချန် ပြောခဲ့သော စကားများကို တစ်ကိုယ်တည်း တီးတိုး ရေရွတ်နေ၏။

သူသည် ဖိနပ်တစ်စုံထံသို့ အလျင်အမြန် လျှောက်သွားပြီးနောက် အစိမ်းရောင်နှင့် အပြာရောင်ကျောက်ကို အုပ်၍ အနီးကပ် လေ့လာလေသည်။

“အံ့ဩစရာပဲ၊ လုံးဝကို အံ့ဩဖို့ကောင်းတယ်”

သူသည် ရဲ့လင်းချန်အား သူတော်စင်တစ်ပါးကို တွေ့လိုက်ရသကဲ့သို့ ကြည့်လာပြီး မျက်လုံးတွင်း၌ မျက်ရည်ပင် ဝေ့တက်လာသည်။

“ဆရာသခင်၊ မင်းက တကယ်ကို ဆရာသခင်ပဲ”

“မင်းကို ဘယ်လို ခေါ်ရမလဲ သိလို့ရမလား၊ ဆရာသခင်”

ကျားသိက တလေးတစား မေးလိုက်သည်။

“ကျွန်တော် ရဲ့လင်းချန်ပါ”

“ဆိုတော့ ဆရာသခင်ရဲ့ပေါ့”

ကျားသိ စိတ်လှုပ်ရှားသွားသည်။

“ဆရာသခင်ရဲ့ရဲ့ သင်ပြမှုကို ရလိုက်တာက ကျုပ်အတွက် ဂုဏ်ယူစရာပါပဲ၊ ဆရာသခင်ရဲ့ ဒီက ဒီဇိုင်နာဖြစ်ဖို့များ စိတ်ဝင်စားပါသလား”

လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။ သူတို့သည် ရဲ့လင်းချန်အား တွေဝေစွာ စိုက်ကြည့်နေပြီး ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေအား နားမလည်နိုင် ဖြစ်နေပြီး အိပ်မက်မက်သလို ခံစားမိနေ၏။

*ဒါ ဟာသများလား*

“ကျွန်တော် စိတ်မဝင်စားပါဘူး’

ရဲ့လင်းချန် အခိုင်အမာ ငြင်းလိုက်သည်။

“ပိုက်ဆံ ရှင်းလိုက်ရအောင်၊ ကျွန်တော် အလျင်လိုနေလို့ပါ”

“ကျွန်တော် ဘယ်လိုလုပ် ဆရာသခင်ရဲ့ကို ပိုက်ဆံတောင်းနိုင်မှာလဲ၊ ခင်ဗျားရဲ့ သင်ပြမှုက အဖိုးမဖြတ်နိုင်ပါဘူး၊ ခင်ဗျား ဒီကို ရောက်လာတာကတင် ကျုပ်တို့ ကုန်ပစ္စည်းအတွက် ဂုဏ်ယူစရာပါ၊ အခုချိန်ကစပြီး ဒီက ပစ္စည်းအားလုံးကို ခင်ဗျား အလကား ယူလို့ရပါတယ်”

ကျားသိက ရက်ရက်ရောရော ကမ်းလှမ်းလေသည်။

“ဒါကို ခင်ဗျားရဲ့ တပည့်တစ်ယောက်က ကျေးဇူးဆပ်တာလို့ မှတ်ဘူပေးပါ၊ ဒီလက်ဆောင်ကို မငြင်းပါနဲ့”

ထူးချွန်သူတစ်ယောက်သာလျင် ဤပြဿနာများကို ဤသို့ ထိရောက်စွာ ဖြေရှင်းနိုင်ပေမည်။ ဤလူသည် ပြောင်မြောက်စွာ ပုန်းကွယ်နေသော ဆရာတစ်ဆူ ဖြစ်သည်။ ဤလူအား သူ အမိအရ တွယ်ကပ်ထားမှ ဖြစ်မည်။

ဤအဝတ်အစားများက အခြားသူများအတွက် တန်ဖိုးကြီးသော်လည်း ကျားသိအတွက် အဝတ်အစား အချို့မျှသာ ဖြစ်သည်။

“ကောင်းပြီလေ”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်ပြီး သူ့စကားကို ငြင်းရန် မတွေးမိချေ။

*ဒီလူက ဖက်ရှင်ဒီဇိုင်းနဲ့ ပတ်သက်ပြီး စွဲလမ်းတာပဲ၊ ခေါင်းဆောင် ဒီဇိုင်နာနေရာအထိ တက်နိုင်တာက အံ့ဩစရာ မရှိတော့ဘူး*

ရဲ့လင်းချန်က သူ့လက်ဆောင်ကို လက်ခံလိုက်သောအခါ ကျားသိ ပို၍ စိတ်လှုပ်ရှားသွားသည်။ နောက်ပိုင်း ရဲ့လင်းချန် လာသည့်အခါတိုင်း သူ၏ ရိုးစင်းသော ညွှန်ပြမှုက ကျားသိဟူသော သူ၏ အသက်မွေးဝမ်းကြောင်း အတွက် အထောက်အကူ ဖြစ်ပေမည်။ နိုင်ငံတကာနှင့်ပင် ယှဉ်နိုင်စွမ်း ရှိချင်သည့် သူ့ရည်မှန်းချက်ပင် ပြည့်ဝလာ နိုင်လောက်၏။

ကမ္ဘာကျော် တန်ဖိုးကြီး ကုန်ပစ္စည်းများစွာတွင် တရုတ်နိုင်ငံမှ ကုန်ပစ္စည်း တစ်ခုမှ မပါပေ။ ယင်းက သူ့အတွက် အရှက်ရသလို ခံစားရစေသည်.

ရဲ့လင်းချန်က နောက်လှည့်၍ ကြက်သေ သေနေသော လူအုပ်ကြီးကို ပြောလိုက်သည်။

“ခင်ဗျားတို့ ဒီမှာနေပြီး ဆက်ပြီးတော့ ဟန်ရေးပြဦးမှာလား၊ ခင်ဗျားတို့ ကျုပ်နဲ့ ပြိုင်ချင်တာလား”

ထိုလူများ ချက်ချင်း မျက်နှာ အမူအရာ ရှုံ့မဲ့ကုန်သည်။ သူတို့ ပြန်ပင် မချေပနိုင်ဘဲ စိတ်ပျက်စွာ လှည့်ထွက် သွားကြသည်။

*အရည်အချင်း မပြောနဲ့၊ ပိုက်ဆံတောင် မယှဉ်နိုင်တာ၊ ထူးဆန်းလိုက်တဲ့ မကောင်းဆိုးဝါးကောင်ပဲ*

*ဒီနေ့ခေတ် လူငယ်တွေက အဲ့လောက် ကြောက်ဖို့ကောင်းတာလား၊ သူတို့နဲ့ ဘယ်လိုလုပ် မိန်းကလေးတွေကို ယှဉ်ပိုးမလဲ၊ ဒီပြိုင်ပွဲက ပြင်းထန်လွန်းတယ်ကွာ*

All Chapters